ယင်းအာ
Vol. 5 Ch. 41
"ဝုန်း... "
ကျယ်လောင်လှသော ပေါက်ကွဲသံကြီးနှင့်အတူ အနက်ရောင်အကြေးခွံပါသော မြွေကြီး၏ ပါးစပ် အတွင်း၌ ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားသွားခဲ့လေသည်။
မီးတောက်များနှင့်အတူ အလွန်စူးရှသော အနံ့ရှိသည့် ငရုတ်သီးမှုန့်နီနီများမှာလည်း လေထဲသို့ ပျံ့လွင့် သွားတော့၏။ စင်စစ်မူ ထျန်ဖုန်းသည် မြွေကြီး၏ ပါးစပ်အတွင်း၌ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲခဲ့ခြင်းဖြစ် ပြီး ထိုသို့မလုပ်ဆောင်မီ ငရုတ်သီးတစ်ဆုပ်ကိုပါ ထည့်ထားခဲ့ခြင်းပင်ဖြစ်လေသည်။
"ရှုး... ရှုး... ရှုး..."
အနက်ရောင်အကြေးခွံမြွေကြီးမှာ နာကျင်စွာဖြင့် အော်ဟစ်ကာ ခန္ဓာကိုယ်ကို လူးလိမ့်နေပြီး ပတ်ဝန်းကျင်ရှိ သစ်ပင်များကိုလည်း ရိုက်ချိုးပစ်နေသဖြင့် သစ်စအစအနများမှာ နေရာအနှံ့သို့ လွင့်စင်ကုန်ကြလေသည်။
"ဒါတောင် မသေသေးဘူးလားဟ...။"
ထျန်ဖုန်း၏ ပုံရိပ်သည် ရှေ့နားတွင် ပြန်လည်ပေါ်ထွက်လာခဲ့သည်။ သူသည် အဝတ်အစားများ ပြန်ဝတ် ရင်း တအံ့တဩ ရေရွတ်မိလိုက်လေသည်။
သူ၏ အမှုန့်ခြေဖျက်ဆီးသည့် တိုက်ကွက်က အနက်ရောင်ကြေးခွံမြွေကြီးကို သတ်နိုင်လိမ့်မည်ဟု ထင်ထားသော်လည်း မမျှော်လင့်ဘဲ ကျရှုံးသွားခဲ့ရသည်ပင်။
"ကြည့်ရတာ ဒီအနက်ရောင်ကြေးခွံမြွေကြီးက ဒုတိယအဆင့် အစောပိုင်းတင် မဟုတ်ဘူးပဲ။ သူ့ရဲ့ ခုခံ ကာကွယ်နိုင်စွမ်းက ငါ့ခန့်မှန်းထားတာထက် အများကြီး သာလွန်နေတယ်…။"
ထိုအချိန်တွင် မြွေကြီး၏ ဦးခေါင်းမှာ သွေးများဖြင့် ရွှဲနစ်နေပြီး အစွယ်တစ်ချောင်းလည်း ကျိုးပဲ့နေကာ လျှာမှာလည်း မည်းတူး၍ တစ်ဝက်ခန့် ပြတ်တောက်နေလေသည်။
မြွေကြီး၏ ဒဏ်ရာများကို ကြည့်ရင်း ထျန်ဖုန်းက ခေါင်းခါလိုက်မိ၏။ ထိုဒဏ်ရာများမှာ အသက် အန္တရာယ်ဖြစ်လောက်အောင်တော့ မပြင်းထန်ပေ။
ထို့ပြင် သူသည် ဆက်လက်တိုက်ခိုက်လိုစိတ်လည်း မရှိတော့ပေ။ အဘယ်ကြောင့်ဆိုသော် ဆက်တိုက် မည်ဆိုလျှင်လည်း ပြင်းထန်သော တိုက်ပွဲဖြစ်လာနိုင်ပြီး ရန်သူကို အချိန်တိုအတွင်း အနိုင်ယူနိုင်လိမ့် မည် မဟုတ်ကြောင်း သိနေသောကြောင့်ပင် ဖြစ်လေသည်။
"ရှုး..."
