← Chapters

အခန်း (၁၈၉-၁၉၀)

Vol. 17 Ch. 189-190

အခန်း (၁၈၉-၁၉၀)

Vol. 17 Ch. 189-190

အပိုင်း (၁၈၉)

ယင်ချွဲ့ မရှိလျှင် ဟူယန်ကျောက်က စစ်သေနာပတိ ဖြစ်သည်။ စစ်သေနာပတိတစ်ဦးဖြစ်ပါလျက် ကိုယ်တိုင်ရှေ့ထွက်၍ တိုက်ပွဲဝင်ခြင်းမှာ လုံးဝဥဿုံ ရူးသွပ်မှုပင် ဖြစ်၏။

မြို့ရိုးပေါ်ရှိ တောင်ပိုင်းကျိုးအင်ပါယာမှ စစ်သူကြီးများပင် မှင်သက်အံ့အားသင့်ကုန်ကြရ၏။ တာယင် အင်ပါယာ၏ တပ်တော်သည် ဤမျှအထိပင် ရဲစွမ်းသတ္တိ ရှိကြသည်လား။ တာယင်အင်ပါယာ၏ စစ်သူကြီးများမှာ ဤမျှအထိပင် သွေးဆူကြမ်းတမ်းကြလေသည်လား။

ဧကန်မုချ သေဆုံးရမည့် ဤကဲ့သို့သော စစ်ပွဲမျိုး၌ စစ်သေနာပတိကိုယ်တိုင် ရှေ့တန်းထွက်၍ တိုက်ခိုက်နေသည်လား။ ဤသည်မှာ အမှန်တကယ် ရူးသွပ်လွန်းလှပေသည်။

အန်းရှီနယ်စား ဟူယန်ကျောက်သည် သိုင်းပညာရှင် ထောင်ဂဏန်းခန့်ကို ဦးဆောင်လျက် ကြမ်းတမ်း ရက်စက်လှသည့် မြားမိုးများကို ဖောက်ထွက်ကာ မြို့ရိုးအောက်ခြေသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိသွား တော့၏။

“တက်ကြ… တက်ကြ...”

အန်းရှီနယ်စား ဟူယန်ကျောက်ကိုယ်တိုင် ရှေ့ဆုံးမှနေ၍ မိမိ၏ သားချင်း၊ တူသားများနှင့်အတူ မြို့သိမ်းလှေကားထက်သို့ အသည်းအသန် တက်လှမ်းနေတော့သည်။

“သစ်တုံးတွေ ချ... သစ်တုံးတွေ ချ...”

“ဆီပူတွေ လောင်းချ... ဆီပူတွေ လောင်းချ...”

“မြားပစ်... မြားပစ်...”

မြို့ရိုးအထက်မှနေ၍ သစ်တုံးကြီးများနှင့် ဆီပူများမှာ အဆက်မပြတ် ကျဆင်းလာတော့၏။

သုံးလေးမိုင်ခန့် ရှည်လျားသော မြို့ရိုးကြီးမှာ အမှန်စင်စစ်အားဖြင့် သေမင်းတမန် မြို့ရိုးကြီးအသွင်သို့ လုံးဝပြောင်းလဲသွား၏။ ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းသော အသေအပျောက်များမှာလည်း စက္ကန့်နှင့်အမျှ တိုးပွားလျက် ရှိသည်။

သို့ရာတွင် ဟူယန်ကျောက်နှင့် သူ၏ မိသားစုဝင် သိုင်းပညာရှင်များသည် အလွန်တရာ အစွမ်းထက်မြက်လှသောကြောင့် မြို့ရိုးအထက်သို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိသွားကြတော့၏။

တောင်ပိုင်းကျိုးအင်ပါယာ စစ်သည်တော်များသည် ထိုမြင်ကွင်းကိုကြည့်ကာ အမှန်တကယ်ပင် မှင်သက်အံ့အားသင့်သွားကြရသည်။

ဤကဲ့သို့သော အခြေအနေဆိုးဝါးမှုများကြားမှပင် တာယင်အင်ပါယာ စစ်သည်တော်များသည် မြို့ရိုးထက်သို့ တက်လှမ်းနိုင်ကြသေးသည်လား။ သူတို့မှာ အမှန်တကယ် ကြောက်မက်ဖွယ်ကောင်းလွန်းလှ၏။

“ဒါက နိုင်ငံရဲ့ ကံကြမ္မာပဲ။”

ကျိုးလီက တည်ငြိမ်စွာ ပြောလိုက်သည်။ “အမတ်တွေက ပိုက်ဆံကို ဂရုမစိုက်ဘူး၊ စစ်သူကြီးတွေက သေရမှာကို မကြောက်ဘူး။ ဒါက နိုင်ငံရဲ့ ကံကြမ္မာပဲ။”

“တားထား... တားထား”

“တပ်တွေ အကုန် မြို့ရိုးပေါ် တက်”

“အကုန်လုံး ရှေ့ထွက်... အကုန်လုံး ရှေ့ထွက်...”

ကျိုးလီကိုယ်တိုင် စစ်မြေပြင်ကို ကွပ်ကဲခြင်း မရှိပေ။ စစ်မြေပြင်၏ စစ်သေနာပတိအစစ်အမှန်မှာ ကျိုးရူ မြို့စားကြီး ဖြစ်သည်။ သူသည် တောင်ပိုင်းကျိုး ဧကရာဇ်၏ တော်ဝင်မိသားစုဝင်တစ်ဦး ဖြစ်သကဲ့သို့ အတွေ့အကြုံ ရင့်ကျက်လှသော စစ်သူကြီးတစ်ဦးလည်း ဖြစ်၏။

ဟူယန်ကျောက်၏ အရှိန်အဟုန် ပိုမိုပြင်းထန်လာသော ထိုးစစ်ဆင်မှုကို ရင်ဆိုင်ရသောအခါ တောင်ပိုင်းကျိုး အင်ပါယာ စစ်သေနာပတိ ကျိုးရူ မြို့စားကြီးက အသံကျယ်ကျယ်ဖြင့် အော်လိုက်သည်။

“တာယင်အင်ပါယာကလူတွေ.... ကျုပ်တို့ တောင်ပိုင်းကျိုးအင်ပါယာကို အထင်မသေးစေနဲ့။ ကျုပ်နောက် လိုက်ခဲ့... ကျုပ်နောက် လိုက်ခဲ့ကြ...”

