အခန်း (၁၉၉-၂၀၀)
Vol. 18 Ch. 199-200
အပိုင်း (၁၉၉)
ဤအချိန်တွင် မြို့ရိုးပေါ်ရှိ တိုက်ပွဲသည် သွေးထွက်သံယို အများဆုံးနှင့် ကြောက်မက်ဖွယ် အကောင်းဆုံး အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
မြို့ရိုးပေါ်သို့ ရောက်ရှိလာသော တာယင်အင်ပါယာ စစ်သည်များမှာ အများဆုံး အချိန်တွင် နှစ်ထောင်ခန့် ရှိခဲ့သည်။ သို့ပေမည့် ယခုအခါ လူရာဂဏန်းမျှသာ ကျန်ရှိတော့၏။
ဖုန်းရှောက်ထျန်းသည် တစ်ကိုယ်လုံး သွေးများ ရွှဲနစ်နေပြီး သူ၏ တိုက်ခိုက်ပုံမှာ ခွေးရူး တစ်ကောင်နှင့် ပို၍ပင် တူလာခဲ့သည်။ သူ၏ အနီးရှိ လူရာဂဏန်းကို တောင်ပိုင်းကျိုးအင်ပါယာ စစ်သည် ထောင်ပေါင်းများစွာက ဝိုင်းရံထားကြသည်။
လီဝမ်ရှို့၏ သွေးများ ဆူပွက်နေပြီး အလွန်အမင်း စိတ်လှုပ်ရှားနေခဲ့သည်။ ဖုန်းရှောက်ထျန်း မကြာမီ သေတော့မည်။ သူ၏ အနီးရှိ လူရာဂဏန်း အားလုံး အသတ်ခံရသည်နှင့် သူ သေချာပေါက် သေဆုံးမှာဖြစ်၏။
ဤသည်မှာ တာယင်အင်ပါယာ၏ နယ်စား တစ်ဦးဖြစ်ပြီး နှစ်ရာချီ သက်တမ်းရှိသော တော်ဝင်မျိုးနွယ်ဝင်လည်း ဖြစ်ရာ သူ့ကို သတ်ဖြတ်နိုင်ပါက အလွန် ကြီးမားသော ဂုဏ်ဆောင်မှုဖြစ်ပြီး လီဝမ်ရှို့အတွက် မြို့စားဘွဲ့ ရရှိရန်ပင် လုံလောက်ပေသည်။
‘အဖေ... အဘိုး... ကျုပ်တို့ လီမိသားစု နိုင်ငံအတွက် တိုက်ပွဲဝင်လာတာ ဆယ်စုနှစ်များစွာ ကြာခဲ့ပြီ။ အခုတော့ မြို့စားဘွဲ့ ရတော့မယ်။ အဘိုး... ကောင်းကင်ဘုံကနေ အေးချမ်းစွာ အနားယူနိုင်ပါပြီ။ ကျုပ်က လီမိသားစုရဲ့ ဂုဏ်ယူစရာ ဖြစ်လာပါတော့မယ်။’
“ဖုန်းရှောက်ထျန်းကို သတ်နိုင်ရင် ငွေတစ်သောင်း ဆုချမယ်။ ရာထူးသုံးဆင့် တိုးပေးမယ်။” လီဝမ်ရှို့က အော်လိုက်၏။
“ဖုန်းရှောက်ထျန်းကို သတ်...”
“ဖုန်းရှောက်ထျန်းကို သတ်ကြ...”
တောင်ပိုင်းကျိုးအင်ပါယာ စစ်သည် ထောင်ပေါင်းများစွာက ရူးသွပ်စွာဖြင့် ဝိုင်းရံတိုက်ခိုက်ကြရာ ဖုန်းရှောက်ထျန်း အနီးရှိ လူများမှာ တဖြည်းဖြည်း နည်းပါးလာခဲ့သည်။
ထန်ထိုင်မြို့ ကာကွယ်ရေး စစ်သူကြီး လီဝမ်ရှို့၏ ရင်တွင်း၌ ပိုမို စိတ်လှုပ်ရှားလာပြီး ပိုမို၍ ဝမ်းသာအားရ ဖြစ်လာခဲ့သည်။
‘နိုင်တော့မယ်။ ကျုပ် အနိုင်ရတော့မယ်။ ဖုန်းရှောက်ထျန်း မကြာခင် သေတော့မယ်။ ဟား… ဟား… ဟား… ဟား...’
.....................
ဖုန်းရှောက်ထျန်း၏ ဒုတိယစစ်သူကြီးသည် မျက်လုံးကို မှိတ်ကာ စိတ်ထဲမှ စတင် ရေတွက်နေခဲ့၏။ ‘ငါး၊ လေး၊ သုံး၊ နှစ်၊ တစ်၊ သုည..’
အချိန်ရေတွက်ခြင်း ပြီးဆုံးသွားပြီ ဖြစ်သော်လည်း အဘယ်ကြောင့် မပေါက်ကွဲသေးသနည်း။ မှားယွင်းသွားသည်လား။ သို့မဟုတ် သခင်ကြီး ယွင်ကျုံးဟဲ့ ပေးအပ်သော လျှို့ဝှက်လက်နက်က အသုံးမဝင်သည်လား။
ထိုသို့ လုံးဝ မဖြစ်သင့်ပေ။ ထိုသို့သာဆိုလျှင် ဖုန်းရှောက်ထျန်း အန္တရာယ် ရှိသွားမည်ဖြစ်ပြီး သူတို့၏ စစ်သည် တစ်သိန်းလုံးလည်း အန္တရာယ် ရှိသွားမှာ ဖြစ်သည်။
သို့သော်ငြား သူ အစိုးရိမ်လွန်နေခြင်းသာ ဖြစ်သည်။ သူ စိတ်လှုပ်ရှားလွန်းသောကြောင့် အချိန်ရေတွက်မှု မြန်သွားခြင်း ဖြစ်၏။
နောက်ထပ် စက္ကန့်အနည်းငယ် အကြာတွင် ကောင်းကင်နှင့် မြေကြီးအကြား တခဏတာ တိတ်ဆိတ်သွားခဲ့၏။ ထို့နောက် ကောင်းကင်ကို တုန်လှုပ်စေသော ဧရာမ အသံကြီး ထွက်ပေါ်လာပြီး ကောင်းကင်နှင့် မြေကြီးကို တုန်ခါသွားစေပြီး ကောင်းကင်၏ အရောင် ပြောင်းလဲသွားသည်။
“ဝုန်း… ဝုန်း… ဝုန်း… ဝုန်း… ဝုန်း”
ခြောက်သွေ့သော မြေပြင်မှ ထွက်ပေါ်လာသော မိုးကြိုးသံကြီး ကဲ့သို့ပင်။ မြေနဂါးကြီး လူးလှိမ့်လိုက်သကဲ့သို့ မြို့ရိုး တစ်ပိုင်းသည် ရုတ်တရက် အပေါ်သို့ မြင့်တက်လာပြီး မရေမတွက်နိုင်သော ကျောက်တုံးကြီးများသည် ကောင်းကင်ပေါ်သို့ လွင့်စင်သွားကြ၏။
