← Chapters

အခန်း (၁၇၉-၁၈၀)

Vol. 16 Ch. 179-180

အခန်း (၁၇၉-၁၈၀)

Vol. 16 Ch. 179-180

အပိုင်း (၁၇၉)

ထိုစကားကို ကြားချိန်၌ ယွင်ကျုံးဟဲ့၏ မျက်ဝန်းထဲ၌ မျက်ရည်များ ဝဲတက်လာ၏။ ကျင်းကျုံးယွဲ့သည် ငယ်ရွယ်စဉ်တည်းက သူမ၏ အစ်ကိုနှင့်အတူ ဒုက္ခခံပြီး နေခဲ့ရသည် မည်ကဲ့သို့သော ဘဝမျိုး ဖြစ်နေသနည်း။ အစ်ကိုဖြစ်သူ အကြိမ်ကြိမ် သေလုမျောပါး ဖြစ်နေသည်ကို မြင်ရသည့် ခံစားချက်ကလည်း အတော်ပင် ဆိုးရွားလှပေလိမ့်မည်။

ကျင်းကျုံးယွဲ့က မျက်ရည်များ တသွင်သွင် စီးကျလာပြီး ဆက်ပြော၏။ “ကျွန်မ အစ်ကို့ကို မေးဖူးတယ်။ ဘာလို့ ကျွန်မအပေါ် ဒီလောက် ကောင်းတာလဲလို့။ သူ ပြောတာက လွန်ခဲ့တဲ့ နှစ်အနည်းငယ်က သူ လမ်းဘေးမှာ တောင်းစားနေတုန်း တောခွေး ကိုက်ခံရပြီး မလှုပ်နိုင်ဘဲ ငတ်သေတော့မလို့ ဖြစ်နေတာတဲ့။

အဲဒီအချိန်မှာ ကောင်မလေး တစ်ယောက် ဖြတ်သွားတယ်။ သူ့လက်ထဲမှာ ပေါက်ဆီ တစ်ခုတည်း ရှိတယ်။ ပြီးတော့ အဲဒီ ကောင်မလေးကလည်း အရမ်း ဗိုက်ဆာပြီး စားချင်နေတာ။ ဒါပေမဲ့ အကြာကြီး စဉ်းစားပြီးမှ အဲဒီ ပေါက်ဆီကို သူ့ကို ပေးခဲ့တယ်တဲ့။ အဲဒီ ကောင်မလေးက ကျွန်မပဲ။ အဲဒီတုန်းက ကျွန်မ အမေ ရှိသေးတယ်။ အမေလည်း မရူးသေးဘူး။”

ကျင်းကျုံးယွဲ့ သက်ပြင်းရှည်ကြီး တစ်ချက် မှုတ်ထုတ်လိုက်သည်။ “လူ့အသက်က တချို့အချိန်တွေမှာ အရမ်း တန်ဖိုးမဲ့ပေမဲ့ အရမ်းလည်း ခိုင်မာတယ်။ ပေါက်ဆီ တစ်ခုလေးနဲ့တင် အသက်ရှင်သွားနိုင်တယ်။ နှစ်အနည်းငယ် ကြာတော့ ကျွန်မလည်း သူတောင်းစား ဖြစ်သွားတယ်။

သူက ကျွန်မကို ချက်ချင်း မှတ်မိသွားတယ်။ အဲဒီတုန်းက သူ ကျွန်မကို စကားတစ်ခွန်း ပြောခဲ့တယ်။ သူက အသက်ရှင်ဖို့ တွန်းအားနဲ့ ရည်မှန်းချက် မရှိတော့ဘူးတဲ့။ အခုကစပြီး ကျွန်မက သူ့ရဲ့ အသက်ရှင်ဖို့ ရည်မှန်းချက် ဖြစ်ပေးမလားတဲ့။ အဲဒီတုန်းက ကျွန်မ ဒီစကားကို နားမလည်ခဲ့ဘူး၊ ဘာမှလည်း ပြန်မပြောခဲ့ဘူး။”

ယွင်ကျုံးဟဲ့က မေးလိုက်၏။ “နောက်တော့ရော”

ကျင်းကျုံးယွဲ့က ဆက်ပြောလိုက်သည်။ “သူ့ရဲ့ ကာကွယ်မှု အောက်မှာ ကျွန်မ တဖြည်းဖြည်း ကြီးပြင်းလာပြီး လှပလာတယ်။ အဲဒီမှာ မဆွဲဆောင်သင့်တဲ့ လူတွေကို ဆွဲဆောင်မိသွားတယ်။ ကျွန်မ အသက် ဆယ့်တစ်နှစ် အရွယ်မှာ တိရစ္ဆာန် တစ်ကောင်က ကျွန်မကို လုယူသွားတယ်။ သူက ကြီးမြတ်တဲ့ လူတစ်ယောက်ပဲ၊ တောင်ပိုင်းကျိုးအင်ပါယာရဲ့ အထက်တန်းလွှာ တစ်ယောက်။

သူက ကျွန်မကို မြေအောက်ခန်းထဲမှာ ပိတ်လှောင်ထားပြီး ကျွန်မကို သူ့ရဲ့ အလှပဆုံး အိမ်မွေးတိရစ္ဆာန်လေး အဖြစ် ကိုယ်တိုင် ယဉ်ပါးအောင် သင်တန်းပေးမယ်တဲ့။ ကျွန်မ အစ်ကို ပြန်လာတော့ ကျွန်မ မရှိတော့တာကို သိသွားတယ်။ သူ ရူးသွားသလို ဖြစ်သွားပြီး ချက်ချင်း ပြန်တည်ငြိမ်သွားတယ်။ တကယ်တမ်း သူက အရူး တစ်ယောက်လို အေးဆေးသွားတာ။

အဲဒီနောက် ကျွန်မ အစ်ကိုက အဲဒီ တောင်ပိုင်းကျိုး အထက်တန်းလွှာ မိသားစု တစ်ခုလုံးကို အဆိပ်ခတ် သတ်ပစ်ပြီး ကျွန်မကို ကယ်ထုတ်လာတယ်။ ပြီးတော့ သူ့အိမ်ကြီးကိုလည်း မီးရှို့ပစ်ခဲ့တယ်။”

ထိုအချိန်တုန်းက သူမ၏ အစ်ကိုကလည်း အရမ်း ငယ်သေးပေလိမ့်မည်။ သို့သော်ငြား ထိုအထက်တန်းလွှာ မိသားစု တစ်ခုလုံးကို အဆိပ်ခတ် သတ်ပစ်နိုင်ပြီး ကျင်းကျုံးယွဲ့ကို မြေအောက်ခန်းထဲကနေ ကယ်ထုတ် နိုင်ခဲ့၏။

ကျင်းကျုံးယွဲ့က အသေးစိတ် မပြောပြသော်ငြား လမ်းတစ်လျှောက် မည်မျှ ခက်ခဲကြမ်းတမ်းမည် ဆိုသည်ကို မှန်းဆကြည့်နိုင်ပေမည်။ သူမ၏ အစ်ကိုက ဉာဏ်ကောင်းပြီး အစွမ်းထက်သည် ဆိုခြင်းကိုလည်း မြင်နိုင်သည်။

