အခန်း (၄၄၁-၄၄၂)
Vol. 41 Ch. 441-442
အပိုင်း (၄၄၁)
သူဖုန်းစားဂိုဏ်း၏ အစွမ်းထက်လှသော စုံစမ်းထောက်လှမ်းရေး ကွန်ရက်ကြောင့် နောက်တစ်နေ့တွင်ပင် အကြီးအကဲချန်သည် မဟာယန်မင်းဆက်မှ ချီဖွဲ့တည်ခြင်းအဆင့် သိုင်းပညာရှင်တစ်ဦးကို ရှာဖွေတွေ့ရှိသွားခဲ့သည်။
ထိုသူသည် မဟာဟုန်၏ အရာရှိတစ်ဦးကို သတ်ဖြတ်ပြီးခါစဖြစ်ပြီး သူ၏ဓားဖျားတွင် သွေးများပင် စိုရွှဲနေဆဲဖြစ်သည်။ သို့သော်လည်း အကြီးအကဲချန်ကို မြင်လိုက်ရသည်နှင့် သူသည် ချက်ချင်းပင် သတိထားလိုက်ပြီး - “မင်းက ဘယ်သူလဲ”
“မင်းကို ငရဲပို့ပေးမယ့်သူပဲ” အကြီးအကဲချန်က စကားအများကြီး မပြောတော့ဘဲ ရွှမ်ရှောင်ဓားအသေးကို ချက်ချင်းပင် လှုပ်ရှားလိုက်သည်။
ရွှမ်ရှောင်ဓားအသေးသည် ရွှမ်ရှောင်နတ်ဘုရားဓားနှင့် ဆက်နွယ်နေသဖြင့် ၎င်း၏စွမ်းအားများကို ကူးပြောင်း အသုံးပြုနိုင်ပြီး အကြီးအကဲချန်ကို ကောင်းကင်အဆင့်တစ်ဦးနှင့်ပင် ယှဉ်ပြိုင်နိုင်စွမ်းရှိစေသည်။
ဓားတစ်ချက်အောက်မှာတင် ထိုသူသည် ခရီးကို စတင်ခဲ့ရလေသည်။ သို့သော် ၎င်းမှာ ပြင်ပလောကသို့ ခရီးသွားခြင်းမဟုတ်ဘဲ မရဏလမ်းထံသို့သာ ဖြစ်ပေသည်။
“အရှင်မင်းကြီးရဲ့ နတ်ဘုရားဓားအောက်မှာ သေရတာဟာ မင်းအတွက် ဂုဏ်ယူစရာပဲ” အကြီးအကဲချန်က ဓားကို အိမ်ထဲပြန်ထည့်လိုက်ပြီးနောက် အခြားနိုင်ငံများမှ ချီဖွဲ့တည်ခြင်းအဆင့် သိုင်းပညာရှင်များကို ဆက်လက်သုတ်သင်ရန် နောက်ထပ်နေရာတစ်ခုသို့ ထွက်ခွာသွားခဲ့သည်။
တစ်ပတ်မပြည့်မီအချိန်အတွင်းမှာပင် အကြီးအကဲချန်သည် ကျွမ်းကျင်သူများ၏ ခြောက်ဆယ်ရာခိုင်နှုန်းကျော်ကို သတ်ဖြတ်နိုင်ခဲ့သည်။ ကျန်ရှိနေသူများမှာမူ အန္တရာယ်ကို ရိပ်မိသွားကြပြီး မိမိတို့နိုင်ငံများသို့ တိတ်တဆိတ် ပြန်လည်ထွက်ပြေးသွားကြတော့သည်။
မဟာယန်မင်းဆက်တွင် မဟာယန်ဧကရာဇ်သည် ဒေါသအလွန်အမင်း ထွက်နေတော့သည် - “မဟာဟုန်က တော်တော်လေး ရဲတင်းတာပဲ၊ ငါတို့ရဲ့ ချီဖွဲ့တည်ခြင်းအဆင့် သိုင်းပညာရှင် ငါးယောက်တောင် အသတ်ခံလိုက်ရတယ်”
ချီဖွဲ့တည်ခြင်းအဆင့် သိုင်းပညာရှင်တိုင်းသည် နိုင်ငံတော်၏ ထောက်တိုင်များဖြစ်ကြသည်။ မဟာယန်မင်းဆက်တွင် ချီဖွဲ့တည်ခြင်းအဆင့် သိုင်းပညာရှင် နှစ်ဆယ်ကျော်သာ ရှိသဖြင့် ငါးယောက်ဆုံးရှုံးသွားခြင်းမှာ ကြီးမားသော ထိုးနှက်ချက်ပင် ဖြစ်သည်။
ဒေါသကို ဖြေဖျောက်ပြီးနောက် မဟာယန်ဧကရာဇ်မှာ ပြန်လည်တည်ငြိမ်သွားပြီး - “ဒါဆို တူကုယီဖန်း ပြန်ရောက်နေပြီလို့ ဆိုလိုတာလား”
သူ့စိတ်ထဲတွင် ချီဖွဲ့တည်ခြင်းအဆင့် သိုင်းပညာရှင်များကို အသံတိတ် သတ်ဖြတ်နိုင်သူမှာ ကောင်းကင်အဆင့်တစ်ဦးသာ ရှိနိုင်သည်ဟု ယူဆထားသောကြောင့် ဖြစ်သည်။
“အရှင်မင်းကြီးကို တင်ပြပါတယ်။ ဒါက မဖြစ်နိုင်သလောက်ပါပဲ”
