← Chapters

အခန်း (၂၂၉-၂၃၀)

Vol. 19 Ch. 229-230

အခန်း (၂၂၉-၂၃၀)

Vol. 19 Ch. 229-230

အခန်း ၂၂၉ –

ပူးပေါင်းခြင်း ... ။

“ မင်းသတ္တိရှိလား ... ။ ”

အပြာရောင်ဝတ် အဘိုးအိုလန်ဝမ်သည် ကူချန်မှလက်ဦးမှုရယူကာ တိုက်ခိုက်လာသည့် အပေါ် မယုံကြည်နိုင်လောက်အောင် ဒေါသထွက်သွားရ၏။

တစ်ဖက်တွင် စုရီသည်လည်း အနည်းငယ် မျက်ခုံးပင့်လိုက်သည်။ ​အစောပိုင်းတိုက်ခိုက်မှု၌ ကျိကျင့်ဓားအရှိန်ကိုသုံးဆမြှင့်ကာ အငိုက်ဖမ်း တိုက်ခိုက်လိုက်ခြင်းပေပင်။

“ သွား ... ။ ”

သို့သော် အဘိုးအို၏ တုန့်ပြန်မှုမှာ မြန်ဆန်လွန်းချေပြီ။ ထို့ကြောင့် ကျန်ရှိသော ဝိညာဉ်ဓားများကို အရပ်မျက်နှာအသီးသီးမှ ထပ်မံ ဦးတည်စေလိုက်တော့သည်။

“ ဟမ့် ... ။ ”

အပြာဝတ်အဘိုးအိုလန်ဝမ်သည် အသက်ကိုပြင်းပြင်းရှူလျက် မျက်ဝန်းများ မှေးစင်းကာ ကူချန်ထံ စိုက်ကြည့်လာ၏။

“ မင်းလည်း ခရမ်းရောင်နေမင်းနယ်ပယ် ကျင့်ကြံသူ ဖြစ်နေတာပဲ ... ဒါကြောင့်ဒီလောက် သတ္တိကောင်းနေတာကို။ ”

ထိုလူငယ်သည် ဓား(၂၄)လက်ကို ကောင်းစွာထိန်းချုပ်သဖြင့် ယွမ်ဖူနယ်ပယ်တွင် မဟုတ်ကြောင်း သေချာသွား၏။

ယွမ်ဖူနယ်ပယ်တစ်စုံတစ်ဦး၌ ဤမျှများပြားသောဓားများကို ထိန်းချုပ်နိုင်ရန် စွမ်းအင်မလုံလောက်ချေ။

ထိုနယ်ပယ် စွမ်းအင် ပြန်လည် ဖြည့်တင်းနိုင်မှုနှုန်းသည် နှေးကွေးလွန်းလေရာ ဤသို့တိုက်ခိုက်ခဲ့သော် နာရီဝက်ပင် မခံဘဲ စွမ်းအင်ကုန်ခမ်းသွားရပေလိမ့်မည်။

ပတ်ဝန်းကျင်ရှိ အခြားယွမ်ဖူနယ်ပယ် ကျင့်ကြံသူများ၏ မျက်နှာမှာ ပျက်ယွင်းသွား ကြတော့သည်။ လူတိုင်း ကြောက်ရွံ့တုန်လှုပ်စွာ နောက်သို့ ဆုတ်ခွာသွားကြ၏။

အခြားတစ်ဖက်တွင် အဖြူဝတ်လူသည် အဘွားအိုနှင့် တစ်ကိုယ်တော် ကျင့်ကြံသူတို့၏ ဝိုင်းရံတိုက်ခိုက်မှုကို ခံနေရသည်။

သဲကန္တာရအတွင်း နှင်းမိုးများသည် အဆက်မပြတ်ကျဆင်းနေသည်။ ကျောက်တံခါး တစ်ချပ်သည် ထိုနှင်းမိုးအောက် ကောင်းကင်နှင့် မြေကြီးကြား ခန့်ညားထည်ဝါစွာတည်ရှိနေ၏။

“ မလွတ်စေနဲ့ ... ။ ”

ထိုကျောက်တံခါးနှင့် မနီးမဝေးတွင် ပြင်းထန်သော အသက်လုတိုက်ပွဲကြီးနှစ်ခု ဖြစ်ပွားနေတော့သည်။

“ သတ် ... ။ ”

“ ကလန် ... ကလန် ... ။ ”

ကူချန်သည် တည်ငြိမ်သောအမူအရာဖြင့် ဓား(၂၄)လက်ဖြင့် အဘိုးအိုထံ အဆတ်မပြတ် ခုတ်ပိုင်းနေခဲ့၏။