တောင်ပိုင်းကျိုးအင်ပါယာ ကျိုးရူ မြို့စားကြီး ကလည်း သူ့ရဲ့ ကိုယ်ရံတော် တပ်ကို ဦးဆောင်ပြီး မြို့ရိုးပေါ် တက်ကာ ကိုယ်တိုင် တိုက်ခိုက်လေတော့၏။

ဤသည်မှာ လုံးဝမလိုအပ်သော ကိစ္စရပ်ပင် ဖြစ်သည်။ သူသည် စစ်မြေပြင်၏ စစ်သေနာပတိတစ်ဦး ဖြစ်သဖြင့် ကိုယ်တိုင်ကိုယ်ကျ ရှေ့တန်းထွက်၍ တိုက်ခိုက်ရန် မလိုအပ်ပေ။

သို့ရာတွင် တာယင်အင်ပါယာ၏ ဒုတိယစစ်သေနာပတိ ဟူယန်ကျောက်ပင်လျှင် ကိုယ်တိုင်ရှေ့ထွက် တိုက်ပွဲဝင်နေပြီ မဟုတ်ပါလား။ သူတို့ တောင်ပိုင်းကျိုးအင်ပါယာသားများတွင် သွေးဆူထက်သန်သော စိတ်ဓာတ်မရှိဟု တစ်ကမ္ဘာလုံးက အထင်အမြင်သေးသွား၍ မဖြစ်ပေ။

သူ ကျိုးရူက တော်ဝင်မိသားစုဝင်တစ်ဦး၊ ဧကရာဇ်မင်းမြတ်၏ ဝမ်းကွဲနောင်တော်တစ်ဦး ဖြစ်ပါလျက် ရှေ့ထွက်ကာ မတိုက်ရဲပါက တောင်ပိုင်းကျိုးအင်ပါယာ စစ်သည်တော်များက သူတို့ ကျိုးတော်ဝင်မိသားစုအပေါ် မည်သို့ မြင်ကြမည်နည်း။

မကြာမီအချိန်အတွင်း မြို့ရိုးထက်ရှိ တိုက်ပွဲမှာ အပြင်းထန်ဆုံး အခြေအနေသို့ ဆိုက်ရောက်သွားတော့သည်။ အမှန်တကယ်ပင် ဓားဖြူဝင်၍ ဓားနီထွက်ရသည့်အလား အပြန်အလှန် သတ်ဖြတ်နေကြပြီ ဖြစ်၏။

တပ်တော်နှစ်ရပ်လုံးကလည်း စစ်သည်အင်အားများကို အဆက်မပြတ် ဖြည့်တင်းစေလွှတ်နေကြသည်။ သုံးလေးမိုင်ခန့်သာ ရှည်လျားသော မြို့ရိုးငယ်လေးမှာ အသားကြိတ်စက်ကြီး တစ်ခုအသွင်သို့ လုံးဝ ပြောင်းလဲသွားခဲ့သည်။

တာယင်အင်ပါယာဘက်မှ စစ်သည်များသည် မိမိတို့၏ စစ်သေနာပတိကိုယ်တိုင် မြို့ရိုးထက်သို့ တက်ရောက်လာသည်ကို မြင်တွေ့ရသောအခါ စိတ်ဓာတ်များ ပိုမိုထက်သန်လာပြီး အသက်နှင့်ရင်းကာ မြို့ရိုးပေါ်သို့ အသည်းအသန် တက်လှမ်းလာကြ၏။

အခြေအနေမှာ များစွာဆိုးဝါးလှသော်လည်း စိတ်ဓာတ်များမှာမူ အထွတ်အထိပ်သို့ ရောက်ရှိနေကြသည်။

တောင်ပိုင်းကျိုးအင်ပါယာဘက်တွင်လည်း ကျိုးရူမြို့စားကြီးကိုယ်တိုင် ရှေ့ထွက်တိုက်ခိုက်ခြင်းမှာ ခွန်အားဖြည့်ဆေး တစ်လက်ကဲ့သို့ ဖြစ်သွားပြီး စစ်သည်များ၏ စိတ်ဓာတ်ကို များစွာတက်ကြွစေခဲ့၏။

တပ်တော်နှစ်ရပ်လုံးမှာ တိုက်ပွဲကြာလေလေ ပိုမိုကြမ်းတမ်းလာလေလေ ဖြစ်လာတော့၏။ အသေအပျောက်ကို လုံးဝ ဂရုမထားတော့ဘဲ စစ်သည်အင်အားများကိုသာ ဆက်တိုက် စေလွှတ်နေကြတော့သည်။

ကျိုးလီသည် ဤမြင်ကွင်းကို ကြည့်ရှုရင်း အမှန်တကယ်ပင် တုန်လှုပ်ချောက်ချားသွားရ၏။ တာယင် အင်ပါယာ၏ တပ်တော်မှာ အလွန်တရာ ကြမ်းကြုတ်ရက်စက်လှပြီး ဤမျှအထိ အခြေအနေ ဆိုးဝါးနေသည့်ကြားမှပင် အကြိတ်အနယ် တိုက်ခိုက်နိုင်နေ၏။

ဤမြို့ရိုးကြီးမှာ အမှန်တကယ်ပင် လူ့အသက်များနှင့် စစ်သည်တော်များကို အဆက်မပြတ် ဝါးမြိုနေသည့် တွင်းနက်ကြီးတစ်ခုပမာ ဖြစ်နေတော့သည်။

“ရှေ့တက်... ရှေ့တက်... ရှေ့တက်...”

အမိန့်ပေးသံနှင့်အတူ လေခွင်းမြို့အတွင်းရှိ တောင်ပိုင်းကျိုးအင်ပါယာ တပ်တော်သည် အသည်းအသန် ရှေ့သို့ တိုးထွက်လာကြလေ၏။

အဓိက တပ်တော်ကြီးနှင့်အတူ အရန်တပ်ဖွဲ့များပါမကျန် အားလုံးပင် ပျားပန်းခတ်မျှ ရှေ့သို့ အလုံးအရင်းနှင့် ထွက်ပေါ်လာကြသည်။

ဟူယန်ကျောက်သည် အလွန်တရာ အစွမ်းထက်မြက်လှသကဲ့သို့ တာယင်အင်ပါယာ တပ်တော်သည်လည်း အင်အားကြီးမားလှပေသည်။ သို့ဖြစ်ရာ ဤထိုးစစ်ကို အမြစ်ပြတ် ချေမှုန်းနိုင်ခြင်း မရှိပါက စစ်ပွဲ၏ အခြေအနေမှာ အနည်းငယ် အန္တရာယ်ရှိလာနိုင်သည့် အနေအထားတွင် ရှိနေ၏။

ပထမအကြိမ် ထိုးစစ်တွင် အားအင်အပြည့် ရှိနေသော်လည်း ဒုတိယအကြိမ်တွင် အားလျော့လာကာ တတိယအကြိမ်သို့ ရောက်သောအခါတွင်မူ အားအင်အားလုံး ကုန်ခမ်းသွားရစမြဲ ဖြစ်သည်။

ဟူယန်ကျောက်၊ သူ၏ မိသားစုဝင် သိုင်းပညာရှင်များနှင့် တာယင်အင်ပါယာ တပ်တော်တို့မှာ အမှန်တကယ် အစွမ်းထက်ကြသော်လည်း လက်ရှိအခြေအနေမှာ များစွာဆိုးဝါးလျက် ရှိနေသည်။ ပျမ်းမျှအားဖြင့် စစ်သည်သုံးဦးတွင် တစ်ဦးခန့်သာ မြို့ရိုးထက်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ကြ၏။

ထို့ကြောင့် မြို့ရိုးထက်ရှိ နှစ်ဖက်တပ်ဖွဲ့ဝင် အချိုးအစားမှာ တစ်ချိုး သုံးချိုး ဖြစ်နေတော့သည်။ တာယင်အင်ပါယာ စစ်သည်များ မည်မျှပင် ကြမ်းတမ်းခက်ထန်စေကာမူ တစ်ဦးတည်းနှင့် ရန်သူသုံးဦးကိုမူ ယှဉ်ပြိုင်အနိုင်ယူရန် မဖြစ်နိုင်ပေ။

