အခန်း (၇၀၇-၇၀၈)
Vol. 71 Ch. 707-708
အခန်း (၇၀၇) ဘုရင်ကြီးနှင့် တွေ့ဆုံခြင်း
မြို့ထဲတွင် အစောင့်အကြပ် ကင်းမဲ့နေသော်လည်း ဤအိမ်တော်ကြီးအတွင်းမှာတော့ အစောင့်များဖြင့် ပြည့်နှက်နေပေသည်။
အိမ်တော်ထိန်းသည် လုံချန်းကို အခန်းအတွင်းသို့ ခေါ်ဆောင်လာခဲ့သည်။
"သခင်ကြီး တခြားအမိန့်မပေးမချင်း ဒါဟာ မင်းရဲ့ အခန်းပဲ။ တစ်နေ့ သုံးကြိမ် အစားအသောက်တွေကို အခန်းထဲအထိ လာပို့ပေးလိမ့်မယ်။ မင်း အပြင်ထွက်စရာ မလိုသလို၊ အပြင်ထွက်ခွင့်လည်း မရှိဘူး။ တစ်ခုခု လိုအပ်တာရှိရင် အပြင်က အစောင့်တွေကို ပြောလို့ရတယ်။ မင်းရဲ့ တောင်းဆိုချက်အပေါ် မူတည်ပြီး ခွင့်ပြုတာ ဒါမှမဟုတ် ငြင်းပယ်တာမျိုး ရှိလိမ့်မယ်။ ဒါပါပဲ... အေးအေးဆေးဆေး နားနားနေနေ နေလိုက်ပါဦး" ထိုသူက ပြောဆိုကာ ထွက်ခွာသွားသည်။
လုံချန်းသည် တံခါးကို အတွင်းမှ ပိတ်လိုက်ပြီး ကုတင်ပေါ်တွင် လှဲလျောင်းကာ အနားယူလိုက်သည်။
"ငါ့ရဲ့ ဝိညာဉ်အာရုံကို သုံးပြီး အပြင်မှာ ဘာတွေဖြစ်နေလဲဆိုတာ မြင်နိုင်တာတော့ ကောင်းပါတယ်။ ဒါပေမဲ့ အထဲမှာ ပိတ်လှောင်ခံထားရတာကတော့ တကယ့်ကို အဆင်မပြေဘူး။ တွမ်လီဖုန်းရဲ့ မျက်လုံးတစ်ထောင် ဝိညာဉ်က အဆောက်အအုံတွေနဲ့ အခန်းတွေထဲအထိ မြင်နိုင်ပါ့မလား" လုံချန်းက မျက်မှောင်ကြုတ်ရင်း ရေရွတ်လိုက်သည်။
"မဖြစ်နိုင်လောက်ပါဘူး။ အထဲကို မြင်နိုင်မယ်ဆိုရင် အိမ်တော်ထဲမှာ ဒီလောက် အစောင့်တွေ အများကြီး ထားမှာ မဟုတ်ဘူးလေ။ သူ့ရဲ့ အစွမ်းက ကောင်းကင်ကနေ မြင်ရတဲ့ နေရာတွေကိုပဲ ကြည့်နိုင်တာ ဖြစ်လိမ့်မယ်။ ဆိုလိုတာက အပြင်ဖက် နေရာတွေကိုပဲ မြင်နိုင်မှာပေါ့။ ဒါပေမဲ့ ငါ စွန့်စားမှုတော့ မလုပ်ချင်ဘူး" သူက သက်ပြင်းချရင်း ဆိုသည်။
"ရွှင်း... ဒီကိစ္စအတွက် ငါ့ကို ကူညီနိုင်မယ့် ကျွမ်းကျင်မှုတစ်ခုခု ရှိလား။ ဪ... နေဦး၊ ဘာက ကူညီနိုင်မလဲဆိုတာ ငါ သိပြီ" ထိုသို့ ပြောကာ သူ ရုတ်တရက် ထရပ်လိုက်သည်။
"ငါ မိလျာယီကို ဒီကို ခေါ်မလာနိုင်ပေမဲ့ သူ့ကို တွေ့ဖို့ ဒီနေရာကနေ ထွက်သွားလို့ ရတာပဲ။ နယ်စပ်မြို့ကို ပြန်သွားပြီး သူ့ကို ငါ ခဏလောက် ကြာဦးမယ်ဆိုတဲ့အကြောင်း ပြောပြလို့ ရတယ်။ တည်းခိုခန်းခတွေကိုလည်း ကြိုပေးထားခဲ့မယ်ဆိုရင် သူ စိုးရိမ်မှာ မဟုတ်သလို ဘေးလည်း ကင်းလိမ့်မယ်။ စစ်ပွဲစခါနီးကျမှ သူ့ကို ပြန်လာခေါ်ရင် ရတာပဲ" လုံချန်းက ပြုံးလျက် ရေရွတ်လိုက်သည်။
