အခန်း (၁၈၃-၁၈၄)
Vol. 16 Ch. 183-184
အပိုင်း (၁၈၃)
“ရွှီး...”
ထိုအချိန်တွင် လေခွင်းမြို့ အနောက်ဘက် တောင်ပေါ်မှ မီးရှူးမီးပန်းတစ်ခု ကောင်းကင်ပေါ်သို့ ပစ်ဖောက်လိုက်သံကို ကြားလိုက်ရသည်။
ဤသည်မှာ ယန်ဖြန်ရှန်ထံသို့ အချက်ပြလိုက်ခြင်း ဖြစ်သည်။ နုဧကရာဇ် မြေအောက် သင်္ချိုင်းဂူ အတွင်းရှိ တာယင် စစ်သည် တစ်သိန်းလုံးကို လုံးဝ သတ်ဖြတ်ပြီးသွားပြီ ဖြစ်ကြောင်း၊ အစီအစဉ် အလွန် ချောမွေ့ကြောင်း အသိပေးလိုက်ခြင်း ဖြစ်၏။
မီးရှူးမီးပန်း တစ်ခုတည်းသာ ပစ်တင်ခြင်းက စစ်သည် တစ်ယောက်မှ မဆုံးရှုံးဘဲ ရည်မှန်းချက်ကို ရာခိုင်နှုန်းပြည့် အောင်မြင်သွားကြောင်း ပြသခြင်း ဖြစ်သည်။
စက္ကန့်အနည်းငယ် ကြာပြီးနောက် မီတာ ထောင်ချီ ကွာဝေးသော တောင်ထိပ်ပေါ်မှ နောက်ထပ် မီးရှူးမီးပန်း တစ်ခု ကောင်းကင်ပေါ်သို့ ထပ်မံ ပစ်တင်လိုက်၏။
စက္ကန့်အနည်းငယ် ကြာပြီးနောက် မီတာ ထောင်ချီ ကွာဝေးသော အနောက်ဘက် တောင်ထိပ်ပေါ်မှ တတိယမြောက် မီးရှူးမီးပန်း ထပ်မံ ထွက်ပေါ်လာ၏။ ဤကဲ့သို့ပင် မီးရှူးစင်များမှတစ်ဆင့် သတင်း ပေးပို့သကဲ့သို့ ဆက်တိုက် ပစ်တင်နေကြသည်။
မီတာ ထောင်ချီ ကွာဝေးသော တောင်ထိပ်တိုင်းမှ မီးရှူးမီးပန်း တစ်ခုစီ ကောင်းကင်ပေါ်သို့ ဆက်တိုက် ထွက်ပေါ်လာသည်မှာ ညအမှောင်ထုထဲတွင် အလွန် သိသာထင်ရှားလှသည်။ ဤသို့ဖြင့် မိုင်ရာချီ ကွာဝေးသော နေရာကိုပင် မိနစ်အနည်းငယ် အတွင်း သတင်း ရောက်ရှိသွားတော့၏။
...................
ကျင်းမိသားစု၏ တပ်စခန်း အတွင်း၌ ယန်ဖြန်ရှန်က ယွင်ကျုံးဟဲ့နှင့် စကားပြောနေရင်း ကောင်းကင်ကို ကြည့်နေသည်။
ထိုစဉ် အရှေ့ဘက် ကောင်းကင်ယံတွင် မီးရှူးမီးပန်း တစ်ခု ပစ်တင်လိုက်သည်ကို သူ မြင်လိုက်ရသည်။ ထိုအရာက ပျံသန်းနေသော ကြယ်တံခွန် တစ်ခုအလား ဖြစ်လို့နေ၏။
ယန်ဖြန်ရှန် သက်ပြင်းရှည်ကြီး တစ်ချက် မှုတ်ထုတ်လိုက်သည်။ “အစီအစဉ် အောင်မြင်သွားပြီ။ နုဧကရာဇ် မြေအောက် သင်္ချိုင်းဂူ အတွင်းမှာရှိတဲ့ တာယင်အင်ပါယာရဲ့ စစ်သည် တစ်သိန်းလုံး အသတ်ခံလိုက်ရပြီ။”
မဟုတ်သေးချေ။ တိတိကျကျ ပြောရလျှင် အစီအစဉ် တစ်ဝက် အောင်မြင်သွားခြင်း ဖြစ်၏။ ကျန်ရှိနေသော နောက်တစ်ဝက်က ပိုမို ခမ်းနားပြီး ပိုမို အံ့မခန်း ဖြစ်ပေလိမ့်မည်။
သူ ယန်ဖြန်ရှန် သည် သာမန် အကြံအစည်များကို ဘယ်တော့မှ မဖန်တီးပေ။ သူ လိုချင်သည်မှာ အံ့မခန်းဆုံး၊ အခမ်းနားဆုံး၊ အကြီးကျယ်ဆုံး အောင်ပွဲ ဖြစ်၏။
တစ်ပွဲတည်းနှင့် အရာအားလုံးကို အဆုံးအဖြတ် ပေးမည်။ တာယင်အင်ပါယာ၏ ကျန်ရှိနေသော စစ်သည် သိန်းချီကို အကုန်လုံး မြှုပ်နှံပစ်ပြီး တပ်တော်ကြီးကို တာယင်အင်ပါယာ၏ အနောက်တောင်ဘက် ပြည်နယ် အတွင်းသို့ အရှိန်အဟုန်ဖြင့် ဝင်ရောက် တိုက်ခိုက်မည်။
လူတိုင်းက အင်ပါယာကြီး နှစ်ခု၏ စစ်ပွဲသည် လပေါင်းများစွာ သို့မဟုတ် နှစ်ပေါင်းများစွာ ကြာမြင့်မည့် ကာလရှည် စစ်ပွဲကြီး ဖြစ်လာလိမ့်မည်ဟု ထင်မှတ်နေကြသည်။
သို့သော်ငြား သူ ယန်ဖြန်ရှန်၏ ထူးဆန်းသော အကြံအစည် အောက်တွင် ထိုကဲ့သို့ ကာလရှည် စစ်ပွဲမျိုး ရှိလာမှာ မဟုတ်ပေ။
သူသည် ပါရမီရှင် တစ်ဦး ဖြစ်သည်။ သူ လိုချင်သည်မှာ ချက်ချင်း အမြစ်ပြတ် ချေမှုန်းပစ်ရန်၊ တာယင် အင်ပါယာ၏ ကံကြမ္မာကို ချက်ချင်း ဖျက်ဆီးပစ်ရန်၊ ယခင်က တစ်ခါမှ မရှိခဲ့ဖူးသော ကြီးကျယ်ခမ်းနားသည့် အောင်ပွဲကို ရယူရန် ဖြစ်၏။
