← Chapters

ဖုဝမ်၏ သေလမ်းရှာ အစီအစဉ်

Vol. 5 Ch. 46

ဖုဝမ်၏ သေလမ်းရှာ အစီအစဉ်

Vol. 5 Ch. 46

*သူက အနီရောင်နေမင်း လျှို့ဝှက်နယ်မြေကို လာရောက်ယှဉ်ပြိုင်မှာဆိုရင်တော့ ငါတို့ လုပ်နိုင်တာတွေ အများကြီး ရှိတာပေါ့…။*

"ဟုတ်တယ်... ဒါပဲ၊ သူ လျှို့ဝှက်နယ်မြေကို လာမှာ သေချာတယ်…။"

ဖုဝမ်သည် ထိုအချက်ကို တွေးမိကာ အလွန်စိတ်လှုပ်ရှားသွားခဲ့လေသည်။

"ဒါဆိုရင်တော့ ငါ့အနေနဲ့ သူ့ကို အပြင်မှာ ကလဲ့စားချေစရာ မလိုတော့ဘူး…။"

"လျှို့ဝှက်နယ်မြေထဲ ရောက်တဲ့အခါကျမှ သူ့ဆီက ပစ္စည်းအားလုံးကို လုယူပြီး ကလဲ့စားချေရမယ်…။"

"ပြီးရင် သူ့ကို အရှက်ခွဲမယ်၊ ပြီးမှ သတ်ပစ်မယ်။ အထဲမှာဆိုရင် သူ ဘယ်လောက်ပဲ အော်ဟစ်အကူ အညီတောင်းပါစေ၊ ဘယ်သူမှ လာကယ်နိုင်မှာ မဟုတ်ဘူး…။"

"သူ သေသွားရင်တောင်မှ ဒါဟာ ငါတို့လက်ချက်ဆိုတာ သူ့ရဲ့လူကြီးတွေဆီမှာ ဘာသက်သေမှ ရှိမှာ မဟုတ်ဘူး….။"

"အပြစ်ပြောစရာ မရှိတဲ့ အစီအစဉ်ပဲ...၊ ဟားဟားဟား…။"

ဖုဝမ်သည် ယခုအချိန်တွင် ကလဲ့စားမချေတော့ဘဲ လျှို့ဝှက်နယ်မြေထဲ၌ ကလဲ့စားချေရသည်မှာ ပို၍ အားရစရာကောင်းလိမ့်မည်ဟု ဆုံးဖြတ်လိုက်သည်။

ရှောင်ကျင်းတောင်တန်းအနီးတွင် ရန်ငြိုးရှိသော ဂိုဏ်းသားများသည် လျှို့ဝှက်နယ်မြေထဲတွင် ပြဿနာ များကို ဖြေရှင်းလေ့ရှိကြပေသည်။ ထိုနေရာတွင် မည်သူမှ မသိနိုင်သလို မည်သည့်သဲလွန်စမျှလည်း ကျန်ရစ်မည် မဟုတ်ပေ။

အကယ်၍ တစ်ဖက်လူက သိသွားလျှင်ပင် အခြားဂိုဏ်း၏ လူကြီးများမှာ ကလဲ့စားချေရန် ခိုင်လုံသော အကြောင်းပြချက် ပြစရာ မရှိပေ။ ထို့ကြောင့် လျှို့ဝှက်နယ်မြေအထဲသည် လူသတ်လုယက်ရန်အတွက် အကောင်းဆုံးနေရာပင် ဖြစ်လေတော့သည်။

"တစ်ယောက်ယောက်က သူ့ကို စောင့်ကြည့်ထားလိုက်။ သူ ထွက်ပြေးဖို့ ကြိုးစားရင် ငါ့ကို ချက်ချင်း လာပြော….။"

..................

