← Chapters

အခန်း (၂၀၃-၂၀၄)

Vol. 18 Ch. 203-204

အခန်း (၂၀၃-၂၀၄)

Vol. 18 Ch. 203-204

အပိုင်း (၂၀၃)

တာရှီမြို့

“သတင်းပို့... သတင်းပို့... သတင်းပို့ပါတယ်။”

ဟေးလုံထိုင်မှ သိုင်းပညာရှင်တစ်ဦးသည် စတုတ္ထမင်းသား ယင်ချွဲ့၏ ရွက်ဖျင်တဲအတွင်းသို့ ရူးသွပ်စွာ ပြေးဝင်လာ၏။

“စတုတ္ထမင်းသားကို သတင်းပို့ပါတယ်။ သခင်ကြီး ယွင်ကျုံးဟဲ့... သေသွားပါပြီ။ တောင်ပိုင်းကျိုးအင်ပါယာက ခွေးကောင် ယန်ဖြန်ရှန်က သခင်ကြီး ယွင်ကျုံးဟဲ့ကို သတ်ပစ်လိုက်ပါပြီ။”

ချက်ချင်းပဲ စတုတ္ထမင်းသား ယင်ချွဲ့သည် နေရာမှာတင် မှင်တက်သွားပြီး မလှုပ်မယှက် ဖြစ်နေ၏။ ထို့နောက် သူသည် စားပွဲကို အားပြုကာ ထိုင်ချလိုက်သည်။

‘ယွင်ကျုံးဟဲ့ သေသွားပြီလား။ အရမ်း ဉာဏ်ကောင်းပြီး အခြေအနေ တစ်ခုလုံးကို ပြောင်းပြန်လှန်ပေးခဲ့တဲ့ ယွင်ကျုံးဟဲ့ သေသွားပြီလား။ သူသာ မရှိရင် ဒီစစ်ပွဲမှာ တာယင်အင်ပါယာ ရှုံးနိမ့်သွားမှာလေ။’

“သခင်ကြီးဖုန်းရှင်းမြဲ့က စစ်တိုက်ဖို့ ပြောပါတယ်။ တောင်ပိုင်းကျိုးအင်ပါယာက လူတစ်သိန်းကို သတ်ပြီး သခင်ကြီး ယွင်ကျုံးဟဲ့ အတွက် လက်စားချေပေးဖို့ ပြောပါတယ်။ ပြီးတော့... မြေပြင်ပေါ်မှာ အကြိမ်ကြိမ် ဦးတိုက် တောင်းပန်ပါတယ်။” ဟေးလုံထိုင် သိုင်းပညာရှင်က အက်ကွဲသော အသံဖြင့် ပြောလိုက်၏။

စတုတ္ထမင်းသား ယင်ချွဲ့သည် ခေါင်းညိတ်လိုက်၏။ ထို့နောက် နဖူးကို ဖိကာ ခက်ခဲစွာ မတ်တပ်ရပ်လိုက်ပြီး အပြင်ဘက်သို့ ထွက်လာခဲ့သည်။

သူ တောင်ပိုင်းကျိုးအင်ပါယာ အိမ်ရှေ့စံမင်းသား ကျိုးလီကို အကျယ်ချုပ် ချထားသော အခန်းသို့ ရောက်ရှိလာ၏။

အခန်းတံခါး ပွင့်သွားပြီး စတုတ္ထမင်းသား ယင်ချွဲ့ ဝင်ရောက်လာကာ ပြောလိုက်သည်။ “အစ်ကို ကျိုးလီ... ကြွပါ။”

တောင်ပိုင်းကျိုးအင်ပါယာ အိမ်ရှေ့စံမင်းသား ကျိုးလီက မေးလိုက်၏။ “ဘာဖြစ်လို့လဲ။ ဘာတွေ ဖြစ်ကုန်တာလဲ။”

ယင်ချွဲ့က အေးစက်စက် ပြောလိုက်သည်။ “ခင်ဗျား ပြန်တော့... ပြီးရင် စစ်တိုက်ဖို့ ပြင်ထား။”

တောင်ပိုင်းကျိုးအင်ပါယာ အိမ်ရှေ့စံမင်းသား ကျိုးလီက တုန်ယင်စွာဖြင့် ထပ်မေးလိုက်၏။ “ယင်ချွဲ့... ခင်ဗျား ရူးနေပြီလား။ ဒီစစ်ပွဲကို ဂုဏ်သိက္ခာရှိရှိ အဆုံးသတ်ပြီး ပိုင်ရှင်မဲ့နယ်မြေ တစ်ခုလုံးကို အပြည့်အဝ သိမ်းပိုက်နိုင်ပြီ၊ အောင်ပွဲ ရလဒ်တွေကို ခံစားနိုင်ပြီလေ။ အခု ခင်ဗျားက စစ်ထပ်တိုက်အုံးမလို့လား။”

ယင်ချွဲ့က ရေခဲတမျှ အေးစက်သည့် အသံဖြင့် ပြောလိုက်သည်။ “ယွင်ကျုံးဟဲ့ သေသွားပြီ။ ယန်ဖြန်ရှန်က သူ့ကို သတ်လိုက်တာ။”

ကျိုးလီသည် တစ်ကိုယ်လုံး တုန်ယင်သွားပြီး မျက်နှာ ချက်ချင်း ဖြူရော်သွားကာ ပြောလိုက်၏။ “မဖြစ်နိုင်ဘူး... မဖြစ်နိုင်ဘူး။ ယန်ဖြန်ရှန်က အရူးမှ မဟုတ်တာ။”

ယင်ချွဲ့က အမိန့်ပေးလိုက်သည်။ “လာကြစမ်း... အိမ်ရှေ့စံမင်းသား ကျိုးလီကို ပြန်ပို့ပေးလိုက်။”

ကျိုးလီက အသံမာမာဖြင့် မေးလိုက်၏။ “ယင်ချွဲ့... ဒီလောက် အသိဉာဏ်မဲ့တဲ့ အလုပ် မလုပ်ပါနဲ့။ ခင်ဗျား ဒီလို လုပ်ရင် ခင်ဗျားရဲ့အဖေ ဧကရာဇ်မင်းမြတ်က ခွင့်လွှတ်မှာ မဟုတ်ဘူး။ ယွင်ကျုံးဟဲ့ တစ်ယောက်တည်းအတွက်နဲ့ စစ်သည်သိန်းချီကို အန္တရာယ်တွင်းထဲ တွန်းပို့တော့မလို့လား။”

ယင်ချွဲ့က အေးစက်စက် ပြောလိုက်သည်။ “သူ့ကို ပြန်ပို့ပေးလိုက်။”

ထို့နောက် ယင်ချွဲ့သည် စကားတစ်ခွန်းကို သေချာမှာကြားကာ ထွက်ခွာသွားတော့၏။ “ကျိုးလီ... ခင်ဗျား ပြန်ရောက်ရင် ယန်ဖြန်ရှန်ကို ကျုပ်ကိုပေး။ ကျုပ် သူ့ကို အပိုင်းပိုင်းအစစ ခုတ်ထစ်ပစ်မယ်။”

