← Chapters

အခန်း (၁၇၇-၁၇၈)

Vol. 16 Ch. 177-178

အခန်း (၁၇၇-၁၇၈)

Vol. 16 Ch. 177-178

အပိုင်း (၁၇၇)

ခုနစ်မိနစ် ကြာပြီးနောက် အိမ်ရှေ့စံမင်းသား ကျိုးလီ ခြေထောက် ရေစိမ်ပြီးသွားကာ သက်တောင့်သက်သာ ဖြစ်သွားသည်။

သူက တည်ငြိမ်စွာ အမိန့်ပေးလိုက်၏။ “တပ်တွေ မြို့ထဲ ဝင်မယ်။ သင်္ချိုင်းဂူ အစီအစဉ် စတင်မယ်။ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုကြီးကိုလည်း စတင်တော့မယ်။”

ချက်ချင်းပဲ တောင်ပိုင်းကျိုးအင်ပါယာနှင့် ထန်ထိုင်မိသားစုတို့၏ မဟာမိတ်တပ်တော်ကြီးသည် အမှောင် လှိုင်းလုံးကြီး တစ်ခုအလား လေခွင်းမြို့ အတွင်းသို့ အရှိန်အဟုန်ဖြင့် ဝင်ရောက်သွားကြသည်။

စစ်သည် နှစ်သိန်းတစ်သောင်း၏ သေမင်းတမန် ခြေလှမ်းများက ကောင်းကင်နှင့်မြေကြီး တစ်ခုလုံး တုန်လှုပ်သွားစေ၏။

ဤတပ်တော်ကြီး ဖြတ်သန်းသွားရာ နေရာတိုင်း၌ ကောင်းကင်ပေါ်ရှိ တိမ်မဲများက နေမင်းကြီးကို လုံးဝ ဖုံးကွယ်ပစ်လိုက်သလို ဖြစ်နေ၏။ နေ့ခင်းဘက်ကြီး ဖြစ်နေသော်လည်း ကမ္ဘာပျက်မည့်နေ့ ရောက်လာသလို မှောင်မိုက်နေတော့သည်။

အဝေးက ကောင်းကင်ယံမှာ သေမင်းတမန် ခေါင်းလောင်းသံတွေ တဖြည်းဖြည်း မြည်ဟည်းလာသလို ခံစားရ၏။ ဟုတ်ပေသည်။ ဤအရာက တပ်တော်ကြီး၏ ခြေလှမ်းသံများ မြေကြီးနှင့် ရိုက်ခတ်နေသည့် အသံပင် ဖြစ်သည်။ ထိုအသံမှာ သေမင်းတမန် ခေါင်းလောင်းသံနှင့် တူလှ၏။။

ကောင်းကင်ပေါ်က နေမင်းကြီးက တိမ်မဲများနှင့် ဖုန်မှုန့်များကြားမှာ ဖုံးကွယ်နေပြီး သွေးလို နီရဲနေသည်။ သွေးရောင်လွှမ်းနေသော နေမင်းကြီးလို ဖြစ်၏။ ကောင်းကင်တစ်ခုလုံး သွေးရောင်လွှမ်းနေသလို ခံစားရစေသည်။

....................

မိုင်ရာချီ အကွာအဝေးရှိ နေရာတစ်ခုမှာတော့ ကျင်းကျုံးယွဲ့က မှန်ရှေ့မှာ ထိုင်နေ၏။ မှန်ထဲမှာ အပြစ်ပြောစရာ မရှိအောင် လှပသည့် မျက်နှာလေးတစ်ခု ရှိနေပြီး သူမကိုယ်သူမ တိတ်ဆိတ်စွာ ငေးကြည့်နေ၏။

ယွင်ကျုံးဟဲ့ ရှေ့တိုးလာပြီး ညင်သာစွာ ပြောလိုက်သည်။ “လမင်းလေး... ငါ မင်းကို မျက်ခုံးမွေး ဆွဲပေးမယ်။”

“အင်း” ကျင်းကျုံးယွဲ့က ခေါင်းညိတ်လိုက်၏။

ယွင်ကျုံးဟဲ့ ရှေ့တိုးလာသော်ငြား လက်က ဆက်လှုပ်ရှားလို့ မရတော့ချေ။ အဘယ်ကြောင့်ဆိုသော် ကျင်းကျုံးယွဲ့၏ မျက်နှာလေးက အရမ်းကို ပြီးပြည့်စုံလွန်းနေသောကြောင့် မျက်ခုံးမွေး ဆွဲရန်နေရာ မရှိချေ။ မည်သည့်နေရာမှာပဲဆွဲဆွဲ အပိုဖြစ်သွားပေလိမ့်မည်။

“ငါ့ရဲ့ လမင်းလေး... ဒီကမ္ဘာပေါ်မှာ မင်းလို ပြီးပြည့်စုံတဲ့ မျက်နှာလေး ဘယ်လိုလုပ် ရှိနေရတာလဲ။”

ယွင်ကျုံးဟဲ့က ညင်သာစွာ ပြောလိုက်၏။ “မင်း နာမည်က ကျင်းကျုံးယွဲ့ ဖြစ်နေတာ မဆန်းပါဘူး။”

ကျင်းကျုံးယွဲ့ ရှေ့ကိုတိုးလာပြီး သူမ၏ ပါးပြင်လေးနှင့် ယွင်ကျုံးဟဲ့၏ ပါးပြင်ကို ပွတ်သပ်လိုက်သည်။ မိတ်ကပ် မလိမ်းထားသောကြောင့် ပါးပြင်လေးက ချောမွေ့ပြီး ဆွဲဆောင်မှု ရှိလွန်းလို့နေသည်။

ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “လမင်းလေး... ကိုယ် သီချင်းတစ်ပုဒ် ဆိုပြမယ်နော်။”

ကျင်းကျုံးယွဲ့က ခေါင်းညိတ်လိုက်သည်။ “အင်း”

ယွင်ကျုံးဟဲ့က ညင်သာစွာ သီဆိုလိုက်၏။ “ရှေးယခင်တည်းက ရှိခဲ့တဲ့ စကား... ရေထဲက လမင်း၊ မှန်ထဲက ပန်း... အချစ်က နက်ရှိုင်းလာရင် ရုန်းထွက်ဖို့ ခက်တယ်... အလကား တွေးပူနေမိတယ်... ရင်ထဲမှာ လွမ်းဆွတ်မှုတွေပဲ ပြည့်နေတယ်... ကိုယ်က မင်းကို ချစ်တယ်... မင်းက သူ့ကို ချစ်တယ်... အဝေးကြီးမှာ အတူတူ ပျံသန်းချင်တယ်... ဒါပေမဲ့ ကိုယ်က မင်းဆိုတဲ့ ပန်းလေးကို ချစ်မိသွားတဲ့ လိပ်ပြာလေးပဲ ဖြစ်နေတယ်။”

