← Chapters

အခန်း (၂၂၅-၂၂၆)

Vol. 19 Ch. 225-226

အခန်း (၂၂၅-၂၂၆)

Vol. 19 Ch. 225-226

အခန်း ၂၂၅ –

လျှို့ဝှက်ဆန်းကြယ်သူ ... ။

“ ဘယ်သူလဲ ... ။ ”

ကူချန်တစ်ယောက် မျက်ဝန်းအစုံ မှေးစင်းလျက် အသံလာရာအရပ်သို့ ချက်ချင်း ခေါင်းလှည့်ကြည့်လိုက်၏။

ဆီးနှင်းပမာ ဖြူဖွေးသည့် ဝတ်စုံကို ဆင်မြန်းထားသော လူတစ်ယောက်သည် အဝေးမှ ပျံသန်းလာ​နေသည်။

ထိုသူ၏ရုပ်သွင်မှာ အလွန်ပင် ခန့်ညားလှပပြီး ကျောက်စိမ်းကဲ့သို့ တည်ကြည် ချောမောချေပြီ။

သူ့မျက်နှာထက်တွင် အပြုံးတစ်ပွင့်ကို တင်ထားရာ နွေဦးလေညင်းကဲ့သို့ အေးမြသော ဆွဲဆောင်နိုင်မှုကို ပေးစွမ်းလေသည်။

တစ်ဖက်လူသည် သစ်ပင်အဖျားများကို အသာအယာနင်းလျှောက်ပြီး ပြေးလွှားလာခြင်း ဖြစ်၏။ လက်ထဲတွင် ယပ်တောင်တစ်ချောင်း ကိုင်ဆောင်ထားပြီး အလွန် လွတ်လပ် ပေါ့ပါး နေချေပြီ။

ကူချန်မှ မျက်မှောင်ကြုတ်လိုက်သည်။ သူ့မှတ်ဉာဏ်အတွင်း ဝင်လာသည့်လူများထဲ၌ ဤမျှကြည့်ကောင်းသော ပုဂ္ဂိုလ်မျိုးမပါဝင်​ချေ။

( ဒီလူက အရင်ထဲက လျှို့ဝှက်နယ်မြေထဲမှာ ရှိနေတာလား။ )

ထိုအတွေးက သူ့နှလုံးသားကို တုန်လှုပ်စေတော့၏။ ယင်းကြောင့် ချက်ချင်းပင် ကံကြမ္မာမျက်ဝန်းသုံးကာ အကဲခတ်လိုက်သည်။

( ခရမ်းရောင်နေမင်း ခုနစ်စင်းလား။)

ဤပမာဏသည် ပထမတန်းစား ခရမ်းရောင်နေမင်းနယ်ပယ် ကျင့်ကြံသူဖြစ်၏။ လျှို့ဝှက်နယ်မြေအတွင်း ဝင်ရောက်လာသည့် မည်သူ့ထက်မဆို အရည်အချင်းရှိနေချေပြီ။

ဟိုင်ရှင်းဂိုဏ်းမှ အဘွားအို၊ ဟိုင်လန်နိုင်ငံမှအဘိုးကြီနှင့် ကျန်နှစ်ဦးထဲ၌ပင် အစွမ်းထက်ဆုံးမှာ နေမင်းငါးစင်းပိုင်ဆိုင်သည့် အဘိုးကြီးလန်ဝမ်ဖြစ်သည်။

ဟိုင်ရှင်းဂိုဏ်းမှ အဘွားအိုသည်ပင် ခရမ်းရောင်နေမင်းလေးစင်းသာရှိ၏။ သူမသည် ခရမ်းရောင်နေမင်းနယ်ပယ် ကျင့်ကြံသူများ အနက် အဆင့်မြင့် တစ်ဦးပေပင်။

ကျန်နှစ်ယောက်သည် ခရမ်းရောင် နေမင်းသုံးစင်းစီဖြင့် သာမန်အဆင့်ခရမ်းရောင် နေမင်းနယ်ပယ် ကျင့်ကြံသူများသာ ဖြစ်လေသည်။

နေမင်းတစ်စင်းနှင့် တစ်စင်းကြား တိုက်ပွဲဝင်စွမ်းအားများသည် ကွာခြားချက် အလွန်ကြီးမားသည်။

နေမင်း ခုနစ်စင်းဟူသည်မှာ အထက်တန်းစားတစ်ယောက်ဖြစ်ပြီး ထိုသူကို ကျင့်ကြံခြင်းလောကတွင် စစ်မှန်သောသခင်ဟု ခေါ်ဝေါ်ကြ၏။