ထို့နောက် စတုတ္ထမင်းသား ယင်ချွဲ့သည် ကျိုးလီကို တောင်ပိုင်းကျိုးအင်ပါယာ စစ်တပ်ဆီသို့ ပြန်လွှတ်ပေးလိုက်သည်။

ထို့နောက် သူက စစ်တိုက်ရန်အတွက် ဟူယန်ကျောက်အား အစွမ်းကုန် တောင်ဘက်သို့ ချီတက်ရန်နှင့် ထန်ထိုင်မြို့ ကာကွယ်ရေးစစ်သူကြီး ဖုန်းရှောက်ထျန်းလည်း စစ်ပွဲအတွက် ပြင်ဆင်ထားရန် အမိန့်ပေးလိုက၏။

အမိန့်ကို ရရှိပြီးနောက် တောင်ပိုင်းကျိုးအင်ပါယာက အလျှော့ပေးလိုက်ပြီဖြစ်ရာ နောက်ဆက်တွဲ အနေဖြင့် ပိုင်ရှင်မဲ့နယ်မြေ၏ အောင်ပွဲ ရလဒ်များကို အသုံးချရန်သာ ကျန်ရှိတော့သည်ဟု ဟူယန်ကျောက် ယူဆထားသောကြောင့် အဘယ်ကြောင့် ထပ်မံ စစ်ဖြစ်ရမည်နည်း ဆိုသည်ကို အလွန် နားမလည်နိုင် ဖြစ်နေသည်။

မည်သည့် စစ်ပွဲမဆို မဟာဗျူဟာမြောက် ရည်ရွယ်ချက် တစ်ခု ရှိရမှာဖြစ်သည်။ ဒေါသထွက်မှု၊ လက်စားချေလိုမှုကြောင့် စစ်ပွဲ ပြန်လည် စတင်ခြင်းက မည်မျှ ဉာဏ်မဲ့လှသနည်း။

သို့ပေမည့် ယင်ချွဲ့သည် ပင်မ စစ်သေနာပတိ ဖြစ်၏။ သူ၏ အမိန့်ကို နားမလည်လျှင်တောင် နာခံရမှာဖြစ်သည်။

ထို့ကြောင့် အရင်က မကြုံစဖူး ကြီးမားသော စစ်ပွဲကြီးတစ်ပွဲ ထပ်မံ ပေါက်ကွဲလာပြန်၏။ အတိုင်းအတာမှာ အရင်ကထက် ပိုမို ကြီးမားလှ၏။ နှစ်ဖက်စလုံး၏ စုစုပေါင်း စစ်အင်အားမှာ ခြောက်သိန်းနီးပါး ရှိသည်။ တာယင်အင်ပါယာ၏ စစ်သည် သုံးသိန်းကျော်နှင့် တောင်ပိုင်းကျိုးအင်ပါယာ၏ စစ်သည် နှစ်သိန်းကျော်တို့ ရင်ဆိုင်တိုက်ခိုက်ကြခြင်း ဖြစ်၏။

ဤစစ်ပွဲသည် မည်သည့် မြို့ကိုမှ သိမ်းပိုက်ရန် မဟုတ်သကဲ့သို့ မည်သည့် မဟာဗျူဟာမြောက် ရည်ရွယ်ချက်ကိုမှ အကောင်အထည်ဖော်ရန် မဟုတ်ပေ။ ယွင်ကျုံးဟဲ့အတွက် လက်စားချေရန် သက်သက်သာ ဖြစ်သည်။

စစ်မျက်နှာပြင်မှာ မိုင်ရာချီ ရှည်လျားသည်။ နှစ်ဖက်စလုံး ရက်အတော်ကြာ နေ့ရောညပါ ပြင်းထန်စွာ တိုက်ခိုက်ကြ၏။

ပိုင်ရှင်မဲ့နယ်မြေ တစ်ခုလုံး လုံးဝ တုန်လှုပ်သွားသည်။ တာယင်အင်ပါယာ တစ်ခုလုံးပင် လုံးဝ တုန်လှုပ်သွားတော့သည်။

အနိုင်ရနေပြီဖြစ်ပြီး ပိုင်ရှင်မဲ့နယ်မြေ တစ်ခုလုံးကို သိမ်းပိုက်နိုင်ပြီ ဖြစ်ပါလျက် အဘယ်ကြောင့် ဆက်လက် စစ်တိုက်ရသနည်း။ တောင်ပိုင်းကျိုးအင်ပါယာ၏ စစ်တပ်သည် အမှန်တကယ်ပင် လှောင်အိမ်ထဲ ပိတ်မိနေသော သားရဲ၏ နောက်ဆုံး ရုန်းကန်မှုဆိုသော စကားပုံကို အသက်ဝင်စေခဲ့၏။ သူတို့သည် အလွန် ပြင်းထန်သော တိုက်ခိုက်လိုစိတ်များကို ဖော်ထုတ်လာကြ၏။။

အင်အားကြီးမားသော စစ်တပ်ကြီး နှစ်ခုသည် ပိုင်ရှင်မဲ့နယ်မြေ ဟုခေါ်သော ဤတောရိုင်းမြေပြင်တွင် အရင်က မကြုံစဖူး ပြင်းထန်စွာ ရင်ဆိုင် တိုက်ခိုက်ကြ၏။ မည်သည့် လျှို့ဝှက်အကြံအစည်မှ မရှိတော့ပေ။ တိုက်ရိုက် ရင်ဆိုင် တိုက်ခိုက်ခြင်း၊ ရူးသွပ်စွာ သတ်ဖြတ်ခြင်းများသာ ရှိတော့သည်။

ဆယ်ရက်ကျော် ကြာပြီးနောက် စစ်ပွဲ ပြီးဆုံးသွားခဲ့သည်။ တောင်ပိုင်းကျိုးအင်ပါယာ ရှုံးနိမ့်သွားပြီး စစ်သည် နှစ်သိန်းကျော်တွင် လူသောင်းဂဏန်းမျှသာ ကျန်ရှိတော့ကာ အောက်ရှင်းနှင့် ကျိုးလီတို့၏နောက်သို့ လိုက်ပါပြီး ပိုင်ရှင်မဲ့နယ်မြေမှ ထွက်ပြေးသွားကြ၏။

ခေါင်ဖျားသော လမ်းငယ်များမှတစ်ဆင့် အရပ်မျက်နှာ အသီးသီးသို့ လူစုခွဲ၍ ထွက်ပြေးသွားကြသည်။ တာယင် အင်ပါယာ၏ စစ်သည် သုံးသိန်းသည်လည်း သေဆုံးဒဏ်ရာရမှု အလွန် များပြားပြီး မရေမတွက်နိုင်အောင် ရှိခဲ့သည်။

အရာအားလုံး ပြီးဆုံးသွားပြီဟု လူတိုင်းက ထင်မှတ်နေကြသည်။ ယင်ချွဲ့လည်း လက်စားချေပြီးပြီဖြစ်ရာ ကျေနပ်သင့်ပြီဟု ယူဆကြ၏။

တောင်ပိုင်းကျိုးအင်ပါယာသည် လူသိန်းကျော် ဆုံးရှုံးခဲ့ပြီး တာယင်အင်ပါယာ သည်လည်း မရေမတွက်နိုင်သော သေဆုံးဒဏ်ရာရမှုများ ရှိခဲ့သည်။ ဤရန်ကြွေးကို အပြည့်အဝ ပြန်ဆပ်ပြီးပြီဟု ဆိုနိုင်ပေသည်။