မြွေကြီးသည်လည်း ထျန်ဖုန်းကို သတိပြုမိသွားပြီး ၎င်း၏ ဒေါင်လိုက်မျက်လုံးများထဲ၌ ဇဝေဇဝါဖြစ် မှုများဖြင့် ပြည့်နှက်နေလေသည်။
"ငါ အခုတင်ပဲ သူ့ကို စားလိုက်တာ မဟုတ်ဘူးလား...။ဘယ်လိုလုပ် သူက အသက်ရှင်နေရသေး တာလဲ...။"
၎င်း၏ ပါးစပ်အတွင်းမှ ပြင်းထန်သော နာကျင်မှုနှင့် ပူလောင်မှုများကို ခံစားနေရလေသည်။ ထိုအချိန် တွင် မြွေကြီးမှာ စိတ်ကို လုံးဝ ထိန်းချုပ်နိုင်စွမ်း မရှိတော့ပေ။ မြွေကြီးသည် ကောင်းကင်သို့ မော့ကြည့် ကာ အော်ဟစ်လိုက်လေတော့သည်။
နောက်တစ်ခဏတွင် မျက်လုံးများမှာ ရူးသွပ်သော အနီရောင်အလင်းများ တောက်ပလာပြီး ထျန်ဖုန်း ဆီသို့ ပြေးဝင်လာလေတော့သည်။ခန္ဓာကိုယ် အပြည့်အဝ ပြန်လည်ကောင်းမွန်လာသော ထျန်ဖုန်းသည် အကြောက်အလန့်မရှိဘဲ ရှောင်ကျင်းတောင်တန်း အပြင်ဘက်သို့ လွယ်လင့်တကူ ပြေးထွက်သွားတော့ သည်။
ခဏအကြာတွင် ထျန်ဖုန်းသည် နောက်ဆုံးတောအုပ်ကို ဖြတ်ကျော်လိုက်ရာ ရှေ့တွင် မြင်ကွင်းကျယ် ကြီးတစ်ခု ပေါ်လာခဲ့လေသည်။ ၎င်းမှာ ရှောင်ကျင်းတောင်တန်း၏ အပြင်ဘက်ရှိ လွင်ပြင်ပင် ဖြစ် လေသည်။
"လာလေ...၊ လာခဲ့စမ်းပါ…။"
ထျန်ဖုန်းသည် နောက်သို့လှည့်ကာ လက်ယပ်ခေါ်လိုက်ပြီး တစ်ဟုန်ထိုး ပြေးထွက်သွားလေသည်။
"ဝေါ... "
အနက်ရောင်အလင်းတန်းတစ်ခု သူတို့နောက်မှ ပေါ်လာပြီး အနက်ရောင်အကြေးခွံမြွေကြီးကလည်း ထပ်ကြပ်မကွာ လိုက်ပါလာခဲ့လေသည်။
ဤမြင်ကွင်းကြောင့် လွင်ပြင်ပေါ်ရှိ လူများဆီမှ အာမေဍိတ်သံများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာတော့ သည်။
"ဟာ.. ဒါ အနက်ရောင်ကြေးခွံမြွေကြီး မဟုတ်လား…။"
"ဒီမြွေကြီးက ဘာလို့ ဒီအပြင်အထိ ထွက်လာရတာလဲ…။"
လွင်ပြင်ပေါ်တွင် လူအများအပြား ရှိနေကြလေသည်။ အချို့မှာ ယခုမှ တောင်ပေါ်မှ ဆင်းလာကြသူများ ဖြစ်ပြီး အချို့မှာ တောင်ပေါ်သို့ တက်ရန် ပြင်ဆင်နေကြသူများ ဖြစ်ကြ၏။ သို့သော် သူတို့အားလုံးမှာ ဗဟုသုတရှိသူများဖြစ်သဖြင့် မြွေကြီးကို မြင်လိုက်သည်နှင့် ချက်ချင်းပင် ထိတ်လန့်သွားကြလေတော့ သည်။