"ဒီမှာ ဟင်းလင်းပြင် ခရီးသွားခြင်းကို သုံးရတာ အန္တရာယ်များပေမဲ့ တွမ်လီဖုန်း အထဲကို မမြင်နိုင်ဘူးဆိုတာ ၉၀ ရာခိုင်နှုန်းလောက် သေချာတယ်။ သူ မြင်သွားရင်တောင် ကိစ္စမရှိပါဘူး။ ငါ့အစီအစဉ် အောင်မြင်ဖို့အတွက် ငါဟာ ဟင်းလင်းပြင်ဝိညာဉ် ရှိတဲ့ ဝိညာဉ်စစ်သည်တော် တစ်ယောက် ဖြစ်တယ်ဆိုတာ သူတို့ကို ပြဖို့ လိုတာပဲလေ။ ငါ ပျောက်ကွယ်သွားတာကို သူ မြင်သွားရင်တောင် မဆိုးပါဘူး၊ နောက်ပိုင်းမှာလည်း ဒါကို သူတို့ကို ပြရမှာပဲ"
လုံချန်းသည် ကုတင်ဘေးတွင် ရပ်ကာ ထွက်ခွာရန် ပြင်ဆင်လိုက်သည်။
သူသည် ဟင်းလင်းပြင် ခရီးသွားခြင်းကို အသုံးပြုကာ တည်းခိုခန်းရှိ သူ၏ အခန်းသို့ ပြန်သွားခဲ့သည်။ မိလျာယီမှာ အခန်းထဲတွင် စောင့်ဆိုင်းနေပေသည်။ လုံချန်းသည် သူမအား ခေတ္တခဏ ထွက်သွားဦးမည်ဖြစ်ကြောင်း၊ အကြာဆုံး တစ်လခန့် ကြာနိုင်ကြောင်းနှင့် တည်းခိုခန်းခများကို ကြိုတင် ပေးချေထားမည်ဖြစ်ကြောင်း ပြောပြလိုက်သည်။
ထို့နောက်တွင် စွန့်ပစ်ခံမင်းသားဆီသို့ သွားရောက်ကာ မြို့ကို တစ်ခုခုကြောင့် ပြန်သွားရမည်ဖြစ်ကြောင်း၊ အမေဖြစ်သူကို ထားခဲ့မည်ဖြစ်သဖြင့် သူမကို ဘေးကင်းအောင် စောင့်ရှောက်ပေးပါရန် အကြောင်းပြချက် ပေးခဲ့သည်။
အရာအားလုံးကို စီစဉ်ပြီးနောက် လုံချန်းသည် ဟင်းလင်းပြင် ခရီးသွားခြင်းကို သုံးကာ အိမ်တော်ရှိ အခန်းဆီသို့ ပြန်လာခဲ့သည်။
သူသည် ဟင်းလင်းပြင် ခရီးသွားခြင်းကို တစ်နေ့လျှင် နှစ်ကြိမ်သာ အသုံးပြုနိုင်ရာ ယခုမူ အကြိမ်ရေ ကုန်သွားပြီ ဖြစ်သည်။ သို့သော် အရေးပေါ်ကိစ္စများအတွက် အကွာအဝေးတို နေရာပြောင်းခြင်းကိုမူ သုံးနိုင်သေးသည်။
အခုတော့ စိုးရိမ်စရာမရှိဘဲ အရာရာ ပြင်ဆင်ပြီးသွားပြီဖြစ်သဖြင့် သူ လုပ်ရန် ကျန်သည်မှာ စောင့်ဆိုင်းရင်း ကျင့်ကြံရန်သာ ဖြစ်သည်။
လုံချန်းသည် နောက်ထပ် သုံးရက်ကို ကျင့်ကြံခြင်းဖြင့် ကုန်လွန်စေခဲ့သည်။ သူသည် ရွှေအမြုတေအဆင့်သို့ ချိုးဖောက် တက်လှမ်းနိုင်ခဲ့သည်။ ထူးခြားသည်မှာ ဤခန္ဓာကိုယ်၏ ကျင့်ကြံမှု အရှိန်အဟုန်မှာ တဖြည်းဖြည်း မြန်ဆန်လာခြင်း ဖြစ်သည်။ ဤခန္ဓာကိုယ်တွင် သူ၏ မူလခန္ဓာကိုယ်၌ မရှိသော ထူးခြားသည့် အချက်တစ်ခုခု ရှိနေပုံရသည်။ ဤကျင့်ကြံမှုနှုန်းမှာ သူကိုယ်တိုင်ပင် မယုံနိုင်လောက်အောင်ပင်။
