ငါးဆယ်အထက် ပေါ်လာသူ ( ၁ )
Vol. 11 Ch. 164
ညသည် ကန်ရေပြင်ပမာ ငြိမ်သက်နေသည်။
လေက ဓားပါးလေးတစ်လက်အလား စူးရှပြတ်သားနေ၏။
ထိုတိတ်ဆိတ်နေသောညအခါတွင် ရွှီချင်းသည် တရိပ်ရိပ် သွားနေ၏။
သူ လှုပ်ရှားလိုက်ပြီဖြစ်၍ သူ စဉ်းစားချင့်ချိန်နေတော့မည် မဟုတ်ပေ။ ထိုရေသူမမျိုးနွယ်ဝင်များက သူ့ကို အရင်ဆုံး ရှာတွေ့သွားခဲ့ခြင်းဖြစ်ရာ သူ့အနေဖြင့် သတ်မှဖြစ်တော့မည် ဖြစ်သည်။
တစ်ဖက်က တတိယမင်းသား၏ ချစ်သူများ ဖြစ်နေသည့်တိုင်အောင် စတင်တိုက်ခိုက်လာခဲ့သည့်အတွက် ရွှီချင်းက တတိယမင်းသားကို အပြစ်လုပ်ရန် အသင့်ပြင်ထားပြီး ဖြစ်သည်။
အခြေအနေက ဆိုးပြီးရင်း ဆိုးလာနေသည့်အတွက် ယနေ့ညတွင် လူအားလုံးကို သတ်ဖြတ်ပြီးသည်နှင့် ချီရွှဲ့ထုံဂိုဏ်းမှ ပင်လယ်ပြင်သို့ သူ ထွက်သွားတော့မည် ဖြစ်သည်။
ယင်းက နှမျောစရာကောင်းပါသော်လည်း ရွှီချင်းအနေဖြင့် လက်တွန့်နေမည် မဟုတ်ပေ။
ပြေးလွှားနေသော ရေသူမနှင့် သူ နီးကပ်သည်ထက် နီးကပ်လာသည်။
သို့သော်ငြား ထိုရေသူမ၏ ကျင့်ကြံခြင်းအခြေခံက သာမန်မဟုတ်သလို အဆောင်များစွာလည်း ရှိသည်။ သူမ၏ ကျင့်ကြံခြင်းအခြေခံအား လောင်ကျွမ်းပစ်ရန်ကိုလည်း သူမ ဝန်မလေးပေ။ ရွှီချင်းက နီးကပ်လာသည်ကို အာရုံခံမိလိုက်သည့်အခိုက်မှာပင် အသက်အန္တရာယ်ကို စိုးရိမ်ပူပန်စွာဖြင့် ပျံသန်းစေနိုင်သော အဆောင်သုံးခုကို အသုံးပြုလိုက်သည်။
သို့ဖြစ်၍ သူမ၏အမြန်နှုန်းက ကြောက်ခမန်းလိလိ အဆင့်သို့ ရောက်သွားသည်။
လျှပ်တစ်ပြက်အတွင်း ရွှီချင်းနှင့် သူမအကြား အကွာအဝေးက ကြီးမားသွားပြီး ဆိပ်ကမ်းသို့ သူမ ရောက်သွားသည်။
သူမသည် အနည်းငယ်လှမ်းသော နေရာသို့ ရောက်နေပြီဖြစ်သည့်တိုင်အောင် စိတ်အေးလက်အေး မနေနိုင်သေးချေ။ သူမ၏နောက်လိုက်များ သေဆုံးခြင်းနှင့် သူမ၏ညီမ သေလုမျောပါး ဖြစ်သွားရသည့်အတွက်ကြောင့် သူမ၏စိတ်အခြေအနေက ကန့်သတ်ချက်ကို ရောက်နေသည်မှာ ကြာပြီဖြစ်သည်။
ရွှီချင်း၏ ညှာတာမှုကင်းမဲ့သော အပြုအမူများသည်လည်း သူမကို တစ်ခါမှ မခံစားဖူးသည့် အန္တရာယ်အငွေ့အသက်အား ခံစားသွားရစေသည်။ သူ၏အေးစက်စက်အကြည့်က သူမကို အပြင်းအထန် တုန်ရီသွားစေ၏။
