← Chapters

အခန်း (၂၂၃-၂၂၄)

Vol. 19 Ch. 223-224

အခန်း (၂၂၃-၂၂၄)

Vol. 19 Ch. 223-224

အခန်း ၂၂၃ –

လွတ်မြောက်ခြင်း ... ။

တစ်စုံတစ်ယောက်၏ စောင့်ကြည့်ခြင်း ခံနေရသည်ဟု ခံစားလာရသဖြင့် ကူချန်ခမျာ ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။

ယင်းသည် မိန်းကလေးပိုင် ဖြစ်ပုံရ၏။ သူမသည် အမှန်တကယ် သေဆုံးသွားပုံမရချေ။ ရုတ်တရက် အ​ကြည့်များ ပိုင်အိမ်တော်ဆီသို့ ကျရောက်သွားကာ အံ့အားသင့်သွားသည်။

“ ဒါ ... ။”

ခြံဝင်းတစ်ခုလုံး အပျက်အစီးများသာ ​ဖြစ်နေချေ၏။ အလွန်ကြီးကျယ်ခမ်းနား​သော အမိုးစွန်းများသည် ပြိုကျနေပြီး ပေါင်းမြက်များ ထူထပ်စွာ ပေါက်ရောက်နေခဲ့သည်။

နေရာအတော်များများတွင် မီးလောင်ကျွမ်းထားသကဲ့သို့ သစ်သားတိုင်များ မီးသွေးခဲများပမာ မည်းနက်နေသည်။

“ ဝှစ် ... ။ ”

မျက်မှောင်ကြုတ်လျက် လေထဲ ချက်ချင်းပျံတက်လိုက်၏။ သစ်ပင်မိစ္ဆာများမှာ အနာမကပ်ဝံ့သော်ငြားလည်း အဝေးထံပါးမှ လိုက်ပါလာနေကြဆဲ ဖြစ်သည်။

များမကြာခင် ရွာလေးထံသို့ ပြန်လည်ရောက်ရှိလာ၏။ သို့သော် ရွာကလေး သည်လည်း အလားတူပင် ပျက်စီးနေသော ပုံစံမျိုးဖြစ်နေချေပြီ။

နေရာတိုင်းတွင် ပြိုကျနေသော နံရံများစွာနှင့် နေရာအနှံ့အပြား ပေါင်းပင်းများ ပေါက်ရောက်‌နေပြီး ပင့်ကူအိမ်များသည်သာ ပြည့်နှက်နေသည်။

“ ငါ့ကို သရဲခြောက်နေတာလား။ ”

ဤသည်မှာ သေချာပေါက် လူသူမရှိသော ရွာပျက်ကြီးတစ်ခုသာ ဖြစ်ချေ၏။ ကူချန်ခမျာ သံသယများ ဝင်လာခဲ့သည်။

“ ငါ့ခင်ပွန်း ... မင်းဘာလို့ ငါ့ကိုသတ်ရတာလဲ။ ”

သို့သော် နောက်ကနေ လိုက်ပါလာသော သစ်ပင်မိစ္ဆာများနှင့် လေထဲတွင် လွင့်ပျံနေသော ထိုအမျိုးသမီး၏ အသံမှာမူ ပဲ့တင်ထပ် နေဆဲပေပင်။

အသက်ပြင်းပြင်းရှူလျက် ရွာအပြင်ဘက်ဆီသို့ ဦးတည်သွားလိုက်သည်။ များမကြာခင် ရွာအဝင်သို့ရောက်ရှိလာ၏။

သို့သော် သူ့ရှေ့က လမ်းလေးသည် မှောင်မည်းနေပြီး အဝေးမှရှုခင်းများကိုပင် သဲသဲကွဲကွဲ မမြင်ရချေ။ ဆိုလိုသည်မှာ ဤရွာမှ ထွက်ခွာ၍မရဟု အဓိပ္ပါယ်ပေပင်။ တစ်ဖက်တွင် သစ်ပင်မိစ္ဆာများသည်လည်း တရွေ့ရွေ့ဖြင့် နီးကပ်လာနေသည်။

၎င်းတို့၏ခွန်အားသည် ရှန်ရှင်းနယ်ပယ်သာ ဖြစ်သော်လည်း အရည်အတွက်မှာ သိန်းဂဏန်း ကျော်ရှိနေသည်။ ထိုပမာဏသည် သူ့ကိုပင် ဦးရေပြားများ ထုံကျဉ်သွားစေ၏။

