အခန်း (၁၉၅-၁၉၆)
Vol. 17 Ch. 195-196
အပိုင်း (၁၉၅)
ဤစစ်မြေပြင်ကြီးမှာ အလွန် ထူးဆန်းလွန်းလှ၏။ တပ်ဖွဲ့နှစ်ခု၏ စစ်သေနာပတိများသည် မူလက စစ်မြေပြင်သို့ ကိုယ်တိုင် ဆင်းလာခွင့် မရှိသကဲ့သို့ အချင်းချင်း တိုက်ခိုက်ခွင့်လည်း မရှိပေ။
စစ်သေနာပတိ ဆိုသည်မှာ နောက်တန်းမှနေ၍ အခြေအနေ တစ်ခုလုံးကို ကွပ်ကဲရသူ ဖြစ်၏။ ကိုယ်တိုင်ကိုယ်ကျ တိုက်ပွဲဝင်သော စစ်သေနာပတိသည် လုံးဝ အရည်အချင်း မပြည့်မီသော စစ်သေနာပတိပင် ဖြစ်သည်။ သို့ပေမည့် အခြေအနေက ဤအဆင့်အထိ ရောက်ရှိလာခဲ့၏။
ယင်ချွဲ့သည် ထိုစဉ်က အရေးပေါ် အခြေအနေကြောင့် ကျင်းကျုံးယွဲ့နှင့် စေ့စပ်ဆွေးနွေးကာ အလုံးစုံ ဗျူဟာကို သတ်မှတ်ရန် လေခွင်းမြို့သို့ ကိုယ်တိုင် လာရောက်ခဲ့ခြင်း ဖြစ်သည်။ စစ်မြေပြင်ပေါ်သို့ တိုက်ရိုက် ရောက်ရှိသွားမည်ဟု သူ လုံးဝ မထင်မှတ်ထားခဲ့ပေ။
တောင်ပိုင်းကျိုးအင်ပါယာ အိမ်ရှေ့စံမင်းသား ကျိုးလီသည်လည်း ကိုယ်တိုင် စစ်မြေပြင်ပေါ် ရောက်လာမည်ဟု ပို၍ပင် မတွေးထားခဲ့ချေ။
သူသည် အမြဲတမ်း သပ်ရပ်သန့်ရှင်းစွာ နေထိုင်လေ့ရှိပြီး လက်သည်းများကိုပင် ဂရုတစိုက် ထိန်းသိမ်းတတ်သူ ဖြစ်ကာ စစ်မြေပြင် ကွပ်ကဲမှု အာဏာကို မြို့စားကြီး ကျိုးရူထံ အပ်နှင်းထားခဲ့သူ ဖြစ်၏။
သို့ပေမည့် သူသည်လည်း တိုက်ပွဲ၏ ရှေ့တန်းစစ်မျက်နှာသို့ အတင်းအကျပ် တွန်းပို့ခံလိုက်ရပြီး ယင်ချွဲ့နှင့် ဓားချင်းယှဉ်ကာ ရူးသွပ်စွာ တိုက်ခိုက်နေရပြီ ဖြစ်သည်။
သို့ပေမည့် ဤလူသည် အမှန်တကယ်ပင် အံ့မခန်း ဖြစ်၏။ ပြိုင်ဘက်ကင်း သပ်ရပ်လှပစွာ နေထိုင်နိုင်သကဲ့သို့ ရွှံ့ဗွက်နှင့် သွေးအိုင်ထဲတွင်လည်း လူးလှိမ့်နိုင်စွမ်း ရှိ၏။
အိမ်ရှေ့စံမင်းသား ကျိုးလီနှင့် ယင်ချွဲ့တို့ နှစ်ဦး၏ သိုင်းပညာမှာ ယှဉ်နိုင်လုနီးပါး ဖြစ်ကာ ချက်ချင်းပဲ အပြန်အလှန် တိုက်ခိုက်နေကြပြီး မည်သူကမှ မည်သူ့ကို အနိုင်မယူနိုင်ကြပေ။
သို့ပေမည့် ကျိုးလီ၏ ဖောက်ထွက်မည့် အရှိန်အဟုန်မှာ ရပ်တန့်သွားခဲ့ပြီ ဖြစ်၏။ တာယင်အင်ပါယာ၏ ဝိုင်းရံထားမှုသည် ပြန်လည် ပြည့်စုံလာပြီး ကျိုးလီ၏ နောက်ကွယ်ရှိ လူများသည် ဆက်တိုက် သေဆုံးလဲကျနေကြသည်။
ဤအတိုင်း ဆက်သွားပါက ကျိုးလီ အနီးရှိ လူထောင်ဂဏန်းလုံး ပျက်သုဉ်းသွားရန်မှာ အချိန်သာ လိုအပ်တော့၏။
သို့ပေမည့် ထိုအချိန်မှာပဲ မြေပြင်တစ်ခုလုံး ပြင်းထန်စွာ တုန်ယင်လာခဲ့၏။ မြောက်ဘက်မှ မြင်းတပ်တစ်တပ်သည် ရူးသွပ်စွာ ချီတက်လာပြီး အပြင်းအထန် ထိုးစစ်ဆင်လာတော့သည်။
နုလန်ဟောက် အောက်ရှင်း ရောက်ရှိလာခဲ့ပြီ ဖြစ်၏။ သူသည် စစ်သူကြီး ကျန်းကျိထော်ကို ပင်မစစ်တပ်ကြီး ဦးဆောင်ကာ တောင်ဘက်သို့ ဆင်းပြီး ထန်ထိုင်မြို့ကို ပြန်လည် ကယ်တင်စေခဲ့သည်။ သူကိုယ်တိုင်ကမူ မြင်းစစ်သည် တစ်သောင်းကျော်ကို ဦးဆောင်ကာ အိမ်ရှေ့စံမင်းသား ကျိုးလီကို ကယ်တင်ရန် ရောက်ရှိလာခြင်း ဖြစ်၏။
“မြန်မြန်… မြို့တံခါးကို ပိတ်… မြို့တံခါးကို ပိတ်ကြ...” တာယင်အင်ပါယာ အန်းရှီနယ်စား ဟူယန်ကျောက်က အော်ဟစ်လိုက်သည်။
တာယင်အင်ပါယာ စစ်တပ်သည် မြောက်ဘက် မြို့တံခါးကို ပိတ်ရန် အစွမ်းကုန် ကြိုးစားကြတော့သည်။ စောစောက လေခွင်းမြို့ကို တိုက်ခိုက်သိမ်းပိုက်စဉ်က မြို့တံခါးကို တွန်းဖွင့်ထားခဲ့ခြင်း ဖြစ်၏။
ယခုအချိန်တွင် မြို့တံခါးဝ၌ပင် ပြင်းထန်သော တိုက်ပွဲများ ဖြစ်ပွားနေဆဲ ဖြစ်သည်။ စစ်ပွဲကြီး အနိုင်ရသွားပြီ ဖြစ်သော်လည်း နေရာတိုင်းတွင် သတ်ဖြတ်မှုများ ရှိနေဆဲဖြစ်ကာ တောင်ပိုင်းကျိုးအင်ပါယာ စစ်တပ်သည် နောက်ဆုံး ခုခံတိုက်ခိုက်မှုများ ပြုလုပ်နေကြဆဲ ဖြစ်သည်။
“မြန်မြန်… မြို့တံခါးကို ပိတ်… မြို့တံခါးကို ပိတ်...” တာယင်အင်ပါယာ စစ်သူကြီးများက အော်ဟစ်လိုက်ကြ၏။
“မြို့တံခါးကို ဖွင့်… မြို့တံခါးကို ဖွင့်...” တောင်ပိုင်းကျိုးအင်ပါယာ အကြွင်းအကျန် စစ်တပ်များကလည်း ပြန်လည် အော်ဟစ်ကြသည်။
နှစ်ဖက်စစ်တပ်စလုံးသည် မြို့တံခါးဆီသို့ ရူးသွပ်စွာ ပြေးဝင်သွားကြပြီး တစ်ဖက်က မြို့တံခါးကို ပိတ်ရန် ကြိုးစားကာ တစ်ဖက်က မြို့တံခါးကို ဖွင့်ရန် ကြိုးစားကြ၏။
“ဝုန်း..”