ကျင်းကျုံးယွဲ့က တီးတိုး ပြောလိုက်သည်။ “ဒီသီချင်းက အရမ်း ဝမ်းနည်းစရာ ကောင်းတယ်။ ကျွန်မ မကြိုက်ဘူး။”

ယွင်ကျုံးဟဲ့က မေးလိုက်၏။ “ရေထဲက လမင်း၊ မှန်ထဲက ပန်း ဆိုတာ ဘာအဓိပ္ပာယ်လဲ မင်း သိလား။”

“ကျွန်မ သိတယ်။ ဒါပေမဲ့ မပြောချင်ဘူး။”

ကျင်းကျုံးယွဲ့က ပြောလိုက်၏။ “အခု ကျွန်မ ပြောချင်တာ တစ်ခွန်းတည်း ရှိတယ်။ ကျွန်မက ရှင့်မိန်းမ၊ ရှင်က ကျွန်မရဲ့ ယောက်ျားပဲ။ ကျွန်မ ရှင့်ကို ချစ်တယ်။ ကျွန်မတို့ ထာဝရ အတူတူ နေသွားကြမယ်။”

ယွင်ကျုံးဟဲ့က တိုးညင်းစွာ ပြောလိုက်သည်။ “ရေထဲက လမင်း၊ မှန်ထဲက ပန်း ဆိုတာ... အရမ်း ပြီးပြည့်စုံလွန်းတဲ့ အရာတွေက အိပ်မက်လိုပဲတဲ့။ မြင်ရပေမဲ့ ထိတွေ့လို့ မရဘူး။”

ကျင်းကျုံးယွဲ့က ယွင်ကျုံးဟဲ့၏ လက်ကို ကိုင်ကာ သူမ၏ ဗိုက်ပေါ် တင်လိုက်ပြီး နောက်လက်တစ်ဖက်ကို သူမ၏ နှုတ်ခမ်းပေါ် တင်လိုက်ကာ ပြောလိုက်၏။ “ကြည့်... ထိတွေ့လို့ ရတယ်လေ။ ကျွန်မ ဗိုက်ထဲက ကလေးက ရှင့် ကလေးပဲ။ ကျွန်မရဲ့ ဒီပါးပြင်လေးကလည်း ရှင့်အပိုင်ပဲ။ ကျွန်မ အရာအားလုံးက ရှင့်အပိုင်ချည်းပဲ။”

ယွင်ကျုံးဟဲ့ မေးလိုက်သည်။ “ဝမ်တောက်ဖူ မသေခင် ခင်ဗျားတို့ ဘာတွေ ပြောခဲ့ကြလဲ။ သူ စားပွဲပေါ်မှာ တူ ဆိုတဲ့ စာလုံး တစ်လုံး ရေးသွားသလိုပဲ။”

ကျင်းကျုံးယွဲ့၏ ခန္ဓာကိုယ်လေး အနည်းငယ် တုန်ယင်သွားပြီး ညင်သာစွာ ပြောလိုက်၏။ “ကျွန်မ ပြောခဲ့တယ်။ အဲဒီနေ့က ရှင် တာယင်အင်ပါယာရဲ့ သူလျှို ဝမ်ရှန်း ကို ဖော်ထုတ်ခဲ့တယ်။ သူ ရှင့်ရှေ့မှာတင် သေသွားတယ်။ အဲဒီညက ကျွန်မတို့ တာယင်အင်ပါယာရဲ့ သူလျှို ရာနဲ့ချီ ဖမ်းမိခဲ့တယ်။ တာယင်အင်ပါယာရဲ့ လေခွင်းမြို့က သူလျှို ကွန်ရက်ကို အမြစ်ပြတ် ရှင်းလင်းပစ်နိုင်ခဲ့တယ်။ ပြီးတော့ ရှင် ငိုခဲ့တယ်လို့ ပြောလိုက်တယ်။”

ယွင်ကျုံးဟဲ့က ခေါင်းညိတ်လိုက်သည်။ “ဟုတ်တယ်။ အဲဒီညက ကျုပ် အတွက် အရမ်း တုန်လှုပ်စရာ ကောင်းခဲ့တယ်။ ဝမ်ရှန်း က တာယင်အင်ပါယာ ဟေးလုံထိုင်က ကျုပ်ရဲ့ ရဲဘော်ရဲဘက် ဆိုတာကို ကျုပ် လုံးဝ မသိခဲ့ဘူး။ ကျုပ်လူကျုပ် ပြန်သတ်မိသွားတာပဲ။ ဒါကြောင့် ဝမ်တောက်ဖူ စားပွဲပေါ် ရေးခဲ့တဲ့ တူ ဆိုတာက ကိုယ့်လူ အချင်းချင်း ပြန်သတ်တယ်ဆိုတဲ့ အဓိပ္ပာယ် ဖြစ်ရမယ်။”

ကျင်းကျုံးယွဲ့၏ မျက်ဝန်းများ နီရဲလာ၏။

ယွင်ကျုံးဟဲ့က သူမ၏ ပြီးပြည့်စုံလွန်းသော မျက်နှာလေးကို ကိုင်ကာ ညင်သာစွာ ပြောလိုက်သည်။ “လမင်းလေး... မင်းရဲ့ မျက်နှာလေးက အရမ်း ပြီးပြည့်စုံလွန်းတယ်လို့ ငါ ပြောဖူးလား။ အစစ်နဲ့တောင် မတူတော့ဘူး။ နတ်ဘုရားတွေ ကိုယ်တိုင် ထုဆစ်ထားသလိုပဲ။”

“ပြောဖူးတယ်... တစ်ခါမကဘူး။”

ကျင်းကျုံးယွဲ့က ပြောလိုက်၏။ “ပထမဆုံး အကြိမ်က တာရှီမြို့က ကျင်းမိသားစု စံအိမ်ရဲ့ ပြတင်းပေါက်နားမှာ တာရှီ စာသင်ကျောင်းကို လှမ်းကြည့်နေတုန်းကလေ။”

ယွင်ကျုံးဟဲ့ သက်ပြင်းချကာ ပြောလိုက်သည်။ “မင်းရဲ့ ဒီမျက်နှာလေးက တကယ်ပဲ ပြီးပြည့်စုံလွန်းတယ်။ အပြစ်ပြောစရာ တစ်စက်လေးတောင် မရှိဘူး။ ဒါပေမဲ့ ပုံမှန်အားဖြင့် အရမ်း ပြီးပြည့်စုံလွန်းတဲ့ အရာတွေက အစစ် မဟုတ်ကြဘူး။ ငါ အဲဒီတုန်းက မင်းရဲ့ ဒီမျက်နှာလေးက ခွဲစိတ်ပြုပြင်ထားတာလားလို့ မေးချင်ခဲ့တာ။”

