← Chapters

အခန်း (၂၂၇-၂၂၈)

Vol. 19 Ch. 227-228

အခန်း (၂၂၇-၂၂၈)

Vol. 19 Ch. 227-228

အခန်း ၂၂၇ –

ထွက်ပြေးခြင်း ... ။

“ ငါ ... ငါ့ကို မင်းဘယ်လိုသိတာလဲ။ ”

ကူချန်မေးခွန်းကြောင့် အမျိုးသမီးမှာ ထိတ်လန့်တကြား အာမေဋိတ်သံဖြင့် ပြန်လည် မေးမြန်းလာ၏။

“ မင်း မေ့နေပြီထင်တယ် ... ဒီတစ်ကြိမ်စမ်းသပ်မှုက တစ်ယောက်ချင်းစီ ဖြေဆိုရတာပါ လူသုံးယောက်အတူတူ ဖြေလို့ မရဘူး ... ဒါ့ပြင် ကျန်တဲ့နှစ်ယောက်က မင်းနဲ့ တစ်ဖွဲ့တည်းသားတွေ ဖြစ်နေတာက ပိုတောင် မဖြစ်နိုင်သေးတယ်။ ”

ကူချန်က အမျိုးသမီးကိုကြည့်ကာ ပြန်ဖြေလိုက်သည်။ တစ်ဆက်တည်းမှာပင် ဓား (၂၄)လက်ကို ဆင့်ခေါ်လိုက်တော့၏။

“ ချွင် ... ချွင် ... ။ ”

ကြယ်ကမ္ဘာအတွင်းမှ ဝိညာဉ်ဓား (၂၄)လက်သည် ငါးအုပ်ကြီးသဖွယ် တချွင်ချွင် တိုးထွက်လာခဲ့ကြသည်။

“ သွား ... ။ ”

သည့်နောက်တွင် ခံစစ်စည်းကို တိုက်ခိုက်နေသောဓားသမားအဘိုးအို၏ ငွေဓား၊ အမျိုးသား၏ ကြေးဒိုင်းတို့ပေါ် လျစ်လျူရှုလျက် အမျိုးသမီးထံ ဦးတည်ပစ်သွင်းလိုက်၏။

“ ဟမ့် ... ။ ”

ထိုမြင်ကွင်းကြောင့် အမျိုးသမီးခမျာ ထိတ်လန့်သွားပြီး သူမရှေ့တွင် အဘိုးအိုနှင့် အမျိုးသားကို ပြန်ခေါ်ကာ ဒိုင်းသဖွယ် ကာကွယ်လိုက်ရသည်။

“ ဒုန်း ... ။ ”

“ ကလန် ... ကလန် ... ။ ”

ကြေးဒိုင်းကြီးသည် မြေပြင်ပေါ် ပြုတ်ကျသွားသံနှင့်အတူ ဓား(၂၄ )လက်၏ ထိမှန်သံများ မြည်ဟည်း​လျက် ပြန်လည် လွင့်စဉ်ကုန်တော့သည်။

“ ကောင်းပြီ ... မင်းသိနေမှတော့ ငါဖုံးကွယ်မနေတော့ဘူး သူတို့နှစ်ယောက်က ခရမ်းရောင်နေမင်းနယ်ပယ် ကျင့်ကြံသူတွေပဲ ငါ သူတို့ကို ရုပ်သေးအဖြစ် သန့်စင်ခဲ့တာ ...

... သူတို့ရဲ့ခွန်အားက အသက် ရှင်ချိန်လောက်တော့ မစွမ်းပေမဲ့ ခရမ်းရောင် နေမင်းနယ်ပယ် ကျွမ်းကျင်သူတွေ ဖြစ်ဆဲပဲ ...

... ဆိုလိုတာက ငါ့ဘက်မှာ ခရမ်းရောင် နေမင်းနယ်ပယ်အဆင့် သုံးယောက်ရှိပြီး မင်းက တစ်ယောက်တည်း ...

... ဒါကြောင့် ဆုလာဘ်တွေ အားလုံးကိုထားပြီးထွက်သွားရင် မင်းအသက်ကို ငါချမ်းသာပေးနိုင်တယ်။ ”

ဤတစ်ကြိမ်တွင် ကြေးဒိုင်းနောက်မှ အမျိုးသမီးသည် အေးစက်စွာဖြင့် ပြောကြား လာတော့၏။

“ ဝှစ် ... ။ ”

ထိုစဉ် ကြေးဒိုင်းကြီးမှာ အရွယ်အစား သေးငယ်သွားပြီး အမျိုးသားလက်ထဲ ဒိုင်းငယ် အဖြစ် ပြန်လည်ရောက်ရှိသွားသည်။

တစ်ချိန်တည်းမှာပင် ဓားသမား အဘိုးအိုသည်လည်း မည်သည့်ခံစားချက်မျှ မပြတော့ဘဲ မျက်ဝန်းမှာ ဟောင်းလောင်းပေါက် ဖြစ်သွားတော့၏။

