အခန်း (၄၃၇-၄၃၈)
Vol. 41 Ch. 437-438
အပိုင်း (၄၃၇)
သူတို့နှစ်ဦးသည် စားသောက်ဆိုင်တစ်ဆိုင်သို့ သွားကာ သီးသန့်ခန်းတစ်ခု ငှားလိုက်ကြသည်။ ဟင်းလျာအချို့နှင့် အရက်ကို မှာယူပြီးနောက် စားသောက်ရင်း အချက်အလက်များကို စတင်ဖလှယ်ကြလေသည်။
“ကဲ... ဘာမေးချင်တာလဲ၊ အားမနာတမ်း မေးရုံပဲ” ယောင်ယောင်က သူမ၏ အစားအစာကို အရသာခံစားရင်း ပြောလိုက်သည်။
“အဲဒီ စီနီယာနဲ့ ပတ်သက်ပြီးတော့...”
မိုယုယန်က ရှေ့တည့်တည့်ကို ကြည့်ရင်း လေးလေးနက်နက် စတင်ပြောဆိုလိုက်သည်။ “သူ့ရဲ့ မျိုးရိုးနာမည် ဒါမှမဟုတ် နာမည်ရင်းကိုတောင် ကျွန်မ မသိဘူး။ သူ့ရုပ်ရည်က ဘယ်လိုလဲဆိုတာ ပိုတောင် မသိဘူး။ ကျွန်မ သိထားတာကတော့ သူက ဓားသိုင်းမှာ အရမ်းကျွမ်းကျင်ပြီး ဓားသိုင်းလောကရဲ့ ကောင်းကင်အဆင့် သိုင်းပညာရှင်တစ်ယောက် ဖြစ်ရမယ်ဆိုတာပဲ”
ယောင်ယောင်မှာ မျက်မှောင်ကြုတ်လိုက်ကာ - “ဓားသိုင်းကျွမ်းကျင်တဲ့ ကောင်းကင်အဆင့်တွေက တော်တော်များတယ်။ ငါသိသလောက်ဆိုရင် ၄၀ ကျော်တောင် ရှိတယ်။ နင်ပြောတာက နယ်ပယ် အရမ်းကျယ်လွန်းတယ်”
မိုယုယန်က ထပ်ဖြည့်ပြောလိုက်သည်။ “သူက တပည့်တွေကို သင်ကြားပေးလေ့ရှိပြီး သူက ကောင်းကင်အဆင့် တစ်ယောက်ကိုတောင် လေ့ကျင့်သင်ကြားပေးပြီးပြီ။ နောက်ထပ် တစ်ယောက်ကလည်း ကောင်းကင်အဆင့် ဖြစ်ဖို့ လက်တစ်ကမ်းပဲ လိုတော့တယ်”
ယောင်ယောင်မှာ အံ့အားသင့်သွားကာ ခေါင်းမော့ကြည့်လိုက်ပြီး- “ ကောင်းကင်အဆင့်တစ်ယောက်ကို မွေးထုတ်ပေးနိုင်တဲ့ ကောင်းကင်အဆင့် ဟုတ်လား။ နင်ပြောတာ သေချာရဲ့လား”
“သေချာပါတယ်။ အဲဒီလိုလူမျိုး ရှိလား” မိုယုယန်မှာ စိုးရိမ်တကြီး မေးလိုက်သည်။ ဤအချက်မှာ ထိုစီနီယာနှင့် ပတ်သက်သည့် အရေးကြီးဆုံး အချက်အလက်ပင် ဖြစ်သည်။
ယောင်ယောင်က သူမ၏ တူကို ချလိုက်ပြီး တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလိုက်သည်။ “အမှန်အတိုင်း ပြောရရင် ကောင်းကင်အဆင့် တစ်ယောက်ကို သင်ကြားပေးနိုင်တဲ့သူဆိုတာ ကောင်းကင်အဆင့် သိုင်းပညာရှင်တွေထဲမှာတောင် ခွန်အားအကောင်းဆုံး အဆင့်ပဲ။ ဒါပေမဲ့ ငါသိသလောက်တော့ ဒီအချက်နဲ့ ကိုက်ညီတဲ့ ကောင်းကင်အဆင့် တစ်ယောက်မှ မရှိဘူး”
“မဖြစ်နိုင်တာ” မိုယုယန်က ဇွတ်ငြင်းလိုက်သည်။ ထိုစီနီယာက သူမကို လိမ်ညာမည်မဟုတ်ဟု သူမ ယုံကြည်နေသည်။
“ကောင်းကင်အဆင့် တစ်ယောက်က နောက်ထပ် ကောင်းကင်အဆင့် သိုင်းပညာရှင် တစ်ယောက်ကို သင်ပေးဖို့ဆိုတာ တကယ်ကို မလွယ်တာ။ ဘာလို့လဲဆိုတော့ ကောင်းကင်အဆင့် တစ်ယောက်ချင်းစီရဲ့ လမ်းစဉ်က မတူကြဘူး၊ တစ်ယောက်ကိုတစ်ယောက် အတုခိုးလို့ မရဘူးလေ။ ကောင်းကင်အဆင့်တွေက အစွမ်းထက်ကြပေမဲ့ သူတို့ရဲ့ သိမြင်မှုတွေက ကန့်သတ်ချက် ရှိနေသေးတော့ နောက်ထပ် ကောင်းကင်အဆင့် တစ်ယောက်ကို ပျိုးထောင်ဖို့က ခက်ခဲလွန်းတယ်။ ငါတို့ မိစ္ဆာဂိုဏ်းရဲ့ နှစ်ပေါင်း ၅၀၀၀ မှတ်တမ်းထဲမှာတောင် အဲဒီလို အဖြစ်အပျက်မျိုးက တကယ်ကို ရှားပါးလှတယ်။ ဒါပေမဲ့... တစ်ခုတော့ ရှိတယ်”
“ဘာရှိတာလဲ” မိုယုယန်က အဖြေကို သိချင်စိတ်ဖြင့် လောဆော်လိုက်သည်။
“အဲဒါက... ကောင်းကင်အဆင့်ထက် မြင့်မားတဲ့ မဟာကောင်းကင်အဆင့် သိုင်းပညာရှင် ဖြစ်နေခဲ့ရင်ပေါ့”
“ဘာ...” မိုယုယန်၏ မျက်လုံးများ ပြူးကျယ်သွားသည်။
