အခန်း (၁၈၅-၁၈၆)
Vol. 16 Ch. 185-186
အပိုင်း (၁၈၅)
“နောက်တစ်ဆင့်က တံဆိပ်တုံးပဲ။”
ယန်ဖြန်ရှန်က ပြောလိုက်သည်။ “တံဆိပ်တုံး နှစ်ခု ရှိတယ်။ တစ်ခုက စတုတ္ထမင်းသား ယင်ချွဲ့ရဲ့ ကိုယ်ပိုင် တံဆိပ်တုံး၊ နောက်တစ်ခုက တာယင်အင်ပါယာ တောင်ပိုင်းသိမ်း တပ်တော် ဌာနချုပ်ရဲ့ တံဆိပ်တုံး။ ကျုပ်ဆီမှာ ယင်ချွဲ့ အရင်က ထုတ်ခဲ့တဲ့ စစ်မိန့်ဟောင်း တစ်စောင် ရှိတယ်။ အဲဒီပေါ်က တံဆိပ်တုံးတွေကို ကြည့်ပြီး အတုခိုးလို့ ရတယ်။”
ယွင်ကျုံးဟဲ့ တစ်ချက် ကြည့်လိုက်ပြီးနောက် ဆေးရောင်များကို စတင် စပ်သည်။ အလွန် သေသေချာချာ စပ်ပြီးနောက် အရောင်က စစ်မိန့်ဟောင်းပေါ်ရှိ တံဆိပ်တုံး အရောင်နှင့် လုံးဝ တစ်ပုံစံတည်း ဖြစ်သွား၏။
ထို့နောက် ယွင်ကျုံးဟဲ့က တံဆိပ်တုံး ရိုက်နှိပ်ထားသော ပုံစံကို အတုခိုး၏။ နာရီဝက်ခန့် အကြာတွင် တံဆိပ်တုံး အတုခိုးမှု ပြီးစီးသွားသည်။
ယန်ဖြန်ရှန် လုံးဝ မှင်သက်သွားသည်။ တကယ့်ကို အစစ်နှင့် တူလွန်းနေသည်။ လုံးဝ တစ်ပုံစံတည်းပင်။ အရောင် တူရုံသာမက အနုအရင့်လည်း တူညီပြီး တံဆိပ်တုံး ဖိနှိပ်ထားသော အချိုင့်ရာလေးများပင် လုံးဝ တစ်ပုံစံတည်း ဖြစ်နေ၏။
ယွင်ကျုံးဟဲ့၏ စွမ်းဆောင်ရည်မှာ အလွန် ထက်မြက်လွန်းလှသည်။
အနည်းငယ် ထူးဆန်းနေသည်ဟု ထင်မှတ်နေသည်လား။ ယွင်ကျုံးဟဲ့၏ ခန္ဓာကိုယ်အတွင်း၌ ယခုအခါ ဒါဗင်ချီ ရှိမနေတော့သည်မှာ အမှန်ဖြစ်သည်။ သို့သော်ငြား အဘယ်ကြောင့် ဤမျှအထိ တူညီအောင် အတုခိုးနိုင်စွမ်း ရှိနေသေးသနည်း။
ဤစိတ်ဝေဒနာရှင်များသည် ယွင်ကျုံးဟဲ့၏ ခန္ဓာကိုယ်အတွင်းသို့ အကြိမ်ကြိမ် ဝင်ရောက်ပူးကပ် လာသည်နှင့်အမျှ အကြွင်းအကျန် အာနိသင်ကလည်း ဖြစ်ပေါ်လာခဲ့သည်။
ဆိုလိုသည်မှာ စိတ်ဝေဒနာရှင်တစ်ဦးသည် ယွင်ကျုံးဟဲ့၏ ခန္ဓာကိုယ်အတွင်း၌ အချိန်ကြာမြင့်စွာ တည်ရှိနေပြီး ၎င်း၏ စွမ်းရည်များကို မကြာခဏ အသုံးပြုလာသောအခါ ယွင်ကျုံးဟဲ့သည်လည်း ထိုစွမ်းရည်များကို တဖြည်းဖြည်း တတ်မြောက်လာခြင်း ဖြစ်၏။
ဤကိစ္စရပ်မှာ အမှန်စင်စစ် ထူးဆန်းသော အရာတော့မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့၏ စွမ်းရည်များကို အသုံးပြုတိုင်း ယွင်ကျုံးဟဲ့၏ ခန္ဓာကိုယ်ကို အခြေခံ၍ ဆောင်ရွက်ရသောကြောင့် ဖြစ်၏။ ၎င်းသည် ယွင်ကျုံးဟဲ့ကိုယ်တိုင် အကြိမ်ပေါင်းများစွာ လေ့ကျင့်နေရသကဲ့သို့ ဖြစ်နေသည်။
ထို့အပြင် ယွင်ကျုံးဟဲ့၌ ဒါဗင်ချီ၏ စွမ်းရည် သုံးပုံတစ်ပုံခန့်သာ ရှိသေးသော်လည်း လက်ရေးအတုခိုးခြင်း ကဲ့သို့သော အမှုကိစ္စမှာမူ ခက်ခဲလှသည်တော့ မဟုတ်ပေ။
သို့သော်လည်း ရှန်ကျင်းကျုံးယွမ်ည ပန်းချီကားကို မူရင်းနှင့် တစ်ပုံစံတည်း ဖြစ်အောင် ရေးဆွဲရန်မှာမူ လုံးဝ မဖြစ်နိုင်သေးပေ။ ထိုအရာသည် အလွန်တရာ ခက်ခဲနက်နဲသော အဆင့်တွင် ရှိနေသောကြောင့် ဖြစ်သည်။
ထို့အပြင် အမှတ် (၂၄) ၏ အသံအတုခိုးခြင်းနှင့် အသံခွဲခြားခြင်းဆိုင်ရာ စွမ်းရည်များကိုလည်း ယွင်ကျုံးဟဲ့သည် ၂၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းခန့်အထိ တတ်မြောက်ထားပြီ ဖြစ်၏။
အမှတ် (၉) ကွမ်တမ်၏ ထူးခြားသော တွက်ချက်နိုင်စွမ်းကိုလည်း ၅ ရာခိုင်နှုန်းခန့် တတ်မြောက်ထားပြီ ဖြစ်သည်။
ယခင်က စိတ်ဖတ်နိုင်သော စိတ်ဝေဒနာရှင် ထွက်ခွာသွားပြီးနောက်ပိုင်းတွင်လည်း မျက်နှာအမူအရာကို ကြည့်ရှု၍ အကဲခတ်သည့် နည်းလမ်းအချို့ကို သင်ယူနိုင်ခဲ့၏။
သို့သော်ငြား စိတ်ဝေဒနာရှင်တစ်ဦး၏ ထူးခြားသော စွမ်းရည်တစ်ခုကိုမူ ယွင်ကျုံးဟဲ့ လုံးဝ သင်ယူနိုင်ခြင်း မရှိခဲ့ပေ။ ၎င်းမှာ အမှတ် (၂၇) သရဲမ၏ စွမ်းရည် ဖြစ်သည်။
သေဆုံးသွားသူများ၏ မသေဆုံးမီ နောက်ဆုံး စိတ်ဝိညာဉ်မှတ်တမ်းကို ဖတ်ရှုနိုင်သည့် စွမ်းရည်မှာ ယွင်ကျုံးဟဲ့၏ သင်ယူနိုင်စွမ်းထက် ကျော်လွန်နေဟန် ရှိလေသည်။ အဘယ်ကြောင့်ဆိုသော် ထိုစွမ်းရည်သည် အလွန်ပင် ဆန်းကြယ်ထူးခြားလွန်းလှသောကြောင့်ပင်။