"ဒီလူက တကယ်ပဲ သေရမှာ မကြောက်တာလား….။"

"ဒါမှမဟုတ် နွားပေါက်လေးမို့ ဘာမှမကြောက်တာလား မသိဘူး….။"

"သူက ငယ်ပါသေးတယ်။ သူ့မှာ နောက်ခံအင်အား ရှိရင်တောင် အကြီးအကဲ ဖု က သူ့ကို လွှတ်ပေးမှာ မဟုတ်ဘူး။ သူ မသေရင်တောင်မှ တောင်းပန်ရလိမ့်မယ်….။"

လူအုပ်ကြားတွင် တီးတိုးစကားများ ပျံ့နှံ့နေခဲ့လေသည်။

"အို... သခင်လေးရယ်၊ မင်းက တော်တော် စိတ်လိုက်မာန်ပါ လုပ်တာပဲ။ အားရစရာတော့ ကောင်းပေ မယ့်...။"

ချန် မန်နေဂျာက စကားစဖြတ်လိုက်ပြီး လမ်းကြောင်းပြောင်းလိုက်သည်။

"စိတ်စိတ်ဝိညာဉ်ကျောက်တုံးတွေကို ခုပဲ ပေးလိုက်ရမလား…။"

ထျန်ဖုန်းကမူ ဘာကိုမှ ဂရုမစိုက်ပေ။

*သေရမှာလား...၊ သူ သေဖူးသည်မှာ တစ်ခါမကတော့ပေ….။*

"မလောပါနဲ့ဦး၊ ငါ ဝယ်စရာလေးတွေ ရှိသေးတယ်….။"

ချန်ရှန်းပေါင်သည် ထိုစကားကို ကြားသောအခါ အလွန်ဝမ်းသာသွားခဲ့လေသည်။ တကယ့်ကိုပင် အထူး ဧည့်သည်တော်တစ်ယောက်ပင်။

*သူက ပစ္စည်းလာရောင်းပြီး ရလာတဲ့ ကျောက်တုံးတွေနဲ့ ငါ့ဆီက ပစ္စည်းတွေ ပြန်ဝယ်ဦးမှာပဲ…။*

"ဘာများ ဝယ်ချင်လို့ပါလဲ သခင်လေး….။"

ချန်ရှန်းပေါင်က ဆိုင်အကူများကို သားရဲအသေကောင်များ သိမ်းဆည်းရန် ညွှန်ကြားရင်း မေးလိုက် လေသည်။

ပုံမှန်အားဖြင့်ဆိုလျှင် ထျန်ဖုန်းကဲ့သို့ ကျင့်ကြံသူကို ဆိုင်အကူများဖြင့်သာ ကိုင်တွယ်ခိုင်းလေ့ရှိသော် လည်း ချန် မန်နေဂျာကမူ ဤဧည့်သည်မှာ သာမန်မဟုတ်ဘဲ အနည်းဆုံး စိတ်ဝိညာဉ်ကျောက်တုံး (၇၀၀) ပိုင်ဆိုင်ထားသူဖြစ်ကြောင်း သိနေပြီပင်မဟုတ်ပါလား။

"သိပ်အများကြီး မဟုတ်ပါဘူး၊ ငါ့ရဲ့ ချီစွမ်းအင်တွေ ပြန်ဖြည့်ဖို့ ဆေးလုံးတွေနဲ့ အဆောင်လက်ဖွဲ့ အချို့ ဝယ်ချင်တာပါ…။"

ချန်ရှန်းပေါင်က ပို၍ ပျော်ရွှင်သွားကာ ၊

"ဒါဆိုရင် အပေါ်ထပ်ကို ကြွပါ သခင်လေး။ ဆေးလုံးတွေနဲ့ အဆောင်တွေက အပေါ်ထပ်မှာ ရှိပါ တယ်..။"

ပထမထပ်တွင်မူ လက်နက်များနှင့် ချပ်ဝတ်တန်ဆာများကို အဓိကထားရောင်းချပြီး ဆေးလုံးနှင့် အဆောင်များမှာ အမျိုးအစား သိပ်မစုံလင်လှပေ။ ထျန်ဖုန်း ခေါင်းညိတ်ပြလိုက်ပြီး ချန် မန်နေဂျာ၏ နောက်မှ ဒုတိယထပ်သို့ လိုက်ပါသွားခဲ့လေသည်။

ဒုတိယထပ်မှာ ပထမထပ်ထက် ပိုမိုခမ်းနားပြီး ဧည့်သည်လည်း နည်းပါးလေသည်။ ကောင်တာ တစ်ခု ချင်းစီတွင် ပစ္စည်းအမျိုးမျိုးကို ခင်းကျင်းပြသထားလေသည်။ ဆေးလုံးပုလင်းများနှင့် လက်ဝါးခန့် ရှိသော အဆောင်လက်ဖွဲ့များကို တွေ့ရလေ၏။