သို့သော် အပြာရောင် ရေစက်ကြီးသည် မြဲမြံစွာတားဆီးထားနိုင်သည်။ ရေစက်အတွင်းရှိ အဘိုးအိုက ရေဓါတ်အခြေပြုဝိညာဉ်လက်နက် ကိုင်ဆောင် ခုခံကာကွယ်မှုကို တိုးမြှင့်နေ၏။

“ ဒီကောင် ဘာလုပ်ချင်နေတာလဲ။ ”

ပထမအကြိမ် တိုက်ခိုက်မှုအပြီးတွင် တစ်ဖက်လူ၏ဓားများမှာ မိမိအပေါ်ထိရောက်မှု မရှိကြောင်း မည်သူမဆိုမြင်နိုင်၏။

ရေဟူသည်မှာ ပျော့ပြောင်းမှုနှင့် မာကျောမှု နှစ်မျိုးလုံးပါရှိသည်။ အရာအားလုံးကို တိုက်စား ဖျက်ဆီးနိုင်သလို ကြံကြံလည်းခံနိုင်၏။

ထို့ကြောင့် အဆင့်နိမ့်ဝိညာဉ်ဓားများမှာ ရေစက်ကြီးအတွင်းသို့ တိုးဝင်နိုင်ခဲ့သော်လည်း ပြန်ထွက်မရအောင် ပိတ်မိနေခြင်းဖြစ်သည်။

“ သွား ... ။ ”

ဝိညာဉ်ဓား (၂၄)လက်စလုံး ရေစက်ကြီးထဲ ပိတ်မိသွားချိန်၌ အဘိုးအိုသည် လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်ရာ ရေနဂါးနှစ်ကောင်ဖြင့် ကူချန်ထံသို့ပျံသန်းသွားစေလိုက်၏။

တစ်ဖက်လူတွင် လက်နက်မဲ့ သွားခဲ့ပြီဖြစ်လေရာ ယွမ်ဖူနယ်ပယ်ကျင့်ကြံသူ အချို့သည်လည်း ရေစက်ကြီးအောက်မှ ထွက်ကာ ကူချန်ထံတိုက်ခိုက်တော့သည်။

“ လူခွဲ ... ။ ”

“ ဝှစ် ... ။ ”

သူတို့၏လက်ထဲတွင် အပြာရောင် အလံများကိုကိုင်ဆောင်လျက် အရပ်မျက်နှာ အသီးသီးထံ ခွဲထွက်လိုက်ကြ၏။

အဝေးမှကြည့်ရုံနှင့် သူတို့လက်ထဲရှိ အလံငယ်များသည် စိုစွတ်လေးလံလွန်းသော ခံစားချက်များ ရရှိလာစေသည်။

“ ပိတ်လှောင် ... ။ ”

သူတို့သည် ရေနဂါးများနှင့်အတူ ကူချန်ကိုဝိုင်းရံလိုက်ပြီး အလံများဖြင့် စတင် တိုက်ခိုက်လာတော့၏။

“ ဝမ် ... ။ ”

တစ်ဖက်တွင် အပြာရောင် ရေလှိုင်းများ ပတ်ဝန်းကျင်အနှံ့ ပျံ့ကားသွားပြီး ကူချန်ခမျာ ရွှံ့ဗွက်ထဲနစ်သွားသကဲ့သို့ လေးလံသွားသည်။

ယင်းကြောင့် သူ့လှုပ်ရှားမှုများသည် ဆယ်ဆခန့် နှေးကွေးသွားတော့၏။ ဤသည်မှာ ပိတ်လှောင်ခြင်း အစီရင်တစ်ခုပေပင်။ အဘိုးအို လန်ဝမ်က ထိုမြင်ကွင်းထံကြည့်ကာ သက်ပြင်းချလိုက်ပြီး၊

“ မင်း ဘာလုပ်ဖို့ ကြိုးစားနေတာလဲ ငါ မသိပေမဲ့ ... သေချာတာတော့ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းတယ် ကောင်လေး။ ”

-ဟု မှတ်ချက်ပေးလိုက်၏။

“ မင်းမှားနေပြီ ... ငါ့ကိုယ်ငါ အထင်ကြီးတာမဟုတ်ဘူး ဒါယုံကြည်ချက်ပဲ။ ”

ကူချန်မှ မျက်ဝန်းထဲ အလင်းရောင် တောက်ပလျက်ပြန်ဖြေ၏။ ထို့နောက်ညာဘက် လက်ဖဝါးပေါ်တွင် သေးငယ်သော အလင်းစက် တစ်ခု ထွက်ပေါ်လာသည်။