ရုတ်တရက် ကျယ်လောင်သော အသံကြီး ထွက်ပေါ်လာ၏။ ဧရာမ မြို့တံခါးကြီး တိုက်ရိုက် ပြိုကျသွားခဲ့သည်။
စောစောက တာယင်အင်ပါယာ စစ်တပ်သည် မြို့တံခါးကို တိုက်ခိုက်စဉ်က သစ်ပင်ကြီး တစ်ပင်ကို ခုတ်လှဲကာ မြို့တံခါးကို အပူတပြင်း ဝင်တိုက်ခဲ့သောကြောင့် ဤမြို့တံခါးကြီးမှာ ယိမ်းယိုင်နေခဲ့ပြီးသား ဖြစ်၏။
ယခု စစ်တပ်နှစ်ဖက်၏ အပြင်းအထန် ဖျက်ဆီးမှုအောက်တွင် တောင့်မခံနိုင်တော့ဘဲ တိုက်ရိုက် ပြိုကျသွား တော့သည်။
“တိုက်… တိုက်… တိုက်..”
တောင်ပိုင်းကျိုးအင်ပါယာ နုလန်ဟောက် အောက်ရှင်းသည် ရှေ့ဆုံးမှ မြင်းကိုစီးကာ မြင်းစစ်သည် တစ်သောင်းကျော်ကို ဦးဆောင်ပြီး ရူးသွပ်စွာ ချီတက်လာခဲ့၏။ မြင်းတပ်များ ထိုးစစ်ဆင်လာချိန်တွင် အရှိန်အဟုန်မှာ လုံးဝ တားဆီး၍ မရနိုင်ပေ။
ထို့အပြင် ဤသူများသည် အောက်ရှင်းနှင့်အတူ တောင်မြောက်အနှံ့ တိုက်ပွဲဝင်ခဲ့သော အစွမ်းထက်ဆုံး မြင်းစစ်သည်များ ဖြစ်ပြီး တိုက်ရည်ခိုက်ရည်မှာ အလွန် ထူးခြားလှသည်။
အထူးသဖြင့် အောက်ရှင်းသည်လည်း လှံရှည်ကို အသုံးပြုသူဖြစ်ရာ သူ ဖြတ်သန်းသွားသော နေရာတိုင်း၌ မည်သူမှ မတားဆီးနိုင်ခဲ့ချေ။
“သတ်… သတ်… သတ်… သတ်...”
အောက်ရှင်း၏ မြင်းစစ်သည် တစ်သောင်းကျော်သည် မြို့တံခါးအတွင်းသို့ ရုတ်တရက် ပြေးဝင်သွားပြီး အိမ်ရှေ့စံမင်းသား ကျိုးလီ ရှိရာဘက်သို့ ရူးသွပ်စွာ ဆက်လက် ချီတက်သွားကြ၏။
“အောက်ရှင်းကို တားထား… အောက်ရှင်းကို တားထားကြ...” ဟူယန်ကျောက်က အမိန့်ပေးလိုက်သည်။
ထို့နောက် သူကိုယ်တိုင် အစွမ်းထက် စစ်တပ်ကို ဦးဆောင်ကာ အောက်ရှင်းကို ရင်ဆိုင်တိုက်ခိုက်ရန် ပြေးဝင်သွားတော့၏။
“ဘုန်း...”
ကျယ်လောင်သော အသံကြီးနှင့်အတူ နယ်စား ဟူယန်ကျောက်သည် မြင်းပေါ်မှ တိုက်ရိုက် လွင့်စင်သွား ခဲ့သည်။ သူသည် အချိန်ကြာမြင့်စွာ တိုက်ပွဲဝင်ခဲ့သောကြောင့် ခွန်အားကုန်ခမ်းနေပြီ ဖြစ်၏။ သို့ပေမည့် ဤအချက်ကို ကြည့်ခြင်းအားဖြင့် နုလန်ဟောက် အောက်ရှင်းသည် မည်မျှ အစွမ်းထက်ကြောင်း သိသာထင်ရှားလှသည်။
သို့ပေမည့် ယခုအချိန်တွင် နုလန်ဟောက် အောက်ရှင်း ဦးဆောင်သော မြင်းစစ်သည် တစ်သောင်းကျော် သည်လည်း တာယင်အင်ပါယာ စစ်တပ်၏ ပိတ်ဆို့မှုကို တဖြည်းဖြည်း ခံလာရပြီး သေဆုံးဒဏ်ရာရမှုများ များပြားလာခဲ့၏။ အောက်ရှင်းသည် မည်သည့်အရာကိုမှ ဂရုမစိုက်ဘဲ ရှေ့သို့သာ အပူတပြင်း ပြေးဝင်နေခဲ့၏။
“ခွဲ… ခွဲ… ခွဲ...”
အောက်ရှင်းသည် မြင်းတပ်ကို ဦးဆောင်ကာ အလွန် ကြမ်းကြုတ်စွာဖြင့် တာယင်အင်ပါယာ၏ ဝိုင်းရံထားမှုကို ဧရာမ အက်ကြောင်းကြီး တစ်ခု ဖြစ်သွားအောင် ဆုတ်ဖြဲလိုက်၏။ ဝိုင်းရံမှုအတွင်းသို့ ဝင်ရောက်ပြီးနောက် အောက်ရှင်းနှင့် အိမ်ရှေ့စံမင်းသား ကျိုးလီတို့ ပေါင်းဆုံနိုင်ခဲ့ကြသည်။
“အိမ်ရှေ့စံမင်းသား... သွားမယ်... သွားမယ်။” အောက်ရှင်းက အသံကုန် အော်ဟစ်လိုက်၏။
ကျိုးလီသည် မူလတည်းက ပြိုင်ဘက်ကင်း ထက်မြက်သူဖြစ်ပြီး စစ်မြေပြင်တွင် အနိုင်မခံ အရှုံးမပေးတတ်သော အောက်ရှင်းပါ ပေါင်းထည့်လိုက်ချိန်မှာတော့ ချက်ချင်းပဲ တားဆီး၍ မရနိုင်လောက်အောင် အရှိန်အဟုန် ပြင်းထန်သွားတော့သည်။
“ထွက်… ထွက်… ထွက်...”
“တိုက်… တိုက်… တိုက်....”
အောက်ရှင်းနှင့် ကျိုးလီတို့ နှစ်ဦး ပူးပေါင်းကာ တာယင်အင်ပါယာ စစ်တပ် သိန်းချီ၏ ဝိုင်းရံထားမှုထဲမှ အသက်ရှင်လျက် ဖောက်ထွက်နိုင်ခဲ့၏။
“သွား… သွား… သွား...”
