← Chapters

အခန်း (၁၉၁-၁၉၂)

Vol. 17 Ch. 191-192

အခန်း (၁၉၁-၁၉၂)

Vol. 17 Ch. 191-192

အပိုင်း (၁၉၁)

စစ်သေနာပတိ ဖြစ်သူ ယင်ချွဲ့သည် အလွန် ရူးသွပ်သော ဆုံးဖြတ်ချက် တစ်ခုကို ချမှတ်ခဲ့၏။ ယွင်ကျုံးဟဲ့၏ ထရိုဂျန်မြင်းဗျူဟာကို ဆက်လက် အကောင်အထည်ဖော်ရမှာဖြစ်ပြီး ပိုမို အဆင့်မြင့်သော ထရိုဂျန်မြင်း ဗျူဟာလည်း ဖြစ်သည်။

စတုတ္ထမင်းသား ယင်ချွဲ့က ဤမျှ သတ္တိရှိနေမှတော့ ယွင်ကျုံးဟဲ့သည်လည်း ပို၍ ရူးသွပ်သော အစီအစဉ် တစ်ခုကို ရေးဆွဲလိုက်တော့၏။

ကျိုးလီ၏ စစ်တပ် နှစ်သိန်းတစ်သောင်းကို ချေမှုန်းရုံသာမက ပိုင်ရှင်မဲ့ နယ်မြေ တစ်ခုလုံးကိုပါ သိမ်းပိုက်ကာ တောင်ပိုင်းကျိုးအင်ပါယာ၏ စစ်တပ် သိန်းချီကို ထိုနေရာတွင် အသေသတ်ရန်ပင် ရည်ရွယ်ခဲ့သည်။

ယန်ဖြန်ရှန်နှင့် ကျိုးလီတို့၏ အစီအစဉ်မှာ အလွန် ရူးသွပ်ပြီး ကြီးမားလှ၏။ သို့ပေမည့် ယွင်ကျုံးဟဲ့နှင့် ယင်ချွဲ့တို့၏ အစီအစဉ်က ပို၍ပင် ရူးသွပ်နေသေးသည်။ လေခွင်းမြို့ကိုသာမက ထန်ထိုင်မြို့ကိုပါ သိမ်းပိုက်ရန် ဖြစ်၏။

မှန်ပေသည်။ ဤမျှအထိ ရူးသွပ်လွန်းနေသည်။ လောဘကြီးလွန်းလှပြီး အန္တရာယ်ကို အစွန်းကုန် ရင်ဆိုင်ခြင်းပင် ဖြစ်၏။

ဤအစီအစဉ်ကို အောင်မြင်စေရန်အတွက် ယွင်ကျုံးဟဲ့သည် ယန်ဖြန်ရှန်၏ အနီးတွင် အချိန်ပြည့် နေထိုင်ရမှာ ဖြစ်၏။ ထိုသို့မှသာ အားနည်းဟန်ဆောင်ကာ အဆုံးထိ လှည့်စားနိုင်ပေလိမ့်မည်။

ယွင်ကျုံးဟဲ့၏ အစီအစဉ်အရ မင်းသား ယင်ချွဲ့သည် သင်္ချိုင်းဂူထဲမှ ထွက်ခွာကာ မြေပြင်ပေါ်သို့ ပြန်တက်ပြီး တာယင်အင်ပါယာ၏ တောင်ပိုင်းစစ်ဒေသဌာနချုပ်သို့ အမြန်ဆုံး ပြန်လည်ရောက်ရှိရမှာ ဖြစ်၏။

ထိုမှသာ ဆက်လက်လုပ်ဆောင်မည့် အစီအစဉ်များကို သူကိုယ်တိုင် ကွပ်ကဲနိုင်မည် ဖြစ်ပြီး ထန်ထိုင်မြို့ကို ကိုယ်တိုင် ဦးဆောင်၍ သွားရောက်တိုက်ခိုက်နိုင်မှာ ဖြစ်သည်။

သို့ပေမည့် မင်းသား ယင်ချွဲ့က ငြင်းဆန်ခဲ့၏။ သူသည် စစ်သည်တစ်သိန်းနှင့်အတူ နုဧကရာဇ်၏ သင်္ချိုင်းဂူထဲတွင် အတူနေထိုင်ပြီး အသက်ရှင်လည်း အတူတကွ၊ သေလျှင်လည်း အတူတကွ အန္တရာယ်ကို ရင်ဆိုင်ရန် ရွေးချယ်ခဲ့၏။

ထိုအချိန်က အခြေအနေမှာ အလွန် တင်းမာခဲ့ပြီး ဖုန်းရှင်းမြဲ့နှင့် ယွင်ကျုံးဟဲ့တို့မှာ ရူးမတတ်ပင် ဖြစ်သွားခဲ့၏။ စစ်သေနာပတိဖြစ်သူ ယင်ချွဲ့သည် မြေအောက်သင်္ချိုင်းဂူထဲတွင် အန္တရာယ် အဖြစ်ခံနေခြင်းက အကျိုးမရှိဘဲ မြေပြင်ပေါ်သို့ ပြန်လည်ရောက်ရှိမှသာ အစီအစဉ်များကို ပိုမို အဆင်ပြေချောမွေ့စွာ လုပ်ဆောင်နိုင်မည်ဟု သူတို့ ယူဆခဲ့သည်။

ထို့ကြောင့် သူတို့ နှစ်ဦးသည် ယင်ချွဲ့အား အတင်းအကျပ် သတိလစ်အောင် ပြုလုပ်ပြီး မြေပြင်ပေါ်သို့ ခေါ်ဆောင်ကာ တောင်ပိုင်းစစ်ဒေသဌာနချုပ်သို့ ပြန်လည်ပို့ဆောင်ရန် ကြိုးစားခဲ့ကြ၏။

သို့ပေမည့် ယင်ချွဲ့၏ သိုင်းပညာမှာ အလွန် မြင့်မားလွန်းပြီး သတိဝီရိယလည်း အလွန် ကောင်းမွန်လွန်းလှ၏။ သခင်ကြီးဖုန်းရှင်းမြဲ့သည် ဟေးလုံထိုင်မှ သိုင်းပညာရှင် ဆယ်ယောက်ကျော်ကို စေလွှတ်ခဲ့သော်လည်း သူ့ကို သတိလစ်အောင် မပြုလုပ်နိုင်ခဲ့ပေ။

ထို့နောက် စတုတ္ထမင်းသား ယင်ချွဲ့ ပြောလိုက်သော စကားတစ်ခွန်းက ထိုနေရာရှိ လူအားလုံးကို အလွန်အမင်း စိတ်လှုပ်ရှားသွားစေခဲ့သည်။

အဆင့်မြင့် ထရိုဂျန်မြင်း ဗျူဟာအတွက် ယွင်ကျုံးဟဲ့သည် အသက်အန္တရာယ်ကို ပမာမထားဘဲ ယန်ဖြန်ရှန်၏ အနီးတွင် နေထိုင်ရမည် ဖြစ်ကြောင်း သူက ပြောဆိုခဲ့၏။ စစ်သည်တစ်သိန်းသည်လည်း ဤမြေအောက်ထဲတွင် အချိန်ပြည့် အန္တရာယ်ကို ရင်ဆိုင်နေရမှာဖြစ်၏။

