← Chapters

အခန်း (၁၄၅-၁၄၆)

Vol. 15 Ch. 145-146

အခန်း (၁၄၅-၁၄၆)

Vol. 15 Ch. 145-146

အခန်း (၁၄၅) လင်းရီ၊ ဘိုးဘေးကြီး ကျွန်တော့်ကို ကယ်ပါဦး

ဝှစ်

ကျောက်တုံးအင်မော်တယ်က အော်ဟစ်လိုက်ပြီးနောက် သူ၏ ပုံရိပ်မှာ မိုင်ပေါင်း သောင်းချီ အကွာသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်လေသည်။

အကွာအဝေးမဲ့လမ်းစဉ်။

ကျောက်တုံးအင်မော်တယ်၏ ကျင့်ကြံခြင်းမှာ ပြန်လည် နာလန်မထူသေးသော်လည်း ယခင် ကျင့်ကြံခြင်း အသိအမြင်များမှာ ရှိနေဆဲဖြစ်ရာ သူ လှုပ်ရှားလိုက်သည်နှင့် အကွာအဝေးမဲ့ လမ်းစဉ် ဖြစ်ပြီး ယုန်တစ်ကောင်ထက်ပင် ပိုမို မြန်ဆန်စွာ ပြေးလွှားနိုင်လေသည်။ ကျောက်တုံးအင်မော်တယ် ထိုသို့ ပြုလုပ်သည်နှင့် မြေအောက်ကမ္ဘာ ဘိုးဘေးကလည်း တွန့်ဆုတ်ခြင်းမရှိဘဲ နောက်မှ လိုက်ပါသွားခဲ့၏။

လင်းရီက ဘေးမှ ကွမ်ရွှီ နှင့် ဟွမ်ဖူမီတို့ကို ဆွဲကိုင်လိုက်ပြီး အော်ဟစ်လိုက်သည်။

"သွားကြစို့"

သူသည်လည်း အကွာအဝေးမဲ့ လမ်းစဉ်ကို အသုံးပြုကာ တစ်ခဏချင်းအတွင်း ဝေးရာသို့ ထွက်ပြေးသွားခဲ့လေသည်။ လင်းရီနှင့် အခြားသူများ ထွက်ပြေးသွားသည်နှင့် တစ်ပြိုင်နက် မိုးကြိုးတိမ်တိုက်များ အတွင်းမှ အဆုံးမရှိသော ကောင်းကင်ကိုးထပ် အင်မော်တယ် မိုးကြိုးများ ကျဆင်းလာပြီး မိုင်ပေါင်း တစ်သိန်း ပတ်လည် ဧရိယာကို ဝါးမြိုသွားခဲ့၏။ ၎င်းမှာ မိုးကြိုးပစ်ခြင်း မဟုတ်တော့ဘဲ မိုးကြိုး ရေတံခွန်ကြီး တစ်ခုကဲ့သို့ပင် ဖြစ်လေသည်။ ၎င်းမှာ ဒဏ္ဍာရီလာ ခြေလှမ်းတိုင်းတွင် အင်မော်တယ် မိုးကြိုး အပစ်ခံရခြင်း ပင် ဖြစ်၏။

လင်းရီမှာ အသက်ပင် ဝဝ မရှူရသေးမီ မျက်နှာ ပျက်ယွင်းသွားပြီး ရေရွတ်လိုက်သည်။

"စီနီယာ ဟွမ်ဖူ"

လင်းရီက မိုးကြိုး ရေတံခွန်ကြီး အတွင်းမှ ဆွဲထုတ်လာခဲ့သော ဟွမ်ဖူမီမှာ လင်းရီ၏ လက်မှ ရုန်းထွက်ကာ မိုးကြိုး ရေတံခွန်ကြီးအတွင်းသို့ ပြန်လည် ပြေးဝင်သွားသည်ကို မြင်တွေ့လိုက်ရခြင်း ဖြစ်လေသည်။ သူ၏ ပစ်မှတ်မှာ ကောင်းကင်ကိုးထပ် အင်မော်တယ် မိုးကြိုး ထိမှန်ထားသည့် ထူးဆန်းသော သစ်ပင်တစ်ပင် ဖြစ်၏။ ကောင်းကင်ကိုးထပ် အင်မော်တယ် မိုးကြိုးကြောင့် ဖောက်ထွင်းခံထားရသော ထိုသစ်ပင်မှာ တလိမ့်လိမ့် တောက်လောင်နေသော မိုးကြိုးမီးတောက်များဖြင့် လွှမ်းခြုံခံထားရသော်လည်း အခြား ထူးဆန်းသော သစ်ပင်များကဲ့သို့ ပြာအဖြစ် ပြောင်းလဲမသွားခဲ့ချေ။ ယင်းအစား ၎င်းထံမှ ကြွယ်ဝပြီး တက်ကြွသော အသက်ဓာတ်များ ပေါက်ကွဲထွက်လာခဲ့လေသည်။

လင်းရီ၏ နှလုံးသားမှာ ခုန်လှုပ်သွားပြီး တွေးတောလိုက်သည်။

"အင်မော်တယ်အဆင့် မိုးကြိုးပစ်ခံရတဲ့ သစ်သားလား"

ဟွမ်ဖူမီ ဘာကြောင့် မပြေးခဲ့သလဲဆိုသည်မှာ အံ့ဩစရာ မဟုတ်တော့ချေ။ ဤအရာမှာ ဟွမ်ဖူမီ သူ၏ တာအိုတွင် ရှာဖွေနေသောအရာ ဖြစ်ရာ သူ သေဆုံးရလျှင်ပင် ဤ အင်မော်တယ်အဆင့် မိုးကြိုးပစ်ခံရတဲ့ သစ်သားကို ကာကွယ်ရမည် ဖြစ်လေသည်။ ဟွမ်ဖူမီ၏ ကျင့်ကြံခြင်းမှာ အားကောင်းလှပေသည်။ သူသည် အကွာအဝေးမဲ့ နယ်ပယ်သို့ မဝင်ရောက်သေးသော်လည်း မိုးကြိုးပေါင်း မြောက်မြားစွာကြားတွင် အစွမ်းကုန် ရှောင်တိမ်းရင်း ကောင်းကင်သစ်သား ဆီသို့ ခြေတစ်လှမ်းချင်း တိုးကပ်သွားခဲ့၏။

ကျောက်တုံးအင်မော်တယ်က မိုးကြိုး ရေတံခွန်ကြီး အတွင်းရှိ ဟွမ်ဖူမီကို ကြည့်ကာ မျက်နှာ အေးစက်သွားပြီး ဆိုသည်။

