လူသတ်သမားကို ရှာတွေ့ခြင်း
Vol. 11 Ch. 163
ညဉ့်လေပြေက တဟူးဟူးတိုက်ခတ်နေပြီး ရွှီချင်း၏ မှော်လှေပေါ် ရှပ်တိုက်သွားကာ အကာအကွယ်အလွှာထဲ တိုးဝင်သွားပါသော်လည်း ဖောက်ထွင်း၍ မရချေ။
လေပြေက အကာအကွယ်အလွှာကို ဖြတ်ကျော်၍ မှော်လှေ၏ အခန်းလေးထဲ ဝင်ရောက်သွားမည်ဆိုပါက တစ်ယောက်မှ ရှိမနေသည်ကို တွေ့သွားပေမည်။
မှော်လှေမှ မနီးမဝေးတစ်နေရာရှိ အိမ်တစ်အိမ်အောက် မှောင်ရိပ်ထဲတွင် ရွှီချင်းက နံရံကိုမှီ၍ တိတ်ဆိတ်စွာ ရပ်နေသည်။ လက်နှစ်ဖက်ကို သူ ပိုက်ထားပြီး မှော်လှေကို အေးတိအေးစက် ကြည့်လိုက်သည်။
ထို့နောက် သူ့မျက်လုံးများကို မှိတ်သွားပြီး ပြန်ဖွင့်လာသောအခါ စူးရှတောက်ပသော အရိပ်အယောင်များ ပြည့်နှက်လာသည်။
“ ဒီည တစ်ယောက်ယောက် လာမှာလား ”
ရွှီချင်းက ခေါင်းမော့၍ မည်းမှောင်နေသော ကောင်းကင်ပြင်ကို ကြည့်လိုက်သည်။
“ ဝိညာဉ်နှုတ်မယ့်ညပဲ ”
ရွှီချင်း ခပ်တိုးတိုးရေရွတ်လိုက်သည်။ သို့သော်လည်း တိမ်မည်းကြီးပေါ်ရှိ ဖီးနစ်လင်းယုန်ငှက်ကြီးပုံရိပ်ကို သူ ပြန်တွေးမိလိုက်သည်။
မှော်လှေကို သွားယူစဉ်အခါက ကျန်းစန်းကို ထိုအကြောင်းနှင့် ပတ်သက်ပြီး သူ မေးမြန်းခဲ့ပါသော်လည်း ကျန်းစန်းမှာ များများစားစား သိမထားဘဲ ထိုသတ္တဝါကြီးက နန်းဟွမ်ဒေသကြီး၏ အကြီးမားဆုံး တားမြစ်နယ်မြေဖြစ်သော ဖီးနစ်တားမြစ်နယ်မြေနှင့် ပတ်သက်နေနိုင်ကြောင်းကိုသာ ပြောပြခဲ့သည်။
၎င်းသည် ထိုတားမြစ်နယ်မြေ၏ ဧကရာဇ်ဖြစ်သော မီးလျှံဖီးနစ်ငှက် ဖြစ်သည်။
ဖီးနစ်တားမြစ်နယ်မြေဆိုသည့် နာမည်သည်လည်း ယင်းနာမည်မှ ဆင်းသက်လာခြင်း ဖြစ်သည်။
၎င်းက အရှင်သခင်တစ်ပါးဖြစ်ပြီး ထိုတားမြစ်နယ်မြေကိုသာမက နန်းဟွမ်ကျွန်းကြီးတစ်ခုလုံးကိုပင် အုပ်ချုပ်သည်။ အမှန်စင်စစ် နန်းဟွမ်ဒေသကြီး၏ နာမည်သည်လည်း ယင်းမှ ဆင်းသက်လာခြင်း ဖြစ်သည်။
ဝမ်ကူးဒေသကြီး၏ တောင်ဘက်ပိုင်းရှိ တားမြစ်နယ်မြေ၌ ကောင်းကင်ကြီးကို မှောင်မည်းသွားစေကာ သတ္တဝါအားလုံးကို လေးစားသက်ဝင်သွားစေသည့် နတ်သတ္တဝါတစ်ကောင်ရှိသည်။ ထိုသတ္တဝါ၏ နာမည်က မီးလျှံဖီးနစ်ဖြစ်ပြီး ကျွန်းတစ်ကျွန်းပေါ်တွင် နေထိုင်သည်။ ထိုကျွန်းကို နန်းဟွမ်ကျွန်းကြီးဟု ခေါ်ကြ၏။
