← Chapters

ရတနာလော၊ ကျိန်စာလော

Vol. 23 Ch. 227

ရတနာလော၊ ကျိန်စာလော

Vol. 23 Ch. 227

ယန်ချင်းနှင့် စုန့်ကောကျိတို့နှစ်ဦးသည် ထိုဌာန၏တံခါးဝသို့ ခြေချလိုက်သည်နှင့်တစ်ပြိုင်နက် လက်နှစ်ဖက်ကိုဆုပ်ကာ အရိုအသေပေးလိုက်ကြလေ၏။

“မင်္ဂလာပါ ဒုတိယညွှန်ကြားရေးမှူးကျွင်းဖေး”

သူတို့နှစ်ဦးလုံးက ရိုသေလေးစားသောလေသံဖြင့် နှုတ်ဆက်လိုက်ကြသည်။

သူတို့ရှေ့ရှိအမျိုးသမီးသည် လမ်းပေါ်တွင်တွေ့လျှင် ပြုံးပြနှုတ်ဆက်ရုံဖြင့် ပေါက်စီဝယ်ကျွေးတတ်မည့် သဘောကောင်းသောအဘွားအိုတစ်ဦးနှင့် တူကောင်းတူနေနိုင်သော်လည်း၊ တကယ့်လက်တွေ့တွင်မူ သူမသည် စစ်မှန်သော ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျွမ်းကျင်သူတစ်ဦးဖြစ်သည့်အပြင် အဖွဲ့အစည်းအတွင်း ဩဇာကြီးမားသူတစ်ဦးလည်း ဖြစ်ပေသည်။

သူမသည် ပြည်တွင်းထောက်ပံ့ရေးဌာန၏ ဒုတိယညွှန်ကြားရေးမှူးမဖြစ်လာမီက အခြားသောရာထူးတာဝန်အသီးသီးကို ထမ်းဆောင်ခဲ့ဖူးလေသည်။

သူမသည် ဝိညာဉ်ကောင်စီ၏ ပူးတွဲဥက္ကဋ္ဌအဖြစ် အချိန်အတန်ကြာ တာဝန်ယူခဲ့ဖူးပြီး၊ ထိုမတိုင်မီက အထူးစုံစမ်းစစ်ဆေးရေးမှူးများ၏ စစ်ဆေးရေးမှူးချုပ်အဖြစ်လည်းကောင်း၊ ထိုထက်စောသောအချိန်ကမူ အဖွဲ့ဝင်များကို လေ့ကျင့်ပေးရာတွင် အကြမ်းတမ်းအပြင်းထန်ဆုံးနှင့် စံနှုန်းအမြင့်မားဆုံးဖြစ်သော ငြိမ်းချမ်းရာမဲ့အကျဉ်းထောင်ရှိ အစောင့်များ၏ လေ့ကျင့်ရေးမှူးချုပ်အဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။

သူမရယူခဲ့သော ရာထူးတိုင်းမှာ သာမန်တာဝန်များမဟုတ်ဘဲ သူမ၏စွမ်းအားနှင့် အရည်အချင်းတို့ကို ပေါ်လွင်စေပေသည်။

“မင်းတို့နှစ်ယောက် တစ်ခုခုသောက်ဦးမလား”

ဒုတိယညွှန်ကြားရေးမှူးကျွင်းဖေးက သူမဘေးရှိ စားပွဲပေါ်မှ လက်ဖက်ရည်အိုးကို လက်ညိုးညွှန်ပြကာ ယဉ်ကျေးသိမ်မွေ့သောအပြုံးဖြင့် မေးလိုက်၏။

ထိုလက်ဖက်ရည်အိုးမှ ထွက်ပေါ်နေသော ရေနွေးငွေ့များကို ကြည့်ရုံမျှဖြင့် ယန်ချင်းတစ်ယောက် ၎င်းသည် အရည်အသွေးမြင့်ပစ္စည်းဖြစ်ကြောင်း သိလိုက်သည်။