ရှေ့တူရှုရှိ ဆိပ်ကမ်းမှ ရင်းနှီးသော မှော်လှေကြီးကို မြင်သောအခါမှသာ ရင်ထဲမှ ထိတ်လန့်စိတ်များ ကွယ်ပျောက်သွားရပြီး မျက်လုံးများထဲတွင် မျှော်လင့်ချက်များဖြင့် တောက်ပလာတော့သည်။
တာအိုအစောင့်အရှောက်များ မည်သည့်အတွက် ရောက်မလာရသေးသည်ကို သူမ တွေးတောမနေတော့ပေ။ ယခုအချိန်၌ တတ်နိုင်သလောက် မြန်ဆန်စွာ မှော်လှေကြီးပေါ်သို့ ခုန်တက်ပြီး သူမချစ်သူ၏ အကာအကွယ်အောက်တွင် ခိုဝင်ချင်စိတ်သာ ရှိနေတော့သည်။
“ ငါ့မျိုးနွယ်မောင်လေးနဲ့ ငါ့မျိုးနွယ်ဝင်တွေကို နင် သတ်ခဲ့တယ်။ ပြီးတော့ ငါ့ကိုလည်း ဒီလိုဆိုးဆိုးဝါးဝါး ဖြစ်အောင် နင်လုပ်ခဲ့တယ်။ ရွှီချင်း၊ နင့်ကို တတိယမင်းသားက သေချာပေါက် ချီရွှဲ့ထုံဂိုဏ်းကနေ မောင်းထုတ်မှာ။ ငါလက်စားချေဖို့ အချိန်ရောက်တော့မှာ ”
ရေသူမသည် အံတင်းတင်းကြိတ်ထားပြီး မျက်လုံးများ နီမြန်းလာသည်။ သူမ၏ မျိုးဆက်သွေးကိုပင် လောင်ကျွမ်းစေလိုက်ပြီး ထပ်မံအရှိန်တင်လိုက်သည်။
ရွှီချင်း၏ အကြည့်က အေးစက်သည်ထက် အေးစက်လာသည်။ တစ်ဖက်လူ ဦးတည်သွားနေသည့်နေရာကို သူ သိသည်။ ယင်းနေရာသည် တတိယမင်းသား၏ လှေကြီး ကျောက်ချထားသည့်နေရာဖြစ်သည်။ အဝေးမှဖြစ်သည့်တိုင်အောင် တတိယမင်းသား၏ ခမ်းနားထည်ဝါသော လှေကြီးကို သူ မြင်နေရ၏။
လှေကြီးတစ်ခုလုံး လင်းထိန်နေပြီး လှေကြီးထဲမှ ကခုန်သံများနှင့် သီချင်းဆိုသံများ လွင့်ပျံနေသည်။
ရွှီချင်း၏ မျက်လုံးများထဲရှိ လူသတ်ချင်စိတ်များ အားကောင်းလာသည်။ ကုန်ကျစရိတ်ကို သူ ထည့်တွက်မနေတော့ဘဲ ပို၍ မြန်ဆန်သွားစေရန် ပျံသန်းစေနိုင်သော အဆောင်များကို လောင်ကျွမ်းစေလိုက်သည်။ သို့သော်လည်း နောက်ဆုံးတွင် လက်မတင်လေး နောက်ကျသွားခဲ့ရသည်။
အသက်ရှူချိန်ဆယ်ကြိမ်ကြာပြီးနောက် ရေသူမသည် မျိုးဆက်သွေးမှ အမြန်နှုန်းဖြင့် တတိယမင်းသား၏ မှော်လှေအနီးသို့ ချဉ်းကပ်သွားခဲ့ပြီး ချက်ချင်းပင် လှေပေါ်သို့ ခုန်တက်လိုက်သည်။ လှေပေါ်သို့ ရောက်သွားသည်နှင့် ခန္ဓာကိုယ်ယိမ်းယိုင်သွားပြီး အော်ဟစ်အကူအညီ တောင်းလိုက်သည်။
“ သခင်လေးလီ၊ ကယ်ပါဦး ”