၎င်းတို့အားလုံးမှာ မှိန်ပျပျ အလင်းတန်းများ ထွက်ပေါ်နေပြီး အတွင်း၌ ဝိညာဉ်စွမ်းအင်များ စီးဆင်း နေကြလေသည်။ ထိုနေရာတွင် ကျင့်စဉ်များကိုပင် ရောင်းချပေးနေသည်ပင်။

"သခင်လေး... ဒါကတော့ သွေးရှင်သန်ခြင်းဆေးလုံး ပါ၊ ချီစွမ်းအင်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူတွေ အတွက် အနာကျက်စေဖို့ အသင့်တော်ဆုံးပါပဲ…။"

ချန် မန်နေဂျာက ဆေးပုလင်းတစ်လုံးကို ပြလိုက်လေသည်။

"ဒါကတော့ ပြန်လည်အားဖြည့်ဆေးလုံးပါ၊ ချီစွမ်းအင် ပြန်ဖြည့်ဖို့အတွက် အကောင်းဆုံးပေါ့…။"

"ဒါကတော့ လေပွေခြေလှမ်းအဆောင်ပါ။ ဒါကို သုံးရင် လေရဲ့ အကူအညီနဲ့ ခွန်အားတိုးစေမယ်၊ ခန္ဓာ ကိုယ်ကို ပေါ့ပါးစေပြီး သွားလာလှုပ်ရှားမှု အမြန်နှုန်းကို မြှင့်တင်ပေးနိုင်ပါတယ်….။"

ချန်ရှန်းပေါင်၏ ရှင်းပြချက်များကို ကြားပြီးနောက် ထျန်ဖုန်းသည် သူလိုချင်သည်ကို ဆုံးဖြတ်လိုက် လေသည်။

"ငါ့ကို သွေးအားကောင်းဆေးလုံး တစ်ပုလင်း၊ ပြန်လည်အားဖြည့်ဆေးလုံး နှစ်ပုလင်းနဲ့ လေပွေ ခြေလှမ်းအဆောင် သုံးခု ပေးပါ…။"

စနစ်က ပေးထားသည်များ ရှိသော်လည်း ယခုအချိန်တွင် သူ၏ အပြေးဒင်္ဂါးများနှင့် တိုက်ပွဲဝင်အမှတ် များမှာ နည်းပါးနေသေးသည်။ ထိုအမှတ်များကို ပို၍ အသုံးဝင်မည့်နေရာတွင် သုံးရန်အတွက်သာ သူ စဉ်းစားထားလေသည်။

ချန် မန်နေဂျာက ပြုံးလျက်၊

"သွေးအားကောင်းဆေးလုံးနဲ့ ပြန်လည်အားဖြည့်ဆေးလုံးက တစ်ပုလင်းကို စိတ်စိတ်ဝိညာဉ်ကျောက်တုံး (၂၀) ကျသင့်ပြီး တစ်ပုလင်းမှာ ငါးလုံး ပါပါတယ်။ လေကွယ်ခြေလှမ်းအဆောင်ကလည်း တစ်ခုကို စိတ်စိတ်ဝိညာဉ်ကျောက်တုံး (၂၀) ပါပဲ…။"

"ငါ့ကို လျှော့ပေးဦးမှာလား….။"

ထျန်ဖုန်းက ပြုံး၍ မေးလိုက်လေသည်။

"မူလဈေးက (၁၂၀) ကျသင့်တာပါ၊ ဒါပေမဲ့ သခင်လေးအတွက် (၁၁၀) ပဲ ယူပါ့မယ်…။"

ချန် မန်နေဂျာက နှမြောဟန်ဖြင့် ပြောလိုက်လေသည်။

ထျန်ဖုန်းသည် ဆက်၍ ဈေးဆစ်လျှင် အနည်းငယ် ထပ်လျော့နိုင်ကြောင်း သိသော်လည်း ထိုသို့လုပ်ရန် မလိုအပ်ဟု ယူဆလိုက်လေသည်။

“ကောင်းပြီ... ဒါဆိုရင် သဘောတူတယ်…။”

ပစ္စည်းများနှင့် ကျန်ရှိသော စိတ်စိတ်ဝိညာဉ်ကျောက်တုံးများကို သိမ်းဆည်းပြီးနောက် ထျန်ဖုန်းသည် ကျူပေါင် ရတနာတိုက်မှ ထွက်ခွာလာပြီး တည်းခိုခန်းတစ်ခုတွင် အခြေချလိုက်လေသည်။

