← Chapters

အခန်း (၂၀၇-၂၀၈)

Vol. 18 Ch. 207-208

အခန်း (၂၀၇-၂၀၈)

Vol. 18 Ch. 207-208

အပိုင်း (၂၀၇)

“ဧကရာဇ်မင်းမြတ် ကြွချီလာပြီ။”

ချက်ချင်းပဲ ဖုန်းရှင်းမြဲ့ ဒူးထောက်ချလိုက်သည်။ အပြင်ဘက်ရှိ မိန်းမစိုး ဆယ်ယောက်ကျော်လည်း စနစ်တကျ ဒူးထောက်လိုက်ကြ၏။

“ဧကရာဇ်မင်းမြတ်ကို ဖူးတွေ့ပါတယ်။ ဧကရာဇ်မင်းမြတ် သက်တော်ရာကျော် ရှည်ပါစေ... ရာကျော်၊ သောင်းကျော် ရှည်ပါစေ။”

ယွင်ကျုံးဟဲ့သည် ကုတင်ပေါ်တွင် လှဲလျောင်းနေပြီး မလှုပ်ရှားပေ။ အခန်းတံခါး ပွင့်လာပြီး နဂါးဝတ်ရုံ ဝတ်ဆင်ထားသော အမျိုးသား တစ်ဦး ဝင်ရောက်လာ၏။

ဖုန်းရှင်းမြဲ့က တောင်းပန်လိုက်သည်။ “ဧကရာဇ်မင်းမြတ်ကို သတင်းပို့ပါတယ်။ ကျုပ်ရဲ့သားက ဒဏ်ရာ ပြင်းထန်ပြီး မပျောက်ကင်းသေးတဲ့အတွက် အရိုအသေ မပေးနိုင်တာကို ခွင့်လွှတ်ပေးပါ ဧကရာဇ်မင်းမြတ်...”

“ကိစ္စမရှိပါဘူး... ကိစ္စမရှိပါဘူး။”

ဧကရာဇ်မင်းမြတ်သည် ယွင်ကျုံးဟဲ့၏ ကုတင်ဘေးသို့ တိုက်ရိုက် လာထိုင်ကာ ယွင်ကျုံးဟဲ့၏ လက်ကို တင်းကြပ်စွာ ဆုပ်ကိုင်လျက် နွေးထွေးစွာဖြင့် ပြောလိုက်၏။ “ကလေး... မင်း ပင်ပန်းသွားပြီ၊ ဒုက္ခများသွားပြီ။ ဒီစစ်ပွဲမှာ ကြီးမားတဲ့ အပြောင်းအလဲတွေ ရှိခဲ့ပေမဲ့ အခုတော့ အရာအားလုံး ဆုံးဖြတ်ပြီးသွားပြီ။ အရာအားလုံး ပြီးဆုံးသွားပြီ။ ဒါပေမဲ့ ကျုပ်တို့က အကြီးအကျယ် အောင်ပွဲ ရခဲ့တယ်။ ယွင်ကျုံးဟဲ့... မင်းရဲ့ ဂုဏ်ကျေးဇူးက အလွန် ကြီးမားပါတယ်။ ကိုယ်တော် မင်းကို ဆုချမယ်... အကြီးအကျယ် ဆုချမယ်။”

“နေအုံး...”

ဧကရာဇ်မင်းမြတ်သည် စကားကို ခဏ ရပ်လိုက်ပြီးနောက် ပြုံးလျက် ပြောလိုက်သည်။ “မင်းက သာမန်လူတွေနဲ့ မတူဘူး။ တစ်ဖက်မှာ မင်းက ဟေးလုံထိုင်က လူတစ်ယောက် ဖြစ်နေတယ်။ ကုန်းဆွန်းယန်က အစောကြီးတည်းက ပြောထားပြီးသား။ လူတစ်ယောက်ယောက်ကများ မင်းကို လုယူရဲရင် သူတို့ရဲ့ ရုံးကို ဖျက်ဆီးပစ်မယ်တဲ့။

ပြီးတော့ အိမ်ရှေ့စံမင်းသားကလည်း ပြောတယ်။ မင်းရဲ့ စာပေစွမ်းရည်က အလွန် အံ့မခန်း ဖြစ်လို့ အနာဂတ်မှာ နန်းတွင်းဝန်ကြီးအဖွဲ့ထဲ ဝင်ပြီး အမတ်ချုပ်ကြီး ဖြစ်နိုင်တယ်တဲ့။ ဟေးလုံထိုင်က စစ်ဘက်ဆိုင်ရာဖြစ်ပြီး နန်းတွင်းဝန်ကြီးအဖွဲ့က အရပ်ဘက်ဆိုင်ရာ ဖြစ်တယ်။ မင်း ဟေးလုံထိုင်မှာပဲ ဆက်နေချင်လား။ ဒါမှမဟုတ် အရပ်ဘက် အရာရှိ ပြောင်းချင်လား။”

ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “ကျုပ် ဟေးလုံထိုင်မှာပဲ ဆက်နေချင်ပါတယ်။”

ဧကရာဇ်မင်းမြတ်က ခေါင်းညိတ်လိုက်သည်။ “ကောင်းပြီ။ ဒီနေ့ကစပြီး ယွင်ကျုံးဟဲ့ကို အိမ်ရှေ့စံမင်းသားရဲ့ လက်ဝဲဘက် အိမ်တော် ကိုယ်ရံတော် တပ်မှူးအဖြစ် ခန့်အပ်လိုက်တယ်။ အမိန့်တော် မှတ်လိုက်ကြ...”

ထိုရာထူး အမည်ကို ကြားလိုက်ရချိန်မှာတော့ ယွင်ကျုံးဟဲ့ လုံးဝ ကြောင်အသွားတော့၏။ ‘ဒါ... ဒါက ဘာရာထူးလဲ။ ဘယ်လောက် ကြီးတဲ့ ရာထူးလဲ။’

ဖုန်းရှင်းမြဲ့သည် ချက်ချင်း မြေပြင်ပေါ်တွင် ဒူးထောက်ကာ ပြောလိုက်သည်။ “ကျုပ် ဟေးလုံထိုင် ကိုယ်စား ဧကရာဇ်မင်းမြတ်ရဲ့ ကျေးဇူးတော်ကို ဦးညွှတ် ကန်တော့ပါတယ်။”

အမှန်အတိုင်း ပြောရလျှင် ဧကရာဇ်မင်းမြတ် ခန့်အပ်လိုက်သော ယွင်ကျုံးဟဲ့၏ ရာထူးမှာ ကြီးမားလှသည် မဟုတ်ဘဲ ဤအိမ်ရှေ့စံမင်းသား အိမ်တော် ကိုယ်ရံတော် တပ်မှူး ဆိုသည်မှာ အမည်ခံ ရာထူးမျှသာ ဖြစ်၏။

ယခင်က ကျင်းကျုံးယွဲ့ကို ခန့်အပ်စဉ်က လေခွင်းနယ်စားဘွဲ့ ပေးအပ်ခဲ့ပြီး ဂုဏ်ထူးဆောင် စစ်သူကြီးအဖြစ် တိုက်ရိုက် ခန့်အပ်ခဲ့ရာ ယခု ယွင်ကျုံးဟဲ့၏ ကိုယ်ရံတော် တပ်မှူး ရာထူးထက် အဆင့်မည်မျှ မြင့်မားသည်ကို မသိနိုင်ပေ။

