← Chapters

အခန်း (၁၇၃-၁၇၄)

Vol. 15 Ch. 173-174

အခန်း (၁၇၃-၁၇၄)

Vol. 15 Ch. 173-174

အပိုင်း (၁၇၃)

ထိုစဉ်မှာပဲ ယွင်ကျုံးဟဲ့၏ မျက်ခွံပေါ်သို့ နူးညံ့သော အရာတစ်ခု ကျရောက်လာသည်။ ကျင်းကျုံးယွဲ့၏ လက်ချောင်းလေးများက သူ၏ မျက်ခွံများကို ညင်သာစွာ နှိပ်နယ်ပေးနေခြင်း ဖြစ်သည်။

ကိုယ်ဝန် ရှိလာပြီးနောက်ပိုင်း သူမ၏ အပြောင်းအလဲက အလွန် ကြီးမားလှသည်။ လူတစ်ယောက် လုံးဝ ပြောင်းလဲသွားသကဲ့သို့ ဖြစ်၏။

ယခင်က သူမ၏ မောက်မာမှု၊ ရိုင်းစိုင်းကြမ်းတမ်းမှု၊ စိတ်ပိုင်းဆိုင်ရာ သတ်ဖြတ်လိုမှုများ အားလုံး ပျောက်ကွယ်သွားပြီး နူးညံ့ကြင်နာမှုနှင့် မိခင်မေတ္တာများ အစားထိုး ဝင်ရောက်လာခဲ့လေသည်။

မြင်းလှည်းပေါ်တွင် သူမသည် ယွင်ကျုံးဟဲ့၏ ရင်ခွင်ထဲသို့ မှီတွယ်ကာ အဝေးမှ မီးတောက်များကြားရှိ လေခွင်းမြို့ကို ငေးကြည့်နေ၏။

ယခင်က သူမသည် အိမ်များကို မီးရှို့ချင်စိတ်၊ အထူးသဖြင့် မြို့စားအိမ်တော် တစ်ခုလုံးကို ဗုံးခွဲဖျက်ဆီးချင်စိတ် သို့မဟုတ် မီးရှို့ဖျက်ဆီးချင်စိတ် ပြင်းပြနေကြောင်း ယွင်ကျုံးဟဲ့ကို ပြောဖူးသည်။

ထို့ကြောင့် ယွင်ကျုံးဟဲ့က သူမ၏ အရိုးထဲတွင် ဖျက်ဆီးလိုစိတ်များ ပြည့်နှက်နေသည်ဟု မှတ်ချက်ချခဲ့ခြင်း ဖြစ်၏။ ယခု လေခွင်းမြို့ တစ်ခုလုံး မီးလောင်နေပြီ ဖြစ်ရာ သူမ အတော်လေး စိတ်လှုပ်ရှားနေပေလိမ့်မည်။

ယွင်ကျုံးဟဲ့ ပြုံးကာ မေးလိုက်၏။ “လမင်းလေး... မင်းက အရင်တည်းက မီးကို အရမ်း သဘောကျတာလေ။ ဒီမီးလောင်မှုကို မျှော်လင့်နေတာ ကြာပြီ မဟုတ်လား။”

ကျင်းကျုံးယွဲ့ ယွင်ကျုံးဟဲ့ကို ကြည့်ကာ ဖြေလိုက်သည်။ “ကျွန်မ အခု မီးကို သိပ်မကြိုက်တော့ဘူး။”

ထို့နောက် သူမ ကောင်းကင်ကို တိတ်ဆိတ်စွာ ငေးကြည့်နေသည်။

“ဝုန်း.. ဝုန်း.. ဂျိန်း.. ဂျိန်း...”

မိုးကြိုးသံများ ဆက်တိုက် ထွက်ပေါ်လာပြီး လျှပ်စီးတန်းများက နဂါးများအလား ရူးသွပ်စွာ ပစ်ချနေ၏။ လေခွင်းမြို့ ကောင်းကင်ယံရှိ တိမ်မဲများက ပို၍ ပို၍ ထူထပ်လာကာ ကမ္ဘာပျက်မည့်နေ့ ရောက်လာသကဲ့သို့ ခံစားရစေသည်။ ထိုတိမ်မဲများက လေခွင်းမြို့ တစ်ခုလုံးကို လုံးဝ ဖိချေပစ်တော့မည့်အလား ထင်မှတ်ရ၏။

‘ဒီမိုးသက်မုန်တိုင်းက ဘာလို့ မရွာသေးတာလဲ။ ဆက်ပြီး မရွာသေးရင် လေခွင်းမြို့ တစ်ခုလုံး မီးလောင်ပြာကျသွားတော့မယ်။’

ယွင်ကျုံးဟဲ့၏ အစီအစဉ်အရ လေခွင်းမြို့ကို မီးရှို့ရမည် ဖြစ်သော်လည်း လုံးဝ ပြာကျသွားသည်အထိတော့ ရှို့၍ မရပေ။

အဘယ်ကြောင့်ဆိုသော် ရှေ့ဆက်ပြီး ထိုနေရာသည် တာယင်အင်ပါယာ တပ်တော်၏ အရေးကြီးသော အခြေစိုက်စခန်း တစ်ခု ဖြစ်လာဦးမည် ဖြစ်သောကြောင့်ပင်။ ထန်ထိုင်မြို့ကို မသိမ်းပိုက်နိုင်သေးမီ အချိန်အထိ လေခွင်းမြို့သည် တာယင်အင်ပါယာ တပ်တော်၏ ပိုင်ရှင်မဲ့ နယ်မြေရှိ ဌာနချုပ် ဖြစ်နေပေလိမ့်မည်။

တကယ့်ကို ထူးဆန်းလှသည်။ ယခင်က ယွင်ကျုံးဟဲ့သည် တာယင်အင်ပါယာအပေါ် ကြီးမားသော သံယောဇဉ် မရှိခဲ့ပေ။ သို့သော် ဒီရက်ပိုင်းအတွင်း ထိုသံယောဇဉ်များက အကြောင်းပြချက် မရှိဘဲ ရုတ်တရက် တိုးပွားလာခဲ့၏။

ဖုန်းရှင်းမြဲ့ကြောင့်လား။ စတုတ္ထမင်းသား ယင်ချွဲ့ကြောင့်လား။ သေချာသည်မှာ ရွှီအန်းထင်၊ ကလေးလေး၊ လေခွင်းကတော်၊ ကျင်းဝူပြန်းတို့ အားလုံး တာယင်အင်ပါယာသို့ လျှို့ဝှက်စွာ ပြောင်းရွှေ့သွားခဲ့ သောကြောင့်လည်း ဖြစ်ပေမည်။

ရွှီအန်းထင်မှလွဲ၍ ကျန်လူများက သူတို့ လျှို့ဝှက်စွာ ပြောင်းရွှေ့ခံရကြောင်းသာသိပြီး မည်သည့်နေရာသို့ ရောက်နေကြောင်းကိုပင် မသိကြပေ။