စစ်သေနာပတိ ဖြစ်သူ ယင်ချွဲ့အနေဖြင့် စစ်ဒေသဌာနချုပ်တွင် လုံခြုံစွာ နေထိုင်ပြီး အစီအစဉ်များ ချမှတ်နေရန် မည်သည့် အရည်အချင်း ရှိသနည်း။

စစ်သည်တစ်သိန်းနှင့်အတူ မြေအောက်သင်္ချိုင်းဂူထဲတွင် အန္တရာယ်ကို အတူတကွ ရင်ဆိုင်မှသာ ရေတွက်၍ မရနိုင်သော စစ်သည်များနှင့် ယွင်ကျုံးဟဲ့၏ စွန့်လွှတ်အနစ်နာခံမှုကို တန်ဖိုးထားရာ ရောက်မည်ဟု ပြောခဲ့သည်။

ဤစကားများကို ကြားပြီးနောက် ယွင်ကျုံးဟဲ့က ပြောလိုက်လေ၏။ “ခင်ဗျား ဧကရာဇ်ဖြစ်ဖို့ တကယ် မသင့်တော်ဘူး။”

စတုတ္ထမင်းသား ယင်ချွဲ့က ခါးသီးစွာ ပြုံးလျက် ပြန်လည်ပြောဆိုခဲ့သည်။ “ဧကရာဇ် ဖြစ်ဖို့ ကျုပ် တစ်ခါမှ မစဉ်းစားခဲ့ဖူးပါဘူး။”

ဤသို့ဖြင့် စတုတ္ထမင်းသားနှင့် ယွင်ကျုံးဟဲ့တို့၏ အသက်ပေးစွန့်စားမှုဖြင့် အဆင့်မြင့် ထရိုဂျန်မြင်း ဗျူဟာ စတင်ခဲ့တော့သည်။ စစ်သည်တစ်သိန်းသည် မြေအောက်သင်္ချိုင်းဂူထဲတွင် ဆက်လက် နေထိုင်ခဲ့ကြ၏။

စတုတ္ထမင်းသား ယင်ချွဲ့သည်လည်း မြေအောက်ထဲတွင် နေထိုင်ကာ စစ်သည်တစ်သိန်းနှင့်အတူ အေးအတူ ပူအမျှ ရှိနေခဲ့ပြီး သူ၏ လူယုံကိုသာ သင်္ချိုင်းဂူထဲမှ ထွက်ခွာစေကာ တာယင်အင်ပါယာ၏ တောင်ပိုင်း ဌာနချုပ်သို့ အမြန်ဆုံး သွားရောက်စေပြီး ဒုတိယစစ်သေနာပတိ ဟူယန်ကျောက်ထံ အစီအစဉ် အသေးစိတ်ကို အသိပေးစေခဲ့သည်။

တာယင်အင်ပါယာ၏ ဒုတိယစစ်သေနာပတိ ဟူယန်ကျောက်သည် အရာအားလုံးကို သိရှိသွားပြီး ယွင်ကျုံးဟဲ့ ရေးဆွဲထားသော အဆင့်မြင့် ထရိုဂျန်မြင်း ဗျူဟာကို ကြားသိရချိန်တွင် ရူးမတတ်ပင် ဖြစ်သွားခဲ့၏။

ဤအစီအစဉ်မှာ အလွန် ရူးသွပ်လွန်းပြီး အန္တရာယ်ကြီးလွန်းလှကာ အသက်အန္တရာယ်နှင့် လောင်းကြေး ထပ်ထားခြင်း ဖြစ်သည်။

ယွင်ကျုံးဟဲ့ ကိုယ်တိုင် အန္တရာယ် အဖြစ်ခံခြင်းက ကိစ္စမရှိသော်လည်း စတုတ္ထမင်းသား၏ အသက်ကိုပါ အန္တရာယ်တွင်းထဲ ဆွဲသွင်းထားခြင်း ဖြစ်၏။ ထို့ကြောင့် သူသည် ယွင်ကျုံးဟဲ့အပေါ် လုံးဝ ကြည်ဖြူခြင်း မရှိခဲ့ပေ။ သို့ပေမည့် မြားသည် လေးညှို့ပေါ် ရောက်နေပြီဖြစ်ရာ မပစ်၍ မရတော့သောကြောင့် ဟူယန်ကျောက် အနေဖြင့် ပူးပေါင်းပါဝင်ရန်သာ ရှိတော့၏။

အမှန်တကယ်တွင် ဟူယန်ကျောက်သည် အလွန် ယုံကြည်စိတ်ချရသူဖြစ်ပြီး ယွင်ကျုံးဟဲ့၏ အဆင့်မြင့် ထရိုဂျန်မြင်း ဗျူဟာကို အောင်မြင်စေရန်အတွက် အသက်စွန့်ကာ ကြိုးပမ်းခဲ့သည်။ ဟူယန် မိသားစု၏ အင်အားအားလုံးကို ထုတ်ယူအသုံးပြုခဲ့ပြီး အစွမ်းထက်ဆုံးသော မိသားစု သိုင်းပညာရှင် ထောင်ပေါင်း များစွာကို ခေါ်ဆောင်လာခဲ့သည်။

ထိုစဉ်က အဆင့်မြင့် ထရိုဂျန်မြင်း ဗျူဟာကို အတည်ပြုပြီးနောက် ကျင်းကျုံးယွဲ့ သံသယ မဖြစ်စေရန် ယွင်ကျုံးဟဲ့သည် သင်္ချိုင်းဂူထဲမှ အမြန်ဆုံး ထွက်ခွာကာ မြေပြင်ပေါ်သို့ ပြန်တက်ခဲ့၏။

မြေအောက်သင်္ချိုင်းဂူထဲတွင်မူ မင်းသား ယင်ချွဲ့သည် စစ်သည် သောင်းချီကို ဦးဆောင်ကာ အချိန်နှင့်အမျှ အလောင်းများ ဖန်တီးနေခဲ့သည်။

တောင်ပိုင်းကျိုးအင်ပါယာ၏ အိမ်ရှေ့စံမင်းသား ကျိုးလီကို လှည့်စားပြီး တာယင်အင်ပါယာ၏ စစ်သည် တစ်သိန်းလုံး သေဆုံးသွားပြီဟု ယုံကြည်စေမှသာ ဆက်လက်လုပ်ဆောင်မည့် အစီအစဉ်များကို အကောင်အထည်ဖော်နိုင်မှာ ဖြစ်၏။

ကျိုးလီအနေဖြင့် သူ၏ လူသတ်ပွဲကြီး အောင်မြင်သွားပြီဟု ယုံကြည်စေရန် အလောင်း သောင်းချီ လိုအပ်နေသည်။

စစ်သည်ရွှံ့ရုပ်များထဲတွင် မရေမတွက်နိုင်သော အလောင်းများ ရှိနေသော်လည်း ထိုအလောင်းများသည် နှစ်ထောင်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်သောကောင့် လေနှင့် ထိတွေ့သည်နှင့် ပုပ်သိုးဆွေးမြည့်သွားမှာ ဖြစ်၏။

မီးကျွမ်းနေသော အလောင်းများအဖြစ် အသုံးပြု၍ ရသော်လည်း ပုံမှန် အလောင်းများအဖြစ် အသုံးပြု၍ မရနိုင်ပေ။