( ဘာသာပြန်သူမှတ်စု။ နန်းဟွမ်ဆိုတာ တောင်ဘက်ဇာမဏီ ဒါမှမဟုတ် တောင်ဘက်ဖီးနစ်လို့ အဓိပ္ပာယ်ရပါတယ် )
အသေးစိတ်အချက်အလက်များကို ကျန်းစန်းလည်း သိပ်မသိပေ။
“ မီးလျှံဖီးနစ် ”
ရွှီချင်း ခပ်တိုးတိုးရေရွတ်လိုက်သည်။ သူ ကျင့်ကြံခြင်းလောကထဲ ရောက်လာခဲ့ပြီး ကိစ္စပေါင်းများစွာကို ကြုံတွေ့လာရသည့်အခါ ဤလောကအကြောင်းကို များစွာ နားလည်လာခဲ့သည်။
ပင်လယ်လေပြေက တဟူးဟူး တိုက်ခတ်နေသည်ဖြစ်၍ အဝတ်အစားလွင့်သံ တဖျပ်ဖျပ် ထွက်ပေါ်လာသည်။ ထိုအသံက ရွှီချင်း၏နားထဲ ရောက်လာသောအခါ သူ ချက်ချင်း အသိစိတ်ဝင်သွားသည်။ မီးလျှံဖီးနစ်အကြောင်း တွေးတောနေသည်ကို သူ ရပ်လိုက်ပြီး အဝေးရှိ ဆိပ်ကမ်းကို လှမ်းကြည့်လိုက်သည်။
မကြာခင် ရွှီချင်း၏အမြင်အာရုံထဲ လူငါးယောက် ပေါ်လာသည်။
ယောက်ျားကြီးသုံးဦးနှင့် အမျိုးသမီးနှစ်ဦး ဖြစ်သည်။
ရှေ့ဆုံးမှ အမျိုးသမီးနှစ်ဦးကို ရွှီချင်း အစိမ်းသက်သက် ဖြစ်နေသည် မဟုတ်ချေ။ လေနှင့်အတူ ပါလာသော ငါးညှီနံ့များကြောင့်ဖြစ်စေ၊ သူတို့ ရုပ်ရည်သွင်ပြင်အရဖြစ်စေ တစ်ချက်ကြည့်ရုံဖြင့် သူတို့ကို ရွှီချင်း မှတ်မိလိုက်သည်။ ထိုအမျိုးသမီးနှစ်ဦးမှာ ရေသူထီးလူငယ်၏ အစ်မနှစ်ဦး ဖြစ်ပေသည်။
သူတို့ကျင့်ကြံခြင်းစွမ်းအားများက ထူးခြားပြီး တစ်ယောက်က ချီစုစည်းခြင်းအဆင့်ကိုးသို့ ရောက်နေပြီး နောက်တစ်ယောက်က ချီစုစည်းခြင်းအဆင့် အထွတ်အထိပ်သို့ ရောက်နေသည်။
နောက်မှယောက်ျားကြီး သုံးဦးသည်လည်း ရေသူမမျိုးနွယ်ဝင်များ ဖြစ်ကြသည်။ သူတို့က ချီစုစည်းခြင်းအဆင့်ရှစ်သို့ ရောက်နေဟန်တူသည်။ လရောင်က သူတို့မျက်နှာများပေါ် ဖြာကျလိုက်သောအခါ သူတို့မျက်နှာများပေါ်ရှိ ရက်စက်ကြမ်းကြုတ်သော အရိပ်အယောင်များကို မြင်လိုက်ရသည်။
ရွှီချင်းက သူတို့ကို အေးတိအေးစက်ကြည့်ကာ မျက်လုံးများ တဖြည်းဖြည်း မှေးလာသည်။ သို့သော်ငြား သူ ချက်ချင်း မတိုက်သေးဘဲ သူတို့နောက်ကျောကို ကြည့်နေလိုက်သည်။
“ ဘာလို့ အခြေတည်အဆင့် တာအိုအစောင့်အရှောက်တွေ ရောက်မလာတာတုံး ”
ရွှီချင်း ငြိမ်သက်သွား၏။ မကြာခင် လူရိပ်ငါးရိပ်က ကင်းလှည့်နေသော ဂိုဏ်းများကို ရှောင်ကွင်း၍ ရွှီချင်း၏ မှော်လှေအနားသို့ ချဉ်းကပ်သွားသည်။
