← Chapters

အခန်း (၇၀၃-၇၀၄)

Vol. 71 Ch. 703-704

အခန်း (၇၀၃-၇၀၄)

Vol. 71 Ch. 703-704

အခန်း (၇၀၃) သစ္စာဖောက်မှု

​"အရှင် တကယ်ပဲ ဘုရင်ဖြစ်ဖို့ မစဉ်းစားဖူးဘူးလား။ ဒီနိုင်ငံနဲ့ နန်းမြို့တော်မှာ အရှင့်ကို ထောက်ခံတဲ့သူတွေ အများကြီး ရှိမှာပါ။ တခြားသူသာဆိုရင် ထီးနန်းရဖို့အတွက် ပြင်ပအကူအညီတောင် ယူမိကြမှာပဲ" လုံချန်းက မင်းသားနှင့်အတူ လမ်းလျှောက်ရင်း သွယ်ဝိုက်၍ အကြံပြုလိုက်သည်။

​"ပြင်ပအကူအညီယူတယ်ဆိုတာ ဘာကို ဆိုလိုတာလဲ။ ထီးနန်းရဖို့အတွက် ကိုယ့်နိုင်ငံကို သစ္စာဖောက်ရမယ်လို့ ပြောတာလား။ ဟုတ်ပါတယ်... အဲဒီလိုလူမျိုး ရှိနိုင်ပေမဲ့ အဲဒါ ငါတော့ ဖြစ်လာမှာ မဟုတ်ဘူး။ အသုံးမကျတဲ့ ရုပ်ဝတ္ထုပစ္စည်းတစ်ခုနဲ့ အာဏာနည်းနည်းလေး အတွက်တော့ ငါ့ရဲ့ ဝိညာဉ်ကို ဘယ်တော့မှ ရောင်းစားမှာ မဟုတ်ဘူး" မင်းသားဟူက ခေါင်းခါရင်း ပြန်ဖြေသည်။

​"မဟုတ်ပါဘူး... ကျွန်တော့်ကို အထင်မလွဲပါနဲ့။ အရှင့်ကို နိုင်ငံအပေါ် သစ္စာဖောက်ခိုင်းနေတာ မဟုတ်ပါဘူး။ ဒီလို သစ္စာဖောက်ခံရတာတောင်မှ နိုင်ငံအပေါ် ထားရှိတဲ့ အရှင့်ရဲ့ သစ္စာရှိမှုကို ကျွန်တော် အံ့ဩမိလို့ ပြောတာပါ။ အရှင်က ဒီမှာ ပင်ပင်ပန်းပန်း ရုန်းကန်နေရပြီး တစ်ပြည်လုံးကလည်း ညီတော်တွေကို လုပ်ကြံဖို့ ကြိုးစားတဲ့ လူဆိုးကြီးလို့ သတ်မှတ်နေကြချိန်မှာ တခြားသူတွေကတော့ သူတို့အခန်းထဲမှာ သက်သောင့်သက်သာနဲ့ ဘဝကို ပျော်ပျော်ပါးပါး ဖြတ်သန်းနေကြတာလေ။ ဒီလိုအခြေအနေမှာတောင် အရှင်က တည်တည်ငြိမ်ငြိမ် ရှိနေနိုင်တာ တကယ့်ကို မယုံနိုင်စရာပဲ" လုံချန်းက ချီးကျူးသော မျက်နှာဖြင့် ပြောလိုက်သည်။

​"ဪ... ဒါနဲ့ ဆူနိုင်းနိုင်ငံက ကျွန်တော်တို့ကို ပြဿနာရှာနေတယ်ဆိုတဲ့ စကားတွေ ကြားရတယ်။ သူတို့က ဘာတွေလုပ်နေကြတာလဲ၊ ပြီးတော့ သူတို့ရဲ့ စစ်အင်အားက ဘယ်လောက်တောင် ပြန့်နှံ့နေလဲ" သူက အေးအေးဆေးဆေးပင် မေးမြန်းလိုက်ပြန်သည်။