မြို့ရိုးပေါ်ရှိ ကာကွယ်ရေး စစ်သည်များသည်လည်း ကောင်းကင်ပေါ်သို့ လွင့်စင်သွားကြပြီး မြို့ရိုးပတ်လည် မီတာတစ်ရာ အတွင်းရှိ ကာကွယ်ရေး စစ်သည်များသည်လည်း မြေပြင်ပေါ်သို့ လဲကျသွားကြသည်။
ဤမြင်ကွင်းသည် အမှန်တကယ်ပင် ထိတ်လန့်ဖွယ်ကောင်းပြီး အံ့မခန်း ဖြစ်လှသည်။ လူအားလုံးကို ထိတ်လန့် တုန်လှုပ်သွားစေခဲ့၏။
ယမ်း ပေါင်ထောင်ချီ ပေါက်ကွဲမှုသည် ဤမြို့ရိုးကို ဆယ်မီတာနီးပါး ကျယ်ဝန်းသော အက်ကွဲကြောင်း တစ်ခု ဖြစ်သွားစေခဲ့သည်။
ပေါင်ထောင်ချီ ရှိပါလျက် ဆယ်မီတာ အောက်သာရှိသော အက်ကွဲကြောင်း ဖြစ်သွားသည်လား။ သို့ပေမည့် ဤအက်ကွဲကြောင်းက လုံလောက်နေပြီ ဖြစ်၏။
ပေါက်ကွဲမှု အပြီးတွင် တိုက်ခိုက်သူနှင့် ကာကွယ်သူ နှစ်ဖက်စလုံး ဤမြင်ကွင်းကြောင့် လုံးဝ မှင်တက်သွားကြသကဲ့သို့ ဖြစ်နေသည်။
ခဏအကြာတွင် တာယင်အင်ပါယာ၏ စစ်တပ်သည် အပြည့်အဝ သွေးဆူလာတော့၏။ “ဧကရာဇ်မင်းမြတ် သက်တော်ရာကျော် ရှည်ပါစေ... ရာကျော်၊ သောင်းကျော် ရှည်ပါစေ။”
“ဧကရာဇ်မင်းမြတ် သက်တော်ရာကျော် ရှည်ပါစေ... ရာကျော်၊ သောင်းကျော် ရှည်ပါစေ။”
စစ်သည် သောင်းချီက ဟစ်ကြွေးကြပြီးနောက် ဒီရေလှိုင်းများပမာ ပြေးဝင်သွားကြတော့သည်။
ထန်ထိုင်မြို့ ကာကွယ်ရေး စစ်တပ်မှာမူ ဤမြင်ကွင်းကြောင့် ထိတ်လန့် တုန်လှုပ်နေကြဆဲ ဖြစ်၏။
မြို့ရိုးပေါ်ရှိ ဖုန်းရှောက်ထျန်းသည်လည်း အတန်ကြာ မှင်တက်နေခဲ့သည်။ စောစောက ပေါက်ကွဲချိန်တွင် သူသည် ခပ်လှမ်းလှမ်းတွင် ရှိနေသော်လည်း ပြင်းထန်သော တုန်ခါမှုကို ခံစားလိုက်ရပြီး လူတစ်ကိုယ်လုံး အပေါ်သို့ ခုန်တက်သွားသကဲ့သို့ ခံစားလိုက်ရသည်။
ထို့နောက် မြို့ရိုးတစ်ခုလုံး တိတ်ဆိတ်သွားခဲ့သည်။ လူအားလုံး ထိတ်လန့်သွားကြသကဲ့သို့ပင်။
ဖုန်းရှောက်ထျန်းသည် သွေးများကို ထွေးထုတ်လိုက်ပြီး အေးစက်စွာဖြင့် ပြောလိုက်သည်။ “ယွင်ကျုံးဟဲ့... ခင်ဗျားတကယ် အစွမ်းထက်တာပဲ။ ကျုပ် ဖုန်းရှောက်ထျန်း အရှုံးပေးတယ်။”
ထို့နောက် ဤစစ်သူကြီးသည် ပို၍ သွေးဆူလာပြီး ပို၍ ရူးသွပ်စွာ သတ်ဖြတ်တော့၏။
တစ်ချိန်တည်းမှာပင် မြို့ရိုးအောက်တွင် မရေမတွက်နိုင်သော တာယင်အင်ပါယာ စစ်သည်များသည် ဒီရေလှိုင်းများပမာ ပေါက်ကွဲသွားသော အက်ကွဲကြောင်းအတွင်းသို့ ပြေးဝင်သွားကြသည်။
တာယင်အင်ပါယာ၏ စစ်တပ် မြို့တွင်းသို့ ဝင်ရောက်လာပြီ ဖြစ်၏။ နှစ်နာရီအကြာတွင် ထန်ထိုင်မြို့ ကျဆုံးသွားခဲ့သည်။ ပိုင်ရှင်မဲ့နယ်မြေ၏ နံပါတ်တစ် မြို့ကြီး၊ တောင်ပိုင်းကျိုးအင်ပါယာကို တိုက်ခိုက်ရာ၌ အသုံးဝင်လွန်းလှသည့် ရှေ့တန်းမြို့ကြီးသည် တာယင်အင်ပါယာ လက်အောက်သို့ အပြည့်အဝ ကျရောက် သွားခဲ့ပြီ ဖြစ်၏။
တိုက်ခိုက်ချိန်မှစ၍ ကျဆုံးချိန်အထိ တစ်ရက်ခွဲခန့်သာ ကြာမြင့်ခဲ့သည်။
ဤအချိန်တွင် ယန်ဖြန်ရှန်၏ သံတမန်သည် ထန်ထိုင်မြို့ဆီသို့ ရူးသွပ်စွာ ချီတက်နေဆဲဖြစ်ပြီး မြို့ရိုးအောက်ရှိ မြစ်ကြောင်း တွင်းပေါက်ကို ဂရုစိုက်ရန် လီဝမ်ရှို့ကို အထူး သတိပေးလိုခြင်း ဖြစ်သည်။ သို့ပေမည့် ယန်ဖြန်ရှန်၏ ပထမဆုံး သံတမန်အဖွဲ့ ထန်ထိုင်မြို့သို့ ရောက်ရှိချိန်တွင် မြို့မှာ စောစောစီးစီးကပင် ကျသွားခဲ့ပြီ ဖြစ်၏။
ထန်ထိုင်မိသားစု၏ အကြွင်းအကျန် စစ်တပ်နှင့် လီဝမ်ရှို့ ဦးဆောင်သော တောင်ပိုင်းကျိုးအင်ပါယာ၏ အကြွင်းအကျန် စစ်တပ်များသည် အရပ်မျက်နှာ အသီးသီးသို့ ထွက်ပြေးကုန်ကြပြီ ဖြစ်သည်။
ဤစစ်ပွဲ ပြီးဆုံးသွားခဲ့ပြီး တာယင်အင်ပါယာက အကြီးအကျယ် အောင်ပွဲခံနိုင်ခဲ့၏။ ပိုင်ရှင်မဲ့နယ်မြေ တစ်ခုလုံးရှိ မြို့ကြီး နှစ်မြို့စလုံး တာယင်အင်ပါယာ လက်အောက်သို့ ကျရောက်သွားခဲ့ပြီ ဖြစ်၏။
အိမ်ရှေ့စံမင်းသား ကျိုးလီနှင့် စစ်သေနာပတိ အောက်ရှင်း ဦးဆောင်သော စစ်တပ် နှစ်သိန်းသည် ပိုင်ရှင်မဲ့နယ်မြေ အတွင်း၌ အပြည့်အဝ ပိတ်လှောင်ခံလိုက်ရပြီ ဖြစ်သည်။
........................