ယောင်ယောင်က ရှင်းပြလိုက်သည်။ “ ကောင်းကင်အဆင့် တစ်ယောက်က နောက်ထပ် ကောင်းကင်အဆင့်ကို သင်ပေးဖို့ ခက်ပေမဲ့၊ မဟာကောင်းကင်အဆင့် အတွက်တော့ မခက်ခဲဘူး။ ဘာလို့လဲဆိုတော့ မဟာကောင်းကင်အဆင့် သိုင်းပညာရှင်တစ်ယောက်က သိုင်းလမ်းစဉ်မှာ ပိုပြီး ဝေးဝေးကို ရောက်နေပြီး မြင့်မားတဲ့ ရှုထောင့်ကနေ ပိုပြီး နက်နက်ရှိုင်းရှိုင်း နားလည်ထားလို့ပဲ။ သူတို့က တခြားသူတွေရဲ့ ကျင့်ကြံမှုကို လမ်းညွှန်ပေးနိုင်တယ်”
“ဥပမာ ပြောရရင် ငါတို့ မိစ္ဆာဂိုဏ်းရဲ့ မဟာကောင်းကင်အဆင့် သိုင်းပညာရှင်က ကောင်းကင်အဆင့် နှစ်ယောက်ကို သင်ကြားပေးထားတယ်။ ပြီးတော့ တာအိုဂိုဏ်း၊ ဗုဒ္ဓဂိုဏ်းနဲ့ တခြား အင်အားကြီး နိုင်ငံလေးခုက မဟာကောင်းကင်အဆင့် ဆရာသခင်တွေကလည်း ကောင်းကင်အဆင့် တစ်ယောက် ဒါမှမဟုတ် နှစ်ယောက်စီကို အောင်မြင်စွာ ပျိုးထောင်ပေးထားနိုင်ကြတယ်”
“ဒါကြောင့် နင် ရှာနေတာက ကောင်းကင်အဆင့် မဟုတ်ဘဲ မဟာကောင်းကင်အဆင့် တစ်ယောက်များ ဖြစ်နေမလား”
မိုယုယန်မှာ လုံးဝကို ဆွံ့အသွားခဲ့ရသည်။ ပြန်စဉ်းစားကြည့်တော့မှ စီနီယာက သူ၏ အစွမ်းကို ဘယ်တုန်းကမှ ထုတ်ဖော် မပြောခဲ့ဖူးပေ။ သူမဘာသာသူမ ခန့်မှန်းခဲ့ခြင်းသာ ဖြစ်သည်။
မဟာကောင်းကင်အဆင့်ရဲ့ ဖြစ်နိုင်ခြေကို သူမ မစဉ်းစားရဲခဲ့သည်မှာ ထိုအဆင့်က ကြောက်စရာကောင်းလောက်အောင် မြင့်မားလွန်းသောကြောင့် ဖြစ်သည်။ သူမ ရှာနေသည့် စီနီယာမှာ တကယ်ပဲ မဟာကောင်းကင်အဆင့် ဖြစ်နေမည်လား။
မိုယုယန်မှာ ဝမ်းသာသွားသလို ထိတ်လန့်သလိုလည်း ဖြစ်သွားခဲ့သည်။ စီနီယာ၏ မည်သူမည်ဝါဖြစ်ကြောင်း သိရဖို့ နီးစပ်လာပြီဖြစ်၍ ဝမ်းသာသော်လည်း၊ သူမနှင့် စီနီယာကြားက ကွာဟချက်မှာ ကောင်းကင်နှင့် မြေကြီးကဲ့သို့ ဝေးကွာလွန်းနေသည်ကို သိလိုက်ရ၍ ထိတ်လန့်မိခြင်း ဖြစ်သည်။
“ဒါဆို... အခုလောလောဆယ် ဒီလိုပုံစံနဲ့ ကိုက်ညီတဲ့ မဟာကောင်းကင်အဆင့် သိုင်းပညာရှင် ဘယ်နှယောက် ရှိလဲ” မိုယုယန်က စိုးရိမ်တကြီး မေးလိုက်သည်။
“ပထမဆုံးအနေနဲ့ ဗုဒ္ဓဂိုဏ်းက တပည့်တွေက ဓားသိုင်းကို သိပ်မလေ့ကျင့်ကြဘူး၊ ဒါကြောင့် အဲဒီ မဟာကောင်းကင်အဆင့်တော့ မဟုတ်တာ သေချာတယ်၊ ပယ်လိုက်လို့ ရတယ်။ ငါတို့ မိစ္ဆာဂိုဏ်းရဲ့ မဟာကောင်းကင်အဆင့်ကတော့ ဓားမော့ကိုပဲ နှစ်သက်ပြီးဓားတွေကို သဘာဝအတိုင်း မုန်းတီးတယ်၊ သူ့ကိုလည်း ပယ်လိုက်။ တာအိုဂိုဏ်းရဲ့ မဟာကောင်းကင်အဆင့်ကတော့ ဓားသိုင်းကို ကျင့်ကြံတယ်၊ ပြီးတော့ ထိပ်တန်း အင်အားကြီး နိုင်ငံလေးခုထဲမှာ ဓားကို ကိုင်စွဲတဲ့သူ နှစ်ယောက် ရှိတယ်။ နောက်ပြီး ဘယ်အဖွဲ့အစည်းမှာမှ မပါဘဲ တိမ်တိုက်တွေ၊ လေညင်းတွေလိုပဲ လွတ်လွတ်လပ်လပ် နေတတ်တဲ့သူ တစ်ယောက် ရှိသေးတယ်။ သူ့ရဲ့ နေရာကိုတော့ ဘယ်သူမှ မသိကြဘူး၊ သူက ပညာရပ်စုံကို လေ့လာပြီး ဓားသိုင်းကတော့ အထူးတလည် ထူးချွန်တာမျိုး မဟုတ်ဘူး”
ယောင်ယောင်က ခေါင်းမော့ကြည့်ကာ မေးလိုက်သည်။ “အခုလောလောဆယ် ဒီအချက်နဲ့ ကိုက်ညီတဲ့သူ စုစုပေါင်း သုံးယောက် ရှိတယ်။ သူ့မှာ တခြား ထူးခြားတဲ့ အသွင်အပြင်တွေ ရှိသေးလား”
“သူက လူ့လောကထဲမှာ ပျော်ပျော်နေတတ်တဲ့ပုံပဲ။ ကြည့်ရတာလည်း ခန့်ညားထည်ဝါပြီးတော့ မကြာသေးခင် နှစ်တွေအတွင်းမှာပဲ ငယ်ရွယ်လှပတဲ့ မိန်းကလေး အတော်များများကို လက်ထပ်ခဲ့သေးတယ်...”
