အခန်း (၁၇၅-၁၇၆)
Vol. 16 Ch. 175-176
အပိုင်း (၁၇၅)
“သွားမယ်... သွားမယ်... သွားမယ်...” ကျင်းကျုံးယွဲ့က အော်လိုက်၏။ ထို့နောက် သူတို့ နှစ်ယောက် မြင်းလှည်းကို အမြန် မောင်းနှင်ကာ လေခွင်းမြို့ မြောက်တံခါးမှ အသည်းအသန် ထွက်ပြေးလေတော့၏။
ထိုအချိန်၌ တောင်ပိုင်းကျိုးအင်ပါယာ၏ မြင်းတပ် တစ်သောင်းက လေခွင်းမြို့ တောင်တံခါးနှင့် ငါးမိုင်ပင် မကွာတော့ပေ။ သို့ပေမည့် တောင်တံခါး အပြင်ဘက်မှာ မြေပြိုကျထားသောကြောင့် သူတို့ အရှိန် လျှော့လိုက်ရသည်။
“ယောက်ျား... မြေအောက် သင်္ချိုင်းဂူ နန်းတော်ထဲမှာ ဘာတွေ တွေ့ခဲ့လဲ။” ကျင်းကျုံးယွဲ့က မေးလိုက်၏။
ယွင်ကျုံးဟဲ့က ဖြေလိုက်သည်။ “ရွှေပလ္လင် တစ်ခု တကယ် ရှိတယ်။”
ကျင်းကျုံးယွဲ့ အံ့အားသင့်သွားပြီး မေးလိုက်၏။ “ရှင် အိပ်မက် မက်တာ အဲဒီလောက် မှန်တာလား။”
ယွင်ကျုံးဟဲ့က ခေါင်းခါလိုက်သည်။ “ဒါက အရမ်း ယုတ္တိရှိတဲ့ စိတ်ပိုင်းဆိုင်ရာ ညွှန်ပြမှု တစ်ခုလည်း ဖြစ်နိုင်ပါတယ်။ နုဧကရာဇ်ရဲ့ မြေအောက် သင်္ချိုင်းဂူ နန်းတော်ထဲမှာ ရွှေပလ္လင် မရှိဘူး ဆိုတာကမှ မူမမှန်တာကိုး။”
ကျင်းကျုံးယွဲ့က ထပ်မေးလိုက်၏။ “ဒါဆို ရှင် တာယင်အင်ပါယာ တပ်တော်ကို အဲဒီ ရွှေပလ္လင်ကို လုံးဝ မထိဖို့ သတိပေးခဲ့ပြီးပြီလား။”
ယွင်ကျုံးဟဲ့က ခေါင်းညိတ်လိုက်သည်။ “သတိပေးခဲ့ပြီးပြီ။ ပြီးတော့ အဲဒီ နန်းတော်ကို လုံးဝ ပိတ်ဆို့ထားပြီး ဘယ်သူကိုမှ ဝင်ခွင့် မပြုတော့ဘူး။”
ကျင်းကျုံးယွဲ့က သက်ပြင်းချကာ မေးလိုက်၏။ “အခု ရှင် စိုးရိမ်ပူပန်နေတုန်းပဲလား။”
ယွင်ကျုံးဟဲ့က နန်းတော်ကို ပိတ်ဆို့ပြီး ရွှေပလ္လင်ကို ဘယ်သူမှ မထိဖို့ တားမြစ်ထားသောကြောင့် ကြောက်စရာကောင်းသည့် အန္တရာယ်ကို အစ မပျိုးခင်တည်းက နှိမ်နင်းလိုက်သလို ဖြစ်သွားပြီ မဟုတ်ပါလား။ ထို့ကြောင့် စိုးရိမ်ပူပန်စရာ မလိုတော့ပေ။
ကျင်းကျုံးယွဲ့က ဤထရိုဂျန်မြင်းသစ်သားရုပ် အကြံအစည်ကို ရပ်တန့်လိုက်ရမလားဟု သူမ မေးချင်နေ သော်လည်း တွန့်ဆုတ်နေမိ၏။ သို့သော်ငြား အချိန် မရှိတော့ပေ။ ယခုချက်ချင်း အစီအစဉ်ကို ရပ်တန့်ဖို့ ပြောလျှင်တောင် အချိန်မီတော့မှာ မဟုတ်ပေ။
အဘယ်ကြောင့်ဆိုသော် တောင်ပိုင်းကျိုးအင်ပါယာ၏ ရှေ့ပြေးမြင်းတပ်က ရောက်နေပြီ ဖြစ်ပြီး နောက်ထပ် စစ်သည် နှစ်သိန်းကလည်း အနောက်မှာ ကပ်လျက် ပါလာပြီဖြစ်ရာ မနက်ဖြန်ဆိုလျှင် လေခွင်းမြို့ကို ရောက်တော့မှာ ဖြစ်သည်။
ကျင်းကျုံးယွဲ့က နောက်ဆုံးတော့ မေးလိုက်၏။ “ဒီ ထရိုဂျန် မြင်းသစ်သားရုပ် အကြံအစည်ကို ရပ်တန့်လိုက်ရမလား။”
ယွင်ကျုံးဟဲ့ အတန်ကြာ စဉ်းစားပြီးနောက် ခေါင်းယမ်းလိုက်သည်။ “မလိုဘူး။ ပြီးတော့ အချိန်လည်း မရှိတော့ဘူး။ မြားက လေးပေါ် ရောက်နေပြီ၊ မပစ်လို့ မရတော့ဘူး။”
ထိုစဉ်မှာပဲ ကျင်းကျုံးယွဲ့ နားစွင့်လိုက်၏။
“သွားရအောင်။ တောင်ပိုင်းကျိုးအင်ပါယာရဲ့ မြင်းတပ်က ကျွန်မတို့ဘက်ကို လာနေတယ်။” ကျင်းကျုံးယွဲ့က တိုးတိုးလေး ပြောလိုက်သည်။
တောင်ပိုင်းကျိုးအင်ပါယာ၏ မြင်းတပ်က လေခွင်းမြို့ပတ်လည်မှာ နေရာယူပြီး ရှာဖွေမှုတွေ စတင်နေပြီ ဖြစ်၏။
အကယ်၍ တောင်ပိုင်းကျိုးအင်ပါယာ၏ မြင်းတပ်နှင့် တိုးလျှင် ကျင်းကျုံးယွဲ့ တစ်ယောက်တည်း တိုက်ခိုက် နိုင်စွမ်း ရှိနေခြင်းကြောင့် အခက်တွေ့နိုင်၏။ အရင်ကဆိုလျှင် ကိစ္စမရှိသော်လည်း ယခု သူမမှာ ကိုယ်ဝန် ရှိနေသည်။