ရှေ့ဆက်ပြီး လေခွင်းမြို့ စစ်ပွဲ မပြီးဆုံးမချင်း ကျင်းဝူပြန်းဖြစ်စေ၊ လေခွင်းကတော်ဖြစ်စေ၊ ကတိုးမွှေးသခင်မ ဖြစ်စေ သူတို့ အားလုံး တာယင်အင်ပါယာ ဟေးလုံထိုင်၏ စောင့်ကြည့်မှု အောက်တွင် လွတ်လပ်ခွင့် မရှိဘဲ မည်သူနှင့်မှ တွေ့ဆုံခွင့်ရမည် မဟုတ်ပေ။

ရွှီအန်းထင်သည် ဟေးလုံထိုင်၏ လူ ဖြစ်သော်ငြားလည်း ခြွင်းချက် မရှိပေ။ စည်းကမ်းကို တင်းကျပ်စွာ လိုက်နာရမည် ဖြစ်ပြီး မည်သူနှင့်မှ အဆက်အသွယ် လုပ်ခွင့် မရှိချေ။

ရုတ်တရက် မိုးပေါက် တစ်ပေါက် ကျလာ၏။ ပဲစေ့ခန့် အရွယ်အစား ရှိသော မိုးပေါက် ဖြစ်သည်။ ထို့နောက် မကြာမီ သဲကြီးမဲကြီး ရွာချလာတော့၏။

“ဝေါ.. ဝေါ...”

ကောင်းကင်ကြီး ပေါက်ပြဲသွားသကဲ့သို့ မိုးသည်းထန်စွာ ရွာချလာသည်။

မကြာမီ လေခွင်းမြို့၏ မီးတောက်များ ငြိမ်းသွားပြီး မီးခိုးလုံးများသာ ကျန်ရစ်တော့၏။ ထို့နောက် မီးခိုးများပါ ပျောက်ကွယ်သွားသည်။

“မီး ငြိမ်းသွားပြီ။”

တကယ်တမ်း ယွင်ကျုံးဟဲ့ စိတ်အေးသွားသင့်ပြီ၊ တည်ငြိမ်သွားသင့်ပြီ မဟုတ်လား။ သို့သော်ငြား ဘာကြောင့်မှန်း မသိ၊ သူ စိုးရိမ်ပူပန်နေဆဲ ဖြစ်၏။

‘ဘာကြောင့် စိုးရိမ်နေရတာလဲ။ ဘယ်နေရာမှာများ ပြဿနာ ရှိနေလို့လဲ။’

လုံးဝ ပြဿနာ မရှိနိုင်ပေ။ မြေအောက် သင်္ချိုင်းဂူ ရှိကြောင်းကို ကျင်းကျုံးယွဲ့၊ ယွင်ကျုံးဟဲ့၊ ဖုန်းရှင်းမြဲ့နှင့် စတုတ္ထမင်းသား ယင်ချွဲ့ လေးယောက်တည်းသာ သိသည်။

လေခွင်းမြို့က တာယင်အင်ပါယာထံ ခိုလှုံလိုက်ကြောင်းကိုလည်း ယွင်ကျုံးဟဲ့၊ ကျင်းကျုံးယွဲ့နှင့် လန်ပိ သုံးယောက်တည်းသာ သိ၏။

မှန်ပါသည်။ တာယင်အင်ပါယာ၏ စစ်သည် တစ်သိန်းက မြေအောက် သင်္ချိုင်းဂူထဲသို့ ဝင်ရောက်သွားပြီ ဖြစ်သည်။ သို့သော် သူတို့သည် အစအဆုံး မိမိတို့ ဘယ်သွားနေကြောင်း မသိကြဘဲ အမိန့်အရ ဝင်ရောက်သွားကြခြင်းသာ ဖြစ်၏။

ထို့အပြင် မြေအောက် သင်္ချိုင်းဂူထဲ ဝင်ပြီးသည်နှင့် ပြန်ထွက်ခွင့် မရှိတော့ချေ။ ထို့ကြောင့် တပ်တွင်း၌ လူများပြားသော်လည်း လျှို့ဝှက်ချက် ပေါက်ကြားနိုင်စရာ အကြောင်းမရှိပေ။ သူတို့ကိုယ်တိုင်ပင် လျှို့ဝှက်ချက်ကို မသိလျှင် ဘယ်လိုလုပ် ပေါက်ကြားနိုင်မည်နည်း။

ယွင်ကျုံးဟဲ့၏ ထရိုဂျန် မြင်းသစ်သားရုပ် အကြံအစည်ကိုလည်း ယင်ချွဲ့၊ ဖုန်းရှင်းမြဲ့၊ ယွင်ကျုံးဟဲ့နှင့် ကျင်းကျုံးယွဲ့ လေးယောက်တည်းသာ သိကြ၏။ လုံးဝ ပြဿနာ မရှိနိုင်ပေ။

ထိုသို့ဆိုလျှင် သူ အဘယ့်ကြောင့် ဤမျှအထိ စိုးရိမ်ပူပန်နေရသနည်း။ ယွင်ကျုံးဟဲ့ ထိုစိုးရိမ်ပူပန်မှု၏ အရင်းအမြစ်ကို အသည်းအသန် ရှာဖွေနေသော်လည်း ချည်မျှင်များ ရှုပ်ထွေးနေသကဲ့သို့ အစအနပင် မတွေ့ရပေ။

သူ သိထားသည်မှာ ဤတစ်ခါသာ ပြဿနာ တစ်ခုခု ဖြစ်သွားလျှင် တာယင်အင်ပါယာ၏ အဓိက စစ်သည် တစ်သိန်း ဆုံးရှုံးသွားမှာဖြစ်ပြီး လေခွင်းမြို့ဆိုသော ဗျူဟာမြောက် အခြေစိုက်စခန်းကိုပါ လက်လွှတ်ရမှာ ဖြစ်သောကြောင့်ပင်။

ထိုသို့ ဖြစ်သွားလျှင် အင်ပါယာကြီး နှစ်ခု၏ စစ်ပွဲတွင် တာယင်အင်ပါယာ ရှုံးနိမ့်သွားပြီဟု ဆိုနိုင်ပြီး ပိုင်ရှင်မဲ့ နယ်မြေကိုပါ လုံးဝ လက်လွှတ်ရနိုင်ပေသည်။

တောင်ပိုင်းကျိုးအင်ပါယာသည် ပိုင်ရှင်မဲ့ နယ်မြေကို အခြေခံကာ တာယင်အင်ပါယာကို အချိန်မရွေး ဝင်ရောက် တိုက်ခိုက်နိုင်လိမ့်မည်။ အမှန်တကယ် စစ်မတိုက်လျှင်တောင် အဆက်မပြတ် နှောင့်ယှက် တိုက်ခိုက်မှုများကို ခံနိုင်ရည် ရှိမည် မဟုတ်ပေ။

