← Chapters

အခန်း (၂၃၁-၂၃၂)

Vol. 19 Ch. 231-232

အခန်း (၂၃၁-၂၃၂)

Vol. 19 Ch. 231-232

အခန်း ၂၃၁ –

ပထမတစ်ယောက် ... ။

“ ငါ့ကလေးတွေ ... ။ ”

ဝူစုံတစ်ယောက် နှုတ်ခမ်းများတုန်လျက် ရှေ့မှမြင်ကွင်းကိုကြည့်ကာ မျက်ရည်ဝဲသွား၏။ ယင်းသည် နှလုံးသားကိုဓားဖြင့် အမွှန်းခံရ သကဲ့သို့ပေပင်။

ဒဏ္ဍာရီထဲမှ ငရဲကျခြင်းဟူသည့် ဖြစ်ရပ်မျိုးသည်ပင် ဤမျှသောဆိုးရွားနေမည် မဟုတ်ချေ။

“ ဒီကောင် ဓားသမား မဟုတ်ဘူးလား ဘယ်လိုလုပ်ပြီး မီးစွမ်းအင်အခြေပြု ကျင့်ကြံမှု နည်းစနစ်ကို ပိုင်ဆိုင်နေရတာလဲ။ ”

ဝူစုံတစ်ယောက် ရှုပ်ထွေးစွာဖြင့် အော်ဟစ်လိုက်သည်။ ဟိုင်ရှင်းဂိုဏ်းအဖွားအိုက ထိုကြည်လင်တောက်ပနေသော ရွှေရောင် မီးနဂါးများ၏ ထူးခြားမှုကို ရိပ်မိသွားပြီး၊

“ ဟမ့် ... ဒါက သာမန် မီးစွမ်းအင် အခြေပြုနည်းစနစ်မဟုတ်ဘူး သန့်ရှင်းသော မီးတောက်ပဲ။ ”

-ဟု အော်ဟစ် သတိပေးလိုက်၏။

သူမစကားကြောင့် လန်ဝမ်နှင့် ဝူစုံမှာ အံ့အားသင့်သွားပြီး မီးတောက်များလွှမ်းခြုံကာ သူတို့ထံကြည့်နေသည့် ကူချန်ထံပြန်ကြည့် လိုက်မိကြသည်။

ဤလူငယ်သည် ဆန်းပြားသော မီးတောက်ကို အမှန်တကယ်ပိုင်ဆိုင်ထား သည်လော။

ဝူစုံတစ်ယောက် ကြောက်လန့်စွာဖြင့် ကျန်ရှိနေသော အင်းစက်များကို ချက်ချင်းပင် ပြန်ခေါ်လိုက်ရသည်။ ဤတစ်ကြိမ် သူသည် အကြီးအကျယ် အရှုံးပေါ်ချေပြီ။

ရန်သူသည် ဝင်္ကပါပညာ၊ ဓားပညာနှင့် ထူးဆန်းသောမီးတောက်ကို ပိုင်ဆိုင်ထားချေ၏။ အဆိပ်ဆေးပင် (၂၀)၏တန်ဖိုးသည် သူ့ဆုံးရှုံးမှုကို မကာမိချေ။

သူတို့ကဲ့သို့ လေလွင့်ကျင့်ကြံသူများ အကြောက်ဆုံးရန်သူသည် နောက်ခံအင်အား ကြီးမားသူများနှင့် ထိပ်တိုက်တွေ့ခြင်းပေပင်။

ထိုသို့သော ရန်သူတစ်ဦးကိုသာ သတ်ပစ်မိသော်နောက်ကွယ်မှ သန်မာသော အင်အားစုများ လိုက်ပါလာတတ်၏။

ဆိုလိုသည်မှာ ဤလူငယ်၏ အရည်အချင်းသည် နောက်ခံကောင်းမွန်သည့် အင်အားစုတစ်ခုမှ သခင်ငယ်တစ်ပါး ဖြစ်နိုင်ပေမည်။

“ တာအိုမိတ်ဆွေတို့ အရင်ဆုံး ငါ့ကို ဒီထဲကနေလွတ်အောင် ကူညီပေးကြပါဦး။ ”

ဓားအစီရင်ထဲ ပိတ်မိနေသော အဘိုးအိုလန်ဝမ်က မျက်နှာဖြူလျော်လာပြီး အော်ဟစ်‌တောင်းဆိုလိုက်လေသည်။

