အခန်း (၈၇၆-၈၇၇)
Vol. 51 Ch. 876-877
Chapter 876
မြူမီးခိုးမွန်းစတား ၅
ကျဆုံးသွားသည့် စစ်သားများ၊ ပျက်ကျနေသော လေယာဉ်များ၊ ပျက်စီးနေသော လမ်းမများနှင့် ပြိုလုနီးပါးဖြစ်နေသော အနောက်တောင်ဘက် ကာကွယ်ရေးတံတိုင်း မြင်ကွင်းများကို စုကျင်းက လေးလံသောအမူယာဖြင့် ကြည့်ရှုနေသည်။
“ဒါက အချိန်ကိစ္စပဲ ကျန်တော့တာပါ”
“အချိန်က လုံလောက်ပါတယ်”
ယဲ့လန်က ခေါင်းမလှည့်ဘဲ ပြောလိုက်သည်။
“အင်ပါယာပရောဂျက်ရဲ့ ကောင်းကင်နတ်ဘုရားယူနစ်ရောက်လာပြီ။ ရှေ့တန်းကို အကြောင်းကြားလိုက်ပါ၊၊ အနီးကပ်တိုက်ခိုက်ရေးတပ်ဖွဲ့တွေအားလုံး နောက်ဆုတ်ကြ”
အနောက်တောင်ဘက်ရှိ နံပါတ် ၁ တံတိုင်း၊ အစောင့်တပ်ဖွဲ့နှင့် သံမဏိအစောင့်တပ်ရင်းတို့၏ အဓိကကာကွယ်ရေးနယ်မြေရှိ ကောင်းကင်ယံထက်တွင် ဟိန်းဟောက်သံများ ကျယ်လောင်စွာ ထွက်ပေါ်လာသည်။
ဟွာကျန်းက တံတိုင်းကာကွယ်ရေး ကွပ်ကဲမှုစခန်းတွင် ရပ်နေရင်း ကောင်းကင်မှ တိမ်တိုက်များကြားက အလင်းတန်းများကို ကြည့်ကာ ပြတ်သားစွာ ပြောလိုက်သည်။
“နောက်ဆုံးတော့ သူတို့ ရောက်လာကြပြီ”
သူက ချက်ချင်းပင် ရှေ့သို့တက်ကာ “ချင်မိသားစု ညီအစ်ကိုတွေရယ်၊ ဖေးယီ၊ စုရွေတို့ကိုပါ အဆက်အသွယ်လုပ်ပေး”
“ဟုတ်ကဲ့”
“ယူနစ်အားလုံး…. ရန်သူနှင့် မဟာမိတ် ခွဲခြားမှုအမှတ်အသား A-1 အင်ပါယာ ဗာမီလီယံနဲ့ A-2 အင်ပါယာ ရွှမ်းဝူ အချက်ပြတွေကို သတင်းအချက်အလက်စုဆောင်းရေးဗဟိုကို ပို့ထားပြီးပြီ။ တိုက်ခိုက်မှုအတွက် ပြင်ဆင်ထားကြ”
အစောင့်တပ်မှူး လုထျန်းယဲ့သည် ဤသတင်းကို ကြားသည်နှင့် ချက်ချင်းပင် အသံနက်ကြီးဖြင့် အမိန့်ပေးလိုက်သည်။
“အထူးသံချပ်ကာ စွမ်းအားမြှင့်တပ်တွေအားလုံးဆုတ်ခွာ။ ဇုန် ၅၊ ၆၊ ၇၊ ၈၊ ၉ ကို အမြောက်တပ်ကနေ ပစ်ကူပေးထား”
“အင်ပါယာမီကာကြီးတွေ ရောက်လာပြီ၊၊ ပြန်ဆုတ်ကြ”
တပ်ရင်းအသီးသီးမှ နယ်မြေမှူးများက အရေးတကြီးအော်ဟစ်နေကြသည်။
“စွမ်းအားရှင်အဖွဲ့၊ သယ်ယူပို့ဆောင်ရေးလေယာဉ်တွေအတွက် ဝေဟင်ကနေ ကာကွယ်ပေးထား”
အလင်းတမန်ဝန်ကြီး လော့မင်က သယ်ယူပို့ဆောင်ရေးသင်္ဘောအစွန်းတွင် ရပ်ကာ ဆက်သွယ်ရေးစက်ထဲသို့ အော်ပြောနေသည်။
ဝူး
ရှေ့တန်းတွင် တိုက်ပွဲဝင်နေသော အဆင့်မြင့် ယန္တရားဝတ်စုံများဖြင့် စစ်သားများအားလုံးသည် အလျင်မြန်ဆုတ်ခွာရန် အမိန့်ကို ရရှိသွားကြသည်။
ထိုအချိန်တွင် အာရုဏ်ဦးမြို့တော်အတွင်း ပြင်းထန်စွာ တိုက်ပွဲဝင်နေကြသည့် အသက်ရှင်ကျန်ရစ်သူ အားလုံးသည် မြို့၏ အရှေ့ဘက်ကောင်းကင်မှ တိမ်တိုက်များ ဆွဲဖြဲခံလိုက်ရသည်ကို ရုတ်တရက် သတိပြုမိလိုက်ကြသည်။