ထို့အပြင် ရန်သူက မြင်းတပ်တစ်သောင်း ဖြစ်သောကြောင့် စစ်နတ်ဘုရားဝင်စားလျှင်တောင် ဖောက်ထွက်နိုင်မှာ မဟုတ်ပေ။ ထိုကဲ့သို့ ဖြစ်မည်ဆိုပါက သူနှင့် ကျင်းကျုံးယွဲ့ ဤနေရာမှာတင် သေရဖို့ရှိပြီး မသေလျှင်တောင် သုံ့ပန်းဖြစ်သွားနိုင်၏။
နာရီအတော်ကြာပြီးနောက် ယွင်ကျုံးဟဲ့နှင့် ကျင်းကျုံးယွဲ့တို့ လေခွင်းမြို့နှင့် လုံးဝဝေးကွာသွားပြီး တောင်ပိုင်းကျိုး အင်ပါယာ၏ မြင်းတပ်နှင့်လည်း လွတ်ကင်းသွားခဲ့၏။ နောက်ထပ် အတန်ကြာပြီးနောက် လေခွင်းမြို့၏ စစ်သည် ခြောက်ထောင်ကို ပြန်မီသွားသည်။
ကျင်းကျုံးယွဲ့၏ မျက်နှာက အနည်းငယ် ဖြူရော်နေပြီး အသက်ရှူသံက ပြင်းနေသည်။ သူမ ဗိုက်ကို သတိထားပြီး ကိုင်ကာ ညင်သာစွာ ပြောလိုက်၏။ “ယောက်ျား... ကျွန်မ... ကျွန်မ သွားလှဲနေလိုက်အုံးမယ်။ ထပ်မလှုပ်ရှားနိုင်တော့ဘူး။”
ယွင်ကျုံးဟဲ့ အလွန် နာကျင်သွားပြီး ညင်သာစွာ ပြောလိုက်သည်။ “တောင်းပန်ပါတယ် လမင်းလေး... ငါ မင်းကို ပင်ပန်းစေခဲ့ပြီ။”
ကျင်းကျုံးယွဲ့က ယွင်ကျုံးဟဲ့၏ ပါးစပ်ကို ပိတ်ကာ ညင်သာစွာ ပြောလိုက်၏။ “ရှေ့ဆက် လုပ်ရမယ့် ကိစ္စတွေကို ရှင် ဘာသာရှင် လုပ်လိုက်တော့။ ကျွန်မ ရှင်နဲ့ အတူ မလိုက်ပေးနိုင်တော့ဘူး။”
ရှေ့ဆက်ပြီး ယွင်ကျုံးဟဲ့က ဝမ်တောက်ဖူနှင့် မြို့စားကြီး ကျင်းအဲ့၏ အလောင်းများကို မီးသင်္ဂြိုဟ်ပြီး အရိုးပြာ ကောက်ရမှာဖြစ်၏။ ကျင်းကျုံးယွဲ့က ကိုယ်ဝန် ရှိနေသောကြောင့် ဤမြင်ကွင်းကို မကြည့်ချင်ခြင်း ဖြစ်သည်။
ယွင်ကျုံးဟဲ့က အရင်ဆုံး လူများကို ထင်းပုံကြီးတွေ ပုံခိုင်းပြီး ဆီများ ပြင်ဆင်ထားလိုက်၏။ ထို့နောက် လူအားလုံးကို ထွက်သွားခိုင်းလိုက်ပြီး ယွင်ကျုံးဟဲ့ တစ်ယောက်တည်းသာ မီးသင်္ဂြိုဟ်မည့် နေရာတွင် ကျန်ရစ်ခဲ့သည်။
ဝမ်တောက်ဖူနှင့် မြို့စားကြီး ကျင်းအဲ့၏ အလောင်းများကို ထင်းပုံ အသီးသီး အပေါ်မှာ တင်လိုက်သည်။ ထို့နောက် ယွင်ကျုံးဟဲ့က သက်ပြင်းရှည်ကြီး တစ်ချက် မှုတ်ထုတ်လိုက်၏။
အရေးကြီးတဲ့ အချိန် ရောက်လာပြီဖြစ်၏။ သရဲမ ဝင်ပူးပြီး ဤအလောင်း နှစ်လောင်းကို မေးခွန်းမေးရ ပေတော့မည်။
‘ဆရာ ဝမ်တောက်ဖူ... တောင်ပိုင်းကျိုးအင်ပါယာရဲ့ သူလျှို အနေနဲ့ ခင်ဗျားမှာ ဘာလျှို့ဝှက်ချက်ကြီးတွေများ ရှိနေမလဲ။ မြို့စားကြီး ကျင်းအဲ့... ယောက္ခမကြီး... ခင်ဗျားမှာရော ဘာလျှို့ဝှက်ချက်ကြီးတွေများ ရှိနေမလဲ။ ခင်ဗျားတို့ နှစ်ယောက်က ကျုပ်ရဲ့ ဒီစိုးရိမ်ပူပန်မှု အရင်းအမြစ်ကို ရှာဖွေရာမှာ ကူညီပေးနိုင်မလား။ ဒါမှမဟုတ် ကျုပ် စိတ်ထဲက သံသယတွေကို အတည်ပြုပေးနိုင်မလား။’
“အမှတ် (၂၇)... သရဲမ ဝင်ပူးစမ်း” ယွင်ကျုံးဟဲ့၏ အမိန့်ပေးသံ ထွက်ပေါ်လာသည်နှင့် ခန္ဓာကိုယ် ပြင်းထန်စွာ တုန်ယင်သွားပြီး အေးစိမ့်သွားကာ သရဲမက ဝင်ပူးသွားသည်။
ထို့နောက် ယွင်ကျုံးဟဲ့က ဝမ်တောက်ဖူ၏ အလောင်းရှေ့သို့ သွားကာ သူ၏ မျက်လုံးများကို ဖွင့်ကြည့်လိုက်၏။
“ဆရာ ဝမ်တောက်ဖူ... ကျုပ်ကို ပြောပြပါ။ ပြောပြပါ။ ခင်ဗျား မသေခင် ဘာစကားတွေ ပြောခဲ့လဲ။ ဘယ်သူတွေကို မြင်ခဲ့လဲ။”
