အခန်း (၂၀၅-၂၀၆)
Vol. 18 Ch. 205-206
အပိုင်း (၂၀၅)
ဆေးဘုရင်သည် ယွင်ကျုံးဟဲ့၏ ခန္ဓာကိုယ်ကို စစ်ဆေးပြီးနောက် စကားနှစ်ခွန်း ပြောခဲ့သည်။ “ဒီလူ့ ခန္ဓာကိုယ်က တကယ် ထူးဆန်းတာပဲ။ သေနေပြီ ဖြစ်ပေမဲ့ အသက်ရှင်နေသေးတယ်။ ဒါက နှလုံး ဖွံ့ဖြိုးမှု မူမမှန်တာပဲ။”
သို့ပေမည့် သူသည် ယွင်ကျုံးဟဲ့၏ ရုပ်ရည်ကို အလွန် မုန်းတီးသောကြောင့် သူ့ကို မြွေတွင်းထဲ ပစ်ချကာ သူ၏ သွေးများကို အသုံးပြု၍ ဆေးဖော်စပ်ရန် ဆုံးဖြတ်ခဲ့၏။
“အချိန်တန်လောက်ပြီ။”
ဆေးဘုရင်က ပြောလိုက်သည်။ “အဲဒီ အလောင်းကို ပြန်ဆွဲတင်လိုက်တော့။ အခု အချိန်မှာ အဆိပ်သွေးတွေက လတ်ဆတ်နေသေးတယ်။ အချိန်ကြာသွားရင် မလတ်ဆတ်တော့ဘူး။”
“ကောင်းပါပြီ။” တပည့်ဖြစ်သူသည် ရှေ့သို့ တိုးသွားကာ မြွေတွင်း၏ တံခါးငယ်ကို ဖွင့်လိုက်၏။
ထို့နောက် သူ အပြည့်အဝ မှင်တက်သွားတော့သည်။ အကြောင်းမူ ယွင်ကျုံးဟဲ့ သည် ထိုနေရာတွင် ကောင်းမွန်စွာ လှဲလျောင်းနေပြီး မလှုပ်မယှက် ရှိနေဆဲ ဖြစ်သောကြောင့်ပင်။
မရေမတွက်နိုင်သော အဆိပ်မြွေများသည် ဘေးတစ်ဖက်တွင် လုံးဝ စုပုံနေကြပြီး အချင်းချင်း ရစ်ပတ်နေကြကာ ကြီးမားသော ထိတ်လန့်မှု တစ်ခုခုကို ကြုံတွေ့လိုက်ရသကဲ့သို့ ဖြစ်နေ၏။
“ဆရာ... လာကြည့်ပါအုံး။” တပည့်ဖြစ်သူက ပြောလိုက်သည်။
ဆေးဘုရင် လာကြည့်ချိန်မှာတော့ လွန်စွာ ထိတ်လန့်သွားတော့သည်။ ဤကဲ့သို့ အခြေအနေမျိုးကို သူ ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်း ဖြစ်၏။
ယခင်က မြွေတွင်းထဲသို့ ပစ်ချခံရသူ အားလုံးသည် အလောင်းပင် အကောင်း ပကတိ မကျန်ရစ်ခဲ့ချေ။ အလွန်ဆုံး ဆယ့်ငါးမိနစ် အတွင်း တစ်ကိုယ်လုံး ဖောင်းကားလာပြီး လူပုံမပေါက် သရဲပုံမပေါက် ဖြစ်သွားလေ့ ရှိသည်။
ထို့နောက် သူတို့၏ သွေးများကို အကုန်စုပ်ယူကာ ထူးဆန်းသော အဆိပ်ပြင်းများကို ဖန်တီးပြီး ဆေးဖော်စပ်ရာတွင် အသုံးပြုလေ့ ရှိ၏။
ယခုအခါ ဤအဆိပ်မြွေများသည် သေလုမျောပါး လူတစ်ယောက်ကို ကြောက်ရွံ့နေသည်လား။ ဤသည်မှာ မည်သို့ ဖြစ်ရသနည်း။ဤလူသည် မသေသင့်သော သူလား။
“ပြန်ဆွဲတင်... ပြန်ဆွဲတင်လိုက်တော့။” ဆေးဘုရင်က ပြောလိုက်သည်။
ခဏအကြာတွင် ယွင်ကျုံးဟဲ့သည် မြွေတွင်းထဲမှ ပြန်လည် ဆွဲတင်ခံရပြီး ကုတင်ပေါ်တွင် လှဲလျောင်းထားခံရ၏။ ဆေးဘုရင်သည် ယွင်ကျုံးဟဲ့ ၏ ခန္ဓာကိုယ်ကို အသေးစိတ် စစ်ဆေးကာ ကုသနိုင်ခြေ ရှိမရှိ စူးစမ်းနေ၏။
“ဒါနဲ့ ဒီလူကို ပို့လာတဲ့သူတွေက ပစ္စည်း တစ်ခုလည်း ပို့လိုက်တယ်။ နတ်ဆေးလို့ ခေါ်ပေမဲ့ ကျုပ်တို့ကတော့ အမှိုက်ပုံးထဲ ပစ်လိုက်ပြီ။”
တပည့်ဖြစ်သူက ပြောလိုက်သည်။ “ကျုပ်တို့ ရှေ့မှာလာပြီး နတ်ဆေးလို့ ခေါ်နေတာ တကယ်ကို ရယ်စရာ ကောင်းလွန်းပါတယ်။”
“သွားကောက်လာခဲ့... ကြည့်ရအောင်။” ဆေးဘုရင် က ပြောလိုက်၏။
ခဏအကြာတွင် တပည့်ဖြစ်သူသည် အမှိုက်ပုံထဲမှ သေတ္တာ တစ်လုံးကို ယူလာခဲ့၏။ ဤသည်မှာ ဖုန်းရှင်းမြဲ့ ယူဆောင်လာသော ယွင်ကျုံးဟဲ့၏ ကိုယ်ပိုင် ဆေးသေတ္တာပင် ဖြစ်သည်။
ဆေးဘုရင်သည် သေတ္တာကို အနည်းငယ် စစ်ဆေးကြည့်ပြီး အတွင်းရှိ နတ်ဆေး ဆိုသော ပင်နီဆီလင် များကိုလည်း စစ်ဆေးကြည့်သည်။ ထို့နောက် အတွင်းရှိ ထူးဆန်းသော ကိရိယာများကိုလည်း စစ်ဆေးကြည့်၏။
“ဒါနဲ့ သူတို့က ပြောသေးတယ်။ သေတော့မယ့် ဒီလူကလည်း နတ်သမားတော် တစ်ယောက်ဖြစ်ပြီး သူ့ရဲ့ မှတ်စုစာအုပ်ထဲမှာ ကုသနည်းတွေ အများကြီး မှတ်တမ်းတင်ထားတယ်တဲ့။”
