အခန်း (၇၀၅-၇၀၆)
Vol. 71 Ch. 705-706
အခန်း (၇၀၅) ထူးဆန်းသော ဖိတ်ခေါ်မှု
လုံချန်းသည် ဆူနိုင်းနိုင်ငံအတွင်းရှိ အမည်မသိမြို့ကလေး၏ ဈေးတန်းအလယ်တွင် ရပ်နေမိသည်။
သူ့တွင် ငွေရှိသော်လည်း ထိုငွေမှာ ဤနိုင်ငံတွင် သုံးစွဲ၍မရချေ။ အမှန်အတိုင်းဆိုလျှင် ဤငွေများကို ထုတ်သုံးလိုက်ပါက အခြားနိုင်ငံမှ ငွေကြေးဖြစ်နေသဖြင့် လူများက သူ့နောက်သို့ လိုက်လံဖမ်းဆီးကြမည်မှာ သေချာလှသည်။ ငွေမရှိဘဲနှင့် မိလျာယီကို ခေါ်ဆောင်လာရန် တည်းခိုခန်း ငှားရန်မှာလည်း မဖြစ်နိုင်ပေ။
"ပထမဆုံးလုပ်ရမှာက ခဏတည်းခိုဖို့ နေရာရအောင် ငွေအချို့ ရှာရမှာပဲ။ ဒါပေမဲ့ ဘယ်လိုရှာရမလဲဆိုတာက မေးခွန်းပဲ။ ဆိုင်တစ်ဆိုင်ကို ဓားပြတိုက်ရမလား၊ ဒါမှမဟုတ် ပိုပြီး ပြင်းထန်တဲ့ နည်းလမ်းကို သုံးရမလား" လုံချန်းက လမ်းလျှောက်ရင်း တိုးတိုးလေး ရေရွတ်နေမိသည်။
"နင်က သူခိုးလုပ်မှာလား၊ လူသတ်သမား လုပ်မှာလား။ ငါ့အထင်တော့ သူခိုးဆိုတာက တော်တော်လေး အဆင့်အတန်း နိမ့်လွန်းသလိုပဲ" ရွှင်းက သူ့ဘေးတွင် ပေါ်လာပြီး ပြောလိုက်သည်။
"ဟုတ်တယ်... သူခိုးဆိုတာက အသေးစား ရာဇဝတ်ကောင်လို ဖြစ်နေတာပေါ့" လုံချန်းက ခေါင်းညိတ်ကာ ထောက်ခံလိုက်သည်။
"ဒါပေမဲ့ ဒီမှာ လူသတ်ဖို့ကျတော့လည်း မကောင်းပြန်ဘူး။ ငါ့မှာ အလောင်းတွေကို သိမ်းထားဖို့ သိုလှောင်လက်စွပ်လည်း မရှိဘူးလေ။ အလောင်းတွေကို ဒီတိုင်း ပစ်ထားခဲ့လို့လည်း မဖြစ်ဘူး။ လမ်းခရီးမှာ ရုန်းရင်းဆန်ခတ်မှု နည်းနိုင်သမျှ နည်းလေ ငါ့အတွက် ပိုကောင်းလေပဲ" သူက ဆက်ပြောသည်။
သူသည် ပတ်ဝန်းကျင်ရှိ လူများကို ကြည့်ကာ အခွင့်အရေးတစ်ခု ရှာဖွေနေသော်လည်း မတွေ့ရှိချေ။ လမ်းမပေါ်တွင် လူများလွန်းလှသဖြင့် အာရုံမစိုက်မိစေဘဲ တစ်ခုခုလုပ်ရန်မှာ အလွန်ခက်ခဲလှသည်။
"တော်ပြီ... အချိန်ဖြုန်းမနေတော့ဘူး။ ချမ်းသာတဲ့ အိမ်တစ်အိမ်ထဲကိုပဲ ခိုးဝင်တော့မယ်" သူက စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းခါကာ ပြောလိုက်သည်။
ငွေခိုးရန်မှာ လွယ်ကူသော်လည်း မည်သူ့ထံတွင် ငွေရှိသနည်းဆိုသည်ကို ရှာဖွေရန်နှင့် မသိအောင် ခိုးယူရန်မှာ ဤလူအုပ်ကြီးထဲတွင် မတန်ဟု သူ ခံစားရသည်။