သူတို့နှစ်ဦး လေခွင်းမြို့မှ ဖောက်ထွက်လာပြီးနောက် နောက်သို့ လှည့်မကြည့်တော့ဘဲ အရှေ့ဘက်သို့ ချီတက်သွားကြတော့သည်။
ထိုအချိန်တွင် အောက်ရှင်း ဦးဆောင်သော မြင်းစစ်သည် တစ်သောင်းကျော်သည် အကျအဆုံး များပြားခဲ့သည်။ စစ်သည် ငါးထောင်၊ ခြောက်ထောင်ပင် မပြည့်တော့ဘဲ အကုန်လုံး စစ်မြေပြင်တွင် ကျဆုံးသွားလုနီးပါး ဖြစ်နေ၏။
မြင်းစစ်သည် ထောင်ဂဏန်း၏ အကာအကွယ်ဖြင့် အောက်ရှင်းနှင့် ကျိုးလီတို့ အပြည့်အဝ ထွက်ပြေး လွတ်မြောက်သွားခဲ့သည်။
မိုင်ဆယ်ဂဏန်းအထိ ထွက်ပြေးလာပြီးနောက်မှသာ ကျိုးလီသည် အရှိန်ကို လျှော့ချလိုက်ပြီး မြင်းပေါ်မှနေ၍ အောက်ရှင်းကို လက်သီးဆုပ်၍ အရိုအသေပေးလိုက်၏။
အချိန်အတော်ကြာတည်းက နုလန်ဟောက် အောက်ရှင်းသည် ကျိုးလီအပေါ် အလွန် အေးစက်စွာ ဆက်ဆံခဲ့သည်။ ကျိုးလီက စစ်တုရင် ကစားရန် ဖိတ်ခေါ်သော်လည်း သူ မသွားခဲ့ပေ။ ပွဲတက်ရန် ဖိတ်ခေါ်သော်လည်း မသွားဘဲ လုံးဝ မျက်နှာမသာ ပေးခဲ့ချေ။
အမြဲတမ်းလိုလို ကျိုးလီကသာ နွေးထွေးစွာ ဆက်ဆံခဲ့သော်လည်း နုလန်ဟောက် အောက်ရှင်းက မျက်နှာကောင်း တစ်ခါမှ မပြခဲ့ပေ။ ကျိုးလီကလည်း သိပ်ဂရုမစိုက်ဘဲ အောက်ရှင်းအပေါ် အလွန် လေးစားမှု ရှိခဲ့၏။
မြို့စားကြီး ကျိုးရူသည်လည်း မြောက်ပိုင်းစစ်ဆင်ရေး၏ ဒုတိယစစ်သေနာပတိဖြစ်ပြီး ရာထူးအရ အောက်ရှင်းထက် မြင့်မားသော်လည်း အိမ်ရှေ့စံမင်းသားသည် အများဆုံးသော စစ်တပ်ကို အောက်ရှင်း၏ ကွပ်ကဲမှုအောက်တွင် ထားရှိခဲ့သည်။
ထို့အပြင် မြောက်ဘက်သို့ ချီတက်ချိန်တွင်လည်း ထန်ထိုင်မြို့ကို ကာကွယ်စောင့်ရှောက်ရန် တာဝန်ကို အောက်ရှင်းထံ အပ်နှင်းခဲ့၏။
အမြဲတမ်း အေးစက်စွာ ဆက်ဆံတတ်သော စစ်သေနာပတိ အောက်ရှင်းသည် နောက်ဆုံးတွင် အစွမ်းထက် မြင်းစစ်သည် တစ်သောင်းကျော်ကို ဦးဆောင်ကာ အခက်အခဲများကြားမှ လာရောက်ကယ်တင်လိမ့်မည်ဟု သူ ကျိုးလီ လုံးဝ ထင်မှတ်မထားခဲ့ပေ။
ကျိုးလီက ဦးညွတ်ကာ ပြောလိုက်သည်။ “ကြီးမားတဲ့ ကျေးဇူးအတွက် စကားနဲ့ ဖော်ပြလို့ မရနိုင်ပါဘူး နုလန်ဟောက်။ ဒီနေ့ အရှုံးက ကျုပ် တစ်ယောက်တည်းရဲ့ အမှားပါ။”
အောက်ရှင်းက ယခင်အတိုင်း မာနကြီးပြီး အေးစက်စွာဖြင့် ခေါင်းခါလိုက်၏။ “အိမ်ရှေ့စံမင်းသား အားနာလွန်းနေပါပြီ။”
ထို့နောက် သူတို့နှစ်ဦး၏ စကားဝိုင်း ရပ်တန့်သွား၏။ ယခုအချိန်တွင် အမှားများကို ပြောဆိုနေခြင်းက အဓိပ္ပာယ် မရှိဘဲ နောက်ဆက်တွဲ အခြေအနေကို မည်သို့ ကယ်တင်ရမည်ဆိုသည်ကသာ အရေးကြီးဆုံး ဖြစ်သည်။
ခဏတာ အနားယူပြီးနောက် သူတို့နှစ်ဦးသည် ချီတက်မှုကို ဆက်လက် အရှိန်တင်ကာ ကျန်းကျိထော်၏ စစ်တပ်ကို အမီလိုက်ကြတော့၏။
လေခွင်းမြို့ တိုက်ပွဲ ရှုံးနိမ့်သွားပြီဖြစ်ရာ ထန်ထိုင်မြို့ကို လုံးဝ အဆုံးရှုံးခံ၍ မဖြစ်တော့ပေ။ ထန်ထိုင်မြို့ မကျရှုံးသရွေ့ ဤစစ်ပွဲကြီးတွင် အပြည့်အဝ ရှုံးနိမ့်ခြင်း မဟုတ်သေးဘဲ အနည်းဆုံးတော့ သရေကျရန် မျှော်လင့်ချက် တစ်စွန်းတစ်စ ရှိနေသေးသည်။
သို့ပေမည့် ထန်ထိုင်မြို့ပါ ကျဆုံးသွားပါက ဤစစ်ပွဲကြီး တစ်ခုလုံး အပြည့်အဝ ရှုံးနိမ့်သွားပြီ ဖြစ်သည်။ ပိုင်ရှင်မဲ့ နယ်မြေ တစ်ခုလုံး ကျဆုံးသွားခြင်းက တောင်ပိုင်းကျိုးအင်ပါယာ အနေဖြင့် တာယင်အင်ပါယာ အပေါ် မဟာဗျူဟာမြောက် အသာစီးရမှုကို အပြည့်အဝ ဆုံးရှုံးသွားပြီး တက်ကြွစွာ တိုက်ခိုက်မည့် အခွင့်အရေးကို လက်လွှတ်ရခြင်းပင် ဖြစ်၏။
အနာဂတ်တွင် ပိုင်ရှင်မဲ့ နယ်မြေကို ပြန်လည် သိမ်းပိုက်လိုပါက စစ်အင်အား မည်မျှ အကုန်အကျ ခံရမည်ကို မှန်းဆ၍ပင် မရနိုင်တော့ပေ။
အရာအားလုံး အချိန်မီပါစေဟုသာ မျှော်လင့်ရတော့၏။ အချိန်မီသင့်ပေသည်။ တာယင်အင်ပါယာမှ ထန်ထိုင်မြို့ကို သွားရောက်တိုက်ခိုက်သော စစ်တပ်မှာ အင်အား အလွန်အမင်း များပြားမည် မဟုတ်ပေ။
ထန်ထိုင်မြို့ အတွင်း၌လည်း ကာကွယ်ရေးတပ်ဖွဲ့ဝင် သောင်းဂဏန်းခန့် ရှိနေသေးရာ ရက်အနည်းငယ် တောင့်ခံထားရန်မှာ ပြဿနာ မရှိနိုင်ချေ။
ကျန်းကျိထော်၏ စစ်တပ်နှစ်သိန်း တောင်ဘက်သို့ ပြန်လည်ရောက်ရှိလာချိန်အထိ တောင့်ခံနိုင်ပါက ထန်ထိုင်မြို့ကို ကာကွယ်နိုင်ရုံသာမက တာယင်အင်ပါယာ၏ ခိုးကြောင်ခိုးဝှက် တိုက်ခိုက်လာသော စစ်တပ်ကိုပါ အပြတ်ရှင်းနိုင်မှာ ဖြစ်၏။
ထိုသို့ဆိုလျှင် ဤစစ်ပွဲကြီးတွင် နှစ်ဖက်စလုံး သရေကျသွားပေလိမ့်မည်။ အနည်းဆုံး ဗျူဟာမြောက် သရေကျခြင်း ဖြစ်ပြီး ဆုံးရှုံးမှု အရဆိုလျှင်မူ တောင်ပိုင်းကျိုးအင်ပါယာက ပိုမို ကြီးမားမည်မှာ သေချာပေါက် ဖြစ်နေလေသည်။
.......................
