← Chapters

အခန်း (၁၉၃-၁၉၄)

Vol. 17 Ch. 193-194

အခန်း (၁၉၃-၁၉၄)

Vol. 17 Ch. 193-194

အပိုင်း (၁၉၃)

ထိုစဉ် ကင်းထောက်စစ်သည် အချို့ လျင်မြန်စွာ ပြေးဝင်လာကြ၏။

ကင်းထောက်တစ်ဦးက လျင်မြန်စွာ သတင်းပို့လိုက်သည်။ “နုလန်ဟောက်… လေခွင်းမြို့ စစ်ရေး အခြေအနေက ထူးဆန်းနေတယ်။ နုဧကရာဇ်ရဲ့ သင်္ချိုင်းဂူထဲက တာယင်အင်ပါယာ စစ်တပ်တစ်သိန်းက မသေတဲ့အပြင် မြေအောက်ထဲက ထွက်လာတယ်။ အခဒ ဟူယန်ကျောက်ရဲ့ စစ်တပ်နဲ့ပေါင်းပြီး ကျုပ်တို့ တောင်ပိုင်းကျိုးအင်ပါယာရဲ့ အဓိက စစ်တပ်ကို တောင်နဲ့မြောက် ညှပ်ပိတ်တိုက်ခိုက်နေကြတယ်။ အခြေအနေက သိပ်မကောင်းဘူး။”

ထိုကင်းထောက်သည် ဒူးထောက်ရန် အချိန်မရသကဲ့သို့ လျှို့ဝှက်စာ သုံးရန်လည်း အချိန်မရတော့ဘဲ ပုံမှန် စကားဖြင့် တိုက်ရိုက် သတင်းပို့လိုက်ခြင်း ဖြစ်၏။

နုလန်ဟောက်၏ မျက်နှာ အကြီးအကျယ် ပျက်ယွင်းသွားတော့၏။ ထို့နောက် သူ၏ ခံစားချက်များ တဖြည်းဖြည်း ပိုမို ဆိုးရွားလာသည်။ “မကောင်းတော့ဘူး… ထန်ထိုင်မြို့ အန္တရာယ် ရှိနေပြီ။”

သူသည် စစ်မြေပြင်၏ ကျော်ကြားသော စစ်သေနာပတိ တစ်ဦးဖြစ်ရာ အနည်းငယ် မြင်ရုံဖြင့် တစ်ခုလုံးကို ရိပ်မိနိုင်စွမ်း ရှိသ ဖြစ်သည်။

ဆက်လက်၍ မည်သို့ ပြုလုပ်ရမည်နည်း။ လေခွင်းမြို့ စစ်မြေပြင်သို့ သွားရောက်ကာ အိမ်ရှေ့စံမင်းသား ကျိုးလီကို ကယ်တင်ရမည်လား။ သို့မဟုတ် နောက်ကြောင်းပြန်လှည့်ကာ တောင်ဘက်သို့ ဆင်းပြီး ထန်ထိုင်မြို့ကို ကယ်တင်ရမည်လား။

ဆင်ခြင်တုံတရား အရဆိုလျှင် အောက်ရှင်းသည် စစ်တပ်ကို ဦးဆောင်ကာ တောင်ဘက်သို့ ဆင်းပြီး ထန်ထိုင်မြို့ကို ကာကွယ်ရန် ပိုမို အရေးကြီးလှ၏။ ထန်ထိုင်မြို့ကို ကာကွယ်နိုင်မည်ဆိုလျှင် ဤစစ်ပွဲကြီးတွင် ထက်ဝက်ခန့်သာ ရှုံးနိမ့်ခြင်း ဖြစ်မည်။

အကယ်၍ လေခွင်းမြို့နှင့် ထန်ထိုင်မြို့ နှစ်ခုစလုံး ကျဆုံးသွားပါက ဤစစ်ပွဲကြီး တစ်ခုလုံး အပြည့်အဝ ရှုံးနိမ့်သွားပြီ ဖြစ်သည်။ သူ မည်သို့ ပြုလုပ်ရမည်နည်း။ မည်ကဲ့သို့ ရွေးချယ်ရမည်နည်း။

အောက်ရှင်းက ပြတ်သားစွာဖြင့် ခေါ်လိုက်၏။ “ကျန်းကျိထော်...”

ရဲရင့်ပြတ်သားသော တောင်ပိုင်းကျိုးအင်ပါယာ စစ်သူကြီးတစ်ဦးက ထွက်လာပြီး ဦးညွတ်ကာ ပြောလိုက်သည်။ “ကျုပ် ရှိပါတယ်။”

အောက်ရှင်းက အမိန့်ပေးလိုက်၏။ “ခင်ဗျား စစ်တပ်ကို ဦးဆောင်ပြီး တောင်ဘက်ကို ချက်ချင်း ဆင်းသွား… ထန်ထိုင်မြို့ကို သွားကယ်။ ကျန်တဲ့ မြင်းစစ်သည် တစ်သောင်းက ကျုပ်နဲ့အတူ လေခွင်းမြို့ကို သွားပြီး အိမ်ရှေ့စံမင်းသားကို ကယ်ရမယ်။”

တောင်ပိုင်းကျိုးအင်ပါယာ စစ်သူကြီး ကျန်းကျိထော်က အသံကျယ်ကြီးဖြင့် ပြောလိုက်သည်။ “ကောင်းပါပြီ… အမိန့်အတိုင်း နာခံပါ့မယ်။”

ထို့နောက် နုလန်ဟောက် အောက်ရှင်းသည် မြင်းစစ်သည် တစ်သောင်းကို ဦးဆောင်ကာ လျှပ်စီးလက် သကဲ့သို့ လျင်မြန်စွာဖြင့် အိမ်ရှေ့စံမင်းသား ကျိုးလီကို ကယ်တင်ရန် လေခွင်းမြို့သို့ ချီတက်သွားခဲ့၏။

တစ်ချိန်တည်းမှာပဲ တာယင်အင်ပါယာမှ လန်ထျန်နယ်စား ဖုန်းရှောက်ထျန်းသည် အစွမ်းထက် စစ်သည် တစ်သိန်းကို ဦးဆောင်ကာ ပေါ့ပါးသော အသုံးအဆောင်များဖြင့် တောင်ဘက်ရှိ ထန်ထိုင်မြို့သို့ ရူးသွပ်စွာ ချီတက်နေခဲ့သည်။

“မြန်မြန်… မြန်မြန်… မြန်မြန်...”