အဘယ်ကြောင့်မှန်း မသိသော်လည်း ဤမြို့တွင် အစောင့်အကြပ် ကင်းမဲ့နေခြင်းမှာ တစ်ခုခု ထူးခြားနေသကဲ့သို့ သူ ခံစားနေရသည်။ ဤမြို့သည် မြင်တွေ့နေရသကဲ့သို့ သာမန်မြို့တစ်မြို့ မဟုတ်သည်မှာ သေချာလှပေသည်။
သူသည် ချမ်းသာသော အိမ်တစ်အိမ်ကို ရှာဖွေရန် ဈေးတန်းမှ ထွက်ခွာတော့မည့်ဆဲဆဲမှာပင် မြင်းရထားတစ်စီးက သူ့ဘေးတွင် လာရောက်ရပ်တန့်လိုက်သည်။
"ဟေး... မင်း... အဲဒီမှာ ရပ်လိုက်စမ်း" တစ်စုံတစ်ယောက်က လှမ်းခေါ်လိုက်သည်။
လုံချန်း လှည့်ကြည့်လိုက်သောအခါ မြင်းရထားမောင်းသူက သူ့ကို လှမ်းပြောနေခြင်း ဖြစ်သည်။
"တစ်စုံတစ်ယောက်က မင်းနဲ့ စကားပြောချင်လို့တဲ့၊ ငါနဲ့ လိုက်ခဲ့" ရထားမောင်းသူက ဆိုသည်။
"ဘယ်သူက ကျွန်တော်နဲ့ စကားပြောချင်တာလဲ" လုံချန်းက ဇဝေဇဝါဖြင့် မေးလိုက်သည်။
"မလိုအပ်တဲ့ မေးခွန်းတွေ မမေးနဲ့။ ဒုက္ခမရောက်ချင်ရင် ရထားထဲကိုသာ ဝင်ထိုင်လိုက်စမ်းပါ" ရထားမောင်းသူက ခပ်ပြတ်ပြတ်ပင် ပြောလိုက်သည်။
"ဪ... မလိုက်ရင် ဒုက္ခရောက်မယ်ပေါ့။ ဘယ်လိုဒုက္ခမျိုးလဲဆိုတာ ကြည့်ချင်ပေမဲ့ ခင်ဗျားနဲ့ လိုက်ခဲ့ပါ့မယ်။ ဘယ်သူက ကျွန်တော့်ကို တွေ့ချင်နေတာလဲဆိုတာ သိချင်တာနဲ့အတော်ပဲ" လုံချန်းက ခေါင်းညိတ်ကာ ပြောလိုက်သည်။
သူသည် မြင်းရထားအတွင်းသို့ ဝင်ထိုင်လိုက်သည်။
'ငါက ဒီကို အခုမှ ရောက်တာလေ၊ ငါ့ကို ဘယ်သူမှ မသိနိုင်ဘူး။ ဒါပေမဲ့ တစ်စုံတစ်ယောက်က ငါ့ကိုလာခေါ်ဖို့ မြင်းရထား လွှတ်လိုက်တယ်။ နောက်ပြီး ဒီမြို့မှာ အစောင့်တွေ မရှိတာ။ ငါ ထင်ထားတဲ့အတိုင်းပဲ... တစ်စုံတစ်ယောက်က ဒီမြို့ကို မျက်ခြေမပြတ် စောင့်ကြည့်နေတာပဲ။ အဲဒီမျက်လုံးကပဲ လူတွေကို ကြောက်ရွံ့စေပြီး ရာဇဝတ်မှု မကျူးလွန်ရဲအောင် တားဆီးထားတာပေါ့' မြင်းရထား ထွက်ခွာသွားစဉ် လုံချန်းက တွေးတောနေမိသည်။
'ငါ ဒီကိုရောက်ပြီး ဘာရာဇဝတ်မှုမှ မလုပ်ရသေးဘူး။ အဲဒီတော့ တစ်ယောက်ယောက်က ငါ့ကို တွေ့ချင်နေရတဲ့ တစ်ခုတည်းသော အကြောင်းရင်းက ငါ မြို့ရဲ့ မြောက်ဘက်ဝင်ပေါက်ကနေ ဝင်လာတာကို မြင်သွားလို့ပဲ ဖြစ်ရမယ်။ အဲဒီဘက်မှာက နယ်စပ်ပဲ ရှိတာ၊ တခြားမြို့ မရှိဘူးလေ။ အဲဒါကြောင့် ငါ့ကို သံသယဝင်သွားတာ သိသာပါတယ်' သူက အချက်အလက်များကို ဆက်စပ်ကြည့်လိုက်သည်။
