အခန်း (၂၀၁-၂၀၂)
Vol. 18 Ch. 201-202
အပိုင်း (၂၀၁)
အချိန်ခဏကြာပြီးနောက် ယင်ချွဲ့သည် ကျိုးလီအတွက် လက်ဖက်ရည် တစ်ခွက်ကို ဖြည်းညှင်းစွာ ငှဲ့ပေးလိုက်ပြီး မေးလိုက်၏။ “အစ်ကို ကျိုးလီမှာ ဘာအကြံဉာဏ်များ ပေးစရာ ရှိလို့လဲ။”
ကျိုးလီက ပြန်လည်မေးခွန်းထုတ်လိုက်သည်။ “အစ်ကို ယင်ချွဲ့... ကျုပ်တို့ တောင်ပိုင်းကျိုးအင်ပါယာရဲ့ နိုင်ငံရေး အခြေအနေကို ဘယ်လိုမြင်လဲ။”
“အရမ်း ကောင်းပါတယ်။”
ယင်ချွဲ့က ပြောလိုက်၏။ “တောင်ပိုင်းကျိုးအင်ပါယာမှာ သူရဲကောင်းတွေ အပြည့်၊ ပညာရှိ အမတ်တွေ မရေမတွက်နိုင်အောင် ရှိသလို စွမ်းရည်ရှိတဲ့ စစ်သူကြီးတွေလည်း မိုးပေါက်တွေလို များပြားပါတယ်။
တခြားသူတွေကို မပြောနဲ့။ ခင်ဗျားနဲ့ နုလန်ဟောက် အောက်ရှင်းတို့ဆိုရင် ထိပ်တန်း အဆင့်ရှိတဲ့ စစ်သေနာပတိတွေပါ။ ဒီစစ်ပွဲမှာ ကျုပ်တို့ အနိုင်ရခဲ့တာ အရမ်း ကံကောင်းလို့ပါ။ နည်းနည်းလေး လွဲချော်သွားတာနဲ့ ကျုပ်တို့ လုံးဝ ပျက်စီးသွားနိုင်ပါတယ်။
ပညာရှိ အမတ်တွေ မရေမတွက်နိုင်အောင် ရှိသလို စွမ်းရည်ရှိတဲ့ စစ်သူကြီးတွေလည်း မိုးပေါက်တွေလို များပြားတယ်။”
ကျိုးလီက ပြောလိုက်သည်။ “ဒါ ကျုပ် ပြောချင်တဲ့ စကားပါပဲ။ တကယ် စစ်ဖြစ်တော့မှပဲ တာယင်အင်ပါယာက ဘယ်လောက်တောင် တိုးတက်နေလဲဆိုတာ ကျုပ် သိလိုက်ရတယ်။ ယွင်ကျုံးဟဲ့ရဲ့ ဗျူဟာက အလွန် အံ့မခန်း ဖြစ်ပေမဲ့ အရမ်းကို အန္တရာယ် များလွန်းတယ်။
အစ်ကို ယင်ချွဲ့သာ ပင်မစစ်သေနာပတိ မဟုတ်ရင်၊ ဟူယန်ကျောက်သာ ဒုစစ်သေနာပတိ မဟုတ်ရင်၊ ဖုန်းရှောက်ထျန်းသာ ရှေ့တန်းစစ်သူကြီး မဟုတ်ရင် သူ့ရဲ့ ဗျူဟာက အောင်မြင်နိုင်မှာ မဟုတ်ဘူး။ ခင်ဗျားတို့ဆီမှာ လူတော်တွေ အရမ်းများတယ်။ ခင်ဗျားတို့ရဲ့ စစ်တပ်က အရမ်း တော်ပြီး အရမ်း ရဲရင့်တယ်။”
ယင်ချွဲ့က ပြန်ပြောလိုက်၏။ “ခင်ဗျားတို့ တောင်ပိုင်းကျိုးအင်ပါယာကော မတူလို့လား။ ယန်ဖြန်ရှန် တစ်ယောက်တည်းနဲ့ ကျုပ်တို့ရဲ့ စစ်သည် သိန်းချီကို သတ်ပစ်လုနီးပါး ဖြစ်ခဲ့ပြီး ကျုပ်တို့ရဲ့ နှစ်ဆယ်ချီ သက်တမ်းရှိတဲ့ နိုင်ငံတော်ရဲ့ ကံကြမ္မာကို ဖြတ်တောက်လုနီးပါး ဖြစ်ခဲ့တာပဲ။”
ကျိုးလီက ခေါင်းခါယမ်းလိုက်သည်။ “နှမြောစရာပါပဲ... ထျန်းကျန်းမြစ်ရဲ့ တောင်ဘက်မှာ အင်အားကြီးနိုင်ငံ တစ်ခုပဲ ရှိလို့ရတယ်။ တောင်ပိုင်းကျိုးအင်ပါယာနဲ့ တာယင်အင်ပါယာက နောက်ဆုံးမှာတော့ အနိုင်အရှုံး ခွဲခြားရမှာပါပဲ။”
ယင်ချွဲ့က ပြန်ပြောလိုက်၏။ “ဒါက ကံကြမ္မာရဲ့ လှောင်ပြောင်မှုပါပဲ။”
ကျိုးလီက ပြောလိုက်သည်။ “တခြားသူသာဆိုရင် ဒီစေ့စပ်ဆွေးနွေးပွဲမှာ ကျုပ် သေချာပေါက် လှည့်ကွက်တွေ သုံးမှာပဲ။ ဒါပေမဲ့ အစ်ကို ယင်ချွဲ့နဲ့ တွေ့ရတာဆိုတော့ ကျုပ် ပွင့်ပွင့်လင်းလင်းပဲ ပြောပါတော့မယ်။”
ယင်ချွဲ့က ခွင့်ပြုလိုက်၏။ “ပြောပါ။”
ကျိုးလီက ရှင်းပြလိုက်သည်။ “ပထမအချက်က ကျုပ်တို့ မြောက်ပိုင်းစစ်ဆင်ရေး စစ်တပ်ကြီးရဲ့ သေဆုံး ဒဏ်ရာရမှုက သိပ်မများပါဘူး။ လူတစ်သိန်းကျော်ပဲ ရှိသေးတယ်။ နောက်ထပ် စစ်တပ် သုံးသိန်းကျော် ကျန်သေးတာမို့ တိုက်ခိုက်နိုင်စွမ်း မရှိတော့တာ မဟုတ်ပါဘူး။”
ယင်ချွဲ့က ပြတ်သားစွာ ပြောလိုက်၏။ “ဆက်တိုက်လည်း အဓိပ္ပာယ် မရှိတော့ပါဘူး။ ထန်ထိုင်မြို့နဲ့ လေခွင်းမြို့က ကျုပ်တို့ လက်ထဲမှာ ရှိနေပြီလေ။ ခင်ဗျားတို့ သွေးတွေ ဘယ်လောက်ပဲ ထပ်စီးကျပါစေ အခြေအနေကို ပြန်မလှည့်နိုင်တော့ပါဘူး။ အလွန်ဆုံး ရှုံးနိမ့်မှုကို ပိုပြီး ကြည့်ကောင်းအောင် လုပ်နိုင်ရုံပါပဲ။”
ကျိုးလီက တောင်းဆိုလိုက်သည်။ “အစ်ကို ယင်ချွဲ့... ကျုပ်တို့ရဲ့ စစ်သည် နှစ်သိန်းကျော်ကို တာယင် အင်ပါယာကနေ ပြန်ခွင့်ပြုပါ။ သူတို့ကို အိမ်ပြန်ခွင့် ပြုပါ။”
ယင်ချွဲ့က မေးလိုက်၏။ “ခင်ဗျား ဘာနဲ့ လဲလှယ်မှာလဲ။”
ကျိုးလီက ဖြေလိုက်သည်။ “ယွင်ကျုံးဟဲ့”
ထိုစကားကြောင့် ဘေးရှိ လူများအားလုံး မျက်နှာပျက်သွားကြပြီးနောက် အသံကျယ်ကြီးဖြင့် ရယ်မောလိုက်ကြ၏။
“တကယ်ကို နေ့ခင်း အိပ်မက် မက်နေတာပဲ။ ယွင်ကျုံးဟဲ့ တစ်ယောက်တည်းနဲ့ စစ်သည် နှစ်သိန်းကျော်ရဲ့ အသက်ကို လဲလှယ်ချင်တာလား။ လုံးဝ နေ့ခင်း အိပ်မက် မက်နေတာပဲ။”
“ဟုတ်တယ်... ယွင်ကျုံးဟဲ့ရဲ့ အကျိုးပြုမှုက ဘယ်လောက်ပဲ ကြီးမားပါစေ၊ ဘယ်လောက်ပဲ အရေးကြီးပါစေ စစ်သည် နှစ်သိန်းကျော် မတန်ပါဘူး။”
“ဒီစစ်သည် နှစ်သိန်းကျော် တောင်ပိုင်းကျိုးအင်ပါယာကို ပြန်ရောက်သွားရင် အနာဂတ်မှာ ကျုပ်တို့ရဲ့ အဓိက ရန်သူတွေ ပြန်ဖြစ်လာအုံးမှာပဲ။ အဲဒီအခါကျရင် ကျုပ်တို့ရဲ့ စစ်သည် ဘယ်နှစ်ယောက် အသက်ပေးရအုံးမလဲ မသိနိုင်ဘူး။”
“ယွင်ကျုံးဟဲ့ တစ်ယောက်တည်းနဲ့ စစ်သည် နှစ်သိန်းကျော်ကို လဲလှယ်ချင်တာလား။ တောင်ပိုင်းကျိုးအင်ပါယာကတော့ ရူးသွားပြီ ထင်တယ်။ ဟား… ဟား… ဟား...”