မင်းသားသုံးက နောက်ကွယ်တွင် ရှိနေသည့်အတွက်ကြောင့်လော၊ ရေသူမမျိုးနွယ်၏ မောက်မာဝင့်ကြွားတတ်သည့် စရိုက်ကြောင့်ပင်လော၊ ရွှီချင်း၏လှေအနားသို့ ရောက်သည်နှင့် ညီမဖြစ်သူက ရုတ်တရက် တဟုန်ထိုးသွားရန် ပြင်လိုက်သည်။
သို့သော်လည်း အစ်မဖြစ်သူက သူမကို ဟန့်တားလိုက်၏။ အစ်မကြီးဖြစ်သူက ပို၍ ရင့်ကျက်နေသည်မှာ သိသာပြီး အလျဉ်စလို မလုပ်ဘဲ အဆောင်တစ်ခုကို ထုတ်လိုက်သည်။
အဆောင်၏အစွမ်းက တိုက်ခိုက်ရန် မဟုတ်ဘဲ စစ်ဆေးရန် ဖြစ်သည်။
အသက်ရှူကြိမ်အနည်းငယ်အကြာ ရေသူမနှစ်ယောက်က လှေပေါ်တွင် တစ်ယောက်ရှိမနေသည်ကို သိသွားပြီး ထွက်သွားရန် ပြင်လိုက်သည်။
ရွှီချင်း၏ မျက်လုံးများထဲရှိ အေးစက်စက်အငွေ့အသက်များ ပျောက်ကွယ်သွားသည်။ သူ လှေပေါ်မှ ထွက်လာခဲ့သည်မှာ လှေပေါ်တွင် လူ မသတ်ချင်သည့်အတွက်ကြောင့်သာ ဖြစ်သည်။ လှေပေါ်တွင် သူ လူသတ်မိလိုက်သည်နှင့် ခြေရာလက်များ လှေပေါ် ကျန်ရစ်ခဲ့မည်ဖြစ်ပြီး နောင်တွင် ပြဿနာများ ဖြစ်လာနိုင်သောကြောင့်ပင်။
ထိုလူများသာ လှေပေါ်သို့ အတင်းတရကြမ်း တိုးဝင်သွားခဲ့လျှင်လည်း ရွှီချင်းက အလိုက်သင့် လှုပ်ရှားလိုက်မည်ဖြစ်သည်။ သူက ရေသူမမျိုးနွယ်ဝင်ငါးယောက်ကို ကြည့်လိုက်ပြီး သူတို့ ထွက်သွားသည်အထိ စောင့်လိုက်သည်။ သူ၏အစီအစဉ်မှာ သူတို့နောက်မှ တိတ်တဆိတ် လိုက်ပါသွားပြီး တစ်ယောက်ပြီးတစ်ယောက် လုပ်ကြံသတ်ဖြတ်ရန် ဖြစ်သည်။
သို့သော်လည်း ထိုလူငါးယောက်က ထွက်သွားတော့မည့်အခိုက် ရွှီချင်းက အမှောင်ရိပ်ထဲမှ ခြေတစ်လှမ်း တိုးလိုက်စဉ် ရေသူမမျိုးနွယ်မှ အစ်မဖြစ်သူ၏ မျက်နှာအမူအရာပြောင်းလဲသွားပြီး ရွှီချင်း ပုန်းကွယ်နေသည့်နေရာသို့ ဖျပ်ခနဲ လှမ်းကြည့်လိုက်သည်။
“ အဲဒီမှာ မောင်လေး သေသွားတာနဲ့ ဆက်စပ်နေတဲ့ သွေးမျိုးဆက်ကျိန်စာအငွေ့အသက်တွေ ရှိနေတယ် ”
ထိုအမျိုးသမီးက ပြောလိုက်သည်နှင့် ညီမဖြစ်သူက လှမ်းကြည့်လိုက်သည်။ သူမ၏ စိမ်းဖန့်ဖန့် မျက်ဝန်းများထဲတွင် လူသတ်ငွေ့များဖြင့် ဆူဝေသွားပြီး ရွှီချင်းထံ တဟုန်ထိုး ဝင်ရောက်သွားသည်။ ဘေးပတ်လည်မှ နောက်လိုက်များသည်လည်း လူသတ်ငွေ့များ တဟုန်းဟုန်း တောက်လောင်နေလျက် ရွှီချင်းထံ ဝင်ရောက်သွားသည်။