သို့ပေမည့် အတွင်းရေးကို သိရှိသူများ သာလျှင် ဤရာထူး၏ နက်နဲသော ရည်ရွယ်ချက်ကို သိရှိနိုင်ကြသည်။ အကြောင်းမှာ ခေတ်အဆက်ဆက် ဟေးလုံထိုင်၏ ခေါင်းဆောင်တိုင်းသည် အိမ်ရှေ့စံမင်းသား၏ လက်ဝဲဘက် အိမ်တော် ကိုယ်ရံတော် တပ်မှူးအဖြစ် တာဝန်ယူရလေ့ ရှိသောကြောင့် ဖြစ်၏။

ဤရာထူးကို ခန့်အပ်ခံရခြင်းသည် နောက်ဆက်တွဲ အနေဖြင့် လူတိုင်းက ယွင်ကျုံးဟဲ့ကို ဟေးလုံထိုင် ခေါင်းဆောင်၏ ဆက်ခံသူအဖြစ် လေ့ကျင့်ပြုစု ပေးတော့မည် ဖြစ်ကြောင်း ဆိုလိုခြင်း ဖြစ်သည်။

ခေါင်းဆောင် ဆိုသည့် စကားလုံးမှာ ဤနေရာတွင် အနည်းငယ် ထူးဆန်းနေသည် မဟုတ်ပါလား။ ၎င်းသည် အမှန်တကယ် ရာထူး အမည် မဟုတ်ဘဲ အမြဲတမ်းလိုလို တာယင်အင်ပါယာ၏ ဟေးလုံထိုင် ဖြစ်စေ၊ တောင်ပိုင်းကျိုးအင်ပါယာ၏ ဟေးပင်းထိုင် ဖြစ်စေ အမည်းရောင် ဂိုဏ်းဟု ခေါ်ဆိုလေ့ ရှိကြပြီး ဤအဖွဲ့အစည်း အပေါ် လောကလူသားများ၏ ကြောက်ရွံ့မှုကို ကိုယ်စားပြု၏။

ထို့ကြောင့် အချိန်ကြာလာချိန်မှာတော့ ဟေးလုံထိုင်၏ အကြီးအကဲကို ခေါင်းဆောင်ဟု ခေါ်ဆိုလာကြခြင်း ဖြစ်သည်။ ဟေးလုံထိုင် အတွင်း၌ပင် ခေါင်းဆောင်ဟု ခေါ်ကြသည်။

ဤသို့ဆိုလျှင် တာယင်အင်ပါယာတွင် အမတ်ချုပ်ကြီး၏ အဆင့်အတန်းက ပိုမြင့်မားသည်လား သို့မဟုတ် ဟေးလုံထိုင် အကြီးအကဲ၏ အဆင့်အတန်းက ပိုမြင့်မားသည်လား။ ရာထူး အဆင့်အရဆိုလျှင် အမတ်ချုပ်ကြီးက ပိုမြင့်မားသည်မှာ သေချာလှ၏။

သို့ပေမည့် အမတ်ချုပ်ကြီးသည် မှူးမတ်မျိုးနွယ် မဟုတ်ပါက အငြိမ်းစား မယူမီ အချိန်အထိ တရားဝင် နယ်စားဘွဲ့ ရရှိရန် ခဲယဉ်းလှသည်။ အခြား တစ်ဖက်တွင် ခေတ်အဆက်ဆက် ဟေးလုံထိုင် အကြီးအကဲတိုင်းသည် နယ်စားဘွဲ့ သေချာပေါက် ရရှိကြပြီး အဆင့်မြင့် နယ်စားဘွဲ့ကို ရရှိလေ့ ရှိကြသည်။

အမတ်ချုပ်ကြီးသည် ဆယ်နှစ်ခန့် တာဝန်ယူရလျှင် အလွန် အံ့မခန်းဖြစ်ပြီဟု ဆိုနိုင်သော်လည်း ဟေးလုံထိုင် အကြီးအကဲသည် နှစ်ဆယ်၊ သုံးဆယ်ခန့် တာဝန်ယူရခြင်းမှာ ပုံမှန်သာ ဖြစ်၏။

ထို့အပြင် လောကလူသားများ၊ မှူးမတ်များ ဖြစ်စေ၊ အရာရှိများ ဖြစ်စေ ဟေးလုံထိုင် အကြီးအကဲကို ကြောက်ရွံ့မှုသည် အမတ်ချုပ်ကြီးထက် များစွာ သာလွန်လှ၏။ အကြောင်းမှာ ဟေးလုံထိုင်သည် တိုင်းပြည် တစ်ခုလုံးကို စောင့်ကြည့်နေပြီး ဧကရာဇ်မင်းမြတ်၏ အစစ်အမှန် ဓားထက် တစ်လက် ဖြစ်သောကြောင့်ပင်။

ပုံမှန်အားဖြင့် ယွင်ကျုံးဟဲ့သည် ဤမျှ ကြီးမားသော ဂုဏ်ကျေးဇူးကို ဆောင်ရွက်နိုင်ခဲ့သောကြောင့် ပိုမို မြင့်မားသော ရာထူးများကို ခန့်အပ်သင့်၏။ သို့ပေမည့် ဤအချိန်တွင် ခန့်အပ်သော ရာထူး ပိုမို မြင့်မားလေလေ ပိုမို ဝေးကွာသွားလေလေ ဖြစ်နိုင်သည်။

ခန့်အပ်သော ရာထူး ပိုမို တိကျ သေချာလေလေ တစ်စုံတစ်ယောက်ကို အမှန်တကယ် ပြုစုပျိုးထောင် ပေးတော့မည် ဆိုသည်ကို ကိုယ်စားပြုလေလေ ဖြစ်၏။ ခေတ်အဆက်ဆက် သမိုင်း တစ်လျှောက်လုံး ဤအတိုင်းပင် ဖြစ်သည်။ အချို့သော အာဏာစက် ကြီးမားသူများသည် ပိုမို၍ ဖြည်းဖြည်းမှန်မှန် သွားရလေ့ရှိပြီး ထိုမှသာ အမြင့်ဆုံး နေရာသို့ ရောက်ရှိနိုင်ပေလိမ့်မည်။

တစ်ခါတည်း ရာထူး အဆမတန် တက်သွားပါက အခြေခံ အုတ်မြစ် မခိုင်မာဘဲ ဖြစ်သွားနိုင်၏။ ထို့အပြင် ယွင်ကျုံးဟဲ့သည် ယခုအခါ နန်းတော် အတွင်း၌ လှဲလျောင်းနေပြီး ဧကရာဇ်မင်းမြတ် ကိုယ်တိုင် လာရောက် ကြည့်ရှုခြင်းမှာ အလွန် ကြီးမားလှသော ကျေးဇူးတော်ပင် ဖြစ်သည်။

“ကိုယ်ရံတော် တပ်မှူး... ဒဏ်ရာကို သေချာ ဂရုစိုက်ပါ။” ဧကရာဇ်မင်းမြတ် သည် မတ်တပ်ရပ်လိုက်၏။

“ကျုပ် ဧကရာဇ်မင်းမြတ်ကို ပို့ဆောင်ပါတယ်။” ဖုန်းရှင်းမြဲ့သည် ထပ်မံ၍ မြေပြင်ပေါ်တွင် ဒူးထောက်ကာ ဦးညွတ်၍ ပြောလိုက်သည်။