ယင်ချွဲ့က လက်မြှောက်ကာ အေးစက်စွာဖြင့် အမိန့်ပေးလိုက်သည်။ “တိတ်တိတ်နေကြ...”
တစ်ခန်းလုံး တိတ်ဆိတ်သွား၏။
ယင်ချွဲ့က ကမ်းလှမ်းလိုက်သည်။ “ကျုပ် ခင်ဗျားတို့ကို ယုံကြည်ဖို့ ခက်တယ်။ ယန်ဖြန်ရှန်က အရမ်းကို ကောက်ကျစ်စဉ်းလဲတယ်။ ခင်ဗျားတို့ ယွင်ကျုံးဟဲ့ကို အထိအခိုက် မရှိဘဲ အရင် ပြန်လွှတ်ပေးပါ။ ပြီးမှ ကျုပ် ခင်ဗျားတို့ရဲ့ စစ်သည် နှစ်သိန်းကျော်ကို တိုင်းပြည် ပြန်ခွင့်ပြုမယ်။ ကျုပ် ပြောတဲ့အတိုင်း လုပ်မယ်။”
အိမ်ရှေ့စံမင်းသား ကျိုးလီက ငြင်းဆန်လိုက်၏။ “မရဘူး... ကျုပ်တို့ စစ်တပ်ကို အရင် ပြန်ခွင့်ပြုရမယ်။ ပြီးမှ ယွင်ကျုံးဟဲ့ကို လွှတ်ပေးမယ်။”
ယင်ချွဲ့က ပြတ်သားစွာ ပြောလိုက်သည်။ “တောင်းပန်ပါတယ်။ ဒါကတော့ မဖြစ်နိုင်ဘူး။”
အိမ်ရှေ့စံမင်းသား ကျိုးလီသည် အတန်ကြာ တိတ်ဆိတ်သွားပြီးနောက် ပြောလိုက်၏။ “ဒီလိုဆိုရင်ကော ဘယ်လိုလဲ။ ယွင်ကျုံးဟဲ့ကို ပြန်လွှဲပြောင်းပေးဖို့အတွက် ကျုပ် ဓားစာခံအဖြစ် ကျန်ခဲ့ပေးမယ်။”
ထိုစကားကြောင့် တစ်ခန်းလုံး ထိတ်လန့်သွားကြတော့သည်။ ‘ခင်ဗျားက တောင်ပိုင်းကျိုးအင်ပါယာ အိမ်ရှေ့စံမင်းသားနော်... ဓားစာခံအဖြစ် ကျန်ခဲ့ပေးမယ် ဟုတ်လား။’
အိမ်ရှေ့စံမင်းသား ကျိုးလီက ပြောလိုက်၏။ “ကျုပ် တောင်ပိုင်းကျိုးအင်ပါယာ အိမ်ရှေ့စံမင်းသားဆိုတဲ့ အလေးချိန်က ယွင်ကျုံးဟဲ့နဲ့ တန်လောက်ပါတယ်နော်။”
ဤအချိန်တွင် ယွင်ကျုံးဟဲ့သည် အကျဉ်းလှည်း တစ်စီးထဲတွင် ရှိနေသည်။
ယန်ဖြန်ရှန်သည် ဟေးပင်းထိုင် သိုင်းပညာရှင် ရာဂဏန်းကို ဦးဆောင်ကာ ရူးသွပ်စွာ ချီတက်နေခဲ့သည်။ ဤတောင်ပေါ်လမ်းမှာ အလွန် မတ်စောက်လွန်းသောကြောင့် စစ်မြင်းများပင် လျှောက်၍ မရနိုင်ချေ။ ယွင်ကျုံးဟဲ့၏ အကျဉ်းလှည်းကို လူအားဖြင့်သာ ထမ်းရတော့၏။
“မြန်မြန်… မြန်မြန်… မြန်မြန်...”
ယန်ဖြန်ရှန်သည် လူရာဂဏန်းကို ဦးဆောင်ကာ အသက်ကို ပမာမထားဘဲ အပူတပြင်း ချီတက်နေပြီး အတိုတောင်းဆုံး အချိန်အတွင်း တောင်ပိုင်းကျိုးအင်ပါယာသို့ ပြန်လည် ရောက်ရှိရန် ကြိုးစားနေသည်။
ဖုန်းရှင်းမြဲ့သည် တာယင်အင်ပါယာ ဟေးလုံထိုင် သိုင်းပညာရှင် ထောင်ဂဏန်းကို ဦးဆောင်ကာ ယန်ဖြန်ရှန်ကို နေရာအနှံ့ ရူးသွပ်စွာ ရှာဖွေနေပြီး ယွင်ကျုံးဟဲ့ကို ကယ်တင်ရန် ကြိုးစားနေကြောင်း သူတို့ ထောက်လှမ်း သိရှိထားပြီး ဖြစ်၏။
နောက်ထပ် ဖုန်းရှင်းမြဲ့သည် ယန်ဖြန်ရှန်၏ ခြေရာကို တွေ့ရှိရန်မှာ အချိန်သာ လိုအပ်နေခြင်း ဖြစ်သည်။ အတိုတောင်းဆုံး အချိန်အတွင်း တောင်ပိုင်းကျိုးအင်ပါယာသို့ ပြန်ရောက်မှသာ အခြေအနေကို ကယ်တင်နိုင် ပေလိမ့်မည်။
ကျိုးလီသည် တစ်ကိုယ်တော် စေ့စပ်ရေး သွားရောက်ကာ ယင်ချွဲ့၏ တပ်စခန်းသို့ ဓားစာခံအဖြစ် ဝင်ရောက်သွားကြောင်း ယန်ဖြန်ရှန် မသိရှိသော်လည်း ယခုအချိန်တွင် ယွင်ကျုံးဟဲ့၏ အလေးချိန်မှာ အလွန် ကြီးမားကြောင်း သူ သိရှိထားသည်။
ပိုင်ရှင်မဲ့နယ်မြေတွင် ပိတ်မိနေသော တောင်ပိုင်းကျိုးအင်ပါယာ၏ စစ်သည် နှစ်သိန်းကျော်ကို ကယ်တင်လိုပါက ယွင်ကျုံးဟဲ့သည် အရေးအကြီးဆုံး အရာဖြစ်၏။
မင်းသား ယင်ချွဲ့သည် ယွင်ကျုံးဟဲ့ကို အလွန် အလေးထားသောကြောင့် သူ့ကို ကယ်တင်ရန် ကောင်းကင်ဘုံတမျှ ကြီးမားသော တန်ဖိုးကို ပေးဆပ်ပေလိမ့်မည်။
ဤခေါင်ဖျားသော တောင်ပေါ်လမ်းမှာ အလွန် သွားရခက်ခဲလွန်းပြီး လမ်းခရီးမှာလည်း အလွန် ဝေးကွာလှ၏။
နေ့ရောညပါ အပူတပြင်း ချီတက်ပြီးနောက် တောင်ပိုင်းကျိုးအင်ပါယာ နယ်စပ်နှင့် မိုင်တစ်ရာပင် မကွာတော့ချေ။ တောင်ပိုင်းကျိုးအင်ပါယာသို့ ပြန်ရောက်ပြီး ယွင်ကျုံးဟဲ့ကို ဟေးပင်းထိုင် အကျဉ်းထောင်ထဲတွင် ပိတ်လှောင်လိုက်သည်နှင့် အရာအားလုံး ဆုံးဖြတ်ပြီးသား ဖြစ်သွားပေလိမ့်မည်။
“မြန်မြန်… မြန်မြန်… မြန်မြန်..”
