အခန်း (၁၈၇-၁၈၈)
Vol. 17 Ch. 187-188
အပိုင်း (၁၈၇)
ရှေ့ပိုင်းက ဖော်ပြခဲ့သည့်အတိုင်း နုဧကရာဇ်၏ မြေအောက်ဂူဗိမာန်သည် လေခွင်းမြို့ထက်ပင် ပိုမိုကျယ်ဝန်းလှသည်။
လေခွင်းမြို့ မြောက်ဘက်မြို့ရိုးပြင်ပရှိ မြေကွက်လပ်အောက်ခြေသည်လည်း နုဧကရာဇ်၏ မြေအောက် ဂူဗိမာန် နယ်မြေအတွင်း၌ပင် တည်ရှိနေ၏။
ဆိုလိုသည်မှာ မြောက်ဘက်မြို့ရိုးပြင်ပတွင်လည်း မြေပြိုကျမှုများ ဖြစ်ပေါ်စေလျက် ကောင်းကင်နှင့် မြေကြီး တုန်ဟည်းချောက်ချားဖွယ် အခြေအနေမျိုး ဖန်တီးနိုင်သေးသည့် သဘောပင် ဖြစ်သည်။
သို့ရာတွင် တောင်ပိုင်းကျိုးအင်ပါယာ၏ အိမ်ရှေ့စံမင်းသား ကျိုးလီသည် ထိုသို့ ဆောင်ရွက်ခြင်း မပြုခဲ့ပေ။ ဤမျှ ခမ်းနားကြီးကျယ်သော သတ်ကွင်းမျိုးကို အဘယ်ကြောင့် အကောင်အထည် မဖော်ခဲ့သနည်း။
ပထမအချက်မှာ တောင်ပိုင်းကျိုးအင်ပါယာ၌ ယမ်းမှုန့်ဖော်စပ်နည်း မရှိခြင်းကြောင့် ဖြစ်သည်။
ကျင်းကျုံးယွဲ့သည် အလွန်တရာ ထူးဆန်းသော အမျိုးသမီးတစ်ဦး ဖြစ်၏။ သူမသည် ထရိုဂျန် မြင်းသစ်သားရုပ် အကြံစည်နှင့် ပတ်သက်သမျှကို ယန်ဖြန်ရှန်အား အကုန်အစင် ပြောပြခဲ့သော်လည်း ယမ်းမှုန့်ဖော်စပ်နည်းကိုမူ တစ်လုံးတစ်ပါဒမျှပင် ဖွင့်ဟခြင်း မရှိခဲ့ပေ။
အကြောင်းမှာ ထိုယမ်းမှုန့်သည် ယွင်ကျုံးဟဲ့က သူမအား ပေးအပ်ခဲ့သော လမင်းမီး ဟု အမည်ပေးထားသည့် သူမအတွက် တစ်ခုတည်းသော အမှတ်တရ လက်ဆောင်မွန် ဖြစ်နေသောကြောင့် ဖြစ်သည်။
ထို့ကြောင့် သူမသည် ယမ်းမှုန်ဖော်စပ်နည်းကို ပေးရန် အပြင်းအထန် ငြင်းဆန်ခဲ့ပြီး ယန်ဖြန်ရှန်သည်လည်း သူမအား အတင်းအကျပ် မတောင်းဆိုရဲခဲ့ပေ။
ပြင်းထန်စွာ ပေါက်ကွဲစေနိုင်သော လမင်းမီးသာ မရှိပါက မြေအောက်ဂူဗိမာန်၏ ကျောက်တိုင်များကို ချက်ချင်းဖြိုချ၍ မြေပြိုစေရန်မှာ အလွန်ခဲယဉ်းလှသည်။
ဒုတိယအချက်မှာ ယခင်က နုဧကရာဇ်ဂူဗိမာန်အတွင်း ကျူးလွန်ခဲ့သော သတ်ဖြတ်မှုကြီးသည် အလွန်တရာ ကြမ်းကြုတ်ရက်စက်လွန်းခဲ့၏။
ထိုသတ်ဖြတ်မှု ဖြစ်ပွားပြီး ရက်အနည်းငယ်အတွင်း၌ပင် ဂူဗိမာန်တစ်ခုလုံး၌ အလောင်းပုပ်နံ့များ ပြည့်နှက်နေပြီး ရုပ်အလောင်းများမှာလည်း ပုပ်ပွနေပြီ ဖြစ်သည်။
ဤနှစ်ရက်အတွင်း ကာဗွန်မိုနောက်ဆိုဒ် အဆိပ်ငွေ့များ ပြယ်စင်သွားလောက်ပြီ ဖြစ်သော်လည်း မြောက်ဘက်ဂူဗိမာန်အောက်ရှိ ကျောက်တိုင်များကို သွားရောက်ဖြတ်တောက်ရန်မှာမူ အချိန်မီနိုင်တော့မည် မဟုတ်ပေ။
ထို့အပြင် အစောပိုင်းက ပြောခဲ့သည့်အတိုင်း လေခွင်းမြို့ တောင်ဘက်မြေကွက်လပ်သည် အလွန် ကျယ်ဝန်းသောကြောင့် မြေပြိုမှုဖြစ်မည်ဆိုပါက လူတစ်သိန်းခန့်ကို သုတ်သင်နိုင်သော်လည်း မြောက်ဘက် မြို့ရိုးပြင်ပမှာမူ အလွန်ကျဉ်းမြောင်းလှသဖြင့် လူနှစ်သောင်း၊ သုံးသောင်းခန့်သာ သုတ်သင်နိုင်ပေလိမ့်မည်။
သို့ဖြစ်၍ ကျိုးလီသည် ဤခမ်းနားသောအစီအစဉ်ကို ချက်ချင်းစွန့်လွှတ်လိုက်ပြီး မြေပြိုစေခြင်းဖြင့် တာယင်အင်ပါယာတပ်တော်ကို သုတ်သင်ရန် ဆက်လက် မစဉ်းစားတော့ပေ။
……………….