သို့ဖြစ်ပါ၍ ဟူယန်ကျောက် ဦးဆောင်သော အစွမ်းထက် တပ်ဖွဲ့မှာ တောက်လောင်နေသော မီးလျှံကြီးပမာ ပြင်းထန်လှသော်လည်း မကြာမီအချိန်အတွင်း ငြိမ်းသတ်ခြင်း ခံရတော့မှာ ဖြစ်သည်။

ဤရူးသွပ်လှသော ထိုးစစ်ဆင်မှုမှာလည်း မကြာမီ ချေမှုန်းခံရပေတော့မည်။ ထို့အပြင် ဟူယန်ကျောက် ဦးဆောင်သည့် မိသားစုဝင် သိုင်းပညာရှင် ထောင်ဂဏန်းမှာလည်း မကြာမီအတွင်း ရန်သူ့ဝိုင်းရံမှုကို ခံရကာ အဆက်အသွယ် ဖြတ်တောက်ခြင်း ခံရတော့မှာဖြစ်၏။

စစ်ပွဲ၏ အသာစီးရမှုမှာ တောင်ပိုင်းကျိုးအင်ပါယာဘက်သို့ အလျင်အမြန်ပင် ယိမ်းယိုင်သွားခဲ့ပြီး အခြေအနေများမှာ တာယင်အင်ပါယာအတွက် တစ်စထက်တစ်စ ပိုမိုဆိုးရွားလာနေတော့သည်။

ဤကဲ့သို့သော ရူးသွပ်ဖွယ်ရာ တိုက်ပွဲအတွင်း၌ စစ်ရှုံးရုံမျှသာမက စစ်သေနာပတိ ဟူယန်ကျောက် ကိုယ်တိုင်ပင် မြို့ရိုးထက်၌ အသက်ပျောက်ရတော့မှာဖြစ်၏။ အစွမ်းထက်လှသော ဟူယန်မိသားစု သိုင်းပညာရှင်များအားလုံးလည်း သေဆုံးကြရပေတော့မည်။

မြို့ရိုးထက်သို့ တက်လှမ်းခဲ့သော တာယင်အင်ပါယာ စစ်သည်တော်များလည်း အကုန်အစင် သေဆုံး ကြရပေလိမ့်မည်။ ဤစစ်ပွဲမှာ လုံးဝဥဿုံ ရှုံးနိမ့်တော့မှာဖြစ်ပြီး အရာအားလုံး လုံးဝပြီးဆုံးတော့မှာ ဖြစ်ပေတော့သည်။

ယန်ဖြန်ရှန် သက်ပြင်းရှည်ကြီးတစ်ချက် မှုတ်ထုတ်လိုက်၏။ “ပြီးသွားပြီ... နောက်ဆုံးတော့ ပြီးသွားပြီ။ သခင်လေးယွင်ကျုံးဟဲ့... ခင်ဗျားတို့ တာယင်အင်ပါယာရဲ့ တပ်တော်က ခင်ဗျားကို စိတ်ပျက်အောင် မလုပ်ခဲ့ဘူး။ ကြောက်စရာကောင်းတဲ့ တိုက်ခိုက်နိုင်စွမ်း၊ ကြောက်စရာကောင်းတဲ့ ဂုဏ်သိက္ခာကို ပြသခဲ့တယ်။

ဒါပေမဲ့ အရာအားလုံး ပြီးဆုံးတော့မယ်။ တောင်ပြိုသလို ရှုံးနိမ့်တော့မယ်။ နာရီဝက်တောင် မလိုတော့ဘူး၊ ခင်ဗျားတို့ ရှုံးတော့မယ်။ ဟူယန်ကျောက် သေရတော့မယ်၊ ဟူယန် မိသားစု သိုင်းသမားတွေ အကုန် သေရတော့မယ်။

ဒီအရာအားလုံးက ခင်ဗျားကြောင့်ပဲ သခင်လေးယွင်ကျုံးဟဲ့။ တာယင်အင်ပါယာရဲ့ တပ်တော်က ခင်ဗျားကို စိတ်ပျက်အောင် မလုပ်ခဲ့ပေမဲ့ ခင်ဗျားကတော့ သူတို့ကို စိတ်ပျက်အောင် လုပ်ခဲ့တယ်။ သခင်လေး ယွင်ကျုံးဟဲ့... ခင်ဗျားတို့ ပြီးသွားပြီ။ တာယင်အင်ပါယာရဲ့ စစ်သေနာပတိ နှစ်ယောက်ကို သတ်ပစ်ခဲ့ပြီး စစ်သည် သိန်းချီကို သတ်ပစ်ခဲ့လို့ ခင်ဗျားကို ဂုဏ်ပြုပါတယ်။”

ထိုအချိန်တွင် တောင်ပိုင်းကျိုးအင်ပါယာ စစ်မြေပြင် စစ်သေနာပတိ မြို့စားကြီး ကျိုးရူက အသံကျယ်ကျယ်ဖြင့် အော်လိုက်သည်။ “ညီအစ်ကို ဟူယန်... လက်နက်ချလိုက်ပါ။ ခင်ဗျားရဲ့ မိသားစု သိုင်းသမားတွေ အကုန် သေတော့မယ်။ လက်နက်ချလိုက်ပါ။ ခင်ဗျား တစ်သက်လုံး ချမ်းသာစေရမယ်လို့ ကျုပ် အာမခံတယ်။”

စစ်သေနာပတိ ဟူယန်ကျောက်က အသံကျယ်ကျယ်ဖြင့် အော်လိုက်၏။ “သေရမယ်ဆိုလည်း သေပေါ့။ ဘာကြောက်စရာရှိလို့လဲ။ နိုင်ငံနဲ့ ဘုရင်အတွက် အသက်ပေးရမယ့်အချိန် ရောက်ပြီ။”

သွေးသံရဲရဲ ဖြစ်နေသော ဟူယန်ကျောက်က ပိုမို ရူးသွပ်စွာ တိုက်ခိုက်၏။ သူ ဦးဆောင်သော မိသားစု သိုင်းသမားများကလည်း ပိုမို ရူးသွပ်စွာ တိုက်ခိုက်လိုက်ကြသည်။

သို့ရာတွင် ဤသည်မှာ သေခါနီးအချိန်၌ နောက်ဆုံးအကြိမ်အဖြစ် ရူးသွပ်စွာ ရုန်းကန်ပြနေခြင်းနှင့်သာ ပိုမိုတူညီနေတော့သည်။ စစ်ပွဲ၏ အခြေအနေမှာ ပြီးဆုံးသွားပြီဖြစ်ကြောင်း လူတိုင်း သိရှိနေကြပြီဖြစ်၏။

တာယင်အင်ပါယာ တပ်တော်ကြီးမှာလည်း ပျက်သုဉ်းသွားခဲ့ချေပြီ။ စစ်သေနာပတိ ဟူယန်ကျောက်နှင့် သူ၏ မိသားစုဝင် သိုင်းပညာရှင်များအားလုံး သေဆုံးကြရမည့်အရေးမှာ အချိန်ပိုင်းမျှသာ လိုတော့သည့် ကိစ္စရပ်ပင် ဖြစ်သည်။

သို့သော်လည်း ထိုအချိန်၌ မြေပြင်ပေါ်တွင် ရုတ်တရက်ဆိုသလို အက်ကွဲကြောင်းကြီး ဆယ်ခုခန့် ထွက်ပေါ်လာတော့သည်။ တာယင်အင်ပါယာမှ သိုင်းပညာရှင် အမြောက်အမြားသည် မြေအောက်အတွင်းမှ ရုတ်ခြည်း ထွက်ပေါ်လာကြ၏။