( ဒီလောက်တောင် ပြင်းလား။ )

တစ်ဖက်တွင် အမျိုးသမီးသည် အမျိုးသားလက်ထဲရှိ ကြေးဒိုင်းပေါ်မှ ပြတ်ရှရာ များထံ မျက်ဝန်းထောင့်မှ သတိထားမိသွားပြီး အနည်းငယ်စိုးထိတ်သွားသည်။

“ မင်း မှားနေပြန်ပြီ အရေအတွက် များတာက အရာအားလုံးကို ကိုယ်စားမပြုဘူး ... အသက်ဝင်။ ”

“ ချွင် ချွင် ... ။ ”

ထိုအချိန်တွင် ကူချန်သည် အပြုံးများ ပျောက်ကွယ်သွားပြီးနောက် လုံးဝအေးစက် တည်ငြိမ်သွားတော့၏။

ပြန်လည်လွင့်စဉ်လာပြီး သူ့ဦးခေါင်းအထက်တွင် ပျံဝဲနေသော ဝိညာဉ် ဓား(၂၄)လက်ကို ချက်ချင်းပင် ဓားအစီရင် နှစ်ရပ်အဖြစ် ခွဲထုတ်လိုက်သည်။

ဓား(၁၂)လက်ပါ အစီရင်တစ်ခုသည် ထိုအမျိုးသမီးဆီသို့ဦးတည်သွားကာ ကျန်ဓား (၁၂)လက်ပါ ဓားအစီရင်သည် ကြေးဒိုင်းနှင့် အမျိုးသားထံဦးတည်ခဲ့၏။

“ ချွင် ချွင် ... ။ ”

ရုတ်ချည်း ဓားများပျံသန်းနေသံများမှာ လေထုအလယ်တွင် ယင်ကောင်များ ပျံသန်းနေ သကဲ့သို့ တဝီဝီမြည်လာတော့သည်။

“ ဟမ့် ... ။ ”

အမျိုးသမီးက ချက်ချင်းပင် အန္တရာယ်အငွေ့အသက်ကို ခံစားလိုက်ရသဖြင့် စိတ်ဝိညာဉ်ကို သုံးပိုင်းခွဲလိုက်ရသည်။

“ ထွက်လာခဲ့ ... ။ ”

“ ဝုန်း ... ။ ”

“ ကလန် ကလန် ... ။ ”

တစ်ဆက်တည်းမှာပင် ကျောက်မျှော်စင်တစ်ခု ထွက်ပေါ်လျက် သူမကို ကာကွယ်အုပ်မိုးကာ အမျိုးသားကိုမူ ကြေးဒိုင်း မြှောက်ပြီး ခုခံစေလိုက်၏။

“ သတ် ... ။ ”

ကျန်ရှိနေသော ဓားသမားအဘိုးအိုကိုမူ ငွေဓားဖြင့် ကူချန်ထံသို့ ခုတ်ပိုင်းစေလိုက်သည်။ ဤသည်မှာ တန်ပြန်တိုက်စစ်ကိုအသုံးချကာ ဟန့်တားရန် ကြိုးစားနေခြင်းပေပင်။

“ ရွှပ် ...။ ”

အဘိုးအို၏ မျက်ဝန်းအစုံသည် ဟောင်းလောင်းဖြစ်နေသော်လည်း ကူချန်ကို မြင်ရသည့်အလား ပိုင်းချလာတော့၏။

ဓားအလင်းသည် ကောင်းကင်မှ နဂါးငွေ့တန်းကြီးပြိုကျလာသကဲ့သို့ ဖွေးခနဲ လိုက်ပါလာလေသည်။

“ မဆိုးဘူး ... ။ ”

ထိုမြင်ကွင်းကြောင့် ကူချန်ခမျာ မျက်ဝန်းများ တောက်ပသွား၏။ ဤဓားသမား အဘိုးအိုသည်အသက်ရှိစဉ် ဓားရည်ရွယ်ချက်ကို နားလည်နိုင်ခဲ့ပုံရချေပြီ။

ဤအဆင့် ဓားသမားတစ်ဦးသည် မည်သို့သေဆုံးပြီး ဤရုပ်သေးသခင် လက်ထဲသို့ ရောက်ရှိနေရသည်ကို နားမလည်နိုင်တော့ချေ။

သို့သော် ဤသည်မှာ သူ့ ကိစ္စမဟုတ်ချေ။ ထို့ကြောင့် ဓားဖြင့်ပြေးဝင်လာသော အဘိုးအိုထံ မော့ကြည့်ကာ ရေနက်ဓားထုတ်ဖော်လိုက်၏။

“ ဝှစ် ... ။ ”