တပည့်ဖြစ်သူက ဆက်ပြောသည်။ “ပြီးတော့ ကျုပ်တို့ကို သေချာ ဖတ်ကြည့်ဖို့ အထပ်ထပ် မှာသွားသေးတယ်။ တကယ်ကို လေလုံးထွားပြီး ဆရာ့ရှေ့မှာ လာကြွားနေတာပဲ။”
ဆေးဘုရင်သည် မည်သည့်စကားမှ မပြောဘဲ ထိုမှတ်စုစာအုပ်ကို သေချာစွာ စစ်ဆေးနေ၏။
ယွင်ကျုံးဟဲ့သည် ကုသနည်း အများအပြားကို အမှန်တကယ် မှတ်တမ်းတင်ထားခဲ့၏။ ဥပမာ - သွေးတိတ်အောင် မည်သို့ ချုပ်ရမည်၊ ပင်နီဆီလင်ဖြင့် ရောင်ရမ်းမှုကို မည်သို့ လျှော့ချရမည် စသည်တို့ ဖြစ်သည်။
သွေးသွင်းနည်း၊ သွေးအမျိုးအစား ခွဲခြားနည်း စသည်တို့ကိုလည်း မှတ်တမ်းတင်ထားသည်။ စာမျက်နှာ ရာချီ မှတ်တမ်းတင်ထားပြီး အသေးစိတ် ပုံကြမ်းများလည်း ပါဝင်၏။
“ဆရာ... အရမ်း ရယ်ရတယ် မဟုတ်လား။ ဒီလို လူမျိုးက နတ်သမားတော်လို့ သူ့ကိုယ်သူ ခေါ်ရဲသေးတယ်။” တပည့်ဖြစ်သူက ဆက်ပြောသည်။
“ပါးစပ်ပိတ်ထား” ဆေးဘုရင်က အေးစက်စွာ အော်ဟစ်လိုက်၏။
သူသည် သေမင်း ဖြစ်သော်လည်း အစစ်အမှန် နတ်သမားတော် တစ်ဦးလည်း ဖြစ်သည်။ ထို့အပြင် သူ၏ ချိုင့်ဝှမ်း အတွင်း၌ နေရာတိုင်းတွင် အလောင်းများ ပြည့်နှက်နေပြီး သူ အနှစ်သက်ဆုံး အရာမှာ လူ့အလောင်းများကို ခွဲစိတ် လေ့လာခြင်း ဖြစ်သည်။
အခြားသူများ ယွင်ကျုံးဟဲ့၏ မှတ်စုစာအုပ်ကို ဖတ်လျှင် နားလည်မည် မဟုတ်သော်လည်း သူကမူ ရှင်းလင်းစွာ နားလည်နေ၏။ ဖတ်လေလေ ပိုမို အံ့ဩလေလေ ဖြစ်သည်။ ယခင်က သူ၏ သံသယများ အားလုံး ချက်ချင်း ရှင်းလင်းသွားခဲ့၏။
‘ဒီလူချောလေးက တကယ်ကို သမားတော် တစ်ယောက်ပဲ။ ပြီးတော့ နတ်သမားတော် တစ်ယောက်ပဲ။’
ဆေးဘုရင်သည် ချက်ချင်း စိတ်လှုပ်ရှားလာတော့၏။ အကြောင်းမှာ ဤအရာက သူ လျှောက်လှမ်းနေသော လမ်းကြောင်း မှန်ကန်ကြောင်း သက်သေပြနေသောကြောင့် ဖြစ်သည်။
လူအများစုက သူ၏ လမ်းကြောင်းသည် လမ်းမှားဖြစ်ပြီး လုံးဝ အောင်မြင်နိုင်မည် မဟုတ်ဘဲ လမ်းလွဲနေသည်ဟု ယူဆကြ၏။ သို့ပေမည့် မျက်စိရှေ့ရှိ ဤလူ၏ မှတ်စုစာအုပ်တွင် သူ ဆေးဘုရင် လျှောက်လှမ်းနေသော လမ်းကြောင်းသည် ဆေးပညာ၏ အဓိက လမ်းကြောင်း ဖြစ်ကြောင်း ရှင်းလင်းစွာ မှတ်တမ်းတင်ထား၏။
ဤလမ်းကြောင်းကို သူ အောင်မြင်စွာ လျှောက်လှမ်းနိုင်ပေလိမ့်မည်။ ထို့အပြင် သူသည် ဂိုဏ်းသစ် တစ်ခုပင် တည်ထောင်နိုင်သေးသည်။
‘မီတျဲ့ချိုင့်ဝှမ်း... ခင်ဗျားတို့ နောင်တရလိမ့်မယ်။ ကျုပ်ကို နှင်ထုတ်ခဲ့တဲ့အတွက် ခင်ဗျားတို့ သေချာပေါက် နောင်တ ရလိမ့်မယ်။ တစ်နေ့ကျရင် ကျုပ် ဆေးဘုရင် တစ်ယောက်တည်းနဲ့ ခင်ဗျားတို့ မီတျဲ့ချိုင့်ဝှမ်း တစ်ခုလုံးကို အပြတ်အသတ် အနိုင်ယူပြမယ်။
ဟား… ဟား… ဟား... ဒီပို့လိုက်တဲ့ သေလုမျောပါးလူက ကျုပ်နဲ့ ဝါသနာတူ မိတ်ဆွေ ဖြစ်နေလိမ့်မယ်လို့ လုံးဝ မထင်မှတ်ထားခဲ့ဘူး။’
ထို့နောက် ဆေးဘုရင်သည် ယွင်ကျုံးဟဲ့ကို မည်သို့ ကုသရမည်ကို အလေးအနက် စဉ်းစားလေတော့သည်။ နှလုံးကို မထိခိုက်ခဲ့သော်လည်း အတွင်းပိုင်းတွင် သွေးများစွာ ထွက်နေ၏။
အလွန် ထူးဆန်းလှ၏။ နှလုံးခုန်သံ မရှိသကဲ့သို့ အသက်ရှူသံလည်း မရှိသော်လည်း အပြည့်အဝ မသေသေးချေ။ ဤသည်မှာ အပြည့်အဝ အသက်ရှူရပ်သွားသော အနေအထားပင် ဖြစ်သည်။
ဆေးဘုရင် တစ်ဦးအနေဖြင့် သူသည် ထူးဆန်းသော ရောဂါများစွာကို မြင်တွေ့ဖူးပြီး အသက်ရှူရပ်သွားသော အနေအထားများကိုလည်း တွေ့ဖူး၏။
ကောလဟလအားလုံးက သေပြီဟု ထင်ပြီး အခေါင်းထဲ ထည့်ကာ သင်္ဂြိုဟ်ဖို့ ပြင်ဆင်နေချိန်တွင် လူမည်မျှ အခေါင်းထဲက ပြန်ထွက်လာသည်ကို တွေ့ဖူးခဲ့သနည်း။ ရှေးခေတ်တည်းက ယခုထိ မရေမတွက်နိုင်အောင် ရှိခဲ့သည်။