ဧကရာဇ်မင်းမြတ် ထွက်ခွာသွားပြီးနောက် နောက်ထပ် လူတစ်ယောက် ယွင်ကျုံးဟဲ့၏ ရှေ့မှောက်သို့ ရောက်ရှိလာ၏။ ဤတစ်ကြိမ်တွင် ဖုန်းရှင်းမြဲ့သည် ဒူးမထောက်တော့ဘဲ မတ်မတ်ရပ်နေသော်လည်း တစ်ကိုယ်လုံး၌ ကြက်သီးများ ထနေသကဲ့သို့ ဖြစ်နေ၏။

“သခင်ကြီး”

ရောက်လာသူမှာ ဟေးလုံထိုင်၏ ခေါင်းဆောင် ဖြစ်ပြီး တာယင်အင်ပါယာ တစ်ခုလုံးတွင် အာဏာ အရှိဆုံး သူများထဲမှ တစ်ဦး ဖြစ်သည့် ကုန်းဆွန်းယန် (ကုန်းဆွန်း သိုး)ပင်။ ထိုအမည်မှာ အနည်းငယ် ထူးဆန်းလှသည်။

ဤအမည်သည် လောက တစ်ခုလုံးကို ကြောက်ရွံ့တုန်လှုပ်စေပြီး ကြက်သီးမွေးညင်း ထစေ၏။ လူတိုင်း၏ အမြင်တွင် ကုန်းဆွန်းယန်ကမှ သက်ရှိ သေမင်းဖြစ်၏။

သူ နှာချေလိုက်ရုံဖြင့် မိုင်ပေါင်း သောင်းချီ အဝေးတွင် ကြီးမားသော တုန်လှုပ်မှု ကြီး ဖြစ်ပေါ်လာနိုင်၏။ သူသည် နိုင်ငံ တော်တော်များများ၏ အာဏာကို ဖြုတ်ချခဲ့ဖူးပြီး နှစ်ရာချီ သက်တမ်းရှိသော မှူးမတ်မျိုးနွယ် ဆယ်ဦးကျော်ကို ဖျက်ဆီးပစ်ခဲ့ဖူးသည်။

တာယင်အင်ပါယာ တစ်ခုလုံးတွင် သူ၏ လက်ချက်ဖြင့် သေဆုံးခဲ့ရသော မှူးမတ်များနှင့် အဆင့်မြင့် အရာရှိများမှာ မရေမတွက်နိုင်အောင် ရှိ၏။ ထို့အပြင် သူ၏ အကြီးကျယ်ဆုံးသော အောင်မြင်မှုမှာ မြောက်ဘက်ရှိ တာရှအင်ပါယာကို အမြင့်ဆုံး နေရာမှ အောက်သို့ ကျဆင်းသွားစေခဲ့ခြင်း ဖြစ်၏။

တာရှအင်ပါယာဆိုသည်မှာ အင်ပါယာကြီးများ၏ ခေါင်းဆောင်၊ ကမ္ဘာ့ အလယ်ဗဟို၊ လောက၏ အရှင်သခင် ဖြစ်သည်။ ပုံမှန် အခြေအနေများအရ တာရှအင်ပါယာသာ မကျဆင်းသွားပါက တောင်ပိုင်းကျိုးအင်ပါယာ ဖြစ်စေ၊ တာယင်အင်ပါယာဖြစ်စေ လွှမ်းမိုးနိုင်ရန် အခွင့်အရေး ရရှိရန် အလွန် ခဲယဉ်းလှသည်။

သို့ပေမည့် လွန်ခဲ့သော ဆယ်စုနှစ် အနည်းငယ်က မျက်စိရှေ့ရှိ ဤကုန်းဆွန်းယန်သည် တာရှအင်ပါယာ၏ အာဏာကို ဖြုတ်ချလုနီးပါး ဖြစ်ခဲ့သည်။ သေချာသည်မှာ ယခုအခါ တာရှအင်ပါယာသည် လောက၏ အရှင်သခင်၊ အင်ပါယာကြီးများ၏ ခေါင်းဆောင် ဖြစ်နေဆဲပင်။

သို့ပေမည့် ပကတိ အင်အား အရဆိုလျှင် လွန်ခဲ့သော ဆယ်စုနှစ် အနည်းငယ်နှင့် နှိုင်းယှဉ်ပါက များစွာ ကျဆင်းသွားခဲ့ပြီ ဖြစ်သည်။ လွန်ခဲ့သော နှစ်ဆယ်ကျော်က ဖြစ်ပွားခဲ့သော ထိုကြီးမားသည့် လှုပ်ရှားမှုကြီးသည် ဤအင်ပါယာကြီး၏ အင်အားကို ပြင်းထန်စွာ အားနည်းသွားစေခဲ့၏။

ကုန်းဆွန်းယန်သည် ယခုအခါ အသက် ခြောက်ဆယ်ကျော်နေပြီ ဖြစ်သော်လည်း ဆံပင်များ မည်းနက်နေဆဲ ဖြစ်သည်။ မျက်နှာမှာ ပိန်ပါးပြီး မျက်လုံးများမှာ ပင်ပန်း နွမ်းနယ်နေပုံရကာ ပြုံးရယ်လေ့ မရှိချေ။

ဟေးလုံထိုင်၏ ခေါင်းဆောင်အဖြစ် တာဝန်ယူရန် သိုင်းပညာ အလွန် မြင့်မားရန် မလိုအပ်သကဲ့သို့ သိုင်းပညာ မတတ်လျှင်လည်း ရ၏။သို့ပေမည့် ကုန်းဆွန်းယန်၏ သိုင်းပညာမှာ အလွန် မြင့်မားပြီး အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

“ရှောင်ဖုန်း... မင်း ထွက်သွားလိုက်” ကုန်းဆွန်းယန်က ပြောလိုက်၏။

“ကောင်းပါပြီ။” ဖုန်းရှင်းမြဲ့သည် ခါးညွှတ် အရိုအသေပေးကာ နောက်ဆုတ်သွားသည်။

ဧကရာဇ်မင်းမြတ်နှင့် တွေ့ဆုံချိန်တွင်ပင် ဖုန်းရှင်းမြဲ့သည် ဤမျှ မထိတ်လန့်ခဲ့ပေ။ အကြောင်းမှာ ဧကရာဇ်မင်းမြတ်သည် ပုံမှန်အားဖြင့် လက်အောက်ငယ်သား အရာရှိများကို အလွန်အမင်း တင်းကျပ်စွာ မဆက်ဆံသကဲ့သို့ ကုန်းဆွန်းယန်ကို ကျော်လွန်ကာ ဟေးလုံထိုင်၏ အရာရှိများကို အရေးယူလေ့ မရှိသောကြောင့် ဖြစ်၏။

သို့ပေမည့် ကုန်းဆွန်းယန်သည် ဖုန်းရှင်းမြဲ့၏ အစစ်အမှန် အရှင်သခင်ပင် ဖြစ်သည်။ အခြားနိုင်ငံများတွင် ဟေးလုံထိုင် အကြီးအကဲကို ဘိုးဘိုးဟု ခေါ်ဆိုလေ့ ရှိသော အစဉ်အလာ ရှိ၏။ သို့ပေမည့် တာယင်အင်ပါယာတွင် ထိုသို့ ခေါ်ဆိုခွင့် လုံးဝ မပြုချေ။ အလွန် ဖောက်ပြန် ပျက်စီးလွန်းသည်ဟု ယူဆသောကြောင့် ဖြစ်သည်။

