အခန်း (၁၉၇-၁၉၈)
Vol. 17 Ch. 197-198
အပိုင်း (၁၉၇)
ယွင်ကျုံးဟဲ့၏ အဆင့်မြင့် ထရိုဂျန်မြင်း ဗျူဟာကို သိရှိပြီးနောက် ဟူယန်ကျောက်သည် ယွင်ကျုံးဟဲ့အပေါ် အလွန် မကျေမနပ် ဖြစ်ခဲ့သည်။ အလွန် အန္တရာယ်များလွန်းပြီး စတုတ္ထမင်းသား ယင်ချွဲ့ကိုပါ အန္တရာယ်တွင်းထဲ တွန်းပို့လိုက်သည်ဟု ယူဆသောကြောင့် ဖြစ်၏။
သို့ပေမည့် ယွင်ကျုံးဟဲ့၏ ရူးသွပ်သော အစီအစဉ်သည် လန်ထျန်နယ်စား ဖုန်းရှောက်ထျန်း၏ အကြိုက်နှင့် အလွန် ကိုက်ညီနေခဲ့၏။ ဤကဲ့သို့ အလွန်အမင်း စွန့်စားရပြီး စိတ်လှုပ်ရှားဖွယ် ကောင်းသော အစီအစဉ်များကို သူ အလွန် နှစ်သက်သည်။
မူလ အစီအစဉ်အရ သူသည် စစ်သည်တစ်သိန်းကို ဦးဆောင်ကာ ဆယ့်နှစ်ရက်အတွင်း ထန်ထိုင်မြို့သို့ ရောက်ရှိရမှာဖြစ်ပြီး ဤသည်မှာ အလွန် မြန်ဆန်သော အမြန်နှုန်း ဖြစ်သင့်၏။ သို့ပေမည့် ဖုန်းရှောက်ထျန်းသည် ကိုးရက်ခွဲဖြင့်သာ ထန်ထိုင်မြို့ရိုးအောက်သို့ ရောက်ရှိလာခဲ့၏။
ဖုန်းရှောက်ထျန်းက အမိန့်ပေးလိုက်သည်။ “တပ်စခန်းချ... သစ်ပင်ခုတ်ပြီး မြို့ရိုးတက် လှေကားတွေ လုပ်ကြ..”
အမိန့်ပေးပြီးနောက် ဖုန်းရှောက်ထျန်းသည် မြေပုံရှေ့တွင် ရပ်ကာ ငေးမောနေတော့၏။ သူ၏ ရှေ့တွင် ဧရာမ ထန်ထိုင်မြို့ မြေမျက်နှာသွင်ပြင် မြေပုံကြီး ရှိနေသည်။
“ဖူး… ဖူး… ဖူး… ဖူး...”
သူသည် မြေပုံကို ကြည့်ရင်း စဉ်းစားကာ တစ်ဖက်မှလည်း အရိုးများကို ထွေးထုတ်နေ၏။
ဤလူတွင် အလေ့အထ တစ်ခုရှိပြီး ထိုအရာမှာ ချိုသော အရိုးများကို ဝါးစားခြင်း ဖြစ်သည်။ ချိုသော အရိုး ဆိုရာတွင် ကြံသာမက ပြောင်းဖူးရိုး၊ ပြောင်းဆန်ရိုးများလည်း ပါဝင်၏။ သူ၏ အလေ့အထမှာ အလွန် ဆိုးရွားလွန်းပြီး အချိန်ပြည့် ဝါးစားနေတတ်သည်။
တစ်နေ့လျှင် အရိုး တစ်ရာကျော် ဝါးစားလေ့ရှိရာ သွားများသည် လွှသွားများကဲ့သို့ ဖြစ်နေပြီး တစ်ကိုယ်လုံး အမှိုက်ထွေးထုတ်စက်ကဲ့သို့ ဖြစ်နေ၏။
သို့ပေမည့် ယခုအခါ အရေးပေါ် ချီတက်ရခြင်းဖြစ်ပြီး ပေါ့ပါးသော အသုံးအဆောင်များသာ သယ်ဆောင်ရမည် ဖြစ်ရာ မလိုအပ်သော အရာများ အားလုံးကို ချန်ထားခဲ့ရသည်။
ကြံဆိုသည်မှာ မရှိမဖြစ် လိုအပ်သောအရာ မဟုတ်ပေ။ စစ်တပ်ကို ဦးဆောင်သော စစ်သူကြီး တစ်ဦးအနေဖြင့် လန်ထျန်နယ်စား ဖုန်းရှောက်ထျန်းသည် မိမိကိုယ်တိုင်အတွက် ခြွင်းချက် ပြုလုပ်၍ မရချေ။
ထို့ကြောင့် သူ မည်ကဲ့သို့ ပြုလုပ်ရမည်နည်း။ ချိုသော အရိုးများ မဝါးရလျှင် သူ၏ အသက်တစ်ဝက်ခန့် ပျောက်ဆုံးသွားသကဲ့သို့ ဖြစ်နေ၏။
ကိစ္စမရှိပေ။ ပြောင်းဆန်ရိုး၊ ပြောင်းဖူးရိုးများ ရနိုင်ပြီး ထိုအရာများ မရှိလျှင် ကျူရိုးများပင် ရနိုင်သည်။ ယခုအခါ ဆယ့်တစ်လပိုင်းသို့ ရောက်ရှိလုနီးပါးဖြစ်ရာ လယ်ကွင်းများအတွင်း ပြောင်းဖူးရိုးနှင့် ပြောင်းဆန်ရိုးများ မရှိတော့ချေ။ ထိုအရာများအားလုံးကို ရိတ်သိမ်းကာ ဝက်စာကျွေးလိုက်ကြပြီ ဖြစ်သည်။
ထို့ကြောင့် ဤစစ်သူကြီး ဖုန်းရှောက်ထျန်းသည် အချိုဓာတ် လုံးဝ မရှိသော ကျူရိုးများကို အမှန်တကယ် ဝါးစားနေရခြင်း ဖြစ်သည်။ သို့ပေမည့် ကိစ္စမရှိပေ။ ဖုန်းရှောက်ထျန်းသည် ကျူရိုးများကို အရသာခံကာ စုပ်ယူနေဆဲပင် ဖြစ်၏။
သူသည် အမှန်တကယ်၌ ရုပ်ရည်ချောမောသော်လည်း နေ့စဉ် ချိုသော အရိုးများကို ဝါးစားလေ့ ရှိသောကြောင့် ညာဘက်မေးရိုး ကြွက်သားများ အလွန် ဖွံ့ဖြိုးနေပြီး ညာဘက်ပါးပြင်မှာ ဘယ်ဘက်ထက် များစွာ ကြီးမားနေသည်။
ဤအရာက သူ၏ ချောမောမှုကို အပြည့်အဝ ဖျက်ဆီးပစ်လိုက်ပြီး မျက်နှာမှာ အလွန် ထူးဆန်းကာ ကြောက်မက်ဖွယ် ကောင်းနေ၏။ ထို့ကြောင့် သူ့ကို ဖုန်းမျက်နှာကြီးဟု နာမည်ပြောင် ပေးထားကြခြင်း ဖြစ်၏။
“စစ်သူကြီး... စစ်သူကြီး”
ရုတ်တရက် အိမ်စေ သိုင်းပညာရှင် တစ်ဦးသည် ပြောင်းဖူးရိုး တစ်စည်းကို ပိုက်ကာ ဝမ်းသာအားရ ပြေးဝင်လာသည်။