တာယင်အင်ပါယာကမူ တောင်ပိုင်းကျိုးအင်ပါယာကို ဘယ်တော့မှ ဝင်ရောက် တိုက်ခိုက်နိုင်တော့မည် မဟုတ်ချေ။ ထိုအခါ ဗျူဟာမြောက် အသာစီးရမှုကို လုံးဝ လက်လွှတ်ရတော့မှာ ဖြစ်သည်။ အင်အား ချိန်ခွင်လျှာ ပြောင်းလဲသွားခြင်းက တာယင်အင်ပါယာအတွက် ကြီးမားသော ထိုးနှက်ချက်ကြီး ဖြစ်သွားပေမည်။

အကယ်၍ ထိုသို့သာ ဖြစ်သွားလျှင် ဖုန်းရှင်းမြဲ့ သေချာပေါက် သေရမည် ဖြစ်ပြီး စတုတ္ထမင်းသား ယင်ချွဲ့လည်း ပြီးဆုံးသွားမှာဖြစ်၏။ ထိုသို့ဆိုလျှင် ယွင်ကျုံးဟဲ့ တကယ့် အပြစ်သားကြီး ဖြစ်သွားပြီဖြစ်၏။

‘ဘာလို့ ဒီလောက်တောင် စိုးရိမ်ပူပန်နေရတာလဲ။ ဘယ်နေရာမှာများ ပြဿနာ ရှိနေလို့လဲ။ ဘယ်နေရာမှာများ ပြဿနာ ရှိနေလို့လဲ။’

ယွင်ကျုံးဟဲ့ အသည်းအသန် တွေးတောနေရင်း ခေါင်းကိုက်လာသည်အထိ ဖြစ်လာ၏။

ကျင်းကျုံးယွဲ့က ယွင်ကျုံးဟဲ့ကို ညင်သာစွာ နှစ်သိမ့်ပေးရင်း သူ၏ နားထင်များကို နှိပ်နယ်ပေးကာ ပြောလိုက်သည်။ “ဒီရက်ပိုင်း ရှင် အရမ်း ပင်ပန်းနေပြီ။ ခဏလောက် လှဲပြီး သေချာ နားလိုက်ပါအုံး။”

ထို့နောက် ယွင်ကျုံးဟဲ့ ကျင်းကျုံးယွဲ့၏ ပေါင်ပေါ်တွင် လှဲလျောင်းကာ မျက်လုံးမှိတ်လိုက်၏။

သူ တကယ်ပဲ အိပ်ပျော်သွားသည်။ အိပ်မက်ထဲတွင် ယွင်ကျုံးဟဲ့သည် X စိတ်ကျန်းမာရေးဆေးရုံအတွင်းသို့ တိုက်ရိုက် ရောက်ရှိသွား၏။ သူ အနည်းငယ် အံ့အားသင့်သွားသည်။

‘အချိန်စေ့သွားပြီလား။ ဩော်... တကယ်ပဲ ရောက်သွားပြီပဲ။ ဒီနေ့က ဆယ်လပိုင်း ခြောက်ရက်နေ့ကိုး။’

သို့ပေမည့် ယခုက ညဘက် မဟုတ်ချေ။ ထို့အပြင် သူ စိတ်ဝေဒနာရှင် ပြောင်းဖို့ အစီအစဉ်လည်း မရှိချေ။ ဆယ်လကြာသည့် အတောအတွင်း ယွင်ကျုံးဟဲ့က စိတ်ဝေဒနာရှင် နှစ်သုတ်သာ သုံးခဲ့ရသေး၏။

ပထမ တစ်သုတ်က ဒါဗင်ချီနှင့် အသံမိစ္ဆာမ ဖြစ်ပြီး အရမ်း အသုံးဝင်ခဲ့၏။ ဒုတိယ တစ်သုတ်က အမှတ် (၉) ကွမ်တမ်... သူလည်း အလွန် အသုံးဝင်၏။ ရှေ့ဆက်ပြီး အင်ပါယာ နှစ်ခုရဲ့ စစ်ပွဲကြီးမှာ ယွင်ကျုံးဟဲ့ အနေနှင့် ကွမ်တမ်ကို ပိုပြီး လိုအပ်၏။ သူ၏ လက်တွေ့ စစ်ရေး လေ့ကျင့်မှုတွေက အရမ်းကို အသုံးဝင်လွန်းသည် မဟုတ်ပါလား။

နောက်ထပ် ခြောက်လအတွင်း သူ စိတ်ဝေဒနာရှင် ပြောင်းမှာ မဟုတ်ချေ။ ထို့ကြောင့် သူ စိတ်ဝေဒနာရှင် မပြောင်းသရွေ့ အိပ်မက်ထဲ၌ X စိတ်ကျန်းမာရေးဆေးရုံ၏ အစည်းအဝေးခန်းလေး လုံးဝ ပေါ်လာမှာ မဟုတ်ပေ။

သို့ပေမည့် ယခု X စိတ်ကျန်းမာရေးဆေးရုံ၏ အစည်းအဝေးခန်းလေးက ပေါ်လာနေပြီး ဘီသိုဗင်ကလွဲရင် ကျန်တဲ့ စိတ်ဝေဒနာရှင် နှစ်ဆယ့်လေးယောက်က ရှေ့မှာ သပ်သပ်ရပ်ရပ် ထိုင်နေကြ၏။

‘ဩော် မဟုတ်ဘူး... သပ်သပ်ရပ်ရပ်တော့ မဟုတ်ဘူး။ အမှတ် (၂၄) က အမှတ် (၂၃) အပေါ်မှာ ထိုင်နေတုန်းပဲကိုး။ သောက်ကျိုးနည်း... အမှတ် (၂၄)... ခင်ဗျား ပါးစပ်ကတော့ ဘီသိုဗင်နဲ့ ဝါသနာတူတယ်လို့ ပြောပြီး အခုကျတော့ အမှတ် (၂၃) ဒါဗင်ချီနဲ့ ကပ်နေပြန်ပြီ။ ခင်ဗျားရဲ့ ကိုယ်ရေးကိုယ်တာ ဘဝက တော်တော် ရှုပ်ထွေးတာပဲ။’

ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “ကျုပ် စိတ်ဝေဒနာရှင် မပြောင်းချင်ပါဘူး။ ဘာလို့ ဒီကို ရောက်လာရတာလဲ။ အမှတ် (၉) ကွမ်တမ်ကို သုံးရတာ အဆင်ပြေပါတယ်။ ပြောင်းစရာ မလိုဘူး။”

“မရဘူး... ခင်ဗျား လိုအပ်တယ်။” အစည်းအဝေးခန်းထဲမှ မည်သူပြောမှန်း မသိသည့် အသံတစ်ခု ထွက်ပေါ် လာ၏။

“ဘာသဘောလဲ။ စိတ်ဝေဒနာရှင် ပြောင်းတာ၊ မပြောင်းတာကို ကျုပ်ကိုယ်တိုင် ဆုံးဖြတ်လို့ မရဘူးပေါ့။”

ထို့နောက် ချက်ချင်းပဲ အမှတ် (၉) ကွမ်တမ်၏ အရိပ်က ယွင်ကျုံးဟဲ့၏ ခန္ဓာကိုယ်ထဲမှ ထွက်ခွာသွားပြီး သူ့ထိုင်ခုံပေါ် ပြန်သွားထိုင်သည်။