ရှစ်နာရီအတွင်း တောင်ပိုင်းကျိုးအင်ပါယာ အတွင်းသို့ ဝင်ရောက်ရန် ကြိုးစားရမည်။ ထိုအချိန်ရောက်လျှင် တာယင်အင်ပါယာ ဟေးလုံထိုင် အနေဖြင့် ယွင်ကျုံးဟဲ့ကို ကယ်တင်လိုပါက အလွန်အမင်း ခက်ခဲသွားမှာဖြစ်၏။ တောင်ပိုင်းကျိုးအင်ပါယာက မျက်စိရှေ့မှာတင် ရှိနေပြီ ဖြစ်သည်။
သို့ပေမည့် ထိုအချိန်မှာပဲ အရှေ့ရှိ တောင်ပေါ်လမ်းတွင် ပြိုင်ဘက်ကင်း အလှပိုင်ရှင် တစ်ဦး ထွက်ပေါ်လာသည်။ ကျင်းကျုံးယွဲ့ပင်။
သူမသည် လှံရှည် တစ်လက်ကို ကိုင်ဆောင်ထားပြီး မျက်နှာမှာ အနည်းငယ် ဖြူရော်နေကာ လမ်းလယ်တွင် ပိတ်ရပ်နေသည်။
ယန်ဖြန်ရှန်၏ မျက်နှာ အနည်းငယ် ပြောင်းလဲသွား၏။
“အစ်ကို... ကျွန်မကို မေ့ဆေးပေးပြီး အိပ်ပျော်သွားအောင် လုပ်ပြီးတော့ ယွင်ကျုံးဟဲ့ကို ခေါ်သွားတာ ဘာသဘောလဲ။” ကျင်းကျုံးယွဲ့က အေးစက်စွာ မေးလိုက်သည်။
ယန်ဖြန်ရှန်က ဖြေလေ၏။ “လမင်းလေး... အစ်ကိုက ညီမလေး ထပ်ပြီး ဝမ်းနည်းကြေကွဲတာမျိုး မဖြစ်စေချင်လို့ပါ။”
ကျင်းကျုံးယွဲ့က ပြောလိုက်သည်။ “အဲဒါတွေက ဘာမှ မဟုတ်ပါဘူး။ ကျွန်မလည်း ကိုယ့်ကိုယ်ကိုယ် ဖြူစင်တဲ့သူပါလို့ ဟန်မဆောင်ပါဘူး။ အစ်ကို့ကို ကူညီမယ်၊ တောင်ပိုင်းကျိုးအင်ပါယာရဲ့ အစီအစဉ်ကို ကူညီမယ်လို့ ကတိပေးထားပြီးပြီဆိုတော့ သေချာပေါက် လုပ်ပေးမှာပါ။”
ယန်ဖြန်ရှန်က တောင်းဆိုလိုက်၏။ “ညီမလေး... လမ်းအရင်ဖယ်ပေးပါ။”
ကျင်းကျုံးယွဲ့က မေးလိုက်သည်။ “အစ်ကို ယွင်ကျုံးဟဲ့ကို ဘယ်ခေါ်သွားမလို့လဲ။”
ယန်ဖြန်ရှန်က တိုးညှင်းစွာ ဖြေလိုက်၏။ “တောင်ပိုင်းကျိုးအင်ပါယာ”
ကျင်းကျုံးယွဲ့က ပြတ်သားစွာ ငြင်းဆန်လိုက်သည်။ “မရဘူး။”
ယန်ဖြန်ရှန်က သတိပေးလိုက်၏။ “လမင်းလေး... ညီမလေး မမေ့နဲ့နော်။ ညီမလေးကလည်း တောင်ပိုင်းကျိုးအင်ပါယာ ဟေးပင်းထိုင်ကပဲ။”
ကျင်းကျုံးယွဲ့က ပြန်လည် ချေပလိုက်သည်။ “ဟုတ်တယ်... ကျွန်မက တောင်ပိုင်းကျိုးအင်ပါယာ ဟေးပင်းထိုင်ကပါ။ ဒါပေမဲ့ ကျွန်မ ယွင်ကျုံးဟဲ့ကိုလည်း ကတိပေးထားတယ်။ ဘယ်သူ့ကိုမှ သူ့ရဲ့ အမွေးတစ်ပင်ကိုတောင် အထိခိုက်မခံဘူးလို့။ အစ်ကို... ကျွန်မက အစ်ကို တာယင်အင်ပါယာကို တိုက်ခိုက်တာကိုပဲ ကူညီမယ်လို့ ကတိပေးထားတာ။”
ယခင်က ကျင်းကျုံးယွဲ့သည် မည်သူ့ကိုမှ ယွင်ကျုံးဟဲ့၏ အမွေးတစ်ပင်ကိုတောင် အထိခိုက်မခံဘဲ အမြဲတမ်း ကာကွယ်ပေးမည်ဟု အမှန်တကယ်ပင် ပြောဆိုခဲ့ဖူး၏။ သေချာသည်မှာ ထိုစကားသည် ယခုအခါ ဟာသ တစ်ခုလို ဖြစ်နေလေ၏။
ယန်ဖြန်ရှန်က ကတိပေးလိုက်သည်။ “သူ ဟေးပင်းထိုင် အကျဉ်းထောင်ထဲ ရောက်သွားရင် သူ့ကို လုံးဝ နှိပ်စက်မှာ မဟုတ်ဘူးလို့ အစ်ကို ကတိပေးတယ်။ တာယင်အင်ပါယာက သူ့ကို လာလဲလှယ်မယ့် အချိန်ကိုပဲ စောင့်နေမှာပါ။”
ကျင်းကျုံးယွဲ့က အခိုင်အမာ ပြောဆိုလိုက်၏။ “မရဘူး။ အစ်ကို သူ့ကို လွှတ်ပေးရမယ်။ သူ့ရဲ့ အမွေးတစ်ပင်ကိုတောင် အထိခိုက်မခံဘူးလို့ ကတိပေးထားတဲ့အတွက် သေချာပေါက် လုပ်ရမယ်။”
ယန်ဖြန်ရှန်သည် တုန်ယင်စွာဖြင့် ရှင်းပြလိုက်သည်။ “လမင်းလေး... ညီမလေး သိလား။ ဒီ ယွင်ကျုံးဟဲ့ ဆိုတဲ့လူက ကျုပ်တို့ စစ်သည် နှစ်သိန်းကျော်ရဲ့ အသက်ရှင်ခြင်း၊ သေဆုံးခြင်းနဲ့ သက်ဆိုင်နေတယ်။ အခု ယွင်ကျုံးဟဲ့ကိုသာ လွှတ်ပေးလိုက်ရင် ကျုပ်တို့ စစ်သည် နှစ်သိန်းကျော် အိမ်ပြန်လို့ မရတော့ဘူး။”
“ကျွန်မ ဂရုမစိုက်ဘူး…”
ကျင်းကျုံးယွဲ့က အသံကုန် အော်ဟစ်ကာ ပြောလိုက်၏။ “တာယင်အင်ပါယာ စစ်တပ် သေတာ၊ ရှင်တာကိုလည်း ကျွန်မ ဂရုမစိုက်ဘူး။ တောင်ပိုင်းကျိုးအင်ပါယာ စစ်တပ် သေတာ၊ ရှင်တာကိုလည်း ကျွန်မ ဂရုမစိုက်ဘူး။
