← Chapters

အခန်း (၄၄၃-၄၄၄)

Vol. 41 Ch. 443-444

အခန်း (၄၄၃-၄၄၄)

Vol. 41 Ch. 443-444

အပိုင်း (၄၄၃)

နှစ်သစ်ကူးအချိန်အခါသို့ ရောက်ရှိလာပြီဖြစ်၍ နောက်ဆုံးတွင်တော့ အားလပ်ရက် အနားယူရမည့်အချိန်သို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။

နှစ်သစ်ကူးကာလအတွင်းတွင် နန်းတွင်းနှင့် ပြည်သူအပေါင်းတို့သည် တစ်ဦးကိုတစ်ဦး အနှောင့်အယှက်မပေးဘဲ ကောင်းမွန်စွာ အနားယူကြရန် တိတ်တဆိတ် သဘောတူညီထားကြသည်။ အလွန်အမင်း အရေးကြီးသော ကိစ္စရပ်မျိုး မဟုတ်လျှင် ကျန်ရှိသမျှ အရာအားလုံးကို နှစ်သစ်ကူးပြီးမှသာ ဖြေရှင်းဆောင်ရွက်ကြတော့သည်။

လင်းပိုင်ဖန်သည်လည်း ထို့အတူပင်၊ မိမိကိုယ်ကိုယ် အနားယူခွင့် ပေးထားသည်။ သူ၏ လုပ်ဆောင်ချက်မှာ နှစ်သစ်ကူး၏ ပျော်ရွှင်စရာ အငွေ့အသက်နှင့် ရိုးရာဓလေ့များကို ခံစားရန်သက်သက်သာဖြစ်ပြီး ပျင်းရိချင်၍တော့ လုံးဝမဟုတ်ပေ။

နွေဦးပွဲတော်သည် မိသားစုများ ပြန်လည်ဆုံစည်းရမည့် နေ့ထူးနေ့မြတ် ဖြစ်သည်။ ဤကဲ့သို့သော ထူးခြားသည့် အခါသမယတွင် မည်မျှပင် အလုပ်ရှုပ်နေပါစေ၊ လူတိုင်းသည် မိမိတို့၏ အိမ်သို့ ပြန်ကြကာ မိဘများနှင့်အတူ နှစ်သစ်ကို ဆင်နွှဲကြစမြဲပင် ဖြစ်သည်။

သို့သော်လည်း လူတိုင်းကို အံ့အားသင့်စေသည်မှာ ယောင်ယောင် တစ်ယောက် ပြန်မသွားခြင်းပင် ဖြစ်သည်။

လင်းပိုင်ဖန်မှာ အလွန်ပင် ထူးဆန်းသွားပြီး - “အရင်နှစ်တွေတုန်းက မင်းရဲ့ဆရာနဲ့အတူ နှစ်သစ်ကူးဖို့ အမြဲပြန်တာပဲလေ။ ဒီတစ်ခါကျမှ ဘာလို့ မပြန်တာလဲ”

ယောင်ယောင်က သစ်သီးကို အားရပါးရ စားရင်း စိတ်ပျက်လက်ပျက်ဖြင့် ပြန်ဖြေလိုက်သည် - “အဲဒါကို မပြောပါနဲ့တော့၊ အိမ်ပြန်ရင် လက်ထပ်ဖို့ကိုပဲ ခဏခဏ နားပူနားဆာ လုပ်နေတာ။ အရမ်းစိတ်ရှုပ်ဖို့ ကောင်းတာပဲ၊ အဲဒါကြောင့် ပြန်မယ့်အစား ဒီမှာပဲ နေတော့မယ်လို့ ဆုံးဖြတ်လိုက်တာ”

တကယ်တော့ သူမသည် ဒီနှစ်မှာ လင်းပိုင်ဖန်ကို သိမ်းသွင်းရမည့် တာဝန်ကိုပင် မပြီးမြောက်သေးချေ။ ဤအခြေအနေနှင့် သူမ၏ဆရာကို မည်သို့ ရင်ဆိုင်ရပါမည်နည်း။ အိမ်ပြန်သွားလျှင်တော့ ဆူပူကြိမ်းမောင်းခံရမှာ သေချာနေသည်။ ထိုသို့ ဆူပူ ခံရမည့်အစား ဤနေရာတွင်သာ နေလိုက်ခြင်းက ပို၍ကောင်းပေသည်။

လင်းပိုင်ဖန်က အသံကျယ်ကြီးဖြင့် အော်ဟစ်လိုက်သည် - “ဒါကတော့ လွန်လွန်းတယ်”

ယောင်ယောင်မှာ သူမဘက်က ရပ်တည်ပေးသည်ဟု ထင်မှတ်ကာ ခေါင်းညိတ်လျက် - “ဟုတ်တယ်လေ၊ ကျွန်မဆရာက တကယ်ကို လွန်လွန်းတယ်။ ကျွန်မက ငယ်ငယ်လေးရှိသေးတာကို အခုကတည်းက လက်ထပ်ဖို့ ဇွတ်တွန်းအားပေးနေတာ။ ဘာတွေ အလောတကြီး ဖြစ်နေတာလဲ မသိဘူး”

လင်းပိုင်ဖန်က ထပ်မံ အော်ဟစ်လိုက်ပြန်သည် - “ငါက မင်းကို ပြောနေတာ၊ မင်းကမှ တကယ်ကို လွန်လွန်းတာ”

ယောင်ယောင်မှာ ကြောင်သွားပြီး - “ကျွန်မက ဘာဖြစ်လို့ လွန်ရတာလဲ”

လင်းပိုင်ဖန်က လေးလေးနက်နက်ဖြင့် - “အမှားကင်းတဲ့ မိဘဆိုတာ မရှိဘူး။ ဒါပေမဲ့ မင်းရဲ့ဆရာက မင်းကို အဖေရော၊ အမေလိုပါ ပြုစုပျိုးထောင်ပေးခဲ့တယ်၊ သိုင်းပညာတွေ သင်ပေးခဲ့တယ်၊ မင်းကို ကိုယ်ပိုင်ရင်သွေးလေးလို ဂရုစိုက်ခဲ့တာလေ၊ သူမက ဘယ်လောက်တောင် စိတ်ထားကောင်းတဲ့သူလဲ။ မင်းကို လက်ထပ်ဖို့ တိုက်တွန်းတာကလည်း မင်းရဲ့ ကောင်းကျိုးအတွက်ပဲ ဖြစ်မှာပေါ့။ မင်းက သူမကို နားမလည်ပေးတဲ့အပြင် အာခံနေသေးတာလား။ ဒါကရော ဟုတ်သေးရဲ့လား”

ယောင်ယောင် - “...”

“ဆိုရိုးစကား ရှိတယ်လေ...မိဘအပေါ် မသိတတ်ခြင်း အပြုအမူ သုံးခုထဲမှာ သားသမီး မြေးမြစ် မထွန်းကားတာက အဆိုးဆုံးပဲတဲ့။ ဒါဟာ လူတိုင်း လိုက်နာရမယ့် ရှေးရိုးစဉ်လာ အခြေခံမူပဲ၊ မင်းရဲ့ဆရာက လက်ထပ်ဖို့ ပြောရင် မင်း လက်ထပ်ရမယ်။ မဟုတ်ရင် ဒါဟာ ကျေးဇူးကန်းတာပဲ”

ယောင်ယောင် - “...”