"သေရမှာကို မကြောက်တဲ့သူတွေ တကယ် ရှိတာပဲလား"

ကျောက်တုံးအင်မော်တယ်က စကားတစ်ခွန်း ချန်ထားခဲ့ကာ တစ်ဖန် အော်ဟစ်လိုက်သည်။

"မင်းတို့ ဒီမှာပဲ စောင့်နေကြ"

သူ၏ ပုံရိပ်မှာ လျှပ်တစ်ပြက် လင်းလက်သွားပြီး အကွာအဝေးမဲ့ လမ်းစဉ်ကို နောက်တစ်ကြိမ် အသုံးပြုကာ ဟွမ်ဖူမီ၏ ဘေးတွင် ချက်ချင်း ပေါ်လာခဲ့လေသည်။ သူသည် ဟွမ်ဖူမီ၏ လက်ကောက်ဝတ်ကို ဆွဲကိုင်ကာ ဟွမ်ဖူမီကို မိုးကြိုး ရေတံခွန်ကြီး အတွင်းမှ ဆွဲထုတ်ရန် ကြိုးစားလိုက်၏။

ဤဘိုးဘေးမှာ သစ္စာရှိလှပေသည်။ ဤကိစ္စမှာ သူ ကျောက်တုံးအင်မော်တယ်ထံမှ စတင်ခဲ့ခြင်းဖြစ်ရာ ဟွမ်ဖူမီကို မိုးကြိုးပင်လယ်အတွင်း၌ မြှုပ်နှံထားခဲ့ရန် သူက သဘာဝကျကျပင် ခွင့်မပြုနိုင်ချေ။ သို့သော်လည်း ကျောက်တုံးအင်မော်တယ်၏ မျက်နှာမှာ ချက်ချင်းပင် မည်းမှောင်သွားခဲ့ရ၏။

မအောင်မြင်ခဲ့ပေ။

ကျောက်တုံးအင်မော်တယ်မှာ ဤအခိုက်အတန့်တွင် အကွာအဝေးမဲ့ လမ်းစဉ် မှာ အာနိသင် ကုန်ဆုံးသွားပြီဖြစ်ကြောင်း ထိတ်လန့်တကြား သိရှိလိုက်ရလေသည်။ ကျောက်တုံးအင်မော်တယ်မှာ ထိတ်လန့်နေစဉ်အတွင်း သူတို့၏ ခေါင်းအထက်သို့ တည့်တည့် ပစ်မှတ်ထားထားသည့် ကောင်းကင်ကိုးထပ် အင်မော်တယ် မိုးကြိုး အလွှာတစ်ခု ကျဆင်းလာသည်ကို မြင်တွေ့လိုက်ရသဖြင့် ရေရွတ်လိုက်သည်။

"ကောင်းကင်ချိတ်ပိတ် မြေပြင်ပိတ်လှောင်ခြင်း လား"

၎င်းမှာ မိုးကြိုးတစ်စင်းတည်း မဟုတ်ဘဲ အလွှာတစ်ခု ဖြစ်လေသည်။ ကောင်းကင်ကိုးထပ် အင်မော်တယ် မိုးကြိုး ပေါင်း ဒါဇင်ချီမှာ ပေါင်းစည်းသွားပြီးနောက် အတူတကွ ကျဆင်းလာခြင်း ဖြစ်၏။ ဤမျှ ပြင်းထန်သော အင်မော်တယ် မိုးကြိုးကို လက်ရှိ ကျောက်တုံးအင်မော်တယ် မဆိုထားနှင့် ယခင် မြေကမ္ဘာအင်မော်တယ် စတုတ္ထနယ်ပယ် မှ ကျောက်တုံးအင်မော်တယ်ပင်လျှင် ကြုံတွေ့ရပါက ထွက်ပြေးရမည် ဖြစ်လေသည်။

ကျောက်တုံးအင်မော်တယ်၏ နှလုံးသားမှာ အေးစက်သွားပြီး တွေးတောလိုက်သည်။

"ငါတို့တော့ သေပြီ"

ဝှစ်

ဤအခိုက်အတန့်တွင် လင်းရီနှင့် မြေအောက်ကမ္ဘာ ဘိုးဘေးတို့သည် သူတို့၏ ခေါင်းအထက်တွင် တစ်ပြိုင်နက်တည်း ပေါ်လာခဲ့ကြ၏။ လင်းရီသည် သူ၏ ခေါင်းအထက်တွင် မဟာမိုးကောင်းကင် လှည့်စားခြင်း စည်းတံဆိပ် နှင့် သူ၏ ခြေဖဝါးအောက်တွင် သရီရဓာတ်တော် သုံးဆယ့်ခြောက်ဆူ ကြာပန်းပလ္လင်တို့ဖြင့် ပေါ်လာသည်နှင့်တစ်ပြိုင်နက် ကျောက်တုံးအင်မော်တယ်နှင့် ဟွမ်ဖူမီတို့ကို ကာကွယ်ပေးလိုက်လေသည်။

မြေအောက်ကမ္ဘာ ဘိုးဘေး၏ အထက်တွင်မူ လင်းရီ အစောပိုင်းက ရရှိခဲ့သော အင်မော်တယ်မိုးကြိုး ကျောက်စိမ်းပြား ရှိနေခဲ့၏။ အင်မော်တယ်မိုးကြိုး ကျောက်စိမ်းပြားတွင် ကောင်းကင်ကိုးထပ် အင်မော်တယ် မိုးကြိုးကို သီးခြားခွဲထုတ်နိုင်သည့် အာနိသင် သဘာဝအတိုင်း ရှိလေသည်။

ဝုန်း

ထိုနှစ်ဦး ပေါ်လာသည်နှင့် ကောင်းကင်ကိုးထပ် အင်မော်တယ် မိုးကြိုး အလွှာမှာ ကျောက်စိမ်းပြားပေါ်သို့ ကျရောက်သွားခဲ့၏။ မျက်တောင်တစ်ခတ်အတွင်းမှာပင် ငါးရောင်ခြယ် မိုးကြိုးအလင်းတန်းများမှာ အရပ်မျက်နှာ အသီးသီးသို့ ပျံ့နှံ့သွားခဲ့လေသည်။ အင်မော်တယ် ရတနာများက ကာကွယ်ပေးထားသော်လည်း လင်းရီနှင့် အခြားသူများမှာ သူတို့၏ တစ်ကိုယ်လုံးတွင် ထုံကျဉ်သော ခံစားချက်ကို ခံစားလိုက်ရဆဲ ပင် ဖြစ်လေသည်။