ထိုအသံ လွင့်ပျံသွားသည်နှင့် မှော်လှေထဲမှ မင်းသား၏ နောက်လိုက်အများစု ခုန်ထွက်လာကြပြီး ဘေးပတ်ဝန်းကျင်ကို စောင့်ကြပ်လိုက်ကြသည်။
တတိယမင်းသားသည်လည်း အခန်းလေးထဲမှ အလျင်အမြန် ထွက်လာပြီး ရေသူမဘေးသို့ ရောက်ချလာသည်။
“ အချစ်လေး၊ ဘာလို့ ငိုနေတာလဲ။ ဘယ်သူက အချစ်လေးကို အနိုင်ကျင့်လိုက်တာတုံး ”
တတိယမင်းသားက ပုံပျက်ပန်းပျက်ဖြစ်နေသော သူ၏သနားစရာ ချစ်သူလေးကို ကြည့်လိုက်သည်။ သူ့ရင်ထဲ ဆစ်ခနဲ နာကျင်သွားရပြီး သူမကို ကြင်နာစွာ ထူပေးလိုက်ရင်း ဘေးရှိ သေလုမျောပါးဖြစ်နေသော ရေသူမအငယ်၏ ခေါင်းကို မြင်သွားသည်။
“ ဘာတွေဖြစ်ခဲ့တာတုံး ”
တတိယမင်းသား၏ မျက်နှာက ဒေါသအရိပ်အငွေ့များဖြင့် တောက်လောင်နေသည်။
တချိန်တည်းမှာပင် တတိယမင်းသား၏ မှော်လှေအပြင်ဘက်သို့ ရွှီချင်း ရောက်လာသည်။ သူက ပင်လယ်ပြင်ပေါ်တွင် မတ်တတ်ရပ်နေလျက် တတိယမင်းသား တွဲထူပေးနေသည့် ရေသူမအကြီးကို အေးတိအေးစက်ကြည့်လိုက်သည်။
“ အဲဒီလူကြောင့်ပါ သခင်လေးလီ၊ သူက မောင်လေးကို သတ်ခဲ့တဲ့ ရွှီချင်းပါ။ ညီမလေးနဲ့ ကျမ သူ့ဆီ သွားတွေ့ခဲ့ပေမဲ့ ဒီလူရမ်းကားက ညီမလေးရဲ့ ခန္ဓာကိုယ်ကို ဖျက်ဆီးခဲ့တဲ့အပြင် မျိုးနွယ်စုဝင်တွေကိုပါ သတ်ပစ်ခဲ့ပါတယ်။ ကျမတောင်မှ ဒီလူရမ်းကားလက်က လွတ်ဖို့ မျိုးဆက်သွေးကို သုံးခဲ့ရပါတယ် ”
“ သခင်လေးလီ၊ ကျမအတွက် တရားမျှတအောင် ဆောင်ရွက်ပေးပါ။ ပုဂ္ဂိုလ်ချင်း ခင်မင်မှုအရပဲဖြစ်ဖြစ်၊ မဟာမိတ်ဆက်ဆံရေးအရပဲဖြစ်ဖြစ် ရေသူမမျိုးနွယ်က ဒီကိစ္စကို ခွင့်လွှတ်ပေးမှာ မဟုတ်ဘူး။ အထူးသဖြင့် ညီမလေးအတွက်ပါ။ ညီမလေး ဘယ်လိုအခြေအနေ ရောက်သွားလဲ ကြည့်နိုင်ပါတယ် ”
ရေသူမအကြီးက နာကြည်းစိတ်များဖြင့် အံတင်းတင်းကြိတ်၍ ပင်လယ်ပြင်ပေါ်မှ ရွှီချင်းကို ညွှန်ပြလိုက်သည်။
ထိုအချိန်၌ ရေသူမအကြီးလက်ထဲရှိ ရေသူမအငယ်၏ ခေါင်းက တဖြည်းဖြည်း အသိဝင်လာပြီး အသက်မျှင်းမျှင်းရှူ၍ တတိယမင်းသားကို ကြည့်ကာ အော်ဟစ်ငိုကြွေးလေသည်။
“ အတင့်ရဲလှချည်လား။ ဒါ ကိုယ့်သေတွင်းကိုယ်တူးတာပဲကွ ”
တတိယမင်းသား၏ မျက်နှာက အေးစက်တင်းမာသွားပြီး သူ ဖြည်းညင်းစွာ ပြောလိုက်သည်။