လီယွမ်ဖန်းက သုံးသပ်ပြလိုက်သည် - “တကယ်လို့ တူကုယီဖန်းသာ ပြန်ရောက်နေရင် ပြည်သူတွေကို စိတ်အေးစေဖို့နဲ့ တခြားနိုင်ငံတွေကို ဟန့်တားဖို့အတွက် သူတို့ဘက်က ကြေညာမှာ သေချာပါတယ်။ ဒါပေမဲ့ အခုထိ သူတို့တွေ အသည်းအသန် ရှာဖွေနေတုန်းပဲဆိုတာကို ကြည့်ရင် တူကုယီဖန်း ပြန်မလာသေးတာ ထင်ရှားပါတယ်”
“ဒါဆို ငါ့လူတွေက ဘယ်လိုလုပ် သေကုန်ရတာလဲ” မဟာယန်ဧကရာဇ်က မေးလိုက်သည်။
“ကျွန်တော်မျိုး သံသယဖြစ်မိတာကတော့ သူတို့လက်ထဲမှာ ချီဖွဲ့တည်ခြင်းအဆင့်တွေကို တိတ်တဆိတ် သတ်နိုင်တဲ့ လျှို့ဝှက်လက်နက်တစ်ခုခု ရှိနေနိုင်တယ်ဆိုတာပါပဲ” ဟု လီယွမ်ဖန်းက ပြောလိုက်သည်။
“ချီဖွဲ့တည်ခြင်းအဆင့်တွေကို သတ်နိုင်တဲ့ လက်နက်လား” မဟာယန်ဧကရာဇ်က မျက်မှောင်ကြုတ်လိုက်သည်။
“နတ်ဘုရားဓားတစ်လက် ဒါမှမဟုတ် အဆင့်မြင့် သိုင်းပညာရှင်တစ်ယောက်ယောက်လည်း ဖြစ်နိုင်ပါတယ်။ မဟာဟုန်မင်းဆက်က ကျွန်တော်မျိုးတို့ သိထားတာထက် ပိုပြီး အင်အားကြီးမားနေပုံရတယ်။ လျှို့ဝှက်ချက်တွေကလည်း အထင်သေးလို့ မရပါဘူး။ ဒါကြောင့်မို့လို့ တူကုယီဖန်း ပြန်မလာခင်မှာ ဒီအန္တရာယ်ကို အမြစ်ဖြတ်ပစ်သင့်ပါတယ် အရှင်မင်းကြီး”
“ယွမ်ဖန်း… မောင်မင်းပြောတာ မှန်တယ်”
မဟာယန်ဧကရာဇ်သည် ၎င်းတို့နိုင်ငံ၏ ကောင်းကင်အဆင့် သိုင်းပညာရှင်ကို ခေါ်ယူလိုက်သည်။
“စီနီယာမုရုံ.. အခြေအနေကတော့ ဤသို့ရှိပါတယ်...”
အကြောင်းစုံကို ရှင်းပြပြီးနောက် မဟာယန်ဧကရာဇ်က လေးလေးနက်နက် တောင်းဆိုလိုက်သည် - “စီနီယာအနေနဲ့ မဟာဟုန်ကို တစ်ခေါက်လောက် သွားပေးဖို့ တောင်းဆိုချင်ပါတယ်။ အကယ်၍ သူတို့မှာ နတ်ဓားရှိနေခဲ့ရင် လုယူခဲ့ပါ။ အကယ်၍ ကောင်းကင်တစ်ဝက်အဆင့် သိုင်းပညာရှင် ရှိနေရင်တော့ သတ်ပစ်လိုက်ပါ”
မဟာယန်၏ ကောင်းကင်အဆင့် သိုင်းပညာရှင်က ခေါင်းညိတ်လိုက်ပြီး - “စိတ်ချပါ အရှင်မင်းကြီး၊ ကျွန်တော်မျိုး အခုချက်ချင်း သွားပြီး ချက်ချင်း ပြန်လာခဲ့ပါ့မယ်”
“နေဦး.. သူတို့က ငါတို့ရဲ့ ချီဖွဲ့တည်ခြင်းအဆင့် ငါးယောက်ကို သတ်ခဲ့တာ။ ဒါကြောင့် စီနီယာကလည်း သူတို့လူ ငါးယောက်ကို ပြန်သတ်ပေးခဲ့ပါ”
“အရှင်မင်းကြီးအတွက် နောက်ထပ် နှစ်ယောက်တောင် အပိုလက်ဆောင် သတ်ပေးခဲ့ပါဦးမယ်”
အမိန့်ရပြီးသည်နှင့် မဟာယန်၏ ကောင်းကင်အဆင့်သည် မဟာဟုန်နန်းတော်အတွင်းသို့ အင်တိုက်အားတိုက် ဝင်ရောက်သွားပြီး မဟာဟုန်ဧကရာဇ်ကို ဖမ်းဆီးလိုက်သည်။
မဟာဟုန်ဧကရာဇ်မှာ အလွန်အမင်း ထိတ်လန့်သွားပြီး - “မင်း... မင်းက ဘယ်သူလဲ။ ဘာလုပ်မလို့လဲ”
မဟာယန်၏ ကောင်းကင်အဆင့်က - “မဟာယန်ရဲ့ ချီဖွဲ့တည်ခြင်းအဆင့်တွေကို သတ်ဖို့ အမိန့်ပေးခဲ့တာ မင်းလား။ အမှန်အတိုင်းပြောစမ်း။ ဘယ်လိုလုပ်ခဲ့တာလဲ။ အကယ်၍ မင်း အမှန်အတိုင်း မပြောဘူးဆိုရင်တော့ ငါ့ကို မညှာတာဘူးလို့ မပြောနဲ့”
မဟာဟုန်ဧကရာဇ်မှာ - “မင်း ဘာတွေပြောနေတာလဲ။ ငါ ဘာမှမသိဘူး”
