← Chapters

ယန်ချင်း၏ နောက်ထပ်အိပ်မက်ဆိုးတစ်ခု

Vol. 23 Ch. 224

ယန်ချင်း၏ နောက်ထပ်အိပ်မက်ဆိုးတစ်ခု

Vol. 23 Ch. 224

တစ်နာရီခွဲခန့်ကြာပြီးနောက်တွင် အဖွဲ့အစည်း၏ အနက်ရောင် အဆောက်အအုံကြီးကို လှမ်းမြင်နေရလေပြီ။

အကဲဖြတ်စစ်ဆေးမှုများအပြီး ယန်ချင်းပြန်လာရတိုင်း သူ၏ အိပ်မက်ဆိုးများ၏မြစ်ဖျားခံရာ အဆိုပါအဆောက်အအုံကြီးသည် သူ့အတွက်တော့ စိတ်သက်သာရာရစေသည့် နားခိုရာတစ်ခုဖြစ်လာခဲ့လေသည်။

သူ၏ပထမဆုံးအကြိမ် အကဲဖြတ်စစ်ဆေးမှုအပြီး တရားတော်ရုံးဝင်းအတွင်းသို့ ပြန်လည်ရောက်ရှိလာသည့်နေ့က ဝမ်းသာလွန်း၍ မျက်ရည်ပင်ကျမတတ်ဖြစ်ခဲ့ရသည်ကို သူကောင်းကောင်းမှတ်မိနေသေး၏။

သို့သော်လည်း တစ်ပတ်ခန့်အကြာတွင်တော့ သူ၏အဖြစ်ကို ညည်းတွားရင်း အဖွဲ့အစည်း၏ ရက်စက်ကြမ်းကြုတ်မှုများကို ညည်းညူနေခဲ့ပြန်လေသည်။

အယ်လီသည် ရုံးတော်အပေါ်သို့ ပျံသန်းရောက်ရှိလာချိန်၌ သူမ၏ခြေတစ်ဖက်ရှိ ရွှေရောင်လင်းယုန်ခြေကျင်းက လင်းလက်လာကာ အရှိန်ကို လျှော့ချလိုက်လေသည်။

ထိုခြေကျင်းသည် ခြေရာခံကိရိယာ တစ်ခုအဖြစ်သာမက အဖွဲ့အစည်းကို ဝန်းရံထားသည့် အစီအရင်အတွက် သော့တစ်ခုအဖြစ်လည်း အသုံးဝင်ပေသည်။

ထို့ပြင် အခြားသူများ အသုံးမပြုနိုင်စေရန် ထိုခြေကျင်းကို သူမ၏ချီစွမ်းအင်၊ ဝိညာဉ်အမှတ်အသားတို့နှင့်လည်း ချိတ်ဆက်ထားလေသည်။

အစီအရင်အတားအဆီးကို ဖြတ်ကျော်ပြီးသည်နှင့် သားရဲခန်းမဆောင်ရှိရာဆီသို့ သူမကပျံသန်းသွား၏။

ခန်းမဆောင်၏အဝင်ဝတွင် တစ်စုံတစ်ယောက်က ပေါ့ပေါ့ပါးပါး လက်လှမ်းပြနေလေသည်။

ထိုသူမှာ ယန်ချင်း၏အဖွဲ့မှ စစ်ဆေးရေးမှူးတစ်ဦးဖြစ်သော ကျန့်ဟူပင်ဖြစ်ပေသည်။

…

အယ်လီသည် အောက်သို့ဆင်းသက်လာပြီး ကျန့်ဟူ၏ဘေးတွင် ညင်သာစွာရပ်လိုက်သည်။ ယန်ချင်းနှင့် မာယွမ်တို့သည်လည်း သူမ၏ကျောပေါ်မှ ဆင်းလိုက်ကြ၏။

ကြယ်စင်ကဏန်းလေးသည် အပြန်ခရီးတစ်ဝက်တွင်ပင် နိုးထလာခဲ့ပြီး ယန်ချင်း၏ပခုံးပေါ်တွင် နေရာယူထားလေသည်။

