← Chapters

ချန်ယွင်နှင့် ပြန်လည်ဆုံတွေ့ခြင်း

Vol. 6 Ch. 51

ချန်ယွင်နှင့် ပြန်လည်ဆုံတွေ့ခြင်း

Vol. 6 Ch. 51

“ငါတို့ရောက်နေတဲ့နေရာက နည်းနည်းတော့ ဝေးနေသေးတယ်...။ ဆုံရပ်ကိုရောက်ဖို့ နောက်ထပ် အမွှေးတိုင်တစ်တိုင်စာလောက် ထပ်လျှောက်ရဦးမယ်...။”

အနီရောင်နေမင်းဂိုဏ်းမှ တပည့်နှစ်ဦးသည် ခရီးသွားရင်း တစ်ဦးနှင့်တစ်ဦး အပြန်အလှန် စကားပြော နေခဲ့ကြ၏။

လျှို့ဝှက်နယ်မြေအတွင်းသို့ ဝင်ရောက်လာချိန်တွင် ကျင့်ကြံသူများကို နယ်မြေတစ်ခုလုံး၌ ကျပန်းနေရာ ချထားခြင်းမျိုး မဟုတ်ဘဲ သတ်မှတ်ထားသော နယ်မြေတစ်ခုအတွင်း၌သာ နေရာချထားခြင်း ဖြစ် ပေသည်။ ထို့ကြောင့် ကျင့်ကြံသူများသည် တစ်ဦးနှင့်တစ်ဦး အလွန်အမင်း ဝေးကွာနေခြင်းမျိုး မရှိ ကြပေ။

“တောက်... အဲ့ဒီကောင်က ငါတို့ အနီရောင်နေမင်းဂိုဏ်းကို ဒီလောက်တောင် အရှက်ခွဲရဲတယ်ပေါ့...။”

ပထမမြောက် ဗလတောင့်တောင့်နှင့် အမျိုးသားကျင့်ကြံသူက အံကြိတ်လျက် ကျိန်းဝါးလိုက်လေသည်။

“စိတ်မပူပါနဲ့...၊ သူ အသက်ရှင်မှာ မဟုတ်ပါဘူး...။ ငါတို့ အနီရောင်နေမင်းဂိုဏ်းကို အရှက်ခွဲရဲမှတော့ သေရမှာက သူတို့အတွက် ကံကောင်းခြင်းတစ်ခုပဲ ဖြစ်စေရမယ်...။”

မြင်းမျက်နှာပေါက်နှင့် အခြားအမျိုးသားတစ်ဦးကလည်း ဒေါသတကြီးဖြင့် ပြောလိုက်လေ၏။

ဗလတောင့်တောင့်နှင့် ကျင့်ကြံသူကလည်း ခေါင်းညိတ်လိုက်လေသည်။ ထိုလူ အသက်ရှင်နိုင်မည်ဟု ၎င်းတို့အနက် မည်သူမျှ မယုံကြည်ကြပေ။

အနီရောင်နေမင်း လျှို့ဝှက်နယ်မြေအတွင်း၌ အနီရောင်နေမင်းဂိုဏ်းမှ ချီစွမ်းအင်သန့်စင်ခြင်းအဆင့် (၉) ရှိသော တပည့်ပေါင်း ဆယ်ယောက်ကျော်ခန့်ရှိလေသည်။ ၎င်းတို့သည် တစ်ဦးချင်း တိုက်ခိုက်လျှင်ပင် လေလွင့်ကျင့်ကြံသူများကို အနည်းငယ်မျှ ကြောက်ရွံ့ခြင်း မရှိကြပေ။ ဆယ်ယောက်ကျော် စုပေါင်း ထားသည့် အင်အားကိုဆိုလျှင် ပြောနေစရာပင် မလိုတော့ချေ။