သူ့ပတ်ဝန်းကျင်ရှိ ဝိညာဉ်ဓား(၂၄) လက်သည် သူ့ထံမှ ခုခံရေးလက်နက်များကို တစ်ခုပြီးတစ်ခု ဖျက်ဆီးနေ၏။ သည့်ထက်ပို၍ ကြာမြင့်လာသော် လက်ဗလာသာကျန်ပေမည်။

“ မင်း ... သူ့ကို သွားကူညီလိုက် ... ဒီကောင်လေးကို ငါကိုင်တွယ်မယ်။ ”

ဝူစုံက ကူးချန်ထံ လက်စားချေလိုသော အကြည့်များဖြင့်စိုက်ကြည့်ကာ အဖွားအိုကို ပြောကြားလိုက်သည်။

“ ဝှစ် ... ။ ”

တစ်ဖက်လူသည် သူ့ကလေးများကို မီးရှို့ဖျက်ဆီးခဲ့သောကြောင့် ကမ္ဘာမကျေနိုင်။ ချက်ချင်းပင် ဝတ်ရုံကို ဖြန့်ထုတ်လျက်ဖြင့် ခါးတွင်ချိတ်ထားသော ဗူးသီးခြောက် လေးလုံးကို ထွက်ပေါ်စေလိုက်၏။

ခရမ်းရောင်၊ အနက်ရောင်၊ အနီရောင်နှင့် အစိမ်းရောင်ဖြစ်သော ဘူးသီးခြောက်များသည် ရုတ်ချည်း လေထဲပျံဝဲတက်လာကာ အ​ငွေ့များ လွှင့်ထုတ်တော့သည်။

“ ရှူး ... ။ ”

ဗူးသီးခြောက် လေးလုံးမှ သက်ဆိုင်ရာ အရောင်လေးမျိုးဖြစ်သော အခိုးအငွေ့များက ကူချန်ထံဦးတည်လာ၏။

လေထုအတွင်း သွေးညှီရနံ့များ ပြည့်နှက်လာကာ လူတစ်ကိုယ်လုံး မအီမသာ ဖြစ်သွားစေသည်။ ဤသည်မှာ ဝူစုံ၏ နောက်ဆုံးဝှက်ဖဲဖြစ်၏။

သွေးနီရောင်အဆိပ်သည် လူသန်းပေါင်းများစွာ၏ သေခြင်းတရားကနေ ရရှိလာသော ရူးသွပ်ခြင်းအဆိပ်ပေပင်။ ဝိညာဉ်ကို တိုက်ရိုက် သက်ရောက်၏။

ခရမ်းရောင်အဆိပ်သည် သစ်ဆွေးအဆိပ်ဖြစ်ကာ ခန္ဓာကိုယ်ကို ပြည်ပုပ်များဖြစ်အောင် အရည်ဖျော်ပေးသည်။

အနက်ရောင်အဆိပ်သည် လောင်မြိုက်ခြင်း အဆိပ်ဖြစ်ပြီး ကျင့်ကြံမှုကို တိုက်စားနိုင်ချေ၏။ နောက်ဆုံးသော အစိမ်းရောင်အဆိပ်မှာမူ ဝိညာဉ်ဖျက်အဆိပ် ဖြစ်သည်။ တစ်စုံဦး၏ ဝိညာဉ်အသိကို တိုက်စားနိုင်၏။

စိတ်ဝိညာဉ်၊ ကျင့်ကြံမှု၊ ခန္ဓာကိုယ်နှင့် ဝိညာဉ်အသိအစရှိသည့် ပစ်မှတ်လေးပါးထံသို့ ဦးတည်ထားခြင်းပေပင်။ ထို့ကြောင့် ဝူစုံအမြင်၌ ကူချန်သည် သေလူဖြစ်ပြီး ဆန်းပြားသော မီးတောက်သည် သူ့ဆုလာဘ်ဖြစ်နေ၏။

“ တိုက်ဆိုင်လိုက်တာ။ ”

တစ်ဖက်တွင် ကူချန်က လေထုအလယ် ပြန့်ကားလာသော အရောင်လေးပါးအဆိပ်ထံ ငဲ့ကြည့်ကာ တိုးတိုးရေရွတ်လိုက်သည်။