​"သူတို့က တကယ့်စစ်ပွဲကိုတော့ မဆင်နွှဲသေးဘဲ လုပ်နိုင်သမျှ အကုန်နှောင့်ယှက်နေကြတာ။ ငါတို့နယ်မြေထဲကို ကျူးကျော်ဝင်ရောက်ပြီး ဒီမြို့က အမျိုးသမီးတွေကို လာနောက်ပြောင်တာမျိုးပေါ့။ အဲဒီကနေ ရုန်းရင်းဆန်ခတ်မှုလေးတွေ ဖြစ်ပြီးရင် သူတို့ ပြန်ထွက်သွားကြတာပဲ။ အပြန်အလှန် တိုက်ပွဲငယ်လေးတွေ ရှိခဲ့ပေမဲ့ အဆင့်အတန်းတော့ မကြီးမားသေးပါဘူး။ သူတို့က စစ်ပွဲကို တရားဝင် မကြေညာသေးသလို ငါတို့ဘက်ကလည်း အခြေအနေကို စောင့်ကြည့်ရင်း နန်းမြို့တော်က စစ်ကူကို စောင့်နေရတာပဲ" မင်းသားဟူက လုံချန်းကို ရှင်းပြသည်။

​"သူတို့က အပျော်သဘောနဲ့ လုပ်နေတာလည်း ဖြစ်နိုင်သလို ငါတို့ဘက်က အရင်တိုက်အောင် ဆွနေတာလည်း ဖြစ်နိုင်တယ်။ ဒါမှမဟုတ် တကယ်မတိုက်ခင် ငါတို့ကို လာစမ်းသပ်နေတာလည်း ဖြစ်နိုင်တာပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ငါတို့ဘက်ကတော့ အကောင်းဆုံး ကြိုးစားပြီး စစ်ကူတွေ ရောက်မလာမချင်း သူတို့ကို တားဆီးထားရမှာပဲ" သူက ဆက်ပြောသည်။

​"ဟုတ်ပါတယ်... သူတို့ ဘာမဆို လုပ်နိုင်တာပဲ။ နိုင်ငံ နှစ်နိုင်ငံရဲ့ နယ်စပ်ဆိုတာ တကယ့်ကို ရှုပ်ထွေးတဲ့ နေရာပဲ။ တစ်ဖက်လူက ဘာတွေးနေသလဲဆိုတာ ဘယ်တော့မှ သိနိုင်မှာ မဟုတ်ဘူး" လုံချန်းက သက်ပြင်းချရင်း ပြန်ဖြေလိုက်သည်။

​"မင်းက စစ်ရေးစစ်ရာတွေအကြောင်း ဘယ်လိုလုပ် ဒီလောက် သိနေရတာလဲ။ နိုင်ငံမှာ စစ်အတတ်ပညာတွေ သင်ခဲ့တာလား" မင်းသားဟူက စိတ်ဝင်တစား မေးလိုက်သည်။

​"မဟုတ်ပါဘူး... ကျွန်တော့် သူငယ်ချင်းတွေက သင်နေကြတာပါ။ သူတို့က ကျွန်တော့်ကို အချို့အရာတွေ သင်ပေးခဲ့ကြတယ်။ ကျွန်တော့်ရဲ့ အသိပညာတွေက ကြားဖူးနားဝရှိတာတွေနဲ့ အခုထိ ကျွန်တော် နားလည်ထားတာတွေအပေါ်မှာပဲ အခြေခံတာပါ" လုံချန်းက ခေါင်းခါရင်း ဆိုသည်။

​"ဪ..." မင်းသားဟူက အသာအယာ ရေရွတ်ကာ ဆက်လက် လမ်းလျှောက်နေလေသည်။

​"မင်းသားဟူ... တကယ်လို့ စစ်ပွဲ တကယ် ဖြစ်လာပြီး နိုင်ငံ နှစ်နိုင်ငံစလုံးက အချင်းချင်း စစ်ခင်းကြပြီဆိုရင် အရှင်က ကိုယ့်နယ်မြေကိုပဲ ကာကွယ်မှာလား၊ ဒါမှမဟုတ် သူတို့နယ်မြေကို ပြန်တိုက်မှာလား" လုံချန်းက သူတကယ်သိချင်သော မေးခွန်းဆီသို့ လမ်းကြောင်းလွှဲကာ မေးလိုက်သည်။

​"အဲဒီအချိန်မှာ ငါ့ဆီမှာ စစ်ကူမရှိရင်တော့ ဒီမြို့က လူတွေကိုပဲ ငါ ကာကွယ်နိုင်လိမ့်မယ်။ ဒါပေမဲ့ နန်းမြို့တော်က စစ်ကူတွေ လွှတ်ပေးခဲ့မယ်ဆိုရင်တော့ သူတို့ကို မြို့စောင့်ဖို့ ထားခဲ့ပြီး ငါကိုယ်တိုင် ရန်သူ့နယ်မြေထဲကို ထိုးစစ်ဆင်တိုက်ခိုက်မှာပါ" မင်းသားဟူက အက်ရှာနိုင်ငံ၏ နန်းမြို့တော်ရှိရာ အရပ်ကို မျှော်ကြည့်ရင်း ဆိုလိုက်သည်။