“ ဝှစ် ... ။ ”

အံကြိတ်လျက် အရှိန်ကို တိုးမြှင့်ပျံသန်းလိုက်သော်လည်း မြင်ကွင်းသည် မထူးခြားချေ။ အိမ်မက်အတွင်း ပျံသန်းနေ သကဲ့သို့ ရှုခင်းများသည် အမြဲတမ်း တစ်သမတ်တည်းသာ ဖြစ်နေသည်။

ထို့ကြောင့် တရွေ့ရွေ့ဖြင့် နီးကပ်လာနေသော သစ်ပင်မိစ္ဆာများထံသို့ ပြန်လှည့်ပြီး ရင်ဆိုင်လိုက်ရ၏။

“ ဝုန်း ... ။ ”

ချက်ချင်းပင် ဓားရောင်ဝါသည် မုန်တိုင်းအလားပေါက်ကွဲကာ ပေတစ်ရာဧရိယာ အတွင်းရှိ သစ်ပင်မိစ္ဆာများအားလုံးကို အမှုန့်ချေပစ်လိုက်လေသည်။

ဤသစ်ပင်မိစ္ဆာများကို သတ်ရန် မခက်ခဲသော်လည်း တစ်ချိန်လုံးသတ်နေခြင်းမှာ အဖြေမဟုတ်ချေ။ ထွက်ပေါက်ကို ရှာဖွေရပေမည်။

အတွေးများဖြင့် ရွာအပြင်သို့ ပျံသန်းနေခြင်းကိုရပ်နားကာ ရွာပျက်ကြီးထံ ပြန်လှည့်လာခဲ့သည်။ လမ်းတလျှောက်တွင် သစ်ပင်မိစ္ဆာများကို ဓားရောင်ဝါမုန်တိုင်းဖြင့် သုတ်သင်ဖြတ်ကျော်လာခဲ့ရ၏။

“ ငါခင်ပွန်း မင်းဘာဖြစ်လို့ ငါ့ကိုသတ်ရတာလဲ။ ”

ထို့ကြောင့် သစ်ပင်မိစ္ဆာများအတွင်း ပေတစ်ရာခန့်ကျယ်သော စွတ်ကြောင်းတစ်ခု ထွက်ပေါ်လာခဲ့သည်။

ထိုလမ်းကြောင်းတဝိုက်ရှိ သစ်ပင်မိစ္ဆာများသည် အပိုင်းအစများအဖြစ် ကြေမွှပျက်စီးနေတော့၏။ သို့သော် ထူးဆန်း လွန်းသည်မှာ ထိုမျှများပြားသောသစ်ပင်မိစ္ဆာ အပိုင်းအစများသည် မြေပြင်၌စုပုံခြင်းမရှိချေ။

ယင်းအစား မြေပြင်သည် ထိုအပိုင်းအစများကို တိတ်တဆိတ် ဝါးမျိုးပြီး အသစ်အသစ်များ ပြန်လည်မွေးဖွားပေး နေတော့၏။

“ ရွာလူကြီး ... ။ ”

ဤနည်းဖြင့် သစ်ပင်မိစ္ဆာသံသရာကို အဆက်မပြတ် မွေးဖွားပေးနေသည်။ ကူချန်မှ ရုတ်တရက် ရေရွတ်လိုက်ပြီး ရွာလူကြီးနှင့်အတူ ငါးမျှားခဲ့သောအရပ်သို့ လှည့်ကြည့်လိုက်၏။

သည့်နောက် စွတ်ကြောင်းကြီးသည် ထိုအရပ်သို့ ဦးတည်ရွေ့လျားသွားတော့သည်။ ဤရွာအတွင်း ဖြစ်ပျက်ခဲ့သမျှတွင် အဓိက ဇာတ်ကောင်နှစ်ဦးသာရှိ၏။

ယင်းသည် ရွာသူကြီးနှင့် မိန်းကလေးပိုင်ဖြစ်သည်။ မိန်းကလေးပိုင်သည် သစ်ပင်မိစ္ဆာများကိုထိန်းချုပ်ကာ အဆုံးမဲ့ဒုက္ခ ပေးစွမ်းလျက် ရွာသူကြီးသည်အိပ်နေ၏။

