ဖုဝမ်၏ ကံဆိုးမိုးမှောင်ကျမှု
Vol. 5 Ch. 49
ထျန်ဖုန်းသည် အဝေးမှနေ၍ တစ်ဟုန်ထိုး ခုန်တက်လိုက်လေသည်။ သူ၏ ခြေဖဝါးအောက်တွင် ဖြူလွလွ တိမ်တိုက်များ ပေါ်ထွက်လာပြီး ကောင်းကင်ယံသို့ ထိုးတက်သွားလေသည်။
သူသည် နောက်မှ စတင်ခဲ့သော်လည်း အရှိန်အဟုန်ကြောင့် ရှေ့သို့ ရောက်သွားပြီး ပေအနည်းငယ် အကွာအဝေးကို ချက်ချင်း ကျော်ဖြတ်သွားခဲ့လေသည်။
ဖုဝမ် ခုန်တက်လိုက်စဉ် လျှို့ဝှက်နယ်မြေ၏ ဝင်ပေါက်သို့ ရောက်ခါနီးအချိန်တွင် ထျန်ဖုန်းက သူ၏ ခေါင်းပေါ်သို့ ရောက်ရှိနေပြီ ဖြစ်၏။
"တကယ့်ကို အံ့မခန်း ကျွမ်းကျင်မှုပဲ….။"
"ဒီလူရဲ့ လှုပ်ရှားမှုနဲ့ ခြေလှမ်းတွေက တကယ့်ကို ထက်မြက်တာပဲ။ သူ၏ အတွင်းအားကလည်း အလွန် သန့်စင်နေတာပဲ…။"
"သူက ဘယ်သူလဲ။ တကယ့်ကို မျက်နှာစိမ်းပဲနော်….။"
"ချီစွမ်းအင်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူတွေထဲမှာ သူ့ရဲ့ စွမ်းရည်ကို ယှဉ်နိုင်မယ့်သူ ရှိလောက်မယ် မထင်ဘူး…။"
ဘေးမှ ကြည့်နေသူများမှာ ထျန်ဖုန်း၏ စွမ်းရည်ကြောင့် အံ့ဩသွားကြပြီး ချီးကျူးသံများ ထွက်ပေါ် လာခဲ့လေသည်။
တခြားလူများမှာ (ပေ ၆၀) အမြင့်ကို ခုန်တက်ရန် ခက်ခဲနေချိန်တွင် သူကမူ အသာအယာပင် ခုန်နိုင် ရုံသာမက ပို၍ပင် မြင့်မားစွာ ပျံတက်နိုင်ခဲ့သေးသည်။ သူ၏ လှုပ်ရှားမှုများမှာ လှပဆန်းကြယ်လှသဖြင့် အမျိုးသမီးကျင့်ကြံသူအချို့၏ စွဲမက်ဖွယ် အကြည့်များကိုပင် ဖမ်းစားနိုင်ခဲ့လေသည်။
သို့သော် ဖုဝမ်ကမူ လုံးဝ မပျော်နိုင်ပေ။ သူသည် လူကြားထဲ ကြွားရန် ပြင်ဆင်ထားသော်လည်း ယခုမူ အခြားတစ်ဦးက သူ၏ အခွင့်အရေးကို လုယူသွားရုံသာမက ထိုသူမှာ သူနှင့် ရန်ငြိုးရှိသူ ဖြစ်နေသည် မဟုတ်ပါလား။
"မင်း... သေချင်နေပြီပဲ….။"
ဖုဝမ်သည် လေထဲတွင် ရှိနေစဉ်မှာပင် ဒေါသတကြီးဖြင့် မီးလုံးတစ်လုံးကို ပစ်လွှတ်လိုက်လေသည်။ ထိုပြင်းထန်သော မီးလုံးကြီးမှာ ထျန်ဖုန်းထံသို့ ဦးတည်သွားခဲ့လေသည်။ ထျန်ဖုန်းအနေဖြင့် လျှို့ဝှက် နယ်မြေထဲသို့ အလွယ်တကူ ခုန်ဝင်ကာ ရှောင်တိမ်းနိုင်သော်လည်း သူ ထိုသို့ မလုပ်ခဲ့ပေ။
"မင်းက နွေးထွေးမှု လိုချင်နေတာဆိုတော့လည်း ပေးရမှာပေါ့…။"