ထို့ကြောင့် ဖုန်းရှင်းမြဲ့နှင့် ယင်ချွဲ့တို့သည် နောက်ထပ် ရူးသွပ်သော ဆုံးဖြတ်ချက် တစ်ခုကို ချမှတ်ခဲ့ကြပြန်သည်။ ထိုဆုံးဖြတ်ချက်မှာ မကြာသေးမီက သေဆုံးသွားသော အလောင်းများကို တူးဖော်ရန် ဖြစ်၏။

ယခင်က ထန်ထိုင်ကျင့် ဦးဆောင်သော နယ်စား မဟာမိတ်တပ်ဖွဲ့ဝင် ရှစ်သောင်းကို ယွင်ကျုံးဟဲ့က တွင်းထဲထည့်ကာ သတ်ဖြတ်ခဲ့ပြီး ထိုအလောင်းများကို ရှေ့ဘက်ရှိ မြေကျင်းကြီးထဲတွင် မြှုပ်နှံထားခဲ့သည်။ သေချာသည်မှာ ထိုသူများ သေဆုံးသွားခဲ့သည်မှာ ရက်နှစ်ဆယ်ခန့် ရှိနေပြီဖြစ်ရာ လတ်ဆတ်မှု မရှိတော့ပေ။

သို့ပေမည့် ကံကောင်းထောက်မစွာဖြင့် မြေကြီးထဲတွင် မြှုပ်နှံထားပြီး ခန္ဓာကိုယ် မျက်နှာပြင်တွင် ပြဒါးများစွာ ရှိနေသောကြောင့် အတန်အသင့် မပုပ်မသိုးဘဲ ရှိနေကာ အလောင်းများမှာ လတ်ဆတ်နေဆဲဟု ဆိုနိုင်ပြီး အပေါ်ယံကြည့်လျှင် အတော်လေး အခြေအနေ ကောင်းမွန်နေဆဲ ဖြစ်သည်။

တာယင်အင်ပါယာ၏ စစ်သည် သောင်းချီသည် အစွမ်းကုန် ကြိုးစားအားထုတ်ကာ အတော်အသင့် လတ်ဆတ်သော အလောင်း နှစ်သောင်း၊ သုံးသောင်းခန့်ကို တူးဖော်နိုင်ခဲ့ပြီး ထိုအလောင်းများကို နုဧကရာဇ်၏ သင်္ချိုင်းဂူမှ သံချပ်ကာများ ဝတ်ဆင်ပေးကာ တာယင်အင်ပါယာ စစ်သည်များ၏ အလောင်းအဖြစ် ဟန်ဆောင်စေခဲ့၏။

အလောင်း အရေအတွက်မှာ လုံလောက်သွားသော်လည်း အရေးကြီးဆုံးသော အလောင်းတစ်လောင်း လိုအပ်နေသေး၏။ အခြားသူများ၏ အလောင်းကို ဂရုမစိုက်လျှင်တောင်မှ ယင်ချွဲ့၏ အလောင်းကိုမူ တောင်ပိုင်းကျိုး အင်ပါယာက အလေးထား ရှာဖွေမှာ သေချာပေါက်ဖြစ်သည်။

တာယင်အင်ပါယာ၏ စတုတ္ထမင်းသား ဖြစ်သော ယင်ချွဲ့တွင် ကိုယ်ပွားတစ်ဦး ရှိနေမည်မှာ သေချာပြီး ထိုကိုယ်ပွားသည် သူ့နှင့် ခြောက်ဆယ် ရာခိုင်နှုန်းခန့်သာ တူညီကာ ယန်ဖြန်ရှန် ပြင်ဆင်ထားသော ယင်ချွဲ့ အတုကိုမူ ယှဉ်နိုင်မည် မဟုတ်ပေ။

ထိုစဉ်က ယင်ချွဲ့၏ အလောင်းအဖြစ် ဟန်ဆောင်ရန် လူတစ်ဦး လိုအပ်ကြောင်း မည်သူမှ ထုတ်ဖော် မပြောဆိုခဲ့ပေ။

သို့ပေမည့် လူအားလုံး သတိမထားမိချိန်တွင် စတုတ္ထမင်းသား ယင်ချွဲ့၏ ကိုယ်ပွားမှာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့၏။ သူသည် အစီအစဉ် တစ်ခုလုံး အောင်မြင်စေရန်အတွက် သူ့ကိုယ်သူ စတေးသွားခဲ့ခြင်း ဖြစ်သည်။

ထိုအချိန်က ယင်ချွဲ့မှာ ရူးမတတ်ပင် ဖြစ်သွားခဲ့၏။ ထိုသူကို မိမိကိုယ်တိုင် မသတ်သော်လည်း မိမိကြောင့် သွယ်ဝိုက်ကာ သေဆုံးရခြင်းမျိုးပင် ဖြစ်၏။

ဖုန်းရှင်းမြဲ့သည် ဝမ်းနည်းကြေကွဲမှုကို မြိုသိပ်ကာ ယင်ချွဲ့၏ ကိုယ်ပွားအလောင်းကို ပြုပြင်မွမ်းမံမှုများ ပြုလုပ်ခဲ့ပြီး မွေးရာပါ အမှတ်အသားများကို တူညီအောင် ဖန်တီးကာ ယင်ချွဲ့၏ အဝတ်အစားများ၊ အဆင်တန်ဆာများကို ဝတ်ဆင်ပေးခဲ့သည်။

ထို့နောက် မျက်နှာကို အနည်းငယ် ဖျက်ဆီးလိုက်ခြင်းဖြင့် ယင်ချွဲ့၏ အလောင်းအဖြစ် ဟန်ဆောင်ရာတွင် မည်သည့် ချို့ယွင်းချက်မှ မရှိတော့ပေ။

တောင်ပိုင်းကျိုးအင်ပါယာ၏ လူသတ်ပွဲ စတင်ချိန်တွင် နုဧကရာဇ်၏ သင်္ချိုင်းဂူထဲသို့ ငါးဆီများ၊ သစ်သားများနှင့် ကျောက်မီးသွေးများ အမြောက်အမြား လောင်းချကာ မီးရှို့လိုက်ချိန်၌ အထိတ်တလန့် အော်ဟစ်သံများ ထွက်ပေါ်လာခဲ့၏။

သို့ပေမည့် ထိုအချိန်တွင် သူတို့သည် သင်္ချိုင်းဂူ၏ ဘေးတစ်ဖက်တစ်ချက်ရှိ ဧရာမ ရတနာသိုက်ကြီးများ၊ တစ်နည်းအားဖြင့် တောင်ကြီး နှစ်လုံး၏ အတွင်းပိုင်း ဥမင်များထဲသို့ ဆုတ်ခွာသွားခဲ့ပြီ ဖြစ်သည်။ ထိုသို့ဖြင့် မီးဘေးအန္တရာယ်နှင့် အဆိပ်ငွေ့များကို ရှောင်ရှားနိုင်ခဲ့ပြီး တောင်ပိုင်းကျိုးအင်ပါယာ၏ သတ်ဖြတ်မှုမှ အောင်မြင်စွာ လွတ်မြောက်နိုင်ခဲ့သည်။