ကျင်းကျုံးယွဲ့က ဆက်ပြော၏။ “သူက အဲဒီ တောင်ပိုင်းကျိုး အထက်တန်းလွှာ မိသားစုဝင် ဆယ်ဂဏန်း လောက်ကို သတ်ပစ်ခဲ့တယ်။ အဲဒီနောက်တော့ တစ်ကမ္ဘာလုံးက လူတွေ ကျွန်မတို့ကို လိုက်ဖမ်းကြတော့တာပဲ။ ဂိုဏ်တွေ၊ တောင်ပိုင်းကျိုးအင်ပါယာရဲ့ စစ်တပ်တွေ၊ အဲဒီ တိရစ္ဆာန် မိသားစုရဲ့ သိုင်းသမားတွေ၊ ပြီးတော့ ကျွန်မတို့ရဲ့ သူတောင်းစားဂိုဏ်းက လူတွေ၊ အကုန်လုံး ကျွန်မတို့ကို အသည်းအသန် လိုက်ရှာကြတယ်။

ကျွန်မတို့ အမြဲ ထွက်ပြေးနေခဲ့ရတယ်။ ကျွန်မ အစ်ကိုက အရမ်း အရမ်း ဉာဏ်ကောင်းတယ်။ ထောင်ချောက်တွေ ကြားထဲကနေ မိုင်တစ်ထောင်ကျော်လောက် ထွက်ပြေးနိုင်ခဲ့တယ်။ အဲဒီတုန်းက ကျွန်မ အကြိမ်ကြိမ် မျှော်လင့်ချက် မဲ့ခဲ့ဖူးတယ်။ ဒါပေမဲ့ သူက တောင်ပိုင်းကျိုးအင်ပါယာကနေ ထွက်သွားရင် လုံခြုံပြီ၊ လုံးဝ လုံးဝ အရှုံးမပေးနဲ့လို့ အမြဲ ပြောခဲ့တယ်။

ဒါပေမဲ့ နောက်ဆုံးတော့ ကျွန်မတို့ အဖမ်းခံလိုက်ရတယ်။ ကျွန်မ အစ်ကိုက အသားစိမ်း တစ်လွှာချင်း အလှီးခံရတော့မယ်။ ကျွန်မကတော့ ဆီပူအိုးထဲ အရှင်လတ်လတ် အကြော်ခံရတော့မယ်။

အဲဒီအချိန်မှာ လူတစ်ယောက် ပေါ်လာတယ်။ သူက အဲဒီနေရာကို အမှတ်မထင် ဖြတ်သွားခဲ့တာပဲ။ သူက နတ်မင်း တစ်ပါးလိုပဲ ကျွန်မတို့ရဲ့ အသက်ကို အလွယ်တကူ ကယ်တင်ပေးခဲ့တယ်။ အဲဒီလူက တောင်ပိုင်းကျိုးအင်ပါယာရဲ့ အိမ်ရှေ့စံမင်းသား ကျိုးလီပဲ။ အဲဒီအချိန်ကစပြီး ကျွန်မတို့ မောင်နှမ နှစ်ယောက်ရဲ့ ကံကြမ္မာ လုံးဝ ပြောင်းလဲသွားခဲ့တယ်။”

ဤနေရာအရောက်တွင် ကျင်းကျုံးယွဲ့ ခဏရပ်သွားပြီး မျက်နှာပေါ်က မျက်ရည်များကို ညင်သာစွာ သုတ်လိုက်သည်။

ထို့နောက် ယွင်ကျုံးဟဲ့ကို ကြည့်ကာ ပြောလိုက်၏။ “ကျွန်မရဲ့ အဲဒီ အစ်ကိုက ကျွန်မအတွက် လက်တွေ၊ ခြေထောက်တွေ၊ နံရိုးတွေ အကြိမ်ကြိမ် အချိုးခံခဲ့ရတယ်။ သူက ကျွန်မကို သေမင်းဆီကနေ အကြိမ်ကြိမ် ဆွဲထုတ်ပေးခဲ့ပြီး သေဆုံးနေတဲ့ ကျွန်မရဲ့ နှလုံးသားကို ပြန်လည် နွေးထွေးလာစေခဲ့တယ်။

သူ ကိုယ်တိုင် သေတော့မယ့် အချိန်မှာတောင် ကျွန်မ အတွက် ခိုင်ခိုင်မာမာ အသက်ရှင်နေခဲ့တယ်။ သူက ရေဆိုးမြောင်းထဲက ပိုးဟပ် တစ်ကောင်လို၊ ဘယ်တော့မှ သေမသွားတဲ့ တောခွေး တစ်ကောင်လိုပဲ။ သူက ကျွန်မရဲ့ အစ်ကိုအရင်း မဟုတ်ပေမဲ့ ကျွန်မရဲ့ တစ်ဦးတည်းသော ဆွေမျိုးပဲ။ အဲဒီလူက ဘယ်သူလဲ။ ရှင် သိလောက်ပါပြီ။”

ယွင်ကျုံးဟဲ့ အတန်ကြာ တိတ်ဆိတ်သွားပြီးနောက် ထိုနာမည်ကို ထုတ်ပြောလိုက်သည်။ “ယန်ဖြန်ရှန်”

“ဟုတ်တယ်။ ယန်ဖြန်ရှန်ပဲ။”

ကျင်းကျုံးယွဲ့က ပြောလိုက်၏။ “ကျွန်မရဲ့ လျှို့ဝှက်အမည်က ဘာလို့ လောက်ချန်းလို့ ခေါ်လဲ ရှင် သိလား။”

ယွင်ကျုံးဟဲ့က ခေါင်းခါလိုက်သည်။ “မသိဘူး။”

ကျင်းကျုံးယွဲ့က ရှင်းပြ၏။ “တကယ်တော့ ကျွန်မတို့ အရမ်း ငယ်ငယ်တုန်းက သူ့နာမည်က ယန်ဖြန်ဖြန်၊ ကျွန်မကိုကျတော့ ယန်ရှန်ရှန်လို့ နာမည်ပေးခဲ့တယ်။ ကျွန်မတို့ မောင်နှမ နှစ်ယောက် ပေါင်းလိုက်မှ ယန်ဖြန်ရှန်လို့ ဖြစ်သွားတာ။ ဒါကြောင့် ကျွန်မရဲ့ လျှို့ဝှက်အမည်က လောက်ချန်းလို့ ခေါ်တာ။”

(မှတ်ချက် - လောက်ချန်း ဆိုသည်မှာ လိမ်လည်လှည့်ဖြားသူဟု အဓိပ္ပာယ်ရသော်လည်း ဤနေရာတွင် ချန်း သည် ရှန် ၏ အစိတ်အပိုင်း တစ်ခု ဖြစ်သည်ကို ရည်ညွှန်းခြင်း ဖြစ်သည်။)