“ ဟမ့် ... ။ ”

ထိုအလင်းစက်ထွက်ပေါ်လာသည်နှင့် ခြေလှမ်းများကို ဘယ်ညာဆက်တိုက်ရွေ့လျား လိုက်ပြီးနောက် အစီရင်အတွင်းမှ ဆုတ်ခွာ လိုက်တော့သည်။

“ ဘာတွေဖြစ်နေတာလဲ။ ”

အလံကိုင်ထားသော ယွမ်ဖူနယ်ပယ် ကျင့်ကြံသူများသည် မျက်လုံးများပြူးကျယ်ကာ နားမလည်နိုင်ဖြစ်ကုန်၏။

ကံကြမ္မာမျက်ဝန်း၊ ဂဏန်းသင်္ချာတို့၏ အကူအညီအောက်တွင် ပြိုင်ဘက်၏အစီရင်မှာ လျှို့ဝှက်ချက် မရှိတော့ချေ။ သည့်ပြင် ကူချန် ကိုယ်တိုင်သည်လည်း အဆင့်(၇)ဝင်္ကပါ သခင်ဖြစ်၏။

ထို့ကြောင့် အဆင့်(၇)မျှသာ​​ဖြစ်သော ဤအစီရင်အတွင်းမှ ထွက်ခွာရန်သည် အလွန် လွယ်ကူနေချေပြီ။

“ မင်း ... ။ ”

ကူချန်တစ်ယောက် လွယ်လွယ်ကူကူ ထွက်ခွာသွားသည်ကိုမြင်သောအခါ အဘိုးအိုမှ သရဲတ​​စ္ဆေ မြင်လိုက်ရသကဲ့သို့ အံ့အားသင့် သွားတော့သည်။

ဤပိတ်လှောင်အစီရင်သည် ယခင် ခရမ်းရောင်နေမင်းနယ်ပယ် ကျင့်ကြံသူများပင် ချုပ်နှောင်ထားနိုင်သည်။ ယခုမူ။

“ အသက်ဝင် ... ။ ”

“ ချွင် ချွင် ... ။ ”

ထိုစဉ် ကူချန်က တံဆိပ်တစ်ခုကို လေထဲရေးဆွဲလိုက်သည်။ ရေစက်ကြီးအတွင်း ဝင်ရောက်နစ်မြုပ်နေသော ဓား(၂၄)လက်သည် ချက်ချင်းတုန်ခါလျက် တုန့်ပြန်လာ၏။

“ ဘရူး ... ။ ”

“ ဟမ့် ... ။ ”

တုန်ခါမှုတိုင်းတွင် ရေစက်အတွင်း လှိုင်းများထွက်ပေါ်လာစေသည်။ အဘိုးအို၏ ရေဓါတ်အခြေပြု ဝိညာဉ်လက်နက်သည်ပင် ပြင်းစွာတုန်ခါလာတော့သည်။

“ ငြိမ်သက် ... ။ ”

ထို့ကြောင့် အဘိုးအိုလန်ဝမ်မှ မျက်ခုံးပင့်လျက် စစ်မှန်သောစွမ်းအင်အားလုံး သွန်းလောင်းလျက် ​​တုန်းခါနေသောဓားများထံ နှိမ်နင်းရန် ကြိုးစားလိုက်သည်။

တစ်ဆက်တည်းမှာပင် စိတ်ဝိညာဉ် သည်လည်း ပြင်းထန်စွာ နာကျင်လာရတော့၏။ အရာအားလုံး ခံနိုင်ရည်နှင့် စွမ်းဆောင်ရည်မှာ အကန့်အသတ်ရှိသည်။

ဤရေစက်ကြီးသည် ဓားများကို ပိတ်ဆို့ထားနိုင်သော်လည်း ဓားများအကြား အချင်းချင်း ဆက်သွယ်မှု အတွက်မူ မဖြတ်တောက်နိုင်ချေ။

“ ဝူး ... ။ ”

ထို့ကြောင့် ဓားများအချင်းချင်း ဆက်နွယ်မှုမှနေ၍ လေဟာနယ်ဓားစွမ်းအင်များ တိုးထွက်လာပြီး လေအိတ်ကိုအပ်ပေါင်းများစွာ ထိုးဖောက်လိုက်သကဲ့သို့ ဖြစ်သွားစေသည်။

“ ဘန်း ... ။ ”

အဆုံး၌ ရေစက်ကြီးမှာ ပေါက်ကွဲ ထွက်သွားပြီး ပတ်ဝန်းကျင်ရှိ ဆီးနှင်းများကို လွင့်စင်သွားစေတော့၏။

