အကဲဖြတ်မှုများကို အဆုံးသတ်ခြင်း
Vol. 23 Ch. 223
“အင်း... သူမသာ အဲ့လိုမလုပ်ခဲ့ဘူးဆိုရင် အဲ့ဒီအချိန်က သူမရဲ့လုပ်ရပ်တွေက အဓိပ္ပာယ်ရှိသွားပြီ။”
“ကျွန်တော့်အထင် ပြောရရင် ခင်ဗျားနဲ့စတွေ့တဲ့အချိန်မှာ ခင်ဗျားဇနီးကလည်း ထွက်ပြေးပုန်းရှောင်နေရတဲ့ အနေအထားမျိုးဖြစ်နိုင်တယ်။”
“ပြီးတော့ သမီးဖြစ်သူနဲ့အတူ ဖမ်းဆီးခံရတဲ့နေ့က ခင်ဗျားအပေါ် ချမှတ်ခဲ့တဲ့ တံဆိပ်က ခင်ဗျားရဲ့အသက်ကို ကယ်တင်ဖို့အတွက်ပဲ ဖြစ်ရမယ်။”
“သူမရဲ့ အလွယ်တကူ အရှုံးပေးလိုက်တာနဲ့ ထွက်ပြေးပုန်းရှောင်နေရတာတွေကို ကြည့်ရင် အဖြူရောင်ဝတ်ဆင်ထားတဲ့ အမျိုးသမီးနဲ့ သူမနောက်ကွယ်က ဂိုဏ်းဟာ ယှဉ်တိုက်ဖို့ အရမ်းကို အင်အားကြီးမားလွန်းတယ်လို့ သူမက ယူဆထားပုံပဲ။”
“တကယ်လို့များ ယှဉ်တိုက်ခဲ့ရင်လည်း သေချာပေါက် သေဆုံးရမယ့်လမ်းစပဲ ရှိတယ်လို့ သူမတွေးမိခဲ့တာ ဖြစ်ကောင်းဖြစ်နိုင်တယ်။”
“ခင်ဗျားက သူမနောက်ကို သေချာပေါက် လိုက်ရှာမယ်ဆိုတာကိုလည်း သူမက ကောင်းကောင်းသိနေတယ်။”
“ဒါကြောင့် ခင်ဗျားလိုက်ရှာမှာစိုးလို့ အဲဒီအမျိုးသမီးရဲ့ ရုပ်သွင်ကို ဖျက်ဆီးပစ်ခြင်းအားဖြင့် ခင်ဗျားရဲ့အစီအစဉ်တွေကို ကြိုတင်ဟန့်တားဖို့ ဆုံးဖြတ်ခဲ့တာပဲ။”
“အဲဒီပုံရိပ်မရှိရင် သူတို့ကို ခြေရာခံဖို့ဆိုတာ ခင်ဗျားအတွက် ခက်ခဲသွားလိမ့်မယ်။ အဲဒီအကြောင်းပြချက်ကြောင့်ပဲ သူမရဲ့အတိတ်နဲ့ပတ်သက်တဲ့ အချက်အလက်အားလုံးကို ခင်ဗျားဆီကနေ ဖုံးကွယ်ထားခဲ့တာလို့ ကျွန်တော်ထင်တယ်။”
“သူမရဲ့ အစီအစဉ်က ပြည့်စုံကောင်း ပြည့်စုံနေနိုင်ပေမယ့် သူမရွေးချယ်ခဲ့တဲ့ နေရာတွေကပဲ သူမကို သစ္စာဖောက်နေတာ။”
“ခင်ဗျားရဲ့ ထွက်ပြေးခဲ့ရတဲ့ အတွေ့အကြုံအရ စောစောက ချမှတ်ခဲ့တဲ့ သုံးသပ်ချက်ကို အခြေခံရမယ်ဆိုရင် ခင်ဗျားတို့ အခြေချနေထိုင်ခဲ့တဲ့ နေရာအားလုံးဟာ သူမထွက်ပြေးနေရတဲ့ဂိုဏ်းက လာရှာဖို့ ဘယ်တော့မှ စဉ်းစားမိမှာမဟုတ်ဘူးလို့ သူမယုံကြည်ထားတဲ့ နေရာတွေချည်းပဲ။”
