အခန်း (၈၈၂-၈၈၃)
Vol. 51 Ch. 882-883
Chapter 882
ကစဥ့်ကလျားအခြေနေ ၆
“ပစ်ကြ... ပစ်အားအကုန်လုံး သုံးကြ”
တပ်မှူး၏ အသံမှာ ဆက်သွယ်ရေးလိုင်းတွင် ဟိန်းထွက်လာပြီး နောက်တစ်စက္ကန့်တွင် မြို့ရိုးပေါ်ရှိ အမြောက်တပ်ခွဲများ တစ်ပြိုင်နက် မီးပွင့်သွားသည်၊၊ လျှပ်စစ်သံလိုက်အမြောက်၏ အပြာရောင်အလင်းတန်းမှာ ညအမှောင်ကို ဖြတ်သန်းသွားပြီး ဒုံးကျည်မီးလျှံများမှာ ဥက္ကာခဲမိုးများအလား ရွာကျလာကာ အားကောင်းသော မီးလောင်ဗုံးများက မြို့ပြင်ရှိ မြေရိုင်းပြင်ကြီးကို မီးဟုန်းဟုန်း တောက်သွားစေသည်။
သို့သော် ထိုမီးရောင်အောက်တွင် မြင်တွေ့လိုက်ရသည်မှာ စစ်မှန်သော အိမ်မက်ဆိုးပင်၊၊
မြို့ရိုးအပြင်ဘက်တွင် အဆုံးမဲ့တိုးဝင်လာသော သန္ဓေပြောင်းမွန်းစတားများ၊ အရွယ်အစား မျိုးစုံရှိသော ဧရာမ သတ္တဝါဆိုးများသည် အမှောင်ထုထဲမှ ဒီရေအလား ရိုက်ခတ်လာသည်၊၊
ထိုထက်မက ပိုဝေးသော နေရာတွင်မူ... တွန့်လိမ်နေသော အသားတောင်ကြီးများ၊ သွေးကြောမျှင်များယှက်သန်းနေသော မျက်လုံးအစုဝေးလုံးကြီးများနှင့် အလောင်းများကို ပြန်လည်ပေါင်းစပ်ထားသည့် ဧရာမ သားရဲကြီးများ...။
“ငါတို့ တောင့်မခံနိုင်တော့ဘူး...”
သေနတ်ကိုင်ထားသော အမျိုးသားတစ်ဦးသည် ကြောက်ရွံ့မှုကြောင့် မျှော်လင့်ချက်ကင်းမဲ့သော သတ္တဝါအုပ်ကြီးကို ကြည့်ရင်း စိတ်လွတ်သွားကာ နောက်သို့ တုန်ရီစွာ ဆုတ်နေမိသည်။
“အင်ပါယာအဆင့် စက်ရုပ်ကြီးတောင် မတိုက်နိုင်ဘူးဆိုရင် အကုန်ပြီးသွားပြီ... အကုန်လုံး ပြီးဆုံးသွားပြီ...”
မြို့ရိုးပေါ်တွင် အစောင့်စစ်သားများသည် ကျည်ဆန်များ ကုန်သွားသဖြင့် ကင်းစခန်းများတွင် လက်နက်များကို အသည်းအသန် ရှာဖွေနေကြသည်။ စစ်သားတစ်ဦးက စက်သေနတ်အကြီးစားကို ကောက်ယူပြီး လှည့်ကြည့်လိုက်သောအခါ သွေးရောင်တွင်းနက်ကြီးနှင့် တူသော ဧရာမ ပါးစပ်ပေါက်ကြီးတစ်ခုကို မြင်လိုက်ရသည်။ ၎င်း၏ ပတ်ပတ်လည်တွင် လက်တံကဲ့သို့သော ဆူးများ စီတန်းနေပြီး ပတ်ဝန်းကျင်ရှိ အမည်းရောင်မြူများကို ပိုက်စိပ်တိုက် ဆွဲယူနေသည့် အမဲလိုက်ပိုက်ကွန်တစ်ခုနှင့် တူလှသည်။
၎င်းကို မြင်လိုက်ရသောအခါ စစ်သားပေါင်းများစွာမှာ ထိုနေရာ၌ပင် ဆွံ့အသွားပြီး လွှမ်းမိုးနေသော အမှောင်ထု၏ ကျုးကျော်ခြင်းကို စတင်ခံစားလိုက်ရကာ သူတို့၏ မျက်လုံးများတွင် သွေးကြောများ ဖောင်းကြွထွက်လာတော့သည်၊၊
“မီးလက်သီး”
ဝုန်းခနဲ အသံနှင့်အတူ ဧရာမ မီးလျှံကြီးတစ်ခု ကောင်းကင်မှ ကျဆင်းလာပြီး ထိုပါးစပ်ပေါက်ကြီးကို တိုက်ရိုက် ထိမှန်သွားသည်။ လုရှင်းချန်က လျင်မြန်စွာ ဖြတ်သန်းသွားရင်း သူတို့ကို လှမ်းအော်လိုက်သည်။
“ငါတို့က သူရဲကောင်းတွေပဲ... အရှုံးမပေးကြနဲ့”