မြေအောက်ကမ္ဘာ ဘိုးဘေး၏ မျက်နှာမှာ ပို၍ပင် ဖြူဖျော့သွားပြီး သူ၏ ယန် ဝိညာဉ် စွမ်းအားများ အဟုန်ပြင်းစွာ ထွက်ပေါ်လာကာ အင်မော်တယ်မိုးကြိုး ကျောက်စိမ်းပြားအတွင်းသို့ စုစည်းပေးလိုက်၏။ သို့တိုင်အောင် အင်မော်တယ်မိုးကြိုး ကျောက်စိမ်းပြား ပေါ်တွင် အက်ကွဲကြောင်းများ ပေါ်ပေါက်လာခဲ့လေသည်။

မြေအောက်ကမ္ဘာ ဘိုးဘေးက သတိပေးလိုက်သည်။

"မကောင်းတော့ဘူး... ကောင်းကင်ကိုးထပ် အင်မော်တယ် မိုးကြိုးတွေက အရမ်း သိပ်သည်းလွန်းနေတယ်... ဒီ အင်မော်တယ်မိုးကြိုး ကျောက်စိမ်းပြား က ကြာကြာ ခံမှာ မဟုတ်တော့ဘူး... ဒီနေရာက တာအိုနဲ့ ချိတ်ပိတ်ခံထားရတာဆိုတော့ အပြင်ထွက်ဖို့ မဖြစ်နိုင်ဘူး"

ကျောက်တုံးအင်မော်တယ်က အံတင်းတင်းကြိတ်ကာ ပြောလိုက်သည်။

"တောင့်ခံနိုင်သမျှ တောင့်ခံထားကြစို့"

ဤအန္တရာယ်အဆင့်မှာ သူ ယခင်က ကောင်းကင် တံခါးကို စိန်ခေါ်ခဲ့စဉ်ကထက်ပင် မလျော့လှပေ။

လင်းရီက သတိပေးလိုက်သည်။

"သွားကြစို့... ကောင်းကင်သစ်သားဆီကို သွားကြမယ်"

လင်းရီသည် ကောင်းကင်သစ်သား တည်ရှိရာ ပတ်ဝန်းကျင် သုံးကျန်း အတွင်း၌ ကောင်းကင်ကိုးထပ် အင်မော်တယ် မိုးကြိုး တစ်စင်းမျှ ကျဆင်းခြင်း မရှိသည်ကို သတိထားမိခဲ့သည်မှာ ကြာပြီ ဖြစ်လေသည်။

ဟွမ်ဖူမီကလည်း ဝမ်းသာအားရ ပြောလိုက်၏။

"ဟုတ်တယ်... ကောင်းကင်သစ်သားက မိုးကြိုးကနေ မွေးဖွားလာတာဖြစ်လို့ မိုးကြိုးကို ရှောင်ရှားနိုင်တဲ့ အာနိသင် ရှိတယ်... အဲဒီကို သွားကြစို့"

ဤစကားကို ကြားသောအခါ မြေအောက်ကမ္ဘာ ဘိုးဘေးက အင်မော်တယ်မိုးကြိုး ကျောက်စိမ်းပြား ကို အပြည့်အဝ ထိန်းချုပ်လိုက်ပြီး အားလုံးကို ကောင်းကင်သစ်သားဆီသို့ ဦးဆောင်ခေါ်သွားလေသည်။ လမ်းတစ်လှောင်တွင် ကောင်းကင်ကိုးထပ် အင်မော်တယ် မိုးကြိုး များ အဆက်မပြတ် ကျဆင်းနေခဲ့၏။ အကြိမ်တိုင်းတွင် မြေအောက်ကမ္ဘာ ဘိုးဘေးက သူ၏ အစွမ်းရှိသမျှဖြင့် ခုခံခဲ့ရလေသည်။

ဂျိန်း။

အားလုံး ကောင်းကင်သစ်သား၏ သုံးကျန်း ပတ်လည် ဧရိယာအတွင်းသို့ ရောက်ရှိသည်နှင့် အင်မော်တယ်မိုးကြိုး ကျောက်စိမ်းပြား ကြီးမှာ ကောင်းကင်ကိုးထပ် အင်မော်တယ် မိုးကြိုး၏ စွမ်းအားကို ဆက်လက် မတောင့်ခံနိုင်တော့ဘဲ အပိုင်းပိုင်းအစစ ကြေမွသွားခဲ့လေသည်။

ဟွမ်ဖူမီက တုန်တုန်ယင်ယင်ဖြင့် ရှေ့သို့ လှမ်းသွားပြီး သူ၏ အိုမင်းနေသော လက်ဖြင့် သစ်ခွံကို ပွတ်သပ်ရင်း ကောင်းကင်သစ်သား အတွင်းရှိ တက်ကြွလှသော အသက်ဓာတ်ကို ခံစားလိုက်ကာ ဝမ်းမြောက်စွာ ပြောလိုက်သည်။

"အင်မော်တယ်အဆင့် မိုးကြိုးပစ်ခံရတဲ့ သစ်သား... ဒါက တကယ်ပဲ အင်မော်တယ်အဆင့် မိုးကြိုးပစ်ခံရတဲ့ သစ်သားလား"

သို့သော်လည်း ခဏအကြာတွင် ဟွမ်ဖူမီ၏ အကြည့်များမှာ မှိန်ကျသွားပြီး လင်းရီနှင့် အခြားသူများကို အပြစ်မကင်းသကဲ့သို့ ကြည့်ကာ ပြောလိုက်လေ၏

"ဒီအဘိုးကြီးက ဒီနေရာမှာပဲ မြှုပ်နှံခံဖို့ အစောကြီးကတည်းက ဆုံးဖြတ်ထားပြီးသားပါ... မသေခင်မှာ ဒီ အင်မော်တယ်အဆင့် မိုးကြိုးပစ်ခံရတဲ့ သစ်သားကို ထိတွေ့ခွင့်ရလိုက်တာက မဟာတာအို ရဲ့ အစအနလေးကို နားလည်သွားသလိုပါပဲ... ဒါဆိုရင် ငါ နောင်တမရှိဘဲ သေလို့ ရပါပြီ... မင်းတို့အားလုံးက ဘာလို့ ဒီအဘိုးကြီးကြောင့် ဒုက္ခခံနေကြရတာလဲ"