သို့ပေမည့် မျက်စိရှေ့ရှိလူကဲ့သို့ ရက်အတော်ကြာ အသက်ရှူရပ်သွားသော အနေအထားမျိုးကိုမူ တစ်ခါမှ မမြင်ဖူးသကဲ့သို့ မကြားဖူးချေ။ ထို့အပြင် သူ၏ သွေးထွက်လွန်မှုမှာလည်း အလွန် အံ့မခန်းဖြစ်ပြီး ဗိုက်တစ်ခုလုံး ဖောင်းကားနေပြီ ဖြစ်၏။
အနည်းငယ် လှုပ်ရှားလိုက်သည်နှင့် ပါးစပ်နှင့် နှာခေါင်းမှ သွေးများ ဆက်တိုက် ထွက်လာပြီး ထိုသွေးများ မှာလည်း ပုပ်သိုးကာ ညှီနံ့ထွက်နေပြီ ဖြစ်၏။ သို့ပေမည့် ယခုအချိန်တွင် သူ အပြည့်အဝ မသေသေးပါက ကုသရန် မခက်ခဲချေ။
ပထမဆုံး ခွဲစိတ်ပြီး သွေးထုတ်ရမည်။ ဗိုက်ပေါ်တွင် ဓားဖြင့် ခွဲကာ ခန္ဓာကိုယ် အတွင်းရှိ သွေးခဲများကို စုပ်ထုတ်ရမည်။ သေချာပေါက် ပြောင်စင်အောင် စုပ်ထုတ်ရမှာ ဖြစ်၏။ လိုအပ်ပါက ပါးစပ်ဖြင့် စုပ်ထုတ်ရမည်။
ဓားမြှောင်ကို မဆွဲထုတ်ရသေးသောကြောင့် သွေးထွက်နှေးသော်လည်း ယွင်ကျုံးဟဲ့၏ ဗိုက်တစ်ခုလုံး သွေးများ ပြည့်နှက်နေ၏။ အချိန်အတော်ကြာ ယူပြီးနောက် ဆေးဘုရင်သည် သွေးခဲ အားလုံးကို အပြည့်အဝ စုပ်ထုတ်နိုင်ခဲ့သည်။
ထို့နောက် ဆေးကြောရမှာ ဖြစ်၏။ မူလက သူသည် ရေချိုဖြင့် တိုက်ရိုက် ဆေးကြောလေ့ ရှိသည်။ သို့ပေမည့် ယွင်ကျုံးဟဲ့၏ မှတ်စုစာအုပ် မှတ်တမ်းအရ ဆားရည်ကို ဖန်တီးကာ ဆေးကြောရန် ရွေးချယ်လိုက်၏။
ထို့နောက် ရင်ဘတ်ရှိ ဓားမြှောင်ကို ဆွဲထုတ်ရမည့် အဆင့်ပင်။ ဤဓားမြှောင်သည် ရင်ဘတ်တွင် ရက်အတော်ကြာ စိုက်ဝင်နေခဲ့သော်လည်း ယခုအခါ ဆွဲထုတ်လိုက်ပြီ ဖြစ်သည်။
သံချေး မတက်နေသည်မှာ ကံကောင်းလှသည်။ မဟုတ်လျှင် ယွင်ကျုံးဟဲ့ သည် စောစောစီးစီးကပင် သေဆုံးနေပြီ ဖြစ်၏။ သို့သော်ငြား ဤဓားမြှောင်ကို ဆွဲထုတ်လိုက်သည်နှင့် သွေးများ ရူးသွပ်စွာ ပန်းထွက်လာတော့၏။
“ဆေးကြော… ဆေးကြော… ဆေးကြောကြ...”
“မှတ်စုစာအုပ်ကိုဖွင့်... ကျုပ် သေချာ ကြည့်ပါရစေ... သေချာ ကြည့်ပါရစေအုံး။”
“အပ်ကွေး... အပ်ကွေး... သိုးအူကြိုး... သိုးအူကြိုးပေး...”
နောက်ဆက်တွဲ အနေဖြင့် ဤဆေးဘုရင်သည် ယွင်ကျုံးဟဲ့၏ ဒဏ်ရာများကို ချုပ်ပေးရတော့မှာ ဖြစ်၏။ အထူးသဖြင့် သွေးကြော ပေါက်ပြဲသွားသော နေရာများကို ဖြစ်သည်။
ယခင်က သူသည် လူအမြောက်အမြားကို ခွဲစိတ်ခဲ့ဖူးပြီး လူများကိုလည်း ချုပ်ပေးခဲ့ဖူး၏။ သို့ပေမည့် သူ၏ ချုပ်လုပ်မှုသည် လူများကို ကယ်တင်ရန် မဟုတ်ဘဲ တိရစ္ဆာန်၏ ခြေထောက်ကို လူ့ခြေထောက်တွင် တပ်ဆင်ပါက မည်သို့ ဖြစ်လာမည်ကို စမ်းသပ်ရန်သာ ဖြစ်၏။
ထိုအခြေအနေ၏ ရလဒ်ကတော့ သေချာပေါက် သေဆုံးခြင်းပင်။ သို့သော်ငြား အတိုချုပ်ဆိုရလျှင် သူ ချုပ်လုပ်ဖူး၏။ သို့ပေမည့် ချုပ်လုပ်ခြင်းနှင့် ပတ်သက်၍ သူ၏ နားလည်မှုမှာ မလုံလောက်သေးချေ။
ယွင်ကျုံးဟဲ့၏ မှတ်စုစာအုပ်တွင်မူ အလွန် ရှင်းလင်းစွာ ရေးသားထားပြီး ပုံကြမ်းများလည်း အလွန် အသေးစိတ် ပါဝင်သည်။ ကြွက်သားများ၊ အရေပြားများကို ချုပ်လုပ်ရုံသာမက သွေးကြောများ၊ အာရုံကြောများကိုပင် ချုပ်လုပ်ခြင်း ဖြစ်၏။
ဆေးဘုရင်သည် ဤကိစ္စတွင် ဗဟုသုတအရ ယွင်ကျုံးဟဲ့ကို မမီသော်လည်း နည်းပညာအရမူ အမှန်တကယ် ပထမတန်းစား ဖြစ်သည်။
ချုပ်လုပ်မှု ရလဒ်မှာ ယွင်ကျုံးဟဲ့ လောက် မကောင်းသော်လည်း အလွန် အံ့မခန်း ဖြစ်နေပြီ ဖြစ်သည်။ တစ်နာရီကျော် အကြာတွင် သူသည် ယွင်ကျုံးဟဲ့၏ ဒဏ်ရာများကို အောင်မြင်စွာ ချုပ်လုပ်နိုင်ခဲ့ပြီး သွေးတိတ်အောင် ပြုလုပ်နိုင်ခဲ့၏။