“သတင်းပို့... သတင်းပို့... သတင်းပို့ပါတယ် အိမ်ရှေ့စံမင်းသား... အခြေအနေ မကောင်းတော့ဘူး။ ထန်ထိုင်မြို့ ကျသွားပါပြီ။”
“သတင်းပို့... သတင်းပို့... သတင်းပို့ပါတယ်… သခင်ကြီးယန်ဖြန်ရှန်… အခြေအနေက အဆိုးဘက်ကို ဦးတည်နေပါတယ်။ မကောင်းတော့ဘူး။ ထန်ထိုင်မြို့ ကျသွားပါပြီ။”
ရက်အတော်ကြာ နေ့ရောညပါ အပူတပြင်း ချီတက်နေသော ယန်ဖြန်ရှန်သည် ဤထိတ်လန့်ဖွယ်ရာ သတင်းဆိုးကြီးကို ကြားလိုက်ရချိန်မှာတော့ နောက်ဆုံးတွင် လုံးဝ ထိန်းမထားနိုင်တော့ဘဲ သွေးများ အန်ချလိုက်တော့၏။
အဆိုးရွားဆုံး ရလဒ် ထွက်ပေါ်လာပြီး အခြေအနေ တစ်ခုလုံး အပြည့်အဝ ပျက်စီးသွားခဲ့ပြီဖြစ်၏။ ယန်ဖြန်ရှန်သည် သွေးများကို ဆက်တိုက် အန်ချပြီးနောက် တဖြည်းဖြည်း ပြန်လည် တည်ငြိမ်လာခဲ့သည်။
ယွင်ကျုံးဟဲ့က ပြုံးလျက် ပြောလိုက်၏။ “သခင်ကြီးယန်ဖြန်ရှန်… ဒီစစ်ပွဲမှာ ခင်ဗျားတို့ အပြည့်အဝ ရှုံးနိမ့်သွားပြီ။ ဘာအခွင့်အရေးမှ မရှိတော့ဘူး။”
ယန်ဖြန်ရှန်သည် ကောင်းကင်ကို ငေးမောကြည့်နေပြီး သူ၏ မျက်နှာ ကြွက်သားများမှာ ဆက်တိုက် တုန်ယင်နေခဲ့သည်။
ယွင်ကျုံးဟဲ့က ဆက်ပြောလိုက်၏။ “ကျိုးလီနဲ့ အောက်ရှင်း ဦးဆောင်တဲ့ စစ်တပ် နှစ်သိန်းကျော်က ထန်ထိုင်မြို့နဲ့ မိုင်ရာဂဏန်း ဝေးသေးတယ်။ အခု ထန်ထိုင်မြို့ကို ကျုပ်တို့ တာယင်အင်ပါယာက သိမ်းလိုက်ပြီဆိုတော့ ဒီစစ်တပ်ကြီး ဘယ်လို ပြန်မလဲဆိုတာ ကျုပ် တကယ် သိချင်နေပြီ။”
ယန်ဖြန်ရှန်သည် မည်သည့် တုံ့ပြန်မှုမှ မပြုလုပ်သေးပေ။
ယွင်ကျုံးဟဲ့က ဆက်မေးလိုက်ပြန်သည်။ “စစ်သေနာပတိ အောက်ရှင်းနဲ့ အိမ်ရှေ့စံမင်းသား ကျိုးလီတို့က သိုင်းပညာ မြင့်မားတော့ ဘယ်လမ်းကဖြစ်ဖြစ် တောင်ပိုင်းကျိုးအင်ပါယာကို ပြန်လို့ ရတယ်။ ဒါပေမဲ့ ဒီစစ်တပ် နှစ်သိန်းကျော်မှာ အတောင်ပံ မပါဘူးလေ။ ထန်ထိုင်မြို့ကို ကွင်းရှောင်ပြီး တောင်ပိုင်းကျိုးအင်ပါယာကို ပြန်ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်တော့ဘူး မဟုတ်လား။”
ယန်ဖြန်ရှန်သည် တုံ့ပြန်မှု မရှိသေးပေ။
ယွင်ကျုံးဟဲ့က ပြုံးကာ ပြောလိုက်၏။ “ပိုင်ရှင်မဲ့နယ်မြေက မြို့စားတွေက အရမ်း လက်တွေ့ကျတဲ့ သူတွေလေ။ သူတို့ အကျွမ်းကျင်ဆုံးက လေယူရာ ယိမ်းတာပဲ။ အရင်က တောင်ပိုင်းကျိုးအင်ပါယာ အသာစီး ရနေတုန်းက ခင်ဗျားတို့ကို ရိက္ခာတွေ ထောက်ပံ့ခဲ့ကြပေမဲ့ အခု ခင်ဗျားတို့ရဲ့ စစ်တပ် နှစ်သိန်းကျော်က ရိက္ခာ တစ်စေ့တောင် ကောက်ခံလို့ ရမှာ မဟုတ်တော့ဘူး။ ခင်ဗျားတို့က အတင်းအဓမ္မ လုယူမလို့လား။ အဲဒီလို လုပ်ရင် ပိုင်ရှင်မဲ့နယ်မြေ တစ်ခုလုံးက မြို့စားတွေရဲ့ ဝိုင်းရံတိုက်ခိုက်မှုကို ခံရမှာပဲ။”
ယွင်ကျုံးဟဲ့က ဆက်ပြောလိုက်သည်။ “သခင်ကြီးယန်ဖြန်ရှန်… အခု ပိုင်ရှင်မဲ့နယ်မြေက မြို့စား ဘယ်နှစ်ယောက်လောက် လေခွင်းမြို့ကို သွားပြီး တာယင်အင်ပါယာ တောင်ပိုင်းဌာနချုပ်မှာ ဒူးထောက် ခစားနေကြမလဲဆိုတာ ခန့်မှန်းကြည့်ပါလား။
လူဆိုတာက တကယ်ကို ယုတ်ညံ့တဲ့ သတ္တဝါတွေပဲ။ အဲဒီတုန်းက ဒီမြို့စားတွေက လုံးဝ လက်နက်မချဘူး၊ အညံ့မခံဘူးလို့ ပါးစပ်က ပြောခဲ့ကြတယ်။ ဘာလို့လဲဆိုတော့ အဲဒီလို လုပ်ရင် သူတို့ရဲ့ ကိုယ်ပိုင် အုပ်ချုပ်ခွင့်၊ နယ်မြေနဲ့ စစ်တပ်တွေကို ဆုံးရှုံးရမှာမို့လို့ပဲ။ ဒါကြောင့် ထန်ထိုင် မိသားစုက ဦးဆောင်လိုက်တာနဲ့ ပိုင်ရှင်မဲ့နယ်မြေ တစ်ခုလုံး သူတို့ နောက်ကို လိုက်ခဲ့ကြတယ်။
အခုကော ဘယ်လိုလဲ။ ဒီမြို့စားတွေက နယ်မြေနဲ့ စစ်တပ်ကို မဆိုထားနဲ့ သူတို့ရဲ့ အသက်နဲ့ စည်းစိမ်ကို ကာကွယ်နိုင်ရင်တောင် အလွန် ကံကောင်းတယ်လို့ ထင်နေကြလောက်ပြီ။