“တကယ်တော့လေ... မင်းဆရာက မင်းကို လက်ထပ်ဖို့ တိုက်တွန်းနေတာဟာ မင်း အိုမင်းလာတဲ့အခါ ဘယ်သူက မင်းကို ပြုစုစောင့်ရှောက်မှာလဲဆိုတာကို စိုးရိမ်လို့ပဲ။ သူမမှာတော့ မင်း ရှိနေတယ်၊ ဒါပေမဲ့ မင်းမှာကျတော့ ဘယ်သူ ရှိလို့လဲ”

ယောင်ယောင် - “...”

“ဒါကို မင်းက နားမလည်ပေးတဲ့အပြင် သူမကိုတောင် ရန်တွေ့ပြီး သွားမတွေ့တော့ဘူးပေါ့...” လင်းပိုင်ဖန်က ပြတင်းပေါက်အပြင်ဘက်ကို လက်ညိုးထိုးပြရင်း သက်ပြင်းချလိုက်သည် - “စဉ်းစားကြည့်စမ်း... ဒီလို မိသားစုတွေ ပျော်ပျော်ပါးပါး ဆုံစည်းကြတဲ့နေ့မှာ လူတိုင်းက ရယ်ရယ်မောမောနဲ့ ဆင်နွှဲနေကြတာ၊ ဒါပေမဲ့ မင်းရဲ့ဆရာကတော့ အေးစက်နေတဲ့ အခန်းလွတ်ကြီးထဲမှာ အေးစက်နေတဲ့ ထမင်းဝိုင်းကိုကြည့်ရင်း ဘယ်လောက်တောင် ဝမ်းနည်းကြေကွဲနေမလဲဆိုတာ...”

ယောင်ယောင် - “...”

လင်းပိုင်ဖန်က ဒေါသတကြီးဖြင့် ထရပ်လိုက်ကာ - “မင်းက ဘယ်လိုတောင် နှလုံးသားမရှိဘဲ ရက်စက်နိုင်ရတာလဲ။ မင်းရဲ့ဆရာကိုရော မျက်နှာပူတတ်ရဲ့လား”

ယောင်ယောင်မှာ ဒူးထောက်ကာ အသနားခံလိုက်ရသည် - “ကျွန်မ တောင်းပန်ပါတယ်။ ကျွန်မ မှားသွားပါပြီ။ အဲဒီလောက်ထိလည်း ဆက်မပြောပါနဲ့တော့”

လင်းပိုင်ဖန်က ဒေါသတကြီး ဆက်ပြောလိုက်သည် - “တောင်းပန်ရုံနဲ့တင် ပြီးမလား။ တောင်းပန်ရုံနဲ့ ပြီးမယ်ဆိုရင် ဥပဒေဆိုတာ ဘာလို့ ရှိတော့မှာလဲ”

ယောင်ယောင်က နှိမ့်ချစွာဖြင့် အကြံဉာဏ် တောင်းလိုက်သည် - “ဒါဆိုရင် ကျွန်မ အခု ဘာလုပ်သင့်တယ်လို့ အကြံပေးချင်လဲ”

“မင်းမှာ နောင်တရတဲ့ စိတ်ရှိနေတာကို ကြည့်ပြီး ငါ လမ်းမှန်ပြပေးမယ်”

လင်းပိုင်ဖန်က အလေးအနက် ပြောလိုက်သည် - “မင်း အခုချက်ချင်း လက်ထပ်သင့်တယ်။ လက်ထပ်ဖို့ အဆင်မပြေသေးရင်တောင် အရင်ဆုံး အတူတူ နေလိုက်ပေါ့၊ ဘာပဲဖြစ်ဖြစ် သူမရဲ့ စိတ်ကို အေးချမ်းအောင် အရင်ဆုံး လုပ်ပေးရမယ်။ ရှေးလူကြီးတွေ ပြောသလိုပေါ့ ‘အိမ်ထောင်မှု အရင်ပြုပြီးမှ လုပ်ငန်းကို ထူထောင်’ တဲ့။ မင်း နားလည်လား”

ယောင်ယောင် - “...”

“အဲဒီနောက်မှာ သူမအတွက် ထွားထွားကျိုင်းကျိုင်း မြေးလေးတွေ မွေးပေးလိုက်ရင် သူမက ပျော်လွန်းလို့ ပါးစပ်တောင် စိနိုင်မှာ မဟုတ်ဘူး။ သူမရဲ့ ဒေါသတွေအားလုံးလည်း ကြက်ပျောက်ငှက်ပျောက် ပျောက်သွားမှာ သေချာတယ်”

ယောင်ယောင် - “...”

“အချိန်တွေ ဆွဲမနေနဲ့တော့၊ အခုချက်ချင်းပဲ လုပ်ကြရအောင်” လင်းပိုင်ဖန်က လက်နှစ်ဖက်ကို ကျယ်ကျယ်ဖြန့်လိုက်သည်။

“ဘာလုပ်မှာလဲ၊ ရှင့်ကို အသက်ရှူကျပ်အောင် ညှစ်သတ်ပစ်မယ်”

လင်းပိုင်ဖန် - “အား... အား... နာတယ်...”

လင်းပိုင်ဖန်ကို အတန်ကြာ နှိပ်စက်ပြီးနောက် ယောင်ယောင်သည် သူပြောသွားသော စကားများကို အသေအချာ ပြန်စဉ်းစားကြည့်ရာ တော်တော်လေး ယုတ္တိရှိနေသည်ကို တွေ့လိုက်ရသည်။

လက်ထပ်ပြီး အတူတူနေရမည်ဆိုသည့် စကားက ယုတ္တိရှိနေခြင်းမဟုတ်ဘဲ နှစ်သစ်ကူးမှာ ဆရာ့ဆီ ပြန်သွားတွေ့သင့်သည်ဆိုသည့် စကားက ယုတ္တိရှိနေခြင်း ဖြစ်သည်။ သူမ၏ဆရာက မည်မျှပင် နားပူနားဆာ လုပ်နေပါစေ၊ သူမသည် သူမ၏ဆရာပင် ဖြစ်သည်။ ဤကဲ့သို့သော ပြန်လည်ဆုံစည်းရမည့်နေ့တွင် ကျေးဇူးမကန်းစေရန်အတွက် ဆရာ့ဘေးမှာ အတူရှိနေပေးခြင်းကသာ အမှန်ကန်ဆုံးပင် ဖြစ်သည်။

ထို့ကြောင့် ယောင်ယောင်သည် တိတ်တဆိတ် ထွက်ခွာသွားခဲ့တော့သည်။

……

အင်ပါယာမြေပုံမှတစ်ဆင့် လင်းပိုင်ဖန်သည် ကျားဖြူတောင်တန်းရှိ မိုယုယန်ထံသို့ အာရုံရောက်ရှိသွားခဲ့သည်။