ကျင်းကျုံးယွဲ့၏ မျက်ဝန်းများတွင် မျက်ရည်များ စုဝေးလာကာ မြူများ ဖုံးလွှမ်းသွားသကဲ့သို့ ဖြစ်လာ၏။

ယွင်ကျုံးဟဲ့ ညင်သာစွာ ပြောလိုက်သည်။ “လမင်းလေး... ငါ မင်းကို ဘယ်လို ခေါ်ရမလဲ။ မြို့စား ကျင်းကျုံးယွဲ့ လို့ ခေါ်ရမလား၊ မိန်းမ လို့ ခေါ်ရမလား၊ ဒါမှမဟုတ် တခြား နာမည် တစ်ခုများလား။”

ကျင်းကျုံးယွဲ့၏ ခန္ဓာကိုယ်လေး အနည်းငယ် တုန်ယင်သွား၏။

ယွင်ကျုံးဟဲ့ ဆက်ပြောသည်။ “မင်းက ကျင်းကျုံးယွဲ့ အစစ် မဟုတ်ဘူး။ မင်းက သူမနဲ့ ဖအေတူ မအေကွဲ အစ်မ အရင်း ဖြစ်လိမ့်မယ်။ မင်း မိခင်က မြို့စားကြီး ကျင်းအဲ့ရဲ့ ပထမဆုံး ဇနီး၊ မြို့စား အန်းတောက်ထျန်းရဲ့ သမီးလေ။

အန်းမိသားစုက မူလက ကျင်းမိသားစုရဲ့ လက်အောက်ခံတွေပဲ။ ဒါပေမဲ့ ပုန်ကန်ပြီး လေခွင်းမြို့စား ရာထူးကို လုယူသွားတယ်။ ကျင်းအဲ့ ကြီးလာတဲ့အခါ လေခွင်းမြို့ကို ပြန်လာပြီး နာမည်ဝှက်နဲ့ မြို့စား အန်းတောက်ထျန်းဆီ ခိုလှုံခဲ့တယ်။ သူ့ရဲ့ မွေးစားသား ဖြစ်လာပြီး သမီးဖြစ်သူ အန်းရူရှန်နဲ့ လက်ထပ်ခဲ့တယ်။

လွန်ခဲ့တဲ့ နှစ်သုံးဆယ်က မင်္ဂလာဆောင်တဲ့ ညမှာတင် မြို့စားကြီး ကျင်းအဲ့က သွေးချောင်းစီး သတ်ဖြတ်ပွဲကြီး လုပ်ပြီး အန်းမိသားစု တစ်ခုလုံးကို သတ်ပစ်ခဲ့တယ်။ လူတိုင်းက သူ သတို့သမီး အန်းရူရှန်ကို သတ်ပစ်လိုက်တယ်လို့ ထင်ခဲ့ကြပေမဲ့ သူ မသတ်ခဲ့ဘူး။

သတို့သမီး အန်းရူရှန်ကို သူ ဝေးဝေး ပို့လိုက်တယ်။ အဲဒီအချိန်မှာ အန်းရူရှန်ရဲ့ ဗိုက်ထဲမှာ ကလေး တစ်ယောက် ရှိနေပြီ။ အဲဒီ ကလေးက မင်းပဲ။

ကျင်းကျုံးယွဲ့ အရွယ်ရောက်တော့ ပိုင်ယင်မြို့ကို သွားခဲ့တယ်။ အဲဒီမှာ မင်းက သူ့ နေရာကို အစားဝင်ခဲ့တာပဲ။ မင်းတို့က ညီအစ်မ အရင်းတွေဆိုတော့ ရုပ်ချင်းက အရမ်း တူနေပြီသား။ ခွဲစိတ်ပြုပြင်မှု နည်းနည်း လုပ်လိုက်တော့ လုံးဝ တစ်ပုံစံတည်း ဖြစ်သွားတာပေါ့။

လွန်ခဲ့တဲ့ သုံးနှစ်က မင်း လေခွင်းမြို့ကို ဝင်လာခဲ့တဲ့ ရည်ရွယ်ချက်က တစ်ခုတည်းပဲ။ တာယင်အင်ပါယာရဲ့ သူလျှိုတွေကို ဆွဲဆောင်ဖို့။ ပြီးတော့ ကြီးမားတဲ့ ထောင်ချောက်ကြီး တစ်ခု ဆင်ပြီး အရေးကြီးတဲ့ အချိန်ကျရင် တာယင်အင်ပါယာရဲ့ စစ်သည် သိန်းချီကို သတ်ဖြတ်ပြီး တာယင်အင်ပါယာရဲ့ ကံကြမ္မာကို ဖျက်ဆီးပစ်ဖို့ပဲ။”

ယွင်ကျုံးဟဲ့ ပြုံးကာ ပြောလိုက်၏။ “အင်း... ကျုပ်ကတော့ ကိုယ့်သဘောနဲ့ကိုယ် ထောင်ချောက်ထဲ တိုးဝင်လာတဲ့ အရူး တစ်ယောက်ပေါ့။ ငါ့ရဲ့ လမင်း... ငါ့ရဲ့ မိန်းမ... ဒါကြောင့် မင်းက ငါ အမြဲ အသည်းအသန် ရှာနေခဲ့တဲ့ တောင်ပိုင်းကျိုးအင်ပါယာရဲ့ လေခွင်းမြို့ အမြင့်ဆုံးသူလျှို... လောက်ချန်း ပဲ။”

ဤစကား ထွက်ပေါ်လာချိန်မှာတော့ ကျင်းကျုံးယွဲ့ မျက်ရည်များကို ထပ်ပြီး ထိန်းထားလို့ မရတော့ဘဲ သူမ၏ လှပသော မျက်ဝန်းများမှ တသွင်သွင် စီးကျလာတော့သည်။

…………….