လျှပ်တစ်ပြက် စစ်ဆင်ရေးကို အသုံးပြုကာ ထန်ထိုင်မြို့ကို အမြန်ဆုံး သိမ်းပိုက်ရမှာ ဖြစ်၏။

သူတို့သည် မြို့ရိုးတက် လှေကားများ၊ မြို့ရိုးဖျက်ရထားများကိုပင် သယ်ဆောင်မလာခဲ့ကြချေ။ ကျောက်ခဲပစ်စက်များမှာမူ ဆိုဖွယ်ရာပင် မရှိတော့ပေ။ သို့ပေမည့် သူတို့သည် ယွင်ကျုံးဟဲ့ ပေးအပ်ထားသော ဖော်စပ်နည်းဖြင့် ပြုလုပ်ထားသည့် လျှို့ဝှက်လက်နက်ကိုမူ သယ်ဆောင်လာခဲ့ကြသည်။

လေခွင်းမြို့ စစ်မြေပြင်သည် အဆုံးသတ်ပိုင်းသို့ ရောက်ရှိနေပြီဖြစ်၏။ တောင်ပိုင်းကျိုးအင်ပါယာ၏ စစ်တပ်ကြီးသည် ပြိုကွဲလုနီးပါး ဖြစ်နေပြီ ဖြစ်၏။

သခင်ကြီး ဖုန်းရှင်းမြဲ့သည် ဟေးလုံထိုင်မှ သိုင်းပညာရှင် အမြောက်အမြားကို ဦးဆောင်ကာ ယန်ဖြန်ရှန်နှင့် ယွင်ကျုံးဟဲ့တို့ရှိရာသို့ ရူးသွပ်စွာ ပြေးဝင်လာခဲ့ကြသည်။

သူတို့သည် အဓိက စစ်မြေပြင်ကို လုံးဝ ဂရုမစိုက်ခဲ့ကြပေ။ သူတို့၏ ရည်ရွယ်ချက်မှာ ယွင်ကျုံးဟဲ့ကို ကယ်တင်ရန် တစ်ခုတည်းသာ ဖြစ်၏။

မည်သည့် တန်ဖိုးပေးဆပ်ရပါစေ ယွင်ကျုံးဟဲ့ကို ကယ်တင်ရမည်။ ဟေးလုံထိုင်မှ သိုင်းပညာရှင် အားလုံး သေဆုံးသွားရမည် ဆိုလျှင်တောင်မှ ယွင်ကျုံးဟဲ့ကို သေချာပေါက် ကယ်တင်ရမှာ ဖြစ်သည်။

...............

“ကျိုးလီကို အရှင်ဖမ်း… ကျိုးလီကို အရှင်ဖမ်းကြ...”

တောင်ပြိုသကဲ့သို့ ရှုံးနိမ့်ခြင်းဆိုသည့် မြင်ကွင်းသည် အမှန်တကယ်ပင် ဖြစ်ပေါ်လာခဲ့၏။

တောင်ပိုင်းကျိုးအင်ပါယာ၏ စစ်တပ်ကြီးသည် နေရောင်အောက်မှ နှင်းခဲများပမာ လျင်မြန်စွာ အရည်ပျော်ကျ နေပြီး အစုလိုက် အပြုံလိုက် လဲကျသေဆုံးနေကြသည်။

သူတို့ မရဲရင့်ခြင်း မဟုတ်သလို မကြမ်းကြုတ်ခြင်းလည်း မဟုတ်ပေ။ အလွန် အင်အားကြီးမားလှသော တာယင်အင်ပါယာ၏ စစ်တပ်နှစ်ခုကြားတွင် ရှေ့နောက် ညှပ်ပိတ်တိုက်ခိုက်ခံနေရခြင်းကြောင့်သာ ဖြစ်၏။

တောင်ပိုင်းကျိုးအင်ပါယာ၏ စစ်တပ်တစ်ခုလုံးသည် မိုင်အနည်းငယ်ကျယ်ဝန်းသော စစ်မြေပြင်ပေါ်တွင် အပိုင်းပိုင်း ပြတ်တောက်သွားပြီး အချင်းချင်း ဝိုင်းရံပိတ်ဆို့ ခံနေရသည်။

တောင်ပိုင်းကျိုးအင်ပါယာ၏ အိမ်ရှေ့စံမင်းသား ကျိုးလီ၏ အနီးတွင်မူ အလွန် အစွမ်းထက်သော နန်းတွင်းကိုယ်ရံတော်များနှင့် သိုင်းပညာရှင် အမြောက်အမြား ဝန်းရံနေကြသောကြောင့် သူ၏ အသက်အန္တရာယ်အတွက်မူ သိပ်ပြီး စိုးရိမ်စရာ မရှိလှပေ။

သို့ပေမည့် ဤမျှ ပြင်းထန်ဆိုးရွားစွာ ရှုံးနိမ့်နေသော မြင်ကွင်းကို ကြည့်ရင်း သူ၏ ရင်တွင်း၌ မီးဟုန်းဟုန်း တောက်လောင်နေခဲ့၏။ ယခုအချိန်တွင် မည်သူမှ တောင်ပိုင်းကျိုးအင်ပါယာ၏ ရှုံးနိမ့်မှုကို ကယ်တင်နိုင်စွမ်း မရှိတော့ချေ။

စစ်သေနာပတိ အောက်ရှင်း၏ စစ်တပ်နှစ်သိန်းကျော် ချက်ချင်း ရောက်ရှိလာမှသာ အခြေအနေကို ပြန်လည် ထိန်းချုပ်နိုင်မှာ ဖြစ်သည်။ သို့ပေမည့် ထိုစစ်တပ်ကြီးသည် မိုင်ခြောက်ဆယ်၊ ခုနစ်ဆယ်ခန့် ကွာဝေးနေသေးရာ မနက်ဖြန်မှသာ ရောက်ရှိနိုင်ပေလိမ့်မည်။

လက်ရှိ အခြေအနေအရ တောင်ပိုင်းကျိုးအင်ပါယာ စစ်တပ်သည် တစ်ရက်တာပင် တောင့်ခံနိုင်စွမ်း မရှိတော့ဘဲ နာရီအနည်းငယ်အတွင်း အပြည့်အဝ ရှုံးနိမ့်သွားတော့မှာ ဖြစ်သည်။

ထို့အပြင် ကျိုးလီ၏ စိတ်အာရုံများသည် ထန်ထိုင်မြို့ဆီသို့ ရောက်ရှိနေခဲ့ပြီ ဖြစ်၏။ လေခွင်းမြို့ ကျဆုံးမှုမှာ သေချာသွားပြီဖြစ်ရာ နာကျင်မှုကို မျိုသိပ်ပြီး ဤအဖြစ်အပျက်ကို စိတ်ထဲမှ ဖြတ်တောက်ကာ ထန်ထိုင်မြို့ အတွက် ဆက်လက် အစီအစဉ်ချရမှာ ဖြစ်သည်။ လေခွင်းမြို့သည် အတိတ်ဖြစ်သွားခဲ့ပြီ ဖြစ်၏။

“ကျိုးလီကို အရှင်ဖမ်း… ကျိုးလီကို အရှင်ဖမ်းကြ...”

တာယင်အင်ပါယာ၏ စစ်သည် အမြောက်အမြားသည် ဟစ်ကြွေးလျက် ကျိုးလီ ရှိရာဘက်သို့ အရူးအမူး ပြေးဝင်လာကြသည်။ စစ်သည်အများစု၏ အမြင်တွင် ကျိုးလီကိုသာ ဖမ်းမိပါက ဤစစ်ပွဲကြီး တစ်ခုလုံးကို အပြည့်အဝ အောင်မြင်ပြီဟု ယူဆထားခဲ့ကြသည်။

သို့ပေမည့် ကျိုးလီသည် ထိတ်လန့်တုန်လှုပ်ခြင်း မရှိခဲ့ပေ။ သူ၏ အနီးတွင် တော်ဝင် သိုင်းပညာရှင် အမြောက်အမြား ရှိနေ၏။ ထိုသူများက စစ်မြေပြင်တိုက်ပွဲများတွင် ကျွမ်းကျင်မှု မရှိသော်လည်း သူ့ကို ကာကွယ်ရန်အတွက်မူ လုံးဝ ပြဿနာ မရှိနိုင်ပေ။

ထို့အပြင် ဤနေရာ၏ မြေမျက်နှာသွင်ပြင်မှာ ရှုပ်ထွေးပြီး တောင်တန်းများနှင့် တောနက်ကြီးများ ပြည့်နှက်နေရာ ထိုသိုင်းပညာရှင်များ အနေဖြင့် သူ့ကို အချိန်မရွေး ခေါ်ဆောင် ထွက်ပြေးနိုင်စွမ်း ရှိကြသည်။

“သခင်ကြီး ယွင်ကျုံးဟဲ့ကို ကယ်တင်ကြ… သခင်ကြီး ယွင်ကျုံးဟဲ့ကို ကယ်တင်ကြ....”