“အခုထိ ဟန်ဆောင်နေတုန်းပဲလား”
မဟာယန်၏ ကောင်းကင်အဆင့်က သူ့ပါးကို ရိုက်ချလိုက်ပြီး - “မင်းရဲ့ သရုပ်ဆောင်မှုက တော်တော်လေး ပီပြင်ပါတယ်။ ဒါပေမဲ့ ငါ့ကိုတော့ လိမ်လို့မရဘူး။ အခုချက်ချင်း ဝန်ခံစမ်း၊ မဟုတ်ရင် ငါ အကြမ်းဖက်ရလိမ့်မယ်”
နီမြန်းနေသော ပါးကို ကိုင်ရင်း မဟာဟုန်ဧကရာဇ်က - “ငါ တကယ်ကို ဘာမှမသိတာပါ။ ငါ့ကို ဘာပြောစေချင်တာလဲ”
မဟာယန်၏ ကောင်းကင်အဆင့်က နောက်ထပ်တစ်ချက် ထပ်ရိုက်လိုက်ပြန်သည် - “အခုထိ ခေါင်းမာနေတုန်းပဲလား။ မင်းကို သင်ခန်းစာပေးမှ ဖြစ်တော့မယ်”
ထိုသို့ပြောရင်း သူသည် လက်ကို ထပ်မံ မြှောက်လိုက်ပြန်သည်။
“ဖြန်း…”
“ဖြန်း…”
မဟာဟုန်ဧကရာဇ်မှာ ငိုယိုကာ - “ငါ့ကို ဘာပြောစေချင်လို့လဲ။ ငါ တကယ်ကို မသိတာပါဆို”
“ဧကရာဇ်ဆိုတော့လည်း စိတ်ဓာတ်က ပြင်းထန်ပြီး နှုတ်လုံသားပဲ။ တခြားသူတွေအပေါ် ရက်စက်သလို ကိုယ့်ကိုယ်ကိုယ်လည်း ပိုပြီး ရက်စက်နိုင်တာပဲ။ ဒီလောက်ထိ အရိုက်ခံရတာတောင် မပြောဘူးပေါ့။ ရပါတယ်။ မင်း ဝန်မခံလည်း ငါ့ဘာသာ ရှာဖွေမှာပေါ့”
ထို့နောက်တွင် မဟာယန်၏ ကောင်းကင်အဆင့်သည် မဟာဟုန်ဧကရာဇ်ကို တရွတ်တိုက် ဆွဲခေါ်သွားပြီး နန်းတော်တစ်ခုလုံးကို ပြောင်းပြန်လှန်ကာ ရှာဖွေတော့သည်။
ထိုသို့ ရှာဖွေနေစဉ်အတွင်း သူသည် ချီဖွဲ့တည်ခြင်းအဆင့် သိုင်းပညာရှင်အချို့နှင့် တွေ့ဆုံခဲ့ပြီး ထိုသူအားလုံးကို ပါးရိုက်သတ်ပစ်လိုက်လေသည်။
နောက်ဆုံးတွင် ဘာမှရှာမတွေ့သဖြင့် မဟာယန်၏ ကောင်းကင်အဆင့်သည် မဟာဟုန်ဧကရာဇ်ကို အမှိုက်တစ်ခုလို ပစ်ချထားခဲ့ပြီး ခေါင်းခါကာ ထွက်ခွာသွားခဲ့သည်။
ရောင်ကိုင်းနေသော ပါးကို ကိုင်ရင်း မဟာဟုန်ဧကရာဇ်မှာ ဝမ်းနည်းကြေကွဲမှုနှင့် နာကျည်းမှုများဖြင့် ပြည့်နှက်နေတော့သည်။
ဒီခွေးကောင်….
သူက ငါ့နန်းတော်ထဲကို ဇွတ်ဝင်လာတယ်၊ ငါ့အိမ်ကို ဖျက်ဆီးတယ်၊ ငါ့လူတွေကို သတ်တယ်၊ ပြီးတော့ ငါ့ကိုပါ ပါးရိုက်သွားသေးတယ်။ ငါ ဘယ်လိုအပြစ်တွေများ လုပ်ခဲ့လို့ ဒီလို နှိပ်စက်ခံနေရတာလဲ။
ငါ ဒီအရှက်ကွဲမှုကို မျိုသိပ်မထားနိုင်ဘူး။
မင်း စောင့်ကြည့်နေလိုက်။
စီနီယာတူကု ပြန်လာတဲ့အခါကျရင် မင်းတို့ကို နောင်တရသွားစေရမယ်။
ထိုအချိန်မှာပင် နောက်ထပ် လူတစ်ယောက်သည် ကောင်းကင်ယံမှ ဆင်းသက်လာပြီး သူ့ကို ငုံ့ကြည့်ကာ - “မင်းက မဟာဟုန်ဧကရာဇ်လား”
“မင်းက ဘယ်သူလဲ၊ ဘာလုပ်ဦးမလို့လဲ” မဟာဟုန်ဧကရာဇ်မှာ မကောင်းသော အငွေ့အသက်များကို ခံစားလိုက်ရသည်။
“ငါ ဘာလိုချင်လဲဆိုတာ မင်း သိပါတယ်။ ပြောစမ်း၊ မဟာလျန်ရဲ့ ကောင်းကင်အဆင့်ကို သတ်ဖို့ မင်း ဘယ်လိုနည်းလမ်းတွေ သုံးခဲ့တာလဲ။ အကယ်၍ မင်း အမှန်အတိုင်း မပြောဘူးဆိုရင်တော့ ငါ့ကို မညှာတာဘူးလို့ မပြောနဲ့” ဟု ထိုသူက အော်ဟစ်လိုက်သည်။
မဟာဟုန်ဧကရာဇ် - “...”