သည့်နောက် ကျင့်ဟုန်ဖူနည်းစနစ်ကို အသုံးပြုလျက် အရှိန်ကိုသုံးဆမြှင့်တင်လိုက်ပြီး အဘိုးအို၏ညာဘက်နားဆီသို့ ချက်ချင်း ရွေ့လျားသွားခဲ့သည်။

“ ဝုန်း ... ။ ”

ဤနည်းဖြင့် ရေနက်ဓားကြီးသည် ဓားသမားအဖိုးအိုကို ခါးလယ်သို့ ခုတ်ပိုင်းပစ် လိုက်တော့၏။

အဖိုအိုခန္ဓာကိုယ်အတွင်းမှ သွေးများ ထွက်လာခြင်းမရှိဘဲ ပြဒါးကဲ့သို့သော ဖြူဆွတ် တောက်ပနေသည့် အမှုန်အချို့သာ တဖျောဖျော စီးကျလာခဲ့သည်။

“ ဝိညာဉ်စုစည်းခြင်းသဲ။ ”

ထိုအရာကိုမြင်သောအခါ ကူချန်၏ မျက်ဝန်းများ အရောင်တောက်လောင်လာပြီး အဘိုးအိုဦးခေါင်းကို တစ်ချက်တည်း ခုတ်ပိုင်းချ လိုက်လေသည်။

“ ဘန်း ... ။ ”

ဤတစ်ကြိမ်တွင် အဖိုးအိုထံမှ ငွေရောင်နှင့်အနီရောင် ရောနှောနေသည့် အရည်များ ပေါက်ကွဲထွက်ကျလာတော့၏။

ယင်းသည် ဝိညာဉ်စုစည်းခြင်းသဲများနှင့် အဘိုးအို၏ဦးနှောက်အတွင်းရှိ သွေးသားများ ရောနှောနေခြင်းပေပင်။

ရုပ်သေးသခင်များအတွက် ဝိညာဉ်စွမ်းအားသိုလှောင်ရန်နှင့် လှုပ်ရှားရန် အမိန့်များပေးရာတွင် ဤနည်းလမ်းကို အသုံးပြုကြသည်။

‘ဝိညာဉ်စုစည်းခြင်းသဲ’သည် အဆင့်(၈)အဖိုးတန် ဝိညာဉ်သဲအမျိုးအစား ဖြစ်ပြီး ဝင်္ကပါအစီရင်များတွင်လည်း ၎င်းကို ထည့်သွင်းအသုံးပြုနိုင်၏။

“ ဝှစ် ... ။ ”

ထို့ကြောင့် တုံ့ဆိုင်းခြင်းမရှိ အဘိုးအို၏ ရုပ်အလောင်းကို ကြယ်ကမ္ဘာအတွင်း ချက်ချင်း သိမ်းဆည်းပစ်လိုက်လေသည်။

ဝိညာဉ်စုစည်းခြင်းသဲများသည် အရည်အသွေးကောင်းမွန်ပြီး တန်ကြေးကြီး၏။ အားလပ်ချိန်တွင် ဤအလောင်းမှ ပြန်လည် ထုတ်ယူကာအသုံးပြုနိုင်မည်။

တစ်ဖက်တွင် အမျိုးသမီးသည် ဓားအစီရင်အတွင်းခုခံနေရာမှ ဓားသမား အဖိုးကြီးနှင့် အဆက်အသွယ် ပြတ်တောက် သွားသည်ကို သတိပြုမိလာ၏။

“ မင်း ... ။ ”

ထို့ကြောင့် ချက်ချင်းလှည့်ကြည့်လိုက်ရာ စုရီထံပြေးဝင်သွားသော ဓားသမားအဖိုးအိုသည် လမ်းတဝက်၌ပင် ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရသည်။ ယင်းအစား ကူချန်သည် ငွေဒိုင်းနှင့်အမျိုးသားထံ ဦးတည်နေ၏။

“ မကောင်းတော့ဘူး။ ”

အမျိုးသမီးတစ်ယောက် တုန်လှုပ်မှုများ ဖြစ်ပေါ်လာရသည်။ သူမ၏ ရန်သူသည် သာမန် ခရမ်းရောင်နေမင်းနယ်ပယ် မဟုတ်နိုင်ချေ။

ဓားတာအိုနှင့် ဝင်္ကပါအစီရင်များကို တတ်ကျွမ်းချေပြီ။ အရေးအကြီးဆုံးမှာ သူမ၏ ဓားသမားအဖိုးအို ရုပ်သေးကို ခဏအတွင်း ဖျက်ဆီးနိုင်ခြင်းပေပင်။

သူမ၏ ရုပ်သေးသန့်စင်နိုင်မှု အရည်အချင်းသည် နိမ့်ပါးသော်လည်း စွမ်းအား (၇၀)ရာခိုင်နှုန်းခန့် ထုတ်လွှတ်နိုင်သည်။

