အခန်း (၈၉၂-၈၉၃)
Vol. 51 Ch. 892-893
Chapter 892
သင်္ဘောဖျက်တုန်ခါလှိုင်းဓားကြီး ၅
ယခု လုရှင်းချန်သည် အပူဖိသိပ်မှု နိယာမကို အသုံးပြုကာ မိမိကိုယ်ကို စက်လုံးပုံသဏ္ဌာန် မီးလျှံကြီးတစ်ခုအတွင်း ပိတ်လှောင်လိုက်သည်။ သူ၏ လက်နှစ်ဖက်မှ မီးလျှံများ ပန်းထွက်လာပြီး မီတာများစွာကျယ်ပြန့်သော ဧရာမ မီးလုံးကြီးတစ်ခု ဖြစ်ပေါ်လာသည်။ နီရဲသော မီးလျှံများမှာ တောက်ပသော အဖြူရောင်ဗဟိုချက်ကို ဝိုင်းရံထားပြီး ပြင်းထန်သော အပူရှိန်ကြောင့် ပတ်ဝန်းကျင်ရှိ မိုးရေများကို တစ်ခဏချင်း အငွေ့ပျံသွားစေသည်။ ၎င်းသည် နေမင်းအသေးစားလေးတစ်ခုနှင့်ပင် တူလှသည်။
“ကီကီ… မီးနဂါးလေဆင်နှာမောင်း နောက်တစ်ခါ လုပ်ကြရအောင်”
“ရတယ်လေ”
ကီကီသည် လုရှင်းချန်၏ လှုပ်ရှားမှုကို ချက်ချင်း သဘောပေါက်လိုက်သည်။ သူမ၏ မျက်လုံးများတွင် စွမ်းအားလှိုင်းများ ထွက်ပေါ်လာပြီး စွမ်းအင်များကို စုစည်းနေစဉ် ဆံပင်များမှာ လေထဲတွင် လွင့်ပျံနေသည်။
“စပြီ”
လုရှင်းချန်က ထိုမီးလုံးကြီးကို ရှေ့သို့ ပစ်လွှတ်လိုက်ရာ အပျက်အစီးပုံများအထက်တွင် ပေါက်ကွဲသွားတော့သည်။ ဖြူဖွေးသော ဒီရေလှိုင်းကြီးကဲ့သို့သော မီးလျှံဗဟိုချက်မှာ ပြင်းထန်စွာ ပေါက်ကွဲသွားပြီး မီးလျှံများသည် အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားသည်။
ဝူး
ပြင်းထန်သောစွမ်းအားများ ထွက်ပေါ်နေသည့် မျက်လုံးများဖြင့် ကီကီသည် ပျံသန်းဝင်ရောက်လာသည်။ သူမ၏ လက်နှစ်ဖက်က မမြင်ရသော ဧရာမ စိတ်စွမ်းအင်နယ်ပယ်ကို ထိန်းချုပ်လိုက်ရာ မီးလျှံများမှာ ရူးသွပ်စွာ လည်ပတ်သွားသည်။ လုရှင်းချန်၏ အပူချိန်မြင့်မားလှသော မီးလျှံများမှ တက်လာသော လေပူများကို အသုံးချကာ ဧရာမ ဟာရီကိန်းမုန်တိုင်းကြီးတစ်ခုက အပျက်အစီးပုံများကြားတွင် တိုက်ခတ်သွားသည်။ အစပိုင်းတွင် လောင်ကျွမ်းနေသော မီးလုံးမှာ ယခုအခါ မီးတောက် လေဆင်နှာမောင်းကြီးအဖြစ် ပြောင်းလဲသွားပြီး အနံ မီတာရာချီ၊ အမြင့် မီတာရာချီရှိသော နီရဲသည့် မီးနဂါးလေဆင်နှာမောင်းကြီးတစ်ခု ဖြစ်ပေါ်လာတော့သည်။
တစ်ချိန်တည်းမှာပင် မိုနီကာ၊ အားဖေး၊ လီကွမ်းဝမ်တို့နှင့်အတူ အသစ်ရောက်ရှိလာသော ကျန်းယွမ်၊ ယုဟွေ့အန်း၊ ရှုယွီဖေး၊ လင်းချင်ယွီနှင့် ချီနို၏ ညလမ်းလျှောက်သူအဖွဲ့တို့ကလည်း အင်အားများစုပေါင်းကာ တိုက်ခိုက်ကြသည်။ လေဆာတန်းများ၊ တုန်ခါမှုလှိုင်းများ၊ အသံလှိုင်းများနှင့် သံလိုက်မုန်တိုင်းများကို ပြိုင်တူ ထုတ်လွှတ်လိုက်ကြသည်။