ထို့အပြင် အနီရောင်နေမင်း လျှို့ဝှက်နယ်မြေ၏ အပြင်ဘက်တွင်လည်း အခြေခံအုတ်မြစ်တည်ဆောက် ခြင်းအဆင့် အလယ်အလတ်ရှိသော ဂိုဏ်းတာဝန်ခံများက စောင့်ကြိုနေကြလေသည်။ အကယ်၍ ထိုလူ အပြင်သို့ ထွက်သွားပါက ချက်ချင်းပင် အဖမ်းခံရမည်ဖြစ်ပြီး သေချင်လျှင်ပင် သေခွင့်ရရန် ခက်ခဲပေ လိမ့်မည်။

“ဒါပေမဲ့... ဖုဝမ်က သူသေပြီးရင်တောင် အဲ့ဒီလောက် မာနထောင်လွှားနိုင်ပါဦးမလားလို့ ငါတွေးနေမိ တယ်...။”

မြင်းမျက်နှာနှင့် ကျင့်ကြံသူသည် သူ၏မျက်နှာပေါ်မှ အပြုံးကို မထိန်းနိုင်တော့ဘဲ ပြောလိုက်သည်။

“ဟားဟားဟား...၊ အဲ့ဒီလူက ကောင်းမှုတစ်ခုတော့ လုပ်သွားတာပဲ...။ ဒါပေမဲ့ ငါတို့ကတော့ သူ့ကို လွှတ်ပေးလို့တော့ မရဘူးလေ...။”

ဗလတောင့်တောင့်နှင့် လူကလည်း ပြုံးလျက် ပြန်ပြော၏။ အနီရောင်နေမင်းဂိုဏ်းအတွင်း၌ ဖုဝမ်သည် သူ၏ဖခင်အရှိန်အဝါဖြင့် တပည့်အချင်းချင်း အမြဲတမ်း နှိပ်စက်လေ့ရှိရာ လူအများအပြားမှာ သူ့ကို မုန်းတီးနေကြသည်မှာ ကြာပြီဖြစ်လေသည်။

“ဟုတ်တယ်...၊ သူ့ကို သတ်ရမယ်...။”

မြင်းမျက်နှာနှင့် ကျင့်ကြံသူက ခေါင်းညိတ်လိုက်လေသည်။ မည်သို့ပင်ဖြစ်စေ ဖုဝမ်ကို လူပုံအလယ်၌ အရှက်ခွဲခြင်းသည် အနီရောင်နေမင်းဂိုဏ်းကို အရှက်ခွဲခြင်းပင် ဖြစ်ချေသည်။

“အဲ့ဒီလိုလား...။”

တိုးညင်းသော လေတိုးသံတစ်ခုက သေမင်း၏ တီးတိုးသံကဲ့သို့ ထွက်ပေါ်လာခဲ့လေ၏။

ထိုစကားသံဆုံးသည်နှင့် တပြိုင်နက် ထက်ရှသော ဓားအလင်းတန်းတစ်ခုက လေထုကို ဖြတ်သန်းသွား သည်။

သစ်ပင်များကြားတွင် ခုန်ကူးနေသော မြင်းမျက်နှာနှင့် ကျင့်ကြံသူသည် သတိမထားမိလိုက်ဘဲ ခါးမှနေ ၍ နှစ်ပိုင်းပြတ်သွားကာ စူးဝါးသောအော်ဟစ်သံနှင့်အတူ သွေးများ ပန်းထွက်လာတော့သည်။

“ဘယ်သူလဲ...။”

ရှေ့တွင် လျှောက်လှမ်းနေသော ဗလတောင့်တောင့်နှင့် လူသည် သူ၏အဖော် အော်ဟစ်သံကို ကြား လိုက်ရသဖြင့် ထိတ်လန့်သွားခဲ့လေ၏။ သူ လှည့်ကြည့်လိုက်သောအခါ ပို၍ပင် ကြောက်လန့်သွား လေတော့သည်။

အစောပိုင်းကပင် စကားတပြောပြောနှင့် လာခဲ့သော သူ၏ ဂျူနီယာညီလေးမှာ ယခုအခါ ခန္ဓာကိုယ် မှာနှစ်ပိုင်းပြတ်လျက် ရှိနေချေပြီ။