သည့်ပြင် ရွာသူကြီးသည် ယနေ့အတွက် သတို့သားအကြောင်းမပြောချေ။ ယင်းအစား ငါး မရှိသောဤအရပ်တွင် ငါးမျှားကာ၊

“ မေ့လိုက်ပါ ... ဒီဘက်မှာ ငါးလုံးဝ မရှိတော့ဘူး ငါးတွေအားလုံး ဟိုဘက်ကမ်းကို ရောက်သွားကြပြီ။ ”

-ဟု အဓိပ္ပါယ်မဲ့သော စကားများ ဆိုခဲ့သည်။

ထို့ကြောင့် ရွာသူကြီးညွှန်ပြသော စမ်းချောင်းတွင် အဖြေရှိနိုင်၏။ နေ့ခင်းဘက်က သူ ထွက်ခွာရန် ကြိုးစားစဉ် ဤစမ်းချောင်းကို ဖြတ်ကျော်ကြည့်ဖူးသည်။ ထိုစဉ်က ဖြတ်ကျော်၍ မရခဲ့ချေ။

စမ်းချောင်းလေး၏ တစ်ဖက်ကမ်းတွင် ကျယ်ပြောလှသော လယ်ကွင်းများသာရှိနေပြီး အမှောင်များရှိနေသည်။ သို့သော် သစ်တောကြီးများမရှိချေ။

အတွေးဖြင့် ကျောက်တံတားအပေါ် လှမ်းတက်လိုက်လေသည်။ တံတားအလယ်သို့ ရောက်ရှိလာသည့်အခါ မူလက အမှောင်များ ပြည့်နေသည့် ညဉ့်ယံသည် ရုတ်ချည်းပင် အလင်းရောင်များပေါ်လာသည်။

“ ဒါပဲ ... ။ ”

ချက်ချင်း အရှိန်ကိုမြှင့်တင်လိုက်ရာ မြင်ကွင်းထဲ တဖြည်းဖြည်း အလင်းရောင်များ ပေါ်ထွက်လာခဲ့သည်။ ယင်းသည် အာရုဏ်ဦး အလင်းများ တက်လာသကဲ့သို့ ဝင်းပလာ၏။

တံတားအဆုံးသို့ ရောက်ချိန်တွင် တောက်ပနေသော နေမင်းကြီးတစ်စင်းသည် မိုးကုပ်စက်ဝိုင်းမှ ခေါင်းပြူထွက်လာသည်ကို မြင်လိုက်ရသည်။

“ မနက်လင်းပြီလား ... ။ ”

ကူချန်မှ မျက်ခုံးပင့်လျက် တံတားတစ်ဖက်ကမ်းဆီသို့ ပြန်ကြည့်လိုက်၏။ ဤကောင်းကင်နှင့် မြေကြီးသည် မူလအတိုင်း ပြန်လည်ရောက်ရှိသွားခဲ့ချေပြီ။ စိမ်းလဲ့နေသော တောင်တန်းများနှင့် တိမ်တိုက်ဖြူဖြူများသည် ရွာလေးအတွင်း လွင့်မျောနေသည်။

စာငှက်ကလေးအချို့သည် တကျီကျီအော်မြည်ပျံသန်းလျက် အရာအားလုံး ပန်းချီကားတစ်ချပ်ပမာ လှပနေ၏။

နေအိမ်အချို့သည်ပင် နိုးထလာဟန် မီးခိုးငွေ့များတလူလူလွင့်လျက် အပြာနုရောင် အမိုးများ၊ ဖြူဖွေးသောနံရံများကို ပြန်မြင်လာရသည်။

မိုးမခပင်များသည် နုပျိုသော အရွက်စိမ်းလေးများ တိုးထွက်ပေါ်လာပြီး မက်မွန်ပင်များမှာ ပန်းရောင်သန်းနေသော ပန်းပွင့်လေးများ ဝေဆာနေ၏။

ဤမြင်ကွင်းသည် ငြိမ်းချမ်းခြင်း၊ သဘာဝကျခြင်းနှင့် သဟဇာတဖြစ်ခြင်းများ ပါဝင်နေသည်။ မြင်တွေ့ခဲ့ရသမျှ အရာအားလုံး အိပ်မက်တစ်ခုပမာပေပင်။

ထို့ကြောင့် မျက်လုံးများတွင် နက်ရှိုင်းလှသော သံသယများနှင့် နားမလည် နိုင်မှုများ ဝင်ရောက်လာခဲ့သည်။