မီးငြိမ်းသွားချိန်တွင် တောင်ပိုင်းကျိုးအင်ပါယာက လူလွှတ်၍ စစ်ဆေးစေခဲ့ပြီး မီးတိုင်များ ပစ်ချကာ ကြည့်ရှုခဲ့၏။ မြေပြင်ပေါ်တွင် အလောင်းများ ပြည့်နှက်နေသည်ကို တွေ့ရှိရသောကြောင့် တာယင်အင်ပါယာ၏ စစ်သည် တစ်သိန်းလုံးကို သတ်ဖြတ်နိုင်ခဲ့ပြီဟု ယုံကြည်သွားခဲ့ကြ၏။

နောက်ရက်အနည်းငယ်အတွင်း မြေပြင်ပေါ်မှ တောင်ပိုင်းကျိုးအင်ပါယာ စစ်တပ်မှာ အောက်သို့ ဆင်းမလာနိုင်သကဲ့သို့ ဘေးတစ်ဖက်တစ်ချက် ရတနာသိုက်များအတွင်းမှ တာယင်အင်ပါယာ စစ်တပ်သည်လည်း အပြင်သို့ ထွက်မရခဲ့ပေ။

အကြောင်းမှာ နုဧကရာဇ်၏ သင်္ချိုင်းဂူ နန်းဆောင် အဆောက်အအုံများ အတွင်း၌ အဆိပ်ငွေ့များ ပြည့်နှက်နေဆဲ ဖြစ်သောကြောင့်ပင်။ ထို့အပြင် မရေမတွက်နိုင်သော အလောင်းများမှာ ပုပ်ပွစ ပြုလာသောကြောင့် အနံ့အသက်ဆိုးများ ထွက်ပေါ်နေခဲ့သည်။

နုဧကရာဇ်၏ သင်္ချိုင်းဂူ အတွင်းရှိ လေထုမှာ လူကို အဆိပ်သင့် မသေစေနိုင်တော့သည့် အချိန်အထိ စောင့်ဆိုင်းပြီးမှသာ မင်းသား ယင်ချွဲ့သည် စစ်သည်တစ်သိန်းကို ဦးဆောင်ကာ တောင်တွင်း ဥမင်ကြီးများထဲမှ ထွက်ခွာနိုင်မှာ ဖြစ်၏။

ထို့အပြင် လျှို့ဝှက်ထွက်ပေါက် သုံးဆယ့်ငါးခု စလုံးသည် တောင်ပိုင်းကျိုးအင်ပါယာ စစ်တပ်၏ စောင့်ကြည့်မှု အောက်တွင် ရှိနေခဲ့သည်။

ထိုမျှသာမက သင်္ချိုင်းဂူထဲမှ တာယင်အင်ပါယာ စစ်သည်တစ်သိန်းကို အောင်မြင်စွာ သတ်ဖြတ်နိုင်ခဲ့ပြီဟု ယုံကြည်နေလျှင်ပင် ကျိုးလီသည် သင်္ချိုင်းဂူကို ပုံမှန် စစ်ဆေးရန် လူလွှတ်လေ့ရှိပြီး ထူးခြားမှု ရှိ၊ မရှိ စောင့်ကြည့်နေခဲ့၏။ သံသယရှိ၍ မဟုတ်ဘဲ ပုံမှန် လုပ်ရိုးလုပ်စဉ် စစ်ဆေးမှုများသာ ဖြစ်၏။

ထို့ကြောင့် ဟူယန်ကျောက် ဦးဆောင်သော စစ်တပ်က လေခွင်းမြို့ကို လာရောက်တိုက်ခိုက်ချိန်အထိ စောင့်ဆိုင်းရမှာဖြစ်ပြီး တောင်ပိုင်းကျိုးအင်ပါယာ စစ်တပ် တစ်ခုလုံး တိုက်ပွဲဝင်နေချိန်၌ မြို့တွင်း လုံခြုံရေး လျော့ရဲသွားမှသာ မင်းသား ယင်ချွဲ့သည် ယခင်က ပိတ်ဆို့ထားသော ထွက်ပေါက်များကို ဖောက်ကာ မြေပြင်ပေါ်သို့ ထွက်လာနိုင်မှာ ဖြစ်သည်။

အချိန်မတိုင်မီ မြေအောက်မှ ထွက်လာ၍ မရသကဲ့သို့ သင်္ချိုင်းဂူထဲမှ ကြိုတင် ထွက်ခွာရန်လည်း မဖြစ်နိုင်ပေ။ တောင်ပိုင်းကျိုးအင်ပါယာ စစ်တပ်သည် အင်အားအလုံးအရင်းဖြင့် ဒုတိယစစ်သေနာပတိ ဟူယန်ကျောက်နှင့် ရင်ဆိုင်တိုက်ခိုက်ချိန်ရောက်မှသာ မင်းသား ယင်ချွဲ့သည် ပိတ်ဆို့ထားသော ထွက်ပေါက်များကို ဖောက်၍ မြေပြင်ပေါ်သို့ ထွက်လာနိုင်ပေလိမ့်မည်။

……………………

အပိုင်း (၁၉၂)

ထိုသို့ဆိုလျှင် အဆင့်မြင့် ထရိုဂျန်မြင်း ဗျူဟာ ဆိုသည်မှာ အဘယ်နည်း။

ယန်ဖြန်ရှန်နှင့် ကျိုးလီတို့က လောဘကြီးနေသည် မဟုတ်ပါလား။ နုဧကရာဇ်၏ သင်္ချိုင်းဂူထဲမှ တာယင် အင်ပါယာ စစ်တပ်တစ်သိန်းကို ချေမှုန်းရုံဖြင့် မကျေနပ်နိုင်ဘဲ ဒုတိယစစ်သေနာပတိ ဟူယန်ကျောက်၏ စစ်တပ် သိန်းချီကိုပါ သွေးဆောင် သတ်ဖြတ်လိုနေကြ၏။

ဤသို့ဆိုလျှင် တာယင်အင်ပါယာက အကွက်မိသွားဟန်ဆောင်ကာ ဟူယန်ကျောက်၏ စစ်တပ်ကို နယ်စပ် ခံစစ်မျဉ်းမှ ထွက်ခွာစေပြီး လေခွင်းမြို့သို့ ချီတက်စေမှာ ဖြစ်သည်။

ဟူယန်ကျောက်၏ စစ်တပ်ကို အပြတ်အသတ် ချေမှုန်းနိုင်ရန်အတွက် ကျိုးလီသည် နုလန်ဟောက် အောက်ရှင်း၏ စစ်တပ် သိန်းချီကို သေချာပေါက် မြောက်ဘက်သို့ စေလွှတ်ပေလိမ့်မည်။

ယခင်က အောက်ရှင်းသည် ဒုတိယစစ်သေနာပတိ အနေဖြင့် စစ်တပ် သိန်းချီကို ဦးဆောင်ကာ ထန်ထိုင်မြို့ကို ထိန်းသိမ်းစောင့်ရှောက်နေခြင်း ဖြစ်သည်။ အောက်ရှင်းက စစ်တပ်ကို ဦးဆောင်၍ မြောက်ဘက်သို့ ထွက်ခွာ သွားသည်နှင့် ထန်ထိုင်မြို့မှာ ဟာလာဟင်းလင်း ဖြစ်သွားတော့မှာဖြစ်၏။