ခဏချင်းအတွင်းမှာပင် အပျက်အစီးများထဲရှိ အမည်းရောင် တွားသွားသတ္တဝါအများစုမှာ ချေမှုန်းခံလိုက်ရသည်။ သို့သော် ထိုတိုက်ခိုက်မှုများက Sky Touch နှင့် လေလွင့်သူတို့၏ အသားစိုင်များကို လောင်ကျွမ်းစေခါနီးမှာပင် ပြင်းထန်သော ရိုက်ခတ်မှုလှိုင်းတစ်ခုက ဧရာမ မီးနဂါးလေဆင်နှာမောင်းကို ဖြန့်ကျက်ဖျက်ဆီးပစ်လိုက်ပြီး အခြားသော တိုက်ခိုက်မှုများမှာလည်း မမြင်ရသော အတားအဆီးတစ်ခုကို သွားရောက်ထိမှန်နေသကဲ့သို့ ဖြစ်သွားသည်။
“ဘာဖြစ်တာလဲ”
လင်းချင်ယွီက လျှပ်စစ်တန်းကို ပြန်ဆွဲလိုက်ပြီး ရှေ့တွင် ပြင်းထန်သော ဖိအားတစ်ခု ရုတ်တရက် ပေါ်လာသည်ကို ခံစားလိုက်ရသည်။
“သတိထား”
အဆောက်အဦမြင့်ပေါ်တွင် ရပ်နေသော မိုနီကာက တည်ကြည်သော မျက်နှာထားဖြင့် ပြောလိုက်သည်။ သူမသည် ချက်ချင်းပင် သူမ၏ စွမ်းအားဝတ်စုံမှ မျက်နှာဖုံးကို ချလိုက်သည်။
“တစ်ခုခု လာနေပြီ”
“ငါတို့ရှေ့တည့်တည့်မှာ တစ်ခုခု ရပ်နေတယ်”
အားဖေးနှင့်အတူ ကောင်းကင်တွင် ပျံဝဲနေသော စွန်းယုကျန်းက ပြောလိုက်ရာ လူတိုင်း၏ စိတ်ထဲတွင် ထိတ်လန့်သွားကြသည်။ စွန်းယုကျန်းက အကွာအဝေးတစ်ခုရရန် အပေါ်သို့ အမြန်ပျံတက်လိုက်သည်။
“အဲဒါ ဖုတ်ကောင်သိုးထိန်းပဲ၊၊ အားလုံး ဆုတ်ကြ”
လေပြင်းများ ဝိုင်းရံနေသော ကျန်းယွမ်က သူ၏ လက်သီးများကို ဖြည်းဖြည်းချင်း ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။
“ဘယ်နတ်ဆိုးက ငါ့ကို လာစိန်ခေါ်တာလဲ”
တဇွတ်ထိုးလုပ်တတ်သော လုရှင်းချန်သည် အပျက်အစီးများ၏ အလယ်တွင် တွားသွားသတ္တဝါများ ပြန်လည်စုစည်းကာ မွန်းစတားအသစ်တစ်ခုအဖြစ် ဖန်တီးရန် ကြိုးစားနေသည်ကို တွေ့လိုက်ရသည်။ သူသည် ဒေါသထွက်သွားပြီး သူ၏ အပြင်းထန်ဆုံးတိုက်ကွက်ကို ထုတ်ဖော်လိုက်သည်။
“နတ်ဘုရားကောင်းကင်လွှမ်းခြုံမီးလျှံ”
ကောင်းကင်ယံရှိ တိမ်တိုက်များကြားမှ မီးလျှံကြီးတစ်ခု ရုတ်တရက် ပေါက်ကွဲထွက်လာပြီး အချင်း မီတာရာချီရှိသည့် လည်ပတ်နေသော မီးတောက်ဂျင်ကြီးတစ်ခု ဖြစ်ပေါ်လာသည်။ ၎င်းသည် ပြင်းထန်စွာ လည်ပတ်နေပြီး လေထုကို လောင်မြိုက်စေကာ အသံများ ထွက်ပေါ်စေပြီးနောက် အပျက်အစီးပုံများဆီသို့ အရှိန်အဟုန်ဖြင့် ထိုးဆင်းသွားတော့သည်။
ဘွန်းးး
သို့သော်လည်း ပစ်မှတ်ကို မထိမှန်ချေ။ မီးလျှံမှာ လေထဲတွင် ပေါက်ကွဲသွားပြီး ရိုက်ခတ်မှုလှိုင်းများကြောင့် မိုးရေများ အငွေ့ပျံသွားကာ မြင့်မားသော အပျက်အစီးများကြားတွင် ကြောက်မက်ဖွယ်ကောင်းသော လူသားပုံသဏ္ဌာန် အရိပ်ကြီးတစ်ခုကို တဖြည်းဖြည်း ပုံဖော်ပေးလိုက်သည်။