“ ဒါက ဘာဖြစ်ခဲ့တာလဲ။ ”

ဤဇာတ်လမ်းတွင် တစ်ခုခု လွဲချော်နေသကဲ့သို့ သူ ခံစားလာရလေသည်။ ပိုင်အိမ်တော်မှ စတင်သော ပြောင်းလဲမှုမှာ နားမလည်နိုင်စရာပေပင်။

နေ့ခင်းဘက် အေးချမ်းလွန်းသော ရွာကလေးသည် ညခင်းအချိန်၌အဘယ်ကြောင့် ဤသို့ပြောင်းလဲသွားသည်ကို အဖြေမရှိချေ။

သို့​မဟုတ် ညအချိန်အခါသည်သာ ဤရွာလေး၏ အစစ်အမှန်အသွင်အပြင်ဖြစ်ပြီး မနက်ခင်းအချိန်အခါသည် မျက်နှာဖုံးပေပင်။

“ ဒါက သရဲရွာများလား။ ”

သို့သော် ထိုအတွေးကို ချက်ချင်း ပယ်ချလိုက်သည်။ အဘယ်ကြောင့်ဆိုသော် မိန်ကလေးပိုင်ကို သတ်ဖြတ်ပြီးနောက်မှသာ အဖြစ်အပျက်များ ထွက်ပေါ်လာခြင်းဖြစ်၏။

သူသည်သာ ရွာသူကြီးအိမ်၌ အိပ်စက်နေခဲ့သော် ဤမျှသောခြောက်ခြားဖွယ် ဖြစ်ရပ်များနှင့် ခြားနားစွာ အေးချမ်းပေမည်။

အရုဏ်ဦးအောက်၌ တရွေ့ရွေ့ နိုးထလာပြီဖြစ်သော ရွာလေးထံငေးကြည့်ပြီး အတွေးများရှုပ်ထွေးလာသည်။

အကယ်၍သာ ရွာလူကြီးကတော် စကားနားထောင်၍ အိပ်စက် ခဲ့မည်ဆိုပါက ဤအရာများ ကြုံတွေ့ရနိုင်မည်လော။ မသေချာချေ။

ထိုစဉ် သူ့ရှေ့ရှိ လေထုသည် အလင်းများစုစည်းလျက် ပန်းချီကားချပ်တစ်ချပ် ရုတ်ချည်းပွင့်လာတော့ခဲ့သည်။

“ ဝမ် ... ။ ”

***

အခန်း ၂၂၄ -

မက်မွန်ဥယျာဉ် ... ။

ဤသည်မှာ ကျောက်စိမ်းစာလိပ် တစ်ချပ်ပေပင်။ ၎င်းကျောက်စိမ်းစာလိပ်သည် ဖြည်းညှင်းစွာ ပြေကျလာပြီး စာသားများ တရိပ်ရိပ်ဖြစ်ပေါ်လာ၏။ ဤသည်မှာ ပုံပြင်လေးတစ်ပုဒ်​ပေပင်။

ပုံပြင်သည် ဤသို့ဖြစ်သည်။ တစ်ချိန်က ထူးချွန်ထက်မြက်လှသော ကျန်းမျိုးရိုးမှလူငယ် တစ်ဦးသည် ငယ်ငယ်ရွယ်ရွယ်နှင့် ကျန်းရှီဘွဲ့ရရှိခဲ့၏။

တစ်နေ့တွင် ထိုလူငယ်သည် စာမေးပွဲဖြေဆိုရန် တော်ဝင်မြို့တော်ဆီသို့ ခရီးထွက်လာခဲ့သည်။

လူငယ်သည် ထောင်ယွမ်ရွာလေးထံ ရောက်ရှိလာစဉ် နေဝင်သွားသဖြင့်တစ်ညတာ တည်းခိုရန် ဆုံးဖြတ်လိုက်၏။

ထိုညတွင် လူငယ်လေးသည် မိန်းကလေးပိုင်နှင့် မတော်တဆဆုံတွေ့ကာ နှစ်ဦးသား ချစ်ကျွမ်းဝင်သွားကြ၏။