“ ဝှစ် ... ။ ”

တစ်ဖက်လူက ကူချန်နှင့် မနီးမဝေးတွင် ဆင်းသက်လာသည်။ နှစ်ဦးသားအတန်ကြာ စိုက်ကြည့်နေပြီး မျက်ဝန်းများထဲ ထူးဆန်းသော သံသယများ အသီးသီး ဖြစ်ပေါ်လာ၏။

( ဘာလို့ ... ဒီလူကို တစ်နေရာရာမှာ မြင်ဖူးသလို ခံစားနေရတာလဲ။ )

ဤသို့ ထူးဆန်းသောခံစားချက်သည် နှစ်ဦးစလုံး၏ရင်ထဲဝင်ရောက်လာ၏။ ကူချန်မှ ထိုခံစားချက်ကိုဖိနှိပ်ကာ၊

“ မိတ်ဆွေ ... မင်းရဲ့ စကားအဓိပ္ပာယ်က ဘာကိုဆိုလိုတာလဲ။ ”

-ဟု မေးမြန်းလိုက်သည်။ အဖြူဝတ် အမျိုးသားက ခေါက်ယပ်တောင်ကို တဖျပ်ဖျပ် ခတ်ကာ၊

“ မင်း ... ဒီလီကျန်းအကယ်ဒမီကို ဝင်လာတုန်းက ကောင်းကင်နဲ့ မြေပြင်ကို ပိုင်းဖြတ်ထားတဲ့ ကွဲအက်ကြောင်းကြီးကို မြင်ခဲ့တယ်မဟုတ်လား။ ”

-ဟု မေးမြန်းလေသည်။

“ အမှန်ပါပဲ။ ”

ကူချန်မှ ခေါင်းညိတ်ပြလိုက်၏။

“ အဲဒီ ဒဏ်ရာကြီးနှစ်ခုဟာ ... လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက လောကကိုတုန်ဟည်းစေတဲ့ ပုဂ္ဂိုလ်တစ်ယောက်ရဲ့ တိုက်ခိုက်မှုကြောင့် ဖြစ်ပေါ်လာခဲ့တာပဲ ...

... သူက ဓားတစ်ချက်တည်းနဲ့ ဒီလီကျန်းအကယ်ဒမီနယ်မြေကြီး တစ်ခုလုံးကို ထက်ပိုင်းဖြတ်ခဲ့တာ ... အဲဒီအချိန်ကစပြီး ဒီနယ်မြေရဲ့စည်းမျဉ်းတွေမှာ ချို့ယွင်းချက်တွေ ဖြစ်ပေါ်လာခဲ့ရတာပဲ။ ”

ထိုသို့ပြောကြားနေရာမှ အဖြူဝတ် အမျိုးသားသည် တစ်စုံတစ်ရာသတိရသွားပြီး ရုတ်တရက် ပြုံးပြကာ၊

“ ဒါနဲ့ မင်းကြည့်ရတာ ... အခုမှ ဝင်ရောက်လာပုံရတယ် ပထမအဆင့်မှာတုန်းက ဆုလာဘ်တွေအားလုံး လူတစ်ယောက်တည်းရဲ့ လက်ထဲရောက်သွားတယ် မဟုတ်လား။ ”

-ဟု မေးမြန်းတော့၏။ ကူချန်မှ မျက်ခုံးပင့်လျက် ခေါင်းညိတ်ပြလိုက်သည်။ အဖြူဝတ်အမျိုးသားမှ ယပ်တောင်ကို ဖြန်းခနဲ့ သူ့လက်ဖဝါးအတွင်း ရိုက်ချလိုက်ကာ၊

“ ဟားဟားဟား ... အဲဒါစည်းမျဉ်းတွေ ပျက်ယွင်းကုန်တဲ့သက်သေပဲ ... ဒါနဲ့ မိတ်ဆွေ မင်းဒီကိုဝင်လာတာ ပထမဆုံးအကြိမ်လား။”

-ဟု မေးမြန်းပြန်၏။

“ မှန်ပါတယ် ... မိတ်ဆွေကတော့ အခုမှဝင်ရောက်လာတဲ့လူ ဟုတ်ပုံမရဘူး။ ”

ကူချန်မှ သတိကြီးစွာဖြင့် ပြန်လည် စူးစမ်းလိုက်သည်။ အဖြူဝတ်အမျိုးသားခမျာ ရွှင်မြူးလာပြီး၊

“ သဘာဝပါပဲ ငါက အရင်ထဲက ဒီနယ်မြေထဲကို ဝင်ရောက်လာခဲ့တဲ့သူပါ။ ”