“ရှင်... ရှင် ဘယ်တုန်းက သိသွားတာလဲ။” ကျင်းကျုံးယွဲ့က မေးလိုက်၏။

“ဘယ်တုန်းကလဲ ဟုတ်လား။”

ယွင်ကျုံးဟဲ့ အတန်ကြာ စဉ်းစားပြီးနောက် ခေါင်းယမ်းလိုက်သည်။ “မသိဘူး။ ဒါပေမဲ့ အသိတရားနဲ့ ခံစားချက်က တစ်ခုတည်း မဟုတ်ဘူး။ ရင်ထဲက အလိုလို သိမြင်နေတာနဲ့ ဦးနှောက်က စဉ်းစား တွေးတောတာကလည်း တစ်ခုတည်း မဟုတ်ဘူးလေ။ တကယ်တော့ မြို့စားကြီး ကျင်းအဲ့ သေခါနီး မှာတမ်းခြွေခဲ့တုန်းက အရာအားလုံးကို ကိုယ့်ကို ပြောပြသွားခဲ့ပြီးပြီ။

ဒါပေမဲ့ မင်းကလည်း သူ့သမီး ဖြစ်နေတော့ သူက အရမ်း ရှင်းရှင်းလင်းလင်းကြီး ပြောမထွက်ခဲ့ဘူး။ တကယ်လို့ သူ ရှင်းရှင်းလင်းလင်း ပြောလိုက်ရင် ကျင်းဝူပြန်း သေသွားနိုင်တယ်လေ။

အဲဒီတုန်းက သူ ကိုယ့်ကို မိဘမဲ့လားလို့ မေးခဲ့တယ်။ ပြီးတော့ ငါ့မိဘတွေကို အပြစ်မတင်ဖို့ ပြောတယ်။ ကိုယ့်လို ချောမောတဲ့ ကလေးလေးကို မိဘတွေက မလွှဲမရှောင်သာလို့သာ စွန့်ပစ်ခဲ့ရတာ ဖြစ်မယ်တဲ့။

ပြီးတော့ သူကိုယ်တိုင်လည်း ကလေး တစ်ယောက်ကို မိဘမဲ့ ဖြစ်အောင် လုပ်ခဲ့ဖူးတယ်လို့ ပြောတယ်။ အတိအလင်း မပြောပေမဲ့ အဲဒီ မိဘမဲ့ ကလေးဆိုတာ မင်းပဲ။

မြို့စားကြီး ကျင်းအဲ့က အရမ်း ထူးဆန်းတဲ့ စကား တစ်ခွန်း ပြောခဲ့သေးတယ်။ ငါ့ကို မြင်ရတာ လွန်ခဲ့တဲ့ နှစ်သုံးဆယ်က သူ့ကိုယ်သူ ပြန်မြင်ရသလိုပဲတဲ့။ အဲဒီတုန်းက ငါ အရမ်း အံ့သြသွားတယ်။ ငါက သူနဲ့ ရုပ်ချင်းလည်း မတူဘူး၊ စရိုက်ချင်းလည်း လုံးဝ မတူဘူးလေ။ ဘာလို့ အဲဒီလို ပြောရတာလဲ။

နောက်တော့မှ ငါ သဘောပေါက်သွားတယ်။ သူ ပြောတာက ငါနဲ့ သူ့ရဲ့ ကြုံတွေ့ရတဲ့ အခြေအနေက လုံးဝ တူညီနေတယ် ဆိုတာကိုပဲ။ လွန်ခဲ့တဲ့ နှစ်သုံးဆယ်က သူက အန်းရူရှန်နဲ့ လက်ထပ်ခဲ့ရတယ်။ သူမက သူ့ရဲ့ ရန်သူပဲ။ ပြီးတော့ ကိုယ်ဝန်လည်း ရှိနေပြီ။ အခု ငါ မင်းနဲ့ လက်ထပ်လိုက်တယ်။ မင်းကလည်း ရန်သူပဲ။ ပြီးတော့ မင်းမှာလည်း ကိုယ်ဝန် ရှိနေပြီ။

ဆရာ ဝမ်တောက်ဖူ ရေးခဲ့တဲ့ တူ ဆိုတဲ့ စာလုံးက ကိုယ့်လူ အချင်းချင်း ပြန်သတ်တယ် ဆိုတဲ့ အဓိပ္ပာယ်ပဲ။ သူ သေခါနီးအချိန်မှာ သူ့ကို ဘယ်သူသတ်လဲ ဆိုတာ သိသွားသလို မင်း ဘယ်သူလဲ ဆိုတာကိုလည်း သိသွားတယ်။ မင်းတို့ အားလုံးက တောင်ပိုင်းကျိုးအင်ပါယာရဲ့ သူလျှိုတွေပဲလေ။ မင်း သူ့ကို သတ်လိုက်တာက ကိုယ့်လူ အချင်းချင်း ပြန်သတ်တာ မဟုတ်ဘူးလား။

လမင်းလေး... တကယ်တော့ ငါ အရင်တည်းက အမြဲ သိချင်နေခဲ့တာ။ မင်း ဘာလို့ ဒီလို စရိုက်မျိုး ဖြစ်နေရတာလဲ။ ဘာလို့ ဒီလောက် အထီးကျန်ဆန်ပြီး ရင်ထဲမှာ အမှောင်ထုတွေ ဖုံးလွှမ်းနေရတာလဲ။ ဘာလို့ ဖျက်ဆီးချင်စိတ်တွေ ပြည့်နှက်နေပြီး ကိုယ့်လက်ကို မီးထဲ ထည့်ထည့်ရှို့ပြီး အဲဒီ အပူဒဏ်ကို ခံစားချင်နေရတာလဲ။

သာမန် အထက်တန်းလွှာ သမီးပျို တစ်ယောက်က ဒီလို မဖြစ်သင့်ဘူးလေ။ ပြီးတော့ ကျင်းကျုံးယွဲ့ ဆိုတာက ငယ်ငယ်တုန်းက အရမ်း မာနကြီးပေမဲ့ တက်ကြွတဲ့ ကလေးလေးပဲ။ အခုတော့ အရာအားလုံး ရှင်းသွားပြီ။ ဘာလို့လဲဆိုတော့ မင်းက ငယ်ငယ်တည်းက မိဘမဲ့ တစ်ယောက် ဖြစ်ခဲ့လို့ပဲ။”

................

အပိုင်း (၁၇၈)

ကျင်းကျုံးယွဲ့က တိတ်ဆိတ်လို့နေလေ၏။

“လမင်းလေး... မင်း အသက် ဘယ်လောက်မှာ မိဘမဲ့ ဖြစ်သွားခဲ့တာလဲ။” ယွင်ကျုံးဟဲ့က မေးလိုက်သည်။

ကျင်းကျုံးယွဲ့က ဖြေလိုက်၏။ “ခြောက်နှစ်”

ယွင်ကျုံးဟဲ့က ခေါင်းညိတ်လိုက်သည်။ “ဒါကြောင့် ငါတို့ အချင်းချင်း ဆွဲဆောင်နိုင်ခဲ့ကြတာကိုး။ ငါတို့က အခြေအနေတူတွေ ဖြစ်နေလို့ပဲ။ ငါတို့ နှစ်ယောက်စလုံးက မိဘမဲ့တွေ၊ အထီးကျန်ဆန်မှုတွေ တူတယ်၊ နာကျင်စရာကောင်းတဲ့ ကလေးဘဝတွေ တူတယ်။”