အရင်က အစ်ကို့ကို ကူညီဖို့ ကတိပေးခဲ့တာက အစ်ကိုက ကျွန်မရဲ့ တစ်ဦးတည်းသော ဆွေမျိုး ဖြစ်နေလို့ပဲ။ အစ်ကိုက ကျွန်မ အသက်ကို အကြိမ်ကြိမ် ကယ်တင်ခဲ့လို့ပဲ။ အစ်ကို့ကို ပေးခဲ့တဲ့ ကတိကို ကျွန်မ တည်ခဲ့ပြီးပြီ။”
ထို့နောက် ကျင်းကျုံးယွဲ့က ဆက်ပြောလိုက်သည်။ “ယွင်ကျုံးဟဲ့ကို ကာကွယ်ပေးမယ်၊ သူ့ရဲ့ အမွေးတစ်ပင်ကိုတောင် အထိခိုက်မခံဘူးလို့ ပေးခဲ့တဲ့ ကတိကိုလည်း ကျွန်မ သေချာပေါက် တည်ရမယ်။”
ယန်ဖြန်ရှန်သည် တုန်ယင်စွာဖြင့် သတိပေးလိုက်၏။ “လမင်းလေး... ညီမလေးက ကိုယ့်ကိုယ်ကိုယ် လှည့်စားနေတာပါ။ ညီမလေး လုပ်ခဲ့တဲ့ အရာတွေ အားလုံးက သူ့ကို သစ္စာဖောက်လိုက်တာနဲ့ အတူတူပဲ။ သူ့ရဲ့ စိတ်ဓာတ်နဲ့ ဂုဏ်သိက္ခာကို အများကြီး ထိခိုက်စေခဲ့ပြီးပြီ။ ညီမလေးတို့ နှစ်ယောက်က လုံးဝ မဖြစ်နိုင်တော့ဘူး။ သူ ညီမလေးကို ဘယ်တော့မှ ခွင့်လွှတ်မှာ မဟုတ်ဘူး။”
ကျင်းကျုံးယွဲ့၏ ပြိုင်ဘက်ကင်း မျက်နှာလေးမှာ တုန်ယင်သွားပြီး တိုးညှင်းစွာ ပြောလိုက်သည်။ “ကျွန်မ သိပါတယ်။ ဒါပေမဲ့ ကျွန်မ ပေးထားတဲ့ ကတိကိုတော့ တည်ရမယ်။ အစ်ကို သူ့ကို လွှတ်ပေးပါ။ အခုကစပြီး ကျွန်မနဲ့ သူနဲ့ ဘာမှ မပတ်သက်တော့ရင်တောင် ကိစ္စမရှိဘူး။ ကျွန်မ ကတိပေးထားတဲ့ ကိစ္စဆိုရင် သေချာပေါက် လုပ်ရမယ်။”
ယန်ဖြန်ရှန်သည် တုန်ယင်စွာဖြင့် အသနားခံလိုက်၏။ “ကျုပ်ရဲ့ လမင်းလေး... သူတို့ကိုသာ လွှတ်ပေးလိုက်ရင် ကျုပ်တို့ စစ်သည် နှစ်သိန်းကျော်က ပြီးသွားပြီ။”
“ကျွန်မ ဂရုမစိုက်ဘူး... ကျွန်မ လုံးဝ ဂရုမစိုက်ဘူး။ တစ်ကမ္ဘာလုံးက လူတွေ အကုန်သေသွားရင်တောင် ကောင်းသေးတယ်။” ကျင်းကျုံးယွဲ့က ရူးသွပ်စွာ အော်ဟစ်လိုက်သည်။
ယန်ဖြန်ရှန်က မှတ်ချက်ချလိုက်၏။ “ရူးနေပြီ။ ညီမလေး... မင်း ရူးနေပြီ။”
ကျင်းကျုံးယွဲ့က ခါးသီးစွာ ပြုံးလျက် ပြန်မေးလိုက်သည်။ “အစ်ကို... ကျွန်မက အရူး တစ်ယောက်ဆိုတာ အစ်ကို မသိလို့လား။”
ထို့နောက် သူမသည် လှံရှည်ကို ရုတ်တရက် ဝှေ့ယမ်းကာ ခြိမ်းခြောက်လိုက်၏။ “ယွင်ကျုံးဟဲ့ကို လွှတ်ပေး။ ကျွန်မကို တတိယအကြိမ် ထပ်ပြောအောင် မလုပ်နဲ့။ အစ်ကိုတို့ လူတွေက ကျွန်မရဲ့ ပြိုင်ဘက်တွေ မဟုတ်ဘူး။ အစ်ကိုတို့ မလွှတ်ပေးရင် ကျွန်မ ကိုယ်တိုင် ဝင်လွှတ်ပေးမယ်။”
ထိုစကားကြောင့် တောင်ပိုင်းကျိုးအင်ပါယာ ဟေးပင်းထိုင် သိုင်းပညာရှင်များသည် ရှေ့တိုးလာကာ ကျင်းကျုံးယွဲ့ကို အလယ်တွင် ဝိုင်းရံလိုက်ကြသည်။
“လက်မပါနဲ့... လက်မပါနဲ့။” ယန်ဖြန်ရှန်က အော်ဟစ်လိုက်၏။
သို့ပေမည့် အချိန်မမီတော့ချေ။ ကျင်းကျုံးယွဲ့၏ ရင်တွင်းရှိ သတ်ဖြတ်လိုစိတ်၊ ဖျက်ဆီးလိုစိတ်များကို လုံးဝ ဖိနှိပ်ထား၍ မရတော့ပေ။ သူမ စတင် သတ်ဖြတ်နေပြီ ဖြစ်သည်။
“ရွှီး… ရွှီး… ရွှီး… ရွှီး”
ဟေးပင်းထိုင် သိုင်းပညာရှင်များသည် ကောက်ရိုးရုပ်များပမာ အားလုံး လွင့်စင်သွားကြတော့သည်။ တစ်ကျော့တည်းဖြင့် လူဆယ်ယောက်ကျော်ကို သတ်ဖြတ်ပြီးနောက် ကျင်းကျုံးယွဲ့က သတိပေးလိုက်၏။ “ယွင်ကျုံးဟဲ့ကို လွှတ်ပေး။ မဟုတ်ရင် ကျွန်မ ဆက်သတ်မယ်။”
သူမသည် လှံဖြင့် အကျဉ်းလှည်းကို ချိန်ရွယ်လိုက်သည်။
ယန်ဖြန်ရှန်သည် တုန်ယင်စွာဖြင့် ရှင်းပြလိုက်၏။ “လမင်းလေး... ယွင်ကျုံးဟဲ့ကိုသာ လွှတ်ပေးလိုက်ရင် ကျုပ်တို့ မောင်နှမ နှစ်ယောက် တောင်ပိုင်းကျိုးအင်ပါယာမှာ နေစရာနေရာ မရှိတော့ဘူး။ ကျုပ်တို့က တောင်ပိုင်းကျိုးအင်ပါယာရဲ့ သစ္စာဖောက်တွေ ဖြစ်သွားလိမ့်မယ်။”
“ကိစ္စမရှိဘူး။”
ကျင်းကျုံးယွဲ့က ပြောလိုက်သည်။ “အဆိုးဆုံးကတော့ ကျွန်မတို့ ပင်လယ်ရပ်ခြားကို ထွက်ပြေးကြတာပေါ့။ ဒါမှမဟုတ် အနောက်ဘက် သဲကန္တာရထဲ သွားပြီး ဓားပြ လုပ်စားကြတာပေါ့။”