ဟေးလုံထိုင်သည် အပြည့်အဝ အစွမ်းထက်သော၊ ခိုင်မာသော၊ အေးစက်သော၊ တရားမျှတသော၊ တိုးတက်လိုစိတ် ရှိသော ဧရာမ အာဏာပိုင် အဖွဲ့အစည်းကြီး ဖြစ်၏။ ဘိုးဘိုး ဟူသည့် ခေါ်ဝေါ်မှုမျိုးသည် အလွန် အောက်တန်းကျလွန်းလှပြီး မိန်းမစိုးများ မဟုတ်သောကြောင့် ပို၍ပင် မသင့်တော်ချေ။

“ယွင်ကျုံးဟဲ့... လူတိုင်းက ခင်ဗျား သေသွားပြီလို့ ထင်နေကြတယ်။”

ကုန်းဆွန်းယန်က ပြောလိုက်သည်။ “အဲဒီနောက် မင်းသား ယင်ချွဲ့က ဒီအကြောင်းပြချက်နဲ့ လက်စားချေ စစ်ပွဲကို စတင်ခဲ့တယ်။”

ကုန်းဆွန်းယန်၏ စကားများမှာ အလွန် ရိုးရှင်းလှပြီး စိတ်ခံစားမှုများ မပါဝင်သကဲ့သို့ ယွင်ကျုံးဟဲ့အတွက် လက်စားချေရန် တာယင်အင်ပါယာသည် မည်မျှ ကြီးမားသော တန်ဖိုးကို ပေးဆပ်ခဲ့ရကြောင်း၊ မည်မျှ သေဆုံး ဒဏ်ရာရခဲ့ကြောင်းကိုလည်း တစ်လုံးတစ်ပါဒမျှပင် မပြောခဲ့ပေ။

သို့ပေမည့် ယွင်ကျုံးဟဲ့ အတွက် လက်စားချေရန် တာယင်အင်ပါယာသည် ကြီးမားသော တန်ဖိုးကို ပေးဆပ်ခဲ့ရပြီး စစ်သည်များ သေဆုံး ဒဏ်ရာရမှုမှာ မရေမတွက်နိုင်အောင် ရှိခဲ့၏။ ဟေးလုံထိုင်သည်လည်း ရူးသွပ်စွာ လက်စားချေခဲ့ပြီး ကြီးမားသော တန်ဖိုးကို ပေးဆပ်ခဲ့ရသည်။

ပို၍ ဆိုးရွားသည်မှာ မင်းသား ယင်ချွဲ့သည် စစ်တပ်ကို ဦးဆောင်ကာ တောင်ပိုင်းကျိုးအင်ပါယာ နယ်နိမိတ် အတွင်းသို့ ဝင်ရောက် တိုက်ခိုက်ခဲ့သောကြောင့် နိုင်ငံနှစ်ခု စစ်ပွဲသည် ကျယ်ပြန့်လာကာ နိုင်ငံတော် စစ်ပွဲကြီး အဖြစ်သို့ ပြောင်းလဲလုနီးပါး ဖြစ်လာခဲ့ခြင်း ဖြစ်၏။

“အခု စစ်ပွဲ ပြီးဆုံးသွားပြီ။”

ကုန်းဆွန်းယန်က ဆက်ပြောလိုက်သည်။ “ကျုပ်တို့ တာယင်အင်ပါယာက ပိုင်ရှင်မဲ့နယ်မြေ တစ်ခုလုံးကို သိမ်းပိုက်နိုင်ခဲ့ပြီး အကြီးအကျယ် အောင်ပွဲ ရခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမဲ့ တောင်ပိုင်းကျိုးအင်ပါယာ နယ်နိမိတ် အတွင်းက တိုက်ပွဲမှာတော့ ကျုပ်တို့ ဆုတ်ခွာခဲ့ရတယ်။ မင်းသား ယင်ချွဲ့ လုပ်ကြံခံရတယ်။ ပိုင်ယင်မြို့က ထိပ်တန်း သိုင်းပညာရှင်တွေရဲ့ လုပ်ကြံမှုပဲ။”

ထိုစကားကြောင့် ယွင်ကျုံးဟဲ့၏မျက်နှာ အကြီးအကျယ် ပျက်ယွင်းသွားပြီး ထိတ်လန့်တကြား မေးလိုက်၏။ “စတုတ္ထမင်းသား ဘာဖြစ်သွားသေးလဲ။ သူ အသက်... အသက် ရှင်သေးလား။”

“အသက် ရှင်သေးတယ်။အသက်အန္တရာယ် မရှိဘူး။” ကုန်းဆွန်းယန်က ပြောလိုက်သည်။

ယွင်ကျုံးဟဲ့က မေးလိုက်၏။ “ကျုပ် သူ့ကို သွားတွေ့လို့ ရမလား။”

ကုန်းဆွန်းယန်က ခေါင်းခါလိုက်သည်။ “မရနိုင်လောက်ဘူး... ဘာလို့လဲဆိုတော့ အခုအချိန်မှာ သူက တာယင်အင်ပါယာထဲမှာ မရှိတော့ဘူး။”

ယွင်ကျုံးဟဲ့က အံ့အားသင့်သွား၏။ “သူ ဘယ်မှာလဲ။”

ကုန်းဆွန်းယန်က ပြောလိုက်သည်။ “တောင်ပိုင်းကျိုးအင်ပါယာ”

ထိုအဖြေကို ကြားချိန်မှာတော့ ယွင်ကျုံးဟဲ့သည် နေရာမှ ရုတ်တရက် ထထိုင်လုမတတ် ဖြစ်သွား၏။

ကုန်းဆွန်းယန်က ဆက်ပြောလိုက်သည်။ “မင်းသား ယင်ချွဲ့ လုပ်ကြံခံရပြီးနောက် တောင်ပိုင်းကျိုးအင်ပါယာ ဟေးပင်းထိုင်က ကယ်တင်တဲ့ အကြောင်းပြချက်နဲ့ သူ့ကို ခေါ်သွားတယ်။ နောက်ဆုံး ရရှိထားတဲ့ သတင်းတွေအရ မင်းသား ယင်ချွဲ့က အခြေခံအားဖြင့် ပြန်ကောင်းလာပြီ။

တောင်ပိုင်းကျိုးအင်ပါယာရဲ့ နုလန်ဟောက် အောက်ရှင်းက စစ်တပ်နဲ့ ကျုပ်တို့ တာယင်အင်ပါယာရဲ့ လူတစ်သိန်းကို ဝိုင်းထားတယ်။ နယ်စား ဟူယန်ကျောက်က ဖောက်ထွက်ဖို့ ကြိုးစားပေမဲ့ မအောင်မြင်ဘူး။ စစ်တပ် တစ်ခုလုံး ပျက်သုဉ်းမယ့် အန္တရာယ် ရှိနေချိန်မှာ တောင်ပိုင်းကျိုးအင်ပါယာ စစ်တပ်က ရုတ်တရက် တိုက်ခိုက်မှု ရပ်တန့်လိုက်ပြီး ဝိုင်းရံထားမှုကို ဖွင့်ပေးလိုက်တယ်။ နယ်စား ဟူယန်ကျောက်လည်း စစ်တပ် တစ်သိန်းကျော်ကို ဦးဆောင်ပြီး ပိုင်ရှင်မဲ့နယ်မြေကို ပြန်လာခဲ့တယ်။”

ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “ဒါ တောင်ပိုင်းကျိုးအင်ပါယာ ဧကရာဇ် ဒါမှမဟုတ် ဧကရာဇ်ဟောင်းရဲ့ ဆန္ဒပဲ။”