‘ယွင်ကျုံးဟဲ့... ခင်ဗျားက ပါရမီရှင် တစ်ယောက် ဖြစ်ပေမဲ့ ကျုပ်နဲ့ ယှဉ်ရင်တော့ ကလေးလေး တစ်ယောက်လို နုနယ်သေးတယ်။’
“ဂုဏ်ပြုပါတယ် ယွင်ကျုံးဟဲ့... တာယင်အင်ပါယာရဲ့ စစ်သည် တစ်သိန်းလုံး သေကုန်ပြီ။ ခင်ဗျားရဲ့ မွေးစားအဖေ ဖုန်းရှင်းမြဲ့ လည်း သေပြီ။ ခင်ဗျားကို အပြည့်အဝ ယုံကြည်ပြီး အရမ်း သဘောကောင်းတဲ့ တာယင်အင်ပါယာရဲ့ စတုတ္ထမင်းသား ယင်ချွဲ့ လည်း သေပြီ။”
ယန်ဖြန်ရှန်က တည်ငြိမ်စွာ ပြောလိုက်သည်။ “ခင်ဗျားက ယခင်က တစ်ခါမှ မရှိခဲ့ဖူးတဲ့ ကြီးကျယ်တဲ့ အောင်ပွဲကို ရယူနိုင်ခဲ့တယ်။ ကိုယ့်သခင်ကို ကိုယ်တိုင် သတ်ပစ်ခဲ့တယ်။ ကိုယ့်စစ်သည် တစ်သိန်းကို ကိုယ်တိုင် သတ်ပစ်ခဲ့တယ်။ ဂုဏ်ပြုပါတယ်... ဂုဏ်ပြုပါတယ်။”
ယွင်ကျုံးဟဲ့ မျက်နှာ အနည်းငယ် ရှုံ့မဲ့သွားပြီး ကောင်းကင်ပေါ်ရှိ လခြမ်းလေးကို ငေးကြည့်နေ၏။
အတန်ကြာမှ ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “ယန်ဖြန်ရှန်... ခင်ဗျား ဘယ်တုန်းက အဲဒီ ရတနာ မြေပုံကို ဖော်ထုတ်နိုင်ပြီး နုဧကရာဇ်ရဲ့ မြေအောက် သင်္ချိုင်းဂူကို တွေ့ခဲ့တာလဲ။”
ယန်ဖြန်ရှန်က ဖြေလိုက်၏။ “လွန်ခဲ့တဲ့ သုံးနှစ်က။”
ယွင်ကျုံးဟဲ့က ခေါင်းခါလိုက်သည်။ “အရမ်း ထူးဆန်းတာပဲ။ နုဧကရာဇ်ရဲ့ မြေအောက် သင်္ချိုင်းဂူထဲမှာ ဘာလို့ ရွှေငွေရတနာတွေ မရှိတာလဲ။ ခင်ဗျားတို့ ယူသွားလို့လား။”
“မယူဘူး။”
ယန်ဖြန်ရှန်က ပြောလိုက်၏။ “ခင်ဗျားတို့ သံသယ မဖြစ်အောင် အတွင်းက ပစ္စည်းတွေကို ကျုပ်တို့ လုံးဝ မထိခဲ့ဘူး။”
ယွင်ကျုံးဟဲ့က နားမလည်နိုင်သလို မေးလိုက်သည်။ “ဒါဆို ဘာလို့ ရွှေငွေရတနာတွေ မရှိတာလဲ။ ဘာလို့ ရတနာသိုက် မရှိရတာလဲ။”
ယန်ဖြန်ရှန်က ပြန်မေးလိုက်၏။ “အဲဒီ ရွှေပလ္လင်နဲ့ မလုံလောက်သေးဘူးလား။ ပေါင် တစ်သောင်းကျော်တောင် အလေးချိန် ရှိတဲ့ ရွှေတွေလေ။”
“မလုံလောက်ဘူး... သိသိသာသာကို မလုံလောက်ဘူးလို့ ခံစားရတယ်။”
ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “ဒါက နုဧကရာဇ်ရဲ့ မြေအောက် သင်္ချိုင်းဂူဆိုတဲ့ အဆင့်အတန်းနဲ့ မကိုက်ညီဘူးလေ။ ဟား ဟား ဟား ဟား...”
သူ၏ နောက်ဆုံး ရယ်မောသံက အလွန် စူးရှပြီး ရူးသွပ်နေသကဲ့သို့ ဖြစ်နေ၏။
ယန်ဖြန်ရှန်က ခေါင်းခါယမ်းကာ ပြောလိုက်သည်။ “ကျုပ် နောက်ဆုံးတော့ သဘောပေါက်သွားပြီ။ အစစ်အမှန် ဝမ်းနည်းကြေကွဲမှုဆိုတာ အသံတိတ်ပြီး ယုတ္တိမရှိ ရယ်မောတာမျိုးပဲ။ ကျုပ် ပြောမယ်။ သခင်လေးယွင်ကျုံးဟဲ့... စိတ်လျှော့လိုက်ပါတော့။”
ယွင်ကျုံးဟဲ့က အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်တော့၏။ “မဟုတ်ဘူး... မဟုတ်ဘူး... မဟုတ်ဘူး... သူတို့ မသေဘူး။ ကျုပ်ရဲ့ မွေးစားအဖေ မသေဘူး။ မင်းသား ယင်ချွဲ့ မသေဘူး။ ကျုပ် သူတို့ကို မသတ်ခဲ့ဘူး။ လုံးဝ မသတ်ခဲ့ဘူး။”
ယန်ဖြန်ရှန်က တည်ငြိမ်စွာ ပြောလိုက်သည်။ “နောက်ဆုံးတော့ ပြိုလဲသွားပြီလား။ ရူးတော့မလို့လား။ သခင်လေးယွင်ကျုံးဟဲ့... အရင် မရူးနဲ့အုံး။ ခင်ဗျားမှာ လမင်းလေး ရှိသေးတယ်။ သူမ ဗိုက်ထဲက ကလေး ရှိသေးတယ်။”
ယွင်ကျုံးဟဲ့ မြေကြီးပေါ် ယိမ်းယိုင်စွာ လဲကျသွားပြီး တုန်ယင်သော အသံဖြင့် တားမြစ်လိုက်၏။ “ကျုပ်ကို ကျင်းကျုံးယွဲ့ အကြောင်း မပြောနဲ့။ မပြောနဲ့...”