သရဲမ ဝင်ပူးနေသော ယွင်ကျုံးဟဲ့က ဝမ်တောက်ဖူ အလောင်း၏ မျက်လုံးများကို စိုက်ကြည့်နေရင်း ရုတ်တရက် တုန်ယင်သွား၏။ ချက်ချင်းပဲ ဝမ်တောက်ဖူ မသေဆုံးမီ နောက်ဆုံး အချိန်သို့ ရောက်သွားသကဲ့သို့ ခံစားလိုက်ရ၏။
နားထဲတွင် ဝမ်တောက်ဖူ မသေဆုံးမီ နောက်ဆုံး အော်ဟစ်သံကို ကြားလိုက်ရ၏။ သူ့ပါးစပ်က ထွက်ပေါ်လာသည့် အော်ဟစ်သံ မဟုတ်ဘဲ စိတ်ထဲက အော်ဟစ်သံ ဖြစ်၏။
“သခင်ကြီး ယန်ဖြန်ရှန်... ကျုပ်က လောက်ချန်း မဟုတ်ပါဘူး။ ဒါပေမဲ့ ကျုပ်ရဲ့ သေဆုံးမှုက တန်ကြေး ရှိပါ့မလား။ ကျုပ်ရဲ့ သေဆုံးမှုက တောင်ပိုင်းကျိုးအင်ပါယာက တာယင်အင်ပါယာရဲ့ တပ်တော်ကို ချေမှုန်းရာမှာ ကူညီပေးနိုင်ပါ့မလား။
ကျုပ် လောက်ချန်း မဟုတ်ဘူး။ ဒါပေမဲ့ ကျုပ် သခင်ကြီးအတွက် အသက်ပေးလိုက်ပါပြီ။ ကျုပ် ဝမ်တောက်ဖူရဲ့ သေဆုံးမှုက တန်ကြေးရှိပါ့မလား။
သခင်ကြီးယန်ဖြန်ရှန်... ခင်ဗျားတို့ ဒီစစ်ပွဲကို အနိုင်ရပြီး တာယင်အင်ပါယာရဲ့ စစ်သည် သိန်းချီကို ချေမှုန်းပြီးတဲ့အခါ ကျုပ်ရဲ့ သင်္ချိုင်းဂူ ရှေ့လာပြီး စက္ကူလေး တစ်ရွက်လောက် မီးရှို့ပေးပါ။ အရက် တစ်ခွက်လောက် လောင်းချပေးနိုင်မလား။”
‘ဒါက ဝမ်တောက်ဖူ မသေခင် စိတ်ထဲက အော်ဟစ်ခဲ့တဲ့ အသံပဲ။ သူက လောက်ချန်း မဟုတ်ဘူး။ တကယ်ပဲ သူက တောင်ပိုင်းကျိုးအင်ပါယာက လေခွင်းမြို့မှာ ထားတဲ့ အမြင့်ဆုံး သူလျှို လောက်ချန်း မဟုတ်ဘူး။ သူက အစားထိုးခံရတဲ့ ကြိုးဆွဲချ အရုပ်လေး သက်သက်ပဲ။’
အဘယ်ကြောင့်ဆိုသော် လောက်ချန်းဆိုတဲ့လူကို ဖော်ထုတ်နိုင်မှသာ ယွင်ကျုံးဟဲ့က စိတ်ချလက်ချနှင့် နောက်ထပ် အစီအစဉ်တွေကို ဆက်လုပ်နိုင်မှာ ဖြစ်၏။ ရန်သူဆီမှာ အကြံအစည်ရှိနေပြီး ကြီးမားသည့် အကြံအစည်ကြီး ရှိနေခြင်း ဖြစ်သည်။
ဤအကြံအစည်က တာယင်အင်ပါယာ၏ စစ်သည်တစ်သိန်းကို ချေမှုန်းဖို့ သို့မဟုတ် တာယင်အင်ပါယာ၏ စစ်သည်သိန်းချီကို ချေမှုန်းဖို့ ဖြစ်၏။ ဝမ်တောက်ဖူက လောက်ချန်း မဟုတ်ဘူးဆိုလျှင် မည်သူက လောက်ချန်းနည်း။
ယွင်ကျုံးဟဲ့က သရဲစကားဖြင့် တိုးတိုးလေး အော်ဟစ်လိုက်၏။ “ဆရာ ဝမ်တောက်ဖူ... ကျုပ်ကို ပြောပါ။ လောက်ချန်းက ဘယ်သူလဲ။ လောက်ချန်းက ဘယ်သူလဲ။ ဆရာ ဝမ်တောက်ဖူ... ခင်ဗျား သေရတာ လုံးဝ အကျိုးမရှိဘူး။ ခင်ဗျားရဲ့ အလောင်းကိုတောင် ခွေးတွေက တူးဖော်သွားသေးတယ်။ ခင်ဗျား ဒီ လောက်ချန်း အတွက် သေပေးရတာ မတန်ဘူး။ ကျုပ်ကို ပြောပါ။ လောက်ချန်း ဆိုတာ ဘယ်သူလဲ။”
သို့သော်ငြား ဝမ်တောက်ဖူ၏ အလောင်းက ယွင်ကျုံးဟဲ့၏ မေးခွန်းများကို မဖြေနိုင်သည်မှာ ထင်ရှားလှ၏။ အဘယ်ကြောင့်ဆိုသော် သူ သေဆုံးသွားပြီ ဖြစ်သောကြောင့်ပင်။
သူ သေဆုံးချိန်တွင် မျက်စိမှ မြင်တွေ့ခဲ့ရသော မြင်ကွင်း၊ စိတ်ထဲမှ တွေးတောခဲ့သော စကားလုံးများသည် ဦးနှောက် အာရုံကြောများထဲတွင် ထာဝရ ရိုက်နှိပ်ကျန်ရစ်နေမှာ ဖြစ်သည်။ ထို့ကြောင့် သရဲမက ဖတ်ရှုနိုင်စွမ်း ရှိခြင်း ဖြစ်၏။
သို့ပေမည့် သေဆုံးသွားသူက မေးခွန်းများကို ပြန်ဖြေနိုင်မည် မဟုတ်ပေ။ လောက်ချန်းက မည်သူနည်း ဆိုသည်ကို ဝမ်တောက်ဖူ ကိုယ်တိုင်လည်း မသိချေ။ လောက်ချန်း ဆိုသော လျှို့ဝှက်အမည်ကိုပင် မကြာမီကမှ ကြားဖူးခဲ့ခြင်း ဖြစ်သည်။
ဝမ်တောက်ဖူသည် အလွန် ထူးခြားသော သူလျှို တစ်ဦး ဖြစ်သည်။ အချို့သော လေ့ကျင့်မှုများ ရရှိခဲ့သော်လည်း သူသည် စာတတ်ပေတတ် တစ်ဦးသာဖြစ်ပြီး အစစ်အမှန် သူလျှိုတစ်ဦး မဟုတ်ပေ။ ထို့ကြောင့် တောင်ပိုင်းကျိုးအင်ပါယာ ဟေးပင်းထိုင်က သူ့ကို မည်သည့် တာဝန်မှ မပေးခဲ့ချေ။