ယွင်ကျုံးဟဲ့သည် မြို့ရိုးထက်တွင် ရပ်တန့်လျက် မြောက်ဘက်ဆီသို့ လှမ်းကြည့်နေ၏။
တောင်ပိုင်းကျိုးအင်ပါယာ၏ တောင်ပိုင်းသိမ်းတပ်တော် ဒုတိယစစ်သေနာပတိ ဟူယန်ကျောက် ဦးဆောင်သော စစ်သည်နှစ်သိန်းသည် တဖြည်းဖြည်း နီးကပ်လာနေသည်။
လေခွင်းမြို့ မြောက်ဘက် မြေမျက်နှာသွင်ပြင်သည် အလွန်ကျဉ်းမြောင်းလှသောကြောင့် စစ်သည်နှစ်သိန်းကို နေရာချရန် မလွယ်ကူပေ။ ထို့ကြောင့် တပ်တော်ကြီးမှာ မိုင်ပေါင်းများစွာ ရှည်လျားလျက်ရှိ၏။
လမ်းတစ်လျှောက်လုံးတွင် ဖုန်းပေါ်အဲ့သည် တာယင်အင်ပါယာ၏ သူလျှိုများကို ဦးဆောင်ကာ တပ်နှစ်ခုကြား၌ အသွားအပြန်ပြုလုပ်လျက် သတင်းများ ပေးပို့နေခဲ့သည်။
ဟူယန်ကျောက် ဦးဆောင်သော စစ်သည်နှစ်သိန်းမှာ တဖြည်းဖြည်း စိတ်လက်ပေါ့ပါးလာသည်ကို မြင်တွေ့နေရ၏။
အကြောင်းမူကား အကွာအဝေး ပိုမိုနီးကပ်လာသည်နှင့်အမျှ လေခွင်းမြို့ရိုးပေါ်တွင် လွှင့်ထူထားသော တာယင်အင်ပါယာ၏ အလံများကို ရှင်းလင်းထင်ရှားစွာ မြင်တွေ့နေရသောကြောင့် ဖြစ်သည်။
ထို့အပြင် စတုတ္ထမင်းသား ယင်ချွဲ့သည်လည်း မြို့ရိုးပေါ်၌ ရပ်နေ၏။ ၎င်း၏အနီးတွင် ရပ်နေသော ချောမောလှပသည့် လူငယ်လေးမှာမူ ပါရမီရှင် ယွင်ကျုံးဟဲ့ပင် ဖြစ်ပေလိမ့်မည်။
ပုံမှန်ဆိုလျှင် မြို့စား ကျင်းကျုံးယွဲ့သည်လည်း ရှိနေသင့်သော်လည်း မည်သည့်အကြောင်းကြောင့် မြို့ရိုးပေါ်၌ မရှိနေရသည်ကိုမူ မသိရှိရပေ။ သို့သော် ဤမြို့စားမလေးသည် အလွန်ထူးဆန်းပြီး ခေါင်းမာသည်ဟု သတင်းကြီးသူဖြစ်ရာ ယခုကဲ့သို့ ရှိမနေခြင်းမှာလည်း သဘာဝကျလှပေသည်။
ဒုတိယစစ်သေနာပတိ ဟူယန်ကျောက်အတွက်မူ ဤခရီးစဉ်မှာ စစ်ကူပေးရန်၊ စစ်လက်နက်ပစ္စည်းများ ပေးပို့ရန်နှင့် ခံစစ်စည်း တည်ဆောက်လျက် အောက်ရှင်း၏ မြောက်ပိုင်းသိမ်းတပ်တော်ကို ရင်ဆိုင်ရန်သာ ဖြစ်၏။
ဤစစ်သည်နှစ်သိန်းသည် မြို့နှင့် တဖြည်းဖြည်းချင်း ပိုမိုနီးကပ်လာပြီ ဖြစ်၏။ မြင်ကွင်းတစ်ခုလုံးတွင် မည်းမှောင်နေသော တပ်တော်ကြီးသည် နေရာအနှံ့ ပြည့်နှက်လျက် ရှိနေတော့သည်။
ယန်ဖြန်ရှန်က တိုးတိုးလေး ရယ်မောကာ ပြောလိုက်၏။ “ယွင်ကျုံးဟဲ့... အခု ခင်ဗျား အရမ်း စိတ်ပူနေမှာပဲ။ ဟူယန်ကျောက်ကို မြန်မြန် ထွက်ပြေးဖို့ အော်ဟစ် သတိပေးချင်နေမှာပဲ။ ဒါပေမဲ့ ခင်ဗျား ဘာအသံမှ ထွက်လို့ မရဘူးလေ။”
ယွင်ကျုံးဟဲ့သည် အသံမထွက်နိုင်ရုံသာမက ခန္ဓာကိုယ်ကိုလည်း တစ်စက်မှ လှုပ်ရှား၍ မရတော့ပေ။
တာယင်အင်ပါယာ၏ စစ်သည်တော်နှစ်သိန်းသည် တဖြည်းဖြည်း နီးကပ်လာကာ ထောင်ချောက်အတွင်းသို့ အလိုအလျောက် တိုးဝင်လာသည်ကို မျက်စိသူငယ်အိမ် အဝိုင်းသားဖြင့် ငေးကြည့်နေရုံမှတစ်ပါး အခြားဘာမှ မတတ်နိုင်ခဲ့ချေ။
ပတ်ဝန်းကျင် တစ်ခွင်လုံးမှာ တိတ်ဆိတ်ငြိမ်သက်နေပြီး စစ်သည်နှစ်သိန်း၏ ခြေသံများမှလွဲ၍ အခြား မည်သည့်အသံမှ မကြားရပေ။
မိုင်အတော်အတန် ကွာဝေးနေသေးသော်လည်း ထိုစစ်သည်နှစ်သိန်းသည် တပ်ဖွဲ့ပုံစံကို စတင်ပြောင်းလဲ နေကြပြီ ဖြစ်သည်။
ထိုပြောင်းလဲမှုမှာ စစ်ပွဲဆင်နွှဲရန် အသင့်ပြင်ဆင်ခြင်း မဟုတ်ဘဲ ပေါ့ပေါ့ပါးပါးဖြင့် မြို့အတွင်းသို့ ဝင်ရောက်ရန် ပြင်ဆင်နေကြခြင်းသာ ဖြစ်၏။
အကြောင်းမှာ စတုတ္ထမင်းသား ယင်ချွဲ့၏ စစ်မိန့်အရ ဤစစ်သည်နှစ်သိန်းသည် လေခွင်းမြို့ကို ကာကွယ်ရန်နှင့် စစ်ကူပေးရန်အတွက် ရောက်ရှိလာခြင်းကြောင့် ဖြစ်သည်။
နာရီဝက်ခန့် ကြာမြင့်ပြီးနောက် တာယင်အင်ပါယာ၏ စစ်သည်တော် နှစ်သိန်းစလုံးသည် လေခွင်းမြို့အောက်သို့ ရောက်ရှိလာကြပြီး မိုင်အတော်များများအထိ နေရာယူထားလိုက်ကြပြီ ဖြစ်၏။
သူတို့သည် အကာအကွယ် တစ်စုံတစ်ရာ ပြင်ဆင်ထားခြင်းမရှိဘဲ အလွန်တရာ စိတ်လက်ပေါ့ပါးစွာဖြင့် မြို့အတွင်းသို့ ဝင်ရောက်ရန်သာ စောင့်ဆိုင်းနေကြတော့သည်။
..................
မြို့ထဲတွင် တောင်ပိုင်းကျိုးအင်ပါယာရဲ့ အိမ်ရှေ့စံမင်းသား ကျိုးလီက မေးလိုက်၏။ “အောက်ရှင်းရဲ့ တပ်တော် ဘယ်ရောက်ပြီလဲ။”
“တွက်ချက်မှု အရဆိုရင် လေခွင်းမြို့နဲ့ မိုင်ရှစ်ဆယ်လောက် အကွာမှာ ရှိနေပါတယ်။”
အရိပ်က ပြန်ဖြေလိုက်သည်။ “ဒါပေမဲ့ သူ ဆက်သွားမယ့် လမ်းကြောင်းက တာယင်အင်ပါယာရဲ့ ဆုတ်ခွာရာ လမ်းကို အတိအကျ ပိတ်ဆို့ထားလိမ့်မယ်။”
ကျိုးလီ ပြုံးလိုက်၏။ ဒေါသလှိုင်းနယ်စား အောက်ရှင်းသည် လူမှုဆက်ဆံရေးနယ်ပယ်တွင် ကျွမ်းကျင်လိမ္မာမှု မရှိဘဲ အလွန်အေးစက်သည့် မာနခဲတစ်ဦးလည်း ဖြစ်သော်လည်း၊ စစ်ပွဲဆင်နွှဲရာတွင်မူ အနှိုင်းမဲ့ပါရမီရှင် တစ်ဦးဖြစ်ရာ စိုးရိမ်ပူပန်ရန် မလိုအပ်ချေ။
ထို့ကြောင့် ကျိုးလီသည် စစ်သေနာပတိ ဖြစ်သော်လည်း အောက်ရှင်းအား အသေးစိတ်ညွှန်ကြားချက် သို့မဟုတ် အတိအကျ အမိန့်ပေးခြင်းမျိုးကို မည်သည့်အခါမှ မပြုလုပ်ခဲ့ပေ။
အကြောင်းမှာ အောက်ရှင်းသည် ထူးချွန်ထက်မြက်လှသော စစ်သူကြီးတစ်ဦးဖြစ်ပြီး စစ်မြေပြင်၏ အခြေအနေ အရပ်ရပ်ကို နားလည်သဘောပေါက်နိုင်စွမ်းမှာ မည်သူနှင့်မှ နှိုင်းယှဉ်၍မရဘဲ အမြဲတမ်း မျှော်လင့်ထားသည်ထက် ပိုမိုကောင်းမွန်သော ရလဒ်များကို ဖော်ဆောင်ပေးနိုင်သူ ဖြစ်သည်။
နောင်တွင် ဟူယန်ကျောက်၏ ဤစစ်သည်တော်နှစ်သိန်းသည် အတောင်ပံများ ပေါက်လာခဲ့လျှင်ပင် ထွက်ပြေးလွတ်မြောက်နိုင်တော့မည် မဟုတ်ပေ။
အောင်မြင်ပြီဖြစ်၏။ သိုးအုပ်များသည် ကျား၏ ပါးစပ်တွင်းသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
လေခွင်းမြို့ မြောက်ဘက်ရှိ တောင်ကြားလမ်းမှာ အလွန်ကျဉ်းမြောင်းလှသဖြင့် တပ်ဖွဲ့များ လှုပ်ရှားရန် ခဲယဉ်းလှရာဝင်ရောက်လာပြီးပါက ပြန်လည်ထွက်ခွာနိုင်ရန်မှာ အလွန်ပင် ခက်ခဲလှပေသည်။ ငါးများသည် ငါးစာကို အလုံးစုံ မြိုချလိုက်ပြီဖြစ်ရာ မည်သို့မှ ရုန်းထွက်နိုင်တော့မည် မဟုတ်ပေ။
.....................