“ကောင်းကင်ဘုံ.. တကယ်ကို နတ်ဘုရားတွေလိုပါပဲလား။”
ယန်ဖြန်ရှန် သက်ပြင်းချကာ ပြောလိုက်၏။ “ကိုယ်တိုင် မြင်တွေ့ရတာ မဟုတ်ရင် ဒီစစ်မိန့်က အတု ဆိုတာကို လုံးဝ ထင်မှတ်စရာ အကြောင်း မရှိဘူး။ စတုတ္ထမင်းသား ယင်ချွဲ့ သေသွားလို့သာပေါ့၊ မဟုတ်ရင် သူကိုယ်တိုင်တောင် အံ့သြသွားမှာပဲ။
ဒါပေမဲ့ ယွင်ကျုံးဟဲ့... ခင်ဗျား နည်းနည်းတော့ အရည်အသွေး ကျသွားသလိုပဲ။ အရင်တုန်းက ခင်ဗျား ရှန်ကျင်းကျုံးယွမ်ည ပန်းချီကားကိုတောင် တစ်ပုံစံတည်း အတုခိုးနိုင်ခဲ့တာလေ။ အခု ခင်ဗျား အတုခိုးထားတဲ့ ဒီစစ်မိန့်က အရင်တုန်းက သစ်ရွက်ကြွေနယ်မြေ ပြန်လည်လွှဲပြောင်းရေး စာချုပ်လောက်တောင် အစစ်နဲ့ မတူဘူး။”
ထိုအချိန်တုန်းက ဒါဗင်ချီ ဝင်ပူးနေတာသောကြောင့် ယခုအခြေအနေနှင့် ကျိန်းသေပေါက် မတူညီနိုင်ပေ။
ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “ဒါက ကျုပ်ရဲ့ အစွမ်းကုန် လုပ်ထားတာပဲ။ ခင်ဗျား မကျေနပ်ရင်လည်း ဘာမှ မတတ်နိုင်ဘူး။”
ယန်ဖြန်ရှန်က ခေါင်းညိတ်လိုက်သည်။ “ကျုပ် နားလည်ပါတယ်။ လုံးဝ နားလည်ပါတယ်။ ဘာလို့လဲဆိုတော့ အခု ခင်ဗျား စိတ်ရှုပ်ထွေးနေပြီး မျှော်လင့်ချက်မဲ့တာတွေ၊ ဒေါသထွက်တာတွေ ဖြစ်နေတာကိုး။ အဲတာကြောင့် အရင်ကလောက် အစွမ်းမပြနိုင်တာက သဘာဝကျပါတယ်။ ပြီးတော့ ဒီစစ်မိန့်ကလည်း အစစ်နဲ့ လုံလောက်အောင် တူနေပါပြီ။ ဘာအပြစ်အနာအဆာမှ ရှာမတွေ့နိုင်တော့ပါဘူး။ လုံလောက်ပြီ... ရပြီ။”
ထို့နောက် ယန်ဖြန်ရှန် လက်ခုပ်တီးလိုက်သည်။ ချက်ချင်းပဲ အနက်ရောင် ဝတ်စုံ အပြည့် ဝတ်ဆင်ထားသော လူတစ်ယောက် ဝင်လာ၏။
“မျက်နှာဖုံး ချွတ်လိုက်။ သခင်လေးယွင်ကျုံးဟဲ့ကို မြင်ခွင့်ပေးလိုက်။” ယန်ဖြန်ရှန်က ပြောလိုက်သည်။
ထိုလူ မျက်နှာဖုံး ချွတ်လိုက်ချိန်မှာတော့ ရင်းနှီးသလိုလို၊ စိမ်းသလိုလို မျက်နှာ တစ်ခု ပေါ်လာ၏။
“သခင်လေးယွင်ကျုံးဟဲ့... သူ့ကို မှတ်မိသေးလား။” ယန်ဖြန်ရှန်က မေးလိုက်သည်။
ယွင်ကျုံးဟဲ့ သူ၏ မှတ်ဉာဏ်ထဲတွင် ထိုလူ၏ မျက်နှာကို အသည်းအသန် ရှာဖွေကြည့်လိုက်သည်။ အတန်ကြာမှ သူ မှတ်မိသွား၏။ သူ ဤလူအား တစ်ကြိမ် မြင်တွေ့ဖူးခဲ့သည်။ ထိုစဉ်က ကျင်းဝူပြန်းတို့အား တာယင်အင်ပါယာသို့ လျှို့ဝှက်စွာ ပို့ဆောင်ပေးခဲ့သူများထဲ၌ ဤလူသည်လည်း ပါဝင်ခဲ့၏။
ဤလူသည် သခင်ကြီးဖုန်းရှင်းမြဲ့၏ ယုံကြည်အားကိုးရသူပင် ဖြစ်ပေသည်။ ထိုသို့ဆိုလျှင် ၎င်းပင်လျှင် သစ္စာဖောက်ဖျက်သွားခဲ့လေသည်လား။
“ဒီလူ နာမည်က ဖုန်းပေါ်အဲ့ တဲ့။ သခင်ကြီးဖုန်းရှင်းမြဲ့ရဲ့ တူအရင်းပဲ။ မင်းသား ယင်ချွဲ့ နဲ့ သခင်ကြီးဖုန်းရှင်းမြဲ့ ရဲ့ အပြည့်အဝ ယုံကြည်မှုကို ရထားတဲ့သူလေ။” ယန်ဖြန်ရှန်က ပြောလိုက်၏။
ယွင်ကျုံးဟဲ့၏ မျက်နှာ ရှုံ့မဲ့သွားက မေးလိုက်သည်။ “သူ သစ္စာဖောက်သွားပြီလား။”
“သစ္စာဖောက်တယ် ဆိုတဲ့ စကားက အရမ်း နားဝင်ဆိုးတယ်။ နားထောင်လို့ မကောင်းပါဘူး။”
ယန်ဖြန်ရှန်က ပြောလိုက်၏။ “ကျုပ်က တာယင်အင်ပါယာ ဟေးလုံထိုင်မှာ ဆယ်နှစ်ကျော် နေခဲ့တာလေ။ လူယုံတွေ အများကြီး ရှိတာပေါ့။ ကျုပ် သစ္စာဖောက်ပြီးတဲ့နောက် တာယင်အင်ပါယာ ဟေးလုံထိုင်က အကြိမ်ကြိမ် ရှင်းလင်းရေးတွေ လုပ်ခဲ့ပေမဲ့ လွတ်သွားတဲ့ သူတွေတော့ ရှိမှာပေါ့။
အခု ခင်ဗျားရှေ့မှာ ရှိနေတဲ့ ဒီ ဖုန်းပေါ်အဲ့က ဖုန်းရှင်းမြဲ့နဲ့ ဆွေမျိုး တော်စပ်နေလို့ ရှင်းလင်းရေးမှာ မပါခဲ့တာ။ တကယ်တော့ သူက ကျုပ်ရဲ့လူပဲ။ သူ့ကို စစ်မိန့် သွားပို့ခိုင်းရင် ပိုပြီး ယုံကြည်စရာ မကောင်းဘူးလား။ ဘာအပြစ်အနာအဆာမှ မရှိဘူး မဟုတ်လား။”
ယွင်ကျုံးဟဲ့က တုန်ယင်သော အသံဖြင့် ပြောလိုက်သည်။ “ခင်ဗျား တကယ် အကွက်ကျကျ စီစဉ်ထားတာပဲ။”
ယန်ဖြန်ရှန် သက်ပြင်းချကာ ခေါင်းညိတ်လိုက်၏။ “သခင်လေးယွင်ကျုံးဟဲ့... ဒီနေ့အတွက် ကျုပ် နှစ်ပေါင်း ဘယ်လောက်တောင် ပြင်ဆင်ခဲ့ရလဲ။ သေချာပေါက် လုံလုံလောက်လောက် ပြင်ဆင်ထားရမှာပေါ့။”
ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “ခင်ဗျားရဲ့ သူလျှိုတွေ တာယင်အင်ပါယာထဲမှာ ရှိနေသေးတာပဲ။ သူတို့ ရှင်းလင်းရေး လုပ်တာတောင် မမိဘဲ အရေးကြီးတဲ့ နေရာတွေမှာတောင် ရှိနေကြအုံးမယ်။”
ယန်ဖြန်ရှန် ပခုံးတွန့်ပြလိုက်သည်။ ထို့နောက် သူ ပြုံးကာ မေးလိုက်၏။ “ဖုန်းပေါ်အဲ့... ခင်ဗျားက သခင်ကြီးဖုန်းရှင်းမြဲ့ ရဲ့ တူအရင်းပဲ။ အခု ကျုပ် သူ့ကို သတ်လိုက်ပြီ ဆိုတော့ ခင်ဗျား ဝမ်းနည်းလား။”
ဖုန်းပေါ်အဲ့က အတော်လေး ဝဖြိုးပြီး ရိုးအသည့်ပုံစံ ပေါက်သည်။ ဖုန်းရှင်းမြဲ့နှင့် ဆွေမျိုး တော်သော်လည်း ရုပ်ချင်း သိပ်မတူပေ။
ယန်ဖြန်ရှန်၏ မေးခွန်းကို ကြားချိန်မှာတော့ ဖုန်းပေါ်အဲ့ က ခေါင်းခါလိုက်သည်။ “ဝမ်းနည်းပါတယ်။”
ယန်ဖြန်ရှန်က မေးလိုက်၏။ “ဒါဆို ကျုပ်ကို မုန်းလား။”
ဖုန်းပေါ်အဲ့ က ခေါင်းယမ်းလိုက်သည်။ “မမုန်းပါဘူး။ သခင်ကြီးယန်သာ မရှိရင် ကျုပ် အစောကြီးတည်းက သေနေလောက်ပြီ။ ကျုပ်ရဲ့ မိသားစုလည်း တကယ်ပဲ သေနေလောက်ပြီ။”
ယန်ဖြန်ရှန်က ပြောလိုက်၏။ “စိတ်ချပါ။ ခင်ဗျားရဲ့ မိသားစု အမြဲတမ်း ကောင်းကောင်း နေနေရပါတယ်။ ကျုပ် သူတို့ရဲ့ နေရာကို ဘယ်သူ့ကိုမှ မပြောပြထားပါဘူး။ တောင်ပိုင်းကျိုးအင်ပါယာ ဟေးပင်းထိုင် ကိုတောင် မပြောပြထားပါဘူး။”
ဖုန်းပေါ်အဲ့ ဒူးတစ်ဖက် ထောက်ချလိုက်ပြီး ပြောလိုက်သည်။ “သခင်ကြီးယန်ရဲ့ ကျေးဇူးကို ကျုပ် မှတ်သားထားပါ့မယ်။”
ယန်ဖြန်ရှန်က ခေါင်းညိတ်လိုက်၏။ “ကောင်းပြီ... သွားတော့။”
ဖုန်းပေါ်အဲ့ သည် စတုတ္ထမင်းသား ယင်ချွဲ့၏ စစ်မိန့်အတုကို ရင်ဘတ်ထဲ ထည့်ကာ ညအမှောင်ထုထဲသို့ ပျောက်ကွယ်သွားလေတော့သည်။
ယွင်ကျုံးဟဲ့ အေးစက်စွာ ပြုံးလိုက်၏။ “အခု ကျုပ်ရဲ့ အသုံးဝင်မှု ကုန်သွားပြီဆိုတော့ ခင်ဗျား ကျုပ်ကို သတ်လို့ ရပြီလေ။”
ယန်ဖြန်ရှန် ညင်သာစွာ ပြုံးလိုက်သည်။ “သခင်လေးယွင်ကျုံးဟဲ့... ခင်ဗျားက ပါရမီရှင် တစ်ယောက်ပါ။ ကျုပ်ပြီးရင် အတော်ဆုံး ပါရမီရှင်ပေါ့။ နုဧကရာဇ်ရဲ့ မြေအောက် သင်္ချိုင်းဂူထဲက တာယင် စစ်သည် တစ်သိန်း အသတ်ခံရတာကို ခင်ဗျား မမြင်ခဲ့ရဘူးလေ။ အဲဒါ ကျုပ်တို့ နှစ်ယောက် ပေါင်းပြီး ဖန်တီးခဲ့တဲ့ လက်ရာပဲ။
ဒါပေမဲ့ ဒီတစ်ခါတော့ ခင်ဗျားကို ဒီခမ်းနားတဲ့ မြင်ကွင်းကြီးကို ကိုယ်တိုင် မြင်တွေ့ခွင့်ပေးမယ်။ တာယင်အင်ပါယာရဲ့ ကျန်ရှိနေတဲ့ စစ်သည် သိန်းချီ ဘယ်လို သနားစရာကောင်းအောင် သေသွားလဲ ဆိုတာကို မြင်တွေ့ခွင့်ပေးမယ်။”
ထို့နောက် ယန်ဖြန်ရှန်က ယွင်ကျုံးဟဲ့၏ နောက်စေ့ကို ဖွဖွလေး ရိုက်လိုက်၏။
ယွင်ကျုံးဟဲ့ ချက်ချင်း သတိလစ်သွားသည်။
ယန်ဖြန်ရှန်က ကိုယ့်ကိုယ်ကိုယ် လှောင်ပြောင်သည့် အသံဖြင့် ပြောလိုက်၏။ “ခင်ဗျားက အရမ်း အားနည်းလွန်းလို့ ကျုပ်က သတိထားပြီး ခပ်ဖွဖွလေးပဲ ရိုက်ရဲတယ်။ မတော်တဆ ထိခိုက်သွားရင် လမင်းလေးက ကျုပ်ကို သတ်လိမ့်မယ်။”
ထိုအချိန်၌ အနက်ရောင်ဝတ်စုံ ဝတ်ထားသော သိုင်းသမားနှစ်ယောက် ဝင်လာပြီး လူတစ်ယောက်ကို ဆွဲခေါ်လာ၏။ စောစောက ပေါင်ကို ဓားအထိုးခံရသော ကျင်းဝူပြန်း ဖြစ်ပြီး သူက သတိလစ်နေဆဲ ဖြစ်သည်။
ထို့အပြင် သူ၏ ပေါင်တွင် ဘာဒဏ်ရာမှ မရှိချေ။ စောစောက ပေါင်ကို ဓားထိုးခံရသည် ဆိုသည်မှာ ဟန်ဆောင်မှု သက်သက်သာဖြစ်ပြီး ထွက်လာသော သွေးများမှာလည်း သွေးအိတ်များမှ ဖြစ်၏။
ယန်ဖြန်ရှန်က သတိလစ်နေသော ကျင်းဝူပြန်း၏ မျက်နှာကို ပုတ်ကာ သက်ပြင်းချလိုက်သည်။ “ကျင်းအဲ့ သေသွားတည်းက ကျင်းမိသားစု တစ်ခုလုံးက အရမ်း တန်ဖိုးကြီးသွားကြပြီ။ ကျုပ် ဘယ်သူ့ကိုမှ မထိခိုက်ရဲတော့ဘူး။ မဟုတ်ရင် လမင်းလေးက ကျုပ်ကို သတ်လိမ့်မယ်။ တကယ် ဒုက္ခရောက်တာပဲ။ သယ်သွား... သယ်သွား... ဒီ အသုံးမကျတဲ့ကောင်ကို မြင်ရတာ မျက်စိနောက်တယ်။”
…………..
