အခန်း (၂၂၁-၂၂၂)
Vol. 19 Ch. 221-222
အခန်း ၂၂၁ –
ငါ့ခင်ပွန်း ငါ လှလား။
ဖယောင်းတိုင်အနီ၊ မီးပုံးအနီနှင့် ကုတင်ထက်တွင် နူးညံ့ပျော့ပျောင်းသော အနီရောင်အခင်းအကျင်းသည် ကူချန်အတွက် မကြာသေးမီကမှ ကြုံတွေ့ထားခဲ့ဖူးသည်။
သို့သော် ထိုစဉ်နှင့် နှိုင်းယှဉ်သော် ခံစားချက်သညကွဲပြားချေ၏။ အထူးသဖြင့် ဤမျှကြီးမားလှသော အိမ်တော်အတွင်း၌ မျက်စိရှေ့မှောက်မှ လူတစ်ဦးတည်းသာ ရှိနေခြင်းသည် ကျောချမ်းစရာပေပင်။
“ မဟုတ်သေးဘူး ... သူက လူရောဟုတ်ပါ့မလား။ ”
တစ်ဖက်ပုံရိပ်ရှင်သည် လူသားဟုတ်၊ မဟုတ်ဆိုသည်ပင် ပြောရန် ခက်ခဲနေသည်။ နှစ်ဦးကြားအကွာအဝေးသည် ဆယ်ပေမျှသာဝေး၏
သို့သော် ဝိညာဉ်အသိကို ကန့်သတ်ခံထားရသဖြင့် ဤအကွာအဝေးပင် မရောက်ရှိနိုင်ခဲ့ချေ။
“ သေချာပေါက် ထူးဆန်းနေတယ်။ ”
ခဏမျှစဉ်းစားပြီးနောက် ပုတီးစေ့လိုက်ကာအနောက်တွင် ထိုင်နေသော ထိုပုံရိပ်ထံလှမ်းကြည့်ကာ၊
“ ငါ မင်းရဲ့ခင်ပွန်း မဟုတ်ပါဘူး ... ဒီနေရာကိုမတော်တဆ ရောက်လာမိတာပါ အနှောက်အယှက်ဖြစ်သွားရင် ခွင့်လွှတ်ပါ။”
-ဟု တုန့်ပြန်လိုက်သည်။
တစ်ဖက်လူသည် မင်္ဂလာဦးထုပ်နှင့် ပုဝါနီကိုဆင်မြန်းထားပြီး ငြိမ်သက်စွာဖြင့် ထိုင်နေရာမှ၊
“ ငါ့ခင်ပွန်းက တကယ်ကို ဟာသတွေ ပြောတတ်တာပဲ။”
-ဟု ပြောကြားလာ၏။
“ မဟုတ်ဘူး ငါတကယ် ပြောနေတာပါ။ ”
“ ခစ်ခစ်ခစ် ... တကယ်လား ဒါဆိုငါ့ရဲ့ခင်ပွန်းက အခုဘယ်မှာလဲ။ ”
“ ငါ မသိဘူး ... မင်းရဲ့ဖခင်ကို သွားမေးသင့်တယ် ... ဪ ... ဟုတ်သားပဲ ငါဝင်လာတုန်းက မင်းအဖေကို မတွေ့ခဲ့ရဘူး မင်းရဲ့အဖေ ဘယ်သွားလဲ မင်းသိလား။ ”
“ ဖေဖေလား မသိဘူးလေ ... ခြံထဲမှာဧည့်သည်တွေကို ဧည့်ခံနေတာပဲ ဖြစ်မှာပေါ့။ ”
“ မဟုတ်ဘူး ခြံထဲမှာ ဧည့်သည်တစ်ယောက်မှ မရှိဘူး။ ”
“ ခစ်ခစ် ငါ့ခင်ပွန်းက ... တကယ့်ကိုဟာသလုပ်တတ်တာပဲ အပြင်မှာ ဒီလောက်အထိ စည်ကားနေတာကို ဧည့်သည်မရှိဘူးတဲ့လား။ ”
ကူချန်မှ ခေါင်းခါယမ်းလိုက်ပြီး၊
“ ငါတကယ်ပဲ မင်းရဲ့ခင်ပွန်း မဟုတ်ပါဘူး။ ”
-ဟု ငြင်းဆန်တော့သည်။
“ ငါ့ခင်ပွန်း ... ဒီလိုမျိုးတွေသာ ဆက်ပြောနေဦးမယ်ဆိုရင် တကယ် စိတ်ဆိုး လိုက်တော့မယ်။ ”
ကုတင်ပေါ်တွင် ထိုင်နေသော ပုံရိပ်က အနည်းငယ် မကျေမနပ်ဖြစ်လာပြီး၊