ထို့နောက် ဝူစုံကို သနားစဖွယ်အကြည့်ဖြင့် ပြန်လှည့်ကြည့်ကာ၊

“ ဒီနည်းလမ်းက ငါ့အတွက် အလုပ်ဖြစ်လိမ့်မယ်လို့ မင်းတကယ်ပဲ ထင်နေတာလား။ ”

-ဟု မေးမြန်းလိုက်၏။

“ ဝူး ... ။ ”

သူ့စကားဆုံးသည်နှင့် မီးတောက် သိုင်းခြုံထားသော အလွှာအတွင်းမှ ရွှေရောင် မီးနဂါးများထပ်မံထွက်ပေါ်လာပြီး အဆိပ်ငွေ့ထံ ဟိန်းဟောက်တိုးဝင်သွားတော့သည်။ ဤတစ်ကြိမ်၌ ကိုးကောင်တိတိရှိ၏။

“ ဒါက ... ။ ”

အရောင်လေးပါးအဆိပ်ငွေ့များမှာ မီးနဂါးများဖြတ်သန်းသွားသည့် ဧရိယာတဝိုက် ရုတ်ချည်းပျောက်ကွယ်ကုန်နေသဖြင့် ဝူစုံခမျာ မျက်လုံးပြူးကျယ်သွားသည်။

“ မင်းရဲ့အဆိပ်ငွေ့တွေက ... အလုပ်မဖြစ်ဘူး သန့်ရှင်းသောမီးတောက်က သူတို့ရဲ့ သဘာဝရန်သူပဲ။ ”

အဖွားအိုက စိတ်လှုပ်ရှားစွာဖြင့် သတိပေးလိုက်၏။ ဤသည်မှာ မီးတောက်များ ဂုဏ်သတ္တိပေပင်။ ညစ်ညမ်းသောစွမ်းအင်များ၊ အဆိပ်ငွေ့နှင့် မကောင်းဆိုးရွားမိစ္ဆာများကို လောင်မြိုက်သန့်စင်နိုင်သည့်အစွမ်းရှိသည်။

“ အဘွားကြီး ... မင်း ဘာလို့ ခုမှပြောရတာလဲ။ ”

ဝူစုံက ဟိုင်ရှင်းဂိုဏ်းမှ အဖွားအိုကို အော်ဟစ်ကျိန်ဆဲလျက် သူ့အဆိပ်ငွေ့များထံ နှမြောတသစွာဖြင့် အမြန်ပြန်သိမ်းသည်။

မျက်စိတမှိတ်အတွင်း သူ့အဆိပ်ငွေ့ ထက်ဝက်ကျော် ရွှေရောင်မီးနဂါးများကြောင့် ဆုံးရှုံးသွား၏။ ထိုစဉ်အဘိုးအိုလန်ဝမ်မှလည်း အလျင်လိုလာပြီး၊

“ အဲဒီမှာ ရပ်မနေနဲ့ ... မြန်မြန် ငါ့ကို လာကူညီပါ။ ”

-ဟု အော်ဟစ်ပြန်သည်။

အဖွားအိုခမျာ နောင်တများဖြင့် လှည့်ကြည့်လိုက်သည်။ ထိုစဉ်က ဤအဖိုးကြီး အပေးအယူအပေါ် အဘယ့်ကြောင့် သဘောတူ လိုက်မိသည်ကို နားမလည်နိုင်တော့ချေ။

“ မင်း ... မင်း ဘာလုပ်မလို့လဲ ... အဲဒီမှာရပ်နေ ... ငါ့နားမလာနဲ့၊ ငါ ... င့ါမှာ ရတနာတွေရှိတယ် မင်းကိုအကုန်လုံး ပေးပါ့မယ်။ ”

အဖွားအိုတစ်ယောက် တုံ့ဆိုင်းနေစဉ် ဝူစုံ၏ကြောက်လန့်တကြား အော်ဟစ်သံကြီး ထွက်ပေါ်လာ၏။ တစ်ဖက်တွင် ကူချန်မှ မရပ်ခဲ့ချေ။ ဝူစုံသည် ဤသုံးယောက်အတွင်း ကျင့်ကြံမှုအားအနည်းဆုံးဖြစ်၏။