ယန်ဖြန်ရှန်က ဝမ်းနည်းစွာဖြင့် ထပ်မံ သတိပေးလိုက်၏။ “လမင်းလေး... ညီမလေး သူ့ကို ကယ်တင်ပြီး လွှတ်ပေးလိုက်ရင်တောင် ယွင်ကျုံးဟဲ့က ညီမလေးကို ခွင့်လွှတ်မှာ မဟုတ်ဘူး။ ညီမလေးတို့ ဘယ်တော့မှ ပြန်ပေါင်းထုတ်လို့ ရမှာ မဟုတ်တော့ဘူး။”
“ကျွန်မ ဂရုမစိုက်ဘူး။”
ကျင်းကျုံးယွဲ့က ပြတ်သားစွာ ပြောဆိုလိုက်သည်။ “အစ်ကို့ကို ပေးထားတဲ့ ကတိကို ကျွန်မ တည်ခဲ့ပြီးပြီ။ နောက်ဆုံး အနိုင်အရှုံးက အစ်ကိုတို့ရဲ့ ကိစ္စပဲ။ သူ့ကို ပေးထားတဲ့ ကတိကိုလည်း ကျွန်မ သေချာပေါက် တည်ရမယ်။ သူ့ကို လွှတ်ပေး... အနာဂတ်မှာ ကျွန်မနဲ့ သူစိမ်းတွေ ဖြစ်သွားရင်တောင် ကိစ္စမရှိဘူး။”
...................
အပိုင်း (၂၀၂)
ဤလုပ်ငန်းစဉ် တစ်ခုလုံးတွင် အကျဉ်းလှည်း အတွင်းရှိ ယွင်ကျုံးဟဲ့သည် မျက်လုံးကို မှိတ်ထားပြီး အစမှ အဆုံးတိုင် တစ်ချက်ပင် ဖွင့်မကြည့်ခဲ့သကဲ့သို့ ကျင်းကျုံးယွဲ့ကိုလည်း တစ်ချက်မှ မကြည့်ခဲ့ပေ။ သေချာသည်မှာ ကျင်းကျုံးယွဲ့သည်လည်း ယွင်ကျုံးဟဲ့ကို မကြည့်ခဲ့ချေ။
ကျင်းကျုံးယွဲ့က ထပ်မံ၍ အသံကျယ်ကြီးဖြင့် အော်ဟစ်လိုက်သည်။ “လူကို လွှတ်ပေး...”
ထို့နောက် သူမ ရှေ့သို့ ခြေလှမ်း အနည်းငယ် တိုးသွား၏။ ဤမိန်းမ၏ သိုင်းပညာမှာ အလွန် မြင့်မားလွန်း သောကြောင့် ယန်ဖြန်ရှန်လည်း မတားဆီးနိုင်သကဲ့သို့ သူ၏ အနီးရှိ ဟေးပင်းထိုင် သိုင်းပညာရှင်များလည်း မတားဆီးနိုင်ပေ။ အရေးအကြီးဆုံးမှာ ယန်ဖြန်ရှန်သည် ကျင်းကျုံးယွဲ့ကို သေချာပေါက် ထိခိုက်နစ်နာစေမည် မဟုတ်ချေ။
“ကောင်းပြီ... ကောင်းပြီ... ကောင်းပြီ။”
ယန်ဖြန်ရှန်က နာကျင်စွာဖြင့် သဘောတူလိုက်၏။ “လွှတ်ပေးမယ်။ အစ်ကို လွှတ်ပေးမယ်။”
ထို့နောက် သူသည် သော့ကို ထုတ်ယူကာ အကျဉ်းလှည်းဆီသို့ ဖြည်းညင်းစွာ လျှောက်သွား၍ သော့ဖွင့်ပေးလိုက်သည်။
“အချိန်ကျပြီ။”
ယွင်ကျုံးဟဲ့သည် မျက်လုံးကို မှိတ်ထားလျက် စိတ်ထဲမှ ပြောလိုက်၏။
နောက်ဆက်တွဲ ဖြစ်ပေါ်လာမည့် အရာများကို သူ သိရှိထားပြီး ဖြစ်သလို ပြင်ဆင်ထားပြီးလည်း ဖြစ်သည်။ ဤမြင်ကွင်းသည် မဖြစ်မနေ လိုအပ်၏။ သူသည် ဦးနှောက်ထဲတွင် အကြိမ်ကြိမ် ပုံဖော်ထားခဲ့ပြီး ဖြစ်သည်။
ယန်ဖြန်ရှန်က ပြောလိုက်၏။ “သခင်လေး ယွင်ကျုံးဟဲ့… ခင်ဗျား ထွက်လာလို့ ရပါပြီ။ လမင်းလေးက ခင်ဗျားကို လာကယ်တာပါ။”
“ကျုပ်... သူ လာကယ်တာကို မလိုချင်ဘူး။”
ယွင်ကျုံးဟဲ့က ဖြည်းညင်းစွာ ပြောလိုက်သည်။ “ကျင်းကျုံးယွဲ့ လာကယ်တာကို ကျုပ် မလိုချင်ဘူး... မလိုချင်ဘူး။”
ချက်ချင်းပဲ ကျင်းကျုံးယွဲ့၏ ပြိုင်ဘက်ကင်း မျက်နှာလေးမှာ တုန်လှုပ်သွားသည့် အရိပ်အယောင်များ ထပ်ပေါ်လာပြန်၏။
“လူကိုလွှတ်... အချိန်မဆွဲနဲ့။” ကျင်းကျုံးယွဲ့က အော်ဟစ်လိုက်၏။ သူမ၏ စိတ်ဓာတ်သည် ယိမ်းယိုင်နေပြီး အချိန်မရွေး ပြိုကျသွားနိုင်သည့် အနေအထားတွင် ရှိနေသည်။
“ကောင်းပြီ... အစ်ကို လွှတ်ပေးမယ်... အစ်ကို လွှတ်ပေးမယ်။”
ယန်ဖြန်ရှန်က မျက်နှာချိုသွေးလျက် ပြောလိုက်၏။ “ယွင်ကျုံးဟဲ့ကို လွှတ်ပေးပြီးရင် ကျုပ်တို့ မောင်နှမ နှစ်ယောက် ပင်လယ်ရပ်ခြားကို ထွက်ပြေးပြီး တစ်သက်လုံး ထွက်ပြေးပုန်းရှောင် နေကြတာပေါ့။”
ယွင်ကျုံးဟဲ့သည် အကျဉ်းလှည်းထဲမှ ထွက်လာပြီး မြေပြင်ပေါ်သို့ ရောက်ရှိလာသည်။
ယန်ဖြန်ရှန်သည် ရှေ့သို့ တိုးသွားကာ သက်ပြင်းချလျက် ပြောလိုက်၏။ “သခင်လေး ယွင်ကျုံးဟဲ့… ကျုပ် တကယ်ကို ခင်ဗျားကို မနာလိုဖြစ်မိတယ်။ တကယ်ကို မနာလိုဖြစ်မိတာပါ။”
ယွင်ကျုံးဟဲ့က ပြုံးလိုက်သည်။