သို့ပေမည့် ထန်ထိုင်မြို့တွင် အနည်းငယ် အနားယူပြီးနောက် ယင်ချွဲ့သည် စစ်တပ်ကို ဦးဆောင်ကာ တောင်ဘက်သို့ ထပ်မံ ချီတက်သွားပြန်၏။

တောင်ပိုင်းကျိုးအင်ပါယာ၏ နယ်စပ်သို့ တိုက်ရိုက် ဦးတည်သွားခြင်း ဖြစ်သည်။ နယ်စပ်မြို့ရိုး အောက်သို့ ရောက်ရှိလာပြီး ယွင်ကျုံးဟဲ့ကို သတ်ဖြတ်သူ ယန်ဖြန်ရှန်အား အပ်နှင်းရန် တောင်ပိုင်းကျိုးအင်ပါယာကို ဖိအားပေး တောင်းဆိုလေတော့သည်။

တောင်ပိုင်းကျိုးအင်ပါယာက သေချာပေါက် လက်မခံခဲ့ချေ။ ယင်ချွဲ့သည် စစ်တပ်ကို ဦးဆောင်ကာ တောင်ပိုင်းကျိုးအင်ပါယာ နယ်နိမိတ် အတွင်းသို့ ဝင်ရောက် တိုက်ခိုက်တော့၏။

စစ်ပွဲကြီးမှာ ထိန်းချုပ်မှုမှ အပြည့်အဝ လွတ်ကင်းသွားခဲ့လေသည်။

တာယင်အင်ပါယာ ဧကရာဇ်မင်းမြတ်သည် မူလက ယင်ချွဲ့ကို ပြင်းထန်စွာ အပြစ်တင်ရန် အမိန့်စာ ထုတ်ပြန်ပြီး သူ၏ စစ်အာဏာကို ရုပ်သိမ်းရန် ရည်ရွယ်ထားခဲ့၏။

သို့ပေမည့် ယင်ချွဲ့သည် တောင်ပိုင်းကျိုးအင်ပါယာ နယ်နိမိတ် အတွင်းသို့ ဝင်ရောက် တိုက်ခိုက်နေပြီ ဖြစ်ကြောင်း သိရှိပြီးနောက် သူသည် အမိန့်စာ ဖတ်ကြားမည့် မိန်းမစိုးကို ချက်ချင်း ပြန်ခေါ်လိုက်ရသည်။

အကြောင်းမူ ဤအချိန်တွင် စစ်ပွဲကြီးသည် ထိန်းချုပ်မှု ကင်းမဲ့နေပြီဖြစ်ရာ ယင်ချွဲ့၏ စစ်အာဏာကို ရုပ်သိမ်းလိုက်ပါက စစ်တပ်၏ စိတ်ဓာတ်ကို ထိခိုက်စေနိုင်ပြီး တာယင်အင်ပါယာ ဧကရာဇ်သည် အားနည်းကာ တောင်ပိုင်းကျိုးအင်ပါယာနှင့် အပြည့်အဝ စစ်ပွဲကြီး ဆင်နွှဲရန် ကြောက်ရွံ့နေသည်ဟု ထင်မြင်စေနိုင်သောကြောင့်ပင်။

အခြားတစ်ဖက်တွင် တောင်ပိုင်းကျိုးအင်ပါယာကလည်း သေချာပေါက် အလျှော့မပေးနိုင်ပေ။ မူလက ပိုင်ရှင်မဲ့နယ်မြေကို ဆုံးရှုံးသွားခြင်းသည် မဟာဗျူဟာမြောက် အပြည့်အဝ အသာစီး ပေးလိုက်ရခြင်း ဖြစ်သော်လည်း တိုင်းပြည်၏ ဂုဏ်သိက္ခာကို ထိခိုက်စေသည်အထိ မဆိုးရွားသေးချေ။

သို့ပေမည့် ယင်ချွဲ့က စစ်တပ်ကို ဦးဆောင်ကာ တောင်ပိုင်းကျိုးအင်ပါယာ နယ်နိမိတ် အတွင်းသို့ ဝင်ရောက်လာခြင်းကမူ အလွယ်တကူ ပြီးဆုံးနိုင်မည့်ကိစ္စ မဟုတ်တော့ပေ။

ထိုသို့ အလျှော့ပေးလိုက်ပါက တောင်ပိုင်းကျိုးအင်ပါယာ ဧကရာဇ်သည် ခေါင်းမော့နိုင်တော့မည် မဟုတ်ချေ။ မိမိ၏ နိုင်ငံ နယ်နိမိတ် အတွင်းသို့ ဝင်ရောက်လာသည်ကိုပင် ပြန်လည် မတိုက်ခိုက်ရဲဘူးလား ဆိုသည့် မေးခွန်းများ ထွက်ပေါ်လာမှာဖြစ်သည်။

ထို့ကြောင့် တောင်ပိုင်းကျိုးအင်ပါယာသည်လည်း စစ်သည်များကို ထပ်မံ စုရုံးကာ ဧကရာဇ်နှင့် ဧကရာဇ်ဟောင်းတို့ ကိုယ်တိုင် ထွက်ပေါ်လာကြပြီး နိုင်ငံတော် စစ်ပွဲကြီးအဖြစ် ကြေညာလိုက်၏။

ထို့နောက် တောင်ပိုင်းကျိုးအင်ပါယာ တစ်ခုလုံး လှုပ်ရှားလာပြီး မရေမတွက်နိုင်သော စစ်တပ်ကြီးများ စတင် စုရုံးလာကြ၏။ စစ်တပ်မှ ထွက်သွားသော စစ်သည်များပင် လက်နက် ပြန်လည် ကိုင်ဆောင်ရတော့မှာ ဖြစ်သည်။ တိုင်းပြည်၏ အင်အား အားလုံးကို အသုံးပြုကာ စစ်ပွဲကြီး ဆင်နွှဲမည့် ဟန်ရေးပြနေလေသည်။

တာယင်အင်ပါယာ ဘက်ကလည်း လုံးဝ အလျှော့မပေးဘဲ တစ်နိုင်ငံလုံး လှုပ်ရှားလာကြသည်။ မရေမတွက်နိုင်သော စစ်တပ်ကြီးများ စတင် စုရုံးလာပြီး အဆုံးအဖြတ် တိုက်ပွဲကြီး ဆင်နွှဲမည့် ဟန်ရေး ပြနေ၏။

မူလက ပိုင်ရှင်မဲ့နယ်မြေကို လုယူသော စစ်ပွဲမျှသာ ဖြစ်သော်လည်း ယန်ဖြန်ရှန်က ယွင်ကျုံးဟဲ့ကို သတ်ဖြတ်မှုကြောင့် စနက်ကြိုး ဖြုတ်လိုက်သကဲ့သို့ ဖြစ်သွားကာ အလွန် ကြီးမားသော စစ်ပွဲကြီး အဖြစ်သို့ ပြောင်းလဲသွားခဲ့ခြင်းပင်။

အကြောင်းမှာ တောင်ပိုင်းကျိုးအင်ပါယာသည် လူသတ်သမား ယန်ဖြန်ရှန်ကို အပ်နှင်းရန် ငြင်းဆန်သောကြောင့် ဖြစ်၏။