တကယ်ကို မထင်မှတ်ထားဘူး။ ခုနစ်လပိုင်းတုန်းက ကျုပ်တို့ လေခွင်းချိုင့်ဝှမ်းကို တိုက်ခိုက်နေတုန်းပဲ ရှိသေးတယ်။ ရှစ်လပိုင်းနဲ့ ကိုးလပိုင်းမှာ ထန်ထိုင် မိသားစုက နယ်စားမဟာမိတ်တပ်တွေကို ဦးဆောင်ပြီး လေခွင်းမြို့ကို တိုက်ခိုက်ခဲ့တယ်။ အခု ဆယ့်တစ်လပိုင်းပဲ ရှိသေးတယ်။ အရာအားလုံး ပြီးဆုံးသွားပြီ။ တကယ်ကို အိပ်မက်တစ်ခုလို ခံစားရတယ်။”
ယွင်ကျုံးဟဲ့ သာမက လူတိုင်းနီးပါး အိပ်မက်တစ်ခုကဲ့သို့ ခံစားနေကြရ၏။ လအနည်းငယ် အရင်က ပိုင်ရှင်မဲ့နယ်မြေတွင် နယ်စားညီလာခံကြီးကို ခမ်းနားစွာ ကျင်းပခဲ့ကြပြီး ကျင်းမိသားစုကို အပြစ်ပေးရန်နှင့် ပိုင်ယင်ဆားကွင်း အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို အဆုံးအဖြတ် ပေးရန် ဆွေးနွေးခဲ့ကြသည်။
ထိုစဉ်က ကြီးမားသော အင်ပါယာ နှစ်ခု၏ စစ်ပွဲကြီးသည် အတော်လေး အလှမ်းဝေးနေသေးသည်ဟု ထင်ရ၏။ ထို့အပြင် ပိုင်ရှင်မဲ့နယ်မြေရှိ လူတိုင်းက ဤစစ်ပွဲကြီးသည် အချိန်ကြာမြင့်စွာ ဖြစ်ပွားမှာဖြစ်ပြီး အနည်းဆုံး သုံးနှစ်မှ ငါးနှစ်ခန့် ကြာမြင့်မည်။ ပိုင်ရှင်မဲ့နယ်မြေတွင် နောက်ဆုံး သွေးတစ်စက် ကျန်သည်အထိ တိုက်ခိုက်ကြပြီး နှစ်ဖက်စလုံး အင်အား ကုန်ခမ်းကာ ထိခိုက်နစ်နာမှု များပြားမည်ဟု ယူဆခဲ့ကြ၏။
ထိုအချိန်ရောက်လျှင် ပိုင်ရှင်မဲ့နယ်မြေကို နိုင်ငံတစ်ခုအဖြစ် တည်ထောင်ရန် အချိန်ကျရောက်လာမှာဖြစ်ပြီး အားလုံးသည် တိုင်းပြည် တည်ထောင်ရာတွင် ပါဝင်ခဲ့သော သူရဲကောင်းများ ဖြစ်လာကြမည်ဟု ထင်မှတ်ခဲ့ကြသည်။
သို့ပေမည့် စစ်ပွဲ စတင်ချိန်မှ ယခုအထိ နှစ်လသာ ကြာမြင့်သေး၏။ အရာအားလုံး ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။ ထန်ထိုင် မိသားစု၏ခေတ် ပြီးဆုံးသွားရုံသာမက ပိုင်ရှင်မဲ့နယ်မြေတွင် တောင်ပိုင်းကျိုးအင်ပါယာ၏ ကြီးကျယ် ခမ်းနားမှုသည်လည်း တစ်လသာ ကြာမြင့်ခဲ့၏။
တကယ်ကို အခြေအနေများ လျင်မြန်စွာ ပြောင်းလဲသွားပြီး အရာအားလုံးမှာ အလွန် မြန်ဆန်လွန်းလှသည်။
အမှန်တကယ်တွင် ဤစစ်ပွဲ တစ်ခုတည်းကိုသာ ကြည့်မည်ဆိုလျှင် တောင်ပိုင်းကျိုးအင်ပါယာ၏ သေဆုံး ဒဏ်ရာရမှုမှာ လူတစ်သိန်းကျော်ခန့်သာရှိပြီး တာယင်အင်ပါယာ၏ သေဆုံးဒဏ်ရာရမှုမှာ တစ်သိန်း မပြည့်သော်လည်း သိပ်မကွာခြားလှပေ။
နိုင်ငံနှစ်ခုစလုံး၏ ပင်မစစ်တပ်ကြီးများတွင် လူသိန်းချီ ကျန်ရှိနေသေး၏။ သို့ပေမည့် ဤစစ်ပွဲ အခြေခံအားဖြင့် ပြီးဆုံးသွားပြီဖြစ်ကြောင်း လူတိုင်း သိရှိထားကြသည်။ လေခွင်းမြို့နှင့် ထန်ထိုင်မြို့တို့ကို ဆုံးရှုံးသွားပြီးနောက် ပိုင်ရှင်မဲ့နယ်မြေတွင် မည်သည့် မျှော်လင့်ချက်မှ မရှိတော့ချေ။
အချိန်အတော်ကြာပြီးနောက် ယန်ဖြန်ရှန်သည် ယွင်ကျုံးဟဲ့ကို လှမ်းကြည့်လိုက်၏။ သူသည် ပြဿနာ တစ်ခုကို စဉ်းစားနေသည်။ ဤစစ်ပွဲ အဘယ်ကြောင့် ရှုံးနိမ့်ခဲ့သနည်း။ သူက ယွင်ကျုံးဟဲ့ကို မယှဉ်နိုင်၍လား။
မဟုတ်ပေ... လုံးဝ မဟုတ်ပေ။ ယန်ဖြန်ရှန်သည် ထိုသို့ လုံးဝ မယူဆချေ။ အစမှ အဆုံးတိုင် သူ အနိုင်ရနေခဲ့ပြီး ယွင်ကျုံးဟဲ့ကို လက်ခုပ်ထဲတွင် ကစားနေခဲ့ခြင်း ဖြစ်သည်။
နောက်ဆုံးတွင် ယွင်ကျုံးဟဲ့က သေတွင်းမှ ပြန်လည် ရှင်သန်လာပြီး အခြေအနေကို ပြောင်းပြန်လှန်နိုင် ခဲ့သော်လည်း ထိုသို့ ဖြစ်ရခြင်းမှာ လူ့ကြိုးစားမှုက သုံးပုံ၊ ကောင်းကင်ဘုံ၏ စောင်မမှုက ခုနစ်ပုံ ကြောင့်သာ ဖြစ်သည်ဟု သူ ယူဆထား၏။
ယွင်ကျုံးဟဲ့က ပြုံးလျက် ပြောလိုက်သည်။ “သခင်ကြီးယန်ဖြန်ရှန်… အခု တာယင်အင်ပါယာ အနိုင်ရသွားပြီ။ ကျုပ်လည်း တာယင်အင်ပါယာရဲ့ တရားခံ မဟုတ်တော့ဘူး။ အခု ခင်ဗျား ကျုပ်ကို သတ်လို့ ရပြီ။ ဟား… ဟား… ဟား... ကျုပ်က သေရမှာကို နည်းနည်းလေးမှ မကြောက်တဲ့သူဆိုတာ ခင်ဗျား သိပါတယ်။ လုံလောက်အောင် ကျေနပ်ရရင် ပြီးတာပဲ။”
.....................
