← Chapters

အခန်း (၂၃၃-၂၃၄)

Vol. 19 Ch. 233-234

အခန်း (၂၃၃-၂၃၄)

Vol. 19 Ch. 233-234

အခန်း ၂၃၃ -

စိတ္တဇလူသတ်သမား ... ။

လန်ဝမ်သည် လိမ်ညာခဲ့ခြင်း မဟုတ်ချေ။ ဤသည်မှာ အမှန်ပင် သူ့အတွက်မူ နောက်ဆုံး ဝှက်ဖဲပေပင်။

သို့သော် ဤဝှက်ဖဲသည် ရန်သူကို သတ်ရန်မဟုတ်ဘဲ ထွက်ပြေးရန်အတွက်သာ ဖြစ်ကြောင်း ပြောဖို့မေ့သွားခဲ့သည်။

“ အဆင့်(၇) လွတ်မြောက်အဆောင်။ ”

ကူချန်က တစ်ချက်ကြည့်ရုံနှင့် ထိုအဆောင်၏အဆင့်ကို မြင်၏။ သူကိုယ်တိုင် သည်လည်း ဤကဲ့သို့သော အဆောင်စက္ကူများ ရေးဆွဲဖူးသည်။

သို့သော် အဆင့်(၇)ဝိညာဉ်ပစ္စည်းများ ရှားပါလှသဖြင့် အဆင့်(၉)နှင့် အဆင့်(၈)ကိုသာ ရေးဆွဲနိုင်ခဲ့၏။

အဆင့်(၉) လွတ်မြောက်အဆောင် စက္ကူသည် အရှိန်နှစ်ဆတက်စေပြီး အဆင့် (၈)မှာ သုံးဆနှင့် အဆင့်(၇)အတွက်မူ ငါးဆအထိ မြှင့်တင်ပေးနိုင်သည်။

ထို့ကြောင့် ယခုအချိန်၌ အဘိုးအို၏ အရှိန်သည် အသံထက်ပင် မြန်နေပြီ ဖြစ်သည်။ ပုံမှန်အားဖြင့် ဤကဲ့သို့သော အရှိန်အဟုန်မျိုးကို ခန္ဓာကိုယ်ကြံ့ခိုင်မှုသာလွန်သော စင်ကြယ်ခြင်း နယ်ပယ် ကျင့်ကြံသူများသာ ခံနိုင်ရည်ရှိ၏။

ခရမ်းရောင်နေမင်းနယ်ပယ် ကျင့်ကြံသူ တစ်ဦးအတွက်မူ ဤအရှိန်ဖြင့် ပျံသန်းခြင်းသည် ခန္ဓာကိုယ်ကိုပျက်စီးစေမည်။ တစ်ဖက်လူသည် ထိုအရာကို ဂရုစိုက်ပုံမရချေ။ ရှင်သန်ရန် အတွက်သာ ဆန္ဒရှိနေ၏။

ကူချန်က အဝေးရောက်သွားသော လန်ဝမ်ကိုလျစ်လျူရှုလိုက်ပြီး ဟိုင်ရှင်းဂိုဏ်းမှ အဖွားအိုထံ အာရုံစိုက်လိုက်သည်။

“ ဝူး ... ။ ”

ဝူစုံထံမှရလာသော အဆိပ်ငွေ့များက ကျားနှင့်ခြင်္သေ့များကဲ့သို့ ဟိန်းဟောက်ကာ အဖွားအိုထံ တိုးဝင်သွားလေသည်။

အဖွားအိုသည် သူမ တစ်ယောက်တည်း ကျန်ရစ်သောကြောင့် အကြီးအကျယ်စိတ်ပျက် ထိတ်လန့်နေချေပြီ။

သူမတို့သုံးယောက် ပူးပေါင်းစဉ်ကပင် ရန်သူကိုအနိုင်ယူနိုင်ခြင်းမရှိရာ ယခုအချိန်၌ သာ၍ဆိုးပေတော့မည်။