လွန်ခဲ့သော ရက်အနည်းငယ်က သူမ နာမည် ပြောင်းချင်သည်ဟု ယွင်ကျုံးဟဲ့ကို ပြောခဲ့သည်မှာ မဆန်းတော့ပေ။ သူမက ယန်ရှန်ရှန် ဆိုသည့် နာမည်ကို ပြောင်းချင်နေခြင်းဖြစ်၏။

ကျင်းကျုံးယွဲ့က ပြောလိုက်သည်။ “ယောက်ျား... ရှင် ကျွန်မ ဘာလို့ ဒီလို လုပ်ရတာလဲ၊ ဘာလို့ တောင်ပိုင်းကျိုး အင်ပါယာအတွက် အသက်ပေးပြီး အလုပ်လုပ်ပေးနေရတာလဲလို့ မေးတယ်လေ။ အခု ကျွန်မ ပြောပြခဲ့တဲ့ အကြောင်းပြချက်တွေ လုံလောက်ပြီလား။”

ဟုတ်ပေသည်။ ကျင်းကျုံးယွဲ့၏ ရှုထောင့်မှ ကြည့်လျှင် လုံလောက်လို့နေသည်။ ယန်ဖြန်ရှန်က သူမနှင့် အတူ ဆင်းရဲဒုက္ခတွေကို ကျော်ဖြတ်ခဲ့သည့် ဆွေမျိုးဖြစ်ပြီး သူမ၏ အသက်ကို ကယ်တင်ခဲ့သလို၊ သူမရဲ့ ဝိညာဉ်ကိုလည်း ကယ်တင်ခဲ့၏။

တောင်ပိုင်းကျိုးအင်ပါယာရဲ့ အိမ်ရှေ့စံမင်းသား ကျိုးလီက အရေးကြီးသည့် အချိန်၌ နတ်မင်း တစ်ပါးလို ပေါ်လာပြီး သူမနှင့် ယန်ဖြန်ရှန်၏ ကံကြမ္မာကို ကယ်တင်ပေးခဲ့လေသည်။

ကျင်းကျုံးယွဲ့က ဆက်ပြောလိုက်၏။ “အိမ်ရှေ့စံမင်းသား ကယ်တင်ပြီးတည်းက ကျွန်မတို့ရဲ့ ကံကြမ္မာ ပြောင်းလဲသွားတယ်။ ကျွန်မက စည်းစိမ်ချမ်းသာတွေနဲ့ နေရပြီး ကျွန်မတို့ နှစ်ယောက်စလုံး တောင်ပိုင်းကျိုး အင်ပါယာ ဟေးပင်းထိုင်ရဲ့ လေ့ကျင့်မှုတွေကို ခံယူခဲ့ရတယ်။ နှစ်အနည်းငယ် ကြာတော့ ကျွန်မ အစ်ကို ယန်ဖြန်ရှန် တစ်နေရာကို အပို့ခံလိုက်ရတယ်။ အဲဒီတုန်းက သူ ဘယ်သွားလဲ ကျွန်မ မသိဘူး။ အဲဒါက လုံးဝ လျှို့ဝှက်ချက်လေ။”

ထိုအချိန်တုန်းက ယန်ဖြန်ရှန်က တာယင်အင်ပါယာကို အပို့ခံလိုက်ရသည်မှာ သေချာ၏။ သို့သော်ငြား သူ တာယင်အင်ပါယာ ဟေးလုံထိုင်ထဲကို မည်ကဲ့သို့ ဝင်ရောက်သွားသနည်း ဆိုခြင်းကို မသိရချေ။

သို့သော်ငြား တာယင်အင်ပါယာ၏ ဟေးလုံထိုင်မှာ ရှိနေသည့် ဆယ်နှစ်ကျော် အတွင်း၌ သူက အလျင်အမြန် တိုးတက်လာပြီး အတောက်ပဆုံး ကြယ်ပွင့် တစ်ပွင့် ဖြစ်လာခဲ့၏။ ဟေးလုံထိုင် ခေါင်းဆောင်၏ ဆက်ခံသူ စာရင်းမှာတောင် ပါလာခဲ့သည်။

ကျင်းကျုံးယွဲ့ ဆက်ပြော၏။ “ကျွန်မလည်း ပိုင်ယင်မြို့ကို အပို့ခံရပြီး ကျွန်မနဲ့ ဖအေတူ မအေကွဲ ညီမ အရင်း ဖြစ်တဲ့ ကျင်းကျုံးယွဲ့ နေရာကို အစားဝင်ခဲ့တယ်။ တကယ်တော့ ကျွန်မက သူ့ထက် သုံးနှစ်ခွဲ ကြီးတယ်။ ဒါပေမဲ့ ငယ်ငယ်က အာဟာရ မပြည့်ဝတော့ ရွယ်တူလောက်ပဲ ထင်ရတယ်။ အဲဒီနောက် ကျွန်မ ပိုင်ယင်မြို့မှာ ဆယ့်တစ်နှစ်လောက် နေခဲ့တယ်။

လွန်ခဲ့တဲ့ သုံးနှစ်ကမှ လေခွင်းမြို့ထဲ ဝင်ပြီး ပုန်းအောင်းဖို့ အမိန့်ရလို့ လာခဲ့တာ။ အဲဒီအချိန်ကျမှပဲ ကျွန်မရဲ့ အစ်ကို ယန်ဖြန်ရှန်ကို ပြန်တွေ့ရတာ။ ဒီကမ္ဘာပေါ်မှာ ရှိတဲ့ ကျွန်မရဲ့ တစ်ဦးတည်းသော ဆွေမျိုး၊ နောက်ဆုံးတော့ သူနဲ့ ပြန်ဆုံရပြီလေ။

ယောက်ျား... တကယ်တော့ ကျွန်မက ဘယ်သူ့ကိုမှ သစ္စာမရှိပါဘူး။ လေခွင်းမြို့အပေါ်ဖြစ်စေ၊ တောင်ပိုင်းကျိုးအင်ပါယာအပေါ်ဖြစ်စေ ကြီးမားတဲ့ သစ္စာတရား မရှိပါဘူး။ တောင်ပိုင်းကျိုးအင်ပါယာက ကျွန်မရဲ့ ကံကြမ္မာကို ပြောင်းလဲပေးခဲ့တယ် ဆိုပေမဲ့ပေါ့။”

ကျင်းကျုံးယွဲ့က ဆက်ပြောလိုက်၏။ “ဒါပေမဲ့ ကျွန်မက ကျွန်မရဲ့ ဆွေမျိုး အပေါ်တော့ သစ္စာရှိရမယ်။ ကျွန်မရဲ့ အစ်ကို အပေါ် သစ္စာရှိရမယ်။ ဒါကြောင့် ကျွန်မ လေခွင်းမြို့စား ဖြစ်လာတာ။ ပြီးတော့ ရှင်တို့ တာယင်အင်ပါယာရဲ့ အကောင်းဆုံး သိမ်းသွင်းစရာ ပစ်မှတ် ဖြစ်လာခဲ့တယ်။ ရှင်တို့ တာယင်အင်ပါယာ ကိုယ့်သဘောနဲ့ကိုယ် ထောင်ချောက်ထဲ တိုးဝင်လာအောင် ပိုက်ကွန်ကြီး တစ်ခု ဖြန့်ထားခဲ့တာပဲ။”

ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “ငါ ဆိုတဲ့ အရူးက ကိုယ့်သဘောနဲ့ကိုယ် ထောင်ချောက်ထဲ တိုးဝင်လာတာပေါ့။ နုဧကရာဇ်ရဲ့ မြေအောက် သင်္ချိုင်းဂူ ဆိုတာလည်း မင်းတို့ အစောကြီးတည်းက တွေ့ထားတာ မဟုတ်လား။”

ကျင်းကျုံးယွဲ့က ခေါင်းညိတ်လိုက်၏။ “ကျွန်မ အစ်ကို ယန်ဖြန်ရှန်က အရမ်း ဉာဏ်ကောင်းတယ်။ ကျင်းမိသားစုရဲ့ ရတနာ မြေပုံကို နှစ်ရာနဲ့ချီပြီး ဘယ်သူမှ မဖော်ထုတ်နိုင်ခဲ့ပေမဲ့ သူက ဖော်ထုတ်နိုင်ခဲ့တယ်။ ဒါကြောင့် ဒီ ကြီးမားတဲ့ နုဧကရာဇ်ရဲ့ မြေအောက် သင်္ချိုင်းဂူကြီးကို ကျွန်မတို့ ရှာတွေ့ခဲ့တာပဲ။”

ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “ဒါဆို မင်းက တော်တော် သရုပ်ဆောင် ကောင်းတာပဲ။ အဲဒီတုန်းက ငါတို့ အတူတူ မြေအောက် သင်္ချိုင်းဂူထဲ သွားတော့ မင်းက တကယ်ပဲ ပထမဆုံး အကြိမ် တွေ့ဖူးသလိုမျိုး အရမ်းကို အံ့သြနေခဲ့တာလေ။”

“ကျွန်မ... သရုပ်မဆောင်တတ်ပါဘူး။”

ကျင်းကျုံးယွဲ့က ပြောလိုက်၏။ “အဲဒီတုန်းက ကျွန်မ တကယ်ပဲ ပထမဆုံး အကြိမ် တွေ့ဖူးတာပါ။ ဘာလို့လဲ ဆိုတော့ ရတနာ မြေပုံကို ဖော်ထုတ်ပြီး နုဧကရာဇ်ရဲ့ သင်္ချိုင်းဂူထဲ ဝင်ပြီးတဲ့နောက် အစ်ကိုက ပြောတယ်။ ကျွန်မက သရုပ်ဆောင် အရမ်းညံ့တော့ အလွယ်တကူ ပေါ်သွားနိုင်တယ်တဲ့။ ဒါကြောင့် ကျွန်မကို ပေးမဝင်ခဲ့ဘူး။”

ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “ဒါဆို ဒီ နုဧကရာဇ်ရဲ့ သင်္ချိုင်းဂူထဲမှာ မင်းတို့က အတွင်းမှာ ရှိနေတဲ့ တာယင်အင်ပါယာရဲ့ စစ်သည် တစ်သိန်းကို အလွယ်တကူ သတ်ပစ်နိုင်အောင်လို့ သေချာပေါက် ထောင်ချောက်တွေ အများကြီး ဆင်ထားမှာပေါ့။”

ကျင်းကျုံးယွဲ့က ခေါင်းခါလိုက်၏။ “အသေးစိတ်တော့ ကျွန်မ မသိဘူး။ ဒါပေမဲ့ အဲဒီလိုပဲ ဖြစ်မှာပါ။ ကျွန်မ စိတ်မဝင်စားဘူး၊ မမေးလည်း မမေးခဲ့ဘူး။ ဒါပေမဲ့ အစ်ကိုက ပြောဖူးတယ်၊ စစ်သည် တစ်ယောက်မှ မဆုံးရှုံးဘဲ တာယင်အင်ပါယာရဲ့ စစ်သည် တစ်သိန်းကို သတ်ဖြတ်နိုင်တယ်တဲ့။ ကျွန်မ ဘာမှ မသိချင်ဘူး။ ဒီကိစ္စတွေ အမြန် ပြီးသွားဖို့ပဲ ဆုတောင်းနေတာ။ ကျွန်မ ဗိုက်ထဲက ကလေးကိုပဲ ကာကွယ်ချင်တော့တယ်။”

ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “လမင်းလေး... မင်းက ယန်ဖြန်ရှန်ကို သစ္စာမဖောက်ချင်ဘူး ဆိုတာ ငါ နားလည်ပါတယ်။ ဘာလို့လဲဆိုတော့ သူက မင်းရဲ့ တစ်ဦးတည်းသော ဆွေမျိုးလေ။ ငါတို့ တာယင်အင်ပါယာရဲ့ အမြင်မှာတော့ သူက မိစ္ဆာ တစ်ကောင်ပဲ။ လုံးဝကို မိစ္ဆာကောင်ကြီး။ ဒါပေမဲ့ မင်း အမြင်မှာတော့ သူက နတ်သား တစ်ပါး ဖြစ်နေမှာပေါ့။”

ယန်ဖြန်ရှန်သည် သေချာပေါက် မိစ္ဆာတစ်ကောင် ဖြစ်သည်။ လွန်ခဲ့သော နှစ်အနည်းငယ်က သူ၏ သစ္စာဖောက်မှုကြောင့် တာယင်အင်ပါယာ၏ ပိုင်ရှင်မဲ့ နယ်မြေရှိ သူလျှို အများစု အမြစ်ပြတ် ရှင်းလင်းခံရပြီး လူထောင်ပေါင်းများစွာ သေဆုံးခဲ့ရ၏။

တာယင်အင်ပါယာ ဟေးလုံထိုင်သည် ယခင်က တစ်ခါမှ မကြုံဖူးသော ထိုးနှက်ချက်နှင့် အရှက်ရမှုကို ခံခဲ့ရပြီး ဧကရာဇ်မင်းမြတ် ကိုယ်တိုင် ပါးရိုက်ခံလိုက်ရသကဲ့သို့ ဖြစ်ခဲ့သည်။

ယခုအခါ သူက ပိုမို ကြီးမားသော ထောင်ချောက်ကြီး တစ်ခုကို ဆင်ထားပြီး တာယင်အင်ပါယာ၏ စစ်သည် သိန်းချီကို သတ်ဖြတ်ရန်၊ တာယင်အင်ပါယာ၏ အာဏာစက်ကို ဖျက်ဆီးရန်၊ အင်ပါယာ၏ ကံကြမ္မာကို ဖျက်ဆီးရန် ကြံစည်နေပြန်၏။

ဤလူသည် လုံးဝ မိစ္ဆာတစ်ကောင် ဖြစ်၏။ သို့သော်ငြား ကျင်းကျုံးယွဲ့ အတွက်မူ ယန်ဖြန်ရှန်သည် သူမ၏ ဘဝနှင့် ဝိညာဉ်ကို ကယ်တင်ပေးခဲ့သော နတ်သား တစ်ပါး ဖြစ်နေသည်မှာလည်း အမှန်ပင်။

.....................