အကယ်၍ သူတစ်ယောက်တည်းသာလာခဲ့လျှင် ဝမ်းသာအားရ လက်ခံသောက်သုံးမိမည်ဖြစ်သော်လည်း ယခုမူ စုန့်ကောကျိနှင့်အတူ ရောက်ရှိနေခြင်းဖြစ်သည်။

ထိုလူအနေဖြင့် ဤအစီအစဉ်ကို လက်ခံမည်လားဟု သံသယဝင်မိသော်လည်း သူ၏ တိကျပြတ်သားလွန်းသော စရိုက်လက္ခဏာအရ လက်ခံရန်မဖြစ်နိုင်ဟု တွေးလိုက်သည်။

သူထင်သည့်အတိုင်းပင် မကြာမီမှာပဲ စုန့်ကောကျိက ယဉ်ကျေးစွာဖြင့် ငြင်းပယ်လိုက်လေတော့သည်။

“ဒုတိယညွှန်ကြားရေးမှူးကျွင်းဖေး... မနက်ဖြန်ကျင်းပမယ့် နန်းတွင်းတရားရုံးရာထူးတိုးပွဲအတွက် တရားသူကြီးယန်ချင်းရဲ့ အခမ်းအနားဝတ်စုံနဲ့ ဆက်စပ်ပစ္စည်းတွေကို ထုတ်ယူဖို့ အကူအညီတောင်းချင်လို့ပါ။”

“ဒီမှာ ခွင့်ပြုချက်တံဆိပ်တုံးပါတဲ့ စာလိပ်ပါ”

စုန့်ကောကျိက ပြောရင်း ချိပ်ပိတ်ထားသောစာလိပ်တစ်ခုကို ရိုသေစွာ ကမ်းပေးလိုက်သည်။

ဒုတိယညွှန်ကြားရေးမှူးက သူမ၏လက်ကို ဝှေ့ယမ်းလိုက်ရာ စာလိပ်သည် အလိုအလျောက် ပွင့်သွားပြီး ထူးဆန်းသော သင်္ကေတများက စာလိပ်တစ်ဝိုက်တွင် လှည့်ပတ်သွားကာ နောက်ဆုံး၌ စာလုံးများအဖြစ် နေရာယူသွားလေသည်။

“ဒါဆို မင်းက ယန်ချင်းပေါ့လေ”

ဒုတိယညွှန်ကြားရေးမှူးကျွင်းဖေးက ရယ်မောလိုက်ရင်း အဓိပ္ပာယ်ပါပါ ပြောလိုက်၏။

ထိုမေးခွန်း၏နောက်ကွယ်မှ အဓိပ္ပာယ်ကိုတွေးမိကာ ယန်ချင်းတစ်ယောက် အနေရခက်စွာ ပြုံးလိုက်မိသည်။

မည်မျှပင် နူးညံ့ယဉ်ကျေးစွာ မေးမြန်းသည်ဖြစ်စေ၊ ထိုမေးခွန်းနောက်ကွယ်တွင် ကောင်းသောအရာများ ရှိမနေနိုင်ကြောင်း သူခံစားမိသည်။

အဖွဲ့အစည်းအတွင်း သူနှင့်ပတ်သက်သော မည်သည့်သတင်းများ ပျံ့နှံ့နေသနည်းဟု တွေးကာ မပူပန်ဘဲ မနေနိုင်တော့ပေ။

လွန်ခဲ့သောနှစ်များအတွင်း သူသည် တရားမျှတမှုကိုအခြေခံသော လုပ်ရပ်အချို့ကို လုပ်ဆောင်ခဲ့ဖူးသော်လည်း၊ ထိုလုပ်ရပ်များသည် ဒုတိယညွှန်ကြားရေးမှူးကျွင်းဖေးကဲ့သို့ နာမည်ကျော်ကျွမ်းကျင်သူတစ်ဦး၏ နားဆီသို့ရောက်လောက်အောင် ကြီးမားသည်ဟု သူအလျဉ်းမထင်ထားခဲ့ပေ။

‘အဘိုးကြီးလဲ့ရဲ့ လက်ချက်များလား’ ဟု ယန်ချင်းမှာ စိတ်ပူပန်စွာ တွေးလိုက်မိတော့သည်။

“အပြင်ဘက်နန်းတွင်းတရားရုံးရဲ့ တရားသူကြီးဖြစ်လာတဲ့အတွက် ဂုဏ်ယူပါတယ် ယန်ချင်း။”