ရှေ့ဆုံးမှ ဦးဆောင်လာသူမှာ စတုတ္ထမင်းသား ယင်ချွဲ့ပင် ဖြစ်သည်။ သူ၏ဘေးတွင်မူ သခင်ကြီး ဖုန်းရှင်းမြဲ့ ရှိနေလေသည်။

စစ်သည်အင်အား တစ်သိန်းခန့်သည် မြေအောက်သင်္ချိုင်းဂူအတွင်းမှ ထွက်ပေါ်လာကြပြီး တောင်ပိုင်းကျိုး အင်ပါယာ တပ်တော်၏ ကျောဘက်သို့ အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်လိုက်ကြ၏။

စစ်သည်တစ်ဦးချင်းစီမှာ ရူးသွပ်နေကြသည့်အလား အရှိန်အဟုန်ပြင်းစွာ ရှိနေကြ၏။ တောင်ပိုင်းကျိုး အင်ပါယာ၏ တပ်တော်မှာမူ အလုံးစုံ အသာစီးရနေသည့် အခြေအနေမှနေ၍ နှစ်ဖက်ညှပ်ပိတ် တိုက်ခိုက်ခံရသည့် အခြေအနေသို့ ချက်ချင်း ရောက်ရှိသွားတော့သည်။

တာယင်အင်ပါယာမှ စစ်သည်တစ်သိန်းခန့်သည် အနောက်ဘက်အရပ်မှနေ၍ တောင်ပိုင်းကျိုးအင်ပါယာ၏ စစ်သည်များကို ရူးသွပ်စွာ ထိုးစစ်ဆင် တိုက်ခိုက်နေကြ၏။

တောင်ပိုင်းကျိုးအင်ပါယာ အိမ်ရှေ့စံမင်းသား ကျိုးလီနှင့် ယန်ဖြန်ရှန်တို့မှာ လုံးဝဥဿုံ မှင်သက် အံ့အားသင့်သွားကြရသည်။

ဤအရာမှာ သရဲတစ္ဆေ ခြောက်လှန့်နေခြင်းလား။ နုဧကရာဇ်၏ မြေအောက်သင်္ချိုင်းဂူအတွင်းရှိ တာယင်အင်ပါယာ စစ်သည်တစ်သိန်းစလုံး သေဆုံးသွားခဲ့ကြပြီ မဟုတ်ပါလား။ ယင်ချွဲ့နှင့် ဖုန်းရှင်းမြဲ့တို့လည်း သေဆုံးကုန်ကြပြီး မြေအောက်သင်္ချိုင်းဂူအတွင်း၌ ရုပ်အလောင်းများမှာ နေရာအနှံ့အပြား သောင်းနှင့်ချီ၍ပင် ရှိနေခဲ့သည် မဟုတ်ပါလား။

စတုတ္ထမင်းသား ယင်ချွဲ့၏ ရုပ်အလောင်းကိုပင် ရှာဖွေတွေ့ရှိခဲ့ပြီးပြီ ဖြစ်သည်။ သွေးသံရဲရဲနှင့် ဒဏ်ရာ အပြည့်ဖြစ်နေကာ မျက်နှာပုံပန်း ပျက်ယွင်းနေသော်လည်း ခန္ဓာကိုယ်ပေါ်ရှိ မွေးရာပါအမှတ်များအထိပင် ယင်ချွဲ့နှင့် ထပ်တူကျနေခဲ့သည်။

ထိုသို့ဆိုလျှင် သူသည် အဘယ်ကြောင့် မသေသေးဘဲ ရှိနေရသနည်း။ ဤစစ်သည်တစ်သိန်းစလုံးမှာလည်း အဘယ်ကြောင့် မသေဘဲ ရှိနေကြရသနည်း။

သို့သော်လည်း ၎င်းတို့အား မည်သူကမျှ အဖြေပေးနိုင်ခြင်း မရှိခဲ့ပေ။ မင်းသား ယင်ချွဲ့ ဦးဆောင်သော စစ်သည်တစ်သိန်းသည် မြေအောက်မှ အဆက်မပြတ် ထွက်ပေါ်လာကြပြီး တောင်ပိုင်းကျိုးအင်ပါယာ တပ်တော်၏ ကျောဘက်ကို ဝင်ရောက် တိုက်ခိုက်နေကြတော့သည်။

…………….

ဤအရာက အံ့မခန်းဗျူဟာတစ်ရပ်လား။ မဟုတ်ပေ။ ဆိုးရွားလှသော အဖြစ်ဆိုးကြီးတစ်ခုကို ပြန်လည်ကုစားရန် ဖာထေးလိုက်ခြင်း သက်သက်သာ ဖြစ်၏။ လူ့ကြိုးစားမှုက လေးပုံ၊ ကောင်းကင်ဘုံ၏ စောင်မမှုက ခြောက်ပုံပင်။

ယွင်ကျုံးဟဲ့ ရေးဆွဲခဲ့သော ထရိုဂျန်မြင်း ဗျူဟာသည် အစစ်အမှန်ဖြစ်၏။ နုဧကရာဇ်၏ သင်္ချိုင်းဂူထဲတွင် စစ်သည်တစ်သိန်းကို ပုန်းခိုစေကာ ညနက်ချိန်၌ မြေအောက်မှ ထွက်လာပြီး တောင်ပိုင်းကျိုးအင်ပါယာ၏ စစ်တပ်နှစ်သိန်းကို တိုက်ခိုက်ရန် အမှန်တကယ် ရည်ရွယ်ခဲ့ခြင်းလည်း ဖြစ်သည်။

ဤအရာအားလုံးသည် ယန်ဖြန်ရှန်နှင့် ကျိုးလီတို့ ခင်းကျင်းထားသော ထောင်ချောက်ကြီးမှန်း အစပိုင်းတွင် သူ လုံးဝ မသိခဲ့ပေ။ စီမံကိန်းချမှတ်ပြီးနောက် စစ်သည်တစ်သိန်းလုံး နုဧကရာဇ်၏ သင်္ချိုင်းဂူထဲသို့ ဝင်ရောက်သွားခဲ့ပြီ ဖြစ်၏။

သို့ပေမည့် ယွင်ကျုံးဟဲ့၏ စိတ်ထဲတွင် အလွန်အမင်း ဂနာမငြိမ် ဖြစ်နေခဲ့သည်။ ထိုစိုးရိမ်ပူပန်မှုသည် အချိန်နှင့်အမျှ ကြီးမားလာသော်လည်း မည်သည့်အကြောင်းရင်းကြောင့်မှန်း သူ မသိခဲ့ပေ။

ထို့ကြောင့် ထိုမတည်ငြိမ်မှု၏ ဇာစ်မြစ်ကို အပူတပြင်း သူ ရှာဖွေခဲ့၏။ ဤအရာက စစ်သည်တစ်သိန်း၏ ကံကြမ္မာ၊ သခင်ကြီးဖုန်းရှင်းမြဲ့နှင့် မင်းသား ယင်ချွဲ့တို့၏ အသက်အန္တရာယ်နှင့် သက်ဆိုင်နေသောကြောင့် ဖြစ်သည်။