နောက်ဆက်တွဲ ဘာလုပ်သင့်သနည်း။ ဟုတ်ပေ၏။ နတ်ဆေး ဟုခေါ်သော အရာကို ဆားရည်ဖြင့် ရောစပ်ကာ သွေးကြော အတွင်းသို့ ထိုးသွင်းရကာ ဆေးပုလင်း ချိတ်ရမှာဖြစ်သည်။
နောက်ဆုံး၌ အရာအားလုံး ပြီးစီးသွားခဲ့၏။ ကုသမှု လုပ်ငန်းစဉ် တစ်ခုလုံးသည် နာရီအတော်ကြာ ကြာမြင့်ခဲ့ပြီး ဆေးဘုရင်မှာ အလွန်အမင်း ပင်ပန်းသွားခဲ့၏။ သို့ပေမည့် သူသည် အလွန် ကျေနပ်နေသည်။ အလွန် အရသာရှိလှ၏။ ကမ္ဘာသစ် တစ်ခု၏ တံခါးကို ဖွင့်လှစ်လိုက်ရသကဲ့သို့ပင်။
သို့ပေမည့် ယွင်ကျုံးဟဲ့သည် ပြန်လည် ရှင်သန်လာခြင်း မရှိသေးပေ။ သူ၏ အသက်ရှင်မှု လက္ခဏာများသည် ဆက်လက် ကျဆင်းသွားခဲ့၏။ ယခင်က အသက်ရှူရပ်သွားသော အနေအထား ဖြစ်သော်လည်း ဤတစ်ကြိမ်တွင်မူ သေမင်းဆီသို့ အမှန်တကယ် လျှောက်လှမ်းနေခြင်း ဖြစ်သည်။
အကြောင်းရင်းမှာ အလွန် ရိုးရှင်းလှ၏။ သွေးထွက်လွန်ခြင်းကြောင့် ဖြစ်သည်။ ဆေးဘုရင်သည် သူ့ကို ခွဲစိတ်ရန်အတွက် ရင်ဘတ်မှ ဓားမြှောင်ကို ဆွဲထုတ်လိုက်ချိန်တွင် အချိန်တိုအတွင်း သွေးများစွာ ထွက်သွားခဲ့၏။
သူ၏ ခန္ဓာကိုယ် အတွင်းရှိ သွေးများသည် ခန္ဓာကိုယ် အပူချိန်ကို မထိန်းသိမ်းနိုင်တော့သကဲ့သို့ ခန္ဓာကိုယ် လုပ်ဆောင်ချက်များကိုလည်း မထိန်းသိမ်းနိုင်တော့ချေ။
အသက်ရှူရပ်သွားသော အနေအထားတွင် ရှိနေလျှင်ပင် အချိန်အကြာကြီး တောင့်ခံနိုင်မည် မဟုတ်ပေ။ အမှန်တကယ်ပင် သေတော့မှာဖြစ်၏။ နတ်ဘုရားများပင် ကယ်တင်ရန် ခက်ခဲလှသည်။
“မဖြစ်ဘူး... ဒီလူက သေချာပေါက် သေတော့လိမ့်မယ် မသေရဘူး... မသေရဘူး။ ဘယ်လို ကယ်ရမလဲ။ ဟုတ်တယ်... သွေးထွက်လွန်ရင် ချက်ချင်း သွေးသွင်းရမယ်။”
ဆေးဘုရင်သည် ယွင်ကျုံးဟဲ့၏ မှတ်စုစာအုပ်ကို သေချာစွာ ပြန်လည် ဖတ်ရှုပြီး သွေးအမျိုးအစား မည်သို့ ခွဲခြားရမည်၊ သွေးမည်သို့ သွင်းရမည်ကို ရှင်းလင်းစွာ မှတ်သားလိုက်၏။
“သွေးသွင်းဖို့ ပြင်... သွေးသွင်းဖို့ ပြင်ကြ...”
“လူအရှင်တွေ ခေါ်လာ... လူအရှင်တွေ ခေါ်လာခဲ့...”
ဆေးဘုရင်၏ အမိန့်နှင့်အတူ တပည့်ဖြစ်သူသည် လူအရှင် ဆယ်ယောက်ကျော်ကို အမြန်ဆုံး ခေါ်ဆောင်လာခဲ့၏။ အားလုံးမှာ ကြိုးတုပ်ခံထားရပြီး သက်ရှိ လူသေများကဲ့သို့ ဖြစ်နေသည်။
ဤလူများသည် ဆေးဘုရင်၏ စမ်းသပ်ခံများ ဖြစ်ကြပြီး အဆိပ်စမ်းသပ်ခံရန် သို့မဟုတ် ပိုမို ကြောက်မက်ဖွယ် ကောင်းသော စမ်းသပ်မှုများ ပြုလုပ်ရန် ဖြစ်၏။
ယွင်ကျုံးဟဲ့၏ မှတ်စုစာအုပ်အရ ဆေးဘုရင်သည် သူတို့ကို သွေးဖောက်ထုတ်ကာ သွေးအမျိုးအစား စစ်ဆေးပြီး ယွင်ကျုံးဟဲ့နှင့် ကိုက်ညီမှု ရှိ၊ မရှိ၊ သွေးသွင်း၍ ရ၊ မရ စမ်းသပ်တော့၏။ ရလဒ်မှာ မကိုက်ညီပေ။ လူဆယ်ဂဏန်းကျော် အားလုံးကို စမ်းသပ်ပြီးသွားခဲ့ပြီ ဖြစ်သည်။
“သွေးအမျိုးအစား မကိုက်ညီဘူး။”
“သွေးအမျိုးအစား မကိုက်ညီဘူး။”
“သွေးအမျိုးအစား မကိုက်ညီဘူး။”
ဆေးဘုရင်သည် တပည့်ဖြစ်သူကို တိုက်ရိုက် အမိန့်ပေးလိုက်၏။ “မင်းရဲ့သွေးကို ဖောက်ထုတ်ပြီး ကိုက်ညီမှု ရှိမရှိ စစ်ဆေးစမ်း။”
ရလဒ်မှာ တပည့်ဖြစ်သူ၏ သွေးအမျိုးအစား လည်း မကိုက်ညီချေ။ ထို့နောက် ဆေးဘုရင်သည် သူ၏ ကိုယ်ပိုင် သွေးကို ဖောက်ထုတ်ကာ စစ်ဆေးကြည့်သော်လည်း ယွင်ကျုံးဟဲ့နှင့် မကိုက်ညီဘဲ သွေးခဲခြင်း ပြဿနာ ရှိနေဆဲ ဖြစ်သည်။
ထိုအချိန်တွင် ယွင်ကျုံးဟဲ့၏ အသက်ရှင်မှု လက္ခဏာများသည် တဖြည်းဖြည်း အားနည်းသည်ထက် အားနည်းလာခဲ့သည်။ သေမင်းနှင့် တဖြည်းဖြည်း နီးကပ်လာ၏။
.........................