​"စိတ်ဝင်စားဖို့ ကောင်းသားပဲ။ တကယ်လို့ ထိုးစစ်ဆင်ဖို့ စဉ်းစားထားတယ်ဆိုရင် သူတို့ရဲ့ ခံစစ်အားနည်းချက်တွေကိုလည်း အရှင် သိထားမှာပေါ့။ သူတို့ရဲ့ ခံစစ်က ဘယ်လိုမျိုးလဲ။ သူတို့ရဲ့ ဝိညာဉ်စစ်သည်တော်တွေ ဒါမှမဟုတ် ကျင့်ကြံသူတွေက ဖန်တီးထားတဲ့ အတားအဆီးတွေ ရှိလား" လုံချန်းက သူသိလိုသော အဓိကမေးခွန်းကို မေးလိုက်လေတော့သည်။

​"မရှိပါဘူး... အဲဒီလို အတားအဆီးမျိုးတွေ မရှိပါဘူး။ သူတို့ရဲ့ လူအင်အားနဲ့ ခံစစ်ကိုသာ ဖောက်ထွက်နိုင်မယ်ဆိုရင် သူတို့နယ်မြေထဲကို ဝင်ဖို့က တော်တော်လေး လွယ်ကူပါတယ်" မင်းသားဟူက ပြန်ဖြေသည်။

​"အဲဒီတော့ အတားအဆီးတွေ ဘာတွေ မရှိဘူးပေါ့။ အဲဒါဆိုရင်တော့ ကောင်းတာပေါ့။ ဆိုလိုတာက အထဲကို အလွယ်တကူ ကျူးကျော်ဝင်ရောက်နိုင်တာပေါ့" လုံချန်းက ပြုံးလျက် ပြန်ဖြေလိုက်သည်။ သူ လိုချင်သော အဖြေကို ရသွားပြီ ဖြစ်သည်။ သူသည် ထိုအချက်ကို သတိထားနေစရာ မလိုတော့ဘဲ အစောင့်များကို ရှင်းလင်းပြီးသည်နှင့် နယ်မြေထဲသို့ အလွယ်တကူ ဝင်ရောက်နိုင်မည် ဖြစ်သည်။

​"မင်းထင်သလောက်တော့ မလွယ်ကူပါဘူး။ သူတို့က နယ်စပ်တစ်လျှောက် ငါးမီတာခြားတိုင်း အစောင့်တစ်ယောက် ထားထားသလို ဝိညာဉ်စစ်သည်တော်တွေလည်း အများကြီး ရှိတယ်။ တကယ်လို့ စစ်ပွဲသာ တကယ် ဖြစ်လာရင် ဖီးနစ်အဖွဲ့အစည်းက ဝိညာဉ်သခင်တွေရဲ့ အကူအညီမပါဘဲ သူတို့ကို အနိုင်ရဖို့ အခွင့်အလမ်းက တော်တော်လေး နည်းပါလိမ့်မယ်" မင်းသားဟူက ခေါင်းခါရင်း ဆိုသည်။

​"သူတို့ရဲ့ ဝိညာဉ်စစ်သည်တော်တွေကလည်း ပြန့်နေတာလား။ သူတို့ မရှိတဲ့ နေရာကို ရွေးပြီး တိုက်ခိုက်လို့ ရတာပေါ့" လုံချန်းက အကြံပြုလိုက်သည်။

​"ဒါက ကောင်းတဲ့ အကြံပြုချက်ပဲ။ ငါလည်း အဲဒါကို စဉ်းစားဖူးပါတယ်။ ဒါပေမဲ့ ဝိညာဉ်သခင်တွေက အစောင့်တွေနဲ့ သိပ်မဝေးတဲ့ နေရာတွေမှာ ရှိနေကြတာ။ သူတို့က ငါတို့ဆီကို အလွယ်တကူ ရောက်လာနိုင်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဝိညာဉ်သခင်တစ်ယောက်နဲ့ တိုက်ရမှာပဲလေ၊ ဒါပေမဲ့ အဲဒါက ငါ ကြောက်နေမယ်လို့ မဆိုလိုပါဘူး။ သူတို့ရဲ့ အာရုံကို လွှဲဖို့အတွက် အခြားနည်းလမ်းတွေကို သုံးရမှာပေါ့။ ဘာပဲဖြစ်ဖြစ် ဒါတွေက အနာဂတ်ကိစ္စတွေပါ၊ အခုလောလောဆယ်တော့ ဒီအကြောင်းတွေ မပြောဘဲ နေရအောင်" မင်းသားဟူက ခေါင်းခါရင်း တုံ့ပြန်လိုက်သည်။