ထျန်ဖုန်းက ခပ်ပြုံးပြုံးဖြင့် မီးလုံးကို အသာအယာ ရှောင်လိုက်လေသည်။ ဖုဝမ်က အပေါ်သို့ တိုးဝင်လာ ချိန်တွင် ထျန်ဖုန်းက ချက်ချင်းအောက်သို့ စိုက်ဆင်းလိုက်လေသည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် ဖုဝမ်၏ ထိတ်လန့်တုန်လှုပ်နေသော အကြည့်များ၊ လူတိုင်း၏ စိုက်ကြည့်နေသော အကြည့်များအောက်တွင်...၊
ထျန်ဖုန်းသည် ကျွမ်းဘားသမားတစ်ဦး မြေပြင်ပေါ် ဆင်းသက်သကဲ့သို့ လက်နှစ်ဖက်ကို ဆန့်တန်းကာ ခြေထောက်နှစ်ဖက်ကို စုလျက် ဖုဝမ်၏ ခေါင်းပေါ်သို့ တည့်တည့်မတ်မတ် နင်းချလိုက်လေတော့သည်။
ထို့နောက် ထျန်ဖုန်းသည် ဖုဝမ်၏ ခေါင်းကို ခြေနင်းတုံးအဖြစ် အသုံးပြုကာ အားဖြင့် ကန်၍ အပေါ်သို့ ထပ်မံ ပျံတက်သွားတော့လေသည်။
သူသည် လေထဲတွင် လှပစွာ ဂျွမ်းထိုးလိုက်ပြီး လျှို့ဝှက်နယ်မြေ၏ ဝင်ပေါက်ထဲသို့ ဒိုင်ဗင်ထိုး ဝင်လိုက် စဉ် သူသည် အနက်ရောင် အရည်များကို ချန်ရစ်ခဲ့လေသည်။ ချိုင့်ဝှမ်းအတွင်း၌ "တေးကဗျာ တစ်ရာ" ဆိုသော အသံကြီးသာ ဟိန်းထွက်သွားလေတော့သည်။
"တေးကဗျာ တစ်ရာ" ဆိုသည်မှာ ဘာကို ဆိုလိုမှန်း မည်သူမျှ မသိသော်လည်း မျက်စိလျင်သော လူအချို့ကမူ ထိုအနက်ရောင် အရည်များမှာ ဘာလဲဆိုသည်ကို သိသွားကြလေသည်။
ချက်ချင်းပင် သူတို့၏ မျက်လုံးများမှာ တုန်လှုပ်သွားကြပြီး ထျန်ဖုန်းကို စွဲမက်နေကြသော အမျိုးသမီး ကျင့်ကြံသူများမှာလည်း ထိုစိတ်ကူးကို ချက်ချင်း စွန့်လွှတ်လိုက်ကြလေတော့သည်။
လျှို့ဝှက်နယ်မြေ၏ ဝင်ပေါက်မှ ရေများ ထွက်မလာနိုင်သလို၊ အနက်ရောင် အရည်များမှာ ပို၍ပင် မဖြစ် နိုင်ပေ။ ၎င်းမှာ ထျန်ဖုန်း ပေးပို့လိုက်သော "နွေးထွေးမှု" တည်းဟူသော မစင်ပုံးတစ်ပုံးပင် ဖြစ်လေ သည်။
သူ၏ သိုလှောင်ခန်းထဲတွင် မစင်ကန် အများအပြား ရှိနေဆဲ ဖြစ်သည်။ မကြာသေးမီက အိမ်နီးနားချင်း များကြားတွင် မစင်များ ခိုးယူခံရမှုကြောင့် လူထုဒေါသ ထွက်ပေါ်နေခဲ့သည်မှာလည်း အကြောင်းမဲ့တော့ မဟုတ်ပေ။
အောက်သို့ အရှိန်အဟုန်ဖြင့် ပြုတ်ကျနေသော ဖုဝမ်မှာမူ ရှောင်တိမ်းရန် အခွင့်အရေး မရှိခဲ့ပေ။ သူသည် လူကြားထဲ ကြွားရန် ကြိုးစားခဲ့သော်လည်း ယခုမူ...
