← Chapters

ရုတ်တရက် သဘောပေါက်သွားခြင်း

Vol. 23 Ch. 221

ရုတ်တရက် သဘောပေါက်သွားခြင်း

Vol. 23 Ch. 221

မာယွမ်မြင်တွေ့ခဲ့ရသမျှသည် သူ၏အမြင်တွင် မည်သည့်အဓိပ္ပာယ်မှမရှိပေ။ သူ၏ဇနီးဖြစ်သူက ကျူးကျော်သူကို အိမ်ထဲမဝင်လာမီကတည်းက ရိပ်မိခဲ့ပါလျှင် အဘယ်ကြောင့် အစီအရင်ကို မဖွင့်ခဲ့ပါသနည်း။

အစီအရင်က အလုပ်မဖြစ်ခဲ့လျှင်ပင် သူတို့အတူတကွ ထွက်ပြေးရန် အချိန်လုံလုံလောက်လောက် ရနိုင်ပေလိမ့်မည်။

ထို့အပြင် တံဆိပ်ကိစ္စလည်း ရှိနေသေး၏။ ဤအချိန်အထိ ကျူးကျော်လာသော အမျိုးသမီးက သူ့အား တစ်ခုခုပြုလုပ်ခဲ့သောကြောင့် ထိုအမျိုးသမီး၏ မျက်နှာကို မမှတ်မိနိုင်ခြင်းဖြစ်သည်ဟု သူထင်မှတ်ထားခဲ့သော်လည်း တကယ်တမ်းတွင် ထိုသို့ပြုလုပ်ခဲ့သူမှာ သူ၏ဇနီးဖြစ်နေလေသည်။

သူတို့မိသားစုကို ကွဲကွာသွားစေခဲ့သော တရားခံ၏ မျက်နှာကို သူမက သူ့အား အဘယ်ကြောင့် မမှတ်မိစေချင်ခဲ့ပါသနည်း။

ရန်သူ့ထံသို့ လက်နက်ချအညံ့ခံလိုက်သကဲ့သို့ သူမက အဘယ်ကြောင့် ဤမျှလွယ်လွယ်ကူကူ အရှုံးပေးလိုက်ရပါသနည်း။

မည်သို့ပင်ဖြစ်စေ သူက ထိုသံသယများနှင့် မေးခွန်းများအားလုံးကို ခေါင်းထဲမှထုတ်ပစ်လိုက်ပြီး သူ၏အဓိကရည်မှန်းချက်အပေါ်၌သာ အာရုံစိုက်လိုက်လေသည်။

ကျန်သောအရာများကို အချိန်ရမှ သေချာစဉ်းစားနိုင်သလို ကံကောင်းထောက်မစွာ ပြန်လည်ဆုံတွေ့ခွင့်ရလျှင်လည်း ဇနီးဖြစ်သူအား မေးမြန်းနိုင်သေး၏။

သို့သော် ယခုလောလောဆယ်တွင်မူ သူ၏တစ်ခုတည်းသော အာရုံစိုက်မှုက အဖြူရောင်ဝတ်ရုံနှင့် အမျိုးသမီးထံ၌သာ ရှိနေသည်။

ထိုအမျိုးသမီးတွင် သူမ၏ကျောပြင်ထက်၌ ဖရိုဖရဲကျနေသော နှင်းပွင့်ကဲ့သို့ ဖြူဖွေးသည့် ဆံကေသာများ ရှိနေသည်။

ထိုဆံကေသာများသည် ပိုးသားကဲ့သို့ နူးညံ့ချောမွေ့နေ၏။ သူမ၏အသက်အရွယ်မှာ သုံးဆယ်စွန်းစွန်းခန့် ရှိမည်ဟု ခန့်မှန်းရပေသည်။

သူ၏ဇနီးဖြစ်သူနည်းတူ အဖြူရောင်ဝတ်ရုံနှင့် အမျိုးသမီးသည် တိုင်းပြည်တစ်ပြည်ကိုပင် ပြိုပျက်စေနိုင်လောက်သော အလှတရားကို ပိုင်ဆိုင်ထားပြီး သူမ၏မျက်နှာမှာ အဖြူရောင်ကျောက်စိမ်းကို အပြစ်အနာအဆာကင်းစင်စွာ ထုဆစ်ထားသည့်နှယ် လှပလွန်းလှပေသည်။