၎င်း၏လက်မများကြားတွင် ဆိုင်ကလုန်းပုစွန်၏ ဉာဏ်အလင်းပုလဲကို ဆုပ်ကိုင်ထားပေသည်။

ယခင်နှင့်မတူဘဲ ပုလဲလုံးလေးမှာ ယခုအခါတွင် ညင်သာသောအလင်းရောင်များ ဖြာထွက်နေ၏။

ကြယ်စင်ကဏန်းသည် ပုလဲလုံး၏အကာအကွယ်ကို ထိုးဖောက်နိုင်ခဲ့ပြီး စုပ်ယူပေါင်းစပ်ခြင်းလုပ်ငန်းစဉ်ကို စတင်နေပြီဖြစ်သည်။

သို့သော် သက်ရှိထင်ရှားရှိစဉ်က နန်းတော်အဆင့်၌ ရှိခဲ့သော ဆိုင်ကလုန်းပုစွန်၏ ဉာဏ်အလင်းပုလဲနှင့် ကြယ်စင်ကဏန်းတို့ကြားရှိ စွမ်းအားကွာဟချက်ကြောင့် ဤလုပ်ငန်းစဉ်မှာ အချိန်အတော်ကြာ ယူရဦးမည်သာ ဖြစ်လေသည်။

“အစ်ကိုကြီး၊ အကဲဖြတ်တာတွေ ဘယ်လိုနေလဲ။ ဟိုအပြင်မှာ ဖုန့်ရှင်းလိုမျိုး စိတ်ဝင်စားစရာကောင်းတဲ့ သူတွေနဲ့ရော တွေ့ခဲ့ရသေးလား” ဟု ကျန့်ဟူက စိတ်လှုပ်ရှားစွာမေးလိုက်သည်။

“မကောင်းပါဘူးကွာ။ နန်းတော်တရားရုံးကို ရောက်သွားတဲ့အခါ အခုလောက် အကဲဖြတ်စစ်ဆေးစရာတွေအများကြီး မလုပ်ရဖို့ မျှော်လင့်ရတာပဲ။”

“အဖိုးကြီးလဲ့ကတော့ ငါ့ကို ဒုက္ခပေးလိုက်တာပဲ။ လမ်းမှာတွေ့ခဲ့ရတဲ့ ပြဿနာတွေကို ပြန်တွေးကြည့်ရင် ပိုဆိုးတာပေါ့”

ယန်ချင်းသည် စကားဆုံးသွားချိန်တွင် ခပ်ဖွဖွသက်ပြင်းချလိုက်လေသည်။

ဤစကားကို ဆိုလိုက်ချိန်၌ လွန်ခဲ့သောသုံးရက်အတွင်း ဖြစ်ပျက်ခဲ့သမျှ အဖြစ်အပျက်တို့သည် သူ၏ခေါင်းထဲတွင် တစ်ခုပြီးတစ်ခု ပြန်လည်ပေါ်လာခဲ့၏။

သူနားခိုခဲ့သည့် ပထမဆုံးနေရာတွင် သွေးမိစ္ဆာကျင့်ကြံသူတစ်ဦးနှင့် တိုးခဲ့ရ၏။

ထို့နောက် နန်းတော်အဆင့်ကျွမ်းကျင်သူသုံးဦးနှင့် တိုက်ခိုက်ခဲ့ရပြီး ထိုအထဲမှတစ်ဦးမှာ အတော်အတန် အင်အားကြီးမားသော နယ်ပယ်အဆင့် ကျွမ်းကျင်သူတစ်ဦး၏ သားဖြစ်နေပြန်သည်။

ထိုမျှနှင့်မကသေးဘဲ မဟူရာတစ္ဆေဂိုဏ်းမှ အဖွဲ့ဝင်တစ်ဦး၏ တိုက်ခိုက်ခြင်းကိုပါ ခံခဲ့ရသေးလေသည်။

အရာအားလုံးက လွန်ကဲလွန်းလှပေသည်။ ယခု သူအလိုချင်ဆုံးအရာမှာ တရားရုံး၏ သက်တောင့်သက်သာရှိမှုနှင့် ငြိမ်းချမ်းမှုကို ခံစားချင်ရုံသာဖြစ်၏။

သို့ရာတွင် တရားခွင်၏ သက်တောင့်သက်သာရှိမှုကို မခံစားရမီ သူဖြေရှင်းရမည့် ကိစ္စပေါင်း သောင်းခြောက်ထောင်ကျန်နေသေးပြီး ထိုအထဲမှတစ်ခုမှာ မာယွမ်ကို နေရာချထားပေးရန်ပင် ဖြစ်လေသည်။

ထိုကိစ္စအတွက်ပင် သူက ကျန့်ဟူကို လှမ်းခေါ်ထားခဲ့ခြင်းပေတည်း။

….