ဤနေရာရှိသူများမှာ ချီစွမ်းအင်သန့်စင်ခြင်းအဆင့်များသာ ဖြစ်ကြရာ ဒုတိယအဆင့်ရှိသော မိစ္ဆာ သားရဲတစ်ကောင်နှင့် တွေ့လျှင် မည်သို့လျှင် မကြောက်ဘဲ နေနိုင်ပါမည်နည်း။ မြွေကြီး၏ ကြောက်မက် ဖွယ်ကောင်းသော ခန္ဓာကိုယ်ကို ကြည့်ရင်း လူတိုင်းမှာ မျက်စိမျက်နှာပျက်ကာ တုန်လှုပ်နေကြလေ တော့သည်။
"ပြေးကြ...၊ အသက်ဘေးက လွတ်အောင် ပြေးကြ…။"
"တောက်... ဒီအနက်ရောင်ကြေးခွံမြွေကြီးက ဘယ်လိုလုပ် ဒီရောက်လာတာလဲကွာ…။"
အော်ဟစ်သံများမှာ ဆူညံနေသော်လည်း မြွေကြီးက လူတိုင်းကို လျစ်လျူရှုကာ ပုံရိပ်တစ်ခုနောက်သို့ သာ တစိုက်မတ်မတ် လိုက်သွားသည်ကို လူတိုင်း သတိပြုမိလိုက်ကြလေသည်။
"ဟင်... မြွေကြီးက ဘာလို့ သူ့နောက်ကိုပဲ လိုက်နေတာလဲ…။"
"အဲ့ဒီမြွေကြီးက သူ့နောက်ကို တောင်ထဲကနေ လိုက်ထွက်လာတာ ထင်တယ်နော်…။"
"တစ်ခုခုတော့ မှားနေပြီ။ အဲ့ဒီမြွေကြီးက ဘာလို့ ဒဏ်ရာတွေ ရနေတာလဲ…။"
လူတိုင်း အံ့ဩသွားကြပြီး အသက်လုပြေးနေသူများပင် အရှိန်သတ်လိုက်ကြလေသည်။
အနက်ရောင်ကြေးခွံမြွေကြီး နီးကပ်လာသည်ကို မြင်သော်လည်း ထျန်ဖုန်းက မကြောက်မရွံ့ဘဲ လက်ညှိုးဖြင့် ခေါ်လိုက်သည်။
"လာစမ်းပါ... ငါးပူတင်းလေးရဲ့…။"
အနက်ရောင်ကြေးခွံမြွေကြီးသည် လျှာကို ထုတ်လိုက်သွင်းလိုက်လုပ်ကာ ပတ်ဝန်းကျင်ကို ကြည့်လိုက် သောအခါ ၎င်းသည် ရှောင်ကျင်းတောင်တန်း၏ အပြင်ဘက်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း သတိပြုမိ သွားခဲ့လေသည်။
၎င်း၏ အသိစိတ်မှာ ပြန်လည်ဝင်ရောက်လာခဲ့၏။ ထျန်ဖုန်းကို လိုက်မမှီနိုင်တော့ကြောင်းနှင့် အချိန် ကြာသွားလျှင် လူသားအင်အားကြီး ကျင့်ကြံသူများကို ဆွဲဆောင်မိနိုင်ကြောင်းကိုလည်း နားလည်သွား လေသည်။
မြွေကြီးသည် ထျန်ဖုန်းကို အငြိုးကြီးစွာဖြင့် အကြိမ်အနည်းငယ် ကြည့်လိုက်ပြီးနောက် ဦးခေါင်းမှ သွေးများ တစက်စက်ကျလျက်ပင် သစ်တော အတွင်းသို့ ပြန်လည်ဝင်ရောက်သွားလေတော့သည်။
"ဟူး..."