သူ၏ ယခင်ကျင့်ကြံမှု အတွေ့အကြုံများက ကူညီပေးသည်ဆိုသော်လည်း ဤကျင့်ကြံမှုနှုန်း၏ အဓိက အစိတ်အပိုင်းမှာ သွေးမျိုးဆက် ကျောင်းတော်က ဖန်တီးပေးထားသော ခန္ဓာကိုယ်ကြောင့် ဖြစ်မည်ဟု သူ ယူဆလိုက်သည်။
ဤခန္ဓာကိုယ်သည် သူ၏ တကယ့်ခန္ဓာကိုယ် မဟုတ်သည်မှာ နှမြောစရာပင်။ သို့သော်လည်း ဤခန္ဓာကိုယ်တွင် ဘိုးဘေးသွေးမျိုးဆက် မရှိပေ။ မည်မျှပင် ပါရမီထူးနေပါစေ၊ သူကတော့ သူ၏ မူလခန္ဓာကိုယ်ကိုသာ ပို၍ သဘောကျမိသည်။
လုံချန်း တွမ်လီဖုန်းနှင့် တွေ့ခဲ့သည်မှာ သုံးရက် ရှိပြီ ဖြစ်သည်။ ဘုရင်နှင့် မည်သည့်အချိန်တွင် တွေ့ရမည်နည်းဟု သူ တွေးနေမိသည်။ တစ်ဖက်တွင်လည်း မိမိကိုယ်ကိုယ် ပြင်ဆင်ရန်နှင့် ပိုမိုသန်မာလာရန် အချိန်ရသဖြင့် ဝမ်းသာမိသည်။
ဤသုံးရက်အတွင်း သူ၏ ယခင်ကျွမ်းကျင်မှုများကိုလည်း ပိုမိုလေ့ကျင့်ခဲ့သည်။ သူသည် ထိုပညာရပ်များကို နားလည်ထားပြီး ဖြစ်သော်လည်း ဤနေရာသို့ စရောက်ကာစက လုံလောက်သော ချီစွမ်းအင် မရှိခဲ့ချေ။ အခုတော့ သူ၌ လုံလောက်သော စွမ်းအင်များ ရှိနေပြီ ဖြစ်သည်။
တံခါးခေါက်သံ ကြားလိုက်ရသဖြင့် လုံချန်း ထရပ်လိုက်သည်။
တံခါးဖွင့်လိုက်သောအခါ အိမ်တော်ထိန်းသည် ရှေ့တွင် ရပ်နေသည်။
"သခင်ကြီးက မနက်ဖြန် မနက်မှာ မင်းကို သူနဲ့အတူ ခေါ်သွားမယ်လို့ ပြောလိုက်တယ်။ အဆင်သင့် ပြင်ထားပါ" အိမ်တော်ထိန်းက ပြောကာ ထွက်သွားသည်။
လုံချန်းသည် အခန်းထဲ ပြန်ဝင်ကာ တံခါးပိတ်လိုက်သည်။
"နောက်ဆုံးတော့ အချိန်ရောက်ပြီပေါ့" သူက ပြုံးလျက် ရေရွတ်လိုက်သည်။
နောက်တစ်နေ့ ရောက်ရှိလာသည်။ လုံချန်းနှင့် တွမ်လီဖုန်းတို့သည် အိမ်တော်မှ အတူတကွ ထွက်ခွာလာခဲ့ကြသည်။
"မင်း ဘုရင်ကြီးနဲ့ တွေ့ဖို့ အဆင်သင့်ပဲလား။ မင်း တကယ်ပဲ ကလဲ့စားချေချင်တာဆိုရင် အရှင်မင်းကြီးနဲ့ တွေ့တဲ့ အချိန်ဟာ မင်းဘဝရဲ့ အရေးကြီးဆုံး အချိန် ဖြစ်လိမ့်မယ်။ မင်းပေးမယ့် သတင်းအချက်အလက်တွေက သူ့အတွက် တန်ဖိုးရှိဖို့ မျှော်လင့်ပါတယ်။ မဟုတ်ရင်တော့ သူ မင်းကို တွေ့တာနဲ့ သတ်ပစ်လိမ့်မယ်" တွမ်လီဖုန်းက မြင်းရထားဆီသို့ လျှောက်သွားရင်း ရယ်မောကာ ပြောလိုက်သည်။
"စိတ်မပူပါနဲ့... ကျွန်တော့်ဆီမှာ ရှိတဲ့ သတင်းအချက်အလက်တွေက သူ့အတွက် လုံလောက်မှာပါ" လုံချန်းက အေးအေးဆေးဆေးပင် ပြောဆိုကာ ရထားထဲသို့ ဝင်လိုက်သည်။
နှစ်ဦးသား ထိုင်မိသည်နှင့် မြင်းရထားသည် မြို့၏ တောင်ဘက်ထွက်ပေါက်ဆီသို့ ဦးတည်မောင်းနှင်တော့သည်။