ထိုအချိန်မှာပဲ တာယင်အင်ပါယာ၏ ဟေးလုံထိုင်မှ သိုင်းပညာရှင် အမြောက်အမြားသည် ယွင်ကျုံးဟဲ့နှင့် ယန်ဖြန်ရှန် ရှိရာဘက်သို့ ပြေးဝင်သွားကြသည်ကို ကျိုးလီ မြင်တွေ့လိုက်ရ၏။

သူတို့သည် တောင်ပိုင်းကျိုးအင်ပါယာ၏ ဟေးပင်းထိုင် သိုင်းပညာရှင်များနှင့် အရူးအမူး သတ်ဖြတ် နေကြသည်။ ယန်ဖြန်ရှန်ဘက်မှ အခြေအနေမှာ အလွန် အန္တရာယ်များနေခဲ့ပြီ ဖြစ်သည်။

ဟေးပင်းထိုင်၏ ခံစစ်မျဉ်းသာ ကျိုးပေါက်သွားပါက ယွင်ကျုံးဟဲ့ကို ကယ်တင်သွားရုံသာမက ပို၍ ဆိုးရွားသော အကျိုးဆက်များ ဖြစ်ပေါ်လာနိုင်ချေ ရှိ၏။

ကျိုးလီက အမိန့်ပေးလိုက်သည်။ “အဘိုး... တော်ဝင်သိုင်းပညာရှင် တစ်ဝက်... မဟုတ်ဘူး၊ သုံးပုံနှစ်ပုံကို ခေါ်သွားပြီး သခင်ကြီးယန်ဖြန်ရှန်ကို အခုချက်ချင်း သွားကူညီလိုက်။”

ထိုစကားကြောင့် ကျိုးလီ အနီးရှိ မိန်းမစိုးကြီးမှာ မှင်တက်သွားတော့၏။

မိန်းမစိုးကြီးက မြေပြင်ပေါ်တွင် ဒူးထောက်ကာ ငိုယိုလျက် ပြောလိုက်သည်။ “အိမ်ရှေ့စံမင်းသား... သခင်ကြီးယန်ဖြန်ရှန်က ဘယ်လောက်ပဲ ဉာဏ်ကောင်းပြီး တန်ဖိုးရှိပါစေ၊ သူက အမှုထမ်း တစ်ယောက်ပဲလေ။ မင်းသားကမှ ရွှေလို တန်ဖိုးရှိတဲ့ တော်ဝင်သွေးပါ။ ဘာအန္တရာယ်မှ အဖြစ်ခံလို့ မရပါဘူး။ မင်းသားသာ တစ်ခုခုဖြစ်သွားရင် ဧကရာဇ်မင်းမြတ်ကို ကျုပ် ဘယ်လို မျက်နှာပြရပါ့မလဲ။”

ကျိုးလီက ဓားကို ရုတ်တရက် ဆွဲထုတ်ကာ အော်ဟစ်လိုက်၏။ “မျက်နှာပြစရာလား။ ကျုပ်က ကြက်ကလေး တစ်ကောင်တောင် မသတ်နိုင်တဲ့ လူပျော့လူညံ့ မဟုတ်ဘူး။ မြန်မြန်သွားစမ်း။”

“ကောင်း... ကောင်းပါပြီ။”

ကျိုးလီ၏ အမိန့်ကြောင့် မိန်းမစိုးကြီးသည် တော်ဝင်သိုင်းပညာရှင် တစ်ထောင်နီးပါးကို ဦးဆောင်ကာ ယန်ဖြန်ရှန် ရှိရာဘက်သို့ ပြေးထွက်သွားရတော့သည်။

တောင်ပိုင်းကျိုးအင်ပါယာ၏ တော်ဝင်သိုင်းပညာရှင်များ ဝင်ရောက်လာမှုကြောင့် ယန်ဖြန်ရှန်ဘက်ရှိ ဟေးပင်းထိုင် ခံစစ်မျဉ်းသည် ချက်ချင်း အသာစီး ရသွားခဲ့၏။

ထို့နောက် ကျိုးလီသည် ကျန်ရစ်သော တော်ဝင်သိုင်းပညာရှင်များနှင့် ဧကရာဇ်ကိုယ်ရံတော်များကို ဦးဆောင်ကာ ယန်ဖြန်ရှန် ရှိရာသို့ တဖြည်းဖြည်း ချဉ်းကပ်သွားခဲ့သည်။

မီတာအနည်းငယ်သာ ကွာဝေးသော ခရီးကို တစ်ဆယ့်ငါးမိနစ်ခန့် ကြာအောင် သတ်ဖြတ်ပြီးမှသာ ရောက်ရှိနိုင်ခဲ့ပြီး လမ်းတစ်လျှောက်တွင် အလောင်းများစွာ ကျန်ရစ်ခဲ့၏။ နောက်ဆုံးတွင် အိမ်ရှေ့စံမင်းသား ကျိုးလီနှင့် ယန်ဖြန်ရှန်တို့ ပေါင်းဆုံနိုင်ခဲ့ကြ၏။

ကျိုးလီက အသံကျယ်ကြီးဖြင့် အမိန့်ပေးလိုက်သည်။ “ယန်ဖြန်ရှန်... ခင်ဗျား အရင်သွား... ကျုပ် နောက်ချန်နေခဲ့မယ်။”

ထိုစကားကြောင့် လူအားလုံး မှင်တက်သွားကြပြီး ရူးမတတ်ပင် ဖြစ်သွားကြတော့၏။ “အိမ်ရှေ့စံမင်းသား အရင်သွားပါ... ကျုပ်တို့ နောက်ချန်နေခဲ့ပါ့မယ်။”

“အိမ်ရှေ့စံမင်းသား အရင်သွားပါ... ကျုပ်တို့ နောက်ချန်နေခဲ့ပါ့မယ်။”

တောင်ပိုင်းကျိုးအင်ပါယာ၏ ဟေးပင်းထိုင် သိုင်းပညာရှင်များ အပါအဝင် ထိုနေရာရှိ လူထောင်ပေါင်း များစွာသည် ဒူးထောက်ကာ ကျိုးလီကို အရင်ထွက်ခွာရန် တောင်းဆိုလိုက်ကြသည်။

ကျိုးလီသည် သတိလစ်နေသော ယွင်ကျုံးဟဲ့ကို အေးစက်စွာ တစ်ချက် ကြည့်လိုက်သည်။ ဤလူပျော့လူညံ့လေးက ဤမျှ ကောက်ကျစ်စဉ်းလဲပြီး ဤမျှ ရူးသွပ်ရဲတင်းလိမ့်မည်ဟု သူ လုံးဝ မထင်မှတ်ထားခဲ့ပေ။