စိတ်ဝေဒနာရှင် အားလုံးထဲတွင် အမှတ် (၉) ကွမ်တမ်သည် ဆေးရုံက မဆင်းချင်ဆုံး လူဖြစ်၏။ သူက ဆေးရုံထဲမှာပဲ အေးအေးဆေးဆေး တွက်ချက်မှုနှင့် သုတေသနများကိုသာ ပြုလုပ်ချင်နေသူဖြစ်ရာ အမြန်ဆုံး ထွက်ခွာသွားခြင်း ဖြစ်၏။

ထို့နောက် ရင်းနှီးနေသော အလင်းတန်းတစ်ခု ထိုးကျလာပြီး ကျပန်း လှည့်ပတ်နေ၏။ တစ်ခါ လှည့်တိုင်း လူတစ်ယောက်၏ မျက်နှာကို လင်းထိန်သွားစေသည်။

ယွင်ကျုံးဟဲ့ သဘောပေါက်သွား၏။ သူ မည်သည့် စိတ်ဝေဒနာရှင် လိုချင်သည် ဆိုခြင်းမှာ အရေးမကြီးပေ။ X စိတ်ကျန်းမာရေးဆေးရုံက မည်သူ့ကို ပေးမည်နည်း ဆိုသည်ကိုသာ ကြည့်ရတော့မှာဖြစ်၏။

အလင်းတန်းက တဖြည်းဖြည်း မြန်လာပြီး နောက်ဆုံးတွင် လူတစ်ယောက်၏ မျက်နှာပေါ်၌ ရပ်တန့်သွား၏။ မဟုတ်ပေ။ ထိုသူတွင် မျက်နှာ မရှိချေ။

“ဆရာဝန်ကြီး... ကျွန်မ ထပ်ရောက်လာပြန်ပြီ။ ကျွန်မကို လွမ်းနေပြီ မဟုတ်လား။”

ရင်းနှီးနေသော အသံကို ကြားလိုက်ရချိန်မှာတော့ ယွင်ကျုံးဟဲ့ တစ်ကိုယ်လုံး တုန်တက်သွား၏။ အဘယ်ကြောင့်ဆိုသော် ထိုအသံက ကျောချမ်းစရာ ကောင်းလွန်းသောကြောင့် ဖြစ်သည်။ သရဲမ... တစ်ကိုယ်လုံး ဆံပင်ရှည်များ ဖုံးအုပ်ထားပြီး မျက်နှာ မမြင်ရသော အမှတ် (၂၇) သရဲမ ဖြစ်၏။

သူမ ယခင်က ယွင်ကျုံးဟဲ့၏ ခန္ဓာကိုယ်ထဲ ဝင်ဖူးပြီး ယွင်ကျုံးဟဲ့ကလည်း အသုံးမဝင်ဆုံး စိတ်ဝေဒနာရှင် အဖြစ် သတ်မှတ်ထားခဲ့ဖူးသည်။

အဘယ်ကြောင့်ဆိုသော် သူမ၏ စွမ်းရည်က တစ်ခုတည်းသာ ရှိသောကြောင့် ဖြစ်၏။ သေဆုံးသွားသူများ၏ နောက်ဆုံး အော်ဟစ်သံကို ကြားနိုင်ပြီး သေဆုံးသူများ၏ မျက်လုံးများမှတစ်ဆင့် သူတို့ သေခါနီး မြင်တွေ့ခဲ့ရသော နောက်ဆုံး မြင်ကွင်းကို မြင်တွေ့နိုင်စွမ်း ဖြစ်၏။

ယွင်ကျုံးဟဲ့ သတိမထားမိခင်မှာပင် အမှတ် (၂၇) သရဲမက ယွင်ကျုံးဟဲ့၏ ခန္ဓာကိုယ်ထဲသို့ အလောတကြီး ဝင်ရောက်လာသည်။

ချက်ချင်းပဲ ယွင်ကျုံးဟဲ့၏ ခန္ဓာကိုယ် ပြင်းထန်စွာ တုန်ယင်သွားပြီး ချမ်းစိမ့်သွားသည်။ ယွင်ကျုံးဟဲ့ နိုးမလာဘဲ အိပ်မက်ထဲတွင် ဆက်လက် စဉ်းစားနေ၏။

X စိတ်ကျန်းမာရေးဆေးရုံက သူ၏ ဆန္ဒကို လျစ်လျူရှု၍ အမှတ် (၉) ကွမ်တမ်ကို ပြန်လည် ခေါ်ဆောင်သွားကာ အမှတ် (၂၇) သရဲမကို ကျပန်း ရွေးချယ်ပေးလိုက်ခြင်း ဖြစ်၏။ ဤသည်မှာ သေချာပေါက် နက်နဲသော ရည်ရွယ်ချက် တစ်ခု ရှိရပေမည်။

သံသယဖြစ်စရာ မလိုအောင်ပင် ယွင်ကျုံးဟဲ့ကို သေဆုံးသွားသူများထံမှ အဖြေရှာရန် ညွှန်ကြားလိုက်ခြင်း ဖြစ်သည်။ သူ ဖော်ထုတ်ရမည့် ကြီးမားသော လျှို့ဝှက်ချက်ကြီး ရှိနေသည်မှာ သေချာလှ၏။

ထိုသို့ဆိုလျှင် မကြာသေးခင်က မည်သူ သေဆုံးသွားခဲ့သနည်း။ ကွပ်မျက်ခံလိုက်ရသည့် ဝမ်တောက်ဖူ... သူ့ကို တောင်ပိုင်းကျိုးအင်ပါယာ၏ လေခွင်းမြို့က အမြင့်ဆုံး သူလျှို လောက်ချန်းဟု သတ်မှတ်ထားကြသည်။ နောက်ထပ် သေဆုံးသွားသူ တစ်ယောက်မှာ မကြာခင်က သေဆုံးသွားခဲ့သည့် မြို့စားကြီး ကျင်းအဲ့ပင်။

‘ဒါက အဲဒီလူ နှစ်ယောက် မသေခင် နောက်ဆုံး စိတ်ထဲက စကားတွေကို သရဲမကတစ်ဆင့် နားထောင်ဖို့ သတိပေးလိုက်တာလား။ ဒီအထဲမှာ အံ့သြစရာကောင်းတဲ့ လျှို့ဝှက်ချက် ပါနေလို့လား။ ဘာလျှို့ဝှက်ချက်များ ဖြစ်နိုင်မလဲ။’

...................