ထိုအရိပ်မှာ ပိုမိုကြည်လင်လာပြီးနောက် နီရဲသော မြူများ၊ စွမ်းအားကွင်းအပိုင်းအစများ ဖုံးလွှမ်းထားပြီး နတ်ဆိုးတစ်ပါးနှင့် တူလှသော ဧရာမ ပုံသဏ္ဌာန်ကြီးမှာ စွမ်းအားရှင်များ၏ ရှေ့တွင် ပေါ်ထွက်လာတော့သည်။ စုစည်းနေသော တိမ်တိုက်များကဲ့သို့ လျင်မြန်စွာ လှုပ်ရှားနေပြီး ၎င်း၏ နီရဲသော မြူများမှာ တောက်ပသော အနီရောင်အလင်းများကို ထုတ်လွှတ်နေသည်။
“ဆုတ်ကြ”
ကီကီ၊ ကျန်းယွမ်၊ မိုနီကာနှင့် အခြားသူများ၏ မျက်နှာများပျက်သွားပြီး တစ်ပြိုင်နက်တည်း အော်ဟစ်လိုက်ကြသည်။
ဝုန်းးး
နောက်တစ်ခဏတွင် နီရဲသော မြူမှုန်များသည် အစောပိုင်းက စုပ်ယူထားသော စွမ်းအားရှင်များ၏ စွမ်းအင်များနှင့် ပြင်းထန်စွာ ဓာတ်ပြုသွားပြီး လေထုအတွင်း ပေါက်ကွဲမှုများ ဖြစ်ပေါ်လာစေသည်။ လေပူဖောင်းများမှာ လျင်မြန်စွာ ကျယ်ပြန့်လာပြီး လေထုကို တုန်ခါစေသော ပြင်းထန်သည့် ပေါက်ကွဲမှုကြီး ဖြစ်ပေါ်လာတော့သည်။
အဏုမြူဗုံးအသေးစားလေးတစ်ခုနှင့် တူလှသော ပြင်းထန်တောက်ပသည့် အလင်းစက်လုံးကြီးမှာ ဖုတ်ကောင်သိုးထိန်းကြီးကို ဗဟိုပြုကာ ကျယ်ပြန့်လာပြီး ပြင်းထန်သော ရိုက်ခတ်မှုလှိုင်းကြောင့် စွမ်းအားရှင်များအားလုံး လွင့်ထွက်သွားရသည်။
လေထဲမှ ပေါက်ကွဲမှုသည် ပြင်းထန်သော ရိုက်ခတ်မှုလှိုင်းကို ထုတ်လွှတ်လိုက်ရာ အဆောက်အဦမြင့်ကြီးများ၏ နံရံများ ကွဲအက်ကုန်ပြီး အဆောက်အဦ အမြောက်အမြားမှာ တိမ်းစောင်းကာ ပြိုကျကုန်ကြသည်။ ဧရိယာတစ်ခုလုံးတွင် ဖုန်မှုန့်လှိုင်းကြီးများ ဖုံးလွှမ်းသွားတော့သည်။
ဤဖုတ်ကောင်သိုးထိန်းကြီးသည် မြို့ထဲသို့ တိုက်ရိုက်ဝင်ရောက်လာခြင်းဖြစ်ပြီး လူတိုင်း၏ စိတ်ထဲတွင် ပျက်စီးခြင်း အငွေ့အသက်များကို ခံစားလိုက်ရသည်။
“ကာကွယ်ရေးလိုင်းတွေကို ကျုံ့လိုက်ပြီး မြို့ကို ကာကွယ်ကြ”
ဟွာကျန်း၏ အသံမှာ ဆက်သွယ်ရေးလိုင်းမှတစ်ဆင့် ပဲ့တင်ထပ်လာသည်။
“ဗာမီလီယံ၊ ရွှမ်းဝူနဲ့ မြူမီးခိုး… မြို့ထဲမှာ ဖုတ်ကောင်သိုးထိန်းရောက်နေပြီ”
မြို့အနောက်ဘက်ရှိ ကွပ်ကဲရေးသင်္ဘောပေါ်မှနေ၍ လုထျန်းယဲ့က စက်ရုပ် ၃ ရုပ်ကို လှမ်းအော်ပြောလိုက်သည်။
“သေစမ်း” လင်းရှန်သည် ဒေါသတကြီးဖြင့် မြို့ထဲသို့ ချက်ချင်း ဦးတည်ကာ ပြေးထွက်လိုက်သည်။
“အတွင်းထဲမှာ လူတွေ အများကြီးရှိတယ်၊၊ စွမ်းအင်လက်နက်တွေ သုံးတာက ထိရောက်မှု မရှိတဲ့အပြင် အသေအပျောက် ပိုများစေလိမ့်မယ်”
ချူယန်က ပြောလိုက်သည်။
“ငါ သိတယ်”
လင်းရှန်က အံတင်းတင်းကြိတ်လိုက်သည်။