'ငါ့ကို တွေ့ချင်တဲ့သူက မြို့အုပ်မင်း ဒါမှမဟုတ် အာဏာရှိတဲ့သူ တစ်ယောက်ယောက် ဖြစ်ရမယ်။ သတင်းအချက်အလက် စုဆောင်းဖို့ တစ်ပတ်လောက် စောင့်ဦးမလို့ပဲ၊ ဒါပေမဲ့ အခုလို ဖြစ်သွားတာလည်း မဆိုးပါဘူး။ ငါ့အစီအစဉ်ကို ပိုပြီး မြန်မြန် စတင်လို့ရတာပေါ့' လုံချန်းက ပြုံးလျက် ရေရွတ်လိုက်သည်။
မြင်းရထားသည် မြို့ထဲတွင် နာရီဝက်ခန့် မောင်းနှင်ပြီးနောက် ရပ်တန့်သွားသည်။
"ထွက်လာလို့ ရပါပြီ"
အပြင်ဘက်မှ အသံကို လုံချန်း ကြားလိုက်ရသည်။ သူသည် ရထားတံခါးကို ဖွင့်ကာ အပြင်သို့ ထွက်လိုက်သည်။
"ငါ့နောက်က လိုက်ခဲ့" ရထားမောင်းသူက ဆိုကာ ဦးဆောင်လျှောက်သွားသည်။
လုံချန်း ရှေ့သို့ ကြည့်လိုက်သောအခါ လှပသော အိမ်ဖြူတော်ကြီးတစ်လုံးကို မြင်တွေ့လိုက်ရသည်။
"နောက်ဆုံးတော့ အစောင့်အကြပ်တွေကို မြင်ရပြီပဲ" အိမ်တော်ပတ်ပတ်လည်ရှိ အစောင့်များကို ကြည့်ကာ လုံချန်းက တိုးတိုးလေး ဆိုလိုက်သည်။
ရထားမောင်းသူက လုံချန်း လိုက်မလာသည်ကို တွေ့သဖြင့် နောက်လှည့်ကြည့်လိုက်သည်။
"မြန်မြန်လာစမ်းပါ။ အချိန်မဖြုန်းနဲ့" သူက စိတ်တိုတိုဖြင့် ပြောသည်။
လုံချန်းသည် ရထားမောင်းသူနောက်မှ လိုက်ပါသွားရာ အိမ်တော်အတွင်းရှိ ပန်းခြံလေးတစ်ခြံသို့ ရောက်ရှိသွားသည်။ ပန်းခြံတစ်ခြံလုံးတွင် စိမ်းလန်းသော မြက်ခင်းပြင်များ ရှိနေပြီး အလယ်တွင် သစ်သားစားပွဲဖြူလေး တစ်လုံး ရှိသည်။
စားပွဲဘေးတွင် ထိုင်ခုံနှစ်လုံး ရှိပြီး တစ်လုံးတွင် လူတစ်ဦး ထိုင်နေသည်ကို မြင်တွေ့ရသည်။ အခြားတစ်လုံးမှာမူ လွတ်နေပေသည်။
ထိုထိုင်နေသောသူမှာ အသက် ၅၀ ဝန်းကျင်ခန့် ရှိပုံရပြီး သန့်ရှင်းသော မျက်နှာနှင့် ဖြူဖွေးသော ဆံပင်ရှည်များကို မြင်းမြီးပုံစံ စည်းနှောင်ထားသည်။
"ရောက်လာပြီလား။ ထိုင်ပါဦး" ထိုလူလတ်ပိုင်းအရွယ် အမျိုးသားက လုံချန်းကို ကြည့်ကာ ဖိတ်ခေါ်လိုက်သည်။
လုံချန်းသည် ရှေ့သို့ လျှောက်သွားကာ ဒုတိယထိုင်ခုံတွင် ထိုင်လိုက်သည်။
"ကျွန်တော့်ကို ဘာလို့ ဒီကို ခေါ်တာလဲ" လုံချန်းက တိုက်ရိုက်ပင် မေးလိုက်သည်။
"ဘာတွေ အလျင်လိုနေတာလဲ။ လက်ဖက်ရည်လေး အရင်သောက်ပါဦး" ထိုသူက စားပွဲပေါ်ရှိ လက်ဖက်ရည်ခွက်ကို ညွှန်ပြကာ ပြောသည်။