မာယွမ်က သူမအား သေချာလေ့လာကြည့်လေလေ သူ၏ဇနီးဖြစ်သူနှင့် ထူးဆန်းစွာ ရင်းနှီးနေသကဲ့သို့ ခံစားလာရလေလေ ဖြစ်၏။

ရုပ်ရည်သွင်ပြင်များ တူညီနေခြင်းမဟုတ်ဘဲ သူတို့၏ ရောင်ဝါနှင့် ခံစားချက်ကင်းမဲ့နေပုံတို့က တူညီနေခြင်းပင်။

ဝမ်းသာခြင်း၊ ဝမ်းနည်းခြင်း၊ ပျော်ရွှင်ခြင်း၊ ဒေါသထွက်ခြင်း စသည့် မည်သည့်ခံစားချက်မှမရှိဘဲ အရာအားလုံးအပေါ် လျစ်လျူရှုထားခြင်းမှလွဲ၍ အခြားမည်သည့်အရာမျှ မရှိပါချေ။

သူ၏ဇနီး ဖေးနှင့် စတင်တွေ့ဆုံခဲ့စဉ်ကလည်း သူမတွင် အဖြူရောင်ဝတ်ရုံနှင့်အမျိုးသမီးနှင် တူညီသော အမူအရာမျိုး ရှိခဲ့ဖူးသည်။

သို့သော် မာယွမ်က သူမအား အနှောင့်အယှက်ပေးသည့်အခါမျိုးတွင် စူးစမ်းလိုစိတ် သို့မဟုတ် မကျေနပ်မှုကဲ့သို့သော ခံစားချက်အချို့ကို ရံဖန်ရံခါ ဖော်ပြလေ့ရှိခြင်းမှာမူ ကွာခြားလှ၏။

သို့ရာတွင် သူတို့နှစ်ဦး ပိုမိုရင်းနှီးလာသည်နှင့်အမျှ ရေခဲများ အရည်ပျော်ကျသွားသကဲ့သို့ သူမသည် အမူအရာများနှင့် ခံစားချက်များကို ပို၍ဖော်ပြလာခဲ့ပေသည်။

သူ၏ဇနီးနှင့် ထိုအမျိုးသမီးတို့ အချင်းချင်း သိကျွမ်းနေနိုင်သည်ဟု အစောပိုင်းက သံသယအနည်းငယ်ရှိခဲ့လျှင်ပင် ထိုဆင်တူနေသော အမူအရာက သူ၏ဇနီးနှင့် ထိုအမျိုးသမီးတို့သည် အရင်းအမြစ်တစ်ခုတည်းမှ ဆင်းသက်လာကြောင်း ယုံမှားသံသယမရှိ အတည်ပြုပေးလိုက်သည့် နောက်ဆုံးသက်သေပင် ဖြစ်လေတော့သည်။

ထို့နောက် ဆက်လက်ဖြစ်ပွားခဲ့သည်များကို မာယွမ်က ယန်ချင်းအား ဆက်လက်ပြောပြခဲ့ပြီး အဖြူရောင်ဝတ်ရုံနှင့် အမျိုးသမီး၏ အသွင်အပြင်ကိုလည်း ကွက်ကွက်ကွင်းကွင်း ပုံဖော်ပြသခဲ့၏။

ဤတစ်ကြိမ်တွင်မူ မည်သည့်အံ့အားသင့်စရာမျှ မရှိခဲ့ဘဲ အရာအားလုံးသည် ယန်ချင်းအား ဤကိစ္စကို ပထမဆုံးအကြိမ် ပြောပြခဲ့စဉ်ကအတိုင်းပင် ဆက်လက်ဖြစ်ပေါ်ခဲ့သည်။

အဖြူရောင်ဝတ်ရုံနှင့် အမျိုးသမီးက အခြားသူများအားလုံးကို လျစ်လျူရှုကာ သူ၏ဇနီးနှင့်သာ စကားပြောဆိုခဲ့၏။

ထို့နောက် မာယွမ်က ဝင်ရောက်တိုက်ခိုက်ရာ တစ်စက္ကန့်အတွင်းမှာပင် ပြန်လည်အရိုက်ခံလိုက်ရပြီး သူ၏ ဒန်တျန်ပျက်စီးသွားကာ ကျင့်ကြံခြင်းအခြေခံလည်း ပျက်သုဉ်းသွားခဲ့ရပေသည်။