အပိုင်း (၂၀၆)
“နည်းလမ်း မရှိတော့ဘူး။”
ဆေးဘုရင်က သက်ပြင်းချလျက် ပြောလိုက်သည်။ “ခင်ဗျားက ကျုပ်နဲ့ ဝါသနာတူ မိတ်ဆွေပါ။ ခင်ဗျားရဲ့ မှတ်တမ်း တော်တော်များများက ကျုပ်ရဲ့ စိတ်နဲ့ ထပ်တူကျပြီး ကျုပ်အတွက် လမ်းပြပေးခဲ့တယ်။ ကျုပ်လည်း ခင်ဗျားကို အရမ်း ကယ်ချင်ပါတယ်။
ဒါပေမဲ့ ကျုပ် တကယ် အစွမ်းကုန် ကြိုးစားခဲ့ပါပြီ။ ခင်ဗျားရဲ့ သွေးအမျိုးအစားက အရမ်း ရှားပါးလွန်းတယ်။ ကျုပ် လူရာဂဏန်းနီးပါး ရှာတာတောင် ခင်ဗျားနဲ့ ကိုက်ညီတဲ့သွေး တစ်ယောက်မှ မတွေ့ရဘူး။ လုံလောက်တဲ့သွေး ခင်ဗျားခန္ဓာကိုယ်ထဲ မရောက်ရင် ခင်ဗျား သေချာပေါက် သေရမှာပဲ။”
ထိုအချိန်မှာပဲ ဘေးမှ အားနည်းသော အသံတစ်ခု ထွက်ပေါ်လာ၏။ “ကျုပ် သွေးကို စမ်းကြည့်ပါ။”
ဆေးဘုရင် မှင်တက်သွားပြီး ဘေးသို့ လှမ်းကြည့်လိုက်၏။ ထိုသူမှာ လူဝကြီးပင် ဖြစ်သည်။ “ခင်ဗျား ဘယ်တုန်းက နိုးလာတာလဲ။”
လူဝကြီးသည် ခက်ခဲစွာဖြင့် လက်ဆန့်ထုတ်လျက် ပြောလိုက်သည်။ “ကျုပ် သွေးကို စမ်းကြည့်ပါ။”
ဆေးဘုရင်က ခေါင်းခါလိုက်၏။ “ခင်ဗျားရဲ့ နှလုံး ဖွံ့ဖြိုးမှု မူမမှန်တာက အရမ်း ပြင်းထန်တယ်။ ငယ်ငယ်လေးတည်းက အပြည့်အဝ ဖွံ့ဖြိုးမှု မရှိခဲ့ဘူး။ သူ့ကို ကယ်ချင်ရင် အနည်းဆုံး သွေး ပေါင်အတော်များများ သွင်းရမယ်။ ဒီလောက် သွေးများများ ဆုံးရှုံးသွားရင် ခင်ဗျား သေသွားလိမ့်မယ်။ ခင်ဗျားက တခြားလူတွေနဲ့ မတူဘူး။ ခင်ဗျား နှလုံးမှာ အားနည်းချက် ကြီးကြီးမားမား ရှိတယ်။”
လူဝကြီးက မယုံကြည်နိုင်စွာဖြင့် မေးလိုက်သည်။ “ခင်ဗျား ဘယ်လို သိလဲ။”
ဆေးဘုရင်က ပြောလိုက်၏။ “ကျုပ် လူထောင်ပေါင်းများစွာကို ခွဲစိတ်ခဲ့ဖူးတယ်။ ကျုပ် မသိဘဲ နေမလား။ ခင်ဗျားလို လူနာမျိုးကို တစ်ချက် ကြည့်လိုက်တာနဲ့ ဘာဖြစ်နေလဲဆိုတာ ကျုပ် သိတယ်။”
လူဝကြီးက ထပ်မေးလိုက်သည်။ “ဒါဆို ကျုပ် သွေးက သူ့ကို ကယ်နိုင်မလား။”
“မသိဘူး... သွေးအမျိုးအစား စစ်ဆေးကြည့်ရမယ်။” ဆေးဘုရင်က ပြောလိုက်၏။
လူဝကြီးက တောင်းဆိုလိုက်သည်။ “ဒါဆို အခုချက်ချင်း စစ်ဆေးပါ။”
ဆေးဘုရင်က အမိန့်ပေးလိုက်၏။ “သူ့ကို သွေးဖောက်ထုတ်လိုက်”
တပည့်ဖြစ်သူသည် လူဝကြီးထံမှ ချက်ချင်း သွေးဖောက်ထုတ်လိုက်ပြီး ယွင်ကျုံးဟဲ့၏ မှတ်စုစာအုပ်တွင် မှတ်တမ်းတင်ထားသော နည်းလမ်းဖြင့် သွေးအမျိုးအစား စစ်ဆေးတော့၏။ ဤအရာအတွက် ခေတ်မီ နည်းပညာများ မလိုအပ်သကဲ့သို့ ခေတ်မီ ပစ္စည်းများလည်း မလိုအပ်ပေ။
ဤသည်မှာ အယူအဆပိုင်း ဆိုင်ရာ အဆင့်မြင့်မှု တစ်ခု ဖြစ်၏။ သွေးကြည်ရည် နှင့် ဟီမိုဂလိုဘင် တို့ကို ခွဲခြားပြီး တစ်ဦး၏ ဟီမိုဂလိုဘင်ကို နောက်တစ်ဦး၏ သွေးကြည်ရည်ထဲသို့ ရောစပ်ကာ သွေးခဲခြင်း ပြဿနာ ရှိ၊ မရှိ ကြည့်ရှုရုံသာ ဖြစ်သည်။
ရလဒ်မှာ ဆေးဘုရင်နှင့် တပည့်ဖြစ်သူတို့ လုံးဝ မှင်တက်သွားကြ၏။ အကြောင်းမှာ လူဝကြီး၏ သွေးအမျိုးအစားသည် ယွင်ကျုံးဟဲ့၏ သွေးအမျိုးအစားနှင့် အပြည့်အဝ ကိုက်ညီနေသောကြောင့် ဖြစ်၏။
ဤသည်မှာ အလွန် ထူးဆန်းလွန်းလှ၏။လူရာဂဏန်း နီးပါး စမ်းသပ်ခဲ့သော်လည်း ယွင်ကျုံးဟဲ့နှင့် ကိုက်ညီသော သွေးအမျိုးအစားကို မတွေ့ရှိခဲ့ချေ။ ယခု လူဝကြီး အလှည့်ကျမှသာ ကိုက်ညီသွားခြင်းမှာ လုံးဝ တိုက်ဆိုင်မှု မဟုတ်ပေ။
ယခင်က ယွင်ကျုံးဟဲ့သည် သူ၏ သွေးအမျိုးအစားကို စမ်းသပ်ဖူးပြီး အလွန် ရှားပါးသော ပန်ဒါ သွေးအမျိုးအစား ဖြစ်ကြောင်း တွေ့ရှိခဲ့ဖူး၏။ဤကဲ့သို့ ဖြစ်နိုင်ခြေမှာ အလွန် နည်းပါးလွန်းလှရာ ဤလူနှစ်ယောက်မှာ မည်ကဲ့သို့ ပတ်သက်နေသနည်း။