ထို့နောက်တွင် မဟာဟုန်ဧကရာဇ်၏ ခေါင်းမာမှုကြောင့် သူသည် နောက်တစ်ကြိမ် ထပ်မံ ရိုက်နှက်ခံလိုက်ရပြန်သည်။
သူ၏ နန်းတော်မှာလည်း နောက်တစ်ကြိမ် ထပ်မံ ရှာဖွေခံရပြန်သည်။
သူ၏လူများမှာလည်း ထပ်မံ အသတ်ခံလိုက်ရပြန်သည်။
ဒီလိုမျိုး နှစ်ကြိမ်တိုင်တိုင် ဆူပူသောင်းကျန်းမှုတွေ ဖြစ်ပြီးတဲ့နောက်မှာတော့ နန်းတော်ကြီးဟာ လုံးဝ ပျက်စီးသွားခဲ့ပြီး နန်းတွင်းက ကျွမ်းကျင်သူတွေဟာလည်း ကုန်သလောက် ဖြစ်သွားခဲ့ရလေတော့သည်။
သူ၏ မျက်နှာမှာလည်း ဝက်ခေါင်းကြီးလို ရောင်ကိုင်းလာခဲ့သည်။ မဟာဟုန်ဧကရာဇ်သည် အရှက်ကွဲရရုံသာမက တစ်ကမ္ဘာလုံး၏ လှောင်ပြောင်စရာလည်း ဖြစ်သွားခဲ့ရသည်။
ရလဒ်အနေဖြင့် မဟာဟုန်မင်းဆက်၏ နိုင်ငံတော် အင်အားမှာလည်း ကြီးမားစွာ ထိခိုက်ပျက်စီးသွားခဲ့ရသည်။
ပျက်စီးနေသော အပျက်အစီးများကြားတွင် ရပ်နေရင်း၊ မိမိဘေးနားရှိ ကျန်ရှိနေသော လူနည်းစုကို ကြည့်ကာ မဟာဟုန်ဧကရာဇ်သည် စိတ်ပျက်အားငယ်မှုနှင့် ဒေါသတို့ကြောင့် သွေးအန်ပြီး အော်ဟစ်လိုက်တော့သည် - “ငါ ဘယ်လိုအပြစ်တွေများ လုပ်ခဲ့မိလို့လဲကွာ…”
( ဘာသာပြန်သူ၏ မှတ်ချက်။ ကောင်းကင်အဆင့် သိုင်းပညာရှင်တွေဟာ ဧကရာဇ်ကို ဘာလို့ ချက်ချင်း သတ်မပစ်တာလဲလို့ သိချင်နေကြမှာပါ။ ဒါဟာ သိုင်းလောကရဲ့ ကျင့်ဝတ်စည်းကမ်းတွေကြောင့် ဖြစ်နိုင်သလို၊ ခိုင်လုံတဲ့ အကြောင်းပြချက် မရှိဘဲ သိုင်းပညာမတတ်တဲ့ သာမန်လူတွေကို ရိုက်နှက်ရုံကလွဲလို့ အသက်ကို ရန်မရှာကြတဲ့ သိုင်းလောကရဲ့ ထုံးတမ်းစဉ်လာတစ်ခုကြောင့်လည်း ဖြစ်နိုင်ပါတယ် )
အပိုင်း (၄၄၂)
ဤသတင်းသည် မဟာရှနန်းတော်သို့ လျင်မြန်စွာ ရောက်ရှိလာခဲ့သည်။
လင်းပိုင်ဖန်မှာမူ မဟာဟုန်မင်းဆက်က ဤမျှမြန်မြန်ဆန်ဆန် ပြိုလဲသွားလိမ့်မည်ဟု မထင်မှတ်ထားသဖြင့် အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်သွားမိသည်။
ကြည့်ပါဦး... သူကိုယ်တိုင် ဖန်တီးခဲ့သော သဘာဝ ဘေးအန္တရာယ်နှင့် လူလုပ် ဘေးဒုက္ခများစွာကို ကြုံတွေ့ခဲ့ရသော်လည်း မဟာလော့မင်းဆက်သည် ယခုတိုင် အသက်ဆက်ရန် ရုန်းကန်နေဆဲဖြစ်ပြီး မည်မျှ ကြံ့ကြံ့ခံနိုင်နေသည်ကို….။
သို့သော် မဟာဟုန်မင်းဆက်မှာမူ နိုင်ငံနှစ်ခုမှ ကျွမ်းကျင်သူများ၏ အလှည့်ကျ နှိပ်စက်မှုကို ခံလိုက်ရပြီး နန်းတော်ကြီး ပျက်စီးသွားကာ ကျွမ်းကျင်သူများလည်း နှစ်ကြိမ်တိုင်တိုင် သတ်ဖြတ်ခံလိုက်ရသလို၊ မဟာဟုန် ဧကရာဇ်ကိုယ်တိုင်လည်း နှစ်ခါပြန် အရိုက်ခံရပြီး သိက္ခာအားလုံး ဆုံးရှုံးသွားခဲ့ရသည်။ ၎င်းသည် မင်းဆက်တစ်ခု၏ အရှိန်အဝါ ရှိနေသေးသော်လည်း ယခင်ကဲ့သို့ အင်အားကြီးမားခြင်း မရှိတော့ပေ။
“ကောင်းကင်အဆင့် တစ်ယောက်ရဲ့ ထောက်ပံ့မှု မရှိတဲ့ မင်းဆက်တစ်ခုဟာ တကယ်တော့ မင်းဆက်အစစ်အမှန် မဟုတ်ဘူး”
လင်းပိုင်ဖန်က “မဟာဟုန်” ဟု ရေးထိုးထားသော မြေပုံကို ကြည့်ရင်း တိုးတိုးလေး ရယ်မောလိုက်ကာ - “နောက်နှစ် နွေဦးရောက်ရင်တော့ ရိတ်သိမ်းရမယ့် ရာသီပဲ။ ဒါပေမဲ့ အခုလောလောဆယ်တော့... ဘဝကို အရင်ဆုံး ပျော်ပျော်ပါးပါး ဖြတ်သန်းကြတာပေါ့”
သူ မော့ကြည့်လိုက်သောအခါ ရှန်းကြင်ယာတော်၊ ချူးကြင်ယာတော်၊ ချိုင်ယွီရှင်းနှင့် ယွဲ့ ကြင်ယာတော်တို့အပြင် ပိုင်ဇူနှင့် အခြားသော အမျိုးသမီးများကို တွေ့လိုက်ရသည်။ ၎င်းတို့သည် ပန်းကလေးများပမာ လှပနေကြပြီး မီးဖိုဘေးတွင် ထိုင်ကာ လက်ဖက်ရည်သောက်ရင်း စနောက်စကားပြောနေကြသဖြင့် စာကြည့်ဆောင်တစ်ခုလုံး မွှေးရနံ့များဖြင့် ပြည့်နေတော့သည်။