ထိုလူငယ်အမည်မှာ ကျန်းစန်းဖြစ်ပြီး အရည်အချင်းပြည့်ဝရုံသာမက ရုပ်ရည်လည်း တင့်တယ်ခန့်ညားချေသည်။ ပိုင်သခင်ကြီးမှ သဘောကျသဖြင့် ငြင်းဆန်ခြင်းမပြုခဲ့ဘဲ၊

“ မင်း ​တော်ဝင်စာ​မေးပွဲအောင်ပြီး ဘွဲ့ထူးဂုဏ်ထူးရလာတဲ့အခါကျရင် ငါ့သမီးကို မင်းနဲ့လက်ထပ်ပေးမယ်။ ”

-ဟု ကတိပေးလိုက်သည်။

ကျန်းစန်းတစ်ယောက် ဝမ်းမြောက်ဝမ်းသာစွာဖြင့် မိန်းကလေးပိုင်ထံ ကတိကဝတ်များစွာ ပေးအပ်ပြီး ခရီးဆက် သွားတော့သည်။

သို့သော် ကျန်းစန်းသည် ထောင်ယွမ်ရွာလေးမှ ထွက်ခွာသွားပြီးနောက် စာချွန်လွှာများသာ ပေးပို့နိုင်ခဲ့၏။ ပြန်မလာ နိုင်ခဲ့ချေ။

နှစ်အနည်းငယ်အကြာတွင် တိုင်းပြည်အတွင်း မ​ငြိမ်းချမ်းမှုများနှင့်အတူ မြောက်ပိုင်းတပ်မတော်သည် တောင်ပိုင်းသို့ သိမ်းပိုက်ရန်စစ်ချီလာခဲ့သည်။

လမ်းတစ်လျှောက် ​​မြင်သမျှ ရွာတိုင်း မီးရှို့ဖျက်ဆီးကာ လုယက်သတ်ဖြတ်လာခဲ့ပြီး ထောင်ယွမ်ရွာသို့ ရောက်ရှိလာ၏။ ထို့ကြောင့် ရွာတစ်ရွာလုံး သတ်ဖြတ်ခြင်း ခံလိုက်ရသည်။

မိန်းကလေးပိုင်မှာမူ ချောမောလွန်းသော အသွင်ကြောင့် မြောက်ပိုင်းစစ်သည်များသည် ကာမအတွက် အသုံးချရန် ပစ်မှတ်ထားခဲ့၏။

သို့သော် မိန်းကလေးပိုင်သည် သူမ၏ အိန္ဒြေသိက္ခာအတွက် ပိုင်အိမ်တော်အနောက်ရှိ တောင်တန်းများပေါ်သို့ တက်​ရောက်လိုက်ကာ တောမီးရှို့လျက် မီးပုံထဲခုန်ဆင်းသွားချေပြီ။

ထိုတောမီးသည် ငါးရက်ငါးညတိုင် တောက်လောင်ခဲ့၏။ နှစ်အနည်းငယ်အကြာ၌ ကျန်းစန်းသည် စစ်သူကြီးရာထူးဖြင့် သူမကို လက်ထပ်ရန် ထောင်ယွမ်ရွာကလေးဆီသို့ ပြန်လည်ရောက်ရှိလာသည်။

အသက်ရှင်ကျန်ရစ်သူများထံမှ ဤအဖြစ်အပျက်ကို ကြားသိရသောအခါတွင် မျက်ရည်မဆည်နိုင်ဖြစ်ခဲ့ရ၏။

သူသည် စင်စစ်သော်ကား တော်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်၏။ သို့သော် တိုင်းပြည်၏ အခြေအနေကြောင့် ဓားကိုင်စွဲကာ ရှေ့တန်းစစ်မျက်နှာသို့ ထွက်ခွာခဲ့ရခြင်းပေပင်။

ယခုအခါတွင် စစ်ပွဲများ အေးချမ်းသွားပြီဖြစ်သဖြင့် မိန်းကလေးပိုင်ထံ လက်ထပ်ရန် လာရောက်ခြင်းဖြစ်၏။ ယခုကဲ့သို့ ချစ်သူနှစ်ဦး ဘဝခြားသွားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။

ဤသို့ဖြင့် ကျန်းစန်းသည် သူ့ဘဝတစ်သက်လုံး အိမ်ထောင်မပြုတော့ဘဲ တစ်ကိုယ်တည်းသာ နေထိုင်သွား၏။