သူ့တိုက်ပွဲဝင်စွမ်းအားသည် အဆိပ်ပိုးကောင်နှင့် အဆိပ်ငွေ့များဖြစ်သည်။ ၎င်းတို့ကိုရုတ်သိမ်းပြီးနောက် အစွယ်မရှိသော မြွေတစ်ကောင်ကဲ့သို့ ခွန်အားမဲ့သွားပေမည်။

“ ရွှပ် ... ။ ”

ထို့ကြောင့် အမြန်နှုန်းကို မြှင့်တင်ကာ ရေနက်ဓားကြီးဖန်တီးလျက် ခုတ်ပိုင်းချလိုက် တော့သည်။

“ အသက်ဝင် ... ။ ”

ဝူစုံခမျာ ထိတ်လန့်တကြားဖြင့် အဆင့်ခုနစ်ရွှေချပ်ဝတ် အင်းစက်တစ်ကောင်ကို ထုတ်ယူပြီး ကာကွယ်လိုက်ရ၏။

“ ဝမ် ... ။ ”

ရွှေရောင်အလင်းများ ရုတ်ချည်း တောက်ပလျက် ချက်ချင်းပင် ပေသုံးဆယ်ခန့် ကြီးမားသော ပိုးကောင်ကြီးတစ်ကောင် လေထဲပေါ်လာလေသည်။

“ ဘန်း ... ။ ”

သို့သော် ပေါင်ချိန်သန်းပေါင်းများစွာ လေးလံသော ရေနက်ဓား၏ဖိအားအောက်တွင် ထိုပိုးကောင်ကြီးသည်လည်း တစ်ချက်မျှပင် မခံနိုင်ဘဲ အသားပုံအဖြစ် ပြောင်းလဲသွား၏။

“ မလုပ်နဲ့ ... ။ ”

တစ်ဆက်တည်းမှာပင် ရေနက်ဓားသည် ဝူစုံထံသို့အညှာအတာကင်းမဲ့စွာ ကျဆင်းလျက် သွေးမြူအဖြစ် ဖောက်ခွဲပစ်တော့သည်။

လေထုအတွင်း သွေးညှီရနံ့များနှင့် ညှော်ရနံ့များ ပျံ့နှံ့ကုန်၏။ ထို့ကြောင့် ကူချန်မှ သန့်ရှင်းသောမီးတောက်ဖြင့် ပြာမှုန်များအဖြစ် လောင်မြိုက်သန့်စင်ပစ်လိုက်ရသည်။

“ ဝှစ် ... ။ ”

သည့်နောက် လေထုအလယ်တွင် လွင့်မျောနေသော ဗူးသီးခြောက်လေးလုံးကို သိမ်းဆည်းလျက် အခြားသူများထံသို့ မော့ကြည့်လိုက်တော့၏။

***

အခန်း ၂၃၂ -

လူယုတ်မာ ... လမ်းခရီးမှာ မကောင်းသောသေခြင်းနဲ့ သေပါစေ ... ။

ဝတ်စုံပြာအဘိုးအိုနှင့် ဟိုင်ရှင်းဂိုဏ်း အဖွားအိုတို့၏မျက်နှာတွင် မှင်သက်နေသော အမူအရာများ ရှိနေဆဲဖြစ်သည်။

သူတို့နှစ်ဦးသည် မြေပြင်ပေါ်ရှိ အသားစများနှင့် သွေးကွက်များကိုကြည့်ကာ ကျောရိုးထဲ စိမ့်တက်လာသော အေးစက်မှုကို ခံစားလိုက်ရ၏။

​​ဤဝူစုံသည် သူတို့နှင့်အဆင့်တူဖြစ်သော ခရမ်းရောင်နယ်ပယ် ကျင့်ကြံသူတစ်ဦးပေပင်။ ထိုသူသည် လေလွင့်ကျင့်ကြံသူဖြစ်သော်လည်း သူ၏အဆိပ်ပညာရပ်၊ အဆိပ်ပိုးကောင်များနှင့် အဆိပ်ဗူးသီးလေးလုံးကြောင့် ပတ်ဝန်းကျင် နိုင်ငံများတွင် နာမည်ကျော်​ကြားသူသည်။