အပိုင်း (၁၈၀)

ယွင်ကျုံးဟဲ့က ဆက်ပြော၏။ “လမင်းလေး... မင်းက ယန်ဖြန်ရှန်ကို သစ္စာမဖောက်နိုင်ဘူး ဆိုရင်၊ မင်း ငါ့ကို သစ္စာဖောက်နိုင်တာလား။ ငါက မင်းရဲ့ ယောက်ျားလေ။ ငါက မင်းရဲ့ စိတ်ထဲမှာ အဲဒီလောက်တောင် အရေးမပါဘူးလား။”

ကျင်းကျုံးယွဲ့က တုန်ယင်နေသော အသံဖြင့် ပြောလိုက်သည်။ “တကယ်လို့ ရှင်က အရေးမပါဘူးဆိုရင် ကျွန်မ ရှင့်အတွက် ကလေး မွေးပေးမလား။ ကျွန်မလို ရူးသွပ်နေတဲ့ မိန်းမ တစ်ယောက်အတွက် ကလေး တစ်ယောက် ဆိုတာ ဘာအဓိပ္ပာယ်လဲ ရှင် သိလား။ အဓိပ္ပာယ်က အနာဂတ်မှာ ကျွန်မ လုံးဝ ရူးသွပ်သွားရင်တောင် ဒီကလေးကို ကာကွယ်ပေးရမယ်၊ ပြုစုပျိုးထောင်ပေးရမယ်။ လုံးဝ ရူးသွပ်သွားတဲ့ ကျွန်မ အမေ အန်းရူရှန် လိုမျိုးပေါ့။

ယောက်ျား... အဲဒီတုန်းက ရှင် လက်ထပ်ခွင့် တောင်းတော့ ကျွန်မ ရှင်းရှင်းလင်းလင်း ပြောခဲ့တယ်လေ။ ရှင် ဘယ်သူပဲ ဖြစ်နေပါစေ၊ ရှေ့ဆက်မယ့် နေ့ရက်တွေမှာ ကျွန်မက ရှင့် ဘဝရဲ့ အရေးအပါဆုံး လူ ဖြစ်ရမယ်။ တခြား အရာအားလုံးက နောက်မှာပဲ နေရမယ်လို့။

ရှင်ကလည်း သဘောတူခဲ့ပြီးပြီလေ။ ဒါကြောင့် ကျွန်မရဲ့ နေရာက တခြား အရာအားလုံးထက် အများကြီး ပိုအရေးပါသင့်တယ်။ တာယင်အင်ပါယာ ထက်တောင် ပိုအရေးပါသင့်တယ်။

ယောက်ျား... တာယင်အင်ပါယာက ရှင်နဲ့ ဘာမှ မဆိုင်ပါဘူး။ ရှင် တာယင်အင်ပါယာရဲ့ သူလျှို ဖြစ်လာတာကလည်း အတင်းအကျပ် ခိုင်းစေခံရလို့ပဲလေ။ ရှင် သူတို့ကို သစ္စာမရှိခဲ့ပါဘူး။ သူတို့ အကုန် သေသွားရင်တောင် ရှင်နဲ့ ဘာဆိုင်လို့လဲ။ ရှေ့ဆက်ပြီး ကျွန်မတို့ လင်မယား နှစ်ယောက် ကောင်းကောင်း နေသွားကြရုံပဲ။

ရှင် ဆန္ဒရှိရင် ကျွန်မတို့ တောင်ပိုင်းကျိုးအင်ပါယာကို သွားမယ်။ ရှင် ဆန္ဒမရှိရင်လည်း ကိစ္စမရှိဘူး။ ကျွန်မတို့ အနောက်ဘက် သဲကန္တာရကို သွားမယ်။ ဓားပြ သွားလုပ်မယ်။ တောင်ပိုင်းကျိုးအင်ပါယာ ကိစ္စလည်း ဝင်မပါဘူး၊ တာယင်အင်ပါယာ ကိစ္စလည်း ဝင်မပါဘူး။

ယောက်ျား... ကျွန်မ တစ်ခါမက ပြောခဲ့ဖူးတယ်။ ရှင့်ကို တစ်ချက်လေးတောင် အထိခိုက်မခံဘူး။ ရှင့်ကို တစ်သက်လုံး ကာကွယ်သွားမယ်လို့။ ကျွန်မတို့ ဓားပြ သွားလုပ်ရင်တောင် ပျော်ပျော်ရွှင်ရွှင် နေရမှာပါ။”

ယွင်ကျုံးဟဲ့ ရယ်မောကာ ပြောလိုက်၏။ “ဒါက ငါ့ကို တစ်ချက်လေးတောင် အထိခိုက်မခံဘူး ဆိုတဲ့ သဘောလား။။ မင်းက ငါ့ကို တာယင်အင်ပါယာရဲ့ အပြစ်သားကြီး ဖြစ်စေချင်နေတာ။ တာယင်အင်ပါယာရဲ့ စစ်သည် သိန်းချီကို ငါ့လက်နဲ့ ကိုယ်တိုင် သတ်ဖြတ်စေချင်နေတာ။ ငါ့ရဲ့ မွေးစားအဖေ ဖုန်းရှင်းမြဲ့ကို ငါ့လက်နဲ့ ကိုယ်တိုင် သတ်ဖြတ်စေချင်နေတာ။ စတုတ္ထမင်းသား ယင်ချွဲ့ရဲ့ ကံကြမ္မာကို ငါ့လက်နဲ့ ကိုယ်တိုင် ဖျက်ဆီးစေချင်နေတာ”

“သူက ရှင့် မွေးစားအဖေ မဟုတ်ဘူး။ သူ မဟုတ်ဘူး။”

ကျင်းကျုံးယွဲ့က အသံကျယ်ကျယ်ဖြင့် အော်လိုက်သည်။ “ရှင်က မိဘမဲ့လေ။ ဒီကမ္ဘာပေါ်မှာ ရှင့်မှာ ဆွေမျိုး မရှိဘူး။ ကျွန်မကမှ ရှင့်ရဲ့ တစ်ဦးတည်းသော ဆွေမျိုးပါ။”

ယွင်ကျုံးဟဲ့က အက်ကွဲသော အသံဖြင့် ပြောလိုက်သည်။ “အခုတော့ သူက ငါ့ရဲ့ မွေးစားအဖေ ဖြစ်နေပြီ။”

ကျင်းကျုံးယွဲ့က မေးလိုက်၏။ “ဒါဆို ကျွန်မရော... ကျွန်မက ရှင့် မွေးစားအဖေထက်တောင် မပိုဘူးလား။ ရှင်နဲ့ ဘာမှ မသက်ဆိုင်တဲ့ လူတွေထက်တောင် မပိုဘူးလား။”