​"မင်းအကြောင်းကို ပြောပြပါဦး။ ဘာလို့ ဒီနေရာကိုမှ အရောက်လာဖို့ ရွေးချယ်ခဲ့တာလဲ။ ငါသိသလောက် ဒီနိုင်ငံမှာ လည်ပတ်စရာ နေရာတွေ အများကြီး ရှိပါတယ်။ ဒီနေရာကတော့ အဲဒီစာရင်းရဲ့ နောက်ဆုံးမှာတောင် ရှိမှာ မဟုတ်ဘူး။ ဒီကိုလာဖို့ ထူးခြားတဲ့ အကြောင်းရင်းရှိလို့လား" သူက လုံချန်းကို မေးလိုက်သည်။

​"ကြီးကြီးမားမား အကြောင်းရင်းတော့ မရှိပါဘူး။ လွန်ခဲ့တဲ့ စစ်ပွဲကြီးအကြောင်းကို ကျွန်တော် တကယ်ပဲ စိတ်ဝင်စားလို့ပါ။ ဒီနေရာက သမိုင်းဝင်တဲ့ နေရာဖြစ်သလို ကျွန်တော်တို့ ရှုံးနိမ့်ခဲ့တဲ့ နေရာလည်း ဖြစ်တာကိုး။ ဒီနေရာက ဘယ်လိုပုံစံလဲဆိုတာ မြင်ဖူးချင်ရုံသက်သက်ပါ" လုံချန်းက ပုံပြင်တစ်ပုဒ် ဖန်တီးကာ အေးအေးဆေးဆေးပင် ဖြေလိုက်သည်။

​"အင်း... အခုထိတော့ ဒီနေရာကို သဘောကျရဲ့လား" မင်းသားဟူက စူးစမ်းသည်။

​"ကောင်းတဲ့ နေရာလေးပါ။ ပုံပြင်တွေထဲကလို မဟုတ်ဘဲ ဒီကလူတွေက ပျော်ပျော်ရွှင်ရွှင်နဲ့ ဘဝကို ဖြတ်သန်းနေကြတာပဲ။ ကျွန်တော် မြင်ရသလောက်တော့ အတိတ်က ဆိုးရွားတဲ့ အကြွင်းအကျန်တွေအားလုံးကို ဖယ်ရှားပစ်လိုက်ပုံရတယ်၊ အဲဒါက တကယ့်ကို ကောင်းတဲ့အချက်ပါပဲ" လုံချန်းက ခေါင်းညိတ်ရင်း ဆိုသည်။

​"ဟုတ်တယ်... ဆိုးရွားတဲ့ အတိတ်တွေကို ကျော်ဖြတ်နိုင်တာက အမြဲတမ်း ကောင်းပါတယ်။ မဟုတ်ရင် တိုးတက်မှုက နှေးကွေးနေလိမ့်မယ်" မင်းသားဟူက ခေါင်းညိတ် ထောက်ခံလိုက်သည်။

​မင်းသားဟူနှင့် နာရီအနည်းငယ်ကြာ ကုန်လွန်ပြီးနောက် လုံချန်းသည် သူ၏ အခန်းသို့ ပြန်လာခဲ့သည်။

​တည်းခိုခန်း ဝန်ထမ်းများသည် သူတို့အတွက် ညစာကို အခန်းထဲရှိ စားပွဲပေါ်တွင် လာရောက် ချထားပေးပြီး ဖြစ်သည်။

​"ပြန်လာပြီလား" မိလျာယီသည် လုံချန်းကို မြင်လိုက်ရသဖြင့် စိတ်သက်သာရာရသော အပြုံးဖြင့် ဆိုလိုက်သည်။