ယင်းသည် ရိုးရှင်းသော အချစ်ပုံပြင်လေးတစ်ပုဒ်သာဖြစ်သည်။ သို့သော် ဖတ်ပြီးသောအခါတွင် စိတ်ထဲ၌သံသယများဖြင့် မျက်မှောင်ကြုတ်မိ၏။ တစ်ဆက်တည်းမှာပင် ထောင်ယွမ်ရွာထံ မော့ကြည့်လိုက်သည်။

“ ဒီဇာတ်လမ်းက ငါနဲ့ ဘာဆိုင်လို့လဲ။ ”

မနေ့ညက သူကြုံခဲ့ရသမျှသည် ထိုမိန်းကလေးပိုင်၏ မကျွတ်မလွတ်နိုင်သော နာကြည်းမှုဝိညာဉ်ဖြစ်ချေမည်။

“ တကယ် ထူဆန်းတယ် ... ။ ”

မည်သို့ပင်ဆိုစေကာမူ သူနှင့် မိန်းကလေးပိုင်၏ ထိုဇာတ်လမ်းသည် မည်သို့မျှ ဆက်စပ်မှုမရှိချေ။ ယင်းကောာင့် စမ်းသပ်မှုကို အောင်မြင်သွားသည်လော၊ ကျရှုံးသည်လော မဝေခွဲနိုင်ဖြစ်လာသည်။

“ ငါ ... ရွာထဲကိုပဲ ပြန်သွားရမှာလား။ ”

ပတ်ဝန်းကျင်ကို ဝေ့ကြည့်လျက် မည်သည့်နေရာသို့ ဆက်သွားရမည်မှန်း မသိဘဲ လမ်းပျောက်နေခဲ့သည်။

“ မဟုတ်သေးဘူး။ ”

ခေါင်းကို အသာအယာခါယမ်းလျက် ရွာနှင့်ဝေးရာသို့သာ ဆက်လက်ထွက်ခွာရန် ဆုံးဖြတ်လိုက်သည်။ သူသည်သာ စမ်းသပ်မှုကို အောင်မြင်သော် သေချာပေါက် ဤရွာမှ ထွက်၍ရနိုင်ပေမည်။

ထိုအတွေးဖြင့် ဝိညာဉ်ဓားတစ်လက်ကို စီးနင်းကာ ဝေးကွာသောတောင်တန်းများဆီသို့ ဦးတည်ပျံသန်းလာခဲ့သည်။

များကြာမီ ပတ်ဝန်းကျင် ရှုခင်းများ လျင်မြန်စွာ အရောင်မှိန်ဖျော့သွားသည်ကို သူ သတိပြုမိလိုက်၏။

အဖြူရောင်လွင်ပြင်များနှင့် တောင်တန်းကြီးများသည် မီးခိုးရောင်မှတဆင့် ပြာလဲ့လဲ့ဖြစ်လာကာ အဆုံးတွင် လုံးဝပင် ပျောက်ကွယ်သွားသည်။ ပတ်ဝန်းကျင် တစ်ခုလုံး ဖြူဖွေးနေချေပြီ။

ထိုအဖြူသည် စူးရှသောကြောင့် မျက်လုံးများကျိန်းစပ်သွားကာ အနည်းမှေးစင်း လိုက်ရသည်။

“ ဟမ့် ... ။ ”

အနည်းငယ်မျှ ထပ်မံပျံသန်းပြီးနောက် မျက်မှောင်ကြုတ်လျက် ပတ်ဝန်းကျင်အပေါ် ဝေ့ကြည့်လိုက်၏။

“ ချွင် ... ချွင် ... ။”

တစ်ဆက်တည်းမှာပင် ဝိညာဉ်ဓား (၂၄)လက်သည်လည်း သူ့ဘေးတွင် အသင့် အနေအထားဖြင့် ပျံဝဲထွက်ပေါ်လာသည်။

ဝိညာဉ်အသိသည်လည်း ကန့်သတ်ချက်မရှိတော့ဘဲ ပွင့်လင်းလာကြောင်း သိရှိလိုက်ရ၏။

များမကြာခင် အဝေးတစ်နေရာရှိ ပျက်စီးယိုယွင်းနေသော ပန်းဥယျာဉ်တစ်ခုကို မြင်လိုက်ရသည်။ ဥယျာဉ်သည် မက်မွန်ပင်နှင့် ဆီးပင်များသာ ကျန်ရှိတော့၏။ အခြားသော အပင်များမှာမူ သွေ့ခြောက်ပျက်စီးနေချေပြီ။