"အား... "
ဖုဝမ်သည် ကောင်းကင်သို့ မော့ကြည့်ကာ အော်ဟစ်လိုက်စဉ် သူ၏ ပါးစပ်မှာ အစာကျွေးရန် စောင့်နေ သည့်အလား ကျယ်ပြန့်စွာ ပွင့်ဟနေလေ၏။ ယွမ်လီကမူ နဖူးကို လက်ဖြင့် ပွတ်ကာ စိတ်ထဲမှ ရေရွတ် လိုက်လေသည်။
*ဒါကတော့ ထုံးစံအတိုင်းပါပဲ။ ထျန်မိသားစု ညီအစ်ကိုတွေကတော့ တကယ့်ကို အရှက်မရှိတာပဲ…။*
ကြည့်နေသူများမှာ နောက်ထပ် ဘာဖြစ်လာမည်ကို သိနေကြသဖြင့် မကြည့်ရဲကြသော်လည်း သိချင် စိတ်ကိုမူ ထိန်းမထားနိုင်ခဲ့ကြချေ။
"ငတုံး... ရှောင်လေ…။"
"ပါးစပ်ပိတ်ထား….။"
"အပေါ်ကို သတိထား….။"
အနီရောင်နေမင်းဂိုဏ်းဝင်များက အော်ဟစ်သတိပေးကြသော်လည်း အခြေခံအုတ်မြစ်တည်ဆောက် ခြင်းအဆင့် ဂိုဏ်းတာဝန်ခံပင်လျှင် အဝေးရောက်နေသဖြင့် ဘာမှ မတတ်နိုင်ခဲ့ပေ။
ဖုဝမ်၏ ဒေါသတကြီး အော်ဟစ်သံမှာ ချက်ချင်းပင် တိတ်ဆိတ်သွားသည်။ အနက်ရောင် မိုးရွာသွန်းမှုက သူ့ကို ဝါးမြိုသွားခဲ့ပြီ ဖြစ်၏။
သူ၏ ပါးစပ်ထဲသို့လည်း အမည်မသိ အရာဝတ္ထုများ ဝင်သွားခဲ့လေသည်။ ချက်ချင်းပင် ဆိုးရွားလှသော အနံ့အသက်နှင့် ပျို့အန်ချင်စိတ်တို့က သူ၏ မျက်နှာ၊ သူ၏ ဘေးပတ်ဝန်းကျင်နှင့် သူ၏ ပါးစပ်ထဲမှနေ၍ တိုက်ခိုက်လာလေတော့သည်။
"ဝရူး... ဝရူး…"
"အော့... ဝေါ့...။"
ဖော်ပြ၍မရနိုင်သော ပျို့အန်ချင်စိတ်က သူ၏ ပါးစပ်ထဲမှ တက်လာပြီး ဖုဝမ်သည် သူ၏ အစာအိမ်ကို အပြင်ထုတ်၍ ဆေးကြောပစ်ချင်စိတ် ပေါက်သွားခဲ့သည်။ သူ ဘာဖြစ်သွားသည်ကို နားလည်သွားသော် လည်း ယခုအချိန်တွင် ဒေါသထွက်ရန်ထက် ထွေးထုတ်ရန်သာ အလုပ်ရှုပ်နေတော့သည်။
"မင်း... မင်း အဆင်ပြေရဲ့လား….။"
အနီရောင်နေမင်းဂိုဏ်းမှ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူသည် ဘေးသို့ ပျံသန်း လာခဲ့သော်လည်း အနားသို့ မကပ်ရဲပေ။ သူ၏ မျက်နှာတွင် သနားစရာ အမူအရာများ ပြည့်နှက်နေ ခဲ့လေသည်။
"စိတ်မပူပါနဲ့။ သူ လျှို့ဝှက်နယ်မြေထဲကနေ အသက်ရှင်လျက် ပြန်ထွက်လာရင်တောင် ငါတို့ရဲ့ အပြင်က ဝိုင်းရံမှုကို သူ လွတ်မှာ မဟုတ်ဘူး….။"
အနီရောင်နေမင်းဂိုဏ်းမှ လူများမှာ ဒေါသထွက်နေကြပြီဖြစ်၏။
"ယုတ်မာတဲ့ သူခိုးပဲ၊ သူ သေရမယ်….။"
"ဒါက တကယ့်ကို အတော့်ကို လွန်လွန်းတယ်။ ငါတို့ အနီရောင်နေမင်းဂိုဏ်းကို လုံးဝ အထင်သေး တာပဲ…။"
"သူ့ကို သတ်ပစ်…။"
လူတိုင်းက အော်ဟစ်နေကြသော်လည်း မည်သူကမျှ ဖုဝမ်၏ ခန္ဓာကိုယ်ကို သန့်ရှင်းပေးရန် ရှေ့သို့ မတိုးရဲကြပေ။ ကြည့်နေသူများမှာမူ ဆွံ့အကုန်ကြလေသည်။ သူတို့၏ တစ်သက်တာတွင် ဤကဲ့သို့သော မြင်ကွင်းမျိုးကို တစ်ခါမျှ မတွေ့ဖူးခဲ့ကြပေ။
သူတို့၏ ကမ္ဘာကြီးအပေါ် ထားရှိသော အမြင်များမှာ လုံးဝ ပျက်စီးသွားခဲ့ပြီ ဖြစ်လေသည်။
"ဒါ... ဒါက..."