ဤအချိန်သည် နှစ်သစ်ကူး ကာလဖြစ်သော်လည်း မိုယုယန်သည် သူမ၏ ပြင်းထန်သော လေ့ကျင့်မှုများထဲတွင် နစ်မွန်းနေဆဲ ဖြစ်သည်။ ယခင်ကနှင့် နှိုင်းယှဉ်လျှင် သူမ၏ ခွန်အားမှာ အနည်းငယ် ပိုမို တိုးတက်လာခဲ့သည်။

“လေ့ကျင့်တာ ရပ်လိုက်ပါဦး။ နှစ်သစ်ကူးဆိုတော့ ရက်အနည်းငယ်လောက် ကောင်းကောင်း အနားယူလိုက်ဦး” လင်းပိုင်ဖန်၏ အသံသည် လေထဲမှတစ်ဆင့် တိုးတိုးလေး ထွက်ပေါ်လာခဲ့သည်။

မိုယုယန်က လေ့ကျင့်နေသည်ကို ရပ်ကာ ဓားကို ဓားအိမ်ထဲ ထည့်လိုက်ပြီးနောက် ခါးသီးသော အပြုံးဖြင့် ဂါရဝပြုလျက် - “သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် စီနီယာ။ ဒါပေမဲ့ ကျွန်မမှာ အိမ်ဆိုတာလည်း မရှိတော့ဘူး၊ ဆွေမျိုးတွေလည်း မရှိတော့ပါဘူး။ ဒီလို နှစ်သစ်ကူးမှာ တခြားသူတွေ မိသားစုနဲ့ ဆုံစည်းနေတာကို မြင်ရတဲ့အခါ ကျွန်မရဲ့ သေဆုံးသွားတဲ့ မောင်ကိုပဲ သတိရမိစေပါတယ်။ အဲဒီတော့ ကျွန်မရဲ့ နာကျင်မှုတွေကို မေ့ပျောက်အောင် ဓားပညာကိုပဲ စိတ်နှစ်ပြီး လေ့ကျင့်နေရတာပါ”

“အော်... အဲဒီလိုလား။ ငါ သတိမမူမိခဲ့တာကို တောင်းပန်ပါတယ်” လင်းပိုင်ဖန်က သက်ပြင်းချလိုက်သည်။

မိုယုယန်က ခေါင်းခါလျက် - “စီနီယာ အဲဒီလို မပြောပါနဲ့။ စီနီယာ ကျွန်မအပေါ် ထားခဲ့တဲ့ ကျေးဇူးတွေကို ကျွန်မ ဘယ်တော့မှ မမေ့ပါဘူး၊ ဒီကမ္ဘာပေါ်မှာ ကျွန်မအတွက် အမျိုးဆိုလို့ ကျန်သေးတယ်ဆိုရင် အဲဒါ စီနီယာ တစ်ယောက်ပဲ ရှိတော့တာပါ”

“ဒါဆိုရင်တော့ ငါ မင်းကို အဖော်ပြုပေးပြီး မင်းအတွက် သင့်တော်တဲ့ နှစ်သစ်ကူးပွဲလေး ဖြစ်အောင် ဖန်တီးပေးပါ့မယ်”

မိုယုယန်၏ မျက်လုံးများ ဝင်းလက်သွားပြီး - “စီနီယာ... စီနီယာ လာမှာလား”

“ငါ လာလို့တော့ မရဘူး၊ ဒါပေမဲ့ နှစ်သစ်ကူး လက်ဆောင်ပစ္စည်းတွေတော့ ပို့ပေးလို့ ရပါတယ်”

သူပြောပြီးသည်နှင့် တစ်ပြိုင်နက်... နှစ်သစ်ကူး လက်ရေးစာချပ်များ၊ အနီရောင် စောင်ကြီးတစ်ထည်၊ အနီရောင် အဝတ်အစားများ၊ ဗျောက်အိုးများ၊ အကောင်းစား အရက်နှင့် ခွက်များ၊ ပြီးတော့ အငွေ့ထနေသည့် စားစရာများ အပြည့်ပါသော စားပွဲတစ်လုံးသည် မိုယုယန်၏ ရှေ့မှောက်သို့ ရောက်ရှိလာခဲ့သည်။

အရာအားလုံးမှာ လေထဲမှ ရုတ်တရက် ပေါ်ထွက်လာခြင်းပင် ဖြစ်သည်။

မိုယုယန်မှာ စိတ်ထဲတွင် အလွန်ပင် အံ့အားသင့်သွားခဲ့ရသည်။ ဤကဲ့သို့သော အစွမ်းမျိုးကို ပထမဆုံးအကြိမ် တွေ့ဖူးခြင်း မဟုတ်သော်လည်း မြင်ရတိုင်း အံ့ဩမဆုံး ဖြစ်ခဲ့ရသည်။ ဤအရာသည် သိုင်းပညာ မဟုတ်တော့ဘဲ နတ်ဘုရားများ၏ ဖန်တီးမှုသာ ဖြစ်ပေသည်။

စီနီယာက တကယ်ကို အံ့ဩဖို့ ကောင်းတာပဲ။ ငါကရော ဘယ်တော့မှ စီနီယာလို လုပ်နိုင်မှာလဲ။

“ပျော်ပျော်ပါးပါး စားသုံးလိုက်ပါ။ နှစ်သစ်ကူးဆိုတာ နှစ်သစ်ကူးနဲ့ တူရမှာပေါ့” လင်းပိုင်ဖန်၏ ရွှင်ပျသော အသံ ထွက်ပေါ်လာသည်။

“ကျေးဇူးတင်ပါတယ် စီနီယာ၊ ဒါဆိုရင်တော့ ကျွန်မ အားမနာတော့ဘူး” မိုယုယန်က ဂါရဝပြုလိုက်ပြီးနောက် ထမင်းဝိုင်းတွင် ထိုင်ကာ မြိန်ရေယှက်ရေ စားသောက်တော့သည်။ ဤစားစရာများမှာ သူမအတွက်တော့ ထူးကဲစွာ အရသာရှိပြီး မွှေးပျံ့နေတော့သည်။

အပိုင်း (၄၄၄)

တစ်ဖက်တွင်လည်း ဝေးကွာလှသော မဟာဟုန်နိုင်ငံအတွင်း၌ လူအိုကြီးကျောက်သည်လည်း နှစ်သစ်ကူးရန်အတွက် အိမ်သို့ ပြန်ရောက်နေပြီဖြစ်သည်။

လွန်ခဲ့သော နှစ်လကျော်က နှင်းများထူထပ်စွာကျဆင်းပြီး ရေခဲရိုက်နေသဖြင့် တောင်ပေါ်တက်ကာ ထင်းခုတ်ရန်နှင့် အမဲလိုက်ရန် မဖြစ်နိုင်တော့ပေ။ ထို့ပြင် ကြွက်ဘေးအန္တရာယ်ကြောင့် ရိက္ခာများလည်း ပြတ်လပ်လုနီးပါး ဖြစ်နေသဖြင့် သူသည် တကိုယ်တည်း ဝမ်းစာရှာရန် မဟာရှနိုင်ငံသို့ မဖြစ်မနေ သွားခဲ့ရခြင်းဖြစ်သည်။