လေခွင်းမြို့ စစ်မြေပြင်
ယခုအချိန်တွင် ဤနေရာရှိ စစ်ပွဲကြီး ပြီးဆုံးသွားခဲ့ပြီ ဖြစ်၏။ မြေပြင်အနှံ့ အလောင်းများ ပြည့်နှက်နေပြီး နေရာတိုင်းတွင် သွေးအိုင်များ ရှိနေ၏။
ဤစစ်ပွဲတွင် တောင်ပိုင်းကျိုးအင်ပါယာသည် လူသိန်းကျော် ဆုံးရှုံးခဲ့ပြီး အချို့မှာ ထွက်ပြေးလွတ်မြောက် သွားသော်လည်း အခြေခံအားဖြင့် စစ်တပ်တစ်ခုလုံး ပျက်သုဉ်းသွားသည်ဟု ဆိုနိုင်၏။ ဤစစ်ပွဲတွင် တာယင် အင်ပါယာလည်း လူသောင်းချီ ဆုံးရှုံးခဲ့သည်။
တိကျသော သေဆုံးဒဏ်ရာရမှု စာရင်း မထွက်လာသေးသော်လည်း မြေပြင်အနှံ့ရှိ အလောင်းများကို ကြည့်ခြင်းအားဖြင့် တာယင်အင်ပါယာ၏ ဆုံးရှုံးမှုမှာ ကြီးမားကြောင်း တွေ့မြင်နိုင်၏။
သို့ပေမည့် ဤသည်မှာ ကြီးကျယ်ခမ်းနားသော အောင်ပွဲတစ်ခု ဖြစ်နေဆဲပင်။ လေခွင်းမြို့ကို အပြည့်အဝ သိမ်းပိုက်နိုင်ခဲ့ရုံသာမက တောင်ပိုင်းကျိုးအင်ပါယာ မြောက်ပိုင်းစစ်ဆင်ရေး၏ ပင်မစစ်တပ်ကြီး သုံးပုံတစ်ပုံကို ချေမှုန်းနိုင်ခဲ့သည်။
ဖုန်းရှောက်ထျန်း ဘက်မှ ထန်ထိုင်မြို့ကိုသာ သိမ်းပိုက်နိုင်ပါက အခြေခံအားဖြင့် ပိုင်ရှင်မဲ့ နယ်မြေ အဆုံးအဖြတ် တိုက်ပွဲကြီး ပြီးဆုံးသွားပြီဟု ဆိုနိုင်ပေသည်။ အနည်းဆုံး နှစ်နှစ်၊ သုံးနှစ်အတွင်း တောင်ပိုင်းကျိုးအင်ပါယာသည် မြောက်ဘက်သို့ ချီတက်တိုက်ခိုက်နိုင်စွမ်း ဆုံးရှုံးသွားမှာဖြစ်၏။
သို့ပေမည့် စတုတ္ထမင်းသား ယင်ချွဲ့သည် အောင်ပွဲ၏ ရလဒ်များကို ခံစားရန် အချိန်မရခဲ့ပေ။ အနည်းငယ် ပြင်ဆင်ပြီးသည်နှင့် ဖုန်းရှင်းမြဲ့နှင့် သိုင်းပညာရှင် ထောင်ဂဏန်းကို ခေါ်ဆောင်ကာ လေခွင်းမြို့ တောင်ဘက် တံခါးမှ ထွက်ခွာပြီး လျှပ်စီးပမာ တောင်ဘက်သို့ ချီတက်သွားတော့သည်။
စတုတ္ထမင်းသား ယင်ချွဲ့၏ ပစ်မှတ်မှာလည်း အလွန် ရှင်းလင်းပြီး ထန်ထိုင်မြို့ပင် ဖြစ်သည်။ အကြောင်းမှာ ယန်ဖြန်ရှန်သည် ယွင်ကျုံးဟဲ့ကို ထန်ထိုင်မြို့သို့ သေချာပေါက် ခေါ်ဆောင်သွားမည်ဖြစ်ရာ ယွင်ကျုံးဟဲ့ကို ကယ်တင်ရန်အတွက် အတိုတောင်းဆုံး အချိန်အတွင်း ထန်ထိုင်မြို့သို့ ရောက်ရှိရန် လိုအပ်၏။
လေခွင်းမြို့ တိုက်ပွဲကြီး ပြီးဆုံးကာစ ဖြစ်သော်လည်း အနားယူရန် အချိန်မရဘဲ ဒုတိယပိုင်း အဆုံးအဖြတ် တိုက်ပွဲကြီး အတွင်းသို့ ချက်ချင်း ဝင်ရောက်ရတော့မှာ ဖြစ်သည်။
ဤဒုတိယပိုင်း အဆုံးအဖြတ် တိုက်ပွဲကြီးသည် တောင်ပိုင်းကျိုးအင်ပါယာ စစ်တပ်ကြီး၏ ကံကြမ္မာကို အပြည့်အဝ ဆုံးဖြတ်ပေးမှာဖြစ်၏။ နိုင်ငံနှစ်ခု၏ စစ်ပွဲကြီး နောက်ဆုံးရလဒ်ကိုလည်း ဆုံးဖြတ်ပေး ပေလိမ့်မည်။
...................