ကျောက်တုံးအင်မော်တယ်က လွှမ်းမိုးနိုင်သော ဟန်ပန်ဖြင့် ပြောလိုက်သည်။

"ဒီနည်းလမ်းက ငါ့ရဲ့ အကြံပဲ... တစ်ခုခု မှားယွင်းသွားခဲ့ရင် ငါ ဒီအတိုင်း ထိုင်ကြည့်မနေနိုင်ဘူး"

သူ၏ အကြည့်မှာ မိုးကြိုးငါးသွယ် လမ်းမှန်နည်းလမ်း ထွင်းထုထားသော ကျောက်စိမ်းပြားဆီသို့ မှိုင်းညို့စွာ ရောက်ရှိနေခဲ့၏။

မိုးကြိုးငါးသွယ် လမ်းမှန်နည်းလမ်း ဖန်းကျန့်အင်မော်တယ်တောင်၏ ပြိုင်ဘက်ကင်း ကျွမ်းကျင်မှုမှာ ကြွေလွင့်မိုးကြိုး တောင်ကြော ၌ ထွက်ပေါ်လာခြင်း ဖြစ်လေသည်။ ဤ မိုးကြိုးငါးသွယ် လမ်းမှန်နည်းလမ်း မှာ ပျက်စီးနေပုံရပြီး ထို့ကြောင့်ပင် ဤနေရာ၌ ကောင်းကင်ကိုးထပ် အင်မော်တယ် မိုးကြိုးများ ဤမျှ ထူထပ်စွာ ကျဆင်းနေခြင်း ဖြစ်ရပေမည်။ သူ ကျောက်တုံးအင်မော်တယ်၏ မိုးကြိုးဆွဲဆောင်ခြင်း ဝင်္ကပါ မှာလည်း တိုက်တိုက်ဆိုင်ဆိုင်ပင် မိုးကြိုးငါးသွယ် လမ်းမှန်နည်းလမ်း ၏ အစိတ်အပိုင်းတစ်ခုကို ဖြည့်စွက်ပေးလိုက်သကဲ့သို့ ဖြစ်သွားခြင်း ဖြစ်၏။ ၎င်းက မိုးကြိုးငါးသွယ် လမ်းမှန်နည်းလမ်း ကို တိုက်ရိုက် ပြန်လည် နိုးထစေခဲ့ပြီး ကောင်းကင်ကိုးထပ် အင်မော်တယ် မိုးကြိုး ရေတံခွန်ကြီးကို ဆွဲဆောင်လိုက်ခြင်း ပင် ဖြစ်လေသည်။

မြေအောက်ကမ္ဘာ ဘိုးဘေးကလည်း ပွင့်ပွင့်လင်းလင်း ပြောလိုက်၏။

“ငါ မြေအောက်ကမ္ဘာကလည်း လောကမှာ ပြိုင်ဘက်ကင်းတဲ့သူ တစ်ယောက်ပဲ... မင်းတို့အားလုံးကို ဒီ ကောင်းကင်ကိုးထပ် အင်မော်တယ် မိုးကြိုး အောက်မှာ သေတာကို ငါ မကြည့်နိုင်ဘူး... ဒါကြောင့် ငါ လှုပ်ရှားရတာပေါ့"

လင်းရီက ပြုံး၍ ဆိုလိုက်သည်။

"ကျွန်တော်ကတော့ အဲဒီလောက်အထိ မစဉ်းစားမိပါဘူး... ဘယ်လိုပဲဖြစ်ဖြစ် ဒီ မိုးကြိုး ရေတံခွန်ကြီးက ကျွန်တော်တို့ကို မသေစေနိုင်ပါဘူး"

မြေအောက်ကမ္ဘာ ဘိုးဘေးမှာ ရဲရင့်စွာ စကားပြောခဲ့သော်လည်း သုံးကျန်း အကွာအဝေး အပြင်ဘက်ရှိ ပြင်းထန်လှသော မိုးကြိုး ရေတံခွန်ကြီးကို ကြည့်ကာ မျက်မှောင်ကြုတ်လျက် မေးမြန်းလိုက်၏။

"ဒါက ငါတို့ကို မသေစေနိုင်ဘူး ဟုတ်လား"

ကျောက်တုံးအင်မော်တယ်က ပြောဆိုလိုက်သည်။

"ဒီနေရာက ယာယီအားဖြင့် ဘေးကင်းနေပေမဲ့ ဘယ်အချိန်မှာ အာနိသင် ကုန်သွားမလဲဆိုတာ ဘယ်သူမှ အာမမခံနိုင်ဘူး... မိုးကြိုးငါးသွယ် လမ်းမှန်နည်းလမ်း ကလည်း ပြန်လည် နိုးထနေပြီဆိုတော့ ဝင်္ကပါကို မဖျက်ဆီးမချင်း ကောင်းကင်ကိုးထပ် အင်မော်တယ် မိုးကြိုး တွေက ရပ်မှာ မဟုတ်ဘူးလို့ ငါ စိုးရိမ်မိတယ်"

လင်းရီက ယုံကြည်ချက် အပြည့်ဖြင့် ပြောလိုက်သည်။

"ကျွန်တော်တို့ အားလုံးကို ကာကွယ်ပေးနိုင်မယ့် နည်းလမ်းတစ်ခု ကျွန်တော့်မှာ ရှိပါတယ်"

အားလုံးက ထိုစကားကို ကြားသောအခါ အံ့အားသင့်ပြီး ဝမ်းသာသွားကြကာ မေးမြန်းလိုက်ကြ၏။

"ဘာနည်းလမ်းလဲ"

လင်းရီက မှေးမှိန်စွာ ပြုံးလိုက်ပြီး သူ၏ ရင်ဘတ်အတွင်းမှ ကျောက်စိမ်းစာလိပ် တစ်ခုကို ထုတ်ယူကာ တာလော့ဂိုဏ်းချုပ်၏ ဆက်သွယ်ရေးနည်းလမ်းကို ရွေးချယ်လိုက်ပြီးနောက် လည်ချောင်းကို ရှင်းလိုက်ကာ အော်ဟစ်လိုက်လေသည်။

"ဘိုးဘေးကြီး ကျွန်တော့်ကို ကယ်ပါဦး"

အခန်း (၁၄၆) ခွန် (ငါးကြီး) ပေါ်မှာ ရပ်နေတဲ့ ငါဟာ လောကမှာ အရူးသွပ်ဆုံးပဲ

လင်းရီ၏ အသံမှာ ပြည့်နှက်နေပြီး သူ၏ မာန်ပါလှသော အကူအညီတောင်းသံကြောင့် မြေအောက်ကမ္ဘာ ဘိုးဘေးနှင့် ကျောက်တုံးအင်မော်တယ်တို့မှာ ခေါင်းကိုက်သွားခဲ့ရသည်။