အမြောက်ကျည်များကြားတွင် နတ်ဘုရားများကဲ့သို့ ကြီးမားလှသော ပုံရိပ်ကြီးနှစ်ခုသည် လျှပ်စီးတန်းများနှင့်အတူ ကောင်းကင်ယံတွင် ပေါ်ထွက်လာသည်။ တစ်ချိန်တည်းမှာပင် ဟာကျူလီ အကြီးစားသယ်ယူပို့ဆောင်ရေး လေယာဉ် ဒါဇင်ပေါင်းများစွာ၏ အင်ဂျင်သံများ နီးကပ်လာသည်။ ရှေးဟောင်းသတ္တဝါကြီးတစ်ကောင်၏ အသက်ရှူသံကဲ့သို့ပင် လေပြင်းများကြားတွင် ဆိုင်းငံ့သံမဏိကြိုးများဖြင့် ဧရာမ အနက်ရောင်အရိပ်ကြီးတစ်ခုသည် ထူထပ်သော မြူများကြားမှ ဖြည်းညှင်းစွာ ထိုးထွက်လာသည်။
၎င်းတို့မှာ အင်ပါယာပရောဂျက်၏ ကောင်းကင်နတ်ဘုရားယူနစ်၏ နောက်ဆုံးပေါ် စစ်လက်နက်များဖြစ်ကြသည်။ ယူနစ် ၀၁ စက်ရုပ်ထက် ပိုမိုကြီးမားပြီး မီးမောင်းများအောက်တွင် အေးစက်စက်အရောင်တောက်နေသည့် စူပါကာဗွန်သတ္တုစပ် သံချပ်ကာများဖြင့် ဖုံးအုပ်ထားရာ ဒဏ္ဍာရီထဲက တိုက်တန်ဘီလူးကြီးများနှင့်ပင် တူနေတော့သည်။
ဘယ်ဘက်ရှိ စက်ရုပ်မှာ ကိုယ်ထည်တစ်ခုလုံး အပြာရင့်ရောင်ဖြစ်ပြီး နျူကလီးယား ပေါင်းစပ်တာဘိုင်အင်ဂျင်နှစ်လုံးမှ လိမ္မော်ရောင် ပလာစမာတန်းများ မှုတ်ထုတ်နေသည်။ ၎င်းမှာ [ယူနစ် ၀၁ မီကာ-ဖန်ကူ] ကို သံချပ်ကာအဆင့်မြှင့်ထားသည့် ပုံစံတူစက်ရုပ်ဖြစ်သည်။ ၎င်း၏ ယန္တရားအဆစ်များမှ အပြာရောင်ပလာစမာအလင်းတန်းများ မှိတ်တုတ်မှိတ်တုတ် ထွက်ပေါ်နေသည်။
မီကာထိန်းချုပ်ခန်းအတွင်း ချင်ယွဲ့နှင့် ချင်ချွမ်းတို့ ညီအစ်ကိုနှစ်ဦး၏ အာရုံကြောချိတ်ဆက်မှုမှာ ၉၈ ရာခိုင်နှုန်းအထိ စံချိန်တင်မြင့်တက်နေသည်။ သူတို့၏ မျက်လုံးများမှာ ထက်မြက်နေပြီး လက်လှုပ်ရှားမှုနှင့် ခြေလှမ်းများမှာ တစ်သားတည်း ဖြစ်နေသည်။
“ပစ်မှတ်၊ နံပါတ် ၁၁ ဇီဝသက်ရှိ၊ မြေကမ္ဘာ”
“ရွှမ်းဝူ အသင့်ပြင်”
“ရွှမ်းဝူ… အသင့်ပြင်”
“လွှတ်ချပါ”
ကလန်
သယ်ယူပို့ဆောင်ရေး သင်္ဘောပေါ်မှ ဧရာမ သံမဏိကြိုးဒါဇင်ပေါင်းများစွာကို တစ်ပြိုင်နက် ဖြုတ်ချလိုက်သည်။ ထိုအခါ တန်ချိန် ၂၆၀၀၀ လေးသော လူသားပုံစံ မီကာကြီးမှာ မီတာ ၄၀၀ အမြင့်မှ တိုက်ရိုက်ပြုတ်ကျသွားတော့သည်။
ဝူး
လေထုကို ခွဲထွက်သွားသည့် ပြင်းထန်သော အသံနှင့်အတူ အင်ပါယာ-ရွှမ်းဝူသည် အာရုဏ်ဦးမြို့တော် အနောက်တောင်ဘက်ရှိ ဖူကျန်းမြစ်ထဲသို့ အရှိန်ဖြင့် ကျဆင်းသွားသည်။ မြစ်ရေများမှာ လှိုင်းလုံးကြီးများအဖြစ် အထက်သို့ ပွင့်ထွက်သွားပြီး အင်ပါယာ-ရွှမ်းဝူက ဒူးတစ်ဖက် ထောက်လျက်သား ရှိနေသည်။ သံလိုက်လမ်းညွှန် ဒိုင်းကာကြီးကို ကမ်းနားတံတားတွင် စိုက်ထူလိုက်ရာ ကာကွယ်ရေးစွမ်းအား စက်ကွင်းက ချက်ချင်း အသက်ဝင်လာပြီး မီတာ ၃၀၀ အတွင်းရှိ သန္ဓေပြောင်းသတ္တဝါများနှင့် အဆောက်အဦး အပျက်အစီးများကို ဖုန်မှုန့်ဖြစ်အောင် ချေဖျက်ပစ်လိုက်သည်။
ထိန်းချုပ်ခန်းအတွင်း မီးခိုးရောင်မြူများအောက်တွင် မြင်တွေ့နေရသည့် တောင်တစ်လုံးကဲ့သို့ ကြီးမားသော နံပါတ် ၁၁ ဇီဝသက်ရှိ [မြေကမ္ဘာ] ကို ကြည့်ရင်း ချင်ညီအစ်ကိုနှစ်ယောက်၏ မျက်လုံးများ အေးစက်သွားပြီး လက်များကို ဘေးသို့ ဆန့်ထုတ်လိုက်သည်။
“ဖျက်ဆီးရေးလက်နက်၊ ပစ်ခတ်”