တောင်ပိုင်းကျိုးအင်ပါယာသည် ဝမ်တောက်ဖူနှင့် အဆက်အသွယ် လုံးဝ မလုပ်ခဲ့သလောက်ပင်ဖြစ်ရာ သူက လောက်ချန်း ဆိုသည်ကို မည်သို့ သိနိုင်မည်နည်း။
လေခွင်းမြို့တွင် နေထိုင်ခဲ့သည့် အချိန်တစ်လျှောက်လုံး နတ်ဆရာလန် အပါအဝင် မည်သည့် တောင်ပိုင်းကျိုး သူလျှိုနှင့်မှ ဆက်သွယ်ပြောဆိုခဲ့ခြင်း မရှိပေ။
လောက်ချန်း ဆိုသော လျှို့ဝှက်အမည်မှာ သူ့အပေါ် ယာယီ အမည်တပ်ပေးထားခြင်းသာ ဖြစ်၏။ ယခင်က ယွင်ကျုံးဟဲ့ မေးခဲ့စဉ်က ခင်ဗျားရဲ့ လျှို့ဝှက်အမည်က ဘာလို့ လောက်ချန်းလို့ ပေးထားတာလဲဟု မေးရာ၊ သူက စာမေးပွဲမှာ လိမ်လည်ဖြေဆိုတဲ့သူက လောက်ချန်း မဟုတ်လို့ ဘာလဲဟု ပြန်ဖြေခဲ့ဖူးသည်။
သို့ပေမည့် အဓိကအချက်မှာ သူ စာမေးပွဲမှာ မလိမ်လည်ခဲ့ချေ။ သူက အပြစ်ကင်းစင်လျက်နှင့် အမှုပတ် ခံခဲ့ရခြင်း ဖြစ်သည်။ ထိုအရာက သူ၏ ရင်ဘတ်ထဲက အနာတရတစ်ခု ဖြစ်နေခဲ့သောကြောင့် ကိုယ့်ကိုယ်ကိုယ် လှောင်ပြောင်သည့် အနေနှင့် လောက်ချန်း ဆိုသည့် လျှို့ဝှက်အမည်ကို သုံးရမည်နည်း။
သို့သော်ငြား ယွင်ကျုံးဟဲ့က အရှုံးမပေးဘဲ ဝမ်တောက်ဖူထံမှ တစ်ခုခုကို ရယူချင်နေဆဲ ဖြစ်၏။ ထို့ကြောင့် ဝမ်တောက်ဖူ မသေဆုံးမီ နောက်ဆုံး မြင်တွေ့ခဲ့ရသော မြင်ကွင်းကို ဖတ်ရှုရန် ကြိုးစားသည်။
“စားပွဲခုံပါလား။”
ထိုအချိန်က သူသည် အဆိပ်ရည်ကို သောက်ပြီး သေမင်းကို စောင့်ဆိုင်းနေခဲ့ပြီ ဖြစ်သည်။ သူ၏ အကြည့်များက စားပွဲခုံပေါ်တွင် ကျရောက်နေ၏။ စားပွဲပေါ်တွင် အဆိပ်ရည် သောက်ပြီးသား အရက်ခွက် အလွတ် တစ်ခွက် ရှိနေ၏။
သို့သော်လည်း ထူးခြားချက်အနေဖြင့် စားပွဲပေါ်တွင် စာလုံး တစ်လုံး ရှိနေ၏။ သူ လက်ညှိုးကို ရေဆွတ်ပြီး ရေးထားသော စာလုံးတစ်လုံး ဖြစ်သည်။
‘ဒီစာလုံးက အရမ်း ထူးဆန်းနေတယ်။ ဝမ်တောက်ဖူ မသေခင်မှာ ဘာလို့ ဒီ တူ ဆိုတဲ့ စာလုံးကို ရေးခဲ့တာလဲ။ ဒီစာလုံးက ဘာအဓိပ္ပာယ်လဲ။’
ဤအရာက ယွင်ကျုံးဟဲ့ကို မြို့စားကြီး ကျင်းအဲ့ မသေခင် ပြောသွားခဲ့သည့် ထူးဆန်းသော စကား တစ်ခွန်းကို အလိုအလျောက် သတိရသွားစေ၏။ မင်းနဲ့ ငါ ရုပ်ချင်း မတူဘူး၊ စရိုက်ချင်းလည်း မတူဘူး။ ဒါပေမဲ့ မင်းကို ကြည့်ရတာ လွန်ခဲ့တဲ့ နှစ်သုံးဆယ်က ငါ့ကိုယ်ငါ ပြန်မြင်ရသလိုပဲ ဟူသည့် စကားပင်။
‘ဒါကလည်း တူညီခြင်းရဲ့ ပုံစံ တစ်မျိုးပဲလား။ ဝမ်တောက်ဖူ ရေးခဲ့တဲ့ တူ ဆိုတဲ့ စာလုံးကရော ဘယ်လို တူညီခြင်း မျိုးလဲ။ ဒီစာလုံးက သေချာပေါက် သူ့ရဲ့ စိတ်တွင်း ခံစားချက်ကို ကိုယ်စားပြုနေတယ်။ သူရဲ့ ခံစားချက် အားလုံးကို ဒီစာလုံး တစ်လုံးတည်းမှာ စုစည်းထားတာ ဖြစ်ရမယ်။’
ယွင်ကျုံးဟဲ့က ဤစာလုံးကနေ ထွက်ပေါ်နေသည့် ခံစားချက်များကို ဖတ်ရှုနိုင်၏။ ဝမ်းနည်းဒေါသထွက်မှု၊ ကြေကွဲမှု၊ နာကျင်မှု၊ သနားစရာကောင်းမှု၊ ကိုယ့်ကိုယ်ကိုယ် လှောင်ပြောင်မှု အရာအားလုံး ပြည့်နှက် နေသည်။
ထို့ကြောင့် သူ၏ စိတ်ထဲတွင် အဖြေတစ်ခု ရရှိနေပြီ ဖြစ်၏။ မဟုတ်သေးချေ။ သူ့စိတ်ထဲတွင် အဖြေတစ်ခုကို စောစောတည်းက ရရှိနေခဲ့ပြီး ယခု လုပ်ဆောင်နေသမျှ အရာအားလုံးက ထိုအဖြေကို အတည်ပြုရန် သက်သက်သာ ဖြစ်၏။
...................