“ပြိုင်ဘက်တွေက တော်ရဲ့လား” ကျန့်ဟူက ဆက်လက်ပူဆာနေပြန်၏။

သူသည် တိုက်ခိုက်ရသည်ကို ရူးသွပ်သူတစ်ဦးဖြစ်ပြီး ယန်ချင်း၏ ကိုယ်ဟန်အမူအရာကိုကြည့်ကာ တစ်စုံတစ်ရာကို အနံ့ခံမိနေခြင်းဖြစ်သည်။

သူသည် ယန်ချင်းနှင့် အကြိမ်ပေါင်းထောင်နှင့်ချီ၍ လေ့ကျင့်ရေးတိုက်ပွဲများ ဆင်နွှဲဖူးပေသည်။

သို့သော် လေ့ကျင့်ရေးတိုက်ပွဲဟု ခေါ်ရခြင်းမှာ လျှော့ပေါ့ပြောဆိုခြင်းသာဖြစ်ပြီး အမှန်တကယ်တွင် တစ်ဖက်သတ် အရိုက်ခံရခြင်းသာ ဖြစ်လေသည်။

မည်သို့ပင်ဆိုစေ ထိုအတွေ့အကြုံကပင် ယန်ချင်းတိုက်ပွဲဝင်ခဲ့ရခြင်း ရှိမရှိကို သိရှိနိုင်ရန် လုံလောက်နေခဲ့ပြီဖြစ်သည်။

ယန်ချင်းထံမှ စိမ့်ထွက်နေသော တိုက်ခိုက်လိုစိတ်များကို သူအာရုံခံမိနေ၏။

ဤသည်မှာ သူနှင့်မကြာခဏတိုက်ခိုက်ဖူးသူမှလွဲ၍ မည်သူမှမသိနိုင်သော အရာတစ်ခုပင် ဖြစ်ချေသည်။

“အင်း... သိပ်တော့မဆိုးလှပါဘူး။ မဟူရာတစ္ဆေဂိုဏ်းက တိုက်ခိုက်လာတဲ့ကောင်သာ ငါ့အဆင့်နားလောက်ကပ်နေမယ်ဆိုရင်တော့ ရင်ဆိုင်ရခက်တဲ့ ဆူးငြောင့်ခလုတ်တစ်ခု ဖြစ်လာနိုင်တာပေါ့။”

“အဲဒါကလွဲရင် ကျန်တာတွေကတော့ တော်တော်လေးလွယ်ကူပါတယ်” ယန်ချင်းက လက်နှစ်ဖက်ကိုဆန့်တန်း၍ အကြောဆန့်ရင်း ပျင်းရိပျင်းတွဲပြောလိုက်သည်။

ယန်ချင်း၏အဖြေကိုကြားပြီးနောက် ကျန့်ဟူမှာ ထပ်မံမေးမြန်းလိုစိတ် မရှိတော့ချေ။

မာယွမ်မှာ နောက်ကွယ်၌ တိတ်ဆိတ်စွာနေရင်း အရာအားလုံးကို နားထောင်မှတ်သားနေ၏။

…

“ကျန့်ဟူ၊ ဒါက ငါအရင်ကပြောပြဖူးတဲ့ မာယွမ်ပဲ။ သူ့အတွက် ဒီရုံးဝင်းထဲမှာ နေစရာနေရာတစ်ခု စီစဉ်ပေးဖို့ မင်းကို အကူအညီတောင်းရလိမ့်မယ်။”

“နောက်ရက်အနည်းငယ်လောက် မင်းက သူ့ရဲ့လမ်းပြအဖြစ် တာဝန်ယူပေးပြီး ဒီနေရာမှာ လုပ်သင့်တာ၊ မလုပ်သင့်တာတွေကို သင်ပေးရမယ်။ “

“ပြီးတော့ မင်းက ဒီအမှုအတွက် ကနဦးအဆင့်အနေနဲ့ ပါဝင်ရလိမ့်မယ်။”

“ ဒါကြောင့် အချက်အလက်တွေကို သေချာစိစစ်ဖို့နဲ့ မာယွမ်နဲ့တွေ့ဖို့ ဆက်ဆံရေးအရာရှိတစ်ယောက်ကို အုပ်ချုပ်ရေးဌာနကနေ သွားရှာဖို့ လိုလိမ့်မယ်” ယန်ချင်းက လမ်းညွှန်ချက်အချို့ကို ထပ်မံဖြည့်စွက် ပြောကြားလိုက်သည်။