-ဟု ပွင့်ပွင့်လင်းလင်း ခေါင်းညိတ်ပြလာ၏။ ကူချန်မှ ခဏမျှစဉ်းစားလျက် အဓိပ္ပာယ်ပါပါဖြင့် ထပ်မေးလိုက်ပြန်သည်။

“ ဒါနဲ့ ... မိတ်ဆွေက ကိုယ့်ဆန္ဒအတိုင်း ဒီနယ်မြေထဲမှာ နေထိုင်ခဲ့တာတော့ မဟုတ်ဘူး ထင်တယ်။ ”

ဤတစ်ကြိမ်တွင် တစ်ဖက်လူသည် မျက်ခုံးပင့်ကာ ခေါင်းညိတ်ပြ၏။ သည့်နောက် တစ်စုံတစ်ရာကို သတိရသွားဟန်ဖြင့် စိတ်လှုပ်ရှားလာခဲ့သည်။

“ ဒီနေရာက စည်းမျဉ်းတွေအားလုံး ပျက်စီးကုန်ပြီ ... ဒီနေရာဟာ အဝင်ပဲရှိပြီးတော့ အထွက်မရှိဘူး ... နေဦး မဟုတ်သေးဘူး ... ဒီလို ဒီနယ်မြေက အလိုအလျောက်ပွင့်လာတဲ့ ...

... အချိန်မှပဲ ပြန်ထွက်လို့ရတယ် ... မဟုတ်ရင် နောက်တစ်ကြိမ်ပွင့်လာတဲ့အထိ မင်း ဒီမှာပိတ်မိနေလိမ့်မယ် ... ဒီနေ့တော့ ငါမင်းကို ကျေးဇူးတင်ပါတယ် မင်းသာဝင်မလာခဲ့ရင် ဒီနယ်မြေပွင့်နေတာကို ငါသိမှာမဟုတ်ဘူး ...

... ဒါဆို ငါဒီမှာထပ်ပြီး ပိတ်မိနေရဦးမယ် အခုတောင် ဒီမှာနှစ်ပေါင်းတစ်ရာစောင့်ခဲ့ရပြီးပြီ နောက်ထပ်တစ်စက္ကန့်တောင် မနေချင်တော့ဘူး ငါအပြင်ကို ထွက်ချက်နေပြီ။ ”

အဖြူဝတ်အမျိုးသားသည် အလွန်အမင်း စိတ်လှုပ်ရှားနေ၏။ ကူချန်သာလျှင် ထိုစကားကို ကြားသောအခါ ရင်ထဲထိတ်ခနဲ ဖြစ်သွားသည်။ ကြောက်ရွံ့စိတ်အနည်းငယ်ပင် ဝင်လာ၏။

အကယ်၍သာ သူသည် ဤသတင်း အချက်အလက်ကိုမသိဘဲ အချိန်ဖြုန်းနေမိပါက တစ်ဖက်လူကဲ့သို့ နှစ်ပေါင်း တစ်ရာခန့်ပိတ်မိ နေပေတော့မည်။

သို့သော် တစ်ဖက်လူမှ ဤမျှရိုးသားစွာ အချက်အလက်များကို ဝေမျှပေးနေခြင်းသည် သံသယဖြစ်စရာ ကောင်းနေပြန်သည်။

“ မိတ်ဆွေ ... ဘာဖြစ်လို့ ငါ့ကို ဒီအကြောင်းတွေ ပြောပြနေရတာလဲ။ ”

“ အကြောင်းပြချက်လား ... မရှိဘူး ... ငါဒီမှာနှစ်တစ်ရာလောက် ပိတ်မိနေပြီးမှ မင်းကို ပထမဆုံးတွေ့ရမို့ စကားပြောချင်လာတာပဲ မင်းငါ့ကို စိတ်ချလို့ရတယ် ...

... ငါ စိတ်ကောင်းဝင်နေတုန်း မင်းသိချင်တာတွေကို မြန်မြန်မေးနိုင်တယ် ဒီမှာ နှစ်တစ်ရာလောက် နေခဲ့တာဆိုတော့ မသိတာ မရှိသလောက်ပဲ ...

... နောက်ပြီး မင်းလည်း မြန်မြန် ပြန်ထွက်ဖို့ပြင်ပါ ဒီနေရာကပွင့်ချိန်တွေမမှန်ဘူး တခြားသူတွေက ဒုတိယအဆင့်မှာ အကုန်လုံး ကျရှုံးသွားမယ်ဆိုရင် ...