သို့သော် ထိုဥယျာဉ်အတွင်း၌ ထူးခြားသော မြင်ကွင်းအချို့ရှိနေ၏။ ယင်းသည် နေရာအနှံ့ ပြန့်ကျဲနေသော စာအုပ်စင်များပေပင်။

အကောင်းအတိုင်း ကျန်ရှိနေသော စာအုပ်စင်များပေါ်တွင် ပုရပိုက်များ၊စာအုပ်နှင့် ကျောက်စိမ်းစာလွှာများ ပြည့်နှက်နေသည်။ သို့သော် အများစုမှာ ပျက်စီးကုန်၏။

မြက်ခင်းပြင်ပေါ်ရှိ စာအုပ်များမှာ ဆိုဖွယ်မရှိချေ။ ဖရိုဖရဲပြန့်ကျဲပြီး ပျက်စီးခြင်း၊ အထီးကျန်ခြင်း စသည့်အငွေ့အသက်များ ဖုံးလွှမ်းနေသည်။

“ ဒါက ဘယ်လိုနေရာလဲ။ ”

အတွေးများဖြင့် ချက်ချင်း ဦးတည်ပျံသန်းသွားခဲ့လေသည်။ များမကြာမီ ပန်းဥယျာဉ်ရှေ့ ရောက်ရှိလာသဖြင့် ဆက်းသက်လိုက်ရ၏။

သည့်နောက် ဥယျာဉ်အလယ်ရှိ မက်မွန်ပင်ကြီးကိုမှီလျက် ခင်းကျင်းထားသော စာအုပ်စင်တစ်စင်ဆီသို့ လျှောက်လှမ်း သွားလိုက်သည်။

ဤမက်မွန်ပင်သည် ဥယျာဉ်အတွင်း အလွန်ကြီးမားပြီး သက်တမ်းအရှည်ကြာဆုံး ပေပင်။ လုံးပတ်သည်ပင် ပေပေါင်းများစွာ ရှိလေသည်။

ကူချန်က စာအုပ်စဉ်ပေါ်မှ ပုရပိုက်တစ်ချပ်ကိုဆွဲယူကာ ဖြန့်ကြည့်လိုက် လေသည်။ ယင်းသည် ပန်းချီကားတစ်ချပ် ဖြစ်နေခဲ့၏။

ပန်းချီကားထဲတွင် စမ်းချောင်းလေး ကွေ့ပတ်စီးဆင်းနေသော အေးချမ်းလွန်းသည့် ရွာလေးတစ်ရွာရှိနေသည်။

အဝေးရှိ တောင်တန်းများပေါ်တွင် မက်မွန်ပန်းများပွင့်နေပြီး မိုးမခပင်များမှလည်း အညွန့်တလူလူ ဝေဖြာနေသည်။ ဤသည်မှာ ထောင်ယွမ်ရွာပေပင်။ ယင်းကြောင့် မျက်လုံးများ ပြူးသွားရသည်။

“ ဒါဆို ... ငါတကယ်ပဲ ပန်းချီကားထဲ ရောက်သွားတာလား ... ဒီအကယ်ဒမီကြီးက တကယ့်ကိုမရိုးရှင်းဘူး။ ”

သို့သော် ထိုပုရပိုက်ကို စစ်ဆေးကြည့်ရာ ဝိညာဉ်အဆင့် ရတနာမဟုတ်ဘဲ သာမန်ပုရပိုက် တစ်ချပ်မျှသာဖြစ်ကြောင်းသာ တွေ့ရှိလိုက်၏။

“ ဟမ့် ... ဒါကသာမန်ပုရပိုက်ဆိုရင် ... ဒီနေရာမှာ ထူးခြားတဲ့ အရာတွေက ဘယ်ကနေ လာတာလဲ။ ”

ရှုပ်ထွေးသောအတွေးဖြင့် ဥယျာဉ်တော်အတွင်း ဝေ့ဝဲကြည့်လိုက်သည်။ နေရာအနှံ့အပြားတွင် ဤကဲ့သို့ပုရပိုက်များ ထောင်နှင့်ချီ၍ ရှိနေ၏။ ထိုအရာများအားလုံးမှာ သာမန်ပေပင်။