“ဖျက်ဆီးရေးလက်နက်၊ ပစ်ခတ်”
အင်ပါယာ-ရွှမ်းဝူ၏ ရင်ဘတ်ရှိ သံချပ်ကာများ ပွင့်ထွက်လာပြီး ဖျက်ဆီးရေး ဒုံးကျည် ၁၂၀ ဆံ့သော ပစ်ခတ်မှုစနစ်ပေါ်လာသည်။ ထို့နောက် ဧရာမ ဒုံးကျည် အစင်းနှစ်ဆယ်မှာ တစ်ပြိုင်နက်တည်း ထိုးထွက်သွားတော့သည်။
တစ်ချိန်တည်းမှာပင် အခြားတစ်ဖက်တွင် အင်ပါယာ-ဗာမီလီယံ မီကာကြီးသည် အနီရောင် စွမ်းအင်များ စီးဆင်းလျက် ရှိနေသည်။ ၎င်းမှာ တိုက်ခိုက်မှုဒဏ် ခံနိုင်ရည်ရှိသည့် ပစ္စည်းအသစ်များဖြင့် တည်ဆောက်ထားသော အလွန်လျင်မြန်သည့် လုပ်ကြံသတ်ဖြတ်ရေးအဆင့်စက်ရုပ်ဖြစ်သည်။ အတွင်း၌ လေတပ်အကယ်ဒမီဆင်း ဇနီးမောင်နှံဖြစ်သော ဖေးယီနှင့် စုရွှေတို့က မောင်းနှင်နေကြသည်။ သံမဏိကြိုးများ လွှတ်ချလိုက်သည်နှင့် ကျူးချွဲစက်ရုပ်၏ ခြေထောက်ရှိ တွန်းကန်စက်မှ ဖီးနစ်အမြီးတန်းကဲ့သို့ မီးတောက်များ မှုတ်ထုတ်ကာ မြေပြင်ပေါ်သို့ အရှိန်ပြင်းစွာ ဆင်းသက်လိုက်သည်။
ရှေ့တွင်ရှိနေသော ခြေတံအရှည်ကြီးများနှင့် အက်စစ်မိုးများ ရွာသွန်းနေသည့် နံပါတ် ၁၈ ဇီဝသက်ရှိ [လေလွင့်သူ] ကို ကြည့်ကာ ဇနီးမောင်နှံနှစ်ဦးသည် တိုက်ပွဲဝင်ရန် အသင့်ပြင်လိုက်သည်။
“ဗာမီလီယံ ပလာစမာဓားသွားကို အသက်သွင်း”
“ဗာမီလီယံ ပလာစမာဓားသွားကို အသက်သွင်း”
ရွှီးးး
သွက်လက်သော ပုံစံဖြင့် စက်ရုပ်ကြီးက လက်များကို ဆန့်လိုက်ရာ အနီရောင် ပလာစမာ အလင်းတန်းများ ထွက်ပေါ်နေသည့် စွမ်းအင်မြင့်ဓားနှစ်လက်မှာ တိုက်ပွဲကွင်းတစ်ခုလုံး၏ ညအမှောင်ကို လင်းထိန်သွားစေသည်။
“လာစမ်း”
“လာစမ်း”
ဇနီးမောင်နှံနှစ်ဦးက တစ်ပြိုင်တည်း အော်ဟစ်လိုက်ကြသည်။
ပြင်းထန်သော မိုးကြိုးတိမ်တိုက်များအောက်တွင် S-Class မွန်းစတားသုံးကောင်နှင့် တိုက်ပွဲမှာ ယခုအချိန်တွင် စတင်လောင်ကျွမ်းခဲ့ပြီ ဖြစ်သည်။ အာရုဏ်ဦးမြို့တော်၏ ကာကွယ်ရေးတိုက်ပွဲသည် အမြင့်ဆုံး အရှိန်အဟုန်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
…
ထိုအချိန်တွင် ကမ္ဘာမြေနှင့် ၄၆၈၅၂ ကီလိုမီတာ ကွာဝေးသော အာကာသလမ်းကြောင်းထဲ၌ တန်ချိန် ၁၆ တန်လေးသော လူသားပုံစံ ယန္တရားဝတ်စုံနှင့် S-Class မွန်းစတားကြီးတစ်ကောင်သည် အာကာသသင်္ဘော အပျက်အစီးများကြားတွင် ငြိမ်သက်စွာ မျောပါနေသည်။ ၎င်း၏ ကျောဘက်တွင်ရှိသော ပလာစမာတွန်းကန်စက် ၈ ခုမှာ အတောင်ပံ ၈ ခုရှိသော ကောင်းကင်တမန်တစ်ပါးကဲ့သို့ပင် ခန့်ညားထည်ဝါလှသည်။
လင်းရှန်သည် သူ၏ အသိစိတ်ကို ချက်ချင်း ဆွဲဖြဲခံလိုက်ရသလို ခံစားလိုက်ရသည်။ သူ၏ အမြင်အာရုံ အနားသတ်များတွင် အက်ကွဲကြောင်းများစွာ ပေါ်လာပြီး အနီရင့်ရောင် အစေးများ ယိုစီးကျလာသည်။ ပြင်းထန်သော အလေးချိန်မဲ့မှု ခံစားချက်က သူ့ကို မီတာတစ်သောင်းအောက်က နက်ရှိုင်းသော ပင်လယ်ထဲသို့ ဆွဲချသွားသလို ဖြစ်နေပြီး နားထဲတွင် ငရဲမှ အော်ဟစ်သံများကဲ့သို့ အသံပေါင်းများစွာကို ကြားနေရသည်။ ယခင်က မြူမီးခိုးနားသို့ ချဉ်းကပ်စဉ်က လူပေါင်းသန်းချီ၏ ငိုကြွေးသံကို ကြားခဲ့ရသော်လည်း ယခုအခါတွင်မူ လင်းရှန်သည် အလောင်းများဖြင့် ဖွဲ့စည်းထားသော သမုဒ္ဒရာထဲသို့ ထိုးဆင်းနေရသကဲ့သို့ ခံစားနေရသည်။