အပိုင်း (၂၀၀)
အခြား တစ်ဖက်တွင်မူ တောင်ပိုင်းကျိုးအင်ပါယာ အိမ်ရှေ့စံမင်းသား ကျိုးလီနှင့် စစ်သေနာပတိ အောက်ရှင်း တို့သည် တိတ်ဆိတ် ငြိမ်သက်သွားကြ၏။ သူတို့ ရူးသွပ်စွာ ချီတက်ရန် မလိုအပ်တော့ပေ။
လွန်ခဲ့သော ရက်နှစ်ဆယ်ကျော်အတွင်း စစ်သည် နှစ်သိန်းကျော်သည် အသက်ကို ပမာမထားဘဲ အပူတပြင်း ချီတက်နေခဲ့ရသည်။
ချီတက်ရင်း လိမ့်ကျသေဆုံးသူ၊ ပင်ပန်းလွန်း၍ သေဆုံးသူ စစ်သည် ငါးထောင် ခြောက်ထောင်ကျော် ရှိခဲ့၏။ နေ့စဉ် မျက်လုံးပွင့်သည်နှင့် ချီတက်ရသောကြောင့် ဖိနပ်များ စုတ်ပြဲကာ ခြေထောက်များ အားလုံး ပေါက်ပြဲကုန်ကြ၏။
စစ်သည်များ၏စံပြ ဖြစ်စေရန်အတွက် အိမ်ရှေ့စံမင်းသား ကျိုးလီပင်လျှင် မြင်းမစီးဘဲ ခြေလျင် လျှောက်ခဲ့ပြီး သူ၏ မြင်းကောင်းကို ဒဏ်ရာရ စစ်သည်များကို ပေးစီးခဲ့သည်။
အမြဲတမ်း ဇိမ်ကျကျ နေထိုင်လေ့ရှိသော ကျိုးလီသည် နေ့စဉ် ခြေဖဝါးမှ အရည်ကြည်ဖုများကို ဖောက်ထုတ်ရပြီး မျက်နှာရှုံ့မဲ့ကာဖြင့် ခြေထောက်ကို ရေနွေးထဲ စိမ်ရ၏။ ခြေထောက်ကို ဆေးကြောပြီးနောက် မိန်းမစိုးကြီးက ဆေးလိမ်းပေးရ၏။
အိမ်ရှေ့စံမင်းသား ကျိုးလီ၏ စံပြ လုပ်ရပ်ကြောင့်သာ ဤစစ်တပ် နှစ်သိန်းကျော်သည် စိတ်ဓာတ်မကျဘဲ ယခုအချိန်အထိ တောင့်ခံနိုင်ခဲ့ခြင်း ဖြစ်သည်။
သို့ပေမည့် ယခုအခါ အနားယူနိုင်ပြီဖြစ်ပြီး အပူတပြင်း ချီတက်ရန် မလိုအပ်တော့ချေ။ အမိန့်ပေးလိုက်သည်နှင့် တပြိုင်နက် စစ်တပ် နှစ်သိန်းကျော်သည် ဝမ်းသာအားရ အော်ဟစ်ကာ မြေပြင်ပေါ်တွင် လှဲချလိုက်ကြပြီး မလှုပ်မယှက် နေကြတော့၏။
ရှေ့တန်းတွင် စစ်ရှုံးခဲ့သော်လည်း ဤစစ်တပ် နှစ်သိန်းကျော်က ဝမ်းသာအားရ အော်ဟစ်နေကြခြင်း ဖြစ်သည်။ အကြောင်းမှာ ယခုအချိန်တွင် လှဲလျောင်း အနားယူခွင့်ရခြင်းက အခြား မည်သည့်အရာထက်မဆို ပို၍ အရေးကြီးသောကြောင့် ဖြစ်၏။ ထန်ထိုင်မြို့ ကျဆုံးခြင်း၏ အကျိုးဆက်များကို ဤစစ်သည်များ စဉ်းစားရန် မလိုအပ်ပေ။
တပ်စခန်း အတွင်း၌ စစ်သေနာပတိ အောက်ရှင်းနှင့် မင်းသား ကျိုးလီတို့သည် တိတ်ဆိတ်စွာ ထိုင်နေကြ၏။
“အသေခံ တိုက်ခိုက်ကြည့်မလား။” ဘေးရှိ စစ်သူကြီး တစ်ဦးက မေးလိုက်သည်။
မည်သို့ အသေခံ တိုက်ခိုက်မည်နည်း။ စစ်သည် နှစ်သိန်းကျော်ကို ဦးဆောင်ကာ ထန်ထိုင်မြို့ကို အပြင်းအထန် တိုက်ခိုက်မည်လား။ သို့မဟုတ် တောင်ပိုင်းကျိုးအင်ပါယာမှ စစ်သည်များ ထပ်မံ ခေါ်ယူကာ စုစုပေါင်း စစ်သည် လေးသိန်းဖြင့် တောင်နှင့်မြောက် ညှပ်၍ ထန်ထိုင်မြို့ကို တိုက်ခိုက်မည်လား။
ထိုသို့ စဉ်းစားကြည့်မည်ဆိုလျှင် ထန်ထိုင်မြို့ကို သိမ်းပိုက်ရန် မျှော်လင့်ချက် ရှိနေသေး၏။ အကြောင်းမှာ ယခုအခါ ထန်ထိုင်မြို့ကို သိမ်းပိုက်ထားသော တာယင်အင်ပါယာ စစ်တပ်မှာ တစ်သိန်း မပြည့်ဘဲ အလွန်ဆုံး ရှစ်သောင်းခန့်သာ ရှိသောကြောင့် ဖြစ်သည်။
သို့ပေမည့် ထန်ထိုင်မြို့ အတွင်း၌ မရေမတွက်နိုင်သော ကာကွယ်ရေး လက်နက်များ ရှိနေပြီး ဤကဲ့သို့ ခိုင်ခံ့သောမြို့ကို တိုက်ခိုက်ခြင်းမှာ မည်သည့် စစ်တပ်အတွက်မဆို အိပ်မက်ဆိုးကြီး တစ်ခု ဖြစ်၏။
အဆိုးရွားဆုံး အချက်မှာ လေခွင်းမြို့တွင် တာယင်အင်ပါယာ၏ စစ်သည် နှစ်သိန်းကျော် ရှိနေသေးခြင်း ဖြစ်သည်။ ကာကွယ်ရန် စစ်သည် သောင်းဂဏန်း ချန်ထားခဲ့ပြီးနောက် မင်းသား ယင်ချွဲ့သည် စစ်သည်် နှစ်သိန်းကို ဦးဆောင်ကာ တောင်ဘက်သို့ ချီတက်လာနိုင်သည်။
ကျိုးလီသည် စစ်တပ်ကို ဦးဆောင်ကာ ထန်ထိုင်မြို့ကို တိုက်ခိုက်နေစဉ် ယင်ချွဲ့သည် စစ်သည် နှစ်သိန်းကို ဦးဆောင်ကာ နောက်ကျောမှ ဝင်ရောက် တိုက်ခိုက်မည်မှာ သေချာလှသည်။ ထိုအချိန်ရောက်လျှင် ကျိုးလီ ဦးဆောင်သော စစ်သည် နှစ်သိန်းကျော်သည် ရှေ့နောက် ညှပ်ပိတ် တိုက်ခိုက်ခံရပြီး သေချာပေါက် ပျက်စီးသွားမှာဖြစ်၏။