“ ငါ့ခင်ပွန်းက မင်္ဂလာဝတ်စုံကို ဝတ်ဆင်ထားတာ အထင်အရှားပဲကို၊ ဘာဖြစ်လို့ ဒီလိုဟာသမျိုးကို ထပ်ခါတလဲလဲ လုပ်နေရတာလဲ။ ”
-ဟု မေးမြန်းလာ၏။ ကူချန်တစ်ယောက် ဖြူဖွေးနေသော သူ့ဝတ်လုံကို ပြန်ငုံ့ကြည့်ကာ အနည်းငယ် ထူးဆန်းသွားသည်။
“ မိန်းကလေးပိုင် ... ။ ”
“ ပြောပါ ... ။ ”
“ မင်းမှာ ... အရောင်တွေကို မခွဲခြားနိုင်တဲ့ရောဂါမျိုး ရှိနေတာတော့ မဟုတ်ဘူး မဟုတ်လား။ ” (Color blindness)
ဤတစ်ကြိမ်တွင် မိန်းကလေးပိုင်မှ ပြန်မဖြေချေ။ အခန်းအတွင်း လေထုသည် ရုတ်တရက် တိတ်ဆိတ်သွားခဲ့၏။ ခဏ အကြာတွင် မိန်းကလေးပိုင်က၊
“ ဒါဆို အထဲကိုဝင်လာခဲ့ပါဦး၊ ငါကြည့်ပါရစေ။ ”
-ဟု တုန့်ပြန်လာ၏။
“ မင်း ... အဲဒီနေရာကနေ ကြည့်လို့ မရဘူးလား။ ”
“ မရဘူး ... အရမ်းဝေးလွန်းတယ်၊ ငါသဲသဲကွဲကွဲ မမြင်ရဘူး။ ”
“ တောင်းပန်ပါတယ် ငါတကယ်ပဲ မင်းရဲ့ ခင်ပွန်း မဟုတ်ပါဘူး ... ပြီးတော့ ငါ့မှာဇနီးသည် ရှိပြီးသားပါ ငါမင်းကိုနှောင့်ယှက်မိတာ စိတ်မကောင်းပါဘူး ပြန်ပါတော့မယ်။ ”
ကူချန်က တစ်ဖက်လူ၏ တောင်းဆိုချက်အပေါ် သဘောမတူခဲ့ဘဲ ပြန်၍ ထွက်ခွာရန်သာ ကြံရွယ်လိုက်သည်။
မိန်းကလေးပိုင်၏ မမှန်ကန်သော အမြင်များကိုကြည့်ရုံနှင့် သူမတွင်ကြီးမားသည့် ပြဿနာရှိနေကြောင်း ပြောနိုင်၏။
ထို့ပြင် အရေးကြီးဆုံးအချက်မှာ မသေချာသောတိုက်ပွဲများကို တိုက်ခိုက်ရသည့် အပေါ် မနှစ်သက်ခြင်းပေပင်။
လက်ရှိအချိန်တွင် ဝိညာဉ်အသိသည် တစ်ဖက်လူထံသို့ စူးစမ်းနိုင်စွမ်းမရှိသေးသဖြင့် ယင်းမှာ အားနည်းချက်ဖြစ်နေသည်။
သည့်ပြင်အစောပိုင်း တွက်ချက်မှုအရ ဤအိမ်တော်အတွင်း၌ အန္တရာယ်ရှိနေကြောင်း သေချာနေချေပြီ။
ထို့ကြောင့် ချက်ချင်းပြန်လှည့်ကာ တံခါးဝသို့လျှောက်လှမ်းသွားခဲ့၏။ သို့သော် တံခါးရွက်များမှာ လုံးဝဖွင့်မရတော့ချေ။
နှလုံးသားထဲ အနည်းငယ် တင်းကျပ်သွားပြီးနောက် ၎င်းကိုရှောင်လွှဲ၍ မရတော့ကြောင်း နားလည်လာသည်။
နောက်သို့ ပြန်လှည့်လိုက်ကာ ပုတီးစေ့လိုက်ကာနောက်မှ မိန်းကလေးပိုင်ထံ စိုက်ကြည့်လျက် ညာဘက်လက်ကို အသာအယာ မြှောက်လိုက်၏။
“ ဝှစ် ... ။ ”
“ သွား ... ။ ”
လေထုအလယ် ဝိညာဉ်ဓားအချို့ ထွက်ပေါ်လာပြီး တစ်ဖက်လူထံသို့ တိုက်ရိုက် တိုးဝင်သွားစေတော့သည်။