အပိုင်း (၁၇၄)

ဤလျှို့ဝှက်ချက်က ယွင်ကျုံးဟဲ့ကို စိုးရိမ်ပူပန်စေသည့် အရင်းအမြစ် ဖြစ်နိုင်မည်လား။ အဘယ့်ကြောင့်မှန်း မသိချေ။ သရဲမ ဝင်လာပြီးတည်းက ယွင်ကျုံးဟဲ့၏ ရှုပ်ထွေးနေသော အတွေးများ ခေတ္တ ငြိမ်သက်သွားကာ အမှန်တကယ် နှစ်ခြိုက်စွာ အိပ်ပျော်သွားသည်။

ထို့နောက် သူ အိပ်မက်တစ်ခု မက်၏။ နုဧကရာဇ်၏ မြေအောက် သင်္ချိုင်းဂူ နန်းတော်ထဲရှိ ရွှေပလ္လင်ကို မက်ခြင်း ဖြစ်သည်။ သူ ထိုရွှေပလ္လင်ပေါ်သို့ ဖြည်းညင်းစွာ ထိုင်ချလိုက်သည်ဟု အိမ်မက် မက်ခြင်းပင်။

နာရီအတော်ကြာပြီးနောက် ယွင်ကျုံးဟဲ့ နိုးလာ၏။

“လမင်းလေး... ကျုပ် အိပ်မက် တစ်ခု မက်တယ်။”

ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “မဟုတ်ဘူး... တိတိကျကျ ပြောရရင် အိပ်မက်ဆိုး နှစ်ခုပေါ့။”

“ဘာတွေလဲ။” ကျင်းကျုံးယွဲ့က မေးလိုက်၏။

ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “ပထမ အိပ်မက်က နုဧကရာဇ်ရဲ့ မြေအောက် သင်္ချိုင်းဂူ နန်းတော်ထဲမှာ ရွှေပလ္လင် တစ်ခု ရှိတယ်။ ငါ အဲဒီအပေါ် ထိုင်လိုက်တာနဲ့ ကောင်းကင်နဲ့ မြေကြီး ပြိုကျသွားတော့တာပဲ။”

ကျင်းကျုံးယွဲ့က နားမလည်သလို ပြောလိုက်၏။ “ဒါပေမဲ့ ကျွန်မတို့ သွားစူးစမ်းတုန်းက နုဧကရာဇ်ရဲ့ မြေအောက် သင်္ချိုင်းဂူထဲမှာ ဘာရွှေပလ္လင်မှ မတွေ့ခဲ့ရဘူးလေ။”

ယွင်ကျုံးဟဲ့က ဆက်ပြောလိုက်သည်။ “ဒုတိယ အိပ်မက်က မြို့စားကြီး ကျင်းအဲ့ရဲ့ သင်္ချိုင်း အတူးခံလိုက်ရပြီး အခေါင်းကြီး အပြင်ရောက်နေတာကို မက်တာ။ ဒီအိပ်မက် နှစ်ခုက ဘာအဓိပ္ပာယ်များလဲ။”

ကျင်းကျုံးယွဲ့ အတန်ကြာ စဉ်းစားပြီးနောက် ပြောလိုက်၏။ “ပထမအချက်... ကျွန်မတို့ မြေအောက် သင်္ချိုင်းဂူထဲမှာ ဘာရွှေပလ္လင်မှ မတွေ့ခဲ့ဘူး။ ဒါပေမဲ့ တကယ်လို့ ရှိနေမယ်ဆိုရင် အဲဒါက အရမ်း အန္တရာယ်များတဲ့ အမှတ်အသား တစ်ခုပဲ။”

ယွင်ကျုံးဟဲ့ ခေါင်းညိတ်လိုက်သည်။ လူတွေက ရွှေပလ္လင်ကို မြင်ရင် မည်ကဲ့သို့ ခံစားရမည်နည်း။ အလွန် လိုချင်တပ်မက်ပြီး ထိုင်ကြည့်ချင်ကြပေလိမ့်မည်။ ထိုင်လိုက်သည်နှင့် ဧကရာဇ် တစ်ပါးလို ခံစားရမည်ဟု ထင်ကြမှာဖြစ်သည်။

သို့ပေမည့် ထိုပလ္လင်ပေါ် ထိုင်လိုက်သည်နှင့့် ထာဝရ ပျက်စီးခြင်းဆီ ရောက်သွားနိုင်၏။ အစစ်အမှန် ဧကရာဇ် ပလ္လင်ဆိုသည်မှာ သွေးချောင်းစီးနေသည့် နေရာဖြစ်၏။

ယွင်ကျုံးဟဲ့က နုဧကရာဇ်၏ မြေအောက် သင်္ချိုင်းဂူထဲ၌ ပလ္လင် တစ်ခု ရှိနေတယ်လို့ အိပ်မက်မက်တာက အတိတ်နိမိတ် ကောင်းလား၊ ဆိုးလား။ ဤအရာက ဘာအဓိပ္ပာယ်ကို ဆောင်နေသနည်း။

ကျင်းကျုံးယွဲ့ အတန်ကြာ စဉ်းစားပြီးနောက် ပြောလိုက်ပြန်၏။ “အကယ်၍ ဒီမြေအောက် သင်္ချိုင်းဂူထဲမှာ တကယ်ပဲ ရွှေပလ္လင် ရှိနေရင် အဲဒါ အရမ်း အန္တရာယ်များတယ်။ အရောင်တောက်ပလေ ပိုအန္တရာယ်များလေပဲ။ သင်္ချိုင်းဖောက်ထွင်းတဲ့ သူတိုင်းက ဒီရွှေပလ္လင်ကို မြင်တာနဲ့ အလိုအလျောက် ထိုင်မိကြမှာပဲ။

ဒီသင်္ချိုင်းဂူကို ဒီဇိုင်းဆွဲတဲ့ သူက ဒီရွှေပလ္လင်ကို သုံးပြီး လူသတ်ဖို့ သေချာပေါက် ကြံစည်ထားမှာပဲ။ ဘာလို့လဲဆိုတော့ ဒီရွှေပလ္လင်ကို နုဧကရာဇ် ကိုယ်တိုင်ပဲ ထိုင်ခွင့် ရှိလို့လေ။”

ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “ဆိုလိုတာက ဒီရွှေပလ္လင်ကို အိပ်မက်မက်တာက အကြီးမားဆုံး ကပ်ဘေးကို ပြနေတဲ့ အတိတ်နိမိတ်ပေါ့။”

ကျင်းကျုံးယွဲ့က ခေါင်းခါလိုက်၏။ “အိပ်မက် အတိတ်နိမိတ်တွေကိုတော့ ကျွန်မ မယုံဘူး။ ဒါပေမဲ့ နုဧကရာဇ်ရဲ့ မြေအောက် သင်္ချိုင်းဂူထဲမှာ တကယ်ပဲ ရွှေပလ္လင် ရှိနေရင်တော့ သေချာပေါက် အန္တရာယ် အရမ်း များတယ်။”

ယွင်ကျုံးဟဲ့ အတန်ကြာ စဉ်းစားခန်း ဝင်သွားပြီးနောက် ပြောလိုက်သည်။ “လမင်းလေး... ငါ တစ်ခေါက် ပြန်သွားရမယ်။ အဲဒီ မြေအောက် သင်္ချိုင်းဂူကို နောက်ဆုံး အနေနဲ့ တစ်ခေါက် သွားစစ်ဆေးကြည့်မယ်။ အရင်တုန်းက ငါတို့ မတွေ့ခဲ့ရတဲ့၊ စစ်သည် တစ်သိန်းကို အန္တရာယ် ပေးနိုင်တဲ့ အရာများ ရှိနေမလား၊ လွတ်သွားတာများ ရှိမလား ဆိုတာ သွားကြည့်မယ်။ နောက်ပြီး ယောက္ခမကြီးရဲ့ ရုပ်အလောင်းကို မီးသင်္ဂြိုဟ်ပြီး အရိုးပြာကို ယူလာချင်တယ်။”