ကုန်းဆွန်းယန်က ခေါင်းညိတ်လိုက်သည်။ “ဟုတ်တယ်... ဘာလို့လဲဆိုတော့ သူတို့က နိုင်ငံတော် အဆုံးအဖြတ် စစ်ပွဲကြီးအတွက် မပြင်ဆင်ရသေးလို့ပဲ။ ပြီးတော့ ပိုင်ရှင်မဲ့နယ်မြေက စစ်ပွဲမှာ တောင်ပိုင်းကျိုးအင်ပါယာရဲ့ ဆုံးရှုံးမှုက အရမ်း ကြီးမားတယ်။ စစ်တပ် သိန်းချီ ဆုံးရှုံးခဲ့ရတယ်။ နိုင်ငံတော် စစ်ပွဲကြီး ဆင်နွှဲဖို့ အချိန် လိုအပ်တယ်။”

ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “ဒါပေမဲ့ နောက်တစ်ကြိမ် နိုင်ငံနှစ်ခု စစ်ဖြစ်ရင် သေချာပေါက် နိုင်ငံတော် အဆုံးအဖြတ် စစ်ပွဲကြီး ဖြစ်မှာပဲ။”

ကုန်းဆွန်းယန်က ခေါင်းညိတ်လိုက်သည်။ “ဟုတ်တယ်။”

ယွင်ကျုံးဟဲ့က မေးလိုက်၏။ “ဒါဆို မင်းသား ယင်ချွဲ့ကော ဘယ်လိုဖြစ်မှာလဲ။”

ကုန်းဆွန်းယန်က ရှင်းပြလိုက်သည်။ “တောင်ပိုင်းကျိုးအင်ပါယာက ယဉ်ကျေးစွာ ဆက်ဆံမှာပါ။ မင်းသား တစ်ပါးရဲ့ အဆင့်အတန်းအတိုင်း အပြည့်အဝ ဆက်ဆံမှာပါ။ အနည်းဆုံးတော့ နောက်တစ်ကြိမ် အဆုံးအဖြတ် စစ်ပွဲကြီး မတိုင်ခင်အထိ အဲဒီလိုပဲ ဖြစ်မှာပါ။ ဧကရာဇ်မင်းမြတ်က မင်းအပေါ် အရမ်း ကျေနပ်ပေမဲ့ မင်းသား ယင်ချွဲ့ အပေါ်မှာတော့ လုံးဝ မကျေနပ်ဘူး။ ပြီးတော့ ကျုပ်တို့ ဟေးလုံထိုင်က မင်းသား ယင်ချွဲ့ကို ကြီးမားတဲ့ ကျေးဇူးကြွေး တင်သွားပြီ။”

................

အပိုင်း (၂၀၈)

ယွင်ကျုံးဟဲ့၏ ဦးနှောက်ထဲတွင် တာယင်အင်ပါယာက ယင်ချွဲ့ အပေါ် သတ်မှတ်ထားသော အကဲဖြတ်ချက် ပြန်လည် ပေါ်ထွက်လာ၏။သူသည် ဧကရာဇ်ဖြစ်ရန် လုံးဝ မသင့်တော်သော မင်းသား တစ်ပါးပင် ဖြစ်သည်။ ဤစစ်ပွဲကြီးသည် ဤကဲ့သို့သော နည်းလမ်းဖြင့် အဆုံးသတ်သွားလိမ့်မည်ဟု လုံးဝ မထင်မှတ်ထားခဲ့ချေ။

တောင်ပိုင်းကျိုးအင်ပါယာသည် နောက်ဆုံးအချိန်တွင် နိုင်ငံနယ်နိမိတ်အတွင်းသို့ ဝင်ရောက်လာသော တာယင်အင်ပါယာ၏ စစ်တပ် တစ်သိန်းကျော်ကို လွှတ်ပေးလိုက်၏။

ပိုင်ရှင်မဲ့နယ်မြေ စစ်ပွဲတွင် တောင်ပိုင်းကျိုးအင်ပါယာက ရှုံးနိမ့်ခဲ့သော်လည်း နောက်ဆုံးတွင် သူတို့သည် ဤစစ်ပွဲကြီးကို ဂုဏ်သိက္ခာရှိရှိနှင့် မာနကြီးစွာ အဆုံးသတ်နိုင်ခဲ့သည်။

အကြောင်းမှာ အကယ်၍ ဤစစ်တပ် တစ်သိန်းကျော်ကို အပြည့်အဝ ချေမှုန်းလိုက်ပါက နောက်ဆက်တွဲ အနေဖြင့် တာယင်အင်ပါယာသည် သေချာပေါက် စစ်တပ်ကြီးများကို ထပ်မံ စုရုံးကာ တောင်ဘက်သို့ ဆင်းလာမည်ဖြစ်ပြီး ဤစစ်ပွဲကြီးသည် အမှန်တကယ်ပင် ရပ်တန့်နိုင်တော့မည် မဟုတ်ကြောင်း တောင်ပိုင်းကျိုး အင်ပါယာ ဧကရာဇ်က သိထားသောကြောင့်ပင်။

သို့ပေမည့် အင်ပါယာကြီး နှစ်ခုစလုံးသည် နိုင်ငံတော် စစ်ပွဲကြီးအတွက် အပြည့်အဝ မပြင်ဆင်ရသေးချေ။ တာယင်အင်ပါယာအတွက် ယခု အရေးအကြီးဆုံးမှာ ပိုင်ရှင်မဲ့နယ်မြေဟူသော အောင်ပွဲ ရလဒ်ကို အပြည့်အဝ အသုံးချရန် ဖြစ်၏။

အခြားတစ်ဖက်တွင် တောင်ပိုင်းကျိုးအင်ပါယာအတွက် အရေးအကြီးဆုံးမှာ အင်အား ပြန်လည် စုဆောင်းကာ အင်အားသစ်ဖြင့် ပြန်လည် တိုက်ခိုက်ရန် ဖြစ်သည်။ ဤအချက်ကို ကြည့်ခြင်းအားဖြင့် တောင်ပိုင်းကျိုး အင်ပါယာ၌ အမှန်တကယ် အစွမ်းထက်ပြီး ဉာဏ်ပညာ ကြီးမားသော ဧကရာဇ် တစ်ပါး ရှိကြောင်း တွေ့မြင်နိုင်၏။

ကုန်းဆွန်းယန်က ဆက်ပြောလိုက်သည်။ “ယွင်ကျုံးဟဲ့... ဧကရာဇ်မင်းမြတ်က ခင်ဗျားကို လက်ဝဲဘက် အိမ်တော် ကိုယ်ရံတော် တပ်မှူးအဖြစ် ခန့်အပ်လိုက်ပြီး ဟေးလုံထိုင်ရဲ့ ခေါင်းဆောင် ဆက်ခံသူနေရာကို အသိအမှတ် ပြုလိုက်ပြီ။ အခု ခင်ဗျားရှေ့မှာ ရွေးချယ်စရာ နှစ်ခုရှိတယ်။

ပထမ ရွေးချယ်စရာက ဟေးလုံထိုင်ရဲ့ ပိုင်ရှင်မဲ့နယ်မြေ ဌာနခွဲကို ဝင်ရောက် ဦးဆောင်ပြီး ပိုင်ရှင်မဲ့နယ်မြေကို အပြည့်အဝ သိမ်းပိုက်နိုင်အောင် အင်ပါယာကို ကူညီပေးဖို့ပဲ။ ဒုတိယ ရွေးချယ်စရာက တောင်ပိုင်းကျိုး အင်ပါယာကို သူလျှိုအဖြစ် သွားဖို့ပဲ။”

