အခန်း (၁၈၁-၁၈၂)
Vol. 16 Ch. 181-182
အပိုင်း (၁၈၁)
“အပေါက်တွေ အားလုံးကို ပိတ်လိုက်။”
အမိန့်ပေးသံနှင့်အတူ ငါးဆီနှင့် မီးသွေးခဲများ လောင်းချခဲ့သော အပေါက်များ အားလုံးကို လုံးဝ ပိတ်ဆို့လိုက်ကြသည်။
ဤသည်မှာ အမှန်တကယ်ပင် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကြီး ဖြစ်သည်။ အလွန် ရက်စက် ကြမ်းကြုတ်သော သတ်ဖြတ်မှုကြီး ဖြစ်ပြီး စစ်သည် တစ်ယောက်မှ မဆုံးရှုံးလိုက်ရပေ။ အများဆုံး တစ်နာရီ အတွင်း လူအားလုံး အသေအပျောက် မကျန်အောင် သတ်ဖြတ်နိုင်မှာ ဖြစ်၏။
ကြောက်စရာကောင်းသော ဤမီးတောက်များက မြေအောက် သင်္ချိုင်းဂူ အတွင်းရှိ အောက်ဆီဂျင် အားလုံးကို ကုန်ခမ်းသွားစေမည်ဖြစ်ပြီး အတွင်းရှိ လူများကို အသက်ရှူကြပ်ကာ သေဆုံးစေပေလိမ့်မည်။ မည်သည့်နေရာမှာ ပုန်းနေနေ အလကားပင်။
မီးတောက်များကို ရှောင်တိမ်းနိုင်လျှင်တောင် အသက်ရှူကြပ်မှုကို မရှောင်တိမ်းနိုင်ပေ။ အဆိပ်ငွေ့များ ကိုလည်း မရှောင်တိမ်းနိုင်ပေ။
မည်သည့် အဆိပ်ငွေ့နည်း။ မီးသွေးနှင့် ကျောက်မီးသွေးတို့ အပြည့်အဝ မလောင်ကျွမ်းချိန်၌ ကာဗွန်မိုနောက်ဆိုဒ် အမြောက်အမြား ထွက်ပေါ်လာပြီး လူများကို အသံတိတ် သတ်ဖြတ်နိုင်စွမ်း ရှိ၏။ ယခုအချိန်တွင် ဤမြေအောက် သင်္ချိုင်းဂူ အတွင်း၌ လူပိုများလေလေ ပိုမြန်မြန် သေလေလေ ဖြစ်သည်။
…………….
ကျင်းမိသားစု၏ တပ်စခန်း၊ ကျင်းကျုံးယွဲ့၏ တဲအတွင်း၌ သဲနာရီထဲရှိ သဲများ အားလုံး ကုန်ဆုံးသွားပြီ ဖြစ်၏။
“စပြီ... စပြီ...”
ဟွာမန်လု (ယန်ဖြန်ရှန်) က မိန်းမူးနေသော အသံဖြင့် ပြောလိုက်သည်။ “အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကြီး စတင်ပြီ။ အရမ်းကို ရက်စက်ကြမ်းကြုတ်တဲ့ သတ်ဖြတ်မှုကြီး စတင်ပြီ။ စက္ကန့်တိုင်းမှာ လူပေါင်းများစွာ သေဆုံးနေလိမ့်မယ်။”
သူ၏ အသံက တုန်ယင်နေ၏။
ထိုအချိန်တွင် ကျင်းကျုံးယွဲ့က အေးစက်စွာ ပြောလိုက်သည်။ “ကျွန်မ ကလေးရဲ့ ရှေ့မှာ အဲဒီလို စကားတွေ မပြောနဲ့။ ပြောချင်ရင် အပြင်ထွက် ပြော။”
ချက်ချင်းပဲ ယန်ဖြန်ရှန်က ဖားယားသော အပြုံးဖြင့် ပြောလိုက်၏။ “ကောင်းပါပြီ... ကောင်းပါပြီ... အစ်ကို အပြင်ထွက်တော့မယ်။ စိတ်မဆိုးပါနဲ့... စိတ်မဆိုးပါနဲ့။”
ထို့နောက် သူက ယွင်ကျုံးဟဲ့ကို ကြည့်ကာ မေးလိုက်သည်။ “သခင်လေးယွင်... ကျုပ်တို့ အပြင်ထွက် စကားပြောကြမလား။ ကောင်းကင်ပေါ်က မီးရှူးမီးပန်းတွေကိုလည်း စောင့်ကြည့်ရအောင်လေ။”
“ကောင်းပြီ။” ယွင်ကျုံးဟဲ့ အပြင်သို့ ထွက်လာခဲ့၏။
“ယောက်ျား...” ကျင်းကျုံးယွဲ့က ရှေ့တိုးလာပြီး ယွင်ကျုံးဟဲ့၏ လက်ကို ဆုပ်ကိုင်လိုက်သည်။
ယွင်ကျုံးဟဲ့ ညင်သာစွာ ရုန်းထွက်လိုက်ပြီး အပြင်သို့ ထွက်လာခဲ့၏။
ကျင်းကျုံးယွဲ့က သူ့ကို တံခါးဝ အထိ လိုက်ပို့ပြီးနောက် အတန်ကြာ ငေးမော ရပ်နေသည်။ ထို့နောက် ဗိုက်ကို ကိုင်ကာ ကုတင်ပေါ် ပြန်လှဲလိုက်ပြီး ပြတင်းပေါက် အပြင်ဘက်ကို တိတ်ဆိတ်စွာ ငေးကြည့်နေတော့သည်။
အပြင်ဘက် မြေပြင်ပေါ်သို့ ရောက်ချိန်မှာတော့ ယန်ဖြန်ရှန်က မြက်ခင်းပေါ် လှဲလျောင်းလိုက်ပြီး ကောင်းကင်ပေါ်ရှိ လခြမ်းလေးကို ငေးကြည့်နေသည်။ သူ၏ ကျောပြင်ရှိ ဒဏ်ရာများ လုံးဝ မပျောက်သေးသောကြောင့် လှဲချလိုက်ချိန်တွင် နာကျင်မှုကြောင့် အနည်းငယ် တွန့်လိမ်သွား၏။
“ယွင်ကျုံးဟဲ့... မြို့စားကြီး ကျင်းအဲ့ အချစ်ဆုံး မိန်းမက ဘယ်သူလို့ ထင်လဲ။” ယန်ဖြန်ရှန်က မေးလိုက်သည်။
ယွင်ကျုံးဟဲ့က ဖြေလိုက်၏။ “အန်းရူရှန်”