အသက်ရှူကျပ်ခြင်း၊ အလေးချိန်မဲ့ခြင်းနှင့် အသိစိတ်ပြိုကွဲခြင်းတို့ ဖြစ်ပေါ်နေသည်။ အမှောင်ထုသည် အမှောင်ထုသက်သက် မဟုတ်တော့ဘဲ သက်ရှိတစ်ခုကဲ့သို့ လှုပ်ရှားနေပြီး အစက်အပြောက်များမှ စက်ဝိုင်းများ၊ တြိဂံများအဖြစ်သို့ ပြန့်ကားလာကာ ပုံသဏ္ဍာန်မျိုးစုံဖြင့် သူ့ကိုဝါးမျိုနေသည်။ သူ၏ ဦးနှောက်က ၎င်းကို နားလည်ရန် ကြိုးစားသော်လည်း ထိုအရာများက သူ၏ အတွေးများကို ထိုးနှက်ပြီး သိမြင်နားလည်မှုများကို ရှုပ်ထွေးအောင် ပြုလုပ်နေသည်။
လင်းရှန်သည် အာကာသထဲမှ ကမ္ဘာမြေမျက်နှာပြင်သို့ ပြုတ်ကျနေသလို ခံစားနေရသည်။ လေထုကို ဖြတ်သန်းကာ မိုးကြိုးတိမ်တိုက်များကြားမှ ဆင်းသက်လာစဉ်တွင် တိုက်ကြီးများနှင့် သမုဒ္ဒရာများ ပြိုလဲနေသည်ကို မြင်နေရပြီး မြေပြင်ပေါ်တွင် အလွန်ကြီးမားသော အနက်ရောင်တွင်းနက်ကြီးတစ်ခုမှာ ဖရိုဖရဲဖြစ်နေသည်ကို မြင်တွေ့လိုက်ရသည်။
သူ၏ဦးခေါင်းမှာ ကွဲအက်တော့မည့်အလား ပြင်းထန်စွာ နာကျင်နေပြီး အသိစိတ်မှာလည်း စကြဝဠာပေါင်းများစွာကို ဖြတ်သန်းကာ ဂြိုဟ်များ၊ ဖုန်မှုန့်များ၊ မော်လီကျူးများ၊ အက်တမ်များ၊ နျူထရွန်များနှင့် ပရိုတွန်များအထိ... နောက်ဆုံးတွင် အမည်မသိ အာကာသတွင်းနက်ထဲသို့ ရောက်ရှိသွားသလို ခံစားနေရသည်။
ထိုအချိန်တွင် လင်းရှန်သည် သူ၏အသိစိတ်မှာ ၃၆၀ ဒီဂရီ (သို့မဟုတ်) ထိုထက်မကသော အမြင်အာရုံအဖြစ် ပြောင်းလဲသွားသည်ဟု ခံစားလိုက်ရသည်။ ၎င်းမှာ အာကာသသက်သက်မဟုတ်ဘဲ ထပ်ဆင့်နေသော ကမ္ဘာများနှင့် ဒိုင်မေးရှင်းပေါင်းများစွာဖြစ်နေပြီး သူ၏ခန္ဓာကိုယ်မှာလည်း ပျောက်ကွယ်သွားပြီ ဖြစ်သည်။ သူသည် ထိုအမှောင်ထုထဲသို့ အကြိမ်ကြိမ် ပြုတ်ကျနေစဉ်မှာပင် ရုတ်တရက် လက်တစ်ဖက်က သူ့ကို လှမ်းဖမ်းလိုက်သည်။
ထိုအခါ အရာအားလုံး ငြိမ်သက်သွားပြီး ထပ်ဆင့်နေသော ဒိုင်မေးရှင်းများလည်း ပျောက်ကွယ်သွားတော့သည်။ သူ၏အမြင်အာရုံတွင် ဟာလာဟင်းလင်း အမှောင်ထုသာ ကျန်ရှိတော့ပြီး အနီးကပ်ကြည့်လိုက်သောအခါ သူ့ကို ဆွဲတင်လိုက်သူမှာ ချူယန်ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
သူ့ရှေ့တွင်ရှိနေသော ချူယန်မှာ ယခင်ကကဲ့သို့ ယန္တရားအစိတ်အပိုင်းများဖြင့်မဟုတ်ဘဲ အသိစိတ်သက်သက်ဖြင့် ဖွဲ့စည်းထားသည့် ခန္ဓာကိုယ်တစ်ခုဖြစ်နေသည်။ သူမ၏ တစ်ကိုယ်လုံးမှာ ချောမွေ့နေသည်။
“လင်းရှန်”
ချူယန်က လင်းရှန်ကို အံ့သြစွာ ကြည့်ပြီး မေးလိုက်သည်၊၊
“နင်ဒီကို ဘယ်လိုရောက်လာတာလဲ”
“အမှန်အတိုင်း ပြောရရင်တော့...”