“မာယွမ်၊ ဒါက ကျန့်ဟူတဲ့။ သူက စစ်ဆေးရေးမှူးတစ်ယောက်ဖြစ်ပြီး ငါ့အဖွဲ့ထဲကပဲ။ သူက အရည်အချင်းရှိသလို သူ့အလုပ်ကိုလည်း သေသေချာချာလုပ်နိုင်တဲ့သူပါ။”

“မင်း ဘာအကူအညီပဲလိုလို သူ့ကို အားမနာဘဲ ပြောနိုင်ပါတယ်”

“မင်းနေရာကျသွားတာနဲ့ အဖွဲ့အစည်းက ဆက်ဆံရေးအရာရှိတစ်ယောက် မင်းကိုလာတွေ့လိမ့်မယ်။ ငါ ဒါမှမဟုတ် ကျန့်ဟူမရှိတဲ့အချိန်တွေမှာ အမှုနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကို သူတို့က ရှင်းပြပေးလိမ့်မယ်”

“လာမယ့်ရက်တွေမှာ ငါနည်းနည်းအလုပ်များနေမှာမို့လို့ ငါတို့ပြန်တွေ့ဖို့ ရက်အနည်းငယ်လောက် ကြာကောင်းကြာလိမ့်မယ်။”

“ငါပြင်ဆင်စရာရှိတဲ့ အခမ်းအနားတစ်ခုရှိသလို တခြားကိစ္စတွေကြောင့်လည်း အလုပ်တွေပိနေလိမ့်မယ်။”

“အဲဒီအချိန်အတောအတွင်းမှာ မင်းသိချင်တာရှိရင် ကျန့်ဟူကို အားမနာဘဲ မေးမြန်းတိုင်ပင်နိုင်တယ်” ဟု ယန်ချင်းက ဆိုလေသည်။

“ကျွန်တော့်အသက်ကို ကယ်တင်ပေးခဲ့တဲ့အပြင် အခုလိုကူညီထောက်ပံ့မှုတွေ အများကြီးပေးခဲ့တဲ့ တရားသူကြီးယန်ချင်းကို အထူးပဲကျေးဇူးတင်ရှိပါတယ်” မာယွမ်သည် ရိုသေလေးစားစွာဖြင့် ခါးညွှတ်အရိုအသေပေးရင်း ပြောလိုက်သည်။

“စစ်ဆေးရေးမှူးကျန့်ဟူ၊ ကျွန်တော့်နာမည်က မာယွမ်ပါ။ အခုလိုကြိုဆိုပေးပြီး ကူညီပေးမယ့်အတွက် ကြိုတင်ပြီး ကျေးဇူးတင်ပါတယ်” မာယွမ်က ကျန့်ဟူကိုလည်း နောက်တစ်ကြိမ် ခါးညွှတ်အရိုအသေပေးရင်း ပြောလေသည်။

“ဒါတွေအတွက် စိတ်မပူပါနဲ့။ အစ်ကိုကြီးပြောသလိုပဲ သိချင်တာရှိရင် အချိန်မရွေးမေးလို့ရတယ်။ဒါနဲ့ ခင်ဗျားထမင်းစားပြီးပြီလား”

ကျန့်ဟူက မေးလိုက်၏။ သူ၏ ပေါ့ပေါ့ပါးပါးနှင့် ရွှင်ပျသောစရိုက်လက္ခဏာကြောင့် မာယွမ်အတွက် သူနှင့်နေရသည်မှာ သက်တောင့်သက်သာရှိစေလေသည်။

“ဟုတ်ကဲ့၊ စားပြီးပါပြီ။ တရားသူကြီးယန်ချင်းက သဘောကောင်းစွာနဲ့ ကျွန်တော့်ကို သူ့ရဲ့အစားအသောက်တွေ မျှဝေကျွေးမွေးခဲ့ပါတယ်” မာယွမ်က ယဉ်ကျေးစွာပြန်ဖြေသည်။

“သူကလား” ပြုံးရွှင်နေခဲ့သော ကျန့်ဟူမှာ ယန်ချင်းကို လက်ညိုးထိုးရင်း အံ့ဩတကြီးဖြင့် ရုတ်တရက်မေးလိုက်လေသည်။