အပိုင်း (၁၉၆)
မြင်းပေါ်တွင် ယွင်ကျုံးဟဲ့သည် ယန်ဖြန်ရှန်ကို ကြည့်ရင်း လှုပ်ခါမှုကြောင့် အန်ချင်သလို ဖြစ်လာခဲ့၏။ ထို့အပြင် ယန်ဖြန်ရှန်သည် ယောက်ျားကြီးတစ်ယောက် ဖြစ်နေရာ မြင်းတစ်စီးတည်း အတူစီးရသည့် ခံစားချက်မှာ အလွန် ထူးဆန်းလွန်းလှသည်။
ယန်ဖြန်ရှန်သည် ရူးသွပ်စွာ ချီတက်နေပြီး တစ်စက္ကန့်လေးမျှပင် အချိန်မဆွဲရဲပေ။
“မြန်မြန်… မြန်မြန်… မြန်မြန်... ထန်ထိုင်မြို့ အန္တရာယ် ရှိနေပြီ။”
ထိပ်တန်း ဗျူဟာမှူး တစ်ဦးအနေဖြင့် ထန်ထိုင်မြို့သာ ကျဆုံးသွားပါက မင်းသား ကျိုးလီအတွက် အပြည့်အဝ ပျက်စီးကိန်း ဆိုက်သွားမည် ဖြစ်ကြောင်း ယန်ဖြန်ရှန် မြင်တွေ့နိုင်သည်မှာ သေချာလှ၏။
ပထမအချက်မှာ ပိုင်ရှင်မဲ့ နယ်မြေ တစ်ခုလုံး ဆုံးရှုံးသွားမည် ဖြစ်ပြီး ဒုတိယအချက်မှာ ပိုင်ရှင်မဲ့ နယ်မြေ အတွင်း ကျန်ရစ်နေသော တောင်ပိုင်းကျိုးအင်ပါယာ၏ စစ်တပ် သိန်းချီသည်လည်း ဤနေရာတွင် အသေသတ်ခံရမည်ဖြစ်ကာ အိမ်ပြန်လမ်းလည်း အပြည့်အဝ ပိတ်သွားမှာ ဖြစ်သည်။
ထိုနေ့ ရောက်လာလျှင် သူ ယန်ဖြန်ရှန်သည် တောင်ပိုင်းကျိုးအင်ပါယာ၏ တရားခံ ဖြစ်သွားမည်ဖြစ်ပြီး အိမ်ရှေ့စံမင်းသားကလည်း တရားခံ ဖြစ်သွားပေလိမ့်မည်။
အခြေအနေများက အဘယ်ကြောင့် ဤအဆင့်အထိ ရောက်ရှိလာရသနည်း။ လွန်ခဲ့သော အချိန်လေးကပင် အခြေအနေ အလွန်ကောင်းမွန်နေပြီး အကြီးကျယ်ဆုံး အောင်ပွဲကိုပင် ရရှိလုနီးပါး ဖြစ်နေခဲ့သည်။ သို့ပေမည့် နောက်တစ်စက္ကန့်တွင် အဘယ်ကြောင့် ပျက်စီးကိန်းနှင့် ချက်ချင်း ရင်ဆိုင်လိုက်ရသနည်း။
ယွင်ကျုံးဟဲ့က အလွန် ဉာဏ်ကောင်းလွန်းနေ၍လား။ သို့မဟုတ် သူ ယန်ဖြန်ရှန်က အလွန် မာနကြီးပြီး လောဘကြီးလွန်းသွား၍လား။ ယခုအချိန်တွင် ဤအရာများကို တွက်ချက်နေခြင်းက အဓိပ္ပာယ် မရှိတော့ဘဲ နောက်ဆက်တွဲ အခြေအနေကို မည်သို့ ကယ်တင်ရမည်ဆိုသည်ကသာ အရေးကြီးဆုံး ဖြစ်၏။
ထိုအချိန်တွင် ယွင်ကျုံးဟဲ့က ရုတ်တရက် ပြုံးလျက် ပြောလိုက်သည်။ “သခင်ကြီးယန်ဖြန်ရှန်… အလုပ်ရှုပ် ခံမနေပါနဲ့တော့။ အချိန်မမီတော့ပါဘူး။ ထန်ထိုင်မြို့ သေချာပေါက် ကျဆုံးသွားလိမ့်မယ်။ အခုတောင် ကျဆုံးသွားလောက်ပြီ။”
မဖြစ်နိုင်ပေ။ တာယင်အင်ပါယာ အနေဖြင့် ထန်ထိုင်မြို့ကို တိုက်ခိုက်ရန် အလွန်ဆုံး လူတစ်သိန်းသာ စေလွှတ်နိုင်မှာဖြစ်ပြီး လျင်မြန်စွာ ချီတက်ရန်အတွက် မြို့ရိုးဖျက် လက်နက်များနှင့် ကျောက်ခဲပစ်စက်များကို သေချာပေါက် သယ်ဆောင်လာနိုင်မည် မဟုတ်ချေ။
ထန်ထိုင်မြို့ အတွင်း၌ ကာကွယ်ရေးတပ်ဖွဲ့ဝင် သောင်းဂဏန်း ကျန်ရှိနေသေးရာ ခိုင်ခံ့သော မြို့ရိုးကို အကာအကွယ်ယူကာ ရန်သူ၏ စစ်တပ် တစ်သိန်းကို ဆယ်ရက်ခန့် တောင့်ခံထားရန်မှာ လုံးဝ ပြဿနာ မရှိနိုင်ပေ။
တာယင်အင်ပါယာ၏ စစ်သည်တစ်သိန်းဖြင့် အချိန်တိုအတွင်း ထန်ထိုင်မြို့ကို သိမ်းပိုက်လိုခြင်းမှာ နေ့ခင်းကြောင်တောင် အိပ်မက်မက်နေခြင်းသာ ဖြစ်၏။
ယွင်ကျုံးဟဲ့က သက်ပြင်းချလျက် ပြောလိုက်သည်။ “ယန်ဖြန်ရှန်... ခင်ဗျားလို ဉာဏ်ကောင်းတဲ့သူကလည်း ဒီလောက် ခေါင်းမာတာပဲလား။ လူဆိုတာက ကိုယ် ကြောက်ရွံ့တဲ့ ကိစ္စတွေကို မယုံကြည်ချင်ကြဘူးလေ။ ကျုပ်လည်း အတူတူပဲ။ သခင်ကြီးယန်ဖြန်ရှန် ခင်ဗျားလည်း ခြွင်းချက် မဟုတ်ပါဘူး။”
ယန်ဖြန်ရှန်သည် ရုတ်တရက် တစ်စုံတစ်ရာကို စဉ်းစားမိသွားပြီး မျက်နှာထား အနည်းငယ် ပြောင်းလဲသွား တော့၏။
ယွင်ကျုံးဟဲ့က ပြုံးကာ မေးလိုက်သည်။ “သခင်ကြီးယန်ဖြန်ရှန်… ခင်ဗျား စဉ်းစားမိသွားပြီလား။ ကျုပ် ဖန်တီးခဲ့တဲ့ လျှို့ဝှက်လက်နက်ကို ခင်ဗျား တွေးမိသွားပြီလား။”
ယန်ဖြန်ရှန်သည် ယွင်ကျုံးဟဲ့ကို စိုက်ကြည့်ကာ ပြောလိုက်၏။ “မင်းသား ယင်ချွဲ့နဲ့ သခင်ကြီးဖုန်းရှင်းမြဲ့တို့က သိုင်းပညာရှင်တွေကို ဦးဆောင်ပြီး ခင်ဗျားကို ကယ်တင်ဖို့ အပူတပြင်း လိုက်လာနေကြတယ်။ သူတို့ သွားမယ့် ဦးတည်ရာကလည်း ထန်ထိုင်မြို့ပဲ။ ဒါဆို သူတို့အတွက်လည်း အခွင့်အရေး မရှိတော့ဘူးပေါ့။