“သုံးလို့ ရလား။” လူဝကြီးက အက်ကွဲသော အသံဖြင့် မေးလိုက်သည်။
ဆေးဘုရင် ခေါင်းညိတ်ပြလိုက်၏။
လူဝကြီး၏ မျက်လုံးများမှ မျက်ရည်များ စီးကျလာပြီး မျက်ဝန်းများတွင်မူ ဝမ်းသာအားရ ဖြစ်မှုများ ပေါ်လွင်နေသည်။ ‘ငါ နောက်ဆုံးတော့ မင်းကို ရှာတွေ့ပြီ။ ငါ့ညီ... ငါ နောက်ဆုံးတော့ မင်းကို ရှာတွေ့ပြီ။’
အမြွှာများတွင် စိတ်ချင်း ဆက်သွယ်မှု ရှိသည်ဟု ပြောလေ့ရှိကြသော်လည်း ယခင်က လူဝကြီးသည် မယုံကြည်ခဲ့ချေ။ သို့ပေမည့် မနှစ်က ကျင်းကျိုးမြို့မှ မြောက်ဘက်သို့ ထွက်ခွာပြီး ပိုင်ရှင်မဲ့နယ်မြေသို့ ဝင်ရောက်လာချိန်တွင် သူသည် သူတောင်းစားအိုကြီး တစ်ဦးနှင့် ဆုံတွေ့ခဲ့၏။
ထိုအချိန်က လူဝကြီးသည် ရင်တွင်း၌ တုန်လှုပ်မှု တစ်ခုကို ခံစားခဲ့ရပြီး တစ်ကိုယ်လုံး ကြက်သီးမွေးညင်း ထလာခဲ့သည်။ အကြောင်းရင်းကို သူ မသိခဲ့ပေ။
မျက်စိရှေ့ရှိ ဤသူတောင်းစားအိုကြီးကို အလွန် ရင်းနှီးသကဲ့သို့ ခံစားရသောကြောင့် သူသည် ရှေ့သို့ တိုးသွားကာ အချိန်အတော်ကြာ စကားပြောဆိုခဲ့၏။ သူတွင် ညီငယ် တစ်ယောက် ရှိသည်ဟု အမြဲတမ်း ခံစားရကြောင်း ကိုပင် အထူးတလည် ပြောပြခဲ့သည်။
သို့ပေမည့် တစ်ဖက်လူ၏ တုံ့ပြန်မှုမှာ သာမန်သာဖြစ်ပြီး ရုပ်ရည်ချင်းလည်း အလွန် ကွာခြားလွန်းသောကြောင့် လူဝကြီးသည် စိတ်ပျက်စွာ ထွက်ခွာခဲ့ရ၏။
သူ၏ သက်တမ်းအတွင်း မိန်းမ တစ်သောင်းနှင့် အိပ်စက်ကာ ဤဘဝအတွက် ကျေနပ်အောင် နေထိုင်ရန်ဆိုသည့် ရည်မှန်းချက်ကို ဆက်လက် အကောင်အထည် ဖော်ရန် ပိုင်ရှင်မဲ့နယ်မြေ သို့ ဆက်လက် ထွက်ခွာခဲ့သည်။
ဤတစ်ကြိမ်တွင် သူသည် ကုတင်ပေါ်၌ တိတ်ဆိတ်စွာ လှဲလျောင်းနေပြီး လှုပ်ရှား၍ မရသလောက် ဖြစ်နေသော်လည်း အရာအားလုံးကို ရှင်းလင်းစွာ မြင်တွေ့နေရပြီး ရှင်းလင်းစွာ ကြားနေရသည်။ ထိုတုန်လှုပ်မှု သည် အလွန် ပြင်းထန်လွန်းလှ၏။
‘ဒါ... ဒါ ငါ့ရဲ့ ညီပဲ။ ငါ တစ်ခါမှ မမြင်ဖူးခဲ့တဲ့ ငါ့ရဲ့ အမြွှာ ညီလေးပဲ။ ငါ နောက်ဆုံးတော့ မင်းကို ရှာတွေ့ပြီ။ ငါ မင်းကို အိမ်ပြန်ခေါ်သွားမယ်။’
ထိုအချိန်တွင် ဆေးဘုရင်လည်း ထူးခြားချက်ကို သတိထားမိသွား၏။ သူသည် အခြားသူများနှင့် မတူဘဲ လူ့ခန္ဓာကိုယ်များကို မကြာခဏ ခွဲစိတ်လေ့ရှိပြီး အရိုးစုများနှင့်လည်း မကြာခဏ ကစားလေ့ ရှိသူ ဖြစ်သည်။
ဤလူဝကြီးနှင့် ယွင်ကျုံးဟဲ့တို့၏ ရုပ်ရည်မှာ အပြည့်အဝ ကွာခြားလှ၏။ အကြောင်းမှာ သူက အလွန် ဝလွန်းသောကြောင့် ဖြစ်သည်။ တစ်ယောက်က ပြိုင်ဘက်ကင်း ချောမောပြီး အခြား တစ်ယောက်က ဝက်တစ်ကောင်လို ဝနေ၏။
ထို့အပြင် လူဝကြီး၏ ညာဘက် ပါးပြင်တွင် အနီရောင် လခြမ်းပုံ မွေးရာပါ အမှတ် တစ်ခု ရှိသေးသည်။ သို့ပေမည့် ဆေးဘုရင် သတိထားကြည့်လိုက်ချိန်မှာတော့ ဤလူနှစ်ယောက်၏ မျက်နှာ အရိုးတည်ဆောက်ပုံမှာ တူညီနေသကဲ့သို့ ဖြစ်နေကြောင်း တွေ့ရှိလိုက်ရသည်။
နောက်ဆက်တွဲ အနေဖြင့် သူသည် ချက်ချင်း လက်ဖြင့် စမ်းသပ်ကြည့်လိုက်သည်။ ထို့နောက် ဤလူနှစ်ယောက်၏ မျက်နှာ အရိုးတည်ဆောက်ပုံမှာ တစ်ပုံစံတည်း ဖြစ်နေကြောင်း ထိတ်လန့်စွာ တွေ့ရှိသွားတော့၏။
ထို့နောက် လူနှစ်ယောက်၏ တစ်ကိုယ်လုံး အရိုးတည်ဆောက်ပုံမှာလည်း ထပ်တူနီးပါး တူညီနေကြောင်း တွေ့ရှိရပြန်သည်။ ‘ဒါ... ဒါ... ဒါ အမြွှာတွေပဲ။’