ယွင်ကျုံးဟဲ့က ထပ်မေးလိုက်၏။ “မြို့စားကြီး ကျင်းအဲ့ လေဖြတ်ပြီး သတိလစ် မေ့မြောသွားတာလည်း မင်းတို့ လက်ချက်ပဲ မဟုတ်လား။”

ကျင်းကျုံးယွဲ့၏ ပြီးပြည့်စုံသော မျက်နှာလေး တုန်ယင်သွားပြီး ပြောလိုက်သည်။ “ဟုတ်တယ်။ ကျွန်မ ပိုင်ယင်မြို့ကနေ လေခွင်းမြို့ကို ပြန်လာတုန်းက ဘယ်သူမှ မရိပ်မိခဲ့ဘူး။ ဘာလို့လဲဆိုတော့ ကျင်းကျုံးယွဲ့က ငယ်ငယ်တည်းက အိမ်ကနေ ထွက်သွားတာလေ။ အရင်ဆုံး တာရှီ စာသင်ကျောင်းကို သွားတယ်။ နောက်ပြီး ပိုင်ယင်မြို့ကို ရောက်သွားတယ်။

ပြီးတော့ ကျွန်မက သူနဲ့ ရုပ်ချင်းကလည်း တစ်ပုံစံတည်းပဲလေ။ ဒါပေမဲ့ ကျင်းကျုံးယွဲ့က သူ့ရဲ့ အသည်းနှလုံးလေးဆိုတော့ သူနဲ့ ကျွန်မ မတူတာကို သူက အရမ်း လျင်လျင်မြန်မြန်ပဲ ရိပ်မိသွားတယ်။ ပြီးတော့ လျှို့ဝှက် ပြင်ဆင်မှုတွေ လုပ်ပြီး ကျွန်မကို ဖမ်းဖို့ စီစဉ်နေခဲ့တယ်။”

ယွင်ကျုံးဟဲ့က ဖြတ်မေးလိုက်၏။ “အဲဒါကြောင့် မင်းတို့က လက်ဦးမှု ရယူပြီး သူ့ကို သတိလစ် မေ့မြောအောင် လုပ်လိုက်တာပေါ့။”

“ဟုတ်တယ်။”ကျင်းကျုံးယွဲ့က ပြောလိုက်သည်။

ယွင်ကျုံးဟဲ့က နားမလည်နိုင်သလို မေးလိုက်၏။ “ဒါဆို ဘာလို့ သူ့ကို တိုက်ရိုက် မသတ်ပစ်ခဲ့တာလဲ။ အဲဒီလို ဆိုရင် အန္တရာယ် နည်းနည်းလေးမှ မရှိတော့ဘူးလေ။ သတိလစ် မေ့မြောနေတယ် ဆိုတာက သတိပြန်ရလာနိုင်တဲ့ အခွင့်အရေး ရှိသေးတယ် မဟုတ်လား။”

ကျင်းကျုံးယွဲ့က သူမ၏ လှပသော မျက်နှာလေးကို တစ်ဖက်သို့ လွှဲလိုက်ကာ တုန်ယင်သော အသံဖြင့် ပြောလိုက်သည်။ “ကျွန်မ သူ့ကို မုန်းတယ်။ အရိုးထဲထိ မုန်းတယ်။”

သူမ ကျင်းအဲ့ကို မုန်းသင့်ပါသည်။ ထိုအမုန်းတရားက သူမ၏ မိခင် အန်းရူရှန်ထံမှ လာခြင်း ဖြစ်၏။

ထိုစဉ်က အန်းရူရှန်၏ ကျင်းအဲ့ အပေါ် ထားရှိသော အချစ်က အစစ်အမှန်ဖြစ်ပြီး သတို့သမီး တစ်ယောက် အနေဖြင့် ပျော်ရွှင်စွာ မျှော်လင့်နေခဲ့သည်။

သို့သော်ငြား ကျင်းအဲ့က သူမ၏ မိသားစု အားလုံးကို သတ်ဖြတ်ပစ်ခဲ့၏။ ထို့ကြောင့် အန်းရူရှန်၏ ကျင်းအဲ့ အပေါ် ထားရှိသော အမုန်းတရားက မည်သည့် စကားလုံးနှင့်မှ ဖော်ပြ၍ မရနိုင်အောင် ကြီးမားလှသည်။

ကျင်းကျုံးယွဲ့က ခေါင်းခါလိုက်၏။ “ဒါပေမဲ့... သူက ကျွန်မရဲ့ အဖေလေ။ ကျွန်မ သူ့ကို မသတ်ရက်ဘူး။”

လွန်ခဲ့သော ရက်အနည်းငယ်က ကျင်းအဲ့ သေဆုံးသွားချိန်တွင် ကျင်းကျုံးယွဲ့ အလွန်အမင်း နာကျင် ခံစားရကာ သိုင်းစွမ်းအင် ဖောက်ပြန်လုနီးပါး ဖြစ်ပြီး သွေးအန်ခဲ့ရသည်ကို ယွင်ကျုံးဟဲ့ သတိရသွားသည်။

ထိုအရာက ဝမ်းနည်းမှု တစ်ခုတည်း မဟုတ်ဘဲ ပြင်းထန်သော ညှဉ်းပန်းနှိပ်စက်မှုနှင့် နာကျင်မှုလည်း ပါဝင်နေသည်။ အဘယ်ကြောင့်ဆိုသော် တစ်နည်းအားဖြင့် ကျင်းအဲ့သည် သူမ၏ လက်ချက်ဖြင့် သေဆုံးရခြင်း ဖြစ်သောကြောင့်ပင်။

ထိုစဉ်က ကျင်းကျုံးယွဲ့ကို ထောင်ချောက်ဆင်ခဲ့သူမှာ သူမ ကိုယ်တိုင် မဟုတ်ဘဲ အခြား တစ်ယောက် ဖြစ်သော်လည်း ကျင်းအဲ့သည် သူမကြောင့် သွယ်ဝိုက်သော နည်းဖြင့် သေဆုံးခဲ့ရခြင်း ဖြစ်၏။

ထို့အပြင် ကျင်းအဲ့သည် သေခါနီး အချိန်ထိတိုင်အောင် သူမကို မနာကျင်စေချင်ခဲ့ပေ။ ထို့ကြောင့် သူမ၏ ကိုယ်ပိုင်အမှတ်အသားကို မဖော်ထုတ်ဘဲ ယွင်ကျုံးဟဲ့ကို ကျင်းဝူပြန်းနှင့် သူမကို ခေါ်ကာ ထွက်ပြေးရန်သာ ပြောကြားခဲ့ခြင်း ဖြစ်သည်။

