မင်းအမေတောင် မင်းအဖေက ဘယ်သူလဲဆိုတာ သိမှာမဟုတ်ဘူး
Vol. 5 Ch. 45
“ဒီလောက်တောင် များတာလား... လူတစ်ယောက်ကို အပေါ်ယံကြည့်ယုံနဲ့အထင်သေးလို့ မရဘူးပဲ...။”
ချန်ရှန်းပေါင်မှာ အတော်ပင် အံ့အားသင့်သွားရသည်။ ချီစွမ်းအင်သန့်စင်ခြင်းအဆင့်မျှသာ ရှိသေးသော လူငယ်တစ်ဦးက ဤမျှများပြားသော မိစ္ဆာသားရဲများကို အမဲလိုက်နိုင်လိမ့်မည်ဟု သူ လုံးဝ ထင်မထား ခဲ့ပေ။
"မဖြစ်နိုင်တာ…။"
ဖုဝမ်က မယုံကြည်နိုင်စွာ အော်လိုက်လေသည်။
"ဘယ်လိုလုပ် ဒီလောက်အများကြီး ရှိနေရတာလဲ….။"
သူသည် ထိုမိစ္ဆာသားရဲများမှာ သက်ရှိထင်ရှားရှိစဉ်က အားနည်းသူများ မဟုတ်ကြောင်း ကောင်းစွာ သိမြင်နိုင်သည်။ ၎င်းတို့၏ အရှိန်အဝါနှင့် ပုံပန်းသဏ္ဌာန်ကို ကြည့်ရုံဖြင့်ပင် အလွယ်တကူ ရန်စ၍မရ သော သတ္တဝါများဖြစ်ကြောင်း သိသာလှပေသည်။
ဤအဆင့်ရှိ သားရဲတစ်ကောင်ကို တစ်ဦးတည်း ရင်ဆိုင်ရလျှင်ပင် အလွန် ဂရုစိုက်ရမည် ဖြစ်သည် ။တစ်ကောင်ကို သတ်ပြီးတိုင်းလည်း နောက်ထပ်တစ်ကောင်ကို မတိုက်ခိုက်မီ တစ်ရက်၊ နှစ်ရက်ခန့် အနားယူရလေ့ရှိသည်။
ပထမအချက်မှာ စွမ်းအင် အလွန်ကုန်ခမ်းခြင်းဖြစ်ပြီး၊ ဒုတိယအချက်မှာ အခြားသားရဲများကို ဆွဲဆောင် မိနိုင်သောကြောင့်ဖြစ်၏။ အကယ်၍ ဝိုင်းတိုက်ခံရပါက အသက်ပါပျောက်သွားနိုင်ပေသည်။
သို့သော် ဘယ်ကမှန်းမသိသည့် ဤလေလွင့်ကျင့်ကြံသူက တစ်ကြိမ်တည်းနှင့် အကောင်နှစ်ဆယ်၊ သုံးဆယ်ခန့်ကို ထုတ်ပြနေလေသည်မှာ မယုံနိုင်စရာပင်မဟုတ်ပါလား။
"ချန် မန်နေဂျာ... ဈေးတွက်ပေးလို့ ရပြီလား….။"
ထျန်ဖုန်းသည် လူအုပ်၏ တီးတိုးစကားများနှင့် အံ့ဩနေသော အကြည့်များကို လျစ်လျူရှုကာ မေး လိုက်လေသည်။
"ဟုတ်ကဲ့ပါ သခင်လေး...၊ ခဏလောက် စောင့်ပေးပါဦး….။"
ချန်ရှန်းပေါင်သည် ပထမထပ်မှ အရောင်းအဝယ်များကို မထိခိုက်စေရန် ဆိုင်အကူများကို ခေါ်၍ အမြန် စာရင်းတွက်ခိုင်းလိုက်လေသည်။
ခဏအကြာတွင် ချန်ရှန်းပေါင်သည် ထျန်ဖုန်းအနားသို့ ချဉ်းကပ်လာကာ ပြုံးလျက်ပြောလိုက်လေသည်။
"သခင်လေး... စာရင်းတွက်လို့ ပြီးပါပြီ…။"