“ဟုတ်ကဲ့” မာယွမ်က ကျန့်ဟူ၏ ကြက်သေသေနေသောတုံ့ပြန်မှုကြောင့် အနည်းငယ်ဇဝေဇဝါဖြစ်စွာဖြင့် ပြန်ဖြေလိုက်၏။

“ကျန့်ဟူ... မာယွမ်ကို သေချာနေရာချပေးလိုက်ပါ။ သူဒီနေ့တစ်နေ့လုံး ပင်ပန်းထားတယ်”

ယန်ချင်းက ကျန့်ဟူအား အေးစက်စက်နှင့် အနည်းငယ်ခြိမ်းခြောက်သည့် အကြည့်တစ်ချက် ပို့လွှတ်ရင်း ပြောလိုက်သည်။

“မာယွမ်... သွားကြစို့” ကျန့်ဟူက သိုးငယ်လေးတစ်ကောင်ပမာ ချိုသာစွာရယ်မောရင်း ပြောလိုက်သည်။

မာယွမ်သည် ယန်ချင်းကို ကျေးဇူးတင်ကြောင်း နောက်တစ်ကြိမ် အရိုအသေပေးပြီးနောက် တည်းခိုခန်းများ၊ စားသောက်ဆိုင်များ၊ စံအိမ်များနှင့် ခြံဝင်းများရှိရာဘက်သို့ ဦးတည်သွားသော ကျန့်ဟူ၏နောက်သို့ လိုက်ပါသွားလေသည်။

မာယွမ်ကြုံတွေ့နေရသည့် လုံခြုံရေးအရ စိုးရိမ်ရသောအခြေအနေမျိုးတွင် အဖွဲ့အစည်းသည် ထိုသူများကို ရုံးဝင်းအတွင်း၌ နေရာချထားပေးလေ့ရှိ၏။

သို့သော် အဖွဲ့အစည်းကို အိမ်ရှင်အဖြစ် သတ်မှတ်နိုင်သော်လည်း သူတို့၏ ကိုယ်ပိုင်အဆောက်အအုံများကို တည်းခိုရန် အသုံးမပြုပေ။

မာယွမ်နှင့် သူ့ကဲ့သို့သောသူများကို ရုံးဝင်းအတွင်းရှိ စီးပွားရေးလုပ်ငန်းအသီးသီးမှ ပိုင်ဆိုင်သောစံအိမ်များနှင့် ခြံဝင်းများတွင် အမိုးအကာနှင့် နေထိုင်စရာများ စီစဉ်ပေးထားခြင်းဖြစ်လေသည်။

အဖွဲ့အစည်း၏နယ်မြေအတွင်း စီးပွားရေးလုပ်ငန်းတစ်ခု စတင်ရန် သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် အဆိုပါအဖွဲ့အစည်းများသည် အမိန့်တော်ရုံးက လိုအပ်လာပါက သူတို့၏ဝန်ဆောင်မှုများကို ကူညီပံ့ပိုးပေးရမည်ဟု သဘောတူညီထားရသည်။

ထိုဝန်ဆောင်မှုများ၏ တစ်စိတ်တစ်ပိုင်းမှာ ဥပမာအားဖြင့် မာယွမ်ကဲ့သို့ အမိန့်တော်ရုံး၏ ကာကွယ်စောင့်ရှောက်မှုအောက်တွင် ရှိနေသူများကို နေထိုင်စရာနှင့် အစားအသောက်ထောက်ပံ့ပေးခြင်းပင် ဖြစ်ပေသည်။

ကျန့်ဟူသည် မာယွမ်အား ထိုကဲ့သို့သောနေရာများဆီသို့ လမ်းပြခေါ်ဆောင်သွားခြင်းဖြစ်၏။

….

သူတို့လမ်းခွဲပြီးနောက် ယန်ချင်းသည် အယ်လီကို သားရဲခန်းမ၌ ထားခဲ့လေသည်။

သို့သော် မထားခဲ့မီ ခန်းမရှိဝန်ထမ်းများကို လမ်းညွှန်ချက်အချို့ပေးခဲ့သေးပြီး ထိုအထဲမှတစ်ခုမှာ အယ်လီ၏စိ တ်ခံစားမှုများနှင့် ပတ်သက်၍ ပြန်လည်သင်ကြားပေးရန်ပင်ဖြစ်သည်။