“အခုဆို မိုးလင်းနေသင့်ပြီ၊ ဒါပေမဲ့ မှောင်နေတုန်းပဲ။ ဒါဟာ တွင်းနက်က စူးစမ်းဖို့အတွက် နယ်ပယ်ကို လုံးဝ ဖြန့်ကျက်ထားပြီဆိုတဲ့ အဓိပ္ပာယ်ပဲ။ တွင်းနက်ရဲ့ တကယ့်အရှင်သခင် မရောက်လာခင်မှာ ဒီရှေ့ပြေး ဖုတ်ကောင်သိုးထိန်းကို ငါတို့ ရှင်းထုတ်မှဖြစ်မယ်၊၊ မဟုတ်ရင် ငါတို့ ဘယ်တော့မှ နေရောင်ကို ပြန်မြင်ရမှာ မဟုတ်ဘူး”
“ဗာမီလီယံ… ကျုပ်တို့နဲ့ လာပူးပေါင်းပါ။ S-Class မွန်းစတားတွေ ပေါင်းစည်းတာကို တားဆီးရမယ်၊၊ ရွှမ်းဝူက မြို့ရိုးတွေကို ပိတ်ဆို့ထားပါ။ ဖုတ်ကောင်သိုးထိန်းကို ကျုပ်ကိုင်တွယ်မယ်”
“နားလည်ပြီ” ပိုင်ရွှမ်းနှင့် စုရွှေတို့က ပြန်ထူးလိုက်သည်။
“ငါတို့တာဝန်သာ ထားလိုက်” ချင်ညီအစ်ကိုများကလည်း ချက်ချင်း ပြန်ဖြေလိုက်ကြသည်။
ဗာမီလီယံသည် ပလာစမာဖြာထွက်ဓားကို ကိုင်စွဲကာ လျင်မြန်စွာ လှည့်ထွက်ပြီး မြို့ထဲသို့ ဦးတည်လိုက်သည်။ တစ်ချိန်တည်းမှာပင် ရွှမ်းဝူသည် ဧရာမ ပင့်ကူခြေတံသတ္တဝါကို ပိတ်ဆို့ရန် ပြေးထွက်သွားပြီး ကြယ်တာရာစီးနင်းသူ ၄ စင်းနှင့်အတူ အနောက်ဘက် မြို့ရိုးအက်ကွဲကြောင်းကို ခုခံနေတော့သည်။
“ချိန်းဓားသွား အသင့်”
“ချိန်းဓားသွား အသင့်”
ချင်ညီအစ်ကိုများသည် ညာလက်မောင်းများကို ဝေ့ယမ်းလိုက်ပြီး ကြိမ်နှုန်းမြင့် ချိန်းဓားများကို ကိုင်စွဲကာ အဆုံးမရှိသော မွန်းစတားလှိုင်းလုံးကြီးရှေ့တွင် တွန့်ဆုတ်ခြင်းမရှိသောပုံစံဖြင့် ရပ်တည်နေကြသည်။
မြူမီးခိုးသည် မြို့တွင်းကာကွယ်ရေးလိုင်းရှိ အပျက်အစီးများထဲသို့ ခြေလှမ်းလှမ်းလိုက်ပြီး ရှေ့သို့ တိုးရင်း ညာလက်မောင်းကို မြှောက်လိုက်သည်။ အထက်ကောင်းကင်ယံတွင် ဇောက်ထိုးဖြစ်နေသော ဟင်းလင်းပြင်ယန္တရားတံခါးတစ်ခု ပေါ်လာပြီး လျှပ်စစ်တန်းများကြားမှ ၁၈၂ မီတာ ရှည်လျားသော သင်္ဘောဖျက်တုန်ခါလှိုင်းဓားကြီးက ဖြည်းဖြည်းချင်း ဆင်းသက်လာသည်။ ထိုဓားကို လင်းရှန်က Rayfish အဆင့် ကြယ်သင်္ဘော၏ ပင်မကျောရိုးဖြင့် သွန်းလုပ်ထားခြင်းဖြစ်ပြီး ဓားသွားမှာ အပူချိန်မြင့် အပြာရောင်စွမ်းအင်များဖြင့် တောက်ပနေကာ ပတ်ဝန်းကျင်ရှိ လေထုကို အငွေ့ပျံသွားစေသည်။ မြူမီးခိုး၏ သံချပ်ကာဖုံးအုပ်ထားသော ယန္တရားလက်က ထိုဓားကို လှမ်းဖမ်းလိုက်ပြီး လမ်းမပေါ်တွင် တရွတ်တိုက် ဆွဲယူလာသည်။
ကလန် ကလန်
တန်ချိန် ထောင်ချီလေးလံသော ထိုဓားကြီးကို တရွတ်တိုက်ဆွဲလာသော မြူမီးခိုးထံမှ လေးလံသော သတ္တုသံများ ထွက်ပေါ်လာပြီး မြေပြင်ရှိ အပျက်အစီးများမှ ဖုန်မှုန့်များ ထကြွလာကာ မီးပွားများ တဖွားဖွားလွင့်စင်နေတော့သည်။