ယွင်ကျုံးဟဲ့က ပြတ်သားစွာဖြင့် ရွေးချယ်လိုက်၏။ “ကျုပ် ဒုတိယ အချက်ကို ရွေးတယ်။”

ကုန်းဆွန်းယန်က သတိပေးလိုက်သည်။ “သေချာ စဉ်းစားနော်။ ဟေးလုံထိုင်ရဲ့ ပိုင်ရှင်မဲ့နယ်မြေ ဌာနခွဲကို ဦးဆောင်ရတာက အာဏာလည်း မသေးသလို အရေးအကြီးဆုံးက အသက်အန္တရာယ် မရှိဘူး။ တောင်ပိုင်းကျိုး အင်ပါယာမှာ သူလျှို သွားလုပ်ရတာကတော့ ကြီးမားတဲ့ စမ်းသပ်မှုကြီး ဖြစ်နေအုံးမှာပဲ။”

“ကျုပ် ဒုတိယ အချက်ကိုပဲ ရွေးတယ်။”

ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “ကျုပ် တောင်ပိုင်းကျိုးအင်ပါယာမှာ သူလျှို လုပ်ရရင် ဘာတာဝန်တွေ ရှိလဲ။”

“ဘာတာဝန်မှ မရှိဘူး။”

ကုန်းဆွန်းယန်က ပြောလိုက်သည်။ “ခင်ဗျား ဘယ်ပစ်မှတ်ကိုမှ အောင်နိုင်ဖို့ မလိုသလို ဘယ်သတင်းကိုမှလည်း စုံစမ်းဖို့ မလိုဘူး။ တာဝန် တစ်ခုမှ မရှိဘူး။ ခင်ဗျား လုပ်ရမယ့် တစ်ခုတည်းသောအရာက တောင်ပိုင်းကျိုး အင်ပါယာမှာ ရာထူးတွေ ဆက်တိုက်တက်ဖို့ပဲ။ တောင်ပိုင်းကျိုးအင်ပါယာရဲ့ အာဏာ ဗဟိုချက်ထဲ ဝင်ရောက်နိုင်ဖို့ ဘယ်နည်းလမ်းကိုမဆို သုံးရမယ်။”

ယွင်ကျုံးဟဲ့က ခေါင်းညိတ်လိုက်၏။ “ဒါဆို ကျုပ်ရဲ့ အဓိကတာဝန်က တောင်ပိုင်းကျိုးအင်ပါယာမှာ ရာထူးတက်ဖို့နဲ့ ကြီးပွားချမ်းသာဖို့ပေါ့။”

“ဟုတ်တယ်။”

ကုန်းဆွန်းယန်က ပြောလိုက်သည်။ “ခင်ဗျား တောင်ပိုင်းကျိုးအင်ပါယာကို ရောက်သွားရင် ဘယ်သူနဲ့မှ အဆက်အသွယ် လုပ်စရာ မလိုဘူး။ လောက တစ်ခုလုံးမှာ ခင်ဗျားရဲ့ ဇာစ်မြစ် အမှန်ကို သိမယ့်သူက သုံးယောက်ပဲ ရှိတယ်။”

ဘယ်သုံးယောက်နည်း။ ဧကရာဇ်မင်းမြတ်၊ ကုန်းဆွန်းယန်နှင့် ဖုန်းရှင်းမြဲ့ တို့ဖြစ်၏။ အိမ်ရှေ့စံမင်းသားပင် မသိရှိချေ။ ထို့ကြောင့် ယနေ့ည ယွင်ကျုံးဟဲ့ နန်းတော်အတွင်းသို့ ရောက်ရှိလာခြင်းမှာ အပြည့်အဝ လျှို့ဝှက်ထားရန် အတွက်ပင်ဖြစ်၏။

ကုန်းဆွန်းယန်က ဆက်ပြောလိုက်သည်။ “တောင်ပိုင်းကျိုးအင်ပါယာမှာ ရာထူးတက်ဖို့အတွက် ခင်ဗျား ဘာပဲလုပ်လုပ် ရတယ်။ ဟုတ်တယ်။ ဘယ်အရာမဆို လုပ်လို့ရတယ်။ ခင်ဗျား လုပ်မယ့်အရာက တာယင်အင်ပါယာရဲ့ အကျိုးစီးပွားကို ထိခိုက်စေမယ် ဆိုရင်တောင်၊ တောင်ပိုင်းကျိုးအင်ပါယာ ဧကရာဇ်က ခင်ဗျားကို စစ်တပ် ဦးဆောင်ပြီး တာယင်အင်ပါယာကို တိုက်ခိုင်းရင်တောင် ခင်ဗျား အစွမ်းကုန် ကြိုးစားရမယ်။

အတိုချုပ် ပြောရရင် ခင်ဗျားရဲ့ တစ်ခုတည်းသော ရည်မှန်းချက်က ဆက်တိုက် ရာထူးတက်ဖို့နဲ့ အတိုတောင်းဆုံး အချိန်အတွင်း တောင်ပိုင်းကျိုးအင်ပါယာရဲ့ အမြင့်ဆုံး အဆင့်ကို ရောက်ရှိဖို့ပဲ။”

ယွင်ကျုံးဟဲ့ နားလည်သွားပြီဖြစ်သည်။ သူသည် တာယင်အင်ပါယာ သမိုင်း တစ်လျှောက် အဆင့်အမြင့်ဆုံး သူလျှို ဖြစ်လာရမည်။ ဤကဲ့သို့သော အဆင့်မြင့် သူလျှိုမျိုးကို တစ်ကြိမ်သာ အသုံးပြုလေ့ရှိ၏။ သို့ပေမည့် အသုံးပြုလိုက်သည့်အကြိမ်တွင် လုံးဝ အပြင်းထန်ဆုံး ဖြစ်ရမှာဖြစ်၏။

အကယ်၍ သူသာ မမှားယွင်းပါက ယွင်ကျုံးဟဲ့ဟူသော ဤသူလျှိုကို အသုံးပြုမည့် အချိန်သည် တာယင် အင်ပါယာနှင့် တောင်ပိုင်းကျိုးအင်ပါယာတို့ အမှန်တကယ် နိုင်ငံတော် အဆုံးအဖြတ် စစ်ပွဲကြီး ဆင်နွှဲမည့် အရေးကြီးဆုံး အချိန်ပင် ဖြစ်လိမ့်မည်။

နိုင်ငံနှစ်ခု၏ အသက်ရှင်ခြင်း၊ သေဆုံးခြင်းကို အမှန်တကယ် အဆုံးအဖြတ် ပေးမည့် အချိန် ဖြစ်၏။ ထိုအခါမှသာ ယွင်ကျုံးဟဲ့ ဟူသော ထိပ်တန်း အဆင့်ရှိ ဖဲချပ်သူလျှိုကို အသုံးပြုမှာ ဖြစ်သည်။ သူ့ကို လုံးဝ အဆုံးအဖြတ် လက်နက်အဖြစ် အသုံးပြုရန် ဖြစ်၏။

“ဧကရာဇ်မင်းမြတ်က ကတိပေးထားတယ်။ ခင်ဗျား တောင်ပိုင်းကျိုးအင်ပါယာမှာ ဘယ်လောက်ပဲ အဆင့်မြင့်မြင့်၊ တာယင်အင်ပါယာကို ပြန်လာတဲ့ အချိန်ကျရင် ခင်ဗျားကို အဲဒီအဆင့်နဲ့ တူညီတဲ့ အခွင့်အရေးတွေ ချက်ချင်း ပေးမယ်တဲ့။