"မင်းလည်း သိမှာပါ... နန်းမြို့တော်က တောင်ဘက်မှာ ရှိတယ်ဆိုတာ။ ဒါပေမဲ့ တခြားအရာတွေကိုတော့ မင်း သိမှာ မဟုတ်ဘူး။ အဲဒီကို ရောက်ဖို့ ငါးရက် ကြာလိမ့်မယ်၊ အဲဒါကြောင့် ငါ မင်းကို အချို့အရာတွေ ပြောပြထားမယ်" တွမ်လီဖုန်းက မိနစ်အနည်းငယ်ကြာ ငြိမ်သက်နေပြီးနောက် စတင်ပြောဆိုလာသည်။
"မင်းရဲ့ နိုင်ငံထဲမှာ ဘယ်လိုရှိလဲ ငါမသိပေမဲ့ ငါတို့ နိုင်ငံမှာတော့ မင်း လုံးဝမချိုးဖောက်ရမယ့် စည်းကမ်းအချို့ ရှိတယ်။ တကယ်လို့ မင်း အဲဒါတွေကို ချိုးဖောက်မိရင် ချက်ချင်း အညှာတာမဲ့ အသတ်ခံရလိမ့်မယ်။ ဘုရင်ကြီးနဲ့ စကားမပြောရသေးခင်မှာ မင်း မသေသွားအောင်လို့ လိုက်နာရမယ့် အချက်တွေကို ငါ ပြောပြထားမယ်" သူက ဆက်ပြောသည်။
"ပထမဆုံးအနေနဲ့... အရှင်မင်းကြီးနဲ့ စကားပြောတဲ့အခါ သူ့မျက်လုံးကို တည့်တည့် မကြည့်ရဘူး။ မင်း ခေါင်းကို အမြဲတမ်း ငုံ့ထားရမယ်။ ဒုတိယအချက်ကတော့... အရှင်မင်းကြီးကို ပထမဆုံး မြင်လိုက်ရတဲ့ အချိန်မှာ ဒူးတစ်ဖက်ထောက်ပြီး ဂါရဝပြုရမယ်။ အဲဒီလို မလုပ်တာဟာ ရိုင်းပျတယ်လို့ သတ်မှတ်ခံရပြီး အသတ်ခံရလိမ့်မယ်။ တတိယအချက်ကတော့..."
တွမ်လီဖုန်းသည် လမ်းတစ်လျှောက်လုံး လုံချန်းကို စည်းကမ်းများ သင်ကြားပေးနေသည်။ လုံချန်း စည်းကမ်းမသိ၍ သေသွားပါက သူ့ကို ဘုရင်ကြီးက သင်မပေးရကောင်းလားဟု အပြစ်တင်မည်ကို သူက စိုးရိမ်နေခြင်း ဖြစ်သည်။ ထို့ကြောင့် သူက ပို၍ စေ့စေ့စပ်စပ် သင်ကြားပေးနေလေသည်။
နေ့ရက်များ ကုန်လွန်ကာ ညများ ရောက်လာခဲ့သည်။ မကြာမီ ငါးရက် ပြည့်သွားသောအခါ တွမ်လီဖုန်း၏ မြင်းရထားသည် နန်းမြို့တော်သို့ နောက်ဆုံးတွင် ရောက်ရှိလာခဲ့တော့သည်။
မြင်းရထားသည် နန်းတော်ကြီး၏ ရှေ့တည့်တည့်တွင် ရပ်တန့်သွားသည်။ လုံချန်းနှင့် တွမ်လီဖုန်းတို့ ဆင်းလိုက်ကြသည်။ သူတို့ကို နန်းတော်၏ မိန်းမစိုးခေါင်းဆောင်က လာရောက် ကြိုဆိုသည်။
သူတို့ကို နန်းတော်အတွင်းသို့ ခေါ်ဆောင်သွားပြီးနောက် ဘုရင်ကြီး၏ အဆောင်အတွင်းသို့ ခေါ်သွားကြသည်။
လုံချန်းသည် အခန်းအတွင်း၌ အခြားလူအချို့လည်း ရှိနေသည်ကို သတိပြုမိလိုက်သည်။ သူသည် ဘုရင်ကြီးကို ချက်ချင်း မှတ်မိသော်လည်း ကျန်ရှိနေသောသူများမှာ မည်သူနည်းဆိုသည်ကို မသိချေ။
သို့သော်လည်း သူသည် နောက်ထပ် လူတစ်ဦး၏ အမှတ်အသားကိုတော့ ခန့်မှန်းနိုင်လိုက်သည်။
နှင်းပွင့်ကဲ့သို့ ဖြူစင်သော ဝတ်ရုံအဖြူကို ဝတ်ဆင်ထားသော လူတစ်ဦး... ထိုဝတ်ရုံပေါ်တွင် နဂါးသင်္ကေတ တစ်ခု ပါရှိနေလေသည်။
