ဖြစ်နိုင်ခြေရှိသော သဲလွန်စတစ်ခုလား
Vol. 23 Ch. 222
ထိုစကားကို ဆိုလိုက်ပြီးနောက်တွင် သူ့အတွက် အရာရာက ချက်ချင်းဆိုသလို ရှင်းလင်းသွားခဲ့လေ၏။
ယန်ချင်းကို ကြည့်လိုက်သောအခါတွင်လည်း ယန်ချင်းသည် သူနှင့်ထပ်တူ စဥ်းစားမိသွားကြောင်း မာယွမ် သဘောပေါက်လိုက်သည်။
“ခင်ဗျားတို့ တစ်နေရာကနေ တစ်နေရာကို ဘယ်အချိန်ကစပြီး ပြောင်းရွှေ့နေထိုင်ခဲ့ကြတာလဲ မှတ်မိသေးလား၊ ဒါမှမဟုတ် စတွေ့တဲ့အချိန်ကတည်းက အမြဲတမ်း အဲဒီလိုပဲလား” ဟု ယန်ချင်က မေးလိုက်၏။
ဇနီးသည်နှင့် စတင်တွေ့ဆုံခဲ့ချိန်မှစ၍ အချိန်ကာလနှင့် အသေးစိတ်အချက်အလက်များကို ပြန်လည်မှတ်မိရန် ကြိုးစားရင်း မာယွမ် ငြိမ်သက်သွားလေသည်။
ပေါ်ထွက်လာသော မှတ်ဉာဏ်ထဲမှ ပျောက်ဆုံးနေသည့် အသေးစိတ်အချက်အလက်များသည် နှစ်ကာလကြာရှည် သူ လျစ်လျူရှုထားခဲ့မိသော အခြားအရာများကိုပါ လှုံ့ဆော်ပေးလိုက်ပုံရပေသည်။
“ကျွန်တော်တို့ စတွေ့တုန်းကဆိုရင် ပထမသုံးနှစ်လောက်က တစ်နေရာပြီးတစ်နေရာ ပြောင်းရွှေ့နေထိုင်ခဲ့ကြတယ်။”
“အဲဒီတုန်းကတော့ သူဟာလည်း ကျွန်တော့်လိုပဲ လွတ်လပ်တဲ့ကျင့်ကြံသူတစ်ယောက်လို့ ထင်ခဲ့တာမို့ သိပ်မတွေးမိခဲ့ဘူး။”
“အထူးသဖြင့် လှံတံဂိုဏ်းနဲ့ ပတ်သက်ပြီး နာမည်ဆိုးထွက်နေတဲ့ ကျွန်တော်ကလည်း အမြဲတမ်း ပြောင်းရွှေ့နေထိုင်လေ့ရှိတာကိုး။”
“သူတို့ဂိုဏ်းချုပ်နဲ့ အကြီးအကဲတွေကို ရှောင်ရှားဖို့ တစ်နေရာပြီးတစ်နေရာ ပြောင်းရွှေ့နေခဲ့ရတာပါ”
“ဖေးအာလည်း ကျွန်တော့်လို အခြေအနေမျိုးနဲ့ ကြုံနေရတာ ဒါမှမဟုတ် ခရီးသွားရတာကို နှစ်သက်တာလို့ပဲ ထင်ခဲ့တာ။ ဒါပေမဲ့ မာလင်းကို ကိုယ်ဝန်ဆောင်ချိန်မှာတော့ အဲဒီအရာတွေအားလုံး ရပ်တန့်သွားခဲ့တယ်”
“ကလေးမွေးတဲ့နှစ်မှာ အမွှာတိုင်းပြည်က မြို့ငယ်လေးတစ်မြို့မှာ အခြေချဖို့ ကျွန်တော်တို့ ဆုံးဖြတ်ခဲ့ကြတယ်။ ကလေးသုံးနှစ်အရွယ်ရောက်တဲ့အထိ အဲဒီမှာနေခဲ့ပြီးမှ ပြောင်းရွှေ့ခဲ့ကြတာပါ။”
“အဲဒီအချိန်တုန်းက ပြောင်းရွှေ့ခဲ့ရတဲ့ အကြောင်းရင်းက အမွှာတိုင်းပြည်ဟာ အရမ်းဝေးပြီး ခေါင်းပါးလွန်းလို့ပါပဲ။”