ထျန်ဖုန်းသည် သက်ပြင်းတစ်ချက် ချလိုက်သည်။ တစ်ကြိမ် ပြန်လည်အသက်ဝင်လာခဲ့သော်လည်း သူ သည် အလွန်ပင်ပန်းနေပြီး အထူးသဖြင့် စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်နေပြီဖြစ်သည်။ အန္တရာယ်မရှိ တော့သည်ကို မြင်သောအခါ သူသည် မြက်ခင်းပေါ်တွင် လှဲချလိုက်လေတော့သည်။
လူတိုင်းက ထျန်ဖုန်းကို ကြည့်ရင်း တိုးတိုးတိတ်တိတ် ပြောဆိုနေခဲ့ကြလေသည်။
"ဘာတွေ ဖြစ်သွားတာလဲ။ အဲ့ဒီမြွေကြီးက သူ့ကိုပဲ ရည်ရွယ်ပြီး လိုက်လာတာလား…။"
"မင်း သတိမထားမိဘူးလား။ မြွေကြီးက ဒဏ်ရာတွေ ရထားတာ၊ တော်တော်လည်း ပြင်းထန်ပုံရ တယ်...။"
"ဒါ သူလုပ်လိုက်တာများလား။ ဒါကြောင့်မို့ မြွေကြီးက မလွတ်တမ်း လိုက်နေတာနေမှာ…။"
"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ သူက ချီစွမ်းအင်သန့်စင်ခြင်း အဆင့် (၉) ပဲ ရှိတာလေ။ မြွေကြီးကို ဒဏ်ရာ ရအောင် မပြောနဲ့၊ မျက်စိအောက် ရောက်တာနဲ့ အစားခံလိုက်ရမှာပေါ့…။"
"ဟုတ်တယ်။ အနက်ရောင်ကြေးခွံမြွေကြီးရဲ့ ခုခံနိုင်စွမ်းက ကြောက်စရာကြီး။ အဆင့်တူ ကျင့်ကြံသူ တွေတောင် သူ့အရေခွံကို ဖောက်ဖို့ မလွယ်ဘူး။ အဆင့် (၉) သမားက ဘယ်လိုလုပ်နိုင်မှာလဲ…။"
"ငါ့အမြင်ပြောရရင်တော့ မြွေကြီးက တခြားမိစ္ဆာသားရဲတွေနဲ့ တိုက်ရင်း ဒဏ်ရာရလာပြီး ဒီလူအပေါ်မှာ ဒေါသပုံချနေတာ ဖြစ်လိမ့်မယ်…။"
လူအမျိုးမျိုး အမြင်အမျိုးမျိုး ပြောနေကြသော်လည်း မည်သူကမျှ ထျန်ဖုန်းက မြွေကြီးကို ဒဏ်ရာရ အောင် လုပ်နိုင်သည်ဟု မယုံကြည်ကြပေ။ သူ လွတ်လာသည်မှာ ကံကောင်းခြင်းနှင့် ရတနာအချို့ ကြောင့်သာ ဖြစ်လိမ့်မည်ဟု ထင်နေကြသည်။
လူတိုင်းတွင် သိချင်စိတ်ရှိသော်လည်း မည်သူမျှ သွားမမေးရဲကြပေ။ ထိုကျင့်ကြံသူသည် အလွန်ပင်ပန်း နွမ်းနယ်နေသည်ကို လူတိုင်း မြင်နေရသည်။ သူ့ကို သွားနှောင့်ယှက်ပါက ရန်စမိသလို ဖြစ်သွားမည်ဖြစ် သွားပြီး၊ ရတနာတစ်ခုခုဖြင့် လွတ်မြောက်လာနိုင်သူမှာ သာမန်လူ မဟုတ်နိုင်ကြောင်းကိုလည်း သူတို့ နားလည်ထားကြသည်ပင်။
ထျန်ဖုန်းသည် ပင်ပန်းနေသော်လည်း သူ၏စိတ်ထဲတွင်မူ တခြားအရာတစ်ခုကိုသာ အာရုံစိုက်နေ မိလေသည်။
"စနစ်... ဆုလာဘ်က ဘယ်မှာလဲ…။"