သူ၏ ပြူးကျယ်နေသော မျက်လုံးများထဲတွင် နာကျည်းမှုနှင့် ကြောက်ရွံ့မှုများ ပြည့်နှက်နေတော့၏။

ဗလတောင့်တောင့်နှင့် လူက နောက်တစ်ကြိမ် ထပ်မံမကြည့်နိုင်ခင်မှာပင် ဓားအလင်းတန်းတစ်ခု ထပ်မံ လက်ခနဲ ဖြစ်သွားပြန်သည်။

သူသည် တိုက်ရိုက်ရင်ဆိုင်ရန် မဝံ့ရဲသဖြင့် နောက်သို့ ဆုတ်ရှောင်လိုက်ပြီး လက်နှစ်ဖက်ဖြင့် တွန်းထုတ် ကာ ဝုန်းခနဲ တောက်လောင်နေသော မီးတောက်များကို ထုတ်လွှတ်လိုက်လေသည်။

“မင်းက ဘယ်သူလဲ...၊ ငါက အနီရောင်နေမင်းဂိုဏ်းရဲ့ တပည့်ပဲ...။ ငါ့ကို လက်ဖျားနဲ့တောင် ထိရင် မင်း သေလမ်းရှာနေတာပဲ...။”

သူ၏ ဟန်ကိုယ်ဖို့ ပြောဆိုချက်များက အတွင်းစိတ်မှ ကြောက်ရွံ့မှုကို ဖုံးကွယ်ထားခြင်းသာ ဖြစ်ချေ သည်။

“မင်းတို့က ငါ့ကို ရှာနေတာ မဟုတ်ဘူးလား...။”

တိုးညင်းသော စကားသံက သူ၏ဘေးနားမှ ထွက်ပေါ်လာခဲ့၏။

“ဘာ...”

ဗလတောင့်တောင့်နှင့် လူသည် တုန်လှုပ်သွားခဲ့လေသည်။ ထိုလူက သူ၏ဘေးနားသို့ မည်သည့်အချိန်က ရောက်ရှိနေပါသနည်း။

သူ ပို၍ မတွေးနိုင်ခင်မှာပင် လည်ပင်း၌ စူးရှသော နာကျင်မှုကို ခံစားလိုက်ရပြီး တစ်ကမ္ဘာလုံးက သူ၏ မျက်စိရှေ့တွင် ချာချာလည်ကာ ပြုတ်ကျသွားခဲ့လေတော့သည်။

“အရှိန်အဝါဖုံးကွယ်ခြင်း အတတ်က တကယ်ကို အသုံးဝင်တာပဲ...။”

ထိုသူမှာ ထျန်ဖုန်း ဖြစ်သည်။ သူသည် အပြေးဒင်္ဂါး (၃၀၀) အသုံးပြု၍ မြေကမ္ဘာအဆင့် အလယ် အလတ်ရှိသော အရှိန်အဝါဖုံးကွယ်ခြင်း အတတ်ကို ဝယ်ယူခဲ့ပြီး စနစ်၏အကူအညီဖြင့် အလွယ်တကူ ကျွမ်းကျင်သွားခဲ့ခြင်း ဖြစ်လေသည်။

သူ၏ နတ်ဆိုးဝိညာဉ်ခန္ဓာနှင့်ဆိုလျှင် အရှိန်အဝါဖုံးကွယ်ခြင်း အတတ်ကို စတင်လေ့ကျင့်ကာစ ဖြစ်ပါ သော်လည်း ရန်သူများ သတိမထားမိခင်မှာပင် အနီးကပ် ချဉ်းကပ်ကာ သတ်ဖြတ်နိုင်စွမ်း ရှိပေသည်။

ထျန်ဖုန်းသည် သေဆုံးသွားသော လူနှစ်ဦးကို တစ်ချက်ကြည့်လိုက်ပြီးနောက် အလောင်းများကို ရှာဖွေလိုက်သည်။