သူက အရာအားလုံးကို တတိယလူအမြင်ဖြင့် မြင်တွေ့နေရသောကြောင့် သူ၏အသက်ကို ချမ်းသာပေးရန် ဇနီးဖြစ်သူက ထိုအမျိုးသမီးအား တောင်းပန်နေပုံကို အနီးကပ်မြင်တွေ့ခဲ့ရသည်။

ထိုအချိန်တွင် ယခင်တစ်ကြိမ်က မကြားခဲ့ရသောအရာတစ်ခုကို သူကြားလိုက်ရ၏။

ယခင်ကမူ သူရရှိခဲ့သောဒဏ်ရာများနှင့် ဇနီးဖြစ်သူကို ဆုံးရှုံးရနိုင်သည်ဟူသော အမှန်တရားကြောင့် ဖြစ်ပေါ်လာသည့် စိတ်အနှောင့်အယှက်များကြောင့် မကြားခဲ့ရခြင်းဖြစ်သည်။

သူမ တောင်းပန်နေစဉ်အတွင်း ဇနီးဖြစ်သူက နာမည်တစ်ခုကို ဖြတ်ခနဲ ပြောလိုက်သည်ကို သူကြားလိုက်ရသည်။

သူမက ‘ယောင်’ ဟူသော နာမည်ကို ပြောလိုက်ပြီးနောက် အမြန်ရပ်တန့်သွားကာ တောင်းပန်စကားကို ဆက်လက်ပြောဆိုနေခဲ့သည်ကို သူမြင်တွေ့ခဲ့ရ၏။

“သူမနာမည်က ယောင်တဲ့လား”

အဖြူရောင်ဝတ်ရုံနှင့် အမျိုးသမီးထံသို့ အကြည့်ရောက်သွားစဉ် မာယွမ်တစ်ယောက် တွေးတောလိုက်မိသည်။

ထို့နောက် မာယွမ်က ထိုတွေ့ရှိချက်ကို ယန်ချင်းအား ဆက်လက်ပြောပြလေသည်။

အရာအားလုံးက သူပြောခဲ့သည့်အတိုင်း ဆက်လက်ဖြစ်ပေါ်လာ၏။

ထိုအမျိုးသမီးက သဘောတူလက်ခံခဲ့သော်လည်း မာယွမ်၏အသက်ကို ချမ်းသာပေးသည့်အတွက် အလဲအလှယ်အနေဖြင့် သူတို့၏သမီးကို တောင်းဆိုခဲ့သည်။

ထိုတောင်းဆိုချက်ကို ပြုလုပ်လိုက်သည်နှင့် တစ်ပြိုင်နက် ဖေးအာက အမျိုးသမီးကို တိုက်ခိုက်လိုက်သော်လည်း သူမ၏ရင်ဘတ်နှင့် မျက်လုံးများတွင် အက္ခရာသင်္ကေတတစ်ခုက စက္ကန့်အနည်းငယ်မျှ ပေါ်လာပြီးနောက် ချက်ချင်းပင် သတိလစ်သွားခဲ့သည်။

မာယွမ်က ထိုအက္ခရာသင်္ကေတကို ရှင်းလင်းစွာ မြင်လိုက်ရသည်။ သူမ၏ရင်ဘတ်နှင့် မျက်လုံးများတွင် ပေါ်လာသော အက္ခရာသင်္ကေတများမှာ အတူတူပင်ဖြစ်၏။

၎င်းမှာ ပင့်ကူပုံသဏ္ဌာန်ရှိသော ရေခဲကဲ့သို့ ဖြူဖွေးသည့် အက္ခရာသင်္ကေတတစ်ခု ဖြစ်လေသည်။ ထို့နောက် ထိုအမျိုးသမီးက သူ၏ဇနီးနှင့် ကြောက်လန့်တကြား ထိုင်ခုံတွင် ထိုင်နေသော သမီးဖြစ်သူကို ကောက်ချီလိုက်သည်။

ထိုအမျိုးသမီးက သမီးဖြစ်သူ သတိလစ်သွားစေရန် သွေးကြောအမှတ်တစ်ခုကို ထောက်လိုက်ပြီး သူမကိုပါ ဖမ်းဆွဲကာ သေလုမျောပါးဖြစ်နေသော မာယွမ်ကို တစ်ချက်လေးမျှပင် လှည့်မကြည့်ဘဲ ထွက်ခွာသွားလေတော့သည်။