ကျိုးလီက ပြုံးလျက် ပြောလိုက်သည်။ “ယန်... ကြက်ကလေး တစ်ကောင်တောင် မသတ်နိုင်တဲ့ လူပျော့လူညံ့လေးရဲ့ လှည့်စားမှုကို ကျုပ်တို့ ခံလိုက်ရမယ်လို့ တွေးတောင် မတွေးမိဘူး မဟုတ်လား။ ဒီ ယွင်ကျုံးဟဲ့နဲ့ စတုတ္ထမင်းသား ယင်ချွဲ့တို့က တကယ်ကို လိုက်ဖက်တဲ့ သခင်နဲ့ အစေခံပဲ။ သူတို့နှစ်ယောက်က ကျုပ်တို့ နှစ်ယောက်လိုပဲ နောက်ကျမှ ဆုံတွေ့ရတာကို နောင်တရနေကြမှာ အသေအချာပဲ။”

ယန်ဖြန်ရှန်က မြေပြင်ပေါ်တွင် ဒူးထောက်ကာ ဦးညွတ်လိုက်၏။ “အမှားပေါင်း သောင်းခြောက်ထောင်လုံးက ကျုပ်ရဲ့ အမှားတွေချည်းပါပဲ။ မင်းသားကို ဒီလို အကျပ်အတည်းထဲ ရောက်အောင် လုပ်ခဲ့တဲ့ ကျုပ်က သေဒဏ် ခံထိုက်ပါတယ်။”

ကျိုးလီက ခေါင်းခါလိုက်သည်။ “ရှုံးရင်လည်း ရှုံးတာပဲလေ။ အရှုံးကို ရပ်တန့်နိုင်ဖို့က အရေးအကြီးဆုံးပဲ။ ဒေါသထွက် မနေပါနဲ့... အဲဒီလိုဆိုရင် ပိုပြီး ဆုံးရှုံးရလိမ့်မယ်။ တကယ်ကို ပြန်လမ်းမဲ့သွားလိမ့်မယ်။”

ယန်ဖြန်ရှန်က ပြောလိုက်၏။ “ကောင်းပါပြီ။”

ကျိုးလီက အမိန့်ပေးလိုက်သည်။ “ခင်ဗျားနဲ့ စကားအရှည်ကြီး မပြောနေတော့ဘူး။ ခင်ဗျား ယွင်ကျုံးဟဲ့ကို ခေါ်သွား... ကျုပ် နောက်ချန်နေခဲ့မယ်။ အခုအချိန်မှာ ယွင်ကျုံးဟဲ့က တန်ဖိုးမဖြတ်နိုင်အောင် အရေးကြီးတယ် ဆိုတာကို ခင်ဗျား သိသင့်တယ်။ ယင်ချွဲ့က ရူးသွပ်သူ တစ်ယောက်မို့ သူ့အတွက်ဆိုရင် ဘယ်လောက် ကြီးမားတဲ့ တန်ဖိုးဖြစ်ဖြစ် ပေးဆပ်လိမ့်မယ်။”

“အိမ်ရှေ့စံမင်းသား... လုံးဝ မဖြစ်ပါဘူး... လုံးဝ မဖြစ်ပါဘူး။” ထိုအချိန်တွင် လူသောင်းချီ၍ ဒူးထောက်ကာ ကျိုးလီကို အမြန်ဆုံး ဆုတ်ခွာရန် တောင်းဆိုကြပြန်၏။

ကျိုးလီက အသံမာမာဖြင့် အော်လိုက်သည်။ “ပါးစပ်ပိတ်ထားကြ... ဒါ အမိန့်ပဲ။ တော်ဝင်သိုင်းပညာရှင် သုံးပုံနှစ်ပုံနဲ့ ဟေးပင်းထိုင် သိုင်းပညာရှင်အားလုံး..... သခင်ကြီးယန်ဖြန်ရှန်ကို ကာကွယ်ပြီး ဆုတ်ခွာကြ။ ကျန်တဲ့လူတွေကို ကျုပ် ခေါ်ပြီး နောက်ချန်နေခဲ့မယ်... သွားကြ၊ သွား.....”

ကျိုးလီ၏ အော်ဟစ်သံနှင့်အတူ ယန်ဖြန်ရှန်သည် မြေပြင်ပေါ်တွင် ဒူးထောက်ကာ နဖူးမှ သွေးထွက်သည်အထိ အရိုအသေပြုလိုက်၏။

ထို့နောက် ယွင်ကျုံးဟဲ့ကို ခေါ်ဆောင်ကာ သိုင်းပညာရှင် ထောင်ပေါင်းများစွာ၏ အကာအကွယ်ဖြင့် လေခွင်းမြို့၏ အရှေ့ဘက်သို့ ပြတ်သားစွာ ထွက်ပြေးသွားတော့သည်။

လေခွင်းမြို့၏ အရှေ့ဘက်တွင် တောင်တန်းများနှင့် တောနက်များ ရှိနေသောကြောင့် သိုင်းပညာရှင်များ လှုပ်ရှားရန် အသင့်တော်ဆုံးဖြစ်ပြီး စစ်တပ်များ တိုက်ပွဲဝင်ရန်မူ မသင့်တော်ပေ။

“လိုက်… လိုက်… လိုက်...”

တာယင်အင်ပါယာ ဟေးလုံထိုင်မှ သခင်ကြီးဖုန်းရှင်းမြဲ့သည် အော်ဟစ်လိုက်ပြီး ဟေးလုံထိုင် သိုင်းပညာရှင် အားလုံးကို ဦးဆောင်ကာ ယန်ဖြန်ရှန် နောက်သို့ အရူးအမူး လိုက်လံ ခြေရာခံတော့၏။

“လိုက်… လိုက်… လိုက်...”

တာယင်အင်ပါယာ စတုတ္ထမင်းသား ယင်ချွဲ့သည်လည်း သူ၏ ကိုယ်ရံတော် သိုင်းပညာရှင်များကို ဦးဆောင်ကာ စစ်မြေပြင်ကို စွန့်ခွာပြီး ယန်ဖြန်ရှန် ရှိရာဘက်သို့ အပူတပြင်း လိုက်ပါသွားခဲ့သည်။ သို့ပေမည့် သူတို့သည် ကျိုးလီ ဦးဆောင်သော လူစု၏ တားဆီးမှုကို ချက်ချင်း ခံလိုက်ရသည်။

“နောက်ချန်တားထား … နောက်ချန်တားထားကြ....”

တောင်ပိုင်းကျိုးအင်ပါယာ အိမ်ရှေ့စံမင်းသား ကျိုးလီသည် ကျန်ရစ်သော တော်ဝင်သိုင်းပညာရှင်များနှင့် ဧကရာဇ်ကိုယ်ရံတော်များကို ဦးဆောင်ကာ ဖုန်းရှင်းမြဲ့နှင့် ယင်ချွဲ့တို့၏ တိုက်ခိုက်မှုကို အစွမ်းကုန် တားဆီးကာ ယန်ဖြန်ရှန်အတွက် အမှန်တကယ်ပင် နောက်ချန် ကာကွယ်ပေးနေခဲ့၏။

ထို့ကြောင့် ယန်ဖြန်ရှန် အနေဖြင့် အိမ်ရှေ့စံမင်းသား ကျိုးလီအပေါ် ဤမျှ သစ္စာရှိနေခြင်းမှာ အကြောင်းမဲ့ မဟုတ်ပေ။ ကျိုးလီ ပြုလုပ်သမျှ အရာအားလုံးသည် လူစိတ်ကို သိမ်းသွင်းခြင်း ဖြစ်ကောင်း ဖြစ်နိုင်သော်လည်း သူသည် မိမိ၏ အသက်ကိုပါ ရင်း၍ သိမ်းသွင်းနေခြင်း ဖြစ်သည်။