သူ့ဇနီးသည်မှာ ပြန်ရောက်လာသော သူ့ကိုမြင်လျှင် အလွန်ဝမ်းသာသွားပြီး - “ဒီနှစ်တော့ ရှင် ပြန်မလာတော့ဘူးလို့ ထင်နေတာ”

“ဒီလောက် အရေးကြီးတဲ့ ပွဲတော်ရက်ကြီးမှာ ငါက ဘယ်လိုလုပ် မပြန်လာဘဲ နေပါ့မလဲ”

လူအိုကြီးကျောက်သည် လေးလံသော အထုပ်အပိုးများကို ချလိုက်ကာ ဦးထုပ်ကို ချွတ်လိုက်သည်။ ထို့နောက် အအေးဒဏ်ကြောင့် တုန်တုန်ယင်ယင်ဖြစ်နေသော လက်နှစ်ဖက်ကို ပွတ်သပ်ရင်း လေပူများကို မှုတ်ထုတ်လိုက်ကာ - “ဒီမှာကတော့ အရင်အတိုင်း အေးမြဲအေးဆဲပဲဟေ့”

“မဟာရှမှာကော မအေးဘူးလား” ဟု ဇနီးဖြစ်သူက မေးလိုက်သည်။

လူအိုကြီးကျောက်က ခေါင်းခါလိုက်ပြီး - “အမှန်အတိုင်း ပြောရရင် အဲဒီမှာ လုံးဝမအေးဘူး။ နှင်းလည်းမကျဘူး၊ လေလည်းမတိုက်ဘူး။ အဲဒီမှာတုန်းက ချည်အင်္ကျီ တစ်ထည်တည်းနဲ့တောင် ပူနေသေးတာ။ ဒီမှာကျတော့ သုံးထပ် ဝတ်ထားတာတောင် အသေအေးနေတုန်းပဲ”

“ရှင် ဒီလောက်အမြန်ကြီး ပြန်လာတာဆိုတော့ အလုပ်မရခဲ့လို့ ပိုက်ဆံမရလာဘူးလား” ဇနီးဖြစ်သူက စိုးရိမ်တကြီး မေးလိုက်သည်။ အကြောင်းအမျိုးမျိုးကြောင့် သူတို့မိသားစုတွင် ငွေရော ရိက္ခာပါ မရှိတော့ချေ။ အကယ်၍ လူအိုကြီးကျောက်သာ ပိုက်ဆံရမလာပါက သူတို့မိသားစုအတွက် ဒီနှစ်သစ်ကူးသည် အလွန်ခက်ခဲပေလိမ့်မည်။

လူအိုကြီးကျောက်က အားရပါးရ ရယ်မောလိုက်ပြီး - “ဒီတစ်ခါတော့ မင်းခန့်မှန်းတာ မှားသွားပြီ၊ ငါ ပိုက်ဆံတွေ အများကြီး သယ်လာတယ်ဟေ့”

ဇနီးဖြစ်သူ၏ မျက်လုံးများ ဝင်းလက်သွားကာ - “ဘယ်လောက်လဲ၊ မြန်မြန်ပြပါဦး”

“ကြည့်လိုက်စမ်း” လူအိုကြီးကျောက်က အထုပ်ကို ဖွင့်လိုက်ပြီး ကြေးပြားပိုက်ဆံအပြည့်ပါသော အိတ်တစ်အိတ်ကို ထုတ်ပြလိုက်သည်။

ဇနီးဖြစ်သူက ချက်ချင်းပင် ဆွဲယူကာ ရေတွက်ကြည့်လိုက်ပြီးနောက် အံ့ဩတကြီး ရေရွတ်လိုက်သည် - “ဝမ် ၅၀၀ တောင်ပါလား။ ရှင် သွားတာ နှစ်လပဲ ရှိသေးတာကို ဒီလောက်တောင် အများကြီး ရလာတာလား”

“ဒါတင် မကသေးဘူး၊ ဒီမှာ ဘာရှိသေးလဲ ကြည့်ဦး...”

လူအိုကြီးကျောက်သည် အိတ်ထဲမှ ၂၀ဂျင် ခန့်ရှိသော ဆန်အိတ်အသေးတစ်အိတ်၊ ခေါက်ဆွဲခြောက် ၄ ဂျင်ခန့်နှင့် အခြောက်အခြမ်း ၂ ဂျင်ခန့်ကို ထုတ်ပြလိုက်သည်။ ထို့ပြင် မွှေးပျံ့သော သကြားလုံးအချို့လည်း ပါသေးသည်။

“ဒါတွေက မင်းတို့အတွက်၊ စားကြလေ”

“ကျေးဇူးတင်ပါတယ် ဖေဖေ၊ ဖေဖေက အကောင်းဆုံးပဲ” အိမ်ရှိ ကလေးနှစ်ယောက်မှာ ပျော်ရွှင်သွားကြသည်။

ဇနီးဖြစ်သူမှာ မှင်သက်သွားပြီး - “ဒါတွေအားလုံးက ရှင့်ဘာသာ ရှာလာတာလား”

“ဒါပေါ့”

လူအိုကြီးကျောက်က ဂုဏ်ယူဝင့်ကြွားစွာဖြင့် - “ငါက အဲဒီမှာ အပင်ပန်းဆုံး အလုပ်ကို လုပ်ခဲ့တာ၊ တစ်လကို ဝမ် ၃၀၀ ရတယ်။ ဒီနှစ်လအတွင်းမှာ စုစုပေါင်း ၆၀၀ ရတာပေါ့။ ၁၀၀ ကိုတော့ အိမ်အတွက် စားစရာတွေ ဝယ်လာခဲ့ပြီး ကျန်တဲ့ ၅၀၀ ကိုတော့ သယ်လာခဲ့တာ။ အမှန်အတိုင်း ပြောရရင် ဒီအလုပ်က ထင်းခုတ်တာ၊ အမဲလိုက်တာထက် အများကြီး ပိုရတယ်”

လူအိုကြီးကျောက်သည် မိသားစုကို ကောင်းကောင်း ထောက်ပံ့နိုင်ပြီဖြစ်၍ ရင်ကော့ကာ ဂုဏ်ယူနေမိသည်။

သို့သော် ဇနီးဖြစ်သူမှာ ပူပန်သွားပြီး - “ရှင် စိတ်ရော နှံ့ရဲ့လား။ အဲဒီမှာ ဒီလောက် ပိုက်ဆံရနေတာကို ဘာလို့ ပြန်လာတာလဲ။ နှစ်သစ်ကူးကတော့ နှစ်တိုင်း ရှိနေမှာပဲ၊ ဒါပေမဲ့ ပိုက်ဆံဆိုတာက နှစ်တိုင်း ဒီလိုရှာလို့ရတာ မဟုတ်ဘူးလေ”