အဖြူရောင်ဝတ်ရုံနှင့် အမျိုးသမီး ထွက်ခွာသွားပြီးနောက် ချက်ချင်းဆိုသလို မာယွမ် သတိလစ်သွားခဲ့သောကြောင့် ထိုနေရာတွင် မြင်ကွင်းက ပြတ်တောက်သွားခဲ့သည်။

…

ပြောပြခြင်းပြီးဆုံးသွားသောအခါ မာယွမ်သည် မျက်မှောင်ကြုတ်လျက် တိတ်ဆိတ်စွာ စဉ်းစားခန်းဝင်နေမိသည်။

ထိုနေ့က အဖြစ်အပျက်များကို ပြန်လည်မှတ်မိရန် မလွယ်ကူလှသော်လည်း ပထမအကြိမ်က သူသတိမထားမိခဲ့သော အခြားအသေးစိတ်အချက်အလက်များအားလုံးကို ထပ်မံထည့်သွင်းစဉ်းစားလိုက်သောအခါ သူ၏စိတ်အခြေအနေမှာ ပို၍လေးလံလာပြီး ရှုပ်ထွေးသွားခဲ့ရသည်။

ယန်ချင်းကလည်း မာယွမ် မျှဝေပေးခဲ့သော အချက်အလက်များကို စီစစ်ရင်း တိတ်ဆိတ်နေ၏။

ထို့နောက် သူက သူ၏သိုလှောင်လက်စွပ်ထဲမှ မှတ်တမ်းတင်အဆောင်တစ်ခုနှင့် စာလိပ်တစ်ခုကို ထုတ်ယူလိုက်သည်။

“တရားသူကြီး ယန်ချင်း၊ မာယွမ်၏အမှုနှင့် သူ၏မိသားစု ပျောက်ဆုံးမှု၊ ပြန်ပေးဆွဲခံရနိုင်ခြေများအပေါ် ပဏာမတွေ့ရှိချက်များကို စတင်မှတ်တမ်းတင်ပါသည်။”

“လွန်ခဲ့သောခုနစ်နှစ်က နစ်နာသူ မာယွမ်၏ ဇနီးနှင့် သမီးဖြစ်သူတို့အား အမည်မသိ တိုက်ခိုက်သူတစ်ဦးက ပြန်ပေးဆွဲသွားခဲ့သည်။ သူ၏ဇနီး ဖေး...”

ထိုနေရာတွင် ယန်ချင်းက မှတ်တမ်းတင်ခြင်းကို ခေတ္တရပ်ကာ မာယွမ်အား လှည့်မေးလိုက်သည်။

“ခင်ဗျားရဲ့ ဇနီးနဲ့ ကလေးနာမည်က ဘယ်လိုခေါ်လဲ၊ ဪ ပြီးတော့ ခင်ဗျားတို့ နေခဲ့တဲ့နေရာကရော”

ယန်ချင်း၏မေးခွန်းက မာယွမ်အား ရှုပ်ထွေးဝေဝါးနေသော အခြေအနေမှ ဆွဲထုတ်လိုက်လေသည်။

“ကျွန်တော့်ဇနီးနာမည်က ရွှန်းဖေးဖြစ်ပြီး သမီးနာမည်က မာလင်းပါ။”

“ကျွန်တော်တို့က ချန်းတိုင်းပြည်၊ မန်ဒရယ်ပြည်နယ်ရှိ သစ်ရွက်တောင်ကြား လို့ခေါ်တဲ့ မြို့တစ်မြို့မှာ နေထိုင်ခဲ့ကြတာပါ” ဟု မာယွမ်က ဖြေကြားလိုက်သည်။

“ကျေးဇူးပါပဲ” ဟု ပြောရင်း ယန်ချင်းက သူ၏အစီရင်ခံစာကို ဆက်လက်လုပ်ဆောင်ရန် မှတ်တမ်းတင်အဆောင်ကို ဖွင့်လိုက်၏။

“ရွှန်းဖေးက သူမအား တိုက်ခိုက်သူကို သိကျွမ်းနေသည်ဟူသော လမ်းကြောင်းကို ညွှန်ပြနေသည့် လုံလောက်သော သက်သေအထောက်အထားများ ရှိနေပါသည်။”