ထိုစဉ် ရုတ်တရက် သူမခန္ဓာကိုယ်ပေါ်ရှိ ရတနာတစ်ခုကိုသတိရသွားပြီး ချက်ချင်း ထုတ်ယူလိုက်တော့သည်။

စိန်နှင့် ကျောက်သံပတ္တမြားများ စီခြယ်ထားသော ငွေရောင်ဖန်ပုလင်းတစ်လုံး ပေပင်။

“ ဝှစ် ... ။ ”

ပုလင်းအဖုံးကို ဖွင့်လိုက်သောအခါ အေးစက်သည့် အပြာရောင်မီးတောက်တစ်စ ချက်ချင်းပြေးထွက်လာ၏။

ဤသည်မှာ သန့်စင်သောမီးတောက်နှင့် အလွန်ဆင်တူပြီး ကြည်လင်တောက်ပနေသည်။ အရောင်မှာ ပင်လယ်ရေကဲ့သို့ စိမ်းပြာရောင် ဖြစ်ချေ၏။

“ ပင်လယ်နှလုံးမီးတောက် ... ။ ”

ကူချန်မှ မျက်ခုံးပင့်လိုက်သည်။ ၎င်းမှာ အဆင့်(၇)သန့်စင်သော မီးတောက်ဖြစ်ချေ၏။ သို့သော် အဖွားအိုထုတ်ယူလိုက်သည်မှာ အခွဲမီးတောက်မျှသာပေပင်။

မူလမီးတောက်ရင်းမြစ် မဟုတ်သဖြင့် အသုံးပြုပြီးများမကြာခင် သာမန်မီးတောက် အဖြစ် ပြောင်းလဲသွားမည် ဖြစ်သည်။

သို့သော် လတ်တလောတွင် အဆိပ်ငွေ့လေးပါးကို တားဆီးရန် လုံလောက် ချေ၏။

ကူချန်တစ်ယောက် ဝူစုံကဲ့သို့ပင် အဆိပ်ငွေ့များကို ချက်ခင်းပြန်သိမ်းလိုက် ရတော့သည်။

ယခုအချိန်၌ ဝူစုံတစ်ယောက် ထိုစဉ်က အဘယ့်ကြောင့် နှမြောတသစွာအော်ဟစ်ခဲ့မှန်း နားလည်လာခဲ့၏။ မည်သူသည် ရတနာများ မီးလောင်ပျက်စီးသွားမည့် အရေးကို ရပ်ကြည့် နေမည်နည်း။

“ ချွင် ... ။ ”

အဆိပ်ငွေ့များပြန်သိမ်းလျက် ချက်ချင်း ဓားဆွဲကာ အဖွားအိုထံ တိုးဝင်သွားတော့သည်။ သန့်စင်သောမီးတောက်များ သိုင်းခြုံလျက် လေဟာနယ်ဓားသုတ္တန်ကို အသက်သွင်းကာ ခုတ်ပိုင်းချလိုက်၏။

ဓားအလင်းများ သစ်ခွပန်းများ ကြွေကျသကဲ့သို့ဝဲပျံသွား၏။ လမ်းတလျှောက် လေပြင်းနှင့်နှင်းမိုးများ ရှောင်ဖယ်ကုန်သည်။

“ ဟမ့် ... လောင်မြိုက်။ ”

ထိုမြင်ကွင်းကြောင့် အဖွားအိုမှ ပင်လယ်နှလုံးသားမီးလျှံဖြင့် ဓားအလင်းကို ဝါးမြိုပစ်လိုက်တော့၏။

“ လောင်မြိုက် ... ။ ”

ကူချန်သည်လည်း သူ့မီးတောက်ကို ပြန်လည်အသုံးပြုကာ အဖွားအိုမီးတောက်နှင့် ထိပ်တိုက်တွေ့စေလိုက်သည်။

အဆင့်(၆)နှင့် အဆင့်(၇)တို့ကြား ကွာခြားချက်ရှိလှပြီး မူလနှင့်အခွဲမီးတောက် ဟူသော အစွမ်းသတ္တိကြောင့် ကွာဟချက်သည် များစွာကြီးမားချေပြီ။