သူသတိလစ်နေစဉ်အတွင်း ရွှေဝါးရုံစံအိမ်ကို တည်ထောင်သူတစ်ဦး၏ သားဖြစ်သူအပေါ် သူမကျူးလွန်ခဲ့သော အောက်တန်းကျသည့် တိုက်ခိုက်မှုကို သူ မမေ့သေးပေ။

သူ၏ အိမ်တံခါးဝသို့ ဒုက္ခများ၊ ပြဿနာများ ထပ်မံဖိတ်ခေါ်မလာမီ သူမ၏ထိုကဲ့သို့ စရိုက်လက္ခဏာကို သူအမြစ်ပြတ် ရှင်းလင်းပစ်ချင်နေ၏။

ပို၍သေချာစေရန်အတွက် အယ်လီကို ထိန်းကျောင်းရန် သူ၏လျှို့ဝှက်ဖဲချပ်ဖြစ်သော လော့မိန်လီကိုပင် အသုံးပြုရန် ဆုံးဖြတ်လိုက်လေသည်။

ထို့နောက် ယန်ချင်းသည် အုပ်ချုပ်ရေးဌာန၏ တာဝန်ချထားရေးဌာနခွဲသို့ သွားရောက်ခဲ့သည်။

ညဉ့်နက်နေပြီဖြစ်သော်လည်း အုပ်ချုပ်ရေးဌာန၏ ခန်းမဆောင်အတွင်း၌ လူများဖြင့် ပြည့်နှက်နေဆဲဖြစ်ကာ ကျင့်ကြံသူများသည် ဌာန၏ အပိုင်းအသီးသီးသို့ ဝင်ထွက်သွားလာလျက် ယခင်ကဲ့သို့ပင် စည်ကားနေဆဲဖြစ်လေသည်။

တာဝန်ချထားရေးဌာနတွင် ဝင်ထွက်သွားလာသူ အနည်းငယ်ရှိနေသဖြင့် သူ၏အလှည့်ရောက်ရန် ယန်ချင်း မိနစ်အနည်းငယ်ခန့် စောင့်ဆိုင်းခဲ့ရသည်။

သူ မထွက်ခွာမီက ဝန်ဆောင်မှုပေးခဲ့သော လိုင်ဟန်မှာ ထိုနေရာတွင် မရှိတော့သလို ယခင်က သူတွေ့ခဲ့ရဖူးသော အခြားအဖွဲ့ဝင်များကိုလည်း မတွေ့ရတော့ပေ။ ယခုလက်ရှိ ရှိနေသောအဖွဲ့မှာ လုံးဝကို ကွဲပြားခြားနားနေလေသည်။

သူ၏ရာထူးနှင့် နှိုင်းယှဉ်ပါက အုပ်ချုပ်ရေးဌာနရှိ လူများအပေါ် ဆက်ဆံပုံကွာဟချက်ကြောင့် ယန်ချင်းမှာ သက်ပြင်းမချဘဲ မနေနိုင်တော့ချေ။

အုပ်ချုပ်ရေးဌာနသည် (၁၂)နာရီအဆိုင်းများဖြင့် အလုပ်လုပ်ကြသော်လည်း တရားသူကြီးများမှာမူ အမှုတစ်ခုရှိနေသမျှကာလပတ်လုံး အချိန်မည်မျှကြာကြာ ထိုအမှုပြီးပြတ်သည်အထိ ဆက်လက်လုပ်ဆောင်ရလေသည်။

တရားသူကြီးများသည် တစ်ဦးကိုယ်စားတစ်ဦး တာဝန်ယူပေးနိုင်သော်လည်း ၎င်းမှာ သုံးလပြည့်ပြီးနောက် သူတို့ကိုခွင့်ယူခွင့်ပြုကာ ကျင့်ကြံခြင်းအပေါ် အာရုံစိုက်ခွင့်ပေးသည့် အချိန်တွင်သာဖြစ်သည်။

သို့သော် ထိုအချိန်မတိုင်မီအထိ အုပ်ချုပ်ရေးဌာနရှိ လူများကဲ့သို့ အလှည့်ကျအဆိုင်းများမရှိဘဲ လိုအပ်ပါက ခွေးတစ်ကောင်လို ပင်ပန်းဆင်းရဲစွာ အလုပ်လုပ်ကြရပေသည်။