သရဲမ ဝင်ပူးပြီး အလောင်းကို မေးမြန်းသည်ဆိုခြင်းမှာ ကြောက်စရာ ကောင်းလွန်းသောကြောင့် ယွင်ကျုံးဟဲ့ ပွင့်ပွင့်လင်းလင်း မပြောပြရဲပေ။

သူနှင့် ကျင်းကျုံးယွဲ့က လင်မယားတွေ ဖြစ်သော်လည်း စိတ်ဝေဒနာရှင် ဝင်ပူးသည့် လျှို့ဝှက်ချက်ကိုတော့ မပြောပြတာ အကောင်းဆုံးဖြစ်၏။

ကျင်းကျုံးယွဲ့က ခေါင်းညိတ်လိုက်သည်။ “ကျွန်မ ရှင်နဲ့ လိုက်ခဲ့မယ်။”

“ကောင်းပြီ။” ယွင်ကျုံးဟဲ့က ပြောလိုက်၏။

ကျင်းကျုံးယွဲ့ ထထိုင်ကာ ပြင်ဆင်ပြီး ယွင်ကျုံးဟဲ့နှင့်အတူ လေခွင်းမြို့သို့ တိတ်တဆိတ် ပြန်သွားသည်။

မည်သူ့ကိုမှ မခေါ်သွားခဲ့ပေ။ ဤကဲ့သို့ အရေးကြီးသည့် အချိန်၌ လျှို့ဝှက်ချက်ကို သိသူနည်းလေ ကောင်းလေ ဖြစ်၏။

နာရီအတော်ကြာပြီးနောက် ယွင်ကျုံးဟဲ့နှင့် ကျင်းကျုံးယွဲ့တို့ လေခွင်းမြို့အတွင်းသို့ တိတ်တဆိတ် ပြန်ရောက်လာကြသည်။

ယခုအချိန်တွင် ဤစည်ကားခဲ့သည့် မြို့ကြီးက လုံးဝ မြို့လွတ်ကြီး ဖြစ်သွားပြီး ခြောက်ကပ်နေလေ၏။ မြို့၏ လေးပုံတစ်ပုံလောက် မီးလောင်ပြာကျသွားပြီး အမြင့်ပိုင်းမှာ ရှိသည့် မြို့စားအိမ်တော်ကတော့ အုတ်ကျိုး အုတ်ပဲ့များသာ ကျန်တော့၏။

မိုးရွာပြီးနောက် မြို့တစ်ခုလုံး လောင်ကျွမ်းနေသည့် မီးတောက်များ ငြိမ်းသွားခဲ့ပြီး မြို့တစ်ခုလုံးမှာ လူတစ်ယောက်မှ မရှိတော့သလို ခွေးတစ်ကောင်တောင် မရှိတော့ချေ။

အပေါ်ယံ ကြည့်လျှင် ဤမြို့၏အောက်၌ စစ်သည် တစ်သိန်းလောက် ပုန်းနေတဲ့ မြေအောက် သင်္ချိုင်းဂူ ရှိနေမည်ဟု မည်သို့မှ ထင်မှတ်စရာ အကြောင်း မရှိချေ။

နတ်တောင် မသိ၊ သရဲတောင် မသိဘူး ဆိုသည့်အတိုင်း ဤအတိုင်း ဆက်သွားပါက ယွင်ကျုံးဟဲ့၏ ထရိုဂျန် မြင်းသစ်သားရုပ် အကြံအစည်က သေချာပေါက် အောင်မြင်ပေလိမ့်မည်။

‘ဒီအတိုင်းဆိုရင် တောင်ပိုင်းကျိုးအင်ပါယာရဲ့ စစ်သည် နှစ်သိန်းကို ချေမှုန်းနိုင်ပြီး ခမ်းနားတဲ့ အောင်ပွဲကို ရယူနိုင်မှာပဲ။ ဒါဆို ဘာလို့ ဒီလောက်တောင် စိုးရိမ်ပူပန်နေရတာလဲ။ ယုတ္တိ လုံးဝ မရှိဘူး။’

ယွင်ကျုံးဟဲ့နှင့် ကျင်းကျုံးယွဲ့တို့ သာမန် အိမ်တစ်လုံးထဲသို့ ဝင်သွားပြီး ယန္တရား တစ်ခုကို ဖွင့်လိုက်ရာ ပန်းခြံထဲမှ မြေကြီး ပွင့်ထွက်သွားပြီး လျှို့ဝှက် ဝင်ပေါက် တစ်ခု ပေါ်လာ၏။ ထိုကနေတစ်ဆင့် မြေအောက် သင်္ချိုင်းဂူထဲ ဝင်လို့ ရ၏။

ကျင်းကျုံးယွဲ့က ဓားကို ဆွဲထုတ်ပြီး ညင်သာစွာ ပြောလိုက်သည်။ “ယောက်ျား... ကျွန်မ အပြင်မှာ စောင့်နေမယ်။ ရှင် ဝင်သွားပြီး တာယင်အင်ပါယာရဲ့ စစ်သေနာပတိကို သွားပြောလိုက်။ မြန်မြန် လုပ်နော်၊ တောင်ပိုင်းကျိုး အင်ပါယာရဲ့ တပ်တော်က နီးကပ်လာပြီ။”

ယွင်ကျုံးဟဲ့ ခေါင်းညိတ်လိုက်သည်။ ဤသည်က အသေချာဆုံး နည်းလမ်း ဖြစ်၏။ ဤမြို့က လူသူကင်းမဲ့နေသည် ဆိုသော်ငြား တောင်ပိုင်းကျိုးအင်ပါယာ၏ သူလျှိုများ သို့မဟုတ် ကင်းထောက်များ ရောက်လာနိုင်ခြေ ရှိ၏။

ကျင်းကျုံးယွဲ့၏ တာဝန်က ဤလျှို့ဝှက် ဝင်ပေါက်ကို စောင့်နေပြီး တစ်ယောက်ယောက် အနားကပ်လာတာနှင့် ချက်ချင်း သတ်ပစ်ဖို့ ဖြစ်သည်။

လျှို့ဝှက် ဝင်ပေါက်မှတစ်ဆင့် ယွင်ကျုံးဟဲ့ မြေအောက် သင်္ချိုင်းဂူထဲသို့ ဝင်သွားသည်။ သင်္ချိုင်းဂူထဲ ရောက်သည်နှင့် သူ ချက်ချင်း ဖမ်းဆီးခံလိုက်ရ၏။

တာယင်အင်ပါယာ၏ စစ်သည်များက ယွင်ကျုံးဟဲ့ကို မသိသောကြောင့် သူ့ကို ချက်ချင်း တွေ့သွားပြီး ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။