သေချာသည်မှာ ကျိုးလီ ဤသို့ ပြုလုပ်ခြင်းသည် ယန်ဖြန်ရှန် တစ်ယောက်တည်းအတွက် မဟုတ်ဘဲ ယွင်ကျုံးဟဲ့ကို ဘေးကင်းရာသို့ ရွှေ့ပြောင်းနိုင်ရန် ပို၍ အရေးကြီးသောကြောင့် ဖြစ်၏။

ယခုအချိန်တွင် ယွင်ကျုံးဟဲ့သည် တန်ဖိုးမဖြတ်နိုင်အောင် အရေးကြီးကြောင်း သူ သိရှိထား၏။ ယင်ချွဲ့သာ သွေးအေးသော စစ်သေနာပတိတစ်ဦး ဖြစ်နေလျှင် ကိစ္စမရှိသော်လည်း လက်တွေ့တွင် သူသည် အလွန် သွေးဆူလွယ်ပြီး တရားမျှတမှုကို ချစ်မြတ်နိုးသော မင်းသားတစ်ဦး ဖြစ်နေခြင်းပင်။

ထို့ကြောင့် ယွင်ကျုံးဟဲ့အတွက် ကြီးမားသော တန်ဖိုးကို ပေးဆပ်ရမည်ဆိုလျှင်တောင် သူ သေချာပေါက် ပေးဆပ်ပေလိမ့်မည်။

......................

အပိုင်း (၁၉၄)

မျက်တောင်တစ်ခတ် အတွင်းမှာပင် စစ်မြေပြင်သည် အပိုင်းကြီး နှစ်ပိုင်း ကွဲထွက်သွားခဲ့၏။ တာယင်အင်ပါယာ၏ စစ်တပ် နှစ်သိန်းကျော်သည် လူအင်အား တစ်သိန်းပင် မပြည့်တော့သော တောင်ပိုင်းကျိုးအင်ပါယာ စစ်တပ်ကို ဝိုင်းရံတိုက်ခိုက်နေကြသည်။

ထန်ထိုင် မိသားစုနှင့် ပိုင်ရှင်မဲ့ နယ်မြေမှ အခြား ပဒေသရာဇ်များ၏ စစ်တပ်များသည် စောစောစီးစီးကပင် ပြိုကွဲကာ တကွဲတပြား ထွက်ပြေးသွားခဲ့ကြပြီ ဖြစ်သည်။ သူတို့၏ တိုက်ရည်ခိုက်ရည်သည် အင်ပါယာကြီး နှစ်ခုနှင့် နှိုင်းယှဉ်လျှင် အလွန် ကွာခြားလွန်းလှ၏။

အခြား တစ်ဖက်တွင်မူ ယင်ချွဲ့နှင့် သခင်ကြီး ဖုန်းရှင်းမြဲ့တို့သည် ကိုယ်ရံတော်တပ်ဖွဲ့နှင့် ဟေးလုံထိုင် သိုင်းပညာရှင်များကို ဦးဆောင်ကာ တောင်ပိုင်းကျိုးအင်ပါယာ အိမ်ရှေ့စံမင်းသား ကျိုးလီကို ဝိုင်းရံ တိုက်ခိုက်နေကြသည်။

တိုက်ပွဲကြီးသည် ကောင်းကင်နှင့်မြေကြီး တုန်ခါသွားသည်အထိ ပြင်းထန်နေခဲ့သည်။ အချိန်နှင့်အမျှ ထိတ်လန့်ဖွယ်ရာ သေဆုံးဒဏ်ရာရမှုများ ရှိနေ၏။

တောင်ပိုင်းကျိုးအင်ပါယာ၏ အကြွင်းအကျန် စစ်တပ်သည် တဖြည်းဖြည်း နည်းပါးလာခဲ့သည်။ တောင်ပိုင်းကျိုးအင်ပါယာ အိမ်ရှေ့စံမင်းသား ကျိုးလီ အနီးရှိ ဧကရာဇ်ကိုယ်ရံတော်များနှင့် တော်ဝင် သိုင်းပညာရှင်များပင် တဖြည်းဖြည်း လျော့နည်းလာခဲ့သည်။

ထို့ကြောင့် အဆင့်အတန်း မြင့်မားလှသော အိမ်ရှေ့စံမင်းသား ကျိုးလီကိုယ်တိုင် ဓားဆွဲကာ တိုက်ပွဲဝင်နေရပြီ ဖြစ်သည်။ တာယင်အင်ပါယာ စတုတ္ထမင်းသား ယင်ချွဲ့၏ သိုင်းပညာမှာ အလွန် မြင့်မားသကဲ့သို့ အိမ်ရှေ့စံမင်းသား ကျိုးလီ၏ သိုင်းပညာသည်လည်း အံ့မခန်း မြင့်မားလှ၏။

“အိမ်ရှေ့စံမင်းသား... မြန်မြန် ထွက်သွားပါ... မြန်မြန် ထွက်သွားပါ။” အခြားတစ်ဖက်မှ တောင်ပိုင်းကျိုး အင်ပါယာ၏ စစ်သေနာပတိဖြစ်သူ မြို့စားကြီး ကျိုးရူက ရုတ်တရက် အော်ဟစ်လိုက်သည်။

အဓိက စစ်မြေပြင်သည် အစိတ်စိတ် အပိုင်းပိုင်းဖြင့် လုံးဝ ပြိုကွဲသွားခဲ့ပြီဖြစ်ရာ စစ်သေနာပတိ မြို့စားကြီး ကျိုးရူသည်လည်း ဝိုင်းရံခံနေရပြီ ဖြစ်သည်။ သူ၏ အနီးတွင် လူထောင်ဂဏန်းပင် မပြည့်တော့ဘဲ သူ၏ စစ်သေနာပတိ အလံမှာလည်း မကြာမီ လဲကျတော့မှာဖြစ်၏။

“အိမ်ရှေ့စံမင်းသား... သွားပါ... ဖောက်ထွက်သွားပါ။” မြို့စားကြီး ကျိုးရူက အသံကုန် အော်ဟစ်လိုက်သည်။

“သတ်… သတ်… သတ်”

တာယင်အင်ပါယာမှ အန်းရှီနယ်စား ဟူယန်ကျောက်သည် အသက်ရှင်ကျန်ရစ်သော မိသားစု သိုင်းပညာရှင် များနှင့် တာယင်အင်ပါယာ၏ အစွမ်းထက် စစ်သည်များကို ဦးဆောင်ကာ ရူးသွပ်စွာ သတ်ဖြတ်နေခဲ့သည်။ တောင်ပိုင်းကျိုးအင်ပါယာ စစ်သေနာပတိ ကျိုးရူ အနီးရှိ လူများမှာ တဖြည်းဖြည်း နည်းပါးလာခဲ့၏။

“အိမ်ရှေ့စံမင်းသား... သွားပါ... သွားပါ။”

မြို့စားကြီး ကျိုးရူက ရူးမတတ် အော်ဟစ်နေသော်လည်း သူ အမှန်တကယ်ပင် အင်အား မရှိတော့ပေ။ သူသည် မင်းသား ကျိုးလီနှင့် သိပ်မဝေးသော်လည်း ကြားထဲတွင် တာယင်အင်ပါယာ စစ်တပ်များက ပြည့်နှက်နေခဲ့သည်။