သူ၏ လေသံမှာ ပိုမိုပျူငှာလာခဲ့လေသည်။
"မိစ္ဆာသားရဲ အသေကောင် စုစုပေါင်း (၂၃) ကောင် ရှိပါတယ်။ အဆင့် (၁) အလယ်အလတ်အဆင့် (၆) ကောင်နဲ့ အဆင့် (၁) နောက်ဆုံးအဆင့် (၁၇) ကောင် ပါပါတယ်….။"
"ဈေးနှုန်းကတော့ သားရဲရဲ့ ခွန်အားနဲ့ အမျိုးအစားပေါ် မူတည်ပြီး ကွာခြားမှုရှိနိုင်ပါတယ်။ စုစုပေါင်း စိတ်စိတ်ဝိညာဉ်ကျောက်တုံး (၆၉၀) ကျသင့်ပါတယ်။ ကျွန်တော်တို့ မိတ်ဆွေတွေ ဖြစ်သွားအောင်လို့ စိတ်စိတ်ဝိညာဉ်ကျောက်တုံး (၇၀၀)အတိနဲ့ ပေးပါ့မယ်…။"
ထျန်ဖုန်းက ခေါင်းညိတ်လိုက်လေသည်။ သူသည် ဈေးနှုန်းများကို သေချာမသိသော်လည်း ယွမ်လီနှင့် ချန်ယွင်တို့၏ အိတ်ထဲတွင် စိတ်စိတ်ဝိညာဉ်ကျောက်တုံး (၃၀) ခန့်သာ ရှိသည်ကို ထောက်ဆကြည့်လျှင် ဤဈေးမှာ သင့်တော်သည်ဟု သူ ယူဆနိုင်ပေသည်။
"ကောင်းပြီ...။ ဒါဆို ဒီဈေးနဲ့ပဲ အတည်ပြုလိုက်မယ်…။"
ချန်ရှန်းပေါင်သည် အလွန်ဝမ်းသာသွားသည်။ သူသည် ထျန်ဖုန်းကို ဈေးနှိမ်ခဲ့ခြင်း မဟုတ်ပေ။ သို့သော် ဤကဲ့သို့ ကုန်ပစ္စည်းအမြောက်အမြား ရရှိခြင်းက သူ၏ အရောင်းစွမ်းဆောင်ရည်အတွက် အမှတ်ရ စေသည်ပင်။ မိစ္ဆာသားရဲများ၏ သွေးကို အဆောင်လက်ဖွဲ့များ ပြုလုပ်ရာတွင် သုံးနိုင်ပြီး၊ အသားကို စားသောက်ဆိုင်များသို့ ရောင်းချနိုင်ကာ အတွင်းအမြုတေမှာလည်း အလွန်အဖိုးတန်လှပေသည်။
အနီရောင်နေမင်း လျှို့ဝှက်နယ်မြေ ဖွင့်တော့မည်ဖြစ်ရာ ယခုအချိန်တွင် ကုန်ကြမ်းများ စုဆောင်း ထားခြင်းက ဈေးကွက်ကို ကောင်းကောင်းချုပ်ကိုင်နိုင်မည်ပင်ဖြစ်သည်။ လက်သည်းနှင့် သွားများကို လက်နက်ပြုလုပ်နိုင်ပြီး၊ အရေခွံကို ချပ်ဝတ်တန်ဆာများ ပြုလုပ်နိုင်ပေသည်။
ချန်ရှန်းပေါင်သည် ထျန်ဖုန်းကို အထင်ကြီးသော မျက်လုံးများဖြင့် ကြည့်လိုက်လေသည်။ ကျူပေါင် ရတနာတိုက်တွင် အလုပ်လုပ်လာခဲ့သည့် နှစ်များအတွင်း ချီစွမ်းအင်သန့်စင်ခြင်း အဆင့် (၉) လေလွင့် ကျင့်ကြံသူတစ်ဦးက သားရဲအသေကောင် အမြောက်အမြားကို တစ်ပြိုင်နက် လာရောင်းသည်ကို သူ တစ်ခါမျှ မမြင်ဖူးခဲ့ပေ။ ဤလူမှာ သာမန်လူ မဟုတ်နိုင်ကြောင်း သူ သေချာပေါက် သိလိုက်သည်။