ပြဿနာကို သူ မည်သည့်အချိန်တွင် ရိပ်မိခဲ့သနည်း။ အရာအားလုံးက ယန်ဖြန်ရှန်၏ အကြံအစည် ဖြစ်ကြောင်း မည်သည့်အချိန်က သိခဲ့သနည်း။ လောက်ချန်းဆိုသည်မှာ ကျင်းကျုံးယွဲ့ဖြစ်ကြောင်း သူ ခန့်မှန်းမိသွားချိန်၌ ဖြစ်ပေလိမ့်မည်။

ဤသို့ဆိုလျှင် ယွင်ကျုံးဟဲ့က ကျင်းကျုံးယွဲ့သည် လောက်ချန်းဖြစ်ကြောင်း မည်သည့်အချိန်က သိခဲ့သနည်း။ အမှန်တကယ်တွင် မြို့စားကျင်းအဲ့ နောက်ဆုံးဆန္ဒကို ပြောကြားချိန်၌ သူ၏ စိတ်ထဲတွင် တစ်စုံတစ်ရာကို ရိပ်မိခဲ့ပြီး ဖြစ်၏။

သို့ပေမည့် လူဆိုသည်မှာ အသိတရားထက် စိတ်ခံစားချက်ကို ရှေ့တန်းတင်တတ်သောကြောင့် ထိုအဖြေကို လက်မခံလိုခဲ့ခြင်းသာ ဖြစ်သည်။

…………

အပိုင်း (၁၉၀)

ထိုညက X စိတ်ကျန်းမာရေးဆေးရုံသည် သူ့ကို အိပ်မက်ထဲသို့ အတင်းအကျပ် ဆွဲခေါ်သွားခဲ့သည်။ အမှတ် (၉) လူနာ ကွမ်တမ်အား ဆက်လက် အသုံးပြုလိုသော်လည်း အမှတ် (၂၇) လူနာ သရဲမကိုသာ အတင်းအကျပ် အစားထိုးပေးခဲ့၏။

ဤအရာက ယွင်ကျုံးဟဲ့အား အသိဝင်လာစေရန် ရိုက်နှက် သတိပေးလိုက်ခြင်း ဖြစ်သည်။ အချစ်၏ သွေးဆောင်မှုမှ ရုန်းထွက်ပြီး အသိဉာဏ်နှင့် ဆင်ခြင်တုံတရားကို ပြန်လည်ရယူရန် သတိပေးခြင်းလည်း ဖြစ်လို့နေသည်။

X စိတ်ကျန်းမာရေးဆေးရုံက သရဲမကို ရွေးချယ်ပေးခဲ့ခြင်းသည် သေဆုံးသွားသူများဖြစ်သည့် ဝမ်တောက်ဖူနှင့် ကျင်းအဲ့ကို မေးမြန်းရန် ဖြစ်သည်။ ဤအရာသည် အမှန်တရားကို ဖော်ထုတ်ရန် ဖြစ်ကြောင်း သံသယဖြစ်ဖွယ် မရှိပေ။

ထိုသူနှစ်ဦးစလုံးသည် ကျင်းကျုံးယွဲ့နှင့် ပတ်သက်သော အဓိက သော့ချက်များ ဖြစ်၏။ အလောင်းများကို မစစ်ဆေးရသေးမီကပင် လောက်ချန်းဆိုသည်မှာ အမှန်တကယ် မည်သူမည်ဝါဖြစ်ကြောင်း ယွင်ကျုံးဟဲ့ ရိပ်မိနေခဲ့ပြီ ဖြစ်သည်။ အချစ်ကြောင့် မျက်ကန်းတစ်ယောက် ဆက်ဖြစ်နေ၍ မရတော့ချေ။

ကျင်းအဲ့၏ နောက်ဆုံးစကားများက အလွန်ရှင်းလင်းနေခဲ့၏။ ကျင်းကျုံးယွဲ့၏ ဇာစ်မြစ်သည် အတုအယောင် ဖြစ်ကြောင်း တိုက်ရိုက် မပြောခဲ့ခြင်းသာ ရှိသည်။ ဖခင်တစ်ဦးအနေဖြင့် ကျင်းကျုံးယွဲ့ကို အနည်းငယ်မှ ထိခိုက်နစ်နာစေလိုခြင်း မရှိသောကြောင့် ဖြစ်၏။

မည်သူ့ကြောင့် လေဖြတ်ကာ သတိလစ်မေ့မြောသွားရသနည်းဟု ယွင်ကျုံးဟဲ့ မေးချိန်မှာတော့ သိရန်မလိုကြောင်း၊ လက်စားချေရန် လုံးဝ မစဉ်းစားသင့်ကြောင်း သူက ဖြေခဲ့သည်။ ဤစကားက လုံလောက်အောင် ရှင်းလင်းနေသည် မဟုတ်ပါလား။

သို့ပေမည့် လူတို့သည် စိတ်ခံစားမှု၏ ဖုံးကွယ်ခြင်းကို ခံရတတ်ပြီး မိမိရင်တွင်းမှ အကြောက်တရားကို ရင်ဆိုင်ရန် ဝန်လေးတတ်ကြ၏။

ထိုစဉ်က ယွင်ကျုံးဟဲ့သည် အသေးစိတ် မစဉ်းစားလိုခဲ့ပေ။ ကျင်းကျုံးယွဲ့မှာ လောက်ချန်း ဖြစ်နိုင်ခြေကို ပို၍ပင် မတွေးတောလိုခဲ့ပေ။ ထိုအစား ထရိုဂျန်မြင်း ဗျူဟာ၏ အောင်မြင်နိုင်စွမ်းကို ကွမ်တမ်အား ထပ်ခါတလဲလဲ တွက်ချက်ခိုင်းပြီး ရှစ်ဆယ့်ခြောက် ရာခိုင်နှုန်းဆိုသော ရလဒ်အပေါ် သာယာနေခဲ့သည်။

သို့ပေမည့် အမှတ် (၉) လူနာ ကွမ်တမ် နေရာတွင် အမှတ် (၂၇) လူနာ သရဲမ အစားထိုး ဝင်ရောက်လာခြင်းက ယွင်ကျုံးဟဲ့၏ စိတ်ကူးယဉ်မှု အားလုံးကို ရိုက်ချိုးလိုက်ပြီး ကျင်းအဲ့၏ နောက်ဆုံးစကားများကို ပြန်လည် စဉ်းစားစေခဲ့၏။

ထိုအချိန်တည်းက ကျင်းကျုံးယွဲ့သည် လောက်ချန်းဖြစ်ကြောင်း ယွင်ကျုံးဟဲ့ အတည်ပြုနိုင်ခဲ့သည်။ ထိုနေ့သည်ကား ဆယ်လပိုင်း ခြောက်ရက်နေ့ ဖြစ်သည်။

ကျင်းကျုံးယွဲ့သည် လောက်ချန်းမှန်း သေချာသွားသည်နှင့် ယန်ဖြန်ရှန်၏ ဇာတ်ကောင်စရိုက် အမှန်ကိုလည်း ရိပ်မိသွားခဲ့သည်။ ယန်ဖြန်ရှန်၏ ကြီးမားလှသော လျှို့ဝှက်အကြံအစည်ကြီးသည်လည်း ပေါ်လွင်လာခဲ့၏။

ထိုအချိန်က ယွင်ကျုံးဟဲ့၏ ရင်တွင်းမှ တုန်လှုပ်ချောက်ချားမှုကို မည်သည့်စကားလုံးနှင့်မှ ဖော်ပြ၍ မရနိုင်ပေ။ မည်သို့ လုပ်ရမည်နည်း။