ဤမြင်ကွင်းကို မြင်လိုက်ရသဖြင့် လင်းပိုင်ဖန်၏ စိတ်အခြေအနေမှာ များစွာ ကောင်းမွန်သွားခဲ့သည်။ ဒါဟာ အမျိုးသားတိုင်းရဲ့ အကြီးမားဆုံး အိပ်မက် မဟုတ်ပါလား။ နိုးနေချိန်မှာ ကမ္ဘာ့အာဏာကို ဆုပ်ကိုင်ထားပြီး ယစ်မူးနေချိန်မှာတော့ အလှနတ်သမီးလေးတွေရဲ့ ရင်ခွင်ထဲမှာ လဲလျောင်းနိုင်ဖို့ဆိုတာ... သူ့အနေဖြင့် အကုန်လုံးကို ရရှိပိုင်ဆိုင်ထားပြီဖြစ်သည်။
“အရှင်မင်းကြီး.. လက်ဖက်ရည် ရပါပြီ” ရှန်းကြင်ယာတော်က ချစ်စဖွယ် အပြုံးဖြင့် လှည့်ကြည့်လာသည်။
လင်းပိုင်ဖန်က ထရပ်ကာ ရှန်းကြင်ယာတော်၏ ဘေးတွင် ဝင်ထိုင်လိုက်ပြီး သူမ၏ သွယ်လျသော ခါးလေးကို ဖက်ကာ လက်ဖက်ရည် တစ်ငုံသောက်ရင်း ရယ်မောလိုက်သည် - “ဘာတွေများ ပြောနေကြလို့ ဒီလောက်တောင် ပျော်နေကြတာလဲ”
“တကယ်တော့ သိပ်အရေးကြီးတာတွေ မဟုတ်ပါဘူး...”
ရှန်းကြင်ယာတော်က သူမ၏ ပါးစပ်ကို လက်ဖြင့်အုပ်ကာ တခစ်ခစ် ရယ်လျက် - “ ကျွန်မတို့က နန်းတော်ထဲမှာ နေလာတာ ကြာပြီဆိုတော့ အပြင်လောကကြီးအကြောင်း သိချင်လာကြတာပါ။ မဟာရှရဲ့ ကျယ်ပြောလှတဲ့ ရှုခင်းတွေကိုလည်း မြင်ဖူးချင်ကြတယ်... အရှင်မင်းကြီးက ကျွန်မတို့ရဲ့ ဒီဆန္ဒလေးကို ဖြည့်ဆည်းပေးနိုင်မလားလို့ပါ”
ပွင့်လင်းလှသော ချူးကြင်ယာတော်ကလည်း ချက်ချင်းပင် ဝင်ပြောလိုက်သည် - “အရှင်မင်းကြီးလည်း အပြင်ထွက်ပြီး လည်ပတ်သင့်ပါတယ်။ နန်းတော်ထဲမှာပဲ အမြဲတမ်း ပိတ်အောင်းနေရင် ဖျားနာသွားပါလိမ့်မယ်။ နောက်နှစ် နွေဦး ဒါမှမဟုတ် နွေရာသီမှာ တောတောင်တွေ ရေမြေတွေဆီ အတူတူ ခရီးထွက်ကြရင် ဘယ်လိုလဲ”
ထိုသို့ပြောပြီးနောက် အမျိုးသမီးအားလုံးက လင်းပိုင်ဖန်ကို မျှော်လင့်တကြီး ကြည့်လိုက်ကြသည်။ သူတို့၏ မျှော်လင့်ချက်အပြည့်ဖြင့် အကြည့်များကို မြင်လိုက်ရသောအခါ လင်းပိုင်ဖန်မှာ အနည်းငယ် ရှက်သလို ခံစားလိုက်ရသည်။ သူကတော့ အင်ပါယာမြေပုံကနေတစ်ဆင့် အပြင်လောက ရှုခင်းတွေကို မြင်နေရသဖြင့် အပြင်သွားဖို့ သိပ်စိတ်မပါသော်လည်း၊ အမျိုးသမီးများမှာမူ ဤစွမ်းရည်မျိုး မရှိကြဘဲ နန်းတော်ထဲမှာသာ အကြာကြီး ပိတ်မိနေကြသဖြင့် မည်သူက ခံနိုင်ရည် ရှိပါမည်နည်း။
ရှန်းကြင်ယာတော်ကိုပဲ ကြည့်ပါဦး... သူမသည် မြို့တော်တွင် သူနှင့်အတူ သုံးနှစ်တိုင်တိုင် မည်သည့်ညည်းညူမှုမျှ မရှိဘဲ အတူရှိနေပေးခဲ့သူ ဖြစ်သည်။ အခြားအမျိုးသမီးများမှာလည်း ဤနေရာတွင် ရှိနေသည်မှာ မတိုတောင်းလှပေ။
လင်းပိုင်ဖန်က ကျယ်လောင်စွာပင် ကတိပေးလိုက်သည် - “ကောင်းပြီ။ ငါတို့တွေ နောက်နှစ် နွေဦး ဒါမှမဟုတ် နွေရာသီမှာ တောတောင်တွေ ရေမြေတွေဆီ ခရီးထွက်ကြမယ်။ သုံးလေးလလောက် ဝအောင် လည်ပတ်ပြီးမှ ပြန်လာကြတာပေါ့”
“သုံးလေးလဆိုတော့ အရမ်းများမသွားဘူးလား။ နိုင်ငံတော်အရေးတွေ ကြန့်ကြာကုန်ရင် ဘယ်လိုလုပ်မလဲ...” အမျိုးသမီးများမှာ စတင် စိုးရိမ်လာကြသည်။ သူတို့သည် ပျော်ပျော်ပါးပါး လည်ပတ်ချင်သော်လည်း နိုင်ငံတော်၏ အကျိုးစီးပွားကို ဦးစားပေးကြသူများ ဖြစ်သည်။
“အရှင်မင်းကြီး... တစ်လခွဲလောက်ဆိုရင်ပဲ လုံလောက်ပါပြီ။ အချိန်အများကြီး မလိုပါဘူး...” ချိုင်ယွီရှင်းက တိုးတိုးလေး ပြောလိုက်သည်။
လင်းပိုင်ဖန်က ခေါင်းခါကာ ရယ်မောလိုက်ပြီး - “စိတ်မပူကြပါနဲ့။ အခု နန်းတွင်းအရေးတွေက အဆင်ပြေပြေနဲ့ လည်ပတ်နေပြီ၊ တိုင်းပြည်ကလည်း အေးချမ်းသာယာနေပြီ။ ငါရှိနေတာနဲ့ မရှိနေတာက ဘာမှ ထူးခြားမနေဘူး။ တကယ်လို့ ပြဿနာ တစ်ခုခုရှိလာရင်တောင်မှ စိုးရိမ်စရာ မလိုဘူး...”