တာယင်အင်ပါယာ တောင်ပိုင်းသိမ်း တပ်တော် ဒုတိယစစ်သေနာပတိ ဟူယန်ကျောက်က မြင်းပေါ်မှ ဆင်းကာ မြို့ရိုးအောက်သို့ လျှောက်သွားပြီး ဒူးတစ်ဖက် ထောက်ချလိုက်၏။ “တပ်မှူး ဟူယန်ကျောက်... စစ်သေနာပတိကို ဂါရဝပြုပါတယ်။ မြို့ထဲ ဝင်ခွင့်ပြုပါ။”
မှန်ပေသည်။ သူသည် မြို့ရိုးထက်ရှိ စတုတ္ထမင်းသား ယင်ချွဲ့အတု၏ ရှေ့မှောက်၌ ဒူးညွှတ်ဂါရဝပြုလိုက်ခြင်း ဖြစ်သည်။
ဟူယန်ကျောက်သည် ဒူးထောက်လျက် စစ်မိန့်တံဆိပ်ကို လက်နှစ်ဖက်ဖြင့် မြှောက်ကိုင်ကာ အပ်နှင်းရန် ပြင်ဆင်လိုက်၏။ ဟူယန်ကျောက် ဒူးညွှတ်လိုက်သည်နှင့် တပြိုင်နက် သူ၏နောက်ပါ စစ်သူကြီး အများအပြားသည်လည်း တညီတညွတ်တည်း ဒူးထောက်ချလိုက်ကြ၏။
ယင်ချွဲ့ မရှိခိုက်တွင် ဤတပ်တော်ကြီး၏ ကွပ်ကဲမှုအာဏာသည် ဟူယန်ကျောက်ထံ၌ ရှိသော်လည်း၊ ယင်ချွဲ့ ရှိနေသည့် အခါတွင်မူ စစ်မိန့်တံဆိပ်ကို စစ်သေနာပတိ ယင်ချွဲ့ထံသို့ ပြန်လည် အပ်နှံရမှာ ဖြစ်သည်။ ၎င်းမှာ အလွန်တရာ တင်းကျပ်လှသော စစ်စည်းကမ်းဖြစ်ရာ မည်သူမှ ကျော်လွန်ဆောင်ရွက်ခြင်း မပြုနိုင်ပေ။
ထို့အပြင် စစ်သေနာပတိ ယင်ချွဲ့သည် တော်ဝင်မင်းသားတစ်ပါးလည်း ဖြစ်နေသောကြောင့် ပို၍ပင် လေးစားလိုက်နာရပေမည်။
စတုတ္ထမင်းသား ယင်ချွဲ့ အတုက ပြောလိုက်သည်။ “အန်းရှီ နယ်စား... ပင်ပန်းသွားပြီ။ ထပါ။ စစ်သူကြီးတို့... ထကြပါ။”
ဟူယန်ကျောက် မတ်တတ်ရပ်လိုက်သည်နှင့်တပြိုင်နက် သူ၏နောက်ရှိ စစ်သူကြီး အများအပြားသည်လည်း အသီးသီး မတ်တတ်ရပ်လိုက်ကြလေ၏။
စတုတ္ထမင်းသား ယင်ချွဲ့ အတုက ဆက်ပြောလိုက်သည်။ “အန်းရှီ နယ်စား... ကျုပ်ဘေးမှာ ရပ်နေတဲ့ သူကတော့ သခင်လေးယွင်ကျုံးဟဲ့ ပဲ။ ဒီလေခွင်းမြို့ စစ်ပွဲမှာ အကြီးမားဆုံး အကျိုးပြုခဲ့တဲ့သူပေါ့။”
ယွင်ကျုံးဟဲ့သည် မည်သို့မှ လှုပ်ရှားနိုင်စွမ်းမရှိဘဲ ကြိုးဆွဲထားသည့် အရုပ်ကလေးပမာ ခေါင်းညိတ်ပြလိုက် ရရုံသာ တတ်နိုင်ရှာ၏။
မြို့ရိုးအောက်ခြေရှိ အန်းရှီနယ်စား ဟူယန်ကျောက်သည် လက်သီးဆုပ်၍ အရိုအသေပြုလိုက်၏။ ၎င်းမှာ အလွန်တရာ ရင်းနှီးကျွမ်းဝင်သည့် အမူအရာမျိုး မဟုတ်သကဲ့သို့ မာနထောင်လွှားသည့် ပုံစံမျိုးလည်း မဟုတ်ဘဲ ခပ်စိမ်းစိမ်း အမူအရာမျိုးသာ ဖြစ်သည်။
“စတုတ္ထမင်းသား... ကျုပ်ကို မြို့ထဲဝင်ပြီး စစ်မိန့်တံဆိပ် ပြန်အပ်ခွင့်ပြုပါ။” ဟူယန်ကျောက်သည် စစ်မိန့်တံဆိပ်ကို လက်နှစ်ဖက်ဖြင့် ထပ်မံ၍ မြှောက်ကိုင်လိုက်၏။
၎င်းမှာ အင်ပါယာ၏ တင်းကျပ်သော စည်းမျဉ်းဥပဒေဖြစ်ပြီး စစ်သေနာပတိနှင့် တွေ့ဆုံသည်နှင့်တပြိုင်နက် စစ်မိန့်တံဆိပ်ကို ချက်ချင်းပြန်လည်အပ်နှံရမှာ ဖြစ်၏။ ဤသည်မှာ အာဏာလုယူရန် ရည်ရွယ်ချက် မရှိကြောင်း သက်သေပြသသည့် သဘောလည်း ဖြစ်သည်။
ထို့အပြင် စစ်သေနာပတိ ယင်ချွဲ့သည် တော်ဝင်မင်းသားတစ်ပါးလည်း ဖြစ်နေသောကြောင့် ပို၍ပင် လေးစား လိုက်နာရပေမည်။
စတုတ္ထမင်းသား ယင်ချွဲ့ အတုက ခေါင်းညိတ်လိုက်၏။ “အန်းရှီ နယ်စားနဲ့ စစ်သူကြီးတို့... မြို့ထဲ ဝင်ကြပါ။ ကျုပ်က ခင်ဗျားတို့အတွက် ကြိုဆိုပွဲ ပြင်ဆင်ထားပြီးပြီ။”
“ဝုန်း... ဝုန်း... ဝုန်း...”