ယောင်ယောင်မှာ အံ့အားသင့်သွားကာ - “ဒါက အဘိုးကြီးက အရှက်မရှိ လုပ်နေတာ မဟုတ်ဘူးလား”
မိုယုယန်က စိုက်ကြည့်လိုက်ကာ - “အဲဒီလို မပြောရဘူးလေ”
ယောင်ယောင်က မကျေမနပ်ဖြင့် ပြန်ပြောလိုက်သည်။ “ဘာလို့ မပြောရမှာလဲ။ သိုင်းလောကမှာရှိတဲ့ မဟာကောင်းကင်အဆင့် ရှစ်ယောက်ထဲမှာ အငယ်ဆုံးတောင် အသက် ၁၅၀ ကျော်နေပြီလေ။ ဒါက အရှက်မရှိတာ မဟုတ်ရင် ဘာဖြစ်မှာလဲ”
“နင် ဘယ်လိုပဲ ထင်ထင်... ကျွန်မအမြင်မှာတော့ သူက အဲဒီလိုလူမျိုး မဟုတ်ဘူး” မိုယုယန်က ဇွတ်ငြင်းလိုက်သည်။
“ကောင်းပြီလေ။ ဒါဆိုရင်တော့ ဒီအချက်တွေအရ တာအိုဂိုဏ်းရဲ့ မဟာကောင်းကင်အဆင့်ကို ပယ်လိုက်လို့ ရပြီ။ သူက ‘စိတ်ခံစားမှုကင်းမဲ့ခြင်း’ ကျင့်စဉ်ကို ကျင့်ကြံတာဆိုတော့ သူ့တစ်သက်မှာ မိန်းကလေး တစ်ယောက်မှ မရှိခဲ့ဖူးဘူး။ အဲဒါအပြင် တခြား ထူးခြားချက် ရှိသေးလား”
“သူ့မှာ အခုထိ ရင်သွေးမရှိသေးဘူး...”
“ဒါဆိုရင်တော့ ဘယ်သူမှ မကျန်တော့ဘူး”
ယောင်ယောင်က လက်နှစ်ဖက်ကို ဖြန့်ပြလိုက်ကာ - “နိုင်ငံတွေက မဟာကောင်းကင်အဆင့် နှစ်ယောက်မှာတော့ သားသမီး မြေးမြစ်ပေါင်း တစ်ထောင်ကျော်စီ ရှိကြတယ်။ နင်ပြောတဲ့သူနဲ့ လုံးဝ မကိုက်ညီဘူး”
“ဒါဆို ဘယ်သူဖြစ်နိုင်မလဲ” မိုယုယန်၏ မျက်နှာတွင် စိုးရိမ်ရိပ်များ ယှက်သန်းလာသည်။
အတော်ကြာအောင် မေးမြန်းခဲ့သော်လည်း နောက်ဆုံးတွင်တော့ အစက ပြန်စရသလို ဖြစ်နေသည်။ လူတစ်ယောက်ကို ရှာရတာ ဒီလောက်တောင် ခက်ခဲတာပါလား။
ထိုအချိန်တွင် ယောင်ယောင်က ကမ်းလှမ်းချက်တစ်ခု ပေးလိုက်သည်။ “ဘာပဲဖြစ်ဖြစ် မိုယုယန်... နင်က အခု တာအိုဂိုဏ်းကို ပြစ်မှားထားတာဆိုတော့ သူတို့က နင့်ကို အလွယ်တကူပဲ ပစ်မှတ်ထားနိုင်တယ်။ ငါတို့ မိစ္ဆာဂိုဏ်းကို ဘာလို့ ဝင်မလာတာလဲ။ ငါတို့က နင့်ရဲ့ လုံခြုံရေးကို အာမခံနိုင်တယ်”
ဒါကတော့ ယောင်ယောင်က မိုယုယန်ကို လိုက်ရှာရတဲ့ တကယ့် အကြောင်းရင်းပင် ဖြစ်သည်။
မိုယုယန်က မဆိုင်းမတွဘဲ ငြင်းပယ်လိုက်သည် - “ကမ်းလှမ်းတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ ဒါပေမဲ့ ကျွန်မက တစ်ယောက်တည်း နေတာ ကျင့်သားရနေပြီ၊ ဘယ်အဖွဲ့အစည်းထဲကိုမှ ဝင်ဖို့ အစီအစဉ် မရှိပါဘူး။ တောင်းပန်ပါတယ်”
ယောင်ယောင်က ပြုံးလိုက်ကာ - “ကိစ္စမရှိပါဘူး။ မိစ္ဆာဂိုဏ်းရဲ့ တံခါးက အမြဲတမ်း ဖွင့်ထားတယ်ဆိုတာ သိထားရင် ရပါပြီ”
…….