“ ဒါဆိုရင် ထူးခြားနေတာက ဒီပုရပိုက်တွေမဟုတ်ဘဲ ဥယျာဉ်ကိုယ်တိုင်များ ဖြစ်နေနိုင်မလား။ ”

ကူချန်တစ်​ယောက် အတွေးများနေစဉ် အဖြူဝတ်လူက ရုတ်တရက် ပေါ်လာတော့၏။ ခံစားချက်မဲ့ပြီး အေးစက်သောအသွင်ဖြင့်၊

“ ဂုဏ်ယူပါတယ် မိတ်ဆွေ၊ မင်းဟာ စမ်းသပ်မှုကိုအောင်မြင်သွားပြီမို့ အကယ်ဒမီရဲ့ ကနဦးအတွင်းတပည့် ဖြစ်လာပါပြီ ကနဦး အတွင်းတပည့်တွေဟာ ...

... အချိန်အတိုင်းအတာ တစ်ခုအထိ ... စောင့်ကြည့်ခံရပြီးမှ ... အလယ်အလတ်အတွင်း တပည့်အဆင့် စာမေးပွဲကို ဖြေဆိုခွင့်ရမှာပါ။ ”

ထို့နောက် ရင်းနှီးနေသော မြင်ကွင်းအတိုင်း လေဟာနယ်အတွင်း ဝဲဂယက်တစ်ခုပေါ်လာပြီး အရာဝတ္ထုအချို့ ထွက်လာ၏။ အဖြူဝတ်လူက ထိုအရာထံ ညွှန်ပြလျက်၊

“ ဒါက ကနဦးအတွင်းတပည့်အဖြစ် အမှတ်အသားတံဆိပ်ပြားဖြစ်ပြီး ဒီတံဆိပ်ကို ရရင် လီကျန်းအကယ်ဒမီထဲမှာ မင်းစိတ်ကြိုက် ဝင်ထွက်သွားလာနိုင်ပါလိမ့်မယ်။ ”

-ဟု မိတ်ဆက်ပေးသည်။

“ ဝမ် ... ဝမ် ဝမ်။ ”

ထို့နောက် နောက်ထပ် ကျောက်စိမ်းပြားသုံးခု ထပ်မံထွက်ပေါ်လာကာ၊

“ ဒါတွေက ကနဦးအတွင်းတပည့်တွေ လေ့ကျင့်ရမယ့် ... လျှို့ဝှက်ပညာရပ်နဲ့ကျင့်ကြံမှု နည်းစနစ်တွေပဲ ... ဒီနည်းစနစ်တွေကို အပြင်လူထံ လွှဲပြောင်းပေးအပ်ခွင့်မရှိဘူး ...

... မင်းအနေနဲ့ သန့်ရှင်းသောတောအုပ်မှာ ကျိန်ဆိုပြီးမှသာ ဒါတွေကို သင်ယူနိုင်ပါလိမ့်မယ် ပြီးတော့ ... ။ ”

သို့သော် သူ့ စကားမဆုံးမီမှာပင် ကျောက်စိမ်းပြားများသည် ကူချန်လက်ထဲသို့ အလိုအလျောက် ကျဆင်းလာခဲ့၏။

“ ခဏနေပါဦး ... ငါ ကျိန်ဆိုရဦးမယ် မဟုတ်လား။ ”

ကူချန်က ကျောက်စိမ်းပြားများကို ဖမ်းယူလျက် အဖြူဝတ်လူထံ မော့ကြည့်ကာ ဟန့်တားလိုက်သည်။

အဖြူဝတ်လူသည်လည်း သူ့ကိုစကားအနည်းငယ် ပြောချင်သော်လည်း ချက်ချင်းပျောက်ကွယ်သွားရ၏။

“ ဒါက နည်းနည်းတော့ အလျင်လိုနေတာလား။ ”

ကူချန်မှ မျက်မှောင်ကြုတ်လျက် ညည်းတွားလိုက်သည်။ ထိုစဉ်မှာပင် အဝေးမှ အသံတစ်သံ လွင့်ပျံလာတော့၏။

“ ဒါက အံ့ဩစရာမရှိပါဘူး ... ဒီအကယ်ဒမီကြီးတစ်ခုလုံးရဲ့ စည်းမျဉ်းတွေ အားလုံးက ပျက်စီးသွားခဲ့ပါပြီ ... ။ ”

***

All Chapters