သူ၏ အော်သံက သတိလစ်လုနီးပါး ဖြစ်နေသော စစ်သားအုပ်စုကို နိုးကြားသွားစေသည်။ သူတို့ကိုယ်မှ ချွေးအေးများ ထွက်လာပြီး သတိပြန်ဝင်လာကာ သေနတ်များဖြင့် ပြန်လည်တိုက်စစ်ဆင်ကြတော့သည်။
ကီကီကလည်း လျင်မြန်စွာ ပျံသန်းလာပြီး ဧရာမ ကျောက်တုံးကြီးများနှင့် အဆောက်အအုံ အစိတ်အပိုင်းများကို မကာ ပျက်စီးနေသော မြို့ရိုးအပေါက်များကို အဆက်မပြတ် ပိတ်ဆို့နေရင်း လုရှင်းချန်ကို လှမ်းအော်လိုက်သည်၊၊
“S-Class ကို သတိထားဦး”
အစောင့်တပ်ဖွဲ့၊ သံမဏိအစောင့်တပ်ရင်း၊ စွမ်းအားရှင်များနှင့် အသက်ရှင်ကျန်ရစ်သူများ စုပေါင်းထားသည့် သိန်းနှင့်ချီသော အဖွဲ့သည် မြို့ထဲသို့ စီးဝင်နေသော သတ္တဝါများကို ဟန့်တားရန် မြို့ရိုးဆီသို့ တိုးဝင်နေကြသည်။ သို့သော် မြို့ရိုးတွင် အပေါက်များ ပိုမိုများပြားလာသည်နှင့်အမျှ သန္ဓေပြောင်းမွန်းစတားများသည် အဆုံးမရှိဘဲ ရေကြီးသကဲ့သို့ ပျံ့နှံ့လာသဖြင့် ဝိုင်းရံထားသော အဖွဲ့များကို လမ်းမများဆီသို့ နောက်ဆုတ်စေကာ မြို့တွင်းစစ်ပွဲ ဆင်နွှဲရတော့သည်။
“ခိုလှုံစခန်း ၁၃ ရဲ့ လမ်းကြောင်း ပွင့်သွားပြီ”
“လူတွေကို အမြန်ကယ်ကြ”
ဆက်သွယ်ရေးလိုင်းတွင် ရုတ်ရုတ်သဲသဲဖြစ်နေသည်။ မြို့အနောက်ဘက်ရှိ မြေအောက်ခိုလှုံနေရာစခန်း လမ်းကြောင်းအဝတွင် အဖွဲ့ပေါင်း တစ်ဆယ်ကျော်က လမ်းမတစ်ခုလုံးကို ခုခံကာကွယ်နေကြသည်။ ထိုအချိန်တွင် အဖွဲ့တစ်ဖွဲ့သည် သတ္တဝါအုပ်ကြားမှ တိုက်ရိုက်ထိုးထွက်လာပြီး ပြင်းထန်သော ပစ်ခတ်မှုများဖြင့် လမ်းမတစ်ခုလုံးကို ဝိုင်းရံကာ သံမဏိခံစစ်လိုင်းသစ်တစ်ခုကို တည်ဆောက်လိုက်သည်။
၎င်းမှာ ကျန်းဇီယန်၏ သံမဏိနေမင်းအဖွဲ့ ဖြစ်သည်။
အရှေ့ပိုင်းမြို့တော်ဘက်တွင်မူ မြို့နှစ်ခုကြားမှ ရထားလမ်းပေါ်ရှိ ၁၅ ကီလိုမီတာ ရှည်လျားသော တိုက်ပွဲဝင်ရထားကြီးသည် မြို့ရိုးမှ တိုးဝင်လာသော သန္ဓေပြောင်းမွန်းစတားများကို ခုခံနေသည်။ ရထားလမ်းပြတ်တောက်သွားပြီး ရထားသည်လည်း ရပ်တန့်နေပြီဖြစ်သည်။ ၎င်းမှာ အနန္တပေါင်းစည်းယာဉ်တန်းပင်ဖြစ်သည်။
ည ၁၀:၁၂ နာရီ။
အာရုဏ်ဦးမြို့တော်၏ ၄ ပုံ ၁ ပုံမှာ ကျဆုံးပြီး မွန်းစတားများလွှမ်းမိုးခံလိုက်ရပြီဖြစ်သည်။ ရေတွက်၍မရနိုင်သော သတ္တဝါဆိုးများသည် မြို့ထဲသို့ စီးဝင်နေပြီး ရပ်ကွက်တိုင်း၏ ခံစစ်လိုင်းများမှာ အသက်စွန့်၍ ခုခံနေကြသည်။
ဇုန်များ တစ်ခုပြီးတစ်ခု ကျဆုံးလာပြီး ကောင်းကင်ရှိ လေတပ်များသည်လည်း ဆက်တိုက်ပျက်ကျနေသည်။
အနောက်ပိုင်းမြို့တော်ဘက်တွင် နံပါတ် ၁ မြို့ရိုးမှာ အကြီးအကျယ်ပြိုကျသွားပြီး မြေပြင်မှာ လှုပ်ခတ်ကာ ဆူနာမီလှိုင်းသဏ္ဌာန် သန္ဓေပြောင်းမွန်းစတားများက အမှောင်ထုထဲမှ ပြေးဝင်လာကြသည်။