“မာယွမ်၏ ဇနီးသည် ရွှန်းဖေးနှင့် သမီးဖြစ်သူ မာလင်းတို့သည် ချန်းတိုင်းပြည်အတွင်းရှိ သူတို့၏နေအိမ်တွင် ပြန်ပေးဆွဲခံခဲ့ရခြင်းဖြစ်ပါသည်။”

“မာယွမ်သည် တိုက်ခိုက်မှုကြောင့် ဒန်တျန်လုံးဝပျက်စီးသွားပြီး ကျင့်ကြံခြင်းအခြေခံလည်း ပျက်သုဉ်းသွားခဲ့ရသည်။”

“တိုက်ခိုက်မှု၏ အရင်းအမြစ်က ယင်ဘာဝကိုအခြေခံသည့် သိုင်းပညာတစ်ခုဖြစ်ပုံရပြီး ကျွန်ုပ်၏ခန့်မှန်းချက်အရ အနည်းဆုံး အပြာရောင်အဆင့် ကျင့်ကြံခြင်းသိုင်းပညာမှ လာခြင်းဖြစ်နိုင်ပါသည်။”

“တိုက်ခိုက်မှုကြောင့် ကျန်ရစ်ခဲ့သော ချီအကြွင်းအကျန်များအရ တိုက်ခိုက်သူသည် အနည်းဆုံးတော့ နန်းတော်တစ်ပိုင်းအဆင့်၌ ရှိသူတစ်ဦး ဖြစ်နိုင်သည်ဟု ခန့်မှန်းရပါသည်။”

“အဘယ်ကြောင့်ဆိုသော် တိုက်ခိုက်မှုမှ ကျန်ရစ်ခဲ့သော အစအနများနှင့် မာယွမ်၏ ပျက်စီးသွားသော ဒန်တျန်ထဲတွင် ကျန်ရစ်နေသည့် တာအိုအမှတ်အသား အထောက်အထားများ ရှိနေသောကြောင့်ဖြစ်သည်။”

“ကျွန်ုပ် စစ်ဆေးနေစဉ်အတွင်း ထိုအထောက်အထားများကို မြင်တွေ့ခဲ့ရပါသည်။”

“တိုက်ခိုက်သူက အမျိုးသမီးဖြစ်ပြီး ဆံပင်အဖြူရောင်၊ ကျောက်စိမ်းဖြူကဲ့သို့ အသားအရေရှိကာ အသက်သုံးဆယ်စွန်းစွန်းခန့် ရှိပုံရပါသည်။”

“ နစ်နာသူ ရွှန်းဖေးက သူမအားစကားပြောသည့်အခါ ‘ယောင်’ ဟု ခေါ်ခဲ့သော်လည်း မာယွမ်၏ ထွက်ဆိုချက်အရ သူမသည် စကားကို ပြန်ရုပ်သိမ်းသွားပုံရပါသည်။”

“တိုက်ခိုက်သူ၏ နာမည်တွင် ‘ယောင်’ ဆိုသည်မှာ ပါဝင်မည်ဟု ကျွန်ုပ် ခန့်မှန်းရပြီး ဤယူဆချက်အပေါ် အခြေခံ၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွားရပါမည်။”

“အဖွဲ့အစည်း၏ တရားသူကြီးတစ်ဦးအနေဖြင့် ကျွန်ုပ်၏ တာဝန်ဝတ္တရားအရ ဤအမှုကို အရေးပေါ်အမှုများ၏ စည်းမျဉ်းစည်းကမ်းများ၊ လမ်းညွှန်ချက်များအောက်ရှိ သတ်မှတ်ချက်များနှင့် ကိုက်ညီသည်ဟု ဆုံးဖြတ်ပြီး အထူးအမှုအနေဖြင့် လက်ခံလိုက်ပါသည်။”

“ဤအမှု ပြီးဆုံးသွားသည့်အထိ တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်အဝကို ကျွန်ုပ်လက်ခံပါသည်။”