ပိုင်ရှင်မဲ့ နယ်မြေ တစ်ခုလုံးတွင် အရေးအကြီးဆုံး မြို့နှစ်မြို့မှာ လေခွင်းမြို့နှင့် ထန်ထိုင်မြို့တို့ ဖြစ်ကြသည်။ တာယင်အင်ပါယာကို တိုက်ခိုက်လိုလျှင် ရှေးဦးစွာ လေခွင်းမြို့ကို သိမ်းပိုက်ရမှာဖြစ်ပြီး တောင်ပိုင်းကျိုး အင်ပါယာကို တိုက်ခိုက်လိုလျှင် ရှေးဦးစွာ ထန်ထိုင်မြို့ကို သိမ်းပိုက်ရပေမည်။

ကျိုးလီနှင့် ယန်ဖြန်ရှန်တို့က ဟူယန်ကျောက်သည် မိမိတို့၏ ထောင်ချောက်အတွင်းသို့ ကျဆင်းသွားပြီဟု ထင်မှတ်နေကြသော်လည်း အမှန်တကယ်တွင် သူတို့ကိုယ်တိုင်ကသာ ယွင်ကျုံးဟဲ့၏ ကျားကိုတောင်ပေါ်မှ ဆင်းစေသော ဗျူဟာထဲသို့ ကျဆင်းသွားခဲ့ခြင်း ဖြစ်သည်။

အောက်ရှင်းသည် စစ်တပ်ကို ဦးဆောင်ကာ ထန်ထိုင်မြို့မှ ထွက်ခွာသွားသည်နှင့်တပြိုင်နက် ထန်ထိုင်မြို့ တစ်ခုလုံးမှာ လူသူကင်းမဲ့လုနီးပါး ဖြစ်သွားမှာဖြစ်၏။

နုလန်ဟောက် အောက်ရှင်းသည် စစ်တပ်ကို ဦးဆောင်ကာ လေခွင်းမြို့သို့ ချီတက်လာချိန်တွင် တာယင် အင်ပါယာ၏ နောက်ထပ် စစ်သူကြီး တစ်ဦးဖြစ်သော ဖုန်းရှောက်ထျန်းက စစ်သည်တစ်သိန်းကို ဦးဆောင်ကာ တောင်ဘက်သို့ ချီတက်ပြီး ထန်ထိုင်မြို့ကို ဝင်ရောက် တိုက်ခိုက်ပေလိမ့်မည်။

ဤအချိန်သည် ထန်ထိုင်မြို့၏ အားအနည်းဆုံး အချိန်ပင် ဖြစ်၏။

ယန်ဖြန်ရှန် လောဘကြီးသကဲ့သို့ ယွင်ကျုံးဟဲ့သည်လည်း လောဘကြီး၏။ သူတို့ နှစ်ဦးစလုံး၏ ဗျူဟာများမှာ အလွန်အမင်း ရူးသွပ်နေကြသည်။

သို့ပေမည့် ဒုတိယစစ်သေနာပတိများ ဖြစ်ကြသော ဟူယန်ကျောက်နှင့် အောက်ရှင်းတို့မှာမူ တိုက်ဆိုင်စွာပင် သတိထားတတ်ကြ၏။

မူလက ဟူယန်ကျောက်သည် လေခွင်းမြို့ကို လာရောက်တိုက်ခိုက်ရာတွင် စစ်သည်သုံးသိန်း ခေါ်ဆောင် လာမှသာ လုံခြုံမည်ဖြစ်သော်လည်း ထိုသို့ မပြုလုပ်ဘဲ နှစ်သိန်းသာ ခေါ်ဆောင်လာခဲ့သည်။

အလားတူပင် တောင်ပိုင်းကျိုးအင်ပါယာ၏ ဒုတိယစစ်သေနာပတိ အောက်ရှင်းသည်လည်း မြောက်ဘက်သို့ စစ်သည်နှစ်သိန်းသာ ခေါ်ဆောင်သွားပြီး ထန်ထိုင်မြို့ကို ကာကွယ်ရန် စစ်သည်သောင်းဂဏန်းမျှ ချန်ထားခဲ့၏။

သို့ပေမည့် ထန်ထိုင်မြို့ကို သွားရောက်တိုက်ခိုက်မည့် တာယင်အင်ပါယာ စစ်တပ်သည် ယွင်ကျုံးဟဲ့ ပေးအပ်ထားသော ဖော်စပ်နည်းဖြင့် ပြုလုပ်ထားသည့် လျှို့ဝှက်လက်နက်ကို သယ်ဆောင်သွားပြီး ထူးခြားသော အစွမ်းအာနိသင်များ ပြသနိုင်ရန် မျှော်လင့်ထားသည်။

‘ယန်ဖြန်ရှန်... ခင်ဗျားက တာယင်အင်ပါယာရဲ့ စစ်တပ် သိန်းချီကို အပြတ်ရှင်းပြီး တစ်ပွဲတည်းနှင့် အနိုင်အရှုံးကို အဆုံးအဖြတ်ပေးချင်ခဲ့တယ်။ ကျုပ် ယွင်ကျုံးဟဲ့ကလည်း ခင်ဗျား၏ တောင်ပိုင်းကျိုးအင်ပါယာ စစ်တပ် သိန်းချီကို အပြတ်ရှင်းပြီး တစ်ပွဲတည်းနှင့် အဆုံးအဖြတ် ပေးမယ်။ ခင်ဗျား ရူးသွပ်နေရင် ကျုပ်က ခင်ဗျားထက် ပိုရူးသွပ်ပြီး ပိုကောက်ကျစ်စဉ်းလဲပြမယ်။ စောင့်ကြည့်နေလိုက်။’

“သတ်… သတ်… သတ်....”

လေခွင်းမြို့ စစ်မြေပြင်သည် အလွန် ရူးသွပ်ဖွယ်ကောင်းသော အချိန်ကာလသို့ ရောက်ရှိသွားခဲ့၏။ သို့သော်ငြား မူလက အသာစီးရနေသော တောင်ပိုင်းကျိုးအင်ပါယာ စစ်တပ်သည် ရှေ့နောက် ညှပ်ပိတ်ကာ တိုက်ခိုက်ခံရပြီးနောက် ချက်ချင်းပဲ အရေးနိမ့်သွားတော့သည်။

မြေအောက်ထဲတွင် ပုန်းခိုနေသော တာယင်အင်ပါယာ၏ စစ်သည်တစ်သိန်းသည် ခန္ဓာကိုယ် အခြေအနေ သိပ်မကောင်းတော့သော်လည်း စိတ်ဓာတ်ပိုင်းဆိုင်ရာတွင် အလွန် တက်ကြွနေပြီး ရူးသွပ်နေသည့်အလား ဖြစ်နေသည်။ တစ်ယောက်ချင်းစီတိုင်းသည် သားရဲများပမာ ပြေးဝင်ကာ သတ်ဖြတ်နေကြ၏။