“အဲဒီမှာရနိုင်တဲ့ အရင်းအမြစ်တွေက ကျွန်တော်တို့ရဲ့ လိုအပ်ချက်တွေကို မဖြည့်ဆည်းပေးနိုင်တဲ့အတွက် ပြောင်းရွှေ့ခဲ့တာ”
“နောက်ဆုံးတော့ ကျွန်တော်တို့ အခြေချဖြစ်ခဲ့တာက...” မာယွမ်သည် နေရာအမည်ကို ပြန်လည်စဉ်းစားရန် ကြိုးစားရင်း စကားစရပ်သွားလေ၏။
“အဲဒါက ဘုစ်သစ်ပင်ဂိုဏ်းရဲ့ အုပ်ချုပ်မှုအောက်မှာရှိတဲ့ မြို့တွေထဲက တစ်ခုဖြစ်တဲ့ ရသေ့ဘုစ်သစ်ပင်မြို့ ပါ။”
“အဲဒီမှာ တစ်နှစ်လောက်နေခဲ့ပြီး အရာအားလုံး အဆင်ပြေနေခဲ့ပါတယ်။ ဒါပေမဲ့ ဘုစ်သစ်ပင်ဂိုဏ်းရဲ့ အထက်လူကြီးတွေက သူတို့ပိုင်နက်ထဲမှာ ဇာစ်မြစ်မသိရတဲ့ အမြုတေဖွဲ့စည်းခြင်းအဆင့် ကျွမ်းကျင်သူနှစ်ယောက် အခြေချနေထိုင်တာကို သတိထားမိလာကြတယ်။”
“အထူးသဖြင့် သူတို့ကိုယ်တိုင်က အဆင့်(၄) ဂိုဏ်းလေးတစ်ခုသာ ဖြစ်နေတဲ့အတွက်ကြောင့်ပါပဲ”
“မလိုအပ်တဲ့ ပဋိပက္ခတွေကို ရှောင်ရှားဖို့အတွက် အစိမ်းရောင်ချိုင့်ဝှမ်းတိုင်းပြည်ရဲ့ နတ်သမီးရေညှိခရိုင်ကို ကျွန်တော်တို့ ထပ်ပြောင်းရွှေ့ခဲ့ကြတယ်။”
“အဲဒီဒေသက ဝေးလံခေါင်ဖျားပြီး အရင်းအမြစ်တွေ ပေါများသလို တိုင်းပြည်ကလည်း အခြေချနေထိုင်လိုသူတွေအပေါ် လျော့ရဲတဲ့မူဝါဒ ထားရှိတယ်”
“ဖေးအာက ရုတ်တရက် ထွက်သွားဖို့ မပြောခင်အထိ ခြောက်လတိတိ အဲဒီနေရာကို ကျွန်တော်တို့ရဲ့ အိမ်အဖြစ် သတ်မှတ်ခဲ့ကြတယ်။”
“သူက ဘာအကြောင်းပြချက်မှ မပေးဘဲ ညသန်းခေါင်ကြီးမှာပဲ ကျွန်တော်တို့ ထပြောင်းခဲ့ကြတာပါ”
“အခု ပြန်စဉ်းစားကြည့်တော့ အဲဒီမတိုင်ခင် ရက်အနည်းငယ်ကတည်းက သူ တစ်မျိုးဖြစ်နေခဲ့တာဗျ။”
“ကျွန်တော်ကတော့ လူတွေနဲ့ မဆက်ဆံချင်တဲ့ သူ့ရဲ့ထူးခြားတဲ့ အမူအကျင့်တစ်ခုလို့ပဲ ထင်ခဲ့တာ...” ဟု မာယွမ်က တွေးတောနေသော မျက်နှာအမူအရာဖြင့် ပြောလေသည်။
“ဘာဖြစ်ခဲ့လို့လဲ”
“တစ်နေ့တော့ ပစ္စည်းတချို့ဝယ်ဖို့ ဈေးကိုသွားကြရင်း ရုတ်တရက် သူ ထိတ်လန့်သွားတာကို ကျွန်တော် မြင်လိုက်ရတယ်။”
“ပြီးတော့ သူက ကျွန်တော်နဲ့ မာလင်းကို အနီးနားက စားသောက်ဆိုင်တစ်ခုဆီ ရုတ်တရက် ဆွဲခေါ်သွားခဲ့တယ်”