ချက်ချင်းပဲ လေခွင်းမြို့ မြောက်ဘက် တံခါးကြီး တဖြည်းဖြည်း ပွင့်လာ၏။ မြို့တံခါးကြီးမှာ အမှန်စင်စစ် အားဖြင့် တာယင်အင်ပါယာ၏ စစ်သည်တော်နှစ်သိန်းကို အကုန်အစင် ဝါးမျိုပစ်မည့် မိစ္ဆာကြီးတစ်ကောင်၏ ပါးစပ်သဖွယ် သို့မဟုတ် ငရဲပြည်၏ အဝင်ဝသဖွယ် ဖြစ်နေတော့သည်။
ဒုတိယစစ်သေနာပတိ ဟူယန်ကျောက်သည် သံသယ တစ်စုံတစ်ရာဖြစ်ခြင်းမရှိဘဲ စစ်မိန့်တံဆိပ်ကို လက်နှစ်ဖက်ဖြင့် မြှောက်ကိုင်လျက် လူတိုင်းမြင်သာအောင် ပြသကာ စစ်သူကြီး အများအပြားနှင့်အတူ မြို့အတွင်းသို့ ဝင်ရောက်ရန် ပြင်ဆင်လိုက်၏။
ဤလူများသည် မြို့အတွင်းသို့ ခြေချမိသည်နှင့်တပြိုင်နက် ဧကန်မုချ အသက်ပျောက်ကြရပေတော့မည်။ ၎င်းတို့ သေဆုံးသွားပါက စစ်သည်တော်နှစ်သိန်းစလုံးမှာ ဦးဆောင်သူမဲ့သွားမည်ဖြစ်ပြီး ကျိုးလီနှင့် အောက်ရှင်းတို့၏ တပ်ဖွဲ့များက ညှပ်ပိတ်တိုက်ခိုက်ခြင်းကို ခံရကာ အလုံးစုံ ပျက်သုဉ်းသွားပေလိမ့်မည်။
ဟူယန်ကျောက်သည် အလွန်တရာ နှေးကွေးစွာ လျှောက်လှမ်းနေ၏။ အကြောင်းမှာ ဤသည်မှာ စစ်အာဏာ ပြန်လည်အပ်နှံသည့် အခမ်းအနားဖြစ်သောကြောင့့်် သူ၏ခြေလှမ်းတိုင်းတွင် လေးနက်မှုအပြည့် ရှိနေရမည် ဖြစ်သောကြောင့်ပင်။
ဤအချိန်တွင် ကျိုးလီနှင့် ယန်ဖြန်ရှန်တို့သည် အသက်ရှူရပ်လုမတတ် ရင်ခုန်လှုပ်ရှားနေကြပြီး နှလုံးခုန်သံများမှာလည်း တဒိန်းဒိန်းနှင့် ပိုမိုမြန်ဆန်လာခဲ့သည်။
၎င်းတို့၏ ကြီးမားလှသော အကြံအစည်ကြီးမှာ မကြာမီ အောင်မြင်မှု အသီးအပွင့်ကို ခံစားရတော့မှာ ဖြစ်၏။
နှစ်ပေါင်းများစွာ ကြံစည်အားထုတ်ခဲ့သော အစီအစဉ်မှာ ပြီးမြောက်တော့မည်ဖြစ်ရာ ယခင်က တစ်ခါမျှ မရရှိဖူးသေးသော ကြီးကျယ်ခမ်းနားသည့် အောင်ပွဲကြီးကို ဆွတ်ခူးနိုင်ပေတော့မည်။
ဒုတိယစစ်သေနာပတိ ဟူယန်ကျောက်သည် ငရဲပြည်၏ အဝင်ဝဆီသို့ တဖြည်းဖြည်းနှင့် ပိုမိုနီးကပ်လာခဲ့၏။
ယွင်ကျုံးဟဲ့မှာမူ အသံတစ်စုံတစ်ရာ မထွက်နိုင်သကဲ့သို့ ခန္ဓာကိုယ်ကိုလည်း အနည်းငယ်လေးပင် လှုပ်ရှားနိုင်ခြင်း မရှိချေ။
ရုတ်တရက် ဒုတိယစစ်သေနာပတိ ဟူယန်ကျောက်က အသံကျယ်ကျယ်ဖြင့် အော်လိုက်၏။ “ရှောင်လိ”
လူတိုင်းသည် အံ့အားသင့်သွားကြပြီး ထိုအရာမှာ မည်သို့သော အဓိပ္ပာယ်ဖြစ်သည်ကို နားမလည်နိုင်အောင် ဖြစ်နေကြသည်။
ယန်ဖြန်ရှန်သည် မျက်နှာပျက်သွားကာ အခြေအနေ မကောင်းတော့သည်ကို ရိပ်မိလိုက်သည်။ ၎င်းမှာ မည်သည့်အရာကို ဆိုလိုကြောင်း သူ တိတိကျကျ မသိရှိသော်လည်း စတုတ္ထမင်းသား ယင်ချွဲ့၏ လူသိနည်းလှသော ငယ်နာမည် ဖြစ်နိုင်သည်ဟု ခန့်မှန်းမိလိုက်၏။
အမှန်စင်စစ်အားဖြင့် အကွာအဝေး အနည်းငယ် နီးကပ်လာသောအခါ ဟူယန်ကျောက်သည် ယင်ချွဲ့အတု၏ ချို့ယွင်းချက်ကို သတိပြုမိသွားခြင်း ဖြစ်၏။ အကြောင်းမှာ ထိုသူသည် မင်းသားနှင့် ရှစ်ဆယ် ရာခိုင်နှုန်းခန့်သာ ဆင်တူသောကြောင့် ဖြစ်သည်။
ထို့ကြောင့် သူသည် ယင်ချွဲ့၏ ငယ်နာမည်ကို ခေါ်ဆိုကာ စမ်းသပ်ကြည့်လိုက်ခြင်း ဖြစ်၏။
ဤငယ်နာမည်မှာ လွန်ခဲ့သော နှစ်ပေါင်းနှစ်ဆယ်ကျော်က ကိစ္စရပ်တစ်ခု ဖြစ်သည်။ ယင်ချွဲ့ကို မွေးဖွားစဉ်က ကိုယ်အလေးချိန် ငါးပေါင်ပင် မပြည့်သဖြင့် မိခင်ဖြစ်သူက အသက်မရှင်မည်ကို စိုးရိမ်ကာ ရှောင်လိ (အစေ့လေး) ဟု အမည်ပေးခဲ့ခြင်း ဖြစ်သည်။
သို့သော်ငြား အချိန်ကြာလာသည်နှင့်အမျှ ယင်ချွဲ့သည် ကျန်းမာသန်စွမ်းစွာ ကြီးပြင်းလာပြီး သူ၏ ညီအစ်ကိုများထက်ပင် ပိုမိုထွားကျိုင်းလာသောကြောင့် ထိုငယ်နာမည်ကို မည်သူမှ မခေါ်ဆိုကြတော့ချေ။ အလွန်ရင်းနှီးသူအချို့သာ သိရှိကြတော့၏။
အန်းရှီနယ်စား ဟူယန်ကျောက်နှင့် စတုတ္ထမင်းသား ယင်ချွဲ့တို့၏ ဆက်ဆံရေးမှာ ထိုမျှအထိ ရင်းနှီးမှု မရှိသကဲ့သို့ ဤငယ်နာမည်ကိုလည်း သူ မသိရှိခဲ့ပေ။ သို့သော်ငြား စစ်ထွက်ခါနီးတွင် စတုတ္ထမင်းသား၏ မိခင် ယွီကိုယ်လုပ်တော်က ဟူယန်ကျောက်အား သီးသန့်ခေါ်ယူတွေ့ဆုံခဲ့သည်။