လင်းရှန်သည် ဤအသိစိတ်အခြေအနေသစ်ကို ခံစားနေရပြီး အချိန်မည်မျှကုန်ဆုံးသွားသည်ကို မသိသော်လည်း ယခု ချူယန်ကို မြင်တွေ့ရခြင်းမှာ သူ ခေတ္တမျှ အသက်ဘေးမှ လွတ်မြောက်သွားပြီဟု ဆိုလိုကြောင်း သူ သိလိုက်သည်။
Chapter 877
ကစဥ့်ကလျားအခြေနေ ၁
သူသည် ဖီးနစ်အဖွဲ့နှင့် သူ၏အစီအစဉ်ကို ချူယန်အား ချက်ချင်း ပြောပြလိုက်သည်။ လင်းရှန်၏ ရူးသွပ်သော အကြံအစည်ကို ကြားသောအခါ အားကောင်းသော စိတ်စွမ်းအားရှိသည့် ချူယန်ပင်လျှင် မယုံကြည်နိုင်လောက်အောင် ဖြစ်သွားရသည်။
“နင်ကအရူးပဲ”
ချူးယန်က သူ့ကိုကြည့်ကာ မျက်မှောင်ကြုတ်လျက် အော်ပြောလိုက်သည်။
“နင်က ယဉ်ကျေးမှုရှေ့ဆောင်ဆီ ပြန်ဖို့အတွက် ငွေကျည်ဆန်ရှိတယ်ဆိုတာပဲ ပြောတယ်၊၊ မြူမီးခိုးကို ပြန်လှည့်ဖို့ ဘယ်လိုထိန်းချုပ်မလဲဆိုတာ ထည့်မစဉ်းစားထားဘူးလား”
မြူမီးခိုးပေါ်မှာ ယန္တရားဝတ်စုံမှာ ဖိနှိပ်ရန်နှင့် အကူအညီပေးရန်အတွက်သာဖြစ်ပြီး ၎င်း၏ တွန်းကန်စက်ကို ထိန်းချုပ်ရန်မှာ ပြဿနာမဟုတ်သော်လည်း အဓိကအချက်မှာ ကောင်းကင်အကာအကွယ်ကို ဖောက်ထွက်ရန်အတွက် ၎င်း၏ ဦးနှောက်ဆဲလ်စနစ်ကို အသက်သွင်းပြီး ထိန်းချုပ်ရန် ဖြစ်သည်။ လင်းရှန်တွင် ထိုသို့သော အစီအစဉ် မရှိခဲ့ပေ။
လင်းရှန်က ခေါင်းခါလိုက်သည်၊၊
“ဟုတ်တယ်၊ အဲဒါကို ငါထည့်မစဉ်းစားမိဘူး”
သို့သော် သူက ချူယန်ကို ကြည့်လိုက်သည်၊၊
“မင်းမှာ နည်းလမ်းတစ်ခုခု ရှိလိမ့်မယ်လို့ပဲ ငါတွေးထားတာ။ ဒီကိုတက်လာတာ နည်းနည်းတော့ စိတ်စောသွားနိုင်ပေမဲ့ ဒီထက်ကောင်းတဲ့ နည်းလမ်းလည်း မရှိတော့လို့ပါ”
ချူယန်လည်း လင်းရှန်ကို ကြည့်ရင်း ရှုပ်ထွေးသွားဟန်ဖြင့် အတန်ကြာတိတ်ဆိတ်သွားပြီးနောက် ပြောလိုက်သည်။
“ဂျူးလိယပ်စ်ရဲ့ သက်တမ်းက ကုန်ဆုံးတော့မယ်။ သူ့ရဲ့ အစီအစဉ်က ကောင်းကင်အကာအကွယ်ရဲ့ S-Class အသိအမှတ်ပြုမှုကို သုံးပြီး သူ့ကိုယ်သူ အဲဒီသက်ရှိပုံစံနဲ့ တစ်သားတည်းဖြစ်အောင် လုပ်ဖို့ပဲ၊၊ ဒါပေမဲ့ သူ တွက်ချက်မှု မှားသွားတယ်။ ဒီမှာ ပိုပြီး မှောင်မိုက်တဲ့ ဖြစ်တည်မှုတွေ ရှိနေပေမဲ့ သူတို့က သူ့ကို ဦးနှောက်ဆဲလ်ပြန်လည်ရှင်သန်ဖို့အတွက် အသက်ရှင်နေတဲ့ တစ်သျှူးစတစ်ခုအဖြစ်ပဲ သတ်မှတ်ကြတာ...”
လင်းရှန်က ပခုံးတွန့်လိုက်သည်၊၊
“အခုတော့ အဲဒီ ဇီဝဘက်ထရီက ငါဖြစ်သွားပြီ။ ဒါကြောင့် ငါသေမသွားသရွေ့ ကျွန်တော်နဲ့ မြူမီးခိုးဦးနှောက်ဆဲလ်ကြားက ဆက်သွယ်မှုကို သုံးပြီး မင်းရဲ့ စိတ်စွမ်းအားအသိစိတ်ကို ပြန်ခေါ်သွားလို့ ရတယ်။ ငါတွက်ကြည့်တာတော့... ဒါက မှန်သင့်တယ်”
“အရင်က နင်နဲ့ ငါချိတ်ဆက်ခဲ့တာအရဆိုရင်တော့ သီအိုရီကဖြစ်နိုင်ပါတယ်...”