"မဆိုးပါဘူး ကောင်လေးရာ…။"
ထိုအချိန်တွင် ဘေးမှနေ၍ စူးရှသောအသံတစ်သံ ထွက်ပေါ်လာခဲ့၏။ ၎င်းမှာ ဖုဝမ် ပင် ဖြစ်သည်။ သူ၏ စကားများမှာ လှောင်ပြောင်မှုနှင့် အထက်စီးဆန်မှုများ ပါဝင်နေဆဲပင်။
"မင်း သိတတ်မယ်ဆိုရင် အဲ့ဒီ စိတ်စိတ်ဝိညာဉ်ကျောက်တုံးတွေရဲ့ တစ်ဝက်ကို ငါ့ကို ပေးလိုက်။ အဲ့ဒါဆို ခုနက မင်းရဲ့ အမူအရာကို ငါ ခွင့်လွှတ်ပေးမယ်၊ ငါတို့ကြားက ရန်ငြိုးတွေကိုလည်း အားလုံး မေ့ပေး လိုက်မယ်…။"
ဖုဝမ်က လက်ပိုက်လျက် မာန်ပါပါ ပြောလိုက်လေသည်။ သူသည် စိတ်စိတ်ဝိညာဉ်ကျောက်တုံး (၇၀၀) ဆို သော ပမာဏကို မျက်စိကျသွားခြင်းပင် ဖြစ်လေ၏။ လှေပျံတစ်စင်းကိုပင် စိတ်ဝိညာဉ်ကျောက်တုံး(၂၀၀) ခန့်ဖြင့် ဝယ်နိုင်ပေသည်။ တစ်ဝက်ရလျှင်ပင် (၃၅၀) ဖြစ်သည့်အတွက် နည်းသည့် ပမာဏတော့ မဟုတ် ချေ။
သူသည် ထိုမျှနှင့် ကျေနပ်မည့်သူတော့ မဟုတ်ပေ။ သူသည် ရှောင်ကျင်းမြို့ပြင်သို့ ရောက်သည်နှင့် ဤ လေလွင့်ကျင့်ကြံသူကို သတ်ရန် အစီအစဉ်ရှိပြီးသားဖြစ်၏။ မည်သို့ပင်ဆိုစေ လေလွင့်ကျင့်ကြံသူမှာ နောက်ခံအင်အား မရှိနိုင်ပေ။ ရှိလျှင်ပင် အနီရောင်နေမင်းဂိုဏ်းကို ယှဉ်နိုင်ပါ့မည်တဲ့လား။
ဖုဝမ်သည် စိတ်ထဲတွင် ကျိတ်၍ ပျော်နေခဲ့သည်။
*ရှောင်ကျင်းမြို့မှာ မင်းကို အသက်ရှင်ရခက်အောင် လုပ်ဖို့ ငါ့မှာ နည်းလမ်းပေါင်း တစ်ရာလောက် ရှိတယ်။ အရင်ဆုံး စိတ်ဝိညာဉ်ကျောက်တုံး တစ်ဝက်ကို အိတ်ထဲ အရင်ထည့်ထားလိုက်မယ်၊ ပြီးမှ ဒီကောင် ကို ဖြည်းဖြည်းချင်း နှိပ်စက်ရတာပေါ့….။*
သူ ဘာတွေးနေသည်ကို မည်သူမျှ မသိနိုင်ပေ။ ချန်ရှန်းပေါင်ကမူ မျက်နှာပျက်သွားကာ ၊
"ဖု သခင်လေး...၊ ကျွန်တော့်ရဲ့ ကျူပေါင် ရတနာတိုက်က ဧည့်သည်တွေကို မခြိမ်းခြောက်ပါနဲ့လား…။"
"ချန် မန်နေဂျာ... ကျွန်တော် ခင်ဗျားဆိုင်ထဲမှာ ဘာမှမလုပ်ခဲ့ဘူး မဟုတ်လား။ ကျွန်တော်က သူ့ကို အမှန်တရားကို ပြောပြနေတာပဲ၊ အဲ့ဒါလည်း မရဘူးလား…။"
ဖုဝမ်က ဘာမှမသိသလို လက်ကို ဖြန့်ပြလိုက်လေသည်။
