လျှို့ဝှက်နယ်မြေအတွင်းသို့ ဝင်ရောက်ခြင်း
Vol. 5 Ch. 50
နောက်ဆုံးတွင်မူ တစ်စုံတစ်ယောက်က မအောင့်နိုင်ဘဲ ကျယ်လောင်စွာ ရယ်မောလိုက်တော့သည်။ ဖုဝမ်၏ အစောပိုင်းက ကြွားဝါခဲ့သော စကားများကို ပြန်လည်အမှတ်ရနေကြခြင်း ဖြစ်သည်။
တခြားသူများကို အမှိုက်ဟု ဆဲဆိုခဲ့သော်လည်း ယခုမူ သူကိုယ်တိုင်ပင် တိုက်ရိုက်မခုန်နိုင်ဘဲ ဖြစ်နေ ခဲ့သည် မဟုတ်ပါလား။
ဖုဝမ်သည် ဒေါသတကြီး လှည့်ကြည့်လိုက်သော်လည်း ဂိုဏ်းကြီးအချို့မှ လူများ ရယ်မောနေကြခြင်း ဖြစ်သဖြင့် သူ ပြန်မလုပ်ရဲခဲ့ချေ။ သူသည် စိတ်ပျက်လက်ပျက်ဖြင့်သာ မျက်နှာလွှဲနေလိုက်ရလေတော့ သည်။ သူ ထပ်မံ၍ မစွန့်စားရဲတော့ချေ။
ဖုဝမ်သည် မျက်နှာသေဖြင့် မြေပြင်မှ ခြေလှမ်းအနည်းငယ်အကွာရှိ လှေပျံပေါ်သို့ ခုန်တက်လိုက်ပြီး၊ လှေ၏ အရှိန်ကို အသုံးပြုကာ လျှို့ဝှက်နယ်မြေ၏ ဝင်ပေါက်ထဲသို့ ခုန်ဝင်သွားလေတော့သည်။
လှေပျံကို ထုတ်ပေးခဲ့သော အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူမှာမူ လှေပျံပေါ်ရှိ အနက်ရောင် အစွန်းအထွင်းများကို ကြည့်ကာ စိတ်ညစ်နေသော်လည်း ဘာပြောရမှန်း မသိဖြစ်နေခဲ့ ၏။
"ငါ သိပြီးသားပဲ…။ ထျန်မိသားစု ညီအစ်ကိုတွေနဲ့ ပတ်သက်မိတဲ့သူမှန်သမျှ ဒုက္ခရောက်တာချည်းပဲ…။"
ယွမ်လီသည်လည်း ကျယ်လောင်စွာ ရယ်မောနေသူများထဲတွင် အပါအဝင်ဖြစ်လေသည်။ တခြားသူများ က ဖုဝမ်ကို ကြောက်ကြသော်လည်း သူကမူ မကြောက်ပေ။
ဝမ်ကျီယီသည် ယွမ်လီကို ဂရုမစိုက်ဘဲ "သွားကြရအောင်…" ဟု ဆိုကာ ရှေ့မှ ဦးဆောင်လိုက်လေ သည်။
သူမသည် ဝင်ပေါက်အောက်သို့ ရောက်သည်နှင့် အားရပါးရ ခုန်တက်ကာ ဝင်သွားခဲ့၏။ ယွမ်လီသည် လည်း ပြုံးစိစိဖြင့် သူမနောက်မှ လိုက်ဝင်သွားလေတော့သည်။ အထဲရောက်လျှင် လူတိုင်း၏ တည်နေ ရာမှာ ကျပန်းဖြစ်သဖြင့် လက်ချင်းတွဲထားလျှင်ပင် အတူရှိနေမည် မဟုတ်သောကြောင့် တစ်ယောက် ချင်း ဝင်ခြင်းမှာ ပြဿနာမရှိပေ။
ထို့နောက်တွင်မူ ထိုနေရာရှိ လူတိုင်းသည် သူတို့၏ စွမ်းရည်အသီးသီးကို အသုံးပြုကာ ဝင်ရောက်ကြ လေတော့သည်။