“အဖွဲ့အစည်းက မင်းအပေါ် မျှော်လင့်ချက်ကြီးကြီး ထားထားတယ်။ မင်းရဲ့ဝတ်စုံနဲ့ ပစ္စည်းတွေကို ယူပေးဖို့ ခဏလောက်စောင့်ပါဦး”

ဒုတိယညွှန်ကြားရေးမှူးကျွင်းဖေးက ပြောရင်း သူမနောက်ကျောဘက်ရှိ ပြောင်ချောနေသော မီးခိုးရောင်နံရံဆီသို့ လှည့်သွားလေသည်။

‘သူမက ဘာကိုဆိုလိုတာလဲ။ ဘာမျှော်လင့်ချက်တွေလဲ။ ငါကတော့ ကြီးကြီးမားမား အမျှော်လင့်ခံရတာမျိုး မလိုချင်ပါဘူး။ အဲဒီကနေ ကောင်းတာတစ်ခုမှ ဖြစ်လာလေ့မရှိဘူး။’

ယန်ချင်း၏ မျက်နှာထားမှာ ပို၍စိုးရိမ်ပူပန်လာလေ၏။ ဒုတိယညွှန်ကြားရေးမှူးကျွင်းဖေး၏ နောက်ကွယ်ရှိ နံရံကြီး ပြောင်းလဲသွားပုံကိုပင် သေသေချာချာ ငေးမောကြည့်ရှုရန် စိတ်မပါတော့ပေ။

သူမနောက်ကျောရှိ နံရံသည် လည်ပတ်နေသော တံခါးပေါက်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး၊ လင်းလက်နေသော စာလုံးငယ်များ ဝဲပျံနေသည့် မီးခိုးရောင်မြူခိုးများဖြင့် ပြည့်နှက်သွားသည်။

ထိုမြူခိုးများကြားတွင် ငွေရောင်တောင်ငယ်လေးတစ်ခုကို ဝိုးတဝါး မြင်တွေ့နိုင်ပေသည်။

ထိုမီးခိုးရောင်မြူခိုးများမှာ ပြည်တွင်းထောက်ပံ့ရေးဌာနမှ အသုံးပြုသော အထူးဂူတစ်ခုဆီသို့ ဦးတည်သွားသည့် သယ်ယူပို့ဆောင်ရေးဝင်ပေါက်တစ်ခုပင်ဖြစ်သည်။

အဆင့်မြင့်အဖွဲ့ဝင်များ၊ ဒုတိယညွှန်ကြားရေးမှူးနှင့် ၎င်းအထက်ရာထူးရှိသူများသာလျှင် ထိုနေရာသို့ ဝင်ရောက်ခွင့်ရှိကြသည်။

ဒုတိယညွှန်ကြားရေးမှူးကျွင်းဖေးသည် မြူခိုးများထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားပြီး မိနစ်အနည်းငယ်အကြာတွင် ပြန်လည်ရောက်ရှိလာသည်။

သူမ၏လက်ထဲတွင် အဖြူရောင်အနားကွပ်ထားသော ခေါက်ထားသည့် အပြာရင့်ရောင်ဝတ်စုံကို ကိုင်ဆောင်ထားပြီး၊ ၎င်းအပေါ်တွင် လင်းယုန်ဖြူပုံစံ ရင်ထိုးတံဆိပ်ငယ်တစ်ခု၊ ပုံဆောင်ခဲတစ်မျိုးဖြင့် ပြုလုပ်ထားသော အပ်ပုံစံ မှော်ပစ္စည်းငယ်လေးတစ်ခုနှင့် အစိမ်းရောင်နွယ်ပင်များကို ရစ်ပတ်ဖွဲ့စည်းထားသကဲ့သို့ရှိသော အစိမ်းရောင်ဆွဲကြိုးတစ်ကုံးတို့ ပါရှိလေသည်။