ယန်ဖြန်ရှန်က ခေါင်းညိတ်လိုက်သည်။ “ကျုပ်လည်း အဲဒီလိုပဲ ထင်တယ်။ သူက အမြဲတမ်း ငါ့ရဲ့ လမင်းလို့ ပြောခဲ့တာလေ။ အန်းရူရှန်က သူ့ရဲ့ လမင်းပဲ။”
ယွင်ကျုံးဟဲ့က မေးလိုက်၏။ “ခင်ဗျား ဘာလို့ အဲဒီလို လုပ်ခဲ့တာလဲ။”
ယန်ဖြန်ရှန်က ပြန်မေးလိုက်သည်။ “ခင်ဗျားအတွက် နှစ်ကြိမ်တိုင်တိုင် ဒဏ်ရာ အရခံတာကို ပြောတာလား။ ပထမ တစ်ကြိမ်က ခင်ဗျားအတွက် မြားအပစ်ခံခဲ့တာ၊ ဒုတိယ တစ်ကြိမ်က ခင်ဗျားအစား ဓားအခုတ် ခံခဲ့တာလေ။”
ယွင်ကျုံးဟဲ့က ခေါင်းညိတ်လိုက်၏။ “ဟုတ်တယ်။”
ယန်ဖြန်ရှန် အတန်ကြာ တိတ်ဆိတ်သွားပြီးနောက် ပြန်မေးလိုက်သည်။ “ဘာအကြောင်းကြောင့်လို့ ထင်လဲ။”
ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “ကျုပ်ရဲ့ ယုံကြည်မှုကို ပိုရဖို့တော့ မဟုတ်လောက်ဘူး။ ဘာလို့လဲဆိုတော့ ခင်ဗျားက ကျုပ်အတွက် ဘာတန်ဖိုးမှ မရှိဘူး။ ကျုပ်က ခင်ဗျားကို ဘယ်လောက်ပဲ ယုံကြည်ယုံကြည်၊ ဘာလျှို့ဝှက်ချက်ကိုမှ ပြောပြမှာ မဟုတ်ဘူးလေ။”
ယန်ဖြန်ရှန်က ခေါင်းခါလိုက်သည်။ “ခင်ဗျားက ကျုပ်ကို လျှို့ဝှက်ချက်တွေ ပြောပြစရာ မလိုပါဘူး။ ခင်ဗျား လမင်းလေးကို ပြောပြရင် ရပြီလေ။ ခင်ဗျား စကားတစ်ခွန်း ကြားဖူးလား။ လူတစ်ယောက်က တစ်ခုခုကို လိုချင်တယ်၊ ပြီးတော့ အများကြီး လိုချင်တယ်ဆိုရင်၊ သူက အရင်ဆုံး တစ်ခုခုကို ပေးဆပ်ရမယ်။ ဒါမှ နောင်တစ်ချိန် ပြန်တောင်းတဲ့ အခါကျရင် စိတ်သက်သာရာ ရမှာ။”
ချက်ချင်းပဲ ယွင်ကျုံးဟဲ့ မထိန်းနိုင်ဘဲ ရယ်မောလိုက်မိ၏။
ယန်ဖြန်ရှန်က မေးလိုက်သည်။ “အဲဒီလောက်တောင် ရယ်စရာ ကောင်းနေလို့လား။”
ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “ကျုပ် စကားလုံး တစ်လုံးကို သွားသတိရလို့ပါ။”
“ဘာလဲ။”
ယွင်ကျုံးဟဲ့က ဖြေလိုက်သည်။ “ခင်ဗျား ကြားဖူးမှာ မဟုတ်ဘူး။ မမျှော်လင့်ထားတဲ့ ဥပဒေသ လို့ခေါ်တယ်။”
ဤကမ္ဘာက လူများက ဤစကားလုံးကို တကယ်ပဲ ကြားဖူးမှာ မဟုတ်ချေ။ ဤစကားက “The Witcher” (မကောင်းဆိုးဝါး မုဆိုး) ဇာတ်လမ်းတွဲ ထဲက စကားလုံး ဖြစ်သောကြောင့်ပင်။
မကောင်းဆိုးဝါး မုဆိုး တစ်ယောက်က လူတစ်ယောက်၏ အသက်ကို ကယ်တင်ပေးလိုက်ချိန်မှာတော့ ထိုလူက တန်ကြေးတစ်ခု ပြန်ပေးရ၏။ ထိုအရာက သူ ပိုင်ဆိုင်ထားပြီးသား ဖြစ်သော်ငြား သူ ကိုယ်တိုင် မသိသေးသည့် အရာ တစ်ခု ဖြစ်ရပေမည်။ များသောအားဖြင့် ထိုအရာက မမွေးသေးသည့် ကလေးလေး ဖြစ်နေတတ်သည်။
ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “ခင်ဗျားက အဲဒီလို လူမျိုး မဟုတ်ပါဘူး။ ခင်ဗျားက ကျုပ်ကို ထောင်ချောက်ဆင်မယ်၊ အသုံးချမယ်၊ ဒုက္ခပေးမယ်ဆိုရင် ကယ်တင်ပေးဖို့ မလိုပါဘူး။”
ယန်ဖြန်ရှန်က ခေါင်းညိတ်လိုက်သည်။ “ဟုတ်တယ်... ကျုပ် မလိုဘူး။ ကျုပ် ဒီလို လုပ်ခဲ့တာက ခင်ဗျားအတွက် မဟုတ်ဘူး။ လမင်းလေးအတွက် လုပ်ခဲ့တာပဲ။”
ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “ကျုပ် နားလည်ပြီ။”
ကျင်းကျုံးယွဲ့၏ ယွင်ကျုံးဟဲ့ အပေါ် ထားသည့် အချစ်က တဖြည်းဖြည်း နက်ရှိုင်းလာတာနှင့်အမျှ သူမ၏ နှလုံးသားက ပိုပိုပြီး ရုန်းကန်လာရသည်။ ထို့ကြောင့် ချိန်ခွင်လျှာက ယွင်ကျုံးဟဲ့ ဘက်ကို တဖြည်းဖြည်း ယိမ်းယိုင်လာပြီး သူမက ယန်ဖြန်ရှန်၏ အလိုကို စတင် ဆန့်ကျင်လာခဲ့သည်။
ထို့ကြောင့် သူမက ပိုပြီး အဆိုးမြင်လာပြီး လေခွင်းမြို့ အစီအစဉ်ကိုလည်း သိပ်ဂရုမစိုက်တော့ဘဲ ဤအရာ အားလုံးကနေ ထွက်ပြေးပြီး ဓားပြ လုပ်ဖို့ပဲ စဉ်းစားနေခဲ့ခြင်းပင်။