"စိတ်မရှိပါနဲ့... ကျွန်တော် လက်ဖက်ရည် မသောက်တတ်ဘူး" လုံချန်းက ခေါင်းခါရင်း ငြင်းပယ်လိုက်သည်။
သူ၏ ဝိညာဉ် ဤကမ္ဘာသို့ စတင်ရောက်ရှိစက အဖြစ်အပျက်တစ်ခုကို သူ သတိရသွားသည်။ ထိုစဉ်က သူ၏ ဝမ်းကွဲဖြစ်သူ လုံစု တိုက်သော လက်ဖက်ရည်တွင် ဆေးခတ်ထားသဖြင့် သူ ကံမကောင်းပါက သေသွားနိုင်ပေသည်။ ထို့ကြောင့် ဤနေရာတွင် သူ စွန့်စားမှု မပြုလိုပေ။
"မင်းသဘောပါပဲ။ ဒါနဲ့ ငါ့ကိုယ်ငါ မိတ်ဆက်ပါရစေ။ ငါက တွမ်လီဖုန်းပါ။ ဒီလှပတဲ့ မြို့ကလေးရဲ့ မြို့အုပ်မင်းပေါ့။ ဪ... ဒါနဲ့ ငါက ဝိညာဉ်စစ်သည်တော် တစ်ယောက်လည်း ဖြစ်တယ်။ ငါ့ရဲ့ စစ်ဝိညာဉ်က ဘာလဲဆိုတာ မင်း သိလား" ထိုသူက မေးလိုက်သည်။
"စူးစမ်းထောက်လှမ်းတာနဲ့ ပတ်သက်တဲ့ အရာတစ်ခုခုလား" လုံချန်းက အေးအေးဆေးဆေးပင် ပြန်ဖြေလိုက်သည်။ ဤလူသည် သူ့ကို တစ်နေရာရာမှ မြင်တွေ့နေခဲ့သည်မှာ ထင်ရှားလှပေသည်။ သူသည် ဤမြို့ကို သူ၏ စစ်ဝိညာဉ်အစွမ်းဖြင့် မျက်ခြေမပြတ် စောင့်ကြည့်နေသူ ဖြစ်ရမည်။
"မင်းက တော်တော်လေး ထက်မြက်တာပဲ သူငယ်လေး" ထိုသူက ခေါင်းညိတ်ကာ ဆိုသည်။
"ငါ့မှာ မျက်လုံးတစ်ထောင် ဝိညာဉ်ဆိုတဲ့ စစ်ဝိညာဉ် ရှိတယ်။ အဲဒါက ငါ့မြို့ထဲမှာ ဖြစ်ပျက်သမျှ အရာအားလုံးကို မြင်နိုင်အောင် ကူညီပေးတယ်။ ငါ ဘာကို မြင်လိုက်လို့ မင်းကို ဒီကို ခေါ်ခဲ့တာလဲဆိုတာ မင်း ခန့်မှန်းကြည့်နိုင်မလား။ မင်းက ထက်မြက်တဲ့သူဆိုတော့ ဒါကိုလည်း သိမှာပါ" မြို့အုပ်မင်းက ပြုံးလျက် မေးလိုက်လေတော့သည်။
အခန်း (၇၀၆) ပြောပြစရာ တစ်ခုရှိသည်
တွမ်လီဖုန်းသည် လင်ကွာမြို့၏ မြို့အုပ်မင်းဖြစ်သလို မျက်လုံးတစ်ထောင် ဝိညာဉ်၏ ပိုင်ရှင်လည်း ဖြစ်သည်။ သူသည် လုံချန်း၏ ရှေ့တွင် ထိုင်နေရင်း သူ့ကို အဘယ်ကြောင့် ဤနေရာသို့ ခေါ်ခဲ့ရသနည်းဟု ခန့်မှန်းခိုင်းနေခြင်း ဖြစ်သည်။
လုံချန်းသည် ထိုလူကို ကြည့်ကာ နှုတ်ခမ်းဖျားတွင် အပြုံးစတစ်ခု ပေါ်လာသည်။
"သိသာနေတာပဲ မဟုတ်လား။ ကျွန်တော် မြို့ထဲကို ဝင်လာတာကို အရှင် မြင်လိုက်လို့ ခေါ်လိုက်တာပေါ့" လုံချန်းက အေးအေးဆေးဆေးပင် ပြန်ဖြေလိုက်သည်။