ချန်ရှန်းပေါင်သည် တစ်ဖက်လူက လက်တွေ့ တိုက်ခိုက်ခြင်း မရှိသေးသဖြင့် ဆိုင်၏ စည်းကမ်းကို မချိုး ဖောက်သေးသောကြောင့် ဆက်မပြောတော့ပေ။ ထို့ပြင် ဖုဝမ်၏ ဖခင်မှာ အနီရောင်နေမင်းဂိုဏ်းမှ အကြီးအကဲတစ်ဦး ဖြစ်ပြီး အခြေခံအုတ်မြစ်တည်ဆောက်ခြင်း အဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိ နေသူဖြစ်ရာ သူ့ကို အလွန်အကျွံ ရန်မစမိရန် သတိထားရမည် ဖြစ်၏။
ထျန်ဖုန်းသည် ဖုဝမ်ကို ကြည့်ကာ စိတ်ထဲမှ တိတ်တဆိတ် ရယ်မောလိုက်သည်။ သူတို့ကြားက ရန်ငြိုး ပိုမိုနက်ရှိုင်းသွားလေ သူက ပို၍ ပျော်လေပင်။ သူသည် အံ့ဩဟန်ဖြင့် မေးလိုက်လေသည်။
"ငါက ဘာလို့ မင်းကို တစ်ဝက်ပေးရမှာလဲ။ ငါက မင်းရဲ့ အဖေမို့လို့လား…။"
"မင်း... မင်း သေချင်နေတာပဲ….။"
ဖုဝမ်သည် ဒေါသတကြီး အော်ဟစ်လိုက်လေသည်။ သူ၏ ဖခင်မှာ မည်သူဖြစ်ကြောင်း တစ်မြို့လုံး သိကြသည်။ မည်သူကမှ ဤကဲ့သို့ ပြက်ရယ်မပြုရဲကြပေ။
*ဒီကောင် ရူးနေတာလား* ဟု လူတိုင်း တွေးမိသွားကြသည်။
ဖုဝမ်သည် တစ်ခုခုကို သတိရသွားသကဲ့သို့ ထျန်ဖုန်းကို စိုက်ကြည့်ကာ၊
"ငါ့အဖေက ဘယ်သူလဲဆိုတာ မင်း သိလား…။"
ဤလူသည် သူ၏ဖခင် မည်သူဖြစ်ကြောင်း မသိ၍သာ ဤမျှ ရဲတင်းနေခြင်းဖြစ်မည်ဟု သူ ထင်လိုက် ခြင်းဖြစ်သည်။ မည်သူကမှ သူတို့ကို ဤသို့ မစော်ကားရဲကြပေ။
ထိုစကားကို ကြားသောအခါ ထျန်ဖုန်းမှာ ရယ်ချင်စိတ်ကို မနည်းအောင့်ထားလိုက်ရသည်။ တစ်ဖက် လူက သူ့မျက်နှာကို လာရိုက်ပါဟု တောင်းဆိုနေသကဲ့သို့ပင်။ သူသည် ခေတ္တမျှ စဉ်းစားဟန်ပြုကာ ၊
"အင်း... ငါလည်း မသိဘူး။ အဲ့ဒီတုန်းက လူတွေ တအားများနေတာကိုး။ ငါ့ကို ထားလိုက်ပါဦး...၊ မင်းအမေတောင် မင်းအဖေက ဘယ်သူလဲဆိုတာ မှတ်မိပါဦးမလား မသိဘူး…။"
"ဟားဟားဟား...။"
"ဖူး..."
လူအများမှာ သူတို့နှစ်ဦး၏ အခြေအတင်စကားများကို စိတ်ဝင်တစား နားထောင်နေကြခြင်းဖြစ်သည်။ ထျန်ဖုန်း၏ စကားကို ကြားလိုက်ရသောအခါ အားလုံး မအောင့်နိုင်ဘဲ ပွဲကျကုန်ကြလေတော့သည်။
ချန်ရှန်းပေါင်ပင်လျှင် အတင်း အောင့်အီးထားသော်လည်း ပါးစပ်ကို လက်ဖြင့် အုပ်လိုက်ရတော့သည်။
"မင်း..."