“ဒါပေမဲ့ အရင်က မင်းက သေလုမျောပါး အခြေအနေမှာရှိနေပြီး ငါ့ရဲ့ခန္ဓာကိုယ်ကလည်း ခဏလောက်သေဆုံးသွားခဲ့တာ”
လင်းရှန်က သူမ ပြောချင်သည့်အရာကို ကြိုပြောလိုက်သည်။
“ဒါပေမဲ့ ငါထင်တာတော့ ဒါက လုပ်လို့ရတယ်။ ငါတို့ ကြိုးစားကြည့်ရမယ်”
ချူယန်က လင်းရှန်၏ အကြည့်ကို ရှောင်လိုက်ပြီး “နင့်စကား မှန်ပါတယ်။ ယဉ်ကျေးမှုရှေ့ဆောင်ဆီက အမှောင်စွမ်းအင် အချက်အလက်တွေက လူသားတွေရဲ့ စစ်ပွဲနဲ့ ရှင်သန်မှုအတွက် အရေးကြီးတယ်။ နင့်ရဲ့သတ္တိကို ငါချီးကျူးပါတယ်”
“အဲ့တာတွေ ခဏထားဦး၊၊ လက်တွေ့ကျတာတွေပဲ ပြောရအောင်။ ငါက အနီရောင်ကမ္ဘာ နံပါတ် ၃ ရဲ့ ပင်မဦးနှောက်ကို ထိန်းချုပ်ထားပြီးပြီ”
လင်းရှန်က တည်ငြိမ်သောအကြည့်ဖြင့် ပတ်ဝန်းကျင်ကို ကြည့်ကာ မေးလိုက်သည်၊၊
“ဒီနေရာက အတိအကျဘာလဲ၊၊ ပြီးတော့ ငါတို့ ဘယ်လိုပြန်ကြမလဲ”
ချူယန်က လေးနက်စွာ ပြောလိုက်သည်။
“ဒီနေရာကို မြူမီးခိုးရဲ့ ဦးနှောက်ဆဲလ်ထဲက လူသားဦးနှောက်ကို ကြားခံအဖြစ် သုံးပြီး မှိုမျှင်ကွန်ရက်တွေက တည်ဆောက်ထားတဲ့ အာရုံကြောဆုံမှတ်တစ်ခုလို့ နားလည်နိုင်တယ်။ ယဉ်ကျေးမှုနှစ်ခုရဲ့ အာရုံကြောတွေ ပထမဆုံးအကြိမ် ထိတွေ့မိတာဖြစ်ပြီး ငါတို့ရဲ့ အသိစိတ်တွေက ဒီမှာ ခေတ္တခိုလှုံနေတာပဲ။ ဒါပေမဲ့ ငါတို့ရဲ့ သက်ရှိပုံစံတွေက အခြေခံကတည်းက ကွဲပြားနေတော့ တိုက်ရိုက်ဆက်သွယ်လို့မရဘူး၊၊ စမ်းသပ်ချက်တွေနဲ့ပဲ တွက်ချက်ရမယ်။ ပြီးတော့ အမှောင်သက်ရှိတွေရဲ့ ရှင်သန်မှုပတ်ဝန်းကျင်က ငါတို့ကို လောင်ကျွမ်းစေနိုင်လို့ အနီရောင်ကမ္ဘာက ပြုလုပ်ထားတဲ့ ကန့်သတ်ချက်တွေက သူ့ရဲ့ အာရုံကြောလှုပ်ရှားမှုကို ၇၀ ရာခိုင်နှုန်းကျော်အဖြစ် ဖိနှိပ်ထားတယ်။ နောက်ပြီး ဒါက လုပ်ဆောင်ချက်ဦးနှောက်သက်သက်ပဲဖြစ်လို့ အနီရောင်ကမ္ဘာရဲ့ အချက်အလက်တွေအရ ဆိုရင် ကျန်းမာတဲ့ လူငယ် ၄၂၀ ရဲ့ ဦးနှောက်ဟာ ဒီအရာရဲ့ စိတ်စွမ်းအား လှုပ်ရှားမှုနဲ့ ညီမျှတယ်”
“တစ်နည်းအားဖြင့် ပြောရရင် ဒါက အသိစိတ်တွေ အားပြိုင်တဲ့ ကိစ္စပဲ။ ဘယ်သူ့ရဲ့ စိတ်စွမ်းအားက ပိုအားကောင်းသလဲဆိုတာက ဦးဆောင်မှာပဲ”
လင်းရှန် အံ့သြသွားသည်၊၊
“ဒါဆို မင်းပြောချင်တာက လူ ၄၂၀ ရဲ့ ဦးနှောက်စွမ်းအားက ၇၀ ရာခိုင်နှုန်း ဖိနှိပ်ထားတဲ့ S-Class ဦးနှောက်စနစ်နဲ့ ညီတယ်ပေါ့”
“မှန်တယ်”
“ဒါဆို ငါတို့ကရော”
“ငါတို့နှစ်ယောက်ပေါင်းရင် လုပ်နိုင်ပါတယ်” ချူယန်က ထိုအချိန်တွင် ပြောလိုက်သည်။
“ငါ့ရဲ့ စိတ်စွမ်းအားက အနည်းဆုံး လူ ၁၀၀၀ ရဲ့ ပေါင်းစည်းတာထက် ပိုပါတယ်”
လင်းရှန် စိတ်အေးသွားပြီး ချူယန်ကို ကြည့်ကာ ပြောလိုက်သည်၊၊
“ဒါဆို ငါလောင်းကြေးထပ်တာ မှန်သွားတာပေါ့”
“စိတ်စွမ်းအားတွေကို ပေါင်းစည်းဖို့ဆိုတာ မလွယ်ဘူး။ ဒါက အာရုံကြောချိတ်ဆက်တာနဲ့ မတူဘူး။ ကြိမ်နှုန်းညှိရရုံတင်မကဘဲ မြူမီးခိုးရဲ့ အမှောင်တုံ့ပြန်မှုကိုလည်း ခုခံရမှာ”
“ဒါက ပြဿနာမဟုတ်ပါဘူး”
ချူယန်တွင် အားကောင်းသော စိတ်စွမ်းအား ရှိနေပြီး လင်းရှန်တွင်မူ အိန်ဂျယ်အဆင့် ယန္တရားစွမ်းအားနှင့် အမှောင်ထုကို ခုခံခဲ့သည့် အတွေ့အကြုံများစွာ ရှိနေသဖြင့် သူ ယုံကြည်မှုရှိနေသည်။