ယွင်ကျုံးဟဲ့... ကျုပ် ခင်ဗျားကို ထန်ထိုင်မြို့ကို ခေါ်သွားမှာ မဟုတ်ဘူး။ တောင်ပိုင်းကျိုးအင်ပါယာဆီ အရင် ခေါ်သွားတော့မယ်။ အခု ကျုပ်ကို တားနိုင်မယ့်သူ မရှိတော့ဘူး မဟုတ်လား။ အခုကစပြီး ခင်ဗျားက တောင်ပိုင်းကျိုးအင်ပါယာရဲ့ အကျဉ်းသား ဖြစ်သွားတော့မယ်။”
ယွင်ကျုံးဟဲ့ အနည်းငယ် ထိတ်လန့်သွား၏။ ဤလမ်းသည် တောင်ပိုင်းကျိုးအင်ပါယာသို့ သွားသော အလွန် ကြမ်းတမ်းသည့် တောင်ပေါ်လမ်းငယ်လေး ဖြစ်ကြောင်း တွေ့ရှိသွားလေသည်။
ယန်ဖြန်ရှန်က ပြုံးလျက် ပြောလိုက်၏။ “သခင်ကြီး ယွင်ကျုံးဟဲ့… ခင်ဗျား တောင်ပိုင်းကျိုးအင်ပါယာရဲ့ အကျဉ်းသား ဖြစ်သွားပြီး ဟေးပင်းထိုင်ရဲ့ သေမင်းတမန် အကျဉ်းထောင်ထဲ ရောက်သွားရင် ဘာဖြစ်မယ် ထင်လဲ။ အသက်ရှင်လျက်နဲ့ သေရတာထက် ဆိုးတဲ့ ဒုက္ခမျိုး ခံစားရလိမ့်မယ်။”
ထို့နောက် ယန်ဖြန်ရှန်သည် ယင်ချွဲ့နှင့် ဖုန်းရှင်းမြဲ့တို့အား မည်သည့် အခွင့်အရေးမှ မပေးတော့ဘဲ ယွင်ကျုံးဟဲ့ကို ခေါ်ဆောင်ကာ အလျင်မြန်ဆုံး အမြန်နှုန်းကို အသုံးပြု၍ ခေါင်ဖျားသော လမ်းငယ်လေး အတိုင်း တောင်ပိုင်းကျိုးအင်ပါယာသို့ ပြန်သွားတော့သည်။
ယွင်ကျုံးဟဲ့သာ တောင်ပိုင်းကျိုးအင်ပါယာ၏ ဟေးပင်းထိုင် အကျဉ်းထောင်ထဲသို့ ရောက်ရှိသွားပါက မင်းသား ယင်ချွဲ့နှင့် ဖုန်းရှင်းမြဲ့တို့ အနေဖြင့် သူ့ကို ကယ်တင်ရန်မှာ ကောင်းကင်သို့ တက်ရသည်ထက်ပင် ခက်ခဲသွားပေလိမ့်မည်။
.....................
“ဟီး… ဟီး… ဟီး”
ယန်ဖြန်ရှန်၏ နောက်ကွယ် မိုင်ရာဂဏန်း အကွာတွင် မြင်းဖြူတစ်စီးသည် ရူးသွပ်စွာ ပြေးလွှားနေ၏။ ပြိုင်ဘက်ကင်း အလှပိုင်ရှင် ကျင်းကျုံးယွဲ့သည် ဗိုက်ကို ဖိထားရင်း နောက်မှ အပူတပြင်း လိုက်လံ ခြေရာခံနေသည်။
လမ်းတစ်လျှောက်တွင် သူမသည် လူစု အတော်များများနှင့် ဆုံတွေ့ခဲ့၏။ တောင်ပိုင်းကျိုးအင်ပါယာ၏ အကြွင်းအကျန် စစ်တပ်များ ဖြစ်လျှင်ဖြစ်၊ သို့မဟုတ် ပိုင်ရှင်မဲ့ နယ်မြေမှ ပဒေသရာဇ်များ၏ အကြွင်းအကျန် စစ်တပ်များ ဖြစ်ကြ၏။
သူမသည် လူတစ်စုကို ဖမ်းဆွဲကာ အေးစက်စက် မေးမြန်းလိုက်သည်။ “ယန်ဖြန်ရှန် ဘယ်မှာလဲ။ ယွင်ကျုံးဟဲ့ ဘယ်မှာလဲ။ သူ ယွင်ကျုံးဟဲ့ကို ဘယ်နေရာ ခေါ်သွားတာလဲ။”
သူမသည် လမ်းတစ်လျှောက် မအိပ်မနားဘဲ တောင်ဘက်သို့ အပူတပြင်း ခြေရာခံ လိုက်ပါခဲ့သည်မှာ လမ်းဆုံတစ်ခုသို့ပင် ရောက်ရှိလာလေသည်။ ဘယ်ဘက်လမ်းက ထန်ထိုင်မြို့သို့ သွားသောလမ်း ဖြစ်ပြီး ညာဘက်လမ်းမှာမူ ခေါင်ဖျားသော တောင်ပေါ်လမ်းငယ်လေး ဖြစ်ကာ တောင်ပိုင်းကျိုးအင်ပါယာသို့ ပြန်သောလမ်း ဖြစ်၏။
အစ်ကိုဖြစ်သူ ယန်ဖြန်ရှန်သည် ယွင်ကျုံးဟဲ့ကို မည်သည့်နေရာသို့ ခေါ်သွားမည်နည်း။ ထန်ထိုင်မြို့လား သို့မဟုတ် တောင်ပိုင်းကျိုးအင်ပါယာလား။ ကျင်းကျုံးယွဲ့ မသိပေ။
သို့ပေမည့် သူမ မည်သည့် ရလဒ်ကို အကြောက်ဆုံး ဖြစ်သည်ကို ရှင်းလင်းစွာ သိရှိထားသည်။ ထိုအရာက ယန်ဖြန်ရှန်သည် ယွင်ကျုံးဟဲ့ကို တောင်ပိုင်းကျိုးအင်ပါယာသို့ ခေါ်သွားပြီး ဟေးပင်းထိုင် အကျဉ်းထောင်ထဲသို့ ပိတ်လှောင်ထားမည်ကိုပင်။
ထိုသို့ဆိုလျှင် ယွင်ကျုံးဟဲ့သည် ဟေးပင်းထိုင်၏ နှိပ်စက်မှုကြောင့် အသက်ရှင်လျက် သေရသည်ထက် ဆိုးရွားသော ဒုက္ခကို သေချာပေါက် ခံစားရမှာဖြစ်၏။
ထို့ကြောင့် ကျင်းကျုံးယွဲ့သည် သူမ အကြောက်ဆုံး ဦးတည်ရာကို ပြတ်သားစွာ ရွေးချယ်လိုက်၏။ သူမသည် ဗိုက်အောက်ပိုင်းကို ဖိထားရင်း ညာဘက်လမ်းငယ်လေးအတိုင်း ချီတက်ကာ ယန်ဖြန်ရှန်နှင့် ယွင်ကျုံးဟဲ့တို့ နောက်သို့ အပူတပြင်း ခြေရာခံ လိုက်ပါသွားတော့သည်။
အရာအားလုံး အချိန်မီပါစေဟုသာ မျှော်လင့်ရတော့၏။
...................