ဒုတိယစစ်သေနာပတိ ဟူယန်ကျောက် ဦးဆောင်သော တာယင်အင်ပါယာ စစ်တပ်သည် မဟာမိတ်တပ်များက ရန်သူ့နောက်ကျောမှ ထွက်ပေါ်လာသည်ကို မြင်တွေ့ရပြီး စတုတ္ထမင်းသား ယင်ချွဲ့၏ အလံကို မြင်တွေ့ရချိန်၊ အထူးသဖြင့် မင်းသား ယင်ချွဲ့ ကိုယ်တိုင်ကို မြင်တွေ့ရချိန်တွင် ချက်ချင်းပဲ အလွန်အမင်း ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားကြကာ စိတ်ဓာတ်များ အဆမတန် တက်ကြွလာပြီး သွေးဆူလာကြတော့သည်။

တစ်ဖက်မှ သတ်ဖြတ်တိုက်ခိုက်ရင်း တစ်ဖက်မှလည်း တာယင်အင်ပါယာ သက်တော်ရာကျော် ရှည်ပါစေ၊ ဧကရာဇ်မင်းမြတ် သက်တော်ရာကျော် ရှည်ပါစေ ဟု ကြွေးကြော်နေကြ၏။

မူလက စိတ်ဓာတ်တက်ကြွနေသော တောင်ပိုင်းကျိုးအင်ပါယာသည် ရှေ့နောက် ညှပ်ပိတ်တိုက်ခိုက် ခံရချိန်တွင် စိတ်ဓာတ်များ ချက်ချင်း ကျဆင်းသွားခဲ့၏။ စစ်မြေပြင် တစ်ခုလုံး အပြည့်အဝ ဖရိုဖရဲ ဖြစ်သွားခဲ့သည်။ အားလုံး ရောထွေးကာ သတ်ဖြတ်နေကြတော့သည်။

တောင်ပိုင်းကျိုးအင်ပါယာ၏ စစ်တပ် နှစ်သိန်းတစ်သောင်းတွင် တစ်သိန်းခြောက်သောင်းသာ သူတို့၏ ကိုယ်ပိုင် အင်အားဖြစ်ပြီး ကျန်ငါးသောင်းမှာ ထန်ထိုင် မိသားစုနှင့် ပိုင်ရှင်မဲ့ နယ်မြေမှ မြို့စားများ၏ စစ်တပ်များ ဖြစ်ကြ၏။

ထိုငါးသောင်း၊ ခြောက်သောင်းခန့် ရှိသော စစ်တပ်သည် ဦးစွာပထမ ပြိုကွဲသွားခဲ့၏။ ထို့နောက် တောင်ပိုင်းကျိုးအင်ပါယာ၏ စစ်တပ် သိန်းချီသည်လည်း စတင် ပြိုကွဲပျက်စီးလာတော့သည်။

စစ်မြေပြင် ဆိုသည်မှာ အရှိန်အဟုန် အပေါ်တွင်သာ မူတည်၏။ တစ်ကြိမ် ပြိုကွဲစပြုသည်နှင့် တောင်ပြို သကဲ့သို့ ရှုံးနိမ့်သွားတော့မှာ ဖြစ်၏။ တောင်ပိုင်းကျိုးအင်ပါယာ၏ စစ်တပ် သိန်းချီသည် တာယင်အင်ပါယာ၏ စစ်တပ် နှစ်သိန်း၊ သုံးသိန်းကို မည်သို့မှ ယှဉ်ပြိုင်နိုင်လိမ့်မည် မဟုတ်ပေ။

ထို့အပြင် မြေအောက်မှ ထွက်ပေါ်လာသော တာယင်အင်ပါယာ စစ်သည်များ ကိုင်ဆောင်ထားသည့် လက်နက်များမှာ အထူးသဖြင့် ထက်မြက်လွန်းပြီး သံချပ်ကာများမှာလည်း အလွန် ခိုင်မာလွန်းလှ၏။

အကြောင်းမှာ ထိုအရာများအားလုံးသည် နုဧကရာဇ်၏ သင်္ချိုင်းဂူ ရတနာသိုက်ထဲမှ လက်နက်များ ဖြစ်သောကြောင့်ပင်။

ထိုလက်နက်များကို စတင်တွေ့ရှိချိန်က ကျောက်သေတ္တာများထဲတွင် သေချာစွာ သိမ်းဆည်းထားပြီး သေတ္တာအဟများကိုပင် ရွှံ့စေးများဖြင့် ပိတ်ဆို့ကာ မီးဖုတ်ထားခဲ့ခြင်း ဖြစ်သည်။

ဧရာမ ရတနာသိုက်ကြီး နှစ်ခုအတွင်း၌ မရေမတွက်နိုင်သော လက်နက်များသာမက ရွှေငွေရတနာများလည်း အမြောက်အမြား ရှိနေပြီး မရေမတွက်နိုင်သော ရိက္ခာပစ္စည်း အမျိုးမျိုးလည်း ရှိနေသေး၏။

နုဧကရာဇ်သည် အမှန်တကယ်ပင် ရူးသွပ်နေခဲ့ခြင်း ဖြစ်၏။ သူသည် တစ်နေ့တွင်ပြန်လည် ရှင်သန်လာပြီး သင်္ချိုင်းဂူထဲမှ စစ်တပ်ကြီးကို ဦးဆောင်ကာ ထွက်ခွာနိုင်မည်ဟု ယုံကြည်နေခဲ့ခြင်းပင်။

ရှုံးနိမ့်ခြင်း... ရှုံးနိမ့်ခြင်း... ရှုံးနိမ့်ခြင်း။

တောင်ပိုင်းကျိုးအင်ပါယာ စစ်တပ်သည် ဆက်လက်ကာ ပြိုကွဲရှုံးနိမ့်နေခဲ့၏။ အိမ်ရှေ့စံမင်းသား ကျိုးလီ၏ မျက်လုံးများမှာ ကွဲထွက်မတတ် ဖြစ်နေပြီး တစ်ကိုယ်လုံး မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ဖြစ်နေသည်။

ယန်ဖြန်ရှန်သည်လည်း အလွန်အမင်း အံ့ဩမှင်တက်သွားပြီး တစ်ကိုယ်လုံး အေးစက်သွားခဲ့၏။

လူသိန်းချီ ပါဝင်သော စစ်ပွဲကြီး တစ်ခုတွင် တစ်ဦးတစ်ယောက်ချင်းစီ၏ စွမ်းအားမှာ အလွန် သေးငယ်လွန်းနေ၏။ ယခုအချိန်တွင် ယန်ဖြန်ရှန်၏ ဉာဏ်ပညာသည် နတ်ဆိုးတစ်ကောင်ပမာ ထက်မြက်နေစေကာမူ စစ်ပွဲအခြေအနေကို ပြောင်းလဲနိုင်မှာ မဟုတ်တော့ပေ။ စစ်ရှုံးခြင်းက တောင်ပြိုကျသကဲ့သို့ အခြေအနေမှာ ရုတ်ချည်း ပြောင်းလဲသွားတော့သည်။

ထိုစဉ် ယွင်ကျုံးဟဲ့ထံမှ အသံကျယ်ကြီးဖြင့် ရယ်မောသံ ထွက်ပေါ်လာခဲ့ပြီး လှောင်ပြောင်လိုက်၏။ “သခင်ကြီး ယန်ဖြန်ရှန်… အရသာ ဘယ်လိုနေလဲ။ ကျုပ်ကို တာယင်အင်ပါယာရဲ့ စစ်တပ်သိန်းချီ ပျက်စီးသွားတာကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့စေချင်တယ်ဆို။”