တာယင်အင်ပါယာ အနောက်တောင်ဘက် ပြည်နယ်၊ တောင်ပိုင်းသိမ်း တပ်တော် ဌာနချုပ်
စစ်သည် လေးသိန်း၏ တပ်စခန်းများက မိုင်ဆယ်ဂဏန်းလောက်အထိ ရှည်လျားနေသည်။ တာယင် အင်ပါယာ၏ တောင်ပိုင်းသိမ်း တပ်တော် အားလုံး ဤနေရာတွင် စုရုံးနေကြခြင်း ဖြစ်၏။
အမျိုးမျိုးသော ရိက္ခာများ၊ ထောက်ပံ့ရေး ပစ္စည်းများ၊ စစ်လက်နက် ပစ္စည်းများ၊ လက်နက်များ မရေမတွက်နိုင်အောင် တောင်လို ပုံနေသည်။
ထို့အပြင် နယ်စပ်ရှိ ခံစစ်စည်းကလည်း အလွန် ခိုင်မာတောင့်တင်းလှ၏။ သာမန် အခြေအနေတွင် တောင်ပိုင်းကျိုးအင်ပါယာအနေဖြင့် ဤခံစစ်စည်းကို တိုက်ရိုက် ထိုးဖောက် ဝင်ရောက်ရန် လုံးဝ မဖြစ်နိုင်သလောက်ပင်။
“သတင်းပို့ပါတယ်...”
“သတင်းပို့ပါတယ်...”
“သတင်းပို့ပါတယ်...”
လွန်ခဲ့သော နာရီအနည်းငယ်တည်းက တာယင်အင်ပါယာ တောင်ပိုင်းသိမ်း တပ်တော် ဌာနချုပ်သို့ လျှို့ဝှက် သတင်းများ အဆက်မပြတ် ရောက်ရှိနေခဲ့သည်။
ထရိုဂျန် မြင်းသစ်သားရုပ် အကြံအစည်နှင့်ပတ်သက်၍ ဌာနချုပ် တစ်ခုလုံးတွင် ဒုတိယစစ်သေနာပတိ ဟူယန်ကျောက် တစ်ယောက်တည်းသာ သိရှိထားပြီး သူသည်လည်း မကြာမီကမှ သိရှိခဲ့ရခြင်း ဖြစ်၏။
ထိုအကြောင်းကို သိလိုက်ရချိန်မှာတော့ သူ လုံးဝ ရူးသွပ်သွားလုမတတ် ဖြစ်သွားခဲ့သည်။ သူသည် အသက်အရွယ်ကြီးသည့် စစ်သူကြီး တစ်ဦး မဟုတ်ဘဲ ယခုမှ အသက် လေးဆယ်ကျော်သာ ရှိသေးသော်လည်း တာယင်အင်ပါယာ၏ ထိပ်တန်း နာမည်ကျော် စစ်သူကြီး တစ်ဦး ဖြစ်နေပြီ ဖြစ်သည်။
ဤထရိုဂျန်မြင်းသစ်သားရုပ် အကြံအစည်အကြောင်းကို သိရှိလိုက်ရသည့် အချိန်တွင် ၎င်း၏ စိတ်ထဲ၌ အကြိမ်ကြိမ် ကျိန်ဆဲမိလေသည်။ အလွန် အန္တရာယ်ကြီးမားလွန်းသလို အလွန်လည်း ရူးသွပ်လို့နေ၏။
လုံးဝ ရှုံးနိမ့်သွားနိုင်ခြေ ရှိသည်။ အကယ်၍ တစ်စုံတစ်ရာ မှားယွင်းသွားပါက စစ်သည်တစ်သိန်းလုံးသည် မြေအောက်သင်္ချိုင်းဂူအတွင်း၌ သေဆုံးကြရပေလိမ့်မည်။
ထို့အပြင် ဤကမ္ဘာလောက၌ ဤမျှအတိုင်းအတာအထိ ကြီးမားသော မြေအောက်သင်္ချိုင်းဂူကြီး ရှိနေမည် ဆိုသည်ကိုလည်း ၎င်းအနေဖြင့် လုံးဝ မယုံကြည်နိုင်ပေ။ မည်ကဲ့သို့ ဖြစ်နိုင်ပါမည်နည်း။
သို့သော်လည်း မည်သို့ပင်ဖြစ်စေ ၎င်းသည် စိုးရိမ်ပူပန်မှုများစွာဖြင့် စောင့်ဆိုင်းနေရတော့သည်။ အချိန်တိုင်း၌ လေခွင်းမြို့ဘက်မှ သတင်းစကားကို စောင့်မျှော်နေရပြီး သတင်းဆိုး ရောက်ရှိလာမည်ကိုလည်း အလွန်အမင်း ကြောက်ရွံ့နေမိသည်။
စိုးရိမ်စိတ်လွန်ကဲလှသဖြင့် အိပ်မပျော်၊ စားမဝင် ဖြစ်နေရရုံမျှမက ရင်ထဲ၌လည်း မီးလောင်နေသကဲ့သို့ ခံစားနေရလေ၏။
မျက်စိမှိတ်လိုက်သည်နှင့် အိပ်မက်ဆိုးများ မက်တော့သည်။ စတုတ္ထမင်းသား ယင်ချွဲ့ သေဆုံးပြီ ဖြစ်ကြောင်းနှင့် စစ်သည်တစ်သိန်းလုံးလည်း အကုန်အစင် သေဆုံးကုန်ပြီဖြစ်ကြောင်းများကိုသာ မက်နေခြင်း ဖြစ်သည်။
သို့ပေမည့် လွန်ခဲ့သော နာရီအနည်းငယ်ခန့်မှစ၍ တာယင်အင်ပါယာ၏ သူလျှိုများက သတင်း အချက်အလက်များကို ဆက်တိုက်ဆိုသလို ပေးပို့လာခဲ့ကြသည်။
ပထမဆုံး ရောက်ရှိလာသော သတင်းစကားသည် ဒုတိယစစ်သေနာပတိ ဟူယန်ကျောက်ကို များစွာ တုန်လှုပ်သွားစေခဲ့၏။
တာယင်အင်ပါယာ သူလျှိုများသည် ကောင်းကင်ယံသို့ မီးရှူးမီးပန်းများ ပစ်တင်နေသည်ကို တွေ့ရှိရသည်ဟု ဆိုသည်။ သို့သော်ငြား ထိုအရာသည် မည်သည့်အဓိပ္ပာယ်ကို ဆောင်သည်ကိုမူ မသိရှိကြပေ။ တောင်ပိုင်းကျိုး အင်ပါယာက မည်သို့သော အချက်ပြမှုကို ပြုလုပ်လိုသည်ကိုလည်း မသိရှိရပေ။
သို့သော်ငြား နာရီအနည်းငယ် ကြာမြင့်ပြီးနောက်၌မူ ရောက်ရှိလာသမျှ သတင်းများအားလုံးသည် သတင်းကောင်းများသာ ဖြစ်နေတော့သည်။
…………………
အပိုင်း (၁၈၆)