ဤအချိန်မှာ ယန်ဖြန်ရှန်က ကျင်းကျုံးယွဲ့၏ သူ့အပေါ်ထားရှိသော သံယောဇဉ်ကို ပြန်လည် နိုးကြားလာအောင် လုပ်ဆောင်ရပေမည်။ ထိုမှသာ ကျင်းကျုံးယွဲ့၏ နှလုံးသားချိန်ခွင်လျှာက သူ့ဘက်သို့ ပြန်လည်ယိမ်းယိုင်လာမှာ ဖြစ်၏။
ထို့ကြောင့် ယန်ဖြန်ရှန်က ယွင်ကျုံးဟဲ့ကို နှစ်ကြိမ်တိုင်တိုင် ကယ်တင်ခဲ့၏။ ဒုတိယအကြိမ်မှာဆိုလျှင် သူ၏ အသက် တစ်ဝက်လောက်ကိုတောင် ပေးဆပ်ခဲ့ရပေသည်။ ကျင်းကျုံးယွဲ့က သူ့ကို တစ်ဦးတည်းသော ဆွေမျိုးအဖြစ် သတ်မှတ်ထားသဖြင့် သေချာပေါက် ရင်နာပြီး သနားပေလိမ့်မည်။
ထို့အပြင် ယန်ဖြန်ရှန် ကယ်တင်ခဲ့သည်မှာ ယွင်ကျုံးဟဲ့၏ အသက်ဖြစ်နေသောကြောင့် ကျင်းကျုံးယွဲ့၏ စိတ်ထဲတွင် ယွင်ကျုံးဟဲ့က ယန်ဖြန်ရှန်အပေါ် အကြွေးတင်နေသည်ဟု ခံစားရစေသည်။ ထို့ကြောင့် ယွင်ကျုံးဟဲ့ကို လှည့်စားခဲ့လျှင်တောင် ပြန်ပေးဆပ်ပြီးပြီဟု ခံစားရစေမှာ ဖြစ်၏။
ထို့ကြောင့် ယန်ဖြန်ရှန်က အနာဂတ်အတွက် ကြိုတင်ပေးဆပ်ထားသည်ဟု ပြောခြင်းပင်။ သို့သော်ငြား သူက မိမိကိုယ်တိုင်အတွက် ပေးဆပ်တာမျိုးမဟုတ်ဘဲ ကျင်းကျုံးယွဲ့အတွက် ပေးဆပ်ပေးခဲ့ခြင်းသာ ဖြစ်ပေသည်။
“ယွင်ကျုံးဟဲ့... ခင်ဗျား ယုံသည် ဖြစ်စေ၊ မယုံသည် ဖြစ်စေ၊ အရင်တုန်းက ကျုပ် ခင်ဗျားကို ပြောခဲ့တဲ့ စကားတွေ အားလုံးကို တစ်ခါမှ မလိမ်ခဲ့ဘူး။” ယန်ဖြန်ရှန်က ပြောလိုက်၏။
အရင်တုန်းက ယန်ဖြန်ရှန် ယွင်ကျုံးဟဲ့ကို ဘာတွေ ပြောခဲ့သနည်း။ အများကြီး ပြောခဲ့သည်။
ဥပမာအားဖြင့် သူသေတော့မည့်အချိန်မှာ ကယ်တင်ခြင်းခံခဲ့ရသည်။ ထိုကယ်တင်ရှင်မှာ ငယ်ငယ်လေး ရှိသေးသည့် ကျင်းကျုံးယွဲ့ပင် ဖြစ်သည်ဟု ပြောခဲ့၏။
ထို့နောက် သူက တစ်နေ့သူတောင်းစားဖြစ်လျှင် တစ်သက်လုံး သူတောင်းစားပင် ဖြစ်မည်။ ထို့အပြင် သူသည် ဤဘဝတွင် လူတစ်ယောက်တည်းကို ကာကွယ်ပေးချင်သည်ဟု ပြောသည်။
သူက မြေကြီးပေါ်လှဲအိပ်မှပဲ အိပ်ပျော်၏။ ကုတင်ပေါ်လှဲအိပ်လျှင်မူ အိပ်မပျော်နိုင်ပေ။ ဤစကားများ အားလုံးက အမှန်တွေချည်း ဖြစ်၏။
“ယွင်ကျုံးဟဲ့... ဒီကမ္ဘာပေါ်မှာ မိစ္ဆာတွေ ရှိတယ်လို့ ခင်ဗျား ထင်လား။” ယန်ဖြန်ရှန်က မေးလိုက်သည်။
ယွင်ကျုံးဟဲ့က ခေါင်းညိတ်လိုက်၏။ “ရှိတယ်... သေချာပေါက် ရှိတယ်။ ဒါပေမဲ့ အဲဒီ မိစ္ဆာရဲ့ နောက်ကွယ်မှာ လူတစ်ယောက် အတွက်တော့ နတ်သား ဖြစ်နေတဲ့ နောက်ထပ် မျက်နှာ တစ်ခု သေချာပေါက် ရှိနေမှာပဲ။”
ယန်ဖြန်ရှန်က မေးလိုက်သည်။ “ဒါက ဘာလို့လဲလို့ ခင်ဗျား ထင်လဲ။”
ယွင်ကျုံးဟဲ့က ဖြေလိုက်၏။ “လူအများစုက သာမန်တွေပဲ။ သူတို့ရဲ့ အချစ်နဲ့ အမုန်းတွေကလည်း သာမန်ပဲ။ သူတို့က လူအများကြီးကို တပြိုင်နက်တည်း ချစ်နိုင်သလို၊ လူအများကြီးကိုလည်း တပြိုင်နက်တည်း မုန်းနိုင်တယ်။ ဒါကြောင့် သူတို့ရဲ့ ခံစားချက်တွေက သာမန်ဖြစ်ပြီး ရိုးရှင်းတယ်။
ဒါပေမဲ့ လူတစ်မျိုး ရှိတယ်။ သူတို့က အရူး တစ်ယောက်လိုပဲ။ ပုံမှန် မဟုတ်ဘူး။ သူတို့က အလှပဆုံး ခံစားချက် အားလုံးကို လူတစ်ယောက်တည်း အပေါ်မှာပဲ ပုံချထားတတ်တယ်။ ပြီးတော့ အဆိုးရွားဆုံး အရာတွေ၊ အမှောင်မိုက်ဆုံး အရာတွေကိုကျတော့ တစ်ကမ္ဘာလုံး အပေါ် ပုံချလိုက်တယ်။ အဲဒီလိုနဲ့ သူက မိစ္ဆာ တစ်ကောင် ဖြစ်သွားတော့တာပဲ။”
ယန်ဖြန်ရှန်က စိတ်ဝင်တစားဖြင့် မေးလိုက်သည်။ “တစ်သက်လုံး လူတစ်ယောက်တည်းကိုပဲ ချစ်ပြီး၊ လူတစ်ယောက်တည်း အပေါ်မှာပဲ ကောင်းတာက ပုံမှန် မဟုတ်ဘူးလား။”
“ပုံမှန် မဟုတ်ဘူး။”
ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “ပုံမှန် လူတွေက သာမန်တွေပဲ။ တစ်သက်လုံးမှာ လူအများကြီးကို ချစ်မိတတ်ကြတယ်။ သူတို့ တစ်ယောက်တည်း အပေါ်မှာပဲ သစ္စာရှိတာက တာဝန်ယူစိတ်ကြောင့်ပဲ။ နောက်ပြီး လူတစ်ယောက်နဲ့ သံယောဇဉ် အရမ်း နက်ရှိုင်းသွားလို့ မနာကျင်စေချင်လို့ပဲ။”
ထို့နောက် ယွင်ကျုံးဟဲ့က ဆက်မေးလိုက်သည်။ “ဒါနဲ့... ခင်ဗျားတို့ လွန်ခဲ့တဲ့ နှစ်အနည်းငယ်တည်းက ဒီနေ့ ဖြစ်လာမယ့် အရာတွေကို ကြိုတွေးထားခဲ့ပြီး ဒီထောင်ချောက်ကြီးကို ဆင်ထားခဲ့တာလား။”
ယန်ဖြန်ရှန်က ခေါင်းခါလိုက်သည်။ “လုံးဝတော့ မဟုတ်ပါဘူး။ လမင်းလေးရဲ့ လေခွင်းမြို့စား ရာထူးကို အသုံးချပြီး တာယင်အင်ပါယာကို ဆွဲဆောင်ဖို့။ နုဧကရာဇ်ရဲ့ မြေအောက် သင်္ချိုင်းဂူကို အသုံးချပြီး တာယင်အင်ပါယာရဲ့ တပ်တော်ကို သတ်ဖြတ်ကာ ဒီစစ်ပွဲကို အနိုင်ယူဖို့ ကတော့ ရှင်းလင်းတဲ့ ရည်မှန်းချက်ပဲ။ အရာအားလုံးက ဒီရည်မှန်းချက် အတွက်ပဲ လုပ်ဆောင်ရမှာ။
ဒါပေမဲ့ ကြားထဲက ဖြစ်စဉ်တွေမှာတော့ အခြေအနေအရ လိုက်ပြောင်းလဲရတာပေါ့။ ပြီးတော့ ကျုပ်တို့ ဆွဲဆောင်မိတဲ့ သူလျှိုက ခင်ဗျား ဖြစ်နေလိမ့်မယ်လို့ ကျုပ်တို့ မထင်ထားခဲ့ဘူး။ ခင်ဗျားက အရမ်းကို အောင်မြင်အောင် လုပ်ဆောင်နိုင်ခဲ့တယ်။
ကျုပ်တို့ မျှော်လင့်ထားတဲ့ အကောင်းဆုံး အခြေအနေထက်တောင် ပိုကောင်းနေသေးတယ်။ ကျုပ်တို့မှာ ဒီလောက် ခမ်းနားတဲ့ အောင်ပွဲ ရလိုက်တာက လုံးဝ ခင်ဗျားရဲ့ ပေးဆပ်မှုနဲ့ ခင်ဗျားရဲ့ ဉာဏ်ပညာ ကြီးမားမှု ကျေးဇူးကြောင့်ပါပဲ။”
သူ၏ စကားက လှောင်ပြောင်နေခြင်း မဟုတ်သော်လည်း နားထောင်ရသည်မှာ အလွန် ခနဲ့တဲ့တဲ့ နိုင်လှ၏။
ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “ကျင်းကျုံးယွဲ့က လေခွင်းမြို့စား ဖြစ်နေပြီလေ။ ဘာလို့ ခင်ဗျားတို့ ဒီအချက်ကို အသုံးချပြီး တပ်တော်ကြီးကို လေခွင်းမြို့ထဲ တိုက်ရိုက် သွင်းကာ ပိုင်ရှင်မဲ့ နယ်မြေရဲ့ အချက်အချာ အကျဆုံး နေရာကို မသိမ်းပိုက်လိုက်တာလဲ။ ဒီလိုဆိုရင် ခင်ဗျားတို့ တစ်ဝက် နိုင်နေပြီပဲ။”
ယန်ဖြန်ရှန်က ခေါင်းခါလိုက်၏။ “အဲဒါက အရမ်း ရိုးရှင်းလွန်းတယ်။ ကျုပ် အဲဒီလို ရိုးရှင်းတဲ့ အကြံအစည်မျိုးကို အမုန်းဆုံးပဲ။ ဒီ နုဧကရာဇ်ရဲ့ မြေအောက် သင်္ချိုင်းဂူကို မတွေ့ခဲ့ဘူး ဆိုရင်တော့ ထားလိုက်ပါတော့။ ဒီလောက် ကောင်းတဲ့ နေရာကြီးကို တွေ့ထားမှတော့ လူသိန်းနဲ့ချီ မသတ်ရရင် လွန်ခဲ့တဲ့ နှစ်တစ်ထောင်က တာရှအင်ပါယာ ပြည်သူတွေရဲ့ သွေးနဲ့ ချွေးတွေကို အားနာစရာ ဖြစ်သွားမှာပေါ့။
ကျုပ်ရဲ့ အကြံအစည်က ဘယ်လိုလုပ် ဒီလောက် သေးငယ်တဲ့ ရည်မှန်းချက်လေး တစ်ခုတည်းကိုပဲ ပြီးမြောက်အောင် လုပ်မှာလဲ။ ကျုပ် လိုချင်တာက မြားတစ်စင်းနဲ့ ငှက်သုံးကောင် ပစ်ဖို့ပဲ။”
ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “ပထမ တစ်ကောင်က လေခွင်းမြို့ကို ထိန်းချုပ်ဖို့။ ဘာလို့လဲဆိုတော့ ခင်ဗျားရဲ့ ထူးဆန်းတဲ့ အကြံအစည်အရဆိုရင် ဒီ လေခွင်းမြို့က ခင်ဗျားတို့ လက်ထဲမှာပဲ ရှိနေတုန်းပဲလေ။ တာယင်အင်ပါယာကို ဟန်ဆောင်ပေးလိုက်ရုံ သက်သက်ပဲ။
ဒုတိယ တစ်ကောင်က တာယင်အင်ပါယာရဲ့ စစ်သည် တစ်သိန်းကို သတ်ဖို့။ တတိယ တစ်ကောင်က ကျုပ် လက်ကို ငှားပြီး၊ တာယင်အင်ပါယာရဲ့ လက်ကို ငှားပြီး ထန်ထိုင်မိသားစုရဲ့ အဓိက တပ်တွေကို ချေမှုန်းဖို့။ ပိုင်ရှင်မဲ့ နယ်မြေက မြို့စားတွေရဲ့ မဟာမိတ် တပ်တွေကို ချေမှုန်းဖို့ မဟုတ်လား။”
.................