သိပ်မကြာမီမှာပင် ဖုဝမ်သည် ထျန်ဖုန်း ဘာတွေဝယ်သွားခဲ့သည်ဆိုသော သတင်းကို ရရှိလိုက်လေ သည်။

“သူက တကယ်ပဲ သွေးနီရောင်လျှို့ဝှက်နယ်မြေထဲကို ဝင်ဖို့ ပြင်နေတာလား…။”

“ဒါက သေတွင်းထဲကို ကိုယ်တိုင်ဆင်းတာပဲ...။ သူက သေချင်နေမှတော့ ငါလည်း သူ့ကို အလွယ်တကူ သေခွင့်ပေးမှာ မဟုတ်ဘူး…။”

ဖုဝမ်သည် သူ၏ ကလဲ့စားချေမည့် အစီအစဉ်ကို စတင်ရေးဆွဲနေပြီဖြစ်၏။ ကျူပေါင် ရတနာတိုက်တွင် ဖြစ်ပျက်ခဲ့သည်ကို တွေးမိတိုင်း သူ ဒေါသအလိပ်လိပ် ထွက်နေရသည်ပင်။

..................

"ဒီနေ့တော့ လူတွေ အတော်များသားပဲ…။"

တည်းခိုခန်းတွင် ရက်အနည်းငယ် ထပ်မံကျင့်ကြံပြီးနောက် အနီရောင်နေမင်း လျှို့ဝှက်နယ်မြေ ဖွင့်မည့် နေ့သို့ ရောက်ရှိလာခဲ့လေသည်။ ရှောင်ကျင်းမြို့လယ်ရှိ ရင်ပြင်ကြီးမှာ ကျင့်ကြံသူများဖြင့် စည်ကားလှ ပြီး သွားလာနေသူများစွာ ရှိနေခဲ့သည်။

လျှို့ဝှက်နယ်မြေအတွင်း ဝင်ရောက်ရန် တန်းစီနေသော လေလွင့်ကျင့်ကြံသူများစွာလည်း ရှိနေကြ သည်။ အခြားသော လေလွင့်ကျင့်ကြံသူ အမြောက်အမြားမှာမူ ဘေးမှ ကြည့်နေကြရုံသာ ရှိသည်။

မည်သို့ပင်ဆိုစေ လျှို့ဝှက်နယ်မြေအတွင်း သေဆုံးနှုန်းမှာ အလွန်မြင့်မားလှသဖြင့် လူတိုင်းမှာ ဝင်ရဲ သော သတ္တိ မရှိကြပေ။

ထျန်ဖုန်းသည် လူအုပ်နောက်မှ လိုက်ပါလာရာ မကြာမီမှာပင် သူ၏ အလှည့်သို့ ရောက်ရှိလာခဲ့သည်။ ချီစွမ်းအင်သန့်စင်ခြင်း အဆင့် (၇) သို့မဟုတ် (၈) ရှိသော ကျင့်ကြံသူ အချို့မှာ စားပွဲတွင် ထိုင်နေကြပြီး သူတို့မှာ အင်အားကြီးဂိုဏ်းကြီးများမှ တပည့်များ ဖြစ်ကြလေသည်။ ဤနေရာမှာ ဂိုဏ်းကြီးများက ဝင်ကြေး ကောက်ခံသည့် နေရာပင်ဖြစ်လေသည်။

လေလွင့်ကျင့်ကြံသူ တစ်ဦးလျှင် စိတ်စိတ်ဝိညာဉ်ကျောက်တုံး (၁၀) တုံး ပေးဆောင်ရပြီး ထိုငွေများကို ဂိုဏ်းကြီးများက အချိုးကျ ခွဲဝေယူကြလေသည်။ အမှန်စင်စစ် ဤဂိုဏ်းကြီးများမှာ ဤဝင်ကြေးကိုသာ မက်မောနေခြင်း မဟုတ်ဘဲ ပိုမိုကြီးမားသော အစီအစဉ်များ ရှိနေကြခြင်းသာ ဖြစ်လေသည်။

"ဝင်ကြေးက စိတ်ဝိညာဉ်ကျောက်တုံး (၁၀) တုံးပဲ။ စည်းကမ်းတွေကို ခင်ဗျား သိတယ်မလား…။"