သူမသည် အလုပ်ကိစ္စ တစ်စုံတစ်ရာကိုမှ ဆွေးနွေးခြင်းမပြုဘဲ စတုတ္ထမင်းသား ယင်ချွဲ့ ငယ်စဉ်က ရယ်စရာ အဖြစ်အပျက်ကလေးများကိုသာ ပြောပြခဲ့ရာ ထိုအထဲတွင် ဤငယ်နာမည်လည်း ပါဝင်ခဲ့ခြင်း ဖြစ်၏။
ယွီကိုယ်လုပ်တော်က ထိုသို့ ပြုလုပ်ခဲ့ခြင်းမှာ သားဖြစ်သူအပေါ် ချစ်ခြင်းမေတ္တာ ကြီးမားလှသောကြောင့် ဟူယန်ကျောက် အနေဖြင့် မိမိသားကို သေချာစွာ ကူညီစောင့်ရှောက်ပေးရန် သွယ်ဝိုက်၍ တောင်းဆို လိုခြင်းကြောင့် ဖြစ်သည်။
ထို့အပြင် ဤကဲ့သို့သော ကိစ္စရပ်မျိုးကို ပွင့်လင်းစွာ ပြောဆိုရန် မသင့်တော်သောကြောင့် အခြားသော နည်းလမ်းဖြင့် ဆက်ဆံရေး ပိုမိုရင်းနှီးစေရန် ကြိုးပမ်းခဲ့ခြင်း ဖြစ်၏။
…………………
အပိုင်း (၁၈၈)
ယင်ချွဲ့အတုသည်လည်း အလွန်ပင် ပါးနပ်ဖျတ်လတ်သူ ဖြစ်၏။ သူသည် စက္ကန့်ဝက်ခန့်သာ အံ့အားသင့်သွားပြီးနောက် ချက်ချင်းပဲ ရယ်မောလိုက်လေသည်။
“အန်းရှီ နယ်စား... ဒီလောက် လူအများကြီး ရှေ့မှာ ဒီလို ခေါ်လိုက်တာက တကယ်ပဲ ရင်းနှီးချင်စရာ ကောင်းလိုက်တာ။”
ဤကဲ့သို့ တုံ့ပြန်လိုက်ခြင်းမှာ အလွန်ပင် ပါးနပ်လှပေသည်။ သူသည် ဝန်ခံခြင်းလည်း မပြုသကဲ့သို့ ငြင်းဆိုခြင်းလည်း မရှိခဲ့ပေ။
တာယင်အင်ပါယာ ဒုတိယစစ်သေနာပတိ ဟူယန်ကျောက်က ရိုရိုသေသေ ပြုံးပြလိုက်ပြီး ချက်ချင်း နောက်လှည့်ကာ အမြန် ပြေးလေတော့၏။
“လိမ်တာ... လိမ်တာ... လိမ်နေတာ... ဒါ ရန်သူ့ရဲ့ အကြံအစည်ပဲ။”
ဒုတိယစစ်သေနာပတိ ဟူယန်ကျောက်၏ အဟုန်မှာ ဤမျှအထိ လျင်မြန်လိမ့်မည်ဟု မည်သူမှ ကြိုတင် ခန့်မှန်းနိုင်ခြင်း မရှိခဲ့ကြပေ။ သူသည် မြင်းရိုင်းတစ်ကောင်ကဲ့သို့ အရှိန်အဟုန်ဖြင့် ပြေးလွှားရင်း ကျယ်လောင်စွာ အော်ဟစ်နေတော့သည်။
ကျိုးလီနှင့် ယန်ဖြန်ရှန်တို့မှာမူ မျက်နှာပျက်သွားကြ၏။ ငါးစာကို မြိုချပြီးသား ငါးတစ်ကောင်မှာ အမှန်တကယ်ပင် လွတ်မြောက်သွားလေတော့၏။
“ပစ်... ပစ်... ပစ်...”
အမိန့်ပေးသံနှင့်အတူ မြို့ရိုးပေါ်ရှိ တာယင်အင်ပါယာ တပ်တော်အဖြစ် ရုပ်ဖျက်ထားသော တောင်ပိုင်းကျိုး တပ်ဖွဲ့က မြားမိုး ရွာချလိုက်သည်။
ဒုတိယစစ်သေနာပတိ ဟူယန်ကျောက်သည် တစ်စုံတစ်ရာကိုမှ ဂရုမထားဘဲ နောက်ပြန်ဆုတ်၍ ဆက်လက် ပြေးလွှားနေ၏။ မိမိထံသို့ မြားမိုးများ ရွာချသကဲ့သို့ ကျရောက်လာသည်ကိုပင် လျစ်လျူရှုထားလေ၏။
အကြောင်းမှာမူ သူဝတ်ဆင်ထားသော သံချပ်ကာမှာ ပေါင်တစ်ရာခန့် ထူထဲလေးလံလှသောကြောင့် လေးမြားများ၏ အန္တရာယ်ကို လုံးဝစိုးရိမ်ခြင်း မရှိသောကြောင့်ပင်။
သို့ရာတွင် မြို့ရိုးပေါ်၌ လက်ဖြောင့်မြားသည်တော် အကျော်အမော်များ ရှိနေကြသည်။ ပစ်ခတ်လိုက်သော မြားတိုင်းသည် အရှိန်အဟုန် အလွန်ပြင်းထန်လှသောကြောင့် သံချပ်ကာကို ဖောက်ထွင်းကာ ဟူယန်ကျောက်၏ ကျောပြင်သို့ တိုက်ရိုက် စိုက်ဝင်သွားတော့သည်။
ထို့ကြောင့် ဒုတိယစစ်သေနာပတိ ဟူယန်ကျောက်သည် မိမိတပ်ဖွဲ့များထံသို့ ပြန်လည်ရောက်ရှိချိန်တွင် ကျောပြင်၌ မြားငါးစင်းခန့် စိုက်ဝင်လျက် ရှိနေပြီ ဖြစ်၏။
ဆက်လက်၍ ဟူယန်ကျောက်သည် အသက်ရှင်ခြင်းနှင့် သေဆုံးခြင်းတို့အကြား ခက်ခဲလှသော ဆုံးဖြတ်ချက် တစ်ခုကို ချမှတ်ရတော့မှာ ဖြစ်သည်။
ချက်ချင်းပဲ ဆုတ်ခွာထွက်ပြေးရမည်လား သို့မဟုတ် မြို့ကို တိုက်ရိုက် တိုက်ခိုက်ရမည်လား ဆိုသည်ကိုပင်။
ဤသည်မှာ ရန်သူက ခင်းကျင်းထားသော ထောင်ချောက်ကြီးမှန်း သိသာလှပေရာ စစ်သည်တော်များ အထိအခိုက် မရှိစေရန်အတွက် ချက်ချင်း ဆုတ်ခွာရမှာ ဖြစ်သည်။
သို့သော်ငြား မည်သည့်အရပ်သို့ ဆုတ်ခွာရမည်နည်း။ ပုံမှန်အားဖြင့်ဆိုပါက တာယင်အင်ပါယာ နယ်စပ်ဘက်သို့ ဆုတ်ခွာရမှာ ဖြစ်သည်။ နယ်စပ်ရှိ ခံစစ်စည်းမှာ အလွန်ခိုင်မာလှသောကြောင့် ထိုနေရာသို့ ရောက်ရှိသွားပါက လုံခြုံမှု ရရှိနိုင်ပေလိမ့်မည်။
သို့ရာတွင် ရန်သူသည် ထောင်ချောက်ကြီး ဆင်ထားသည်ဖြစ်ရာ နောက်ဆုတ်မည့် လမ်းကြောင်းကိုလည်း ပိတ်ဆို့ထားမည်မှာ သေချာလှပေသည်။ အောက်ရှင်း၏ တပ်တော်သည်လည်း အနောက်ဘက်တွင် ရောက်ရှိနေလောက်ပြီ ဖြစ်သည်။