ဒုတိယညွှန်ကြားရေးမှူးကျွင်းဖေး ယူဆောင်လာသော ပစ္စည်းများအပေါ်သို့ အကြည့်ရောက်သွားသည်နှင့်တစ်ပြိုင်နက် ယန်ချင်း၏ မျက်လုံးများထဲတွင် လောဘရိပ်တို့ တဖျပ်ဖျပ်လက်သွားတော့သည်။

ထိုပစ္စည်းများဆီမှ မင်္ဂလာရှိသော မြူခိုးငွေ့သဲ့သဲ့တို့ ယိုစိမ့်ထွက်ပေါ်နေသယောင်ပင်။

“အကုန်လုံးက... သူတော်စင်အဆင့်တွေချည်းပဲ” ယန်ချင်းတစ်ယောက် လောဘတက်ကာ မိန်းမောလျက် ရေရွတ်လိုက်သည်။

သူ၏မျက်လုံးကြီးများ ပြူးကျယ်နေပြီး၊ မေးရိုးများပြုတ်ကျမတတ် ဖြစ်နေကာ၊ တံတွေးများပင် မြိုချနေမိတော့သည်။

သူ၏လက်ချောင်းများသည် ထိုပစ္စည်းများကို ဆွဲယူချင်စိတ်ဖြင့် ယားယံနေသော်လည်း၊ ၎င်းတို့မှာ ငြိမ်းချမ်းရာမဲ့အကျဉ်းထောင်၏ အစောင့်လေ့ကျင့်ရေးမှူးဟောင်း၊ အထူးစုံစမ်းစစ်ဆေးရေးမှူးများ၏ စစ်ဆေးရေးမှူးချုပ်ဟောင်းတစ်ဦး၏ လက်ထဲတွင် ရှိနေသောကြောင့် စိတ်ကိုအတင်းချုပ်တည်းထားလိုက်ရသည်။

ထိုနေရာနှစ်ခုလုံးမှာ မကောင်းဆိုးဝါးကျင့်ကြံသူများကိုပင် သူတော်စင်များအဖြစ် ထင်မှတ်ရလောက်အောင် အထူးကျွမ်းကျင်မှုရှိသည့် လူဆိုးလူမိုက်များဖြင့် ပြည့်နှက်နေသော နေရာများဖြစ်သည်။

ထိုကဲ့သို့သော သတ္တဝါဆိုးများကို လေ့ကျင့်ပေးခဲ့ပြီး တစ်ချိန်က ၎င်းတို့၏ခေါင်းဆောင်ပင်ဖြစ်ခဲ့ဖူးသူထံမှ ပစ္စည်းများကို လုယူရန် ကြိုးစားခြင်းက မဖြစ်နိုင်သော ကိစ္စရပ်ပင်ဖြစ်သည်။

“ဒါက အပြာရောင်စကြဝဠာဝတ်စုံလို့ခေါ်တယ်။ ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်မှာရှိတဲ့ ဝိညာဉ်သခင်ကျင့်ကြံသူတစ်ယောက်ရဲ့ အစွမ်းကုန်တိုက်ခိုက်မှုကို ကာကွယ်ပေးနိုင်တဲ့ အစီအရင်တွေ အပြည့်ပါဝင်တယ်။”

“ကာကွယ်မှုအာနိသင်က တစ်နာရီတိတိ ခံနိုင်ရည်ရှိတယ်။”

“အပေါ်က ပုံဆောင်ခဲအပ်လေးကတော့ ကွယ်ဝှက်ကံကြမ္မာဟင်းလင်းပြင်ပုံဆောင်ပဲ။ အဲဒါက မင်းရဲ့ကံကြမ္မာကို ခွဲထုတ်ပေးပြီး အခြားသူတွေက မင်းရဲ့ကံကြမ္မာကို စုံစမ်းတာ ဒါမှမဟုတ် ဝင်ရောက်စွက်ဖက်တာမျိုးမဖြစ်အောင် ကာကွယ်ပေးလိမ့်မယ်။”