*စစ်ကူ ခေါ်တာလား*

ကောင်းပြီလေ။

အဲဒါက တာလော့အင်မော်တယ်ဂိုဏ်း ရဲ့ ရိုးရာ ကျွမ်းကျင်မှုတစ်ခုပဲ မဟုတ်လား။

ဒါပေမဲ့ ဤမျှလောက်အထိ ယုံကြည်မှု အပြည့်ဖြင့် ပြိုင်ဘက်ကင်းသော ဟန်ပန်ဖြင့် အကူအညီ တောင်းဆိုနိုင်သူမှာ လင်းရီ တစ်ယောက်တည်းသာ ရှိပေလိမ့်မည်။

ဟွမ်ဖူမီက လင်းရီကို ကြည့်ကာ သူ၏ နှလုံးသားထဲတွင် ထူးဆန်းသော ခံစားချက်တစ်ခု ရုတ်တရက် ပေါ်ပေါက်လာပြီး မေးမြန်းလိုက်၏။

"ဘိုးဘေးကြီးဆိုတာ ဘယ်သူလဲ"

တာလော့တောင် တောင်သခင်၏ တာအိုဝတ်ရုံကို ဝတ်ဆင်ထားသော ဤလူငယ်ကျင့်ကြံသူ ပြောနေသည့် ဘိုးဘေးကြီးဆိုသည်မှာ ထိုပုဂ္ဂိုလ်ကြီးတော့ မဟုတ်လောက်ပါဘူးဟု သူ တွေးလိုက်မိ၏။ ဟွမ်ဖူမီမှာ လောကီရေးရာများနှင့် ကင်းကွာပြီး သူ၏ ကိုယ်ပိုင်ကမ္ဘာလေးထဲတွင်သာ နေထိုင်သူဖြစ်ရာ လင်းရီမှာ ယခုအခါ လောကတစ်ဝန်းတွင် ကျော်ကြားနေပြီ ဖြစ်သော်လည်း သူက မမှတ်မိသေးချေ။ သို့သော်လည်း သူက လူမိုက် တစ်ဦးတော့ မဟုတ်ပါချေ။ တောင်သခင်နှင့် ဘိုးဘေးကြီးဆိုသော စကားလုံးများကို ပေါင်းစပ်ကြည့်လိုက်သည်နှင့် သူက ဆက်စပ်တွေးတောမိသွားခြင်း ဖြစ်လေသည်။

လင်းရီက သူ၏ ဝတ်ရုံကို ခါလိုက်ပြီး ဟွမ်ဖူမီကို အနည်းငယ် ဦးညွှတ်ကာ မိတ်ဆက်လိုက်သည်။

“ဒီမျိုးဆက်သစ်လင်းရီဟာ တာလော့ ဝိုင်တောင် ရဲ့ တောင်သခင် ဖြစ်ပြီး ကောင်းကင်အုပ်စိုးမှု မျိုးဆက် ရဲ့ တပည့်ပါ"

ဟွမ်ဖူမီမှာ ထိုစကားကို ကြားသောအခါ အံ့အားသင့်သွားပြီး ရေရွတ်လိုက်သည်။

"ဝိုင်တောင် တောင်သခင် ဖြစ်ပြီး ကောင်းကင်အုပ်စိုးမှု မျိုးဆက်ရဲ့ တပည့် ဟုတ်လား"

ဤအခိုက်အတန့်တွင် ကျောက်စိမ်းစာလိပ် အတွင်းမှ တာလော့ဂိုဏ်းချုပ်၏ ပြတ်သားသော အသံ ထွက်ပေါ်လာခဲ့၏။

"အခုပဲ လာခဲ့မယ်"

ဝုန်း

မြောက်ပိုင်း မြေအောက်ကမ္ဘာ ပင်လယ် အတွင်း၌ စည်းမျဉ်းများကို ပရမ်းပတာ ဖြစ်စေပြီး မဟာတာအို ကို ပြိုကွဲစေနိုင်သော ကြီးမားသည့် စွမ်းအားတစ်ခု ပေါက်ကွဲထွက်လာခဲ့လေသည်။ ၎င်းက မြောက်ပိုင်း မြေအောက်ကမ္ဘာ ပင်လယ် တစ်ခုလုံးကို ကြောက်မက်ဖွယ်ကောင်းသော ဖိအားတစ်ခုဖြင့် လွှမ်းခြုံသွားစေခဲ့၏။

"ဘာတွေ ဖြစ်နေတာလဲ"

"ဒါက ဘယ်လို အရှိန်အဝါမျိုးလဲ"

"ဘယ်သူက မြောက်ပိုင်း မြေအောက်ကမ္ဘာ ပင်လယ်မှာ ပေါက်ကွဲနေတာလဲ"

မျက်တောင်တစ်ခတ်အတွင်းမှာပင် မြောက်ပိုင်းဒေသ တစ်ခုလုံးရှိ မရေမတွက်နိုင်သော ကျင့်ကြံသူများမှာ ထိတ်လန့်သွားကြလေသည်။ လူတိုင်း၏ နတ်ဘုရား စိတ်အာရုံ များ ယှက်နွယ်နေစဉ်အတွင်းမှာပင် လွင့်ဝဲနေသော အစိမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည့် ပုံရိပ်တစ်ခုမှာ လက်တစ်ဖက်ဖြင့် ခွန် (ငါးကြီး) ၏ ခေါင်းကို ဖိနှိပ်ထားပြီး အခြား လက်တစ်ဖက်ဖြင့် ဟင်းလင်းပြင်နယ်ပယ် ကို ဆွဲကိုင်ကာ နေရာနှင့် အချိန် ဥမင်တစ်ခုကို ဖွင့်လှစ်နေသည်ကို မြင်တွေ့လိုက်ရသောအခါ သူတို့မှာ ပို၍ပင် ထိတ်လန့်သွားကြ၏။