ခင်ဗျား တောင်ပိုင်းကျိုးအင်ပါယာမှာ နယ်စားဘွဲ့ ရရင် တာယင်အင်ပါယာကို ပြန်လာတဲ့ အချိန်မှာလည်း တာယင်အင်ပါယာက ခင်ဗျားကို နယ်စားဘွဲ့ ပေးမယ်။ တောင်ပိုင်းကျိုးအင်ပါယာမှာ ခင်ဗျား ဘုရင်ဘွဲ့ရရင်တောင် တာယင်အင်ပါယာက ခင်ဗျားအတွက် အစဉ်အလာကို ချိုးဖောက်ပြီး ဘုရင်ဘွဲ့ ပေးနိုင်တယ်။

တောင်ပိုင်းကျိုးအင်ပါယာမှာ ခင်ဗျား မင်းသမီး တစ်ပါးကို လက်ထပ်ခဲ့ရင်၊ ကျုပ်တို့ ဧကရာဇ်မင်းမြတ်ကလည်း တော်ဝင်မျိုးနွယ်ထဲက အလှဆုံးနဲ့ အထူးချွန်ဆုံး မင်းသမီးကို ခင်ဗျားနဲ့ ချက်ချင်း လက်ထပ်ပေးမယ်။

အတိုချုပ် ပြောရရင် ခင်ဗျား တောင်ပိုင်းကျိုးအင်ပါယာမှာ ရခဲ့သမျှ အရာအားလုံး အလဟဿ ဖြစ်သွားမှာ မဟုတ်ဘူး။ နယ်စားဘွဲ့ဖြစ်စေ၊ အာဏာဖြစ်စေ တာယင်အင်ပါယာကို ပြန်ရောက်လာရင် တိုက်ရိုက် ပေးအပ်မှာ ဖြစ်ပြီး နည်းနည်းလေးမှ လျှော့ချမှာ မဟုတ်ဘူး။

ဧကရာဇ်မင်းမြတ်က ထပ်ပြောသေးတယ်။ ခင်ဗျား ဘာအကြောင်းပြချက်နဲ့မှ ငြင်းဆန်ခွင့် မရှိသလို နှိမ့်ချခွင့်လည်း မရှိဘူးတဲ့။ ဂုဏ်ကျေးဇူးရှိရင် ဆုချရမယ် ဆိုတာ နိုင်ငံတော်ရဲ့ စည်းကမ်းပဲ။ မဟုတ်ရင် စည်းကမ်း ပျက်ပြားသွားလိမ့်မယ်တဲ့။” ကုန်းဆွန်းယန်က ရှင်းပြလိုက်သည်။

ယွင်ကျုံးဟဲ့က မေးလိုက်၏။ “ဒါဆို... တောင်ပိုင်းကျိုးအင်ပါယာမှာ ကျုပ်ရဲ့ သူလျှို အမည်က ဘာလဲ။”

ကုန်းဆွန်းယန်က ပြုံးလိုက်သည်။ “တောင်ပိုင်းကျိုးအင်ပါယာရဲ့ ထိပ်တန်း အမတ်ကြီး နုလန်ဟောက် အောက်ရှင်းရဲ့ သားပဲ။”

ယွင်ကျုံးဟဲ့က တုန်ယင်စွာဖြင့် ပြောလိုက်၏။ “ကျုပ်... ကျုပ်က ကျုပ်အစ်ကိုအဖြစ် ဟန်ဆောင်ရမှာပေါ့။”

ကုန်းဆွန်းယန်က ခေါင်းညိတ်လိုက်သည်။ “ဟုတ်တယ်... သူက ခင်ဗျားရဲ့ အမြွှာ အစ်ကိုပဲ။ ခင်ဗျား သူ့ရဲ့ အချက်အလက်တွေ အားလုံးကို လေ့လာရမယ်၊ သူ့ရဲ့ အသံကို တုပရမယ်၊ အရေးအကြီးဆုံးက ခင်ဗျား ဝလာအောင် လုပ်ရမယ်။”

ယွင်ကျုံးဟဲ့က နားမလည်နိုင်စွာ ပြောလိုက်၏။ “ဒါနဲ့ ကျုပ်တို့ နှစ်ယောက်ရဲ့ ဇာစ်မြစ်ကို သိတဲ့ ကျုပ်တို့ကို ကုသပေးခဲ့တဲ့ သူရှိသေးတယ်လေ။”

ကုန်းဆွန်းယန်က ပြုံးလိုက်သည်။ “စိတ်ချပါ။ အခု ဘယ်သူမှ မသိတော့ဘူး။”

ယွင်ကျုံးဟဲ့ အနည်းငယ် မှင်တက်သွား၏။ ဆေးဘုရင် ဆရာတပည့် နှစ်ဦးကို ဟေးလုံထိုင်က သတ်ပစ်လိုက်ပြီလား။

“အဲဒီ နှစ်ယောက်ကို ကျုပ်တို့ အပြည့်အဝ ဖမ်းဆီးထားလိုက်ပြီ။ သူတို့အတွက် အရင်က မကြုံစဖူး ကြီးမားတဲ့ စမ်းသပ်ခန်းကြီး တစ်ခု တည်ဆောက်ပေးထားတယ်။”

ကုန်းဆွန်းယန်က ပြောလိုက်သည်။ “အခု ဆေးဘုရင် ချိုင့်ဝှမ်းထဲမှာ ရှိတဲ့သူတွေ အားလုံးက ကျုပ်တို့ လူတွေချည်းပဲ။”

ယွင်ကျုံးဟဲ့က တောင်းဆိုလိုက်၏။ “ကျုပ်... ကျုပ်အစ်ကို့ကို သွားကြည့်ချင်တယ်။”

ကုန်းဆွန်းယန်က သဘောတူလိုက်သည်။ “ကောင်းပြီ။”

ယွင်ကျုံးဟဲ့သည် လူဝကြီးကို ထပ်မံ မြင်တွေ့ရချိန်တွင် သူသည် မြေအောက် ရေခဲတိုက် အတွင်း၌ လှဲလျောင်းနေပြီး မလှုပ်မယှက် ရှိနေပြီ ဖြစ်သည်။ ချက်ချင်းပဲ သူ၏ နှလုံးသား တစ်ခုလုံး နာကျင်သွားပြီး ထပ်မံ မေ့လဲလုမတတ် ဖြစ်သွားတော့၏။

ဖုန်းရှင်းမြဲ့က စာရွက် တစ်ရွက်ကို ကမ်းပေးကာ ပြောလိုက်သည်။ “သား... ဒါက... သူ သားကို ပေးခဲ့တဲ့ စာပဲ။”

ယွင်ကျုံးဟဲ့သည် တုန်ယင်စွာဖြင့် ဖွင့်ဖတ်လိုက်၏။

“ညီလေး... အစ်ကိုပါ။ ငါ ပြောသားပဲ... ငါ့မှာ ညီလေး တစ်ယောက် သေချာပေါက် ရှိရမယ်လို့။ အမြွှာတွေကြားမှာ တကယ်ပဲ စိတ်ချင်း ဆက်သွယ်မှု ရှိတယ်နော်။