​"ဟုတ်ကဲ့ အမေ။ သတင်းအချက်အလက်အချို့ စုဆောင်းခဲ့တာ အခုတော့ အကုန်ရပါပြီ။ ကျွန်တော်တို့ ဒီညပဲ ထွက်သွားလို့ ရပြီ" လုံချန်းက ပြုံးလျက် ပြောလိုက်သည်။

​"ညစာ စားပြီး ခဏ နားရအောင်။ ထွက်ခွာရမယ့် အချိန်ကျရင် ကျွန်တော် အမေ့ကို လာနှိုးပါ့မယ်" လုံချန်းက မိလျာယီကို ပြောလိုက်သည်။

​ထို့နောက် သူတို့ သားအမိ နှစ်ဦးစလုံး ညစာ စားကြသည်။ ယခုမှ ညနေစောင်းသာ ရှိသေးသဖြင့် လုံချန်းက မိလျာယီကို ခေတ္တ အိပ်စက်အနားယူခိုင်းလိုက်လေတော့သည်။

အခန်း (၇၀၄) ဆူနိုင်းနိုင်ငံသို့ ဝင်ရောက်ခြင်း

​သူသည် အမေဖြစ်သူကို အိပ်စက်ခိုင်းပြီးနောက် ညဉ့်နက်သန်းခေါင်၏ အမှောင်ထုထဲတွင် တည်းခိုရာနေရာမှ တိတ်တဆိတ် ထွက်ခွာလာခဲ့သည်။

​ညအချိန်သည် သူ၏ အချိန်ပင်။ ဤအချိန်သည် သူ၏ အစွမ်းအစများ အကောင်းဆုံး ထွက်ပေါ်သည့် အချိန်လည်း ဖြစ်သည်။ လုံချန်းတွင် အမှောင်နိယာမ ရှိနေသဖြင့် သူသည် ညဖက်တွင် ကျင်လည်ကျက်စားသော လုပ်ကြံသတ်ဖြတ်သူ တစ်ဦးကဲ့သို့ သူ၏ ပတ်ဝန်းကျင်နှင့် တစ်သားတည်း ဖြစ်နေပေသည်။

​သူသည် တည်းခိုခန်းမှ ထွက်လာပြီးနောက် မည်သူမျှ မမြင်စေဘဲ နယ်စပ်မြို့လေးမှ ထွက်ခွာလာခဲ့သည်။ ထို့နောက် ဆူနိုင်းနိုင်ငံ၏ နယ်စပ်ဆီသို့ အရှိန်အဟုန်ဖြင့် ပြေးထွက်လာခဲ့တော့သည်။

​မိလျာယီကို ဤနေရာသို့ တိုက်ရိုက် ခေါ်မလာနိုင်ကြောင်း သူ သိရှိထားသည်။ အကြောင်းမှာ နယ်စပ်တွင် တိုက်ပွဲကြီးတစ်ပွဲ ဖြစ်ပွားနိုင်ပြီး ရုန်းရင်းဆန်ခတ်မှုများကြားတွင် သူမ ထိခိုက်ဒဏ်ရာ ရသွားနိုင်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် သူ၏ လက်ဦးမှု အစီအစဉ်များကို အသုံးချရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

​သူ၏ အစီအစဉ်မှာ တစ်ဦးတည်း သွားရောက်ကာ အမှောင်နိယာမကို သုံး၍ ရန်သူများအား သတ်ဖြတ်ပြီး နယ်မြေအတွင်း ကျူးကျော် ဝင်ရောက်ရန် ဖြစ်သည်။

​ထို့နောက်တွင်မှ ဟင်းလင်းပြင် နိယာမကို အသုံးပြုကာ မိလျာယီအား ဆူနိုင်းပြည်တွင်းသို့ ခေါ်ဆောင်လာရန် ဖြစ်သည်။ ဤနည်းလမ်းမှာ မည်သူ့ကိုမျှ ကာကွယ်ပေးနေစရာ မလိုဘဲ သူ၏ စိတ်ကို သတ်ဖြတ်ခြင်း တစ်ခုတည်း၌သာ အာရုံစိုက်နိုင်မည် ဖြစ်သဖြင့် အကောင်းဆုံးသော နည်းလမ်းဟု သူ ယူဆထားသည်။

​ဆူနိုင်းနိုင်ငံ၏ တပ်စခန်းများရှိရာ နယ်စပ်သည် အက်ရှာပြည်ထောင်စု၏ နယ်စပ်မြို့မှ နှစ်ကီလိုမီတာခန့်သာ ဝေးကွာသည်။ လုံချန်းသည် ဆူနိုင်းနယ်စပ်အနီးသို့ ရောက်သောအခါ အရိပ်အသွင်ပြောင်းခြင်းကို အသုံးပြုလိုက်သည်။