အချို့က တိုက်ရိုက်ခုန်ဝင်ကြပြီး အချို့ကမူ လှေကို အသုံးပြု၍ ဝင်ကြသည်။ လှေကို အသုံးပြု၍ ဝင်သူများမှာ အရှက်ရခြင်း မရှိတော့ပေ။ အနီရောင်နေမင်းဂိုဏ်းမှ ဖုဝမ်ပင်လျှင် ထိုမျှ အရှက်ကွဲခဲ့ သေးသည် မဟုတ်ပါလား။ သူနှင့် ယှဉ်လျှင်မူ လှေစီး၍ ဝင်သွားသူများမှာ ပို၍ပင် ခန့်ညားနေသေး သည်။
မကြာမီမှာပင် ထိုနေရာတွင် လူအနည်းငယ်သာ ကျန်တော့ပြီး ဂိုဏ်းအသီးသီးမှ အခြေခံအုတ်မြစ် တည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူအချို့သာ ကျန်ရစ်လေတော့သည်။
"ဒီနှစ်တော့ ပါရမီရှင်တွေ တော်တော်ပါတာပဲ….။"
အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦးက မှတ်ချက်ပေးလိုက်လေသည်။
"ဟုတ်တယ်... အထူးသဖြင့် ပထမဆုံးဝင်သွားတဲ့သူပဲ၊ သူ့ရဲ့ လှုပ်ရှားမှုက တကယ့်ကို အံ့ဩစရာပဲ…။"
"သူ့ရဲ့ လှုပ်ရှားမှုတင် မဟုတ်ဘူး၊ သူ့ရဲ့ စရိုက်ကလည်း တကယ့်ကို ပါရမီရှင်တစ်ယောက်လိုပဲ...။ ဟား ဟားဟား….။"
"ဟားဟား...၊ ဒီလိုလူမျိုးကို ဂိုဏ်းထဲ မစုဆောင်းရသေးတာ နှမြောစရာပဲနော်…။"
"ဘာလဲ... မင်းတို့ဂိုဏ်းက သူ့ကို လိုချင်လို့လား….။"
"ဒါဆိုရင်တော့ ထားလိုက်ပါတော့၊ သူ ငါတို့ဂိုဏ်းထဲ ရောက်လာရင် ဂိုဏ်းတစ်ခုလုံး ပျက်စီးသွားမှာ တောင်ငါ စိုးရိမ်မိတယ်…။"
ဂိုဏ်းအသီးသီးမှ စနောက်နေသံများကို ကြားရသောအခါ လုဖေး ၏ မျက်နှာမှာ ပြာနှမ်းနေတော့သည်။ အားလုံးက သူ၏ အနီရောင်နေမင်းဂိုဏ်းကို သွယ်ဝိုက်၍ လှောင်ပြောင်နေကြသည်ကို သူ နားလည် ပေ သည်။
ဖုဝမ်၏ အဖြစ်အပျက်မှာ တစ်နယ်လုံး ဟာသဖြစ်တော့မည်ဖြစ်ရာ အနီရောင်နေမင်းဂိုဏ်း၏ ဂုဏ်သိက္ခာမှာလည်း ထိခိုက်ရတော့မည်သာဖြစ်၏။
*ဟွန့်... သူ့ကို ဂိုဏ်းထဲ ခေါ်မယ် ဟုတ်လား။ အရင်ဆုံး သူ အသက်ရှင်နေဖို့ လိုဦးမှာပေါ့…။*
လုဖေးက အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ သူသည် အနီရောင်နေမင်းဂိုဏ်းမှ တာဝန်ခံတစ်ဦးဖြစ်ပြီး အခြေခံအုတ်မြစ်တည်ဆောက်ခြင်း အလယ်အလတ်အဆင့်သို့ ရောက်ရှိနေသူ ဖြစ်သည်။
"သူ လျှို့ဝှက်နယ်မြေထဲမှာ ငါတို့ဂိုဏ်းရဲ့ လိုက်လံဖမ်းဆီးမှုကို လွတ်ခဲ့ရင်တောင်၊ အပြင်ထွက်လာတာနဲ့ သူ သေရမှာပဲ….။"