သုံးရက်မှာ ကုန်လွန်သွားခဲ့ပြီး မိုယုယန်မှာတော့ ဓားအဘိုးအိုထံတွင် ဓားသိုင်းကို ဆက်လက် လေ့ကျင့်နေဆဲ ဖြစ်သည်။
နောက်ဆုံးတွင်တော့ သူမ လုံလောက်အောင် သင်ယူပြီးပြီဟု ခံစားရသဖြင့် ထွက်ခွာရန် ဆုံးဖြတ်လိုက်သည်။ လင်းပိုင်ဖန်နှင့် တခြားသူများကို နှုတ်ဆက်ပြီးနောက် ကျားဖြူတောင်တန်းဆီသို့ ပြန်လာခဲ့သည်။
ပြန်ရောက်ရောက်ချင်း သူမ ပထမဆုံး လုပ်လိုက်သည့် အရာမှာ အသံတိုးတိုးလေးဖြင့် ခေါ်လိုက်ခြင်း ဖြစ်သည် - “စီနီယာ... ရှိလားဟင်”
“ငါ ဒီမှာ ရှိတယ်” ရင်းနှီးနေသော အသံက လေထဲတွင် ဝဲပျံလာခဲ့သည်။
“စီနီယာ... ကျွန်မ တောင်အောက်ကို ဆင်းသွားတဲ့ အချိန်မှာ...”
မိုယုယန်က သူမ တောင်အောက်ဆင်းသွားစဉ်က ဖြစ်ပျက်ခဲ့သမျှကို အသေးစိတ် တင်ပြလိုက်သည်။ မဟာရှနိုင်ငံကို သွားပြီး ဓားအဘိုးအိုနှင့် ဓားသိုင်း လေ့ကျင့်ခဲ့သည့် အပိုင်းကိုပင် ချန်မထားခဲ့ပေ။
“မဆိုးပါဘူး။ မင်း တိုးတက်မှု အများကြီး ရှိလာတာကို ငါ မြင်နေရတယ်” ထိုအသံမှာ ကျေနပ်မှုများဖြင့် ပြည့်နှက်နေသည်။
“စီနီယာ... ကျွန်မ စိတ်ထဲမှာ နားမလည်တာ တစ်ခု ရှိလို့ မေးချင်ပါတယ်” မိုယုယန်က ရိုရိုသေသေ ပြောလိုက်သည်။
“ဘာမဆို မေးနိုင်တယ်”
“စီနီယာ့ရဲ့ ကျင့်ကြံမှု အဆင့်က ဘယ်လောက်လဲဆိုတာ ကျွန်မ အမြဲ သိချင်နေခဲ့တာ။ ကျွန်မကို ပြောပြလို့ ရမလား” မိုယုယန်က မျှော်လင့်တကြီး မေးလိုက်သည်။
ထိုအသံက မဆိုင်းမတွဘဲ ထွက်ပေါ်လာသည် - “မရဘူး”
မိုယုယန် - “...”
မိုယုယန်က ထပ်မံပြီး ဇွတ်မေးလိုက်သည် - “စီနီယာက အရင်တုန်းက အရာရာကို ကျွန်မနဲ့ ဝေမျှခဲ့တာပဲလေ၊ အခုကျတော့ ဘာလို့ မပြောပြနိုင်ရတာလဲ”
“မင်းပြောတာက အရင်တုန်းကလေ။ အခု ငါက ပြောင်းလဲသွားပြီ၊ အရင်က ငါ မဟုတ်တော့ဘူး”
မိုယုယန်မှာ ဘာမှ မတတ်နိုင်တော့ပေ။ သူမ၏ စီနီယာမှာ ပိုပြီးတော့ နောက်ပြောင်တတ်လာလေပြီ ဖြစ်သည်။
“ကဲ... စကားတွေ အများကြီး မပြောနဲ့တော့၊ သွားပြီး လေ့ကျင့်တော့” စီနီယာ၏ အသံ ထပ်မံ ထွက်ပေါ်လာပြန်သည်။
“ဟုတ်ကဲ့ပါ စီနီယာ” မိုယုယန်မှာ သက်ပြင်းချရင်း ပြန်ဖြေလိုက်သည်။
အပိုင်း (၄၃၈)
အေးစက်လှသော လေထုက တောင်ဘက်သို့ တိုးဝင်လာပြီး အပူချိန်မှာလည်း ထိုးဆင်းသွားခဲ့သည်။ လေထဲတွင် နှင်းပွင့်များ ဝဲပျံနေသည်မှာ ဆောင်းရာသီ ရောက်ရှိလာပြီဖြစ်ကြောင်းကို အချက်ပြနေလေသည်။
သို့သော်လည်း မဟာရှနိုင်ငံရှိ သာမန်ပြည်သူများအတွက်မူ ဤဆောင်းရာသီမှာ အရင်နှစ်များနည်းတူပင် ဖြစ်သည်။ အရင်ထက် သိသိသာသာ ပိုအေးလာသော်လည်း ချည်ထိုးအင်္ကျီတစ်ထည် ဝတ်ထားရုံဖြင့် အဆင်ပြေပြေ နေထိုင်နိုင်ကြသည်။
အဓိကအချက်မှာ ပြင်းထန်သော လေပြင်းများ မတိုက်ခတ်ခြင်း၊ နှင်းများ အလွန်အကျွံ မကျခြင်းနှင့် လေထုမှာလည်း ခြောက်သွေ့မနေခြင်းတို့ပင် ဖြစ်သည်။