“လူအုပ်ကြီးနဲ့ မရင်းနှီးတာကြောင့် သူ စိတ်ရှုပ်ထွေးသွားတယ်လို့ပဲ ကျွန်တော် ထင်ခဲ့တာ။”
“ဒါပေမဲ့ နောက်ရက်တွေမှာ သူတစ်ယောက်တည်း ဈေးကိုထွက်သွားတတ်ပြီး ပြန်လာတဲ့အခါတိုင်းမှာ တစ်စုံတစ်ခုကို ဆုံးရှုံးသွားသလို သူမျက်နှာက ငေးမောတတ်တယ်”
“သူ့ရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်ကို လေးစားတဲ့အနေနဲ့ ကျွန်တော် သိပ်မမေးမြန်းခဲ့ပါဘူး။ အဲဒီအချိန်တုန်းကလည်း ကြီးကြီးမားမား ကိစ္စတစ်ခုလို့လည်း မထင်ခဲ့မိဘူးလေ။”
“ရက်အနည်းငယ်အကြာမှာတော့ သူပြန်လာပြီး ကျွန်တော်တို့ကို ပြောင်းရွှေ့ဖို့ ပြောခဲ့တယ်”
“အဲဒီနောက် လေးနှစ်တာကာလအတွင်း ကျွန်တော်တို့နေထိုင်ခဲ့တဲ့ နေရာတိုင်းဟာ အချိန်တိုလေးတွေချည်းပါပဲ။ ဘယ်နေရာမှာမှ သုံးလထက်ပိုပြီး မနေခဲ့ရဘူး။”
“ ရုတ်တရက် ပြောင်းရွှေ့ရတာတွေက ထူးဆန်းနေပေမယ့် သူရယ်၊ သမီးလေးရယ် ရှိနေသရွေ့ ကျွန်တော် သိပ်ပြီး ဂရုမစိုက်ခဲ့ပါဘူး”
“တကယ်တော့ လွန်ခဲ့တဲ့လေးနှစ်အတွင်း ကြက်သွန်မြိတ်တောင်ကြားကလွဲရင် ကျန်တဲ့နေရာတွေမှာ အချိန်အကြာကြီး မနေနိုင်ခဲ့ပါဘူး” ဟု မာယွမ်က ဆို၏။
ဇနီးသည်ဖြစ်သူက စကားသိပ်မပြောတတ်သော်လည်း သူတို့၏ ဆက်ဆံရေးနှင့် သူမ၏အမူအကျင့်များအပေါ် အခြေခံ၍ သူမ၌ ရှုပ်ထွေးလှသည့် အတိတ်တစ်ခု ရှိနေကြောင်းကိုမူ သူ သိထားပေသည်။
လူတိုင်းတွင် ကိုယ်ပိုင်လျှို့ဝှက်ချက်များ ရှိပိုင်ခွင့်ရှိသည်ဖြစ်ရာ ထိုအကြောင်းကို တစ်ခါမှ မမေးမြန်းခဲ့ချေ။
ထို့ကြောင့် ထူးဆန်းသော အလေ့အကျင့်များနှင့် အမူအကျင့်များ ရှိနေသော်လည်း သူ ဘယ်သောအခါမျှ မမေးမြန်းခဲ့သလို သိပ်လည်း မတွေးခဲ့မိပါချေ။
သို့ရာတွင် ယခုအခါ၌မူ အရာရာကို ဖြစ်သလိုလွှတ်ထားပြီး သူတို့ဘာသာသူတို့ ပြောင်းရွှေ့နေမည့်အစား သူမကို ပိုမိုပွင့်လင်းလာစေရန် ကြိုးစားသင့်ခဲ့သလားဟု ေတွးမိလေသည်။
တစ်နေရာမှတစ်နေရာသို့ ပြောင်းရွှေ့ခဲ့ရသော ထိုနှစ်အနည်းငယ်အတွင်း ဇနီးဖြစ်သူမှာ တစ်စုံတစ်ခုထံမှ ထွက်ပြေးနေရပုံပေါ်နေသည်။
….