ဤရေစက်သည် စစ်မှန်သော မူလရေမဟုတ်ချေ။ ရေစွမ်းအင်အခြေပြု လက်နက်ဖြင့် ပေါင်းစည်းထားခြင်းဖြစ်သည်။

ထို့ကြောင့် ဓား(၂၄)လက်ထံမှ တုန်ခါမှုဒဏ်ကိုမခံနိုင်တော့ဘဲ ပေါက်ကွဲကာ ပြန့်ကျဲသွားရခြင်းပေပင်။

“ မြန်မြန် ဆုတ်ခွာကြ ... ။ ”

ပတ်ဝန်းကျင်ရှိ လူအုပ်ကြီးသည် ထိုပေါက်ကွဲမှုမှထွက်ပေါ်လာသော ဓား​ရည်ရွယ်ချက်ကြောင့် ကျောချမ်းသွားကာ ချက်ချင်း ဆုတ်ခွာလိုက်ကြသည်။

အကျိုးဆက်အနေဖြင့် အဘိုးအိုလန်ဝမ်တစ်ယောက် အဝတ်အစားများ စုတ်ပြတ်သွားကာ ခန္ဓာကိုယ်အနှံ့ဒဏ်ရာများ၊ သွေးများ စွန်းထင်းသွားခဲ့ချေပြီ။

“ ဒါက ... ။ ”

ပင်လယ်နှလုံးသားဂိုဏ်းမှ နဂါးတောင်ဝှေးကိုင်အဘွားအိုနှင့် လေလွင့် ကျင့်ကြံသူသည်ပင် ထိတ်လန့်တကြား လှည့်ကြည့်လိုက်ကြသည်။

ပေါက်ကွဲမှုအတွင်းမှ ကြွင်းကျန်ရစ်သော ဓားရည်ရွယ်ချက်မှာ လေထဲဝေ့ဝဲပြီး သူတို့ကဲ့သို့ ခရမ်းရောင်နေမင်းနယ်ပယ် ကျင့်ကြံသူများပင် သေစေနိုင်သည့် ခံစားချက်ရရှိစေ၏။

ထိုစဉ် သူတို့နှစ်ဦး၏ ဝိုင်းရံ တိုက်ခိုက်ခြင်းခံနေရသော အဖြူဝတ်လူသည် ဤအခွင့်အရေးကိုယူကာ ရောင်ဝါသိမ်းလျက် တရွေ့ရွေ့ဆုတ်ခွာလိုက်သည်။

“ ငါ မင်းရဲ့အသက်ကို ယူမယ်။ ”

ကူချန်က ဝိညာဉ်ဓား(၂၄)လက်ကို သူ့အနားသို့​ပြန်လည်ခေါ်ယူကာ ပျံဝဲစေလျက် အဘိုးအိုလန်ဝမ်ထံ အေးစက်စွာ ပြောကြားလိုက်၏။

ဤအဘိုးအို၏ မျက်လုံးထဲတွင် သတ်ဖြတ်လိုသော အရိပ်အယောင်ကို ထိုစဉ်က သူ သတိထားမိခဲ့သည်။ ယင်းကြောင့်ပင် သက်ညှာပေးရန် ဆန္ဒမရှိချေ။

တစ်ဖက်တွင် အဘိုးအိုလန်ဝမ်သည် ဆေးလုံးတစ်လုံးအလျင်အမြန် ထုတ်သောက်ပြီး ဒဏ်ရာများကို ကုသလိုက်၏။ တုန့်ပြန်စကား မဆိုနိုင်သေးချေ။

ယင်းအစား ပင်လယ်နှလုံးသားဂိုဏ်းမှ အဘွားအိုနှင့် တစ်ကိုယ်တော်ကျင့်ကြံသူထံသို့ ဆက်သွယ်ကာ ဝိညာဉ်အသိဖြင့် အကူအညီတောင်းလိုက်၏။

“ ငါ့ကို ကူညီပါ။ ”

သို့သော် အဘွားအိုမှ လှောင်ပြုံးဖြင့်၊

“ လန်ဝမ် ... နင် ရူးနေတာလား ... နင်သေရင်ငါ့ရဲ့ ပင်လယ်နှလုံးသားဂိုဏ်းအတွက် အခွင့်အရေး ပိုကောင်းနိုင်မှာမဟုတ်လား။ ”

-ဟု တုန့်ပြန်လိုက်သည်။

“ မှန်တယ် ငါတို့မှာလည်း ရင်ဆိုင်နေရတဲ့ ပြိုင်ဘက်ရှိတယ် ဘာလို့မင်းကို ကူညီရမှာလဲ။ ”

လေ့လွင့် ကျင့်ကြံသူသည်လည်း ပါးနပ်စွာဖြင့်ငြင်းဆန်တော့၏။ သူ့အမည်မှာ အဆိပ်သခင်ဝူစုံဖြစ်သည်။

“ အဖွားကြီး ... နန်လင်ကျွန်း ... နန့်လင်ကျွန်းကို မင်းယူမလား ... ငါ့ကိုကူညီရင် နန်လင်ကျွန်းက ပင်လယ်နှလုံးသားအပိုင်ပဲ ... ပြီးတော့ ဝူစုံ ... မင်းအတွက် ...