အပိုင်း (၁၇၆)
ဝမ်တောက်ဖူ၏ နောက်ဆုံး စိတ်ဝိညာဉ် မှတ်တမ်းမှ ထွက်ခွာလာပြီးနောက် ယွင်ကျုံးဟဲ့သည် ကျင်းအဲ့၏ ရှေ့သို့ ရောက်လာ၏။ ကျင်းအဲ့၏ သေဆုံးမှုကလည်း အတော်လေး ဆန်းကြယ်လှသည်။
သူသည် သတိလစ် မေ့မြောနေသော အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း မသေဆုံးမီလေးတွင် မီးစာကုန်ဆီခန်း အခြေအနေဖြင့် ခေတ္တ သတိပြန်ရလာကာ သေတမ်းစာများ အားလုံးကို မှာကြားနိုင်ခဲ့၏။
ဤသို့ဆိုလျှင် မျက်စိမှိတ် မသေနိုင်စရာ အကြောင်း မရှိပေ။ သို့ပေမည့် သူက မျက်လုံး မမှိတ်နိုင်ခဲ့သလို ညစ်နွမ်းနေသော မျက်ရည်များလည်း စီးကျနေခဲ့သည်။
ယွင်ကျုံးဟဲ့ ဆက်လက်၍ သရဲမ ဝင်ပူးကာ ကျင်းအဲ့၏ မျက်လုံးများကို စိုက်ကြည့်ပြီး သူ၏ နောက်ဆုံး စိတ်ဝိညာဉ် မှတ်တမ်းထဲသို့ ဝင်ရောက်သွား၏။
“တောင်းပန်ပါတယ်... တောင်းပန်ပါတယ်။ ငါ မင်းကို အပြစ်မတင်ပါဘူး... ငါ မင်းကို အပြစ်မတင်ပါဘူး။”
‘ဒါက ကျင်းအဲ့ မသေခင် စိတ်ထဲမှာ ပဲ့တင်ထပ်နေတဲ့ စကားတွေပဲ။ ဘာလို့ တောင်းပန်တာလဲ။ ဘယ်သူ့ကို တောင်းပန်တာလဲ။ တောင်းပန်နေရင်းနဲ့ ဘာလို့ အပြစ်မတင်ဘူးလို့ ထပ်ပြောနေရတာလဲ။’
ထို့နောက် သူ မသေခင် နောက်ဆုံး မြင်တွေ့ခဲ့ရသော မြင်ကွင်းထဲသို့ ရောက်သွား၏။ သူ ကြည့်နေသည်မှာ ပြတင်းပေါက် အပြင်ဘက်ရှိ ကောင်းကင်ယံဖြစ်ပြီး ညအမှောင်ထုထဲတွင် ဘာမှ မရှိချေ။
ကျင်းအဲ့က ဘာမှ မပြောခဲ့ဘူးလား။ မဟုတ်ပေ။ သူ အကုန် ပြောခဲ့၏။ သေတမ်းစာ မှာကြားတုန်းကတောင် အကုန်လုံး ပြောပြခဲ့ပြီးပြီ ဖြစ်သည်။
သို့ပေမည့် သူ မသေခင် စိတ်ထဲက ပဲ့တင်သံများ၊ မသေခင် ပြတင်းပေါက် အပြင်ဘက်ကို လှမ်းကြည့်ခဲ့ခြင်း စသည့် အခြေအနေများက ယွင်ကျုံးဟဲ့၏ ခန့်မှန်းချက်ကို ပိုပြီး အတည်ပြုပေးနေသလိုပင်။
ယွင်ကျုံးဟဲ့ ကျင်းအဲ့၏ နောက်ဆုံး စိတ်ဝိညာဉ်မှတ်တမ်းမှ ထွက်လာခဲ့၏။ အရာအားလုံးကို ဖတ်ရှုပြီးသွားပြီ ဖြစ်သောကြောင့် မီးသင်္ဂြိုဟ်နိုင်ပြီ ဖြစ်သည်။
ယွင်ကျုံးဟဲ့ မီးတုတ်ကို ယူကာ ဘေးနားရှိ မီးပုံမှ မီးကူးလိုက်ပြီး ကျင်းအဲ့၏ ထင်းပုံရှေ့သို့ ရောက်လာ၏။
“မြို့စားကြီး ကျင်းအဲ့... ယောက္ခမကြီး... ခင်ဗျားရဲ့ ဆုတောင်းစကားတွေအတွက် ကျေးဇူးတင်ပါတယ်။” ယွင်ကျုံးဟဲ့ ကျင်းအဲ့၏ အိုမင်းရင့်ရော်နေသော မျက်နှာကို ငေးကြည့်ကာ ပြောလိုက်သည်။
‘ဒီလူက တစ်ချိန်တုန်းက ရည်မှန်းချက် ကြီးမားပြီး ရက်စက်ကြမ်းကြုတ်ခဲ့တယ်။ မင်္ဂလာဆောင်ညမှာတင် အန်းမိသားစု တစ်ခုလုံးကို သတ်ဖြတ်ပြီး မြို့စားရာထူးကို ပြန်လည် ရယူခဲ့တယ်။ ဒါပေမဲ့ သူ သေခါနီး အချိန်မှာတော့ ဘာအာဏာကိုမှ မတွေးတော့ဘဲ မိသားစုကိုပဲ စိတ်ပူနေခဲ့တယ်။’
ကျင်းအဲ့ကို နောက်ဆုံးအနေနှင့် တစ်ချက် ကြည့်လိုက်ပြီးနောက် ယွင်ကျုံးဟဲ့ ထင်းပုံကို မီးရှို့လိုက်သည်။ ချက်ချင်းပဲ ထင်းပုံ တစ်ခုလုံး မီးဟုန်းဟုန်း တောက်လောင်လာပြီး ကျင်းအဲ့၏ အလောင်းကို မီးတောက်များက ဝါးမြိုသွား၏။
ထို့နောက် ယွင်ကျုံးဟဲ့ ဝမ်တောက်ဖူ၏ အလောင်းရှေ့သို့ ရောက်လာပြန်၏။ ဤလူနှင့် ပတ်သက်၍ ယွင်ကျုံးဟဲ့၌ ကြီးကြီးမားမား ခံစားချက်မျိုး မရှိပေ။ ဤလူက စာတတ်ပေတတ် တစ်ယောက်ဖြစ်ပြီး စစ်မှန်သည့် သစ္စာရှိအမတ်တစ်ယောက်လည်း ဖြစ်သည်။