... လျှို့ဝှက်နယ်မြေက ချက်ချင်း ပြန်ပိတ်သွားနိုင်တယ် မင်းအတွက် စက္ကန့်(၃၀) အချိန်ရမယ် ဘာသိချင်လဲမေးပါ။ ”

စက္ကန့် (၃၀)ဟူသော အချိန်ပမာဏကြောင့် ကူချန်တစ်ယောက် ဦးနှောက်ကိုအလျင်အမြန် အလုပ်လုပ်လိုက်ရသည်။ အဆုံး၌ မေးခွန်းအချို့ ရရှိလာ၏။

“ ဒီအကယ်ဒမီကို ဖျက်ဆီးခဲ့တဲ့ အစွမ်းထက်ပုဂ္ဂိုလ်က ဘယ်သူလဲ ဘာဖြစ်လို့ ဖျက်ဆီးခဲ့တာလဲ။ ”

“ ဒါတော့ ဘယ်သူလဲဆိုတာ ငါလည်း အတိအကျမသိဘူး ဘာကြောင့်လဲဆိုတော့ ဒီမှာ ကျန်ခဲ့တဲ့ အချက်အလက်က နည်းလွန်းတယ် ...

... မိစ္ဆာမျိုးနွယ်ဓားသမား ဖြစ်နိုင်သလို နတ်ဆိုးလမ်းစဉ် ဓားသမားလည်း ဖြစ်နိုင်တယ် သေချာတာကတော့ ဓားသမားတစ်ယောက်ပဲ။”

“ ဒီဥယျာဉ်က ဘာလဲ လျှို့ဝှက်ချက်ရှိလား။ ”

“ ဒီဥယျာဉ်ကို စာကြည့်တိုက်လို့ မှတ်ယူနိုင်တယ် ဒီနေရာကောင်းမွန်နေတုန်းက ဆိုရင် ... မင်းဖတ်ချင်တဲ့စာအုပ်ကို နာမည်လေး ခေါ်လိုက်ရုံနဲ့ စာအုပ်က မင်းလက်ထဲကို ပျံသန်းလာလိမ့်မယ် ...

... နွေးထွေးတဲ့ နေရောင်ခြည်တွေ ဖြာကျနေတဲ့မက်မွန်ပွင့်ကြီးအောက်မှာ ဒီလို စာဖတ်ရတာ ဘယ်လောက် ဇိမ်ရှိလိုက်မလဲ တကယ်တော့ ဒီနေရာက ...

... လီကျန့်အကယ်ဒမီရဲ့ အဓိကဒေသပဲ အခုတော့ပျက်စီးနေပြီမို့ မင်းအဲဒီခံစားချက်ကို ရှာလို့ရနိုင်မှာ မဟုတ်ဘူး ...

... မင်းမှာ နောက်ထပ် မေးစရာတွေ ရှိသေးလား မြန်မြန်မေးပါ မင်းအတွက် အချိန် သိပ်မကျန်တော့ဘူး။ ”

“ ရှိတယ် ... ခဏလေး။ ”

ကူချန်က ပန်းချီကားထဲတွင် ကြုံတွေ့ခဲ့ရသော ထူးဆန်းမှုများကို ပြန်ပြောင်း ပြောပြလိုက်သည်။

တစ်ဖက်လူသည် ထိုဇာတ်လမ်းကို နားထောင်ပြီးနောက် ခဏမျှစဉ်းစားလိုက်ကာ၊

“ ဒါကြောင့်လည်း ဒီအကယ်ဒမီကို တိုက်ခိုက်သူဟာ မိစ္ဆာမျိုးနွယ်ဓားသမားလား ... နတ်ဆိုးလားဆိုတာ မကွဲပြားခဲ့တာပေါ့ ...

... အသက်ရှင်ကျန်ရစ်သူတွေရဲ့ ပြောစကားအရဆိုရင် တစ်ဖွဲ့ကမိစ္ဆာမျိုးနွယ်ကို မြင်တယ်ပြောပြီး ...

... နောက်တစ်ဖွဲ့က နတ်ဆိုးကျင့်ကြံသူကို မြင်တယ်လို့ပြောကြတယ် မင်းရဲ့အတွေ့အကြုံ အရ ဒါကပန်းချီကားချပ်ထဲ ရောက်သွားတာပဲ ဒီလိုဖြစ်ရပ်မျိုးက ဒီစာကြည့်တိုက်ရဲ့ ထူးခြားချက်ပ ...

... ငါသိသလောက်ဆိုရင် အရင်က တပည့်တွေဟာ လူ့ဘဝရဲ့အနိမ့်အမြင့်တွေကို သိရအောင် ဒီလိုပန်းချီကားတွေထဲဝင်ပြီး နှစ်ပေါင်းများစွာ လေ့ကျင့်ကြတယ် ...