ယွင်ကျုံးဟဲ့က ခေါင်းခါလိုက်သည်။ “လမင်းလေး... မင်းက ငါ့အသက်ကို အန္တရာယ် မပေးဘူး ဆိုပေမဲ့ မင်း လုပ်ရပ်တွေက ငါ့ရဲ့ ဂုဏ်သိက္ခာကို ဖျက်ဆီးဖို့ ကြိုးစားနေတာ သိလား။ ငါ့ကို တစ်သက်လုံး ခွင့်လွှတ်လို့ မရတဲ့ အပြစ်ကြီးကို ကျူးလွန်စေချင်နေတာလေ။”

ကျင်းကျုံးယွဲ့က ငိုယိုရင်း မေးလိုက်၏။ “ဒါဆို ကျွန်မကို ဘယ်လို လုပ်စေချင်လဲ။ အကြံအစည် အားလုံးကို ကြိုပြောပြပြီး ကျွန်မ အစ်ကို ယန်ဖြန်ရှန်ကို သစ္စာဖောက်ရမလား။ ယောက်ျား... ရှင် မမေ့ပါနဲ့။ ကျွန်မတို့ ချစ်ကြိုက်ခဲ့တာ လပိုင်းပဲ ရှိသေးတယ်။ လွန်ခဲ့တဲ့ လအနည်းငယ်က ကျွန်မတို့က သူစိမ်းတွေလေ။

ဒါပေမဲ့ ကျွန်မ အစ်ကိုက ကျွန်မကို ကယ်တင်ပေးခဲ့တာ အနှစ်နှစ်ဆယ် ရှိပြီ။ လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်တည်းက ကျွန်မတို့က အချင်းချင်း အားကိုးပြီး နေလာခဲ့တဲ့ ဆွေမျိုးတွေလေ။”

ကျင်းကျုံးယွဲ့က ညင်သာစွာ ပြောလိုက်သည်။ “ယောက်ျား... ဟိုဘက်မှာ ပြီးလောက်ပြီ။ အရာအားလုံး ပြီးဆုံးသွားတော့မယ်။ သူတို့ စလုပ်တော့မယ်။ ဒါမှမဟုတ် စလုပ်နေလောက်ပြီ။ မြေအောက် သင်္ချိုင်းဂူထဲက တာယင်အင်ပါယာရဲ့ စစ်သည် တစ်သိန်းက သေချာပေါက် အသတ်ခံရတော့မယ်။

နယ်စပ်မှာ စုရုံးနေတဲ့ ကျန်တဲ့ စစ်သည် သိန်းချီ ကလည်း လွတ်မှာ မဟုတ်ဘူး။ ဒီစစ်ပွဲမှာ တာယင်အင်ပါယာ ရှုံးသွားပြီ။ ဒီကိစ္စတွေ အားလုံးကို မေ့လိုက်ပါ။ ကျွန်မတို့ အနောက်ဘက် သဲကန္တာရကို သွားပြီး ကျွန်မတို့ရဲ့ ဘဝသစ်ကို ပြန်စကြမယ်။”

ယွင်ကျုံးဟဲ့ ရယ်မောလိုက်ကာ ဖြည်းညင်းစွာ ပြောလိုက်၏။ “သခင်ကြီးယန်ဖြန်ရှန်... ခင်ဗျားလည်း နားထောင်လို့ ဝလောက်ပြီ။ မဝင်လာသေးဘူးလား။”

အပြင်ဘက်တွင် တိတ်ဆိတ် ငြိမ်သက်နေ၏။

ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “ကျုပ် ခင်ဗျားကို ဘယ်လို ခေါ်ရမလဲ။ သခင်ကြီးယန်ဖြန်ရှန် ဒါမှမဟုတ် ကမ္ဘာပေါ်မှာ အဉာဏ်အကောင်းဆုံး မိစ္ဆာ နတ်ဆိုးလား ဒါမှမဟုတ် အယုတ်မာဆုံးလူ လို့လား။”

အပြင်ဘက်မှ အမျိုးသား တစ်ဦးက ပြောလိုက်၏။ “မဟုတ်ပါဘူး... ကျုပ်က ရေဆိုးမြောင်းထဲက ပိုးဟပ် တစ်ကောင်၊ ကြွက် တစ်ကောင်၊ ဘယ်လိုမှ မသေနိုင်တဲ့ တောခွေး တစ်ကောင်၊ အယုတ်ညံ့ဆုံး လူ တစ်ယောက်ပါ။ မြေကြီးပေါ် လှဲအိပ်မှပဲ အိပ်ပျော်တဲ့ လူတစ်ယောက်ပါ။”

ယွင်ကျုံးဟဲ့က ထပ်မေးလိုက်သည်။ “သခင်ကြီးယန်ဖြန်ရှန်... ခင်ဗျား နာမည်ကို ကျုပ် ခဏခဏ ကြားဖူးပေမဲ့ ခင်ဗျားရဲ့ မျက်နှာအစစ်အမှန်ကိုတော့ တစ်ခါမှ မမြင်ဖူးဘူး။ ဘယ်ဟာကများ ခင်ဗျားရဲ့ မျက်နှာအစစ်အမှန်လဲ။”

အပြင်ဘက်မှ အမျိုးသားက ပြန်လည်ကာ မေးခွန်းထုတ်လိုက်၏။ “ယွင်ကျုံးဟဲ့... ကျုပ်တို့ ပထမဆုံး တွေ့ခဲ့တဲ့ အချိန်ကို မှတ်မိသေးလား။”

ယွင်ကျုံးဟဲ့က ဖြေလိုက်သည်။ “မှတ်မိပါတယ်။ ခင်ဗျား ပေးခဲ့တဲ့ ပေါက်ဆီအတွက် ကျေးဇူးတင်ပါတယ်။ အဲဒီတုန်းက ကျုပ် တကယ် အရမ်း ဗိုက်ဆာနေတာ။ ခင်ဗျားရဲ့ ပေါက်ဆီက ကျုပ်ရဲ့ အသက်တစ်ဝက်လောက်ကို ကယ်တင်ပေးခဲ့တာပဲ။”

အပြင်ဘက်မှ အမျိုးသားက ရှင်းပြလိုက်၏။ “လွန်ခဲ့တဲ့ နှစ်အတော်ကြာက ငါ တောခွေး ကိုက်ခံရပြီး မြေကြီးပေါ် လဲကျကာ ငတ်သေတော့မယ့် အချိန်မှာ ကောင်မလေး တစ်ယောက်က ငါ့ကို ပေါက်ဆီ တစ်ခု ပေးပြီး ငါ့အသက်ကို ကယ်တင်ခဲ့တယ်။ ငါ့ရဲ့ ဝိညာဉ်ကိုလည်း အလင်းရောင် ပေးခဲ့တယ်။ ဒါကြောင့် အဲဒီနေ့က ငါ မင်းကို ပေါက်ဆီ တစ်ခု ပေးခဲ့တာက အမှတ်တရ တစ်ခု အနေနဲ့ရော၊ မျှော်လင့်ချက် တစ်ခု အနေနဲ့ပါပဲ။”

ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “သခင်ကြီးယန်ဖြန်ရှန်... အဲဒီနေ့က ခင်ဗျား ကျုပ်ကို မြင်မြင်ချင်း ဘယ်လိုများ သတိထားမိသွားတာလဲ။”

အပြင်ဘက်မှ အမျိုးသားက ဖြေလိုက်၏။ “အားလုံးက မိဘမဲ့တွေလေ။ အားလုံးက ရေဆိုးမြောင်း ဘေးမှာ ကြီးပြင်းလာခဲ့တာ။ အားလုံးက သူတောင်းစား ဘဝကနေ ကြီးပြင်းလာခဲ့တာ။ ဒါကြောင့် မြင်မြင်ချင်း သိနိုင်တယ်။ ချက်ချင်း အနံ့ရတယ်။”

ယွင်ကျုံးဟဲ့က ရေရွတ်လိုက်သည်။ “သနားစရာကောင်းတဲ့ အထီးကျန် မိဘမဲ့တွေက တစ်ယောက်ကို တစ်ယောက် မြင်တာနဲ့ အလိုအလျောက် ပွေ့ဖက်ပြီး နွေးထွေးမှု ယူချင်ကြတာလား။”

ယန်ဖြန်ရှန်က ဖြေလိုက်၏။ “ဟုတ်တယ်။ ဒီကမ္ဘာကြီးက အရမ်း ခက်ခဲကြမ်းတမ်းတယ်။ အသက်ရှင်ဖို့ တွန်းအားနဲ့ ရည်မှန်းချက် ရှာတွေ့ဖို့ မလွယ်ဘူး။ ဒီကမ္ဘာကြီးက အရမ်း အေးစက်တယ်။ အထီးကျန်ပြီး အားကိုးရာမဲ့နေတဲ့ လူတွေက အချင်းချင်း ဆွဲဆောင်မိတာ သဘာဝပါပဲ။”

ထို့နောက် ခါးအနည်းငယ် ကိုင်းနေသော လူတစ်ယောက် ဖြည်းညင်းစွာ ဝင်လာသည်။ “ယွင်ကျုံးဟဲ့... မျှော်လင့်ချက်ကို စွန့်လွှတ်လိုက်ပါ။ ရှေ့ဆက်ပြီး ကျုပ်တို့ စောင့်ကြမယ်။ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု စတင်တာနဲ့ ကောင်းကင်ပေါ်ကို မီးရှူးမီးပန်းတွေ ပစ်တင်လိမ့်မယ်။ မီးရှူးစင်တွေလို တစ်ခုပြီး တစ်ခု ဆက်တိုက် ပစ်တင်လိမ့်မယ်။ ခဏလေး အတွင်းမှာပဲ ကျုပ်တို့ဆီ ရောက်လာပြီး မြင်ရလိမ့်မယ်။

ကျုပ်တို့ ကောင်းကင်ပေါ်က မီးရှူးမီးပန်းတွေကို မြင်ရတာနဲ့ တာယင်အင်ပါယာရဲ့ စစ်သည် တစ်သိန်းလုံး လုံးဝ သေဆုံးသွားပြီ ဆိုတာကို သိရလိမ့်မယ်။ ကျုပ်တို့ အတူတူ စောင့်ကြမယ်။ အတူတူ စောင့်ကြမယ်။”

ထိုလူ တဲအတွင်းသို့ ဝင်လာချိန်မှာတော့ လူတိုင်း သူ၏ ရုပ်သွင်ကို ရှင်းလင်းစွာ မြင်လိုက်ရ၏။ အလွန် ဖားတတ်သော၊ မျက်နှာချိုသွေးတတ်သော သူတောင်းစားအိုကြီး ဟွာမန်လုပင်။ သူသည် ထိုမိစ္ဆာကြီး ယန်ဖြန်ရှန် လည်း ဖြစ်လို့နေ၏။

တာယင်အင်ပါယာ၏ နှစ်တစ်ရာအတွင်း အကြီးမားဆုံး သစ္စာဖောက်၊ ဟေးလုံထိုင်၏ နှစ်ရာချီ အတွင်း အကြီးမားဆုံး အရှက်ရမှုပင်။ သူ ကိုယ်တိုင် ဤ ကြီးမားလှသော လျှို့ဝှက် အကြံအစည်ကြီးကို ဦးဆောင်ခဲ့ခြင်း ဖြစ်သည်။

“သခင်လေးယွင်ကျုံးဟဲ့... ကျုပ်ရဲ့ အစီအစဉ် အရဆိုရင် သူတို့ကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု စတင်တော့မယ်။”

ထို့နောက် ဟွာမန်လု (ယန်ဖြန်ရှန်) က သဲနာရီ တစ်ခုကို ထုတ်ယူကာ စားပွဲပေါ် တင်လိုက်၏။

သဲများ ကုန်သွားသည်နှင့် တောင်ပိုင်းကျိုးအင်ပါယာက မြေအောက် သင်္ချိုင်းဂူ အတွင်းရှိ တာယင် တပ်တော်ကို စတင် သတ်ဖြတ်တော့မှာ ဖြစ်၏။ သဲများ အဆက်မပြတ် စီးကျနေပြီး မကြာမီ ကုန်သွားပေလိမ့်မည်။

ယန်ဖြန်ရှန်က ပြောလိုက်၏။ “သခင်လေးယွင်ကျုံးဟဲ့... အချိန် ရေတွက်မှု စတင်ပြီ။ ခင်ဗျား ဆန္ဒရှိရင် ခင်ဗျားရဲ့ မွေးစားအဖေ အတွက်၊ တာယင်အင်ပါယာရဲ့ စစ်သည် တစ်သိန်းအတွက် ဆုတောင်းပေးလို့ ရပါပြီ။ ငါး... လေး... သုံး... နှစ်... တစ်.. အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု စတင်ပြီ။”

…………….