ပြောပြီးသည်နှင့် မျက်ရည်များ စီးကျလာကာ ရှိုက်ကြီးတငင် ငိုကြွေးလေတော့သည်။
ယန်ဖြန်ရှန်က ပြောလိုက်၏။ “ယွင်ကျုံးဟဲ့... ကျုပ်ရဲ့ ဒီအကြံအစည်က အောင်မြင်သွားပြီ။ လေခွင်းမြို့ကို သိမ်းပိုက်နိုင်ရုံတင် မကဘူး၊ ခင်ဗျားတို့ရဲ့ စစ်သည် တစ်သိန်းကိုပါ သတ်ပစ်နိုင်ခဲ့တယ်။ ပြီးတော့ ပိုင်ရှင်မဲ့ နယ်မြေက မြို့စားတွေကိုပါ အမြစ်ပြတ် ရှင်းလင်းပစ်နိုင်ခဲ့တယ်။
ထန်ထိုင်မြဲ့မင်လို မောက်မာတဲ့ မြို့စားကို ကျုပ်တို့ အောက်မှာ ဒူးထောက် ခစားစေပြီး ထန်ထိုင်မြို့ကိုပါ ဆက်သခိုင်းနိုင်ခဲ့တယ်။ ပိုင်ရှင်မဲ့ နယ်မြေရဲ့ အချက်အချာအကျဆုံး မြို့နှစ်မြို့လုံး ကျုပ်တို့ လက်ထဲ ရောက်နေပြီ။ ဒီအောင်ပွဲက လုံလောက်အောင် ခမ်းနားနေပြီ မဟုတ်လား။ စစ်ဗျူဟာမှူး တစ်ယောက် အနေနဲ့ ကျုပ် အမြင့်ဆုံးကို ရောက်နေပြီ မဟုတ်လား။”
ယွင်ကျုံးဟဲ့က အက်ကွဲသော အသံဖြင့် အော်လိုက်သည်။ “ယန်ဖြန်ရှန်.... ခင်ဗျားက မိစ္ဆာ တစ်ကောင်ပဲ။ ခင်ဗျားက ကျုပ် မြင်ဖူးသမျှထဲမှာ အရူးသွပ်ဆုံး၊ အယုတ်မာဆုံး မိစ္ဆာ တစ်ကောင်ပဲ။”
ယန်ဖြန်ရှန်က ပြုံးလိုက်၏။ “ပုံမှန်ဆိုရင် ကျုပ် အောင်ပွဲခံပြီး ဂုဏ်ယူနေသင့်တာပေါ့။ ဒါပေမဲ့ ကျုပ်ရင်ထဲမှာ ဝမ်းနည်းမှုတွေပဲ ပြည့်နေတယ်။ ကျုပ် ခင်ဗျားကိုတောင် မနာလို ဖြစ်နေမိတယ်။ ဘာလို့လဲဆိုတော့ ခင်ဗျားက ကျုပ် တစ်သက်လုံး မရနိုင်တဲ့ အရာကို ရသွားလို့ပဲ။”
ယန်ဖြန်ရှန် တစ်သက်လုံး မရနိုင်သည့် အရာက မည်သည့်အရာနည်း။ ကျင်းကျုံးယွဲ့၏ အချစ်လား။ ယောက်ျားနှင့် မိန်းမ ကြားက အချစ်လား။
ယန်ဖြန်ရှန်က ပြောလိုက်သည်။ “သူမ စိတ်ထဲမှာ ကျုပ်က အမြဲတမ်း ဆွေမျိုး တစ်ယောက်၊ အစ်ကို တစ်ယောက်ပဲ။ သေချာတာပေါ့... ကျုပ်လည်း စည်းကျော်ဖို့ မရဲပါဘူး။ ဘာလို့လဲဆိုတော့ ကျုပ် ကြောက်တယ်၊ စိုးရိမ်တယ်။ သိမ်ငယ်တယ်။ ကျုပ်က ရေဆိုးမြောင်းထဲက ပိုးဟပ် တစ်ကောင်၊ ကြွက် တစ်ကောင်၊ တောခွေး တစ်ကောင်ပဲ။ ကျုပ် သူမနဲ့ မထိုက်တန်ဘူး။ ကျုပ် သူမကို မစော်ကားရဲဘူး။”
ဤစကားများကို ပြောနေသည့် ယန်ဖြန်ရှန်၏ မျက်လုံးများက နာကျင်မှု၊ ရူးသွပ်မှုများနှင့် ပြည့်နှက်နေပြီး ဖြည်းညင်းစွာ မျက်လုံးမှိတ်လိုက်၏။
“ဒါကြောင့် ကျုပ် ခင်ဗျားကို မနာလိုတာပဲ ယွင်ကျုံးဟဲ့...”
ယန်ဖြန်ရှန် ယွင်ကျုံးဟဲ့ကို ကြည့်ကာ ပြောလိုက်သည်။ “လူတိုင်း မနာလို ဖြစ်နေတဲ့ သခင်လေးယွင်ကျုံးဟဲ့... ရှေ့ဆက်ပြီး ခင်ဗျား ကျုပ်ကို ကိစ္စတစ်ခု ကူညီပေးရမယ်။”
ယွင်ကျုံးဟဲ့ ဂရုမစိုက်ပေ။
ယန်ဖြန်ရှန်က ဆက်ပြောလိုက်၏။ “ဒီအောင်ပွဲက ကြီးကျယ်ခမ်းနားမှု မလုံလောက်သေးဘူး၊ ရူးသွပ်မှု မလုံလောက်သေးဘူးလို့ ကျုပ် ထင်တယ်။ တာယင်အင်ပါယာရဲ့ စစ်သည် သိန်းချီကို အကုန်လုံး မြှုပ်နှံပစ်ချင်တယ်။ တာယင်အင်ပါယာရဲ့ ကံကြမ္မာကို တိုက်ရိုက် ဖျက်ဆီးပစ်ချင်တယ်။
သူတို့ရဲ့ ဧကရာဇ် အိပ်မက်ကို လုံးဝ အဆုံးသတ်ပေးချင်တယ်။ အရင်က တစ်ခါမှ မရှိခဲ့ဖူးတဲ့ ကြီးကျယ်တဲ့ အောင်ပွဲကို ရယူချင်တယ်။ ဒါပေမဲ့ ဒီအထဲမှာ ခင်ဗျား မပါလို့ မရဘူး။ ခင်ဗျား သေချာပေါက် ကူညီမှ ဖြစ်မယ်။”
ထို့နောက် ယန်ဖြန်ရှန်က ပါးလွှာသော ဓားမြှောင် တစ်ချောင်းကို ယွင်ကျုံးဟဲ့၏ နှလုံးသား နေရာသို့ ချိန်ရွယ်လိုက်ကာ ဖြည်းညင်းစွာ ပြောလိုက်သည်။ “တကယ်လို့ ခင်ဗျား သဘောမတူဘူး ဆိုရင် ကျုပ် ခင်ဗျားကို ချက်ချင်း သတ်ပစ်မယ်။ နည်းနည်းလေးတောင် တွန့်ဆုတ်နေမှာ မဟုတ်ဘူးလို့ ကျုပ် ကတိပေးတယ်။
ယွင်ကျုံးဟဲ့... ကျုပ် ရေတွက်တော့မယ်။ ခင်ဗျား ကူညီဖို့ သဘောမတူရင် ကျုပ် ခင်ဗျားကို မသတ်ပစ်ရဲဘူး မထင်နဲ့။ ငါး... လေး... သုံး... နှစ်... တစ်...”