ဖေးရှီးဂိုဏ်းမှ တပည့်တစ်ဦးက ပြောလိုက်သည်။ အခြားဂိုဏ်းမှ တပည့်များကလည်း ဘေးမှနေ၍ တစ်ဦးကိုတစ်ဦး စောင့်ကြည့်နေကြလေသည်။

ထျန်ဖုန်းသည် အနီရောင်နေမင်း လျှို့ဝှက်နယ်မြေ၏ စည်းကမ်းများကို ကောင်းကောင်း သိရှိထား ပြီးသား ဖြစ်ပေသည်။ သက်ဆိုင်ရာ စည်းကမ်းချက်များကို အပြင်ဘက်တွင် ကပ်ထားသည် မဟုတ်ပါ လား။

ဝင်ကြေး (၁၀) တုံးမှာ အသေးအဖွဲမျှသာ ဖြစ်ပြီး၊ အမှန်တကယ် ပေးဆောင်ရမည်မှာ လျှို့ဝှက်နယ်မြေ အတွင်းမှ ရရှိလာသော ဝိညာဉ်ဆေးပင်များ၏ (၇၀) ရာခိုင်နှုန်းကို ဂိုဏ်းကြီးများထံ ပေးအပ်ရမည်သာ ဖြစ်သည်။

တစ်ခုတည်းသော ကောင်းကွက်မှာ ထိုဂိုဏ်းကြီးများက လေလွင့်ကျင့်ကြံသူများ ပေးအပ်သော ဆေးပင်များ၏ တန်ဖိုးပေါ် မူတည်၍ အသင့်သုံး အခြေခံအုတ်မြစ်တည်ဆောက်ခြင်း ဆေးလုံးများကို ပြန်လည်ထုတ်ပေးမည် ဖြစ်လေသည်။

လျှို့ဝှက်နယ်မြေအတွင်း ဝင်ရောက်ပြီး အသက်ရှင်လျက် ပြန်ထွက်လာနိုင်သော လေလွင့်ကျင့်ကြံသူ တစ်ဦးမှာ ပုံမှန်အားဖြင့် အခြေခံအုတ်မြစ်တည်ဆောက်ခြင်း ဆေးလုံး နှစ်လုံး သို့မဟုတ် သုံးလုံး ရရှိ တတ်သဖြင့် လေလွင့်ကျင့်ကြံသူ အများအပြားမှာ ဤအခွင့်အရေးကို လက်မလွှတ်လိုကြပေ။

ကျင့်ကြံသူအများစုအတွက် အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်သို့ တက်လှမ်းရန် ဤဆေးလုံး နှစ်လုံး၊ သုံးလုံးမှာ လုံလောက်လှပေသည်။ ထိုအဆင့်သို့ ရောက်ရှိသွားပါက သူတို့၏ အဆင့်အတန်းနှင့် ခွန်အားမှာ ယခင်ကနှင့် နှိုင်းယှဉ်၍ မရနိုင်လောက်အောင် ကွာခြားသွားမည် ဖြစ်လေ၏။

အခြေခံအုတ်မြစ်တည်ဆောက်ခြင်း ဆေးလုံး မရှိပါက အချိန်အကြာကြီး အပင်ပန်းခံ၍ ကျင့်ကြံရ မည်ဖြစ်ပြီး ကံကောင်းမှသာ အောင်မြင်နိုင်မည်ဖြစ်သည်။ အသက်ကြီးလာသည်နှင့်အမျှ အောင်မြင်နိုင် ခြေမှာလည်း လျော့နည်းသွားလေ့ရှိသည်ပင်။

ထို့ကြောင့် လျှို့ဝှက်နယ်မြေအတွင်း လေလွင့်ကျင့်ကြံသူများ၏ သေဆုံးနှုန်းမှာ (၅၀) ရာခိုင်နှုန်းထက် မနည်းသော်လည်း ချီစွမ်းအင်သန့်စင်ခြင်း အဆင့် (၉) ကျင့်ကြံသူ အမြောက်အမြားမှာ ဂိုဏ်းကြီးများ၏ ခေါင်းပုံဖြတ်ခြင်းကို ခံယူကာ တစ်ယောက်ပြီးတစ်ယောက် တိုးဝှေ့ ဝင်ရောက်နေကြခြင်း ဖြစ်ပေတော့ သည်။

All Chapters