... ဒါပေမဲ့ ... အခုတော့ ဒီလိုအခွင့်အရေးတွေက ပျက်စီးကုန်ပြီ မင်းသာ ကံကောင်းပြီး ရောက်သွားတာ ဒါပေမယ့် ထပ်မစမ်းကြည့်နဲ့ ... ။ ”

“ နားလည်ပါပြီ ... ဒါနဲ့ ဒီလီကျန်းအကယ်ဒမီက အသက်ရှင်ကျန်ခဲ့တဲ့ လူတွေ ရှိနေသေးတာလား။ ”

“ အချိန်ပြည့်ပြီ ... ။ ”

အဖြူဝတ်အမျိုးသားက ကူချန်မေးခွန်းကို ပြန်မဖြေတော့ဘဲ၊

“ မင်းကို ဖြေပေးခဲ့တဲ့ အချိန်စက္ကန့် (၃၀)ဆိုတာဟာ ငါ့ကိုအပြင်ထွက်လို့ရပြီဆိုတာ အသိပေးခဲ့တဲ့ ကျေးဇူးကိုပြန်ဆပ်လိုက်တာပဲ ကျန်တာကို မင်းဘာသာရှာဖွေပါ။ ”

-ဟု ပြောကြားလိုက်၏။

ထို့နောက် ကူချန်ကို လျစ်လျူရှုလျက် တံဆိပ်ထုတ်ယူကာ မဆိုင်းမတွအသက်သွင်းပြီး မှုန်ဝါးပျောက်ကွယ်သွားတော့သည်။

***

အခန်း ၂၂၆ –

ရုပ်သေးသခင်နှင့် ဝင်္ကပါသခင်။

ကူချန်တစ်ယောက် လက်ထဲရှိ တံဆိပ်ကိုပြန်ငုံ့ကြည့်ကာ မျက်မှောင်ကြုတ် လိုက်ပြီး မက်မွန်ဥယျာဉ်ထံ တစ်ချက် ဝေ့ကြည့်မိလေသည်။

ဤနေရာကို စူးစမ်းလိုသော်လည်း အဖြူဝတ်အမျိုးသား စကားများသည် သူ့ကို စိတ်မသက်မသာ ဖြစ်စေသည်။

အကယ်၍သာ ထိုသူစကားအတိုင်း လျှို့ဝှက်နယ်မြေတ်သွားသော် နှစ်ပေါင်းရာချီ ပိတ်မိသွားနိုင်၏။ ဤသည်မှာ သူ လုံးဝ လက်မခံနိုင်သည့်အရာ ပေပင်။

အထူးသဖြင့် လျှို့ဝှက်နယ်မြေ ပြန်ပွင့်ချိန်သည် လုံးဝပုံသေမရှိဟု သတိပေး သွားခဲ့သည်။

ဆိုလိုသည်မှာ ပိတ်မိသွားပြီးနောက် တတိယအကြိမ် ပြန်ပွင့်လာမည့်အချိန်ကိုပင် ထပ်မံလွှဲချော်သွားခဲ့သော် တစ်သက်လုံး လွတ်မြောက်နိုင်တော့မည် မဟုတ်ချေ။

“ ဟမ့် ... လမ်းညွှန်ပေးမယ့်သူလည်း မရှိတော့ဘူး ... ငါဒီထဲမှာဆက်နေဦးမယ်ဆိုရင် ခေါင်းမပါတဲ့ ယင်ကောင်လို လမ်းပျောက်နေမှာ အသေအချာပါပဲ။ ”

လီကျန်းအကယ်ဒမီသည် အမည်မသိ ဓားသမားမှ ဖျက်ဆီးခြင်းကိုခံထားရခြင်းဖြစ်၏။ ထို့ကြောင့် အစီရင်များမှာ ချို့ယွင်းနေပြီး ဖြစ်သည်။

ဆိုလိုသည်မှာ အကယ်ဒမီအတွင်း၌ အမှောင်ထုနှင့် မကောင်းဆိုးဝါးများစွာတို့၏ ခိုအောင်းရာအရပ် ဖြစ်နေနိုင်မည်။

အတွင်းသို့ ဝင်ရောက်စူးစမ်းသော် မည်သို့သောအန္တရာယ်များနှင့် ကြုံတွေ့ရမည်ကို မည်သူမျှမသိနိုင်ချေ။