ကျန်သောလူများကမူ လုဖေးကို ဂရုမစိုက်ဘဲ သူတို့အချင်းချင်း ဆက်လက် စကားပြောနေခဲ့ကြသည်။
"အဲ့ဒီကောင်လေးရဲ့ ခုန်တဲ့ပုံစံက တကယ့်ကို ခန့်ညားတာပဲ…။"
"ဟုတ်တယ်... ပြေးဝင်တာရော၊ ခုန်နင်းလိုက်တာရောက တကယ့်ကို လှပလွန်းတယ်…။"
"ငါ့အမြင်ပြောရရင်တော့ လေထဲမှာ ဂျွမ်းထိုးပြီးမှ ဝင်ပေါက်ထဲ ပျောက်ကွယ်သွားတဲ့ ပုံစံက ပိုပြီး ခန့်ညားတယ်…။"
"ဒါတော့ ဟုတ်ပါရဲ့၊ ဒါပေမဲ့ ဒီမှာ ဘာလို့ အနက်ရောင်အရည်တွေ ပေကျံနေရတာလဲဆိုတာ ငါ တကယ် စဉ်းစားလို့ မရဘူး။ ဒီဝင်ပေါက်က ရေပြင်မှ မဟုတ်တာ….။"
"ဒါတော့ တကယ် ထူးဆန်းတယ်….။"
"ဟားဟားဟား... "
"တောက်... "
လူတိုင်းက မသိချင်ယောင်ဆောင်ကာ သွယ်ဝိုက်၍ လှောင်ပြောင်နေကြသည်ကို မြင်သောအခါ လုဖေး သည် ဒေါသတကြီး နှာခေါင်းရှုံ့လိုက်လေတော့သည်။
..................
ကောင်းကင်ကြီးမှာ မှောင်မှောင်မှိုင်းမှိုငါ်နှင့် မီးခိုးရောင် သန်းနေခဲ့သည်။ နေဝင်ချိန်လည်း မဟုတ်သလို လပြည့်ညလည်း မဟုတ်ပေ။ ထျန်ဖုန်းသည် လျှို့ဝှက်နယ်မြေထဲသို့ ရောက်ရှိလာပြီး ခဏမျှ မူးဝေသွား ခဲ့သည်။
"ဒီနေရာက ဝိညာဉ်စွမ်းအင်က..."
ခဏမျှ ခံစားကြည့်ပြီးနောက် ဤနေရာရှိ ဝိညာဉ်စွမ်းအင်မှာ ရှောင်ကျင်းတောင်တန်းထက်ပင် ပိုမို သိပ်သည်းနေသည်ကို သူ တွေ့ရှိလိုက်ရလေသည်။ ပတ်ဝန်းကျင်တွင် မြက်ပင်များနှင့် ထူးဆန်းသော သစ်ပင်များ ပေါက်ရောက်လျက်ရှိပေသည်။
"စနစ်... ငါ့ရဲ့ ဆုလာဘ်က ဘယ်မှာလဲ…။"
[ဂုဏ်ယူပါတယ် ပိုင်ရှင်...။ တိုက်ပွဲဝင်အမှတ် (၂၅၀) ရရှိပါတယ်…။]
[ပိုင်ရှင်...။ ပိုင်ရှင်က တကယ့်ကို ယုတ်မာတာပဲ၊ အရှက်လည်း မရှိဘူး…။]
[အဲ့ဒီကောင်လေးကတော့ တစ်သက်လုံး ခေါင်းမဖော်နိုင်တော့ဘူးပဲ။ သူ ဒီနယ်မြေကနေ ထွက်မသွား သရွေ့တော့ လူတောတိုးရမှာ မဟုတ်တော့ဘူး…။]
ထျန်ဖုန်းကမူ စနစ်၏ စကားကို လျစ်လျူရှုထားလိုက်လေသည်။ စနစ်က အမြဲတမ်း သူ့အပေါ် အပြစ် ပုံချလေ့ ရှိသည် မဟုတ်ပါလား။ ၎င်းမှာ စနစ်မှပေးသော တာဝန်ဖြစ်သော်လည်း အပြစ်ကျတော့ သူက ခံရမြဲ ဖြစ်လေသည်။