“ ငါ့ကို ရှာတွေ့သွားတာလား ”
ရွှီချင်း မဆိုစလောက် မျက်မှောင်ကြုတ်သွားသည်။ ထိုအမျိုးသမီးများက တတိယမင်းသား၏ ချစ်သူများ ဖြစ်ကြပြီး ဤနေရာတွင် တိုက်ပွဲဖြစ်သွားမည်ဆိုပါက လူသိထင်ရှားဖြစ်သွားနိုင်သည်။ ထို့ပြင် ထိုရေသူမမျိုးနွယ်ဝင်များက တခြားသူများအား အသံလွှင့်ပေးပို့နိုင်သည့်အချက်ကိုလည်း သူ ထည့်သွင်းစဉ်းစားရပေမည်။
သို့ဖြစ်၍ ထိုလူများ ဝင်ရောက်လာသည်နှင့် ရွှီချင်းက သူ့အရှိန်အဝါကို သိမ်းဆည်းကာ ဒရောသောပါး ဆုတ်ခွာလိုက်သည်။ တစ်ဖက်လူများအနေဖြင့် အနိုင်သေချာသည်ဟု ထင်မှတ်သွားပြီး တခြားသူများကို အသံပို့လွှတ်ခြင်း မပြုစေရန် သူ သွေးရူးသွေးတမ်းဖြစ်နေဟန် ဆောင်လိုက်သည်။
ရွှီချင်းသည် အနည်းငယ်မျှပင် လေးဖင့်မနေဘဲ ချောင်ကျသော နေရာတစ်နေရာကို ရှာလိုက်သည်။
ရေသူမမျိုးနွယ်ဝင်ငါးယောက်က သူ့နောက်မှ ဒရကြမ်း လိုက်ပါလာသည်။
ညီမဖြစ်သူက အေးစက်စက်ဝင်းလက်နေသည့်မျက်လုံးများဖြင့် ထိပ်ဆုံးမှ ဦးဆောင်လာသည်။ သူမက လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ အနက်ရောင်ရေလုံးလေးများ ဘေးတွင် ပေါ်လာသည်။ ထိုရေလုံးလေးများကို သွေးရူးသွေးတမ်း ထွက်ပြေးနေသည့် ရွှီချင်းထံသို့ ဒေါသတကြီး ပစ်လွှတ်လိုက်သည်။
မန္တန်အစီအရင်အငွေ့အသက်များနှင့် ဓာတ်နှောများ ပါဝင်နေသည့် ထိုရေလုံးလေးများက ရွှီချင်းကို အဆိပ်မိသွားစေနေသည့်အလား အလုအယက် ဝင်ရောက်သွားသည်။
“ ဒီတော့ ငါ့မျိုးနွယ်စုဝင်မောင်လေးကို သတ်ခဲ့တာနင်ပေါ့။ နင့်ကို သေလုမျောပါးဖြစ်အောင် ငါ လုပ်ပစ်မယ် ”
ပြောပြီးသည်နှင့် သူမနောက်မှ နောက်လိုက်သုံးယောက်က သွေးအေးသည့်အမူအရာများဖြင့် လက်နက်များကို ဆွဲထုတ်လိုက်ကြသည်။
တစ်ယောက်က အရိုးဓားတစ်ချောင်းကို ကိုင်ဆွဲထားပြီး တခြားတစ်ယောက်၏လက်ပေါ်မှ အကြေးခွံများက အဆိပ်ဆူးချွန်များအဖြစ် ပြောင်းလဲသွားသည်။ နောက်တစ်ယောက်၏ ကျောမှ အင်္ကျီကို ဖောက်ထွင်း၍ အဖုလေးများ တိုးထွက်လာပြီး အဆိပ်ငွေ့များကို ထုတ်လွှတ်ကာ ရက်စက်ကြမ်းကြုတ်သော တစ္ဆေတစ်ကောင်အသွင် ပြောင်းလဲ၍ ရွှီချင်းထံ ဝင်ရောက်သွားသည်။