... ငါ့ကိုကူညီရင် ... မင်းကိုလည်း အဆင့်(၇)ဆေးပင် ဆယ်ပင် ငါပေးမယ် မင်းရဲ့ ပြိုင်ဘက်ကမရှိတော့ဘူး ထွက်ပြေးသွားပြီ။ ”

“ ဟမ့် ထွက်ပြေးသွားပြီလား။ ”

လန်ဝမ်စကားကြောင့် နှစ်ဦးသား အဖြူဝတ်လူထံ ချက်ချင်း လှည့်ကြည့်လိုက်၏။ တိုက်ပွဲအတွင်း ဗလာဖြစ်နေပြီး တစ်ဖက်လူ အရိပ်အယောင်ကို မမြင်ရတော့ချေ။

ဝိညာဉ်အသိ ဖြန့်ကျက်ကြည့်လိုက်ရာ လုံးဝပျောက်ကွယ်နေတော့၏။ ထို့ကြောင့် အဖွားအိုနှင့် ဝူစုံသည်အဝေးသို့ ချက်ချင်း မော့ကြည့်လိုက်ကြသည်။

မိုးကုပ်စက်ဝိုင်းအောက်၌ အနက်ရောင် အစက်အပြောက်လေးတစ်စက် ရွေ့လျားနေ သည်ကို မြင်လိုက်ရ၏။

ယင်းကြောင့် နှစ်ဦးသား အကြည့်ချင်းဆုံသွားကြသည်။ ထိုလူယုတ်မာကို ဒုတိယအကြိမ် လက်လွှတ်လိုက်ရပြီဖြစ်၏။

ယနေ့အတွက် ထိုစဉ်ကကဲ့သို့ လက်ဗလာဖြင့် ပြန်ရပေဦးမည်။ အဘွားအိုက သက်ပြင်းချလိုက်ပြီး၊

“ ဒီကောင်လေးက အရမ်း အစွမ်းထက်လွန်းတယ် မင်းပေးတဲ့အဖိုးအခက မလုံလောက်ဘူး ... ယာလန်ကျွန်းစုကိုပါ ထပ်ပေါင်းပေးရမယ်။ ”

-ဟု တောင်းဆိုလိုက်သည်။ ဝူစုံသည်လည်း ခေါင်းညိတ်လျက်၊

“ မှန်တယ် ... နောက်ထပ် အဆင့်ခုနစ် အဆိပ်ဆေးပင် ဆယ်ပင် ထပ်ပေါင်းပေးရင် ငါ ကူညီမယ်။”

-ဟု ဆိုလိုက်ပြန်သည်။

“ သဘောတူတယ်။ ”

လန်ဝမ်သည် သူတို့နှစ်ဦး၏ အခွင့်ကောင်းယူမှုကို ရင်နာနာဖြင့် လျင်မြန်စွာ လက်ခံလိုက်ရတော့၏။

သဘောတူညီချက် ရရှိသည်နှင့် သူတို့သုံးဦးသားကူချန်ထံသို့ တစ်ပြိုင်နက်တည်း လှည့်ကြည့်လိုက်ကြသည်။

အထက်ပါ ဆွေးနွေးချက်များသည် ဝိညာဉ်အသိဖြင့် ဆက်သွယ်နေကြခြင်းဖြစ်ရာ အသက်တရှိုက်စာမျှပင် မကြာခဲ့ချေ။

ကူချန်တစ်ယောက် ရုတ်တရက် ဝိညာဉ်အသိသုံးပါးကို လက်ခံရရှိလိုက်သည်နှင့် တစ်ဖက်လူများကြားတွင် အရောင်းအဝယ် တစ်ခု ဖြစ်သွားကြောင်း နားလည်လိုက်သည်။

“ ဒါဆို မင်းတို့အတူတူလာခဲ့ ... ။ ”

ထို့ကြောင့် ကျိကျင့်ဓားကို ဖမ်းဆွဲကာ တည်ငြိမ်သောအသွင်ဖြင့် ထိုရန်သူသုံးဦးထံ ချက်ချင်းဖိတ်ခေါ်လိုက်၏။