“ ဝုန်း ... ။ ”

ပေါက်ကွဲသံနှင့်အတူ စက္ကန့်အနည်းငယ်အတွင်း ပင်လယ်နှလုံးသား မီးတောက်မှာ ပျောက်ကွယ်သွားတော့သည်။

“ ထစမ်း ... ။ ”

ထိုမြင်ကွင်းကြောင့် အဖွားအိုက အံကြိတ်လျက် ပင်လယ်ပြင်မှရေနဂါးကြီးများ ထွက်ပေါ်လာစေလျက် တိုက်ခိုက်ပြန်၏။

“ တိုက်ဆိုင်လိုက်တာ ... ငါ့မှာလည်း ရှိတယ်။ ”

ကူချန်က မျက်ခုံးပင့်လျက် ညာလက်၌ ဓားကိုင်ထားခဲ့သောကြောင့် ဘယ်လက်ဖြင့် မုဒြာတံဆိပ်ကို ပြုလုပ်လိုက်သည်။

သူ့ခန္ဓာကိုယ်တဝိုက် မည်းနက်လေးလံသော ရေနဂါးများ ပေါ်ထွက်လာ၏။ ရေနဂါးများသည် နဂါးမိစ္ဆာများအလား အဖွားအို၏ ရေနဂါးများကို အပိုင်းပိုင်းကိုက်ဖြတ် ပစ်လိုက်တော့သည်။

“ ဝုန်း ... ။ ”

ကောင်းကင်မှ အနက်ရောင် ရေတံခွန်ကြီးပြိုကျလာကာ ရေခဲပြင်ကြီးကို အရည်ဖျော်ချပစ်လိုက်၏။

လေ၊ နှင်း၊ မိုးနှင့် လှိုင်းတံပိုးများ ဆင့်ခေါ်ခံလိုက်ရပြီး တိုက်ပွဲမြင်ကွင်းသည် ကြောက်မက်ဖွယ်ရာပေပင်။

အဝေးမှ ကြည့်ရှုနေသော ယွမ်ဖူနယ်ပယ်ကျင့်ကြံသူများမှာ အသက်ရှူရန် မေ့လျော့ကုန်တော့၏။

အဖွားအိုသည်ပင် မျှော်လင့်ချက် မဲ့သွားသည်။ တစ်ဖက်လူတွင် တိုက်ပွဲဝင်ရန် နည်းလမ်းပေါင်းစုံလင်ချေပြီ။

သူမသည် မည်သည့်ဝှက်ဖဲကို ထုတ်ယူစေကာမူ တန်ပြန်နှိမ်နင်းနိုင်သည့် နည်းလမ်းတစ်ခု ရှိနေခဲ့၏။

သန့်ရှင်းသောမီးတောက်၊ ထူးခြားဆန်းပြားသောရေ၊ ဓားရည်ရွယ်ချက်နှင့် အစီရင်စည်း စသည်တို့ပေပင်။

ထိုထဲမှ မည်သည့် နည်းလမ်းတစ်ခုကို ပိုင်ဆိုင်ထားပါစေ ပါရမီရှင်အဖြစ်ခေါ်ဆိုနိုင်၏။ ယခုကဲ့သို့ စုံလင်စွာပိုင်ဆိုင်ထားခြင်းသည် ဆိုဖွယ်မရှိတော့ချေ။

တစ်ယောက်တည်း စိတ်ဓာတ်ကျနေစဉ် အသံထက်မြန်သောအရှိန်ဖြင့် လူရိပ်တစ်ရိပ် သူမရှေ့သို့ ရောက်ရှိလာ၏။

“ မလုပ်နဲ့ ... ။ ”

ထိတ်လန့်တကြား အော်ဟစ်လျက် ချက်ချင်းဆုတ်ခွာလိုက်၏။ သို့သော် စူးရှသော ခံစားချက်များ သူမ၏လည်ပင်းကိုဖြတ်ကျော် သွားကြောင်း ခံစားလိုက်ရတော့သည်။

“ ရွှပ် ... ။ ”