​သူသည် အစောင့်တစ်ဦး၏ နောက်သို့ တိတ်တဆိတ် ရောက်ရှိသွားပြီး သူ၏ ဓားမြှောင်ကို ထုတ်ရန် အဝတ်အစားထဲသို့ လက်နှိုက်လိုက်သော်လည်း ရုတ်တရက် ရပ်တန့်သွားခဲ့သည်။

​သူသည် သတ်ဖြတ်ခြင်းကို မလုပ်ဆောင်တော့ဘဲ နောက်သို့ ပြန်ဆုတ်လိုက်သည်။ ထို့နောက် တစ်စုံတစ်ယောက်ကို သတ်ဖြတ်ခြင်း သို့မဟုတ် တစ်ခုခု လုပ်ဆောင်ခြင်း မပြုတော့ဘဲ ဆူနိုင်းနိုင်ငံ၏ အတွင်းပိုင်းထဲသို့သာ ပိုမိုနက်ရှိုင်းစွာ ဆက်လက် လျှောက်လှမ်းသွားလေတော့သည်။

​သူသည် နာရီပေါင်းများစွာ လျှောက်လှမ်းခဲ့ပြီး ဆူနိုင်းနိုင်ငံ၏ အတွင်းပိုင်းသို့ တော်တော်လေး ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

​"ဘာလို့ သူတို့ကို မသတ်ခဲ့တာလဲ။ ဘာလို့ နောက်ဆုံးမိနစ်ကျမှ ရပ်လိုက်တာလဲ" ရွှင်းက အတော်ကြာမှ လုံချန်းကို မေးလိုက်သည်။

​လုံချန်းသည် ယခုအခါ ဆူနိုင်းနိုင်ငံ အတွင်းပိုင်းသို့ ကီလိုမီတာ ၅၀ ခန့် ရောက်ရှိနေပြီ ဖြစ်သည်။

​"ဘာလို့လဲဆိုတော့ သူတို့ကို သတ်ဖို့ မလိုအပ်လို့ပဲ။ သတ်ခါနီးကျမှ တစ်ခုကို သတိရသွားတာ" လုံချန်းက တိုးတိုးလေး ရေရွတ်လိုက်သည်။

​"ဘာကို သတိရတာလဲ" ရွှင်းက ဇဝေဇဝါဖြင့် မေးသည်။

​"သူတို့ကို သတ်လိုက်လည်း ငါ့အတွက် ဘာအကျိုးအမြတ်မှ မရှိဘူးဆိုတာ သိသွားလို့ပဲ။ အရင်ကဆိုရင်တော့ ရန်သူတွေကို သတ်လိုက်တာနဲ့ ငါ့ရဲ့ သတ်ဖြတ်ခြင်း အရှိန်အဝါကို တိုးအောင် လုပ်လို့ရတယ်။ ဒါပေမဲ့ အခုက ခန္ဓာကိုယ်အသစ်လေ။ ငါ့မှာ သတ်ဖြတ်ခြင်းအရှိန်အဝါ မရှိသလို အသုံးလည်း မပြုနိုင်ဘူး။ သေသွားတဲ့သူတွေဆီက အသက်စွမ်းအင်ကိုလည်း ငါ မရိတ်သိမ်းနိုင်ဘူး။ အဲဒီတော့ သူတို့ကို သတ်နေတာဟာ အလကား အချိန်ဖြုန်းနေတာပဲ ဖြစ်လိမ့်မယ်" လုံချန်းက ရွှင်းကို ပြန်ဖြေလိုက်သည်။

​"ဒါတင်မကသေးဘူး... အဲဒါက ငါ့အတွက်တောင် ဆိုးကျိုးဖြစ်နိုင်တယ်။ ငါ သူတို့ကို သတ်ခဲ့ရင် တစ်ချိန်မဟုတ် တစ်ချိန်မှာ တခြားအစောင့်တွေ သိသွားကြလိမ့်မယ်။ အဲဒီအခါ သူတို့က သံသယဝင်လာပြီး တစ်စုံတစ်ယောက် ခိုးဝင်လာပြီဆိုတာ သိသွားရင် ရှာဖွေမှုတွေ ပိုလုပ်လာလိမ့်မယ်။ အဲဒါက ငါ့အတွက် ခရီးသွားရတာ ပိုခက်ခဲသွားစေနိုင်တယ်" လုံချန်းက သက်ပြင်းချရင်း ဆိုသည်။