လင်းပိုင်ဖန်က ဂုဏ်ယူစွာဖြင့် ဆက်ပြောလိုက်သည် - “ငါက ဘာမှမရှိတဲ့ အခြေအနေကနေ စတင်ခဲ့ပြီး အခက်အခဲတွေကို အံတုခဲ့တာ။ သုံးနှစ်အတွင်းမှာပဲ ဒီလို သာယာဝပြောတဲ့ အင်ပါယာကြီးကို တည်ဆောက်နိုင်ခဲ့တယ်။ ဒါကြောင့် ဘယ်လို ပြဿနာမျိုးပဲဖြစ်ဖြစ် ငါ ဖြေရှင်းနိုင်တယ်”
“အရှင်မင်းကြီး…” အမျိုးသမီးများက လင်းပိုင်ဖန်ကို အားကိုးတကြီးနှင့် စွဲလန်းစွာ ကြည့်လိုက်ကြသည်။ သူတို့၏ ခင်ပွန်းသည်မှာ တကယ်ပင် ကမ္ဘာပေါ်တွင် အမျော်အမြင် အရှိဆုံးနှင့် အစွမ်းအထက်ဆုံး ဧကရာဇ် ဖြစ်ပေသည်။ ဤသို့သော လူမျိုးနှင့် လက်ထပ်ခွင့်ရခြင်းမှာ ဤဘဝအတွက် နောင်တရစရာ မရှိတော့ပေ။
ဆုံးဖြတ်ချက် ချပြီးသည်နှင့် လင်းပိုင်ဖန်က ချက်ချင်းပင် ပြင်ဆင်မှုများ ပြုလုပ်ရန် အမိန့်ပေးလိုက်သည်။ ဧကရာဇ်တစ်ဦး ခရီးထွက်ခြင်းမှာ သေးငယ်သော ကိစ္စမဟုတ်သဖြင့် နန်းတွင်းတစ်ခုလုံး လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားတော့သည်။ ခရီးစဉ်လမ်းကြောင်း၊ စားသောက်ရေးနှင့် လုံခြုံရေး အစရှိသည်တို့ကို အသေးစိတ် ဆွေးနွေးပြင်ဆင်ရန် အဖွဲ့တစ်ခုကို ချက်ချင်း ဖွဲ့စည်းလိုက်သည်။ မည်သည့် အမှားအယွင်းမျှ မရှိစေရန် အရာအားလုံးကို သေချာစွာ စီစဉ်ရမည်ဖြစ်သည်။
ဤအချိန်တွင် နှစ်ကုန်ပိုင်းသို့ နီးကပ်လာပြီဖြစ်သဖြင့် နှစ်ပတ်လည် အစီရင်ခံစာများ တင်ပြရမည့် အချိန်ဖြစ်သည်။ အမတ်များမှာလည်း တစ်ဦးပြီးတစ်ဦး လင်းပိုင်ဖန်ထံသို့ တစ်နှစ်တာ လုပ်ငန်းဆောင်ရွက်ချက်များကို လာရောက် တင်ပြကြသည်။
ပထမဆုံးမှာ စစ်ရေးဝန်ကြီး ချောင်ချောင် ဖြစ်သည်။
“အရှင်မင်းကြီး.. ဒီနှစ်မှာ ကျွန်တော်မျိုးတို့ ဝန်ကြီးဌာနက စစ်သည်အသစ် ၂.၂ သန်း စုဆောင်းနိုင်ခဲ့တဲ့အတွက် နိုင်ငံတော်ရဲ့ စစ်အင်အားဟာ ၆ သန်းအထိ ရှိလာပါပြီ။ ကျွန်တော်မျိုးတို့ နိုင်ငံဟာ အင်ပါယာအဖြစ် အဆင့်မြှင့်တင်ခံရပြီးကတည်းက အရပ်ရပ်က ကျွမ်းကျင်သူတွေကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။ လက်ရှိမှာ ပထမတန်းစား ကျွမ်းကျင်သူ ၉၆၂ ဦး၊ ဒုတိယတန်းစား ၄၂၀၀ ဦးနဲ့ တတိယတန်းစား ကျွမ်းကျင်သူတွေကတော့...”