ထိုအိမ်စေက ပြောလိုက်၏။ “စစ်သူကြီး... ကျုပ် ဘာယူလာလဲ ကြည့်ပါအုံး။ ကင်းထောက်တွေနဲ့ လှည့်ကင်း ထွက်တုန်းက တောင်ပေါ်မှာ ပြောင်းဖူးခင်း တစ်ခင်း တွေ့ခဲ့တယ်။ အခြေအနေကို ကြည့်ရတာ တောဝက်တွေ ဖျက်ဆီးထားလို့ အထွက်နှုန်း မကောင်းတော့ ပြောင်းဖူးရိုးတွေကိုတောင် ဘယ်သူမှ မခုတ်ကြတော့တာ နေမယ်။ အဲဒါ အားလုံး စစ်သူကြီးအတွက် ယူလာခဲ့တယ်။”
ထိုပြောင်းဖူးရိုး အစည်းတွင် အချောင်း တစ်ရာကျော် ပါဝင်၏။ ဖုန်းရှောက်ထျန်းသည် အလျင်စလို ရှေ့တိုးသွားကာ ပြောင်းဖူးရိုး တစ်ချောင်းကိုယူ၍ အားပါးတရ ကိုက်ဖြတ်ကာ စုပ်ယူလိုက်သည်။
အလွန် ကောင်းမွန်ပြီး ချိုမြိန်လှသည်။ ဤသည်မှာ တောင်ပေါ်ပြောင်းဖူးဖြစ်ပြီး မြေနီတွင် စိုက်ပျိုးထား၏။ ထို့အပြင် သုံးနှစ်အတွင်း တောင်ကို မီးရှို့၍ မြေဩဇာအဖြစ် ပြုလုပ်ထားသော မြေပေါ်တွင် စိုက်ပျိုးထားခြင်းလည်း ဖြစ်၏။
ဤသည်မှာ ဖုန်းရှောက်ထျန်းပင် ဖြစ်၏။ မည်သည့် ပြောင်းဖူးရိုးမဆို သူ၏ ပါးစပ်ထဲ ရောက်သွားသည်နှင့် မည်သည့် မြေအမျိုးအစားတွင် စိုက်ပျိုးထားကြောင်း ချက်ချင်း သိရှိနိုင်ပြီး မြေကြီး အရောင်ကိုပင် သိရှိနိုင်စွမ်း ရှိသည်။
သူ၏ မျက်နှာပြင်ပေါ်တွင် မည်သည့် အမူအရာမှ မပြသသော်လည်း ဤပြောင်းဖူးရိုး တစ်ရာကျော်သည် သူ၏ အသက်ကို အမှန်တကယ် ကယ်တင်လိုက်ခြင်း ဖြစ်၏။ သူသည် ကျူရိုးများကို အရသာခံကာ စုပ်ယူနေသကဲ့သို့ ထင်ရသော်လည်း အမှန်တကယ်တွင် အလွန် ခါးလွန်းလှ၏။
နှစ်မိနစ်ခန့်အတွင်း မီတာဝက်ခန့် ရှည်သော ပြောင်းဖူးရိုး တစ်ချောင်းကို အပြည့်အဝ ဝါးစားပစ်လိုက်ပြီး ကျေနပ်စွာ သက်ပြင်းချလိုက်၏။ ထို့နောက် သူ၏ မျက်နှာထားက ချက်ချင်း ပြောင်းလဲသွားသည်။
ဖုန်းရှောက်ထျန်းက အေးစက်စွာ အော်ဟစ်လိုက်၏။ “မင်းကို ကင်းထောက်ဖို့ လွှတ်တာ၊ ပြောင်းဖူးရိုး ခုတ်ဖို့ လွှတ်တာ မဟုတ်ဘူး။ အလုပ်မလုပ်ဘဲ စစ်ရေးသတင်း နှောင့်နှေးအောင် လုပ်တယ်။ လာကြစမ်း... သူ့ကို ဆွဲထုတ်ပြီး ကြိမ်ဒဏ် သုံးဆယ် ပေးလိုက်...”
ထိုအိမ်စေ သိုင်းပညာရှင်သည် မည်သည့် မကျေနပ်မှုမှ မပြဘဲ ကြိမ်ဒဏ် သုံးဆယ်ကို ကျေနပ်စွာ ခံယူလိုက်သည်။
အမှန်တကယ်တွင် သူသည် အလုပ်ပျက်ကွက်ခြင်း မရှိသကဲ့သို့ စစ်ရေးသတင်းကိုလည်း နှောင့်နှေးစေခြင်း မရှိဘဲ အချိန်လည်း မဖြုန်းတီးခဲ့ချေ။
သို့ပေမည့် ဤပြောင်းဖူးခင်းကို တွေ့ချိန်မှာတော့ လုံးဝ မနေနိုင်တော့ပေ။ သူသည် ဖုန်းရှောက်ထျန်း နောက်သို့ နှစ်ဆယ်ကျော် လိုက်ပါလာခဲ့သူဖြစ်ရာ မိမိ၏ စစ်သူကြီး ကျူရိုးများကို ဝါးစားနေရသည်ကို လုံးဝ မကြည့်ရက်တော့ခြင်း ဖြစ်သည်။
ဖုန်းရှောက်ထျန်း၏ အမိန့်နှင့်အတူ စစ်သည်တစ်သိန်းသည် ချက်ချင်း တပ်စခန်းချကာ သစ်ပင်များကို ခုတ်လှဲပြီး မြို့ရိုးတက် လှေကားများနှင့် မြို့ရိုးဖျက် စက်ရထားများကို ပြုလုပ်ကြတော့၏။
ပင်မ စစ်သူကြီး ဖုန်းရှောက်ထျန်း၏ ရွက်ဖျင်တဲသည် မီးရောင်များဖြင့် ထွန်းလင်းနေဆဲဖြစ်သည်။ ဤအရာက အလွန် ထူးဆန်းလှ၏။ ထိုလူသည် တိုက်ပွဲကြီး မစမီ အချိန်တိုင်းတွင် သေချာပေါက် အိပ်မပျော်တတ်ရာ ပြောင်းဖူးရိုးများကိုသာ မိုးလင်းပေါက် ဝါးစားနေတတ်သည်။
ထို့အပြင် တိုက်ပွဲ စတင်ချိန်တွင်လည်း စိတ်ဓာတ်ကျခြင်း မရှိဘဲ ပိုမို တက်ကြွနေတတ်၏။ ဤလူသည် မွေးရာပါ အိပ်စက်ခြင်းကို မနှစ်သက်သူဖြစ်ရာ အလွန် ပိန်ပါးပြီး မျက်လုံးများ ချိုင့်ဝင်ကာ အချိန်ပြည့် မျက်ကွင်းညိုလျက် မျက်လုံးများ နီရဲနေတတ်၏။
ဤသို့ဖြင့် သူသည် ခွေးခြေငယ် တစ်လုံးကို ယူကာ မြေပုံရှေ့တွင် ထိုင်ရင်း ပြောင်းဖူးရိုးများကို ဆက်တိုက် ဝါးစားနေတော့၏။ မူလက တစ်ရက်စာ လုံလောက်မည့် ပြောင်းဖူးရိုးများသည် ခြောက်နာရီအတွင်း ကုန်ဆုံးသွားခဲ့ရာ အခြား ရွေးချယ်စရာ မရှိတော့ဘဲ ကျူရိုးများကိုသာ ဆက်လက် ဝါးစားရပြန်သည်။