“ဒါကိုကြည့်ခြင်းအားဖြင့် ကျွန်တော်တို့ ရှာဖွေရမယ့် နယ်မြေနဲ့ ဘယ်သူ့ကို ရှာရမလဲဆိုတာကို ကျဉ်းမြောင်းသွားစေနိုင်တယ်” ဟု ယန်ချင်းက မြေပုံပေါ်တွင် အမှတ်အသားအချို့ကို ရေးဆွဲရင်း ပြောလိုက်လေသည်။
သူ၏နဖူးပေါ်ရှိ တံဆိပ်နှင့် ပတ်သက်၍ ယန်ချင်း၏ ကောက်ချက်ချမှုအပေါ် မာယွမ် တစ်ယောက် သိပ်ပြီး အံ့သြမနေခဲ့ပေ။
အကြောင်းမှာ သူကိုယ်တိုင်လည်း ထိုကိစ္စကို အနည်းငယ် စဉ်းစားကြည့်ပြီးနောက် အလားတူ ကောက်ချက်ချမိခဲ့သောကြောင့် ဖြစ်၏။
…..
“ပထမဆုံးအနေနဲ့ ခင်ဗျားတို့ နေထိုင်ခဲ့တဲ့နေရာတွေကြား ဒါမှမဟုတ် အဲ့ဒီနေရာတွေနဲ့ နီးစပ်တဲ့ နယ်မြေတိုင်းကို ကျွန်တော်တို့ ပယ်ဖျက်လိုက်လို့ရတယ်။”
“ပြီးတော့ သူမ ခင်ဗျားကို တွေ့ခဲ့တဲ့ လျှို့ဝှက်ဆန်းကြယ်နယ်မြေဝန်းကျင်က နေရာတွေကိုပါ ဖယ်ချန်ထားခဲ့လို့ရတယ်။”
“အကယ်လို့ ကျွန်တော်သာ ထွက်ပြေးနေရတဲ့သူဆိုရင် ကျွန်တော့်ကို လိုက်ဖမ်းနေတဲ့သူတွေရဲ့ ဌာနချုပ်နဲ့ သူတို့ရဲ့ ဩဇာလွှမ်းမိုးနိုင်တဲ့ နယ်ပယ်တွေကနေ တတ်နိုင်သမျှ အဝေးဆုံးမှာ ရှိနေအောင် ပြေးမှာပဲ။”
“ဒါကြောင့် လျှို့ဝှက်ဆန်းကြယ်နယ်မြေနဲ့ ခင်ဗျားတို့နေထိုင်ခဲ့တဲ့ နေရာတွေရဲ့ ပတ်ဝန်းကျင်က ဘယ်နယ်မြေကိုမဆို ကျွန်တော်တို့ စာရင်းထဲကနေ ထုတ်ပယ်လိုက်လို့ရတယ်။”
“နောက်တစ်ခုက ဒီနယ်မြေတွေနဲ့ သူမထွက်ပြေးနေရတဲ့သူတွေကြားက ဆက်ဆံရေးပဲ။”
“ဒီနယ်မြေတချို့က အဲဒီဂိုဏ်းနဲ့ အရမ်းကို ဝေးကွာလွန်းနေတာမျိုး ဒါမှမဟုတ် အဲဒီဂိုဏ်းနဲ့ ဆက်ဆံရေး အရမ်းဆိုးရွားနေတာမျိုး ဖြစ်နိုင်တယ်။ ဒါကြောင့်လည်း သူမက အဲဒီနေရာတွေကို သင့်တော်တယ်လို့ ယူဆခဲ့တာဖြစ်လိမ့်မယ်။”
“ဒီနေရာအားလုံးရဲ့ တူညီတဲ့အချက်တွေနဲ့ သူတို့နဲ့ ဆက်ဆံရေး ဆိုးရွားတဲ့ အဖွဲ့အစည်းတွေကို ကျွန်တော်တို့ ရှာဖွေကြည့်မယ်။ ပြီးရင် အဲဒီအချက်တွေ ထပ်တူကျနေသလားဆိုတာကို စစ်ဆေးမယ်။”