နောက်တွင် အစ်မကြီးဖြစ်သူ ရှိနေသည်။ သူမသည် သတိကြီးသော စရိုက်ရှိ၍ အနီးကပ်လိုက်မသွားဘဲ အဆောင်ကိုထုတ်ကာ သူ့ကိုယ်သူပင် ကာကွယ်လိုက်သည်။
ရွှီချင်းက သူ့နောက်ရှိ မန္တန်များကို လျစ်လျူရှု၍ အရှိန်တင်လိုက်သည်။
ထိုမန္တန်များ သူ့အနားသို့ ရောက်တော့မည့်အခါတွင် ချောင်ကျသော နေရာသို့ သူ ရောက်သွားပြီဖြစ်သည်။ ထိုအခါမှသာ သူက ရှေ့သို့ပြေးနေရာမှ ရပ်၍ ဆတ်ခနဲ လှည့်ကြည့်လိုက်သည်။ သူ၏မျက်လုံးများထဲတွင် လူသတ်ငွေ့များ တောက်လောင်နေ၏။ သူက ယခင်ကထက် အဆပေါင်းများစွာ မြန်ဆန်စွာဖြင့် တဟုန်ထိုး ဝင်ရောက်သွားသည်။
သူသည် ကြောက်ခမန်းလိလိမြန်ဆန်လှသည့်အတွက် မျက်တောင်တစ်ချက်ခတ်အတွင်း ဒေါသထွက်နေသော ရေသူမညီမဖြစ်သူရှေ့သို့ ရောက်သွားသည်။ သူက ရေလုံးများထဲရှိ ဓာတ်နှောများကို လျစ်လျူရှုလိုက်ပြီး ညီမဖြစ်သူ ကွက်ခနဲ မျက်နှာပျက်သွားစဉ်မှာပင် သူ့လက်သီးက ဝမ်းဗိုက်ကို ဝုန်းခနဲ ထိုးမိသွားသည်။
ထိုအမျိုးသမီးသည် ချီစုစည်းခြင်းအဆင့်ကိုးသို့ ရောက်နေပြီး ရေသူမမျိုးနွယ်၏ ပါရမီရှင်တစ်ဦး ဖြစ်ပါသော်လည်း ချီစုစည်းခြင်းအဆင့်ကို ကျော်လွန်နေပြီဖြစ်သည့် ရွှီချင်း၏ အပြင်အားရှေ့မှောက်တွင် စက္ကူတစ်ရွက်အလား ဖြစ်သွားသည်။ ရွှီချင်းက သူမကို ထိသွားသည်နှင့် မျက်လုံးများ ပြူးကျယ်သွားပြီး မအော်ဟစ်နိုင်ခင်မှာပင် သူမ၏ခန္ဓာကိုယ် ပြိုကွဲသွားသည်။
ခန္ဓာကိုယ်တစ်ခုလုံး အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားကာ လတ်ဆတ်သောသွေးများ နေရာအနှံ့ ပြန့်ကျဲသွားသည်။ သူမ၏ခေါင်းသည်သာ အပြာရောင်အလင်းစက်ဝန်းတစ်ခု၏ လွှမ်းခြုံခြင်းခံထားရလျက် ပျံတက်သွားသည်။ ၎င်းက သက်စောင့်အားကို ထိန်းချုပ်၍ အလျင်အမြန် ကုသပေးနေသည့်အလားပင်။
ရွှီချင်းက ကြည့်လိုက်ပြီး လက်ကိုဝှေ့ယမ်းလိုက်ရာ မည်းနက်တောက်ပြောင်သော သံတုတ်ကလေးက ဦးခေါင်းတည့်တည့်သို့ ဝင်ရောက်သွားသည်။ သူက ရပ်နားနေခြင်းမရှိဘဲ အရိုးဓားကိုင်ထားသည့် နောက်လိုက်ရှေ့တွင် ချက်ချင်း ပေါ်လာသည်။
တချိန်တည်းမှာပင် ထိုကျင့်ကြံသူ မျက်နှာပျက်သွားပြီး ရွှီချင်းက သူ့အရိုးဓားကို ဆွဲယူကာ ချိုးပစ်လိုက်ပြီ ဖြစ်သည်။
ရွှီချင်းက အရိုးဓား၏ ကျိုးနေသော အစိတ်အပိုင်းဖြင့် နောက်လိုက်၏လည်ပင်းကို ဖြတ်ပစ်လိုက်သည်။