ဖုဝမ်၏ မျက်နှာမှာ ဒေါသကြောင့် ပြာနှမ်းသွားလေသည်။ လူအများ၏ တိုးတိုးတိတ်တိတ် ရယ်သံများ ကို ကြားရသောအခါ သူ ပို၍ ရူးမတတ် ဒေါသဖြစ်လာခဲ့လေသည်။
"မင်း သေချင်နေတာပဲ။ ငါ့အဖေက ဘယ်သူလဲဆိုတော့...။"
ဖုဝမ်သည် သူ၏ ပုံသေစကားကို ဆက်ပြောရန် ကြိုးစားသော်လည်း တစ်ဖက်လူက ထပ်၍ စော်ကား မည်ကို ကြောက်သဖြင့် ခေတ္တ ရပ်သွားခဲ့သည်။
"ငါ့အဖေက အနီရောင်နေမင်းဂိုဏ်းရဲ့ အကြီးအကဲပဲ၊ အခြေခံအုတ်မြစ်တည်ဆောက်ခြင်း အဆင့်ရဲ့ အထွတ်အထိပ်မှာ ရှိနေတာ…။"
"မင်း နောင်တရဖို့ အချိန်နှောင်းသွားပြီ၊ မင်း သေရတော့မယ်….။"
ဖုဝမ်သည် ထျန်ဖုန်း၏ ထိတ်လန့်နေသော မျက်နှာထားကို မြင်လိုသဖြင့် အော်ဟစ်လိုက်သည်။ သူသည် ထျန်ဖုန်းက ဒူးထောက် တောင်းပန်လာလိမ့်မည်ဟု မျှော်လင့်ထားခြင်းပင်ဖြစ်သည်။
သို့သော် သူ စိတ်ပျက်သွားခဲ့ရလေသည်။ ထျန်ဖုန်းမှာမူ အေးအေးဆေးဆေးတည်တည်ငြိမ်ငြိမ်ပင် ရှိနေခဲ့၏။
သူသည် နားထဲမှ နားဖာချေးကို ကလော်ထုတ်ကာ အံ့ဩဟန်ဆောင်လျက်၊
"အိုး... တကယ်ကြီးလား၊ အရမ်းအထင်ကြီးစရာပဲ…။"
ထို့နောက် သူက သိချင်စိတ်ဖြင့် မေးလိုက်ပြန်လေသည်။
"ဒါနဲ့... သူက တကယ်ပဲ မင်းရဲ့ အဖေလား….။"
"ဟူး... ဒီလူက တကယ်ပဲ သေချင်နေတာလား…။"
လူတိုင်း ထျန်ဖုန်းကို ထိတ်လန့်တကြား ကြည့်နေကြသည်။ ဤစကားသည် ဖုမိသားစု တစ်ခုလုံးကို အဆုံးစွန်ထိ စော်ကားလိုက်ခြင်းပင် ဖြစ်လေသည်။ ဖုဝမ်လည်း ဆွံ့အသွားရလေသည်။ ဤမျှအထိ နှုတ်သီးကောင်းလျှာပါးလှသောသူကို သူ တစ်ခါမျှ မတွေ့ခဲ့ဖူးပေ။
*သူက တကယ်ပဲ ကြောက်စိတ်မရှိတာလား၊ ဒါမှမဟုတ် တစ်ခုခုကို ယုံကြည်ချက်ရှိနေလို့လား…။*
ဟူသော မေးခွန်းမှာ လူတိုင်း၏ စိတ်ထဲတွင် ပေါ်ပေါက်လာခဲ့သည်။
"မင်း သေတော့မှာပဲ ကောင်လေး…။"
စကားနိုင်မလုနိုင်တော့မှန်း သိလိုက်ရပြီး ဆိုင်ထဲတွင်လည်း တိုက်ခိုက်၍ မရသဖြင့် ဖုဝမ်သည် ခြိမ်းခြောက်စကား ဆိုကာ ဆိုင်ပြင်သို့ ထွက်သွားလေတော့သည်။ ထျန်ဖုန်းကမူ နောက်မှ လှမ်းအော် လိုက်သေး၏။
"မင်းအမေကို ပြန်မေးဦးမလို့လား။ သူလည်း မှတ်မိမှာ မဟုတ်ဘူးနော်…။"
ဖုဝမ်သည် ခြေလှမ်းများ ယိုင်နဲ့သွားပြီး မျက်နှာမှာ ပို၍ မည်းမှောင်သွားသော်လည်း ဘာမှပြန်မပြောဘဲ ထွက်သွားခဲ့သည်။ ကျူပေါင် ရတနာတိုက်ထဲတွင် တိုက်ခိုက်၍ မရသလို၊ စကားပြောရာတွင်လည်း သူက ရှုံးနေသည် မဟုတ်ပါလား။