“အထူးသဖြင့် ကံကြမ္မာနဲ့ပတ်သက်တဲ့ မှော်ပညာတွေကနေ မင်းရဲ့ဝိညာဉ်ကို ကာကွယ်ပေးတဲ့အနေနဲ့ နှစ်ဆတိုးပြီး အလုပ်လုပ်ပေးလိမ့်မယ်။”

“ ပြီးတော့ မင်းရဲ့အာရုံခံနိုင်စွမ်းကို အထွတ်အထိပ်ပိုင်နက်အဆင့်အထိ မြှင့်တင်ပေးနိုင်တယ်။”

“ဒါပေမဲ့ ဝိညာဉ်နဲ့ စိတ်ဝိညာဥ်ပင်လယ်အပေါ် ဝန်ပိစေတဲ့အတွက် အဲဒီအစွမ်းကိုတော့ ပေါ့ပေါ့ဆဆ အသုံးမပြုနဲ့။ အန္တရာယ်ကင်းကင်း အသုံးပြုနိုင်တဲ့ကြာချိန်က အလွန်ဆုံးမိနစ်သုံးဆယ်ပဲ။”

“ဆွဲကြိုးကတော့ နှစ်ငါးသိန်းသက်တမ်းရှိတဲ့ ပိုးကောင်စိမ်းနွယ်ပင်နဲ့ ပြုလုပ်ထားပြီး တိုက်ခိုက်ခံရလို့ ခန္ဓာကိုယ် ပျက်စီးသွားခဲ့ရင်တောင် ချက်ချင်းပြန်လည်သက်သာလာစေဖို့ အားဖြည့်ပေးလိမ့်မယ်။”

“ သရဲတစ္ဆေတွေ၊ အလောင်းကောင်ချီတွေနဲ့ မင်းဆီ ဦးတည်လာတဲ့ သတ်ဖြတ်လိုစိတ်တွေကိုလည်း အလိုအလျောက် တုံ့ပြန်ပေးနိုင်စွမ်းရှိတယ်။”

“တံဆိပ်ပြားကတော့ မင်းရပ်နေမယ့် စင်မြင့်ပေါ်က အစီအရင်တွေနဲ့ တခြားကာကွယ်ရေးယန္တရားတွေကို ထိန်းချုပ်နိုင်ဖို့အတွက် မင်းရဲ့ကိုယ်ပိုင်တံဆိပ်ပြားအဆင့်ကို ယာယီမြှင့်တင်ပေးရာမှာ အသုံးပြုရလိမ့်မယ်” ဟု ဒုတိယညွှန်ကြားရေးမှူးကျွင်းလဲ့က စိတ်ရှည်လက်ရှည် ရှင်းပြလေသည်။

“ဒီတစ်ခုနဲ့ ပေါင်းစပ်ပေးနိုင်ဖို့ မင်းရဲ့တံဆိပ်ပြားကို ထုတ်ပေးပါ” သူမက ဆက်ပြောလိုက်၏။

ယန်ချင်းက တောင်းဆိုသည့်အတိုင်း သူ၏တံဆိပ်ပြားကိုထုတ်ကာ ဒုတိယညွှန်ကြားရေးမှူးကျွင်းလဲ့ထံ ပေးလိုက်သည်။

ဒုတိယညွှန်ကြားရေးမှူးက လက်ကွက်အချို့ကို ပုံဖော်လိုက်ရာ သူမလက်ထဲရှိ တံဆိပ်ပြားသည် မီးခိုးရောင် ထွင်းဖောက်မြင်ရသော ရုပ်လုံးအဖြစ်သို့ ပြောင်းလဲသွားပြီး ယန်ချင်း၏တံဆိပ်ပြားကို ရစ်ပတ်ကာ ပေါင်းစပ်သွားလေတော့သည်။

ယန်ချင်း၏တံဆိပ်ပြားမှာ ရွှေရောင်အဖြစ်ပင် ဆက်ရှိနေသော်လည်း၊ တံဆိပ်ပြားအတွင်းရှိ လင်းယုန်၏ မျက်လုံးတစ်ဝိုက်တွင် ငွေရောင်အလင်းတန်းသဲ့သဲ့လေးတစ်ခု ထွက်ပေါ်နေပေသည်။