ထိုသို့သော လူသည် မျက်စိတမှိတ်အတွင်း အမှုန်အဖြစ်ပျောက်ကွယ်သွား၏။ မည်မျှသော မယုံနိုင်ဖွယ် ရက်စက်မှုပေနည်း။

ဟိုင်ရှင်းဂိုဏ်းမှ အဖွားအို၏ စိတ်ထဲတွင် သေခြင်းတရားအရိပ်အယောင်များ လွှမ်းမိုးလာ တော့သည်။ လန်ဝမ်က ထိုကြောက်ရွံ့မှုကို​မြင်ပြီးနောက် အလျင်လိုလာတော့၏။

“ အဖွားကြီး မြန်မြန် ... ငါကိုကူညီပါ ... ဓားအစီရင်အပြင်ဘက်​ဧရိယာမှာ လည်ပတ်မှု နှေးသွားပြီ ...

... သူ့ကို မကြောက်နဲ့ ... သူက ငါတို့နှစ်ယောက်ကိုတစ်ပြိုင်နက်တည်း ရင်ဆိုင် နေရတာဆိုတော့ ကျန်းချီကုန်ဆုံးမှု ပိုမြန်တယ် ငါသာ အပြင်ထွက်နိုင်ရင် ငါတို့အတူတူ ရင်ဆိုင်နိုင်လိမ့်မယ်။ ”

အဆိုပါအသံကြောင့် ဟိုင်ရှင်းဂိုဏ်းမှ အဖွားအိုသည် ရုတ်တရက် သတိပြန်ဝင်လာပြီး လန်ဝမ်ထံ နာကျင်စွာလှည့်ကြည့်သည်။

ဤလူကြောင့်သာ မဟုတ်သော် သူမသည်လည်း အန္တရာယ်တွင်းကျဆင်းမည် မဟုတ်ချေ။ သို့သော် ယခုအချိန်တွင် ထိုသူကို ကယ်တင်ကာ လက်တွဲရုံသာတတ်နိုင်မည်။

အဆုံးတွင် အဖွားအိုက အံကြိတ်လျက် သူမခန္ဓာကိုယ်ရှိ နားကပ်၊ လက်ကောက်၊ ဆံထိုး အစရှိသော အလှဆင်တန်ဆာပလာများကို ​​ဖြုတ်ယူလိုက်သည်။

“ သွား ... ။ ”

ဤအရာများအားလုံးသည် အဆင့်နိမ့်ဝိညာဉ်လက်နက်များ ဖြစ်၏။ ကျန်းချီ သွန်းလောင်းလျက် အသက်သွင်းကာ ပစ်ခတ်လိုက်လေသည်။

“ ကလန် ... ကလန် ... ။ ”

ရတနာများမှာ ဓားအစီရင်ထံ တစ်ပြိုင်နက်တည်း ပြေးဝင်တိုက်ခိုက်တော့၏။ လန်ဝမ်သည်လည်း အတွင်းမှနေပြီး အစွမ်းကုန် ချိုးဖြတ်ရန်ကြိုးစားလာသည်။

“ ဘောင်း ... ဘောင်း ... ။ ”

အတွင်းအပြင် ပူးပေါင်းမှုကြောင့် ဓားအစီရင်သည် ဝရုန်းသုန်းကားဖြစ်သွားခဲ့၏။ တန်ဖိုးအနေဖြင့် အဆင့်နိမ့်ဝိညာဉ်လက်နက် လေးခုပျက်စီးသွားပြီး လမ်းပွင့်လာသည်။

လန်ဝမ်က ဝမ်းသာအားရဖြင့် ထိုလမ်းကြောင်းအတိုင်း တိုးထွက်တော့၏။ ဤအခြင်းအရာကို သတိပြုမိသဖြင့် ကူချန်မှ ဓားအစီရင်ထံ ပြန်လည်ထိန်းချုပ်ရန် အာရုံစိုက်လိုက်ရသည်။

“ မင်းလွတ်မြောက်မယ်ထင်လား ... ။ ”

“ ဝူး ... ။ ”

တောက်ပသော ​ဓားအလင်းတစ်လက် လန်ဝမ်၏ပုခုံးထံပျံသန်းလာသည်။ လန်ဝမ်ခမျာ အံကြိတ်လျက် လျစ်လျူရှုပြီး အရှိန်မြှင့်ကာ ပြေးထွက်သွားတော့၏။