နောက်ထပ် အချက်တစ်ချက် ရှိသေး၏။ ကျင်းအဲ့သည် ထိုစဉ်က အခေါ်အဝေါ် နှစ်မျိုး သုံးခဲ့သည်။ ငါ့ရဲ့ လမင်း၊ ငါ့ရဲ့ ယွဲ့အာ ဟူ၍ ဖြစ်၏။

သူ ခေါ်သော ယွဲ့အာ ဆိုသည်မှာ ယခု သူ၏ ရှေ့မှောက်ရှိ ကျင်းကျုံးယွဲ့ အတုကို ဆိုလိုခြင်း ဖြစ်၏။ သို့သော် သူ သေခါနီး အချိန်ထိ တမ်းတနေသော ငါ့ရဲ့ လမင်း ဆိုသည်မှာ သူ၏ နောက်ထပ် သမီး တစ်ယောက် ဖြစ်သော ကျင်းကျုံးယွဲ့ အစစ်ကို ဆိုလိုခြင်း ဖြစ်သည်။

ကျင်းကျုံးယွဲ့ အစစ်မှာ အစားထိုး ခံလိုက်ရပြီး အသက်ရှင်လျက် ရှိ၊ မရှိ မသိရပေ။ သူ၏ အသည်းနှလုံးလေး ဖြစ်သော ချစ်သမီးလေး မည်သို့ ဖြစ်သွားသည်ကို မသိရသောကြောင့် ကျင်းအဲ့ မျက်စိမှိတ် မသေနိုင်ခဲ့ခြင်း ဖြစ်၏။

ကျင်းအဲ့ သေဆုံးသွားပြီးနောက် ကျင်းကျုံးယွဲ့ လုံးဝ ပြိုလဲသွားခဲ့၏။ ထို့အပြင် သူမ အမြဲ ပြောလေ့ရှိသော စကား တစ်ခွန်း ရှိသည်။ သတိလစ် မေ့မြောနေသည် ဆိုလျှင်တောင် အနည်းဆုံးတော့ အသက်ရှင်နေသေးပြီး မျှော်လင့်ချက် ရှိသေးသည်။ သေသွားလျှင်တော့ ဘာမှ မရှိတော့ဘူး ဟူ၍ပင်။

သူမ ကျင်းအဲ့ကို အလွန် မုန်းတီးသော်လည်း သူ သေဆုံးသွားချိန်တွင်မူ သူမ၏ နှလုံးသားကို ပြင်းထန်စွာ ရိုက်ခတ်သွားခဲ့သည်။

ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “ကျင်းဝူပြန်းက ငယ်ငယ်တုန်းက အရမ်း ဉာဏ်ကောင်းပြီး လေခွင်းမြို့ရဲ့ အကောင်းဆုံး ဆက်ခံသူ ဖြစ်လာနိုင်တယ်။ ဒါပေမဲ့ ရုတ်တရက်ကြီး ရူးသွားသလို ဖြစ်သွားတာလည်း မင်းတို့ လက်ချက်ပဲ မဟုတ်လား။”

ကျင်းကျုံးယွဲ့က ခေါင်းခါလိုက်သည်။ “ကျွန်မ အဲဒီကိစ္စကို မသိပေမဲ့ အဲဒါ ကျွန်မတို့ လုပ်တာ ဖြစ်ဖို့ များပါတယ်။ ကျင်းဝူပြန်းကို ဖျက်ဆီးပစ်မှသာ ကျွန်မက လေခွင်းမြို့စား ရာထူးကို တရားဝင် ဆက်ခံနိုင်မှာလေ။”

ယွင်ကျုံးဟဲ့ စားပွဲဆီသို့ လျှောက်သွားကာ အရက်တစ်ခွက် ငဲ့ပြီး တစ်ကျိုက်တည်း မော့သောက်လိုက်၏။ ထို့နောက် အကျင့်ပါနေသောကြောင့် ကျင်းကျုံးယွဲ့ အတွက်လည်း တစ်ခွက် ငဲ့ပေးလိုက်သည်။ ကျင်းကျုံးယွဲ့ အရက်ကို သဘောကျကြောင်း၊ အနည်းငယ် အရက်စွဲနေကြောင်း သူ သိထား၏။

ကျင်းကျုံးယွဲ့ အလိုအလျောက် အရက်ခွက်ကို ကောက်ကိုင်ကာ သောက်ရန် ပြင်လိုက်သော်လည်း နှုတ်ခမ်းနားရောက်မှ ပြန်ချထားလိုက်သည်။ အဘယ်ကြောင့်ဆိုသော် သူမ ကိုယ်ဝန် ရှိနေပြီဖြစ်ပြီး အရက်သောက်၍ မရသောကြောင့်ပင်။

ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “လမင်းလေး... ဘာလို့လဲ။ မင်း အခု လုပ်နေတာတွေ အားလုံးက ကလဲ့စားချေဖို့လား။”

ကျင်းကျုံးယွဲ့က ပြောလိုက်၏။ “ယောက်ျား... ရှင်လည်း ငယ်ငယ်တည်းက မိဘမဲ့ တစ်ယောက်ပဲလေ။ ရှင်လည်း သူတောင်းစားဂိုဏ်းမှာ ကြီးပြင်းခဲ့ရတာ။ တိုက်တိုက်ဆိုင်ဆိုင်ပဲ ကျွန်မ... ကျွန်မလည်း ကမ္ဘာပေါ်မှာ အမှောင်မိုက်ဆုံး နေရာဖြစ်တဲ့ သူတောင်းစားဂိုဏ်းမှာ နေခဲ့ရတယ်။ ခြောက်နှစ်သမီး အရွယ်မှာ အမေ ထွက်သွားတော့ ကျွန်မ မိဘမဲ့ ဖြစ်သွားခဲ့တယ်။”

ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “မင်း အမေ... သူ မင်းအပေါ် ကောင်းလား။”

ကျင်းကျုံးယွဲ့က ဖြေလိုက်၏။ “ကောင်းပါတယ်။ မကောင်းတာလည်း ရှိတယ်။ သူ ကျွန်မကို ချစ်တယ်၊ မုန်းလည်း မုန်းတယ်။ ကျွန်မကို ခဏခဏ ရိုက်တယ်။ ဒါပေမဲ့ ကျွန်မကို ကျွေးမွေးဖို့ အတွက်တော့ အရာအားလုံးကို ပေးဆပ်ခဲ့တယ်။”

အန်းရူရှန်၏ ရှုပ်ထွေးသော ခံစားချက်ကို ယွင်ကျုံးဟဲ့ နားလည်နိုင်သည်။

သူမက ကျင်းအဲ့၏ သမီးဖြစ်ပြီး ရန်သူ၏ သမီးလည်း ဖြစ်ပေရာ မိမိ၏ ဒေါသနှင့် အမုန်းတရားများကို သမီးဖြစ်သူ ကျင်းကျုံးယွဲ့အပေါ် ပုံချမိတာက သဘာဝကျလှပေသည်။