ထိုဓားသမားအဘိုးအိုသည် ဤမတိုင်မီ အလယ်အလတ် ခရမ်းရောင်နေမင်းနယ်ပယ် ဓားသမားဖြစ်သောကြောင့် သည်မျှလွယ်လွယ် ဖျက်ဆီးနိုင်စရာအကြောင်းမရှိချေ။

“ ကလန် ... ကလန် ... ။ ”

တစ်ချိန်တည်းမှာပင် သူမ၏ ကျောက်တုံးမျှော်စင်သည်လည်း တရွေ့ရွေ့ ကျဉ်းမြောင်းလာနေ၏။

ဓား(၁၂)လက်က ထိုကျောက်တုံး မျှော်စင် အကာအကွယ်ကို တဖြည်းဖြည်းဖျက်ဆီးနေကာ များမကြာခင် ပြိုကျပေတော့မည်။

ဤမျှော်စင်သည်သာ ပြိုလဲသွားခဲ့သော် သူမသည်လည်း အမှုန့်ဖြစ်သွားရမည်ဖြစ်သည်။ တစ်ယောက်တည်း တွက်ဆနေစဉ် နောက်ထပ် ရုပ်သေးတစ်ရုပ်မှာ ထပ်မံ အဆက်အသွယ် ပြတ်သွားတော့၏။

“ ဟမ့် ... ။ ”

ချက်ချင်း ထိတ်လန့်တကြား မော့ကြည့်လိုက်သောအခါတွင် ငွေရောင်ဒိုင်းနှင့် အမျိုးသားသည်လည်း ပျောက်ဆုံးနေသည်ကို မြင်လိုက်လိုက်ရသည်။

ယင်းအစား ပြိုင်ဘက်လူငယ်သည် သူမအနားသို့ ပြုံးလျက်ရောက်ရှိနေသည်ကို မြင်လိုက်ရတော့၏။

“ ဒီလိုအသက်လုနေရချိန်မှာ မင်းရဲ့စိတ်အာရုံပျံ့လွင့်နေတာ ကောင်းတဲ့အရာ မဟုတ်ဘူး။ ”

ကူချန်က ဓားအစီရင်အပြင်ဘက်မှ ပြုံးလျက်သတိပေးလိုက်သည်။ အမျိုးသမီးခမျာ မျက်နှာဖြူလျော်သွားတော့၏။

သူမဘဝတလျှောက် ခက်ခက်ခဲခဲ စုဆောင်းထားသမျှ ရတနာအားလုံး ဤရုပ်သေး အတွင်း ပုံအောထားခဲ့၏။ ယခုမူ ခဏအတွင်း ဆုံးရှုံးသွားရချေပြီ။

တစ်ဖက်လူသည် သူတပါး၏ ရတနာများကိုလုယူရာတွင် အကျွမ်းကျင်ဆုံး အရည်အချင်းရှိနေပုံပေပင်။

ထိုအသိက သူမ၏ ဆုံးဖြတ်ချက်ကို ပြတ်သားသွားစေသည်။ အမုန်းတရားများဖြင့် တစ်ချက်မျှ စိုက်ကြည့်ကာ တံဆိပ်ကို ထုတ်ယူလိုက်တော့သည်။

“ ငါမှတ်ထားမယ် ... ဒီတစ်ခါတော့ မင်းအနိုင်ရတယ် ... ဒါပေမဲ့နောက်တစ်ခါတော့ သေချာမှာ မဟုတ်ဘူး။ ”

စကားဆုံးသည်နှင့် ထိုတံဆိပ်ကို ​အသက်သွင်းပြီး နေရာမှချက်ချင်းပျောက်ကွယ် သွားလေသည်။

“ ဟမ့် ... ထွက်ပြေးချင်နေတာလား။ ”

ကူချန်မှ မျက်ခုံးပင့်လျက် ရေရွတ်လိုက်သည်။ ဤအမျိုးသမီးသည် သူ့ကို အနိုင်ကျင့်၍ရသူအဖြစ် သတ်ရန်ကြိုးစား၏။

သို့သော် အနိုင်မရမှန်းသိချိန်တွင် ချက်ချင်းထွက်ပြေးသွားလေသည်။ သူမကိုသာ ဤသို့လွှတ်ပေးလိုက်ပါက လွယ်ရာကျပေမည်။

“ ဝှစ် ... ။ ”

ယင်းကြောင့် သူသည်လည်း တံဆိပ်ထုတ်ယူကာ အသက်သွင်းပြီး ပြင်ပသို့ ချက်ချင်းလိုက်ပါလာခဲ့သည်။ သို့သော် ပြင်ပသို့ ရောက်သည်နှင့် အံ့အားသင့်ဖွယ်မြင်ကွင်း တစ်ခုက စောင့်ကြိုနေခဲ့ချေပြီ။

***

အခန်း ၂၂၈ –

လက်ဦးမှုရယူခြင်း ... ။

အလင်းတံခါးဝအနီးတွင် လူအုပ်ကြီး စုဝေးနေကြပြီး အခြေအနေမှာ တင်းမာလျက် လေထုသည် အလွန်ပင်ပွက်လောရိုက်နေ၏။