“အဲဒီကနေတစ်ဆင့် ထွက်ပေါ်လာတဲ့ အဖွဲ့အစည်းတွေထဲက ဘယ်အဖွဲ့အစည်းက ယင်စွမ်းအင်အခြေခံ အပြာရောင်အဆင့် ကျင့်စဉ်ကို အသုံးပြုသလဲဆိုတာကို ကျွန်တော်တို့ ဆက်လက်စုံစမ်းကြည့်ကြတာပေါ့။”
“ဒီလိုလုပ်လိုက်ခြင်းအားဖြင့် စုံစမ်းစစ်ဆေးရမယ့် နယ်မြေနဲ့ အဖွဲ့အစည်း အရေအတွက်ကို သိသိသာသာ လျှော့ချနိုင်လိမ့်မယ်။ ပြီးတော့ ခင်ဗျားဇနီး ပြောခဲ့တဲ့ ‘ယောင်’ ဆိုတဲ့ နာမည်လည်း ကျွန်တော်တို့ဆီမှာ ရှိသေးတယ်လေ။”
“ဒါက သိပ်ပြီး အထောက်အကူ မပြုနိုင်ဘူးဆိုပေမယ့် အသုံးပြုကြည့်လို့လည်း ဘာမှ မနစ်နာပါဘူး”
ယန်ချင်းက မြေပုံပေါ်ရှိ နေရာအချို့ကို စက်ဝိုင်းဝိုင်းလိုက်ပြီး ‘ပယ်ဖျက်နယ်မြေများ’ ဟု အမှတ်အသား ပြုလိုက်ကာ အခြားနေရာများကိုမူ ‘ဖြစ်နိုင်ချေရှိသော နယ်မြေများ’ ဟု အမှတ်အသား ပြုရင်း ပြောလိုက်၏။
“တရားသူကြီးယန်ချင်း…” မာယွမ်၏ အသံမှာ တုန်ယင်သွားပြီး သူ၏ခံစားချက်များ ပြင်းထန်လွန်းလှသဖြင့် မည်သို့ဆက်ပြောရမည်ကိုပင် မသိတော့ချေ။
သူရှာဖွေနေခဲ့သည်မှာ မည်မျှကြာမြင့်နေပြီနည်း။ ခုနစ်နှစ်တိုင်တိုင် လမ်းစပျောက်နေခဲ့ရပြီး သဲလွန်စအနည်းငယ်မျှသာ ရရှိခဲ့ကာ အသုံးပြုစရာ အရင်းအမြစ်များမှာလည်း သနားစရာကောင်းလောက်အောင် နည်းပါးလှသည်။
နှစ်တွေကြာလာသည်နှင့်အမျှ သူ၏မျှော်လင့်ချက်မဲ့မှုမှာ ပိုမိုကြီးထွားလာခဲ့ရာ ထိုစိတ်ပျက်အားငယ်မှုမှာ တဖြည်းဖြည်း ကြီးမားလာပြီး နောက်ဆုံးတွင် သူ့ကိုယ်သူ အဆုံးစီရင်ရန် ရွေးချယ်ခဲ့ရသည့် အခြေအနေအထိပင် ရောက်ခဲ့ခြင်းဖြစ်သည်။
ယန်ချင်း၏ ကောက်ချက်ချမှုက သူအကြောက်ဆုံးဖြစ်သည့်အရာတစ်ခုကို ပေးစွမ်းလိုက်လေသည်။ ထိုအရာကတော့ ‘မျှော်လင့်ချက်’ ပင် ဖြစ်ပါတော့သည်။