"ဪ... မင်း အဲဒါကို သိနေတာလား။ ဒါတောင်မှ ဘာမှမခုခံဘဲ အေးအေးဆေးဆေး လိုက်လာခဲ့တယ်ပေါ့" တွမ်လီဖုန်းက စူးစမ်းသော မျက်နှာဖြင့် မေးလိုက်သည်။
"ကျွန်တော်ကိုယ်တိုင်လည်း အရှင့်ကို တွေ့ချင်နေတာနဲ့ အတော်ပဲလေ။ အဖမ်းခံရမှာကိုတော့ ကြိုသိနေသားပဲ။ အရှင် ကျွန်တော့်ကို မြောက်ဘက်ဝင်ပေါက်ကနေ ဝင်လာတာ မြင်လိုက်မှာပေါ့။ အဲဒီမြောက်ဘက်မှာက ဘာမြို့မှ မရှိဘူး၊ ဆူနိုင်းနဲ့ အက်ရှာ နှစ်နိုင်ငံကြားက အစောင့်အကြပ်တွေ ထူထပ်တဲ့ နယ်စပ်ပဲ ရှိတာလေ။ အဲဒီက အစောင့်တွေကိုလည်း အရှင် သိမှာပဲဆိုတော့... ကျွန်တော့်ကို အဲဒီက အစောင့်တစ်ယောက်လို့ ထင်သွားလောက်အောင် ကျွန်တော် မအ,ပါဘူး" လုံချန်းက ဆိုသည်။
"တကယ့်ကို သတ္တိရှိတာပဲ။ ဟုတ်တယ်... မင်း မြောက်ဘက်နယ်စပ်က လာတာကို ငါ သိတယ်။ အဲဒီက အစောင့်တွေကို မမိဘဲ ခိုးဝင်လာနိုင်တာကိုတော့ ငါ တော်တော်လေး အံ့ဩမိတယ်။ အဲဒီက အစောင့်တွေက အထင်သေးလို့ မရသလို၊ အဲဒီမှာ တာဝန်ကျတဲ့ ဝိညာဉ်သခင်တွေက ပိုတောင် ဆိုးသေးတယ်။ အဲဒါကိုတောင် မင်း ခိုးဝင်လာနိုင်တာ မဆိုးပါဘူး" တွမ်လီဖုန်းက ချီးကျူးသလိုလို ပြောလိုက်သည်။
"ဟုတ်ကဲ့... မလွယ်ဘူးဆိုပေမဲ့ သိပ်တော့လည်း မခက်ပါဘူး။ အရှင် ကျွန်တော့်ကို ဘာလို့ ခိုးဝင်လာတာလဲ၊ တစ်ယောက်တည်းလား ဒါမှမဟုတ် မြို့ပြင်မှာ အဖွဲ့လိုက် ရှိနေသေးတာလားဆိုတာ သိချင်နေမှာပေါ့" လုံချန်းက ပြုံးစစဖြင့် မေးလိုက်သည်။
"ဟားဟား... ငါက မင်းကို ခေါ်လိုက်တာ မဟုတ်ဘဲ မင်းကိုယ်တိုင်က ငါ့ဆီကို လာတွေ့သလိုမျိုး ဖြစ်နေပြီပဲ။ ဟုတ်တယ်... ငါ အဲဒါကို သိချင်တယ်။ ပြောစမ်းပါဦး... မင်း တစ်ယောက်တည်း လာတာလား၊ အဖွဲ့နဲ့လား" တွမ်လီဖုန်းက ရယ်မောရင်း မေးသည်။
"ကျွန်တော် တစ်ယောက်တည်း လာတာပါ။ ဒါက ရည်ရွယ်ချက်ရှိရှိ လာခဲ့တာ။ ဒီမှာ တစ်ယောက်ယောက်ကို တွေ့ပြီး သတင်းအချက်အလက်အချို့ ပေးချင်လို့ပါ" လုံချန်းက ဆိုသည်။
"ဪ... မင်း တွေ့ချင်တဲ့သူက ဘယ်သူလဲ"
"ကျွန်တော် ဆူနိုင်းနိုင်ငံရဲ့ ဘုရင်ကြီးကို တွေ့ချင်ပါတယ်" လုံချန်းက ပြန်ဖြေလိုက်သည်။
တွမ်လီဖုန်းသည် လုံချန်းကို အတန်ကြာ စိုက်ကြည့်နေပြီးမှ တဟားဟား အော်ရယ်လေတော့သည်။