သူ ယွင်ကျုံးဟဲ့သည် တာယင်အင်ပါယာ၏ သမိုင်းတစ်လျှောက် အကြီးမားဆုံး တရားခံ ဖြစ်တော့မည်လား။ ဖုန်းရှင်းမြဲ့နှင့် မင်းသား ယင်ချွဲ့တို့ကို သေတွင်းသို့ ပို့ဆောင်မိတော့မည်လား။ ထို့အပြင် သူတို့အားလုံး ယန်ဖြန်ရှန်၏ လက်ခုပ်ထဲတွင် ကစားခံလိုက်ရပြီ ဖြစ်၏။

အခြေအနေကို မည်သို့ ပြန်လည် ထိန်းချုပ်နိုင်မည်နည်း။ လုံးဝ မဖြစ်နိုင်သလောက်ပင် ဖြစ်နေခဲ့သည်။ စစ်သည်တစ်သိန်းသည် နုဧကရာဇ်၏ သင်္ချိုင်းဂူထဲသို့ ရောက်ရှိနေပြီဖြစ်ပြီး တောင်ပိုင်းကျိုးအင်ပါယာမှ စစ်တပ်နှစ်သိန်းကလည်း လေခွင်းမြို့အနီးသို့ ရောက်ရှိနေပြီ ဖြစ်သည်။

အရေးအကြီးဆုံးမှာ ယွင်ကျုံးဟဲ့အနေဖြင့် သံသယဖြစ်စရာ တစ်စုံတစ်ရာမှ ပြသ၍ မရခြင်းပင် ဖြစ်၏။ အရာအားလုံးကို သူ သိရှိသွားပြီဖြစ်ကြောင်း ယန်ဖြန်ရှန်နှင့် ကျင်းကျုံးယွဲ့တို့ကို အသိပေး၍ မရပေ။

ကျင်းကျုံးယွဲ့သည် သူ၏ မိန်းမဖြစ်သောကြောင့် သူ၏ ခံစားချက် အပြောင်းအလဲများကို အလွယ်တကူ ရိပ်မိနိုင်သည်။ ယန်ဖြန်ရှန်သည်ကား အဆမတန် ကောက်ကျစ်စဉ်းလဲသူ ဖြစ်၏။

ယွင်ကျုံးဟဲ့ လုပ်နိုင်သည့် အရာများက အလွန် နည်းပါးလွန်းလှပြီး သူ တစ်ယောက်တည်းသာ ရှိနေခြင်း ဖြစ်သည်။

သို့ပေမည့် X စိတ်ကျန်းမာရေးဆေးရုံမှ သရဲမကို ရွေးချယ်ပေးခဲ့ခြင်းသည် နက်နဲသော ရည်ရွယ်ချက် တစ်ခုခု ရှိနေမည်မှာ သေချာလှ၏။ သေဆုံးသွားသော ဝမ်တောက်ဖူနှင့် ကျင်းအဲ့တို့ကို မေးမြန်းရုံသက်သက်သာ လုံးဝ မဖြစ်နိုင်ပေ။

အမှန်တကယ်တွင် ဝမ်တောက်ဖူနှင့် ကျင်းအဲ့တို့ကို မေးမြန်းခြင်းဖြင့် အချက်အလက် များစွာ မရရှိခဲ့ပေ။ နုဧကရာဇ်၏ သင်္ချိုင်းဂူထဲမှ တာယင်အင်ပါယာ၏ စစ်သည်တစ်သိန်းကို မည်သို့ ကယ်တင်ရမည်နည်း။

စစ်သည်ရွှံ့ရုပ်များထဲတွင် မြှုပ်နှံထားသော အလောင်းများ ရှိနေပြီး ထိုအလောင်းများသည် ယခုတိုင် မပုပ်မသိုးဘဲ ရှိနေကြောင်း ယွင်ကျုံးဟဲ့ စဉ်းစားမိသွား၏။

မကြာသေးမီက သေဆုံးသွားသော အလောင်းများကို မေးမြန်းနိုင်သည်ဆိုလျှင် နှစ်ထောင်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်သော စစ်သည်ရွှံ့ရုပ်များထဲမှ အလောင်းများကိုလည်း မေးမြန်းနိုင်ကောင်း မေးမြန်းနိုင်မှာ ဖြစ်သည်။

ဤအရာက သရဲမကို ရွေးချယ်ပေးရခြင်း၏ အဓိက အကြောင်းရင်းပင် ဖြစ်၏။ စစ်သည်တစ်သိန်းကို ကယ်တင်နိုင်မည့် နည်းလမ်းကို ထိုရွှံ့ရုပ်များထံမှ ရှာဖွေတွေ့ရှိနိုင်ပေလိမ့်မည်။

ထို့ကြောင့် ယွင်ကျုံးဟဲ့သည် အကြောင်းပြချက် တစ်ခုရှာကာ လေခွင်းမြို့သို့ ပြန်လာခဲ့သည်။ အပေါ်ယံ အကြောင်းပြချက်မှာ ရွှေပလ္လင်၏ အန္တရာယ်နှင့် ကျင်းအဲ့၏ အလောင်းကို မီးသင်္ဂြိုဟ်ပြီး ပြန်လည် ယူဆောင်လာရန် ဖြစ်၏။

အမှန်တကယ်မူ နုဧကရာဇ်၏ သင်္ချိုင်းဂူထဲသို့ ဝင်ရောက်ကာ စစ်သည်တစ်သိန်းကို ကယ်တင်မည့် နည်းလမ်း ရှာဖွေရန် ဖြစ်သည်။

ထိုစဉ်က ကျင်းကျုံးယွဲ့သည် ဝင်ပေါက်အနီးတွင် စောင့်ကြပ်နေခဲ့ရာ ယွင်ကျုံးဟဲ့ တစ်ယောက်တည်း သင်္ချိုင်းဂူထဲသို့ ဝင်ရောက်ရန် အချိန် နာရီဝက်ပင် မရခဲ့ပေ။ သူ လှုပ်ရှားနိုင်သော အခွင့်အရေးမှာ အလွန်အမင်း ကျဉ်းမြောင်းလွန်းလှ၏။

အလုံခြုံဆုံး နည်းလမ်းမှာ ထရိုဂျန်မြင်း ဗျူဟာကို ရပ်တန့်လိုက်ပြီး စစ်သည်တစ်သိန်းကို သင်္ချိုင်းဂူထဲမှ ချက်ချင်း ပြန်လည်ဆုတ်ခွာစေကာ မြေပြင်ပေါ်သို့ ပြန်တက်စေခြင်း ဖြစ်သည်။

သို့ပေမည့် အချိန် မီနိုင်တော့မည် မဟုတ်ပေ။ တောင်ပိုင်းကျိုးအင်ပါယာ၏ စစ်တပ်သည် အလွန် နီးကပ်နေပြီ ဖြစ်ကာ မြင်းစစ်သည် နှစ်သောင်းသည်ပင် လေခွင်းမြို့အတွင်းသို့ ဝင်ရောက်ရန် ပြင်ဆင်နေပြီ ဖြစ်၏။

ယခုအချိန်မှ မြေအောက်မှ ထွက်လာမည်ဆိုလျှင် မြို့ရိုးကာကွယ်ရေး တိုက်ပွဲပင် ဆင်နွှဲနိုင်မည် မဟုတ်ဘဲ အလျင်စလို တိုက်ခိုက်ရမည် ဖြစ်ကာ အကျိုးဆက်သည် တွေးဝံ့စရာပင် မရှိတော့ပေ။