အပိုင်း (၁၈၂)
“ဖြောင်း.. ဖြောင်း.. ဖြောင်း”
ယန်ဖြန်ရှန် လက်ခုပ်တီးလိုက်ကာ ပြောလိုက်၏။ “ခင်ဗျား နောက်ဆုံးတော့ ပိုမြင့်တဲ့ နေရာကနေ ပြဿနာကို ကြည့်တတ်လာပြီပဲ။ ကျုပ်တို့ တောင်ပိုင်းကျိုးအင်ပါယာက ပိုင်ရှင်မဲ့ နယ်မြေကို သိမ်းပိုက်ဖို့ဆိုရင် ရင်ဆိုင်ရမယ့် ရန်သူက တာယင်အင်ပါယာ တစ်ခုတည်း မဟုတ်ဘူး။ ပိုင်ရှင်မဲ့ နယ်မြေက ရည်မှန်းချက် ကြီးမားတဲ့ မြို့စားတွေလည်း ပါသေးတယ်။
ဒါပေမဲ့ ကျုပ်တို့က တိုက်ရိုက် တပ်လွှတ်ပြီး သွားတိုက်ရင် အကျိုးမရှိတဲ့အပြင် တာယင်အင်ပါယာရဲ့ အခွင့်ကောင်းယူတာ ခံရနိုင်တယ်။ ဒါကြောင့် ခင်ဗျားရဲ့ လက်ကို ငှားပြီး သူတို့ကို အမြစ်ပြတ် ရှင်းလင်းပစ်လိုက်တာ။ ဒီလိုဆိုရင် ကျုပ်တို့ ပိုင်ရှင်မဲ့ နယ်မြေကို သိမ်းပိုက်ရတာ အများကြီး ပိုလွယ်သွားပြီပေါ့။”
တကယ့်ကို ယုတ်မာလွန်းလှ၏။ သူတစ်ပါး လက်ကို ငှားပြီး လူသတ်သော အကြံအစည်ပင်။
ယန်ဖြန်ရှန်က ပြောလိုက်၏။ “ထန်ထိုင်မြဲ့မင် ဆိုတဲ့ လူကို ခင်ဗျားတို့ တာယင်အင်ပါယာလည်း မကြိုက်ဘူး၊ ကျုပ်တို့ တောင်ပိုင်းကျိုးအင်ပါယာလည်း မကြိုက်ဘူး။ ရည်မှန်းချက် အရမ်းကြီးပြီး အရမ်းလည်း တော်တယ်။ သူ့လက်ထဲမှာ တပ်တွေ အများကြီး ရှိတယ်။ သူက ကျုပ်တို့ ပိုင်ရှင်မဲ့ နယ်မြေကို အပြည့်အဝ သိမ်းပိုက်ဖို့ အကြီးမားဆုံး အဟန့်အတားပဲ။
ဒါပေမဲ့ ခင်ဗျားက ဒီလောက်တောင် စွမ်းဆောင်နိုင်ပြီး သူတို့ကို တစ်ချက်တည်းနဲ့ အကုန် ချေမှုန်းပစ် နိုင်လိမ့်မယ်လို့ ကျုပ် မထင်ထားခဲ့ဘူး။ တကယ်ကို အံ့သြစရာပဲ။ အခု ထန်ထိုင်မြဲ့မင် ဘယ်လောက်တောင် စကားနားထောင်လဲ။ ခွေးတစ်ကောင်လို လိမ္မာနေတာပဲ။
သူ စကားနားထောင်သွားတော့ ပိုင်ရှင်မဲ့ နယ်မြေက မြို့စားတွေ အားလုံးလည်း စကားနားထောင်သွားပြီ။ တာယင်အင်ပါယာရဲ့ တပ်တော်ကို ချေမှုန်းပြီးတာနဲ့ ကျုပ်တို့ ဘာအားစိုက်ထုတ်မှုမှ မလိုဘဲ ပိုင်ရှင်မဲ့ နယ်မြေ တစ်ခုလုံးကို သိမ်းပိုက်နိုင်ပြီ။ ဒါက တကယ်ပဲ ခင်ဗျားကို ကျေးဇူးတင်ရမယ်။ ခင်ဗျားက အကြီးမားဆုံး အကျိုးပြုခဲ့တာပဲ။”
ယန်ဖြန်ရှန်က မချီးကျူးဘဲ မနေနိုင်အောင် ဖြစ်သွားကာ ဆက်ပြောလိုက်သည်။ “ယွင်ကျုံးဟဲ့... ကျုပ်နဲ့ အိမ်ရှေ့စံမင်းသားက ခင်ဗျားကို ဘယ်လောက်တောင် သဘောကျလဲ ဆိုတာ ခင်ဗျားလုံးဝ သိမှာ မဟုတ်ဘူး။ နင်ချင်းကို အောင်နိုင်ခဲ့တဲ့ အချိန်ကစပြီး ခင်ဗျားရဲ့ လုပ်ဆောင်ချက်တွေက အရမ်းကို အံ့မခန်း ဖြစ်ခဲ့တာ။ လုံးဝကို မယုံနိုင်လောက်အောင် အံ့မခန်း ဖြစ်ခဲ့တာလေ။”
ယန်ဖြန်ရှန်က မေးလိုက်၏။ “ယွင်ကျုံးဟဲ့... ပိုင်ယင်မြို့ အဖြစ်ဆိုးကြီးရဲ့ နောက်ကွယ်က ကြိုးကိုင်သူက ထန်ထိုင်မြဲ့မင်၊ အစီအစဉ် ဆွဲသူက မော့ချို။ ဒါပေမဲ့ တကယ်တမ်း ဖြစ်လာအောင် လုပ်ခဲ့သူက ဘယ်သူလဲ ဆိုတာ ခင်ဗျား သိလား။”
ယွင်ကျုံးဟဲ့က ပြန်မေးလိုက်သည်။ “ခင်ဗျားလား။”
ယန်ဖြန်ရှန်က ခေါင်းညိတ်လိုက်၏။ “ဟုတ်တယ်။ ကျုပ်ကိုယ်တိုင်ပဲ။ ကျုပ်တို့က လေခွင်းမြို့မှာ ပြဿနာ တစ်ခု ဖန်တီးဖို့ လိုအပ်တယ်။ အဲဒါလည်း အသက်အန္တရာယ် ရှိတဲ့ ပြဿနာ၊ ကယ်တင်လို့ မရတဲ့ ပြဿနာ ဖြစ်ရမယ်။ ဒါမှ လေခွင်းမြို့က တာယင်အင်ပါယာဆီ ခိုလှုံဖို့ လုံလောက်တဲ့ အကြောင်းပြချက် ရှိလာမှာ။
ဒီလိုအခြေအနေရောက်မှ ပိုင်ရှင်မဲ့ နယ်မြေရဲ့ ဘုံရန်သူ ဖြစ်လာမှာ။ ဒါမှလည်း ထန်ထိုင်မြဲ့မင်က မြို့စားတွေရဲ့ မဟာမိတ်တပ်တွေကို စုရုံးပြီး လေခွင်းမြို့ကို လာတိုက်အောင် ဆွဲဆောင်နိုင်မှာ။ အဲလို အခြေအနေရောက်မှ သူတို့ကို တစ်ခါတည်း အမြစ်ပြတ် ရှင်းလင်းပစ်နိုင်မှာလေ။