သေချာသည်မှာ နောက်ထပ် ရွေးချယ်စရာ လမ်းတစ်လမ်း ရှိသေးသည်။ ကျိုးလီသည် ဤစစ်သည် နှစ်သိန်းကျော်ကို ဦးဆောင်ကာ ပိုင်ရှင်မဲ့နယ်မြေရှိ အခြားမြို့များဖြစ်သော တာရှီမြို့၊ သို့မဟုတ် မော့မိသားစု၏ ရှီးယွီမြို့သို့ ဝင်ရောက် တပ်စွဲကာ ဤစစ်ပွဲကို ဆက်လက် ဆင်နွှဲရန် ဖြစ်သည်။
မော့မိသားစု၏ ရှီးယွီမြို့သို့ ဝင်ရောက် တပ်စွဲရန်မှာ လုံးဝ မဖြစ်နိုင်ပေ။ အကြောင်းမှာ ထိုသို့ ပြုလုပ်ရန် လေခွင်းချိုင့်ဝှမ်း နယ်မြေကို ဖြတ်သန်းရမှာဖြစ်ပြီး လေခွင်းမြို့ ကာကွယ်ရေး တပ်ဖွဲ့၏ တိုက်ခိုက်မှုကို သေချာပေါက် ခံရမှာ ဖြစ်၏။
ထို့အပြင် မော့မိသားစု၏ ရှီးယွီမြို့သည် အနောက်ဘက်အစွန်တွင် ရှိနေပြီး လေခွင်းမြို့က အပြည့်အဝ ပိတ်ဆို့ထားသည်။
တာရှီမြို့မှာ အတော်လေး ကောင်းမွန်ပြီး ပိုင်ရှင်မဲ့နယ်မြေ၏ အလယ်ဗဟိုတွင် တည်ရှိသည်။ သို့ပေမည့် ထိုမြို့သည် ကာကွယ်ရေး ကင်းမဲ့သောမြို့ဖြစ်ပြီး မြို့ရိုးပင် မရှိသလောက်ဖြစ်ရာ မည်သို့ ကာကွယ်မည်နည်း။
သေချာသည်မှာ ပိုင်ရှင်မဲ့နယ်မြေတွင် နောက်ထပ် မြို့ကြီး တစ်မြို့ ရှိသေး၏။ လေခွင်းမြို့ထက်ပင် ပိုမို ကြီးမားပြီး ထန်ထိုင်မြို့ပြီးလျှင် ဒုတိယ အကြီးဆုံးဖြစ်သော နင်မိသားစု၏ ပင်မမြို့ကြီးဖြစ်သည်။
ထိုမြို့ကိုသာ သိမ်းပိုက်နိုင်ပါက အနည်းဆုံးတော့ တာယင်အင်ပါယာနှင့် အချိန်အတန်ကြာ ရင်ဆိုင်ထားနိုင်သေး၏။
သို့ပေမည့် အမြဲတမ်းလိုလို နင်မိသားစုသည် အလွန် သတိထားပြီး ခံစစ်ကိုသာ အဓိကထားသော သဘောထားမျိုး ရှိသည်။
မကြာသေးမီက သူတို့၏ စစ်အင်အား အားလုံးကို ပင်မမြို့ကြီး အတွင်းသို့ ပြန်လည် ရုပ်သိမ်းထားခဲ့ပြီး စစ်သည် အင်အား မများသော်လည်း သုံးလေးသောင်းခန့် ရှိ၏။
ယခင်က တောင်ပိုင်းကျိုးအင်ပါယာ အသာစီး ရနေချိန်တွင် နင်မိသားစု၏ သဘောထားမှာ အလွန် နှိမ့်ချခဲ့သည်။ သူတို့သည် ကျိုးလီ နောက်သို့ စစ်တပ် မစေလွှတ်ခဲ့သော်လည်း နင်မိသားစု ခေါင်းဆောင်၏ နှုတ်ခွန်းဆက် စာများမှာ နေ့စဉ် မပြတ် ရောက်ရှိနေခဲ့ပြီး အမြင့်မြတ်ဆုံးသော ကျိုး ဧကရာဇ်မင်းမြတ်ကို ဖူးတွေ့လိုကြောင်း အမြဲတမ်း ပြောဆိုခဲ့သည်။
သို့ပေမည့် ယခုအခါ နင်မိသားစု၏ နှုတ်ခွန်းဆက်စာများ ပြတ်တောက်သွားခဲ့သည်မှာ ရက်အတော်ကြာပြီ ဖြစ်သည်။ ဤအခြေအနေမှာ ခန့်မှန်းရ မခက်လှပေ။ ဤနင်မိသားစု ခေါင်းဆောင်သည် လေခွင်းမြို့သို့ သွားရောက်ပြီး ဒူးထောက် ခစားနေလောက်ပြီ ဖြစ်၏။
ယခုအချိန်တွင် ကျိုးလီသည် စစ်တပ်ကို ဦးဆောင်ကာ နင်မိသားစု ပင်မမြို့ကြီးသို့ သွားရောက်မည်ဆိုလျှင် ပြင်းထန်သော တိုက်ပွဲတစ်ပွဲ ထပ်မံ ဆင်နွှဲရမှာဖြစ်ပြီး ရှေ့နောက် ညှပ်ပိတ်၍ တိုက်ခိုက်ခံရမည့် ကံကြမ္မာနှင့် ရင်ဆိုင်ရပေလိမ့်မည်။
ထို့ကြောင့် ယခုအချိန်တွင် ကြည့်ရသည်မှာ ကျိုးလီသည် တိုက်ခိုက်ရန် အင်အား ရှိသေးသည်ဟု ထင်ရသော်လည်း အမှန်တကယ်တွင်မူ လှောင်အိမ်ထဲ ပိတ်မိနေသော သားရဲ၏ နောက်ဆုံး ရုန်းကန်မှုမျှသာ ဖြစ်နေတော့၏။
“အိမ်ရှေ့စံမင်းသား... ပိုင်ရှင်မဲ့နယ်မြေကနေ ချက်ချင်း ထွက်ခွာရပါမယ်။ ကျင်းကျိုးမြို့ကို ပြန်ပြီး အခြေအနေ တစ်ခုလုံးကို ထိန်းချုပ်ပါ။ ပိုင်ရှင်မဲ့နယ်မြေဘက်ကို ကျုပ် တာဝန်ယူပါ့မယ်။” နုလန်ဟောက် အောက်ရှင်းက ရုတ်တရက် ပြောလိုက်သည်။
ထိုစကားကို ကြားချိန်မှာတော့ အိမ်ရှေ့စံမင်းသား ကျိုးလီသည် စိတ်လှုပ်ရှားသွားတော့၏။ အောက်ရှင်း၏ စကားမှာ အပေါ်ယံ နားထောင်ကောင်းသော်လည်း အမှန်တကယ်တွင်မူ ကျိုးလီကို ဤအကျပ်အတည်းမှ လွတ်မြောက်စေပြီး နုလန်ဟောက် အောက်ရှင်းကိုယ်တိုင် ဤစစ်ရှုံးမှု တာဝန်ကို ထမ်းဆောင်တော့မှာဖြစ်၏။
ဤနုလန်ဟောက်သည် ယခင်က အလွန် မာနကြီးပြီး အေးစက်ကာ ကျိုးလီ၏ သိမ်းသွင်းမှုကို လုံးဝ ဂရုမစိုက်ခဲ့သော်လည်း အရေးကြီးသော အချိန်တွင် ဤမျှ သစ္စာရှိသူ ဖြစ်လို့နေသည်။