အစကနေ အဆုံးထိ တောင်ပိုင်းကျိုးအင်ပါယာကို သစ္စာစောင့်သိခဲ့သူ ဖြစ်သည်။ တောင်ပိုင်းကျိုး အင်ပါယာကို ပြန်သွားပြီး ရာထူးပြန်ရဖို့နှင့် တောင်ပိုင်းကျိုးအင်ပါယာ၏ မြို့ဝန်တစ်ယောက် ဖြစ်လာဖို့ အမြဲတမ်း အိပ်မက် မက်နေခဲ့ခြင်း ဖြစ်၏။
သူ၏ ဘဝက တကယ့်အဖြစ်ဆိုးကြီး တစ်ခုပင် ဖြစ်၏။ အသက်နှစ်ဆယ်ကျော်၌ ဘဝ၏ အမြင့်ဆုံး အောင်မြင်မှုဖြစ်သည့် ကျင်းရှီဘွဲ့ကို ရခဲ့သော်လည်း ထို့နောက်၌ ငရဲတွင်းထဲ ရောက်သွားပြီး အလင်းရောင်ကိုသာ မျှော်ကြည့်နေခဲ့ရခြင်းသာ ဖြစ်နေသည်။
ယွင်ကျုံးဟဲ့ ဝမ်တောက်ဖူ၏ ထင်းပုံကိုလည်း မီးရှို့လိုက်သည်။ မီးတောက်များက ဝမ်တောက်ဖူ၏ အလောင်းကိုလည်း ဝါးမြိုသွား၏။
ယွင်ကျုံးဟဲ့ တဲထဲသို့ ပြန်လာပြီး စောင်အောက်သို့ သတိထားကာ ဝင်လိုက်ပြီး ကျင်းကျုံးယွဲ့၏ နူးညံ့သော ခန္ဓာကိုယ်ကို ဖက်ထားလိုက်သည်။
ကျင်းကျုံးယွဲ့ အနောက်သို့ အနည်းငယ် ဆုတ်လိုက်ကာ ယွင်ကျုံးဟဲ့၏ ရင်ခွင်ထဲသို့ ပို၍ တိုးဝင်လာသကဲ့သို့ ရှိနေ၏။
……………..
နောက်တစ်နေ့တွင် ယွင်ကျုံးဟဲ့ အရင်ဆုံး ချူကျောင်းရန်၏ တဲထဲသို့ ရောက်သွား၏။ သူ၏ ဒဏ်ရာက ပြင်းထန်ပြီး နံရိုး အတော်များများ ကျိုးသွားသလို ရင်ဘတ်မှာလည်း တစ်ပေလောက် ရှည်သည့် ဓားဒဏ်ရာ အကြီးကြီး ရထားသည်။
ဤရက်ပိုင်း ကုသမှုတွေ ခံယူပြီးနောက် ဒဏ်ရာတွေ စတင် ကျက်လာပြီ ဖြစ်သော်လည်း ကုတင်ပေါ်မှာ လှဲနေရတုန်း ဖြစ်၏။
ယွင်ကျုံးဟဲ့ ဝင်သွားချိန်တွင် သူက တဲမျက်နှာကြက်ကို မျက်လုံးပြူးပြီး ကြည့်နေသည်။
“သခင်လေးယွင်” ယွင်ကျုံးဟဲ့ကို မြင်သည်နှင့် ချူကျောင်းရန်က ကုတင်ပေါ်ကနေ အတင်းထရန် ကြိုးစားလိုက်၏။
“မထနဲ့၊ မထနဲ့။” ယွင်ကျုံးဟဲ့က ပြောလိုက်ပြီး ချူကျောင်းရန်၏ မျက်လုံးများ နီရဲနေသည်ကို သတိထားမိလိုက်သည်
“မခွဲခွာချင်ဘူးလား။” ယွင်ကျုံးဟဲ့က မေးလိုက်၏။
ချူကျောင်းရန်က ခေါင်းခါလိုက်သည်။ “သခင်လေးယွင်... ခင်ဗျား သိလား။ ကျုပ်က ငယ်ငယ်တည်းက ဆရာ ဝမ်တောက်ဖူနဲ့အတူ စာသင်ခဲ့တာ။ ဒါကြောင့် သခင်မက ကျုပ်ကို အစ်ကိုလို့ ခေါ်တာလေ။”
ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “ကျုပ် သိပါတယ်။ ခင်ဗျားက ဝမ်တောက်ဖူရဲ့ အတော်ဆုံး တပည့် ဖြစ်ရုံသာမက မြို့စားကြီး ကျင်းအဲ့ရဲ့ မွေးစားသားလည်း ဖြစ်တယ်လေ။ လေခွင်းမြို့မှာ မွေးစားသားဆိုတဲ့ နာမည်က သိပ်နားထောင်လို့ မကောင်းပေမဲ့ပေါ့။”
တကယ်လည်း နားထောင်လို့ မကောင်းပေ။ အဘယ်ကြောင့်ဆိုသော် ကျင်းအဲ့ ကိုယ်တိုင်ကလည်း မြို့စား အန်းတောက်ထျန်း၏ မွေးစားသား ဖြစ်ခဲ့ပြီး နောက်ပိုင်းတွင် သမက် ဖြစ်လာခဲ့ခြင်း ဖြစ်သည်။
နောက်ဆုံးတွင် ကျင်းအဲ့က အန်းတောက်ထျန်းနှင့် အန်းမိသားစု တစ်ခုလုံးကို သတ်ဖြတ်ကာ မြို့စား ရာထူးကို ပြန်လည် ရယူခဲ့ခြင်း ဖြစ်၏။
ချူကျောင်းရန်က မေးလိုက်သည်။ “ခင်ဗျား ပြောကြည့်ပါအုံး။ ဒါက ဘာလို့လဲ။”
ယွင်ကျုံးဟဲ့က ပြန်မေးလိုက်၏။ “ချူကျောင်းရန်... ခင်ဗျား ပိုင်ရှင်မဲ့ နယ်မြေကနေ ထွက်သွားဖူးလား။”
ချူကျောင်းရန်က ခေါင်းညိတ်လိုက်သည်။ “ခန္ဓာကိုယ် အရတော့ ထွက်သွားဖူးပါတယ်။ ဒါပေမဲ့ စိတ်ပိုင်းဆိုင်ရာ အရတော့ မထွက်သွားဖူးဘူး။ ကျုပ်က ပိုင်ရှင်မဲ့ နယ်မြေမှာ မွေးပြီး ပိုင်ရှင်မဲ့ နယ်မြေမှာပဲ ကြီးပြင်းခဲ့တာလေ။”