ဤသို့ဖြင့် ညတစ်ည ကုန်လွန်သွားခဲ့ပြီး ဖုန်းရှောက်ထျန်း၏ ခွေးခြေငယ်ဘေးရှိ ပြောင်းဖူးရိုးနှင့် ကျူရိုး အမှိုက်များသည် ပေဝက်ကျော်ခန့် အမြင့်အထိ ပုံနေခဲ့ပြီဖြစ်၏။
ရှေ့ရှိ ထန်ထိုင်မြို့ မြေမျက်နှာသွင်ပြင် မြေပုံကို သူ မည်မျှ ကြည့်ရှုခဲ့သည်ကိုပင် မသိတော့ပေ။ ထို့ကြောင့် ထိုမြေပုံကို သူ၏ ရင်တွင်း၌ အပြည့်အဝ ကျက်မှတ်ထားပြီး ဖြစ်လို့နေသည်။
ထန်ထိုင်မြို့တွင် ထူးခြားချက် တစ်ခု ရှိ၏။ မြစ်တစ်စင်းသည် မြို့ကို ဖြတ်သန်း စီးဆင်းနေခြင်း ဖြစ်သည်။ ထို့ကြောင့် ထန်ထိုင်မြဲ့မင်သည် သူ၏ နန်းဆောင်အတွင်း ရေကန်ငယ် တစ်ခု တည်ဆောက်ထားပြီး ရေဘီး ယန္တရားများဖြင့် ရေကို မိမိ၏ အိမ်တော်အတွင်းသို့ စီးဆင်းစေခဲ့၏။
ဤသည်မှာ ထန်ထိုင်မြို့၏ ထူးခြားချက် တစ်ခုဟု ဆိုနိုင်ပြီး အခြားသူများ မရှိသော အရာကို ပိုင်ဆိုင်ထားခြင်း ဖြစ်၏။ သို့ပေမည့် ဤသို့ ပြုလုပ်ရန်အတွက် တောင်ဘက်နှင့် မြောက်ဘက်မြို့ရိုး အောက်ခြေတွင် အပေါက် တစ်ပေါက် ဖောက်ကာ မြစ်ရေ စီးဆင်းစေရန် ပြုလုပ်ရမှာ ဖြစ်သည်။
သေချာသည်မှာ ထိုအပေါက်သည် နှစ်မီတာခန့် ကျယ်ဝန်းသော်လည်း အမြင့်မှာ တစ်ပေကျော်ခန့်သာ ရှိရာ ခွေးဝင်ပေါက်ထက်ပင် နိမ့်နေသေးပြီး မြို့ကို တိုက်ခိုက်ရန်အတွက်မူ မဖြစ်နိုင်ချေ။
ထို့အပြင် တာယင်အင်ပါယာ၏ စစ်တပ်ကို ထောက်လှမ်းမိသည်နှင့် ထန်ထိုင်မြို့သည် မြစ်ကြောင်းကို ချက်ချင်း ပြောင်းလဲစေခဲ့ပြီး တောင်ဘက်နှင့် မြောက်ဘက် မြို့ရိုးရှိ ရေစီးကြောင်း အပေါက်များကို အပြည့်အဝ ပိတ်ဆို့လိုက်၏။ မြို့တံခါးထက်ပင် ပိုမို ထူထဲသော သံချပ်ကာတံခါးကြီးများဖြင့် ပိတ်ဆို့ထားခြင်း ဖြစ်သည်။
ထိုအချိန်မှာပဲ စစ်ရေးစာရေးတော်ကြီးက သတိပေးလိုက်၏။ “စစ်သူကြီး... မိုးလင်းပါပြီ။”
ဖုန်းရှောက်ထျန်းက ခေါင်းမော့၍ အပြင်ဘက်သို့ လှမ်းကြည့်လိုက်ရာ အမှန်တကယ်ပင် မိုးလင်းနေပြီ ဖြစ်၏။ အလွန် မြန်ဆန်လွန်းလှသည်။ မိမိ ထိုင်နေသည်မှာ ခဏလေးမျှသာ ရှိသေးသော်လည်း မိုးလင်းသွားခဲ့ပြီ ဖြစ်သည်။
သူ မတ်တပ်ရပ်ကာ အပြင်သို့ ထွက်လာခဲ့သည်။ ရွက်ဖျင်တဲ တံခါးကို ဖွင့်လိုက်သည်နှင့် အပြင်ဘက်မှ အလင်းရောင်ကြောင့် မျက်လုံးများ ကျိန်းစပ်သွား၏။ ဤသည်မှာ ညလုံးပေါက် မအိပ်ထားသော လက္ခဏာပင်။
ယခုအချိန်တွင် ဖုန်းရှောက်ထျန်းသည် သရဲတစ်ကောင်နှင့် အမှန်တကယ် တူနေပြီး မျက်နှာမှာ ဖြူရော်ကာ မျက်လုံးများ ချိုင့်ဝင်ပြီး မျက်လုံးအစုံ နီရဲနေ၏။ ထို့နောက် သူက တစ်ကိုယ်လုံးရှိ အရိုးအဆစ်များကို လှည့်ပတ် လှုပ်ရှားလိုက်ပြီး လက်နှစ်ဖက်ဖြင့် ခေါင်းကို ကိုင်ကာ လည်ပင်းကို လှည့်လိုက်သည်။
“ဂျွတ်… ဂျွတ်”
ဘေးရှိ လူများမှာ ကြည့်ရင်း ထိတ်လန့်သွားကြ၏။ အကြောင်းမှာ ထိုလှုပ်ရှားမှု အတိုင်းအတာအရ မျက်နှာကို နောက်ကျောဘက်သို့ ရောက်သွားမတတ် လှည့်လိုက်သောကြောင့် ဖုန်းရှောက်ထျန်း၏ လည်ပင်း ကျိုးသွားမည်ကို အမှန်တကယ် စိုးရိမ်မိသောကြောင့်ပင်။
ဖုန်းရှောက်ထျန်းက မေးလိုက်သည်။ “စစ်တပ် စုရုံးပြီးပြီလား။”
စစ်ရေးစာရေးတော်ကြီးက ပြန်လည်ဖြေကြားလိုက်၏။ “စစ်သူကြီးကို သတင်းပို့ပါတယ်။ စုရုံးပြီးပါပြီ။”
ဖုန်းရှောက်ထျန်းသည် လှံရှည်ကို ကိုင်ဆောင်ကာ စစ်တပ်၏ ရှေ့ဆုံးသို့ တိုက်ရိုက် ရောက်ရှိသွား၏။ ဤနေရာရှိ မြေမျက်နှာသွင်ပြင်မှာ ပိုမို ကျယ်ဝန်းသောကြောင့် စစ်သည်တစ်သိန်း အပြည့်အဝ နေရာယူနိုင်ပေသည်။
ဖုန်းရှောက်ထျန်းက ပြောလိုက်၏။ “ပုံမှန်အားဖြင့်ဆိုရင် ကျုပ်တို့မှာ အချိန် ခုနစ်ရက်၊ ရှစ်ရက် ရှိတယ်။ ဘာလို့လဲဆိုတော့ ခုနစ်ရက်၊ ရှစ်ရက်ကြာမှ တောင်ပိုင်းကျိုးအင်ပါယာရဲ့ စစ်တပ် ရောက်လာမှာမို့လို့ပဲ။ ဒါပေမဲ့ လက်ရှိ ကျုပ်တို့မှာ အချိန် တစ်ရက်တောင် မပြည့်ဘူး။ ဒီနေ့ တိုက်လို့ မရရင် နောက်ထပ် ဘယ်တော့မှ တိုက်လို့ရမှာ မဟုတ်တော့ဘူး။”
စစ်ရေးစာရေးတော်ကြီးက ပြောလိုက်သည်။ “ကောင်းပါပြီ စစ်သူကြီး...”