“ငါလည်း သိပါတယ်၊ ဒါပေမဲ့ သူတို့က အားလပ်ရက် ပေးလိုက်တာလေ၊ အဲဒါက လဝက်လောက်တောင် ကြာတယ်။ ငါ ပိုက်ဆံရှာချင်ရင်တောင် လုပ်လို့မရဘူး” ဟု လူအိုကြီးကျောက်က မတတ်သာသည့်လေသံဖြင့် ပြောလိုက်သည်။

“အားလပ်ရက်..၊ လဝက်တောင် ကြာတယ်ဟုတ်လား” ဇနီးဖြစ်သူမှာ ကြောင်အသွားသည်။ သူမ တစ်သက်နှင့်တစ်ကိုယ် ဤကဲ့သို့သော အကြောင်းမျိုး တစ်ခါမှ မကြားဖူးပေ။ သူမအတွက်တော့ ဒဏ္ဍာရီပုံပြင်တစ်ခုလိုပင်။

“ကဲ... ငါ တစ်နေ့လုံး လမ်းလျှောက်လာရတာ ဗိုက်ဆာနေပြီ။ စားရင်းသောက်ရင်း စကားပြောရအောင်။ ငါ ပြောပြမယ်၊ ဒီတစ်ခေါက် ခရီးက ငါ့ရဲ့ အမြင်တွေကို တကယ်ပဲ ပွင့်လင်းသွားစေခဲ့တယ်”

ထို့နောက် ဇနီးဖြစ်သူက ထမင်းပြင်ပေးလိုက်ပြီး လူအိုကြီးကျောက်က စားသောက်ရင်း စိတ်လှုပ်ရှားစွာ ပြောပြတော့သည်။

မဟာရှနိုင်ငံတွင် လူတစ်ယောက်ကသာ ဝီရိယရှိပြီး ကြိုးစားမည်ဆိုလျှင် အလုပ်အကိုင်၊ အစားအစာနှင့် ငွေကြေးများ အလုံအလောက် ရနိုင်သည်။ လူတိုင်းသည် ခိုင်ခံ့ပြီး ဈေးနှုန်းချိုသာသော ဘိလပ်မြေအိမ်ကြီးများတွင် နေထိုင်ခွင့် ရကြသည်။

အမျိုးသားများသာမက အမျိုးသမီးများပါ အလုပ်လုပ်ပြီး ငွေရှာနိုင်သည်။ ကလေးများမှာလည်း ကျောင်းတက်ခွင့်ရပြီး အနာဂတ်အတွက် ပညာသင်ကြားနိုင်သည်။ ထို့ပြင် အရသာရှိသော အစားအစာများနှင့် ပျော်စရာများစွာ ရှိနေသဖြင့် ဇနီးဖြစ်သူနှင့် ကလေးများမှာ ထိုဘဝမျိုးကို အလွန်ပင် တောင့်တသွားကြတော့သည်။

‘ဒီလောက်တောင် ကောင်းတာလား... ဒါက ဒဏ္ဍာရီထဲက နတ်ဘုံနတ်နန်းများလား’

သူတို့၏ မဟာဟုန်ရှိ ဘဝနှင့် နှိုင်းယှဉ်လျှင်တော့ ကောင်းကင်နှင့် မြေကြီးလို ကွာခြားလွန်းလှသည်။

“ငါ ခုတော့ ဆုံးဖြတ်ချက် ချလိုက်ပြီ”

လူအိုကြီးကျောက်က စိတ်လှုပ်ရှားစွာဖြင့် - “ဒီနှစ်သစ်ကူးပြီးတာနဲ့ ငါ အဲဒီကို ပြန်သွားပြီး အလုပ်ဆက်လုပ်မယ်၊ ပိုက်ဆံတွေ အများကြီးရှာပြီး မင်းတို့ သားအမိ သုံးယောက်ကို ပိုကောင်းတဲ့ ဘဝတစ်ခု ပေးမယ်”

“ရှင် တတ်နိုင်သလောက်ပဲ ကြိုးစားပါ၊ ကိုယ့်ကိုယ်ကိုယ်တော့ သိပ်ပြီး အပင်ပန်းမခံပါနဲ့။ ကျွန်မတို့ သုံးယောက်လုံးက ရှင့်ကိုပဲ မှီခိုနေရတာလေ”

ဇနီးဖြစ်သူက အင်္ကျီချုပ်ရင်း သက်ပြင်းချလိုက်သည် - “ကျွန်မတို့သာ မဟာရှရဲ့ ပြည်သူတွေ ဖြစ်ခဲ့ရင် ဘယ်လောက်ကောင်းမလဲ။ ဒါဆိုရင် ရှင်လည်း အဝေးကြီး သွားစရာမလိုတော့ဘူး၊ ကျွန်မလည်း ငွေရှာနိုင်သလို ကလေးတွေလည်း ကျောင်းတက်ရမှာ...”

“အေးပါ... ငါတို့သာ မဟာရှနိုင်ငံသားတွေ ဖြစ်ခဲ့ရင်ပေါ့” လူအိုကြီးကျောက်က စားသောက်ရင်း တိုးတိုးလေး ရေရွတ်လိုက်သည်။

မဟာရှကို ရောက်ဖူးသူများသာလျှင် ထိုနိုင်ငံသည် မည်မျှ ကောင်းမွန်ကြောင်းနှင့် ပြည်သူများ မည်မျှ ပျော်ရွှင်ရကြောင်းကို သိကြသည်။ အလုပ်လုပ်ချင်စိတ်သာရှိလျှင် မိမိအလိုရှိသော ဘဝကို ရနိုင်သည်။ ဤနေရာမှာလို တစ်သက်လုံး မျှော်လင့်ချက်မဲ့နေစရာ မလိုပေ။

………

ဤအချိန်တွင် နေရပ်ကို စွန့်ခွာသွားကြသော မဟာဟုန်သား အများအပြား အိမ်ပြန်ရောက်လာကြသည်။ သူတို့သည် ငွေနှင့် ရိက္ခာများသာမက မဟာရှ၏ အခြေအနေများကိုပါ သယ်ဆောင်လာခဲ့ကြပြီး သူငယ်ချင်းများနှင့် ဆွေမျိုးများကို ပြန်လည် မျှဝေကြသည်။

လူတိုင်း၏ နှလုံးသားထဲတွင် အိမ်မက်တစ်ခု စတင် အမြစ်တွယ်လာခဲ့သည်။

‘မဟာရှရဲ့ ပြည်သူတွေသာ ဖြစ်ခွင့်ရမယ်ဆိုရင် ဘယ်လောက်တောင် ကောင်းလိုက်မလဲ’

နေရပ်ကို ပြန်လာသူ အရေအတွက်မှာ တစ်သန်းအထိ ရှိနေသည်။ ထိုသူတို့တွင်လည်း ဆွေမျိုး၊ အိမ်နီးချင်းနှင့် သူငယ်ချင်းများ ရှိကြရာ သူတို့၏ ပြောစကားများမှာ လူသန်းပေါင်းများစွာကို တိုက်ရိုက် သက်ရောက်စေခဲ့ပြီး မဟာရှ၏ ဘဝကို တောင့်တလာစေတော့သည်။

အေးစက်ပြီး ကြွက်ဘေးအန္တရာယ်များကာ ပရမ်းပတာ ဖြစ်နေသော မဟာဟုန်နှင့် နှိုင်းယှဉ်လိုက်သောအခါ...