အိမ်ရှေ့စံမင်းသား ကျိုးလီ၏ မျက်လုံးများ ပူနွေးလာပြီး တုန်ယင်သော အသံဖြင့် တောင်းပန်လိုက်၏။ “ဘထွေးတော်... တောင်းပန်ပါတယ်... တောင်းပန်ပါတယ်။ တူတော်က ဘထွေးတော်ကို မကယ်နိုင်တော့ဘူး။ ဘထွေးတော်ကို ဒီအကျပ်အတည်းထဲ ရောက်အောင် လုပ်မိသွားပြီ။”

မြို့စားကြီး ကျိုးရူက ပြောလိုက်သည်။ “အနိုင်အရှုံး ဆိုတာ စစ်ပွဲတွေမှာ သဘာဝပါပဲ။ အိမ်ရှေ့စံမင်းသား စိတ်ထဲမှာ အစွဲအလမ်းထားပါနဲ့။ မင်းသားအတွက် ကျုပ် ဂုဏ်ယူတယ်။ မင်းသားအတွက် ဂုဏ်ယူတယ်... သွားပါ... သွားပါ။”

ထိုမြင်ကွင်းကို မြင်တွေ့ပြီးနောက် တောင်ပိုင်းကျိုးအင်ပါယာ၏ စစ်သည်များသည် နောက်ဆုံး သွေးဆူလာကြပြီး အသေခံ တိုက်ပွဲဝင်ကြတော့၏။

“အိမ်ရှေ့စံမင်းသား... သွားပါ... သွားပါ။” မရေမတွက်နိုင်သော တောင်ပိုင်းကျိုးအင်ပါယာ စစ်သည်များက အသက်ကို ပမာမထားဘဲ အော်ဟစ်လိုက်ကြသည်။

ဤစစ်ပွဲ ရှုံးနိမ့်သွားသော်လည်း အိမ်ရှေ့စံမင်းသား ကျိုးလီ၏ လုပ်ရပ်က လူအားလုံးကို သိမ်းသွင်းနိုင်ခဲ့၏။ သူသည် အသက်ကို နှမြောခြင်း မရှိဘဲ အဆင့်အတန်း မြင့်မားလှသော မင်းသား တစ်ပါး ဖြစ်ပါလျက်နှင့် အမှုထမ်းများအတွက် နောက်ချန်ကာကွယ်ပေးကာ အရင်ထွက်ခွာစေခဲ့၏။

မြင့်မြတ်သော အဆင့်အတန်း ရှိသော်လည်း ရှေ့တန်းမှ ကိုယ်တိုင်ကိုယ်ကျ တိုက်ပွဲဝင်ခဲ့၏။ ဤမျှ မြင့်မြတ်သော အိမ်ရှေ့စံမင်းသား တစ်ပါး ရှိနေခြင်းကပင် လုံလောက်နေပြီ ဖြစ်သည်။

ကျိုးလီသည် ဝိုင်းရံခံထားရသော မြို့စားကြီး ကျိုးရူကို နောက်ဆုံးအကြိမ် လှမ်းကြည့်လိုက်၏။ ထိုသူသည် စစ်သေနာပတိ ဖြစ်သကဲ့သို့ သူ့ဖခင်၏ ညီအစ်ကိုတော်စပ်သူဖြစ်ပြီး ဤမြောက်ပိုင်းစစ်ဆင်ရေး စစ်တပ်ကြီး၏ ဒုတိယစစ်သေနာပတိများထဲမှ တစ်ဦးလည်း ဖြစ်၏။

ကျိုးလီသည် အံ့ကို သွေးထွက်လာသည်အထိ တင်းတင်းကြိတ်ကာ ခံပြင်းလျက် ပြောလိုက်သည်။ “ကျုပ် ကျိုးလီ ဒီနေ့ကို ထာဝရ မှတ်ထားမယ်... ဖောက်ထွက်… ဖောက်ထွက်ကြ...”

ထို့နောက် အိမ်ရှေ့စံမင်းသား ကျိုးလီသည် တော်ဝင်သိုင်းပညာရှင် ရာဂဏန်းနှင့် ဧကရာဇ်ကိုယ်ရံတော် ထောင်ဂဏန်းကို ဦးဆောင်ကာ အနောက်ဘက် တောင်တန်းများဆီသို့ အပူတပြင်း ဖောက်ထွက်တော့၏။

စောစောက ယန်ဖြန်ရှန်သည် အရှေ့ဘက်သို့ ဖောက်ထွက်သွားခဲ့ရာ ယခု ကျိုးလီက အနောက်ဘက်သို့ ဖောက်ထွက်ခြင်းဖြင့် ယန်ဖြန်ရှန်အတွက် အချိန်လုံလောက်စွာ ရရှိစေနိုင်ပေလိမ့်မည်။

ကျိုးလီ၏ လူထောင်ဂဏန်းသည် အသက်ကို ပမာမထားဘဲ ဖောက်ထွက်နေကြ၏။ ယင်ချွဲ့နှင့် သခင်ကြီး ဖုန်းရှင်းမြဲ့တို့ကလည်း အပူတပြင်း လိုက်လံ ခြေရာခံကာ သတ်ဖြတ်နေကြသည်။ ယခုအချိန်တွင် ယန်ဖြန်ရှန်ကို လိုက်ရန် အချိန်မမီတော့ဘဲ ကျိုးလီကို ဖမ်းမိမှသာ ယွင်ကျုံးဟဲ့ ဘေးကင်းနိုင်မှာ ဖြစ်၏။

“ကျိုးလီကို အရှင်ဖမ်း… ကျိုးလီကို အရှင်ဖမ်းကြ...” စတုတ္ထမင်းသား ယင်ချွဲ့က အသံကျယ်ကြီးဖြင့် အမိန့်ပေးလိုက်သည်။

အဓိက စစ်မြေပြင်တွင်မူ တောင်ပိုင်းကျိုးအင်ပါယာ၏ စစ်သေနာပတိ မြို့စားကြီး ကျိုးရူသည် နောက်ဆုံး အချိန်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်၏။

သူ၏ အနီးရှိ ကိုယ်ရံတော် ထောင်ဂဏန်းစလုံး သေဆုံးသွားခဲ့ပြီး လူဆယ်ဂဏန်းမျှသာ သူ့ကို ကာကွယ်ရန် ကျန်ရှိတော့သည်။

တိုက်ပွဲ ရပ်တန့်သွား၏။ တာယင်အင်ပါယာမှ အန်းရှီနယ်စား ဟူယန်ကျောက်သည် မိသားစု သိုင်းပညာရှင် ထောင်ကျော်ကို ဦးဆောင်ကာ မြို့စားကြီး ကျိုးရူကို အလယ်တွင် အပြည့်အဝ ဝိုင်းရံထားလိုက်၏။

မြို့စားကြီး ကျိုးရူသည် ဓားရှည်ကို ကိုင်ဆောင်ထားပြီး တစ်ကိုယ်လုံး သွေးများ ရွှဲနစ်နေ၏။ မိမိ၏ သွေးလား၊ ရန်သူ၏ သွေးလား မသိနိုင်အောင် သွေးများဖြင့် စိုရွှဲနေပြီး ခြောက်သွေ့နေသော နေရာဟူ၍ လက်တစ်ဆစ်မျှပင် မကျန်တော့ပေ။

ဖြူဖွေးနေသော ဆံပင်များသည်လည်း သွေးရောင်လွှမ်းနေပြီး ခန္ဓာကိုယ်ပေါ်ရှိ သံချပ်ကာများသည် အပိုင်းပိုင်းအစစ စုတ်ပြဲနေခဲ့သည်။ ဤသည်မှာ သူရဲကောင်း တစ်ဦး၏ နေဝင်ချိန် ဖြစ်နေသည်လား။