"(၂၅၀) ဟုတ်လား။ အဲ့ဒီ ဖုဝမ် ဆိုတဲ့ကောင်က တကယ့်ကို (၂၅၀) (ငတုံး) ပဲ…။"
ထျန်ဖုန်းက သူ၏ လက်ကျန်စာရင်းကို စစ်ဆေးကြည့်လိုက်လေသည်။
[ တိုက်ပွဲဝင်အမှတ် - (၁၆၅၀)
အပြေးဒင်္ဂါး - (၁၉၀၀) ]
*မဆိုးပါဘူး၊ အတော်လေး စုမိနေပြီပဲ။ အခြေခံအုတ်မြစ်တည်ဆောက်ပြီးရင်တော့ ငါ တကယ့်ကို အစွမ်းပြနိုင်တော့မှာပါ…။*
ထျန်ဖုန်းသည် လျှို့ဝှက်နယ်မြေအတွင်း လျှောက်လှမ်းနေခဲ့သည်။ ဤနေရာမှာ တောအုပ်တစ်ခုဖြစ်ပြီး ညာဘက်တွင် ရွှံ့ညွန်အိုင်ကြီး ရှိလေသည်။ တောအုပ်မှာ စိမ်းလန်းစိုပြည်ပြီး နွယ်ပင်များမှာ ရှုပ်ထွေးစွာ ယှက်နွယ်နေကြသည်။
သူသည် ဝိညာဉ်ဆေးပင်များကို ရှာဖွေရင်း ပတ်ဝန်းကျင်ကို သတိထားနေခဲ့လေသည်။ နားထဲတွင် ပိုးကောင်မွှားကောင်များနှင့် ငှက်တို့၏ အော်မြည်သံများကို ကြားနေရလေသည်။
"ရှူး... "
ရုတ်တရက် သစ်ပင်ပေါ်မှ လက်မောင်းခန့်ရှိသော မြွေတစ်ကောင်က လျှာကို ထုတ်လိုက်သွင်းလိုက် လုပ်ကာ ထျန်ဖုန်းထံသို့ ခုန်ပျံလာလေသည်။ ထျန်ဖုန်းက အသာအယာပင် ဓားဖြင့် ဝှေ့ယမ်းလိုက်ရာ မြွေကြီးမှာ အပိုင်းပိုင်း ပြတ်သွားလေတော့သည်။
၎င်းမှာ အဆင့် (၁) အစောပိုင်း သားရဲသာဖြစ်သဖြင့် ထျန်ဖုန်းက ဂရုမစိုက်ပေ။ သူသည် ထိုမြွေကို သိုလှောင်ခန်းထဲသို့ ထည့်လိုက်လေသည်။ ၎င်းမှာ စားကောင်းသော အသားတစ်မျိုး မဟုတ်ပါလား။
ထျန်ဖုန်းသည် လမ်းတစ်လျှောက်တွင် သားရဲများစွာနှင့် တွေ့ခဲ့သော်လည်း အားလုံးမှာ အဆင့်နိမ့်သားရဲ များသာ ဖြစ်သဖြင့် အလွယ်တကူ သတ်ဖြတ်နိုင်ခဲ့သည်ချည်းသာဖြစ်လေသည်။
"ဒါက...။"
"ငွေသစ်ရွက်မြက် များလား…။"
ထျန်ဖုန်းသည် အဝေးရှိ ရေကန်ဘေးတွင် ငွေရောင်အလင်းတန်းများ ထွက်နေသော ဝိညာဉ်ဆေးပင် သုံးပင်ကို တွေ့လိုက်ရသည်။ ၎င်းမှာ ပြီးခဲ့သည့်အကြိမ်က ချန်ယွင် အသက်လု၍ ရယူခဲ့သော ဆေးပင် ပင် ဖြစ်လေသည်။
"သုံးပင်တောင် ရှိတာလား…။"
ထျန်ဖုန်းအတွက် ဤဆေးပင် မလိုအပ်သော်လည်း အနည်းဆုံးတော့ ငွေရအောင် ရောင်းစားနိုင်သည် မဟုတ်ပါလား။
သူသည် ခြေလှမ်းအနည်းငယ်ဖြင့် အနားသို့ လျှောက်သွားလိုက်သည်။ ရုတ်တရက် ရေကန်ထဲမှ (၁၀) ပေခန့်ရှိသော မိကျောင်းကြီးမိစ္ဆာတစ်ကောင်က ခုန်ထွက်လာခဲ့လေ၏။