ဖုန်းရှောက်ထျန်းသည် သူ၏ ဒုတိယစစ်သူကြီးကို ကြည့်ကာ အမိန့်ပေးလိုက်၏။ “ကျုပ် ခင်ဗျားကို နာရီဝက် အချိန်ပေးမယ်။ အရာအားလုံးကို အပြီးသတ်ရမယ်။ သခင်ကြီး ယွင်ကျုံးဟဲ့ရဲ့ လျှို့ဝှက်လက်နက်ကို မြှုပ်နှံရမယ်။ မလုပ်နိုင်ရင် ခင်ဗျားခေါင်းကို ကျုပ် ဖြတ်မယ်။”
ဒုတိယစစ်သူကြီးက ပြန်လည်ဖြေလိုက်သည်။ “ကောင်းပါပြီ စစ်သူကြီး... ကျုပ် မလုပ်နိုင်ရင် မြို့ရိုးအောက်မှာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ပါ့မယ်။”
ဖုန်းရှောက်ထျန်းက မိန့်ပေးလိုက်၏။ “ကောင်းပြီ... စည်တီးတော့...”
“ဒုန်း… ဒုန်း… ဒုန်း… ဒုန်း… ဒုန်း”
ကောင်းကင်ကို တုန်လှုပ်စေသော စစ်စည်သံများ ထွက်ပေါ်လာတော့သည်။
တာယင်အင်ပါယာ စစ်သူကြီး ဖုန်းရှောက်ထျန်းက အသံကျယ်ကြီးဖြင့် အော်ဟစ်လိုက်၏။ “မြို့ကို တိုက်...”
ထို့နောက် သူသည် လှံရှည်ကို ဝှေ့ယမ်းကာ စစ်သည် သောင်းချီကို ဦးဆောင်ပြီး မြို့ရိုးတက် လှေကား ဆယ်ဂဏန်းဖြင့် ရှေ့သို့ တိုက်ရိုက် ပြေးဝင်သွားတော့သည်။
ထန်ထိုင်မြို့၏ ကာကွယ်ရေး စစ်သူကြီးများမှာ လုံးဝ မှင်တက်သွားကြသည်။ ဤတာယင်အင်ပါယာ၏ စစ်သူကြီး ရူးနေပြီလား။ ပင်မ စစ်သူကြီး တစ်ဦး အနေဖြင့် ပထမဆုံး မြို့သိမ်း တိုက်ပွဲမှာပင် ကိုယ်တိုင် ပါဝင်တိုက်ခိုက်သည်လား။ မည်သူက ဤကဲ့သို့ တိုက်ခိုက်ဖူးသနည်း။
ပုံမှန်အားဖြင့် မြို့သိမ်းတိုက်ပွဲ ဆိုသည်မှာ ခွန်အား ကုန်ခမ်းစေသော တိုက်ပွဲမျိုးဖြစ်ပြီး မည်သူက နောက်ဆုံးအထိ တောင့်ခံနိုင်ပြီး အင်အား ကုန်ခမ်းသွားသနည်း ဆိုသည်အပေါ် မူတည်ကာ ရှုံးနိမ့်သွားခြင်း ဖြစ်သည်။
ထို့ကြောင့် မြို့သိမ်း တိုက်ပွဲ၏ နောက်ဆုံး အဆင့်များတွင် စိတ်ဓာတ်ခွန်အား အပေါ် မူတည်ကာ မည်သူက အံကြိတ်ပြီး နောက်ဆုံးအထိ တောင့်ခံနိုင်မည်နည်း ဆိုသည်က အရေးကြီး၏။
နောက်ပိုင်းရောက်လေလေ စိတ်ဓာတ်ပိုင်းဆိုင်ရာက ပိုမို အရေးကြီးလေလေ ဖြစ်သည်။ ပင်မ စစ်သူကြီး အနေဖြင့် အရေးအကြီးဆုံး အချိန်တွင် ပါဝင်တိုက်ခိုက်ခြင်းက စစ်တပ်၏ စိတ်ဓာတ်ကို မြှင့်တင်ပေးနိုင်သည်။
သို့ပေမည့် ယခုမှ မြို့သိမ်းတိုက်ပွဲ စတင်ခြင်းဖြစ်ရာ စိတ်ဓာတ်များ အပြည့်အဝ တက်ကြွနေပြီး ပင်မ စစ်သူကြီး ကိုယ်တိုင် ပါဝင်ရန် လုံးဝ မလိုအပ်ချေ။
ထို့အပြင် ယခုအချိန်တွင် ပါဝင်လိုက်ပါက မြို့သိမ်းစစ်တပ်ကြီး ခွန်အား ကုန်ခမ်းပြီး စိတ်ဓာတ် ကျဆင်းသွားချိန်တွင် စစ်တပ်ကို မည်သို့ စိတ်ဓာတ် မြှင့်တင်ပေးမည်နည်း။
ထို့ကြောင့် မြို့သိမ်းတိုက်ပွဲ စတင်သည်နှင့် တပြိုင်နက် ပင်မ စစ်သူကြီး ဖုန်းရှောက်ထျန်း ကိုယ်တိုင် ပါဝင် တိုက်ခိုက်ခြင်းက အလွန် ဉာဏ်မဲ့သော လုပ်ရပ်ဖြစ်ကြောင်း မြင်တွေ့နိုင်လေ၏။
.....................