လင်းရှန်နှင့် ချုယန်တို့သည် စိတ်ချင်း ပေါင်းစည်းကာ အရှိန်မြှင့်၍ ပြေးထွက်လိုက်ရာ ခြေဖဝါးအောက်ရှိ ကွန်ကရစ်မြေပြင်များမှာ အစိတ်စိတ်အမြွှာမြွှာ ကွဲအက်သွားတော့သည်။
“သွေးချောင်းစီးတိုက်ပွဲအတွက်ပြင်ဆင်ကြ”
Chapter 893
စိတ်ဝိညာဉ်ဝန်ပိခြင်း ၁
မွန်းတည့် ၁၂ နာရီ မိနစ် ၂၀ ရှိပြီဖြစ်၍ နေ့အလင်းရောင် ရောက်ရှိနေရမည်ဖြစ်သော်လည်း အာရုဏ်ဦးမြို့တော်မှာမူ ဝင်ရိုးစွန်းည၏ ဝါးမျိုခြင်းကို ခံထားရသကဲ့သို့ ရှိနေသည်။ အမှောင်ဒီရေများက ကောင်းကင်ယံကို ဖုံးလွှမ်းထားဆဲပင်။
“အာရုဏ်ဦးမြို့တော်နဲ့ အခုထိ အဆက်အသွယ်မရသေးဘူးလား”
ထျန်းကျိချုံးကူရေလက်ကြားရှိ အာရုဏ်ဦးဗဟိုစင်တာ၏ စစ်ဆင်ရေးခန်းမတစ်ခုလုံး အလုပ်ရှုပ်နေကြသည်။ ကင်းထောက်လေယာဉ်အမြောက်အမြားနှင့် ညလမ်းလျှောက်သူအဖွဲ့များကို စေလွှတ်ထားသော်လည်း အာရုဏ်ဦးမြို့တော်ထံမှ သတင်းတစ်စုံတစ်ရာ တက်မလာသေးပေ။
အခြေစိုက်စခန်း ကွပ်ကဲရေးယာဉ်အတွင်း၌ စစ်ဝတ်စုံရှည် ဝတ်ဆင်ထားသော လီဟီပင်း၏ မျက်နှာမှာ တင်းမာခက်ထန်နေသည်။ စားပွဲပေါ်မှ လက်ဖက်ရည်များသည်လည်း မနေ့ညကတည်းက အေးစက်နေခဲ့ပြီဖြစ်သည်။
“ကောင်းကင်ကင်းလှည့်ယာဉ်တွေ အနားကပ်လို့မရဘူး။ ချင်းပိုနဲ့ ဇန်ဂိတ်ဘက်က ကောင်းကင်တွေပါ မှောင်အတိကျနေပြီး အချက်ပြစနစ်လည်း လုံးဝပြတ်တောက်နေပါတယ်” စစ်သေနာပတိ လျူယာလောင်က စိုးရိမ်တကြီး ပြောလိုက်သည်။
“ယာဉ်တန်းတော်တော်များများကို ပတ်ဝန်းကျင်မှာ စခန်းချထားပေမဲ့ အများစုကတော့ လူအို၊ လူမမာတွေနဲ့ ရိက္ခာတွေကို ချန်ထားရစ်ခဲ့တဲ့ ထောက်ပံ့ရေးယာဉ်တန်းအသေးလေးတွေပဲ။ အမြောက်တပ်ပါတဲ့ အနီးနားက အဖွဲ့တွေ ပင်းမြို့နဲ့ ယင်းဒူးဘက်က အရေးပေါ်အဖွဲ့တွေ၊ ညလမ်းလျှောက်သူအဖွဲ့အစည်းတွေ— သွားနိုင်တဲ့သူအားလုံး မနေ့ညကတည်းက အာရုဏ်ဦးမြို့တော်ထဲကို တိုက်ခိုက်ပြီး ဝင်သွားကြပြီ။ မြို့ပြင်ပတ်ပတ်လည်က စစ်တလင်းဖြစ်နေပေမဲ့ အမှောင်ဇုန်တွေကိုတော့ ကျွန်တော်တို့ လုံးဝထိုးဖောက်လို့ မရသေးဘူး”
အာရုဏ်ဦးဗဟိုစင်တာ၏ အင်ဂျင်နီယာတပ်မှူး ဝေ့ချုံးလော့သည် အရပ်ရှည်ရှည် ပါးပါးလျလျ လူအိုကြီးတစ်ဦးဖြစ်သော်လည်း မျက်မှန်အောက်မှ သူ၏မျက်လုံးများမှာ သတ်ဖြတ်လိုသော အငွေ့အသက်များဖြင့် ပြည့်နှက်နေသည်။
“အလျင်အမြန် တပ်ဆင်လိုက်ရတဲ့ အင်ပါယာယန္တရား အမှတ် ၀၂ နဲ့ ၀၃ ကိုလည်း စေလွှတ်ထားပြီးပြီ။ ဟွာကျန်းရဲ့ ကြယ်တာရာစီးနင်းသူ ရှစ်စီးလည်း ပါသွားတယ်။ ဒါဟာ ကမ္ဘာပျက်ကပ် စတင်ကတည်းက အင်အားအများဆုံး အသုံးပြုမှုပဲ”