လေခွင်းမြို့အတွင်း၌

“လျှို့ဝှက် ဝင်ထွက်ပေါက် သုံးဆယ့်ငါးပေါက်လုံး ပိတ်ပြီးပြီလား။”

“အိမ်ရှေ့စံမင်းသား... အားလုံး ပိတ်ပြီးပါပြီ။”

“လေဝင်ပေါက်တွေ အားလုံးရော ပိတ်ပြီးပြီလား။”

“အိမ်ရှေ့စံမင်းသား.... အားလုံး ပိတ်ပြီးပါပြီ။”

“ထပ်ပြီး စစ်ဆေးလိုက်အုံး။”

“ကောင်းပါပြီ။”

တောင်ပိုင်းကျိုးအင်ပါယာ ဟေးပင်းထိုင်သည် မြေပုံအရ နေရာတိုင်းကို အသေးစိတ် စစ်ဆေးသည်။ ဆယ်ကြိမ်ထက်မက စစ်ဆေးပြီးသော်လည်း အသေးစိတ် အချက်အလက်တိုင်းကို သေချာအောင် ထပ်မံ စစ်ဆေးနေသည်။

ဝင်ထွက်ပေါက်တိုင်းကို လုံးဝ ပိတ်ဆို့ထားပြီး နုဧကရာဇ်၏ မြေအောက် သင်္ချိုင်းဂူထဲမှ လူများ လုံးဝ ထွက်မလာနိုင်တော့ကြောင်း သေချာအောင် လုပ်ဆောင်၏။ လေဝင်ပေါက်တိုင်းကိုလည်း သေချာအောင် ထပ်မံ စစ်ဆေး၏။ လေဝင်ပေါက်တိုင်းကို လုံးဝ ပိတ်ဆို့ထားပြီး ဖြစ်သည်။

သို့သော်ငြား နုဧကရာဇ်၏ မြေအောက် သင်္ချိုင်းဂူသည် အလွန် ကြီးမားလှသောကြောင့် လေဝင်ပေါက်များ အားလုံး ပိတ်ထားလျှင်တောင် အတွင်းရှိ လူတစ်သိန်းကို လေမွန်းကျပ်ပြီး သေဆုံးသွားစေရန် မလွယ်ကူပေ။ အချိန်အတော်ကြာ ယူရမှာ ဖြစ်၏။

သို့သော် မြေအောက် သင်္ချိုင်းဂူ အတွင်း၌ တစ်ခုခုကို ဖောက်ခွဲလိုက်လျှင် လေထုထဲရှိ အောက်ဆီဂျင် အားလုံးကို လုံးဝ ကုန်ခမ်းသွားစေလိမ့်မည်။

ထို့အပြင် အဆိပ်ငွေ့များပါ ထုတ်လွှတ်လိုက်မည် ဆိုပါက အတွင်းရှိ လူတစ်သိန်းကို ပိုမို လျင်မြန်စွာ သတ်ဖြတ်နိုင်မှာ ဖြစ်၏။

“အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု စတင်တော့။” အိမ်ရှေ့စံမင်းသား ကျိုးလီက တည်ငြိမ်စွာ အမိန့်ပေးလိုက်သည်။

“ဝုန်း... ဝုန်း... ဝုန်း...”

ချက်ချင်းပဲ နုဧကရာဇ်၏ မြေအောက် သင်္ချိုင်းဂူ အမိုးပေါ်မှ ကြီးမားသော အပေါက်ကြီးများ ရုတ်တရက် ပွင့်လာ၏။

ငါးဆီ စည်အမြောက်အမြား အောက်သို့ ပစ်ချခံလိုက်ရသည်။ စည်ပေါင်း ရာနှင့်ချီ၊ ထောင်နှင့်ချီ ရှိပြီး အလေးချိန်အားဖြင့် ပေါင်တစ်သိန်းကျော် ရှိသည်။

ထို့နောက် မည်းနက်သော အမှုန့်များ မိုးသီးမိုးပေါက်များအလား အောက်သို့ ကျဆင်းလာ၏။ မီးသွေးခဲ အမြောက်အမြားလည်း အောက်သို့ ကျဆင်းလာသည်။ ထိုမည်းနက်သော အမှုန့်များမှာ ကျောက်မီးသွေးများ ဖြစ်၏။

“ရွှဲ... ရွှဲ... ရွှဲ...”

ငါးဆီစည်များ၊ မီးသွေးခဲများ၊ ကျောက်မီးသွေးများ အောက်သို့ လိမ့်ဆင်းသွားကြသည်။

အတွင်းပိုင်း အခြေအနေကို မမြင်ရသော်လည်း အောက်ဘက်မှ အလန့်တကြား အော်ဟစ်သံများကို ကြားနေရ၏။

“သခင်ကြီး... ဒုက္ခရောက်ပြီ၊ ဒုက္ခရောက်ပြီ။”

“ကျုပ်တို့ ထောင်ချောက်ထဲ ကျသွားပြီ၊ တောင်ပိုင်းကျိုးအင်ပါယာရဲ့ အဆိပ်ပြင်းတဲ့ အကြံအစည်ထဲကို ကျသွားပြီ။ ဝင်ထွက်ပေါက်တွေ အားလုံး ပိတ်ဆို့ခံလိုက်ရပြီ။”

ပြေးလွှားနေသည့် ခြေသံများ ဆက်တိုက် ထွက်ပေါ်လာသည်။

ထို့နောက် တောင်ပိုင်းကျိုးအင်ပါယာ၏ စစ်သည်များက မီးတုတ် ဆယ်ချောင်းကျော်ကို အောက်သို့ ပစ်ချလိုက်ကြ၏။

အောက်ဘက်ရှိ တာယင်အင်ပါယာ စစ်သည်များက အော်ဟစ်လိုက်သည်။ “မြန်မြန်... မီးတုတ်တွေကို မြားနဲ့ ပစ်ချလိုက်။”

“ရွှီး... ရွှီး... ရွှီး...”

မြားများ အဆက်မပြတ် ထွက်ပေါ်လာသည်။ သို့သော်ငြား အလကားပင်။ ထို့နောက် မြေအောက် သင်္ချိုင်းဂူ အမိုးပေါ်ရှိ အပေါက်များမှတစ်ဆင့် မီးရဲရဲ တောက်နေသော မီးသွေးခဲ အမြောက်အမြား အောက်သို့ ကျဆင်းလာပြန်၏။

မီးတုတ်များနှင့် မီးရဲရဲ တောက်နေသော မီးသွေးခဲများ အောက်သို့ ကျရောက်သွားသည်။ မြေအောက် သင်္ချိုင်းဂူ တစ်ခုလုံး လုံးဝ တိတ်ဆိတ်သွားသကဲ့သို့ ဖြစ်သွားသည်။

“ဝုန်း... ဝုန်း... ဝုန်း...”

ခဏအကြာတွင် ငါးဆီ အားလုံး မီးလောင်သွားခဲ့၏။

“ဝုန်း... ဝုန်း... ဝုန်း...”

အလွန် ပြင်းထန်သော မီးတောက်များ ထွက်ပေါ်လာပြီး မြေအောက် သင်္ချိုင်းဂူ တစ်ခုလုံးကို လင်းထိန်သွားသည်မှာ လူတိုင်း၏ မျက်လုံးများကိုပင် ကန်းသွားစေလုမတတ် ဖြစ်သည်။

မြေအောက် သင်္ချိုင်းဂူ အတွင်းရှိ ငါးဆီ အားလုံး မီးလောင်ကျွမ်းသွား၏။ ထို့နောက် မီးသွေးခဲများနှင့် ကျောက်မီးသွေး အမြောက်အမြား မီးလောင်ကျွမ်းလာပြန်သည်။ မြေအောက် သင်္ချိုင်းဂူ တစ်ခုလုံး ပြင်းထန်သော မီးတောက်များကြားတွင် ဝါးမြိုခံလိုက်ရလေ၏။

.....................

All Chapters