အပိုင်း (၁၉၈)
ထိုမြင်ကွင်းကို မြင်တွေ့ပြီးနောက် ထန်ထိုင်မြို့၏ ကာကွယ်ရေး စစ်သူကြီး လီဝမ်ရှို့က ပြုံးလျက် ပြောလိုက်သည်။ “ထန်ထိုင် စာရေးတော်ကြီး… အိမ်ရှေ့စံမင်းသားက ထန်ထိုင်မြို့ ကျသွားမှာကို စိုးရိမ်နေတာလေ။ ဒါပေမဲ့ အခု ကြည့်ရတာ အစိုးရိမ်လွန်နေတာပဲ။ ဖုန်းရှောက်ထျန်းရဲ့ အခြေအနေကို ကြည့်ရတာ ကျုပ်တို့ ထန်ထိုင်မြို့ ကျဖို့ လုံးဝမဖြစ်နိုင်ပါဘူး။”
ထိုထန်ထိုင် စာရေးတော်ကြီး ဆိုသူမှာ ထန်ထိုင်မြဲ့မင်၏ ညီဖြစ်သူ ထန်ထိုင်မြဲ့ရှင်းပင် ဖြစ်သည်။ အိမ်ရှေ့စံ မင်းသား ကျိုးလီသည် ထန်ထိုင်မြဲ့မင်၏ လက်အောက်ခံခြင်းကို လက်ခံရရှိပြီးနောက်တွင် စိတ်မချနိုင်သေး သောကြောင့် မြောက်ဘက် လေခွင်းမြို့ကို သွားရောက် တိုက်ခိုက်ချိန်တွင် ထန်ထိုင်မြဲ့မင်ကိုသာမက ထန်ထိုင် မိသားစု၏ ပင်မစစ်တပ်ကြီးကိုပါ ခေါ်ဆောင်သွားခဲ့၏။
ထို့ကြောင့် ယခုအခါ ထန်ထိုင် မိသားစု တစ်ခုလုံးတွင် ထန်ထိုင်မြို့ကို ကာကွယ်ရန် စစ်သည် တစ်သောင်းသာ ကျန်ရှိတော့သည်။ သို့ပေမည့် မြို့အတွင်း၌ တောင်ပိုင်းကျိုးအင်ပါယာ၏ အစွမ်းထက် စစ်သည် သုံးသောင်း ရှိနေသေးပြီး ထိုသူများမှာ သာမန် တပ်ဖွဲ့ဝင်များ လုံးဝ မဟုတ်ချေ။
လီဝမ်ရှို့သည် အိမ်ရှေ့စံမင်းသား ကျိုးလီနှင့် စစ်သေနာပတိ အောက်ရှင်းတို့က သူ့ကို အလွန် အထင်သေးလွန်းသည်ဟု ယူဆနေ၏။
စစ်တပ် လေးသောင်းနှင့် ခိုင်ခံ့သော မြို့ကြီး ရှိနေပါလျက် တာယင်အင်ပါယာ၏ စစ်သည်တစ်သိန်း အနေဖြင့် အလွယ်တကူ သိမ်းပိုက်နိုင်မည် မဟုတ်ဘဲ အနိုင်အရှုံးကိုပင် ခန့်မှန်းရန် ခက်ခဲလှသည်။
ယခု ဖုန်းရှောက်ထျန်းက ဤမျှ ဉာဏ်မဲ့သော လုပ်ရပ်ကို ပြုလုပ်နေသောကြောင့် ဤစစ်ပွဲ၏ အနိုင်အရှုံးမှာ သေချာသလောက် ရှိနေပြီ ဖြစ်ပြီး ဖုန်းရှောက်ထျန်း၏ ပထမအကြိမ် တိုက်ခိုက်မှုကိုသာ တောင့်ခံနိုင်ပါက ဤစစ်ပွဲ ပြီးဆုံးပြီဟု ဆိုနိုင်၏။
“သတ်... သတ်.. သတ်ကြ...”
ဖုန်းရှောက်ထျန်းသည် ရှေ့ဆုံးမှ တိုက်ပွဲဝင်ကာ ထန်ထိုင်မြို့၏ ကာကွယ်ရေး စစ်သည်များကို ကြောက်မက်ဖွယ်ရာ တိုက်ခိုက်မှု ဆိုသည်မှာ မည်သည့်အရာဖြစ်ကြောင်းကို ပြသလိုက်တော့သည်။
သိထားရမည့် အချက်မှာ ဤတိုက်ပွဲတွင် ထန်ထိုင်မြို့ ကာကွယ်ရေးစစ်တပ်၏ ရိက္ခာနှင့် လက်နက်များမှာ အလွန် ပြည့်စုံလွန်းနေသည်။ လေးနှင့်မြားများ၊ သစ်လုံးများ၊ ဆီပူများ အားလုံး မရေမတွက်နိုင်အောင် ရှိနေ၏။
မြို့သိမ်းတိုက်ပွဲ စတင်သည်နှင့် တပြိုင်နက် မြို့ရိုးပေါ်မှ မရေမတွက်နိုင်သော မြားမိုးများသည် ရွာသွန်းကျလာပြီး ဖုန်းရှောက်ထျန်း ဦးဆောင်သော တာယင်အင်ပါယာ စစ်တပ်ကို ကြီးမားသော ဆုံးရှုံးမှုများ ဖြစ်ပေါ်စေခဲ့သည်။
တာယင်အင်ပါယာ စစ်တပ်သည် ခြေတစ်လှမ်းတိုးတိုင်း ကြီးမားသော တန်ဖိုးကို ပေးဆပ်နေရ၏။ ထိုကဲ့သို့ များပြားလှသော တန်ဖိုးများပေးဆပ်ပြီးနောက် မြို့ရိုးအောက်သို့ ခက်ခဲစွာ ရောက်ရှိသွားကြ၏။
မြို့ရိုးပေါ်မှ မရေမတွက်နိုင်သော သစ်လုံးများနှင့် ဆီပူများသည် ဒီရေလှိုင်းများပမာ ပြင်းထန်စွာ ကျဆင်း လာခဲ့ပြီး ဤမြို့ရိုး တစ်လျှောက်လုံးကို သေမင်းတမန် နယ်မြေအဖြစ် ပြောင်းလဲပစ်လိုက်တော့သည်။
ပုံမှန် မြို့သိမ်းတိုက်ပွဲဆိုလျှင် ဤအခက်အခဲသည် ငရဲဘုံ အဆင့်တွင် ရှိ၏။ ထန်ထိုင်မြို့ ကာကွယ်ရေး စစ်တပ်သည် လေးသောင်းသာ ရှိသော်လည်း ထိုတောင်ပိုင်းကျိုးအင်ပါယာ စစ်သည် သုံးသောင်းမှာ အလွန် အစွမ်းထက်လွန်းလှ၏။
ကာကွယ်ရေး စစ်သူကြီး လီဝမ်ရှို့တွင် ထူးခြားသော ဗျူဟာများ မရှိသော်လည်း တိုက်ပွဲဝင်ရာတွင် အလွန် သတိထားပြီး ခံစစ်ကိုသာ အဓိကထားသောကြောင့် အမှားအယွင်း ပြုလုပ်ရန် ခဲယဉ်းလှသည်။
ထို့အပြင် ကာကွယ်ရေး စစ်တပ်တွင် မရေမတွက်နိုင်သော ရိက္ခာလက်နက်များ ရှိနေသောကြောင့် ဤတိုက်ပွဲသည် အောင်မြင်ရန် မျှော်လင့်ချက် လုံးဝ မရှိသလောက် ဖြစ်နေ၏။
သို့ပေမည့် ဤကဲ့သို့ ငရဲဘုံ အဆင့်ရှိသော မြို့သိမ်းတိုက်ပွဲတွင် တိုက်ပွဲ စတင်ပြီး နာရီဝက် အကြာမှာပဲ ဖုန်းရှောက်ထျန်းသည် စစ်တပ်ကို ဦးဆောင်ကာ မြို့ရိုးပေါ်သို့ အမှန်တကယ် ရောက်ရှိသွားခဲ့သည်။