၎င်းသည် သွေးရောင်လွှမ်းနေသော ပါးစပ်ကြီးကို ဖွင့်ကာ ထျန်ဖုန်းကို ကိုက်ရန် ပြင်လိုက်လေသည်။
"သတ္တဝါလေး... မင်း သေချင်နေပြီပဲ…။"
ထျန်ဖုန်းသည် တည်ငြိမ်စွာပင် သူ၏ ဓားရှည်ကို ဆွဲထုတ်လိုက်လေသည်။ အေးစက်သော အလင်းတန်း တစ်ခု မိကျောင်းကြီး၏ ခန္ဓာကိုယ်ကို ဖြတ်သန်းသွားပြီးနောက် ထျန်ဖုန်းသည် ဓားကို ဓားအိမ်ထဲသို့ ပြန်ထည့်လိုက်လေသည်။
"ဖူး... "
မိကျောင်းကြီး၏ ခန္ဓာကိုယ်မှာ နှစ်ပိုင်းပြတ်သွားပြီး သွေးများ ပန်းထွက်လာလေတော့သည်။ အဆင့်(၁) နောက်ဆုံးအဆင့်ရှိသော မိစ္ဆာသားရဲမှာ သူ၏ ဓားချက်တစ်ချက်ကိုပင် တောင့်မခံနိုင်ခဲ့ပေ။
သူသည် မိကျောင်းအသေကောင်နှင့် ငွေသစ်ရွက်မြက် သုံးပင်ကို သိမ်းဆည်းလိုက်ပြီး ခရီးကို ဆက်လက်ထွက်ခွာခဲ့လေသည်။
ထျန်ဖုန်း သားရဲများသတ်ကာ ဆေးပင်များ ရှာဖွေနေချိန်တွင် အခြားကျင့်ကြံသူများသည်လည်း လျှို့ဝှက်နယ်မြေအတွင်း ရတနာရှာပုံတော် ဖွင့်နေခဲ့ကြလေသည်။ ဂိုဏ်းသားအများစုမှာမူ ကြိုတင် သတ်မှတ်ထားသော နေရာများတွင် စုဝေးနေကြလေသည်။
"ဒီလောက်အထိ ထူးဆန်းတဲ့ ကျင့်ကြံသူတွေ ရှိနေတာလား၊ ညီအစ်ကိုတွေ အားလုံးက အဲ့ဒီလိုချည်း ပဲလား…။"
ဝမ်ကျီယီ၏ နှုတ်ခမ်းများမှာ တုန်လှုပ်မှုကြောင့် လှုပ်ရှားနေခဲ့သည်။ မြစိမ်းတောင်တန်းဂိုဏ်းသားများ ပြန်လည်စုမိပြီးနောက် ဝမ်ကျီယီသည် ယွမ်လီထံမှ ထျန်မိသားစု ညီအစ်ကိုများ၏ အကြောင်းကို ကြားသိလိုက်ရခြင်း ဖြစ်လေသည်။
သူမ၏ ကမ္ဘာကြီးအပေါ် အမြင်မှာ ပြင်းထန်စွာ တုန်လှုပ်သွားရလေသည်။ ဤကမ္ဘာပေါ်တွင် ဤမျှအထိ အရှက်မရှိဘဲ ကိုယ်ကျင့်တရားမဲ့သော ညီအစ်ကိုတွေ ရှိနေပြီး၊ သူတို့က ကျင့်ကြံသူတွေပင် ဖြစ်နေကြ သည်ပင်။
*ကျင့်ကြံသူတွေဆိုတာ ဂုဏ်သိက္ခာကို အလေးထားကြတာ မဟုတ်ဘူးလား။ အထူးသဖြင့် လူငယ် ကျင့်ကြံသူတွေဆိုတာ ခန့်ညားထည်ဝါပြီး ယဉ်ကျေးသိမ်မွေ့ရမှာ မဟုတ်ဘူးလား…။*