ယန်ဖြန်ရှန်က ရေရွတ်လိုက်၏။ “အဖြစ်ဆိုးပဲ... အဖြစ်ဆိုးပဲ။ ကျုပ်ရဲ့ တစ်သက်တာလုံးက အဖြစ်ဆိုးပဲ။ ခေါင်းအစ ခြေအဆုံး အဖြစ်ဆိုးကြီးပဲ။ သိမ်ငယ်မှု... သိမ်ငယ်မှုတွေပေါ့။”
သူက သက်ပြင်းချလျက် ဆက်ပြောလိုက်သည်။ “ကျုပ်က ရေဆိုးမြောင်းထဲက ပိုးဟပ် တစ်ကောင်ပဲ။ လမ်းဘေးက ခွေးလေခွေးလွင့် တစ်ကောင်ပဲ။ ခေါင်းအစ ခြေအဆုံး အဖြစ်ဆိုးကြီးပါပဲ”
‘ယွင်ကျုံးဟဲ့... ကျုပ်တို့ နှစ်ယောက်လုံးရဲ့ ဘဝက လုံးဝ အဖြစ်ဆိုးကြီးတွေချည်းပါပဲ။ တောင်းပန်ပါတယ်။ ကျုပ် ခင်ဗျားကို သတ်ချင်နေတာ ကြာပြီ။ ခင်ဗျားနဲ့ လမင်းလေးတို့ လက်ထပ်လိုက်တဲ့ အချိန်တည်းက... မဟုတ်ဘူး၊ ခင်ဗျား လက်ထပ်ခွင့် တောင်းတဲ့ အချိန်တည်းကပဲ။
ခင်ဗျားကို အပိုင်းပိုင်းအစစ ခုတ်ထစ်ပြီး ကျုပ်ရဲ့ ဒေါသတွေကို ဖြေဖျောက်ဖို့ ကျုပ် အကြိမ်ကြိမ် အိပ်မက် မက်ခဲ့ဖူးတယ်။ ဒါပေမဲ့ ကျုပ် အဲဒီလို လုပ်လို့ မရဘူး။ ဘာလို့လဲဆိုတော့ ကျုပ်က အခြေအနေ တစ်ခုလုံးကို ထည့်တွက်ရမယ်လေ။ ခင်ဗျားကို သတ်လို့ မရဘူး။ ကျုပ် သဘောကျ လုပ်လို့ မရဘူး။ ခွေးလေခွေးလွင့် တစ်ကောင်က သဘောကျ လုပ်ခွင့် မရှိဘူးလေ။
အခုတော့ ကျုပ် သဘောကျ လုပ်လို့ရသွားပြီ။ ကျုပ် စိတ်ကြိုက်လုပ်လို့ ရသွားပြီ။ သွားသေလိုက်တော့ ယွင်ကျုံးဟဲ့... ကျုပ် ခင်ဗျားကို သတ်ချင်နေတာ ကြာပြီ။’
ယန်ဖြန်ရှန်သည် ဤစကားများကို နှုတ်မှ ထုတ်မပြောခဲ့သော်လည်း မျက်လုံးများက ယွင်ကျုံးဟဲ့ကို စိုက်ကြည့်ကာ ရင်တွင်းရှိ စကားများကို အကြည့်များဖြင့် ဖော်ပြနေခဲ့၏။ သို့ပေမည့် အပြင်ပန်းတွင်မူ သူသည် မည်သည့်စကားမှ မပြောဘဲ ယွင်ကျုံးဟဲ့ကို လွှတ်ပေးနေခြင်းသာ ဖြစ်၏။
ထို့နောက် သူ၏ အင်္ကျီလက်ထဲမှ ဓားမြှောင်တစ်လက် ထွက်ပေါ်လာပြီး ယွင်ကျုံးဟဲ့၏ နှလုံးသား နေရာကို ချိန်ရွယ်ကာ ရုတ်တရက် ထိုးစိုက်လိုက်တော့သည်။
“ဇွပ်....”
ထိုဓားချက်က ယွင်ကျုံးဟဲ့၏ ခန္ဓာကိုယ်ကို တိုက်ရိုက် ဖောက်ထွက်သွားသည်။ ဤတစ်ကြိမ်တွင် အမှန်တကယ် ဖောက်ထွက်သွားခြင်း ဖြစ်၏။ ပြဇာတ်သုံး ပစ္စည်း မဟုတ်သကဲ့သို့ အတုအယောင် ထိုးစိုက်ခြင်းလည်း မဟုတ်ပေ။
သွေးများ ပန်းထွက်လာပြီး ဤဓားမြှောင်သည် ယွင်ကျုံးဟဲ့၏ ရင်ဘတ်တွင် တိုက်ရိုက် စိုက်ဝင်သွား၏။ ယန်ဖြန်ရှန်၏ မျက်နှာ တစ်ပြင်လုံး သွေးများ ရွှဲနစ်သွားပြီး အားလုံးမှာ ယွင်ကျုံးဟဲ့၏ သွေးများ ဖြစ်သည်။
“အရသာရှိလိုက်တာ... အရသာရှိလိုက်တာ... ကျုပ် တကယ်ကို ကျေနပ်သွားပြီ။”
ထိုးစိုက်ပြီးနောက် ယန်ဖြန်ရှန်က အသံကျယ်ကြီးဖြင့် အော်ဟစ်လိုက်ပြီး ရူးသွပ်စွာ ရယ်မောလိုက်၏။ “ကိုယ့်စိတ်ကြိုက် လုပ်ရတာ ဘယ်လောက်တောင် အရသာရှိလိုက်လဲ။ ယွင်ကျုံးဟဲ့... ကျုပ် ခင်ဗျားကို သတ်ချင်နေတာ ကြာပြီ... ဟီး.. ဟီး.. ဟား... ဟား....”
ချက်ချင်းပဲ ကျင်းကျုံးယွဲ့သည် လုံးဝ မှင်တက်သွားတော့၏။ တစ်ကိုယ်လုံး မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ဖြစ်သွားသည်။
“အား… အား… အား...”
သူမ၏ စိတ်ဓာတ်သည် အပြည့်အဝ ပြိုကျသွားခဲ့ပြီ ဖြစ်၏။ မြင်ကွင်းတစ်ခုလုံး သွေးရောင်လွှမ်းသွားသကဲ့သို့ ခံစားလိုက်ရသည်။ ခေါင်းတစ်ခုလုံး ပေါက်ကွဲထွက်တော့မတတ် ဖြစ်လာ၏။
“အား… အား… အား” သူမသည် ရုတ်တရက် အသံကျယ်ကြီးဖြင့် အော်ဟစ်လိုက်ပြီး လက်ထဲရှိ လှံရှည်ဖြင့် ယန်ဖြန်ရှန်ကို ချိန်ရွယ်ကာ ရုတ်တရက် ထိုးစိုက်လိုက်တော့သည်။
“ဇွပ်...”
လှံရှည်သည် ယန်ဖြန်ရှန်၏ ခန္ဓာကိုယ် ရုတ်တရက် ဖောက်ထွက်သွားပြီး မြေပြင်တွင် သပ်စွဲထားသကဲ့သို့ စိုက်ဝင်သွားတော့၏။
..................