[ဂုဏ်ယူပါတယ် ပိုင်ရှင်... ပိုင်ရှင်က အပြေးဒင်္ဂါး (၁၂၀၀) နဲ့ တိုက်ပွဲဝင်အမှတ် (၅၀) ရရှိခဲ့ပါတယ်…။]
"ဟား…ဟား…ဟား…"
ထျန်ဖုန်းသည် ပင်ပန်းနေသော်လည်း အလွန်ပျော်ရွှင်သွားခဲ့လေသည်။ ယခုတစ်ခေါက်တွင် သူ၏ မိုးတိမ်ခြေလှမ်းကို ပြီးပြည့်စုံသောအဆင့်သို့ တင်နိုင်ခဲ့ရုံသာမက အပြေးဒင်္ဂါး (၁၂၀၀)ကို လည်း ရရှိခဲ့ လေသည်။
တိုက်ပွဲဝင်အမှတ်(၅၀) မှာမူ မျှော်လင့်ထားသည့်အတိုင်းပင် ဖြစ်သည်။ မြွေတစ်ကောင်တည်းကိုသာ ပြဿနာရှာခဲ့သည် မဟုတ်ပါလား။
အပြေးဒင်္ဂါး (၁၂၀၀) ကို သူက အနည်းသည်ဟု မထင်ပေ။ ပြင်းထန်လှသော တိုက်ပွဲအပြီးတွင် အနက် ရောင်ကြေးခွံမြွေကြီးမှာ ဒုတိယအဆင့် အလယ်အလတ်တွင် ရှိကြောင်း သူသိလိုက်ရသည်။
သူတို့ကြားတွင် ခွန်အားကွာခြားချက်ကြီးမားခြင်း၊ သေလုနီးပါး အခြေအနေများစွာနှင့် ရင်ဆိုင်ခဲ့ရခြင်း နှင့် အချိန်အကြာကြီး ထွက်ပြေးခဲ့ရခြင်းတို့ကြောင့် အပြေးဒင်္ဂါး (၁၂၀၀) ရခြင်းမှာ မထူးဆန်းပေ။
[လက်ကျန်စာရင်း -
တိုက်ပွဲဝင်အမှတ် - (၁၄၀၀)
အပြေးဒင်္ဂါး - (၁၉၀၀) ]
ပိုင်ဆိုင်မှုများစွာ ရှိနေသော်လည်း ထျန်ဖုန်းမှာ စိတ်မအေးနိုင်သေးပေ။ လက်ရှိ ချီစွမ်းအင်သန့်စင်ခြင်း အဆင့်တွင် အသုံးစရိတ်မှာ နည်းပါးသော်လည်း အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်သို့ရောက် သွားပါက အသုံးစရိတ်မှာ အဆမတန် များပြားလာမည် ဖြစ်သောကြောင့်ပင် ဖြစ်လေသည်။
ခန္ဓာကိုယ်အမျိုးအစားသစ်၊ ကျင့်စဉ်သစ် သို့မဟုတ် ဆေးလုံးများနှင့် မှော်ရတနာများ ဝယ်ယူရန်မှာ လည်း မနည်းလှသော ပမာဏပင် ဖြစ်လေသည်။
ထို့ပြင် တိုက်ပွဲများစွာ ကြုံတွေ့ပြီးနောက် ထျန်ဖုန်းသည် မိမိနှင့် အသင့်တော်ဆုံး လက်နက်မှာ ဓားဖြစ် ကြောင်း ရှာဖွေတွေ့ရှိခဲ့လေသည်။ ထျန်ဖုန်းမှာ အစီအစဉ်များ ရှိနေသော်လည်း ထိုလမ်းကြောင်းမှာ အရင်းအမြစ်များစွာ လိုအပ်မည်ပင် ဖြစ်လေသည်။
"ရှင်... အဆင်ပြေရဲ့လားဟင်….။"
ထျန်ဖုန်း မျက်လုံးမှိတ်၍ စဉ်းစားနေစဉ် နူးညံ့ပျော့ပျောင်းသော အသံလေးတစ်ခု နားထဲသို့ တိုးဝင်လာ ခဲ့လေသည်။ ထိုအသံမှာ ငှက်ငယ်လေးတစ်ကောင်၏ အော်သံကဲ့သို့ သာယာကြည်လင်လှသည်။