“အခုထိ မိုးမလင်းသေးတာကို ကြည့်ရင် လခြမ်းကွေးစစ်ဆင်ရေးရဲ့ သတင်းအချက်အလက်က မှန်နေတာပဲ။ ဒီအမှောင်ထုရဲ့ ရည်ရွယ်ချက်က အာရုဏ်ဦးမြို့တော်ကို ဝါးမျိုဖို့ပဲ။ သူတို့သာ အောင်မြင်သွားရင် ငါတို့နဲ့ တခြားစစ်မြေပြင်တွေ ဘယ်တော့မှ အာရုဏ်ဦးကို မြင်ရတော့မှာ မဟုတ်ဘူး”
လီဟီပင်းက လေးနက်သောလေသံဖြင့် မှတ်ချက်ချသည်။
“ဒီအမှောင်ထုက ဘာကြိုတင်သတိပေးချက်မှမရှိဘဲ ရောက်လာတယ်။ ငါတို့ဘယ်လောက်ပြင်ဆင်ထားပါစေ အငိုက်မိသွားတာပဲ။ အခုတော့ ရုတ်တရက်တိုက်ခိုက်မှုက အဆုံးအဖြတ်ပေးရမဲ့ တိုက်ပွဲကြီး ဖြစ်သွားပြီ”
ဝေးကွာလှသော ရေဂျာဗစ်ရှိ ဥရောပမုန်တိုင်းမဟာမိတ်အဖွဲ့၊ တောင်အမေရိက ယူရှူးယာရှိ ဖီးနစ်မြို့တော်၊ မြောက်အမေရိက အလက်စကာ ပူးပေါင်းတပ်ဦး၊ သမုဒ္ဒရာနောဧ၊ ရီပက်ဘလစ်ကန် ကျွန်းစုများ... ကမ္ဘာအနှံ့ရှိ အသက်ရှင်ကျန်ရစ်သူအားလုံးသည်လည်း ဖီးနစ်၏ ကမ္ဘာလုံးဆိုင်ရာ ချန်နယ်သို့ စောင့်ကြည့်နေကြသည်။ လူပေါင်းများစွာ ဆုတောင်းနေကြသော်လည်း အာရုဏ်ဦးမြို့တော်မှ သတင်းများ ပျောက်ဆုံးနေခြင်းကြောင့် မိနစ်တိုင်းတွင် အပူတပြင်း စိုးရိမ်မှုများ တိုးပွားနေလေသည်။
အာရုဏ်ဦးမြို့တော်၊၊
အရုဏ်တက်ချိန် ရောက်မလာခဲ့ပေ။
လူသန်းပေါင်းများစွာ နေထိုင်နိုင်သော ဤမြို့တော်ကြီးမှာ ယခုအခါ ငရဲခန်းတစ်ခုအလား သွေးပင်လယ်၊ အလောင်းတောင်နှင့် ကမ္ဘာပျက်စစ်တလင်းအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီ။
သောင်းနှင့်ချီသော တပ်ဖွဲ့ဝင်များ၊ သန်းနှင့်ချီသော အသက်ရှင်ကျန်ရစ်သူများ၊ ကောင်းကင်ယံ၌ ပြည့်နှက်နေသော ကြယ်သင်္ဘောများနှင့် ပျံသန်းရေးယာဉ်များ၊ သေနတ်သံများ၊ လျှပ်စစ်တန်းများ၊ မီးခိုးလုံးများ၊ ဟိန်းဟောက်သံများနှင့် အော်ဟစ်သံများ။
မနေ့က ညနေ ၄ နာရီမှ ယခုအချိန်အထိ နာရီပေါင်း ၂၀ နီးပါး တိုက်ပွဲဝင်ခဲ့ကြသည်။ မြို့ရိုးပေါ်တွင် တောက်လောင်နေသော မီးလျှံများသည် တစ်ညလုံး လောင်ကျွမ်းနေသော်လည်း ကောင်းကင်ယံကိုမူ အလင်းမပေးနိုင်ခဲ့ပေ။
ဦးခေါင်းထက်မှ အမှောင်ဒီရေများက အာရုဏ်ဦးမြို့တော်ကို လုံးဝဖုံးလွှမ်းထားသည့် စိတ်ပျက်အားငယ်စရာ သံမဏိတံတိုင်းကြီးသဖွယ် ဖြစ်နေသည်။
မီတာ ၃,၀၀၀ အထက်မှ ငုံ့ကြည့်လျှင် မြို့တော်တစ်ခုလုံးမှာ ပျက်စီးနေသော ဆားကစ်ပြားတစ်ခုကဲ့သို့ပင်။ ပြိုပျက်နေသော လမ်းမများမှာ မီးလောင်ထားသော ဝါယာကြိုးများနှယ်၊ လောင်ကျွမ်းနေသော အဆောက်အဦးများမှာ အရည်ပျော်နေသော ချစ်ပ်ပြားများနှယ် ရှိနေပြီး ထိုအပျက်အစီးများအကြားတွင် သန်းနှင့်ချီသော သန္ဓေပြောင်းမွန်းစတားများက ဒီရေလှိုင်းများလို စီးဆင်းသွားလာနေကြသည်။