ယန်ချင်းသည် သူ၏မြေပုံကို ထုတ်ယူကာ တစ်နေရာရာမှစ၍ အမှတ်အသားအချို့ စတင်ပြုလုပ်နေလေသည်။
ထိုအမှတ်အသားများမှာ မာယွမ်နှင့် သူ၏မိသားစု နေထိုင်ခဲ့ဖူးသော ဒေသများပင် ဖြစ်သည်။
သူသည် အမွှာတိုင်းပြည်မှစတင်ကာ ရသေ့ဘုစ်သစ်ပင်မြို့နှင့် အစိမ်းရောင်ချိုင့်ဝှမ်းဂိုဏ်းရှိ နတ်သမီးရေညှိခရိုင်တို့သို့ ရွှေ့သွားပြီးနောက် သူတို့နောက်ဆုံး အခြေချခဲ့သည့် ချန်းတိုင်းပြည်ရှိ မန်ဒရိတ်ပြည်နယ်အထိ မျဉ်းကြောင်းများ ဆွဲနေလေ၏။
မာယွမ်နှင့် တိုင်ပင်ပြီးနောက် အခြားနေရာများကိုပါ သူ ဖြည့်စွက်လိုက်သည်။
ကြွက်တူးတိုင်းပြည်၏ တောဝက်စီးဆင်းရာမြို့ ၊ လောင်ကျွမ်းမီးတောက်ဂိုဏ်းလက်အောက်ရှိ မီးတောက်ဝါခရိုင် ၊ လမင်းပိုးကောင်ဂိုဏ်း၏ အမွှာမြို့ စသဖြင့် စာရင်းက ဆက်သွားလေသည်။
ထိုလေးနှစ်တာကာလအတွင်း ကြက်သွန်မြိတ်တောင်ကြား အပါအဝင် သူတို့သည် မတူညီသော နေရာ(၁၄)နေရာအထိ အခြေချနေထိုင်ခဲ့ကြပေသည်။
ဤနေရာများအားလုံးသည် တစ်ခုနှင့်တစ်ခု လုံးဝကွဲပြားသော အရပ်မျက်နှာများတွင် ရှိနေသောကြောင့် ပြောင်းရွှေ့မှုများတွင် မည်သည့်စည်းမျဉ်းနှင့် ပုံစံမျှ ရှိပုံမပေါ်ချေ။
“ခင်ဗျားတို့ အခြေချခဲ့တဲ့ နေရာတွေကို ခင်ဗျားက ဆုံးဖြတ်ခဲ့တာလား၊ ဒါမှမဟုတ် ဇနီးဖြစ်သူက ဆုံးဖြတ်ခဲ့တာလား” ဟု ယန်ချင်းက မြေပုံနှင့် သူမှတ်သားထားသော နေရာများမှ သဲလွန်စတစ်စုံတစ်ရာ ရနိုင်မလားဟု စေ့စေ့စပ်စပ် ကြည့်ရှုရင်း မေးလိုက်၏။
“အဲဒီနေရာတွေကို သူကပဲ ရွေးချယ်ခဲ့တာပါ။ ကျွန်တော့်မွေးရပ်မြေကလွဲရင် ကျန်တဲ့နေရာတွေအကြောင်းကို သိပ်မသိပေမယ့် ဖေးအာကတော့ သတင်းအချက်အလက်တွေ ပြည့်နှက်နေတဲ့ လမ်းလျှောက်စာကြည့်တိုက်ကြီးလိုပါပဲ” ဟု မာယွမ်က ပြန်ဖြေလေသည်။
“အင်း...” ယန်ချင်းက သူ၏မျက်လုံးများကို မြေပုံပေါ်သို့ စူးစိုက်ကြည့်ရင်း ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေလိုက်သည်။