“ကျွန်တော် အခုယူလို့ရပြီလား” ယန်ချင်းက စိတ်အားထက်သန်စွာ မေးလိုက်သည်။ သူသည် ထိုအရာများကို ဝတ်ဆင်ကြည့်ရန် မစောင့်နိုင်တော့ချေ။

“ယူလို့ရပါပြီ... အို ငါမေ့သွားတော့မလို့။ ငါ့ရဲ့ မေ့တတ်တဲ့ အကျင့်အတွက် ခွင့်လွှတ်ပါ” ဟု ဒုတိယညွှန်ကြားရေးမှူးကျွင်းလဲ့က တိုးတိတ်စွာ ရယ်မောရင်း ပြောလိုက်၏။

“ဒီပစ္စည်းတွေကို မင်းရဲ့အခမ်းအနားပြီးဆုံးပြီး တစ်နာရီတိတိအကြာမှာ ပြန်အပ်ရမယ်။ ပြန်အပ်ဖို့ နောက်ကျတဲ့ မိနစ်တိုင်းအတွက် အဆင့်မြင့်ဝိညာဉ်ကျောက်တုံး (၁,၀၀၀) ဒဏ်ရိုက်ခံရလိမ့်မယ်။”

“အကယ်လို့ တစ်နာရီကျော်သွားလို့မှ ပြန်မအပ်သေးဘူးဆိုရင် ခြောက်ဆယ့်တစ်မိနစ်မြောက်မှာ မင်းပေးရမယ့် ဒဏ်ကြေးက အဆင့်မြင့်ဝိညာဉ်ကျောက်တုံး ၁၂၀,၀၀၀ အထိ နှစ်ဆတိုးသွားမယ့်အပြင် ငါးမိနစ်တိုင်းကို အဆင့်မြင့်ဝိညာဉ်ကျောက်တုံး ၂၀,၀၀၀စီ ထပ်တိုးသွားလိမ့်မယ်။”

“အကယ်လို့ သုံးနာရီကျော်သွားပြီဆိုရင်တော့ ပစ္စည်းတွေကို ပြန်လည်သိမ်းဆည်းဖို့ အထူးစုံစမ်းစစ်ဆေးရေးမှူးတွေကို မင်းနောက်ဆီ စေလွှတ်လိမ့်မယ်။”

“ပြီးတော့ နှောင့်နှေးမှုအတွက် လျော်ကြေးအဖြစ် မင်းနာမည်နဲ့ရှိတဲ့ ရတနာတွေနဲ့ ပိုင်ဆိုင်မှုအားလုံးကိုလည်း သိမ်းဆည်းခံရလိမ့်မယ်။ ဒါကြောင့် အချိန်မီ ပြန်လာအပ်ဖို့မမေ့ပါနဲ့။”

ဒုတိယညွှန်ကြားရေးမှူးကျွင်းလဲ့က အကြင်နာဆုံးနှင့် အနူးညံ့ဆုံးအပြုံးဖြင့် ပြောလိုက်လေသည်။

ပစ္စည်းများကို ယူရန် စိတ်အားထက်သန်နေသော ယန်ချင်းမှာ လမ်းတစ်ဝက်တွင်ပင် တွန့်ဆုတ်သွားပြီး သူ၏အသားအရေသည် ချက်ချင်း ဖြူရော်သွားတော့သည်။

“ညွှန်... ညွှန်... ညွှန်ကြားရေးမှူး... ခင်ဗျား ဘာပြောလိုက်တာလဲ”

ယန်ချင်းက သူကြားလိုက်ရသည်ကို အတည်ပြုရန် စကားထစ်ငေါ့စွာဖြင့် မေးလိုက်သည်။

“အကုန်အမှန်တွေချည်းပဲလေ”

“ကျွန်တော် မယူဘဲ နေလို့ရမလား”

“ရတာပေါ့... ဒါပေမဲ့ မင်းရဲ့အခမ်းအနားမှာ လုပ်ကြံခံရနိုင်တဲ့ အခြေအနေ ရှိတယ်ဆိုတာကိုတော့ မင်းသိတယ်မလား။”