“ကျွန်တော့်ရဲ့ ကောက်ချက်ချမှုတွေက တိကျသေချာတယ်လို့ မဆိုနိုင်ပေမယ့် ဒါဟာ စတင်ရမယ့် နေရာတစ်ခုပါပဲ။ ကျွန်တော်တို့ တစ်ဆင့်ချင်းစီ သွားကြပြီး ဘယ်ကိုရောက်မလဲဆိုတာ စောင့်ကြည့်ကြတာပေါ့”
ယန်ချင်းက တုန်ယင်နေသော မာယွမ်၏ ကျောပြင်ကို ညင်သာစွာ ပုတ်ပေးရင်း ပြောလိုက်သည်။
မာယွမ်မှာ သူ၏မျက်ရည်များကို ထိန်းချုပ်ရန် ကြိုးစားနေပုံရပြီး လည်ချောင်းထဲမှ မပီမသဖြင့် ကောင်းပါပြီဟု တုံ့ပြန်လိုက်လေသည်။
ထို့နောက်တွင် ယန်ချင်းသည် စကားများများစားစား ဆက်မပြောတော့ဘဲ သူနှင့် မာယွမ်အတွက် နောက်ထပ် အရက်တစ်ခွက်ကိုသာ ငှဲ့ပေးလိုက်၏။
ယနေ့ဖြစ်ရပ်များက မာယွမ်အား တုန်လှုပ်သွားစေခဲ့မည်မှာ အသေအချာပင် ဖြစ်ရာ အရာအားလုံးနှင့် သူ၏ခံစားချက်များကို ပြန်လည်စုစည်းရန် အချိန်လိုအပ်ပေသည်။
ယန်ချင်းကမူ ထိုအမှုနှင့်ပတ်သက်၍ မည်သို့ဆက်လက် လုပ်ဆောင်ရမည်ကို မှတ်စုတိုအချို့နှင့် အစီအစဉ်များ ရေးဆွဲပြီးနောက် သူ၏အကဲဖြတ်မှုများအပေါ်သို့သာ အာရုံပြန်လည် စူးစိုက်လိုက်လေသည်။
ယခုအခါ သူတို့သည် အကဲဖြတ်ရမည့်နယ်မြေ၏ တောင်ဘက်သို့ ပြန်လည်ခရီးဆက်နေကြပြီ ဖြစ်သည်။
သူသည် အကဲဖြတ်မှုပေါင်း (၁၁၂၀) ကို ပြုလုပ်ခဲ့ပြီးဖြစ်ရာ နောက်ထပ် အကဲဖြတ်ရန် (၂၈၀) သာ ကျန်ရှိတော့သည်။
ထိုအရေအတွက်ထဲမှ အဖွဲ့အစည်းပေါင်း (၁၂၀) ကို အဆင့်(၃)ဂိုဏ်းဖြစ်သော သံကြိုးတံခါးဂိုဏ်း၏ ပိုင်နက်အတွင်းတွင် အကဲဖြတ်ရမည်ဖြစ်ပြီး ကျန်ရှိနေသော အဖွဲ့အစည်း (၁၆၀) မှာမူ အဆင့်(၄)အဖွဲ့အစည်းအချို့နှင့် အဆင့်(၃)ဂိုဏ်းဖြစ်သော ကောင်းကင်ပြာငါးကြင်းဂိုဏ်းတို့ကြားတွင် ပြန့်ကျဲလျက်ရှိသည်။
သူ၏တွက်ချက်မှုအရ အရာအားလုံးကို အပြီးသတ်ရန် အချိန် (၁၉) နာရီခန့်သာ ကျန်ရှိတော့သည်။
အချိန်မှာ နည်းပါးနေသော်လည်း ပြီးမြောက်အောင် လုပ်ဆောင်နိုင်ဆဲပင် ဖြစ်၏။
တစ်နာရီခန့် ကြာပြီးနောက် သူတို့သည် မေပယ်နီအင်ပါယာ၏ ခရမ်းရောင်မြို့တော်အထက်မှ ဖြတ်ပျံသွားခဲ့ကြသည်။