“ အား ... ။ ”

အကျိုးဆက်အနေဖြင့် လက်တစ်ဖက် ပေးဆပ်လိုက်ရပြီး နာကျင်စွာအော်ဟစ်လျက် သွေးကြောကို ချက်ချင်းပိတ်ချလိုက်ရသည်။

ခရမ်းရောင်နေမင်းနယ်ပယ် ကျင့်ကြံသူ ဖြစ်စေကာမူ သွေးထွက်လွန်ခဲ့ပါက အားနည်း သွားမည်ဖြစ်သည်။

စင်ကြယ်ခြင်းအဆင့်သို့ ရောက်ရှိမှသာ ခန္ဓာကိုယ်အစိတ်အပိုင်းများသည် ပြန်လည် မွေးဖွားနိုင်၏။

လန်ဝမ် လွတ်မြောက်သွားပြီ ဖြစ်သဖြင့် ကူချန်က ဓားအစီရင်ကို ပြန်သိမ်းလိုက်သည်။ ရန်သူသုံးယောက်ကို တစ်ပြိုင်နက်တည်း ရင်ဆိုင်ရသည်ထက် နှစ်ယောက်ကို ရင်ဆိုင်ရ သည်မှာ ပို၍လွယ်ကူချေပြီ။

သူ့အကြည့်များက ဟိုင်ရှင်းဂိုဏ်း အဖွားအိုထံသို့ရောက်သွား၏။ ဤအဖွားကြီး၌ သူ့ထက် သာလွန်သော ဝိညာဉ်လက်နက်များစွာ ပိုင်ဆိုင်ထားချေပြီ။

“ နှမြောစရာပဲ ... ငါ့မှာကောင်းမွန်တဲ့ ပါဝင်သစ္စည်းတွေသာရှိရင် အလယ်အလတ် ဝိညာဉ်လက်နက်တွေကို သွန်းလုပ်နိုင်မှာ။ ”

“ အဖွားကြီး ငါ့မှာနောက်ဆုံးဝှက်ဖဲ တစ်ခုရှိတယ် မင်းငါ့ကို အချိန်နည်းနည်းလေး ဆွဲပေးနိုင်မလား။ ”

ထိုစဉ်ဓားအစီရင်မှ လွတ်မြောက်လာသော လန်ဝမ်သည် ဖြူလျော်လျော်မျက်နှာဖြင့် အဖွားအိုကို အသံလွှင့်ပြီး ဆက်သွယ်လိုက်သည်။

“ ဘယ်လောက်ကြာမလဲ။ ”

အဖွားအိုက မျက်မှောင်ကြုတ်လျက် ပြန်မေး၏။

“ ဆယ်စက္ကန့် ။”

“ ကောင်းပြီ။ ”

အဆုံးတွင် အဖွားအိုသည် သဘောတူလိုက်သည်။ တစ်ဖက်တွင်လန်ဝမ်၏ မျက်ဝန်းများအတွင်း ရူးသွပ်မှုများ လင်းလက် သွားတော့၏။

ထိုသို့သူတို့နှစ်ဦး၏ အမူအရာများ လှုပ်ခတ်နေသည်ကိုမြင်နေသောအခါ ကူချန်မှ မျက်မှောင်ကြုတ်သွားသည်။

ဤလူနှစ်ဦးသည် တစ်ခုခု ကြံစည် နေပုံပေပင်။ မည်သို့ပင်ဆိုစေကာမူ လက်ဦးမှု ရယူခြင်းသည်သာ အကောင်းဆုံးဖြစ်၏။

“ ထွက်လာခဲ့ ... ။ ”

အကောင်းဆုံးသော တိုက်စစ်သည် အကောင်းဆုံးခံစစ်ပေပင်။ ဝူစုံထံမှသိမ်းယူ ထားခဲ့သော ဗူးသီးခြောက် လေးလုံးကို လေထဲခေါ်ယူလိုက်သည်။

ဝူစုံသေဆုံးသွားပြီဖြစ်ရာ ဗူးသီးခြောက်များပေါ်ရှိ ဝိညာဉ်အမှတ်အသား ပျောက်ကွယ်သွားပြီဖြစ်၏။