ငါက ငယ်ငယ်လေး တည်းက အရမ်း ဝတယ်။ ဒါကြောင့် ငါ ပိန်သွားရင် ဘယ်လို ပုံစံမျိုး ဖြစ်မလဲ ဆိုတာ အမြဲ သိချင်ခဲ့တာ။ ဒါပေမဲ့ ငါ လုံးဝ ပိန်မသွားနိုင်ခဲ့ဘူး။ အခုတော့ ငါ ပိန်သွားရင် ဘယ်လို ပုံစံမျိုး ဖြစ်မလဲ ဆိုတာ သိရပြီ။ တောက်... အရမ်း ချောလွန်းတယ်၊ အရမ်း လှလွန်းတယ်။

ညီလေးရာ... ငါသာ မင်းလိုချောရင် ငါ့ရဲ့ လူတစ်သောင်းနဲ့ အတူအိပ်မယ့် ကိစ္စကြီးက အစောကြီးတည်းက ပြီးသွားလောက်ပြီ။ မိန်းမလှလေး တွေ ဘယ်လောက်တောင် ငါ့ဆီကို အလုအယက် ရောက်လာမလဲ မသိဘူး။ ဘယ်မှာ ဓားပြ သွားလုပ်နေစရာ လိုတော့မလဲ။

မင်း စိတ်ထဲမှာ ဘာဝန်ထုပ်ဝန်ပိုးမှ မထားပါနဲ့။ ငါက မူလတည်းက သေရမယ့်သူပါ။ ဖေဖေနဲ့ မေမေက ဘာမျှော်လင့်ချက်မှ မရှိတော့လို့ ငါ့ကို သေမင်းဆီ ကုသဖို့ ပို့လိုက်တာ။ ငါက အလကား သေရတော့မယ့်သူပါ။ ဒါပေမဲ့ ငါ့ရဲ့ သွေးက မင်းကို ကယ်နိုင်လိမ့်မယ်လို့ မထင်ထားဘူး။ ငါ တကယ်ကို အရမ်း ပျော်တယ်။

ညီလေးရေ... ငါ ဖေဖေနဲ့ မေမေ ကို ဆက်ပြီး မစောင့်ရှောက်နိုင်တော့ဘူး။ ငါတို့ မိသားစုက တောင်ပိုင်းကျိုး အင်ပါယာရဲ့ နုလန်ဟောက် အိမ်တော်လေ။ အရမ်း အရမ်းကို ကြီးကျယ်ခမ်းနားတာ။ ငါတို့ အဖေက အာဏာ အရမ်းကြီးတဲ့ အမတ်ကြီးပဲ။ မင်း ဒီလောက် ချောတာ၊ အဲဒီကို ရောက်ရင် သေချာပေါက် အများကြီး လုပ်နိုင်မှာပဲ။

ဖေဖေနဲ့ မေမေက ဝပြီး တုံးအတဲ့ သား တစ်ယောက် ဆုံးရှုံးသွားပေမဲ့ ချောမောပြီး ဉာဏ်ကောင်းတဲ့ သား တစ်ယောက် ပြန်ရလိုက်တယ်။ သူတို့ ဝမ်းနည်းနေပေမဲ့လည်း ပျော်ရွှင်ကြမှာပါ။ တစ်ဖက်က ဆုံးရှုံးသွားပေမဲ့ အခြား တစ်ဖက်ကနေ ပြန်ရလိုက်တာပေါ့။

ညီလေး... ငါ ငယ်ငယ်လေးတည်းက ငါ့မှာ ညီလေး တစ်ယောက် ရှိတယ်လို့ ခံစားရတယ်။ ဒါကြောင့် အိမ်မှာ စားစရာ ကောင်းတာတွေ ရှိရင် မင်းအတွက် တစ်ခု အမြဲ ချန်ထားခဲ့တယ်။ ဒါပေမဲ့ မင်း တစ်ခါမှ ပေါ်မလာခဲ့လို့ အဲဒီ စားစရာတွေ အကုန် မှိုတက်ကုန်တယ်။

နည်းနည်း ကြီးလာတော့ ဒီခံစားချက်က တဖြည်းဖြည်း ပျောက်သွားတယ်။ အဲဒါက ငါ့ရဲ့ စိတ်ကူးယဉ်မှု သက်သက်ပဲလို့ ထင်ခဲ့တာ။ အရာအားလုံးက တကယ် ဖြစ်နေလိမ့်မယ်လို့ မထင်ထားဘူး။ ငါ အရမ်း ပျော်တယ်၊ ငါ တကယ်ကို ပျော်တယ်။ သေသွားရင်တောင် အရမ်း ပျော်နေမှာပဲ။

ညီလေး... အခုကစပြီး ငါပိုင်ဆိုင်သမျှ အရာအားလုံး မင်းအတွက်ပဲ။ ချမ်းသာကြွယ်ဝမှုတွေ၊ ဂုဏ်သိက္ခာတွေ၊ ပြီးတော့ သေချာပေါက် တာဝန်တွေလည်း ပါတာပေါ့။

သေချာတာပေါ့။ တာဝန်ဆိုတာက ဖေဖေနဲ့ မေမေကို သေချာ စောင့်ရှောက်ဖို့ပါပဲ။ ဘယ်လို စောင့်ရှောက်ရမလဲ။ ပါးစပ်လေး နည်းနည်း ချိုရင် လုံလောက်ပါပြီ။ ထမင်း နည်းနည်းပိုစားပြ၊ အပြုံးလေးတွေ ပိုပြုံးပြ၊ ပျော်ပျော်ရွှင်ရွှင် နေပြပါ။

ဒါက ဖေဖေနဲ့ မေမေ ငါ့အပေါ် ထားတဲ့ မျှော်လင့်ချက်တွေ အားလုံးပါပဲ။ သူတို့က ငါ့ကို ဘယ်လောက် အောင်မြင်ပါစေ၊ ဘယ်လောက် ထင်ပေါ်ပါစေလို့ တစ်ခါမှ မမျှော်လင့်ခဲ့ပါဘူး။ ငါ အဆင်ပြေပြေ နေနိုင်ရင် လုံလောက်ပြီလို့ပဲ သူတို့ မျှော်လင့်ခဲ့တာ။ ဒါကလည်း မင်းအပေါ် ငါထားတဲ့ မျှော်လင့်ချက် အားလုံးပါပဲ။ မင်းလည်း အဆင်ပြေပြေ နေရမယ်။

ငါ့ရဲ့ မိန်းမတစ်သောင်း အိပ်စက်မှုကြီးကတော့ အဆုံးသတ်လို့ မရတော့ဘူး။ ဒါပေမဲ့ ကိစ္စမရှိပါဘူး။ မင်းလည်း ငါ့အစား လုပ်ပေးစရာ မလိုပါဘူး။ ဘာလို့လဲဆိုတော့ မင်းရဲ့ ဘဝက အရမ်း စိတ်လှုပ်ရှားဖို့ ကောင်းပြီး ငါ့လို ပျင်းစရာ ကောင်းအောင် နေစရာ မလိုလို့ပဲ။

ညီလေး... ငါ့အစား ဖေဖေနဲ့ မေမေကို စောင့်ရှောက်ပေးပါ။ သူတို့ နှစ်ယောက်အတွက် မြေးလေးတွေ အများကြီး မွေးပေးလိုက်ပါနော်။ သေချာပေါက် ပျော်ပျော်ရွှင်ရွှင် နေရမယ်။ သေချာပေါက် ပျော်ပျော်ရွှင်ရွှင် နေရမယ်နော်။ မင်းရဲ့ အစ်ကို... အောက်ယွီ”

All Chapters