လူတို့၏ သဘာဝအရ ကောင်းမွန်ရာ နေရာကို ရှာဖွေတတ်ကြသဖြင့် လူအများအပြားသည် သူတို့၏ဘဝကို ပြောင်းလဲရန်အတွက် မဟာရှသို့ ပြောင်းရွှေ့နေထိုင်ချင်စိတ်များ တဖွားဖွား ပေါ်ပေါက်လာခဲ့သည်။

……..

အချိန်များ ကုန်ဆုံးသွားခဲ့သည်။

နှစ်သစ်ကူး ၁၂ ရက်မြောက်နေ့သို့ ရောက်သောအခါ ပွဲတော်များ မပြီးဆုံးသေးသော်လည်း လူအိုကြီးကျောက်၏ ဇနီးသည်မှာ သူ့ကို မဟာရှသို့သွားကာ ငွေရှာရန် အထုပ်အပိုးများ ပြင်ဆင်ပေးပြီး တိုက်တွန်းနေပြီဖြစ်သည်။

ပြင်ဆင်ထားသော အထုပ်အပိုးများကို ကြည့်ရင်း လူအိုကြီးကျောက်က တွန့်ဆုတ်စွာဖြင့် - “ငါ... မသွားဘဲ နေရင် ကောင်းမလား။ မဟာဟုန်က ပိုပြီးတော့ ပရမ်းပတာ ဖြစ်လာနေပြီ။ ငါက အဝေးကြီးမှာဆိုရင် မင်းနဲ့ ကလေးတွေကို ဂရုမစိုက်နိုင်မှာ စိုးတယ်”

“ရှင် ဘာတွေ လျှောက်ပြောနေတာလဲ”

ဇနီးဖြစ်သူက သူ့ကို စိုက်ကြည့်လိုက်ကာ - “ဒီမှာ ပရမ်းပတာ ဖြစ်နေလို့ပဲ ရှင် သွားရမှာပေါ့။ အဲဒီကိုသွား၊ ပိုက်ဆံရှာ၊ အိမ်ဝယ်ပြီးမှ ကျွန်မတို့ကို လာခေါ်လေ။ မဟုတ်ရင် ဒီမှာနေလည်း ရှင်က ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး၊ ကျွန်မတို့လည်း ရှင့်နဲ့အတူ ငတ်ရုံပဲ ရှိမှာပေါ့”

လူအိုကြီးကျောက်မှာ သက်ပြင်းချလိုက်သည်။ သူ အားမလိုအားမရ ဖြစ်မိသော်လည်း သူမပြောသည်က ယုတ္တိရှိနေသည်။

မိမိ၏ ဇာတိမြေက ဝမ်းစာ မကျွေးနိုင်သလို၊ သူစိမ်းမြေကလည်း နွေးထွေးမှု မပေးနိုင်ပေ။ သို့သော် မိသားစု လေးယောက်ထဲတွင် သူတစ်ဦးတည်းသာ ကံကြမ္မာကို ပြောင်းလဲနိုင်စွမ်း ရှိနေသည်။ အကယ်၍ သူသာ မကြိုးစားပါက သူ့မိသားစုတစ်ခုလုံး ဒုက္ခတွင်းထဲ ကျဆင်းသွားပေလိမ့်မည်။

လူအိုကြီးကျောက်က လေးလံသော အထုပ်ကို ပခုံးပေါ်တင်လိုက်ကာ နှုတ်ဆက်လိုက်သည် - “ဒါဆို ငါ သွားပြီ။ အဲဒီရောက်ရင် အမြန်ဆုံး အိမ်ဝယ်ပြီး မင်းတို့ကို လာခေါ်မယ်၊ ငါတို့ အားလုံး ကောင်းကောင်းမွန်မွန် နေကြရအောင်”

“သွားပါတော့” ဇနီးဖြစ်သူက ဝမ်းနည်းစွာဖြင့် ပြောလိုက်ပြီး သူမ၏ မျက်ရည်များကို ဖုံးကွယ်ရန် ခေတ္တခဏ ခေါင်းငုံ့ထားလိုက်သည်။

“ ဖေဖေ…အစောကြီး ပြန်လာခဲ့နော်” ကလေးနှစ်ယောက်က လက်ဝှေ့ယမ်း နှုတ်ဆက်ကြသည်။ သူတို့၏ မျက်လုံးများမှာလည်း ငိုထားသဖြင့် နီရဲနေကြသည်။

“စိတ်မပူကြနဲ့။ အဖေ အမြန်ပြန်လာခဲ့မယ်၊ မင်းတို့အတွက် အရသာရှိတာတွေ အများကြီး ယူလာခဲ့မယ်”

လူအိုကြီးကျောက်က ဒူးထောက်လိုက်ကာ သူ့ကလေးများကို တင်းတင်းကြပ်ကြပ် ဖက်ပြီး ပါးကို နမ်းလိုက်သည်။ ထို့နောက် မတ်တပ်ရပ်ကာ ပြတ်သားစွာ ထွက်ခွာသွားတော့သည်။

သူ့ရွာထဲမှ လူအများအပြားသည်လည်း သူတို့၏ ဘဝကို ပြောင်းလဲရန်အတွက် ခရီးစတင်နေကြပြီဖြစ်သည်။

နှစ်ရက်ကြာပြီးနောက် နယ်စပ်သို့ ရောက်သောအခါ မဟာရှ၏ စစ်သားများက တားဆီးလိုက်ကြသည် - “အခုလောလောဆယ် ဖြတ်သန်းခွင့် မပြုဘူး”

လူအိုကြီးကျောက်နှင့် တခြားသူများမှာ ကြောင်အသွားပြီး - “ဘာဖြစ်လို့လဲ”

စစ်သားက တည်ငြိမ်သော မျက်နှာထားဖြင့် - “မဟာရှက မဟာဟုန်ကို တိုက်ခိုက်ဖို့ ပြင်ဆင်နေလို့ပဲ။ ငါတို့က စစ်ရေးသတိ အနေအထားမှာ ရှိနေတာမို့ ဘယ်သူ့ကိုမှ အဝင်မခံဘူး”

“ဘာ... စစ်ဖြစ်တော့မယ် ဟုတ်လား” လူတိုင်း ထိတ်လန့်သွားကြသည်။ သူတို့၏ ပထမဆုံး အတွေးမှာမူ ဤသတင်းသည် သတင်းဆိုးကြီးတစ်ခု မဟုတ်နိုင်ပါစေနှင့်ဟူ၍ ဖြစ်သည်။

လူအိုကြီးကျောက်က စိုးရိမ်တကြီးဖြင့် - “စစ်သည်ခင်ဗျာ... ကျွန်တော်တို့ကို ပေးဖြတ်ပါဗျာ။ ကျွန်တော်က အဲဒီမှာ လုပ်သားအဖြစ် လုပ်ခဲ့တာပါ။ ဒီမှာကြည့်ပါ... ဒါက ကျွန်တော့်ရဲ့ အလုပ်သမားကတ်ပါ၊ ကျွန်တော့်အကြောင်းကို သက်သေပြနိုင်ပါတယ်”