အစောပိုင်း ပန်းချီကားထဲက အဖြစ်အပျက်သည် ဥပမာဖြစ်သည်။ အကယ်၍ သူသည်သာ ထွက်ပေါက်ကို မစဉ်းစားမိပါက အဆုံးမရှိသော သစ်ပင်မိစ္ဆာများ၏ ဝိုင်းရံ တိုက်ခိုက်မှုကို ခံနေရပေမည်။

မက်မွန်ဥယျာဉ်တစ်ခုလုံး နေရာအနှံ့ ပန်းချီကားများချည်းပေပင်။ မြေပြင်ပေါ်တွင် ပြန့်ကျဲနေသော ပစ္စည်းများတွင် ပန်းချီကားများ အပြင် စာအုပ်များလည်း ပါရှိနေ၏။

ထိုအရာများသည်သာ ကမ္ဘာတစ်ခုဖြစ်နေသော် ဤမက်မွန်ဥယျာဉ်မှာ အန္တရာယ်များဖြင့် ပြည့်နှက်နေပေမည်။

ဤပစ္စည်းများတွင် အသိစိတ် ရှိ၊ မရှိ မည်သူမျှမသိချေ။ သတိလက်လွတ်ဖြစ်ချိန်တွင် ပန်းချီကား သို့မဟုတ် စာအုပ်ကမ္ဘာအတွင်းသို့ ဆွဲသွင်းခံရသော် ခက်ချေမည်။

သူ့တွင် သန့်ရှင်းမီးတောက် ရှိသော်ငြားလည်း ရန်သူသည် အကယ်ဒမီကြီး တစ်ခုလုံးကို ဓားတစ်ချက်တည်းဖြင့် ဖျက်ဆီးနိုင်သည့် ပညာရှင်ဖြစ်သည်။

“ ဘာပဲဖြစ်ဖြစ် ဒီနေရာက တခြားနေရာတွေထက်စာရင် ဘေးကင်းပုံပဲ ဒီထဲမှာ ကျင့်ကြံမှုနည်းစနစ်တွေ ဒါမှမဟုတ် လျှို့ဝှက်ပညာရပ်တွေ ရှိနိုင်မလားဆိုတာ ရှာကြည့်ရအောင်။ ”

လက်ဗလာဖြင့် မပြန်လိုသောကြောင့် ပတ်ဝန်းကျင်ကို စူးစမ်းလိုက်သည်။ သည်ပြင် တတိယအဆင့်စမ်းသပ်မှု မဖြေဆိုရမည်ဖြစ်ရာ အနည်းငယ်နေလိုသေး၏။

ထို့ကြောင့် ဥယျာဉ်အတွင်းရှိ စာအုပ်များ၊ ကျောက်စိမ်းစာလွှာများထံ မျက်ဝန်းများဖြင့်သာ လှည့်လည်ကြည့်ရှုနေလိုက်သည်။

ပန်းချီကားများအတွင်း ထပ်မံဆွဲငင်ခြင်း မခံရစေရန် ဝိညာဉ်အသိကို ပိတ်ထားလိုက်ရ၏။ ပြိုလဲနေသော စာအုပ်စင်များနှင့် မြေပြင်ပေါ်ရှိ စာအုပ်များမှာ များပြားလွန်းချေပြီ။

တစ်စုံတစ်ခုကို စူးစမ်းနေရသည်မှာ ရေပုံးထဲမှရေတစ်စက်အလား ထိရောက်မှုများ မရှိချေ။ ထို့ကြောင့် အချိန်အနည်းငယ် အကြာ၌ သက်ပြင်းချကာ ရပ်တန့်လိုက်သည်။

“ ဒါတွေက သမိုင်းမှတ်တမ်းတွေနဲ့ ကဗျာစာအုပ်တွေချည်းပဲ ကျင့်ကြံမှုနည်းစနစ် တစ်ခုတစ်လေတောင် မပါဘူး စာပေသမား တွေက ကျင့်ကြံမှုမလိုအပ်ဖူးလား။ ”

ကူချန်မှ ညည်းတွားလိုက်သည်။ ဤနေရာသည် စာကြည့်တိုက်သာဖြစ်သော် ကျင့်ကြံမှုနည်းစနစ်များ ရှိနေရပေမည်။

“ ဒါမှမဟုတ် ကျင့်ကြံမှုနည်းစနစ်တွေက ဒီစာအုပ်ကမ္ဘာတွေထဲမှာ ဖုံးကွယ်ထားတာလား ဒါဆိုရင်တော့ နှမျောစရာပဲ။ ”