ဆိုင်ပြင်ရောက်သည်နှင့် သူ၏ ဒေါသကို မထိန်းနိုင်တော့ပေ။
"ငါ ဒီမှာပဲ စောင့်မယ်။ သူ ထွက်လာတာနဲ့ ဒီနေရာမှာတင် သတ်ပစ်မယ်….။"
"မဟုတ်ဘူး... သူ့လျှာကို အရင်ဆုံး ဆွဲထုတ်ပစ်ရမယ်….။"
သူ၏ မျက်လုံးများမှာ အေးစက်လှပြီး ကြမ်းတမ်းနေခဲ့၏။ သူ၏ တစ်သက်တာတွင် ဤမျှကြီးမားသော အရှက်ကွဲမှုမျိုးကို မကြုံဖူးပေ။
"စီနီယာအစ်ကို ဖု... ဒီကိစ္စကို သေချာစဉ်းစားသင့်တယ်လို့ ထင်တယ်….။"
ဂိုဏ်းတူညီငယ်တစ်ဦးက အကြံပေးလေသည်။
"တောက်... မင်းကို ငါ ဆဲလိုက်ရမလား….။"
ဖုဝမ်က ဒေါသတကြီး ပြန်အော်လိုက်လေသည်။
"ငါ ဒီလောက် အရှက်ကွဲနေတာကို မင်းက သေချာစဉ်းစားပါဦးဆိုတာ ဘာသဘောလဲ…။"
"အစ်ကို ဖု...၊ ကျွန်တော့်အထင်တော့ သူ့ရဲ့နောက်ခံကို အရင် စုံစမ်းသင့်တယ်။ သူက အကြီးအကဲ ဖု ကိုတောင် လုံးဝ မကြောက်ဘူး။ သူ့မှာ အစွမ်းထက်တဲ့ နောက်ခံ ရှိနေနိုင်တယ်။ မဆင်မခြင် သတ်မိရင် ဒုက္ခရောက်ကုန်မယ်….။"
အခြားတစ်ဦးကလည်း အကြံပြုလိုက်လေသည်။
ဖုဝမ်သည် လူအ မဟုတ်သဖြင့် မေးစေ့ကို ပွတ်ကာ ငြိမ်သက်သွားလေသည်။ သို့သော် သူ၏ဒေါသကို မျိုသိပ်ရန်မှာမူ မဖြစ်နိုင်ခဲ့ပေ။
"သူ့မှာ နောက်ခံတစ်ခုခု ရှိလိမ့်မယ်လို့ ကျွန်တော် ထင်တယ်။ ဒီလောက် သားရဲတွေ အများကြီး သတ်နိုင် တာက တစ်ယောက်ယောက်က ကူညီပေးထားလို့ပဲ ဖြစ်ဖြစ်၊ သူကိုယ်တိုင်က အရမ်းတော်လို့ပဲ ဖြစ်ဖြစ် တစ်ခုခုတော့ ရှိမှာပဲလေ….။"
"ပြီးတော့ သူ့ရဲ့ မခန့်လေးစား လုပ်နေတဲ့ပုံစံက သူ့ကိုယ်သူ ယုံကြည်ချက်ရှိနေတာ၊ ဒါမှမဟုတ် အင်အား ကြီးတဲ့ နောက်ခံရှိနေတာ ဖြစ်လိမ့်မယ်…။"
"ဒါပေမဲ့ သူက အကြီးအကဲ ဖု ကို စော်ကားခဲ့တာဆိုတော့ သူ့ကို ဖမ်းဆီးပြီး နှိပ်စက်ရအောင်။ ပြီးမှ သူ့ရဲ့ လူကြီးတွေကို လာပြီး တောင်းပန်ခိုင်းရမယ်။ အဲ့ဒါဆိုရင် ငါတို့ဘက်က ဘယ်သူမှ ဘာမှပြောလို့ မရ တော့ဘူး။ သူ့မှာ နောက်ခံမရှိရင်တော့ သူ့အသက်ကို ငါတို့ စိတ်ကြိုက် စီရင်လို့ရပြီ…။"
ဖုဝမ်သည် ဂိုဏ်းတူညီငယ်များ၏ စကားကို နားထောင်ရင်း ခေါင်းညိတ်လိုက်လေသည်။
ထိုစဉ် အခြားတစ်ဦးက ပြောလိုက်သည်။
"သူက ချီစွမ်းအင်သန့်စင်ခြင်း အဆင့် (၉) ဆိုတော့ အနီရောင်နေမင်း လျှို့ဝှက်နယ်မြေကို လာတာ များလား…။"
ထိုစကားကို ကြားလိုက်ရသောအခါ ဖုဝမ်၏ မျက်လုံးများမှာ ချက်ချင်း ဝင်းပသွားလေတော့သည်။