မင်းသား ယင်ချွဲ့သည် တောင်ပိုင်းကျိုးအင်ပါယာ နယ်နိမိတ် အတွင်း၌ လူသတ်ပွဲကြီး ဆင်နွှဲတော့၏။ ခရိုင်မြို့ သုံးမြို့ကို သွေးချောင်းစီးအောင် သတ်ဖြတ်လိုက်သည်။

ဤခရိုင်မြို့ သုံးမြို့မှ မှူးမတ် ဆယ်ကျော်၊ အရာရှိ ရာကျော်နှင့် စစ်သည် နှစ်သောင်း နီးပါး အားလုံး သတ်ဖြတ်ခံလိုက်ရ၏။

တာယင်အင်ပါယာ ဟေးလုံထိုင်သည် ထိုသူများ၏ ခေါင်းများကို စုပုံကာ ကျင်းကွမ် ဟုခေါ်သော လူခေါင်းခွံ ပိရမစ်ကြီးများကို တည်ဆောက်ခဲ့သည်။ အရင်က မကြုံစဖူး သွေးထွက်သံယို များပြားသော လက်စားချေမှုကြီးပင် ဖြစ်သည်။

............

ကျင်းကျုံးယွဲ့သည် အချိန်အတော်ကြာ သတိလစ် မေ့မြောနေခဲ့သည်။ သူမ နိုးလာချိန်မှာတော့ ရွက်ဖျင်တဲ တစ်ခုအတွင်း၌ လှဲလျောင်းနေကြောင်း တွေ့လိုက်ရ၏။ သူမ၏ ဘေးတွင် လူဆယ်ယောက်ကျော် ဝိုင်းရံနေကြသည်။ လန်ပိ၊ ချူကျောင်းရန်နှင့် ဇိုအန်တို့ အပါအဝင် အားလုံးသည် လေခွင်းမြို့၏ လူယုံများ ဖြစ်ကြ၏။

“သခင်မ... ကျွန်မတို့ အားလုံး သိပြီးပါပြီ။” လန်ပိ က ပြောလိုက်သည်။

“အို” ကျင်းကျုံးယွဲ့ က ပြောလိုက်၏။

လန်ပိက ဆက်ပြောလိုက်သည်။ “ပိုင်ရှင်မဲ့နယ်မြေ တစ်ခုလုံး သွေးချောင်းစီး နေပါပြီ။ ယန်ဖြန်ရှန်က တာယင်အင်ပါယာ ဟေးလုံထိုင်ရဲ့ ဆက်ခံသူ ယွင်ကျုံးဟဲ့ကို သတ်လိုက်လို့ မင်းသား ယင်ချွဲ့က လက်စားချေ စစ်ပွဲ စတင်ခဲ့ပါတယ်။

စစ်မျက်နှာပြင်က မိုင်ရာချီ ရှည်လျားပြီး တောင်ပိုင်းကျိုးအင်ပါယာရဲ့ စစ်သည် နှစ်သိန်းကျော်မှာ သောင်းဂဏန်းလောက်ပဲ ထွက်ပြေးလွတ်မြောက်နိုင်ပြီး ကျန်တာ အကုန် သေကုန်ပါပြီ။ တာယင်အင်ပါယာ ကလည်း သေဆုံးဒဏ်ရာရမှု အများကြီး ရှိခဲ့ပါတယ်။”

ချူကျောင်းရန်က ဝင်ပြောလိုက်၏။ “ကြားရသလောက်ဆိုရင် မင်းသား ယင်ချွဲ့က စစ်တပ်ကို ဦးဆောင်ပြီး တောင်ပိုင်းကျိုးအင်ပါယာ နယ်နိမိတ် အတွင်းထိ ဝင်တိုက်နေပြီတဲ့။ အင်ပါယာ နှစ်ခုစလုံးက စစ်တပ်ကြီးတွေကို အရူးအမူး စုရုံးနေကြပြီး တိုင်းပြည်အင်အား အားလုံးကို အသုံးပြုမယ့် တိုက်ပွဲကြီး ဆင်နွှဲဖို့ ပြင်ဆင်နေကြတယ်။”

“ဟင်..” ကျင်းကျုံးယွဲ့က တုံဏိဘာဝေဖြင့် တုံ့ပြန်လိုက်ပြီး မျက်လုံးထောင့်မှ မျက်ရည်များ ထပ်မံ စီးကျလာတော့သည်။

“သခင်ကြီး ယွင်ကျုံးဟဲ့က တာယင်အင်ပါယာ ဟေးလုံထိုင်ရဲ့ ဆက်ခံသူ ဖြစ်နေတာပဲ။”

ချူကျောင်းရန်က ပြောလိုက်၏။ “ဒါကြောင့် ကျုပ် အမြဲတမ်း ထူးဆန်းနေခဲ့တာ။ ဒီလို ပါရမီရှင်မျိုးက ဘာလို့ ကျုပ်တို့ ပိုင်ရှင်မဲ့နယ်မြေက လေခွင်းမြို့လို နေရာမျိုးမှာ ပေါ်လာရတာလဲလို့လေ။ ပိုင်ရှင်မဲ့နယ်မြေဆိုတာ ရေတွင်းထဲက ဖားသူငယ်လို လူမိုက်တွေပဲ နေနိုင်တဲ့ နေရာမျိုးပါ။ ပါရမီရှင်တွေက နေလို့ မရပါဘူး။”

လန်ပိက မေးလိုက်သည်။ “သခင်မ... အခု ကျွန်မ တစ်ခွန်းပဲ မေးပါရစေ။ အနောက်ဘက် သဲကန္တာရကို ကျွန်မတို့ သွားဦးမှာလား။ ကျွန်မတို့ ဓားပြ လုပ်အုံးမှာလား။”

ကျင်းကျုံးယွဲ့၏ မျက်လုံးလေးများ တုန်ခါသွား၏။

လန်ပိက ဆက်၍ ပြောလိုက်သည်။ “ကျွန်မတို့ လူထောင်ဂဏန်းလောက်က ရည်ရွယ်ချက် မရှိဘဲ လေလွင့်နေတာ ကြာပါပြီ။ လမ်းကြောင်းနဲ့ ရည်မှန်းချက် မရှိတော့ဘူးဆိုရင် အကုန်လုံး ပြိုကွဲသွားပြီး အသက်မပါတဲ့ လူသေကောင်တွေလို ဖြစ်သွားပါလိမ့်မယ်။”

ချူကျောင်းရန်က မေးလိုက်၏။ “သခင်မ... ကျုပ်က သခင်ကြီး ယွင်ကျုံးဟဲ့ မဟုတ်ပါဘူး။ အဲဒီလောက် ပါရမီ မပါပါဘူး။ ကျုပ်က ရေတွင်းထဲက ဖားသူငယ်လို လူတစ်ယောက်ပါ။ သခင် တစ်ယောက်တည်းကိုပဲ သစ္စာရှိရမယ် ဆိုတာကိုပဲ သိပါတယ်။ ဒါကြောင့် ကျုပ် မေးချင်ပါတယ်။ ကျုပ် သခင်မကို ဆက်ပြီး သစ္စာစောင့်သိခွင့် ရအုံးမလား။ ကျုပ်တို့ အနောက်ဘက် သဲကန္တာရကို သွားပြီး ဓားပြ ဆက်လုပ်လို့ ရအုံးမလား။”

ကျင်းကျုံးယွဲ့က မျက်ရည်များ စီးကျလာ၏။ အချိန်အတော်ကြာပြီးနောက် သူမက ဖြည်းညင်းစွာဖြင့် ပြောလိုက်သည်။ “ပြင်ဆင်ကြ... ကျွန်မတို့ အနောက်ဘက် သဲကန္တာရကို သွားမယ်။ ဓားပြ သွားလုပ်မယ်။”

......................