ဤစာအုပ်ကမ္ဘာများသည် ရိုးရှင်းသောဇာတ်လမ်း ပုံပြင်များသာမကဘဲ သူ သတိမထားမိသေးသည့် အဓိပ္ပာယ်များပင် အတွင်း၌ရှိနေနိုင်ပေမည်။

ထို့ကြောင့် သက်ပြင်းချကာ ခေါင်းရမ်းလိုက်သည်။ အကယ်၍ အချိန်မရွေး ထွက်သွား၍ရနိုင်ပါက ဤကမ္ဘာများထဲသို့ ဝင်ရောက်စူးစမ်းမိပေမည်။

ယခုမူ နှစ်ပေါင်းရာချီ ပိတ်မိနိုင်သည့် အန္တရာယ်ကြောင့် မစွန့်စားလိုချေ။ သည့်ပြင် သူသည် စာပေသမားမဟုတ်ချေ။ ၎င်းတို့ကို လေ့လာခြင်းဖြင့် အကျိုးကျေးဇူးနည်းနိုင်မည်။

အဆုံး၌ တံဆိပ်ထုတ်ယူကာ အပြင်သို့ ထွက်ခွာရန်ပြင်လိုက်စဉ် ရုတ်တရက် လူသုံးဦး ပျံသန်းလာသည်ကို မြင်လိုက်ရလေသည်။

ထိုလူသုံးယောက်အတွင်းမှ ဝိညာဉ်အသိတစ်ခုသည် သူ့ထံကျရောက်လာပြီး သတိထားမိသွားလေသည်။

တစ်ဆက်တည်းမှာပင် သူတို့မျက်နှာပေါ်တွင် အံ့သြသွားကြဟန်ဖြင့် ချက်ချင်းပင် မြေပြင်ပေါ်ဆင်းသက်လာ၏။

‌ရှေ့ဆုံးမှ ဦးဆောင်သူသည် ဆံပင်ဖြူနှင့်ဓားတစ်လက် ကျောပိုးထားသော အဘိုးအိုတစ်ဦးဖြစ်သည်။

သူ့နောက်တွင် ချောမောလှပသော အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ ကပ်လျက် လိုက်ပါလာ၏။

ကူချန်က မျက်ဝန်းများ​မှေးစင်းလျက် ဓားသမားအဘိုးအိုကို ကျော်လွန်ကာ လှပသော အမျိုးသမီးထံ ကြည့်လိုက်​လေသည်။

“ ကောင်လေး ... ပထမစမ်းသပ်မှုမှာ မင်းလုယူသွားတဲ့ ဆုလာဘ်တွေအားလုံးကို ငါ့ပေးပါ။ ”

ဓားသမားအဘိုးအိုက ရန်လိုသော မျက်လုံးများဖြင့် စိုက်ကြည့်ကာ လက်ဖဝါး ဖြန့်ပြလာ၏။

“ ကောင်းပြီ ... ။ ”

ကူချန်က ဆေးပုလင်းတစ်လုံးကို ချက်ချင်းပစ်ပေးလိုက်ပြီး၊

“ ငါတို့ ဒီမှာဆုံတွေ့ရတာ ကံကြမ္မာပဲ ငါမင်းကိုလက်ဆောင်အဖြစ် ပေးလိုက်မယ်။ ”

-ဟု ပြောကြားလိုက်သည်။

“ ဟမ့် ... ။ ”

ထိုအပြုအမူကြောင့် အဘိုးအိုက နှာခေါင်းရှုံ့ကာ၊

“ မင်းသေချင်နေတာလား ... ငါပြောတာ အကုန်လုံးပေးဖို့ကိုပြောတာ။ ”

-ဟု ပြောကြားလာသည်။

“ ဟားဟားဟား မိတ်ဆွေ မင်းက တကယ်လောဘကြီးတာပဲ ငါသတိပေးပါရစေ လောဘကြီးတဲ့လူတွေက အသက် မရှည်တတ်ကြဘူး။ ”

“ ဟမ့် ... ဒါဆို မင်းဘယ်လောက် အစွမ်းထက်လဲဆိုတာ ငါ ကြည့်ချင်တယ်။ ”

အဖိုးအိုမှ ဒေါသထွက်သွားပြီး စကားမဆိုတော့ဘဲ သူ့ကျောမှဓားကြီးကိုဆွဲ၍ ကူချန်ဆီပြေးဝင်လာသည်။

သူ၏နောက်မှ အမျိုးသားနှင့် အမျိုးသမီးသည်လည်း ဝဲ၊ယာ နှစ်ဖက်ဆီမှ ညှပ်ကာ လိုက်ပါလာကြတော့၏။