“နယ်မြေချဲ့ထွင်မှုအပိုင်းမှာတော့ ဟန်ဒွမ်တောင်တန်းကို ဖွင့်လှစ်ပြီးကတည်းက ကျွန်တော်မျိုးတို့ စစ်တပ်တွေဟာ တောင်ဘက်ကို ချီတက်ခဲ့ပြီး နိုင်ငံကြီး ခုနစ်ခုကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ စတုရန်းလီ ၅ သန်းကျော်တဲ့ နယ်မြေအသစ်တွေကို ဖွင့်လှစ်နိုင်ခဲ့ပြီး တောင်ဘက်နိုင်ငံတွေကို အထိတ်တလန့် ဖြစ်စေခဲ့ပါတယ်...”
နောက်တစ်ဦးမှာ ပညာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး လီလင်းဖူ ဖြစ်သည်။
“အရှင်မင်းကြီး.. ဒီနှစ်မှာ နန်းတွင်းစာမေးပွဲ တစ်ကြိမ်ပဲ ကျင်းပခဲ့ပြီး ထူးချွန်သူ ၁၀၀ ကိုပဲ ရွေးချယ်ခဲ့ပေမဲ့ ဆရာဦးရေဟာ ၃၀၀၀ ကျော် တိုးလာခဲ့တဲ့အတွက် စုစုပေါင်း ၇၁,၀၀၀ ရှိလာပါပြီ။ ကျွန်တော်မျိုးတို့ စံပြဆရာ ၁၀ ယောက်ကိုလည်း မိတ်ဆက်ပေးနိုင်ခဲ့ပြီး သူတို့ဟာ တစ်နိုင်ငံလုံးက ဆရာတွေအတွက် စံပြဖြစ်လာသလို ကျောင်းတွေရဲ့ အငွေ့အသက်ကိုလည်း လုံးဝ ပြောင်းလဲစေခဲ့ပါတယ်။ ဒါ့အပြင် ဒီနှစ်မှာ ကျောင်းသားဦးရေ ၁၅၀,၀၀၀ တိုးလာတဲ့အတွက် စုစုပေါင်း ၆၅၀,၀၀၀ ရှိသွားပါပြီ...”
နောက်ဆုံးအထိ တစ်ဦးပြီးတစ်ဦး အစီရင်ခံကြရာ နောက်ဆုံးလူမှာ ဟီရှန်း ဖြစ်သည်။ ဟီရှန်းသည် အလုပ်အများဆုံး တာဝန်ယူထားရသူဖြစ်သလို အစွမ်းဆောင်နိုင်ဆုံး သူလည်း ဖြစ်သည်။
သူက - “အရှင်မင်းကြီး.. အရှင်မင်းကြီးရဲ့ ထက်မြက်တဲ့ ဦးဆောင်မှုအောက်မှာ ဒီနှစ်မှာ ကျွန်တော်မျိုးတို့ နိုင်ငံဟာ အင်ပါယာအဖြစ် တည်ထောင်နိုင်ခဲ့ပြီး အရပ်ရပ်ကို အရှိန်အဝါ ဖြန့်ကျက်နိုင်ခဲ့ပါတယ်။ အရာအားလုံးဟာ လျင်မြန်စွာ တိုးတက်နေတဲ့အတွက် တစ်ကမ္ဘာလုံးကိုတောင် အံ့အားသင့်စေခဲ့ပါတယ်”
“နိုင်ငံတော် ဘဏ္ဍာငွေ ဝင်ငွေအရဆိုရင် ငွေတေး တန်ဖိုး သန်း ၃၀၀ ကျော်ခဲ့ပြီး သန်း ၃၆၀ အထိ ရောက်ရှိခဲ့ပါတယ်။ ဒီဝင်ငွေဟာ ထိပ်တန်း အင်ပါယာကြီး လေးခုနဲ့ တန်းတူ ဖြစ်သွားပါပြီ”
“လူဦးရေအရဆိုရင် နည်းလမ်းအမျိုးမျိုးကြောင့် စုစုပေါင်း လူဦးရေ ၁၃၀ သန်းအထိ ရှိလာပါပြီ။ ဒီအရေအတွက်ဟာ အင်ပါယာတွေထဲမှာ အထက်အလယ်အလတ် အဆင့်မှာ ရှိပါတယ်”
“စိုက်ပျိုးရေးမှာတော့ လက်ရှိမှာ တောင်သူ ၁၅ သန်းကျော် ရှိနေပြီး စတုရန်းလီ ၄.၅ သန်းနီးပါးကို စိုက်ပျိုးမြေအဖြစ် ဖော်ထုတ်နိုင်ခဲ့ပါတယ်။ ဒါကြောင့် ဒီနှစ်ရဲ့ ကောက်ပဲသီးနှံ ထွက်နှုန်းဟာ လူပေါင်း သန်း ၁၂၀ ကို ကျွေးမွေးဖို့ လုံလောက်နေပါပြီ။ မနှစ်က ပိုလျှံနေတာတွေနဲ့ ပေါင်းရင် လူသန်း ၁၄၀ ကို ကျွေးမွေးဖို့ ဘာပြဿနာမှ မရှိပါဘူး”
“အိမ်ရာ ဆောက်လုပ်ရေးမှာတော့ ဒီနှစ်မှာ ဘိလပ်မြေအိမ်ပေါင်း ၈ သန်း ဆောက်လုပ်ခဲ့ပြီး မနှစ်ကထက် ၆၀ ရာခိုင်နှုန်းလောက် တိုးလာပါတယ်။ လက်ရှိ နိုင်ငံတော်မှာ ဘိလပ်မြေအိမ် ၁၄.၅ သန်း ရှိနေပြီဖြစ်တဲ့အတွက် လူဦးရေ သန်း ၅၀ နီးပါးရဲ့ အိမ်ရာပြဿနာကို ဖြေရှင်းပေးနိုင်ခဲ့ပါတယ်”
“သတ္တုတူးဖော်ရေးမှာတော့ ဒီနှစ်အတွင်း တူးဖော်ရရှိတဲ့ သတ္တုတန်ဖိုးဟာ ငွေတေး သန်း ၅၀ အထိ ရှိခဲ့ပါတယ်...”