ထျန်ဖုန်း မျက်လုံးဖွင့်ကြည့်လိုက်သောအခါ အသက် (၁၁) နှစ်၊ (၁၂) နှစ်ခန့်ရှိသော မိန်းကလေးငယ် တစ်ဦးမှာ သူ့ကို မျက်လုံးဝိုင်းလေးများဖြင့် ကြည့်နေသည်ကို တွေ့လိုက်ရသည်။ သူမတွင် ချစ်စဖွယ် မျက်နှာပေါက်ရှိပြီး နူးညံ့သိမ်မွေ့သော အလှတရားမျိုး ရှိလေသည်။ သူမသည် ပြုံးလျက် စိုးရိမ်တကြီး ကြည့်နေခြင်းဖြစ်လေသည်။
မလှမ်းမကမ်းတွင်မူ သူမ၏ ဂိုဏ်းတူအစ်ကိုနှစ်ယောက်က သူမကို တစ်ခုခုဖြစ်မည် စိုးရိမ်သကဲ့သို့ အဆင်သင့် အနေအထားဖြင့် ကြည့်နေကြလေသည်။
"အာ... ငါ အဆင်ပြေပါတယ်….။"
ထျန်ဖုန်းက တုံ့ဆိုင်းခြင်းမရှိဘဲ ဖြေလိုက်လေသည်။
"ကျွန်မ နာမည်က ယင်းအာပါ၊ ဖေးရှီးဂိုဏ်းကပါ။"
ယင်းအာက ချိုသာစွာ ပြုံးပြရင်း နှုတ်ဆက်လိုက်လေသည်။
"ရှင့်ကို ကြည့်ရတာ ချီစွမ်းအင်တွေ အကုန်သုံးလိုက်ရပုံပဲ။ ရှင့်မှာ ဆေးလုံးတွေ မပါဘူးလား…။"
"ငါ့နာမည်က ထျန်ဖုန်းပါ၊ လေလွင့်ကျင့်ကြံသူ တစ်ယောက်ပေါ့။ ဆေးလုံးလား...၊ ငါက များသောအား ဖြင့် တရားထိုင်ပြီးပဲ အားပြန်ဖြည့်လေ့ရှိတာ…။"
အမှန်စင်စစ် သူသည် ပင်ပန်းနွမ်းနယ်ခြင်းကို တစ်ခါမျှ မကြုံခဲ့ဖူးသဖြင့် ချီစွမ်းအင်ပြန်ဖြည့်ဆေးလုံး များ ကြိုတင်ပြင်ဆင်ထားခြင်း မရှိပေ။ နောက်ဆိုလျှင်တော့ အားဖြည့်ဆေးလုံးအချို့ ပြင်ထားမှ ဖြစ် ပေတော့မည်။
ယင်းအာသည် သူမ၏ သိုလှောင်အိတ်ထဲမှ ပုလင်းလေးတစ်လုံးကို ထုတ်ယူကာ ကြည်လင်နေသော ဆေးလုံးလေးတစ်လုံးကို ထျန်ဖုန်းအား ကမ်းပေးလိုက်လေသည်။
"ဒါကို ပြန်လည်အားဖြည့်ဆေးလုံးလို့ ခေါ်တယ်။ ချီစွမ်းအင်တွေကို မြန်မြန်ပြန်ပြည့်စေတယ်။ ကျွန်မမှာ လည်း အများကြီးမရှိလို့ ရှင့်ကို တစ်လုံးပဲ ပေးနိုင်မယ်နော်…။"
သူမ ပြောနေပုံမှာ အနည်းငယ် နှမြောနေဟန်ရှိသော်လည်း စိတ်ရင်းဖြင့် ပေးနေခြင်းပင်ဖြစ်လေသည်။ ထျန်ဖုန်းသည် ဤမိန်းကလေးငယ်မှာ အလွန်ချစ်စဖွယ်ကောင်းသည်ဟု ထင်မိသွားပြီး ဆေးလုံးကို တစ်ချက်ပင် မကြည့်ဘဲ ပါးစပ်ထဲ ကောက်ထည့်လိုက်လေသည်။
"ရှင်... အဆိပ်ပါနေမှာ မကြောက်ဘူးလား…။။"
ယင်းအာ မျက်လုံးဝိုင်းသွားပြီး
"ကျွန်မ ဆရာက ပြောဖူးတယ်...။ အပြင်ထွက်ရင် သူစိမ်းပေးတဲ့ အစားအစာကို အလွယ်တကူ မစား ရဘူးတဲ့…။"
"ဘာလို့လဲဆိုတော့ မင်းက လူကောင်းတစ်ယောက်လို့ ငါ ထင်လို့လေ…။"