အခန်း (၇၀၈) သံသယများ
လုံချန်းသည် ဝတ်ရုံဖြူဝတ်ထားသော လူအား ကြည့်လိုက်သည်။ ထိုသူ၏ ဝတ်ရုံတွင် နဂါးသင်္ကေတတစ်ခု ပါရှိပြီး အသက်အားဖြင့် လူလတ်ပိုင်းအရွယ်ခန့် ရှိပုံရသည်။ သူသည် နက်မှောင်သော မျက်လုံးများနှင့် ပခုံးအထိ ကျနေသော ဆံပင်နီနီများ ရှိသည်။
ဤအခန်းအတွင်း၌ နဂါးသင်္ကေတပါသော ဝတ်ရုံဖြူဝတ်ထားသူ အနည်းငယ် ရှိနေသော်လည်း ဆံပင်နီနှင့်လူမှာ သူတို့ကြားထဲတွင် ထင်ရှားနေသည်။ ထိုသူ့ထံမှ အလွန်အစွမ်းထက်သော အရှိန်အဝါတစ်ခု ထွက်ပေါ်နေပေသည်။
ထိုသူသည် အခြားသူများထက် ဘုရင်နှင့် ပို၍ နီးကပ်စွာ ရပ်နေခြင်းကပင် သူ၏ ရာထူးမှာ အလွန်မြင့်မားကြောင်း သိသာစေသည်။
'ဒီဝတ်ရုံဖြူတွေက ဆူနိုင်းနိုင်ငံရဲ့ အင်အားအကြီးဆုံးအဖွဲ့ဖြစ်တဲ့ နဂါးတပ်ဖွဲ့က အဖွဲ့ဝင်တွေ ဖြစ်ရမယ်။ ဆံပင်နီနဲ့လူကတော့ သူတို့ရဲ့ ခေါင်းဆောင် ဒါမှမဟုတ် အာဏာရှိသူ တစ်ယောက်ယောက် ဖြစ်မှာပဲ။ ကျန်တဲ့သူတွေကတော့ အသက်ကြီးကြီးတွေဆိုတော့ ဒီနိုင်ငံရဲ့ ဝန်ကြီးတွေ ဖြစ်လိမ့်မယ်' လုံချန်းက အားလုံးကို အကဲခတ်ရင်း တွေးလိုက်သည်။
သူသည် ရိုင်းပျသည်ဟု အထင်မခံရစေရန် သူတို့ကို အကြာကြီး စိုက်မကြည့်ဘဲ အကြည့်လွှဲလိုက်သည်။
"အရှင်မင်းကြီး သက်တော်ရာကျော် ရှည်ပါစေ" တွမ်လီဖုန်းက ရာဇပလ္လင်ပေါ်တွင် ထိုင်နေသော ဘုရင်ကြီးကို ဒူးတစ်ဖက်ထောက်ကာ ဂါရဝပြုလိုက်သည်။
လုံချန်းလည်း ထိုနည်းတူပင် ဒူးထောက်လိုက်သည်။
"အရှင်မင်းကြီး သက်တော်ရာကျော် ရှည်ပါစေ" ထိုသို့ ဆိုကာ ပလ္လင်ပေါ်ရှိ ဆံပင်ဖြူနှင့် လူကြီးကို နှုတ်ဆက်လိုက်သည်။
ထိုသူမှာ အသက် ၆၀ ကျော်ခန့် ရှိပုံရပြီး မုတ်ဆိတ်ဖြူရှည်ကြီးနှင့် ဆံပင်ဖြူများ ရှိသည်။ လုံချန်းအနေဖြင့် ရှေ့တွင် ထိုင်နေသူမှာ ဆူနိုင်းဘုရင် ဝမ်ကျိဖန် ဖြစ်ကြောင်း သံသယဖြစ်စရာ မလိုပေ။ သူသည် လွန်ခဲ့သော စစ်ပွဲကြီးတွင် တစ်ကြိမ်တည်းနှင့် အောင်ပွဲရယူကာ ဆယ်စုနှစ်များစွာ ကြာခဲ့သော တိုက်ပွဲများကို အဆုံးသတ်ပေးခဲ့သည့် ဘုရင်ဖြစ်သည်။
"ထကြစမ်း" ဘုရင်က အေးအေးဆေးဆေးပင် မိန့်ကြားလိုက်သည်။
လုံချန်းနှင့် တွမ်လီဖုန်းတို့ ထရပ်လိုက်ကြသည်။
"လီဖုန်းက မင်းကို နတ်ဆိုးရဲ့ သားလို့ ပြောတယ်၊ ပြီးတော့ ငါတို့အတွက် အရေးကြီးတဲ့ သတင်းအချက်အလက်တွေ ပေးမယ်ဆိုတာ ဟုတ်လား။ အဲဒီသတင်းတွေကို ပြောပြစမ်း၊ မင်းပေးတဲ့ သတင်းအပေါ် မူတည်ပြီး ငါတို့က ဆုလာဘ် ပြန်ပေးမယ်" ဝမ်ကျိဖန်က လုံချန်းကို ပြောလိုက်သည်။