“ဒုတိယစစ်သေနာပတိ... လေခွင်းမြို့မှာ တိုက်ခိုက်သံတွေ ကြားရပါတယ်။ ကျုပ်တို့ တာယင်အင်ပါယာ တပ်တော်က တောင်ပိုင်းကျိုးအင်ပါယာ တပ်တွေကို အလစ်အငိုက် သွားတိုက်တာနဲ့ တူပါတယ်။”
“ဒုတိယစစ်သေနာပတိ... လေခွင်းမြို့က တိုက်ခိုက်သံတွေ ပြီးဆုံးသွားပါပြီ။ တောင်ပိုင်းကျိုးအင်ပါယာ တပ်တွေ အလောတကြီး ထွက်ပြေးသွားကြပါတယ်။ အသေအပျောက် အများကြီး ရှိပါတယ်။”
“ဒုတိယစစ်သေနာပတိ... လေခွင်းမြို့စား အိမ်တော် အပျက်အစီးပေါ်မှာ မီးတောက်ကြီး တစ်ခု ထွက်ပေါ်လာပါတယ်။”
ချက်ချင်းပဲ ဒုတိယစစ်သေနာပတိ ဟူယန်ကျောက် ဝမ်းသာလုံးဆို့သွား၏။ ‘အစီအစဉ် အောင်မြင်သွားပြီ။ ထရိုဂျန် မြင်းသစ်သားရုပ် အကြံအစည် အောင်မြင်သွားပြီ။ ကျုပ်တို့ တာယင်အင်ပါယာက လေခွင်းမြို့ကို သိမ်းပိုက်လိုက်ပြီ။ စတုတ္ထမင်းသားရဲ့ ရူးသွပ်တဲ့ အစီအစဉ် အောင်မြင်သွားပြီ။’
ခဏကြာပြီးသည့်နောက် နောက်ဆုံး တရားဝင် စစ်မိန့် ရောက်လာ၏။
“ဖုန်းပေါ်အဲ့ ရောက်လာပါတယ်...” အပြင်မှ စစ်သည်တစ်ဦးက သတင်းပို့လိုက်သည်။
ဟူဟန်ကျောက်က ဝမ်းသာအားရာဖြစ်သွား၏။ “မြန်မြန် ဝင်ခဲ့၊ မြန်မြန် ဝင်ခဲ့...”
ဒုတိယစစ်သေနာပတိ ဟူယန်ကျောက်က အလောတကြီး မေးလိုက်သည်။ “စတုတ္ထမင်းသား ဘယ်လိုနေလဲ။ ကျုပ်တို့ တပ်တွေရဲ့ အသေအပျောက် ဘယ်လိုရှိလဲ။ ဩော်... ခင်ဗျား ဦးလေး ဖုန်းရှင်းမြဲ့ရော ဘယ်လိုနေလဲ။”
ဖုန်းရှင်းမြဲ့၏တူ ဖြစ်သောကြောင့် ဖုန်းပေါ်အဲ့သည် ရာထူး အတော်မြင့်မားပြီး ဒုတိယစစ်သေနာပတိ ဟူယန်ကျောက် သူ့ကို ကောင်းကောင်း ရင်းနှီးလို့နေ၏။
ဖုန်းပေါ်အဲ့က ဘာမှ မပြောဘဲ စတုတ္ထမင်းသား ယင်ချွဲ့၏ စစ်မိန့် အတုကို တိုက်ရိုက် ပေးအပ်လိုက်သည်။
ဤစစ်မိန့်သည် ယွင်ကျုံးဟဲ့ ကိုယ်တိုင် အတုခိုး ရေးသားထားခြင်း ဖြစ်သော်လည်း ဟူယန်ကျောက်၏ အမြင်တွင်မူ မည်သည့် ချို့ယွင်းချက်မှ ရှာဖွေတွေ့ရှိနိုင်ခြင်း မရှိပေ။
ထိုလက်ရေးသည် စတုတ္ထမင်းသား ယင်ချွဲ့၏ လက်ရေးအစစ်အမှန် ဖြစ်သည်ကို သူ့အနေဖြင့် အလွန်ပင် ရင်းနှီးကျွမ်းဝင်ပြီးသား ဖြစ်သည်။ ထို့အပြင် ဤတံဆိပ်တုံးများသည်လည်း အစစ်အမှန်များသာ ဖြစ်ကြသည်။
အမှန်တကယ်ပင် သတင်းကောင်း ဖြစ်ပေသည်။ စတုတ္ထမင်းသား၏ ထရိုဂျန်မြင်းသစ်သားရုပ် အကြံအစည် အောင်မြင်ခဲ့ပြီး တောင်ပိုင်းကျိုးအင်ပါယာ တပ်ဖွဲ့များကို အနိုင်ယူကာ လူပေါင်း သိန်းနှင့်ချီ၍ သတ်ဖြတ် နိုင်ခဲ့၏။
သို့သော်ငြား တောင်ပိုင်းကျိုးအင်ပါယာ၏ အိမ်ရှေ့စံမင်းသား ကျိုးလီသည် စစ်သည်သောင်းဂဏန်းခန့်နှင့် ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။ ထို့အပြင် တာယင်အင်ပါယာ၏ စစ်သည်တစ်သိန်းသည်လည်း အသေအပျောက် များပြားခဲ့ပြီး စစ်လက်နက်ပစ္စည်းများ၊ အထူးသဖြင့် လေးနှင့် မြားများ လိုအပ်လျက်ရှိသည်။
ဤအချက်ကို ဟူယန်ကျောက် သိရှိထားသည်။ စတုတ္ထမင်းသား ယင်ချွဲ့သည် စစ်သည်တစ်သိန်းကို ဒုက္ခသည်များအသွင် ရုပ်ဖျက်ကာ လေခွင်းမြို့သို့ သွားရောက်ခဲ့ခြင်း ဖြစ်သည်။ မည်သည့်လက်နက်မှ ယူဆောင်သွားခဲ့ခြင်းမရှိရာ လေးနှင့်မြား ပါဖို့ဆိုသည်မှာ ပို၍ပင် ဆိုး၏။
ထန်ထိုင်မြို့မှ အောက်ရှင်းသည်လည်း မကြာမီ စစ်သည်သိန်းချီနှင့်အတူ မြောက်ဘက်သို့ ချီတက်လာပြီး လေခွင်းမြို့ကို တိုက်ခိုက်တော့မှာ ဖြစ်သည်။
လေခွင်းမြို့၌ စစ်သည်သောင်းဂဏန်းခန့်သာ ကျန်ရှိတော့သောကြောင့် အန္တရာယ်ရှိသော အခြေအနေသို့ ရောက်ရှိနေသည်။ ထို့ကြောင့် ဟူယန်ကျောက်အား စစ်သည်သုံးသိန်းနှင့်အတူ လေခွင်းမြို့ ခံစစ်စခန်းသို့ ချက်ချင်း စစ်ကူလာရောက်ရန်နှင့် စတုတ္ထမင်းသား ယင်ချွဲ့ကို လာရောက်ကူညီရန် အမိန့်ပေးလိုက်ခြင်း ဖြစ်၏။
အလွန်ပင် အရေးကြီးလှပေသည်။ ၎င်းမှာ စစ်မိန့်၏ နောက်ဆုံး အကြောင်းအရာ ဖြစ်၏။