ယွင်ကျုံးဟဲ့က ရှင်းပြလိုက်၏။ “အဲဒါကြောင့်ပေါ့။ ဆရာ ဝမ်တောက်ဖူက တောင်ပိုင်းကျိုးအင်ပါယာရဲ့ ကျင်းရှီ ဘွဲ့ရ တစ်ယောက်လေ။ သူက ခမ်းနားကြီးကျယ်မှုတွေကို မြင်ဖူးပြီး ဂုဏ်သိက္ခာ အမြင့်မားဆုံးကို ရခဲ့ဖူးတယ်။ ထို့ကြောင့် သူ့မျက်လုံးထဲမှာ ပိုင်ရှင်မဲ့ နယ်မြေဆိုတာ မရှိတော့ဘူး။ လေခွင်းမြို့ပဲ ဖြစ်ဖြစ်၊ ပိုင်ရှင်မဲ့ နယ်မြေပဲ ဖြစ်ဖြစ်၊ သူ့အတွက် သစ္စာစောင့်သိစရာ မလိုဘူးလို့ ထင်နေတာ။
သူက လူဆိုး တစ်ယောက် မဟုတ်ပါဘူး။ တကယ်တော့ သူက အရမ်း မာနကြီးပြီး ဖြောင့်မတ်တဲ့ စာတတ်ပေတတ် တစ်ယောက်ပါ။ တောင်ပိုင်းကျိုးအင်ပါယာကို သစ္စာစောင့်သိနေရုံ သက်သက်ပါပဲ။”
“ကျုပ် သိပါတယ်။ ကိုယ့်သခင်အတွက် ကိုယ် လုပ်ရတာပဲလေ။” ချူကျောင်းရန်က ပြောလိုက်သည်။
ယွင်ကျုံးဟဲ့က မေးလိုက်၏။ “ကျုပ်တို့ လေခွင်းမြို့ကို လက်လွှတ်လိုက်ရပြီ။ လမင်းလေးက ခင်ဗျားတို့ကို မသိတဲ့ နေရာတစ်ခုကို ခေါ်သွားလိမ့်မယ်။ ခင်ဗျား ဂရုစိုက်လား။”
ချူကျောင်းရန် ယွင်ကျုံးဟဲ့ကို အတန်ကြာ စိုက်ကြည့်နေပြီးနောက် ပြောလိုက်သည်။ “သခင်လေးယွင်... ကျုပ်က ကမ္ဘာကြီးကို မမြင်ဖူးတဲ့ လူတစ်ယောက်ပါ။ ဆရာ ဝမ်တောက်ဖူလို ကမ္ဘာကြီးကို ခြုံငုံကြည့်နိုင်တဲ့ စိတ်ကူးမျိုး မရှိဘူး။ ခင်ဗျား ဘဲပေါက်လေးတွေ မြင်ဖူးလား။”
ယွင်ကျုံးဟဲ့က ခေါင်းညိတ်လိုက်၏။ “မြင်ဖူးတယ်။”
ချူကျောင်းရန်က ပြောလိုက်သည်။ “ဘဲပေါက်လေးတွေ အကောင်ပေါက်ပြီး ပထမဆုံး မြင်ရတဲ့ တိရစ္ဆာန်ကို သူတို့ရဲ့ အမေလို့ ထင်သွားကြတယ်။ အဲဒီနောက်တော့ သူတို့က ဘယ်သွားသွား နောက်က လိုက်သွားတော့ တာပဲ။ သူတို့ မြင်ရတာက အဲဒီ ကျောပြင်လေး တစ်ခုပဲ။ ကျုပ်ကတော့ အဲဒီ သနားစရာကောင်းတဲ့ ဘဲပေါက်လေးပါပဲ။”
ယွင်ကျုံးဟဲ့ ရှေ့တိုးကာ ချူကျောင်းရန်၏ ပခုံးကို ညင်သာစွာ ပုတ်လိုက်ပြီး ပြောလိုက်၏။ “သေချာ နားလိုက်ပါ။ အရာအားလုံး အဆင်ပြေသွားမှာပါ။”
ထို့နောက် ယွင်ကျုံးဟဲ့ လန်ပိ၏ တဲထဲသို့ ရောက်သွားပြန်၏။ သူမ၏ အခြေအနေက နံရိုးကျိုးရုံ သက်သက် ဖြစ်သောကြောင့် အနည်းငယ် ပိုကောင်းနေသည်။
ယခု ယွင်ကျုံးဟဲ့ကို မြင်ချိန်မှာတော့ သူမ အနည်းငယ် ရှက်ရွံ့နေသကဲ့သို့ ရှိ၏။ အဘယ်ကြောင့်ဆိုသော် ယွင်ကျုံးဟဲ့ သူမကို ဆေးကုပေးစဉ်က သူမ၏ အပေါ်ပိုင်း အဝတ်အစားများ အားလုံးကို ချွတ်ပစ်ခဲ့ သောကြောင့်ပင်။
“ကျွန်မ အခု ရှင့်ကို နည်းနည်း ကြောက်နေပြီ။” လန်ပိက ပြောလိုက်၏။
ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “ဘာလို့လဲ။”
လန်ပိက ဖြေလိုက်၏။ “ဘာလို့လဲဆိုတော့ ရှင်က ရှင် အရေးမကြီးဘူး ထင်တဲ့ အရာတွေအပေါ်မှာ အရမ်းကို သွေးအေးလွန်းလို့ပဲ။ နှစ်ရာချီ သက်တမ်းရှိတဲ့ ကျင်းမိသားစုရဲ့ မြို့စားအိမ်တော်ကို ရှင် မီးရှို့မယ် ဆိုတာနဲ့ ချက်ချင်း ရှို့ပစ်လိုက်တယ်။ လေခွင်းမြို့ကိုလည်း ရှင် မီးရှို့မယ် ဆိုတာနဲ့ ချက်ချင်း ရှို့ပစ်လိုက်တာပဲ။
ရှင်က အောင်ပွဲအတွက် ဆိုရင် အားလုံးက တန်ကြေးရှိတယ်လို့ ပြောချင်မှာပေါ့။ လေခွင်းမြို့ တစ်မြို့ မကဘူး၊ ဆယ်မြို့၊ မြို့တစ်ရာ အရင်းအနှီးပြုရရင်တောင် တန်တယ်လို့ ပြောမှာပေါ့။ ဒီသဘောတရားတွေကို ကျွန်မ နားလည်ပါတယ်။ ဒါပေမဲ့ ကျွန်မ စိတ်ထဲမှာတော့ အရမ်း ခံစားရတယ်။”