“ဟုတ်ပါတယ် စစ်သည်ကြီး... ကျွန်တော်တို့ကို အမြန်ပေးဖြတ်ပါ”

“ကျွန်တော့် မိသားစုတစ်ခုလုံးက ကျွန်တော့်အပေါ်မှာပဲ မူတည်နေတာပါ”

“အလုပ်မလုပ်ရရင် ကျွန်တော်တို့ ပိုက်ဆံမရနိုင်တော့ဘူးဗျ”

လူတိုင်းက အသနားခံကြတော့သည်။

စစ်သားကမူ အေးစက်စွာဖြင့် - “ဒါက အထက်က အမိန့်ပဲ။ စစ်မိန့်က ပြတ်သားတယ်၊ ဘယ်သူ့ကိုမှ အဝင်မခံနိုင်ဘူး။ အလုပ်သမားကတ် ရှိလည်း မထူးဘူး၊ မင်းတို့က မဟာဟုန်က လွှတ်လိုက်တဲ့ သူလျှိုတွေလား ဘယ်သူသိမှာလဲ”

“ဒါပေမဲ့ ကျွန်တော်တို့က တကယ်ပဲ ရိုးသားတဲ့ ပြည်သူတွေပါဗျာ”

“ရိုးသားတဲ့ပြည်သူဆိုတာ မျက်နှာမှာ ရေးထားတာမှ မဟုတ်တာ။ ဘယ်သူက သိမှာလဲ။ မင်းတို့ အခုချက်ချင်း ထွက်သွားကြတာ ပိုကောင်းမယ်၊ ဒီမှာ လူစုလူဝေး မလုပ်ကြနဲ့။ မဟုတ်ရင်တော့ ငါတို့ ပြင်းပြင်းထန်ထန် အရေးယူရလိမ့်မယ်”

“ဒါဆို... နောက်ဆုံးတစ်ခုလောက် မေးပါရစေဦး၊ ကျွန်တော်တို့ ဘယ်တော့လောက်မှ ဖြတ်လို့ရမလဲ”

စစ်သားက တိုးတိုးလေး ရေရွတ်လိုက်သည် - “စစ်ပွဲပြီးတဲ့အထိ စောင့်လိုက်ဦးတော့”

နောက်ဆုံးတွင် အလုပ်လုပ်ရန် လာကြသူအားလုံး နယ်စပ်မှ ပြန်လှည့်ခဲ့ကြရသည်။

မဟာဟုန်သားများသည် အုပ်စုလိုက် စုဝေးကာ တိုင်ပင်ကြတော့သည်။ လူအိုကြီးကျောက်ကိုလည်း ရွာသား ဒါဇင်ပေါင်းများစွာက ဝိုင်းအုံထားကြသည်။

“လူအိုကြီးကျောက်... ငါတို့ အခု ဘာလုပ်ကြမလဲ”

“အဲဒီကို ဖြတ်လို့မရရင်... ငါတို့ ပိုက်ဆံရှာလို့ ရမှာမဟုတ်တော့ဘူး”

“မင်းမှာ အကြံဉာဏ်ရှိလား”

လူအိုကြီးကျောက်က စိတ်ပျက်လက်ပျက်ဖြင့် - “ငါ ဘာလုပ်နိုင်မှာလဲ။ ငါကလည်း စာတစ်လုံးမှ မတတ်တဲ့ ထင်းခုတ်သမားပဲလေ၊ မင်းတို့ထက် ဘာမှ ပိုမထူးဘူး”

လူတိုင်း စိုးရိမ်ပူပန်ပြီး စိတ်ဓာတ်ကျလာကြသည်။ လူအိုကြီးကျောက်က ဝေးကွာလှသော စစ်သားများကို ကြည့်ကာ သက်ပြင်းချလိုက်သည် - “စစ်ပွဲက တကယ်ပဲ လာတော့မယ့်ပုံပဲ။ အခုတော့ အိမ်ပြန်ကြရအောင်၊ အိမ်ကလူတွေ ဘေးကင်းဖို့ပဲ အရင်လုပ်ကြရအောင်”

နှစ်ရက်ကြာပြီးနောက် လူအိုကြီးကျောက် တောင်ခြေက သူ့အိမ်ဟောင်းလေးကို ပြန်ရောက်လာသည်။

သူ့ဇနီးသည်မှာ သူ့ကိုမြင်လျှင် အံ့ဩသွားပြီး - “ရှင် ဘာလို့ ပြန်လာတာလဲ”

“ဟူး.. မပြောပါနဲ့တော့... ရှည်လျားတဲ့ ဇာတ်လမ်းကြီးပါပဲ” လူအိုကြီးကျောက်က အထုပ်အပိုးများကို ချလိုက်ကာ အခြေအနေကို အကျဉ်းချုပ် ရှင်းပြလိုက်သည်။

နားထောင်ပြီးနောက် ဇနီးဖြစ်သူက မျှော်လင့်ချက်မဲ့စွာ ငိုကြွေးတော့သည် - “ယောကျာ်းရယ်... ငါတို့ဘဝတွေ ကောင်းခါနီးမှ ဘာလို့ မျက်စိတစ်မှိတ်အတွင်းမှာ အားလုံး ပျောက်ကွယ်သွားရတာလဲ။ အခုတော့ ဘာဆက်လုပ်ကြမလဲ”

လူအိုကြီးကျောက်က ငိုသံကြောင့် စိတ်ညစ်သွားပြီး - “ငို... ငို... မင်း သိတာဆိုလို့ ငိုဖို့ပဲ ရှိတယ်။ ဒါတွေက အထက်ကလူတွေရဲ့ ကိစ္စတွေပဲ။ ငါတို့က သာမန်ပြည်သူတွေပဲလေ၊ ဘာတတ်နိုင်မှာလဲ”

ထိုနောက်တွင် လူအိုကြီးကျောက်သည် အိမ်မှာပဲ နေရင်း ပြင်ပလောက၏ သတင်းများကို မကြာခဏ စုံစမ်းနေခဲ့သည်။

နောက်ဆုံးတွင် မဟာဟုန်သည်လည်း စစ်ပွဲအတွက် ပြင်ဆင်နေပြီး နယ်စပ်ဒေသများတွင် အခြေအနေ တင်းမာနေကာ နှစ်ဖက်စလုံး လူအဝင်အထွက် ပိတ်ထားကြောင်း သူ သိလိုက်ရသည်။ အလုပ်သမား အများအပြား ပြန်ပို့ခံခဲ့ရပြီး အခြေအနေမှာ ရှုပ်ထွေးကာ ခန့်မှန်းရ ခက်ခဲနေတော့သည်။

လူအိုကြီးကျောက်သည် စားစရာနှင့် ပိုက်ဆံများ တဖြည်းဖြည်း နည်းပါးလာသည်ကို ကြည့်ရင်း နေ့တိုင်း စိုးရိမ်စိတ်ဖြင့် အိပ်မပျော်နိုင် ဖြစ်နေရသည်။

‘ဒီလိုနေ့ရက်တွေ ဘယ်တော့မှ ပြီးဆုံးမှာလဲကွာ...’