သည်းထန်စွာ ရွာသွန်းနေသော နှင်းမိုးများအောက်တွင် အပြာရောင်ဝတ်လုံများ တဖျပ်ဖျပ်ခတ်လျက် သာလွန်ထူးခြားနေသည့် သူ့အသွင်မှာ ပြိုင်ဘက်များကို အနည်းငယ်မျှ တွန့်ဆုတ်သွားစေတော့သည်။

***

အခန်း ၂၃၀ -

ငါ့ကလေးတွေ ... ။

ကူချန်က သူ့ထံပြောင်းလဲဝိုင်းရံလာသည့် လူသုံးယောက်ထံအေးစက်စွာ စိုက်ကြည့်လျက် အတွေးတစ်ခုပေါ်လာ၏။

လက်ရှိ သူ့ခွန်အားမှာ မည်မျှပြင်းထန်ကြောင်း မသိသေးချေ။ သို့သော် ရန်သူသုံးဦးကို အနိုင်မရသော်မှ အကယ်ဒမီထဲ ချက်ချင်းဝင်ပြေးနိုင်မည်။

အကယ်ဒမီအတွင်း ဝင်ပြေးမည် ဟူသောအတွေးကြောင့် ရုတ်တရက်သတိရပြီး မိုးကုပ်စက်ဝိုင်းအောက်တွင် မှုန်နေအောင် ထွက်ပြေးသွားသော အဖြူဝတ်လူကို မော့ကြည့်လိုက်သည်။

ထိုလူသည် အန္တရာယ်အားလုံးကို သူ့အပေါ်တွင်ပုံချကာ ကိုယ်လွတ်ရုန်းသွားခြင်း ပေပင်။

( အဲ့ဒီလူ မဟုတ်ဖို့ ငါ မျှော်လင့်ပါတယ် ...။)

ယင်းကြောင့် အဓိပ္ပာယ်ပါပါ ရေရွတ်ပြီး သူ့ရှေ့က လူသုံးယောက်ထံ ပြန်ကြည့်လိုက်ကာ တုန့်ဆိုင်းခြင်းမရှိ လန်ဝမ်ကို တိုက်ခိုက်၏။

“ ဝှစ် ... ။ ”

ပြိုင်ဘက်သုံးယောက်အနက် ဤအဖိုးအိုသည် ဒဏ်ရာများ ရရှိထားသဖြင့် သုံးယောက်ထဲတွင် အားနည်းချက် အရှိဆုံးဖြစ်လေသည်။

“ ရွှပ် ... ရွှပ် ... ရွှပ် ... ။ ”

ဓား(၂၄)စင်းသည် အဘိုးအိုထံသို့ လျှပ်စီးအလားတိုးဝင်သွားတော့၏။ ၎င်းသည် အမြန်နှုန်းအပေါ် သုံးဆ မြှင့်တင်ထားသဖြင့် အသံထက်မြန်နေချေပြီ။

“ ဝှစ် ... ။ ”

သာမန်မျက်စိဖြင့် မမြင်နိုင်တော့ဘဲ ဝိညာဉ်အသိဖြင့်သာ ဖမ်းယူနိုင်၏။ အဘိုးအိုမှာ တုန်လှုပ်သွားကာ ခြေတစ်လှမ်းဆုတ်လျက် သူ့ဝတ်ရုံကို ဖြန့်ခင်းလိုက်သည်။

ဤဝတ်စုံသည် ဝိညာဉ်လက်နက် တစ်ခုဖြစ်ကာ စွမ်းအင်များပေးပို့လိုက်သည်နှင့် အပြာရောင်နဂါးကြီးတစ်ကောင် ထွက်ပေါ် လာစေတော့သည်။

“ ဝူး ... ။ ”

ဝိညာဉ်ဓား(၂၄)စင်း၏ ထက်ရှလှသော လေဟာနယ်ဓားစွမ်းအင်သည် ထိုနဂါးကြီးပေါ် တဝုန်းဝုန်းထိမှန်သွားခဲ့၏။

“ ဘန်း ... ဘန်း ဘန်း။ ”

အပြာရောင်နဂါးကြီးခမျာ မျက်စိတစ်မှိတ်အတွင်း အပိုင်းပိုင်းပြတ်တောက် သွားတော့သည်။

“ အဟွတ် အဟွတ် ... ။ ”

တစ်ချိန်တည်းမှာပင် အဘိုးအို၏ ဝတ်စုံပေါ်တွင်လည်း အက်ကွဲကြောင်းများစွာ ထွက်ပေါ်လာပြီး ခြေလှမ်းပေါင်းများစွာ ဆုတ်ခွာလိုက်ရသည်။