ထို့အပြင် မျိုးဥ တစ်လုံးတည်းမှ ဆင်းသက်လာသော အမြွှာများဖြစ်ပြီး အလွန် ထူးဆန်းလှသည်။ ထို့ကြောင့်လည်း လူနှစ်ယောက်စလုံး၏ နှလုံးမှာ မတူညီသည့် အားနည်းချက်တွေ ရှိနေပြီး လူဝကြီး၏ အားနည်းချက်က ပိုမို ကြီးမားနေခြင်းသာ ဖြစ်၏။
“ခင်ဗျားတို့ နှစ်ယောက်က အမြွှာ ညီအစ်ကိုတွေပဲ။ အရင်က ခင်ဗျားတို့ အချင်းချင်း သိကြလား။” ဆေးဘုရင်က မေးလိုက်သည်။
လူဝကြီးက ခေါင်းခါပြလျက် ပြောလိုက်၏။ “အခုမှ သိတာ”
ဆေးဘုရင်က ထပ်မေးလိုက်သည်။ “ခင်ဗျားရဲ့ မိဘတွေကော သိလား။”
လူဝကြီးက ခေါင်းခါပြလိုက်၏။ “သူတို့လည်း မသိဘူး။”
ဆေးဘုရင်က ပြောလိုက်သည်။ “ခင်ဗျားရဲ့ညီက သေတော့မယ်။”
လူဝကြီးက ပြုံးကာ ပြောလိုက်၏။ “ကျုပ်သွေးနဲ့ သူ့ကို ကယ်ပါ။”
ဆေးဘုရင်က သတိပေးလိုက်သည်။ “ဒါပေမဲ့ အဲဒီလိုလုပ်ရင် ခင်ဗျား အသက်ရှင်နိုင်မှာ မဟုတ်ဘူး။ ခင်ဗျားရဲ့ နှလုံးမှာ အားနည်းချက် ရှိတယ်။ သွေးဒီလောက် အများကြီးထုတ်ရင် သေသွားလိမ့်မယ်။ မူလက ခင်ဗျား နှစ်အနည်းငယ်လောက် ပိုပြီး အသက်ရှင်နိုင်သေးပေမဲ့ ဒီသွေးထုတ်မှုကြောင့် လုံးဝ သေသွားနိုင်တယ်။”
လူဝကြီးက အားနည်းသည့် လေသံဖြင့် ပြောလိုက်၏။ “ကျုပ်ညီကို ကယ်... ကျုပ်ညီကို ကယ်ပါ... မြန်မြန်... မြန်မြန်...”
ဆေးဘုရင်က လေးနက်တည်ကြည်စွာ မေးလိုက်သည်။ “ခင်ဗျား ဆုံးဖြတ်ပြီးတာ သေချာလား။”
လူဝကြီးက ခေါင်းညိတ်လိုက်၏။ “ကျုပ် သေချာတယ်။”
ဆေးဘုရင်က အမိန့်ပေးလိုက်သည်။ “သွေးဖောက်ထုတ်ဖို့ ပြင်ဆင်ကြ... သွေးသွင်းဖို့ အဆင်သင့် ပြင်ထားကြ...”
ထို့နောက် သူသည် လူဝကြီးထံမှ သွေး ပေါင်အတော်များများကို ဖောက်ထုတ်လိုက်၏။ လူဝကြီး၏ နှလုံး အားနည်းချက်မှာ ကြီးမားသောကြောင့် သွေးဖောက်ထုတ်ခံရပြီးနောက် မျက်နှာမှာ တဖြည်းဖြည်း ဖြူရော်လာပြီး နောက်ဆုံးတွင် စက္ကူကဲ့သို့ ဖြစ်သွားကာ အသက်ရှူသံများ တဖြည်းဖြည်း အားနည်းသည်ထက် အားနည်းလာခဲ့၏။
ထို့နောက် လူဝကြီး၏ သွေးများကို ယွင်ကျုံးဟဲ့၏ ခန္ဓာကိုယ် အတွင်းသို့ ဖြည်းညင်းစွာ ထိုးသွင်းလိုက်၏။ ယွင်ကျုံးဟဲ့၏ ဖြူရော်နေသော မျက်နှာတွင် သွေးရောင်များ တဖြည်းဖြည်း ပိုမို ထင်ရှားလာသည်။ သူ၏ အသက်ရှင်မှု လက္ခဏာများသည် တဖြည်းဖြည်း ပြန်လည် ရှင်သန်လာသည်။
ညာဘက်ရှိ လူဝကြီး၏ အသက်ရှင်မှု လက္ခဏာများမှာမူ တဖြည်းဖြည်း အားနည်းလာခဲ့သည်။ ဘယ်ဘက်ရှိ ယွင်ကျုံးဟဲ့၏ အသက်ရှင်မှု လက္ခဏာများမှာမူ တဖြည်းဖြည်း အားကောင်းလာခဲ့၏။
ကြည့်ရသည်မှာ လူဝကြီး သည် မိမိ၏ အသက်ကို ယွင်ကျုံးဟဲ့ထံ ဖြည်းညင်းစွာ လွှဲပြောင်းပေးနေသကဲ့သို့ပင်။ ယွင်ကျုံးဟဲ့သည် တစ်ကိုယ်လုံး လှုပ်ရှား၍ မရသကဲ့သို့ အသံလည်း မထွက်နိုင်ချေ။ သို့ပေမည့် သူ ကြားနေရပြီး ခံစားနေရသည်။ သို့သော်ငြား သူ လုံးဝ ငြင်းဆန်၍ မရပေ။ မျက်ရည်များသည် သူ၏ မျက်ဝန်းထောင့်မှ စီးကျလာတော့သည်။
ဆေးဘုရင်သည် ဤမြင်ကွင်းကို မြင်တွေ့ပြီးနောက် ဆေးတစ်မျိုးကို ယူကာ ယွင်ကျုံးဟဲ့၏ နှာခေါင်းအောက်တွင် ဝှေ့ယမ်းကာ ပြောလိုက်၏။ “အိပ်လိုက်ပါ။ တစ်ရေးလောက် အိပ်လိုက်ရင် ကောင်းသွားပါလိမ့်မယ်။”
ယွင်ကျုံးဟဲ့သည် အပြည့်အဝ သတိလစ် အိပ်ပျော်သွားတော့သည်။
မည်မျှ အချိန်ကြာသွားသည် မသိချေ။ ယွင်ကျုံးဟဲ့သည် ထပ်မံ နိုးလာပြန်၏။ ဤတစ်ကြိမ်တွင်မူ အပြည့်အဝ နိုးလာခြင်း ဖြစ်ပြီး အပြည့်အဝ အသက်ရှင်လာခြင်း ဖြစ်၏။