အဝေးတွင် ဟိုင်ရှင်းဂိုဏ်းမှ နဂါးတောင်ဝှေးကိုင်အဘွားအိုနှင့် ခရမ်းရောင် နေမင်းနယ်ပယ် လေလွင့်ကျင့်ကြံသူတို့သည် ပူးပေါင်းကာ တိုက်ပွဲဝင်နေသည်။

သူတို့၏ ပြိုင်ဘက်သည် မက်မွန်ဥယျာဉ်မှဦးစွာ ထွက်ခွာသွားခဲ့သော အဖြူဝတ်အမျိုးသားပင်ဖြစ်၏။

တိုက်ပွဲပတ်ဝန်းကျင်တွင် ယွမ်ဖူနယ်ပယ်ကျင့်ကြံသူ အများအပြားသည် ဝိုင်းရံလျက်ဖြင့် ထိုအဖြူဝတ်အမျိုးသားအပေါ် အသားစား၍ အသွေးကိုသောက်ချင်သည့် နာကြည်းမှုကိုယ်စီဖြင့် ကြည့်နေကြသည်။

ဟိုင်လန်နိုင်ငံမှ အပြာဝတ် အဘိုးအိုလန်ဝမ်သည်ပင် အဝေးမှနေပြီး တိုက်ပွဲကို စောင့်ကြည့်နေ၏။

ဟိုင်ရှင်းဂိုဏ်းမှ အဘွားအိုနှင့် လေလွင့်ကျင့်ကြံသူတို့၏ တိုက်ခိုက်မှုများသည် အဖြူဝတ်အမျိုးသားအပေါ် ဒဏ်ရာရအောင် မလုပ်နိုင်ခဲ့ချေ။

ထို့ကြောင့်အဖွားအိုသည် အဖြူဝတ်အမျိုးသားကို ဒေါသတကြီးဖြင့် စိုက်ကြည့်လိုက်ကာ၊

“ ဟမ့် ... လူယုတ်မာ မင်းက ဒီလျှို့ဝှက်နယ်မြေထဲမှာ နှစ်ပေါင်းတစ်ရာကျော် ပုန်းအောင်းပြီး ခရမ်းရောင်နေမင်းနယ်ပယ်ကို တက်လှမ်းနိုင်လိမ့်မယ်လို့ ငါတကယ့်ကို မထင်ထားမိဘူး။ ”

-ဟု ကျိန်ဆဲတော့၏။

“ ဟား ဟား ဟား ... ။ ”

အဖြူဝတ်အမျိုးသားက သူ့လက်ထဲရှိ ခေါက်ယပ်တောင်ကို တဖျပ်ဖျပ်ခတ်လျက်ဖြင့် အော်ဟစ်ရယ်မောလိုက်သည်။

“ မင်းတောင် ... ဒီနှစ်တွေထဲ ခရမ်းရောင်နေမင်းနယ်ပယ်ကို ရောက်နေခဲ့ပြီ မဟုတ်လား ... ဒါဆို ငါရောဘာလို့ မရောက်ရမှာလဲ ...

... ဒါနဲ့ ငါမှတ်မိသလောက်ဆိုရင် အဲဒီတုန်းက မင်းနဲ့သူလည်း ယွမ်ဖူနယ်ပယ်မှာပဲ ရှိနေသေးတာ မဟုတ်လား။ ”

အဖြူဝတ်လူက လေလွင့်ကျင့်ကြံသူနှင့် အဖွားအိုထံ ယပ်တောင်ဖြင့် ညွှန်ပြကာ တုန့်ပြန် ပြောကြားလိုက်လေသည်။

လေလွင့်ကျင့်ကြံသူတစ်ယောက် ထိုစကားများကြောင့် မျက်နှာမည်းမှောင်သွား တော့၏။ ရိုးရှင်းသော အဝတ်အစားအောက်မှ ခန္ဓာကိုယ်တွင် ပေါက်ကွဲစွမ်းအားများ ပြည့်နှက် ဖောင်းကားလာခဲ့သည်။

အဖြူဝတ်လူသည် ထိုမျှဖြင့် မရပ်သေးဘဲ ဝိုင်းရံနေသော ယွမ်ဖူနယ်ပယ်ကျင့်ကြံသူများထံ ဝေ့ဝဲကြည့်ကာ၊

“ မင်းတို့တွေရော ဘာလို့ အခုချိန်ထိ ယွမ်ဖူနယ်ပယ်မှာရပ်နေရတာလဲ အဲဒီတုန်းက ငါ ရှန်ရှင်းနယ်ပယ်မှာပဲ ရှိပါသေးတယ် ...