“ ဒါဓားရည်ရွယ်ချက်ပဲ၊ မင်း ... မင်းက ဓားသမားလား။ ”

ကူချန်မှ ချက်ချင်း ပြန်မဖြေချေ။ အရပ်မျက်နှာအသီးသီးက တိုးဝင်လာနေသော ဟိုင်ရှင်းဂိုဏ်းမှအဖွားအိုနှင့် ဝူစုံတို့သည်ပင် လေထုအလယ် ထိတ်လန့်သွားကြ၏။

“ ဒီကောင်လေးက ဓားသမားလား။ ”

ကျင့်ကြံသူများအတွက် အကြောက်ဆုံးရန်သူသည် ဓားသမားများ ဖြစ်ကြသည်။

အဘယ်ကြောင့်ဆိုသော် ထိုသူများသည် အလွန်ရက်စက်ပြီး သတ်ဖြတ်ခြင်းလမ်းစဉ်တွင် အထူးချွန်ဆုံးဖြစ်သောကြောင့်ပေပင်။

သို့သော် ယခုအခါ၌ မြားကိုလေးကြိုးမှ လွှတ်ထုတ်လိုက်ပြီဖြစ်ရာ သူတို့ဆုတ်ခွာရန် နောက်ကျသွားပြီဖြစ်၏။

“ အတူတူ တိုက်ရအောင်။ ”

ဟိုင်ရှင်းဂိုဏ်းအဖွားအိုက ဝူစုံကို အသံပေးပို့လိုက်သည်။

“ ကောင်းပြီ ... ။ ”

ဝူစုံမှ သဘောတူလိုက်၏။ သို့မှသာ အဖွားအိုတစ်ယောက် သက်သာရာရသွားပြီး အဖြူရောင်ခရုသင်းတစ်ခုကို ထုတ်ယူ လိုက်လေသည်။

ခရုသင်းသည် အလင်းများတောက်ပပြီး လက်ရာမြောက်လှသော ကနုတ်များပြည့်နှက် နေတော့၏။

“ တုံ တုံ တုံ ... ။ ”

၎င်းထံမှ ထွက်ပေါ်လာသော အသံများသည်ပင် ပင်လယ်လှိုင်းတံပိုးကဲ့သို့ ပြင်းထန်နေသည်။

ထိုစဉ် အပြာဝတ်အဖိုးအိုနောက်သို့ ဆက်လက်တိုက်ခိုက်ရန် ပြင်နေသော ကူချန်မှ ဤအသံလှိုင်းကြောင့် စိတ်ဝိညာဉ်အတွင်း စူးရှနာကျင်မှုများ ခံစားလာရ၏။

“ စိတ်ဝိညာဉ် တိုက်ခိုက်မှုလား။ ”

ကူချန်က အတွေးဖြင့် အဖွားအိုထံ လှည့်ကြည့်လိုက်သည်။ အဖွားအိုခမျာ ကူချန်မှ မျက်မှောင်ကြုတ်ရုံသာ ရှိနေသေးသည်ကို မြင်လိုက်သောအခါ မှင်သက်သွားပြီး ရင်ထဲ လှိုင်းထန်သွားတော့၏။

( ဒီကောင်လေး ဘာမှ မဖြစ်ဘူးလား။ )

ဟိုင်ရှင်းခရုသင်းသည် စိတ်ဝိညာဉ်ထံ ဦးတည်တိုက်ခိုက်နိုင်သည့် ရှားပါးလွန်းလှသော အဆင့်နိမ့်ဝိညာဉ်လက်နက်ဖြစ်သည်။ သို့သော် တစ်ဖက်လူသည် ၎င်းကိုခံနိုင်ရည်ရှိနေ၏။

“ ဟမ့် ... မင်းတို့ဟိုင်ရှင်းဂိုဏ်းရဲ့ ဝိညာဉ်လက်နက်က သိပ်လည်းမစွမ်းလှပါလား။ ”

ဝူစုံမှ ထိုမြင်ကွင်းကြောင့် စိတ်ပျက်လက်ပျက် နှာခေါင်းရှုံ့သွားတော့၏။ အဖွားအိုမှ မျက်နှာပျက်သွားကာ၊

“ ဒီလူရဲ့ စိတ်ဝိညာဉ်စွမ်းအားက ... ကြောက်စရာကောင်းအောင် မြင့်မားနေတယ် ငါ့လက်နက် အစွမ်းထက် မထက်သိချင်ရင် မင်းကော သူ့လိုခံနိုင်ရည်ရှိလားဆိုတာ စမ်းကြည့်ချင်လား။ ”