ချန်ယွင်သည် ဆွံ့အနေမိသည်။
*အစ်ကိုထျန်က သူ့ရဲ့ စရိုက်က လူတွေကို ရန်စတတ်တယ်လို့ ပြောတုန်းက...၊ သူက တော်တော်လေး လျှော့ပြောခဲ့တာပဲ…။*
*ဒါက လူတွေကို ရန်စရုံတင် မဟုတ်တော့ဘူး။ ဒါက ပြောင်ပြောင်တင်းတင်းကြီးကို စော်ကားလိုက် တာ ပဲ…။ ကြည့်ရတာ အစ်ကိုထျန်က သူ့ရဲ့ လုပ်ရပ်တွေအပေါ်မှာ သေချာ နားမလည်သေးဘူးထင် တယ်…။*
"ဟားဟားဟား…။"
ယွမ်လီကမူ အသက်ဝအောင်ပင် မရှူနိုင်တော့ဘဲ အားရပါးရ ရယ်မောနေလေတော့သည်။
*ဒါဟာ ထျန်မိသားစု ညီအစ်ကိုတွေရဲ့ လက်ရာပဲ…။*
သူသည် ယခုအချိန်တွင် သူ အငြိုးတေးထားမခံခဲ့ရသည်ကို အလွန် ကျေးဇူးတင်နေမိသည်။
*တကယ်တော့ ခွန်အားရှိပြီး၊ ကိုယ်ကျင့်တရားမရှိ၊ မဆင်မခြင် လုပ်တတ်တဲ့ လူမျိုးတွေကို သွားမရှုပ် သင့်တာ အမှန်ပဲ….။ ဒါက သေလမ်းရှာတာပဲ မဟုတ်ဘူးလား…။*
*လျှို့ဝှက်နယ်မြေထဲမှာ အနီရောင်နေမင်းဂိုဏ်းရဲ့ လိုက်လံတိုက်ခိုက်မှုတွေကို သူ ဘယ်လို ရှောင်မလဲ ဆိုတာ ထားလိုက်ဦး၊ သူ ပြန်ထွက်လာရင်တော့ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ တွေရဲ့ တိုက်ခိုက်မှုကိုတော့ သေချာပေါက် ခံရမှာပဲ…။*
*ထားလိုက်ပါတော့လေ…။*
*ငါ သိချင်တာက ထျန်စစ်ဖုန်း သေသွားရင် အနီရောင်နေမင်းဂိုဏ်းမှာ ထျန်ဝူဖုန်း ဆိုတဲ့လူ ထပ်ပေါ် လာဦးမလား ဆိုတာပဲ…။*
*ထျန်မိသားစုရဲ့ သီအိုရီအရဆိုရင် အငယ်ဆုံးက ပါရမီအရှိဆုံးဆိုတော့...၊ ဝူဖုန်း ဆိုတဲ့လူက အခြေခံ အုတ်မြစ်တည်ဆောက်ခြင်း အဆင့်တောင် ရောက်နေလောက်ပြီ မဟုတ်ဘူးလား…။*
ယွမ်လီ စဉ်းစားနေစဉ် ဝမ်ကျီယီက သူ့ကို လှည့်ကြည့်လာခဲ့လေသည်။
"မင်း ခုနက လူကို သိသလား…။"
ယွမ်လီ ခဏခဏ ကြည့်နေသည့် နေရာမှာ ထိုသူ ရှိနေသည့် နေရာဖြစ်ကြောင်း သူမ မှတ်မိနေခြင်း ဖြစ် လေသည်။ ယွမ်လီ၏ လက်ရှိ အပြုအမူကို ကြည့်လျှင် သူ ထိုလူကို သိနေသည်မှာ ထင်ရှားလှပေ သည်။
'ထျန်မိသားစု ညီအစ်ကိုတွေလား။ သူတို့က မျိုးရိုးအမည် ထျန် လား…။'
ယွမ်လီက ရယ်သံကို ထိန်းကာ တိုးတိုးလေး ပြောလိုက်လေသည်။