"မင်းက ငါတို့ရဲ့ ဘုရင်ကြီးကို တွေ့ချင်တယ် ဟုတ်လား။ မင်း ထက်မြက်သလို ဒီနိုင်ငံထဲကို ခိုးဝင်နိုင်တဲ့ ပါရမီရှိတာကိုတော့ ငါ အသိအမှတ်ပြုပါတယ်။ ဒါပေမဲ့ အဲဒီလောက်နဲ့တော့ အရှင်မင်းကြီးကို တွေ့ခွင့်ရဖို့ မလုံလောက်သေးဘူး" တွမ်လီဖုန်းက ခေါင်းခါရင်း ပြောလိုက်သည်။
"ကျွန်တော့်မှာ အက်ရှာနိုင်ငံနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေ ရှိတယ်။ အဲဒါကို အရှင်မင်းကြီး တစ်ယောက်တည်းကိုပဲ ပြောပြလို့ ရမယ်။ တကယ်လို့ အရှင် ကျွန်တော့်ကို တွေ့ခွင့်ရအောင် မကူညီပေးရင်တော့ အရှင့်အတွက်ပဲ ဆုံးရှုံးမှု ဖြစ်လိမ့်မယ်" လုံချန်းက လက်ကို ခါယမ်းကာ အေးအေးဆေးဆေးပင် ပြောလိုက်သည်။
"ဪ... ဘာသတင်းအချက်အလက်မလို့လဲ။ တကယ်လို့ အဲဒါက တကယ် တန်ဖိုးရှိမယ်ဆိုရင်တော့ ငါ မင်းကို တွေ့ခွင့်ရအောင် ကူညီပေးဖို့ စဉ်းစားပေးပါ့မယ်" တွမ်လီဖုန်းက စိတ်ဝင်တစား မေးသည်။
"အရှင့်ကို ပြောပြလို့ မရဘူး။ ဘုရင်ကြီးကိုပဲ တိုက်ရိုက်ပြောမယ်" လုံချန်းက ငြင်းဆန်လိုက်သည်။
"မင်းကို ငါက ဘာလို့ ယုံရမှာလဲ။ မင်းက အက်ရှာနိုင်ငံကနေ ဒီလောက် အန္တရာယ်များတဲ့ နယ်စပ်ကို ဖြတ်ကျော်ပြီး ငါ့ဆီကို လာတာဟာ ငါတို့ ဘုရင်ကြီးကို တစ်ခုခု ပြောပြဖို့ဆိုတာ ဟုတ်ကော ဟုတ်ရဲ့လား" တွမ်လီဖုန်းက သံသယမျက်လုံးဖြင့် ကြည့်ကာ မေးသည်။
"ကျွန်တော် ဘယ်သူလဲဆိုတာ သိရင်တော့ အရှင် ကျွန်တော့်ကို ယုံကြည်သွားလိမ့်မယ်" လုံချန်းက သက်ပြင်းချရင်း ဆိုလိုက်သည်။
"ကျွန်တော် ပုံပြင်တစ်ပုဒ် အရင် ပြောပြပါရစေ။ လွန်ခဲ့တဲ့ ဆယ်နှစ်တုန်းက နတ်ဆိုးလို့ နာမည်ကြီးတဲ့ ဝိညာဉ်သခင် တစ်ယောက် ရှိခဲ့တယ်။ သူက ဆူနိုင်းနိုင်ငံနဲ့ စစ်ပွဲမှာ ပါဝင်တိုက်ခိုက်ခဲ့ပေမဲ့ တစ်နေ့မှာတော့ သူ ပျောက်ကွယ်သွားခဲ့တယ်။ သူ့နိုင်ငံက လူတွေက သူ့ကို သစ္စာဖောက်လို့ သတ်မှတ်ခဲ့ကြပြီး အဲဒီအတွက်ကြောင့်ပဲ သူ့ရဲ့ ဇနီးနဲ့ သားဖြစ်သူကို အပြစ်ပေး ညှဉ်းပန်းခဲ့ကြတယ်" သူက စတင်ပြောကြားသည်။