“အကယ်၍ ဤကိစ္စက အောင်မြင်စွာ ဖြေရှင်းနိုင်ရန် ကျွန်ုပ်၏ စွမ်းဆောင်ရည်နှင့် ရာထူးထက် ကျော်လွန်နေမည်ဆိုလျှင် အမှုလွှဲပြောင်းခြင်းဆိုင်ရာ စည်းမျဉ်းက ချက်ချင်းအသက်ဝင်မည်ဖြစ်ပြီး အမှုအား အဖွဲ့အစည်းအတွင်းရှိ သင့်လျော်သောအဖွဲ့ထံ လွှဲပြောင်းပေးရမည်ဖြစ်သည်။”

“ထိုအခါတွင် ကျွန်ုပ်က တရားစီရင်ရေးလက်ထောက်တစ်ဦးအနေဖြင့် အမှုကို ဆက်လက်ဆောင်ရွက်သွားပါမည်။”

“ကျွန်ုပ် ယန်ချင်းက မာယွမ်၏အမှုနှင့် ထိုအမှုနှင့်သက်ဆိုင်သော အရာအားလုံးသည် အဖွဲ့အစည်း၏ စီရင်ပိုင်ခွင့်နှင့် ဆုံးဖြတ်ချက်အောက်တွင် ရှိပြီး သက်ဆိုင်ရာ အရင်းအမြစ်များ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီဖြစ်ကြောင်း တရားဝင် ကြေညာလိုက်ပါသည်။” ဟု ယန်ချင်းက လေးနက်စွာ ပြောကြားလိုက်သည်။

သူ၏စကားများ ပြီးဆုံးသွားသည်နှင့် တစ်ပြိုင်နက် မှတ်တမ်းတင်ခြင်းကို ပိတ်လိုက်၏။ သူပြောခဲ့သော စကားများကို စာလိပ်ပေါ်တွင်လည်း ရေးမှတ်ထားသည်။

သူက ထိုထုတ်ပြန်ချက်ကို သူ၏တံဆိပ်တုံးဖြင့် အတည်ပြုလိုက်လေသည်။

ခဏအကြာတွင် စာလိပ်မှာ ပျောက်ကွယ်သွားပြီးနောက် ‘လက်ခံရရှိသည်၊ အတည်ပြုသည်၊ သဘောတူသည်၊ အသက်ဝင်သည်’ ဟူသော ခံစားချက်ကင်းမဲ့နေသည့် အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။

ထိုနေရာတွင် မည်သူမျှမရှိသော်လည်း ယန်ချင်းသည် မတ်တပ်ရပ်ကာ လေးလေးစားစားဖြင့် လက်ယှက်ကာ ဂါရဝပြုလိုက်သည်။

ထိုတာအိုအရိုအသေပေးမှုကို ပြုလုပ်လိုက်သောအခါ သူ၏ဝတ်ရုံမှာ မီးခိုးရောင်သာမန်ဝတ်စုံမှ တရားသူကြီးဝတ်ရုံအဖြစ်သို့ပင် ပြောင်းလဲသွားခဲ့ပေသည်။

…

“မာယွမ်၊ ခင်ဗျားရဲ့အမှုကို အခုကစပြီး အဖွဲ့အစည်းရဲ့ ပြဿနာအဖြစ် တရားဝင် သတ်မှတ်လိုက်ပြီဖြစ်ပြီး ခင်ဗျားအတွက် တရားမျှတမှုရအောင် ကျွန်တော်တို့ တတ်နိုင်သမျှ အရာအားလုံးကို လုပ်ဆောင်ပေးသွားမှာပါ။”

“နောက်ထပ်နှစ်ရက်လောက်အထိ အကဲဖြတ်မှုတွေ လုပ်ဖို့ရှိသေးတဲ့အတွက် ကျွန်တော် ချက်ချင်းတော့ ဆောင်ရွက်နိုင်မှာ မဟုတ်သေးဘူး။”

“ဒါပေမဲ့ အဖွဲ့အစည်းမှာ တရားဝင် မှတ်တမ်းတင်ထားပြီးဖြစ်တဲ့အတွက် ဒီအတောအတွင်းမှာ ပဏာမ စုံစမ်းစစ်ဆေးမှုတွေလုပ်ဖို့ ခင်ဗျားရဲ့အမှုနဲ့သက်ဆိုင်တဲ့ စုံစမ်းစစ်ဆေးရေးမှူးတွေ ရှိလာလိမ့်မယ်။”

“ကျွန်တော် ပြန်ရောက်တဲ့အခါ သူတို့နဲ့ဆက်ပြီး ဆောင်ရွက်သွားပါမယ်။”