ထျန်ဖုန်းက အဆိပ်မိမှာကို လုံးဝမပူဘဲ ပြုံး၍ ပြောလိုက်လေသည်။
"အွန်း...၊ ကျွန်မက လူကောင်းဆိုတာ ဟုတ်ပေမယ့် နောက်ဆိုရင်တော့ သူများပေးတာကို ချက်ချင်း မစားနဲ့ဦး။ အနည်းဆုံးတော့ အရင်ကြည့်ဦးမှပေါ့…။"
ယင်းအာက နှုတ်ခမ်းလေးစူကာ ပြောလိုက်သော်လည်း လူကောင်းဟု အချီးကျူးခံရသဖြင့် ပျော်ရွှင်နေ သည်မှာ အသိသာကြီးပင် ဖြစ်လေသည်။ သူမ ခဏစဉ်းစားပြီးနောက် မေးလိုက်သည်။
"ဒါနဲ့... အဲ့ဒီ အနက်ရောင်ကြေးခွံမြွေကြီးက ရှင့်နောက်ကို ဘယ်လောက်ကြာကြာ လိုက်လာတာလဲ…။"
ဤအချက်ကို သူမ သိချင်နေသည်မှာ ကြာလှပြီဖြစ်သည်။
"အမွှေးတိုင် နှစ်တိုင်စာလောက်တော့ ရှိမယ်ထင်တယ်…။"
အမွှေးတိုင်နှစ်တိုင်စာဆိုလျှင် အချိန် တစ်နာရီခွဲ သို့မဟုတ် တစ်နာရီခန့် ကြာမြင့်မည်ဖြစ်၏။
"လူလိမ်... လူလိမ်ကြီး….။"
ယင်းအာက နှုတ်ခမ်းစူကာ လုံးဝမယုံကြည်ဟန်ဖြင့် ပြောလိုက်လေသည်။
သာမန် ချီစွမ်းအင်သန့်စင်ခြင်း အဆင့် (၉) ကျင့်ကြံသူတစ်ဦးမှာ အနက်ရောင်ကြေးခွံမြွေကြီး၏ ရှေ့တွင် အမွှေးတိုင်တစ်တိုင်စာ မပြောနှင့်၊ ခဏလေးပင် တောင့်ခံနိုင်မည်မဟုတ်ပေ။
သူမက ထပ်မေးလိုက်လေသည်။
"ရှင်က အဲ့ဒီမြွေကြီးကို ဒဏ်ရာရအောင် လုပ်ခဲ့တာလို့တော့ မပြောနဲ့ဦးနော်…။"
ထျန်ဖုန်းက အတည်ပေါက် ခေါင်းညိတ်ပြလိုက်ပြန်လေသည်။
"ဒါပေါ့... မင်းက တော်တော်အကဲခတ် တတ်တာပဲ…။"
“ဘာလို့... ဘာလို့ ကျွန်မကို ခဏခဏ လိမ်ပြောနေရတာလဲ...။”
ယင်အာက မျက်လုံးဝိုင်းလေးများဖြင့် ထျန်ဖုန်းကို ဒေါသတကြီး စိုက်ကြည့်နေလေသည်။ ထျန်ဖုန်းကမူ ဘာကိုမျှ ဂရုမစိုက်ဘဲ ပုခုံးတွန့်ပြလိုက်လေသည်။
"ငါက မင်းလို ကလေးမလေးကို ဘာလို့ လိမ်ပြောရမှာလဲ…။"
"သူပြောတာတွေက အပိုတွေပါ...။"
"မဖြစ်နိုင်တာ။ အနက်ရောင်ကြေးခွံမြွေကြီးက သူ့နောက်ကို ဒီလောက်ကြာကြာ လိုက်တာတောင် သူက အစားမခံရသေးဘူးလား…။"
"အမွှေးတိုင်နှစ်တိုင်စာ မပြောနဲ့၊ တစ်တိုင်စာတောင် ငါ မယုံဘူး…။"
"သူက မြွေကြီးကို ဒဏ်ရာရအောင် လုပ်ခဲ့တယ်တဲ့လား။ နောက်နေတာပဲ ဖြစ်ရမယ်…။"
သူတို့နှစ်ဦး၏ စကားဝိုင်းကို လူအများက ကြားနေရသဖြင့် ဝေဖန်သံများ ချက်ချင်း ထွက်ပေါ်လာတော့ သည်။