“စတုတ္ထမင်းသားရဲ့ စစ်မိန့်ကို ကျုပ် လက်ခံရရှိပါပြီ။”
ဟူယန်ကျောက်က ပြောလိုက်သည်။ “ဒါပေမဲ့ ဘာလို့ လျှို့ဝှက် သင်္ကေတနဲ့ မရေးဘဲ သာမန် စာသားနဲ့ ရေးထားတာလဲ။”
ဖုန်းပေါ်အဲ့က ခေါင်းခါလိုက်၏။ “ကျုပ် မသိပါဘူး။”
ဟူယန်ကျောက်က ဤအတိုင်း မေးကြည့်ရုံသာ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဤကဲ့သို့ အရေးပေါ် စစ်မိန့်မျိုးကို နားလည်မှု လွဲမှားမှာ စိုးသောကြောင့် သာမန် စာသားဖြင့် ရေးလေ့ရှိသောကြောင့်ပင်။
ထို့နောက် ဒုတိယစစ်သေနာပတိ ဟူယန်ကျောက် ဘာမှ မပြောတော့ဘဲ စာကြည့်ခန်းထဲ ဝင်သွားကာ ငြိမ်သက်စွာ ထိုင်နေသည်။ သူ စဉ်းစားနေပုံ ရ၏။
ဤစာကြည့်ခန်းအတွင်း၌ စာအုပ်ပေါင်း ထောင်နှင့်ချီ၍ ရှိနေသည်။ သို့သော်ငြား သူသည် အများစုကို ဖတ်ရှုဖူးခြင်း မရှိပေ။ စာအုပ်များမှ ထွက်ပေါ်သော မှင်နံ့ကို ရှူရှိုက်ရခြင်းကိုသာ သဘောကျခြင်း ဖြစ်၏။ ထိုသို့ ပြုလုပ်ခြင်းဖြင့် သူ၏ကိုယ်ပေါ်မှ သွေးညှီနံ့များ ပျောက်ကွယ်သွားလိမ့်မည်ဟု ထင်မှတ်နေခြင်းလည်း ဖြစ်သည်။
တစ်နာရီခန့် ကြာမြင့်ပြီးနောက် ဒုတိယစစ်သေနာပတိ ဟူယန်ကျောက်သည် တပ်ဖွဲ့များကို စုရုံးစေပြီး လေခွင်းမြို့သို့ စစ်ကူသွားရန် အမိန့်ပေးလိုက်လေ၏။
သို့သော်ငြား စစ်သည်သုံးသိန်း မဟုတ်ဘဲ စစ်သည်နှစ်သိန်းသာ ဖြစ်သည်။
နောက်တစ်နေ့တွင် ဟူယန်ကျောက်က စစ်သည် နှစ်သိန်းကို ဦးဆောင်ကာ နယ်စပ်ကနေ ထွက်ခွာပြီး လေခွင်းမြို့ ခံစစ်စည်းဆီသို့ အရှိန်အဟုန်နှင့် ချီတက်သွားတော့၏။
တောင်ပိုင်းသိမ်းတပ်တော် ဌာနချုပ်၏ ကိစ္စအရပ်ရပ်ကို တာယင်အင်ပါယာ အနောက်တောင်ဘက် ပြည်နယ်အုပ်ချုပ်ရေးမှူး လီဝမ်ကျောက်ထံသို့ လွှဲအပ်ခဲ့သည်။
တစ်ချိန်တည်းမှာပဲ ထန်ထိုင်မြို့ဘက်၌ တောင်ပိုင်းကျိုးအင်ပါယာ၏ မြောက်ပိုင်းသိမ်းတပ်တော် ဒုတိယ စစ်သေနာပတိဖြစ်သူ၊ အင်ပါယာ၏ ဩဇာအာဏာ အကြီးမားဆုံးသော အမတ်ဖြစ်သည့် ဒေါသလှိုင်းနယ်စား အောက်ရှင်းသည် စစ်သည်နှစ်သိန်းကို ဦးဆောင်ကာ မြောက်ဘက်သို့ ချီတက်လာနေပြီ ဖြစ်၏။
ပိုင်ရှင်မဲ့နယ်မြေတစ်ခုလုံး၌ မုန်တိုင်းများ ထန်နေပြီ ဖြစ်၏။ ပိုမိုကြီးမားသော မိုးကြိုးများသည် လေခွင်းမြို့ ကောင်းကင်ယံ၌ စုဝေးနေကြပြီ ဖြစ်သည်။
ယခုတစ်ကြိမ်၌ ဖိချေဖျက်ဆီးခြင်း ခံကြရမည့်သူများသည် လူသောင်းဂဏန်းမျှသာ မဟုတ်ဘဲ လူသိန်းနှင့်ချီမှာ သေချာနေတော့၏။
...................
လေခွင်းမြို့
“အိမ်ရှေ့စံမင်းသား... ကျားကြီး တောင်ပေါ်က ဆင်းလာပြီ။ မြောက်ဘက်ကို တက်လာနေပြီ။ ငါးတွေလည်း ငါးစာကို စစားနေပါပြီ။ တာယင်အင်ပါယာရဲ့ တောင်ပိုင်းသိမ်း တပ်တော် ဒုတိယစစ်သေနာပတိ ဟူယန်ကျောက်က စစ်သည် နှစ်သိန်းနဲ့ နယ်စပ်ကနေ ထွက်လာပြီး လေခွင်းမြို့ဆီ အရှိန်အဟုန်နဲ့ ချီတက်လာနေပါပြီ။”
အိမ်ရှေ့စံမင်းသား ကျိုးလီ သက်ပြင်းချလိုက်သည်။ “ဒီနေ့က နောက်ဆုံးတော့ ရောက်လာပြီပဲ။”
မှန်ပေသည်။ နောက်ဆုံးတွင် ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ အစီအစဉ်အတွင်းရှိ မြင်ကွင်းသည် နောက်ဆုံး၌ လက်တွေ့ အသက်ဝင်လာတော့မှာဖြစ်၏။
ဟူယန်ကျောက်သည် စစ်သည်နှစ်သိန်းနှင့်အတူ မြို့ပြင်သို့ ရောက်ရှိလာသောအခါ သူ ထောင်ချောက်အတွင်း တိုးဝင်လာခြင်းမှာ အဘယ်နည်း၊ ငရဲဘုံသို့ လမ်းလျှောက်ဝင်လာခြင်းမှာ မည်သို့သော အခြေအနေနည်း ဆိုသည်ကို သိရှိသွားပေလိမ့်မည်။
မြို့အတွင်းရှိ တောင်ပိုင်းကျိုးအင်ပါယာ၏ စစ်သည်နှစ်သိန်းနှင့် အောက်ရှင်း၏ စစ်သည်နှစ်သိန်းတို့ ပူးပေါင်းကာ ဟူယန်ကျောက်၏ စစ်သည်နှစ်သိန်းကို ညှပ်ပိတ်၍ သတ်ဖြတ်ကြတော့မှာ ဖြစ်သည်။
ထိုမြင်ကွင်းသည် အလွန်ပင် လှပနေပေလိမ့်မည်။