“အရေးပေါ် အစီရင်ခံစာပါ၊၊ ဇုန် ၅ ဘက်က အမှတ် ၁၁ မွန်းစတား မြေကမ္ဘာက အဲဒီနေရာကနေ ပျောက်ကွယ်သွားပါပြီ၊၊ စောင့်ကြည့်စစ်ဆေးချက်အရ ပစ်မှတ်ဟာ အနောက်ပိုင်းမြို့တော်ဘက်ကို နီးကပ်လာနေပါတယ်”
“S-Class အဆင့် မွန်းစတားနှစ်ကောင်စလုံး အနောက်ပိုင်းမြို့တော် မြို့ရိုးကနေ ဝင်လာပါတော့မယ်”
“အစီရင်ခံပါတယ်၊၊ အနောက်ပိုင်းမြို့တော်က ကင်းထောက်လေယာဉ်ဟာ ပြင်းထန်တဲ့ အမှောင်ဝိညာဉ်လှိုင်းတန်ဖိုးတွေကို စမ်းသပ်မိပါတယ်”
အမြွှာကြယ်မျှော်စင် ကွပ်ကဲမှုဗဟိုဌာနတွင် အခြေအနေမှာ ထိန်းချုပ်မရတော့သည့် အဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။ ယဲ့လန်သည် ပြတ်သားသော မျက်နှာအမူအရာဖြင့် ကင်းထောက်လေယာဉ်မှ ပေးပို့လာသော မှတ်တမ်းများကို ကြည့်နေသည်။ အမှောင်ဒီရေထဲတွင် လေလွင့်သူနှင့် တဖြည်းဖြည်း နီးကပ်လာသော ငလျင်လှိုင်း အချက်ပြမှုများအပြင် အနောက်မြောက်ဘက် ၆၀ ကီလိုမီတာခန့်တွင် ပြင်းထန်သော အမှောင်ကျူးကျော်မှုလှိုင်းများကို ထုတ်လွှတ်နေသည့် ဧရာမ လူသားပုံသဏ္ဌာန် သတ္တဝါကြီးတစ်ကောင်သည် လက်မောင်းများကို ဝေ့ယမ်းကာ လျင်မြန်စွာ ချဉ်းကပ်လာနေသည်။ တောင်တန်းများကြားတွင် လေထုမှာ ပြင်းထန်စွာ တုန်ခါနေပြီး ငရဲမှ ထွက်ပေါ်လာသည့် နတ်ဆိုးနတ်ဘုရားတစ်ပါးအလား လွှမ်းမိုးနိုင်သော အော်ရာဖြင့် အာရုဏ်ဦးမြို့တော်ဆီသို့ ဦးတည်နေသည်။
တစ်ချိန်တည်းမှာပင် ချိုင့်ဝှမ်းများနှင့် တောင်ကုန်းများတွင် အမှောင်ဒီရေမှာ အတင်းအဓမ္မ တွန်းပို့ခြင်းခံနေရသည့်အလား ညအမှောင်ထဲတွင် ရွှံ့နွံများ လျှောကျလာသည့်အတိုင်း စီးဆင်းလာနေသည်။
ပြင်းထန်သော အမှောင်ကျူးကျော်မှု ကူးစက်ခြင်းမှာ လျင်မြန်စွာ ပျံ့နှံ့လာပြီး အနောက်ပိုင်းမြို့တော် မြို့ရိုးပေါ်ရှိ စစ်သားများနှင့် အသက်ရှင်ကျန်ရစ်သူများသည် ကြောက်မက်ဖွယ်ကောင်းသော သတ္တဝါကြီး၏ အနီးကပ်လာမှုကြောင့် မျှော်လင့်ချက်မဲ့သလို ခံစားနေရသည်။ မြို့အတွင်းရှိ အမှောင်ကျုးကျော်မှုအဆင့်က အဆင့် ၄ သို့ ရုတ်တရက် ခုန်တက်သွားပြီး သောင်းနှင့်ချီသော လူများမှာ မျှော်လင့်ချက်ကင်းမဲ့စွာဖြင့် သန္ဓေပြောင်းလဲခြင်းကို စတင်ခံစားနေရသည်။
ဖုတ်ကောင်သိုးထိန်း။
“ကျုးကျော်မှုအဆင့်က အဆင့် ၄ ရောက်နေပြီ၊၊ စစ်တပ်က သူတို့ကို မတားနိုင်တော့ဘူး”
“ငါတို့ နံပါတ် ၂ မြို့ရိုးကိုပဲ ဆုတ်ပြီး ကာကွယ်ရတော့မယ်”
“အသေအပျောက်နှုန်းက ဆက်တိုက်မြင့်တတ်လာနေတယ်၊၊ တောင်ပိုင်းမြို့တော် အစောင့်တပ်ရဲ့
မီကာတပ်ရင်း ၁က ကုန်သလောက်ဖြစ်သွားပြီ”
“ဖုတ်ကောင်သိုးထိန်းသာ မြို့ထဲဝင်လာရင် အမှောင်စွမ်းအင်ကျုးကျော်မှုက အဆင့် ၅ ကို လုံးဝ ရောက်သွားလိမ့်မယ်...”