အိမ်ရှေ့စံမင်းသား ကျိုးလီသည် အတန်ကြာ စဉ်းစားပြီးနောက် ခေါင်းခါပြလိုက်သည်။ သူက ပြောလိုက်၏။ “နုလန်ဟောက်ရဲ့ စေတနာကို ကျုပ် လက်ခံပါတယ်။ ဒါပေမဲ့ မလိုပါဘူး။ ကျုပ်ကို နည်းနည်း ထပ်စဉ်းစားခွင့် ပေးပါအုံး။ ထပ်စဉ်းစားပါရစေ။”
ထို့နောက် ကျိုးလီသည် မြေပုံကို ကြည့်ကာ ခက်ခဲသော ရွေးချယ်မှု တစ်ခုကို ပြုလုပ်ရန် စဉ်းစားနေတော့၏။ အခြေအနေများမှာ အလွန် တင်းမာနေပြီး ကျိုးလီအတွက် အချိန် သိပ်မရှိတော့ချေ။
ထန်ထိုင်မြို့ ကျဆုံးသွားမှုနှင့်အတူ ပိုင်ရှင်မဲ့နယ်မြေတွင် သူ၏ အခြေစိုက်စခန်း ဆုံးရှုံးသွားပြီဖြစ်ရာ ဤစစ်သည် နှစ်သိန်းကျော်သည် ရိက္ခာ ထောက်ပံ့မှု မရရှိတော့ဘဲ အချိန်မရွေး ရိက္ခာပြတ်လပ်မည့် အန္တရာယ်နှင့် ရင်ဆိုင်ရမှာဖြစ်သည်။
ထို့ကြောင့် ချက်ချင်း ဆုံးဖြတ်ချက် ချရမှာဖြစ်၏။ ထိုဆုံးဖြတ်ချက်သည် အလွန် ခါးသီးပြီး နာကျင်ဖွယ် ကောင်းမည် ဖြစ်သော်လည်း ဆုံးဖြတ်ရမည်သာ ဖြစ်၏။
နာရီဝက်ခန့် အကြာတွင် အိမ်ရှေ့စံမင်းသား ကျိုးလီက ပြောလိုက်သည်။ “နုလန်ဟောက်... ဒီစစ်သည် နှစ်သိန်းကျော်ကို ခင်ဗျားဆီ အပ်ပါတယ်။ ကျုပ် ယင်ချွဲ့ဆီ သွားပြီး သူနဲ့ မျက်နှာချင်းဆိုင် စကားပြောမယ်။”
ထိုစကားကြောင့် ထိုနေရာရှိ လူအားလုံး မျက်နှာပျက်သွားကြကာ အသည်းအသန်း တားဆီးကြတော့၏။ “အိမ်ရှေ့စံမင်းသား... လုံးဝ မဖြစ်ပါဘူး။ အခု ကျုပ်တို့က တာယင်အင်ပါယာနဲ့ စစ်ဖြစ်နေတာပါ။ မင်းသားသာ ယင်ချွဲ့ရဲ့ တပ်စခန်းကို သွားရင် အသွားသာရှိပြီး အပြန်ရှိမှာ မဟုတ်ဘူး။ မင်းသားသာ ဖမ်းဆီးခံရရင် အကျိုးဆက်က တွေးဝံ့စရာတောင် မရှိဘူး။”
ချက်ချင်းပဲ ထိုနေရာရှိ မိန်းမစိုးကြီးနှင့် စစ်သူကြီးများ အားလုံး ဒူးထောက်လိုက်ကြသည်။
နုလန်ဟောက် အောက်ရှင်းက ပြောလိုက်၏။ “အိမ်ရှေ့စံမင်းသား... ကျုပ် ယင်ချွဲ့ဆီ သွားပြီး သူနဲ့ စေ့စပ်ဆွေးနွေးပါ့မယ်။”
ကျိုးလီက ပြတ်သားစွာ ပြောလိုက်သည်။ “ခင်ဗျားသွားလို့ မသင့်တော်ဘူး။ ကျုပ် သွားမှပဲ အသင့်တော်ဆုံး ဖြစ်မှာ။”
လူအားလုံးသည် နဖူးသွေးထွက်သည်အထိ ဦးတိုက်ကာ ကျိုးလီကို မသွားရန် အပူတပြင်း တောင်းဆိုကြသည်။ သူတို့ ပြောသည်မှာ အကျိုးအကြောင်း ခိုင်လုံ၏။ ယခုအခါ နိုင်ငံနှစ်ခု စစ်ဖြစ်နေချိန်ဖြစ်ရာ ကျိုးလီသာ အဖမ်းခံရပါက အလဟဿ အဖမ်းခံရခြင်းသာ ဖြစ်မည်။
ကျိုးလီက ပြောလိုက်သည်။ “ယင်ချွဲ့ကို ကျုပ် ယုံတယ်။ ထပ်မတားကြပါနဲ့... ကျုပ် ဆုံးဖြတ်ပြီးပြီ။”
နာရီဝက်အကြာတွင် တောင်ပိုင်းကျိုးအင်ပါယာ အိမ်ရှေ့စံမင်းသား ကျိုးလီသည် တပ်စခန်းမှ ထွက်ခွာကာ တစ်ယောက်တည်း မြောက်ဘက်သို့ ထွက်ခွာသွားတော့၏။
အမှန်တကယ်ပင် မြင်းတစ်စီး၊ လူတစ်ယောက်တည်းဖြင့် တစ်ကိုယ်တော် သွားရောက်ခြင်းဖြစ်ပြီး သူ၏ ကိုယ်ရေးကိုယ်တာ မိန်းမစိုးကိုပင် ခေါ်ဆောင်မသွားခဲ့ချေ။
ဤမြင်ကွင်းက လူအားလုံးကို စိတ်လှုပ်ရှားသွားစေခဲ့၏။
ကျိုးလီ၏ အနီးရှိ မိန်းမစိုးကြီးသည် မြေပြင်ပေါ်တွင် ဒူးထောက်ကာ ငိုယိုနေပြီးနောက် ရုတ်တရက် ငိုနေခြင်းမှ ရပ်သွားကာ သူ၏ ဘောင်းဘီကြိုးကို ဆွဲကိုင်လိုက်သည်။
နောက်ဆက်တွဲ ပြုလုပ်ရမည့်ကိစ္စမှာ ရှင်းလင်းလှ၏။ အကယ်၍ အိမ်ရှေ့စံမင်းသား ပြန်မလာပါက ဘောင်းဘီကြိုးကို သစ်ကိုင်းတွင် ချည်နှောင်ကာ ကိုယ့်ကိုယ်ကိုယ် ကြိုးဆွဲချ သေဆုံးလိုက်ရန်သာ ရှိတော့သည်။ နန်းတော်သို့ ပြန်ကာ ဧကရာဇ်မင်းမြတ်၏ သေဒဏ်ပေးမှုကို စောင့်ဆိုင်းနေရန် မလိုအပ်တော့ချေ။
ကျိုးလီ၏ ကျောပြင်ကို ကြည့်ရင်း နုလန်ဟောက် အောက်ရှင်းသည် ဦးဆောင်ကာ ဒူးတစ်ဖက် ထောက်လိုက်၏။ သူ၏ နောက်ဘက်တွင် လူနှစ်သိန်းကျော်သည် စနစ်တကျ ဒူးထောက်လိုက်ကြသည်။
................