ထို့ကြောင့် လူတိုင်းမှာ မိမိတို့၏ နေ့စဉ်လုပ်ငန်းဆောင်တာများ၊ အလုပ်အကိုင်နှင့် ပညာသင်ကြားမှုများကို ထူးထူးခြားခြား ပြောင်းလဲခြင်းမရှိဘဲ ပုံမှန်အတိုင်း ဆက်လက် လုပ်ဆောင်နိုင်ကြသည်။ ဘဝက ပုံမှန်အတိုင်း ရှေ့ဆက်နေပြီး တစ်နေ့ထက်တစ်နေ့ ပိုမို ကောင်းမွန်လာခဲ့သည်။
ဟန်ဒွမ်တောင်တန်း တောင်ဘက်တွင် နေထိုင်ကြပြီး မဟာရှနိုင်ငံသားသစ်များ ဖြစ်လာကြသည့် ပြည်သူများမှာမူ အစပိုင်းတွင် စိုးရိမ်ပူပန်နေခဲ့ကြသည်။ ဤဆောင်းရာသီတွင် ငတ်မွတ်ခေါင်းပါးမှုနှင့် ကြုံတွေ့ရပြီး အသက်ရှင်ဖို့ ခက်ခဲလိမ့်မည်ဟု ထင်မှတ်ခဲ့ကြသည်။
သို့သော်လည်း မဟာရှနိုင်ငံမှ တာဝန်ရှိသူများ ရောက်ရှိလာသောအခါ သူတို့ကို အလုပ်အကိုင်၊ အစားအစာ၊ ချည်ထိုးအင်္ကျီများနှင့် ဆောင်းတွင်းသုံး ကျောက်မီးသွေးများသာမက ခိုင်ခံ့သော ဘိလပ်မြေအိမ်များကိုပါ စီစဥ်ပေးခဲ့ကြသည်။
သိပ်မအေးလှသော ဤဆောင်းရာသီတွင် သူတို့မှာ နွေဦး၏ နွေးထွေးမှုကို ခံစားလိုက်ရသည်။ မဟာရှနိုင်ငံသား ဖြစ်ရသည်မှာ တကယ်ကို ကောင်းလှပါလားဟု သူတို့ နားလည်သွားခဲ့ကြသည်။
ဒါပေမဲ့ ပိုပြီး တောင်ဘက်ကျတဲ့ နေရာတွေမှာတော့ အခြေအနေက လုံးဝကို ကွဲပြားခြားနားနေသည်။
ထိုနေရာတွင် လေပြင်းများ တဝေါဝေါ တိုက်ခတ်နေပြီး နှင်းများမှာလည်း လေထဲတွင် လွင့်စင်နေလေသည်။ မြေပြင်မှာလည်း ရေခဲရိုက်နေသဖြင့် အိမ်တိုင်းမှာ တံခါးများကို တင်းတင်းပိတ်ထားကြပြီး အပြင်ထွက်ဖို့ ဘယ်သူမှ စိတ်မကူးရဲကြပေ။
……
ဤအချိန်တွင် မဟာဟုန်မင်းဆက်၏ နယ်စပ်မြို့လေးတစ်မြို့၌...
အနည်းငယ် ဟောင်းနွမ်းနေသော အိမ်တစ်လုံး၏ တံခါးပွင့်လာပြီး သားမွေးအင်္ကျီကို လုံအောင်ခြုံထားသည့် မျက်နှာမည်းမည်းနှင့် လူတစ်ယောက် ထွက်လာသည်။
သူသည် ကောင်းကင်မှ ကျလာသော နှင်းများကို ကြည့်ရင်း သက်ပြင်းချလိုက်သည် - “ဟူး... ဒီနှင်းတွေက ဘယ်တော့မှ ရပ်မှာလဲ။ ဒီလို ရာသီဥတုမျိုးဆိုရင်... အနှစ်ငါးဆယ်မှာ တစ်ခါ ဖြစ်တတ်တဲ့ ရေခဲဘေးအန္တရာယ်များလား။ တကယ်ကို ကျိန်စာသင့်နေတာပဲ”
သူ့နာမည်က လူအိုကြီးကျောက် ဖြစ်ပြီး တောင်ပေါ်မှာ ထင်းခုတ်ရင်း အသက်မွေးသူ ဖြစ်သည်။
ထို့အပြင် သူက မုဆိုးတစ်ဦးလည်း ဖြစ်သဖြင့် တောင်ပေါ်မှာ ဖမ်းမိသည့် တောကောင်များကို ရောင်းချပြီး ပိုက်ဆံရှာလေ့ ရှိသည်။
သို့သော်လည်း ယခုအခါတွင်မူ သူ့မှာ ဝင်ငွေ လုံးဝမရှိတော့ပေ။
တောင်ပေါ်တက်သည့် လမ်းမှာ နှစ်ပေနီးပါးခန့်ရှိသော နှင်းများဖြင့် ဖုံးလွှမ်းနေသဖြင့် လမ်းလျှောက်ဖို့ အလွန်ခက်ခဲနေသောကြောင့် ထင်းခုတ်ဖို့ တောင်ပေါ် မတက်နိုင်တော့ပေ။
ထို့အပြင် ယခုကဲ့သို့ အချိန်မျိုးတွင် တောင်ပေါ်တက် ထင်းခုတ်ခြင်းမှာ အလွန် အန္တရာယ်များလှသည်။