တစ်ဖက်တွင် ဓားသွားနှင့် လည်ပင်းရိုးတို့ ထိတွေ့ ဖြတ်တောက်သွားသည့် ထိုခဏအတွင်း ကူချန်တစ်​ယောက် ထူးခြားသောခံစားချက် တစ်ခု ဝေဝေဝါးဝါး ပေါ်လာခဲ့သည်။

“ ဒါ ... ။ ”

အချိန်များ ရပ်တန့်လျက် အဖွားအို မျက်နှာပေါ်ရှိ ကြောက်ရွံ့မှု၊ ကူကယ်ရာမဲ့မှုနှင့် နာကျည်းမှုမျက်ဝန်းများကို ပန်းချီကားချပ်များ အလား တစ်ခုချင်း စွဲထင်လာ၏။

“ ပလုံ ... ။ ”

ထိုစဉ် ခေါင်းမပါသော အဖွားအို၏ ရုပ်အလောင်းသည် ရေပြင်သို့ ကျဆင်းသွားသံ ထွက်ပေါ်လာ၏။ သို့မှသာ သတိဝင်လာခဲ့ပြီး လေထုအလယ်ရပ်တန့်လျက် ထိုခံစားချက် အပေါ် ပြန်လည်စစ်‌ဆေးလိုက်သည်။

ဤသည်မှာ ကျေနပ်နှစ်သိမ့်ခြင်း ပင်လော။ ဆိုလိုသည်မှာ လူသတ်ရခြင်းကို သူ့ဝိညာဉ်သည် စွဲလန်းနေပုံပေပင်။ ထိုအသိက ကူချန်ကို မျက်ခုံးပင့်လျက် ထိတ်လန့်သွားစေ၏။

“ ဟမ့် ... ငါတကယ်ပဲ ... သတ်ဖြတ်ခြင်းကိုနှစ်ခြိုက်တဲ့ အဲဒီအရူးတွေလို လူသတ်သမားတစ်ယောက်များ ဖြစ်နေလား။ ”

***

အခန်း ၂၃၄ -

ငါ့မြေးကြီးလား ... ။

ရုတ်တရက် ပြင်းထန်သော တိုက်ပွဲကြီး ငြိမ်သက်သွားခဲ့၏။ မြေပြင်ရှိရေခဲပြင်ကြီးသည် ပင်လယ်ပြင်အလား အရည်ပျော်ကျနေချေပြီ။ ကူချန်သည်သာ လေထုအလယ်တွင် တစ်ယောက်တည်း ရပ်ကျန်ရစ်ခဲ့၏။

သူ့စိတ်ထဲတွင် ဓားဖြင့် ရန်သူ၏ ဦးခေါင်းကိုဖြတ်ချလိုက်သည့် ထိုခဏအတွင်း၌ ကျေနပ်အားရမှုကို ခံစားလိုက်ရသည်မှာ ထင်ရှားချေ၏။

ယင်းခံစားချက်သည် မည်သည့်အရပ်မှ မြစ်ဖျားခံလာမှန်း မသိချေ။ ထို့ကြောင့် ဦးခေါင်း ဖြတ်ရသည်ကိုဝါသနာပါသော အရူးပင်လောဟု သံသယဝင်နေမိခြင်းဖြစ်၏။

“ မဟုတ်သေးဘူး ... ။ ”

ထိုအတွေးကို ငြင်းဆန်လိုက်သည်။ လူတစ်ယောက်ကို အသားတစ်ဖြစ်သွားအောင် ထုထောင်းခြင်းသို့မဟုတ် နှိပ်စက်သတ်ခြင်း စသည်တို့သည် ရက်စက်ချေ၏။

ထိုလုပ်ရပ်များဖြင့်စာလျှင် ဓားတစ်ချက်တည်းဖြင့် အမြန်ဆုံး အဆုံးသတ် ပေးခြင်းသည် သက်ညှာရာရောက်ပေမည်။

“ ဒါပဲ ဖြစ်ရမယ် ... ။ ”