တာရှီမြို့၊ တာယင်အင်ပါယာ မင်းသား ယင်ချွဲ့၏ ယာယီ တပ်စခန်း…
ဤပိုင်ရှင်မဲ့နယ်မြေ၏ အမည်ခံ ဗဟိုချက်မြို့ကြီးသည် မြို့ရိုး မရှိသောကြောင့် တာယင်အင်ပါယာက အလွယ်တကူ သိမ်းပိုက်နိုင်ခဲ့၏။
မင်းသား ယင်ချွဲ့ ဝင်ရောက် တပ်စွဲချိန်တွင် တာရှီမြို့ရှိ အရာရှိများ၊ ကုန်သည်များအားလုံး မြို့ပြင် မိုင်ဆယ်ဂဏန်းအထိ ထွက်ကာ ဒူးထောက် ကြိုဆိုခဲ့ကြ၏။ ပိုင်ရှင်မဲ့နယ်မြေ တစ်ခုလုံးရှိ ပဒေသရာဇ်များ၊ အရာရှိများနှင့် ကုန်သည်များ အားလုံးသည် လေယူရာ ယိမ်းသော သူများသာ ဖြစ်ကြသည်။
ထန်ထိုင်မြို့ကို ဖုန်းရှောက်ထျန်း သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း သိရှိပြီးနောက် မင်းသား ယင်ချွဲ့သည် ရူးသွပ်စွာ ချီတက်နေမှုကို ရပ်တန့်လိုက်၏။ အကြောင်းမှာ ယွင်ကျုံးဟဲ့ကို ကယ်တင်ရန်အတွက် အခြား နည်းလမ်း တစ်ခု ပြောင်းလဲရန် လိုအပ်ကြောင်း သူ သိရှိသွားသောကြောင့်ပင်။
လေခွင်းမြို့ စစ်ပွဲကြီး ပြီးဆုံးပြီးနောက် စစ်သည် နှစ်သိန်းကျော်ကို အနည်းငယ် အနားပေးပြီးနောက် ဟူယန်ကျောက်သည် လေခွင်းမြို့ကို ကာကွယ်ရန် စစ်သည် ငါးသောင်း ချန်ထားခဲ့သည်။
ထို့နောက် ကျန်စစ်သည် နှစ်သိန်းဖြင့် ကြီးကျယ်ခမ်းနားစွာ တောင်ဘက်သို့ ဆက်လက် ချီတက်ခဲ့သည်။ ထန်ထိုင်မြို့ ကာကွယ်ရေး စစ်သူကြီး ဖုန်းရှောက်ထျန်းနှင့် ပူးပေါင်းကာ ကျိုးလီ၏ စစ်တပ်ကို ရှေ့နောက် ညှပ်ပိတ် တိုက်ခိုက်မည့် ဟန်ရေးပြခဲ့၏။
“စတုတ္ထမင်းသား... မြို့ပြင်မှာ လူတစ်ယောက် ရောက်နေပါတယ်။ တောင်ပိုင်းကျိုးအင်ပါယာ အိမ်ရှေ့စံမင်းသား ကျိုးလီလို့ သူ့ကိုယ်သူ မိတ်ဆက်ပြီး တွေ့ခွင့် တောင်းနေပါတယ်။” စစ်သည်တစ်ဦးက သတင်းပို့လိုက်သည်။
ယင်ချွဲ့ အံ့ဩသွားပြီးနောက် အမိန့်ပေးလိုက်၏။ “သူ့ကို ဝင်လာခွင့်ပြုလိုက်။”
“စတုတ္ထမင်းသား... သူ့ကို ကြိုးတုပ်ထားရမလား။” ထိုစစ်သည်က မေးမြန်းလိုက်သည်။
ယင်ချွဲ့က ခေါင်းခါပြကာ ပြောလိုက်၏။ “မလိုဘူး။ ယဉ်ယဉ်ကျေးကျေး ဆက်ဆံပါ။”
ခဏအကြာတွင် တောင်ပိုင်းကျိုးအင်ပါယာ အိမ်ရှေ့စံမင်းသား ကျိုးလီသည် တာရှီမြို့ရှိ ကျင်းမိသားစု၏ အိမ်တော်အတွင်းသို့ ဝင်ရောက်လာခဲ့၏။
ယင်ချွဲ့သည် ဤနေရာတွင် တပ်စွဲထားခြင်း ဖြစ်သည်။ ယွင်ကျုံးဟဲ့သည်လည်း ဤနေရာတွင် နေထိုင်ခဲ့ဖူးသောကြောင့် ဤနေရာတွင် နေထိုင်ခြင်းက သူ့ကို အနည်းငယ် စိတ်အေးချမ်းမှု ရစေခဲ့ခြင်းလည်း ဖြစ်နိုင်သည်။
“အစ်ကို ကျိုးလီကို တွေ့ရတာ ဝမ်းသာပါတယ်။” ယင်ချွဲ့က အရင်ဦးဆုံး နှုတ်ဆက်လိုက်၏။
ကျိုးလီက ခါးညွှတ် အရိုအသေပေးလျက် ပြန်လည် နှုတ်ခွန်းဆက်လေသည်။ “အစ်ကို ယင်ချွဲ့ကို တွေ့ရတာ ဝမ်းသာပါတယ်။”
ထို့နောက် နှစ်ဦးသား စကားမပြောဘဲ တိတ်ဆိတ်နေလေ၏။