-ဟု ပြန်လည်ပြောကြားလိုက်သည်။

“ စိတ်ဝိညာဉ် သန်မာတာလား။ ”

ဝူစုံတစ်ယောက် အံ့အားသင့်လျက် သူ့ဝတ်စုံအောက်မှနေပြီး မရေမတွက်နိုင်သော ပိုးကောင်ငယ်လေးများကို တိတ်တဆိတ် ပစ်လွှတ်လိုက်တော့၏။

“ ကောင်းပြီ ... မင်းက စိတ်ဝိညာဉ် သန်မာနေတော့ရော ... ဘာဖြစ်လဲမင်းရဲ့ခန္ဓာက ခရမ်းရောင်နေမင်းနယ်ပယ် အဆင့်မှာပဲ ရှိပါသေးတယ် ငါ့ရဲ့ကလေးတွေက မင်းကို အရည်ဖျော်ဖို့ လုံလောက်တယ်။ ”

ဝူစုံမှ လှောင်ပြုံးဖြင့် ကြုံးဝါးလိုက်၏။ ခဏချင်းမှာပင် ခန္ဓာကိုယ်မှ ပိုးကောင်လေးများ ထောင်ဂဏန်းခန့်ပျံထွက်လာသည်။ များပြား လွန်းသဖြင့် ကောင်းကင်တခွင် ဖုံးလွှမ်းနေ၏။

အဝေးမှကြည့်နေသော ယွမ်ဖူနယ်ပယ် ကျင့်ကြံသူများမှာ ကျောရိုးတလျှောက်ချွေးများ စိုရွဲလာကာ ချက်ချင်းပင် နောက်သို့ ထပ်မံ ဆုတ်ခွာကုန်သည်။

“ အဆိပ်သခင်လား။ ”

ကူချန်က ကောင်းကင်ပေါ်တွင် မည်းမှောင်နေသော အဆိပ်ပိုးကောင်တပ်ကြီး ပျံသန်းလာသည်ကို မော့ကြည့်လျက် မျက်မှောင်ကြုတ်သွားလေသည်။

“ ဝီ ... ။ ”

ထိုသေးငယ်သော ပိုးကောင်များသည် တောင်ပံများကိုတဖျပ်ဖျပ်ခတ်ကာ ဆူညံသော အသံများပြုလျက် ပျံသန်းလာနေ၏။

၎င်းတို့ထံမှ အဆိပ်ရည်များသည် ကျင့်ကြံမှုကိုတိုက်စားနိုင်ကာ ခန္ဓာကိုယ်အပေါ် အရည်ဖျော်ချနိုင်မည်။

“ လောင်မြိုက် ... ။ ”

“ ဝူး ... ။ ”

သို့သော် ထိုအင်းစက်များသည် သဘာဝအတိုင်းမီးကို ကြောက်ရွံ့၏။ ထို့ကြောင့် လက်ဝှေ့ယမ်းပြီး ရွှေရောင်မီးနဂါးတစ်ကောင် ထွက်ပေါ်စေကာ ပိုးကောင်များထံသို့ တိုးဝင်သွားစေလိုက်သည်။

တစ်ဆက်တည်းမှာပါ ဓား(၁၂)ကိုလည်း လန်ဝမ်ထံပိတ်ဆို့ကာ သတ်ဖြတ်ရန် ကြိုးစား လိုက်တော့၏။

“ ဒီကောင်လေး ဘယ်လောက်တောင် ယုံကြည်မှု လွန်ကဲနေရတာလဲ အန္တရာယ်တွေ ဝိုင်းနေတာတောင် ငါ့ကိုသတ်ဖို့ ကြိုးစားချင် နေသေးတာလား။ ”

တစ်ဖက်တွင် သူ့ကိုသတ်ရန် ပြင်းပြနေခဲ့သောကူချန်အသွင်ကြောင့် လန်ဝမ်မှ အံကြိတ်ကာ ကျိန်ဆဲလိုက်တော့၏။

“ ဝုန်း ... ။ ”

ရွှေရောင်မီးနဂါးကြီးလက်တွင် အဆိပ်ပိုးကောင်လေးများမှာ တစ်ကောင်ပြီး တစ်ကောင် ပေါက်ကွဲလျက် မီးပန်းများသဖွယ် လောင်ကျွမ်းပြာကျကုန်၏။

“ ငါ့ကလေးတွေ ... ။ ”

ထိုမြင်ကွင်းကြောင့် ဝူစုံတစ်ယောက် တုန်ယင်သွားပြီး နှမြောတသစွာဖြင့် အော်ဟစ် လိုက်တော့သည်။

***

All Chapters