ယွင်ကျုံးဟဲ့ မျက်လုံးမှိတ်လိုက်ပြီး စိတ်ထဲတွင် ပြောလိုက်၏။ “မွေးစားအဖေ၊ မင်းသား ယင်ချွဲ့... ကျုပ် မိစ္ဆာ တစ်ကောင်နဲ့အတူ ကခုန်ရတော့မယ်။ ငရဲပြည်ရဲ့ အစွန်းမှာ တကယ် ရပ်နေရတော့မယ်။ ငရဲပြည်ရဲ့ ဓားသွားပေါ်မှာ တကယ် လမ်းလျှောက်ရတော့မယ်။
တစ်ခါ ရှုံးသွားတာနဲ့ အရာအားလုံး ပျက်စီးသွားလိမ့်မယ်။ ဒါပေမဲ့ အနိုင်ရသွားရင်တော့ ရန်သူရဲ့ စစ်သည် သိန်းချီကို အကုန် ချေမှုန်းပစ်ပြီး ကျိုးလီနဲ့ ယန်ဖြန်ရှန်ကို ငရဲပြည် ပို့ပေးနိုင်လိမ့်မယ်။
ကျုပ် အဆင်သင့် ဖြစ်နေပြီ။ ကျုပ် ယွင်ကျုံးဟဲ့ အဆင်သင့် ဖြစ်နေပြီ။ ကျုပ်ရဲ့ အသေခံ တန်ပြန် တိုက်ခိုက်မှု စတင်ပြီ။ မွေးစားအဖေ၊ မင်းသား ယင်ချွဲ့... ခင်ဗျားတို့ အဆင်သင့် ဖြစ်နေပြီလား။ ရှေ့ဆက်ပြီး ကျုပ်တို့ လူသိန်းချီ သတ်ဖြတ်ပွဲကြီး ဆင်နွှဲကြတော့မယ်။”
………………
ဝမ်းနည်းမှုများထဲတွင် အဆိုးရွားဆုံးမှာ နှလုံးသား သေဆုံးသွားခြင်း ဖြစ်၏။ ယွင်ကျုံးဟဲ့သည် ထိုအခြေအနေကို အပြည့်အဝ ပုံဖော်နိုင်ခဲ့သည်။ သူ၏ ပတ်ဝန်းကျင်မှ အသံများ အားလုံးကို လုံးဝ မကြားတော့သည့်အလား ဖြစ်နေသည်။
ယန်ဖြန်ရှန်၏ နောက်ဆုံး ရေတွက်သံ အဆုံးသတ်သွားသော်လည်း သူ မည်သည့် တုံ့ပြန်မှုမှ မပေးပေ။ ကြီးမားသော ထိုးနှက်ချက်ကြောင့် လုံးဝ ထုံထိုင်းသွားသကဲ့သို့ပင်။
“ကျုပ် ပြောခဲ့တယ်လေ... ခင်ဗျားကို သတ်မယ်ဆိုရင် ကျုပ် ကျိန်းသေပေါက် သတ်မှာပဲ။” ယန်ဖြန်ရှန်က အေးစက်စွာ ပြောလိုက်၏။
ထို့နောက် သူ၏ လက်ထဲရှိ ဓားမြှောင်ဖြင့် ယွင်ကျုံးဟဲ့၏ နှလုံးသား နေရာသို့ အားကုန် ထိုးစိုက်ချလိုက်သည်။
ယွင်ကျုံးဟဲ့၏ နှလုံးသား နေရာမှ ပြင်းထန်သော နာကျင်မှုနှင့် အေးစက်မှုကို ခံစားလိုက်ရပြီး တစ်ကိုယ်လုံး တစ်ချက် တွန့်လိမ်သွားသော်လည်း မည်သည့် တုံ့ပြန်မှုမှ ထပ်မပေးတော့ပေ။ သူ့ကိုယ်သူ သေသည်ဖြစ်စေ ရှင်သည်ဖြစ်စေ လုံးဝ ဂရုမစိုက်တော့သည့်အလား ဖြစ်နေ၏။
သို့သော်ငြား ယွင်ကျုံးဟဲ့၏ နှလုံးသားမှာ ဖောက်ထွင်းခံလိုက်ရခြင်း မဟုတ်ပေ။ သူ့ကို နာကျင်စေပြီး အသက်ရှူရပ်လုမတတ် ဖြစ်စေခဲ့သည်မှာ ယန်ဖြန်ရှန်၏ အတွင်းအားကြောင့် ဖြစ်၏။ ထိုတစ်စက္ကန့် အတွင်းမှာပဲ သူ၏ နှလုံးခုန်သံ လုံးဝ ရပ်တန့်သွားလုမတတ် ဖြစ်သွားခဲ့သည်။
ထိုအချိန်လေးမှာပင် ယွင်ကျုံးဟဲ့၏ သူငယ်အိမ်များ ချက်ချင်း ကျယ်လာ၏။ သို့သော်ငြား ပုံမှန် အခြေအနေသို့ ပြန်ရောက်သွားချိန်မှာတော့ မည်သည့် တုံ့ပြန်မှုမှ မရှိတော့ပေ။ သူ၏ အသက်ကို လုံးဝ ဂရုမစိုက်တော့သည့်အလား ဖြစ်နေလေ၏။
…………………………..