“မြန်မြန်... ကျုပ်ကို ခင်ဗျားတို့ရဲ့ စစ်သေနာပတိနဲ့ သခင်ကြီးဖုန်းရှင်းမြဲ့ ဆီကို ခေါ်သွားပေး။” ယွင်ကျုံးဟဲ့က အလောတကြီး ပြောလိုက်၏။

ခဏအကြာတွင် ယွင်ကျုံးဟဲ့ ခေါင်းစွပ် အစွပ်ခံရကာ မြေအောက် သင်္ချိုင်းဂူ နန်းတော်ထဲသို့ ခေါ်ဆောင်သွားခံရ၏။ ထိုနေရာမှာ စစ်သည် တစ်သိန်း၏ စစ်ကွပ်ကဲမှု ဌာနချုပ် ဖြစ်သည်။

ယခုအချိန်တွင် စစ်သည် တစ်သိန်းက ဒီမြေအောက် သင်္ချိုင်းဂူကို စစ်ရေး ခံတပ်ကြီး တစ်ခုလို ပြောင်းလဲထားပြီ ဖြစ်သည်။ သံချပ်ကာများ ဝတ်ဆင်ထားပြီး လက်နက်များ ကိုင်ဆောင်ကာ အချိန်မရွေး တိုက်ခိုက်ဖို့ အသင့်ပြင်ထားကြ၏။

ဤမြေအောက် နန်းတော်ကြီး၏ နေရာတိုင်းတွင် အစောင့်များ ရှိနေ၏။ စစ်သည် တစ်သိန်းက စနစ်တကျနှင့် တင်းတင်းကျပ်ကျပ် အမိန့်ကို စောင့်ဆိုင်းနေကြ၏။ မြေပြင်ပေါ်ကို ထွက်ပြီး တောင်ပိုင်းကျိုးအင်ပါယာ၏ တပ်များကို ချေမှုန်းဖို့ အသင့်ဖြစ်နေကြပြီ ဖြစ်သည်။

ဤမြေအောက် သင်္ချိုင်းဂူက အရမ်း ကြီးမားသော်လည်း စစ်သည် တစ်သိန်း ဝင်လာသည့် အချိန်၌ အနည်းငယ် ကျပ်သိပ်သွားသလို ဖြစ်နေ၏။

“ရှောင်ဟဲ့... မင်း ဘာလို့ ပြန်လာတာလဲ။ မင်း ထွက်သွားပြီ မဟုတ်ဘူးလား။ မြန်မြန် ပြန်သွား၊ မြန်မြန် ပြန်သွား။ စတုတ္ထမင်းသား ဘယ်လို ပြောလိုက်လဲ။ မင်းရဲ့ တာဝန် ပြီးသွားပြီ။ ရှေ့ဆက်ရမယ့် အရာ အားလုံးကို ငါတို့ကို လွှဲထားလိုက်။ မင်းရဲ့ ရဲဘော်ရဲဘက်တွေကို ယုံကြည်ရမယ်လေ။”

ဖုန်းရှင်းမြဲ့ ချက်ချင်း ပြေးလာပြီး ပြောလိုက်၏။ “တောင်ပိုင်းကျိုးအင်ပါယာရဲ့ တပ်တွေ မကြာခင် ရောက်လာတော့မယ်။ မင်း မြန်မြန် ထွက်သွားတော့။ မြို့စား ကျင်းကျုံးယွဲ့ ရော။”

ယွင်ကျုံးဟဲ့က ဖြေလိုက်သည်။ “သူမက အပြင်ဘက် ဝင်ပေါက်မှာ စောင့်နေတယ်။ ကျုပ် စိတ်ထဲမှာ မလုံခြုံသလို ဖြစ်နေလို့ ဒီမြေအောက် သင်္ချိုင်းဂူကို နောက်ဆုံး အနေနဲ့ ထပ်ပြီး စစ်ဆေးချင်လို့ လာတာပဲ။”

ဖုန်းရှင်းမြဲ့က ပြောလိုက်သည်။ “ဩော်... တကယ်ပဲ ထူးဆန်းတဲ့ ကိစ္စ တစ်ခု ရှိတယ်။”

ယွင်ကျုံးဟဲ့က မေးလိုက်၏။ “ဘာလဲ။”

ဖုန်းရှင်းမြဲ့က ဖြေလိုက်သည်။ “သင်္ချိုင်းဂူ အလယ်က နန်းတော်ထဲမှာ ရွှေပလ္လင် တစ်ခု တဖြည်းဖြည်း မြင့်တက်လာနေတယ်။”

ယွင်ကျုံးဟဲ့ အံ့အားသင့်သွားပြီး သင်္ချိုင်းဂူ အလယ်ဗဟိုသို့ အမြန် သွားကြည့်လိုက်၏။

တကယ်ပဲ ရွှေရောင် တောက်ပနေတဲ့ ရွှေပလ္လင် တစ်ခုကို တွေ့လိုက်ရ၏။ ထိုအရာက နုဧကရာဇ်၏ ဧကရာဇ် ပလ္လင် ဖြစ်ရပေမည်။

အရင်တုန်းက ယွင်ကျုံးဟဲ့နှင့် ကျင်းကျုံးယွဲ့ ဤမြေအောက် သင်္ချိုင်းဂူထဲ လာတုန်းက ဤရွှေပလ္လင် မရှိခဲ့ချေ။ ဖုန်းရှင်းမြဲ့ ပြောသလို ဆိုလျှင် ဤရွှေပလ္လင်က တဖြည်းဖြည်း မြင့်တက်လာခြင်း ဖြစ်နိုင်၏။

ယွင်ကျုံးဟဲ့က အလောတကြီး တားမြစ်လိုက်သည်။ “ဒီရွှေပလ္လင်ကို လုံးဝ မထိပါနဲ့။ အဲဒါ ယန္တရား တစ်ခု ဖြစ်နိုင်တယ်။”

ဖုန်းရှင်းမြဲ့က ခေါင်းညိတ်လိုက်၏။ “စိတ်ချပါ။ ဒီရွှေပလ္လင်ကို ဘယ်သူမှ မထိုင်ဘူး။ ဘယ်သူမှ အနားတောင် မကပ်ဘူး။ ငါတို့က ဒါကို ရှောင်ကြဉ်တယ်။ ရွှေပလ္လင်ကို ထိုင်တာက ပုန်ကန်ချင်တဲ့ သဘော မဟုတ်ဘူးလား။”

ယွင်ကျုံးဟဲ့က ခေါင်းခါလိုက်သည်။ “ဒါတောင် မလုံလောက်သေးဘူး။ ဒီနန်းတော်ကို လုံးဝ ပိတ်ဆို့ထားရမယ်။ ဘယ်သူမှ ဒီနန်းတော် အနားကို ခြေတစ်လှမ်းတောင် မကပ်စေနဲ့။”

သခင်ကြီးဖုန်းရှင်းမြဲ့က ခေါင်းညိတ်လိုက်၏။ “ကောင်းပြီ။”