“အဖွဲ့အစည်းရဲ့ ကျွမ်းကျင်သူတွေ ရှိနေရင်တောင် သူတို့တုံ့ပြန်ဖို့ အချိန်မရခင်မှာပဲ တိုက်ခိုက်မှုက မင်းဆီ ရောက်လာနိုင်တယ်။ အရင်ကလည်း ဒီလိုဖြစ်ဖူးတာ မင်းအသိဆုံးပဲလေ။”

“ဒါပေမဲ့ မင်းကိုယ်မင်း အဲဒီလောက် ယုံကြည်မှုရှိတယ်ဆိုရင်တော့ ဒါတွေကို ပြန်သိမ်းထားပေးဖို့ ဝမ်းသာပါတယ်” ဟု ဒုတိယညွှန်ကြားရေးမှူးကျွင်းလဲ့က နောက်ပြောင်သောလေသံဖြင့် ပြောလိုက်၏။

“ကျွန်တော် ယူပါ့မယ်”

ယန်ချင်းက အားနည်းသောလေသံဖြင့် ပြောကာ ပစ္စည်းများကို လှမ်းယူလိုက်သည်။

ထိုပစ္စည်းများကို ယူလိုက်ချိန်တွင် သူ၏လက်များမှာ အနည်းငယ် တုန်ယင်နေ၏။

ရတနာတစ်ခုဖြစ်ခဲ့ဖူးသော ထိုအရာများသည် ယခုအခါတွင်မူ သူ့ကိုဖျက်ဆီးပစ်နိုင်စွမ်းရှိသော ကျိန်စာသင့်ပစ္စည်းများအဖြစ်သို့ ပြောင်းလဲသွားချေပြီ။

‘အဖွဲ့အစည်းက တကယ် ရက်စက်လွန်းတယ်။ ဒါတွေက သူတော်စင်အဆင့် ရတနာတွေပဲလေ။ သူတို့ဆီမှာ ဘယ်လောက်တောင် ရှိနေလို့လဲ။ ဒီလောက်ထိ တင်းကျပ်ဖို့ လိုလို့လား။”

“အဲဒီဒဏ်ကြေးတွေသာ အတပ်ခံရရင် ငါဘယ်နှစ်နှစ်တောင် အလကားအလုပ်လုပ်ပေးရအုံးမှာလဲ။ ဒါမှမဟုတ်...’

ယန်ချင်းခေါင်းထဲသို့ ရဲတင်းပြီး ကြောက်မက်ဖွယ်ကောင်းသော အတွေးတစ်ခု ဝင်ရောက်လာရာ သူတွန့်ဆုတ်သွားပြီး ဒုတိယညွှန်ကြားရေးမှူးယွင်လဲ့၏ မျက်လုံးများထဲတွင် ကောက်ကျစ်သော အရိပ်အယောင်တစ်ခု တလက်လက်တောက်ပသွားသည်ကို အချိန်မီ လှည့်ကြည့်မိလိုက်သည်။

“ဒုတိယညွှန်ကြားရေးမှူးယွင်လဲ့... အကူအညီအတွက် ကျေးဇူးတင်ပါတယ်။ သာယာတဲ့နေ့လေးဖြစ်ပါစေ။ ကျွန်တော်တို့ လုပ်စရာတွေ အများကြီးရှိသေးလို့ လိုက်မပို့ပါနဲ့တော့”

ယန်ချင်းက စိုးရိမ်တကြီးပြောလိုက်ရင်း စုန့်ကောကျိကို ဆွဲခေါ်ကာ အမြန်ထွက်ခွာသွားလေတော့သည်။

“ဒီတလော စိတ်ဝင်စားစရာကောင်းတဲ့ ကလေးတွေ အများကြီး ရောက်လာကြတာပဲ”

ဒုတိယညွှန်ကြားရေးမှူးယွင်လဲ့က မျက်နှာတွင် အပြုံးတစ်ခုချိတ်ဆွဲထားလျက် လက်ဖက်ရည်ကို ဆက်သောက်ရင်း တီးတိုးရေရွတ်လိုက်လေသည်။

All Chapters