အပိုင်း (၂၀၄)

နောက်တစ်နေ့တွင် ကျင်းကျုံးယွဲ့သည် ကျင်းမိသားစု၏ စစ်သည်သုံးထောင်ကို ဦးဆောင်ကာ ပိုင်ရှင်မဲ့နယ်မြေမှ ထွက်ခွာပြီး အနောက်ဘက် သဲကန္တာရဆီသို့ ဦးတည်သွားတော့၏။

မူလက လူခြောက်ထောင် ရှိသော်လည်း သုံးထောင်က ထွက်သွားကြသောကြောင့် တစ်ဝက်သာ ကျန်ရှိတော့ခြင်း ဖြစ်သည်။

ကျင်းကျုံးယွဲ့သည် ဓားပြလုပ်မည်ဟု အမြဲတမ်း ပြောဆိုခဲ့ရာ ယခုအခါ သူမ၏ ကတိကို အမှန်တကယ် အကောင်အထည်ဖော်လိုက်ပြီ ဖြစ်၏။ သို့ပေမည့် အနောက်ဘက် သဲကန္တာရသို့ ရောက်သွားပြီးနောက် ဓားပြ တကယ် လုပ်ဖြစ်မည်လား။ ကံကြမ္မာ ဆိုသည့်အရာမှာ အလွန်ဆန်းကြယ်ပြီး ခန့်မှန်းရ ခက်ခဲလှ၏။

.............

လျှို့ဝှက်ဆန်းကြယ်သော ချိုင့်ဝှမ်း တစ်ခုအတွင်း…

ဤနေရာသည် နတ်ပြည်နှင့် အမှန်တကယ် တူလှပြီး နေရာအနှံ့တွင် မဏ္ဍပ်များနှင့် အဆောက်အအုံများ ရှိကာ အလွန် လှပလွန်းလှ၏။ မြူခိုးများ ဖုံးလွှမ်းနေသောကြောင့် လူ့ပြည်လား၊ နတ်ပြည်လားဟု ခွဲခြားရန်ပင် ခက်ခဲလှ၏။ သို့ပေမည့် ဤသည်မှာ အပေါ်ယံမျှသာ ဖြစ်သည်။

ဤနေရာရှိ အိမ်များအတွင်း၌မူ ငရဲဘုံကဲ့သို့ ဖြစ်နေသည်။ နေရာတိုင်းတွင် လူ့ခန္ဓာကိုယ် အစိတ်အပိုင်းများ ရှိနေပြီး ကလီစာများ ပြန့်ကျဲနေ၏။

နေရာတိုင်းတွင် သွေးများ ရှိနေသည်။ နေရာတိုင်းတွင် အသက်ရှင်နေသော လူများ၊ သေဆုံးနေသော လူများနှင့် တိရစ္ဆာန်များ ရှိနေ၏။ မရေမတွက်နိုင်သော အလောင်းများသည် တောင်လို ပုံနေသည်။

ဤနေရာသည် မည်သည့်နေရာနည်း။ နတ်ပြည် သို့မဟုတ် ငရဲဘုံလား။

မည်မျှကြာအောင် သတိလစ် မေ့မြောနေခဲ့သည် မသိသော ယွင်ကျုံးဟဲ့သည် တဖြည်းဖြည်း သတိပြန်လည်လာ သကဲ့သို့ ဖြစ်နေ၏။ မျက်လုံးဖွင့်၍ မရသေးသကဲ့သို့ မလှုပ်ရှားနိုင်ဘဲ မည်သည့်အသံမှလည်း မထွက်နိုင်သေးချေ။ သို့ပေမည့် အသံများကို ကြားနေရပြီး ခံစားမှုများလည်း ရှိနေသည်။

ဤနေရာသည် မည်သည့် နေရာနည်း။ အဘယ်ကြောင့် ဤမျှ ထူးဆန်းနေရသနည်း။ ဘာမှ မမြင်ရသော်လည်း ငရဲဘုံတွင် ရောက်နေသကဲ့သို့ ခံစားနေရ၏။

ထို့နောက် အဘိုးအို တစ်ဦး၏ အသံကို ကြားလိုက်ရသည်။

“လူနှစ်ယောက်မှာ တစ်ယောက်ကိုပဲ ကယ်လို့ရမယ်... ငါ ဘယ်သူ့ကို ရွေးရမလဲ။”

သူ ဝေခွဲမရ ဖြစ်နေပုံရ၏။ “ညာဘက်က လူဝကြီးကိုပဲ ရွေးလိုက်မယ်။ သူက ရုပ်ရည်နည်းနည်း သနားကမား ရှိတယ်။ ဘယ်ဘက်ကကောင်က အရမ်း ချောလွန်းတယ်။ ကြည့်ရတာ လူကောင်းမဟုတ်ဘူး။ သေဖို့ ထိုက်တန်တယ်။”

ထိုလူပြောသော ဘယ်ဘက်က အရမ်း ချောလွန်းသော လူဆိုသည်မှာ သူ ယွင်ကျုံးဟဲ့ကို ပြောနေခြင်းလား။

“လာကြစမ်း... ဘယ်ဘက်က လူချောလေးကို မြွေတွင်းထဲ ပစ်ချလိုက်။”

‘မြွေတွင်း ဟုတ်လား။ မလုပ်နဲ့။ ကျုပ်က မြွေကြောက်တယ်ဗျ။’

တွင်းပေါက် တစ်ခု ပွင့်သွား၏။ ထိုအထဲတွင် မရေမတွက်နိုင်သော မြွေမျိုးစုံ ပြည့်နှက်နေပြီး အလွန် ထူးဆန်းကာ ကြောက်မက်ဖွယ် ကောင်းလှသည်။

မြွေတိုင်းသည် ဖြူဖွေးနေပြီး အချို့ဆိုလျှင် အကြည်ရောင်ပင် ဖြစ်နေ၏။ အကောင်ရေ ထောင်ချီ ရှိနေသည်။ တစ်ချက် ကြည့်လိုက်ရုံဖြင့် လူကို ထိတ်လန့် တုန်လှုပ်သွားစေနိုင်၏။ ထိုအထဲသို့ ပစ်ချခံရပါက နာရီဝက်အတွင်း အရိုးစုသာ ကျန်တော့မည်မှာ မြေကြီးလက်ခတ်မလွဲပင်။

အကြောင်းမှာ အောက်ဘက် မြွေတွင်း အတွင်း၌ နေရာတိုင်းတွင် အရိုးစုများ ရှိနေပြီး မရေမတွက်နိုင်အောင် ရှိကာ ရာချီ၊ ထောင်ချီ ရှိနေနိုင်သောကြောင့် ဖြစ်၏။