…

ပြီးစီးခြင်းလုပ်ငန်းစဉ်များမှာ သူတာဝန်ပေးအပ်ခံရစဉ်ကလောက် ရှုပ်ထွေးမှုမရှိလှပေ။

သူလုပ်ရမည့်အရာအားလုံးမှာ မှတ်တမ်းလိပ်စာအချို့ကို သူ၏တံဆိပ်ပြားဖြင့် တံဆိပ်တုံးထုရန်နှင့် သူ၏ခန္ဓာကိုယ်မှ ဝိညာဉ်ခေါင်းလောင်း၏အကာအကွယ်ကို ဖယ်ရှားလိုက်ရန်သာဖြစ်သည်။

ဝိညာဉ်ခေါင်းလောင်းသည် ပံ့ပိုးပေးနိုင်သော လူအရေအတွက်မှာ ကန့်သတ်ချက်ရှိသည့်အတွက် တစ်စုံတစ်ယောက်သည် ၎င်းတို့၏တာဝန်ကို ပြီးမြောက်သည်နှင့် တစ်ပြိုင်နက် အခြားသူတစ်ဦးအတွက် နေရာလွတ်တစ်ခုရရှိစေရန် တာဝန်ချထားရေးဌာနသို့ အမြန်ဆုံးပြန်လာကာ လုပ်ငန်းစဉ်များကို အပြီးသတ်ဆောင်ရွက်ရလေသည်။

အရာအားလုံး ပြီးစီးသွားသောအခါ နောက်တစ်နေ့တွင် ဖြစ်ပေါ်လာမည့် အဖြစ်အပျက်များ မရောက်လာမီ သူ၏နေအိမ်၌ အလွန်လိုအပ်နေသော အနားယူမှုကို တောင့်တလျက် ယန်ချင်းသည် ပင်ပန်းနွမ်းနယ်နေသောမျက်နှာဖြင့် အပြင်သို့ ပြန်ထွက်လာခဲ့၏။

သဘက်ခါတွင် ကျင်းပမည့်အခမ်းအနားအတွက် လေ့ကျင့်မှုများ ပြုလုပ်ရမည်ဖြစ်သောကြောင့် နောက်တစ်နေ့တွင် သူ့အတွက် မည်သည့်အမှုမှ မရှိပေ။

ထို့ပြင် သူသည် အဖွဲ့အစည်းထက်ပင် ပို၍ကြောက်စရာကောင်းသော နေရာတစ်ခုဆီသို့ ဖိတ်ကြားခံထားရသေးသည်။ ထိုနေရာသို့ သွားရန်ကိုတော့ လုံးဝစိတ်ကူးမထားပေ။

သူ၏ တာဝန်ချထားရေးလုပ်ငန်းစဉ်များကို ပြီးစီးအောင်ဆောင်ရွက်နေစဉ် သူ၏ အစ်ကိုဖြစ်သူထံမှ အဆက်အသွယ်တစ်ခုရရှိခဲ့ပြီး မနက်ဖြန်တွင် အပန်းဖြေတောင်ကြားရှိ ယန်မိသားစုပိုင်နက်၌ ညစာလာစားရန် မိခင်ဖြစ်သူက ခေါ်ခိုင်းထားကြောင်း ပြောကြားလာခဲ့သည်။

အဖွဲ့အစည်းကို မရောက်မီက ယန်မိသားစုသည် သူ၏တစ်ခုတည်းသော အိပ်မက်ဆိုးကြီးဖြစ်ခဲ့၏။

အဖွဲ့အစည်းသို့ ရောက်လာသောအခါ ထိုနေရာသည်လည်း အိပ်မက်ဆိုးတစ်ခု ဖြစ်လာခဲ့သော်ငြား သူ၏မိသားစုဝင်အချို့၊ အထူးသဖြင့် သူ၏အဘိုးနှင့် သူငယ်ချင်းအချို့ကို မြင်ရတိုင်း ခံစားရသည့် ကြောက်ရွံ့ထိတ်လန့်မှုတို့နှင့် နှိုင်းယှဉ်ပါက အဖွဲ့အစည်းက ပျော့လွန်းနေသေးသည်။

“အမေက ငါ့ကို အသေခံခိုင်းနေတာလား။ ငါလာမယ်ဆိုတာကို သူတို့ကို မပြောပြဖို့ပဲ မျှော်လင့်ပါတယ်လေ” ယန်ချင်းသည် သူ၏နေအိမ်သို့ အပြန်လမ်းတွင် ကြောက်ရွံ့ထိတ်လန့်စွာ တွေးတောနေမိသည်။

All Chapters