"အရှင်မင်းကြီး... ကျွန်တော့်မှာ ပြောပြစရာ အရေးကြီးတဲ့အချက်တစ်ခု ရှိတာ မှန်ပါတယ်။ တကယ်တော့ အဲဒါက အရှင့်အတွက် အရေးအကြီးဆုံး သတင်းလည်း ဖြစ်နိုင်ပါတယ်။ အက်ရှာနိုင်ငံဟာ ဆူနိုင်းနိုင်ငံကို တိုက်ခိုက်ပြီး ကလဲ့စားချေဖို့ အကြာကြီးကတည်းက စီစဉ်နေခဲ့တာပါ" လုံချန်းက ဆိုသည်။
"ဪ... သူတို့က ငါတို့ကို အခု တိုက်မလို့လား။ အရင်ကထက် ထူးခြားတဲ့ရလဒ် ထွက်လာမယ်လို့ သူတို့ ဘာက ယုံကြည်မှု ပေးနေတာလဲ။ ပြီးတော့ ဒီသတင်းက ငါတို့အတွက် ဘာလို့ အရေးကြီးရမှာလဲ။ သူတို့ ဒီလိုလုပ်ချင်နေတာကို ငါတို့ သိပြီးသားပါ။ မင်း မပြောရင်တောင် ငါတို့က သတိရှိနေပြီးသားပဲ။ ဒီသတင်းက ငါတို့အတွက် ဘာမှ အသုံးမဝင်ဘူး။ မင်းမှာ တခြားပြောစရာ ရှိရင် အခုပြော၊ မရှိရင်တော့ ပြန်နိုင်ပြီ" ဝမ်ကျိဖန်က လုံချန်းကို ပုရွက်ဆိတ်တစ်ကောင်လို သဘောထားကာ ပြောလိုက်သည်။
"အရှင် သိထားတာက သူတို့ အကြာကြီးကတည်းက လုပ်ချင်နေတာကို သိတာပါ။ ဒါပေမဲ့ သူတို့ မလုပ်ဖြစ်တာက အောင်နိုင်ခြေကို မသေချာလို့လေ။ ဒါပေမဲ့ အခုတော့ သူတို့မှာ အရှင့်ကို ဒူးထောက်စေနိုင်မယ့် အရာတစ်ခု ရှိနေပြီလို့ သူတို့ ယုံကြည်နေကြပြီ။ တကယ်လို့ အရှင်က သူတို့ကို အထင်သေးနေဦးမယ်ဆိုရင်တော့ အရှင့်နိုင်ငံအတွက် ဆိုးရွားသွားလိမ့်မယ်" လုံချန်းက သက်ပြင်းချရင်း ပြောလိုက်သည်။
"ဟေ..."
ဝမ်ကျိဖန် ကြားလိုက်ရသည်နှင့် မျက်မှောင်ကြုတ်သွားသည်။ သူသာမက အခန်းထဲရှိ အားလုံးသည် လုံချန်း၏ စကားကြောင့် တုန်လှုပ်သွားကြသည်။
"စိတ်ဝင်စားစရာပဲ။ သူတို့ ဘာကို ရထားတာလဲ ပြောစမ်း။ ငါတို့ကို အနိုင်ယူနိုင်မယ်လို့ သူတို့ကို ဘာက ယုံကြည်မှု ပေးနေတာလဲ" ဘုရင်က မေးလိုက်သည်။
"အဲဒါကိုတော့ ကျွန်တော် အခု မပြောနိုင်သေးဘူး" လုံချန်းက ခေါင်းခါကာ ပြန်ဖြေသည်။
"မင်း ဘာတွေ ပြောနေတာလဲ၊ အရှင်မင်းကြီးကို ချက်ချင်း လျှောက်တင်စမ်း" လုံချန်းက ဘုရင်ကို ထိုသို့ ပြန်ပြောလိုက်သဖြင့် တွမ်လီဖုန်းမှာ ထိတ်လန့်သွားသည်။ ဘုရင်ကြီး စိတ်ဆိုးလာသည်ကိုလည်း သူ သတိပြုမိလိုက်သည်။
လုံချန်း တစ်ခုခု မှားသွားပါက သူ့ကို ခေါ်လာမိသော မိမိပါ ဒုက္ခရောက်မည်ကို သူ စိုးရိမ်နေသည်။