မည်သို့ပင်ဆိုစေကာမူ ထရိုဂျန်မြင်း ဗျူဟာကို ရပ်တန့်ပြီး စစ်တပ်ကို မြေပြင်ပေါ်သို့ ပြန်လည် ခေါ်ဆောင်ခြင်းက ပိုမို လုံခြုံသော ရွေးချယ်မှု ဖြစ်နေဆဲပင်။ သို့သော်လည်း ယွင်ကျုံးဟဲ့အနေဖြင့် အလွယ်တကူ လက်မလျှော့လိုခဲ့ချေ။

နုဧကရာဇ်၏ သင်္ချိုင်းဂူကို စူးစမ်းရှာဖွေစဉ်တည်းက ရွှေငွေရတနာ တစ်စုံတစ်ရာမှ မတွေ့ရခြင်းကို သူ အံ့သြနေခဲ့သည်။

ယခင်က ရတနာသိုက်မြေပုံဟု တွင်တွင် ပြောဆိုခဲ့ကြပြီး ဤသင်္ချိုင်းဂူထဲတွင် တန်ဖိုးကြီး ရတနာများ ရှိနေသင့်သော်လည်း မည်သည့်အရာမှ မရှိခဲ့ပေ။ လက်နက်များပင် မရှိသလောက်ပင် ဖြစ်၏။

စစ်သည်ရွှံ့ရုပ်များ ကိုင်ဆောင်ထားသော လက်နက်များသည် အတူမြှုပ်နှံထားသည့် အရာများသာ ဖြစ်ပြီး သိုလှောင်ထားသော လက်နက်များ မဟုတ်ပေ။

ထိုခေတ်က တာရှအင်ပါယာ (ရှေးဟောင်း) သည် မည်မျှ ကြီးကျယ်ခမ်းနားခဲ့သနည်း။ ရေတွက်၍ မရနိုင်သော ရွှေငွေရတနာများ သေချာပေါက် ရှိနေရမှာဖြစ်သည်။ အဘယ်ကြောင့် မည်သည့်အရာမှ မရှိရသနည်း။ ဤသင်္ချိုင်းဂူကို အပြည့်အဝ စူးစမ်းရှာဖွေခြင်း မပြုရသေးသည်များလား။

သို့ပေမည့် ယွင်ကျုံးဟဲ့သည် အကြိမ်ပေါင်းများစွာ ရှာဖွေခဲ့ပြီး ဖြစ်၏။ တာယင်အင်ပါယာ၏ စစ်သည် တစ်သိန်း ဝင်ရောက်လာပြီးနောက်တွင်လည်း အကြိမ်ကြိမ် ရှာဖွေခဲ့ကြသည်။ သူတို့နှင့် ယန်ဖြန်ရှန်တို့၏ ကောက်ချက်မှာ တူညီနေခဲ့၏။ မျက်မြင်တွေ့ရှိနေရသော အရာများကသာ နုဧကရာဇ်၏ သင်္ချိုင်းဂူ တစ်ခုလုံး ဖြစ်သည်ဟူ၍ပင်။

ထို့ကြောင့် ယွင်ကျုံးဟဲ့သည် သရဲမအား ဝင်ပူးစေကာ အဆင့်အမြင့်ဆုံး စစ်သည်ရွှံ့ရုပ် အချို့ကို မေးမြန်းခဲ့သည်။ ထိုသူများသည် နုဧကရာဇ်၏ ကိုယ်ရံတော်တပ်မှူးများ ဖြစ်ကြပြီး ယုံကြည်ရဆုံး လူယုံများ ဖြစ်၏။ သရဲမ၏ စွမ်းအားဖြင့် ကိုယ်ရံတော်တပ်မှူး၏ ဦးနှောက်ထဲရှိ နောက်ဆုံး မှတ်ဉာဏ်များကို ဖတ်ရှုခဲ့သည်။

နောက်ဆုံးတွင် အလွန် အရေးကြီးလှသော သတင်းအချက်အလက် တစ်ခုကို ရရှိခဲ့၏။ ဤသင်္ချိုင်းဂူတွင် အခြား အရေးကြီးသော အစိတ်အပိုင်းများ၊ အမှန်တကယ် ရတနာသိုလှောင်ရုံများ ကျန်ရှိနေသေး၏။

ထိုရတနာသိုက် နှစ်ခုသည် အလွန်အရေးပါပြီး နုဧကရာဇ် ပြန်လည်ရှင်သန်လာချိန်တွင် အင်ပါယာကို ပြန်လည်တည်ထောင်ရန် အခြေခံအုတ်မြစ်များ ဖြစ်သည်။

ထိုရတနာသိုက် နှစ်ခုမှာ မည်သည့်နေရာတွင် ရှိနေသနည်း။ သင်္ချိုင်းဂူ နန်းဆောင် အဆောက်အအုံများ၏ ဘေးတစ်ဖက်တစ်ချက်ရှိ တောင်ကြီးများ အတွင်း၌ ဖြစ်၏။

မှန်ပေသည်။ လေခွင်းမြို့၏ ဘေးတစ်ဖက်တစ်ချက်ရှိ တောင်ကြီးများ၏ အတွင်းပိုင်းသည် ဟာလာဟင်းလင်း ဖြစ်နေ၏။ နုဧကရာဇ်သည် ရွှေငွေရတနာများ၊ လက်နက် သံချပ်ကာများနှင့် မရေမတွက်နိုင်သော ရိက္ခာ ပစ္စည်းများကို ထိုရတနာသိုက် နှစ်ခုအတွင်း၌ သိမ်းဆည်းထားခဲ့သည်။

သေချာသည်မှာ ထိုတောင်ကြီး နှစ်လုံးအတွင်းရှိ ဥမင်များသည် နုဧကရာဇ် တူးဖော်ထားခြင်း မဟုတ်ဘဲ သဘာဝအလျောက် ဖြစ်ပေါ်နေခြင်းပင် ဖြစ်သည်။ ဤသည်မှာ သင်္ချိုင်းဂူကို ထိုနေရာတွင် တည်ဆောက်ရခြင်း၏ အဓိက အကြောင်းရင်း ဖြစ်၏။

လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာက ကောင်းကင်မှ ငုံ့ကြည့်မည်ဆိုလျှင် လေခွင်းချိုင့်ဝှမ်း၏ အနောက်ဘက် တောင်တန်း ဘယ်ဘက်ခြမ်းတွင် မြစ်တစ်စင်း ကွေ့ကောက် စီးဆင်းနေသည်ကို တွေ့ရမည်ဖြစ်ပြီး ထိုပုံစံမှာ လူ ဟူသော စာလုံးနှင့် တူနေသည်။

လေခွင်းမြို့၏ ဘေးတစ်ဖက်တစ်ချက်ရှိ တောင်တန်းများသည် တောင် ဟူသော စာလုံးပုံစံ ဖြစ်ပေါ်နေ၏။ ထိုစာလုံးနှစ်ခု ပေါင်းစပ်လိုက်လျှင် နတ်ဘုရား ဟူသော အဓိပ္ပာယ် ထွက်ပေါ်လာ၏။