ပိုင်ရှင်မဲ့ နယ်မြေ၏ နံပါတ်တစ် မြို့ကြီးဖြစ်သော ထန်ထိုင်မြို့သည် မဟာဗျူဟာမြောက် တည်နေရာအရ လေခွင်းမြို့ကို မမီပေ။ အကြောင်းမှာ ပိုင်ရှင်မဲ့ နယ်မြေ၏ တောင်ပိုင်းတွင် တည်ရှိပြီး တောင်ပိုင်းကျိုး အင်ပါယာနှင့် မိုင်နှစ်ရာ၊ သုံးရာခန့်သာ ကွာဝေးသောကြောင့် ဖြစ်သည်။
၎င်း၏ တည်နေရာသည် မြင့်မားသော်လည်း လေခွင်းမြို့ထက် ပိုမို ကျယ်ဝန်းပြန့်ပြူးပြီး ကာကွယ်ရန် လွယ်ကူကာ တိုက်ခိုက်ရန် ခက်ခဲသော အနေအထားမျိုး မရှိချေ။
သို့ပေမည့် တောင်ပိုင်းကျိုးအင်ပါယာကို တိုက်ခိုက်ရန်အတွက် အဓိက ရှေ့တန်းစခန်းဖြစ်ပြီး ပိုင်ရှင်မဲ့ နယ်မြေမှ တောင်ပိုင်းကျိုးအင်ပါယာသို့ သွားရာ အဓိက လမ်းကြောင်းကို ပိတ်ဆို့ထားနိုင်၏။
ဤမြို့ကို တာယင်အင်ပါယာက သိမ်းပိုက်လိုက်သည်နှင့် ကျိုးလီနှင့် တောင်ပိုင်းကျိုးအင်ပါယာ စစ်တပ်အတွက် နောက်ဆုတ်ရာလမ်း ပိတ်ဆို့သွားမှာဖြစ်ပြီး ပိုင်ရှင်မဲ့ နယ်မြေအတွင်း အပြည့်အဝ ပိတ်မိသွားမှာ ဖြစ်သည်။
လူနှစ်သိန်းဆိုသည်မှာ လူထောင်ဂဏန်းမျှသာ မဟုတ်ပေ။ ခေါင်ဖျားသော လမ်းငယ်များမှတစ်ဆင့် တောင်ကျော်ကာ တောင်ပိုင်းကျိုးအင်ပါယာသို့ ပြန်ရန် မဖြစ်နိုင်ချေ။
ထန်ထိုင်မြို့ကို တာယင်အင်ပါယာက သိမ်းပိုက်လိုက်သည်နှင့် ကျိုးလီနှင့် အောက်ရှင်း ဦးဆောင်သော စစ်တပ်ကြီး နှစ်သိန်းကျော်မှာ အိမ်ပြန်လမ်း ပျောက်သွားပြီ ဖြစ်၏။ ထို့ကြောင့် လေခွင်းမြို့မှ ထွက်ပြေး လာပြီးနောက် အောက်ရှင်းနှင့် ကျိုးလီတို့သည် အချိန်ကို အနည်းငယ်မှ ဖြုန်းတီးခြင်း မရှိခဲ့ပေ။
တစ်ရက်ခန့် အကြာတွင် သူတို့နှစ်ဦးသည် မြင်းစစ်သည် ထောင်ဂဏန်းကို ဦးဆောင်ကာ ကျန်းကျိထော်၏ စစ်တပ်နှစ်သိန်းကို အမီလိုက်နိုင်ခဲ့၏။
ထို့နောက် အနားယူခြင်း မရှိဘဲ စစ်တပ်နှစ်သိန်းကို ဦးဆောင်ကာ တောင်ဘက်သို့ ရူးသွပ်စွာ ချီတက်ကြတော့သည်။ ဤသည်မှာ အချိန်နှင့် အပြေးပြိုင်ခြင်း ဖြစ်၏။ သေမင်းနှင့် အပြေးပြိုင်နေခြင်းလည်း ဖြစ်သည်။
ထန်ထိုင်မြို့ အနေဖြင့် ခုနစ်ရက်၊ အလွန်ဆုံး ဆယ်ရက်ခန့် တောင့်ခံထားနိုင်ပါစေဟု မျှော်လင့်ရ၏။ ထိုသို့ဆိုလျှင် သူတို့၏ စစ်တပ်ကြီး အချိန်မီ ရောက်ရှိလာမှာဖြစ်ပြီး ပြဿနာ မရှိနိုင်ဟု ယူဆရ၏။
မြို့အတွင်း၌ ကာကွယ်ရေးတပ်ဖွဲ့ဝင် လေးသောင်းခန့် ရှိနေပြီး သုံးသောင်းမှာ တောင်ပိုင်းကျိုးအင်ပါယာ၏ ပင်မစစ်တပ် ဖြစ်ကာ အလွန် အစွမ်းထက်သောသူများ ဖြစ်ကြသည်။
တာယင်အင်ပါယာ၏ စစ်သည်တစ်သိန်းကို ရင်ဆိုင်ရာတွင် ထန်ထိုင်မြို့ကဲ့သို့ ခိုင်ခံ့သော မြို့ကြီး ရှိနေသောကြောင့် အနိုင်ရသင့်ပြီး လဝက်ခန့် တောင့်ခံထားရန်မှာ ပြဿနာ မရှိနိုင်ချေ။
..................
ဆယ်လပိုင်း နှစ်ဆယ့်ငါးရက်
ဆယ်ရက်တိုင်တိုင် ရူးသွပ်စွာ အတင်းအကျပ် ချီတက်ပြီးနောက် တာယင်အင်ပါယာ၏ စစ်သည် တစ်သိန်းသည် စစ်သူကြီး ဖုန်းရှောက်ထျန်း၏ ဦးဆောင်မှုဖြင့် ထန်ထိုင်မြို့၏ မြို့ရိုးအောက်သို့ ရောက်ရှိ လာခဲ့သည်။
ဤအချိန်တွင် လေခွင်းမြို့ တိုက်ပွဲကြီး ပြီးဆုံးသွားခဲ့သည်မှာ နှစ်ရက်ပင် မပြည့်သေးချေ။ ကျိုးလီနှင့် အောက်ရှင်းတို့သည် လေခွင်းမြို့မှ ထွက်ပြေးပြီးနောက် စစ်တပ်နှစ်သိန်းကျော်ကို ဦးဆောင်ကာ တောင်ဘက်သို့ ပြန်လည် ဆင်းလာရခြင်းဖြစ်ရာ ထန်ထိုင်မြို့နှင့် မိုင်ရာဂဏန်း ကွာဝေးနေသေး၏။
တာယင်အင်ပါယာ စစ်သူကြီး ဖုန်းရှောက်ထျန်းသည် ရှေ့သို့ လှမ်းကြည့်လိုက်ရာ ထန်ထိုင်မြို့ကို မြင်တွေ့လိုက်ရသည်။
ထန်ထိုင် မိသားစုသည် ဤမြို့ကို နှစ်ပေါင်း နှစ်ရာကျော်တိုင်တိုင် အုပ်ချုပ်ခဲ့ခြင်း ဖြစ်၏။ ပိုင်ရှင်မဲ့ နယ်မြေ၏ နံပါတ်တစ်မြို့ကြီး ဖြစ်သည့်အလျောက် လူဦးရေ အများဆုံးအချိန်တွင် နှစ်သိန်းကျော် ရှိခဲ့ဖူး၏။
မြို့ရိုး တစ်ပတ်လည်သည် မိုင်နှစ်ဆယ်ကျော် ရှည်လျားပြီး အနိမ့်ဆုံး နေရာတွင် ကိုးမီတာ၊ အမြင့်ဆုံး နေရာတွင် ဆယ့်သုံးမီတာကျော် ရှိ၏။ မြို့ရိုး အထူဆုံး နေရာတွင် ငါးမီတာကျော် ရှိပြီး အပါးဆုံး နေရာတွင် သုံးမီတာကျော် ရှိသည်။