"ကျွန်တော် သူ့ကို မသိဘူး၊ ဒါပေမဲ့ သူ့အစ်ကိုကို သိတယ်…။ အခု ကျွန်တော် ပြောပြမယ်…၊ လျှို့ဝှက် နယ်မြေ ထဲ ရောက်ရင် အခွင့်အရေးကို စောင့်ကြည့်ရအောင်…။"
ဝမ်ကျီယီ ခေါင်းညိတ်လိုက်ပြီး ဘာမှ ထပ်မမေးတော့ပေ။
ဖုဝမ်သည် ပျို့အန်ရင်း ဘေးပတ်ဝန်းကျင်မှ တိုးတိုးတိတ်တိတ် ရယ်သံများကို ကြားရသောအခါ မျက်နှာ မှာ ပြာနှမ်းသွားလေသည်။ သူ၏ ဂုဏ်သိက္ခာမှာ လုံးဝ ပျက်စီးသွားပြီဖြစ်ကြောင်း သူ သိလိုက်ပေသည်။
ထိုလူကို သတ်ပစ်မှသာ သူ၏ အရှက်ရမှုကို အနည်းငယ် ဆေးကြောနိုင်မည်သာဖြစ်သည်။
*ဒါနဲ့ အဲဒီလူနာမည်က ဘာလဲ။ လျှို့ဝှက်နယ်မြေထဲ မဝင်ခင် သူ နာမည်ချန်ခဲ့တယ် ထင်တယ်…။*
"တေးကဗျာ တစ်ရာ" လား။
"သူ့နာမည်က 'တေးကဗျာ တစ်ရာ' လား….။"
"တောက်...၊ မင်းက နာမည်တောင် ချန်ထားရဲသေးတယ်ပေါ့လေ…။"
ဘေးပတ်ဝန်းကျင်မှ လှောင်ပြောင်သော အကြည့်များနှင့် တီးတိုးစကားများကို မခံနိုင်တော့သဖြင့် ဖုဝမ်သည် လူမြင်ကွင်းမှ ပျောက်ကွယ်သွားရန်နှင့် ကလဲ့စားချေဖို့ ပြင်ဆင်ရန်အတွက် လျှို့ဝှက်နယ် မြေထဲသို့ ချက်ချင်း ခုန်တက်ရန် ကြိုးစားလိုက်လေသည်။
သို့သော် သူ တစ်ခုကို မေ့သွားခဲ့လေသည်။ ဤအကွာအဝေးမှာ အလွယ်တကူ ခုန်နိုင်သည့် အကွာအဝေး မဟုတ်ပေ။ ပုံမှန်အချိန်တွင်ပင် သူသည် အာရုံစူးစိုက်မှု အပြည့်ဖြင့် ခုန်မှသာ ထိုအမြင့်ကို ရောက်နိုင် မည်ဖြစ်၏။ ယခုမူ သူသည် ဒေါသကြောင့် အာရုံစူးစိုက်မှု ပျက်ပြားနေပြီး ခန္ဓာကိုယ် အခြေအနေမှာ လည်း ကျဆင်းနေခဲ့လေသည်။
ထို့ကြောင့် လူတိုင်း၏ စိုက်ကြည့်နေသော အကြည့်များအောက်တွင် သူသည် ဝင်ပေါက်နှင့် ကိုယ်တစ် ဝက်ခန့် အကွာအဝေးသို့ ရောက်သောအခါ အရှိန်ရပ်သွားပြီး အောက်သို့ ပြန်လည် ပြုတ်ကျလာ တော့သည်။
သူသည် မျှော်လင့်ချက်မဲ့သော အကြည့်ဖြင့် မြေပြင်ပေါ်သို့ ဝုန်းခနဲ ပြုတ်ကျသွားလေတော့သည်။
"ဖူး..."
"ဟားဟားဟား…။"
လူအုပ်ကြီးဆီမှ ကျယ်လောင်လှသော ရယ်သံများက ဟိန်းထွက်သွားလေတော့သည်။