“ဒါက မှန်ကန်တဲ့ ခံစားချက်ပါပဲ။” ယွင်ကျုံးဟဲ့က ပြောလိုက်သည်။
လန်ပိက တိုးညင်းစွာ ပြောလိုက်၏။ “ကျွန်မ ရှင့်ကို ငြင်းခုံဖို့ ပြောနေတာ မဟုတ်ပါဘူး။ ကျွန်မ ရှင့်ကို ဘယ်လိုမှ ငြင်းနိုင်မှာ မဟုတ်ဘူး။ ရှင်က အခု ကျွန်မရဲ့ သခင် တစ်ဝက် ဖြစ်နေပြီလေ။”
ယွင်ကျုံးဟဲ့က ခေါင်းခါလိုက်သည်။ “မဟုတ်ဘူး။ ခင်ဗျား ပြောတာ မှန်ပါတယ်။ တစ်ယောက်ယောက်က ကြီးကျယ်တဲ့ ရည်မှန်းချက် တစ်ခုအတွက် ခင်ဗျားကိုယ်ခင်ဗျား စတေးလိုက်ဖို့ ပြောလာရင် အဲဒီလူက တကယ်ပဲ ကြီးကျယ်ခမ်းနားတဲ့သူ ဖြစ်ချင်ဖြစ်နေလိမ့်မယ်။ ဒါပေမဲ့ ပုံမှန်အားဖြင့် အဲဒီလို လူမျိုးနဲ့ ဝေးဝေး နေတာ အကောင်းဆုံးပဲ။”
ထို့နောက် ယွင်ကျုံးဟဲ့က ဆက်ပြော၏။ “သေချာ နားလိုက်ပါအုံး။”
လန်ပိက မေးလိုက်သည်။ “ယွင်အောက်ထျန်း... ကျွန်မတို့ လေခွင်းမြို့ကို ပြန်သွားလို့ ရအုံးမလား။”
ယွင်ကျုံးဟဲ့ အတန်ကြာ စဉ်းစားပြီးနောက် ပြောလိုက်၏။ “ခင်ဗျားသာ ဆန္ဒရှိရင် နောက်ဆို ပြန်သွားလို့ ရနိုင်ပါသေးတယ်။”
ထို့နောက် သူ လန်ပိ၏ တဲထဲမှ ထွက်လာခဲ့သည်။
ထိုစဉ် လန်ပိက ရုတ်တရက် မေးလိုက်၏။ “ယွင်အောက်ထျန်း... ရှင်က ကျွန်မကို နှုတ်ဆက်နေတာလား။ ရှင် ဘာတွေ ကြံစည်နေတာလဲ။”
ယွင်ကျုံးဟဲ့ ပြုံးကာ ပြောလိုက်သည်။ “ခင်ဗျား အတွေးလွန်နေပါပြီ။”
ထို့နောက် ယွင်ကျုံးဟဲ့ ဟွာမန်လု၏ တဲထဲသို့ ဝင်သွားသည်။ သူလည်း ဒဏ်ရာပြင်းထန်ပြီး ကျောပြင် တစ်ခုလုံး ပြတ်ရှခံထားရကာ အတွင်းအင်္ဂါများပင် ထွက်လာလုနီးပါး ဖြစ်ခဲ့ရ၏။
သို့သော်ငြား ယခု သူ၏ အခြေအနေက အတော်လေး ကောင်းမွန်နေပြီး ဒဏ်ရာများ စတင်ကျက်နေပြီ ဖြစ်၏။ သူက မြေကြီးပေါ်တွင် လှဲလျောင်းကာ ဟောက်သံကြီးဖြင့် အိပ်မောကျနေသည်။
ယွင်ကျုံးဟဲ့ ရှေ့တိုးကာ ဆောင့်ကြောင့်ထိုင်လိုက်သည်။
“သခင်...” ဟွာမန်လု မျက်လုံးဖွင့်လာပြီး ထထိုင်ရန် ကြိုးစား၏။
“လှဲနေ၊ လှဲနေ...”
ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “မြေကြီးက စိုစွတ်တယ်။ ခင်ဗျားမှာလည်း ဒဏ်ရာ ရှိနေတယ်။ ဘာလို့ ကုတင်ပေါ် မအိပ်တာလဲ။”
ဟွာမန်လုက ပြုံးလိုက်၏။ “မြေကြီးပေါ် မအိပ်ရရင်၊ မြေကြီးနဲ့ မထိတွေ့ရရင် အိပ်လို့ မပျော်ဘူးလို့ အရင်က ပြောဖူးတယ်လေ။”
ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “ကျုပ်တို့ ဘယ်သွားမလဲ ဆိုတာကို ခင်ဗျား စိတ်မဝင်စားဘူးလား။”
ဟွာမန်လု ပြုံးကာ ပြောလိုက်၏။ “ကျုပ်အတွက်တော့ ဘယ်နေရာဖြစ်ဖြစ် အတူတူပါပဲ။ ဘယ်နေရာပဲ ရောက်ရောက် ငယ်ငယ်က မိဘမဲ့ သူတောင်းစားဘဝထက်တော့ အများကြီး ပိုကောင်းပါတယ်။ ရေဆိုးမြောင်းထဲက ကြွက်တွေကို ဖမ်းစားရတဲ့ ဘဝထက် အများကြီး ပိုကောင်းပါတယ်။”
ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “လေခွင်းမြို့ အများကြီး မီးလောင်သွားတယ်။ မြို့စားအိမ်တော်လည်း လုံးဝ ပြာကျသွားတယ်။ ရင်မနာဘူးလား။”
“အဆင်ပြေပါတယ်။”
ဟွာမန်လုက ပြောလိုက်၏။ “သခင်... ကျုပ် ခင်ဗျားကို ပြောစရာစကား တစ်ခွန်းရှိတယ်။”
ယွင်ကျုံးဟဲ့က ခေါင်းညိတ်လိုက်သည်။ “ပြောပါ။”
ဟွာမန်လုက ပြောလိုက်၏။ “ပိုင်ဆိုင်မှု မရှိရင် ဆုံးရှုံးရမှာကိုလည်း မကြောက်ရတော့ဘူး။”
....................