ချီစုစည်းခြင်းအဆင့်ရှစ်သို့ ရောက်နေသော ထိုနောက်လိုက်မှာ လည်ပင်းမှ သွေးများ ပန်းထွက်နေလျက် လဲကျသေဆုံးသွားသည်။
ယင်းသည် အဆုံးသတ်မဟုတ်ချေ။ ရွှီချင်းက ရှေ့သို့ တစ်လှမ်းတိုးသွားပြီး အဆိပ်ငွေ့များ ထုတ်လွှတ်နေသည့် အဖုများနှင့် နောက်လိုက်တစ်ယောက်ဘေးသို့ ရောက်သွားသည်။
ထိုနောက်လိုက်သည် သွေးရူးသွေးတန်းဖြင့် နောက်ဆုတ်လိုက်၏။ သို့သော်ငြား အနည်းငယ် နောက်ဆုတ်ပြီးနောက် တစ်ကိုယ်လုံး တုန်ရီသွားပြီး စိမ်းဖန့်ဖန့် ဖြစ်သွားသည်။ သူ့ပါးစပ်မှ သွေးမည်းများ စီးကျလာပြီး အဆိပ်ကြောင့် သူ ဇီဝိန်ချုပ်သွားလေသည်။
ရွှီချင်း၏ အဆိပ်နှင့် ယှဉ်ပါက သူ့အဆိပ်က ဘာမှမဟုတ်ပေ။
တချိန်တည်းမှာပင် နောက်ဆုံးနောက်လိုက်သည်လည်း တုန်လှုပ်ချောက်ချားနေ၏။ ထိတ်လန့်ကြောင်ရွံ့စိတ်ကြောင့် သူ့တစ်ကိုယ်လုံး အပြင်းအထန် တုန်ရီနေသည်။ သူ စူးစူးဝါးဝါး အော်ဟစ်ရန် ပြင်လိုက်စဉ် ဘေးပတ်လည်မှ ရေစက်များ မရေမတွက်နိုင်အောင် ပေါ်လာပြီး သူ့တစ်ကိုယ်လုံးကို လွှမ်းခြုံသွားသည်။ ထို့နောက် သူ့ကို လေးဘန်လေးတန်မှ ဖိနှိပ်လိုက်ရာ သွေးမြူများအဖြစ် ပြောင်းလဲသွားလေသည်။
သံတုတ်လေးသည်လည်း အပြာရောင်အလင်းဖျော့ဖျော့ လွှမ်းခြုံနေသည့် ရေသူမ၏ခေါင်းကို မီသွားပြီး ထိုးဖောက်လိုက်သည်။
သို့သော်လည်း အပြာရောင်အလင်းအဆောင်ရတနာက အံ့သြစရာကောင်းလောက်အောင်ပင် တဖျပ်ဖျပ်ဝင်းလက်လာကာ သံတုတ်ကလေး၏ အစွမ်းကို ခုခံလိုက်သည်။ သို့စေကာမူ သံတုတ်၏ပြင်းအားကြောင့် ခေါင်းတစ်ခြမ်း ပျက်စီးသွားသေးသည်။
ရေသူမမျိုးနွယ်၏ မွေးရာပါအစွမ်းကြောင့် ထိုရေသူမသည် ချက်ချင်း မသေသွားဘဲ နာကျင်စွာ အော်ဟစ်လိုက်ပြီး ပြင်းအားအရှိန်ကို ယူ၍ အစ်မကြီးထံ ပျံသန်းသွားသည်။
ထိုအခြင်းအရာအားလုံးက မျက်တောင်တစ်ချက်ခတ်အတွင်း ဖြစ်ပျက်သွားခြင်း ဖြစ်သည်။ ရွှီချင်း၏ တိုက်ကွက်များက အလွန်ရက်စက်ကြမ်းတမ်းပြီး တိကျပြတ်သားသည်။ လူသုံးယောက်ကို သူ တရစပ် သတ်ပြီးသွားသည်နှင့် ဓားမြှောင်တစ်လက်က အေးစက်စက်ဝင်းလက်ကာ အဝေးရှိ ရေသူမမျိုးနွယ်မှ အစ်မကြီးဖြစ်သူထံ တဟုန်ထိုး ဝင်ရောက်သွားသည်။