ထို့နောက် ယွင်ကျုံးဟဲ့ ရုတ်တရက် ကိစ္စတစ်ခုကို သတိရသွားသည်။ ‘သရဲမ ဝင်ပူးရင် အလောင်းကို မေးခွန်းမေးလို့ ရတယ်ဆိုတော့ လွန်ခဲ့တဲ့ နှစ်တစ်ထောင်က အလောင်းကိုရော မေးလို့ ရမလား။’

သူ မသေခင် နောက်ဆုံး ပြောခဲ့တဲ့ စကားကို မေးလို့ ရမလား။ မသေခင် နောက်ဆုံး မြင်ခဲ့တဲ့ မြင်ကွင်းကိုရော ကြည့်လို့ရမလား။

ထို့ကြောင့် ယွင်ကျုံးဟဲ့က မေးလိုက်၏။ “သခင်ကြီးဖုန်း... စစ်သည်ရွှံ့ရုပ် အားလုံးရဲ့ အခွံတွေကို ခွာပစ်လိုက်ပြီလား။”

ဖုန်းရှင်းမြဲ့က ခေါင်းခါလိုက်သည်။ “မခွာသေးဘူး။ အဆင့်အတန်း အရမ်း မြင့်တဲ့ စစ်သည်ရွှံ့ရုပ် တချို့ကို ချန်ထားတယ်။ အတွင်းက အလောင်းတွေက အကောင်းပကတိ ရှိနေသေးလို့ ဧကရာဇ်မင်းမြတ်ဆီ ဆက်သဖို့ ပြင်ထားတယ်။”

ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “ကျုပ်ကို ခေါ်သွားပေးပါအုံး။ ကျုပ် သုံးစရာ ရှိလို့ပါ။ အရမ်း အရေးကြီးတယ်၊ အရေးပေါ် သုံးရမှာ။”

............................

နာရီဝက်အကြာတွင် ယွင်ကျုံးဟဲ့ မြေအောက် သင်္ချိုင်းဂူထဲမှ ပြန်ထွက်လာသည်။

ကျင်းကျုံးယွဲ့က အလောတကြီးဖြင့် ပြောလိုက်၏။ “ယောက်ျား... မြန်မြန် လုပ်၊ မြန်မြန် လုပ်။”

ကျင်းကျုံးယွဲ့ ပြောပြစရာ မလိုဘဲ သူ ကြားနေရ၏။ မြေပြင် တစ်ခုလုံး တုန်ခါနေပြီး တောင်ပိုင်းကျိုး အင်ပါယာ၏ တပ်တော် ရောက်လာပြီ ဖြစ်သည်။

တိတိကျကျ ပြောရလျှင် တောင်ပိုင်းကျိုးအင်ပါယာ၏ ရှေ့ပြေး မြင်းတပ် ရောက်လာပြီး မိုင်အနည်းငယ် အကွာအဝေးမှာ ရှိနေသည်။ သို့ပေမည့် ဤမြင်းတပ်၏ အရွယ်အစားက အရမ်း ကြီးမားသည့်အတွက် မိုင်အနည်းငယ် ကွာနေသည့်တိုင် မြေပြင် တစ်ခုလုံး တုန်ခါနေခြင်းဖြစ်၏။

“သွားမယ်... သွားမယ်...” ယွင်ကျုံးဟဲ့က ပြောလိုက်သည်။

ကျင်းကျုံးယွဲ့က ယွင်ကျုံးဟဲ့ကို ပွေ့ချီကာ အပြင်သို့ အမြန် ပြေးထွက်သွားပြီး ကျင်းအဲ့၏ လျှို့ဝှက် သင်္ချိုင်းဆီသို့ သွားလိုက်၏။

ကျင်းအဲ့ကို မြို့စားအိမ်တော်နှင့် မနီးမဝေးက တောင်တစ်ခုပေါ်မှာ မြှုပ်နှံထားခြင်းဖြစ်၏။ အုတ်ဂူမှတ်တိုင် မရှိသလို ဘာမှလည်း မရှိပေ။ ဝမ်တောက်ဖူကိုလည်း ထိုဘေး၌ ကပ်လျက် မြှုပ်နှံထားသည်။

နောင်တစ်ချိန် စစ်ပွဲ အနိုင်ရပြီး ကျင်းကျုံးယွဲ့ လေခွင်းမြို့ကို ပြန်ရောက်လာသည့် အချိန်မှ ကျင်းအဲ့ အတွက် ခမ်းနားသည့် သင်္ချိုင်းဂူ တစ်ခု ပြန်တည်ဆောက်ပေးမှာ ဖြစ်၏။

“ဟင်... အဲဒီနေရာက ဘာလို့ အတူးခံထားရတာလဲ။” ယွင်ကျုံးဟဲ့က မေးလိုက်သည်။

ကျင်းကျုံးယွဲ့က ဖြေလိုက်၏။ “အဲဒါ ဆရာ ဝမ်တောက်ဖူရဲ့ သင်္ချိုင်းပဲ။”

တောခွေးများ အနံ့ရသွားခြင်းလား။ သင်္ချိုင်းကို တူးဖော်ပြီး အခေါင်းကြီး အပြင်ရောက်နေလေ၏။ တူးဖော်ခံရသည့် သင်္ချိုင်းက ကျင်းအဲ့၏သင်္ချိုင်း မဟုတ်ဘဲ ဝမ်တောက်ဖူ၏ သင်္ချိုင်း ဖြစ်နေသည်။

ယွင်ကျုံးဟဲ့ ကျင်းကျုံးယွဲ့ကို ကြည့်လိုက်၏။

“အကုန် ယူသွားရအောင်။”

ကျင်းကျုံးယွဲ့က ပြောလိုက်သည်။ “ဘယ်လိုပဲ ဖြစ်ဖြစ် သူက ကျွန်မရဲ့ ဆရာပဲလေ။”

ယွင်ကျုံးဟဲ့ ရှေ့တိုးကာ အခေါင်းကို ဖွင့်ပြီး ဝမ်တောက်ဖူ၏ အလောင်းကို ဂုံနီအိတ်ထဲ ထည့်လိုက်၏။ ထို့နောက် ပိုမြန်သော အရှိန်ဖြင့် ကျင်းအဲ့၏ သင်္ချိုင်းကို တူးဖော်ကာ သူ၏ အခေါင်းကိုလည်း ဖော်ယူလိုက်သည်။ အလောင်း နှစ်လောင်းစလုံးကို မြင်းလှည်းပေါ် တင်လိုက်၏။

မူလတုန်းက ဤနေရာမှာတင် သရဲမ ဝင်ပူးပြီး လျှို့ဝှက်ချက်တွေကို မေးမြန်းကာ မီးသင်္ဂြိုဟ်ဖို့ ရည်ရွယ်ထားခြင်း ဖြစ်၏။ သို့ပေမည့် ယခု တောင်ပိုင်းကျိုးအင်ပါယာ၏ ရှေ့ပြေး မြင်းတပ်က ထင်ထားတာထက် ပိုစောပြီး ရောက်လာသောကြောင့် အချိန် မရှိတော့ချေ။ အလောင်းများကို အရင် ယူသွားရုံသာ တတ်နိုင်တော့သည်။

......................

All Chapters