မြို့တော်တစ်ဝိုက်တွင် တိုက်ပွဲဝင်အော်ဟစ်သံများ ဆူညံနေပြီး မြို့သူမြို့သားအများစုမှာမူ အိမ်ထဲတွင်သာ ပုန်းအောင်းနေကြလေသည်။
တိုက်ပွဲမှာ ယန်ချင်း အာရုံခံမိသည့် အထက်တန်းလွှာရပ်ကွက် ဟုခေါ်သော သီးခြားနေရာတစ်ခုတွင်သာ ဖြစ်ပွားနေလေသည်။
“အင်း... သူတို့တွေပေါ့လေ”
ထိုဖရိုဖရဲအခြေအနေများအလယ်ရှိ အဆောက်အအုံတစ်ခုတွင် တိုက်ပွဲကို ဦးဆောင်နေသော ရင်းနှီးသည့် ရောင်ဝါနှစ်ခုအား အာရုံခံမိလိုက်ချိန်၌ ယန်ချင်းက ရေရွတ်လိုက်လေသည်။
ထိုရောင်ဝါနှစ်ခုမှာ အဆောက်အအုံအတွင်း အလျင်အမြန် ရွေ့လျားနေကြသည်။
သူတို့ဖြတ်သန်းသွားသည့် နေရာတိုင်းတွင် အမြုတေဖွဲ့စည်းခြင်းအဆင့် ပညာရှင်တစ်ယောက်စီ ပျောက်ကွယ်သွားရစမြဲပင်။
သူ၏အောက်ဘက်တွင် ဖြစ်ပျက်နေသည့် အရာများကိုကြည့်ကာ မာယွမ် တစ်ယောက် တုန်လှုပ်သွားခဲ့ရသည်။
သူ၏ကျင့်ကြံခြင်းအခြေခံ ရှိနေစဉ်အချိန်ကထက်ပင် ပိုမိုစွမ်းအားကြီးမားသော ကျင့်ကြံသူတစ်ဒါဇင်ကျော်၏ ရောင်ဝါများကို သူအာရုံခံမိနေသည်။
သူ၏ဇနီးထက်ပင် ပိုမိုစွမ်းအားကြီးမားသူ အချို့ကိုလည်း အာရုံခံမိလိုက်သေးသည်။ သူက ယန်ချင်းအား ‘ခင်ဗျား ဝင်မပါဘူးလား’ ဟု မေးချင်နေသည့်အလား သတိထားကာ လှမ်းကြည့်လိုက်သည်။
သို့ရာတွင် ယန်ချင်းမှာမူ ပျင်းရိပျင်းတွဲ အမူအရာဖြင့် နေကြာစေ့များကို ထုတ်ကာ ဝါးစားနေလေသည်။ သူက ဝင်ရောက်စွက်ဖက်ရန် မည်သည့်ရည်ရွယ်ချက်မှ ရှိပုံမပေါ်ချေ။
“အဖွဲ့အစည်းက တချို့ကိစ္စတွေမှာ ဝင်စွက်ဖက်လေ့ရှိပေမယ့် အားလုံးကိုတော့ မဟုတ်ဘူး။”
“ကျွန်တော်တို့က ငြိမ်းချမ်းရေးရဲ့ ပုံရိပ်တချို့ကို ထိန်းသိမ်းထားပေမယ့် ဒါက ကျင့်ကြံခြင်းလောကလေ။”
“အရာအားလုံးကို ကျွန်တော်တို့ ဝင်စွက်ဖက်လို့ မရသလို ဝင်လည်း မစွက်ဖက်သင့်ဘူး။ အဲဒီလိုမှမဟုတ်ရင် ကျွန်တော်တို့က အခုထက်ပိုပြီး နာမည်ဆိုးနဲ့ ကျော်ကြားသွားလိမ့်မယ်။”