နှင်းများ အလွန်အကျွံ ကျဆင်းနေသဖြင့် ချော်လဲဖို့ လွယ်ကူသလို မြေပြင်မှာလည်း ရေခဲနေသဖြင့် အန္တရာယ်ကြီးလှသည်။ အမှားတစ်ခုခုကြောင့် ကျင်းထဲ ပြုတ်ကျသွားခဲ့လျှင် ဘယ်သူမှ လာကယ်နိုင်မည် မဟုတ်ပေ။ အကယ်၍ အစာရှာနေသည့် ဗိုက်ဆာနေသော တောရဲတိရစ္ဆာန်များနှင့် တွေ့လျှင်လည်း အိမ်ပြန်လမ်း ရှိတော့မည် မဟုတ်ပေ။
ထို့ကြောင့် သူနှင့် သူ့မိသားစု၏ လုံခြုံရေးအတွက် နှင်းများ ရပ်သွားသည်အထိ အိမ်မှာပင် အောင်းနေဖို့ ဆုံးဖြတ်လိုက်သည်။
သူက တံခါးကို ဘုန်းခနဲ မြည်အောင် ပိတ်လိုက်ပြီး မီးဖိုဘေးတွင် အနွေးဓာတ်ယူရန် ပြန်ဝင်လာခဲ့သည်။
ကန်အိပ်ရာ ( တရုတ်မြောက်ပိုင်းရှိ အပူပေးလို့ရသည့် ကုတင်) ပေါ်တွင် ဂွမ်းထိုးအင်္ကျီ ထူထူဝတ်ထားသည့် ဝဖြိုးဖြိုး မိန်းမတစ်ယောက်က စောင်တစ်ထည်ကို တစိုက်မတ်မတ် ချုပ်နေလေသည်။ သူမ ဘေးတွင်တော့ ကလေးနှစ်ယောက်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေကြသည်။
ထိုအချိန်တွင် ထိုမိန်းမက အပ်ချည်ကို သွားဖြင့် ကိုက်ဖြတ်လိုက်ပြီး လှမ်းကြည့်ကာ - “ဒီနေ့လည်း အပြင်ထွက်လို့ မရဘူးလား”
“ထွက်လို့တော့ ရပါတယ်၊ ဒါပေမဲ့ တောင်ပေါ်တက် ထင်းခုတ်ဖို့က အဆင်မပြေဘူး”
လူအိုကြီးကျောက်က သက်ပြင်းချရင်း နောက်ပြောင်သလို ပြောလိုက်သည် - “အပြင်မှာက ခဲနေအောင် အေးနေတာ၊ တောင်ပေါ်မှာ ထင်းခုတ်တာကလည်း အန္တရာယ်များတယ်။ အိမ်မှာ ယောကျ်ားတစ်ယောက် လျော့သွားတာမျိုးတော့ နင် မဖြစ်စေချင်ဘူး မဟုတ်လား”
“အပေါက်အလမ်းမရှိတာတွေ... ဘာတွေ လျှောက်ပြောနေတာလဲ။ အဲဒါက နိမိတ်မကောင်းဘူး၊ နောက်ခါ အဲဒီလို မပြောနဲ့ ကြားလား” ထိုမိန်းမက သူ့ကို စိုက်ကြည့်လိုက်သည်။
“ဟုတ်ပါပြီ... ဟုတ်ပါပြီ၊ နောက် မပြောတော့ပါဘူး”
လူအိုကြီးကျောက်က အိတ်ကပ်ထဲမှ လက်ကို ထုတ်ကာ မီးဖိုပေါ်တွင် အနွေးဓာတ် ယူလိုက်ရင်း ဂုဏ်ယူသလို ပြောလိုက်သည် - “တော်သေးတာပေါ့၊ ငါတို့ အိမ်မှာ ထင်းတွေ အများကြီး ရှိနေလို့။ မဟုတ်ရင် ဒီဆောင်းတွင်းကို ဖြတ်ကျော်ဖို့ ခက်လိမ့်မယ်”
သူက ထင်းခုတ်သမား တစ်ယောက် ဖြစ်သည့်အတွက် သူ့အိမ်မှာ ထင်းတွေ အပြည့်ရှိနေအောင် အရင်ဆုံး စီစဉ်ထားခြင်း ဖြစ်သည်။ သူ့အိမ်မှာ တခြားအရာတွေ သိပ်မရှိသော်လည်း ခြံထဲတွင်တော့ ထင်းတွေ အပြည့် ရှိနေသည်။
ဟိုးအရင်တုန်းကလည်း ခြံထဲတွင် ထင်းတွေ အပြည့်ရှိလို့သာ ဒီမိန်းမကို ရခဲ့ပြီး ကလေးနှစ်ယောက် ရလာခဲ့ခြင်း ဖြစ်သည်။
“ထင်းတွေကသာ ရှိတာ၊ အစားအစာကတော့ ပြတ်တော့မယ်”
ထိုမိန်းမက သက်ပြင်းချလိုက်ပြီး - “ကျွန်မတို့ မိသားစု လေးယောက်လုံး အစားအစာနဲ့ အဝတ်အထည် တစ်ခါမှ မရှားခဲ့ဖူးဘူး။ ဒီနှစ် ဆောင်းတွင်း ဘာဖြစ်နေတာလဲ မသိဘူး၊ ကြွက်တွေနဲ့ ပိုးဟတ်တွေက သောင်းကျန်းလွန်းလို့ ကျွန်မတို့ သိုလှောင်ထားတဲ့ အစားအစာတွေကို ဖျက်ဆီးကုန်ပြီ။ တောရဲတိရစ္ဆာန်တွေတောင် ဆောင်းခိုဖို့ ပုန်းနေကြတာကို ဒီပိုးမွှားတွေက ပိုပြီး သောင်းကျန်းနေကြတယ်...”