ဤအချက်က ထန်ထိုင်မြို့ ကာကွယ်ရေးစစ်တပ် တစ်ခုလုံးကို ကြက်သီးမွေးညင်း ထစေခဲ့သည်။ အထူးသဖြင့် ကာကွယ်ရေး စစ်သူကြီး လီဝမ်ရှို့နှင့် ထန်ထိုင်မြဲ့ရှင်းတို့ကို ပို၍ပင် ထိတ်လန့်သွားစေခဲ့၏။
ဤသည်မှာ အလွန် ရူးသွပ်လွန်းလှ၏။ ဤဖုန်းရှောက်ထျန်းကို ဖုန်းမျက်နှာကြီးဟု မခေါ်သင့်ဘဲ ခွေးရူးကြီးဟု ခေါ်ဆိုသင့်ပေသည်။
ဤမျှ ရူးသွပ်သော တိုက်ခိုက်မှုအောက်တွင် ဤကဲ့သို့ မြင့်မားလှသည့် မြို့ရိုးကို မည်သို့ တက်ရောက် လာနိုင်သနည်း။ တိုက်ပွဲ စတင်ပြီး နာရီဝက် အကြာမှာပဲ မြို့ရိုးပေါ်သို့ ရောက်ရှိလာခဲ့သည်လား။ မြို့ရိုးပေါ်သို့ ရောက်ရှိလာသူမှာ ရာဂဏန်းမျှသာ ရှိသော်လည်း လုံလောက်အောင် ထိတ်လန့်ဖွယ် ကောင်းနေပြီဖြစ်၏။
အထူးသဖြင့် ဖုန်းရှောက်ထျန်း ပင်ဖြစ်သည်။ သူ၏ လှံရှည်သည် လေခွင်းတုတ် တစ်ချောင်းကဲ့သို့ အလွန် အံ့မခန်း ဖြစ်၏။ လှံတစ်ချက် ဝှေ့ယမ်းလိုက်တိုင်း လူများစွာ လဲကျသွားပြီး လှံတစ်ချက် ထိုးလိုက်တိုင်း လူများစွာ တန်းစီ၍ သေဆုံးသွားကြသည်။
ဤလူ တိုက်ပွဲဝင်ပုံမှာ ခွေးရူးတစ်ကောင်ကဲ့သို့ဖြစ်ပြီး အသက်ကို လုံးဝ တန်ဖိုးမထားသော တိုက်ခိုက်နည်းမျိုးလည်း ဖြစ်၏။
သူ ဦးဆောင်သော အစွမ်းထက် တပ်ဖွဲ့ဝင်များသည်လည်း သူ၏ ပင်မ စစ်သူကြီးကဲ့သို့ပင် ခွေးရူး တိုက်ခိုက်နည်းမျိုးကို အသုံးပြုကြသည်။ သွေးမြင်လေ ပို၍ ရူးသွပ်လေ ဖြစ်၏။ ဒဏ်ရာရပြီးနောက် အက်ဒရီနယ်လင်း ထွက်လာသောကြောင့် နာကျင်မှုကို မခံစားရတော့ဘဲ ပို၍ ရူးသွပ်လာကြသည်။
တာယင်အင်ပါယာအတွက် ကြည့်ရသည်မှာ အခြေအနေ အလွန် ကောင်းမွန်နေသည်။ တိုက်ပွဲ စတင်ပြီး နာရီဝက် အကြာမှာပဲ မြို့ရိုးပေါ်သို့ ရောက်ရှိသွားသည်လား။
သို့ပေမည့် ဤသည်မှာ ပုံမှန်သာ ဖြစ်၏။ ဖုန်းရှောက်ထျန်း၏ အဆိုအရ တိုက်ပွဲ စတင်ပြီး နှစ်နာရီအတွင်း မြို့ရိုးပေါ်သို့ မရောက်ရှိပါက နောက်ပိုင်းတွင် အခွင့်အရေး မရှိတော့ပေ။
အကြောင်းမှာ တိုက်ပွဲ စတင်သည်နှင့် တပြိုင်နက် သူ ကိုယ်တိုင် ပါဝင်ရုံသာမက အစွမ်းထက်ဆုံး စစ်သည်များကိုပါ အသုံးပြုထားသောကြောင့် ဖြစ်၏။ နောက်ပိုင်း ဆက်လက် တိုက်ခိုက်ပါက အင်အားသည် ပထမအကြိမ်လောက် ကောင်းမွန်မည် မဟုတ်တော့ချေ။
ဤသည်မှာ အမှန်တကယ် မြို့သိမ်းတိုက်ပွဲ မဟုတ်သောကြောင့် ဖြစ်သည်။ အမှန်တကယ် မြို့သိမ်းတိုက်ပွဲ ဆိုသည်မှာ မာရသွန် အပြေးပြိုင်ပွဲကဲ့သို့ ဖြစ်ပြီး အံကြိတ်ကာ နောက်ဆုံးအထိ တောင့်ခံရမှာဖြစ်၏။
ဖုန်းရှောက်ထျန်း၏ ဤမြို့သိမ်း တိုက်ခိုက်နည်းမှာ မီတာတစ်ရာ အပြေးပြိုင်ပွဲကဲ့သို့ဖြစ်ပြီး ခွန်အားများ လျင်မြန်စွာ ကုန်ဆုံးသွားပေလိမ့်မည်။
“တက်… တက်… တက်”
မီတာတစ်ရာ အပြေးပြိုင်ပွဲ ဖြစ်သည်ဖြစ်စေ၊ ခွန်အားများ လျင်မြန်စွာ ကုန်ဆုံးသွားမည်ဖြစ်စေ ဤမြင်ကွင်းသည် စစ်တပ် နှစ်ဖက်စလုံးကို ကြီးမားသော လှုံ့ဆော်မှု ဖြစ်စေခဲ့၏။
တာယင်အင်ပါယာ စစ်တပ်၏ စိတ်ဓာတ်များ အဆမတန် မြင့်တက်လာပြီး အော်ဟစ်ကာဖြင့် ရူးသွပ်စွာ မြို့ကို တိုက်ခိုက်ကြပြီး ပုရွက်ဆိတ်များပမာ မြို့ရိုးတက် လှေကားများမှတစ်ဆင့် အပေါ်သို့ တက်ကြတော့သည်။
ကာကွယ်ရေး စစ်တပ်ဘက်မှလည်း ဒီရေလှိုင်းများပမာ ပြေးဝင်လာကာ ခွေးရူးစစ်သူကြီး ဖုန်းရှောက်ထျန်းကို အပြည့်အဝ ဝိုင်းရံပြီး အပြတ်ရှင်းရန် ကြိုးစားကြ၏။
ကာကွယ်ရေး စစ်သူကြီး လီဝမ်ရှို့သည် ထိတ်လန့်သွားသော်လည်း ချက်ချင်းဆိုသလို ဝမ်းသာသွား၏။ ဤအရာက လျင်မြန်စွာ အနိုင်ရနိုင်မည့် အခွင့်အရေး ဖြစ်ကြောင်း တွေ့ရှိသွားခဲ့သောကြောင့်ပင်။
ဖုန်းရှောက်ထျန်းကိုသာ သတ်ဖြတ်နိုင်ပါက တာယင်အင်ပါယာ၏ စစ်သည် တစ်သိန်းနီးပါးမှာ ခေါင်းဆောင်မဲ့ သွားမည်ဖြစ်ပြီး ဤစစ်ပွဲကို ထန်ထိုင်မြို့ အနေဖြင့် မတိုက်ဘဲ အနိုင်ရမှာ ဖြစ်၏။
ထို့အပြင် ဖုန်းရှောက်ထျန်းသည် တာယင်အင်ပါယာ တောင်ပိုင်းစစ်ဆင်ရေး စစ်တပ်ကြီးတွင် ရာထူး အာဏာအရ ထိပ်တန်းငါးဦး စာရင်းဝင်ပြီး စစ်အာဏာအရဆိုလျှင် တတိယနေရာတွင် ရှိသည်။