“ ကတောင် ... ကတောင် ... ။ ”
သို့သော် ဝိညာဉ်ဓားများသည် ပုတီးစေ့လိုက်ကာသုံးလွှာကိုသာ ထိုးဖောက် နိုင်ခဲ့ပြီး စတုတ္ထအလွှာရောက်ရှိသည့်အခါ ဆက်မသွားနိုင်တော့ချေ။
ပုတီးစေ့လိုက်ကာများသည် သံမဏိများသဖွယ် လေးလံနေချေပြီ။ ယင်းက သေချာပေါက် ထူးခြား၏။ သာမန်မဟုတ်ချေ။
“ ဝှစ် ... ။ ”
ကူချန်မှ လက်ဟန်ပြုလိုက်ရာ ဝိညာဉ်ဓားနှစ်ဆယ့်လေးလက် ရုတ်ချည်း ပေါ်ထွက်လာခဲ့သည်။
“ ဒီနေ့ ရွာထဲကိုဝင်လာတာ ငါ့ခင်ပွန်းတစ်ယောက်တည်းပဲရှိတယ် အဲ့ဒါကို မဟုတ်ဘူးလို့ ငြင်းနေသေးတာလား ... ။ ”
ထိုစဉ် အမျိုသမီးအသံက ရုတ်တရက် ထွက်ပေါ်လာသည်။ သူမသည် ကူချန်လုပ်သမျှ သိမြင်ပုံမရချေ။
“ ဒီနေ့ ရွာထဲကို ငါတစ်ယောက်တည်းပဲ ဝင်လာတာလား သတို့သား ဝင်မလာခဲ့ဘူးလား။ ”
တစ်ဖက်တွင် ကူချန်သည်လည်း မျက်လုံးများထဲတွင် အံ့အားသင့်သော အရိပ် အယောင်များ ဖြတ်ပြေးသွား၏။
သူသည် ထိုသတို့သားကို တစ်ခါမျှ မမြင်ခဲ့ရချေ။ ရွာလူကြီးထံ မေးမြန်းခဲ့စဉ်ကပင် အဖြေမှာ ဝေဝေဝါးဝါးနေခဲ့သည်။
ထိုသူပြောနိုင်သည်မှာ သတို့သားသည် တစ်ယောက်တည်း ရောက်ရှိလာသည်ဟူသော ဝါကျအချို့ကိုပင်။
အကယ်၍သာ ရွာထဲလူတစ်ယောက် ဝင်လာမည်ဆိုပါက သေးငယ်သော ရွာကလေး အတွင်း သေချာပေါက် ကြားသိရပေလိမ့်မည်။
အဆုံး၌ ထိုအတွေးက ကူချန်ကို အသက်ပြင်းပြင်းရှူစေမိပြီး မိန်းကလေးပိုင်ထံ ပြန်လည်စိုက်ကြည့်လိုက်မိ၏။
“ စောစောက ငါ မင်းကို ဟာသ လုပ်လိုက်တာပါ အခုပဲ ငါ ဝင်လာခဲ့ပါ့မယ်။ ”
“ ဟမ့် ... ဒီတစ်ခါ ခွင့်လွှတ်လိုက်မယ်၊ ဒါပေမဲ့နောက်တစ်ခါကျရင် ဒီလိုဟာသမျိုးကို ထပ်မလုပ်ရဘူး။ ”
“ ကောင်းပြီ ငါလာခဲ့မယ်။ ”
ကူချန်စကားကြောင့် ကုတင်ပေါ်မှ မိန်းကလေးပိုင်သည် အသာအယာခေါင်းငုံ့ပြီး ရှက်ရွံ့ဟန်ဖြင့် တိတ်ဆိတ်သွား၏။
ကူချန်တစ်ယောက် ရင်တဒိတ်ဒိတ် ခုန်လာခဲ့သည်။ ဤအခြေအနေကိုမကြာသေးမီ ကပင် ကြုံထားဖူး၏။ သို့သော် ယနေ့သည် ထိုစဉ်ကထက် ပို၍စိတ်လှုပ်ရှားစေသည်။
“ ကလောင် ကလောင် ... ။”
လက်ကိုဆန့်ထုတ်ကာ ရှေ့မှောက်ရှိ ပုတီးစေ့လိုက်ကာများကို ဖယ်ရှားပစ်လိုက်၏။ ပုတီးစေ့လိုက်ကာများမှာ ထူးဆန်းမှုများမရှိဘဲ သာမန်လိုက်ကာပုတီးစေ့များပမာ ဘေးဆီသို့ အလွယ်တကူ လွင့်ပါးသွားသည်။