အဖြေကိုရှာတွေ့လိုက်သဖြင့် သက်သာရာရသွားတော့၏။ မိမိကိုယ်မိမိ စိတ္တဇ လူသတ်သမားအဖြစ် သံသယဝင်နေသည့် အတွေးများရှင်းလင်းသွားသည်။

အဝေးတစ်နေရာတွင် ယွမ်ဖူနယ်ပယ် ကျင့်ကြံသူသုံးဆယ်ခန့်သည် လေထုအလယ် တိတ်ဆိတ်စွာ နစ်မျောနေသော ကူချန်ထံ မှင်သပ်စွာငေးကြည့်မိကြ၏။

ခရမ်းရောင်နယ်ပယ် ကျင့်ကြံသူ သုံးယောက်အနက် တစ်ယောက်ထွက်ပြေးပြီး နှစ်ယောက်မှာ သေဆုံးရချေပြီ။

တိုက်ပွဲအတွင်း အခွင့်အရေးကို စောင့်မျှော်ကာ ရတနာများလုယူလိုသော သူတို့ အတွက် အမှန်ပင်တုန်လှုပ်စရာကောင်း၏။

“ မြန် မြန် ... ။ ”

ထိုအချိန်တွင် ကူချန်သည် သတိဝင်လာဟန်ဖြင့် ပတ်ဝန်းကျင်ကို ဝေ့ကြည့် လာခဲ့သည်။ သို့မှသာ လူတိုင်း သတိဝင်လျက် ချက်ချင်း ထွက်ပြေးကြတော့၏။

“ မြန်မြန်ပြေး ... ဒီလူက ခေါင်းဖြတ်သတ်လိမ့်မယ်။ ”

ကူချန်သာလျှင်မဟုတ်ဘဲ သူတို့ အားလုံးသည်လည်း အဖွားအိုခေါင်းပြတ်သည့် ပုံရိပ်မှာစွဲထင်နေခဲ့ပြီဖြစ်သည်။ များမကြာခင် ကူချန်၏ ဝိညာဉ်အသိထဲ တစ်ယောက်မျှ မကျန်တော့ချေ။

“ ဟမ့် ... မရှိတော့ဘူးလား။ ”

မှဒန်နေအောင် ထွက်ပြေးကုန်သော လူရိပ်များထံ မော့ကြည့်လျက် ကူချန်မှခေါင်းကို အသာခါရမ်းလိုက်သည်။ ထို့နောက် လေထုထဲရှိ ကျောက်တံခါးကြီးထံ လှည့်ကြည့်၏။

ဤအရပ်၌ သူနှင့် ထိုတံခါးသည်သာ ရှိတော့ချေပြီ။ ထိုစဉ်ကျောက်တံခါးအတွင်းမှ အလင်းများ တဖျပ်ဖျပ် လက်လာလာတော့၏။

“ ဝှစ် ... ။ ”

“ ဝှစ် ... ။ ”

“ ဝှစ် ... ။ ”

စက္ကန့်အနည်းငယ်အကြာတွင် အလင်းတန်းပေါင်းထောင်နှင့်ချီ၍ အရပ်မျက်နှာ အသီးသီးထံ လွင့်စင်ထွက်လာခဲ့သည်။

“ ဒါတွေက ... ။ ”

ကူချန်က ရုတ်တရက်တစ်စုံတစ်ရာကို သံသယဝင်လာပြီး ထိုအလင်းတန်းများထံသို့ လက်ဆန့်ကာ ဖမ်းယူလိုက်တော့၏။

ယင်းသည် ဖြူဖွေးနေသော အရိုးတံဆိပ်များဖြစ်ချေပြီ။ သူ့လက်ထဲ တံဆိပ် သုံးဆယ်ကျော် ဖမ်းဆီးရရှိလိုက်၏။ သို့သော် ဤတံဆိပ်များသည် သူ့တံဆိပ်နှင့်မတူချေ။

သူ့တံဆိပ်သည် ကနဦးအတွင်းတပည့် တံဆိပ်ဖြစ်ကာ ဤတံဆိပ်များသည် အကယ်ဒမီ ဝင်ခွင့်တံဆိပ်မျှဖြစ်၏။