ထို့ကြောင့် ကောင်းကင်နှင့်မြေကြီး ဆေးမီးဖိုသုတ္တန်ရှိ နည်းလမ်းများကိုသုံးလျက် ဗူးသီးများအပေါ် ထိန်းချုပ်လိုက်သည်။

“ ဝှစ် ... ။ ”

အခြားတစ်ဖက်တွင်မူ ဟိုင်ရှင်းဂိုဏ်း အဖွားအိုက လက်ဝှေ့ယမ်းလိုက်ရာ မြေပြင်တွင် ပင်လယ်ပြင်ကြီး ပေါ်လာတော့သည်။

သူမက ထိုပင်လယ်ပြင်အလယ်တွင် ရပ်နေပြီး ရေပေါ်ထင်ဟပ်သော လရိပ်တစ်ရိပ် ကဲ့သို့ ဝေဝါးသွား၏။

ယင်းသည် အဆုံးမဟုတ်ချေ။ ရုတ်တရက် ပင်လယ်ပြင်အနှံ့အပြားတွင် သူမ၏ပုံရိပ်များစွာ ပေါ်ထွက်လာ၏။ ထိုပုံရိပ်တိုင်းသည် အစစ်အမှန်နှင့် မခြားချေ။

“ ရေထဲက ပန်း၊ မှန်ထဲက လ ... ဘယ်သူကအစစ် ဘယ်သူကအတုဆိုတာ မင်း ခွဲခြားနိုင်မလား။ ”

အဖွားအိုပုံရိပ်များ အားလုံးသည် ကူချန်ကိုကြည့်ကာ တစ်ပြိုင်နက်တည်းမေးခွန်း ထုတ်လာခဲ့သည်။ ပုံရိပ်တိုင်း၏လက်တွင်လည်း ရွှေရောင်ဆံထိုးတစ်ခုစီ ကိုင်ထား၏။

သို့သော် ကူချန်သည် ရှုပ်ထွေးသွားခြင်း မရှိချေ။ လှောင်ပြုံးဖြင့် အဆိပ်ငွေ့များကို ပုံရိပ် တစ်ရိပ်ထံသာ ဦးတည်လိုက်တော့သည်။

“ မင်း ... မင်းဘယ်လိုလုပ်ပြီး ဝူစုံရဲ့ အဆိပ်ငွေ့တွေကို ချက်ချင်း ထိန်းချုပ်နိုင်တာလဲ ဟမ့် ... နေဦး မဟုတ်သေးဘူး ငါ့ရဲ့အစစ်အမှန် ခန္ဓာကိုယ်ကို မင်းဘယ်လိုမြင်တာလဲ။”

အဖွားအိုတစ်ယောက် မေးခွန်းများဖြင့် ရှုပ်ထွေးထိတ်လန့်တုန်လှုပ်သွားသည်။ ကူချန်မှ ပြုံး၏။ ကံကြမ္မာမျက်ဝန်းရှေ့တွင် ထိုသို့သော မျက်လှည့်ပြကွက်မျိုးမှာ အလုပ်မဖြစ်ချေ။

အဖွားအိုသည်လည်း သူမအတွက် အချိန်မရှိတော့သဖြင့် လန်ဝမ်ထံ မျှော်လင့်စွာ လှည့်ကြည့်လိုက်လေသည်။

“ ဝူး ... ။ ”

သို့သော် သူမ မျှော်လင့်ထားသော လန်ဝမ်သည် လွတ်မြောက်အဆောင်ထုတ်ကာ ခြေထောက်တွင်ကပ်လျက် အရှိန်ဖြင့် ပြေးထွက် သွားသည်ကို မြင်လိုက်ရတော့၏။

“ ဒါ ... ။ ”

ဤမြင်ကွင်းက အဖွားအိုကို များစွာ မှင်သပ်သွားစေသည်။ ယင်းသည် ကြီးစွာသော လှည့်စားမှုပေပင်။ ကောက်ကျစ်လွန်းချေ၏။ နာကျည်းမှုနှင့် ဒေါသတရားများပေါက်ကွဲလျက် ကျယ်လောင်စွာ ကျိန်ဆဲလိုက်တော့သည်။

“ လန်ဝမ် ... ၊ လူယုတ်မာ ... မင်း မကောင်းတဲ့သေခြင်းမျိုးနဲ့ လမ်းမှာသေပါစေ။ ”

***

All Chapters