ထိုသို့ဆိုလျှင် အနောက်ဘက်သို့ ဆက်လက် ဆုတ်ခွာရမည်လား။ သို့သော်ငြား အနောက်ဘက်သို့ ဆက်လက် ဆုတ်ခွာပါက အနောက်ဘက် သဲကန္တာရအတွင်းသို့ ရောက်ရှိသွားပေလိမ့်မည်။
ထိုမှတစ်ဆင့် ဆက်လက် သွားပါက တာ့လျန်နိုင်ငံဟု ခေါ်ဆိုသော အလွန်တရာ ကြမ်းကြုတ်ရက်စက်သည့် ရန်သူ့နိုင်ငံအတွင်းသို့ ရောက်ရှိသွားမှာ ဖြစ်၏။
အရေးကြီးဆုံးအချက်မှာ ၎င်းတို့ တပ်တော်တွင် လေးမြားများနှင့် စစ်လက်နက်ပစ္စည်းများ အမြောက်အမြား ပါရှိ၏။ ထို့အပြင် ရရှိထားသော သတင်းများအရ လေခွင်းမြို့အတွင်း၌ ရိက္ခာများ တောင်ပုံရာပုံ ရှိနေသည်ဟု သိထားသောကြောင့် ရိက္ခာ များစွာ မပါရှိခဲ့ချေ။
သို့သော်ငြား အနောက်ဘက်သို့ ဆုတ်ခွာခြင်းသည်သာ တစ်ခုတည်းသော ထွက်ပေါက်ဖြစ်ပုံ ရနေသည်။
စက္ကန့်ဝက်မျှသာ အချိန်ယူ စဉ်းစားပြီးနောက် ဒုတိယစစ်သေနာပတိ ဟူယန်ကျောက်သည် မည်သူမှ မယုံကြည်နိုင်လောက်သော ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်လိုက်လေ၏။
“မြို့ကို တိုက်မယ်။”
အခြေအနေမှာ ထူးခြားမှုမရှိတော့ဟု ယူဆကာ လေခွင်းမြို့ကို တိုက်ရိုက်ထိုးစစ်ဆင်ရန် ဆုံးဖြတ်လိုက် လေသည်။
“တပ်တွေ စုရုံး၊ တန်းစီကြ...”
ဟူယန်ကျောက်၏ အမိန့်ပေးသံနှင့်အတူ စစ်သည်တော်နှစ်သိန်းသည် အလျင်အမြန် စုဝေးကာ တန်းစီလိုက်ကြ၏။
သနားစရာကောင်းလှသည်မှာ ၎င်းတို့ထံတွင် မြို့သိမ်းတိုက်ပွဲဝင် လက်နက်ကိရိယာ တစ်စုံတစ်ရာမှ ပါရှိမလာခြင်းပင် ဖြစ်သည်။ ကျောက်တုံးပစ်စက်များ မပါရှိသည့်အပြင် မြို့ရိုးတက်လှေကားများပင် ပါမလာခဲ့ပေ။
ထို့အပြင် လေခွင်းမြို့ မြောက်ဘက် မြေမျက်နှာသွင်ပြင်မှာ အလွန်ကျဉ်းမြောင်းလှသောကြောင့် တပ်တော်ကြီး လှုပ်ရှားရန် များစွာခဲယဉ်းလှ၏။ ဤနေရာသည် ခံစစ်အတွက် အလွန်ကောင်းမွန်သော်လည်း တိုက်စစ်ဆင်ရန်မူ အလွန်ခက်ခဲလှသော အရပ်ဒေသ ဖြစ်သည်။
“သစ်ပင် ခုတ်၊ မြို့သိမ်း လှေကား လုပ်...”
အမိန့်ပေးသံ ထွက်ပေါ်လာသည်နှင့်တပြိုင်နက် ထောက်ပံ့ရေးစစ်သည် ထောင်ဂဏန်းခန့်သည် တောင်ကုန်း နှစ်ဖက်ပေါ်သို့ တက်ရောက်ကာ သစ်ပင်များကို စတင်ခုတ်ထွင်ကြတော့၏။
ယခုမှ မြို့သိမ်းလှေကားများ ပြုလုပ်နေခြင်းမှာ အချိန်နှောင်းနေပြီ မဟုတ်ပါလား။ အောက်ရှင်း၏ တပ်တော်သည် မိုင်ရှစ်ဆယ်ခန့်အကွာသို့ ရောက်ရှိနေပြီဖြစ်ရာ နောက်တစ်ရက်အတွင်း ရောက်လာတော့မှာ ဖြစ်သည်။
မြို့အတွင်း၌မူ တောင်ပိုင်းကျိုးအင်ပါယာမှ စစ်သူကြီးအများအပြားမှာ လှောင်ပြုံးပြုံးလျက် ရယ်မောချင်စိတ်ကို မအောင့်နိုင်အောင် ဖြစ်နေကြ၏။
ဟူယန်ကျောက်သည် တိုင်းတစ်ပါး သွေးနှောသူပီပီ အမှန်တကယ်ပင် ဖြောင့်မတ်လွန်းကာ ခေါင်းမာလှ ပေသည်။
ဤကဲ့သို့ အခြေအနေဆိုးဝါးနေသည့်တိုင် အနောက်ဘက်သို့ ဆုတ်ခွာခြင်းမပြုဘဲ မြို့ကို တိုက်ခိုက်ရန်သာ ရွေးချယ်ခဲ့၏။
အကယ်၍ အနောက်ဘက်သို့ ဆုတ်ခွာခဲ့လျှင်ပင် ရိက္ခာပြတ်လပ်နေသော ဟူယန်ကျောက်၏ တပ်တော်မှာ သေမင်းကို စောင့်ဆိုင်းနေရုံသာ ရှိပေလိမ့်မည်။
သို့ရာတွင် မြို့ကို တိုက်ခိုက်ရန် ရွေးချယ်ခြင်းမှာမူ သေမင်းထံသို့ တိုက်ရိုက်ဦးတည်သွားခြင်းနှင့် ထပ်တူပင် ဖြစ်သည်။
လေခွင်းမြို့ကဲ့သို့သော မြို့ကြီးတွင် မြို့စောင့်စစ်သည် အင်အားနှစ်သိန်းခန့် ရှိနေသောကြောင့် ဖြစ်၏။ နှစ်သိန်းချင်း တူညီသော်လည်း တစ်ဖက်မှာ ပင်ပန်းနွမ်းနယ်နေပြီး ကျန်တစ်ဖက်မှာမူ အေးဆေးစွာ အနားယူ စောင့်ဆိုင်းနေခြင်းဖြစ်ရာ မည်သို့မှ အနိုင်ရရန် မဖြစ်နိုင်ပေ။
ထို့အပြင် တောင်ပိုင်းကျိုးအင်ပါယာ၏ ဒေါသလှိုင်းနယ်စား အောက်ရှင်း၏ တပ်တော်မှာလည်း မိုင်တစ်ရာပင် မဝေးတော့ဘဲ မကြာမီ အနောက်ဘက်အရပ်မှ ရောက်ရှိလာတော့မှာ ဖြစ်သည်။
ဖြစ်စဉ်အတွင်း အခက်အခဲအချို့ ရှိခဲ့သော်လည်း ရလဒ်မှာမူ အတူတူပင် ဖြစ်လိမ့်မည်။ ဟူယန်ကျောက်၏ စစ်သည်တော်နှစ်သိန်းစလုံး အသက်ပျောက်ကြရပေလိမ့်မည်။
အကယ်၍ သူသာ အနောက်ဘက်သို့ ဆုတ်ခွာခဲ့ပါက အသက်ရှင်သန်နိုင်မည့် မျှော်လင့်ချက် အနည်းငယ် ရှိနိုင်သေးသော်လည်း ယခုကဲ့သို့ မြို့ကို တိုက်ရိုက်တိုက်ခိုက်ခြင်းမှာမူ မိမိ၏သေတွင်းကို မိမိဘာသာ တူးဆွလိုက်ခြင်းသာ ဖြစ်သည်။