အဆုံးတွင် ကုတင်ပေါ် ထိုင်နေသော မိန်းကလေးပိုင်အခန်းထဲသို့ ရောက်ရှိလာသဖြင့် ခဏရပ်တန့်လိုက်ရ၏။
ကုတင်ပေါ်တွင် ထိုင်နေသော မိန်းကလေးပိုင်၏ ရုပ်ခန္ဓာကောက်ကြောင်းမှာ အလွန်သွယ်လျပြီး ပိန်ပါးချေပြီ။
ကူချန်မှ ဝိညာဉ်အသိဖြင့် စူးစမ်းရန် ကြိုးစားလိုက်သော်လည်း မအောင်မြင်ချေ။ မင်္ဂလာဝတ်စုံနှင် အနီရောင် ခေါင်းဆောင်းသည် သူ့ဝိညာဉ်အသိကို ပိတ်ဆို့ထားချေ၏။
“ ချစ်ဇနီး ... မင်းရဲ့ခေါင်းစွပ်ကို ဖယ်ရှားပေးပါဦး။ ”
ကူချန်မှ ဖျားယောင်းလိုက်သည်။
“ ငါ့ခင်ပွန်း ... ဟာသလုပ်နေပြန်ပြီ၊ ဘယ်သတို့သမီးက ခေါင်းဆောင်းကို ကိုယ်တိုင် ဖယ်ရှားဖူးလဲ။ ”
မိန်းကလေးပိုင်မှ လှောင်ရယ်သံဖြင့် တုန့်ပြန်သည်။ ထိုတုန့်ပြန်မှုကြောင့် ကူချန်က လေထဲပျံဝဲလိုက်ပါလာသော ဓားများအနက် ကျိကျင့်ဓားကို စောင်းငဲ့ကြည့်လိုက်၏။
“ ဖရူး ... ။ ”
သို့သော် ကျိကျင့်ဓားသည် ချက်ချင်း ထိတ်လန့်သွားသကဲ့သို့ ခေါင်းခါသလို ဓားပြကို ယိမ်းထိုးပြလာ၏။ အားကိုးစရာပေပင်။
ဓားတစ်လက်သည် တစ္ဆေသရဲကို ကြောက်တက်သည်လော။ ကူချန်တစ်ယောက် စကားမဆိုတော့ဘဲ ကျိကျင့်ဓားကိုဖမ်းဆွဲကာ အနီရောင်ခေါင်းဆောင်းအပေါ် ဖယ်ရှားရန် ကြိုးစားလိုက်တော့၏။
“ ဟမ့် ... ။ ”
ရုတ်တရက် ခေါင်းဆောင်းအောက်မှ ထွက်ပေါ်လာသော မိန်းကလေးပိုင်၏ မျက်နှာ အသွင်အပြင်ကြောင့် ကူချန်ခမျာ မျက်လုံးများ ပြူးကျယ်သွားရတော့သည်။
ဤသည်မှာ အဖြူရောင် ဦးခေါင်းခွံကြီး တစ်ခုဖြစ်၏။ မျက်တွင်းများမှာ ဟောက်ပက် ဖြစ်ပြီး အတွင်း၌ အစိမ်းရောင်မီးတောက်နှစ်စ တောက်လောင်နေခဲ့သည်။
ထိုအရိုးစုကြီးသည် မေးရိုးများ အထက်အောက်လှုပ်ရှားနေပြီး ကြည်လင်သော စကားသံများကို ထွက်ပေါ်စေတော့၏။
“ ငါ့ခင်ပွန်း ... ငါ လှရဲ့လား။ ”
ကူချန်တစ်ယောက် မျက်နှာပေါ်တွင် မည်သည့်ခံစားချက်မျှမရှိတော့ဘဲ ဝိညာဉ်ဓား နှစ်ဆယ့်လေးလက်စလုံးဖြင့် ချက်ချင်း ထိုးသွင်းပစ်လိုက်လေသည်။
“ မင်းက တကယ်လှတဲ့ အရိုးစုပါပဲ။ ”
***
အခန်း ၂၂၂ –
ငါ့ခင်ပွန်း ... ဘာလို့ ငါ့ကိုသတ်ရတာလဲ။
“ ဝှစ် ... ။ ”
ကူချန်စကားဆုံးသည်နှင့် ဝိညာဉ်ဓားနှစ်ဆယ့်လေးလက်သည် သူမကို တစ်ပြိုင်နက်တည်း ဖျက်ဆီးရန် ဝင်ရောက်သွားတော့၏။
“ ခရစ် ... ။ ”
“ ဝုန်း ... ။ ”