“ ဝမ် ... ။ ”

အဆုံး၌ အလင်းတန်းများ ဖြန့်ထုတ်ပြီးနောက် အကယ်ဒမီဝင်ပေါက် တံခါးကြီးသည်လည်း တစ်ခါမျှမရှိခဲ့ဖူးသကဲ့သို့ ရုတ်ချည်းပျောက်ကွယ်သွားတော့သည်။

ကူချန်က အရိုးဖြူတံဆိပ်များကို သိမ်းဆည်းလျက် ဗလာဖြစ်နေသော လေဟာနယ်အတွင်း မော့ကြည့်ကာ၊

“ နောက်တစ်ကြိမ် လီကျန်းအကယ်ဒမီ ပွင့်လာတဲ့အခါကျရင် ... ဒါဟာနဂါးနဲ့ကျားတို့ရဲ့ ပြင်းထန်တဲ့ တိုက်ပွဲကွင်းတစ်ခု ဖြစ်လာမှာ သေချာတယ်။ ”

-ဟု ရေရွတ်လိုက်၏။

ယခုတစ်ခေါက် လီကျန်းအကယ်ဒမီသို့ လူတစ်ရာကျော်သာဝင်နိုင်ပြီး အတွင်းတပည့် တံဆိပ်ရရှိသူသည် သုံးဆယ်ကျော်ရှိသည်။

ဤတံဆိပ်တစ်ခုသည် လူလေးယောက် အတူခေါ်ဆောင်နိုင်ပြီး အလင်းတံခါးကြီးထံမှ ပစ်လွှတ်လိုက်သော အရိုးဖြူတံဆိပ်များသည် ထောင်နှင့်ချီချေပြီ။

ထို့ကြောင့် နောက်တစ်ကြိမ်တွင် လီကျန့်အကယ်ဒမီတံခါးရှိ၌ လူပင်လယ်ကြီး ဖြစ်နေပေလိမ့်မည်။

သို့သော် ထိုအချိန်သည် နောက်ထပ် နှစ်ပေါင်းမည်မျှကြာမည်ကို မည်သူမျှမသိချေ။ အဆုံး၌သက်ပြင်းချကာ နတ်နဂါးမြို့တော်သို့ ပျံသန်းလာခဲ့တော့သည်။

နတ်နဂါးမြို့၊ ကူစံအိမ်တော်။

နတ်နဂါးမြို့တော်ကြီးသည် ကောင်းကင်အောက်တွင် အဆုံးမရှိသောမြူများ ဝန်းရံထားသည်။

ဟန်မြစ်၊ ယန်စီမြစ်နှင့် မဟာတူမြောင်းတို့ကဲ့သို့ မြစ်ကြီးသုံးသွယ်သည် ငွေနဂါးသုံးကောင်အလား မြို့တော်အပြင်တွင် ရစ်ခွေစီးဆင်းနေ၏။

ဤမြစ်ကြီးများအတွင်းတွင် ကူးတို့သင်္ဘောများ ကူးသန်းမှု များပြားလှသဖြင့် ရေပြင်သည်ပင် အေးခဲချိန်မရှိခဲ့ချေ။

ကူချန်က ကူမိသားစုအိမ်တော် အထက်တွင်ရပ်လျက် မျက်မှောင်ကြုတ်သည်။ အိမ်တော်အတွင်း ရင်းနှီးနေသောရောင်ဝါနှင့် အခြားသောရောင်ဝါတစ်ခုကို ခံစားရ၏။

“ ဒါ ... ။ ”

ရင်းနှီးသော ရောင်ဝါသည် သူ့အဖေထံမှလာပြီး ထူးဆန်းသောရောင်ဝါမှာ အနည်းငယ်သံသယဝင်စေသည်။ ချက်ချင်းပင် သူ့မျက်နှာပေါ်၌ ရှုပ်ထွေးသောအမူအရာများ အရိပ်အမြွက်ဖြစ်ပေါ်လာခဲ့တော့၏။