ဘယ်လူမိုက်ကများ ဒီပုဂ္ဂိုလ်ကြီးကို သွားပြီး ရန်စလိုက်တာလဲ။

တာလော့ဂိုဏ်းချုပ်၏ တာအိုခန္ဓာကိုယ်မှာ ခွန် (ငါးကြီး) ၏ ခေါင်းကို ဖိနှိပ်ထားသော လက်ဖြင့် အားအနည်းငယ် ထည့်လိုက်သော်လည်း ၎င်းက ခွန် (ငါးကြီး) ကို မပြီး နေရာနှင့် အချိန် ဥမင်အတွင်းသို့ တိုက်ရိုက် ထိုးထည့်လိုက်သည်ကို မြင်တွေ့လိုက်ရလေသည်။ တာလော့ဂိုဏ်းချုပ်၏ တာအိုခန္ဓာကိုယ်မှာလည်း အနီးကပ် လိုက်ပါရင်း နေရာနှင့် အချိန် ဥမင်အတွင်းသို့ လှမ်းဝင်သွားခဲ့၏။

"ဘယ်သူက ငါ့ရဲ့ တပည့်တွေနဲ့ မြေးတပည့်တွေကို ထိရဲတာလဲ"

နောက်တစ်ခဏတွင် တာလော့ဂိုဏ်းချုပ်၏ ပြိုင်ဘက်ကင်းစွာ လွှမ်းမိုးနိုင်သော အသံမှာ ကြွေလွင့်မိုးကြိုး တောင်ကြော၌ ထွက်ပေါ်လာခဲ့ပြီ ဖြစ်လေသည်။

ဝုန်း

ကြွေလွင့်မိုးကြိုး တောင်ကြောရှိ ကျင့်ကြံသူ အားလုံး၏ ထိတ်လန့်နေသော အကြည့်များအောက်တွင် တာလော့ဂိုဏ်းချုပ်သည် ဟင်းလင်းပြင်နယ်ပယ် အတွင်းမှ လှမ်းထွက်လာခဲ့၏။ တာလော့ဂိုဏ်းချုပ်၏ ခြေဖဝါးအောက်တွင်မူ ကြောက်စရာကောင်းလောက်အောင် ကြီးမားလှသည့် ငါးကြီးတစ်ကောင် ရှိနေလေသည်။ ၎င်းမှာ မည်းနက်နေသော ငါးကြီးတစ်ကောင်ဖြစ်ပြီး သူ၏ တစ်ကိုယ်လုံးမှာ မည်းနက်နေသော နတ်ဘုရား သတ္တုများနှင့် သွန်းလုပ်ထားသကဲ့သို့ ဖြစ်နေကာ အင်မော်တယ် အလင်းတန်းများ အလွှာလိုက် စီးဆင်းနေပြီး အနည်းငယ်မျှ လှုပ်ရှားလိုက်ရုံဖြင့် ဟင်းလင်းကို ပြိုကွဲသွားစေနိုင်လေသည်။ သို့သော်လည်း ထိုကဲ့သို့သော အင်မော်တယ်မျိုးစေ့မှာ တာလော့ဂိုဏ်းချုပ်၏ ခြေဖဝါးအောက်တွင် ကြောင်လေး သို့မဟုတ် ခွေးလေးတစ်ကောင်ကဲ့သို့ ငြိမ်သက်စွာ နင်းခြေခံထားရလေသည်။

"တာလော့ဂိုဏ်းချုပ်ပါလား"

"အို... ဘုရားရေ... တာလော့ဂိုဏ်းချုပ် ရောက်လာပြီ"

"သူက ခွန် (ငါးကြီး) ကို စီးပြီး လာတာပဲ"

ကြွေလွင့်မိုးကြိုး တောင်ကြောအတွင်း၌ တုန်ရီနေသော အသံများ ထွက်ပေါ်လာပြီး လူတိုင်းမှာ တာလော့ဂိုဏ်းချုပ်၏ ပစ်မှတ်ထားခြင်းကို ခံရမည်စိုးသဖြင့် အသက်ပင် မရှူရဲကြချေ။ ဤအရာမှာ အင်မော်တယ် မျိုးစေ့ဖြစ်သော ခွန် (ငါးကြီး) ဖြစ်ကြောင်း သိထားရမည် ဖြစ်၏။ ၎င်းမှာ မြေကမ္ဘာအင်မော်တယ် တတိယနယ်ပယ်တွင် ရှိသည်ဟု ဆိုသော်လည်း ၎င်း၏ တိုက်ခိုက်ရေး စွမ်းအားမှာ အမှန်တကယ်ပင် ပြိုင်ဘက်ကင်းလှပေသည်။ သို့သော် ယခုအခါ ၎င်းမှာ တာလော့ဂိုဏ်းချုပ်၏ ခြေဖဝါးအောက်တွင် နင်းခြေခံထားရသည်။

မြေအောက်ကမ္ဘာ ဘိုးဘေးမှာ မသိစိတ်အရ မတ်မတ် ရပ်လိုက်မိ၏။

တာလော့ဂိုဏ်းချုပ်

သူကတော့ ကျိုးကြောင်းဆင်ခြင်နေမယ့်သူ မဟုတ်ဘူး

အရင်တုန်းက လင်းရီအတွက် လမ်းရှင်းပေးဖို့ မြေအောက်ကမ္ဘာ တားမြစ်နယ်မြေထဲကို ဝင်လာတုန်းက သူက ငါ့ကို လက်ဖက်ရည် သောက်ဖို့ အတင်း ဖိတ်ခဲ့တာလေ။ အကယ်၍ ငါက မသောက်ဘူးဆိုရင် ငါ့ကို အရိုက်ခံရမှာပဲ။ အဲဒါက တာလော့ဂိုဏ်းချုပ်ကို မျက်နှာမပေးတာကိုး။ အကယ်၍ ငါက သောက်လိုက်ရင်လည်း ငါ့ကို အရိုက်ခံရဦးမှာပဲ။ ဘာလို့လဲဆိုတော့ ငါက စိတ်မပါဘဲ သောက်တာ တကယ် မျက်နှာပေးတာ မဟုတ်ဘဲ တာလော့ဂိုဏ်းချုပ်ရဲ့ လက်သီးကို ကြောက်လို့ သောက်တာမို့လို့တဲ့။ အတိုချုပ် ပြောရရင် ဘယ်လိုပဲလုပ်လုပ် အရိုက်ခံရမှာပဲ။ လူတွေကို ကောင်းကင်ကိုလည်း တက်ခွင့်မပေး ငရဲကိုလည်း ဆင်းခွင့်မပေးတဲ့ လူမျိုးပဲ။

တာလော့ဂိုဏ်းချုပ်က ခွန် (ငါးကြီး) ပေါ်တွင် ရပ်လျက် ပြဿနာကို ချက်ချင်း သိမြင်သွားပြီး မေးမြန်းလိုက်၏။

"ကောင်းကင်ချိတ်ပိတ် မြေပြင်ပိတ်လှောင်ခြင်းလား"