မိန်းကလေးပိုင် ခန္ဓာကိုယ်ကြီးသည် ထိုဓားများအောက်တွင် အစိတ်စိတ်အမွှာမွှာ ကြေမွသွားတော့သည်။
“ ငါ့ခင်ပွန်း ... ငါလှရဲ့လား။ ”
သို့တိုင် မိန်းကလေးပိုင်၏ နူးညံ့ချိုသာပြီး ရှက်ရွံ့မှုများ ပြည့်နှက်နေသော ထိုအသံသည် အခန်းတွင်း ပဲ့တင်ထပ်နေသေး၏။ ယင်းက ကူချန်ကို ကျောရိုးထဲအထိ စိမ့်အောင် အေးစက်သွားစေသည်။
“ ဝူး ... ။ ”
“ ဝုန်း ... ။ ”
ထိုစဉ် မည်သည့်အရပ်ကနေ တိုက်ခတ်လာမှန်းမသိရသော လေပြင်းများ တိုက်ခိုက်လာခဲ့ပြီး ပြတင်းပေါက်များကို ဝုန်းခနဲပွင့်သွားစေကာ နံရံနှင့်ရိုက်မိလျက် တဂျိမ်းဂျိမ်း တဂျွတ်ဂျွတ်မြည်သံများ ထွက်ပေါ်လာစေခဲ့သည်။
အနီရောင် ဖယောင်းတိုင်မီးများမှာ ထိုလေအဟုန်ကြောင့် ပြင်းစွာတုန်ခါသွား၏။ သို့သော် ငြိမ်းသွားခြင်းမရှိဘဲ ဆက်လက်၍ တောက်လောင်နေခဲ့သည်။
“ ငါ့ ခင်ပွန်း ငါလှလား။ ”
ကူချန်မှ မျက်ဝန်းများ မှေးစဉ်းကာ ပတ်ဝန်းကျင်ထံ အကဲခတ်ကြည့်လိုက်သည်။ အကယ်၍သာ ပြင်ပတွင်သာဆိုသော် လက်ရှိ အခြေအနေသည် သရဲတစ္ဆေတစ်ကောင်မှ စနောက်နေသည်ဟုပင် ထင်မှားမိပေမည်။
“ ရှပ် ... ရှပ် ... ။ ”
ထိုစဉ်သဲပြင်ပေါ်တွင် ပုရွက်ဆိတ်များ အုပ်စုလိုက်လျှောက်လှမ်းနေသကဲ့သို့ အသံများ ကြားလိုက်ရသည်။
ကြမ်းပြင်ပေါ်ရှိ အမှုန်အမွှားများသည် ပြန်လည်စုစည်းလျက် ခဏချင်းမှာပင် ခြေဖဝါး ပုံစံမှသည် ခြေသလုံးရိုးပုံစံအဖြစ် စုစည်း ဖြစ်ပေါ်လာနေတော့၏။
“ ဒါက မကောင်းဆိုးဝါး ဝိညာဉ်လား။”
ကူချန်တစ်ယောက် မျက်လုံးများမှ သန့်စင်သောမီးလျှံများ ထွက်ပေါ်လာကာ ဝတ်ရုံသဖွယ် သူ့ကိုယ်သူ ဖုံးအုပ်ပစ်၏။
“ သွား ... ။ ”
ထို့နောက်တွင် သန့်စင်သော မီးတောက်များဖြင့် ထိုအရိုးစုထံ ပစ်ခတ်လိုက် လေသည်။ ချက်ချင်းပင် ရွှေရောင် မီးနဂါးကြီး တစ်ကောင်အဖြစ် ထွက်ပေါ်လာကာ အရိုးစုကို ပြာအဖြစ်သို့ လောင်ကျွမ်းတော့၏။
“ ရှဲ ... ။ ”
အရိုးစုပေါ်မှ အနက်ရောင်မီးခိုးငွေ့များ ဆက်တိုက်ထွက်ပေါ်လာခဲ့သည်။ သေချာပေါက် မကောင်းဆိုးဝါးဝိညာဉ်ပေပင်။
“ စမ်းသပ်မှုရဲ့ ရည်ရွယ်ချက်က ဒီမကောင်းဆိုးဝါးဝိညာဉ်ကို အနိုင်ယူဖို့လား။ ”
ကူချန်မှ တွေဝေသွားသည်။ ဤရွာကလေးမှာ အလွန်ပင်ထူးဆန်းလှချေ၏။ အသွင်အပြင်အရ ပြင်ပလောကရှိသုခဘုံ တစ်ခု နှင့်တူသော်လည်း အမှန်တွင် ထိုမျှမရိုးရှင်းချေ။ သာမန်မဟုတ်သော အငွေ့အသက်များရှိနေ၏။