၁၃၈ ထပ်ရှိသော သက်တံ့ကောင်းကင်စင်တာ ကုန်တိုက်ကြီးမှာ အလယ်မှ ပြတ်တောက်နေပြီး အထူးအဆင့်ရှိသော ပင့်ကူသတ္တဝါကြီးတစ်ကောင်က အပျက်အစီးများပေါ်တွင် တွားသွားနေသည်။ ၎င်း၏ ကြီးမားလှသော ခြေထောက်များအောက်တွင် သံချပ်ကာယာဉ်ပျက်တစ်ခု ညပ်ပါသွားသည်။ ကောင်းကင်ယံ၌ တိုက်လေယာဉ်များက ဆက်တိုက်ဗုံးကြဲနေပြီး အောက်ခြေတွင်လည်း အမြောက်အစင်း ၄၀ ခန့်က တစ်ပြိုင်နက် ပစ်ခတ်နေကြသည်။ ၁၅၅ မီလီမီတာ ကျည်ဆန်များက မွန်းစတားအုပ်ကြီးအကြားကို ကျရောက်ကာ အသားစိုင်များကို လွင့်စင်သွားစေသော်လည်း စက္ကန့်ပိုင်းမျှသာ…။ ထို့နောက် မြေအောက်မှ ကင်းခြေများကဲ့သို့ သတ္တဝါတစ်ကောင် တိုးထွက်လာပြီး အမြောက်များကို အပိုင်းပိုင်းဖျက်ဆီးပစ်ရာ အော်ဟစ်သံများ လေထုထဲ ပျံ့လွင့်သွားသည်။
နံပါတ် ၂ မြို့ရိုးထက်တွင်မူ အစောင့်တပ်၊ သံမဏိအစောင့်တပ်ရင်းနှင့် မြောက်အမေရိက ပူးပေါင်းတပ်ဦးတို့၏ လေတပ်များမှ လေယာဉ်များတစ်ဝက်ခန့် ပျက်ကျသွားပြီဖြစ်သည်။ ကောင်းကင်ငြိမ်သက်ခြင်းသင်္ဘောသည်လည်း မီးခိုးမည်းများ ထွက်နေသည်။ ဒရက်နော့အဆင့်ရှိ အာကာသတိုက်သင်္ဘောကြီး၏ အဓိကပလာစမာအမြောက်မှာ ပျက်စီးလုနီးပါး ဖြစ်နေသော်လည်း ပစ်ခတ်နေဆဲပင်။ အပြာရောင်အလင်းတန်းများက ပျံသန်းနေသော မွန်းစတား ၃ ကောင်ကို ဖောက်ထွက်သွားပြီး အတောင်ပါသော နဂါးတစ်ကောင်နှင့် တိုက်မိကာ ပေါက်ကွဲမှုကြီး ဖြစ်ပွားသွားသည်။ အနီးကပ်ကာကွယ်ရေး လက်နက်စနစ်မှ ကျည်ဆန်တန်းများမှာ ကောင်းကင်ယံ၌ တောက်ပနေသော ပုလဲကုံးကြီးကဲ့သို့ ချိတ်ဆွဲထားသော်လည်း တိမ်တိုက်ကြားမှ မွန်းစတားများက ပို၍ များပြားစွာ ဆင်းသက်လာကြသည်။
နံပါတ် ၂၁ ခိုလှုံရေးစခန်း၊၊ ဗဟိုမြေအောက်ရထားဘူတာ၊ အဆင့် B2၊၊
အရေးပေါ်မီးစက်၏ တုန်ခါသံနှင့်အတူ နက်ရှိုင်းသော ဥမှင်ထဲတွင် အလင်းရောင်များရှိနေပြီး ဖြူဖျော့နေသော လူသောင်းနှင့်ချီ၏ မျက်နှာများကို မြင်တွေ့နေရသည်။
ဤနေရာတွင် အများစုမှာ အမျိုးသမီးများ၊ ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများ၊ ဒဏ်ရာရရှိသူများနှင့် ကိုယ်ဝန်ဆောင်များ ဖြစ်ကြသည်။ မြေပြင်ပေါ်မှ အမြောက်သံများက တစ်ညလုံး မြည်ဟီးနေပြီး ဤနေရာတွင် ကုန်ဆုံးရသော စက္ကန့်တိုင်းမှာ တစ်နှစ်ခန့်ကြာနေသကဲ့သို့ပင်။ အခန်းထောင့်စွန်းများမှ တစ်ခါတစ်ရံ ရှိုက်သံသဲ့သဲ့ ထွက်ပေါ်လာတတ်သည်။