ကွပ်ကဲမှုဗဟိုဌာနတွင် အဆင့်မြင့်အရာရှိများမှာ အသည်းအသန် အော်ဟစ်နေကြသည်။
ယဲ့လန်သည် ကွပ်ကဲရေးမျက်နှာပြင်ရှေ့တွင် ရပ်ကာ မြို့အတွင်းရှိ သေဆုံးသူအရေအတွက်နှင့် ထိန်းချုပ်မရသော အနီရောင်ဇုန်များကို ကြည့်ရင်း နောက်သို့ လှည့်မကြည့်ဘဲ စုကျင်းကို လှမ်းမေးလိုက်သည်။
“ပေါင်းကူးကိရိယာက အချက်ပြရပြီလား”
“မရသေးဘူး”
စုကျင်းသည် ၀% ပြသနေသော ကိရိယာမျက်နှာပြင်ကို လေးလံသော မျက်နှာအမူအရာဖြင့် ကြည့်နေသည်။
“အဲဒါ ဘာလဲ”
ထိုအချိန်တွင် ရှုယန်က ရုတ်တရက် စကားပြောလိုက်သည်။
လူတိုင်းမှာ သူညွှန်ပြရာသို့ လှည့်ကြည့်လိုက်ကြသည်။
မြောက်ပိုင်းနှင့် အရှေ့ပိုင်းမြို့တော် မြို့ရိုးများဆီသို့ ဦးတည်ထားသော စောင့်ကြည့်ရေးကိရိယာမှ သတိပေးချက်တစ်ခု တက်လာသည်။
ထိုအချိန်တွင် မြို့ရိုးပေါ်၌ တိုက်ပွဲဝင်နေသော စစ်သားများသည် အဝေးတစ်နေရာ အမှောင်ထုထဲတွင် မီးရောင်များ လင်းလာသည်ကို ရုတ်တရက် သတိပြုမိလိုက်ကြသည်။
တပ်မှူးက အတည်ပြုလိုက်သည်၊၊ ထိုအရာများမှာ အမှန်တကယ်ပင် မီးရောင်များဖြစ်သည်။
အကြောင်းမှာ ထိုအရာများသည် ကားရှေ့မီးရောင်များဖြင့် လင်းထိန်နေသော ပုံသဏ္ဌာန်များ ဖြစ်သောကြောင့်ပင်။ အစပိုင်းတွင် ဆယ်ဂဏန်းမျှသာရှိသော်လည်း တဖြည်းဖြည်းနှင့် မီးရောင်များ ပိုမိုများပြားလာကာ အမှောင်ထုကို ဖောက်ထွင်းပြီး လွင်ပြင်ကြီးကို လင်းထိန်သွားစေသည်။
ဂျစ် ဂျစ်
တပ်မှူး၏ ဆက်သွယ်ရေးလိုင်းတွင် အချက်ပြနှောင့်ယှက်မှုကြောင့် မပီမသဖြစ်နေသော အသံများ ထွက်ပေါ်လာသဖြင့် သူက အသံကို ချဲ့လိုက်သည်။
“အာရုဏ်ဦး... ဒါက အာရုဏ်ဦးစောင့်ကြည့်သူမဟာမိတ်က လင်းချင်ယွီပါ… မိတ်ဆွေလား… ရန်သူလား… ခွဲခြားပေးပါ… ကျုပ်တို့ စစ်ကူပေးဖို့ လာနေပါပြီ”
“အာရုဏ်ဦး... အာရုဏ်ဦး... ဒါက သတ္တုရူးသွပ်ခြင်းအဖွဲ့ပါ... ၃၇ ကီလိုမီတာ အကွာမှာ ရောက်နေပါပြီ”
တပ်မှူး၏ အသက်ရှူသံမှာ တုန်ယင်လာပြီး သူသည် ဆက်သွယ်ရေးကိရိယာ၏ ခလုတ်ကို အသည်းအသန် လှည့်လိုက်ရာ အသံများစွာ ထပ်မံ ထွက်ပေါ်လာသည်။
“ကျွန်တော်တို့က Wind Talker အဖွဲ့ပါ...”
“ဘုံမဟာမိတ်အဖွဲ့ ပြန်လာပြီ၊ လူပေါင်း တစ်သိန်းခွဲ ပါပါတယ်”
“အာရုဏ်ဦး... ဒါက သံမဏိအတားအဆီးက ရှုယွီဖေးပါ...”
“အာရုဏ်ဦး... ဒါက လေလွင့်သူမဟာမိတ်က ယုဟွေ့အန်းပါ”
“အာရုဏ်ဦးမြို့တော်ကို ကာကွယ်ကြ”
“တိုက်ကြ”
မြို့ရိုးပေါ်တွင် အာရုဏ်ဦးမြို့တော်ကို ကာကွယ်နေသော စစ်သားများနှင့် အသက်ရှင်ကျန်ရစ်သူများသည် အဝေးမှ အမှောင်ထုဆီသို့ လှမ်းကြည့်လိုက်ကြရာ ထရပ်ကားများ၊ သံချပ်ကာကားများ၊ လမ်းကြမ်းမောင်းကားများ၊ အခြေစိုက်စခန်းကားများ၊ ဘတ်စ်ကားများ...
ရာနှင့်ချီ၊ ထောင်နှင့်ချီ၊ သောင်းနှင့်ချီ။
မှောင်မိုက်သော တောရိုင်းပြင်ကြီးပေါ်တွင် အလင်းတန်းမြစ်ကြီးတစ်စင်း စီးဆင်းလာနေပြီး မရေတွက်နိုင်သော ကားရှေ့မီးများမှာ ကျယ်ပြောလှသော ဂလက်ဆီတစ်ခုအလား အမှောင်ထုကို လင်းထိန်သွားစေသည်။
တစ်ချိန်တည်းမှာပင် အမြွှာကြယ်မျှော်စင် ကွပ်ကဲမှုဗဟိုဌာနတွင် စုကျင်း၏ ပေါင်းကူးကိရိယာ မော်နီတာပေါ်ရှိ ဒေတာလက်ခံရရှိမှု တိုးတက်မှုဘားမှာ ၀% နေရာ၌ ငြိမ်နေရာမှ ၁% သို့ ရုတ်တရက် ခုန်တက်သွားသည်။
အလွန်အားနည်းသော အချက်ပြလှိုင်းတစ်ခုမှာ ကွပ်ကဲမှုခန်းမအတွင်း၌ အဆက်မပြတ် မြည်ဟည်းလာတော့သည်။
“ဒုတိယတွန်းအား အရှိန်လျှော့...”
“လေထုအတွင်း ပြန်လည်ဝင်ရောက်မှုကို ချိန်ညှိ...”
“ဆင်းသက်မည့် ကိုဩဒိနိတ်များ...”