​"နောက်ပြီးတော့... အဲဒါက အက်ရှာနိုင်ငံအပေါ် စစ်ကြေညာဖို့ ဖြစ်လာစေလိမ့်မယ်။ အဲဒါက စောလွန်းသေးတယ်။ ငါ့အတွက် အကျိုးရှိမယ့် စစ်ပွဲမျိုး ဖြစ်လာဖို့အတွက် အရာအားလုံးကို အကွက်ချဖို့ အချိန်လိုအပ်သေးတယ်" လုံချန်းက ပြုံးစိစိဖြင့် ရေရွတ်လိုက်သည်။

​သူက ရွှင်းကို လှည့်ကြည့်လိုက်သောအခါ သူမ ပြုံးနေသည်ကို သတိပြုမိသွားသည်။

​"ဘာလို့ ပြုံးနေတာလဲ"

​"ဘာမှမဟုတ်ပါဘူး... နင် အချိန်အတော်ကြာမှ ဦးနှောက်ကို သုံးပြီး စဉ်းစားတာ မြင်ရလို့ပါ" ထိုသို့ ပြောကာ ရွှင်းက တဟားဟား ရယ်မောလေတော့သည်။

​"ဒီငတုံးမလေး... ငါက အမြဲတမ်း ဦးနှောက်ကို သုံးပါတယ်။ ငါက ကီလိုမီတာ နှစ်ရာအတွင်းမှာ ငါမြင်ဖူးတဲ့ နေရာဆိုရင် ဟင်းလင်းပြင် ဝင်ပေါက်ကို သုံးလို့ရတယ်။ ဒီအကွာအဝေးအတွင်းမှာ မြို့တစ်မြို့ ရှာတွေ့တာနဲ့ အဲဒီမှာ အခန်းတစ်ခန်း ငှားမယ်၊ ပြီးရင် ဝင်ပေါက်ကို သုံးပြီး နယ်စပ်မြို့ကို ပြန်သွားမယ်၊ ပြီးတော့မှ ဖူချန်းရဲ့ အမေကို ဒီကို ခေါ်လာမယ်။ ဒါက အများကြီး ပိုပြီး အဆင်ပြေတယ်လေ" လုံချန်းက စိတ်ပျက်လက်ပျက် လေသံဖြင့် ဆိုလိုက်သည်။

​"ဟုတ်သားပဲ။ အခုတော့ နင်က နင့်ရဲ့ နိယာမတွေကို သတ်ဖြတ်ဖို့ တစ်ခုတည်းအတွက် မဟုတ်ဘဲ အကျိုးရှိရှိ အသုံးချတတ်လာပြီပေါ့။ ဒီခန္ဓာကိုယ်က သတ်ဖြတ်ခြင်းအရှိန်အဝါကို အစကနေ ပြန်မကျင့်ကြံမချင်း သတ်ဖြတ်တာက ဘာမှ အကျိုးမရှိတဲ့အတွက် အခုလို လုပ်တာက ပိုကောင်းပါတယ်" ရွှင်းက ခေါင်းညိတ် ထောက်ခံလိုက်သည်။

​လုံချန်းက ပြန်ပြောရန် ပြင်လိုက်စဉ် အဝေးတစ်နေရာ၌ အရာတစ်ခုကို သတိပြုမိသွားသည်။ ထိုနေရာတွင် မြို့ငယ်လေးတစ်မြို့ကို သူ မြင်တွေ့လိုက်ရခြင်း ဖြစ်သည်။

​သူသည် ဆူနိုင်းနိုင်ငံ၏ မြို့တစ်မြို့အနီးသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

​ထိုမြို့သည် အက်ရှာနိုင်ငံ၏ နယ်စပ်မြို့လေးထက် အများကြီး ပို၍ ကြီးမားသည်။ မြို့ပတ်ပတ်လည်တွင်လည်း မြို့ရိုးများ မရှိချေ။ အစောင့်အကြပ်များကိုလည်း မတွေ့ရပေ။ 'သူတို့မှာ ဘာကာကွယ်ရေးမှ မရှိတာလား' သူ တွေးတောမိသည်။