လီဝမ်ရှို့ အနေဖြင့် ဖုန်းရှောက်ထျန်းကို ခေါင်းဖြတ်နိုင်ပါက အလွန် ကြီးမားသော အကျိုးဆောင်မှုဖြစ်ပြီး မြို့စားဘွဲ့ ရရှိရန်ပင် လုံလောက်ပေသည်။ ထိုအတွေးကို တွေးမိပြီးနောက် ချက်ချင်းပဲ လီဝမ်ရှို့ အလွန် သွေးဆူလာတော့၏။
“ရှေ့တိုး… ရှေ့တိုး… ဖုန်းရှောက်ထျန်းကို သတ်… ဖုန်းရှောက်ထျန်းကို သတ်ကြ..” သူက ဝမ်းသာအားရ အော်ဟစ်လိုက်တော့၏။ ဤသည်မှာ နှစ်ထောင်ပေါင်းများစွာကြာမှ ရရှိလာသည့် ကြုံတောင့်ကြုံခဲ အခွင့်အရေးပင် ဖြစ်သည်။
ဤစစ်တုရင် စကားပွဲတွင် ရန်သူ့ ပင်မစစ်သူကြီးသည် မိမိ၏ တပ်စခန်းတွင် မနေဘဲ မြစ်ကို ဖြတ်ကူးလာသည်လား။ နယ်ရုပ်က မြစ်ကို ဖြတ်ကူးလျှင် ရထားရုပ်အဖြစ် သုံးနိုင်၏။ သို့သော်ငြား စစ်သူကြီးက မြစ်ကို ဖြတ်ကူးလာသည်မှာ ဘာလုပ်ချင်နေသနည်း။
လီဝမ်ရှို့၏ အမိန့်အောက်တွင် မြို့ရိုးပေါ်ရှိ ကာကွယ်ရေး စစ်သည်များသည် ဖုန်းရှောက်ထျန်း ရှိရာသို့ ရူးသွပ်စွာ ပြေးဝင်လာပြီး ဝိုင်းရံကြတော့၏။
ထိုအချိန်မှာပင် ဖုန်းရှောက်ထျန်း၏ ဒုတိယစစ်သူကြီးက အော်ဟစ်လိုက်သည်။ “အချိန်ကျပြီ... ရှေ့တိုး… ရှေ့တိုး… ရှေ့တိုးကြ...”
ထို့နောက် စစ်သည် ထောင်ပေါင်းများစွာသည် တစ်ယောက်လျှင် သေတ္တာ တစ်လုံးစီ ပိုက်ကာ ရူးသွပ်စွာ ပြေးဝင်သွားကြ၏။ ထိုလူများထဲတွင် အချို့၏ သေတ္တာများမှာ အလွတ်များ ဖြစ်သော်လည်း သေတ္တာ တစ်ထောင် အတွင်း၌ ယမ်းမှုန့်များ ပါဝင်သည်။ စုစုပေါင်း ယမ်းမှုန့် ပေါင်သောင်းချီ ပါဝင်၏။
ယွင်ကျုံးဟဲ့သည် ယမ်းမှုန့် ဖော်စပ်နည်းကို တာယင်အင်ပါယာထံ ဆက်သခဲ့သည်။ လေခွင်းမြို့ရှိ အိမ်သာများ အားလုံး ခြစ်ယူပြီးသွားသော်လည်း တာယင်အင်ပါယာဘက်တွင် ရှိနေသေးသည် မဟုတ်ပါလား။
တာယင်အင်ပါယာ တောင်ပိုင်းဌာနချုပ်သည် ဆယ်ရက်ကျော် အချိန်ယူကာ အစွမ်းကုန် ကြိုးစားပြီး ယမ်းမှုန့် ပေါင်သောင်းချီကို ဖန်တီးနိုင်ခဲ့သည်။ အမှန်တကယ်ပင် ရှိသမျှ အင်အား အားလုံးကို ထုတ်ယူ အသုံးပြုခဲ့ခြင်း ဖြစ်၏။ ဤသည်မှာ လျှို့ဝှက်လက်နက်ပင် ဖြစ်သည်။
အခြား မြို့ကြီးများကို တိုက်ခိုက်မည်ဆိုလျှင် ဤယမ်းမှုန့် ပေါင်သောင်းချီမှာ အသုံးမဝင်ပေ။ အကြောင်းမှာ မြို့ရိုးအောက်တွင် ဧရာမ တွင်းကြီး တစ်တွင်း တူးကာ ထိုယမ်းမှုန့်များကို မြှုပ်နှံပြီးမှ ဖောက်ခွဲရမည် ဖြစ်သောကြောင့်ပင်။
ထို့သို့ မဟုတ်ဘဲ မြို့ရိုးအောက်တွင် တိုက်ရိုက် ဖောက်ခွဲပါက လုံးဝ အသုံးမဝင်ဘဲ မြို့ရိုးကို ပေါက်ကွဲစေနိုင်မည် မဟုတ်ချေ။ မြို့တံခါးကို ဖောက်ခွဲရန် အသုံးပြုလျှင် အောင်မြင်နိုင်ခြေ အနည်းငယ် ရှိ၏။
သို့ပေမည့် စစ်ပွဲကြီး ဖြစ်ပွားချိန်တွင် မြို့တံခါး နောက်ကွယ်၌ မရေမတွက်နိုင်သော ကျောက်တုံးကြီးများဖြင့် ပိတ်ဆို့ထားလေ့ရှိရာ ယမ်းမှုန့်ကို အသုံးပြု၍ မြို့တံခါးကို ဖောက်ခွဲခြင်းမှာလည်း အကျိုးမရှိပေ။
သို့သော်ငြား ထန်ထိုင်မြို့မှာမူ ကွာခြားလှ၏။ မြို့အတွင်း မြစ်တစ်စင်း ဖြတ်သန်း စီးဆင်းနေသောကြောင့် မြို့ရိုးအောက်တွင် တွင်းပေါက်တစ်ခု သေချာပေါက် ရှိနေမှာဖြစ်သည်။
ယခုအခါ ထိုတွင်းပေါက်ကို အလွန် ထူထဲသော သံတံခါးဖြင့် ပိတ်ဆို့ထားသော်လည်း နေရာလွတ် လုံလောက်စွာ ရှိနေသေး၏။ ထိုယမ်းမှုန့်များကို မြို့ရိုးအောက်ရှိ တွင်းပေါက်အတွင်း ထည့်သွင်းကာ ဖောက်ခွဲလိုက်ပါက မြို့ရိုးကို အက်ကွဲကြောင်းတစ်ခု ဖြစ်သွားစေရန် လုံလောက်သည်။ ပေါင်ထောင်ချီ ရှိလျှင် ပိုလျှံနေပြီဖြစ်၏။
ယခုအချိန်တွင် တာယင်အင်ပါယာ ပင်မစစ်သူကြီး ဖုန်းရှောက်ထျန်း ကိုယ်တိုင် ပါဝင်တိုက်ခိုက်နေ သောကြောင့် ထန်ထိုင်မြို့ ကာကွယ်ရေးစစ်တပ်၏ အာရုံစိုက်မှု အားလုံးကို ဆွဲဆောင်ထားနိုင်ခဲ့၏။ ထို့ကြောင့်သာ ဒုတိယ စစ်သူကြီး အနေဖြင့် လူထောင်ဂဏန်းကို ဦးဆောင်ကာ ယမ်းမှုန့် ပေါင်သောင်းချီကို မြို့ရိုးအောက်ရှိ မြစ်ကြောင်း တွင်းပေါက် အတွင်းသို့ သယ်ဆောင်သွားနိုင်မည့် အခွင့်အရေး ရရှိခဲ့ခြင်း ဖြစ်သည်။
“မြန်မြန်… မြန်မြန်… မြန်မြန်..”