“လမ်းတံတား ဆောက်လုပ်ရေးမှာလည်း အားရစရာကောင်းတဲ့ ရလဒ်တွေ ရရှိခဲ့ပါတယ်။ ဟန်ဒွမ်တောင်တန်း မြောက်ဘက်က မြို့တွေမှာ ၆၀ ရာခိုင်နှုန်းလောက်ဟာ ဘိလပ်မြေလမ်းတွေနဲ့ ဆက်သွယ်မိသွားပြီဖြစ်ပြီး နောက်နှစ်အတွင်း အားလုံးကို ဆက်သွယ်နိုင်ဖို့ မျှော်လင့်ရပါတယ်။ တောင်ဘက်ခြမ်းမှာလည်း လမ်းတွေ စတင်ဖောက်လုပ်နေပြီဖြစ်ပြီး သုံးနှစ်အတွင်း အားလုံးပြီးစီးဖို့ ရည်မှန်းထားပါတယ်...”
“အထည်အလိပ် လုပ်ငန်းမှာတော့ အလုပ်လုပ်ကိုင်တဲ့ အမျိုးသမီးဦးရေ ၂၅ သန်းအထိ ရှိလာပြီး အလုပ်အကိုင် ပါဝင်မှုနှုန်း ၄၀ ရာခိုင်နှုန်းအထိ ရှိလာပါတယ်။ ထွက်ရှိတဲ့ အထည်တွေဟာ တစ်နိုင်ငံလုံးကို ထောက်ပံ့ဖို့ လုံလောက်ပါတယ်”
“သင်္ဘောကျင်း လုပ်ငန်းမှာတော့...”
ဤအောင်မြင်မှု တစ်ခုချင်းစီမှာ အံ့မခန်းစရာများ ဖြစ်လေသည်။ ထိပ်တန်း အင်ပါယာကြီး လေးခုပင်လျှင် ဤကဲ့သို့သော အောင်မြင်မှုမျိုးကို လိုက်မမီနိုင်ကြပေ။ ဤကဲ့သို့သော နိုင်ငံမျိုးတွင် မွေးဖွားလာရခြင်းမှာ အလွန်ပင် ဂုဏ်ယူစရာ ကောင်းလှပေသည်။
လင်းပိုင်ဖန်က အစီရင်ခံစာများကို ကြားပြီးနောက် ကျေနပ်စွာဖြင့် - “အမတ်မင်းတို့.. အားလုံး ပင်ပန်းသွားကြပြီ။ အမတ်မင်းတို့ရဲ့ ကြိုးစားမှုတွေကြောင့် ငါတို့ရဲ့ မဟာရှဟာ ဆက်လက် ရှင်သန်နေပြီး ထိပ်တန်း အင်ပါယာတွေထဲက တစ်ခု ဖြစ်လာရတာပဲ”
“ဒါတွေအားလုံးဟာ အရှင်မင်းကြီးရဲ့ ကျေးဇူးတွေကြောင့်ပါ၊ ကျွန်တော်မျိုးတို့ရဲ့ အစွမ်းအစ မဟုတ်ပါဘူး” ဟု အမတ်များက ရိုသေစွာ လျှောက်တင်လိုက်ကြသည်။
“ဒီအောင်မြင်မှုတွေကို ပြည်သူတွေ သိအောင် ထုတ်ပြန်ပေးလိုက်ပါ။ အားလုံး အတူတူ ဝမ်းမြောက်နိုင်ကြတာပေါ့” ဟု လင်းပိုင်ဖန်က အမိန့်ပေးလိုက်သည်။
“အမိန့်တော်အတိုင်းပါ အရှင်မင်းကြီး” ဟု အားလုံးက တညီတညွတ်တည်း ပြန်လည် ဖြေကြားကြသည်။
ထို့နောက်တွင် လင်းပိုင်ဖန်က ထူးချွန်သောအမတ်များကို ဆုလာဘ်များ ရက်ရက်ရောရော ပေးသနားခဲ့ပြီး နောက်နှစ်အတွက် လုပ်ငန်းတာဝန်များကို ချမှတ်ပေးခဲ့သည်။ လုပ်ငန်းများမှာ ယခင်အတိုင်းပင် ဖြစ်သည် - ကောက်ပဲသီးနှံတွေ ပိုစိုက်ဖို့၊ အိမ်တွေ ပိုဆောက်ဖို့၊ သတ္တုတွေ ပိုတူးဖို့၊ စစ်သည်တွေ ပိုစုဆောင်းဖို့... ပြည်သူတွေ ပိုချမ်းသာလာပြီး နိုင်ငံတော် ပိုမို အင်အားကြီးမားလာစေဖို့ပင် ဖြစ်သည်။
ရက်အနည်းငယ် ကုန်လွန်သွားပြီးနောက် နှစ်သစ်ကူးသို့ နီးကပ်လာခဲ့သည်။ ယခင်နှစ်များနည်းတူ လင်းပိုင်ဖန်က လူတိုင်း အနားယူနိုင်ရန် ၁၅ ရက်ကြာ နိုင်ငံတော် အားလပ်ရက်အဖြစ် ကြေညာပေးခဲ့သည်။ ထို့နောက်တွင် နန်းတွင်း ညီလာခံကြီးနှင့် ပျော်ပွဲရွှင်ပွဲကြီး ကို ကျင်းပခဲ့ကြသည်။
၎င်းသည် ယခင်နှစ်များကထက် ပို၍ ခမ်းနားထည်ဝါသွားသည်ကလွဲလို့ များစွာ မထူးခြားလှပေ။ တကယ်တော့ သာမန်ပြည်သူများအတွက်မူ ရုတ်တရက် ဘေးဒုက္ခများ မရှိဘဲ တည်ငြိမ်အေးချမ်းသော နိုင်ငံတော်တွင် နေထိုင်ရခြင်းထက် ပိုမိုကောင်းမွန်သော ကောင်းချီးမင်္ဂလာဟူ၍ မရှိတော့ပေ။