သူမ ပြောရင်းနှင့် ပိုးဟတ်တစ်ကောင်ကို လက်ဝါးဖြင့် ရိုက်သတ်လိုက်သည်။
ထိုအချိန်တွင် အိမ်ခေါင်မိုးတန်းပေါ်မှ အသံတချို့ ထွက်လာပြီး ကြွက်အကြီး အတော်များများက အမြီးတယမ်းယမ်းဖြင့် ထွက်လာကြသည်။
ထိုမိန်းမက ချက်ချင်း အော်လိုက်သည် - “တစ်ခုခု လုပ်ဦးလေ။ သူတို့က ကျွန်မတို့ ဆန်တွေကို ခိုးနေပြန်ပြီ၊ လွတ်အောင် မထားနဲ့”
လူအိုကြီးကျောက်က ဂရုမစိုက်သလို ပြောလိုက်သည် - “ဆူညံမနေစမ်းပါနဲ့။ ဒီကြွက်တွေက တစ္ဆေတွေလိုပဲ မြန်ပြီးတော့ ပါးနပ်တယ်။ အားလေး ဘာလေး သိမ်းထားဦး။ မဟုတ်ရင် ကြွက်တွေကြောင့် မသေဘဲနဲ့ ငါတို့ဘာသာ ဗိုက်ဆာပြီး သေကုန်လိမ့်မယ်”
ထိုမိန်းမက ခဏလောက် စဉ်းစားပြီး သက်ပြင်းချကာ လက်ထဲက ဖိနပ်ကို ချလိုက်သည်။
အရင်ကလည်း သူတို့ ဒီပြဿနာကို ဖြေရှင်းဖို့ ကြိုးစားခဲ့ဖူးသော်လည်း အမြဲတမ်း ရှုံးနိမ့်ခဲ့ရသည်။
ကြွက်တွေက အရမ်းများလွန်းသည်။ တစ်ကောင်ကို သတ်လိုက်လျှင် အသိုက်တစ်ခု ကျန်နေသေးပြီး၊ အသိုက်တစ်ခုကို ရှင်းလိုက်လျှင် နောက်ထပ် အသိုက်တွေ အများကြီး ရှိနေသေးသည်။ ဘယ်လိုမှ နှိမ်နင်းလို့ မရနိုင်ပေ။
ဒီလို ဆောင်းတွင်းကြီးမှာ ကြွက်တွေ ဘာလို့ ဒီလောက်များနေတာလဲဆိုတာ သူတို့ နားမလည်နိုင်ကြပေ။ အရင်နှစ်တွေကဆိုရင် သူတို့အားလုံး ပုန်းနေကြသော်လည်း ယခုနှစ်တွင်မူ တကယ်ကို အတင့်ရဲနေကြသည်။
“ဒါပေမဲ့ ငါတို့မှာ စားစရာ တကယ် မကျန်တော့ဘူး။ ရှင်က အိမ်ထောင်ဦးစီးပဲ၊ တစ်ခုခုတော့ စဉ်းစားဦးလေ။ ကျွန်မတို့ လူကြီးတွေက ဗိုက်ဆာတာကို ခံနိုင်ပေမဲ့ ကလေးတွေကိုတော့ အငတ်မထားနိုင်ဘူး မဟုတ်လား”
လူအိုကြီးကျောက်က တိုးတိုးလေး ရေရွတ်လိုက်သည် - “ခဏနေရင် အိမ်နီးနားချင်းတွေဆီ ထင်းတချို့ သွားပေးပြီး အစားအစာနဲ့ လဲကြည့်မယ်”
“သူတို့မှာလည်း အစားအစာ သိပ်မရှိတော့ဘူး။ အများစုက ကြွက်တွေ စားတာနဲ့တင် ကုန်နေပြီ၊ ရှင့်ကို ပေးဖို့ အပို မရှိလောက်ဘူး”
ထိုမိန်းမက ထပ်မံ သက်ပြင်းချပြန်သည် - “ဒီဆောင်းတွင်းက တကယ်ကို ဖြတ်ကျော်ဖို့ ခက်တာပဲ၊ ဘယ်တော့မှ ပြီးမှာလဲ မသိဘူး”
လူအိုကြီးကျောက်မှာ ဘာမှ ပြန်မပြောဘဲ ခေါင်းငုံ့နေလိုက်သည်။ အိမ်ထောင်ဦးစီး တစ်ယောက်အနေဖြင့် သူသည် အကြီးမားဆုံး ဖိအားကို ခံစားနေရသည်။
ဒါပေမဲ့ ထင်းခုတ်တာနဲ့ အမဲလိုက်တာကလွဲရင် ပိုက်ဆံရဖို့ တခြား ဘာလုပ်နိုင်ဦးမှာလဲ။ ဒီလိုအချိန်မျိုးမှာ အပြင်ထွက်ပြီး အလုပ်ကြမ်းလုပ်ဖို့ ကြိုးစားရင်တောင် ဘယ်သူကမှ အလုပ်ပေးမှာ မဟုတ်ပေ။
ထိုအချိန်တွင် ထိုမိန်းမက အပ်ချုပ်ရင်း ဆက်ပြောလိုက်သည် - “ဒါနဲ့ ရှင် ကြားပြီးပြီလား။ ဟိုဘက်အိမ်က ကောင်လေးက မဟာရှအင်ပါယာကို ထွက်ပြေးသွားတယ်တဲ့။ မဟာရှအင်ပါယာအကြောင်းကို ရှင် သိလား။ ဟန်ဒွမ်တောင်တန်း တစ်ဖက်ခြမ်းမှာရှိတဲ့ အင်အားကြီးနိုင်ငံလို့တော့ ကြားတယ်။ အကျယ်အဝန်းက စတုရန်းလီ ရှစ်သန်းရှိပြီး လူဦးရေက သန်း ၇၀ ကျော်တယ်တဲ့၊ ကျွန်မတို့ မဟာဟုန်ထက် အများကြီး ပိုအစွမ်းထက်တယ်လို့ ပြောကြတယ်”