သူ၏ ခန္ဓာကိုယ် တစ်ခုလုံးသည် အိပ်မက်ဆိုး မက်နေသကဲ့သို့ လုံးဝ တုံ့ပြန်မှု မရှိဘဲ အတန်ကြာမှသာ တစ်လက်မချင်း တဖြည်းဖြည်း ပြန်လည် ရှင်သန်လာခဲ့၏။ တစ်ကိုယ်လုံးရှိ ခွန်အား အားလုံးကို အသုံးပြုလိုက်သကဲ့သို့ပင်။
ယွင်ကျုံးဟဲ့သည် ရုတ်တရက် ထထိုင်ကာ မေးလိုက်သည်။ “ကျုပ်အစ်ကိုကော... အစ်ကို... ကျုပ်အစ်ကို ဘယ်မှာလဲ။”
ယခင်က ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို သူ မမြင်တွေ့ခဲ့ရသော်လည်း ရှင်းလင်းစွာ ကြားခဲ့ရ၏။ ထိုလူဝကြီး၊ လောကရှိ မိန်းမများနှင့် အကုန် ပတ်အိပ်မည်ဟု ကြွေးကြော်ခဲ့သော၊ တောင်ပိုင်းကျိုးအင်ပါယာ ဧကရာဇ်ကို လှောင်ပြောင်ခဲ့သော၊ မင်္ဂလာပွဲမှ ထွက်ပြေးမည်ဟု ဆိုခဲ့သော လူဝကြီး၊ ယွင်ကျုံးဟဲ့ကို တွေ့လျှင် ရင်းနှီးသကဲ့သို့ ခံစားရသည်ဟု ပြောခဲ့သော ထိုလူဝကြီးသည် ယွင်ကျုံးဟဲ့၏ အစ်ကိုအရင်းဖြစ်ပြီး အမြွှာ အစ်ကိုအရင်းပင် ဖြစ်၏။
တစ်ကြိမ်သာ ဆုံဖူးခဲ့သည်။ သို့ပေမည့် သူသည် သူ၏ သွေးဖြင့် ယွင်ကျုံးဟဲ့၏ အသက်ကို ကယ်တင်ခဲ့၏။ သူသည် မိမိ၏ အသက်ရှင်မှုဖြင့် ယွင်ကျုံးဟဲ့၏ အသက်ရှင်မှုကို ပြန်လည် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။
“ကျုပ်အစ်ကိုကော... ကျုပ်အစ်ကို ဘယ်မှာလဲ။” ဟု ယွင်ကျုံးဟဲ့က အသံကျယ်ကြီးဖြင့် အော်ဟစ်လိုက်တော့၏။
ထိုအချိန်တွင် လူတစ်ယောက် လျင်မြန်စွာ ပြေးဝင်လာ၏။ ပထမဆုံး ယွင်ကျုံးဟဲ့ကို မယုံကြည်နိုင်စွာ ကြည့်နေပြီးနောက် ရုတ်တရက် သူ့ကို တင်းကြပ်စွာ ဖက်ထားလိုက်သည်။
“ငါ့သားလေး... ငါ့သားလေး... မင်း နောက်ဆုံးတော့ ရှင်လာပြီပဲ။ ကောင်းကင်ဘုံက စောင့်ရှောက်တာပဲ။ မင်း နောက်ဆုံးတော့ ရှင်လာပြီ။ မင်း နောက်ဆုံးတော့ အသက် ပြန်ရှင်လာပြီပဲ။ အခုကစပြီး အဖေ နေ့တိုင်း သက်သတ်လွတ် စားပြီး ဘုရားစာ ရွတ်တော့မယ်။ အသား လုံးဝ မစားတော့ဘူး။”
ဖုန်းရှင်းမြဲ့သည် ယွင်ကျုံးဟဲ့ကို ဖက်ထားရာမှ ခဏလွှတ်ကာ အတန်ကြာ ကြည့်နေပြီးနောက် ထပ်မံ၍ တင်းကြပ်စွာ ဖက်ထားပြန်၏။ ယွင်ကျုံးဟဲ့ ထပ်မံ သေဆုံးသွားမည်ကို စိုးရိမ်နေသကဲ့သို့ပင်။
ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “မွေးစားအဖေ... ကျုပ် အခု ဘယ်ရောက်နေတာလဲ။ ကျုပ်ရဲ့အစ်ကိုကော..”
ဖုန်းရှင်းမြဲ့က ဖြေလိုက်၏။ “သား... သားက အခု နန်းတော်ထဲမှာ ရောက်နေတာ။ ငါတို့ တာယင်အင်ပါယာရဲ့ နန်းတော်ထဲမှာ ရောက်နေတာ။”
‘နန်းတော် ဟုတ်လား။ ဒီတစ်ကြိမ် ကျုပ် ဘယ်လောက်တောင် ကြာအောင် သတိလစ်နေခဲ့တာလဲ။ အရင်က ဆေးဘုရင်ချိုင့်ဝှမ်းမှာ ကုသမှု ခံယူနေခဲ့တာ မဟုတ်ဘူးလား။ အခု ဘယ်လိုလုပ် တာယင်အင်ပါယာ နန်းတော် ထဲကို ရောက်နေတာလဲ။’
“ကျုပ်အစ်ကိုကော...” ယွင်ကျုံးဟဲ့က ထပ်မေးလိုက်သည်။
ဖုန်းရှင်းမြဲ့၏ မျက်လုံးများ အနည်းငယ် တုန်လှုပ်သွားပြီး ဖြေလိုက်၏။ “သူ... သူလည်း ရှိပါတယ်။ အဖေ ခဏနေရင် သားကို သူ့ဆီ သွားပြမယ်... ဟုတ်ပြီလား။”
ထို့နောက် ဖုန်းရှင်းမြဲ့က ဆက်၍ ပြောလိုက်သည်။ “သား... သား အသက်ပြန်ရှင်လာတာက တကယ့်ကို ကြီးကျယ်တဲ့ မင်္ဂလာ သတင်းပဲ။ ကောင်းကင်ဘုံက ငါတို့ကို ပေးသနားတဲ့ အကြီးကျယ်ဆုံး မင်္ဂလာ သတင်းပဲ။ ငါ ဝမ်းသာရမယ်... ဝမ်းသာရမယ်။”
ထိုအချိန်တွင် အပြင်ဘက်မှ မိန်းမစိုး တစ်ဦး၏အသံ ထွက်ပေါ်လာ၏။ “သခင်ကြီးဖုန်း... အဆင်သင့် ပြင်ထားပါ။”
ဖုန်းရှင်းမြဲ့သည် မျက်ထောင့်မှ မျက်ရည်များကို သုတ်လိုက်ပြီး မြေပြင်ပေါ်တွင် တိုက်ရိုက် ဒူးထောက်လိုက်သည်။