နုဧကရာဇ်သည် ဤမြေနေရာကောင်းကို နှစ်ပေါင်းများစွာ အချိန်ယူကာ ရှာဖွေခဲ့ရပြီး တောင်တွင်း ဥမင်များနှင့် မြေအောက်လှိုဏ်ဂူများကို တွေ့ရှိခဲ့ချိန်တွင် အလွန် ဝမ်းမြောက်ဝမ်းသာ ဖြစ်ခဲ့သည်။

ဤသည်မှာ ကောင်းကင်ဘုံမှ ပေးသနားသော မြေနေရာကောင်းဖြစ်ပြီး သူ၏ နတ်ဘုရားအဖြစ် ပြောင်းလဲရေး အစီအစဉ်အတွက် အကောင်းဆုံး နေရာဖြစ်ကြောင်း ယုံကြည်ခဲ့၏။

ထို့ကြောင့် သူသည် အချိန်၊ လူအင်အားနှင့် ငွေကြေး အမြောက်အမြား အကုန်အကျခံကာ ဤလှိုဏ်ဂူများ အတွင်း၌ ဆယ်နှစ်ကျော်ကြာ တိုးချဲ့တည်ဆောက်ခဲ့ပြီး အလွန် ကြီးကျယ်ခမ်းနားလှသော သင်္ချိုင်းဂူကြီးကို အပြီးသတ် တည်ဆောက်နိုင်ခဲ့သည်။

သို့ပေမည့် ဘေးတစ်ဖက်တစ်ချက်ရှိ ရတနာသိုက်ကြီးများနှင့် အလယ်ဗဟိုရှိ သင်္ချိုင်းဂူတို့သည် ကျောက်နံရံ များဖြင့် ပိုင်းခြားထားပြီး ရတနာသိုက်များသို့ ဝင်ရောက်မည့် အပေါက်ကို ရှာဖွေတွေ့ရှိရန် လုံးဝ မဖြစ်နိုင်ပေ။ အတင်းအကျပ် ဖွင့်လှစ်ရန်မှာလည်း ပို၍ပင် မဖြစ်နိုင်ချေ။

ဤသို့ဆိုလျှင် ထိုရတနာသိုက်ကြီးများ၏ ဝင်ပေါက်ကို မည်သို့ ဖွင့်ရမည်နည်း။ အလွန် ရိုးရှင်းလှ၏။ ထို ရွှေပလ္လင်ပင် ဖြစ်သည်။ ထိုရတနာသိုက် နှစ်ခုစလုံးသည် နုဧကရာဇ် ပြန်လည်ရောက်ရှိလာချိန်အတွက် ပြင်ဆင်ထားခြင်း ဖြစ်သည်။ ထို ရွှေပလ္လင်သည် အဓိက ထိန်းချုပ်ရေး ယန္တရား ဖြစ်၏။

အခြား မည်သူမဆို ထိုင်လိုက်ပါက ဖျက်ဆီးရေး ယန္တရားများ ပွင့်သွားမည်ဖြစ်ရာ ယွင်ကျုံးဟဲ့၏ အာရုံခံစားမှုက မှန်ကန်နေခဲ့သည်။

ယန်ဖြန်ရှန်ကလည်း လူလွှတ်၍ စမ်းသပ်ထားပြီး ဖြစ်၏။ ရွှေပလ္လင်ပေါ်သို့ ကြောင်တစ်ကောင် တင်ထားလိုက်ရုံဖြင့် သင်္ချိုင်းဂူ မျက်နှာကြက်ပေါ်မှ အဆိပ်မိုးများ သည်းထန်စွာ ရွာသွန်းကျလာခဲ့သည်။ ထိုအဆိပ်မိုးသည် နန်းဆောင် အဆောက်အအုံများကို မပျက်စီးစေသော်လည်း လူကိုမူ သေစေနိုင်စွမ်း ရှိ၏။

ထိုစဉ်က ယန်ဖြန်ရှန်သည် ဤရွှေပလ္လင်ကို သင်္ချိုင်းဖောက်ထွင်းသူများကို သတ်ဖြတ်ရန် ထားရှိခြင်း ဖြစ်ကြောင်း ကောက်ချက်ချခဲ့၏။ အမှန်တကယ်တွင် ထိုရွှေပလ္လင်သည် ရတနာသိုက်ကို ဖွင့်လှစ်သော ယန္တရားလည်း ဖြစ်နေသည်။

နုဧကရာဇ် ကိုယ်တိုင် ထိုင်လိုက်သည်နှင့် ဘေးတစ်ဖက်တစ်ချက်ရှိ ရတနာသိုက် ဝင်ပေါက်များကို ဖွင့်လှစ်ပေးမှာ ဖြစ်သည်။ ဤမျှ အံ့ဩဖွယ် ကောင်းသည်လား။ ရွှေပလ္လင်သည် သခင်ကို မှတ်မိနိုင်စွမ်း ရှိနေသည်လား။ ထိုသို့ လုံးဝ မဟုတ်ပေ။ ကိုယ်အလေးချိန်ကြောင့်သာ ဖြစ်၏။

နုဧကရာဇ်၏ ထိုစဉ်က ကိုယ်အလေးချိန်မှာ နှစ်ရာ့ကိုးဆယ့်ကိုးကျင်း၊ ကိုးလျန်နှင့် ကိုးချန်တိတိ ရှိခဲ့သည်။ ထို့ကြောင့် ထိုအလေးချိန်ရှိသူ မည်သူမဆို ထိုင်လိုက်သည်နှင့် ရတနာသိုက် တံခါးများ ပွင့်သွားပေလိမ့်မည်။ တစ်နည်းအားဖြင့် ဤအရာက လျှို့ဝှက်သော့ တစ်ခုပင် ဖြစ်နေသည်။

စစ်သည်ရွှံ့ရုပ် အလောင်းများထံမှ ရရှိသော ဤသတင်းအချက်အလက်များသည် ယွင်ကျုံးဟဲ့၏ အစီအစဉ်ကို အပြည့်အဝ ကယ်တင်နိုင်ခဲ့၏။

ထိုအချိန်က ယွင်ကျုံးဟဲ့နှင့် မင်းသား ယင်ချွဲ့တို့သည် ချက်ချင်း ဆုံးဖြတ်ချက်ချကာ ရွေးချယ်မှုအသစ် ပြုလုပ်ရတော့မှာ ဖြစ်သည်။

လုံခြုံရေးကို ရှေ့တန်းတင်ကာ သင်္ချိုင်းဂူထဲမှ ထွက်ခွာပြီး မြေပြင်ပေါ်၌ တောင်ပိုင်းကျိုးအင်ပါယာ စစ်တပ်နှင့် ရင်ဆိုင်တိုက်ခိုက်မည်လား။ သို့မဟုတ် ဘေးတစ်ဖက်တစ်ချက်ရှိ ရတနာသိုက်များအတွင်းသို့ ဝင်ရောက်ကာ အန္တရာယ်ခံပြီး ထရိုဂျန်မြင်း ဗျူဟာကို ဆက်လက် အကောင်အထည် ဖော်မည်လား။

တောင်ပိုင်းကျိုးအင်ပါယာ စစ်တပ်သည် လေခွင်းမြို့ထဲသို့ ဝင်ရောက်လာတော့မည်ဖြစ်ရာ ချက်ချင်း ဆုံးဖြတ်ချက် ချရမှာဖြစ်ပြီး အနည်းငယ် နောက်ကျသွားလျှင်ပင် အချိန်မီတော့မည် မဟုတ်ပေ။

......................

All Chapters