“ဒါ့အပြင် မဟာရှက ပြည်သူတွေက အရမ်းပျော်ရွှင်ကြတယ်လို့လည်း ကြားတယ်။ လူတိုင်းမှာ အလုပ်ရှိတယ်၊ စားစရာရှိတယ်၊ အဝတ်အထည်ရှိတယ်၊ နေစရာ အိမ်ရှိတယ်၊ တစ်နိုင်ငံလုံးမှာ ဘယ်သူမှ ငတ်မွတ်တာ မရှိဘူးတဲ့။ အံ့သြစရာပဲနော်။ အဲဒါ ဘယ်လိုနိုင်ငံမျိုးလဲဆိုတာ ကျွန်မ တကယ် သိချင်မိတယ်”
သူမ ပြောနေရင်းနှင့် မျက်လုံးများတွင် မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေသည်။
လူအိုကြီးကျောက်က စိတ်ပျက်လက်ပျက်ဖြင့် - “မဟာရှအင်ပါယာက ငါတို့နဲ့ ဘာဆိုင်လို့လဲ။ နင်က မိန်းမတစ်ယောက်ပဲ၊ ဒီကိစ္စတွေကို ဘာလို့ လျှောက်တွေးနေတာလဲ။ ကလေးတွေကိုပဲ ဂရုစိုက်စမ်းပါ”
“အရင်ကတော့ မဆိုင်ဘူးပေါ့၊ ဒါပေမဲ့ အခုတော့ ဆိုင်ပြီ”
ထိုမိန်းမက ပြန်ပြောလိုက်သည် - “သူတို့မှာ အင်အားကြီးတဲ့ စစ်တပ်တွေ ရှိတယ်၊ အခုဆို ဟန်ဒွမ်တောင်တန်းကို ဖြတ်ပြီး ဒီဘက်ကို ရောက်နေပြီတဲ့။ ကျွန်မတို့နဲ့ လီ ၃၀၀ တောင် မဝေးတော့ဘူးလို့ ကြားတယ်”
“ဟိုဘက်မှာက နှင်းလည်း မကျဘူး၊ ရာသီဥတုကလည်း အရမ်းမအေးဘူးတဲ့။ အစိုးရ တာဝန်ရှိသူတွေက လူတိုင်းကို အလုပ်လုပ်ဖို့ စီစဉ်ပေးနေတယ်။ အလုပ်ကောင်းကောင်း လုပ်ရင် စားစရာရော ပိုက်ဆံပါ ရတယ်တဲ့။ အနည်းဆုံး တစ်လကို ဝမ် ၂၀၀ တောင် ရတယ်လို့ ပြောနေကြတယ်”
ထိုမိန်းမက လူအိုကြီးကျောက်နားသို့ တိုးကပ်လာပြီး တံတောင်နှင့် တို့ကာ ပြောလိုက်သည် - “ရှင်လည်း သွားကြည့်ပါလား။ ဒီဆောင်းတွင်းမှာ ဘာမှ လုပ်လို့ မရတာအတူတူ အိမ်မှာပဲ အောင်းနေမယ့်အစား ဟိုကို သွားပြီး အလုပ်ရှာတာ ပိုကောင်းတာပေါ့။ တစ်ဖက်က ကြည့်ရင် အိမ်မှာ အစားအစာ သက်သာမယ်၊ နောက်တစ်ဖက်ကလည်း ပိုက်ဆံ ရှာလာနိုင်တာပေါ့။ မကောင်းဘူးလား”
လူအိုကြီးကျောက်မှာ မျက်မှောင်ကြုတ်လိုက်ကာ - “တခြားသူတွေ ပြောတာကို လျှောက်မယုံစမ်းပါနဲ့။ လောကမှာ ဒီလောက်ကောင်းတဲ့ အခွင့်အရေးက ဘယ်မှာ ရှိမှာလဲ”
ထိုမိန်းမက စိုးရိမ်တကြီးဖြင့် - “ဟေ့... တစ်ယောက်တည်း ပြောနေတာဆိုရင်တော့ လိမ်တာ ဖြစ်နိုင်ပေမဲ့၊ လူတွေ အများကြီး ပြောနေတာက ဘယ်လိုလုပ် လိမ်တာ ဖြစ်မှာလဲ။ ရှင် သွားမှာလား၊ မသွားဘူးလား။ တခြားသူတွေ ချမ်းသာတဲ့အထိ မစောင့်နေနဲ့ဦး၊ ကျွန်မတို့ကတော့ ဒုက္ခရောက်နေတုန်းပဲ”
“ငါ စဉ်းစားပါဦးမယ်၊ စဉ်းစားပြီးမှ အဖြေပေးမယ်”
လူအိုကြီးကျောက်မှာ သူ့မိန်းမစကားကို မယုံသော်လည်း စိတ်ထဲမှာတော့ မှတ်ထားလိုက်သည်။
ထို့ကြောင့် ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း သူ အပြင်ထွက်ပြီး စုံစမ်းကြည့်ခဲ့သည်။ မြို့ထဲရှိ သတင်းနားစလည်သည့် လူတစ်ယောက်ထံမှ ဤကိစ္စကို သိရဖို့အတွက် သူ ပိုက်ဆံအတော်များများ အကုန်ခံခဲ့ရသည်။
နောက်ဆုံးတွင်တော့ ထိုသတင်းများမှာ အမှန်ဖြစ်ကြောင်း သူ သိလိုက်ရသည်။
ထို့ကြောင့် သူ့မိန်းမနှင့် ကလေးများအတွက် သူ ထပ်ပြီး တွန့်ဆုတ်မနေတော့ပေ။
သူသည် အဝတ်အစားနှင့် စားစရာအချို့ကို ထုပ်ပိုးပြီး ဇနီးနှင့် သားသမီးများကို နှုတ်ဆက်ကာ မဟာရှနိုင်ငံဆီသို့ ဦးတည် ထွက်ခွာသွားခဲ့လေတော့သည်။