“ဒါက တကယ်တော့ သဲလွန်စတစ်ခုခုဖြစ်နိုင်တယ်”
ယန်ချင်းက ပြုံးလျက် ဆိုလိုက်၏။ ယန်ချင်း မည်သည့်အရာကို အရိပ်အမြွက် ပြောနေမှန်း မာယွမ် နားမလည်သော်လည်း ယန်ချင်း၏ တုံ့ပြန်မှုကို ကြည့်ပြီး အကြောင်းပြချက်တစ်ခုခုကြောင့် သူ စိတ်လှုပ်ရှားကာ မျှော်လင့်ချက်အနည်းငယ် ရရှိသွားလေသည်။
“မာယွမ် လှံတံဂိုဏ်းကနေ ခင်ဗျား ထွက်ပြေးလာတုန်းက ထွက်ပြေးမယ့်နေရာကို ဘယ်လိုရွေးချယ်ခဲ့တာလဲ” ယန်ချင်း၏ မျက်လုံးများတွင် အရောင်တစ်ချက် လက်သွားရင်း မေးလိုက်သည်။
“အစပိုင်းတုန်းကတော့ တိကျတဲ့ဦးတည်ချက် မရှိခဲ့ပါဘူး၊ ဘယ်ဘက်ကိုမဆို ကျပန်းပြေးခဲ့တာပါပဲ။”
“ဒါပေမဲ့ သူတို့ဂိုဏ်းချုပ်နဲ့ အကြီးအကဲတွေက ကျွန်တော့်ကို မျက်စိကျလာတဲ့အချိန်မှာတော့ အန္တရာယ်များတဲ့ အပျက်အစီးတွေ၊ လျှို့ဝှက်ဆန်းကြယ်တဲ့ နယ်မြေတွေ၊ ဒါမှမဟုတ် အစွမ်းထက်တဲ့ အဖွဲ့အစည်းတွေရဲ့ ပိုင်နက်တွေ၊ လှံတံဂိုဏ်းနဲ့ ဆက်ဆံရေးမကောင်းတဲ့ နေရာတွေလိုမျိုး သူတို့ ကျွန်တော့်ကို ခြေရာခံဖို့ ခက်ခဲမယ့် နေရာတွေကို ရွေးချယ်ခဲ့တယ်”
သူ၏ ငယ်ဘဝကို မည်သို့ ဖြတ်သန်းခဲ့ရကြောင်း တွေးမိကာ မာယွမ်က ကူကယ်ရာမဲ့စွာ ရယ်မောရင်း ပြန်ဖြေလေ၏။
“ကွက်တိပဲ” ယန်ချင်းက အောင်ပွဲခံသော အပြုံးဖြင့် ဆိုလိုက်သည်။
“ဒါတွေကို ကြည့်လိုက်” မြေပုံပေါ်သို့ မာယွမ်၏ အမြင်ကို စိတ်လှုပ်ရှားစွာ ညွှန်ပြရင်း ယန်ချင်းက ပြောလိုက်၏။
“ခင်ဗျားတို့ နေထိုင်ခဲ့တဲ့ နေရာတွေအားလုံးက ခင်ဗျားဇနီး မသိစိတ်ကနေ ဖန်တီးခဲ့တဲ့ သက်သေအထောက်အထားတွေပဲ။ ဒါနဲ့ စကားမစပ်၊ သူက သူ့အတိတ်အကြောင်းကို ခင်ဗျားကို ဘယ်တုန်းကများ ပြောပြဖူးလဲ” ယန်ချင်းက ရုတ်တရက် မေးလိုက်လေသည်။
“မပြောပြဖူးပါဘူး။ သူ့ကြည့်ရတာ အဲဒီအကြောင်းကို သိပ်မပြောချင်ဘူးဆိုတာ သိသာနေတဲ့အတွက် အဲဒီအကြောင်း မေးရတာ ကျွန်တော်လည်း အနေရခက်လို့ပါ” မာယွမ်က သက်ပြင်းချရင်း ဆိုလေသည်။