ဟူယန်ကျောက်သည် တိုက်ခိုက်ခြင်း မပြုဘဲ မြို့စားကြီး ကျိုးရူကို တိတ်ဆိတ်စွာ ကြည့်နေခဲ့၏။ တာယင်အင်ပါယာထံ လက်နက်ချရန် ဆိုသည့် စကားမျိုးကိုလည်း လုံးဝ မပြောခဲ့ပေ။

အကြောင်းမှာ တော်ဝင်မျိုးနွယ်ဝင် တစ်ဦးအနေဖြင့် မြို့စားကြီး ကျိုးရူသည် လုံးဝ လက်နက်ချမည် မဟုတ်ဘဲ လက်နက်ချရန် တိုက်တွန်းခြင်းက သူ၏ ဂုဏ်သိက္ခာကို ကြီးစွာ စော်ကားရာရောက်သောကြောင့် ဖြစ်သည်။

မြို့စားကြီး ကျိုးရူက သက်ပြင်းချလျက် ပြောလိုက်၏။ “ကျုပ်ရဲ့ ဖခင်က ဧကရာဇ်ဟောင်းနဲ့ ထီးနန်း လုခဲ့ဖူးတယ်။ ဒါပေမဲ့ ရှုံးနိမ့်သွားတော့ ချင်ဝမ်ရာထူးကနေ ဖယ်ရှားခံရပြီး သာမန်အရပ်သားအဖြစ် လျှော့ချခံခဲ့ရတယ်။

ကျုပ်က အပြစ်ပေးခံရသူရဲ့ မျိုးဆက် ဖြစ်ပေမဲ့ ဧကရာဇ်ဟောင်းက ကျုပ်ကို မြို့စားကြီး ရာထူး ပေးသနားခဲ့တယ်။ ဧကရာဇ်မင်းမြတ် ထီးနန်းတက်လာတော့လည်း အတိတ်က ကိစ္စတွေကို မငြိုးထားဘဲ ကျုပ်ကို နေရာပေးခဲ့တယ်။

စစ်တပ်ကြီးကို ကွပ်ကဲစေပြီး အိမ်ရှေ့စံမင်းသား ကျိုးလီရဲ့ မြောက်ပိုင်းစစ်ဆင်ရေးမှာ ကူညီခွင့် ပေးခဲ့တယ်။ ကျုပ်ရဲ့ ဒီဘဝကတော့ တန်သွားပါပြီ။ နောက်ဆုံး လေခွင်းမြို့မှာ စစ်ရှုံးခဲ့ရပေမဲ့ ဒီတစ်သက်အတွက်တော့ တန်ပါပြီ။”

ထို့နောက် မြို့စားကြီး ကျိုးရူသည် ဟူယန်ကျောက်ကို ကြည့်ကာ မေးလိုက်သည်။ “အစ်ကို ဟူယန်... ဒီစစ်ပွဲမှာ ကျုပ်တို့ ရှုံးသွားပေမဲ့ ခင်ဗျားတို့ တာယင်အင်ပါယာက ကျုပ်တို့ ကျိုးအင်ပါယာကို အလွယ်တကူ အနိုင်ယူနိုင်မယ်လို့ ထင်သလား။”

ဟူယန်ကျောက်က ခေါင်းခါပြလိုက်၏။ ယနေ့ တိုက်ပွဲကို ကြည့်ခြင်းအားဖြင့် တောင်ပိုင်းကျိုးအင်ပါယာ၏ ကံကြမ္မာသည် အားကောင်းနေဆဲဖြစ်ပြီး သူရဲကောင်း အများအပြား ပေါ်ထွန်းနေကြောင်း တွေ့မြင်နိုင်၏။

ယန်ဖြန်ရှန်မှသည် ကျိုးလီ၊ အောက်ရှင်းနှင့် မြို့စားကြီး ကျိုးရူအထိ မည်သူက သူရဲကောင်း မဟုတ်ဘဲ နေမည်နည်း။ တောင်ပိုင်းကျိုးအင်ပါယာ၏ စစ်သည်များကို ကြည့်လျှင်လည်း မည်သူက အသက်ကို ပမာမထားဘဲ သွေးဆူလွယ်သူများ မဟုတ်ဘဲ နေမည်နည်း။

ဤစစ်ပွဲတွင် ရှုံးနိမ့်သွားသော်လည်း တောင်ပိုင်းကျိုးအင်ပါယာ အားနည်း၍ မဟုတ်သကဲ့သို့ ကျိုးလီနှင့် ယန်ဖြန်ရှန်တို့က ယင်ချွဲ့နှင့် ယွင်ကျုံးဟဲ့တို့ကို မယှဉ်နိုင်၍လည်း လုံးဝ မဟုတ်ပေ။

မြို့စားကြီး ကျိုးရူက ဖြည်းညင်းစွာဖြင့် ပြောလိုက်သည်။ “ဟူယန်ကျောက်... ကျုပ်ရဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းခွင့်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။”

ထိုသို့ပြောပြီးနောက် သူသည် ဓားရှည်ကို ဆွဲထုတ်ကာ မိမိကိုယ်ကိုယ် အဆုံးစီရင်လိုက်တော့၏။ မည်သည့် အသံမှ မထွက်ပေါ်ခဲ့သကဲ့သို့ နာကျင်စွာ အော်ဟစ်သံလည်း မရှိခဲ့ပေ။

ဤတောင်ပိုင်းကျိုးအင်ပါယာ၏ မြို့စားကြီး၊ တော်ဝင်မျိုးနွယ်ထဲမှ နာမည်ကျော် စစ်သူကြီးသည် တောင်ပြိုသကဲ့သို့ လဲကျ သေဆုံးသွားခဲ့ပြီ ဖြစ်သည်။

သူ၏ အနီးရှိ ကိုယ်ရံတော် ဆယ်ဂဏန်းသည်လည်း သူတို့၏ စစ်သေနာပတိကို တစ်ချက်ကြည့်ပြီးနောက် ဓားဆွဲထုတ်ကာ အသီးသီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားကြ၏။

ခဏအကြာတွင် လူဆယ်ဂဏန်းလုံး သွေးအိုင်ထဲ၌ လဲကျသွားပြီး သူတို့၏ အလောင်းများသည် စစ်သေနာပတိ ကျိုးရူကို ကာကွယ်နေဆဲပင် ဖြစ်၏။ အသံတိတ် စွန့်လွှတ်အနစ်နာခံမှုသည် ကြီးကျယ် ခမ်းနားသော မြင်ကွင်းတစ်ခု ဖြစ်လို့နေလေသည်။

ဟူယန်ကျောက်သည် သံခမောက်ကို ချွတ်ကာ ရန်သူအလောင်းများကို အရိုအသေပေးလိုက်သည်။ ထို့နောက် သူက အမိန့်ပေးလိုက်၏။ “အလောင်းတွေကို သိမ်းဆည်းကြ... လည်ပင်းနဲ့ ခေါင်းကို ပြန်ချုပ်ပြီး နောက်နေ့ကြရင် တောင်ပိုင်းကျိုးအင်ပါယာဆီ ပြန်ပို့ပေးလိုက်။”

ထို့နောက် သူက အချိန်မဆွဲတော့ဘဲ စစ်ဓားကြီးကို ဝှေ့ယမ်းကာ အော်ဟစ်လိုက်သည်။ “ဟူယန် မိသားစု သိုင်းပညာရှင်တွေ... ကျုပ်နောက်က လိုက်ခဲ့။ ကျိုးလီကို အရှင်ဖမ်း… ကျိုးလီကို အရှင်ဖမ်းကြ...”