"အဲဒီသားဖြစ်သူဟာ သူ့နိုင်ငံကို မုန်းတီးစိတ်နဲ့ ကြီးပြင်းလာခဲ့ရတယ်။ ဒါပေမဲ့ သူက ပါရမီပါတဲ့သူဆိုတော့ ဒီနိုင်ငံကြီးကို ဘယ်လိုမျိုး ဒူးထောက်ကျရှုံးအောင် လုပ်မလဲဆိုတဲ့ အစီအစဉ်ကို ဆွဲခဲ့တယ်။ နှစ်တွေအကြာကြီး နိုင်ငံရဲ့ သတင်းအချက်အလက်တွေကို စုဆောင်းခဲ့တယ်။ နိုင်ငံရဲ့ လျှို့ဝှက်ချက်တွေကို သိဖို့အတွက် သူ့အသက်ကိုတောင် ရင်းခဲ့ရတယ်။ အရာအားလုံး အဆင်သင့်ဖြစ်ပြီဆိုတဲ့ အချိန်ကျမှ ရန်သူ့နိုင်ငံဆီကို လာပြီး သူ့နိုင်ငံရဲ့ စိတ်ဓာတ်ကို ချိုးနှိမ်ဖို့ ဆုံးဖြတ်ခဲ့တာပေါ့" သူက ဆက်ပြောလိုက်သည်။
"ငါ ခန့်မှန်းကြည့်ရရင်... အဲဒီကောင်လေးက မင်းပေါ့ ဟုတ်လား" တွမ်လီဖုန်းက သံသယဖြင့် စူးစမ်းသည်။
"ဟုတ်တယ်... ကျွန်တော်က လုံချန်းပါ။ အက်ရှာနိုင်ငံ ပျက်စီးသွားဖို့အတွက် အရှင့်တို့ကို ကူညီပေးချင်ပါတယ်" လုံချန်းက ပြုံးစိစိဖြင့် ပြောလိုက်သည်။
"စိတ်ဝင်စားစရာပဲ။ မင်းက နတ်ဆိုးရဲ့ သား ဖြစ်နေလိမ့်မယ်လို့ ငါ မထင်ထားဘူး။ လွန်ခဲ့တဲ့ ဆယ်နှစ်က စစ်ပွဲကို ငါ မှတ်မိသေးတယ်။ ငါကိုယ်တိုင် ရှေ့တန်းကို သွားခဲ့တာ။ မင်းအဖေက တကယ့်ကို ရူးသွပ်လောက်အောင် အစွမ်းထက်တဲ့ ဝိညာဉ်စစ်သည်တော်ပဲ။ အဲဒီအချိန်တုန်းက ငါတို့ရဲ့ နဂါးတပ်ဖွဲ့ ခေါင်းဆောင် တစ်ယောက်ပဲ သူ့ကို ယှဉ်နိုင်လိမ့်မယ်။ အဲဒီနောက်ပိုင်း ဘာဖြစ်သွားသလဲတော့ ငါ မသိဘူး၊ ငါက ပြန်ခေါ်ခံလိုက်ရလို့လေ။ ဒါပေမဲ့ ကောလာဟလအချို့တော့ ကြားခဲ့ရသားပဲ" တွမ်လီဖုန်းက အံ့ဩတကြီး ပြောလိုက်သည်။
"ကောင်းပြီ... ဒါဆိုရင်တော့ မင်းရဲ့ တောင်းဆိုချက်ကို ငါ စဉ်းစားပေးဖို့ လုံလောက်သွားပြီ။ မင်းကို အရှင်မင်းကြီးဆီ ငါ ခေါ်သွားပေးမယ်။ မင်း ငါတို့ကို ဘယ်လို ကူညီပေးနိုင်မလဲဆိုတာ ကြည့်ရသေးတာပေါ့" ထိုသို့ ဆိုကာ သူ ထရပ်လိုက်သည်။
"ငါ အခု သွားစရာရှိတာ သွားဦးမယ်။ မင်း ဒီပန်းခြံထဲမှာပဲ နေချင်နေ၊ ဒါမှမဟုတ် အိမ်တော်ထိန်းကို မေးပြီး မင်းအတွက် သတ်မှတ်ထားတဲ့ အခန်းဆီ သွားလို့ရတယ်။ ဒီမှာ ခဏ စောင့်နေပါ။ ငါတို့ ထွက်ခွာဖို့ အသင့်ဖြစ်ရင် လာပြောမယ်" လုံချန်းကို ပြောဆိုကာ သူ ထွက်ခွာသွားလေတော့သည်။
တွမ်လီဖုန်း ထွက်သွားပြီးနောက် လုံချန်း တစ်ယောက်တည်း ပန်းခြံထဲတွင် ကျန်ရစ်ခဲ့သည်။ သူသည် ထိုင်ခုံတွင် ထိုင်ရင်း အတွေးနက်နေမိသည်။