အမျိုးသမီးက ရွှေရောင်ကြာပွတ်ကို ကိုင်ဆောင်ထားပြီး လေထုအတွင်း လွှဲရမ်းကာ ပေါက်ကွဲသံများဖန်တီးလေသည်။

အမျိုးသားမှာမူ ပေ(၃၀)မျှ ကြီးထွားလာစေသော ဒိုင်းတစ်လက်ကို ထုတ်ယူပြီး ကူချန်အပေါ်ဖိချလာ၏။

ဓားသမားအဘိုးအို၏ မျက်လုံးထဲတွင် လောဘမီးလျှံများ တောက်လောင်နေသည်ကို အတိုင်းသားမြင်နေရသည်။ ဆုလာဘ် (၃၆)စုံမှာ ကျန်းချီဆေးပြားပေါင်း သန်းပေါင်းများစွာ တန်ဖိုးရှိချေ၏။

“ ဝှစ် ... ။ ”

ရန်သူသုံးယောက်က အရပ်မျက်နှာ သုံးရပ်ထံပါးမှ တိုက်ခိုက်လာသဖြင့် ကူချန်သည် နောက်သို့ တစ်လှမ်းဆုတ်ကာ မြေပြင်ပေါ်၌ ခြေဖျားဖြင့် စက်ဝိုင်းတစ်ခုရေးဆွဲသည်။

ထို့နောက် စစ်မှန်သောစွမ်းအင်ကို မြေပြင်ရှိစက်ဝိုင်းအတွင်းပေးပို့ကာ အစီရင်ကို ဖြစ်ပေါ်စေလိုက်၏။

“ ဝမ် ... ။ ”

ဤသည်မှာ ခံစစ်စည်းတစ်ခုပေပင်။ ရွှေကြာပွတ်၊ ဓားနှင့်ကြေးဒိုင်းသည် ထိုစည်းပေါ် တဝုန်းဝုန်းကျဆင်းသွားခဲ့၏။

ဝင်္ကပါအစီရင်များတွင် အမျိုးအစား နှစ်ရပ်ရှိသည်။ အရင်းအမြစ်အများအပြား သုံးစွဲရသည့် ဝင်္ကပါကြီးများနှင့် တိုက်ပွဲအတွင်း အသုံးချနိုင်သည့် အစီရင်စည်းတို့ပေပင်။

ထိုအစီရင် အမျိုးအစားနှစ်ရပ်သည် အဆင့်တူအတွင်းဖြစ်သော်မှ သက်ရောက်မှုမှာ အနည်းငယ်ကွာခြား၏။

ဥပမာအားဖြင့် အဆင့်(၇) ကာကွယ်ရေးဝင်္ကပါသည် ခရမ်းရောင်နေမင်း နယ်ပယ် ကျင့်ကြံသူ ဒါဇင်ပေါင်းများစွာ၏ တိုက်ခိုက်မှုကို အကြိမ်ကြိမ်တားဆီးနိုင်၏။

တစ်ဖက်တွင် အဆင့်(၇) အစီရင်စည်းတစ်ခုသည် ခရမ်းရောင်နေမင်း နယ်ပယ်ကျင့်ကြံသူ၏ တစ်ကြိမ်တိုက်ခိုက်မှု အပေါ်သာ တားဆီးပေးနိုင်၏။

သို့သော် ကူချန်ဖော်ဆောင်ထားသော အစီရင်စည်းသည် တစ်ကြိမ်ထက်မကတော့ဘဲ ပြိုင်ဘက်သုံးဦး၏ တိုက်ခိုက်မှုများအပေါ် ခုခံပေးနေခဲ့သည်။

ထို့ကြောင့် ဓားသမားအဘိုးအိုမှာ အံ့အားသင့်စွာဖြင့်၊

“ မင်းက ဝင်္ကပါသခင်လား။ ”

-ဟု မေးမြန်းလာတော့၏။

ကူချန်က သူ့မေးခွန်းကိုပြန်မဖြေဘဲ သူ့ဘယ်ဘက်ရှိ အမျိုးသမီးထံ မော့ကြည့်ကာ၊

“ မင်းရော ရုပ်သေးသခင်လား။ ”

-ဟု ပြန်လည်မေးမြန်းလိုက်၏။

ရုတ်တရက် ထိုသို့ပြန်လှန်ပြီး မေးခွန်းထုတ်ခံလိုက်ရသော အမျိုးသမီးခမျာ မျက်နှာပျက်ယွင်းလျက် အံ့အားသင့်စွာဖြင့် မော့ကြည့်လာတော့သည်။

***

All Chapters