ဟူယန်ကျောက်၏ ဦးဆောင်မှုဖြင့် ဟူယန် မိသားစု သိုင်းပညာရှင်များ အားလုံးနှင့် စစ်တပ်အတွင်းရှိ သိုင်းပညာရှင်များသည် ရူးသွပ်စွာဖြင့် ဆက်လက် ခြေရာခံကာ လိုက်ပါသွားကြတော့၏။

တောင်ပိုင်းကျိုးအင်ပါယာ အိမ်ရှေ့စံမင်းသား ကျိုးလီသည် လူထောင်ဂဏန်းကို ဦးဆောင်ကာ တစ်ဖက်မှ ဖောက်ထွက်ရင်း တစ်ဖက်မှ သတ်ဖြတ်နေခဲ့၏။ သို့ပေမည့် အခြေအနေမှာ အလွန် အန္တရာယ်များနေပြီ ဖြစ်သည်။

မြို့စားကြီး ကျိုးရူ သေဆုံးသွားမှုနှင့်အတူ တောင်ပိုင်းကျိုးအင်ပါယာ စစ်တပ်ကြီးသည် ခေါင်းဆောင်မဲ့သွားခဲ့ပြီ ဖြစ်၏။

တာယင်အင်ပါယာ စစ်တပ်သည် ချက်ချင်း အားလပ်သွားပြီး အိမ်ရှေ့စံမင်းသား ကျိုးလီ၏ လူထောင်ဂဏန်းကို ဘေးနှစ်ဖက်မှ ဝိုင်းရံကာ နောက်ကျောမှလည်း ပိတ်ဆို့ရန် ပြင်ဆင်နေကြသည်။ ဤသည်မှာ အစွမ်းထက်ဆုံး စစ်တပ်၏ အရည်အချင်းပင် ဖြစ်သည်။

တိကျသော အမိန့်ပေးမှုပင် မလိုအပ်ဘဲ တာယင်အင်ပါယာ၏ စစ်သူကြီးတိုင်းသည် မိမိတို့၏ တာဝန်ကို အသီးသီး သိရှိနားလည်ကြပြီး ဧရာမ ဝိုင်းရံမှုကြီး တစ်ခုကို ဖန်တီးကာ အိမ်ရှေ့စံမင်းသား ကျိုးလီ၏ လူထောင်ဂဏန်းကို အပြည့်အဝ ဝိုင်းရံလိုက်ပြီ ဖြစ်သည်။ ထို့နောက် ထိုဝိုင်းရံမှုကြီးသည် တဖြည်းဖြည်း ကျဉ်းမြောင်းလာခဲ့၏။

ကျိုးလီ အနီးရှိ မိန်းမစိုးကြီးက တုန်ယင်စွာဖြင့် ပြောလိုက်သည်။ “မင်းသား... မင်းသား။ မြန်မြန် ရုပ်ဖျက်ပြီး သေနေတဲ့ အလောင်းလို ဟန်ဆောင်ကာ ပုန်းနေလိုက်ပါ။

မင်းသား... သာမန် သိုင်းပညာရှင်လို ဟန်ဆောင်ပြီး ကိုယ်ပွားကို မင်းသားရဲ့ အဝတ်အစားတွေ ဝတ်ခိုင်းလိုက်ပါ။ မင်းသားသာ ဒီမှာ ကျဆုံးသွားခဲ့ရင် ကျုပ် ဧကရာဇ်မင်းမြတ်ကို ဘယ်လို မျက်နှာပြရပါ့မလဲ။”

ကျိုးလီသည် ဓားကို သွားဖြင့် ကိုက်ထားကာ ကြိုးတစ်ချောင်းကို ထုတ်ယူပြီး သူ၏ ဆံပင်များကို စည်းနှောင်လိုက်၏။

“ကျုပ် ကျိုးလီကို အရှင်ဖမ်းဖို့က သိပ်လွယ်မယ် မထင်ဘူး။”

အိမ်ရှေ့စံမင်းသား ကျိုးလီက အေးစက်စွာ ပြောလိုက်သည်။ “အားလုံး... တန်းစီ... ကျုပ်နောက်ကနေ ဖောက်ထွက်ကြ...”

ထို့နောက် အိမ်ရှေ့စံမင်းသား ကျိုးလီသည် ရှေ့ဆုံးသို့ တိုက်ရိုက် ပြေးထွက်သွားကာ ခံစစ်ကြောင်း၏ ချွန်ထက်လှသော ဓားသဖွယ် ဖြစ်လာပြီး လက်အောက်ငယ်သား ထောင်ဂဏန်းကို ဦးဆောင်ကာ ဆက်လက် ဖောက်ထွက်တော့၏။

သူသည် အကာအကွယ်ယူခြင်း မပြုတော့ဘဲ ရှေ့ဆုံးမှ သတ်ဖြတ်ကာ ဖောက်ထွက်မည့် ဓားသွားတလက် ဖြစ်လာခဲ့သည်။

“သတ်… သတ်… သတ်… သတ်။”

ကျိုးလီ၏ သိုင်းပညာမှာ အမှန်တကယ်ပင် အံ့မခန်း ဖြစ်၏။ သူ ဖြတ်သန်းသွားသော နေရာတိုင်းတွင် တစ်ချက်မျှပင် ခံနိုင်ရည်ရှိသူ မရှိပေ။

ကျင်းကျုံးယွဲ့ ကဲ့သို့ လှံရှည်ဖြင့် လူကို မီတာအနည်းငယ်အထိ လွင့်စင်သွားအောင် မလုပ်နိုင်သော်လည်း ကျိုးလီ၏ သတ်ဖြတ်မှုက ပို၍ မြန်ဆန်ပြီး ဓားခုတ်ချက်များမှာ လျှပ်စီးပမာ မြန်ဆန်နေပြီး လေးလံသော အရာကို ပေါ့ပါးစွာ ကိုင်တွယ်နိုင်စွမ်း ရှိ၏။

တာယင်အင်ပါယာ၏ ဝိုင်းရံထားမှုကို သူ ကိုယ်တိုင် ဖောက်ထွက်နိုင်ခဲ့ပြီး ဝိုင်းရံမှုထဲမှ လွတ်မြောက်လုနီးပါး ဖြစ်နေပြီဖြစ်၏။ ဤလူသည် အမှန်တကယ်ပင် အစွမ်းထက်လွန်းလှပြီး ဝိုင်းရံမှုကို အမှန်တကယ် ဆုတ်ဖြဲနိုင်ခဲ့သည်။

ထိုမြင်ကွင်းကို မြင်တွေ့လိုက်ချိန်မှာတော့ တာယင်အင်ပါယာ စတုတ္ထမင်းသား ယင်ချွဲ့သည် အရိုးရှည် စစ်ဓားကို ဝှေ့ယမ်းကာ ပြေးဝင်လာခဲ့၏။ “ကျိုးလီ... ခင်ဗျားနဲ့ကျုပ် တိုက်ခိုက်မယ်။”

ချက်ချင်းပဲ စတုတ္ထမင်းသား ယင်ချွဲ့နှင့် ကျိုးလီတို့ ပြင်းထန်စွာ တိုက်ခိုက်ကြတော့သည်။

...................

All Chapters