ဟူယန်ကျောက် ခေါ်ဆောင်လာသည်မှာ မျှော်လင့်ထားသည့် စစ်သည်သုံးသိန်း မဟုတ်ဘဲ နှစ်သိန်းမျှသာ ဖြစ်သော်လည်း ဤရလဒ်သည်လည်း လုံလောက်စွာ ခမ်းနားလှပေသည်။
ယခင်က လူတစ်သိန်းနှင့် ပေါင်းစပ်လိုက်လျှင် တာယင်အင်ပါယာ၏ စစ်သည်သုံးသိန်းကို တစ်ချက်တည်းနှင့် အကုန်အစင် ချေမှုန်းပစ်နိုင်မှာ ဖြစ်သည်။ ထို့အပြင် စစ်သေနာပတိ ယင်ချွဲ့ကိုလည်း သတ်ဖြတ်နိုင်ခဲ့ပြီ ဖြစ်၏။
ထိုသို့ဆိုလျှင် ဤစစ်ပွဲ၌ တာယင်အင်ပါယာသည် လုံးဝ ရှုံးနိမ့်သွားခဲ့ပြီ ဖြစ်သည်။ နောင်အနာဂတ်၌ ပိုင်ရှင်မဲ့နယ်မြေရှိ မြို့စားများအားလုံးသည် သူ၏ ခြေရင်း၌ ဒူးထောက်ခစားကြရပေတော့မည်။
သူသည် မဟာမိတ်စစ်သည် ခြောက်သိန်း၊ ခုနစ်သိန်းခန့်ကို ဦးဆောင်ကာ တာယင်အင်ပါယာ နယ်စပ်သို့ အရှိန်အဟုန်ဖြင့် တိုက်ခိုက်တော့မှာ ဖြစ်သည်။ တာယင်အင်ပါယာ၏ အနောက်တောင်ဘက် ပြည်နယ်ကို သိမ်းပိုက်နိုင်ခြေမှာ များစွာ အလားအလာ ကောင်းသွားခဲ့ပြီ ဖြစ်သည်။
“အိမ်ရှေ့စံမင်းသား... ဟူယန်ကျောက် က အရမ်း သတိထားတတ်တဲ့ လူတစ်ယောက်ပါ။ သူ လေခွင်းမြို့ကို ကင်းထောက်တွေ အရင်လွှတ်မှာ သေချာတယ်။ ကျုပ်တို့က တာယင်အင်ပါယာ တပ်တော်အဖြစ် ရုပ်ဖျက်ထာပြီး ယင်ချွဲ့ အတုလည်း ရှိပေမဲ့ ပြစ်ချက်တစ်ခုခု ပေါ်သွားမှာကို စိုးရိမ်မိပါတယ်။” ဘေးနားရှိ တောင်ပိုင်းကျိုးအင်ပါယာ၏ စစ်သူကြီး တစ်ဦးက ပြောလိုက်၏။
အိမ်ရှေ့စံမင်းသား ကျိုးလီ ပြုံးကာ ပြောလိုက်သည်။ “ဟူယန်ကျောက် က လေခွင်းမြို့ကို ကင်းထောက်တွေ လွှတ်ပြီး သတင်း စုံစမ်းမှာ သေချာတယ်။ ဒါပေမဲ့ ဘယ်လို လုပ်ရင် သံသယ မဖြစ်နိုင်ဘူးလဲ ဆိုတာ ခင်ဗျား သိလား။”
တောင်ပိုင်းကျိုးအင်ပါယာ၏ စစ်သူကြီးက ဦးညွတ်လိုက်၏။ “ကျုပ် ဉာဏ်မမီပါဘူး။ အိမ်ရှေ့စံမင်းသား လမ်းညွှန်ပြသပေးပါ။”
အိမ်ရှေ့စံမင်းသား ကျိုးလီက ပြောလိုက်သည်။ “လူတွေကို သံသယ မဖြစ်စေချင်ရင် အရမ်း လွယ်ပါတယ်။ အရာအားလုံးက အစစ်အမှန် ဖြစ်နေရင် သံသယ ဖြစ်စရာ မရှိတော့ဘူးလေ။”
တောင်ပိုင်းကျိုးအင်ပါယာ၏ စစ်သူကြီးက နားမလည်နိုင်သလို ဖြစ်နေ၏။ “ကျုပ်တို့က တာယင်အင်ပါယာ တပ်တော် အဖြစ် ရုပ်ဖျက်ထားတာလေ။ ဘယ်လောက်ပဲ တူအောင် ရုပ်ဖျက်ရုပ်ဖျက် အတုက အတုပဲလေ။”
အိမ်ရှေ့စံမင်းသား ကျိုးလီက ပြုံးလိုက်သည်။ “ဒါပေမဲ့ ကျင်းကျုံးယွဲ့ နဲ့ ယွင်ကျုံးဟဲ့ က အစစ်လေ။ ပြီးတော့ သူတို့က တာယင်အင်ပါယာကို ခိုလှုံသွားပြီ ဆိုတာလည်း အစစ်လေ။ ဒီလူ နှစ်ယောက်က ယင်ချွဲ့ အတု ဘေးမှာ ရပ်နေရင် လူတွေ မယုံဘဲ နေပါ့မလား။”
တောင်ပိုင်းကျိုးအင်ပါယာ၏ စစ်သူကြီးက ခေါင်းညိတ်လိုက်၏။ “အိမ်ရှေ့စံမင်းသားရဲ့ ဉာဏ်ပညာက အရမ်း တော်လွန်းပါတယ်။”
ရက်အနည်းငယ်အတွင်း ဟူယန်ကျောက် က လေခွင်းမြို့သို့ သတင်းစုံစမ်းရန်နှင့် သတင်းပေးပို့ရန် ကင်းထောက် တစ်သုတ်ပြီး တစ်သုတ် လွှတ်သည်။
သို့သော်ငြား သူ လွှတ်လိုက်သော ကင်းထောက်များ အားလုံးမှာ တာယင်အင်ပါယာ ဟေးလုံထိုင်မှ အနက်ရောင် ကင်းထောက်များ ဖြစ်ကြပြီး ခေါင်းဆောင်မှာ ဖုန်းပေါ်အဲ့ပင် ဖြစ်၏။ ဤလူက သစ္စာဖောက်သွားပြီဖြစ်ပြီး ယန်ဖြန်ရှန်ဆီ အစောကြီးတည်းက ခိုလှုံသွားခဲ့သူ ဖြစ်၏။
ဤလူည် လေခွင်းမြို့နှင့် ဟူယန်ကျောက်၏ တပ်တော်အကြား၌ အပြန်အလှန် ကူးသန်းသွားလာကာ သတင်းစကားများကို ပေးပို့နေခဲ့ခြင်း ဖြစ်သည်။
ဖုန်းပေါ်အဲ့၏ နောက်ကွယ်မှ လိုက်ပါလာကြသော ကင်းထောက်များသည်လည်း မြို့ရိုးထက်၌ ရှိနေသည့် စတုတ္ထမင်းသားကို ရှင်းလင်းစွာ မြင်တွေ့ခဲ့ကြရ၏။
ထို့အပြင် နာမည်ကျော် ယွင်ကျုံးဟဲ့ကိုလည်း မြင်တွေ့ခဲ့ကြရပြီး ၎င်းသည် စတုတ္ထမင်းသား ယင်ချွဲ့နှင့် အလွန်ပင် ရင်းနှီးကျွမ်းဝင်သော အမူအရာ ရှိလေသည်။