“ဒါ့အပြင် ကျွန်တော်တို့က ကျင့်ကြံသူတွေလေ။ တိုက်ပွဲတွေဆိုတာ မျှော်လင့်ထားရမယ့် အရာတွေချည်းပဲ။”
“တိုက်ပွဲတွေသာ မရှိရင် တောင်ပိုင်းတိုက်ကြီးက ပိုပြီး အားနည်းသွားလိမ့်မယ်။ အပြစ်ကင်းတဲ့သူတွေနဲ့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ အားနည်းလွန်းတဲ့သူတွေကို ဆွဲမသွင်းသရွေ့တော့ အဖွဲ့အစည်းက ဒီကိစ္စတွေကို မျက်ကွယ်ပြုထားမှာပဲ။”
“ကျွန်တော်တို့က ဒီတိုက်ကြီးရဲ့ ကလေးထိန်းတွေမှ မဟုတ်တာ။ ကျင့်ကြံခြင်းလောကရဲ့ စည်းမျဉ်းတွေက ကျွန်တော်တို့ရှိနေရင်တောင် အမြဲတမ်း သက်ဝင်လှုပ်ရှားနေမှာပဲ” ဟု ယန်ချင်းက ပေါ့ပေါ့ပါးပါးပင် ပြောလိုက်လေသည်။
အယ်လီ၏ အမြန်နှုန်းကြောင့် မိနစ်အနည်းငယ်အတွင်းမှာပင် ခရမ်းရောင်မြို့တော်သည် နောက်ကွယ်တွင် ကျန်ရစ်ခဲ့ပြီး သေးငယ်သော အစက်လေးတစ်စက်အဖြစ်သာ မြင်ရတော့သည်။
နာရီဝက်ခန့် ကြာပြီးနောက်တွင်တော့ သူတို့သည် သံကြိုးတံခါးဂိုဏ်း၏ ပိုင်နက်သို့ ရောက်ရှိလာခဲ့ကြပြီး ထိုနေရာတွင် ယန်ချင်းသည် ဂိုဏ်းမှ အဓိကအကြီးအကဲတစ်ဦး၏ အကူအညီဖြင့် သူ၏အကဲဖြတ်မှုများကို ချက်ချင်းပင် ပြန်လည်စတင်လိုက်လေသည်။
ထိုနေရာမှစ၍ သူသည် သတ်မှတ်ထားသော လမ်းကြောင်းအတိုင်း ကျန်ရှိနေသည့် အကဲဖြတ်မှု (၁၆၀) ကို ဆက်လက် အကဲဖြတ်လိုက်သည်။
အချိန် (၁၀) မိနစ် အပိုကျန်ရှိကာ နောက်ဆုံးအကဲဖြတ်မှုကို ပြီးစီးသွားချိန်၌ သူတစ်ကိုယ်လုံး ပေါ့ပါးသက်သာသွားခဲ့လေတော့သည်။
ပြီးသည်နှင့် တစ်ပြိုင်နက် ထိုနေရာမှ ချက်ချင်းထွက်ခွာလာခဲ့ပြီး အဖွဲ့အစည်းသို့ အလျင်အမြန် ပြန်လည်ပျံသန်းလာခဲ့သည်။
သူ၏စိတ်ထဲတွင် ရှိနေသည်မှာ အိပ်စက်ခြင်းနှင့် အစားအသောက်သာ ဖြစ်ပေသည်။ ဤသုံးရက်တာသည် အလွန်တရာ ပင်ပန်းနွမ်းနယ်စရာကောင်းသော နေ့ရက်များဖြစ်ခဲ့ပေသည်။