တာယင်အင်ပါယာ ဟေးလုံထိုင်မှ သခင်ကြီးဖုန်းရှင်းမြဲ့သည် နေ့ရောညပါ မအိပ်ဘဲ အပူတပြင်း ရှာဖွေနေခဲ့သည်။
ယန်ဖြန်ရှန်သည် ယွင်ကျုံးဟဲ့ကို ထန်ထိုင်မြို့သို့ ခေါ်မသွားကြောင်း သိရှိပြီးနောက် သူသည် ဟေးလုံထိုင် သိုင်းပညာရှင်များကို ဦးဆောင်ကာ နေရာအနှံ့ ရူးသွပ်စွာ ရှာဖွေခဲ့သည်။ အထူးသဖြင့် တောင်ပိုင်းကျိုးအင်ပါယာသို့ သွားရာ လမ်းကြောင်းများကို အဓိကထား ရှာဖွေခဲ့၏။
ဟေးလုံထိုင် သိုင်းပညာရှင် ထောင်ဂဏန်း ဆိုသည်မှာ များပြားသော်လည်း မိုင်ရာဂဏန်း ကျယ်ဝန်းသော မြေပြင်ပေါ်တွင် သမုဒ္ဒရာထဲ အပ်ကျသလို ရှာဖွေရ ခက်ခဲလှသည်။
သေချာသည်မှာ ဖြတ်သန်းသွားသော လမ်းကြောင်းတိုင်းတွင် ခြေရာများ ကျန်ရစ်ခဲ့မှာဖြစ်၏။ သို့ပေမည့် ယန်ဖြန်ရှန်သည် ဤကိစ္စတွင် ပြိုင်ဘက်ကင်း ထိပ်တန်း အဆင့်ရှိသူဖြစ်ရာ ခြေရာများကို ဖျောက်ဖျက်ခြင်း၊ အတုအယောင် ခြေရာများ ဖန်တီးခြင်း စသည်ဖြင့် မည်သည့် နည်းလမ်းကိုမဆို အသုံးပြုခဲ့၏။
သို့ပေမည့်လည်း ဖုန်းရှင်းမြဲ့သည် ယန်ဖြန်ရှန်၏ ခြေရာကို အတိအကျ ခြေရာခံနိုင်ခဲ့ပြီး ရူးသွပ်စွာ လိုက်ပါလာခဲ့၏။ သို့ပေမည့် သူ ရောက်ရှိသွားချိန်တွင် ထိုနေရာ၌ မည်သူမှ မရှိတော့ချေ။
မြေပြင်အနှံ့ သွေးကွက်များနှင့် အလွတ်ဖြစ်နေသော အကျဉ်းလှည်းတစ်စီးကိုသာ တွေ့ရှိခဲ့ရသည်။ ချက်ချင်းပဲ ဖုန်းရှင်းမြဲ့၏ နှလုံးခုန်သံများ မြန်ဆန်လာတော့၏။
‘အဲဒီလို လုံးဝ မဖြစ်ပါစေနဲ့။ အဆိုးရွားဆုံး ကိစ္စကြီး လုံးဝ မဖြစ်ပါစေနဲ့။’
ယန်ဖြန်ရှန်သည် ထိုမျှလောက် ရူးသွပ်မည် မဟုတ်ပေ။ ယွင်ကျုံးဟဲ့၏ တန်ဖိုး ကြီးမားမှုကို သိရှိပါလျက် သူ့ကို အမှန်တကယ် သတ်ဖြတ်လိုက်သည်လား။ ယန်ဖြန်ရှန် ဤမျှ ရူးသွပ်မည် မဟုတ်ချေ။ သို့ပေမည့် မျက်စိရှေ့ရှိ မြင်ကွင်းက မည်သို့ ဖြစ်ပျက်ခဲ့သနည်း။
ထိုအချိန်မှာပဲ ပြိုင်ဘက်ကင်း အလှပိုင်ရှင် တစ်ဦး ထွက်ပေါ်လာ၏။ သူမသည် ရင်ဘတ်တွင် ဓားမြှောင် တစ်လက် စိုက်ဝင်နေသော ယွင်ကျုံးဟဲ့ကို ပွေ့ချီထားသည်။ ထိုသူမှာ ကျင်းကျုံးယွဲ့ပင် ဖြစ်၏။
သူမ၏ မျက်လုံးများမှာ ဝေဝါးနေပြီး ပြိုင်ဘက်ကင်း မျက်နှာလေးမှာ အလွန် ဆွဲဆောင်မှုရှိကာ ရူးသွပ်နေသည့် အသွင်အပြင် ရှိသည်။ သူမ၏ တုံ့ပြန်မှုများမှာပင် အနည်းငယ် နှေးကွေးနေသကဲ့သို့ ဖြစ်နေသည်။
သူမသည် ဖုန်းရှင်းမြဲ့ကို အတန်ကြာ ငေးမောကြည့်နေပြီးနောက် ရှေ့သို့ တိုးလာကာ ပြောလိုက်၏။ “သူ... သူ သေသွားပြီ။”
ဖုန်းရှင်းမြဲ့သည် မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ဖြစ်သွားပြီး ခေါင်းများ မူးဝေကာ မေ့လဲလုမတတ် ဖြစ်သွားတော့သည်။
ကျင်းကျုံးယွဲ့က ဖြည်းညင်းစွာဖြင့် ပြောလိုက်၏။ “သူက ကျွန်မ အနားမှာ သေရတာကို မလိုချင်လောက်ဘူး။ တစ်နည်းအားဖြင့် တာယင်အင်ပါယာ ဟေးလုံထိုင်ကမှ သူ့ရဲ့ အိမ်အစစ် ဖြစ်မှာပါ။ ဒါကြောင့် သူ့ကို ရှင်တို့ဆီ အပ်ပါရစေ”
ဖုန်းရှင်းမြဲ့သည် ဝိညာဉ်လွင့်နေသော လူသေကောင် တစ်ကောင်ပမာ ယွင်ကျုံးဟဲ့ကို လှမ်းယူလိုက်၏။
ကျင်းကျုံးယွဲ့သည် ဖုန်းရှင်းမြဲ့၏ ရင်ခွင်ထဲရှိ ယွင်ကျုံးဟဲ့ကို အတန်ကြာ ငေးမောကြည့်နေပြီးနောက် တုံဏိဘာဝေဖြင့် လှည့်ထွက်သွားတော့သည်။
သူမ ခပ်လှမ်းလှမ်း ရောက်သွားချိန်တွင် ဖုန်းရှင်းမြဲ့က မေးလိုက်၏။ “ကျင်းကျုံးယွဲ့... ခင်ဗျား ဘယ်သွားမလို့လဲ။”
ကျင်းကျုံးယွဲ့က ခေါင်းခါလိုက်သည်။ “ကျွန်မ မသိဘူး။”
ဖုန်းရှင်းမြဲ့က ထပ်မေးလိုက်၏။ “ခင်ဗျား ဗိုက်ထဲက ကလေးကော... အဆင်ပြေရဲ့လား။ ဒါ ယွင်ကျုံးဟဲ့ရဲ့ သွေးသားနော်။”
ကျင်းကျုံးယွဲ့က တုန်ယင်စွာဖြင့် ပြောလိုက်သည်။ “ကျွန်မ... ကျွန်မလည်း မသိဘူး။ တစ်ကိုယ်လုံး ဘာမှ မခံစားရတော့ဘူး။”
ဖုန်းရှင်းမြဲ့က သက်ပြင်းချကာ မေးလိုက်၏။ “ခင်ဗျား ကျုပ်နဲ့အတူ တာယင်အင်ပါယာကို လိုက်ခဲ့မလား။”
ကျင်းကျုံးယွဲ့က ခေါင်းခါပြလျက် ပြောလိုက်သည်။ “မလိုက်ဘူး။ အဲဒီနေရာက ကျွန်မအိမ် မဟုတ်ဘူး။ ကျွန်မရဲ့ အခြေချရာ မဟုတ်ဘူး။”