... မင်းတို့တွေအားလုံးကတော့ ဒီအဖွားကြီးနဲ့အဖိုးကြီးလို ယွမ်ဖူနယ်ပယ်အဆင့် ကျင့်ကြံသူတွေဖြစ်နေကြပြီ မဟုတ်လား ...

... နှစ်ပေါင်းတစ်ရာ ကုန်လွန်ပြီးတဲ့ နောက်မှာ ငါအပါအဝင် ဒီအဖွားကြီးနဲ့အဖိုးကြီး ခရမ်းရောင်နေမင်း နယ်ပယ်ကိုရောက်နေပြီ မင်းတို့တွေက ဘာလို့ကျန်ခဲ့ရတာလဲ။ ”

-ဟု ထပ်မံမေးမြန်းလိုက်၏။

အမေးခံရသည့် ပတ်ဝန်းကျင်မှ ယွမ်ဖူနယ်ပယ် ကျင့်ကြံသူများသည် မျက်နှာ ပျက်ယွင်းလျက် ဒေါသများ ပွက်ပွက်ဆူ လာကြတော့သည်။

အကယ်၍သာ ထိုစဉ်အချိန်က ဤလျှို့ဝှက်နယ်မြေသည် အမှားအယွင်းမရှိခဲ့ဘဲ ဆုလာဘ်များခွဲဝေပေးခဲ့ပါက သူတို့သည်လည်း ယနေ့ကဲ့သို့ ရပ်တန့်နေမည် မဟုတ်ချေ။

မည်သူသည် ဤအခြေအနေကို ကျေနပ်နိုင်မည်နည်း။ နှစ်ပေါင်းတစ်ရာကျော် မျိုသိပ်ထားရသော ဒေါသများသည် မီးတောင် အလားသိပ်သည်းနေချေပြီ။

“ ဟားဟားဟား ... ။ ”

တစ်ဖက်တွင် အဖြူဝတ်လူသည် သူတို့အားလုံး၏ မျက်နှာအမူအရာများကိုမြင်ပြီး တိုက်ခိုက်မှုများအပေါ် ခုခံနေရာမှ တဟားဟား အော်ဟစ် ရယ်မောနေတော့သည်။

“ ကောင်းပြီ ... ကောင်းပြီ ... ငါ တကယ်လေးနက်လိုက်မယ် ... ဒါနဲ့မေးခွင့်ပြုပါ ဒီတစ်ခေါက်ရော ဘယ်သူရသွားလဲ ... မင်းတို့မျက်နှာတွေကို ကြည့်ရတာ ထပ်ပြီး ရှုံးနိမ့်ပြန်ပြီထင်တယ် ဟားဟားဟား။ ”

အဖြူဝတ်လူ၏ စကားတိုင်းသည် လူအုပ်ကြီးကို မျက်နှာများ တစ်စထက်တစ်စ ပို၍မည်းမှောင်လာစေတော့၏။

သူတို့အားလုံးသည် ဤနေရာတွင် ကူချန်ကိုစောင့်ဆိုင်းနေခြင်းဖြစ်သည်။ သို့သော် ယခုကဲ့သို့ ယခင်အကြိမ်က လူယုတ်မာသူခိုးဖြင့် ပြန်လည်ဆုံတွေ့ရလိမ့်မည်ဟု မျှော်လင့် မထားကြသည်မှာ သဘာဝပေပင်။

“ ဟမ့် ... ဟိုလူထွက်လာပြီ။ ”

ရုတ်တရက် တစ်စုံတစ်ယောက်က ကူချန်ကိုမြင်သွားပြီး လက်ညှိုးထိုးပြလာသည်။ လူအုပ်ကြီးမှာ ချက်ချင်း လှည့်ကြည့်၏။

“ မလုပ်နဲ့ ... ။ ”

ထိုစဉ်ကူချန်သည် ထွက်ပြေးရန် ကြိုးစားနေသောအမျိုးသမီးကို တစ်ချက်တည်း ခေါင်းဖြတ်လိုက်သည်ကို မြင်တွေ့လိုက်၏။

“ အား ... ။ ”

ကျိကျင့်ဓားသည် လျှပ်စီးအလား မြန်ဆန်လှသဖြင့် အမျိုးသမီးခမျာတုံ့ပြန်ရန်ပင် အချိန်မရလိုက်ချေ။

နာကျင်စွာအော်ဟစ်လျက် ဖြူလွှလွှနှင်းလွှာပြင်ပေါ်တွင် ကြက်သွေးရောင် သွေးစက်များ ပက်ဖြန်းသွားတော့၏။ ယင်းက လူတိုင်း ရုတ်တရက် အံ့အားသင့်စွာ ငေးကြည့်မိစေသည်။

အသွင်အပြင်အရ နုနယ်အေးချမ်းသော ဤလူငယ်သည် ထိုမျှရက်စက်ပြတ်သားနေလိမ့် မည်ဟု မည်သူမျှ မထင်ထားချေ။