လင်းရီက ကောင်းကင်သစ်သား အောက်တွင် ရပ်ကာ ပြုံး၍ ပြောလိုက်သည်။

"ဘိုးဘေးကြီး... အဲဒါကို ချိုးဖျက်လို့ ရမလားဗျ"

တာလော့ဂိုဏ်းချုပ်က လင်းရီကို ကြည့်လိုက်ရာ သူ၏ အမူအရာမှာ အလွန် မကျေမနပ် ဖြစ်နေပုံရပြီး ပြောလိုက်၏။

"မင်းက ချိုးဖျက်လို့ ရမလားလို့ မမေးသင့်ဘူး... ဒီကောင်းကင်ချိတ်ပိတ် မြေပြင်ပိတ်လှောင်ခြင်း စွမ်းအားက ငါ့ဆီက ဘယ်နှစ်ချက်လောက် အရိုက်ခံနိုင်မလဲလို့ပဲ မင်း မေးသင့်တယ်"

တာလော့ဂိုဏ်းချုပ်က ပေါ့ပေါ့ပါးပါး ခြေလှမ်းတစ်လှမ်း လှမ်းလိုက်ရာ ခွန် (ငါးကြီး) မှာ အလွန် မကျေမနပ် ဖြစ်နေသော်လည်း ပြန်လည် ခုခံရန် သတ္တိပင် မရှိဘဲ တာလော့ဂိုဏ်းချုပ်ကို ရှေ့သို့ သယ်ဆောင်သွားလေသည်။

ဝှစ်

လူနှင့် သားရဲမှာ မိုးကြိုး ရေတံခွန်ကြီး ၏ အပြင်ဘက် ပတ်လည်သို့ ချဉ်းကပ်သွားသည်နှင့် မဟာတာအို သံကြိုး အလွှာများ ထွက်ပေါ်လာခဲ့၏။ ၎င်းတို့မှာ စစ်မှန်သော မဟာတာအို သံကြိုးများ ဖြစ်ကြ၏။ ၎င်းတို့မှာ ကောင်းကင်နှင့် မြေကြီး မဟာတာအို မှ သဘာဝအလျောက် ပြောင်းလဲလာခြင်း ဖြစ်လေသည်။ ဤဧရိယာကို လုံးဝ သီးခြားခွဲထုတ်ထားပြီး ယခုအခါ ခြိမ်းခြောက်မှုကို ခံစားလိုက်ရသဖြင့် တာလော့ဂိုဏ်းချုပ်၏ လမ်းကို ပိတ်ဆို့ရန် ကြိုးစားလာခြင်း ဖြစ်၏။

တာလော့ဂိုဏ်းချုပ်က သူ၏ ရှေ့ရှိ မဟာတာအို သံကြိုးများကို ကြည့်ကာ သက်ပြင်းချရင်း ဆိုလေသည်။

"ကောင်းကင် တံခါးနဲ့ နှိုင်းယှဉ်ရင် ဒီလောက် စွမ်းအားမျိုးက တကယ်ကို စိတ်ဝင်စားစရာ မကောင်းပါဘူး"

ထို့နောက် သူက လက်ညှိုးတစ်ချက် တောက်လိုက်၏။

ဒိုင်း

တိုးညင်းသော အသံကြီးတစ်ခု ထွက်ပေါ်လာလေသည်။

ဝုန်း။

ထို့နောက်တွင် မိုးခြိမ်းသံကဲ့သို့ ဟိန်းဟောက်သံများမှာ ဆက်တိုက် ဖြစ်ပေါ်လာခဲ့၏။ ဟင်းလင်းပြင်အတွင်း၌ ယှက်နွယ်နေသော မဟာတာအို သံကြိုးများပေါ်တွင် အက်ကွဲကြောင်းများ ချက်ချင်း ဖုံးလွှမ်းသွားပြီး ပေါက်ကွဲသံကြီးတစ်ခုနှင့်အတူ ကြေမွသွားခဲ့သည်။

တာလော့ဂိုဏ်းချုပ်က ဘာမှမဟုတ်သည့်အရာ တစ်ခုကို လုပ်ဆောင်လိုက်သကဲ့သို့ ပြောဆိုလိုက်သည်။

"ကောင်းကင်ချိတ်ပိတ် မြေပြင်ပိတ်လှောင်ခြင်းကို ချိုးဖျက်လိုက်ပြီ... နောက်တစ်ခါ ထပ်ပေါ်လာမှာ မဟုတ်တော့ဘူး... မင်းတို့ဘာသာ ဖြည်းဖြည်းချင်း ကစားကြဦး"

ထိုသို့ ပြောပြီးနောက် တာလော့ဂိုဏ်းချုပ်သည် ခွန် (ငါးကြီး) ကို စီးနင်းလျက် ပျောက်ကွယ်သွားပြန်၏။ ကောင်းကင်ချိတ်ပိတ် မြေပြင်ပိတ်လှောင်ခြင်းကို ချိုးဖျက်ပြီးပြီဖြစ်ရာ ကျန်ရှိသော ကိစ္စများကို လင်းရီ ကိုယ်တိုင် ကိုင်တွယ်နိုင်ပေလိမ့်မည်။ တာလော့ လူကြီးသူမများမှာ အကူအညီ ပေးနိုင်သော်လည်း အသေးစိတ် ကိစ္စတိုင်းကိုတော့ ကိုင်တွယ်ပေးမည် မဟုတ်ချေ။ ဤသည်ကို မြင်သောအခါ လူတိုင်းမှာ အချိန်အတော်ကြာသည်အထိ ဘာစကားမှ မပြောနိုင်ဘဲ မှင်တက်နေကြလေသည်။

မြေအောက်ကမ္ဘာ ဘိုးဘေးက အံကြိတ်ရင်း ဆိုလိုက်သည်။

"ဒီလူမိုက်ကြီးက... အခု ဘယ်လောက်အထိတောင် အစွမ်းထက်နေပြီလဲ"

ဟွမ်ဖူမီ၏ အမူအရာမှာ လေးစားမှုများဖြင့် ပြည့်နှက်နေပြီး

"တာလော့ဂိုဏ်းချုပ်ကတော့ ရှေးခေတ်နဲ့ ခေတ်သစ် တစ်လျှောက်မှာ သူ့ရဲ့ နာမည်နဲ့ တကယ့်ကို ထိုက်တန်တာပဲ"