သန့်စင်သော မီးတောက်က အရိုးစုအားလုံးကို ဝါးမြိုဖျက်ဆီးပစ်လိုက်သည့် အခါ အခန်းတွင်းရှိ အမျိုးသမီးအသံသည်လည်း တိတ်ဆိတ်သွားခဲ့သည်။
“ မဟုတ်သေးဘူး ... ။ ”
သို့သော် ကူချန်သည် တစ်စုံတစ်ရာ မှားယွင်းနေကြောင်းခံစားမိကာ ရုတ်တရက် ပြတင်းပေါက်ထံ လျှောက်လှမ်းပြီး အပြင်သို့ လှမ်းကြည့်လိုက်သည်။
ပြတင်းပေါက် အပြင်တွင် လေပြင်းများ တဖြည်းဖြည်း ပြင်းထန်လာကာ မီးအိမ်များကို လင်းတစ်လှည့် မှောင်တစ်လှည့်ဖြစ်နေစေ၏။ သစ်ရွက်အချင်းချင်း ပွတ်တိုက်သံများပင် ကြားလာရသည်။
“ ဘာမှားနေတာလဲ။ ”
သို့သော် ထိုအသံများသည် အနည်းငယ် ထူးဆန်းနေသည်။ သစ်ရွက်များ ပွတ်တိုက်သံ ဆိုပါက လေတိုက်ရာ အရပ်မျက်နှာအတိုင်း ရှိနေရပေမည်။
“ ဝှစ် ... ။”
ဤအချက်ကို တွေးမိလိုက်သည်နှင့် အခန်းအပြင်သို့ အလျင်အမြန် ပြေးထွက်လာပြီး အမိုးပေါ်ခုန်တက်ကာ ပတ်ဝန်းကျင်ထံ စစ်ဆေးကြည့်လိုက်၏။
“ ဟမ့် ... ဘာတွေလဲ ... ။ ”
မျက်ဝန်းများ ရုတ်ချည်း မှေးစင်းသွား ပြီးနောက် မြင်ရသည်များကို မယုံကြည်နိုင် လောက်အောင် ဖြစ်သွားရ၏။
ပိုင်အိမ်တော် ပတ်ဝန်းကျင်ရှိ သစ်ပင်များအားလုံးသည် အမြစ်မှကျွတ်ကာ အကိုင်းအခက်များ ဝှေ့ယမ်းလျက်ဖြင့် လျှောက်လှမ်းလာနေကြချေပြီ။
မြေပြင်သည်ပင် အနည်းငယ်မျှ တုန်ခါနေခဲ့ပြီး နေရာအနှံ့ရွေ့လျားလာသံများ ပြည့်နှက်နေတော့၏။
“ ငါ့ခင်ပွန်း ... မင်းဘာလို့ငါ့ကို သတ်ရတာလဲ။ ”
လေထုအလယ် အစောပိုင်းက အမျိုးသမီးအသံသည် ထပ်မံ ထွက်ပေါ်လာ တော့သည်။ သို့သော် ဤတစ်ကြိမ်တွင်မူ အသံသည် ယခင်ထက် ပိုမိုအေးစက်နေ၏။
သစ်ပင်ကြီးများသည်လည်း ပိုင်အိမ်တော်ခြံစည်းရိုးကို ဖြတ်ကျော်လျက် ဝင်ရောက်လာကြတော့သည်။
သူတို့က ကူချန်ထံသို့ သစ်ကိုင်းများကို ဆန့်ထုတ်လိုက်ကြပြီး ဖမ်းဆီးရန်ကြိုးစားလာ ကြလေသည်။
“ ပိုင်းဖြတ်လိုက် ... ။ ”
ကူချန်တစ်ယောက် ဝိညာဉ်ဓား နှစ်ဆယ့်လေးလက်စလုံးကို ထိန်းချုပ်လိုက်ပြီး ထိုလက်တံများထံ တိုက်ရိုက် ခုတ်ပိုင်း ပစ်လိုက်တော့၏။
ရှုပ်ထွေးလှသော ဓားချက်များသည် တောက်ပလွန်းသည့် ဓားရောင်ဝါအလင်းများ သယ်ဆောင်လျက် ညအမှောင်ထုကို ချက်ချင်း လင်းလက်သွားစေသည်။