ချူယန်က ခေါင်းကို အနည်းငယ် စောင်းကြည့်လိုက်ပြီး လင်းရှန်ကို ပြောလိုက်သည်။
“နောက်ပြီး ငါတို့ အသိစိတ်တွေ ပေါင်းစည်းသွားပြီဆိုရင် နင့်မှာ ငါ့အတွက် လျှို့ဝှက်ချက်ဆိုတာ ရှိမှာမဟုတ်တော့ဘူး”
လင်းရှန်က မျက်မှောင်ကြုတ်လျက် ယခုအချိန်တွင် အဝတ်အစားမပါဘဲ ဖြစ်နေသည့် ချူယန်ကို ကြည့်ကာ ပြောလိုက်သည်။
“ငါထင်တာကတော့ ဒီအချိန်မှာ ဒါတွေက အရေးမကြီးတော့ပါဘူး”
“နင်ပြောတာ မှန်တယ်”
ချူယန်ထံမှ ပြင်းထန်သော စိတ်စွမ်းအားများ ထွက်ပေါ်လာရာ ပတ်ဝန်းကျင်ရှိ အမှောင်ထုများ ဘေးသို့ရှဲကာ နောက်ဆုတ်သွားတော့သည်။ လင်းရှန်၏ အမြင်အာရုံမှာလည်း ကျယ်ပြန့်လာပြီး ရှေ့တွင် ဝေဝါးနေသော အာကာသမြင်ကွင်းတစ်ခု ပေါ်လာသည်။ ၎င်းမှာ မြူမီးခိုး၏ အမြင်မှတစ်ဆင့် အာကာသသင်္ဘော အပျက်အစီးများကို ကြည့်နေရခြင်း ဖြစ်ပုံရသည်။
ထိုအချိန်တွင် လင်းရှန်သည် ပတ်ဝန်းကျင်၌ ပြင်းထန်သော စိတ်စွမ်းအားများ တိုးထွက်လာသည်ကို ခံစားလိုက်ရပြီး အမှောင်လှိုင်းလုံးကြီးများမှာ ဆူနာမီကဲ့သို့ သူတို့နှစ်ဦးထံသို့ ဦးတည်လာကြသည်။ အာကာသထဲတွင် မိုးကြိုးပစ်သံကဲ့သို့ ပြင်းထန်သော ဟိန်းဟောက်သံများ ပေါက်ကွဲထွက်လာသည်။ သူက ချက်ချင်းပင် အော်ပြောလိုက်သည်။
“အခု ငါတို့ ဆက်ပြီး ဘာလုပ်ရမှာလဲ”
ချူးယန်၏ အကြည့်မှာ ပြတ်သားနေပြီး သူမ၏ ညာဘက်လက်ကို လင်းရှန်ထံသို့ ဖြည်းညှင်းစွာ မြှောက်လိုက်ကာ ကျယ်လောင်စွာ ပြောလိုက်သည်။
“ငါ့လက်ကို ကိုင်လိုက်”
“ပြီးတော့ရော”
လင်းရှန်က ချက်ချင်းပင် လက်လှမ်းကာ ချူယန်၏ လက်ချောင်းများကို ဆုပ်ကိုင်လိုက်သည်။ ထိုခဏ၌ ချူယန်၏ ပြင်းထန်သော စိတ်စွမ်းအားအောက်တွင် ပတ်ဝန်းကျင်မှ ဆူညံနေသည့် မိုးကြိုးသံများမှာ ပျောက်ကွယ်သွားသလို ခံစားရပြီး တစ်ကမ္ဘာလုံး ငြိမ်သက်သွားတော့သည်။
ချူယန်၏ အသံတစ်ခုတည်းသာ သူ၏ ဦးနှောက်ထဲတွင် ဟိန်းထွက်လာသည်။
“ငါတို့ရဲ့ အသိစိတ်တွေကို ပေါင်းစည်းလိုက်ကြရအောင်”
…
ဂျိန်း ဂျိန်း
အာရုဏ်ဦးမြို့တော်၏ ကောင်းကင်ယံရှိ အမှောင်ထုထဲတွင် အနီရောင်လျှပ်စီးတန်းများ နေရာအနှံ့ လင်းလက်နေသည်။ ၎င်းမှာ မူလလျှပ်စီးအရောင် မဟုတ်ဘဲ မီးခိုးများနှင့် မီးတောက်ကြီးများကြောင့် ကောင်းကင်တစ်ခုလုံး အနီရောင်သန်းသွားခြင်းပင် ဖြစ်သည်။
ထိုအချိန်တွင် အာရုဏ်ဦးမြို့တော်အတွင်းရှိ တိတ်ဆိတ်မြို့တော်နှင့် ကောင်းကင်ငြိမ်သက်ခြင်းသင်္ဘောတို့သည် ဝေဟင်ကင်းလှည့်မှုများကို ဆောင်ရွက်နေကြပြီ ဖြစ်သည်။ အမှောင်ထု၏အထက်ရှိ အကြီးမားဆုံးသော မိုးပျံမွန်းစတား Sky Touch သည် ထူးဆန်းသော အနီရောင်ဆူးချွန်လက်တံများကို ဥက္ကာခဲများကဲ့သို့ တရစပ်ပစ်လွှတ်နေသဖြင့် သင်္ဘောများနှင့် ကင်းလှည့်တိုက်လေယာဉ်များစွာ ပျက်ကျကုန်သည်။
ဖီးနစ်၏ မြေပြင်လေကြောင်းကာကွယ်ရေးစခန်းမှ နျူကလီးယားထိပ်ဖူးငယ် တပ်ဆင်ထားသည့် လက်နက်တစ်ခုကို ပစ်လွှတ်လိုက်ရာ အချိန်တိုအတွင်း အသံထက်မြန်သော အရှိန်သို့ ရောက်ရှိသွားပြီး တိမ်တိုက်များကြားသို့ တည့်တည့်မတ်မတ် ထိုးဖောက်ဝင်ရောက်သွားသည်။
အုန်းး