ဘေးပတ်လည်ရှိ နောက်လိုက်များထံမှလည်း လူသတ်ငွေ့များ ထွက်ပေါ်လာသည်။
ရွှီချင်း ငြိမ်ကျသွားသည်။ ထိုအချိန်၌ ပင်လယ်လေပြေ တဟူးဟူး တိုက်ခတ်လာပြီး သူ့တာအိုဝတ်ရုံ တဖျပ်ဖျပ်လွင့်လာသည်။ သူ၏ဆံပင်ရှည်များသည်လည်း လေထဲတွင် လွင့်နေသည်။ သူက တတိယမင်းသားကို ကြည့်လိုက်ပြီးနောက် ဆိပ်ကမ်းအပြင်ဘက်ရှိ ပင်လယ်ကြီးကို ကြည့်ကာ ရင်ထဲတွင် ဆုံးဖြတ်ချက်ချနေသည်။
နောက်ဆုံး၌ ရေသူမအကြီးက စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်ပြီး ရွှီချင်းကို မုန်းတီးသည့်အကြည့်ဖြင့် ကြည့်လိုက်သည်။
တစ်ဖက်လူအား မည်ကဲ့သို့ ကိုင်တွယ်ရမည်ကို သူမ ကြိုတင်စဉ်းစားထားပြီးဖြစ်သည်။ ယခင်က ညီမဖြစ်သူ၏ စကားများက အနည်းငယ် ပျော့နေသလိုပင် သူမ ခံစားနေရပြီး အနှီကလေးကို ထို့ထက် ဆယ်ဆ ပို၍ အပြစ်ပေးကာ ဤလောကကြီးထဲသို့ လာခဲ့သည့်အတွက် နောင်တရသွားစေရန်ပင် လုပ်ပစ်ချင်နေသည်။
“ ကျေးဇူးတင်ပါတယ် သခင်လေးလီ၊ တဆိတ်လောက် … ”
ရေသူမအကြီးက ရက်စက်ကြမ်းကြုတ်သည့်အကြည့်ဖြင့် ကြည့်၍ စကားဆုံးအောင် မပြောနိုင်ခင်မှာပင် တတိယမင်းသားက ညင်သာစွာ ဟန့်တားလိုက်သည်။
“ အချစ်လေး၊ နားလည်မှုလွဲနေပြီ။ ကိုယ်က အချစ်လေးကို ဘာလို့ ဒီလောက်တောင် အတင့်ရဲတာလဲဆိုပြီး မေးနေတာ ”
“ သခင်လေးလီ၊ ရှင် … ”
ရေသူမအကြီးမှာ အံ့အားသင့်သွားရပြီး ခေါင်းမော့၍ တတိယမင်းသားကို ကြည့်လိုက်ရာ ရင်းနှီးသော ထိုမျက်နှာကို မြင်နေရဆဲပင်။ ယခင်ကနှင့် လုံးဝပြောင်းလဲမသွားသေးပေ။ အမှန်စင်စစ် သူ့မျက်နှာပေါ်တွင် အစောပိုင်းက နာကျင်ခံစားနေရသည့် အရိပ်အငွေ့အနည်းငယ်ပင် ရှိနေသေးသည်။ သူ၏အကြည့်သည်လည်း နူးညံ့နေပြီး ချစ်မေတ္တာအပြည့်ကိန်းဝပ်နေသေး၏။
သို့ဖြစ်၍ နားကြားမှားသွားလေသလား သူမ တွေးလိုက်မိသည်။ သူမ နောက်ထပ်ပြောရန်ပြင်လိုက်စဉ်မှာပင် တတိယမင်းသား၏ဘယ်လက်က ညင်သာစွာ မြှောက်သွားပြီး သူမ၏ခေါင်းကို ပုံမှန်အတိုင်း ပုတ်လိုက်သည်။
ရေသူမအကြီး၏ ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီသွားရပြီး ခေါင်းတစ်ခုလုံး အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားသည်။