“မေမေ… အပြင်မှာ မိုးမလင်းသေးဘူးလား။ ဖေဖေကရော ဘာလို့ ပြန်မလာသေးတာလဲ”
မျက်လုံးတစ်ဖက်တည်းရှိသော အရုပ်ကလေးကို ပိုက်ထားသည့် သမီးငယ်လေးက မိခင်ဖြစ်သူ ဝူလီ၏ အင်္ကျီလက်ကို ဆွဲကာ မေးလိုက်သည်။ ဝူလီ ဘာမှမပြောဘဲ တိတ်ဆိတ်နေမိသည်။ သူမသည် မျက်နှာကြက်ကိုသာ စိုက်ကြည့်နေမိ၏။ ပေါက်ကွဲသံ တစ်ချက်ကြားတိုင်း မီးသီးလေးသည် ပြင်းထန်စွာ တုန်ခါသွားပြီး ကွန်ကရစ်ဖုန်မှုန့်များ လွင့်ကျလာသည်။ လူအုပ်ကြီးလည်း ခေတ္တမျှ ထိတ်လန့်သွားသော်လည်း သက်ပြင်းရှိုက်သံများဖြင့်သာ ပြန်လည်တိတ်ဆိတ်သွားကြသည်။
အုန်းးး
အထက်မှ နောက်ထပ် ပေါက်ကွဲသံကြီးတစ်ခု ထပ်မံထွက်ပေါ်လာပြီး မြေအောက်စခန်းတစ်ခုလုံး ထိတ်လန့်တုန်လှုပ်ကုန်ကြသည်။
“တောက်”
ခြေထောက်တစ်ဖက် ပြတ်နေသော စစ်မှုထမ်းဟောင်း ကျန်းကျန့်ကျွင့်က စီးကရက်ကို လွှင့်ပစ်လိုက်သည်။ သူသည် ယန္တရားခြေတုဖြင့် အစောင့်များထံ လျှောက်သွားပြီး “ငါတို့ကို လက်နက်ပေးစမ်း၊ ငါတို့ ထွက်တိုက်မယ်”
ကျန်းကျန့်ကျွင့်၏ စကားကြောင့် လူအုပ်ကြီး လှုပ်ရှားသွားပြီး အချို့မှာ ရှေ့သို့ တိုးလာကြသည်။
“ဒီမှာတင် ငုတ်တုတ်ထိုင်နေလို့ မဖြစ်တော့ဘူး”
“အခုထိ အမှောင်ထုက မပျောက်သေးဘူး၊၊ ငါတို့ သွားကူရမယ်”
“အားလုံးပဲ… လုံခြုံရေးဇုန်ကို ပြန်ဆုတ်ကြပါ—”
အစောင့်တာဝန်ယူထားသော တပ်မှူး၏ မျက်နှာမှာ ခက်ခဲနေဟန်ရှိသည်။
“ကျွန်တော်တို့ရဲ့ တာဝန်က...”
“အပြင်ကလူတွေ အကုန်သေကုန်ရင် ဒီထဲမှာ ပုန်းနေတာ ဘာအဓိပ္ပာယ်ရှိတော့မှာလဲ”
ဝူလီက လူအုပ်ထဲမှ ထွက်လာသည်။ သူမ၏မျက်နှာတွင် ဖုန်မှုန့်များ ပေကျံနေသော်လည်း သူမ၏အကြည့်များမှာ အလွန်တရာ ပြတ်သားနေသည်။
“ဒါဟာ ကမ္ဘာပျက်ကပ်ပဲ။ ယောကျ်ား၊ မိန်းမ၊ လူကြီး၊ ကလေး... အားလုံး အတူတူပဲ။ ဘယ်သူမှ လွတ်အောင်ပြေးလို့ မရဘူး”
“ဟုတ်တယ်”
“ငါတို့ကို လက်နက်တွေပေးပါ၊၊ အဲဒီသတ္တဝါတွေကို သွားသတ်မယ်”
“ဒီအတိုင်း ထိုင်ပြီး အသေခံလို့မဖြစ်ဘူး...”
တပ်မှူး၏နောက်ရှိ ရာနှင့်ချီသော အစောင့်တပ်သားများမှာလည်း လေးနက်သော မျက်နှာထားများ ရှိနေကြသည်။ သန္ဓေပြောင်းမှုများကြောင့် သူတို့သည် အဆက်အသွယ် ပြတ်တောက်နေခဲ့ပြီး အပြင်ဘက်ရှိ သူတို့၏ရဲဘော်များမှာလည်း အသက်စွန့်နေကြရသည်။ ဆက်သွယ်ရေးစက်မှ တဖြည်းဖြည်း ပျောက်ကွယ်သွားသော အသံများကို နားထောင်ရင်း မြေအောက်ထဲတွင် ပုန်းအောင်းနေရသည်ကို သူတို့ မခံစားနိုင်တော့ပေ။ ထိုခဏတွင် လူတိုင်းသည် ပြတ်သားစွာ မတ်တတ်ရပ်လိုက်ကြသည်။
“တပ်ခွဲမှူး...”