အပိုင်း (၁၈၄)
ယန်ဖြန်ရှန် သက်ပြင်းချကာ ပြောလိုက်သည်။ “ယွင်ကျုံးဟဲ့... ခင်ဗျား သေရမှာကို မကြောက်ဘူး ဆိုတာ ကျုပ် သိပါတယ်။ ဘာလို့လဲဆိုတော့ ခင်ဗျားရဲ့ နှလုံးသားက သေဆုံးသွားပြီ။ ခင်ဗျားရဲ့ မွေးစားအဖေ ဖုန်းရှင်းမြဲ့လည်း သေသွားပြီ။ ခင်ဗျား အရမ်း သဘောကျတဲ့ မင်းသား ယင်ချွဲ့ လည်း သေသွားပြီ။ ဒါပေမဲ့ ခင်ဗျားမှာ ဂရုစိုက်ရမယ့် တခြားလူတွေ ရှိသေးတယ် မဟုတ်လား။ ဥပမာ... လန်ပိ၊ ပြီးတော့... ကျင်းဝူပြန်း ပေါ့။”
ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “ကျင်းဝူပြန်း တို့ကို ကျုပ် တာယင်အင်ပါယာကို လျှို့ဝှက် ပို့လိုက်ပြီလေ။”
ယန်ဖြန်ရှန်က ခေါင်းညိတ်လိုက်သည်။ “ဟုတ်တယ်။ ဒါပေမဲ့ ကျုပ်တို့ ကြားဖြတ် ဖမ်းလိုက်ပြီ။ အသက်ပေါင်း ဆယ်ဂဏန်းလောက် ပေးဆပ်လိုက်ရတယ်။ သူက ခင်ဗျားရဲ့ စိတ်ထဲမှာ အရမ်း အရေးပါမှန်းသိလို့ ခင်ဗျားဆီ ချက်ချင်း ခေါ်လာခဲ့တယ်။ သူက ခင်ဗျားအတွက် ဒီလောက် အရေးပါနေတာကို ကျုပ်က ဘယ်လိုလုပ် မေ့ထားလို့ ရမလဲ။”
ယွင်ကျုံးဟဲ့၏ မျက်နှာ ထပ်မံ ရှုံ့မဲ့သွား၏။
ယန်ဖြန်ရှန်က ဆက်ပြောလိုက်သည်။ “သခင်လေးယွင်ကျုံးဟဲ့... ခင်ဗျား အရမ်း နာကျင်နေပြီး ထုံထိုင်းသွားတဲ့အထိ ဖြစ်နေတယ်ဆိုတာ ကျုပ် သိပါတယ်။ ဒါပေမဲ့ ဘယ်လောက်ပဲ ကြီးမားတဲ့ နာကျင်မှု ဖြစ်ပါစေ၊ တစ်နေ့ကျရင် ကျော်ဖြတ်နိုင်သွားမှာပါ။ ကျုပ်ကို ယုံလိုက်ပါ။”
ထို့နောက် သူ ညင်သာစွာ လက်ခါပြလိုက်၏။
သစ်တောထဲမှ လူရိပ်အချို့ ထွက်ပေါ်လာသည်။ အနက်ရောင် ဝတ်စုံဝတ် သိုင်းသမား အချို့က သတိလစ်နေသော လူတစ်ယောက်ကို ဖမ်းဆီးခေါ်ဆောင်လာ၏။ ထိုလူမှာ ကျင်းဝူပြန်း ပင်။
ယန်ဖြန်ရှန်က ပြောလိုက်သည်။ “သူက ခင်ဗျားရဲ့ စိတ်ထဲမှာ ကျင်းကျုံးယွဲ့ ပြီးရင် ဒုတိယ အရေးအပါဆုံး လူပဲ မဟုတ်လား။ ဖုန်းရှင်းမြဲ့ ထက်တောင် ပိုအရေးပါသေးတယ်။ တကယ်လို့ ခင်ဗျား သဘောမတူဘူးဆိုရင် ကျုပ် သူ့ကို သတ်ပစ်တော့မယ်။”
ယွင်ကျုံးဟဲ့က အော်လိုက်၏။ “ခင်ဗျား လုပ်ရဲလား။ သူက ကျင်းကျုံးယွဲ့ရဲ့ မောင်အရင်းလေ။”
ယန်ဖြန်ရှန်က ရယ်မောလိုက်သည်။ “လမင်းလေးက ကျုပ်ရဲ့ စိတ်ထဲမှာ အရေးအပါဆုံး ဆိုပေမဲ့ သူ့ရဲ့ မောင်က ဘာကောင်မို့လို့လဲ။ သူကလွဲရင် ကျင်းမိသားစုက ဘယ်သူ့ကိုသတ်သတ် ကျုပ် မျက်တောင် တစ်ချက်တောင် ခတ်မှာ မဟုတ်ဘူး။
ကျူပ် ငါးကနေ နောက်ပြန် ရေတွက်မယ်။ ခင်ဗျား သဘောမတူသေးဘူးဆိုရင် ကျင်းဝူပြန်းရဲ့ ခေါင်း ပြတ်ကျသွားတာကိုပဲ မြင်ရလိမ့်မယ်။ ငါး... လေး... သုံး... နှစ်... တစ်...”
ယွင်ကျုံးဟဲ့က အသံကျယ်ကျယ်ဖြင့် အော်လိုက်၏။ “နေအုံး... နေအုံး....”
ထို့နောက် သူ တုန်ယင်သော အသံဖြင့် မေးလိုက်သည်။ “ခင်ဗျား... ကျုပ်ကို ဘာရေးခိုင်းမလို့လဲ။”
ယန်ဖြန်ရှန်က ပြုံးလိုက်၏။ “အရမ်း လွယ်ပါတယ်။ ခင်ဗျားက တခြားသူတွေရဲ့ လက်ရေးကို အတုခိုးရာမှာ အကျွမ်းကျင်ဆုံး မဟုတ်လား။ တံဆိပ်တုံးကိုတောင် လုံးဝ တစ်ပုံစံတည်း အတုခိုးနိုင်သေးတာပဲ။ ခင်ဗျားရဲ့ ဒီအရည်အချင်းက တကယ်ကို အံ့မခန်းပါပဲ။ ကျုပ် ခင်ဗျားကို ခိုင်းချင်တာက အရမ်း လွယ်ပါတယ်။ လူတစ်ယောက်ရဲ့ လက်ရေးကို အတုခိုးပြီး စစ်မိန့် တစ်စောင် ရေးပေးဖို့ပဲ။”
ယွင်ကျုံးဟဲ့က အလန့်တကြားဖြင့် မေးလိုက်သည်။ “ဘယ်သူ့ လက်ရေးလဲ။ ဘယ်သူ့ စစ်မိန့်လဲ။”
ယန်ဖြန်ရှန်က ပြောလိုက်၏။ “တာယင်အင်ပါယာရဲ့ စတုတ္ထမင်းသား ယင်ချွဲ့ရဲ့ စစ်မိန့်လေ။ အကြောင်းအရာက အရမ်း လွယ်ပါတယ်။ ထရိုဂျန် မြင်းသစ်သားရုပ် အကြံအစည် အောင်မြင်သွားပြီ၊ တာယင်အင်ပါယာရဲ့ စစ်သည် တစ်သိန်းက တောင်ပိုင်းကျိုးအင်ပါယာရဲ့ စစ်သည် နှစ်သိန်းကို အနိုင်ယူပြီး လေခွင်းမြို့ကို သိမ်းပိုက်လိုက်ခဲ့တယ်။