“အာရုဏ်ဦးမြို့တော်... မြို့တစ်ဝန်းလုံးရှိ ရိုက်ခတ်မှုအတွက် ပြင်ဆင်ထားကြ”
ထိုအသံမှာ အေးစက်ပြီး ယန္တရားဆန်သော်လည်း ယခုအချိန်တွင်မူ နတ်ဘုရားတစ်ပါး၏ ကယ်တင်ခြင်းအသံကဲ့သို့ပင်။ ကောင်းကင်ယံထက်တွင် တိမ်တိုက်များမှာ ပြင်းထန်စွာ ဝဲကတော့ဖြစ်ပေါ်လာပြီး အာကာသထဲမှ တစ်စုံတစ်ခုသည် အလွန်လျင်မြန်သော အရှိန်ဖြင့် ဆင်းသက်လာနေကာ လေထုနှင့် ပွတ်တိုက်မှုကြောင့် နီရဲတောက်လောင်နေသော အလင်းတန်းကြီးမှာ အမှောင်ထုကို ခွဲခြမ်း၍ မြို့တော်ဆီသို့ ဦးတည်လာလေတော့သည်။
Chapter 883
အရှိန်လျော့ကုန်းလား ၁
“သူတို့ ပြန်လာကြပြီ။ အားလုံး ပြန်လာကြပြီ”
ဖက်ဒရေးရှင်းကောင်စီ လွှတ်တော်အမတ် ရှုယန်သည် ဤမြင်ကွင်းကို ကြည့်ရှုရင်း မျက်ရည်များပင် ဝဲလာသည်၊၊
“ငါတို့ စစ်ကူတွေ ရောက်လာပြီ”
“အမှောင်စွမ်းအင် အသွင်ပြောင်းခြင်းဆိုင်ရာ အချက်အလက်တွေ ရပြီဆိုတော့ Synergy မျှော်စင်တွေကို အသက်သွင်းလို့ ရပြီ”
စုကျင်းက စိတ်လှုပ်ရှားစွာ ပြောသည်။
အမြွှာကြယ်မျှော်စင်ကွပ်ကဲမှုစင်တာအတွင်းရှိ ဖီးနစ်အရာရှိများအားလုံး စိတ်အားထက်သန်နေကြသော်လည်း ယဲ့လန်ကမူ အသက်ပြင်းပြင်းရှူကာ တည်ငြိမ်စွာ အမိန့်ပေးလိုက်သည်။
“လုထျန်းယဲ့နဲ့ ဟွာကျန်းတို့ရဲ့ ယန္တရားတပ်ရင်းကို ချက်ချင်း မြို့အနောက်ဘက်ကို ရွှေ့ပါ။ မြို့ရိုးပေါက်နေတဲ့နေရာကို သွားပိတ်ထား။ စစ်ကူတွေ မြို့ထဲမဝင်နိုင်ခင်နဲ့ Synergy မျှော်စင်တွေ အသက်မဝင်ခင်အထိ S-Class တွေနဲ့ ဖုတ်ကောင်သိုးထိန်းကို မြို့ထဲကို အဝင်မခံနဲ့”
“ပြီးတော့ ရှုကျန်းယွဲ့ကိုလည်း အကြောင်းကြားလိုက်ပါ။ စစ်ကူလာနေတဲ့ ယာဉ်တန်းဘက်ကို အမြောက်တပ်နဲ့ ပစ်ကူပေးဖို့ ပြောလိုက်”
“စုကျင်း။ ဗဟိုဒရုန်းတွေကို လွှတ်ပြီး သတင်းအချက်အလက်ပေးပို့မှုနှုန်းကို မြှင့်တင်လိုက်ပါ”
“ဟုတ်ကဲ့”
အာရုဏ်ဦးမြို့တော်၏ အနောက်ဘက်ခြမ်း ကာကွယ်ရေးဇုန် ၈၊ ၉ နှင့် ၁၀ တို့တွင် အမှတ် ၁ မြို့ရိုးမှာ နေရာနှစ်နေရာတွင် အကြီးအကျယ်ကျိုးပေါက်နေသည်။ မြို့ရိုးများ မီးလောင်နေပြီး များပြားလှသော သန္ဓေပြောင်းမွန်းစတားများက ထိုအပေါက်များမှတစ်ဆင့် မြို့ထဲသို့ အတင်းတိုးဝင်နေကြသည်။
ထိုအချိန်တွင် မြို့ရိုးပေါ်ရှိ သံမဏိအစောင့်တပ်ရင်းနှင့် အစောင့်တပ်သားများသည် အသက်များစွာရင်း၍ တိုက်ပွဲဝင်နေကြပြီး အပေါက်ကို ပစ်အားဖြင့် ထိန်းထားကြသည်။
ထိုစဉ် ရူးသွပ်နေသည့် ထိုသားရဲကြီးများသည် တစ်စုံတစ်ခု၏ အမိန့်ကို ရထားသည့်နှယ် မြို့ရိုး၏ အားနည်းဆုံးနေရာသို့ အတင်းအဓမ္မ တိုးဝှေ့လာကြသည်ကို တွေ့လိုက်ရသည်။
တွင်းနက် အမှတ် ၅ ဖုတ်ကောင်သိုးထိန်း၊ လေလွင့်သူ၊ မြေကမ္ဘာနှင့် Sky Touchတို့အားလုံး ပေါ်လာကြသည်။ ထို့ပြင် အထူးအဆင့် သားရဲအချို့ပင် ပါလာသေးသည်။ လုထျန်းယဲ့သည် လေထုထဲတွင် သိသိသာသာ လွှမ်းမိုးနေသော အမှောင်ထု၏ ဖိအားကို ရုတ်တရက် ခံစားလိုက်ရသည်။
ကွပ်ကဲရေးသင်္ဘောပေါ်ရှိ စစ်သားများနှင့် အရာရှိများမှာမူ မြို့ထဲသို့ ဝင်ရောက်လာသော ပြင်းထန်လှသည့် အမှောင်စွမ်းအားများကြောင့် မျက်နှာများ ဖြူလျော့လာကာ မျက်လုံးများတွင် သွေးကြောများပင် ထင်လာကြသည်။
“လျူချန်းကို အကြောင်းကြားလိုက်။ မြောက်ပိုင်းတပ်ခွဲ ၄ ၊ ၁၁ နဲ့အထူးယန္တရားတပ်ရင်းကို တောင်ပိုင်းမြို့တော်ဆီ ချက်ချင်းလွှတ်ပြီး ကာကွယ်ရေးကို အားဖြည့်ခိုင်းပါ။ အမှတ် ၂၊ ၃၊ ၇၊ ၈၊ ၉ နဲ့ ၆ ယန္တရားတပ်ခွဲတွေအပြင် ဝေဟင်တိုက်ခိုက်ရေးအဖွဲ့ကိုပါ မြို့အနောက်ဘက်မှာ ဖြန့်ချထားပါ။ လမ်းတွေကို ပိတ်ဆို့ပြီး S-Class တွေကို မြို့ထဲ ခြေတစ်လှမ်းတောင် အဝင်မခံနဲ့”
ဝီ... ဝီ... ဝီ...