ဒါပေမဲ့ ယွင်ကျုံးဟဲ့... ခင်ဗျားက ခင်ဗျား တစ်ယောက်တည်းအားနဲ့ ပြဿနာ အားလုံးကို လုံးဝ ဖြေရှင်းနိုင်ခဲ့လိမ့်မယ်လို့ ကျုပ်တို့ တကယ် မထင်ထားခဲ့ဘူး။ တကယ့်ကို အံ့မခန်း ဖြစ်ခဲ့ရတယ်။”
ဤစကားကို ကြားချိန်မှာတော့ ယွင်ကျုံးဟဲ့ သဘောပေါက်သွားသည်။ ထန်ထိုင်မြဲ့မင် အတွက် ဖရိုဖရဲ ဖြစ်မှုက လှေကားတစ်ခု ဖြစ်သလို၊ တောင်ပိုင်းကျိုးအင်ပါယာမှ ယန်ဖြန်ရှန်လို ဉာဏ်ပညာ ကြီးမားသည့် လူအတွက်လည်း ဖရိုဖရဲ ဖြစ်မှုက လှေကား တစ်ခု ဖြစ်နေခြင်းပင်။
ယန်ဖြန်ရှန်က ဆက်ပြော၏။ “ခင်ဗျား သိလား။ ဒီပြဿနာတွေကို ရင်ဆိုင်ရတဲ့အချိန် ကျုပ်တို့ ခင်ဗျားကို ကူညီဖို့ နည်းလမ်းပေါင်းစုံ ပြင်ဆင်ထားခဲ့တယ်။ ဒါပေမဲ့ ကျုပ်တို့ အကူအညီ လုံးဝ မလိုဘဲ ခင်ဗျား တစ်ယောက်တည်း အားနဲ့ ဒီပြဿနာတွေကို ဖြေရှင်းသွားလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ တကယ် အရမ်း တော်လွန်းတယ်။”
ယွင်ကျုံးဟဲ့က ဖြစ်ပျက်သမျှ အရာအားလုံးကို နားလည်သွားတော့သည်။ “ဒါကြောင့် နုဧကရာဇ်ရဲ့ မြေအောက် သင်္ချိုင်းဂူ ရှေ့က ပြဒါးကန် တစ်ဝက်ကို သုံးပြီး မြေပြိုကျအောင် လုပ်ကာ ထန်ထိုင်မိသားစုရဲ့ မဟာမိတ်စစ်သည် ရှစ်သောင်းကို သတ်ပစ်ခဲ့တာက ခင်ဗျားတို့ ကြိုတင် သတ်မှတ်ထားတဲ့ အတိုင်း ဖြစ်သွားခဲ့တာပေါ့။”
ယန်ဖြန်ရှန်က ခေါင်းညိတ်လိုက်၏။ “ဟုတ်တယ်။ ဒါပေမဲ့ ခင်ဗျားက ကမ္ဘာပေါ်မှာ အံ့သြစရာ အကောင်းဆုံး လမင်းမီးကို တီထွင်ပြီး အဲဒီ ကျောက်တိုင်တွေကို ဖောက်ခွဲပစ်လိမ့်မယ်လို့ ကျုပ်တို့ မထင်ထားခဲ့ဘူး။ ကျုပ်တို့မှာလည်း အဲဒီ ကျောက်တိုင်တွေကို ဖြိုချပြီး မြေပြိုကျအောင် လုပ်ဖို့၊ မဟာမိတ်တပ်တွေကို သတ်ပစ်ဖို့ နည်းလမ်း ရှိပါတယ်။ ရလဒ်ကတော့ အတူတူပါပဲ။
ဒါပေမဲ့ ခင်ဗျားရဲ့ လမင်းမီး ဖောက်ခွဲမှုလောက်တော့ မအံ့မခန်း ဖြစ်မှာ မဟုတ်ဘူး။ တကယ်ကို အံ့မခန်းပါပဲ။ ပြီးတော့ အဲဒါက ခင်ဗျား လမင်းလေးကို ပေးတဲ့ လက်ဆောင် ဆိုတော့ သူက ကျုပ်ကိုတောင် ဖော်မြူလာကို မပြောပြဘူး။ ဒါက ခင်ဗျား သူ့ကို ပေးတဲ့ တစ်ခုတည်းသော လက်ဆောင်မို့လို့ ဘယ်သူ့ကိုမှ မပြောပြနိုင်ဘူးတဲ့”
ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “ကျုပ်က စစ်သည် ရှစ်သောင်းကို သတ်ပစ်လိုက်နိုင်လို့၊ ထန်ထိုင်မိသားစုရဲ့ မဟာမိတ်စစ်သည် တစ်သိန်းကို အကုန် ချေမှုန်းပစ်နိုင်လို့ ဂုဏ်ယူဝင့်ကြွားနေခဲ့တာ။ ဒါပေမဲ့ အဲဒါက ခင်ဗျား အတွက် အကျိုးရှိသွားစေတာကို မသိခဲ့ဘူး။ အဲဒီတုန်းက ခင်ဗျား ကျုပ်ကို ကြည့်ပြီး အရူး တစ်ယောက်လို ထင်နေမှာပေါ့။ ဟုတ်ရဲ့လား။”
“နည်းနည်းပါ... နည်းနည်းလေးပါ။”
ယန်ဖြန်ရှန်က ပြောလိုက်၏။ “အချိန်ကျလောက်ပြီလေ။ ဘာလို့ ကောင်းကင်ပေါ်မှာ မီးရှူးမီးပန်းတွေ မတွေ့ရသေးတာလဲ။”
……………
လေခွင်းမြို့အတွင်း
တစ်နာရီ ကြာသွားပြီဖြစ်ရာ မြေအောက် သင်္ချိုင်းဂူ အတွင်းရှိ စစ်သည် တစ်သိန်းလုံး လုံးဝ သေဆုံးသွားသင့်ပြီ ဖြစ်သည်။
“သွားကြည့်စမ်း။”
“ကောင်းပါပြီ။”
နုဧကရာဇ် သင်္ချိုင်းဂူ အမိုးပေါ်မှ ပိတ်ဆို့ထားသော အပေါက်များ ပွင့်လာ၏။
တောင်ပိုင်းကျိုးအင်ပါယာ ဟေးပင်းထိုင်မှ သူလျှိုအချို့က ခါးတွင် ကြိုးချည်ကာ ဖြည်းညင်းစွာ အောက်သို့ ဆင်းသွားကြသည်။
ယခုအချိန်တွင် မြေအောက် သင်္ချိုင်းဂူ တစ်ခုလုံး၌ အောက်ဆီဂျင်အားလုံး ကုန်ခမ်းနေပြီဖြစ်ပြီး လောင်ကျွမ်းပြီးနောက် ထွက်လာသော ကာဗွန်မိုနောက်ဆိုဒ်၊ ကာဗွန်ဒိုင်အောက်ဆိုဒ်၊ ဆာလဖာဒိုင် အောက်ဆိုဒ် အစရှိသော အဆိပ်ငွေ့များသာ ပြည့်နှက်နေ၏။