“ ဝှစ် ... ။ ”
“ ဝှစ် ... ။ ”
သစ်ပင်မိစ္ဆာများသည် စက္ကူများပမာ ဓားချက်များအောက်တွင် အမှုန့်ဖြစ်သွားသည်။ ကူချန်တစ်ယောက် အံ့အားသင့်သွားရ၏။
ဤသစ်ပင်စ္ဆာများမှာ လွန်စွာအားနည်းလွန်းချေပြီ။ သို့သော် မကြာမီ တစ်စုံတစ်ရာ မှားယွင်းနေကြောင်း ချက်ချင်း သတိပြုမိလာတော့၏။
ယင်းမှာ ပတ်ဝန်းကျင်ရှိ တလျှောက်ရှိ သစ်တောကြီးသည် တောင်ကုန်းများအပေါ်မှ ဆင်းသက်လာနေကြခြင်းဖြစ်သည်။
ဖြူဖျော့နေသော လမင်းအလင်းရောင် အောက်တွင် ရေတွက်၍ သစ်ပင်မိစ္ဆာများသည် ဒီရေအလား လျှောက်လှမ်းလာနေ၏။
လေးလံလှသော ခြေလှမ်းများသည် တဂျိုးဂျိုးတဂျွတ်ဂျွတ်ဖြင့် ပိုင်အိမ်တော်ဆီသို့ ဦးတည်ရွေ့လျားလာချေပြီ။
“ အရမ်းများတယ် ... ။ ”
မျက်စိတဆုံး သစ်ပင်ကြီးများ အသက်ဝင်ကာ ထိုဒီရေလှိုင်းအတွင်းလိုက်ပါ လာကြတော့သည်။
ဤသည်မှာ များပြားလွန်းသဖြင့် ထိုမိစ္ဆာများအပေါ် သုတ်သင်ရှင်းလင်းရန်မှာ စစ်မှန်သောချီကို များစွာကုန်ဆုံးစေမည်။
သို့သော် ယင်းသည် ပြဿနာမဟုတ်ချေ။ ဤဒေသတွင် ဝိညာဉ်စွမ်းအင်များမှာ ပေါများလှ သဖြင့် ခရမ်းရောင်နေမင်းကိုးစင်းကို လှည့်ပတ် လိုက်ရုံဖြင့် ပြန်လည်ရရှိနိုင်မည်။
သို့သော် ဤသစ်ပင်မိစ္ဆာများ၏ အရေအတွက်မှာမူ အလွန်ပင် ကြောက်စရာ ကောင်းလှသည်။
တောင်တန်းများ နောက်ကွယ်ရှိ ကျယ်ပြောလှသော သစ်ပင်များအားလုံးသာ လိုက်ပါလာမည်ဆိုသော် စစ်မှန်သောချီများ လုံလောက်နေသော်မှ ပင်ပန်းနွမ်းနယ်၍ သေဆုံးသွားရပေလိမ့်မည်။
ခရမ်းရောင်နေမင်းနယ်ပယ်သည် စင်ကြယ်ခြင်းနယ်ပယ်အဆင့်နှင့် မတူချေ။ စင်ကြယ်ခြင်းအဆင့်သည် ရုပ်ခန္ဓာအပေါ် အပြီးသတ်သန့်စင်ခြင်းဖြစ်သည်။
ထို့ကြောင့် ခန္ဓာကိုယ်အတွင်းရှိ ဆဲလ်တိုင်းတွင် သန့်စင်သောစွမ်းအားများဖြင့် ကိန်းအောင်နေမည်။ အနည်းငယ် အားစိုက် လိုက်ရုံဖြင့် စွမ်းအင်များဆက်မပြတ် ထွက်ပေါ်လာပေလိမ့်မည်။
ယင်းသည် ပတ်ဝန်းကျင်အတွင်း ဝိညာဉ်စွမ်းအင် မလုံလောက်ခြင်းမျိုးသည်သာ ဖြစ်နိုင်ပြီး စစ်မှန်သောချီကုန်ဆုံးခြင်းမျိုး မရှိနိုင်ချေ။
“ ငါ ဒီနေရာကနေ အမြန်ဆုံး ထွက်သွားမှ ဖြစ်မယ်။ ”
ဤသစ်ပင်မိစ္ဆာများမှာ အလွန် အားနည်းသော်လည်း အရေအတွက်အရ ကြောက်စရာကောင်းလွန်းလှသည်။