ဒုတိယစစ်သူကြီး၏ ရင်တွင်း၌ မီးဟုန်းဟုန်း တောက်လောင်နေ၏။ အကြောင်းမှာ အချိန်အနည်းငယ် နှောင့်နှေးသွားသည်နှင့် ဖုန်းရှောက်ထျန်း၏ အသက်အန္တရာယ် ရှိလာမည် ဖြစ်သောကြောင့်ပင်။
ထိုကဲ့သို့ ဖုန်းရှောက်ထျန်းက ကာကွယ်ရေး စစ်တပ်၏ အာရုံစိုက်မှုကို ဆွဲဆောင်ထားသော်လည်း အခြား ကာကွယ်ရေး စစ်သည်များသည် သေတ္တာများ ပိုက်ထားသော တာယင်အင်ပါယာ စစ်သည်များကို မြင်ချိန်မှာတော့ အဆက်မပြတ် တိုက်ခိုက်ကြတော့၏။
“ရွှီး… ရွှီး… ရွှီး… ရွှီး… ရွှီး”
မြားမိုးများ ရွာသွန်းကျလာ၏။ တာယင်အင်ပါယာ စစ်သည် တစ်ယောက်ပြီး တစ်ယောက် လဲကျ သေဆုံးသွားကြသည်။
ထို့ကြောင့် အပို ကြိုတင် ပြင်ဆင်ထားရခြင်း ဖြစ်သည်။ ယမ်းမှုန့် ပေါင်သောင်းချီ ပြင်ဆင်ထားသော်လည်း ငါးပုံတစ်ပုံခန့်သာ ထန်ထိုင် မြို့ရိုးအောက်ရှိ တွင်းပေါက်အတွင်းသို့ ရောက်ရှိသွားပါက အောင်မြင်ပြီဟု ဆိုနိုင်၏။
မရေမတွက်နိုင်သော အသက်များနှင့် သွေးများကို တန်ဖိုး ပေးဆပ်ပြီးနောက် သေတ္တာ တစ်လုံးပြီး တစ်လုံးကို ဦးတည်ရာသို့ သယ်ဆောင်သွားနိုင်ခဲ့သည်။
ထန်ထိုင် မြို့ရိုးအောက်ရှိ မြစ်ရေအတွက် ဖောက်ထားသော ဧရာမ တွင်းပေါက်ကြီးမှာ နှစ်မီတာ ရှည်လျားပြီး တစ်ပေကျော်ခန့် မြင့်ကာ သုံးမီတာကျော် နက်ရှိုင်းပြီး ကုဗမီတာ နှစ်မီတာခန့် ကျယ်ဝန်းသော နေရာလွတ် ရှိ၏။
ထိုနေရာလွတ်ထဲသို့ သေတ္တာ ဆယ်ဂဏန်းခန့် ထည့်သွင်းလိုက်သည်။ ထို့နောက် သေတ္တာ တစ်ရာ၊ သေတ္တာ နှစ်ရာ စသဖြင့် အဆက်မပြတ် ဖြည့်သွင်းနေသည်။
ပြေးလွှားရ လွယ်ကူစေရန် သေတ္တာတိုင်းမှာ မကြီးမားဘဲ တစ်လုံးလျှင် ယမ်းမှုန့် ပေါင်ဆယ်ဂဏန်းခန့်သာ ပါဝင်၏။ နောက်ဆုံးတွင် တွင်းပေါက် တစ်ခုလုံး အပြည့်အဝ ပြည့်နှက်သွားခဲ့ပြီး ယမ်းမှုန့် ပေါင်ထောင်ချီကို ဖြည့်သွင်းနိုင်ခဲ့၏။
“မြန်မြန်… မြေဖို့… မြေဖို့ကြ...”
ထို့နောက် စစ်သည် ရာဂဏန်းခန့်သည် ကျောပိုးလာသော မြေကြီးများကို ဖို့ကာဖြင့် တွင်းပေါက် တစ်ခုလုံးကို အပြည့်အဝ ပိတ်ဆို့လိုက်ကြ၏။ ထိုသို့ ပြုလုပ်မှသာ ပေါက်ကွဲမှု အကျိုးသက်ရောက်မှု ပိုမို ကောင်းမွန်မှာ ဖြစ်သည်။
အရာအားလုံး အဆင်သင့် ဖြစ်သွားသည်။ စောစောက ဖုန်းရှောက်ထျန်းက ဒုတိယစစ်သူကြီးကို နာရီဝက်သာ အချိန်ပေးမည်ဟု ပြောခဲ့သော်လည်း ဆယ့်ငါးမိနစ်အတွင်းမှာပင် သူတို့ အရာအားလုံးကို ပြီးစီးအောင် လုပ်ဆောင်နိုင်ခဲ့၏။
“မီးရှို့… မီးရှို့ကြ… မီးရှို့ကြမယ်။”
ဒုတိယစစ်သူကြီး ကိုယ်တိုင် မီးရှို့လိုက်ရာ စနက်ကြိုး ဆယ်ခုကျော် လောင်ကျွမ်းသွားခဲ့၏။ တစ်ခု အောင်မြင်စွာ ပေါက်ကွဲလျှင်ပင် ပြဿနာ မရှိနိုင်ချေ။ သို့ပေမည့် ထိုစနက်ကြိုးများ အားလုံးမှာ ညီအစ်ကိုများ အောင်မြင်စွာ ဆုတ်ခွာနိုင်ရန်အတွက် အလွန် ရှည်လျားလို့ နေလေသည်။
“သွား… သွား… သွား...”
“ဆုတ်… ဆုတ်… ဆုတ်....”
ဒုတိယစစ်သူကြီးက အသံကျယ်ကြီးဖြင့် အမိန့်ပေးလိုက်ပြီးနောက် ဤမြို့ရိုးအောက်ရှိ တာယင်အင်ပါယာ စစ်တပ်များ အားလုံး နောက်သို့ ဆုတ်ခွာသွားကြတော့သည်။ ပေါက်ကွဲရန် အချိန်ရေတွက်ခြင်း စတင်ပြီ ဖြစ်၏။
.....................