“အသင့်ပြင်... တိုက်ပွဲ စမယ်။”
ကျိုးလီ ရဲ့ အမိန့်ပေးသံနှင့်အတူ တောင်ပိုင်းကျိုးအင်ပါယာ တပ်တော်က စတင် ပြင်ဆင်ကြသည်။ စစ်သည် အမြောက်အမြား မြို့ရိုးပေါ် တက်သွားကြပြီး ကျောက်တုံးပစ်စက်များနှင့် အကြီးစား ဒူးလေးများကိုလည်း အသင့်ပြင်ဆင်လိုက်ကြ၏။
မြားပစ်သမား အမြောက်အမြားမှာလည်း အထပ်ထပ် နေရာယူထားကြပြီး မြို့တံခါးအောက်ခြေ၌ပင် နေရာယူထားကြသည်။
မြို့စောင့်စစ်သည် အင်အားနှစ်သိန်းခန့် ဖြစ်ရာ သုံးလေးမိုင်မျှသာ ရှည်လျားသော မြို့ရိုးထက်တွင် အကုန်အစင် ဆန့်ဝင်နိုင်မည် မဟုတ်ပေ။
သို့သော်ငြား နေရာအနှံ့အပြားကို လက်နက်အင်အား အပြည့်အစုံဖြင့် အခိုင်အမာ ကာကွယ်ထားနိုင် လေသည်။
သုံးနာရီ ကြာပြီးနောက် တာယင်အင်ပါယာ ဒုတိယစစ်သေနာပတိ ဟူယန်ကျောက် က အသံကျယ်ကျယ်ဖြင့် အော်လိုက်၏။ “မြို့ကို တိုက်မယ်။”
ချက်ချင်းပဲ တာယင်အင်ပါယာ စစ်သည်အမြောက်အမြားသည် ပင်လယ်ဒီရေလှိုင်းကြီးများပမာ ရှေ့သို့ အရှိန်အဟုန်ဖြင့် ပြေးထွက်သွားကြတော့သည်။
“တိုက်ခိုက်ကြ... တိုက်ခိုက်ကြ... တိုက်ခိုက်ကြတော့...”
စစ်သည်သောင်းဂဏန်းခန့်သည် အသစ် ပြုလုပ်ထားသော မြို့သိမ်းလှေကားများကို ထမ်းပိုးလျက် မြို့ရိုးဆီသို့ အသည်းအသန် ပြေးဝင်သွားကြ၏။
၎င်းတို့ထံတွင် ကျောက်တုံးပစ်စက်များ သို့မဟုတ် မြို့သိမ်းရထားများ ပါရှိမလာဘဲ လူအင်အား သက်သက်ကိုသာ အလုံးစုံ အားကိုးအားထားပြုနေရသည်။
“ပစ်.... ပစ်ကြ...”
အမိန့်ပေးသံနှင့်အတူ မြို့အတွင်းရှိ တောင်ပိုင်းကျိုးအင်ပါယာ တပ်တော်က မြားမိုးများ ရွာချလိုက်၏။။
“ရွှီး... ရွှီး... ရွှီး...”
မြားမိုးများ တစ်သုတ်ပြီးတစ်သုတ် ကျရောက်လာသည်နှင့်အမျှ တာယင်အင်ပါယာ စစ်သည်များသည် တစ်ဦးပြီးတစ်ဦး လဲကျသွားကြကာ သွေးများ ပန်းထွက်လာကြတော့သည်။
“ပစ်... ပစ်..”
ကျောက်တုံးပစ်စက် ဆယ်ဂဏန်းခန့် စတင်အလုပ်လုပ်လာပြီး ပေါင်ဆယ်ဂဏန်းခန့် အလေးချိန်ရှိသော ကျောက်တုံးကြီးများကို အဆက်မပြတ် ပစ်လွှတ်လိုက်ကြ၏။
“ဝုန်း... ဝုန်း... ဝုန်း...”
ထိုကျောက်တုံးကြီးများ မြေပြင်ပေါ်သို့ ကျရောက်လာတိုင်း မြေကြီးမှာ တစ်ချက်တုန်ခါသွားရ၏။ အများစုမှာ လွဲချော်သွားသော်လည်း ထိမှန်သွားသော အနည်းစုမှာမူ တာယင်အင်ပါယာ စစ်သည် ဆယ်ဂဏန်းခန့်ကို အသားကြိတ်စက်အတွင်း ရောက်ရှိသွားသကဲ့သို့ ချက်ချင်းပဲ ကြိတ်ချေပစ်လိုက်လေသည်။
ဤစစ်ပွဲသည် စတင်ချိန်တည်းက အလွန်တရာ ပြင်းထန်လို့နေ၏။ တောင်ပိုင်းကျိုးအင်ပါယာ၏ မြားမိုးများအောက်တွင် တာယင်အင်ပါယာ တပ်တော်၏ အသေအပျောက်မှာ ပိုမိုများပြားလာခဲ့၏။
သို့ရာတွင် စစ်သည်အမြောက်အမြားသည် ရှေ့မှလူသေဆုံးပါက နောက်မှလူက ဆက်လက်တက်ရောက်ကာ မီးတောက်အတွင်းသို့ တိုးဝင်သည့် ပိုးဖလံများပမာ အသည်းအသန် ပြေးဝင်နေကြဆဲ ဖြစ်သည်။
၎င်းတို့မှာ အမှန်တကယ်ပင် သေခြင်းတရားကို အနည်းငယ်မျှ ကြောက်ရွံ့ခြင်း မရှိကြပေ။ ဤသည်မှာ အင်အားကြီးထွားလာနေသော အင်ပါယာတစ်ခု၏ ကြောက်မက်ဖွယ်ကောင်းသော အချက်ပင် ဖြစ်သည်။ စစ်သည်တိုင်း၏ ရင်ထဲတွင် ဂုဏ်သိက္ခာနှင့် တာဝန်သိစိတ်များ ကိန်းအောင်းနေကြ၏။
ဤမျှ ထိတ်လန့်ဖွယ်ကောင်းသော အသေအပျောက်များနှင့် ရင်ဆိုင်နေရသော်လည်း အနည်းငယ်မှ တုန်လှုပ်ခြင်းမရှိဘဲ အသည်းအသန် ရှေ့သို့ ဆက်လက်တိုးဝင်နေကြဆဲ ဖြစ်သည်။
ဤမြင်ကွင်းကို ကြည့်ရှုနေကြသူတိုင်းမှာ ထိတ်လန့်တုန်လှုပ်လျက် မျက်နှာပျက်သွားကြ၏။
ယန်ဖြန်ရှန် သက်ပြင်းချလိုက်သည်။ “စစ်သည်ကောင်းတွေပဲ။ တစ်ကမ္ဘာလုံးမှာ တွေ့ရခဲတဲ့ စစ်သည်ကောင်းတွေပဲ။ ရဲရင့်တယ်၊ သတ္တိရှိတယ်၊ သွေးဆူတယ်။ ဒါပေမဲ့ အရမ်း နှမြောစရာ ကောင်းတာက သူတို့ရဲ့ ပေးဆပ်မှုက ဘာအဓိပ္ပာယ်မှ မရှိဘူး။”
ယခုအချိန်တွင် ယွင်ကျုံးဟဲ့၏ အချုပ်အနှောင်များ ဖြေလျော့ပေးလိုက်ပြီဖြစ်ရာ စကားပြောနိုင်ပြီ ဖြစ်သလို၊ လှုပ်ရှားနိုင်ပြီ ဖြစ်၏။