ထိုရေသူမ အစ်မဖြစ်သူသည် မကြုံစဖူး ထိတ်လန့်ကြောက်ရွံ့ဖွယ်ဖြစ်ရပ်ကြောင့် ဆိုးဆိုးဝါးဝါး မျက်နှာပျက်သွားပြီး မကြာသေးခင်က အဖော်များ သေသွားခြင်းသည်ပင် အစစ်အမှန် မဟုတ်သလို ခံစားလာရသည်။
" နင် သေတာက သေမှာပဲကို ဘယ်လိုလုပ် ဒီလိုမိစ္ဆာကို နှိုးဆွခဲ့သေးတာတုံး "
အကျဉ်းအကြပ် အခြေအနေ၌ သူမသည် တွေဝေတွန့်ဆုတ်မနေဘဲ ဒုတိယအဆောင်ကို ချက်ချင်းထုတ်၍ ရှေ့သို့ အားကုန် ပစ်လိုက်သည်။ ရုတ်တရက် ဟိန်းသံမြည်ဟည်းသွားပြီး ထိုအဆောင်က ဧရာမငါးကြီးတစ်ကောင်အဖြစ် ပြောင်းလဲ၍ နောက်မှလိုက်လာသော ရွှီချင်းထံ ပြေးဝင်သွားသည်။
ထိုအခြေအနေကို အခွင့်အရေးယူ၍ ရေသူမအစ်မဖြစ်သူက အဆိပ်မိသည့်လက္ခဏာများ ပြသနေသော ညီမဖြစ်သူ၏ ခေါင်းကြီးကို ဆွဲယူလိုက်ပြီး နောက်လှည့်မကြည့်ဘဲ တဟုန်ထိုး ပြေးထွက်သွားသည်။
ကြောက်ရွံ့စိတ်က လှိုင်းလုံးကြီးအသွင်ဖြင့် သူမ၏စိတ်ထဲ စိုးမိုးလာသည်။ ထိုအချိန်၌ လွတ်မြောက်ရန် အတွေးတစ်ခုသာ သူမ၏ခေါင်းထဲ ရှိနေသည်။
တာအိုအစောင့်အရှောက်များထံ ရောက်သည်အထိ သူမ ထွက်ပြေးရပေမည်။
သဘောတူချက်အရ တာအိုအစောင့်အရှောက်များက ထိုနေရာသို့ ရောက်လာမည်ဖြစ်ရာ အသံလွှင့်ကျောက်စိမ်းပေလွှာကို ထုတ်၍ တာအိုအစောင့်အရှောက်များထံ ပေးပို့လိုက်သည်။
တစ်ဖက်က တုံ့ပြန်စကားကိုပင် သူမတွင် စစ်ဆေးရန် အချိန်မရှိတော့ပေ။ သူမ၏ကျင့်ကြံခြင်းအခြေခံများ တဟုန်းဟုန်းတောက်လောင်လာပြီး ရိပ်ခနဲ ပြေးသွားရင်း တတိယမြောက်အဆောင်ကို ရွှီချင်းထံ အားကုန်ပစ်လွှတ်လိုက်သည်။
ဟိန်းဟောက်သံ ထွက်ပေါ်လာပြန်သည်။
ဆိပ်ကမ်း၌သာ ဖြစ်ပွားခဲ့ပါက သေချာပေါက် သတိထားမိသွားမည်ဖြစ်ပါသော်လည်း ချောင်ကျသောနေရာတွင် ဖြစ်နေသလို ရွှီချင်း၏ ရေကန့်လန့်ကာသည်လည်း တားဆီးပိတ်ဆို့ထားပြီး တိုက်ပွဲကလည်း မြန်ဆန်နေပေရာ အသံစိုးစဉ်းမျှ အပြင်ဘက်သို့ ထွက်ပေါ်မသွားခဲ့ပေ။
မကြာခင် ရွှီချင်းက အဆောင်မှ ပြောင်းလဲသွားခဲ့သော ဧရာမငါးကြီး၏ နောက်မှ ခုန်ထွက်လာသည်။
သူက မည်းမှောင်နေသော အမူအရာဖြင့် အဝေးသို့ ပြေးထွက်သွားသော ရေသူမနောက်သို့ အလျင်အမြန် ပြေးလိုက်သွားသည်။
ပျံသန်းစေနိုင်သော အဆောင်များကိုလည်း သူ ထုတ်ဖော်ထားသည်ဖြစ်၍ လျှပ်စီးလက်သည့်အလား မြန်ဆန်နေသည်။