ထို့အပြင် ယခုအချိန်က ညဘက်ဖြစ်ရာ အတွင်း၌ လုံးဝ အမှောင်အတိ ကျနေပြီး လက်ဖြန့်လျှင်တောင် မမြင်ရပေ။
“မီးတုတ် ပစ်ချလိုက်။” အမိန့်ပေးသံနှင့်အတူ မီးတုတ် ဆယ်ချောင်းခန့် အောက်သို့ ပစ်ချခံလိုက်ရသည်။ အတွင်း၌ အောက်ဆီဂျင် မရှိသောကြောင့် ချက်ချင်း ငြိမ်းသွား၏။
သို့သော်ငြား မီးလင်းသွားသော တစ်စက္ကန့် အတွင်းမှာပဲ နေရာအနှံ့ ပြန့်ကျဲနေသော အလောင်းများကို ရှင်းလင်းစွာ မြင်လိုက်ရသည်။
ပုံပျက်ပန်းပျက် ဖြစ်နေသော အလောင်းများ၊ နာကျင်စွာ သေဆုံးသွားသော အလောင်းများ၊ သွေးသံရဲရဲ ဖြစ်နေသော အလောင်းများ မရေမတွက်နိုင်အောင် များပြားလှပြီး ရှုပ်ယှက်ခတ်နေ၏။
မကြာမီ မီးတုတ်များ အားလုံး ငြိမ်းသွားပြီး အောက်သို့ ဆင်းသွားသော တောင်ပိုင်းကျိုး ဟေးပင်းထိုင် သူလျှိုများလည်း မကြာမီ အသက်ရှူကြပ်လာ၏။ အဆိပ်ငွေ့ကာ မျက်နှာဖုံးများ တပ်ဆင်ထားသော်လည်း ကာဗွန်မိုနောက်ဆိုဒ်များက နှာခေါင်းနှင့် ပါးစပ် အတွင်းသို့ ဝင်ရောက်လာသောကြောင့် မူးဝေလာကာ အိပ်ပျော်ချင်လာကြသည်။
“ဆွဲတင်... ဆွဲတင်...”
လူအများအပြားက အားကုန်သုံးကာ ထိုဟေးပင်းထိုင် သူလျှိုများကို အပေါ်သို့ ဆွဲတင်လိုက်ကြ၏။ မြေပြင်ပေါ်သို့ ရောက်ချိန်မှာတော့ ထိုသူများ အားလုံး သတိလစ်နေကြပြီ ဖြစ်သည်။ သမားတော် အချို့ ရှေ့တိုးလာကာ သူတို့ကို သတိပြန်လည်လာအောင် ကုသပေးကြ၏။
“ဘယ်လိုလဲ... အောက်က အခြေအနေ ဘယ်လို ရှိလဲ။”
“အကုန် သေသွားပြီ။ နေရာတိုင်းမှာ အလောင်းတွေချည်းပဲ၊ မရေမတွက်နိုင်အောင် များတယ်။ အရမ်းကို သနားစရာ ကောင်းအောင် သေသွားကြတာပဲ။”
တောင်ပိုင်းကျိုး ဟေးပင်းထိုင် သူလျှိုများက တစ်သံတည်း ပြန်ဖြေလိုက်ကြသည်။ “တကယ်ကို ရက်စက် ကြမ်းကြုတ်တဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကြီးပဲ။ နာရီဝက်တောင် မကြာဘူး၊ လူတစ်သိန်းလုံးကို အကုန် သတ်ပစ်လိုက်တာ။ အရမ်း ရက်စက်တယ်... အရမ်း ရက်စက်တဲ့ လူသတ်မှုကြီးပဲ။”
မိန်းမစိုးအိုကြီးက ပြုံးစိစိဖြင့် ပြောလိုက်၏။ “ဒီသတင်းကောင်းကို အိမ်ရှေ့စံမင်းသားဆီ မြန်မြန် သွားပို့ရမယ်။”
ထို့နောက် မိန်းမစိုးအိုကြီးသည် ခြေဖျားထောက်ကာ မြန်ဆန်သော အရှိန်ဖြင့် ပြေးသွားပြီး အိမ်ရှေ့စံမင်းသား ကျိုးလီ၏ အခန်း အပြင်ဘက်သို့ ရောက်လာသည်။
ကျိုးလီသည် သူတစ်ယောက်တည်း စစ်တုရင် ကစားနေဆဲ ဖြစ်၏။
“အိမ်ရှေ့စံမင်းသား... အောင်မြင်သွားပါပြီ။ မြေအောက် သင်္ချိုင်းဂူထဲမှာ အလောင်းတွေ နေရာအနှံ့ပဲ၊ မရေမတွက်နိုင်အောင် များပါတယ်။” မိန်းမစိုးအိုကြီးက ပြောလိုက်သည်။
အိမ်ရှေ့စံမင်းသား ကျိုးလီက တည်ငြိမ်စွာ ပြောလိုက်၏။ “သိပြီ။ သခင်ကြီး ယန်ဖြန်ရှန်ဆီ အချက်ပြလိုက်တော့။ နောက်ထပ် အစီအစဉ်ကို စလုပ်ရတော့မယ်။ လူတစ်သိန်းတည်း သတ်ရတာနဲ့ မလုံလောက်သေးဘူး။
သူ ကြံစည်နေခဲ့တာ ဒီလောက် ကြာနေပြီပဲ။ မြားတစ်စင်းနဲ့ ငှက်သုံးကောင် ပစ်တာတောင် မလုံလောက်သေးဘူး။ အနည်းဆုံး တာယင်အင်ပါယာရဲ့ စစ်သည် သုံးသိန်းလောက်ကို သတ်ပစ်ရမယ်။ တာယင်အင်ပါယာရဲ့ ကံကြမ္မာကို လုံးဝ ဖျက်ဆီးပစ်ရမယ်။”
မိန်းမစိုးအိုကြီးက ဦးညွှတ်ကာ ပြောလိုက်သည်။ “ကောင်းပါပြီ။ ကျုပ် အခုပဲ သခင်ကြီးယန်ဖြန်ရှန် ဆီ အချက်ပြမြား ပစ်လွှတ်လိုက်ပါ့မယ်။ ဒီနေရာမှာ ကျုပ် စကားတစ်ခွန်း ပိုပြောခွင့် ပြုပါ။ သခင်ကြီးယန်ဖြန်ရှန် က တကယ်ပဲ နတ်မင်း တစ်ပါးပါပဲ။”