စတုတ္ထမင်းသား၏ စစ်မိန့်များသည် အလွန်ပင် အရေးတကြီး ဖြစ်နေတော့၏။
ဟူယန်ကျောက်အား တပ်ချီတက်သည့် အရှိန်ကို ပိုမိုမြှင့်တင်ရန်နှင့် လေခွင်းမြို့၏ ခံစစ်စည်းတစ်ခုလုံးကို တည်ဆောက်ကာ မကြာမီ ရောက်ရှိလာတော့မည့် အဆုံးအဖြတ် စစ်ပွဲကြီးကို ရင်ဆိုင်ရန် အမိန့်ပေးထား လေသည်။
ဟူယန်ကျောက်၏ တောင်ဘက်သို့ စေလွှတ်လိုက်သော ကင်းထောက်များထံမှလည်း သတင်းစကားများ ရောက်ရှိလာခဲ့သည်။ တောင်ပိုင်းကျိုးအင်ပါယာ၏ ဒုတိယစစ်သေနာပတိ အောက်ရှင်းသည် စစ်သည် နှစ်သိန်းနှင့်အတူ မြောက်ဘက်သို့ ချီတက်လာနေသည်မှာ အမှန်ပင် ဖြစ်သည်ဟု သတင်းပို့လာကြ၏။
ထို့ကြောင့် ဟူယန်ကျောက်သည် စစ်သည်နှစ်သိန်းကို ဦးဆောင်ကာ တပ်ချီတက်သည့် အရှိန်ကို အစွမ်းကုန် မြှင့်တင်လိုက်လေသည်။ နေ့ညမနား တရစပ် ချီတက်နေကြတော့သည်။
ရက်အနည်းငယ် ကြာပြီးနောက် ယွင်ကျုံးဟဲ့ တစ်ချက် တွန့်လိမ်သွားပြီး ထပ်မံ နိုးလာသည်။ သူ လေခွင်းမြို့ မြောက်ဘက် မြို့ရိုးပေါ် ရောက်နေကြောင်း တွေ့လိုက်ရပြီး သူ့ဘေးတွင် စတုတ္ထမင်းသား ယင်ချွဲ့ အတု ရှိနေ၏။ ရှစ်ဆယ် ရာခိုင်နှုန်းခန့်သာ တူသော်လည်း အဝေးမှ ကြည့်လျှင် ခွဲခြားရန် အလွန် ခက်ခဲလှ၏။
ယန်ဖြန်ရှန်က တိုးတိုးလေး ပြောလိုက်သည်။ “သခင်လေးယွင်ကျုံးဟဲ့...နိုးပြီလား။ ခင်ဗျားတို့ တာယင်အင်ပါယာရဲ့ တောင်ပိုင်းသိမ်း တပ်တော် ဒုတိယစစ်သေနာပတိ ဟူယန်ကျောက် က စစ်သည် နှစ်သိန်းကို ဦးဆောင်ပြီး မြို့ပြင်ကို ရောက်လာပြီ။ ဒီ စစ်သည် နှစ်သိန်းလုံး လုံးဝ ပျက်စီးသွားတာကို ခင်ဗျား ကိုယ်တိုင် မျက်စိနဲ့ တပ်အပ် မြင်ရအောင် လုပ်ပေးမယ်လို့ ကျုပ် ပြောခဲ့တယ်လေ။ အခု မျက်လုံးကို ပြူးပြူးဖွင့်ပြီး သေချာ ကြည့်ထားလိုက်။
သခင်လေးယွင်ကျုံးဟဲ့... အရင်တုန်းက တာယင်အင်ပါယာရဲ့ စစ်သည် တစ်သိန်းကို ကိုယ်တိုင် သတ်ပစ်ခဲ့ပြီးပြီ။ အခု ထပ်ပြီး စစ်သည် နှစ်သိန်းကို အမြစ်ပြတ် ချေမှုန်းတော့မယ်။ တာယင်အင်ပါယာ တောင်ပိုင်းသိမ်း တပ်တော်ရဲ့ စစ်သေနာပတိရော၊ ဒုတိယစစ်သေနာပတိရော ခင်ဗျားဆိုတဲ့ ကိုယ့်လူ လက်ထဲမှာ သေရတာပဲ။
စိတ်ဝင်စားစရာ မကောင်းဘူးလား။ ခင်ဗျား ကိုယ့်လူကို ကိုယ်တိုင် သတ်တာ ဒါ ပထမဆုံး အကြိမ်မှ မဟုတ်တာ။ သခင်လေးယွင်ကျုံးဟဲ့... ခင်ဗျားက ကျုပ်တို့ တောင်ပိုင်းကျိုးအင်ပါယာ အတွက် အကြီးမားဆုံး အကျိုးပြုသူ ဖြစ်သလို၊ တာယင်အင်ပါယာ အတွက်တော့ ကြီးမားတဲ့ အပြစ်သားကြီး ဖြစ်နေပြီ။”
ယွင်ကျုံးဟဲ့ မျက်လုံး ပြူးကျယ်သွားသည်။ ထို့နောက် အဝေးရှိ ကောင်းကင်ယံတွင် မည်းမှောင်နေသော အရာများကို တွေ့လိုက်ရ၏။
ဟူယန်ကျောက် ဦးဆောင်သော တာယင်အင်ပါယာ၏ စစ်သည် နှစ်သိန်းက လေခွင်းမြို့ဆီ ဦးတည် လာနေ၏။ ယခုအချိန်တွင် လေခွင်းမြို့ တစ်ခုလုံးသည် ကြီးမားသော ထောင်ချောက်ကြီး တစ်ခု ဖြစ်နေလေသည်။
ဒုတိယစစ်သေနာပတိ ဟူယန်ကျောက် ကတော့ ဘာမှ မသိဘဲ တာယင်အင်ပါယာ၏ အဓိက စစ်သည် နှစ်သိန်းကို ဦးဆောင်ကာ ကျိုးလီ နှင့် ယန်ဖြန်ရှန်တို့ ဆင်ထားသော ကြီးမားလှသည့် ထောင်ချောက်ကြီးထဲသို့ တဖြည်းဖြည်း တိုးဝင်လာနေပြီ ဖြစ်သည်။ သူတို့ သေမင်း ထောင်ချောက်နှင့် ပို၍ ပို၍ နီးကပ်လာပြီ ဖြစ်၏။
ယန်ဖြန်ရှန်သည် ယခုအချိန်တွင် စိတ်လှုပ်ရှားလွန်း၍ အနည်းငယ် တုန်ယင်နေလေ၏။ သူ၏ ကြီးမားလှသော အကြံအစည်ကြီးသည် နောက်ဆုံး အထွတ်အထိပ်သို့ ရောက်ရှိလာပြီဖြစ်ပြီး အမြင့်ဆုံး အောင်ပွဲကို ရယူနိုင်ပေတော့မည်။
ယွင်ကျုံးဟဲ့၏ ရင်ထဲတွင်လည်း စိတ်လှုပ်ရှားမှုနှင့် တင်းမာမှုများကြောင့် တုန်ယင်နေသည်။ အဘယ်ကြောင့် ဆိုသော် သူ၏ အသေခံ တန်ပြန်တိုက်ခိုက်မှုကြီးသည်လည်း တရားဝင် စတင်တော့မည် ဖြစ်သောကြောင့်ပင်။
…………………….