ယွင်ကျုံးဟဲ့က ဆက်ပြောလိုက်သည်။ “အခု ဒီစကားကို ခင်ဗျားဆီ ပြန်ပေးမယ်။ ခင်ဗျားရဲ့ တောင်ပိုင်းကျိုး အင်ပါယာ စစ်တပ်ကြီး ပျက်စီးသွားတာကို မျက်မြင်ကိုယ်တွေ့ ကြည့်နေလိုက်ပါ။

သခင်ကြီး ယန်ဖြန်ရှန်… ခင်ဗျားက ကျုပ်တွေ့ဖူးသမျှထဲမှာ ဉာဏ်အကောင်းဆုံး လူတစ်ယောက်ပဲ။ ဒါပေမဲ့ နှမြောစရာကောင်းတာက ခင်ဗျား လောဘကြီးလွန်းသွားတယ်။ အရေးအကြီးဆုံးက ခင်ဗျား နုဧကရာဇ်ရဲ့ သင်္ချိုင်းဂူကို ရှာဖွေတာ မလုံလောက်ခဲ့ဘူး။

အရင်က ကျုပ် ခင်ဗျားကို ပြောဖူးတယ် မဟုတ်လား။ ခင်ဗျား နုဧကရာဇ်ရဲ့ သင်္ချိုင်းဂူကို ရှာဖွေတုန်းက ထူးဆန်းတယ်လို့ မခံစားရဘူးလား။ ဘာလို့ ရွှေငွေရတနာ တစ်စုံတစ်ရာမှ မတွေ့ရတာလဲ။ ဘာလို့ ရတနာသိုက် မရှိတာလဲလို့လေ။

ပြီးတော့ အဲဒီ ရွှေပလ္လင်က အန္တရာယ်ရှိတဲ့ ယန္တရားမှန်း သိတာနဲ့ အဲဒါက ဖျက်ဆီးခြင်းကို ကိုယ်စားပြုတယ်လို့ ခင်ဗျား ထင်ခဲ့တယ်။ ဒါပေမဲ့ အဲဒါက အသက်ရှင်သန်ဖို့ မျှော်လင့်ချက်ကိုလည်း ကိုယ်စားပြုတယ် ဆိုတာကိုတော့ ခင်ဗျား မသိခဲ့ဘူး။”

ချက်ချင်းပင် ယန်ဖြန်ရှန်၏ အကြည့်များက ယွင်ကျုံးဟဲ့ထံ ရောက်ရှိလာပြီး မျက်လုံးများ သွေးရောင်လွှမ်း နေခဲ့၏။ တစ်ကိုယ်လုံး၏ မျက်နှာသွင်ပြင်သည် စတင် ပုံပျက်ရှုံ့မဲ့လာ၏။

ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “သခင်ကြီးယန်ဖြန်ရှန်… ခင်ဗျားက တစ်ပွဲတည်းနဲ့ အဆုံးအဖြတ် ပေးချင်တာ မဟုတ်လား။ တာယင်အင်ပါယာရဲ့ ကံကြမ္မာကို ဖျက်ဆီးပစ်ချင်တာ မဟုတ်လား။ အခု အဲဒီစကားကို ကျုပ် ပြန်ပေးလိုက်ပြီ။ သွေးအန်လိုက်ပါတော့ သခင်ကြီးယန်ဖြန်ရှန်… ခင်ဗျား ရှုံးပြီ။”

ယန်ဖြန်ရှန်၏ ခန္ဓာကိုယ် တစ်ခုလုံး ပြင်းထန်စွာ တုန်ယင်နေခဲ့၏။ တောင်ပိုင်းကျိုးအင်ပါယာ၏ စစ်သည်များ သွေးအိုင်ထဲတွင် လဲကျသွားသည်ကို သူ ကိုယ်တိုင် မျက်မြင်တွေ့ရှိနေရသည်။ အလွန်အမင်း ရက်စက် ကြမ်းကြုတ်လွန်းလှ၏။

လေခွင်းမြို့ တိုက်ပွဲတွင် ရှုံးနိမ့်သွားပြီမှာ သေချာနေပြီ ဖြစ်သည်။ သို့ပေမည့် ယန်ဖြန်ရှန်သည် ထိုအတွေးများ အားလုံးကို ချက်ချင်း ဖယ်ရှားလိုက်ပြီး သူ့ကိုယ်သူ တည်ငြိမ်အောင် အတင်းအကျပ် ထိန်းချုပ်လိုက်၏။ ယန်ဖြန်ရှန် အတွက် အန္တရာယ်အများဆုံး အချိန်သို့ ရောက်ရှိလာပြီ ဖြစ်သည်။

‘မဟုတ်ဘူး။ ကျုပ် တည်ငြိမ်ရမယ်။ စဉ်းစားရမယ်။ စဉ်းစားစမ်း။ စဉ်းစားစမ်း...’

ထို့နောက် ယန်ဖြန်ရှန်၏ မျက်နှာ အကြီးအကျယ် ပျက်ယွင်းသွားပြီး အော်ဟစ်လိုက်၏။ “မကောင်းတော့ဘူး… မကောင်းတော့ဘူး။ အိမ်ရှေ့စံမင်းသား… အောက်ရှင်းဆီကို အခုချက်ချင်း လူလွှတ်ပြီး အမိန့်ပေးလိုက်ပါ။ ကျုပ်တို့ကို လာမကူညီခိုင်းနဲ့တော့…။

အခုချက်ချင်း တောင်ဘက်ကို ပြန်ဆင်းခိုင်းလိုက်ပါ။ တောင်ဘက်ကို ချက်ချင်း ဆင်းသွားပါစေ။ တာယင် အင်ပါယာရဲ့ တခြားစစ်တပ်က တောင်ဘက်ကို ဆင်းသွားပြီး ထန်ထိုင်မြို့ကို သွားတိုက်တော့မယ်။ ထန်ထိုင်မြို့ အန္တရာယ်ရှိနေပြီ… အန္တရာယ်ရှိနေပြီ။”

အိမ်ရှေ့စံမင်းသား ကျိုးလီသည် ထိုစကားကို ကြားချိန်မှာတော့ အရာအားလုံးကို ချက်ချင်း နားလည်သွား တော့၏။ သူ၏ အကြည့်များက ယွင်ကျုံးဟဲ့ထံသို့ ချက်ချင်း ရောက်ရှိသွားသည်။

အလွန် ကောက်ကျစ်စဉ်းလဲသော စိတ်ဓာတ်ပင်။ စစ်တပ် နှစ်သိန်းကို သတ်ဖြတ်ရုံသာမက ထန်ထိုင်မြို့ကိုပါ သိမ်းပိုက်လိုခြင်း ဖြစ်၏။ လေခွင်းမြို့ ကျဆုံးမှုမှာ သေချာနေပြီဖြစ်ရာ ထန်ထိုင်မြို့ပါ ကျဆုံးသွားပါက ပိုင်ရှင်မဲ့ နယ်မြေ တစ်ခုလုံးကို တာယင်အင်ပါယာက အပြည့်အဝ သိမ်းပိုက်သွားမှာဖြစ်၏။