'ငါ ဘုရင်ဆီကို သွားဖို့ စီစဉ်ထားတာ မှန်ပေမဲ့ အဲဒါက ငါ့ရဲ့ ခွန်အားကို နည်းနည်း ပိုတိုးပြီးမှ သွားမလို့လေ။ အခုတော့ အခြေအနေအရ ကြုံသလိုပဲ လုပ်လိုက်ရတော့မယ်။ ဒါပေမဲ့ မဆိုးပါဘူး... အစီအစဉ်ထဲက အသေးစိတ်အချို့ကို ပြောင်းလိုက်ရုံပဲပေါ့' လုံချန်းက ရှေ့ရှိ လက်ဖက်ရည်ခွက်ကို ကြည့်ကာ တွေးနေမိသည်။
'အဓိက ပြဿနာက မိလျာယီပဲ။ ငါ သူ့ကို ဒီကို ခေါ်လာပြီး ဘေးကင်းတဲ့ နေရာမှာ ထားခဲ့ပြီးမှ ဘုရင်ဆီ သွားမလို့လေ။ ဒါပေမဲ့ အခုတော့ အဲဒီလို လုပ်လို့မရတော့ဘူး။ ဒီမြို့ကို တွမ်လီဖုန်း စောင့်ကြည့်နေမှန်း သိသွားပြီဆိုတော့ ငါ မိလျာယီကို ဒီခေါ်လာတာ သူ မြင်သွားမှာပဲ။ သူက သူ့ကို ဓားစာခံအဖြစ်တောင် ထားသွားနိုင်တယ်'
'ငါ ငှားထားတဲ့ အခန်းက နောက်ထပ် နှစ်ရက်ပဲ ကျန်တော့တယ်။ သူ့ဆီမှာ ငွေအချို့လည်း ရှိတယ်၊ ဒါပေမဲ့ သူ့ကို အဲဒီမှာ အကြာကြီး ထားလို့ မဖြစ်ဘူး။ ဒီကို ခေါ်လာလို့လည်း မရဘူး။ ဒါက တော်တော်လေး ရှုပ်ထွေးသွားပြီ'
သူ စဉ်းစားလေလေ မျက်မှောင်ကြုတ်လေလေ ဖြစ်နေသည်။ မည်သည့် နည်းလမ်းမှ စဉ်းစား၍ မရနိုင်သေးချေ။ နောက်ဆုံးတွင် သူ တွေ့ရှိသည့် အဖြေမှာ ဤမြို့မှ ထွက်ခွာသည့် အချိန်မှသာ မိလျာယီကို အခြားမြို့တစ်မြို့သို့ ခေါ်သွားရန် ဖြစ်သည်။ သို့သော် ဤနေရာမှ ထွက်ခွာရန်မှာလည်း လောလောဆယ်တွင် မဖြစ်နိုင်သေးပေ။
'ဘုရင်နဲ့ တွေ့ပြီး အရာအားလုံး အဆင်မပြေမချင်းတော့ သူ့ကို ဒီနိုင်ငံထဲ ဘေးကင်းကင်း ခေါ်လာဖို့ အခွင့်အရေး မရှိနိုင်သေးဘူး ထင်တယ်' သူက သက်ပြင်းချရင်း တွေးလိုက်သည်။
သူသည် ထရပ်လိုက်ပြီး ပန်းခြံအပြင်သို့ လျှောက်လာခဲ့သည်။ တံခါးဝသို့ ရောက်သောအခါ ဆံပင်ဖြူဖြူနှင့် အမျိုးသားတစ်ဦးကို တွေ့လိုက်ရသည်။ ထိုသူမှာ အသက် ၄၀ ဝန်းကျင်ခန့် ရှိပုံရသည်။
"ခင်ဗျားက ဒီက အိမ်တော်ထိန်းလား" လုံချန်းက မေးလိုက်သည်။
"ဟုတ်ကဲ့... သခင်လေးကို အခန်းဆီ လိုက်ပို့ပေးပါ့မယ်" ထိုသူက ခေါင်းညိတ် ပြန်ပြောသည်။
လုံချန်းသည် ထိုသူ၏ နောက်မှ လိုက်သွားရာ အိမ်တော်အတွင်းရှိ အခန်းတစ်ခန်းသို့ ရောက်ရှိသွားသည်။ မြို့ထဲတွင် အစောင့်များ မရှိသော်လည်း ဤအိမ်တော်၏ စင်္ကြံလမ်းတိုင်းမှာတော့ အစောင့်များကို အပြည့်အစုံ မြင်တွေ့နေရလေတော့သည်။