အိမ်ရှေ့စံမင်းသား ကျိုးလီက သဘောကျဟန်ဖြင့် ပြောလိုက်၏။ “ယွင်ကျုံးဟဲ့က ပါရမီရှင် တစ်ယောက် ဖြစ်ပေမဲ့ ယန်ဖြန်ရှန်နဲ့ ယှဉ်လိုက်ရင် အများကြီး ကွာသေးတယ်လို့ ကျုပ် အစောတည်းက ပြောခဲ့ပါတယ်။ မဟုတ်ရင် လက်ခုပ်ထဲက ရေလို ကစားခံရမှာ မဟုတ်ဘူးလေ။ ယန်ဖြန်ရှန်က ကျုပ် မြင်ဖူးသမျှထဲမှာ အတော်ဆုံး အဆိပ်ပြင်းတဲ့ ဉာဏ်ကြီးရှင်ပဲ။ ဒါနဲ့... အစားထိုးမယ့် သူကို ပြင်ဆင်ပြီးပြီလား။”
မိန်းမစိုးအိုကြီးက ခေါင်းညိတ်လိုက်သည်။ “အဆင်သင့် ဖြစ်နေပါပြီ။ ရုပ်ချင်းကတော့ လုံးဝ တစ်ပုံစံတည်း မဟုတ်ပါဘူး။”
ကျိုးလီက ပြောလိုက်၏။ “ရှစ်ဆယ် ရာခိုင်နှုန်းလောက် တူရင်ကို တော်တော် အံ့သြစရာ ကောင်းနေပြီ။ ကျင်းကျုံးယွဲ့တို့ ညီအစ်မလို ရုပ်ချင်း တစ်ပုံစံတည်း တူတာက အရမ်း ရှားတယ်။ ဒါတောင် သူတို့ နှစ်ယောက်က လုံးဝ တစ်ပုံစံတည်း တူတာ မဟုတ်ဘူးလေ။ အဝေးကြီးကနေ ဘယ်သူက သေချာ မြင်ရမှာလဲ။”
မိန်းမစိုးအိုကြီးက ဦးညွတ်လိုက်သည်။ “ကောင်းပါပြီ။ အိမ်ရှေ့စံမင်းသားနဲ့ သခင်ကြီးယန်ဖြန်ရှန်ရဲ့ ဉာဏ်ပညာနဲ့ ဆိုရင် တာယင်အင်ပါယာရဲ့ စစ်သည် သိန်းချီကို တစ်ချက်တည်းနဲ့ အကုန် ချေမှုန်းပစ်နိုင်မှာ သေချာပါတယ်။ တာယင်အင်ပါယာရဲ့ ကံကြမ္မာကို လုံးဝ ဖျက်ဆီးပစ်နိုင်မှာပါ။ ဒီစစ်ပွဲ ပြီးရင် တောင်ပိုင်းကျိုးအင်ပါယာက ထျန်းကျန်းမြစ် တောင်ဘက်မှာ တစ်ဦးတည်းသော အရှင်သခင် ဖြစ်လာပါလိမ့်မယ်။”
အိမ်ရှေ့စံမင်းသား ကျိုးလီက လက်ခါပြလိုက်၏။ “သွားတော့... သွားတော့။”
မိန်းမစိုးအိုကြီး ခြေဖျားထောက်ကာ ပြန်ထွက်သွားသည်။
အိမ်ရှေ့စံမင်းသား ကျိုးလီက ဆက်ပြောလိုက်၏။ “အရိပ်... ထန်ထိုင်မြို့က စစ်သေနာပတိ အောက်ရှင်းဆီ သူ့ရဲ့ တပ်တော်တွေ ထွက်ခွာလို့ ရပြီလို့ သွားအကြောင်းကြားလိုက်။”
အမှောင်ထဲတွင် ပုန်းနေသော အရိပ်က ပြန်မေးလိုက်သည်။ “ကောင်းပါပြီ။ အိမ်ရှေ့စံမင်းသား။ စစ်သေနာပတိ အောက်ရှင်း ကို ဘယ်လောက် အရှိန်နဲ့ ချီတက်ရမလဲ၊ လေခွင်းမြို့ကို ဘယ်အချိန် ရောက်ရမလဲ ဆိုတာတွေ ပြောပြဖို့ လိုအုံးမလား။”
အိမ်ရှေ့စံမင်းသား ကျိုးလီက ခေါင်းခါလိုက်၏။ “မလိုပါဘူး။ သူက စစ်မြေပြင်မှာ ပါရမီရှင် တစ်ယောက်ပဲ။ အချိန်ကို အတိအကျ တွက်ချက်နိုင်လိမ့်မယ်။ သူ စောရောက်လာရင် မကောင်းဘူး၊ ငါးတွေ လွတ်သွားလိမ့်မယ်။ နောက်ကျမှ ရောက်လာရင်လည်း မကောင်းဘူး၊ ငါးတွေက ငါးမျှားကြိုးကို ဖြတ်သွားနိုင်တယ်။
ကျုပ်တို့ ဒီတစ်ခါ ပိုက်ကွန် အကြီးကြီး ဖြန့်ပြီး တာယင်အင်ပါယာရဲ့ စစ်သည် သိန်းချီကို အကုန်လုံး မြှုပ်နှံပစ်ရမယ်။ အကုန်လုံး မြှုပ်နှံပစ်ရမယ်။”
အိမ်ရှေ့စံမင်းသား ကျိုးလီ မြေပုံရှေ့သို့ သွားကာ လက်သီးကို တင်းတင်း ဆုပ်လိုက်၏။ အိမ်ရှေ့စံ ရာထူးကိုသာမက တောင်ပိုင်းကျိုးအင်ပါယာ၏ အရှင်သခင် ဖြစ်လာမည့် ကံကြမ္မာကိုပါ လက်ထဲတွင် ဆုပ်ကိုင်လိုက်သကဲ့သို့ ရှိသည်။
ထို့နောက် အိမ်ရှေ့စံမင်းသား ကျိုးလီက ကောင်းကင်ပေါ်ရှိ လခြမ်းလေးကို လှမ်းကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်၏။ “ယန်ဖြန်ရှန်... တခြားသူတွေကတော့ ကျုပ်တို့လုပ်ရပ်က လေခွင်းမြို့ကို သိမ်းပိုက်ပြီး တာယင်အင်ပါယာရဲ့ စစ်သည် တစ်သိန်းကို သတ်ပစ်ချင်ရုံ သက်သက်ပဲလို့ ထင်နေကြလိမ့်မယ်။
ဒါပေမဲ့ သူတို့က ကျုပ်တို့ကို အရမ်း အထင်သေးလွန်းတယ်။ ကျုပ်တို့ လိုချင်တာက မြားတစ်စင်းနဲ့ ငှက်လေးကောင် ပစ်ဖို့ပဲ။ တစ်ပွဲတည်းနဲ့ အရာအားလုံးကို အဆုံးအဖြတ် ပေးချင်တာ။”
.....................