လမ်းမများပေါ်တွင် အစောင့်တပ်နှင့် သံမဏိအစောင့်တပ်ရင်း၏ ယန္တရားစစ်သည်များနှင့် ယန္တရားတပ်ဖွဲ့များ ပူးပေါင်းလိုက်ကြသည်။ ကျန်ရှိနေသော ကြယ်စီးနင်းသူအဆင့် မီကာများကလည်း ဂြိုဟ်ပတ်လမ်းတုန်ခါအမြောက်များကို လမ်းမကြီး ၅ လမ်းအတိုင်း ပစ်ခတ်လိုက်ရာ လင်းထိန်သွားသော အလင်းတန်းများကြားတွင် သန္ဓေပြောင်းမွန်းစတားထောင်ပေါင်းများစွာ ချက်ချင်း ပြာကျသွားကြသည်။
သားရဲလှိုင်းလုံးကြီးများကြားတွင် တပ်ဖွဲ့ကို ဦးဆောင်နေသော ဟွာကျန်းသည် စစ်ကူလာနေပြီဟူသော သတင်းကို ကြားသည်နှင့် ဆက်သွယ်ရေးစက်ကို နှိပ်ကာ အော်ဟစ်လိုက်သည်။
“ယန္တရားတပ်ဖွဲ့။ မြို့အနောက်ဘက်ကို ပစ်အားစုလိုက်”
သူသည် ဂါးဒီယန်း-X မီကာဝတ်စုံကို ဝတ်ဆင်ကာ ရှေ့တန်းမှနေ၍ ညွှန်ကြားလိုက်သည်၊၊
“ပိုင်ရွှမ်းနဲ့ စုရွှေက စစ်မြေပြင်ကို မြို့ရိုးအပြင်ဘက်ရောက်အောင် ဆွဲထုတ်သွားကြ”
ရုတ်ခြည်းပင် မြို့ထဲရှိ အသက်ရှင်ကျန်ရစ်သူအားလုံး စစ်မြေပြင်အခြေအနေ လျင်မြန်စွာ ပြောင်းလဲသွားသည်ကို ခံစားလိုက်ရသည်။ လမ်းမများမှာ တုန်ခါနေပြီး စွမ်းအားကြီးမားသော ယန္တရားစစ်သည်များနှင့် အစောင့်တပ်များသည် မြို့အနောက်ဘက်သို့ အရပ်မျက်နှာအသီးသီးမှ စုရုံးလာကြသည်။ ကောင်းကင်ယံတွင်လည်း စစ်သည်များ တင်ဆောင်လာသော သယ်ယူပို့ဆောင်ရေးယာဉ်များ ပျံသန်းနေပြီး အပေါ်စီးမှနေ၍ တရစပ် ပစ်ခတ်နေကြရာ တစ်မြို့လုံး မီးဟုန်းဟုန်း တောက်နေတော့သည်။
လေးလံသော သယ်ယူပို့ဆောင်ရေးယာဉ်ကြီးများ၏ ဟိန်းဟောက်သံက မြို့တော်၏ နောက်ဆုံးအေးချမ်းမှုကို နင်းခြေဖျက်ဆီးလိုက်သည်။ သံမဏိချိန်းကြိုးများက ပျက်စီးနေသော ကတ္တရာလမ်းများပေါ်တွင် နက်ရှိုင်းသော အရာများကို ချန်ရစ်ခဲ့သည်။ ကောင်းကင်တွင်လည်း သယ်ယူပို့ဆောင်ရေး လေယာဉ်ကြီးများ၏ အရိပ်က အလင်းရောင်ကို ကွယ်သွားစေသည်။
“တပ်ဖွဲ့အားလုံး။ သတ်မှတ်ထားတဲ့အတိုင်း ဖြန့်ကျက်ပြီး အနောက်ဘက် မြို့ရိုးအပေါက်ကို အသေခံကာကွယ်ကြ”
သယ်ယူပို့ဆောင်ရေးသင်္ဘောပေါ်မှ တပ်မှူး၏ အသံမှာ အသံဝင်နေသော်လည်း ပြတ်သားလွန်းလှသည်။