အဘယ်ကြောင့်နည်း။ သူ ထွက်ပြေးသွားမည်ကို မစိုးရိမ်ဘူးလား။
‘ကြက်တစ်ကောင်ကိုတောင် မသတ်နိုင်တဲ့ ဒီလူက ဘယ်ကို ပြေးနိုင်မှာလဲ။’
ကောင်းကင်နှင့် မြေကြီးတစ်ခွင်လုံးမှာ တုန်ဟည်းလျက်ရှိသည်။ စစ်စည်သံများသည်လည်း အဆက်မပြတ် ထွက်ပေါ်နေတော့၏။ နှစ်ဖက်စလုံးမှ စစ်သည်များသည် စစ်စည်တော်များကို အားမာန်အပြည့်ဖြင့် တီးခတ်နေကြသည်။
ဒုတိယစစ်သေနာပတိ ဟူယန်ကျောက်၏ ကွပ်ကဲမှုအောက်တွင် စစ်သည်တော်နှစ်သိန်းသည် ရူးသွပ်မတတ် မြို့ကို တိုက်ခိုက်နေကြသည်။ ဤမျှအထိ အခြေအနေ ဆိုးဝါးနေသည့်ကြားမှပင် အသက်နှင့်ရင်း၍ အသည်းအသန် တိုက်ပွဲဝင်နေကြခြင်း ဖြစ်၏။
မြေပြင်တစ်ခွင်လုံးတွင်လည်း သွေးအိုင်များ၊ တောက်လောင်နေသော မီးလျှံများနှင့် ရုပ်အလောင်းများဖြင့် ပြည့်နှက်နေတော့သည်။
ယန်ဖြန်ရှန်က ပြောလိုက်၏။ “အရမ်း ရဲရင့်ပါတယ်။ ဒါပေမဲ့ ဘာအဓိပ္ပာယ်မှ မရှိဘူး။ ဒီလို ရူးသွပ်သလို မြို့ကို တိုက်ပြီး၊ ရူးသွပ်သလို သေနေတာ ဘယ်လောက်ကြာကြာ ခံနိုင်မှာလဲ။ တစ်ရက် နှစ်ရက်တောင် မကြာဘဲ အကုန် သေကုန်တော့မှာပဲ။ ဒီ ဟူယန်ကျောက်က ဒုတိယတန်းစား စစ်သူကြီးလောက်ပါပဲ။”
မှန်ပေသည်။ ဤကဲ့သို့ အသက်နှင့်ရင်း၍ အသည်းအသန် တိုက်ခိုက်နေပုံ၊ အစုလိုက်အပြုံလိုက် သေဆုံးနေပုံကို ကြည့်ခြင်းအားဖြင့် နှစ်ရက်ပင် မခံဘဲ ဤစစ်သည်တော်နှစ်သိန်းစလုံး လုံးဝဥဿုံ ပျက်စီးသွားပေတော့မည်။
“သတ်.. သတ်ကြ... သတ်ကြ...”
“တိုက်... တိုက်ခိုက်... တိုက်ခိုက်ကြ...”
ဟူယန်ကျောက်၏ ဟစ်အော်သံမှာ အက်ကွဲနေပြီ ဖြစ်သည်။ သို့ရာတွင် အမှန်တကယ်ပဲ မြို့ရိုးထက်သို့ တက်ရောက်နိုင်ခြင်း မရှိသေးပေ။
ဤအရပ်ဒေသမှာ အလွန်တရာ ကျဉ်းမြောင်းလွန်းလှသောကြောင့် တပ်တော်ကြီး လှုပ်ရှားရန် မဖြစ်နိုင်ပေ။ လေခွင်းမြို့ရိုးမှာလည်း အလွန်မြင့်မားလှသကဲ့သို့ ရန်သူ့မြို့စောင့်တပ်ဖွဲ့ဝင်များမှာလည်း အရေအတွက် များပြားပြီး ကျွမ်းကျင်မှု ရှိလှသည်။
စစ်သည်များကို မည်မျှပင် ထပ်မံစေလွှတ်သည်ဖြစ်စေ အကုန် သေဆုံးကြရရုံသာ ရှိသည်။ မြို့ရိုးပေါ်သို့ အနည်းငယ်မျှပင် တက်လှမ်းနိုင်ခြင်း မရှိခဲ့ပေ။
ဒုတိယစစ်သေနာပတိ ဟူယန်ကျောက်၏ မျက်လုံးအစုံမှာလည်း နီမြန်းလျက် ရှိနေတော့သည်။
ရုတ်တရက် သူက စစ်ကွပ်ကဲရေး အလံကို ဘေးနားက တောင်ပိုင်းသိမ်း တပ်တော် ဌာနချုပ် အရာရှိချုပ်ဆီ လွှဲပေးလိုက်ပြီး ပြောလိုက်၏။ “ကွပ်ကဲခွင့်က ခင်ဗျားဆီမှာပဲ။”
တာယင်အင်ပါယာ တောင်ပိုင်းသိမ်း တပ်တော် ဌာနချုပ် အရာရှိချုပ် မျက်နှာပျက်သွားပြီး ချက်ချင်း ဒူးထောက်ကာ ပြောလိုက်သည်။ “အန်းရှီ နယ်စား... မဖြစ်ဘူး... လုံးဝ မဖြစ်ဘူးနော်။”
အန်းရှီ နယ်စား ဟူယန်ကျောက် က အသံကျယ်ကျယ်ဖြင့် အော်လိုက်၏။ “ဟူယန် မိသားစုရဲ့ သိုင်းသမားတွေ ဘယ်မှာလဲ။ ဘယ်မှာလဲ။”
“ဒီမှာ...”
“ဒီမှာ..”
ချက်ချင်းပဲ ကြံ့ခိုင်သော သိုင်းသမား ထောင်ဂဏန်းလောက် ရှေ့ထွက်လာကြသည်။ ဤသူများမှာ ဟူယန် မိသားစု၏ ကိုယ်ပိုင် သိုင်းသမားများ ဖြစ်ပြီး အတော်ဆုံးနှင့် အကြမ်းတမ်းဆုံး သူများ ဖြစ်ကြသည်။
ဟူယန်ကျောက် အနောက်သို့ လှည့်ကြည့်လိုက်ရာ ထိုအထဲတွင် သူ၏သား၊ သူ၏ညီ၊ သူ၏တူများ ပါဝင်နေသည်ကို တွေ့လိုက်ရသည်။ သူ လူတိုင်းနီးပါးကို သိ၏။
သံမဏိကောင်းကို ဓားသွားမှာ သုံးရမည် ဆိုသည့်အတိုင်းပင် ယခု အတော်ဆုံး တပ်များကို သုံးရမည့် အချိန် ရောက်ပြီဖြစ်သည်။
ဟူယန်ကျောက်က အော်လိုက်၏။ “ဟူယန် မိသားစုက ယောက်ျားကောင်းတွေ... ကျုပ်နောက် လိုက်ခဲ့... ကျုပ်နောက် လိုက်ခဲ့ကြ..။ နိုင်ငံနဲ့ ဘုရင့်အတွက် အသက်ပေးရမယ့် အချိန် ရောက်ပြီ။”
အန်းရှီ နယ်စား ဟူယန်ကျောက် အော်ဟစ်လိုက်ပြီးနောက် ကိုယ်တိုင် ဓားကို ကိုင်ကာ ဟူယန် မိသားစု၏ အတော်ဆုံး သိုင်းသမား ထောင်ဂဏန်းနှင့် စစ်သည် သောင်းဂဏန်းကို ဦးဆောင်ပြီး ရူးသွပ်စွာဖြင့် ရှေ့သို့ ပြေးထွက်သွားတော့သည်။
......................