အဖြူဝတ်လူသည်ပင် လူအုပ်ကြီး၏ မှင်သပ်သောအမူအရာကြောင့် စိတ်ဝင်တစား လှည့်ကြည့်လာခဲ့သည်။

“ ဟမ့် ... ။ ”

ထိုစဉ်ကူချန်သည်လည်း အမျိုးသမီးကို သတ်ပြီးနောက် လူအုပ်ကြီးထံဝေ့ဝဲအကြည့်တွင် အဖြူဝတ်အမျိုးသားနှင့် အကြည့်ချင်းဆုံ၏။

“ ဟားဟားဟား ... ။ ”

ခဏအကြာတွင် အဖြူဝတ်အမျိုးသားသည် တစ်စုံတစ်ရာကိုနားလည်သွားပြီး သဘောကျစွာ အော်ဟစ်ရယ်မောလာတော့သည်။

“ တာအိုမိတ်ဆွေ၊ ငါတို့ပြန်ဆုံကြပြီ ... ငါတကယ်မထင်ထားဘူး အဲဒီလူကမင်းပဲဆိုတာ ဟားဟားဟား ငါတို့နှစ်ဦးက တကယ့်ကို ကံကြမ္မာရှိနေတာပဲ ... ။ ”

အဖြူဝတ်စကားကို ကူချန်မှ လျစ်လျူရှုလျက် တုံ့ပြန်စကားမဆိုတော့ဘဲ လူအုပ်ကြီးထံ ဆက်၍ဝေ့ကြည့်သည်။

လူတိုင်း​၏ အကြည့်များတွင် သတ်ဖြတ်လိုသောဆန္ဒများဖြင့် သူ့ထံကျရောက် နေကြတော့၏။

ဟိုင်လန်နိုင်ငံမှ အပြာရောင်ဝတ်ရုံနှင့် အဘိုးအိုလန်ဝမ်သည်ပင် သတ်ဖြတ်လိုသော အကြည့်ကို ထုတ်ဖော်ထားချေပြီ။

တစ်ဖက်တွင် အဖြူဝတ်လူကို ဝိုင်းရံထားသောယွမ်ဖူနယ်ပယ် ကျင့်ကြံသူများ အားလုံးသည် အဖိုးအိုလန်ဝမ်ထက်ပင် ပို၍ မုန်းတီးနေသည်။

သူတို့အားလုံးသည် လွန်ခဲ့သော နှစ်ပေါင်းတစ်ရာကအခွင့်အရေးကို တစ်ကြိမ် ဆုံးရှုံးထားခဲ့၏။

ထို့ကြောင့် ယခုအကြိမ် အခွင့်အရေးကို အရယူရန် ဆုံးဖြတ်ထားသည်။ သို့သော် ဒုတိယ အကြိမ်မြောက် ထပ်မံလုယူခံရလိမ့်မည်ဟု မမျှော်လင့်ထားချေ။

ထိုစဉ်က သူတို့၏အသက်သည် ငယ်ရွယ်လှသဖြင့် ဆေးပြားအစွမ်းမှာယခုထက် ပို၍ထိရောက်နိုင်ပေမည်။

ယခုအချိန်၌မူ သူတို့အားလုံးသည် အသက်နှစ်ရာကျော်နေကြပြီ ဖြစ်သောကြောင့် ဆေးပြားများရရှိသည့်တိုင် အလားအလာတွင် အကန့်အသတ် ရှိသွားပြီဖြစ်သည်။

အချို့သည် ဘဝနေဝင်ချိန်သို့ပင် ရောက်ရှိနေကြပြီဖြစ်ရာ မျှော်လင့်ချက်မှာ မဝံ့တော့ချေ။ ထိုသို့သော အခြေအနေမျိုးတွင် အဖြူဝတ်လူနှင့် ကူချန်ကို မြင်လိုက်ရခြင်းသည် ရင်ဘတ်တစ်ခုလုံး ပေါက်ကွဲမတတ်နာကျင်၏။

ထို့ကြောင့် အဖြူဝတ်အမျိုးသားကို ဝိုင်းရံထားသူအချို့မှာ ကူချန်ထံသို့ ပြောင်းလဲ ဝိုင်းရံလာတော့သည်။

သူတို့အထဲတွင် အခြေအနေကို စောင့်ကြည့်နေခဲ့သော ဟိုင်လန်နိုင်ငံမှ အဘိုးအို လန်ဝမ်သည်းလည်း ပါဝင်နေ၏။

သူသည် ယခင်အကြိမ်က မလာခဲ့သဖြင့် ဝတ်စုံဖြူအမျိုးသားနှင့် မည်သည့်ပဋိပက္ခပင်မျှ မရှိခဲ့ချေ။ ထို့ကြောင့် တိုက်ပွဲထံဝင်ရောက်ခြင်း မရှိဘဲ ရပ်ကြည့်နေခြင်းဖြစ်သည်။