စွမ်းအားဝတ်စုံများ ဝတ်ဆင်ထားသော စစ်သည်များသည် ဘာစကားမှမပြောဘဲ ကျည်အိမ်များစစ်ခြင်း၊ ခါးပတ်ကျည်များဖြည့်ခြင်းနှင့် အမြောက်ပြောင်းများကို ချိန်ညှိခြင်းများကို ငြိမ်သက်စွာ ဆောင်ရွက်နေကြသည်။ သံမဏိချင်းထိခိုက်သံနှင့် အပြင်ဘက်မှ အမြောက်သံများသာ ကြားနေရသည်။ သိပ်မကြာမီ သင်္ဘောအောက်ဘက်ရှိ ကုန်ပစ္စည်းတင်တံခါး ပွင့်သွားသောအခါ အောက်ဘက်ရှိ အိမ်ခေါင်မိုးများပေါ်တွင် လမ်းမပေါ်မှ သန္ဓေပြောင်းမွန်းစတားများကို အဆက်မပြတ်ပစ်ခတ်နေသော စစ်သည်အများအပြားကို မြင်လိုက်ရသည်။
ရုတ်တရက် သန္ဓေပြောင်းမွန်းစတားရာပေါင်းများစွာက အိမ်ခေါင်မိုးပေါ်သို့ တွားတက်လာကာ စစ်သားများကို အငမ်းမရ ဝါးမျိုနေကြသည်။ စစ်သားတစ်စုသာ စုပေါင်းပြီး ခုခံနေကြရရှာသည်။
“အသင့်ပြင်ထား”
တပ်မှူးက အော်လိုက်သောအခါ သင်္ဘောပေါ်ရှိ လူတိုင်း၏ အာရုံကြောများ တင်းမာသွားကြသည်။
“ဆင်း”
ဖျတ်...ဖျတ်...ဖျတ်...
ကြိုးများ ပစ်လွှတ်လိုက်ပြီး အစောင့်တပ်သား တစ်ရာကျော်သည် အောက်ဘက်ရှိ အိမ်ခေါင်မိုးများပေါ်သို့ တစ်ပြိုင်နက် ဆင်းသက်သွားကြသည်။ သို့သော် လမ်းတစ်ဝက်မှာတင် သယ်ယူပို့ဆောင်ရေးသင်္ဘောကြီးကို မိုးပျံသားရဲတစ်ကောင်က ဝင်တိုက်လိုက်ရာ လမ်းပေါ်တွင် မီးလုံးကြီးတစ်လုံးအဖြစ် ပေါက်ကွဲသွားသည်။
“ကျည်ဖြည့်။ ဖာ့ခ်... ကျည်ပြန်ဖြည့်စမ်း”
အမြောက်တပ်ရင်းမှူး ချန်ဟိုင်သည် ဂျမ်းဖြစ်နေသော အမြောက်ခွံကို ကန်ထုတ်လိုက်သည်။ သူ၏လက်များမှာ ပူလောင်လွန်းသဖြင့် အရေခွံများ လန်နေသော်လည်း အမြောက်ကျည်ကို ဆွဲယူကာ ပြောင်းဝထဲသို့ အတင်းထိုးထည့်လိုက်သည်။ နားများမှာလည်း အမြောက်သံကြောင့် ဘာမှမကြားရတော့ဘဲ သွေးများပင် စီးကျနေသော်လည်း မြေပြင်တုန်ခါနေကာ မွန်းစတားများ နီးကပ်လာသည်ကို သူ ခံစားနေရသည်။
“တပ်ရင်းမှူး။ ကျည်ဂိုဒေါင် ဖျက်ဆီးလိုက်ရပြီ”
သူ နောက်လှည့်ကြည့်လိုက်ရာ မီးတောက်များကြားတွင် နောက်ဆုံးလက်ကျန် သံချပ်ကာဖောက်ကျည်များရှိသော ဂိုဒေါင်မှာ မီးဟုန်းဟုန်းတောက်နေသည်ကို မြင်လိုက်ရသည်။
သူ တွန့်ဆုတ်မနေခဲ့ပေ။
“နေရာပြန်ယူ။ ဖောက်ခွဲရေးကျည်တွေနဲ့ပဲ ပစ်မယ်။ ဟို အထူးအဆင့်မွန်းစတားရဲ့ ကိုယ်ထည်ကို ချိန်ပစ်”
အုန်း...အုန်း...အုန်း...