"အဲဒီလူရဲ့ သားကလည်း သူ့အဖေလိုပဲ အ,တာပဲ။ တွမ်လီဖုန်း... မင်း ဒီကို မခေါ်လာခင် သူ့ကို ယဉ်ကျေးမှုတွေ မသင်ပေးခဲ့ဘူးလား"
နဂါးဝတ်ရုံနှင့် ဆံပင်နီနှင့်လူက ရှေ့သို့ တစ်လှမ်းတိုးကာ တွမ်လီဖုန်းကို စိုက်ကြည့်လိုက်သည်။ ထို့နောက် လုံချန်းဘက်သို့ အကြည့်လွှဲလိုက်သည်။
"ကောင်လေး... မင်း သေချင်နေတာလား။ အရှင်မင်းကြီးကို ဒီလို စကားပြောရဲတယ်ပေါ့လေ" ထိုသူက မေးသည်။
"ကျွန်တော် ဘာပြောနေလဲဆိုတာ ကျွန်တော် သိပါတယ်။ ဒါပေမဲ့ ခင်ဗျားတို့က ကျွန်တော့်စကားကို ဆုံးအောင် နားမထောင်ကြသေးဘူးလေ" လုံချန်းက အပြစ်ကင်းစင်သော မျက်နှာပေးဖြင့် လက်ကို မြှောက်ကာ ပြောလိုက်သည်။
"ကျွန်တော် ဆိုလိုတာက... ကျွန်တော့်ရဲ့ တောင်းဆိုချက်တစ်ခုကို အရင် ဖြည့်ဆည်းပေးမှ ပြောမယ်လို့ ဆိုလိုတာပါ။ ကျွန်တော် အက်ရှာနိုင်ငံကို မုန်းလို့ အခုလို အန္တရာယ်တွေကို ကျော်ဖြတ်ပြီး ဒီကို လာခဲ့တာ မှန်ပေမဲ့ ကျွန်တော် လိုချင်တာ တစ်ခု ရှိတယ်။ အဲဒီတောင်းဆိုချက်ကို အရှင် ဖြည့်ဆည်းပေးနိုင်ရင် ကျွန်တော် အဖြေပေးပါ့မယ်" သူက ဆိုသည်။
"ဒီမှာ ဘာဖြစ်မယ်ဆိုတာကို မင်းက ဆုံးဖြတ်နိုင်တယ်လို့ တကယ် ထင်နေတာလား" ဆံပင်နီနှင့်လူက ပြောဆိုကာ လုံချန်းဆီသို့ လျှောက်လာသည်။
"နေဦး... ကျူလန်ရှန်း... သူ့ရဲ့ တောင်းဆိုချက်ကို အရင် နားထောင်ကြည့်ရအောင်။ အဲဒါက သိပ်ပြီး မလွန်ကဲဘူးဆိုရင်တော့ ငါ သဘောတူပေးနိုင်ပါတယ်။ သူ အခု ဘာပြောမလဲဆိုတာကို ငါ နားထောင်ချင်တယ်" ဘုရင်က ဆံပင်နီနှင့်လူကို တားလိုက်သည်။
သူသည် ဘုရင်ဖြစ်သဖြင့် အရာအားလုံး ရှိနေပြီးသား ဖြစ်သည်။ လုံချန်း၏ တောင်းဆိုချက်က အလွန်အကျွံ မဟုတ်ပါက သတင်းအချက်အလက်အတွက် ပေးရန် ဝန်မလေးပေ။ လုံချန်း မည်သည်ကို တောင်းဆိုလိုကြောင်း သူ သိချင်နေသည်။ ငွေကြေးလား၊ ကျော်ကြားမှုလား သို့မဟုတ် အာဏာလား သူ စိတ်ဝင်စားနေသည်။
"ပြောစမ်းပါဦး ကောင်လေး... မင်း ဘာကို လိုချင်တာလဲ" ဘုရင်က စူးစမ်းစွာ မေးလိုက်သည်။
"ကျွန်တော် အဖြေတစ်ခုပဲ လိုချင်ပါတယ်။ အဖြေတစ်ခုတည်းပါ" လုံချန်းက ပြန်ဖြေသည်။
"အဖြေတစ်ခု ဟုတ်လား။ ဘာနဲ့ ပတ်သက်တဲ့ အဖြေလဲ"
"ကျွန်တော် နောက်ဆုံး စစ်ပွဲကြီးအကြောင်းနဲ့ ကျွန်တော့်အဖေအကြောင်း သိချင်ပါတယ်။ သူ့ကို ဘာတွေ တကယ် ဖြစ်ခဲ့သလဲဆိုတာကို အရှင့်ဆီကနေ သိချင်တာပါ" လုံချန်းက မေးလိုက်သည်။