တောင်ပိုင်းကျိုးအင်ပါယာ၏ ကျန်ရစ်သော စစ်တပ် နှစ်သိန်းကျော်သည်လည်း အိမ်ပြန်လမ်း ပိတ်သွားမှာ ဖြစ်ပြီး ပိုင်ရှင်မဲ့နယ်မြေ အတွင်း၌ အသက်ရှင်လျက် ပိတ်လှောင်ခံရပေလိမ့်မည်။

ဤသည်မှာ စစ်ပွဲပင် ဖြစ်သည်။ အနိုင်အရှုံးသည် မျက်တောင်တစ်ခတ်အတွင်း ပြောင်းလဲနိုင်ပြီး ယခုလေးတင် အနိုင်ရမည်ဟု ထင်နေသော်လည်း နောက်တစ်စက္ကန့်တွင် ဘေးအန္တရာယ်ကြီး ကျရောက်လာနိုင်၏။

တောင်ပိုင်းကျိုးအင်ပါယာ၏ အိမ်ရှေ့စံမင်းသား ကျိုးလီက ပြတ်သားစွာဖြင့် အမိန့်ချမှတ်လိုက်သည်။ “မြန်မြန်… အောက်ရှင်းဆီကို အမိန့်သွားပေး။ ကျုပ်ကို လာမကယ်နဲ့တော့… စစ်တပ်ကို ဦးဆောင်ပြီး တောင်ဘက်ကို ချက်ချင်း ပြန်ဆင်းပြီး ထန်ထိုင်မြို့ကို ကယ်တင်ခိုင်းလိုက်။

ကျုပ်ဘက်က ကိစ္စမရှိဘူး… စစ်တပ် တစ်ခုလုံး သေကုန်ရင်တောင် ကျုပ် ထွက်ပြေးနိုင်တယ်။ ထန်ထိုင်မြို့ကို ချက်ချင်း အပြည့်အဝ သတိထားဖို့ အမိန့်ပေးလိုက်ပါ။ မြောက်ပိုင်းဌာနချုပ်နဲ့ ကျင်းကျိုးမြို့ ကာကွယ်ရေး တပ်ဖွဲ့တွေကို အခုချက်ချင်း မြောက်ဘက်ကို တက်လာပြီး ထန်ထိုင်မြို့ကို အစွမ်းကုန် ကူညီဖို့ အမိန့်ပေးလိုက်။”

အိမ်ရှေ့စံမင်းသား ကျိုးလီ၏ အမိန့်ကို ကြားပြီးနောက် သိုင်းပညာရှင် ဆယ်ယောက်ကျော်သည် ဘေးတစ်ဖက်တစ်ချက်ရှိ တောင်တန်းများဆီသို့ လျင်မြန်စွာ ပြေးထွက်သွားကြ၏။ တစ်ချို့က အောက်ရှင်း၏ စစ်တပ်ကို သွားရောက် တားဆီးရန် ဖြစ်ပြီး တစ်ချို့က ထန်ထိုင်မြို့သို့ သတင်းပို့ရန် ဖြစ်၏။

“အချိန်မီပါစေ၊ ကောင်းကင်ဘုံက တောင်ပိုင်းကျိုးအင်ပါယာကို ကာကွယ်စောင့်ရှောက်ပါစေ။ ကျုပ် ကျိုးလီ တစ်ယောက် တောင်ပိုင်းကျိုးအင်ပါယာ၏ တရားခံ မဖြစ်စေရန် ကောင်းကင်ဘုံက စောင့်ရှောက်ပါစေ။” ကျိုးလီက ဆုတောင်းနေမိသည်။

တစ်ချိန်တည်းမှာပဲ မိုင်ခုနစ်ဆယ် အကွာ၌ တောင်ပိုင်းကျိုးအင်ပါယာ၏ နုလန်ဟောက် အောက်ရှင်းသည် စစ်တပ် နှစ်သိန်းကို ဦးဆောင်ကာ လျင်မြန်စွာ ချီတက်လာနေ၏။

ဤ ပိုင်ရှင်မဲ့ နယ်မြေ၏ လမ်းပန်းဆက်သွယ်ရေး အခြေအနေမှာ အလွန် ဆိုးရွားလွန်းလှရာ စစ်တပ် သိန်းချီ ချီတက်ရသည်မှာ အလွန် ဒုက္ခရောက်လှသည်။

အထူးသဖြင့် ဟူယန်ကျောက်၏ နောက်ကျောမှ ဝင်ရောက်တိုက်ခိုက်ရန် လမ်းလွှဲချီတက်ရသောကြောင့် ပို၍ပင် ခက်ခဲနေသေး၏။

ဤဆယ်ရက်ကျော် ကာလအတွင်း ချီတက်ရင်း လိမ့်ကျသေဆုံးသွားသော စစ်သည်နှင့် မြင်း အရေအတွက်မှာ သုံးလေးထောင်ကျော် ရှိနေပြီ ဖြစ်သည်။ သို့ပေမည့် သူသည် မည်သည့် ညည်းညူမှုမှ မပြုလုပ်ခဲ့ပေ။

“မြန်မြန်… မြန်မြန်… မြန်မြန်… မြန်မြန်...” အောက်ရှင်းက အဆက်မပြတ် ရေရွတ်နေ၏။

ကယ်ဆယ်ရေး စစ်တပ် ဆိုသည်မှာ မီးငြှိမ်းသတ်ခြင်းပင် ဖြစ်၏။ စစ်တပ် မည်မျှပင် ပင်ပန်းနေပါစေ၊ လမ်းခရီး မည်မျှပင် ဆိုးရွားနေပါစေ လေခွင်းမြို့သို့ ခြေတစ်လှမ်းစော၍ ရောက်ရှိရန် အောက်ရှင်းသည် ရူးသွပ်စွာ ချီတက်နေဆဲ ဖြစ်သည်။

သူသည် စစ်မြေပြင်၏ ကျော်ကြားသော စစ်သေနာပတိ တစ်ဦးဖြစ်ပြီး တောင်ဘက် လူရိုင်းနယ်မြေ စတုရန်း ကီလိုမီတာ တစ်သန်းကျော်တွင် ထက်ဝက်ကျော်ကို သူကိုယ်တိုင် တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် သူသည် အလွန် ကြောက်မက်ဖွယ်ကောင်းသော စစ်မြေပြင် အာရုံခံစားနိုင်စွမ်းကို ပိုင်ဆိုင်ထား၏။

အတွင်းရေး အသေးစိတ်ကို သူ မသိရှိသော်လည်း ဤစစ်ပွဲ၏ ထူးဆန်းသော လေပြင်းကို သူ အနံ့ခံမိနေခဲ့သည်။ အရာအားလုံးက အလွန် ချောမွေ့လွန်းနေပြီး အလွန် ထူးဆန်းလွန်းနေသည်ဟု သူ ခံစားရ၏။ လေခွင်းမြို့နှင့် နီးကပ်လာလေလေ နုလန်ဟောက် အောက်ရှင်း၏ ရင်တွင်း၌ မတည်ငြိမ်မှုများ ပိုမို ကြီးမားလာလေလေ ဖြစ်သည်။

“မြန်မြန်… မြန်မြန်… မြန်မြန်..”

.....................

All Chapters