သို့သော်ငြား သူမက မိမိ၏ သွေးသားအရင်းအချာလည်း ဖြစ်နေသောကြောင့် အန်းရူရှန်က ဤသမီးကို အရမ်းလည်း ချစ်၏။

ထိုအချိန်တုန်းက အန်းရူရှန်မှာ စိမ်းသက်လှသော မိုင်သောင်းချီဝေးသည့် နေရာကို ခေါ်ခံသွားရပြီး ကျင်းကျုံးယွဲ့ကို တစ်ယောက်တည်း မွေးဖွားခဲ့ရသည်။

သူမက သူဌေးသမီးလေးတစ်ယောက် ဖြစ်ခဲ့ဖူးပြီး ဘဝရပ်တည်ရန် ကျွမ်းကျင်မှု ဘာမှမရှိသောကြောင့် သူတို့သားအမိ၏ ဘဝက အရမ်းကို ဆင်းရဲဒုက္ခရောက်ခဲ့ရမည်။

အမေရှိနေသည့် နှစ်များမှာတောင် ကျင်းကျုံးယွဲ့၏ ဘဝက ကောင်းမွန်မနေခဲ့ပေ။ တစ်နပ်စားရလိုက်၊ တစ်နပ်ငတ်လိုက်နှင့် ငယ်ငယ်ရွယ်ရွယ်မှာပင် အမေနှင့်အတူ ဆင်းရဲဒုက္ခတွေကို ကျော်ဖြတ်ခဲ့ရသည်။

အမေက သူမကို ချစ်သည့်အချိန်တွင် ရင်ခွင်ထဲ တင်းတင်းကျပ်ကျပ် ဖက်ထားပြီး၊ မုန်းသည့်အချိန်တွင် ပြင်းပြင်းထန်ထန် ရိုက်နှက်တတ်သည်ကို ကျင်းကျုံးယွဲ့ အခုထိ မှတ်မိနေတုန်းပင်။

ရိုက်ပြီးသွားလျှင်လည်း အရမ်းနောင်တရပြီး ရင်ခွင်ထဲထည့်ကာ ရှိုက်ကြီးတငင် ငိုကြွေးတတ်သေး၏။ ထို့ကြောင့် ငယ်ငယ်လေးတည်းက သူမ၏ နှလုံးသားမှာ ဒဏ်ရာဒဏ်ချက်များဖြင့် ပြည့်နှက်နေခဲ့တော့သည်။

ယွင်ကျုံးဟဲ့က မေးလိုက်၏။ “မင်း အမေက ရူးသွားတာ မဟုတ်လား။”

ကျင်းကျုံးယွဲ့မှာ ထပ်ပြီး မထိန်းနိုင်တော့ဘဲ မျက်ရည်တွေက ပုလဲလုံးလေးတွေ ပြတ်ကျသွားသလို စီးကျလာသည်။ ဟုတ်ပေသည်။ သူမ သုံးလေးနှစ်သမီးအရွယ်မှာပင် အမေက ရူးသွားခဲ့၏။

ထိုအချိန်တုန်းက သူမက အရမ်းငယ်သေးသောကြောင့် မှတ်ဉာဏ်အများစုကို မမှတ်မိတော့သော်လည်း ဦးနှောက်၏ အနက်ရှိုင်းဆုံးနေရာ၌ ကြောက်စရာကောင်းသည့် မှတ်ဉာဏ်ပုံရိပ်များ ကျန်နေသေးသည်။ ထိုအရာမှာ အရမ်းကို နက်ရှိုင်းလွန်းသောကြောင့် မည်သို့မှ ဖျက်ပစ်လို့ မရနိုင်ချေ။

ရူးသွပ်နေသည့် အမေတစ်ယောက်က သုံးလေးနှစ်အရွယ် ကလေးလေးတစ်ယောက်နှင့်အတူ ဒုက္ခခံပြီး နေထိုင်ရမည်။ ထိုမြင်ကွင်းက မည်မျှ သနားစရာကောင်းပြီး ကြောက်စရာကောင်းလိုက်မည်နည်း။ ကျင်းကျုံးယွဲ့၏ ရူးသွပ်သည့် မျိုးစေ့က ထိုအချိန်တည်းက စတင်နိုးကြားလာခဲ့ခြင်း ဖြစ်နိုင်ပေသည်။

“ကျွန်မ အမေကို အရမ်း ချစ်တယ်။ သူ... သူက အရမ်း ကောင်းတယ်။”

ကျင်းကျုံးယွဲ့က ပြောလိုက်၏။ “သူ ရူးနေရင်တောင် ကျွန်မကို ကျွေးမွေးနိုင်သေးတယ်၊ ကာကွယ်ပေးနိုင်သေးတယ်။”

ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “သူ ဘယ်လို သေသွားတာလဲ။”

“အသတ်ခံရတာ။ လူတချို့က သူ့ကို အနိုင်ကျင့်ဖို့ လုပ်တော့ သူက ဓားနဲ့ ထိုးလိုက်တာ။ အဲဒီမှာ အသတ်ခံလိုက်ရတယ်။”

ကျင်းကျုံးယွဲ့က ပြောလိုက်၏။ “အဲဒီနောက် ကျွန်မက သူတောင်းစားဂိုဏ်းကို အရောင်းခံလိုက်ရတယ်။ အဲဒီတုန်းက ကျွန်မ အသက် ခြောက်နှစ် ရှိပြီ။ ဒါပေမဲ့ အာဟာရ မပြည့်ဝတော့ လေးငါးနှစ် အရွယ်လောက်ပဲ ထင်ရတယ်။”

သူတောင်းစားဂိုဏ်းဆိုသည်မှာ ဤကမ္ဘာပေါ်ရှိ အမှောင်မိုက်ဆုံး၊ အယုတ်မာဆုံး နေရာ ဖြစ်သည်။

ကျင်းကျုံးယွဲ့က ဆက်ပြောလိုက်၏။ “ရူးသွပ်နေတဲ့ အမေနဲ့ အတူ နေရတဲ့ နေ့ရက်တွေက တကယ်တော့ နည်းနည်းမှ မကောင်းဘူး။ ဒါပေမဲ့ အဲဒါက နိဗ္ဗာန်ဘုံလို့ တင်စားလို့ ရတယ်။ ဘာလို့လဲဆိုတော့ ကျွန်မ မှီခိုရမယ့် အမေ တစ်ယောက် ရှိနေလို့ပဲ။ သူက ကျွန်မကို ရင်ထဲကနေ တကယ်ချစ်တာ။ ဒါပေမဲ့ သူတောင်းစားဂိုဏ်းထဲ ရောက်သွားတဲ့ အချိန်ကစပြီး ကျွန်မ ငရဲပြည်ကို ကျသွားတာပဲ။”