ဒါပေမဲ့ တောင်ပိုင်းကျိုးအင်ပါယာရဲ့ အိမ်ရှေ့စံမင်းသားက စစ်သည် သောင်းဂဏန်းလောက်နဲ့ ထွက်ပြေး သွားတယ်။ ပြီးတော့ တောင်ပိုင်းကျိုးအင်ပါယာရဲ့ ဒုတိယစစ်သေနာပတိ အောက်ရှင်းက စစ်သည် နှစ်သိန်းနဲ့ မြောက်ဘက်ကို တက်လာပြီး လေခွင်းမြို့ကို လာတိုက်တော့မယ်။
ဒါကြောင့် တာယင်အင်ပါယာရဲ့ တောင်ပိုင်းသိမ်း တပ်တော် ဒုတိယစစ်သေနာပတိ ဟူယန်ကျောက်ကို လေခွင်းမြို့ကို ချက်ချင်း စစ်ကူလာဖို့၊ အထူးသဖြင့် လေးမြားတွေ အလုံအလောက် ယူလာဖို့ အမိန့် ပေးလိုက်တယ်လို့ ရေးပေးရမယ်။”
ထိုစကားများကို ကြားလိုက်ရချိန်မှာတော့ ယွင်ကျုံးဟဲ့၏ မျက်ဝန်းများ အနည်းငယ် ကျဉ်းမြောင်းသွားသည်။ ယန်ဖြန်ရှန်၏ ရက်စက်ယုတ်မာမှုမှာ အတိုင်းအဆမရှိလှချေ။
၎င်း၏ အစီအစဉ်အရ နုဧကရာဇ်၏ မြေအောက်ဂူသင်္ချိုင်းကို အသုံးချကာ တာယင်အင်ပါယာ၏ စစ်သည်တော်တစ်သိန်းကို သုတ်သင်ရုံဖြင့် ကျေနပ်အားရခြင်း မရှိသေးပေ။ တာယင်အင်ပါယာ၏ ကျန်ရှိနေသော စစ်သည်သိန်းချီကိုပါ ထပ်မံချေမှုန်းပစ်ရန် ရည်ရွယ်ထားလေသည်။
ထို့ကြောင့် ဟူယန်ကျောက်နှင့် စစ်သည်အင်အား သိန်းဂဏန်းကို လေခွင်းမြို့ဆီသို့ လှည့်ဖြားခေါ်ယူကာ အကုန်အစင် သတ်ဖြတ်ရန် ကြံစည်နေခြင်း ဖြစ်၏။
ယွင်ကျုံးဟဲ့သည် မည်သူ့လက်ရေးကိုမဆို တုပနိုင်စွမ်းရှိရုံမျှမက တံဆိပ်တုံးကိုပါ အတုပြုလုပ်နိုင်စွမ်း ရှိသည်။ သို့ဖြစ်ရာ ၎င်းကိုယ်တိုင် ရေးသားလိုက်သော မင်းသားယင်ချွဲ့၏ စစ်မိန့်မှာ မည်သူမှ အပြစ် ရှာဖွေ၍ မရနိုင်လောက်အောင်ပင် ပြည့်စုံလွန်းနေမည်မှာ မြေကြီးလက်ခတ်မလွဲ ဖြစ်တော့သည်။
အဆိုပါ စစ်မိန့်ကို လက်ခံရရှိချိန်မှာတော့ တာယင်အင်ပါယာ၏ တောင်ပိုင်းသိမ်းတပ်တော် ဒုတိယစစ်သေနာပတိ ဟူယန်ကျောက်မှာ အမိန့်ကို မြေဝယ်မကျ နာခံကာ လေခွင်းမြို့သို့ စစ်ကူအဖြစ် ချက်ချင်း ချီတက်လာပေမည်။
အဘယ်ကြောင့်ဆိုသော် စစ်မိန့်အတွင်း၌ တောင်ပိုင်းကျိုးအင်ပါယာ၏ ဒုတိယစစ်သေနာပတိ အောက်ရှင်းသည် တပ်ရင်းများဖြင့် မြောက်ဘက်သို့ စစ်ဦးလှည့်လာပြီဖြစ်ကြောင်း ရှင်းလင်းပြတ်သားစွာ ဖော်ပြထားသောကြောင့် ဖြစ်၏။
ဟူယန်ကျောက်နှင့် စစ်သည်သိန်းချီတို့ စစ်ကူရောက်ရှိလာသည်နှင့် တပြိုင်နက် ကျားပါးစပ်အတွင်းသို့ သိုးများ မိမိသဘောအလျောက် တိုးဝင်လာသကဲ့သို့ ဖြစ်သွားရပေမည်။
သို့သော်ငြား စစ်မိန့်တစ်စောင်တည်းဖြင့်မူ အောင်မြင်ရန် လုံလောက်မှု မရှိသေးပေ။ ဤစစ်မိန့်ကို သွားရောက်ပေးပို့ရမည့်သူသည်လည်း တာယင်အင်ပါယာ၏ အလွန်ယုံကြည်စိတ်ချရသူတစ်ဦး ဖြစ်ရမှာ ဖြစ်ပြီး မင်းသားယင်ချွဲ့နှင့် ဟူယန်ကျောက် နှစ်ဦးစလုံးက အကြွင်းမဲ့ ယုံကြည်သူတစ်ဦးလည်း ဖြစ်ရန် လိုအပ်ပေသည်။
..........................
ထိုအချိန်တွင် လေခွင်းမြို့ အတွင်း၌ ကြီးမားသော ပြဇာတ်ကြီး တစ်ခုကို အသက်ဝင်စွာ ကပြနေကြသည်။ တောင်ပိုင်းကျိုးအင်ပါယာ တပ်တော်က ကိုယ်တိုင် ရေးသားပြီး ကိုယ်တိုင် သရုပ်ဆောင်နေသော ထူးဆန်းသည့် ပြဇာတ်ကြီး ဖြစ်၏။
ယွင်ကျုံးဟဲ့၏ ထရိုဂျန် မြင်းသစ်သားရုပ် အကြံအစည် အောင်မြင်သွားသကဲ့သို့ ဟန်ဆောင် ပြသနေခြင်း ဖြစ်၏။ လေခွင်းမြို့ အပြင်ဘက် မှောင်မိုက်သော နေရာများတွင် ပုန်းအောင်းနေသည့် တာယင်အင်ပါယာ၏ သူလျှိုများကို မြင်စေချင်၍ ဖြစ်သည်။