“သူ့ကို ယဇ်ပူဇော်ပြီး ကျန်တဲ့ တစ်ယောက်ကို ကယ်မှာ သေချာပြီလား။” ဘေးရှိ လူက မေးလိုက်သည်။

“သေချာတယ်။”

ထို့နောက် ယွင်ကျုံးဟဲ့၏ ခန္ဓာကိုယ်သည် အပေါ်သို့ မတင်ခံလိုက်ရ၏။

“ရွှီး”

ပြီးနောက်မှာတော့ မြွေတွင်းအတွင်းသို့ တိုက်ရိုက် ပစ်ချခံလိုက်ရတော့သည်။ ချက်ချင်းပဲ ထူးဆန်းသော အဆိပ်မြွေထောင်ချီသည် ရစ်ပတ်လာကြပြီး သွေးစွန်းနေသော ပါးစပ်ကြီးများကိုဟကာ ယွင်ကျုံးဟဲ့ကို ရူးသွပ်စွာ ကိုက်ခဲကြတော့သည်။

သို့ပေမည့် ဤမြွေများသည် ယွင်ကျုံးဟဲ့ကို ကိုက်ခဲရန် အရှိန်ယူလိုက်ချိန်တွင် ယွင်ကျုံးဟဲ့၏ ခန္ဓာကိုယ် အတွင်းမှ အလွန် ထူးဆန်းသော အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာ၏။

သရဲတစ္ဆေ သောင်းချီ ငိုကြွေးနေသကဲ့သို့ဖြစ်ပြီး နတ်ဆိုးများ အော်ဟစ်နေသကဲ့သို့ပင် ဖြစ်သည်။ အတိုချုပ် ဆိုရလျှင် လူကို ကြက်သီးမွေးညင်းထစေသော အသံမျိုး ဖြစ်သည်။

ထူးခြားသည်မှာ ဤအသံကို သာမန်လူများ မကြားနိုင်သော်လည်း ဤအဆိပ်မြွေများကမူ အလွန် ရှင်းလင်းစွာ ခံစားသိရှိနိုင်ကြသည်။ မျက်တောင်တစ်ခတ် အတွင်းမှာပဲ နတ်ဆိုးသောင်းချီ ပြေးဝင်လာသကဲ့သို့ ဖြစ်သွား၏။

ချက်ချင်းပဲ ဤမြွေများသည် ထိတ်လန့်တကြား နောက်ဆုတ်သွားကြပြီး သရဲတစ္ဆေ တစ်ကောင်ကို မြင်တွေ့ လိုက်ရသကဲ့သို့ ရှောင်ဖယ်သွားကြတော့သည်။

ဤသည်မှာ သရဲမ၏ အစွမ်းပင် ဖြစ်၏။ အစွမ်းထက်သော လူများကို ခြောက်လှန့်ရန် မဖြစ်နိုင်သော်လည်း ဦးနှောက်ဖွဲ့စည်းပုံ ရိုးရှင်းသော မြွေများကို ခြောက်လှန့်ရန်မှာ လုံးဝ ပြဿနာ မရှိချေ။

ထိုအချိန်တွင် မြွေတွင်း၏ အဖုံးကို ပြန်ပိတ်လိုက်ပြီ ဖြစ်၏။ အပေါ်ဘက်ရှိ တစ်ကိုယ်လုံး သွေးများ ပေကျံနေသော အဘိုးအိုသည် ကုတင်ပေါ်ရှိ လူဝကြီး၏ ရောဂါလက္ခဏာများကို စစ်ဆေးနေသည်။

“သူ ဘယ်တုန်းက ရောက်လာတာလဲ။” အဘိုးအိုက မေးလိုက်၏။

တပည့်ဖြစ်သူက ဖြေလိုက်သည်။ “လွန်ခဲ့တဲ့ ငါးရက်ကပါ။ သူ့ရဲ့ မိသားစုဝင်တွေ ဆယ့်နှစ်နာရီတိတိ ဒူးထောက် တောင်းဆိုကြလို့ ကျုပ်တို့ လက်ခံလိုက်တာပါ။”

အဘိုးအိုက ထပ်မေးလိုက်၏။ “သူတို့ ကျုပ်တို့ရဲ့ စည်းကမ်းကို သိရဲ့လား။ ကျုပ်တို့နေရာကို ဆေးဘုရင် ချိုင့်ဝှမ်း၊ သေမင်းချိုင့်ဝှမ်း လို့လည်း ခေါ်တယ်။ ဒီကို ပို့ခံရတဲ့ လူတွေထဲက ငါးယောက်မှာ တစ်ယောက် အသက်ရှင်ရင်တောင် အတော်လေး ကံကောင်းနေပြီ။ သေသွားတဲ့ လူတွေရဲ့ အလောင်းက ငါ့ပိုင်ဆိုင်မှု ဖြစ်ရမယ်။ ဒီကို ပို့ပြီးပြီဆိုရင် သေတာ၊ ရှင်တာ ကံတရားပဲ။ ငါကတော့ ဒီချိုင့်ဝှမ်းရဲ့ သေမင်းပဲ။”

ထို့နောက် အဘိုးအိုက ဆက်၍ မေးလိုက်သည်။ “စောစောက မြွေတွင်းထဲ ပစ်ချခံရတဲ့ လူချောလေးက ဘယ်တုန်းက ရောက်လာတာလဲ။”

တပည့်ဖြစ်သူက ဖြေလိုက်၏။ “မနေ့က ရောက်လာတာပါ။ သူက ကျောက်စိမ်းပြား တစ်ပြား ယူလာတယ်။”

ဆေးဘုရင်ချိုင့်ဝှမ်း၏ ကျောက်စိမ်းပြားသည် ဆေးဘုရင်၏ ကျေးဇူးကြွေး တစ်ခုကို ကိုယ်စားပြု၏။ ထိုကျောက်စိမ်းပြားကို ယူဆောင်လာပါက လူနာကို မဖြစ်မနေ လက်ခံရမှာ ဖြစ်သည်။ သေချာသည်မှာ ရောဂါ ပျောက်ကင်းအောင် ကုသနိုင်ခြင်း၊ မကုသနိုင်ခြင်းမှာ အခြားကိစ္စ တစ်ခုဖြစ်သည်။

“ပို့လာလည်း အလကားပဲ။ ငါ သူ့ကို ကြည့်ရတာ မျက်စိနောက်တယ်။ ဒီပို့လိုက်တော့ ပိုတောင် မြန်မြန် သေသွားသေးတယ်။”

အဘိုးအိုက အေးစက်စွာ ရယ်မောလျက် ပြောလိုက်၏။ “ဒီလူဝကြီးကတော့ ဘယ်လောက် ရိုးသားပြီး ချစ်စရာ ကောင်းလဲ။ ဒီလို လူမျိုးကို ကယ်ရတာ ငါ အကြိုက်ဆုံးပဲ။