"ဪ... မင်းအဖေကို ဘာဖြစ်ခဲ့သလဲဆိုတာ ငါတို့ဘက်က ပြောပြတဲ့ ပုံပြင်ကို နားထောင်ချင်တာလား။ အဲဒါက သဘာဝကျပါတယ်။ မင်းတို့ နိုင်ငံထဲမှာ ဘာတွေ ပြန့်နေသလဲဆိုတာ ငါ သိတယ်၊ အဲဒီပုံပြင်က တော်တော်လေးကို ရယ်စရာကောင်းတယ်လို့ ပြောရမှာပဲ" ဘုရင်က ပြုံးလျက် ဆိုသည်။
"ဟုတ်ပါတယ်။ အဲဒီမှာ ပြန့်နေတဲ့ ပုံပြင်က အရမ်းအောက်တန်းကျလွန်းလို့ ကျွန်တော်တောင် ရယ်မိပါတယ်။ အဲဒါကြောင့် အမှန်တရားကို အရှင့်ဆီက သိချင်တာပါ။ အဲဒီအတွက် အပြန်အလှန်အနေနဲ့ အက်ရှာနိုင်ငံရဲ့ လျှို့ဝှက်ချက်အားလုံးကို ပေးပါ့မယ်။ စစ်ပွဲမှာ သူတို့ကို ဖျက်ဆီးပစ်ဖို့တောင် ကျွန်တော် ကူညီပါ့မယ်" လုံချန်းက ဆိုသည်။
"ဖျက်ဆီးဖို့ ကူညီမယ် ဟုတ်လား။ ဟား... စကားလုံးတွေကတော့ အကြီးကြီးပဲ ကောင်လေး။ မင်းက သတင်းပဲ ပေးနိုင်မှာပါ၊ ငါတို့ရဲ့ အင်အားကိုပဲ မင်းက ငှားသုံးရမှာလေ။ နောက်ပြီး ငါ့မှာ မေးခွန်းတစ်ခု ရှိတယ်။ မင်းပြောတာကို ငါတို့က ဘာလို့ ယုံရမှာလဲ။ သူတို့ လုပ်ကြံထားတဲ့ ပုံပြင်တွေကြောင့် မင်းဟာ အဲဒီမှာ အမုန်းခံရဆုံးလူ ဖြစ်နေမှာပဲ။ ဒီလောက် အရေးကြီးတဲ့ သတင်းကို ရထားပြီးတော့ ဘယ်သူ့အကူအညီမှ မပါဘဲ အဲဒီနေရာကနေ လွတ်အောင် ထွက်လာနိုင်စရာ အကြောင်းမရှိဘူး" ဆံပင်နီနှင့်လူက ကြားဖြတ် ပြောလိုက်သည်။
"အတိအကျပဲ။ ဒါဟာ သူတို့ရဲ့ အစီအစဉ်လည်း ဖြစ်နိုင်တယ်။ မင်းကို ဒီလွှတ်ပြီး သတင်းအမှားတွေ ပေးခိုင်းတာ၊ ငါတို့က အဲဒါကို ယုံပြီး အမှားလုပ်မိအောင်လို့ပေါ့" အခန်းထဲရှိ ဝန်ကြီးတစ်ဦးကလည်း ထောက်ခံလိုက်သည်။
"ပြောစမ်း ကောင်လေး... ဒါဟာ ဖီးနစ်အဖွဲ့အစည်းရဲ့ ပရိယာယ်လား။ သူတို့က မင်းကို ငါတို့နိုင်ငံထဲ မရိပ်မိအောင် ခိုးဝင်နိုင်ဖို့ ကူညီပေးခဲ့တာလား" ကျူလန်ရှန်းက ပြုံးလျက် မေးလိုက်သည်။
"ဘယ်သူမှ မကူညီပါဘူး။ ကျွန်တော် တစ်ယောက်တည်း လာခဲ့တာပါ" လုံချန်းက ခေါင်းခါရင်း ဆိုသည်။
"ကောင်လေး... မင်းရဲ့ အရည်အချင်းကို မပြသရသေးသရွေ့တော့ ဒီအခန်းထဲက ဘယ်သူမှ ယုံမှာ မဟုတ်ဘူး" နဂါးတပ်ဖွဲ့ဝင် ဝူရွှမ်က ခေါင်းခါရင်း ပြောသည်။
"ကျွန်တော် ဒါကို လုပ်နိုင်ခဲ့တာက ကျွန်တော့်ရဲ့ စစ်ဝိညာဉ်ကြောင့်ပါ။ အဲဒါကို အခုပဲ ပြပါ့မယ်" လုံချန်းက ပြောဆိုကာ လက်သီးကို တင်းတင်းဆုပ်လိုက်သည်။
ထို့နောက် သူသည် ရပ်နေသော နေရာမှ ရုတ်တရက် ပျောက်ကွယ်သွားပြီး ဆံပင်နီနှင့်လူဖြစ်သူ ဝူရွှမ်၏ နောက်ကျောဘက်တွင် ချက်ချင်း ပေါ်လာလေတော့သည်။