*ဘာလို့ ထျန်မိသားစုဝင်တွေကျမှ လူတွေရဲ့ မျက်နှာကို မစင်နဲ့ ပက်ရတာကို ဒီလောက်အထိ ဝါသနာ ပါနေကြတာလဲ…။ သူတစ်ပါးရဲ့ ဘိုးဘေးသင်္ချိုင်းမှာ ပြဿနာရှာတယ်…၊ ရန်သူရဲ့ အမျိုးသားအင်္ဂါကို နှစ်ကြိမ်တိုင်တိုင် ကန်တယ်...။*
ယွမ်လီသည် သူနှင့် ဟုန်လင်းတို့၏ အကြောင်းကိုမူ မပြောပြခဲ့ပေ၊ ပြောပြလိုက်ပါက ဝမ်ကျီယီ အနေဖြင့် လက်ခံနိုင်ရန် ပို၍ ခက်ခဲသွားပေလိမ့်မည်သာ။
ဝမ်ကျီယီသည် ယွမ်လီ တစ်ခုခုကို ဖုံးကွယ်ထားသည်ကို သိသော်လည်း သူမ၏ ဂိုဏ်းတူမောင်လေး၏ ဒဏ်ရာဟောင်းကို မဆွလိုသဖြင့် ဆက်မမေးတော့ပေ။
"ဒါ... ဒါကတော့ ကျင့်ကြံသူလောကအတွက် အရှက်တကွဲ ဖြစ်စရာပဲ…။"
"ကြောက်စရာကြီး….၊ ဒီကမ္ဘာပေါ်မှာ ဒီလိုလူမျိုးတွေ တကယ် ရှိနေတာလား...။"
"သူက ဘယ်လို မိစ္ဆာမျိုးလဲ…။"
ယွမ်လီ၏ စကားများကို ကြားပြီးနောက် ဘေးတွင်ရှိသော ဂိုဏ်းတူတပည့်များမှာလည်း ထိုလူက သူတို့ဆီ ရောက်လာမည်ကို စိုးရိမ်စိတ်ဖြင့် ထိတ်လန့်ကုန်ကြလေသည်။ ယွမ်လီက အဖွဲ့ကို တစ်ချက် ကြည့်ကာ၊
"မင်းတို့က ဘာလို့ ဒီလို အန္တရာယ်ကောင်ကို လူ့လောကအတွက် ရှင်းမထုတ်ပေးကြတာလဲ...။"
ထိုလူစု၏ မျက်နှာများမှာ တောင့်တင်းသွားပြီး အခက်တွေ့စွာ ပြောလိုက်ကြလေသည်။
"အဲဒါဆိုရင်တော့ ထားလိုက်ပါတော့...။"
"သွားကြစို့... ငါတို့ သူ့ကို သွားမထိသရွေ့ သူကလည်း ငါတို့ကို လာထိမှာ မဟုတ်ပါဘူး...။"
ဝမ်ကျီယီက ပြောလိုက်မှ လူတိုင်း အသိပြန်ဝင်လာကြလေသည်။
"ဟဲဟဲ... အနီရောင်နေမင်းဂိုဏ်းနဲ့ ထျန်စစ်ဖုန်း၊ ဘယ်သူက အနိုင်ရမလဲဆိုတာ စောင့်ကြည့်ကြတာ ပေါ့...။"
ယွမ်လီက တဟဲဟဲ ရယ်မောရင်း ပြောလိုက်လေသည်။
ဂိုဏ်းတူတပည့်များမှာလည်း ယခုအချိန်တွင် တစ်ခုခုကို မျှော်လင့်နေကြသလို ဖြစ်သွားခဲ့လေသည်။ သူတို့ သည် အနီရောင်နေမင်းဂိုဏ်းနှင့် မည်သည့်ပတ်သက်မှုမျှ မရှိသည့်အပြင် ရန်ငြိုးပင် ရှိနေကြသေး သည်။
ဤထျန်စစ်ဖုန်းနှင့်လည်း ဘာမှ မပတ်သက်သဖြင့် နှစ်ဖက်လုံး ခွေးကိုက်သလို ကိုက်ကြလျှင် သူတို့ အတွက် ကြည့်ကောင်းမည့် ပွဲတစ်ပွဲ ဖြစ်လာပေလိမ့်မည်။
"စီနီယာအစ်ကို အဲ့ဒီလို ပြောလိုက်တော့လည်း ကျွန်မဖြင့် တော်တော်ကို စိတ်ဝင်စားသွားပြီ…။"
"ဟိဟိ... "