ကူအိမ်တော်အတွင်း၌ ကူဖုန်းသည် ဧည့်သည်တစ်ဦးနှင့် စကားစမြည်ပြောကြားနေ ခဲ့သည်။

တိတိပပဆိုရပါမူ သူ့တွင် ငြင်းဆိုခြင်း၊ သံသယဖြစ်ခြင်းနှင့် သတိထားခြင်းများရှိနေ၏။ အဘယ်ကြောင့်ဆိုသော် တစ်ဖက်လူပြောသည့် အကြောင်းအရာများမှာ ယုံနိုင်စရာ မရှိချေ။

ထိုအချိန်တွင် ကူချန်၏ရောင်ဝါကို ကောင်းကင်အထက်တွင် ခံစားမိလိုက်ရသဖြင့် သက်သာရာရသွားတော့၏။

“ တာအိုမိတ်ဆွေ မင်းပြောပြတာတွေက အရမ်းကိုထူးဆန်းလွန်းလို့ ငါအတည်မပြုနိုင်ဘူး ဒါပေမယ့် ... အခု ငါ့သားကြီးပြန်လာပြီဆိုတော့ မင်းသူနဲ့တွေ့ကြည့်ပါ ... ပြီးရင် ... ။ ”

ကူချန်က သူ့ရှေ့မှလူကိုကြည့်ကာ သူ့သားထံမှ အတည်ပြုချက်များတောင်းခံရမည် ဖြစ်ကြောင်း အသိပေးလိုက်သည်။

“ ဟမ့် ... ငါ့မြေးကြီးဆီကနေ အသိအမှတ်ပြုမှုရယူရမှာလား ... ။ ”

မြေးကြီးဟူသော အသံကြောင့် ဧည့်သည်အမျိုးသားသည် ရွှင်မြူးသွားသော အသွင်မျိုးဖြင့် တံခါးဝသို့လှမ်းကြည့်လိုက်၏။

သို့သော် ချက်ချင်းပင် သူ့မျက်ဝန်းများ ပြူကျယ်သွားပြီး မယုံကြည်နိုင်ဟန်နှုတ်ခမ်းများ တဆက်ဆက်တုန်လာတော့သည်။

“ သူ ... သူက ။ ”

အပြာရောင်ဝတ်စုံဖြင့် ချောမောသော လူငယ်တစ်​ယောက်အခန်းထဲသို့ ဖြည်းညှင်းစွာ လှမ်းဝင်လာနေသည်ကို မြင်လိုက်ရ၏။

“ မိတ်ဆွေ ဘာဖြစ်လို့လဲ ... ။ ”

ထိုအမူအရာကြောင့် ကူဖုန်းက နားမလည်နိုင်ဖြစ်သွား၏။ ဧည့်သည်အမျိုးသား ခမျာ ချက်ချင်းသတိဝင်လာပြီး သူ့မေးခွန်းကို လျစ်လျူရှုလျက် ပါးရိုက်တော့သည်။

“ ဖြန်း ... ။ ”

ထိုသူထံမှ စစ်မှန်သောစွမ်းအင်များ လှုပ်ခတ်လာသည်ကို သတိထားမိလိုက်သော ကူဖုန်းမှ ရုတ်ချည်းဓားဆွဲရန်ပြင်လိုက်၏။

“ မင်း ... ။ ”

သို့သော် ဧည့်သည်အမျိုးသားသည် အံ့သြဝမ်းသာခြင်း၊ စိတ်လှုပ်ရှားခြင်း၊ တုန်လှုပ် ချောက်ခြားခြင်း စသည်တို့ရောပြွမ်းနေသည့် မျက်ဝန်းများဖြင့် သူ့ကိုယ်သူ ပါးရိုက်ချ လိုက်ခြင်းသာဖြစ်နေလေသည်။

“ ဟမ့် ... ။ ”

အခန်းထဲ ဝင်လာသော ကူချန်သည်ပင် ထိုမြင်ကွင်းကြောင့် အံ့အားသင့်ပြီး မျက်ခုံးပင့် လိုက်မိလေသည်။