ထန်ထိုင်မြို့သည် လေခွင်းမြို့ကဲ့သို့ ကျဉ်းမြောင်းပြီး အန္တရာယ်များသော နေရာမျိုး မဟုတ်သော်လည်း လုံးဝ ခိုင်ခံ့သော မြို့ကြီး တစ်မြို့ ဖြစ်၏။
ပုံမှန်အားဖြင့် ဤကဲ့သို့သော မြို့ကြီးကို တိုက်ခိုက်မည်ဆိုလျှင် ကာကွယ်ရေး တပ်ဖွဲ့ထက် အင်အား လေးငါးဆ မရှိပါက စမ်းသပ်ရန်ပင် မစဉ်းစားသင့်ချေ။ ပြင်းထန်များပြားသည့် ဆုံးရှုံးမှုများ ကြုံတွေ့ရမည်မှာ သေချာလှသည်။
ယခုအခါ ထန်ထိုင်မြို့ အတွင်း၌ တောင်ပိုင်းကျိုးအင်ပါယာ စစ်သည် သုံးသောင်းနှင့် ထန်ထိုင် မိသားစု စစ်သည် တစ်သောင်း ရှိနေသည်။ ထို့ကြောင့် တာယင်အင်ပါယာ အနေဖြင့် စစ်သည် နှစ်သိန်းရှိပြီး မြို့သိမ်း လက်နက်များ ပြည့်စုံမှသာ မြို့ကို တိုက်ခိုက်သင့်၏။
သို့ပေမည့် ဖုန်းရှောက်ထျန်းတွင် မည်သည့်အရာမှ မရှိဘဲ စစ်သည် တစ်သိန်းသာ ရှိသည်။ အချိန်မီ ရောက်ရှိရန်အတွက် ဤစစ်တပ်သည် ပေါ့ပါးသော အသုံးအဆောင်များဖြင့် လျင်မြန်စွာ ချီတက်လာခဲ့ရာ မြို့ရိုးဖျက် လက်နက်များကို မဆိုထားနှင့် လေးနှင့်မြားများပင် အများအပြား သယ်ဆောင်လာခြင်း မရှိသကဲ့သို့ ရိက္ခာခြောက်များကိုပင် ရက်နှစ်ဆယ်စာသာ သယ်ဆောင်လာခဲ့သည်။
ဤကဲ့သို့ ရူးသွပ်သော တိုက်ပွဲမျိုးကို မည်သူမှ လက်ခံမည် မဟုတ်သော်လည်း ဖုန်းရှောက်ထျန်းမှာမူ ခြွင်းချက် ဖြစ်၏။
သူသည် တာယင်အင်ပါယာ၏ နှစ်ရာချီ သက်တမ်းရှိသော သူဌေးကြီး မျိုးနွယ်မှ ဖြစ်ပြီး အင်ပါယာ၏ လန်ထျန်နယ်စား ဖြစ်သည်။ ဤဘွဲ့အမည်မှာ အလွန် ယဉ်ကျေးသိမ်မွေ့ပုံရပြီး ဖုန်းရှောက်ထျန်း ကိုယ်တိုင် မှာလည်း ပိန်ပါးကာ အနည်းငယ် ယဉ်ကျေးသော အသွင်အပြင် ရှိသည်။
သို့ပေမည့် ဤလန်ထျန်နယ်စားသည် အလွန်အမင်း စွန့်စားရသည်ကို နှစ်သက်သော စစ်သူကြီး တစ်ဦးဖြစ်ပြီး သေမင်းနှင့် ကစားလိုသော စိတ်ဓာတ် ရှိကြောင်း တာယင်အင်ပါယာ တစ်ခုလုံးက သိရှိထားကြသည်။ သူ အနှစ်သက်ဆုံးနှင့် အကျွမ်းကျင်ဆုံး အရာမှာ ခရီးရှည် ချီတက်ပြီး ရုတ်တရက် ဝင်ရောက်တိုက်ခိုက်ခြင်း ဖြစ်၏။
ထို့ကြောင့် သူသည် အင်ပါယာ၏ နယ်စား ဖြစ်သော်လည်း ရှေ့တန်း စစ်သူကြီး အဖြစ်သာ တာဝန်ယူနိုင်ပြီး ရာထူးအရ ဟူယန်ကျောက်၏ အောက်တွင် ရှိသည်။
အကြောင်းမှာ သူသည် ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ခြင်း၊ ရုတ်တရက် တိုက်ခိုက်ခြင်းများကိုသာ နှစ်သက်၏။ သူက ပုံမှန် တိုက်ပွဲများဆိုလျှင် စိတ်မဝင်စားသလို တည်ငြိမ်သော တိုက်ပွဲများကိုဆိုလျှင် ပို၍ပင် မတိုက်ခိုက်လိုသောကြောင့် ဖြစ်၏။
ထို့ကြောင့် အလွန်အမင်း အရေးမကြီးပါက မင်းသား ယင်ချွဲ့ ကိုယ်တိုင်ပင် ဤစစ်သူကြီး ဖုန်းရှောက်ထျန်းကို အသုံးမပြုရဲချေ။
ဖုန်းရှောက်ထျန်းသည် တောင်ပိုင်းစစ်ဆင်ရေးတွင် ဟူယန်ကျောက်လောက် နေရာမရဘဲ ရှေ့တန်း စစ်သူကြီးသာ ဖြစ်သော်လည်း သူ၏ ဘိုးဘေးများသည် တော်ဝင်မျိုးနွယ်နှင့် ပိုမို နီးကပ်ပြီး မိသားစု နောက်ခံမှာ အလွန် ကြီးကျယ်ခမ်းနား၏။
အခြားတစ်ဖက်တွင် ဟူယန်ကျောက်မှာ နယ်စပ်မှ နိုင်ငံခြားသား မျိုးနွယ်ဖြစ်ပြီး ဖုန်းရှောက်ထျန်း ကဲ့သို့ နောက်ခံကောင်း မရှိချေ။
ဖုန်းရှောက်ထျန်း ဆိုသော လူသည် မွေးရာပါ စစ်သေနာပတိ ဖြစ်ရန် မသင့်တော်ဘဲ စစ်သူကြီး အဖြစ်သာ တာဝန်ယူနိုင်၏။ အကြောင်းမှာ သူ၏ တိုက်ခိုက်ပုံမှာ အရိုင်းဆန်လွန်းပြီး ကြမ်းကြုတ်လွန်းသောကြောင့် ဖြစ်သည်။
သူ တိုက်ခိုက်သော တိုက်ပွဲတိုင်း အများအားဖြင့် အနိုင်ရလေ့ရှိသော်လည်း သေဆုံးဒဏ်ရာရမှုမှာလည်း အလွန် များပြားလွန်းပြီး မည်သည့် နည်းလမ်းကိုမဆို အသုံးပြုတတ်၏။
တာယင်အင်ပါယာ တော်ဝင်မျိုးနွယ်သည် သူ့ကို အသုံးပြုရန် နှစ်သက်သော်လည်း အသုံးပြုရမည်ကိုလည်း ကြောက်ရွံ့ကြသည်။
မည်သို့ပင်ဆိုစေ ဧကရာဇ်မင်းမြတ်သည် ဤလန်ထျန်နယ်စားကို အလွန် နှစ်သက်၏။ အကြောင်းမှာ သူသည် ကိုယ်ကျိုး မငဲ့ကွက်ဘဲ တော်ဝင်မျိုးနွယ်အပေါ် အလွန် သစ္စာရှိသောကြောင့်ပင်။
....................