ဤထရိုဂျန်မြင်းသစ်သားရုပ် အစီအမံသည် ညနက်သန်းခေါင်ယံ လူအပေါင်းတို့ အိပ်မောကျနေချိန်၌ မြေအောက်ဂူသင်္ချိုင်းအတွင်း ပုန်းအောင်းနေသော တာယင်အင်ပါယာ၏ စစ်သည်တစ်သိန်းတို့ အပြင်သို့ ထွက်ခွာလာကြပြီး တောင်ပိုင်းကျိုးအင်ပါယာ၏ တပ်တော်ကို အလစ်အငိုက် ဖမ်းဆီးတိုက်ခိုက်ရန်ဖြစ်၏။
ထိုသို့ဖြစ်ရာ အရာအားလုံးကို စစ်မှန်သော အခြေအနေများအတိုင်းပင် ဖန်တီးထားခဲ့သည်။ ညဉ့်နက်သန်းခေါင်ယံ အချိန်ကာလသို့ ရောက်ချိန်မှာတော့ လေခွင်းမြို့အတွင်း၌ လူရိပ်ပေါင်းများစွာတို့သည် ရုတ်ခြည်း ထွက်ပေါ်လာကြတော့သည်။
ထို့နောက်တွင်မူ လေခွင်းမြို့၏ တပ်စခန်းအတွင်းမှ အလန့်တကြား အော်ဟစ်သံများ ကျယ်လောင်စွာ ထွက်ပေါ်လာလေသည်။ ထို့နောက် တိုက်ခိုက်သံများနှင့် သတ်ဖြတ်သံများသည်လည်း တစ်ဆက်တည်း ပေါ်ထွက်လာတော့၏။
နောက်ဆုံးတွင် မြို့တစ်ခုလုံး နေရာအနှံ့ တိုက်ခိုက်သံများနှင့် မီးတောက်များ ပြည့်နှက်သွား၏။ ညအမှောင်ထုထဲမှ လေခွင်းမြို့သည် ပွက်ပွက်ဆူနေသော အိုးတစ်လုံးအလား ဖြစ်သွားပြီး လူအားလုံး ဖရိုဖရဲ ဖြစ်လို့နေသည်။
“ဒုက္ခရောက်ပြီ... ထောင်ချောက်ထဲ ကျသွားပြီ။ တာယင်အင်ပါယာရဲ့ အဆိပ်ပြင်းတဲ့ အကြံအစည်ထဲ ကျသွားပြီ။”
မရေမတွက်နိုင်သော လူများ၏ ငိုကြွေးသံ၊ အော်ဟစ်သံများဖြင့် နှစ်နာရီကြာအောင် တိုက်ခိုက်ခဲ့ကြသည်။ ထို့နောက် တောင်ပိုင်းကျိုးအင်ပါယာ၏ အိမ်ရှေ့စံမင်းသား ကျိုးလီ က သွေးသံရဲရဲ ဖြစ်နေသော ခန္ဓာကိုယ်ဖြင့် စစ်သည် သောင်းဂဏန်းကို ဦးဆောင်ကာ လေခွင်းမြို့မှ အလောတကြီး ထွက်ပြေးသွား၏။
ဤပြဇာတ်သည် အလွန်ပင် သက်ဝင်လှုပ်ရှားလွန်းလှပေသည်။ အစစ်အမှန်ထက်ပင် ပိုမို၍ လက်တွေ့ကျ နေသကဲ့သို့ ရှိတော့သည်။
အချုပ်အားဖြင့်ဆိုရသော် ယွင်ကျုံးဟဲ့၏ ထရိုဂျန်မြင်းသစ်သားရုပ် အကြံအစည်သည် အမှန်တကယ်ပင် အောင်မြင်သွားခဲ့ပြီး တောင်ပိုင်းကျိုးအင်ပါယာ၏ စစ်သည်နှစ်သိန်းကို သွေးချောင်းစီး သတ်ဖြတ်လိုက် သကဲ့သို့ ဖြစ်နေလေ၏။
အဝေးမှ စောင့်ကြည့်နေကြသော တောင်ပိုင်းကျိုးအင်ပါယာ၏ သူလျှိုများအနေဖြင့်မူ မည်သည့် ချို့ယွင်းချက်ကိုမှ တွေ့မြင်နိုင်လိမ့်မည် မဟုတ်ပေ။
နောက်ဆုံး၌ လေခွင်းမြို့စားအိမ်တော် အပျက်အစီးပေါ်တွင် မီးတောက်ကြီး တစ်ခု ထွက်ပေါ်လာ၏။ ထိုအရာမှာ အစီအစဉ် အောင်မြင်သွားပြီဆိုသည့် အချက်ပြ သင်္ကေတဖြစ်၏။
ထိုမြင်ကွင်းကို မြင်လိုက်ရချိန်မှာတော့ အဝေးရှိ တောင်ထိပ်ပေါ်မှ စောင့်ကြည့်နေသော တာယင်အင်ပါယာ၏ သူလျှိုများသည် အရှေ့မြောက်ဘက်သို့ အရှိန်အဟုန်ဖြင့် ပြေးထွက်သွားကြပြီး တာယင်အင်ပါယာ၏ တောင်ပိုင်းသိမ်းတပ်တော် ဌာနချုပ်သို့ သတင်းကောင်း ပို့ကြတော့သည်။
ကျန်ရှိနေသော သူလျှို အချို့ကမူ မူလ အစီအစဉ်အတိုင်း လေခွင်းမြို့ အတွင်းသို့ ဝင်ရောက်သွားကြ၏။ သို့ပေမည့် ထိုသူလျှိုများ လေခွင်းမြို့ထဲ ဝင်သွားသည်နှင့် တပြိုင်နက် နောက်နောင် ဘယ်တော့မှ ပြန်ထွက်လာနိုင်တော့မည် မဟုတ်ပေ။
“ယွင်ကျုံးဟဲ့... ရေးတော့၊ ရေးတော့။ စတုတ္ထမင်းသား ယင်ချွဲ့ရဲ့ စစ်မိန့် အတုကို ရေးလိုက်တော့။”
ယန်ဖြန်ရှန်က ပြောလိုက်၏။ “ကျုပ် လမင်းလေးရဲ့ နာမည်ကို တိုင်တည်ပြီး သစ္စာဆိုပါတယ်။ ခင်ဗျားသာ ရေးပေးရင် ကျင်းဝူပြန်းနဲ့ လန်ပိကို ကျုပ် လုံးဝ မထိခိုက်စေရဘူး။”
ယွင်ကျုံးဟဲ့ တစ်ကိုယ်လုံး တုန်ယင်နေသည်။
ယန်ဖြန်ရှန်က ပြောလိုက်၏။ “ကျင်းဝူပြန်းအပေါ် ထားတဲ့ ခင်ဗျားရဲ့ သံယောဇဉ်က သိပ်မနက်ရှိုင်းဘူး ထင်တယ်။”
ထို့နောက် သူ ညင်သာစွာ လက်ကာပြလိုက်၏။
“ရွှစ်...”