သောက်ကျိုးနည်း... ဒီလူဝကြီးရဲ့ ခန္ဓာကိုယ်မှာ ရောဂါတွေ ဘယ်လောက်တောင် များနေတာလဲ။ နှလုံးမှာ ပြဿနာ ရှိတယ်။ မွေးရာပါ ဖွံ့ဖြိုးမှု အားနည်းတယ်။ အခုအချိန်ထိ အသက်ရှင်နေတာကိုက အံ့မခန်းပဲ။ အချိန်မရွေး သေသွားနိုင်တယ်။

“ကျောက်ကပ်မှာလည်း ပြဿနာ ရှိတယ်။ ပြဿနာ ရှိရုံတင် ဘယ်ကမလဲ။ အခုချက်ချင်း သေတော့မယ့် အနေအထားပဲ။ အဆုတ်မှာလည်း ပြဿနာ ရှိတယ်။ အစာအိမ် မှာလည်း ပြဿနာ ရှိတယ်။ ဒီလူက ဘယ်လိုလုပ် အခုအချိန်ထိ အသက်ရှင်နေတာလဲ။မသေသေးတာ တကယ် အံ့ဩစရာပဲ။”

ဘေးရှိ တပည့်ဖြစ်သူက မေးလိုက်သည်။ “ဆရာ... ဒါဆို ဒီလူကို ကယ်လို့ ရနိုင်မလား။”

ဆေးဘုရင် အဘိုးအိုက ခေါင်းခါလိုက်၏။ “သက်တမ်း နည်းနည်း ဆွဲဆန့်ပေးလို့တော့ ရတယ်။ နှစ်အနည်းငယ်လောက် ပိုအသက်ရှင်နိုင်မယ်။ အပြည့်အဝ ပျောက်ကင်းအောင်တော့ ကယ်လို့ မရဘူ။ အလွန်ဆုံး နှစ်နှစ်၊ သုံးနှစ်ပဲ... သေချာပေါက် သေရမှာပဲ။”

တပည့်ဖြစ်သူက ပြောလိုက်သည်။ “ဆရာ... မြွေတွင်းဘက်က အချိန်တန်လောက်ပြီ ထင်တယ်။”

ဆေးဘုရင် အဘိုးအိုက ခေါင်းခါလိုက်၏။ “ခဏစောင့်အုံး... မလောနဲ့၊ မလောနဲ့။ အဲဒီ လူချောလေးကို ငါ ကြည့်ရတာ လုံးဝ မျက်စိနောက်တယ်။ သူ့ကို ပိုပြီး ဆိုးဆိုးရွားရွား အသေခံခိုင်းလိုက်အုံး။ အရင်ဆုံး မြွေဆိပ်တွေ သူ့ခန္ဓာကိုယ်ထဲ ဝင်သွားပါစေ။ ပြီးရင် အဆိပ်ကျွတ်တွေ စုပ်ခိုင်းမယ်။ သူ့ရဲ့သွေး ဆယ်ပေါင်ကျော်လောက်ကို အလဟဿ အဖြစ်မခံနိုင်ဘူး။ ဆေးဖော်ဖို့ သေချာ သုံးရမယ်။”

ဆေးဘုရင် ဆိုသည်မှာ သေမင်း ပင် ဖြစ်၏။သူသည် လူနာများကို ကုသပေးရန် စိတ်ဝင်စားမှု သိပ်မရှိချေ။အလွန် ရှားပါးပြီး ကုသရန် ခက်ခဲသော ရောဂါများ ဆိုလျှင်သာ စိတ်ဝင်စားလေ့ ရှိသည်။ ထို့အပြင် သူ အနှစ်သက်ဆုံး အရာမှာ လူ့ခန္ဓာကိုယ်ကို အသုံးပြု၍ ဆေးဖော်စပ်ခြင်း ဖြစ်ပြီး သွေးများ၊ အဆိပ်ပြင်း များကို အသုံးပြု၍ ဆေးဖော်စပ်ခြင်း ဖြစ်၏။

ပုံမှန်အားဖြင့် မျှော်လင့်ချက် လုံးဝ မရှိတော့ဘူးဆိုမှသာ လူနာများကို ဤနေရာသို့ ပို့ဆောင်လေ့ ရှိကြသည်။ လူဆယ်ယောက် ပို့ဆောင်ပါက အများဆုံး တစ်ယောက်သာ အသက်ရှင်လေ့ ရှိ၏။ အခြား သမားတော်ကြီးများက သေဒဏ် ပေးပြီးနောက်မှသာ နာကျင်စွာဖြင့် ဤဆေးဘုရင် ထံသို့ ပို့ဆောင်ကြခြင်း ဖြစ်သည်။

ဤနေရာသို့ ရောက်ရှိလာသည်နှင့် ထိုလူနာသည် မိသားစုနှင့် မသက်ဆိုင်တော့ဘဲ သူ၏ ခန္ဓာကိုယ်၊ အထူးသဖြင့် သူ၏ သွေးများသည် ဆေးဘုရင်၏ ပုဂ္ဂလိက ပိုင်ဆိုင်မှု ဖြစ်သွားတော့၏။

နှလုံးသားကို ဓားမြှောင်ဖြင့် ထိုးဖောက်ခံရပါက မည်သူမဆို သေဆုံးမှာဖြစ်ပြီး ယွင်ကျုံးဟဲ့လည်း ခြွင်းချက် မဟုတ်ပေ။သို့ဆိုလျှင် သူ အဘယ်ကြောင့် မသေသေးသနည်း။

နက်နဲသော အကြောင်းရင်း မရှိချေ။ နှလုံး ဖွံ့ဖြိုးမှု မူမမှန်ခြင်းကြောင့်သာ ဖြစ်၏။ အမြွှာ ဖြစ်ခြင်းကြောင့်လား သို့မဟုတ် အခြား အကြောင်းရင်းကြောင့်လား မသိသော်လည်း အတိုချုပ်ဆိုရလျှင် ယွင်ကျုံးဟဲ့၏ နှလုံးသားသည် ပုံမှန် နေရာတွင် မရှိဘဲ အတော်လေး လွဲချော်နေခြင်း ဖြစ်သည်။

ထို့ကြောင့် ယန်ဖြန်ရှန်သည် အလွန် တိကျစွာ ချိန်ရွယ်ပြီး ပုံမှန်လူများ၏ နှလုံးသားနေရာသို့ တိုက်ရိုက် ထိုးစိုက်ခဲ့သော်လည်း ယွင်ကျုံးဟဲ့ ၏ နှလုံးသားမှာ ထိုနေရာတွင် မရှိခဲ့ချေ။

ရင်ဘတ်ကို ထိုးဖောက်ခံရပြီးနောက် ယွင်ကျုံးဟဲ့သည် အပြည့်အဝ အသက်ရှူရပ်သွားသော အနေအထားသို့ ရောက်ရှိသွားခဲ့၏။

အခြားသူများဆိုလျှင် ထိုသို့ အပြည့်အဝ အသက်ရှူရပ်သွားအောင် ပြုလုပ်နိုင်မှာ မဟုတ်သော်လည်း အမှတ် (၂၇) လူနာ သရဲမ အတွက်မူ လုံးဝ ပြဿနာ မရှိချေ။

သရဲမဟု ခေါ်ဆိုရခြင်းမှာ အလောင်းများ၏ နောက်ဆုံး မှတ်ဉာဏ်များကို ခံစားသိရှိနိုင်သောကြောင့် ဖြစ်၏။ သူမ၏ ထိန်းချုပ်မှု အောက်တွင် အသက်ရှူရပ်သွားခြင်းနှင့် အမှန်တကယ် သေဆုံးခြင်းမှာ ကွာခြားမှု မရှိတော့ပေ။