ဖုန်းရှင်းမြဲ့က အံ့အားတသင့်ဖြင့် မေးလိုက်၏။ “ဒါဆို တောင်ပိုင်းကျိုးအင်ပါယာကို ပြန်မလို့လား။”
ကျင်းကျုံးယွဲ့က ခေါင်းခါယမ်းလိုက်သည်။ “ကျွန်မ မသွားဘူး။ အဲဒီနေရာကလည်း ကျွန်မရဲ့အိမ် မဟုတ်ဘူး။ အခု ကျွန်မမှာ ဆွေမျိုး တစ်ယောက်မှ မရှိတော့ဘူး။ မိသားစုဝင် တစ်ယောက်မှ မရှိတော့ဘူး။”
ထို့နောက် ကျင်းကျုံးယွဲ့သည် တုံဏိဘာဝေဖြင့် လမ်းလျှောက်သွားတော့၏။ သူမ မည်သည့်နေရာသို့ သွားရမည်ကို မသိတော့ဘဲ အသိစိတ်မဲ့စွာ လမ်းလျှောက်နေခြင်း ဖြစ်၏။
ကမ္ဘာကြီး ကျယ်ဝန်းလှသော်လည်း သူမအတွက် နေစရာနေရာ မရှိတော့သကဲ့သို့ ဖြစ်နေ၏။ ဤသို့ဖြင့် သူမသည် ပိုင်ရှင်မဲ့နယ်မြေ၏ တောင်တန်းကြီးများအကြား တဖြည်းဖြည်း ပျောက်ကွယ်သွားတော့သည်။
ဖုန်းရှင်းမြဲ့သည် မြေပြင်ပေါ်တွင် ဒူးထောက်ကာ ယွင်ကျုံးဟဲ့ကို ကြည့်ရင်း မည်သို့ လုပ်ရမည်မသိ ဖြစ်နေ၏။
ယွင်ကျုံးဟဲ့၏ ရင်ဘတ်တွင် ဓားမြှောင် တစ်လက် စိုက်ဝင်နေသောကြောင့် သူ မလှုပ်ရှားရဲပေ။ အသက်ရှူသံ မရှိတော့သကဲ့သို့ နှလုံးခုန်သံလည်း မရှိတော့ချေ။
ဤသည်မှာ နှလုံးသား နေရာကို တိုက်ရိုက် ထိုးဖောက်ခံရခြင်းဖြစ်ရာ အသက်ရှင်ရန် မျှော်လင့်ချက် မရှိတော့ဘဲ သေချာပေါက် သေဆုံးပြီ ဖြစ်သည်။
ဖုန်းရှင်းမြဲ့သည် တစ်ကိုယ်လုံး တုန်ယင်နေပြီး ယွင်ကျုံးဟဲ့၏ လည်ပင်း သွေးကြောကို စမ်းကြည့်လိုက်၊ အသက်ရှူသံကို စမ်းကြည့်လိုက် ပြုလုပ်နေ၏။ ထို့နောက် သူသည် အသံကျယ်ကြီးဖြင့် ဟစ်အော် ငိုကြွေးလိုက်တော့၏။
“အား… အား… အား…. သေသွားပြီ... သေသွားပြီ... သေသွားပြီ။”
ဖုန်းရှင်းမြဲ့ သည် ကောင်းကင်ကို တစ်လှည့်၊ မြေကြီးကို တစ်လှည့် ကြည့်ကာ ယွင်ကျုံးဟဲ့ ကို ကြည့်နေ၏။ သူ၏ မျက်လုံးများမှာ ဝေဝါးနေသည်။ ထို့နောက် သူသည် ဟေးလုံထိုင် သိုင်းပညာရှင်များကို လှမ်းကြည့်လိုက်သည်။
သူတို့ထံမှ ခွန်အား အနည်းငယ် ရရှိရန် မျှော်လင့်နေသကဲ့သို့ပင်။ တစ်ယောက်ယောက်က သူ့ကို ယွင်ကျုံးဟဲ့ ဘာမှ မဖြစ်ဘူးဟု ပြောလာမည်ကို မျှော်လင့်နေ၏ သခင်ကြီးဖုန်းရှင်းမြဲ့... ခင်ဗျား အိပ်မက်ဆိုး မက်နေတာပါ ဟု ပြောလာမည်ကို မျှော်လင့်နေခြင်းပင်။
‘ကောင်းကင်ဘုံ... ခင်ဗျား ဘာလို့ ဒီလောက် ရက်စက်ရတာလဲ။ ကျုပ် ဖုန်းရှင်းမြဲ့က အိုမင်းနေပြီ။ အသုံးမဝင်တော့ဘူး။ ကျုပ်ကို ဘာလို့ အသေမခံတာလဲ။ ယွင်ကျုံးဟဲ့က အရမ်း ငယ်ရွယ်သေးတယ်၊ အရမ်း ချောမောတယ်။ အရမ်း ဉာဏ်ကောင်းတယ်။ ဘာလို့ သူ့ကို သေခိုင်းရတာလဲ။
နောင်တမလွန်မှာ ညီအစ်ကိုတို့ ဇနီးမောင်နှံကို ဘယ်လို မျက်နှာပြရပါ့မလဲ။ ကျုပ် ဆယ်နှစ်ကျော်ကြာ ရှာဖွေပြီးမှ ဒီကလေးကို တွေ့ခဲ့တာ။ ကျုပ် ဖုန်းရှင်းမြဲ့ တစ်သက်လုံး ကလေး မရှိခဲ့ဘူး။ အိုမင်းမှ ကလေးတစ်ယောက် ရခဲ့တာ။ ကောင်းကင်ဘုံက သူ့ကို ပြန်လုယူသွားပြန်ပြီလား။
ကျုပ်... ကျုပ် ခင်ဗျားကို ကျိန်ဆဲတယ်။ ကောင်းကင်ဘုံ... ကျုပ်ကို ဘာလို့ အစားထိုး အသေမခံတာလဲ။’
နောက်ဆုံးတွင် ဖုန်းရှင်းမြဲ့သည် ဆက်လက် တောင့်မခံနိုင်တော့ဘဲ ခေါင်းများ မူးဝေလာတော့၏။ ထို့နောက် သူသည် သွေးများကို ဆက်တိုက် အန်ထုတ်ကာဖြင့် လဲကျသွားတော့သည်။
“သခင်ကြီး”
“သခင်ကြီး”
ဘေးရှိ ဟေးလုံထိုင် သိုင်းပညာရှင်များသည် လျင်မြန်စွာ ပြေးဝင်လာကာ ဖုန်းရှင်းမြဲ့ကို ပွေ့ချီထားကြ၏။
ဖုန်းရှင်းမြဲ့သည် ပါးစပ် တစ်ခုလုံး သွေးများနီရဲနေသာ်လည်း အံကြိတ်ကာ ပြောလိုက်သည်။ “အမြန်ဆုံး အမြန်နှုန်းနဲ့ စတုတ္ထမင်းသား ယင်ချွဲ့ဆီ သတင်းပို့။ ယွင်ကျုံးဟဲ့... သေသွားပြီလို့၊ ယန်ဖြန်ရှန် လက်ချက်နဲ့ သေသွားတာလို့ ပြောလိုက်။ လက်စားချေမယ်... လက်စားချေမယ်... လက်စားချေရမယ်။
စစ်တိုက်... စစ်တိုက်... တိုက်ခိုက်ကြမယ်။ တောင်ပိုင်းကျိုးအင်ပါယာက လူတစ်သိန်း၊ နှစ်သိန်းကို သတ်... ကျုပ်သားအတွက် လက်စားချေ... ကျုပ်သားအတွက် လက်စားချေရမယ်။”
.................