လင်းရီကမူ ကောင်းကင်ယံတွင် ကျန်ရစ်နေဆဲဖြစ်သော ငါးရောင်ခြယ် မိုးကြိုးတိမ်တိုက်များကို ကြည့်လိုက်ပြီးနောက် အရပ်မျက်နှာ အသီးသီးတွင် ပေါ်ထွက်နေသော ကျောက်စိမ်းပြား များစွာကို ကြည့်ကာ ပြောဆိုလိုက်သည်။

“အားလုံးပဲ... ကျွန်တော့်မှာ ရဲတင်းတဲ့ ခန့်မှန်းချက်တစ်ခု ရှိတယ်"

ကျောက်တုံးအင်မော်တယ်က စိတ်လှုပ်ရှားစွာ မေးမြန်းလိုက်၏။

"ဘာ ခန့်မှန်းချက်လဲ"

လင်းရီက မေးမြန်းလိုက်သည်။

"စီနီယာ ကွမ်ရွှီ... အရင်တုန်းက သူခိုးအင်မော်တယ် စီခုန်းဟာ ကြွေလွင့်မိုးကြိုး တောင်ကြော မှာ ကောင်းကင်ကိုးထပ် အင်မော်တယ် မိုးကြိုးကြောင့် သေဆုံးခဲ့တယ်လို့ ပြောခဲ့တယ် မဟုတ်လား... အဲဒါက ဒီ ပတ်ဝန်းကျင်မှာပဲလား"

တာအိုကျင့်ကြံသူ ကွမ်ရွှီက ရှေးဟောင်းကျမ်းစာလိပ် တစ်ခုကို ထုတ်ယူကာ သေသေချာချာ စစ်ဆေး အတည်ပြုပြီးနောက် ခေါင်းညိတ်၍ ဆိုလေသည်။

“ခန့်မှန်းခြေတော့ ဟုတ်တယ်"

လင်းရီက သေချာပေါက် ဆိုလိုက်သည်။

"ဒါဆိုရင်တော့ ဟုတ်ပြီ... သူခိုးအင်မော်တယ် စီခုန်း ဟာ နေရာနဲ့ အချိန် မဟာတာအို ကို ပြီးပြည့်စုံအောင် ကျင့်ကြံထားသူ ဖြစ်လို့ ထွက်ပြေးတဲ့ နေရာမှာဆိုရင် အကွာအဝေးမဲ့ လမ်းစဉ် ထက် မနိမ့်ကျပါဘူး... ကောင်းကင်ကိုးထပ် အင်မော်တယ် မိုးကြိုး တွေ အဆက်မပြတ် ကျဆင်းနေတာကို ရင်ဆိုင်ရရင်တောင်မှ သူ ထွက်သွားချင်တယ်ဆိုရင် ဘာအခက်အခဲမှ ရှိမှာ မဟုတ်ဘူးလေ"

မြေအောက်ကမ္ဘာ ဘိုးဘေးကလည်း သဘောပေါက်သွားပြီး ရေရွတ်လိုက်၏။

"ကောင်းကင်ချိတ်ပိတ် မြေပြင်ပိတ်လှောင်ခြင်း ကြောင့်ပေါ့"

လင်းရီက ဆက်လက် ပြောဆိုလိုက်သည်။

"အတိအကျပါပဲ... ကောင်းကင်ချိတ်ပိတ် မြေပြင်ပိတ်လှောင်ခြင်းက အကွာအဝေးမဲ့ လမ်းစဉ်ကို ချိုးဖျက်နိုင်သလို နေရာနဲ့ အချိန် မဟာတာအို ကိုလည်း ချိုးဖျက်နိုင်ပါတယ်... အဲဒီတုန်းက သူခိုးအင်မော်တယ် စီခုန်း ဟာ မထွက်သွားချင်တာ မဟုတ်ဘဲ ထွက်သွားလို့ မရခဲ့တာပဲ ဖြစ်ရမယ်"

ကျောက်တုံးအင်မော်တယ်၏ မျက်နှာမှာ မည်းမှောင်သွားပြီး မေးမြန်းလိုက်၏။

"အကယ်၍ အဲဒီလိုဆိုရင် ဒီနေရာက မိုးကြိုးငါးသွယ် လမ်းမှန်နည်းလမ်းက သူခိုးအင်မော်တယ် စီခုန်း ချန်ထားခဲ့တာလား"

တာအိုကျင့်ကြံသူ ကွမ်ရွှီက ရှေးဟောင်းကျမ်းစာများကို နောက်တစ်ကြိမ် စစ်ဆေးပြီး ပြောလိုက်သည်။

"ဖြစ်နိုင်ခြေ ရှိပါတယ်... အဲဒီတုန်းက သူခိုးအင်မော်တယ် စီခုန်း ကြွေလွင့်မိုးကြိုး တောင်ကြောထဲ မဝင်ခင်မှာ ပင်လယ်ရပ်ခြား အင်မော်တယ်တောင် ကို ရှာဖို့ အရှေ့ပင်လယ်ကို သွားခဲ့ဖူးတယ်... ပြီးတော့ ဝင်္ကပါကုန်ကြမ်း အမြောက်အမြား ဝယ်ဖို့ ပိုက်ဆံအများကြီး အကုန်အကျ ခံခဲ့ဖူးတယ်လေ"

လင်းရီက သူ၏ ခေါင်းအထက်မှ ငါးရောင်ခြယ် အလင်းတန်းကို ခပ်ပြုံးပြုံး ကြည့်ကာ ပြောလိုက်သည်။

"ဒါက စိတ်ဝင်စားစရာပဲ... မိုးကြိုးငါးသွယ် လမ်းမှန်နည်းလမ်း က အင်မော်တယ် မိုးကြိုးတွေကို ထိန်းချုပ်နိုင်စွမ်း ရှိတယ်... အကယ်၍ ဒီဝင်္ကပါက ပြီးပြည့်စုံနေမယ်ဆိုရင် အလွန်ဆုံးကတော့ မိုးကြိုးကို စုဆောင်းတာလောက်ပဲ ဖြစ်မှာပေါ့... ဘာလို့ ကောင်းကင်ချိတ်ပိတ် မြေပြင်ပိတ်လှောင်ခြင်း ကို ဖြစ်ပေါ်စေခဲ့တာလဲ... ငါတို့က မတော်တဆ အသက်သွင်းလိုက်မိပြီးတဲ့နောက်မှာတောင် ကောင်းကင်ချိတ်ပိတ် မြေပြင်ပိတ်လှောင်ခြင်းရဲ့ စွမ်းအားကို ဘာလို့ ဖြစ်ပေါ်စေခဲ့တာလဲ"

All Chapters