ထို့အပြင် ဤအချိန်တွင် အသက်ရှူရပ်သွားရန်မှာ မဖြစ်မနေ လိုအပ်ချက် တစ်ခု ဖြစ်လာခဲ့၏။ ယန်ဖြန်ရှန်၏ ဓားမြှောင်သည် ယွင်ကျုံးဟဲ့၏ နှလုံးသားကို မထိခိုက်ခဲ့သော်လည်း သွေးကြော အများအပြားကို ထိခိုက်ခဲ့သည်။ ဓားမြှောင်ကို မဆွဲထုတ်သေးသော်လည်း သွေးများ ဆက်တိုက် ထွက်နေဆဲ ဖြစ်၏။

အကယ်၍ အသက်ရှူရပ်သွားသော အနေအထားသို့ မရောက်ရှိပါက အကျိုးဆက်တစ်ခု ဖြစ်ပေါ်လာမှာ ဖြစ်သည်။ ယွင်ကျုံးဟဲ့၏ ခန္ဓာကိုယ် အတွင်း၌ သွေးထွက်လွန်ပြီး အစွမ်းထက် သမားတော်များ၏ ကုသမှု မရှိပါက သေချာပေါက် သေဆုံးပေလိမ့်မည်။

အသက်ရှူရပ်သွားသော အနေအထားသို့ ရောက်ရှိသွားပြီးနောက်တွင် အနိမ့်ဆုံး အသက်ရှင်မှု လက္ခဏာများ ကိသာ ထိန်းသိမ်းထားနိုင်တော့သည်။

ထိုနေ့က ယွင်ကျုံးဟဲ့တွင် နှလုံးခုန်သံ မရှိတော့ဘဲ အသက်ရှူသံနှင့် သွေးခုန်နှုန်းများ ရပ်တန့်သွားသည်ကို မြင်တွေ့ရချိန်မှာတော့ သခင်ကြီးဖုန်းရှင်းမြဲ့သည် အလွန်အမင်း ဝမ်းနည်းကြေကွဲခဲ့ပြီးနောက် ယွင်ကျုံးဟဲ့ အသတ်ခံလိုက်ရပြီဖြစ်ကြောင်း မင်းသား ယင်ချွဲ့ထံ သတင်းပို့ကာ လက်စားချေ စစ်ပွဲဆင်နွှဲရန် အကြောင်းကြားခဲ့၏။

ထို့နောက် သူသည် မြေပြင်ပေါ်တွင် ဒူးထောက်ကာ နာရီဝက်ခန့် ငေးမောနေခဲ့သည်။ ထိုအချိန်တွင် သူသည် လူတစ်ယောက်ကို ရုတ်တရက် သတိရသွား၏။

ဆေးဘုရင်စွန်း - ထိုလူ၏ ဆေးပညာမှာ နတ်ဘုရားများကဲ့သို့ အစွမ်းထက်ပြီး သေသူကိုပင် ပြန်လည် ရှင်သန်စေနိုင်ကြောင်း ကောလဟလများ ရှိသည်။

တစ်ချိန်တည်းမှာပဲ ထိုလူသည် သေမင်းဖြစ်ပြီး သူ၏ လက်ထဲသို့ ပို့ဆောင်ခံရသူ ဆယ်ယောက်တွင် တစ်ယောက်သာ အသက်ရှင်လေ့ရှိကြောင်း ကောလဟလ များလည်း ရှိ၏။ ကျန်ကိုးယောက်မှာ အပိုင်းပိုင်း ခုတ်ထစ်ခံရပြီး ထူးဆန်းသော ဆေးများ အဖြစ် ပြောင်းလဲသွားလေ့ ရှိ၏။

တိုက်ဆိုင်စွာပင် သခင်ကြီးဖုန်းရှင်းမြဲ့၏ မွေးစားအဖေ အကြီးအကဲရွှီတွင် ဆေးဘုရင်စွန်း၏ ကျောက်စိမ်းပြား တစ်ပြား ရှိနေ၏။

ထို့ကြောင့် သခင်ကြီးဖုန်းရှင်းမြဲ့ သည် ရေခဲတုံး အမြောက်အမြားကို ရှာဖွေကာ ယွင်ကျုံးဟဲ့၏ အလောင်းကို ရေခဲများကြားတွင် ထည့်ပြီး အမြန်ဆုံး အမြန်နှုန်းဖြင့် ဆေးဘုရင် ချိုင့်ဝှမ်းသို့ ပို့ဆောင်ခဲ့သည်။

အခြား တစ်ဖက်တွင် သူသည် လူလွှတ်ကာ တာယင်အင်ပါယာ မြို့တော်သို့ ချက်ချင်း ပြန်စေပြီး အကြီးအကဲရွှီထံမှ ဆေးဘုရင်ချိုင့်ဝှမ်း၏ ကျောက်စိမ်းပြားကို ယူဆောင်စေခဲ့၏။

ဤသို့ဖြင့် ယွင်ကျုံးဟဲ့ သည် မိုင်ထောင်ချီ ဝေးကွာသော ဆေးဘုရင် ချိုင့်ဝှမ်းသို့ ရောက်ရှိလာခဲ့သည်။ သေချာသည်မှာ ယွင်ကျုံးဟဲ့ကို လက်ခံချိန်တွင် ဆေးဘုရင် ချိုင့်ဝှမ်းမှ တပည့်က ဤလူ သေဆုံးနေပြီ ဖြစ်ကြောင်း ရှင်းလင်းစွာ ပြောဆိုခဲ့သည်။

ခင်ဗျားတို့ ပို့ဆောင်လာသော်လည်း အသက်ရှင်နိုင်မည် မဟုတ်ဘဲ ကျုပ်တို့၏ ဆေးအဖြစ်သာ ပြောင်းလဲသွားမှာ ဖြစ်သောကြောင့် ဤတန်ဖိုးကြီး ကျောက်စိမ်းပြားကို အလဟဿ အဖြစ်ခံမည်လားဟုဆိုကာ ဖုန်းရှင်းမြဲ့ကို သေချာ စဉ်းစားရန် ပြောဆိုခဲ့၏။

ဖုန်းရှင်းမြဲ့သည် မည်သို့ ပြုလုပ်နိုင်မည်နည်း။ ယွင်ကျုံးဟဲ့သည် အသက်ရှူသံ မရှိသကဲ့သို့ နှလုံးခုန်သံလည်း မရှိတော့ရာ အပြည့်အဝ သေဆုံးနေပြီ ဖြစ်သည်။

သူသည် မျှော်လင့်ချက် ၀.၀၁ ရာခိုင်နှုန်းဖြင့်သာ ဆေးဘုရင် ချိုင့်ဝှမ်းသို့ လာရောက်ခဲ့ခြင်း ဖြစ်သည်။ ဤသို့ဖြင့် ယွင်ကျုံးဟဲ့သည် ဆေးဘုရင်ချိုင့်ဝှမ်း အတွင်းသို့ ရောက်လာခဲ့ခြင်းဖြစ်၏။

......

All Chapters