“ ဖြန်း ... ။ ”

ထိုအချိန်တွင် ဧည့်သည်အမျိုးသားသည် အခြားတစ်ဖက်ကိုပါ ထပ်မံရိုက်ချလိုက်ပြန်၏။ ပါးပြင်နှစ်ဖက်စလုံး သပြေသီးမှည့်ရောင်ညီညာ သွားလေသည်။

“ ငါ ... ငါ့ရဲ့မြေးကြီး ... မြေးရဲ့အဘိုးက မြေးကိုစိတ်ရင်းအမှန်နဲ့ တောင်းပန်ပါရစေ ... အဖိုးကို ခွင့်လွှတ်ပါ တောင်းပန်ပါတယ်။ ”

သည့်နောက် ချက်ချင်းထရပ်ကာ မျက်ရည်များဝဲလျက် ကူချန်ထံသို့ လက်နှစ်ဖက် ဆန့်ကာ လျှောက်လှမ်းလာတော့၏။

“ ဝှစ် ဝှစ် ဝှစ် ... ။ ”

ကူချန်က မျက်နှာ မည်းမှောင်သွားပြီး ဓားများဆင့်ခေါ်လိုက်၏။ ဓား(၂၄)လက်သည် သူ့ကျောပြင်မှ တန်းစီထွက်ပေါ်လာကာ တစ်ဖက်လူထံ ထိုးချိန်လာသည်။

“ မင်း ... ငါနဲ့ဆယ်ပေအကွာမှာ ရပ်နေလိုက်တာ အကောင်းဆုံးဖြစ်လိမ့်မယ်။ ”

ကူချန်က အေးစက်စွာဖြင့် ပြောကြားလိုက်၏။ ယခုအချိန်၌ သူသည်လည်း တစ်ဖက်လူ၏ အထောက်အထားကို အပြည့်အဝ အတည်ပြုနိုင်ချေပြီ။

ဤအရှက်မဲ့သော လှည့်စားသူသည် သူ့ဖခင်အဖေ၏ အဖေ အမှန်ပင် ဖြစ်နေချေ၏။ ဧည့်သည်အမျိုးသားခမျာ ချက်ချင်းပင် ခြေလှမ်းများရပ်သွားသည်။

တစ်ဆက်တည်းမှာပင် သူ့မျက်နှာပေါ်၌ အလွန်ပင်နေရခက်သောအသွင်မျိုး ဖြစ်ပေါ်လာ တော့၏။

ကူးဖုန်သည်ပင် ဤသို့ထူးဆန်းပြီး တင်းမာနေသော အခြေအနေကို ကြည့်လျက် တစ်ခုခုမှားယွင်းနေကြောင်း သိရှိလိုက်သည်။ အသက်ကိုခပ်ပြင်းပြင်းရှူကာ၊

“ ချန်အာ ... ဒီလူက ရုတ်တရက် ငါတို့အိမ်ကိုရောက်လာပြီးတော့ သူ့ကိုယ်သူ ဘိုးဘေးကူစန်းရှန်လို့ မိတ်ဆက်နေတယ် ဘိုးဘေးကူစန်းရှန်ဆိုတာ အရင်ကငါမင်းကို ပြောပြခဲ့ဖူးတဲ့ မင်းတို့ရဲ့အဘိုးပဲ။ ”

-ဟု အသိပေးလိုက်၏။

ကူချန်က ခဏမျှ တိတ်ဆိတ်သွားပြီး ရှုပ်ထွေးသောအသွင်ဖြင့် မျက်နှာပျက်ယွင်းစွာ ရပ်နေသည့် ဧည့်သည်အမျိုးသားထံကြည့်ကာ အတည်ပြုလိုက်တော့သည်။

“ တခြား ... ဘာကိုမှ ထူးထူးခြားခြား မတောင်းဆိုခဲ့ဘူးဆိုရင်တော့ ... သူဟာ တကယ်ပဲ အဲဒီလူပါ။ ”

***

All Chapters