သစ်တောထဲမှ တောင်ပိုင်းကျိုးအင်ပါယာ၏ သိုင်းသမား တစ်ယောက်က ကျင်းဝူပြန်း၏ ပေါင်ကို ဓားဖြင့် ထိုးချလိုက်သည်။ ဤဓားမှာ သာမန်ဓား မဟုတ်ဘဲ သွေးထွက်လွယ်စေရန် ဖန်တီးထားသော သုံးမြှောင့်ပုံ ဓား ဖြစ်၏။ ထိုးမိသည်နှင့် သွေးများ အဆက်မပြတ် ထွက်နေပေလိမ့်မည်။
ထင်သည့်အတိုင်းပင် သတိလစ်နေသော ကျင်းဝူပြန်း၏ ပေါင်မှ သွေးများ ပန်းထွက်လာသည်။
ယန်ဖြန်ရှန်က ပြောလိုက်၏။ “ခင်ဗျားက သမားတော် တစ်ယောက်ပဲလေ။ ဒီအတိုင်းဆို နာရီဝက်တောင် မကြာဘဲ ကျင်းဝူပြန်း သွေးထွက်လွန်ပြီး သေသွားလိမ့်မယ်ဆိုတာ ခင်ဗျား အတိအကျ တွက်ချက်နိုင်မှာပါ။ ခင်ဗျား ယင်ချွဲ့ရဲ့ စစ်မိန့် အတုကို ရေးပေးဖို့ သဘောတူလိုက်တာနဲ့ ကျုပ် သူ့ကို သွေးတိတ်အောင် လုပ်ပေးပြီး အသက်ကယ်ပေးမယ်။”
ယခုအချိန်တွင် ကျင်းဝူပြန်း၏ ပေါင်မှ သွေးများ ပိုမိုထွက်လာပြီး တစ်ကိုယ်လုံး တွန့်လိမ်နေတော့သည်။
ယွင်ကျုံးဟဲ့က အက်ကွဲသော အသံဖြင့် အော်လိုက်၏။ “ယန်ဖြန်ရှန်... ခင်ဗျားက မိစ္ဆာပဲ။ ခင်ဗျားက တကယ့် မိစ္ဆာကောင်ကြီးပဲ။”
ယန်ဖြန်ရှန်က ပြုံးကာ ပြောလိုက်သည်။ “သခင်လေးယွင်ကျုံးဟဲ့... မြန်မြန် လုပ်ပါ၊ မြန်မြန် လုပ်ပါ။ ကျင်းဝူပြန်းရဲ့ ခန္ဓာကိုယ်က သိပ်ကျန်းမာတာ မဟုတ်ဘူး၊ မကြာခင် သွေးထွက်လွန်ပြီး သေတော့မယ်။”
ယွင်ကျုံးဟဲ့က တုန်ယင်သော အသံဖြင့် ခေါင်းညိတ်လိုက်၏။ “ကျုပ် ရေးမယ်... ကျုပ် ရေးမယ်။”
ယန်ဖြန်ရှန်က ပြုံးလိုက်သည်။ “အဲဒီလို လိမ္မာမှပေါ့။”
ထို့နောက် သစ်တောထဲမှ လူအချို့က ကျင်းဝူပြန်း၏ ဒဏ်ရာကို ချက်ချင်း ချုပ်ပေးပြီး ဆေးထည့်ကာ သွေးတိတ်အောင် လုပ်ပေးလိုက်ကြ၏။
သို့သော်ငြား ကျင်းဝူပြန်းကို မြေကြီးပေါ်တွင် ဒူးထောက်စေပြီး လည်ပင်းကို သစ်ငုတ်တိုပေါ်တွင် တင်ထားစေကာ တောင်ပိုင်းကျိုးအင်ပါယာမှ သိုင်းသမားက ဓားမော့ကြီးကို မြှောက်ထား၏။ ယန်ဖြန်ရှန် အမိန့်ပေးလိုက်သည်နှင့် ဓားမော့ကြီး ကျဆင်းလာပြီး ကျင်းဝူပြန်း၏ခေါင်း ပြတ်ကျသွားပေလိမ့်မည်။
ယွင်ကျုံးဟဲ့ ယန်ဖြန်ရှန်၏ နောက်သို့ လိုက်ကာ တဲတစ်လုံး အတွင်းသို့ ဝင်သွားသည်။ ယွင်ကျုံးဟဲ့၏ ရှေ့တွင် စက္ကူတစ်ရွက် ချထား၏။ ဤသည်မှာ တာယင်အင်ပါယာ တောင်ပိုင်းသိမ်း တပ်တော် ဌာနချုပ်၏ အမြင့်ဆုံး အဆင့်ရှိ သီးသန့် စက္ကူ ဖြစ်သည်။
ထို့နောက် ယန်ဖြန်ရှန်က ဖတ်ပြပြီး ယွင်ကျုံးဟဲ့က လိုက်ရေးသည်။ တာယင်အင်ပါယာ၏ စတုတ္ထမင်းသား ယင်ချွဲ့၏ လက်ရေးနှင့် အပြောအဆို ပုံစံများကို လုံးဝ တစ်ပုံစံတည်း အတုခိုးကာ ဤစစ်မိန့်ကို ရေးသားလိုက်ခြင်း ဖြစ်၏။
အကြမ်းဖျင်း အကြောင်းအရာမှာ ထရိုဂျန် မြင်းသစ်သားရုပ် အကြံအစည် အောင်မြင်သွားပြီ။ တာယင် အင်ပါယာက လေခွင်းမြို့ကို သိမ်းပိုက်လိုက်ပြီ ဖြစ်သော်လည်း အပြည့်အဝ အောင်ပွဲ မရသေးပေ။
တောင်ပိုင်းကျိုးအင်ပါယာ၏ စစ်သည် သောင်းဂဏန်းခန့် ထွက်ပြေးလွတ်မြောက်သွားပြီး တာယင် အင်ပါယာ၏ စစ်သည် တစ်သိန်းမှာလည်း အသေအပျောက် များပြားခဲ့သည်။
ထန်ထိုင်မြို့ဘက်မှ တောင်ပိုင်းကျိုးအင်ပါယာ ဒုတိယစစ်သေနာပတိ အောက်ရှင်းက စစ်သည် သိန်းချီဖြင့် မြောက်ဘက်သို့ ချီတက်လာနေပြီဖြစ်ရာ လေခွင်းမြို့မှာ အန္တရာယ် ရှိနေဆဲ ဖြစ်၏။
ထို့ကြောင့် ဟူယန်ကျောက်ကို စစ်သည် သုံးသိန်းဖြင့် လေခွင်းမြို့သို့ ချက်ချင်း စစ်ကူလာရန်နှင့် စစ်လက်နက် ပစ္စည်းများ၊ အထူးသဖြင့် လေးမြားများကို လုံလောက်စွာ ယူဆောင်လာရန် အမိန့်ပေးလိုက်ခြင်းဖြစ်ပြီး အရေးကြီးသည်ဟု ရေးသားထားခြင်း ဖြစ်သည်။
ယွင်ကျုံးဟဲ့ ရေးပြီးသွားချိန်မှာတော့ ယန်ဖြန်ရှန်က ယူကြည့်လိုက်ပြီး စတုတ္ထမင်းသား ယင်ချွဲ့၏ ယခင် လက်ရေးအစစ် စာရွက်နှင့် တိုက်ကြည့်လိုက်ရာ မချီးကျူးဘဲ မနေနိုင်အောင် ဖြစ်သွားသည်။ ယွင်ကျုံးဟဲ့ အတုခိုးထားသော လက်ရေးက ယင်ချွဲ့၏ လက်ရေးနှင့် လုံးဝ တစ်ပုံစံတည်း ဖြစ်လို့နေ၏။
………………………..