သို့သော် ကူချန်မှာမူ ကွဲပြားချေပြီ။ စမ်းသပ်မှုအတွင်းပါဝင်သည့် သူတို့အဖွဲ့ဝင်များ အပါအဝင် လူပေါင်း(၃၆)ယောက်၏ ဆုလာဘ် အားလုံးကို သိမ်းယူသွားခြင်း ဖြစ်လေသည်။

“ အဘိုးကြီး ... သတိထား၊ ကနဦးအတွင်းတပည့်စမ်းသပ်မှုကို အောင်မြင် ထားတဲ့လူက တံဆိပ်သုံးပြီး လျှို့ဝှက်နယ်မြေထဲ ပြန်ဝင်သွားလို့ရတယ်။ ”

ရုတ်တရက် အဘွားအိုက အသံလွှင့်ကာ အဖိုးအိုကို သတိပေးသည်။ အဘိုးအိုလန်ဝမ်မှ အနည်းငယ်အံ့အားသင့်သွား၏။

ပင်လယ်နှလုံးသားဂိုဏ်းသည် ဟိုင်လန်နိုင်ငံနှင့် ရေမိုင်ပေါင်းများစွာအကွာရှိ ကျွန်းငယ်လေးများပေါ်တွင် အခြေစိုက်သော အင်အားစုတစ်ခုဖြစ်သည်။

ထို့ကြောင့် သူတို့နှစ်ဦးသည် အိမ်နီးချင်းအင်အားစုများ ဖြစ်ကြသောကြောင့် ပဋိပက္ခများစွာရှိနေခဲ့၏။ ဆက်ဆံရေးမှာ အဆင်ပြေကြီးမဟုတ်ချေ။

သို့သော် ယခုမူ အဖွားကြီးသည် သူ့ကို သတိပေးလာနေချေ၏။ သူတို့နှစ်ဦးကြားတွင် တူညီသော ပန်းတိုင်တစ်ခုရှိလာပုံရချေပြီ။

“ ငါနားလည်ပြီ ... ။ ”

အဘိုးအိုလန်ဝမ်က တုန့်ခနဲ ရပ်တန့်သွားခဲ့ရာမှ အဖြူဝတ်အမျိုးသားနှင့် တိုက်ခိုက်နေသောအဖွားအိုထံ တုန့်ပြန်ပြီး ဆက်လျှောက်လာခဲ့သည်။

“ သတိထား ... ။ ”

သို့သော် သူခြေလှမ်း တစ်လှမ်းမပြည့်ခင် အဖွားအိုထံမှ ‌အော်ဟစ်သတိပေးသံ ထွက်ပေါ် လာပြီး စူးရှသောအလင်းများ ပျံသန်းလာ သည်ကို မြင်လိုက်ရသည်။

ချက်ချင်းပင် အပြာရောင်ရေစွမ်းအင် အခြေပြု ဝိညာဉ်လက်နက်ကိုထုတ်ယူကာ ရေစက်ကြီးတစ်စက်ဖန်တီးလျက် သူ့အဖွဲ့ အပေါ် ကာကွယ်လိုက်ရတော့၏။

“ စွပ် ... စွပ် ... ။ ”

များမကြာခင် ဓားအလင်းများသည် ထိုရေစက်ကြီးအတွင်းသို့ တိုးဝင်နစ်မြုပ်ကာ ရပ်တန့်ကုန်လေသည်။

“ မြန်တယ် ... ။ ”

ကူချန်မှ မျက်ခုံးပင့်ကာ မှတ်ချက်ပေးလိုက်၏။ ဤလူများသည် သူ့ကို သတ်ရန်ဆန္ဒရှိနေသည့်နောက် လက်ဦးမှု ရယူခြင်းသည် လွန်အံ့မထင်ချေ။

သို့သော် တစ်ဖက်လူသည် သည်မျှ မြန်မြန်တုန့်ပြန်နိုင်လိမ့်မည်ဟု မထင်မိသည်မှာ အမှန်ပေပင်။

“ သွား ... ။ ”

သည့်တိုင် ရပ်တန့်ရန် စိတ်ကူးမရှိဘဲ ကျန်ရှိနေသောဓားများကို ထုတ်ယူလိုက်ကာ ထပ်မံပစ်ခတ်လေသည်။

“ စွပ် စွပ် ... ။ ”

ရလာဒ်အ‌နေဖြင့် အလားတူပင် ဓားများအားလုံးသည် တစွပ်စွပ်ဖြင့် ရေစက်ကြီး အတွင်း နစ်မြုပ်လျက် ပိတ်မိသွား၏။

ရေစက်ကြီးအတွင်းရှိ အပြာရောင်ဝတ် အဘိုးအိုလန်ဝမ်သည် ကူချန်၏အဓိပ္ပါယ်သော ထိုတိုက်ခိုက်မှုကြောင့် မျက်ခုံးပင့်ကာ အံ့အားသင့်သွားတော့သည်။

***

All Chapters