နောက်ဆုံး အမြောက်တပ်ဖွဲ့၏ ပစ်ခတ်မှုတွင် Great Wall-50 အမြောက် ၄၈ လက်က တစ်ပြိုင်နက် ပစ်ခတ်လိုက်ရာ အမြောက်ကျည်များက ပေပေါင်းများစွာ မြင့်သော ပင့်ကူကြီးတစ်ကောင်ပေါ်သို့ တည့်တည့် ကျရောက်သွားသည်။ တရစပ်ပစ်ခတ်မှုကြောင့် ပင့်ကူကြီး၏ အနီရောင် ကာကွယ်ရေးစွမ်းအင်များ ပျက်စီးသွားကာ ဒူးထောက်ကျသွားတော့သည်။ ထိုအချိန်တွင် ရှေ့တန်းတပ်ဖွဲ့များနှင့် ယန္တရားတပ်ဖွဲ့များ၏ ပစ်အားအားလုံး ထိုနေရာသို့ စုပြုံကျရောက်သွားသည်။
သို့သော် ထိုပင့်ကူကြီးသည် လဲမကျခင် နောက်တစ်စက္ကန့်၌ ပြင်းထန်သော အပြာရောင်မီးတောက်များကို မှုတ်ထုတ်လိုက်ရာ အမြောက်တပ်တစ်ခုလုံး ပြာကျသွားလေသည်။
ချန်ဟိုင်သည်လည်း ပေါက်ကွဲအားကြောင့် လွင့်ထွက်သွားကာ အပျက်အစီးများကြားသို့ ပြင်းထန်စွာ ကျသွားသည်။ သူ သွေးတစ်လုပ် အန်ထုတ်လိုက်ပြီး ဝေဝါးနေသော မြင်ကွင်းထဲတွင် လောင်ကျွမ်းနေသော အမြောက်စင်များနှင့် ရဲဘော်များ၏ ရုပ်အလောင်းများကိုသာ မြင်နေရသည်။
“တောက်... ခွေးမသားတွေ”
သူသည် အနီးဆုံးရှိ Great Wall-50 အမြောက်စင်ဆီသို့ အားယူတွားသွားကာ ၂၁၀ မီလီမီတာ အမြောက်ပြောင်းကို မီးမှုတ်နေသော ပင့်ကူကြီး၏ ပါးစပ်ဆီသို့ ချိန်ရွယ်လိုက်သည်။ မီးတောက်များ သူထံ မရောက်လာခင် တစ်စက္ကန့်အလိုမှာပင် သူသည် ပစ်ခလုတ်ကို အားကုန် နှိပ်ချလိုက်ပသည်။
အုန်းး
ပြင်းအားမြင့် အမြောက်ကျည်တစ်တောင့်သည် လေထုကို ခွင်းလျက် စူးရှသောအသံနှင့်အတူ ပင့်ကူကြီး၏ ပါးစပ်ထဲသို့ တည့်တည့်တိုးဝင်သွားပြီးနောက် ဦးခေါင်းတစ်ခုလုံးကို အပိုင်းပိုင်းအစစဖြစ်အောင် ဖောက်ခွဲပစ်လိုက်သည်။
တစ်ချိန်တည်းမှာပင် အမြောက်စင်၏ နောက်ကွယ်၌ မီးတောက်များ ဝါးမျိုသွားပြီးနောက် မည်းနက်နေသည့် လူပုံသဏ္ဌာန် အရိုးစုပြာပုံကြီးတစ်ခုသာ မတ်မတ်ရပ်လျက် ကျန်ရစ်ခဲ့တော့သည်။
မြို့တော်အနောက်ဘက်ပိုင်း ကာကွယ်ရေးဇုန် ၈ ၏ အထက်တွင်ဖြစ်သည်။
လုထျန်းယဲ့သည် ကွပ်ကဲရေးသင်္ဘော၏ ကုန်းပတ်ပေါ်တွင် ရပ်နေရင်း မြို့ရိုးပြင်ပရှိ ဆိုးဝါးလှသော လွင်ပြင်ကျယ်ကြီးကို ကြည့်နေသည်။ လေလွင့်သူက အက်ဆစ်မြူများကို မှုတ်ထုတ်ကာ မြို့ရိုးနားသို့ ချဉ်းကပ်လာချိန်တွင် မြေပြင်တစ်ခုလုံး တုန်ခါနေပြီး ထို S-Class မွန်းစတား၏ နောက်တွင် သန်းပေါင်းများစွာသော သတ္တဝါကြီးများကြားမှ လူသားပုံသဏ္ဌာန် အရိပ်တစ်ခုက ကပ်ပါလာသည်။
ဖုတ်ကောင်သိုးထိန်း။
ထိုအချိန်တွင် အစောင့်တပ်၏ အဓိကအင်အားစုအားလုံးနီးပါး စုရုံးရောက်ရှိလာကြပြီး သားရဲလှိုင်းလုံးကြီးများကို မြို့ရိုးပြင်ပတွင်ပင် တားဆီးထားနိုင်ရန် စက်ဝိုင်းကွေးပုံစံ ခံစစ်လိုင်းတစ်ခုကို တည်ဆောက်လိုက်ကြသည်။
“ဝုန်း——”
နားကွဲမတတ် ပေါက်ကွဲသံကြီးတစ်ခု ကောင်းကင်ယံသို့ ပျံ့လွင့်သွားသည်။
ကာကွယ်ရေးစစ်ကြောင်း၏ ပြင်ပတွင် တတိယမြောက် မြို့ရိုးကျိုးပေါက်မှု ဖြစ်ပေါ်လာပြန်သည်။ ပေရာချီမြင့်သော သံမဏိအတားအဆီးကြီးမှာ ထိုသတ္တဝါကြီး၏ တိုက်ခိုက်မှုအောက်တွင် အက်ကြောင်းကြီး ဖြစ်သွားသည်။ ကျောက်တုံးများနှင့် သံမဏိယက်မများမှာ အောက်ဘက်သို့ ပြင်းထန်စွာ ပြိုကျလာပြီး ခိုလှုံနေရာများကို အမှုန့်ဖြစ်အောင် ဖိခြေပစ်လိုက်သည်။ ထိုဖုန်မှုန့်များကြားမှ ဧရာမလူသား ဦးခေါင်းခွံပုံစံ သတ္တဝါကြီးအချို့ ထွက်ပေါ်လာသည်။ သူတို့၏ အပြာရောင်သန်းနေသော မီးခိုးရောင်အသားအရေမှာ ခြောက်ကပ်နေသော ရုပ်အလောင်းများနှယ် ရှိနေပြီး ခြေလှမ်းတိုင်းတွင် မြေပြင်မှာ ပင့်ကူအိမ်သဏ္ဌာန် အက်ကြောင်းများ ထင်ကျန်ရစ်သည်။