ဤကာလအတွင်း လူအိုကြီးကျောက်သည် လူစုလူဝေးပွဲများကို တက်ရောက်ရသည်ကို နှစ်သက်လာသည်။ ထိုပွဲကို ပြင်ပလူတစ်ယောက်က ဦးဆောင်ကျင်းပခြင်းဖြစ်ပြီး မဟာရှသို့ သွားရောက်လုပ်ကိုင်ခဲ့ဖူးသော ရွာသားများကို စုစည်းကာ အဖြေရှာရန်နှင့် နှစ်သိမ့်မှုပေးရန် ဆွေးနွေးလေ့ရှိသည်။

တစ်နေ့တွင် ထိုလူက မေးခွန်းတစ်ခု မေးလိုက်သည် - “နိုင်ငံနှစ်ခုကြားက စစ်ပွဲကြီးကတော့ မလွဲမသွေ ဖြစ်လာတော့မယ်။ မင်းတို့ ထင်တာကတော့ ဘယ်သူနိုင်ပြီး ဘယ်သူရှုံးမလဲ”

“မဟာရှပဲ ဖြစ်မှာပေါ့။ သူက အင်ပါယာကြီးလေ။ အင်ပါယာတစ်ခုက နိုင်ငံငယ်လေးတစ်ခုကို ကိုင်တွယ်တာ မလွယ်ဘူးလား။ ကြားဖူးတာတော့ မဟာရှစစ်တပ်တွေက တောင်ဘက်ကို ချီတက်ပြီး တစ်လကျော်အတွင်းမှာတင် နိုင်ငံကြီး ခုနစ်ခုကို သိမ်းပိုက်နိုင်ခဲ့လို့ တစ်ကမ္ဘာလုံး တုန်လှုပ်သွားရတယ်ဆိုပဲ”

“ဒါတော့ မသေချာဘူးနော်။ အဲဒီ ခုနစ်နိုင်ငံက ဘယ်လောက်ပဲ သန်မာပါစေ၊ ငါတို့ မဟာဟုန်ကိုတော့ မယှဉ်နိုင်ဘူး။ ဘာလို့လဲဆိုတော့ ငါတို့မှာ ကောင်းကင်အဆင့် ရှိတယ်လေ၊ ကောင်းကင်အဆင့် တစ်ယောက်တည်းနဲ့တင် နိုင်ငံတစ်ခုကို တိုက်နိုင်တယ်။ ပြီးတော့ ငါတို့မှာ နယ်မြေအားသာချက်လည်း ရှိသေးတယ်၊ ဒါကြောင့် ဘယ်သူနိုင်မလဲဆိုတာ မသေချာသေးဘူး”

အမျိုးသားများသည် သဘာဝအရ ဤအကြောင်းအရာကို စိတ်ဝင်စားကြသဖြင့် အားတက်သရော ဆွေးနွေးကြသည်။ လူအိုကြီးကျောက်လည်း သူ့အမြင်ကို ပြောပြခဲ့သည်။

သူကတော့ မဟာရှနိုင်မည်ဟု ယုံကြည်သည်။ မဟာရှ၏ ကြီးကျယ်ခမ်းနားသော ခေတ်ကြီးကို မြင်ဖူးသူ၊ လူသန်းပေါင်းများစွာ အတူတူ အလုပ်လုပ်နေကြသည့် စည်ကားသော မြင်ကွင်းများကို မြင်ဖူးသူတိုင်းသာလျှင် ထိုနိုင်ငံအတွက် ဂုဏ်ယူဝင့်ကြွားမှုနှင့် ကြည်နူးမှုများကို ခံစားရမည်ဖြစ်သည်။

ထို့နောက် ထိုပြင်ပလူက နောက်ထပ်မေးခွန်းတစ်ခု ထပ်မေးပြန်သည် - “ဒါဆိုရင်... ဘယ်သူနိုင်ရင် ငါတို့အတွက် ပိုကောင်းမလဲ”

ဆွေးနွေးမှုများ ဆက်လက်ဖြစ်ပေါ်နေပြီး လူတိုင်းက ဝေဖန်ပြောဆိုနေကြသည်။ ထိုစဉ် ထိုလူက အံ့ဩစရာ စကားတစ်ခွန်းကို ပြောလိုက်သည် - “အကယ်၍ မဟာဟုန်သာ နိုင်ခဲ့မယ်ဆိုရင် ငါတို့အားလုံး ဘဝပျက်ပြီသာ မှတ်လိုက်တော့”

လူတိုင်း ထိတ်လန့်သွားကြသည် - “ဘာဖြစ်လို့လဲ”

“ငါ ရှင်းပြမယ်”

ထိုလူက ပြုံးလျက် - “အကယ်၍ မဟာဟုန်နိုင်ခဲ့မယ်ဆိုရင် ဒါဟာ အထိအခိုက် အကျအဆုံးများစွာနဲ့ ရတဲ့ အနိုင်ဖြစ်ပြီး နိုင်ငံရဲ့ အင်အားလည်း အကြီးအကျယ် ပျက်စီးသွားမှာပဲ။ နိုင်ငံအင်အား အားနည်းသွားတာနဲ့ ငါတို့လို သာမန်ပြည်သူတွေပဲ ခံရမှာ။ ရိက္ခာတွေ၊ ပိုက်ဆံတွေ သိမ်းဆည်းခံရမယ်၊ လူတွေကိုလည်း စစ်ထဲဝင်ဖို့ အဓမ္မ စုဆောင်းခံရလိမ့်မယ်”

“မင်းတို့ မဟာရှကို သွားပြီး ပိုက်ဆံရှာချင်ရင်တောင် မဖြစ်နိုင်တော့ဘူး။ ဘာလို့လဲဆိုတော့ မဟာရှနဲ့ မဟာဟုန်က ရန်သူကြီးတွေ ဖြစ်သွားပြီလေ။ စစ်ရှုံးပြီး သိက္ခာကျသွားတဲ့ မဟာရှက ငါတို့လို မဟာဟုန်သားတွေကို သူတို့ဆီမှာ ပိုက်ဆံလာရှာဖို့ ဘယ်လိုလုပ် ခွင့်ပြုတော့မှာလဲ”

နားထောင်နေသူ အားလုံး၏ စိတ်နှလုံးများ လေးလံသွားကြတော့သည်။ အဘယ်ကြောင့်ဆိုသော် ထိုသူပြောသည်မှာ အမှန်တရားနှင့် အနီးစပ်ဆုံး ဖြစ်နေသောကြောင့်ပင် ဖြစ်သည်။ အကယ်၍ မဟာဟုန်သာ အနိုင်ရခဲ့လျှင် သူတို့အတွက် ကောင်းသောနေ့ရက်များ ရှိလာတော့မည် မဟုတ်ချေ။

All Chapters