မုန်တိုင်းတိမ်တိုက်များကြားတွင် ဧရာမ ပေါက်ကွဲမှုကြီး ဖြစ်ပွားသွားပြီး ကောင်းကင်တစ်ဝက်မှာ လင်းထိန်သွားတော့သည်။ အာရုဏ်ဦးမြို့တော်၏ အထက်တွင် အဖြူရောင် အပေါက်ကြီးတစ်ခု ရုတ်တရက် ပေါ်လာသလိုပင်။ ဖျက်အားပြင်း ရိုက်ခတ်မှုလှိုင်းများက တိမ်တိုက်နှင့် မိုးစက်များကို ချက်ချင်း အငွေ့ပျံသွားစေပြီး မှောင်မိုက်သော ကောင်းကင်ယံတွင် မျက်စိဖြင့် မြင်နိုင်သော ကွက်လပ်ကြီးတစ်ခု ဖြစ်ပေါ်သွားသည်။
တိတ်ဆိတ်မြို့တော်ပေါ်တွင် ရွှန်းသည် ထိုကွက်လပ်ကို ကြည့်နေစဉ် လေထုအလွှာနေ သတ္တဝါကြီး၏ ခန္ဓာကိုယ်တစ်ဝက် ပေါ်လာသည်ကို တွေ့လိုက်ရသည်။ ၎င်းမှာ နက်ရှိုင်းသော ပင်လယ်ထဲက ရှေးခေတ်မွန်းစတားကြီးတစ်ကောင်နှင့် တူလှသည်။ အထပ်မြင့်အဆောက်အဦးများကဲ့သို့ ကြီးမားလှသော လက်တံကြီးများက တိမ်တိုက်များကြားမှ ဆင်းသက်လာပြီး လူသားများ၏ ယာဉ်တန်းများကို ရစ်ပတ်ခြေမွနေသည်။
ပင်မကွပ်ကဲမှုစခန်းတွင် ရှင်းဂျီက Sky Touch ၏ စွမ်းအင်လှုပ်ရှားမှုများကို ကြည့်ကာ နျူကလီးယားလက်နက် ပေါက်ကွဲသည့် ခဏ၌ပင် တိတ်ဆိတ်မြို့တော်၏ ဟိုင်ပိုလုံ ပဲ့ထိန်းစွမ်းအင် အမြောက်ဖြင့် ပစ်ခတ်လိုက်သည်။
အဖြူရောင် ဒုံးကျည်ကြီးမှာ အသံထက်မြန်သော အရှိန်ဖြင့် ထိုးထွက်သွားပြီး ရှေ့တန်းသို့ ခဏချင်း ရောက်ရှိသွားသည်။ ထို့နောက် စွမ်းအင်လှိုင်းများပေါက်ကွဲကာ လမ်းကြောင်းပြောင်းလဲလိုက်ကာ ဒုံးကျည်အောက်ခြေမှ ပွင့်ချပ်ပုံစံ စွမ်းအင်ဗဟိုပြုစနစ် ခြောက်ခုပွင့်လာပြီး အလယ်ဗဟိုမှ စူးရှသော အဖြူရောင်အလင်းတန်းများ ထွက်ပေါ်လာကာ သတ္တဝါကြီး၏ လက်တံဗဟိုချက်နေရာသို့ စွမ်းအင်စီးကြောင်းကြီးအဖြစ် ထိမှန်သွားတော့သည်။
ရှင်းဂျီ၏ ဆုံးဖြတ်ချက်မှာ မှန်ကန်သွားသည်။ ထိုသတ္တဝါကြီးသည် နျူကလီးယားပေါက်ကွဲမှုဒဏ်ကြောင့် ကာကွယ်ရေးစွမ်းအားများ ပြန်မစုစည်းနိုင်သေးခင်မှာပင် အာကာသအခြေစိုက်လက်နက်၏ ထိုးဖောက်မှုကို ခံလိုက်ရခြင်း ဖြစ်သည်။ ပြင်းထန်သော အလင်းတန်းကြီးက ကီလိုမီတာပေါင်းများစွာအထိ ထိုးဖောက်သွားသဖြင့် တိမ်တိုက်များကြားမှ ဆင်းသက်လာသော လက်တံများအားလုံးသည် ရူးသွပ်စွာဖြင့် လူးလွန့်နေတော့သည်။
ထိုသို့ တိကျစွာ ထိမှန်သွားပြီးနောက် ကောင်းကင်ယံမှာ ခေတ္တမျှ တိတ်ဆိတ်သွားသည်။ ယာဉ်တန်းများ၏ ပစ်ခတ်မှုများ အားလုံးမှာ အထက်သို့ ဦးတည်နေစဉ် မြို့အောက်ရှိ အသက်ရှင်ကျန်ရစ်သူများမှာ အံ့သြတုန်လှုပ်စွာဖြင့် အထက်သို့ မော့ကြည့်လိုက်ကြသည်။ တိမ်တိုက်များအထက်မှ တစ်စုံတစ်ခု ပြုတ်ကျလာနေသည်ကို သူတို့ မြင်တွေ့လိုက်ရခြင်း ဖြစ်သည်။
“တစ်ခုခု ပြုတ်ကျလာနေပြီ”
“အာရုဏ်ဦး ခရိုင်ဘက်ကို”
“သတိထားကြ”
ဝုန်းခနဲ မြည်သံနှင့်အတူ မီးတောက်နေသော အရာတစ်ခုမှာ အမှောင်ထုထဲမှ ပြုတ်ကျလာသည်။ ရှင်းဂျီ၏ ပစ်မှတ်ရှာဖွေရေးစနစ်က ချက်ချင်းပင် ထိုအရာကို အာရုံစူးစိုက်လိုက်ရာ ၎င်းမှာ ဧရာမ လက်တံသုံးခုနှင့် ချိတ်ဆက်နေသည့် ဇီဝတစ်သျှူး အသားစိုင်ကြီးဖြစ်နေပြီး ဥက္ကာခဲတစ်ခုကဲ့သို့ ကျဆင်းလာနေခြင်း ဖြစ်သည်။
အောက်ဘက်ရှိ လမ်းမများပေါ်တွင် ကာကွယ်ရေးယူထားသည့် ယာဉ်တန်းစောင့်ကြပ်ရေးတပ်ဖွဲ့များက ဆက်သွယ်ရေးစက်မှတစ်ဆင့် အော်ဟစ်လိုက်ကြသည်။