ကျင်းကျုံးယွဲ့က ရူးသွပ်နေသည့် အမေနှင့်အတူ နေရသည့် နေ့ရက်များကို နိဗ္ဗာန်ဘုံဟု တင်စားခဲ့သည်။

ကျင်းကျုံးယွဲ့က ဆက်ပြော၏။ “သူတောင်းစားဂိုဏ်းက ကလေးတွေက အကုန်လုံး ခိုးယူခံရတာချည်းပဲ။ မျက်နှာကို ဖျက်ဆီးခံရရင် ခံရ၊ မခံရရင် ခြေလက်အင်္ဂါ ချို့တဲ့အောင် လုပ်ပြီး ပိုက်ဆံ တောင်းခိုင်းကြတယ်။ အဲဒီတုန်းက ကျွန်မ အရမ်း ငယ်သေးတယ်။ ပြီးတော့ တစ်ကိုယ်လုံး ဒဏ်ရာဒဏ်ချက်တွေ ပြည့်နေပြီး မျက်နှာမှာလည်း အမာရွတ်တွေ ရှိနေတော့ သိပ်မလှဘူးလေ။

ပြီးတော့ ခဏခဏ ရူးသွပ်တဲ့ အမူအကျင့်တွေ ပြတတ်တယ်။ ဒါကြောင့် ကျွန်မ မျက်လုံးကို ဖောက်ထုတ်ပြီး ခြေလက်အင်္ဂါ ချို့တဲ့အောင် လုပ်ပြီး ပိုက်ဆံ တောင်းခိုင်းဖို့ လုပ်ကြတယ်။ အဲဒီအချိန်မှာ အစ်ကိုကြီး တစ်ယောက်က ကျွန်မကို ကာကွယ်ပေးခဲ့တယ်။ သူလည်း မိဘမဲ့ တစ်ယောက်ပဲ။ ကျွန်မထက် လေးနှစ် ကြီးတယ်။ သူက အရမ်း ဉာဏ်ကောင်းပြီး ခေါင်းဆောင်လေး တစ်ယောက် ဖြစ်နေပြီ။

ဒါပေမဲ့ ကျွန်မက အရူး တစ်ယောက်လေ။ ခဏခဏ ပြဿနာ ရှာတတ်တယ်။ သူက ကျွန်မကို ကာကွယ်ပေးဖို့ ခဏခဏ အရိုက်ခံရပြီး တစ်ကိုယ်လုံး ဒဏ်ရာတွေ ရခဲ့တယ်။ ကျွန်မ ရေတွက်ကြည့်ဖူးတယ်။ သူ ကျွန်မ အတွက် အရိုးကျိုးအောင် အရိုက်ခံရတာ ခုနစ်ကြိမ် ရှိတယ်။ တစ်ခါတလေ နံရိုး၊ တစ်ခါတလေ ခြေသလုံးရိုး၊ တစ်ခါတလေ လက်မောင်းရိုး အမျိုးမျိုးပဲ။

အဲဒီတုန်းက ကျွန်မ ဘာမှ နားမလည်သေးဘူး။ ကမ္ဘာကြီး တစ်ခုလုံးကို မုန်းတီးနေတာ။ သူ ကျွန်မအတွက် အရိုးကျိုးအောင် အရိုက်ခံရရင်တောင် ကျွန်မက ခံစားချက် မရှိသလို နေခဲ့တယ်။ ဘာလို့လဲဆိုတော့ ကျွန်မရဲ့ စိတ်ကမ္ဘာကြီးက ပျက်စီးနေပြီလေ။ ကျွန်မရဲ့ နှလုံးသားက သေဆုံးနေပြီ။

သူက နေ့တိုင်း ကျွန်မကို ကာကွယ်ပေးတယ်၊ ကျွေးမွေးတယ်၊ ရယ်အောင် လုပ်ပေးတယ်၊ နည်းလမ်း ပေါင်းစုံ သုံးပြီး ကျွန်မကို ပျော်အောင် ထားပေးတယ်။ ကျွန်မရဲ့ သေဆုံးနေတဲ့ နှလုံးသားကို သူက ပြန်လည် ကယ်တင်ပေးနိုင်ခဲ့တယ်။

ဘာလို့လဲဆိုတော့ ကျွန်မမှာ နောက်ထပ် ဆွေမျိုး တစ်ယောက် ရှိလာပြီလေ။ သူက ကျွန်မရဲ့ အစ်ကိုအရင်း မဟုတ်ပေမဲ့ အစ်ကိုအရင်းထက် ပိုချစ်စရာကောင်းတယ်။ အဲဒီအချိန်ကစပြီး သူက ကျွန်မရဲ့ အစ်ကိုအရင်း ဖြစ်သွားတာပဲ။

သူက အရမ်း ပေါ့ပျက်ပျက် နိုင်ပေမဲ့ အရမ်းလည်း ခိုင်မာတယ်။ ခဏခဏ သေအောင် အရိုက်ခံရပြီး ခွေးသေ တစ်ကောင်လို တွားသွားပြီး ပြန်လာတတ်တယ်။ သူ သေတော့မယ်လို့ ကျွန်မ ခဏခဏ ထင်ခဲ့တယ်။ ဒါပေမဲ့ သိပ်မကုသရဘဲ ရက်အနည်းငယ် လှဲနေပြီးရင် ပြန်ကောင်းလာတတ်တယ်။

ကျွန်မ သိတယ်။ အကြိမ်တော်တော်များများမှာ သူ တကယ် သေတော့မလို့ ဖြစ်ခဲ့တာ။ ဒါပေမဲ့ ကျွန်မ သူ့ကိုကြည့်တဲ့ မျက်လုံးတွေထဲမှာ စိုးရိမ်မှုတွေ၊ ကြောက်ရွံ့မှုတွေ အပြည့်ပဲ။ အဲဒီတော့ သူက ရှင်သန်ချင်စိတ်တွေ ပြန်ပြည့်လာတယ်။ ဘာလို့လဲဆိုတော့ သူ သေသွားရင် ကျွန်မလည်း ပြီးပြီလေ။ ကျွန်မ သေချာပေါက် သေရမှာ။ အဲဒီ ရှင်သန်ချင်စိတ်ကြောင့်ပဲ သူက ငရဲတံခါးဝကနေ အကြိမ်ကြိမ် ပြန်အသက်ရှင်လာခဲ့တာ။”

....................

All Chapters