“အမှုစစ်ဆေးနေစဉ်အတွင်း ခင်ဗျားကို ကျွန်တော်တို့ရဲ့ အစောင့်အရှောက်အောက်မှာ ထားချင်ပါတယ်။ ခင်ဗျားရဲ့ နေထိုင်စားသောက်စရိတ်ကို အဖွဲ့အစည်းက တာဝန်ယူပေးပါလိမ့်မယ်။”

“အဲဒီလိုလုပ်ရတဲ့အကြောင်းရင်းက ခင်ဗျားရဲ့ လုံခြုံရေးအတွက်ဖြစ်သလို ခင်ဗျားက အနီးအနားမှာရှိနေရင် အမှုရဲ့တိုးတက်မှုအခြေအနေတွေကို ခင်ဗျားကို ပြောပြဖို့ ပိုလွယ်ကူမှာဖြစ်လို့ပါ။”

“ဒါပေမဲ့ ခင်ဗျားက အဖွဲ့အစည်းရဲ့ နယ်မြေထဲမှာ မနေချင်ဘူးဆိုရင်လည်း ရပါတယ်။ ခင်ဗျားဆီကို သတင်းအချက်အလက်တွေ အချိန်မီရောက်အောင် ကျွန်တော် နည်းလမ်းရှာနိုင်ပါသေးတယ်။”

“ဒါဆို ခင်ဗျား ဘယ်လိုလုပ်ချင်လဲ၊ ကျွန်တော်နဲ့ လိုက်ခဲ့မလား ဒါမှမဟုတ် တခြားသွားချင်တဲ့နေရာ ရှိသေးလား” ဟု ယန်ချင်းက မေးလိုက်၏။

“ကျွန်တော့်စိတ်ထဲမှာ သီးသန့်သွားစရာနေရာရယ်လို့တော့ မရှိပါဘူး။”

“ကျွန်တော်တို့ နေခဲ့တဲ့အိမ်ဆိုရင်လည်း ဖေးအာရဲ့ တောင်းဆိုချက်အရ တစ်နေရာကနေ တစ်နေရာကို ပြောင်းရွှေ့နေခဲ့ရလို့ ရှစ်လလောက်ပဲ နေခဲ့ရတာပါ။”

“အကယ်၍ အဖွဲ့အစည်းကသာ ကျွန်တော့်ကို လက်ခံမယ်ဆိုရင် အဖွဲ့အစည်းရဲ့ နယ်မြေအတွင်းမှာ နေထိုင်ခွင့်ပြုမယ့် ကမ်းလှမ်းချက်ကို မျက်နှာပြောင်တိုက်ပြီး လက်ခံချင်ပါတယ်” ဟု မာယွမ်က ကျေးဇူးတင်စွာဖြင့် ပြောလိုက်လေသည်။

ယန်ချင်းက အသိအမှတ်ပြုသည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်သော်လည်း သူ၏စိတ်များက အခြားတစ်နေရာသို့ ရောက်နေပုံပေါ်၏။

“ခင်ဗျားရဲ့ ဇနီး တောင်းဆိုချက်ကြောင့် တစ်နေရာကနေ တစ်နေရာကို ပြောင်းရွှေ့ခဲ့ရတယ်လို့ ပြောခဲ့တာမလား”

“ဟုတ်ကဲ့၊ ဖေးအာက ကျွန်တော်တို့ နေထိုင်ရမယ့် နေရာတွေနဲ့ပတ်သက်ပြီး အရမ်းရွေးတတ်ပါတယ်။”

“တစ်မိနစ်လောက်က အဆင်ပြေနေပေမဲ့ နောက်တစ်မိနစ်ကြတော့ ပစ္စည်းတွေသိမ်းပြီး ထွက်သွားဖို့ တောင်းဆိုတတ်တယ်။ သူမ မပျောက်ဆုံးသွားခင်အထိ ကျွန်တော်တို့ အဲဒီလိုမျိုးလုပ်ခဲ့တာ လေး...”

သူ၏စိတ်ထဲတွင် အံ့အားသင့်မှုနှင့် တစ်စုံတစ်ခုကို နားလည်သဘောပေါက်လာသကဲ့သို့ မာယွမ်၏အသံမှာ တဖြည်းဖြည်း တိုးဝင်ပျောက်ကွယ်သွားသည်။

All Chapters