​'သူတို့ စစ်တပ်ကို အဲဒီလောက်တောင် ယုံကြည်မှု လွန်ကဲနေတာလား။ နယ်စပ်ကနေ ကီလိုမီတာ ၆၀ ပဲ ဝေးတဲ့မြို့ကိုတောင် ဘာခံစစ်မှ မပြင်ထားဘူး။ သူတို့ရဲ့ ခွန်အားကို ယုံကြည်တာလား၊ ဒါမှမဟုတ် အရင်စစ်ပွဲမှာ နိုင်ခဲ့လို့ မာနတက်နေကြတာလား' လုံချန်းက မျက်မှောင်ကြုတ်ရင်း ရေရွတ်လိုက်သည်။

​လုံချန်းသည် အများကြီး ထပ်မတွေးတော့ဘဲ မြို့ထဲသို့ ဝင်လာခဲ့သည်။ မြို့အဝင်ဝတွင် အစောင့်နှစ်ဦးသာ ရှိသော်လည်း သူသည် အရိပ်အသွင်ပြောင်းခြင်းကို အသုံးပြုကာ မသိမသာ ခိုးဝင်ခဲ့သည်။

​မြို့ထဲသို့ ရောက်သောအခါမှ အကာအကွယ်ကို ဖယ်ရှားပြီး လူအုပ်ကြားထဲတွင် ရောနှောလိုက်သည်။

​ဤမြို့သည် အက်ရှာနိုင်ငံက မြို့များနှင့် တူသော်လည်း ပို၍ အေးအေးလူလူ ရှိပုံရသည်။ မြို့ထဲတွင် ကင်းလှည့်နေသော အစောင့်များကိုလည်း မတွေ့ရချေ။ အက်ရှာနိုင်ငံတွင်မူ လမ်းတိုင်းမှာ အစောင့်များကို မြင်တွေ့ရပြီး ပုံမှန် ကင်းလှည့်နေကြသော်လည်း ဤနေရာ၌မူ ထိုသို့ မဟုတ်ချေ။ လူများသည် လွတ်လွတ်လပ်လပ် ရှိနေပုံရသော်လည်း အလွန်ပင် ယဉ်ကျေးသိမ်မွေ့ကြသည်။ အစောင့်အကြပ် မရှိသော်လည်း မြို့ထဲတွင် မည်သည့် ရုန်းရင်းဆန်ခတ်မှုမျှ မရှိသည်ကို သူ မြင်တွေ့ရသည်။

​'ဒါ ငါ့အတွက် ကောင်းတာပေါ့။ အစောင့်တွေ မရှိတော့ ပိုပြီး ရောရောနှောနှော နေလို့ရတာပေါ့' လုံချန်းက ပြုံးလျက် ရေရွတ်လိုက်သည်။

​သူသည် ဘေးနားရှိ ဆိုင်တစ်ဆိုင်သို့ ကြည့်လိုက်ရာ လူတစ်ဦးက ဆိုင်ရှင်ကို ကြေးပြားတစ်ပြားဖြင့် ငွေပေးချေနေသည်ကို မြင်လိုက်ရသည်။

​ထိုကြေးပြားမှာ အက်ရှာနိုင်ငံက ကြေးပြားများနှင့် အမျိုးအစား တူသော်လည်း ပုံသဏ္ဌာန်မှာမူ ကွဲပြားနေသည်။ ဤနေရာက ဒင်္ဂါးပြားမှာ သုံးမြောင့်ပုံစံ ဖြစ်နေသည်။

​'ပထမဆုံးတော့ သုံးဖို့စွဲဖို့နဲ့ တည်းခိုခန်း စရိတ်အတွက် ငွေအချို့ ရအောင် လုပ်ရမယ်' လုံချန်းက မျက်မှောင်ကြုတ်ရင်း တွေးတောလိုက်သည်။

​"ဒီမှာ တစ်ပတ်လောက် နေပြီး သတင်းအချက်အလက်အချို့ စုဆောင်းပြီးရင်တော့ ငါ့ရဲ့ အစီအစဉ်ကို စတင်လို့ ရပြီ။ ငါ ဆူနိုင်းဘုရင်ဆီကို တိုက်ရိုက်သွားပြီး ငါသိချင်တဲ့ အဖြေတွေကို တောင်းမယ်" လုံချန်းက ပြုံးလျက် ရေရွတ်လိုက်သည်။ "အဲဒီအချိန်ကျမှ တကယ့် ကစားပွဲက စမှာပေါ့"

All Chapters