ရုတ်တရက် သန့်စင်သော မီးတောက်ကို သတိရလာသည်။ မကောင်းဆိုးဝါး ဝိညာဉ်များ အပေါ် ထိုမီးတောက်သည် သက်ရောက်မှုများ ပြင်းထန်ချေပြီ။
“ ငါ့ခင်ပွန်း ... ဘာလို့ ငါ့ကိုသတ်ရတာလဲ။ ”
မိန်းကလေးပိုင်၏ အသံက သစ်ပင်မိစ္ဆာများနှင့်အတူ ပဲ့တင်ထပ်လာသည်။ ကူချန်မှ တုန့်ဆိုင်းမနေတော့ဘဲ သန့်စင်သော မီးတောက်ကို ပစ်ခတ်လိုက်၏။
“ ဝူး ... ။ ”
သန့်စင်သော မီးတောက်သည် မီးနဂါးကြီးကိုးကောင်အဖြစ် ပြောင်းလဲကာ သစ်ပင်မိစ္ဆာများထံသို့ ကျဆင်းသွားသည်။
ဤသည်မှာ မီးနဂါးကိုးပါးထိန်းချုပ်ခြင်း နည်းစနစ်ပေပင်။ ဆေးဝါးဖော်စပ်ရန်အတွက် အသုံးပြုနိုင်သည်သာမက တိုက်ခိုက်ရာ၌လည်း အသုံးပြုနိုင်သည်။
မီးနဂါးကိုးကောင်၏ လောင်မြိုက်မှု အောက်တွင် သစ်ပင်မိစ္ဆာများစွာမှာ ပြာအဖြစ် ပျက်စီးသွားတော့၏။
ယင်းသည် အဆုံးသတ်မဟုတ်ချေ။ မီးတောက်များသည် မြေပြင်တလျှောက်ပျံ့နှံ့ပြီး ဆက်၍ ကူးစက်လောင်ကျွမ်းနေခဲ့သည်။
“ တကယ် အသုံးဝင်တယ်။ ”
ခဏချင်းမှာပင် ကူချန်ကို ဗဟိုပြုလျက် မီးပင်လယ်ကြီး ဖြစ်ပေါ်လာသည်။ သစ်ပင်မိစ္ဆာ များသည် ထိုမီးပင်လယ်ကြီးကိုရှောင်တိမ်းရန် ဆုတ်ခွာသွားကြတော့၏။
သို့သော် များမကြာခင် ပေတစ်ရာအတွင်း သစ်ပင်မိစ္ဆာများ ပြန်လည်ဆုတ်ခွာကုန်သဖြင့် သန့်စင်သောမီးတောက်မှာ လောင်စာကုန် သွားလေသည်။ ထို့ကြောင့် ပြန်လည် ခေါ်ယူလိုက်ရ၏။
ဓားပျံများ အသုံးပြုခြင်းသည် စွမ်းအင်ကုန်ဆုံးမှု နည်းပါးသည်။ သန့်စင်သော မီးတောက်မှာမူ ဆန့်ကျင်ဘက်ပေပင်။
ထို့ကြောင့် ပိုမိုကောင်းမွန်သော အကျိုးသက်ရောက်မှုမျိုးမရှိပါက ဓားပျံများကို အသုံးပြုရန်သာ ရွေးချယ်မိပေမည်။
“ ဝှစ် ... ။ ”
ရုတ်ချည်း အိမ်ခေါင်မိုးပေါ်မှခုန်ချကာ မီးလောင်ကျွမ်းနေသည့် လမ်းအတိုင်း ခြံပြင်သို့ ပြေးထွက်လာခဲ့သည်။
“ ငါ့ခင်ပွန်း ... ဘာလို့ ငါ့ကိုသတ်ရတာလဲ။ ”
မိန်းကလေးပိုင်အသံက ထပ်မံ၍ ပဲ့တင်ထပ်လာ၏။ ထို့အတူ သစ်ပင်မိစ္ဆာများမှာ ကူချန်နောက်သို့ လိုက်ပါလာခဲ့သည်။
ကူချန်တစ်ယောက် လှည့်မကြည့်ဘဲ ရွာငယ်လေးထံသို့ ဦးတည်ပြေးလွှားလိုက်၏။ အနည်းဆုံးတော့ ရွာထဲတွင် ဤပြဿနာကို ဖြေရှင်းရန် နည်းလမ်းအချို့ ရှိနိုင်ပေမည်။
“ ငါ့ခင်ပွန်း ... ဘာလို့ ငါ့ကိုသတ်ရတာလဲ။ ”
***