သူသည် သိုလှောင်အိတ် နှစ်အိတ်အပြင် စိတ်ဝိညာဉ်ကျောက်တုံး ဒါဇင်ခန့်နှင့် အခြားသော ပစ္စည်း အမျိုးမျိုးကို ရရှိခဲ့လေ၏။

အရေးကြီးဆုံးမှာ အနီရောင်နေမင်း လျှို့ဝှက်နယ်မြေ၏ မြေပုံတစ်ခုကို ရရှိခဲ့ခြင်း ဖြစ်ပေသည်။

“ကောင်းကင်ဘုံကူပါစေဦး...။ ဒီဂိုဏ်းကြီးတွေက တကယ်ကို အချက်အလက်တွေကို ဖုံးကွယ်ထား ကြတာပဲ...။”

အပြင်လောကတွင် မည်သည့်မြေပုံမှ ရောင်းချခြင်း မရှိပေ။ ယခင်က လျှို့ဝှက်နယ်မြေအတွင်းသို့ ရောက်ဖူးသော လေလွင့်ကျင့်ကြံသူများ ရေးဆွဲထားသည့် ပြန့်ကျဲနေသော မြေပုံအချို့သာ ရှိသည်။ ၎င်းတို့မှာ အသုံးမဝင်လှဘဲ မရှိတာထက် ရှိတာက တော်ရုံသာ ဖြစ်လေသည်။

အချို့သော လေလွင့်ကျင့်ကြံသူများသည် သေဆုံးသွားသော ဂိုဏ်းတပည့်များထံမှ မြေပုံများ ရရှိတတ် ကြသော်လည်း ၎င်းတို့ကိုယ်တိုင် အသုံးပြုရန်သာ ဝံ့ရဲကြလေ၏။ အကယ်၍ ထိုမြေပုံကို ရောင်းချ ပါက သေလမ်းရှာခြင်းနှင့် အတူတူပင် ဖြစ်လိမ့်မည်။

မြေပုံကို ကြည့်ရှုပြီးနောက် ထျန်ဖုန်းသည် လျှို့ဝှက်နယ်မြေအကြောင်း ပိုမိုနားလည်သွားခဲ့လေသည်။

…………

“တခြားလူတွေ ဘယ်မှာလဲ...၊ သေကုန်ကြပြီလား...။”

ဖုဝမ်၏ မျက်နှာမှာ ဒေါသကြောင့်ပြာနှမ်းနေခဲ့၏။ သူသည် စိတ်အခြေအနေ မကောင်းလှသည့်အကြား တွင် အဖော်များကို အချိန်အကြာကြီး စောင့်ဆိုင်းနေရသဖြင့် ဒေါသတကြီး အော်ဟစ်လိုက်လေသည်။

သူသည် လျှို့ဝှက်နယ်မြေထဲသို့ အတင်းတိုးဝင်လာပြီးနောက် ကိုယ်လက်သန့်စင်မှုကို အမြန်ပြုလုပ်ခဲ့ သော်လည်း သူ၏ကိုယ်ပေါ်တွင် အနံ့အသက်ဆိုးများ ကျန်ရှိနေဆဲ ဖြစ်၏။ အထူးသဖြင့် သူ၏ ပါးစပ်ထဲ တွင် ဖြစ်သည်။

ထို့ကြောင့် သူသည် အော့အန်ချင်စိတ်ကို အတတ်နိုင်ဆုံး ထိန်းချုပ်နေရပြီး အခြားသူများရှေ့တွင် ထူးဆန်းမှု တစ်စုံတစ်ရာ မပြမိစေရန် ကြိုးစားနေရလေသည်။

သူ၏ စိတ်အခြေအနေက ပိုမိုဆိုးရွားလာသဖြင့် ဒေါသဖြေဖျောက်ရန် အခွင့်အရေးကိုသာ ရှာဖွေနေ တော့သည်။

သူ၏ရှေ့တွင် ရပ်နေသော တပည့်တစ်ဦးမှာ မျက်မှောင်ကြုတ်လျက် အန်မထွက်စေရန် အတတ်နိုင်ဆုံး အောင့်ထားခဲ့ရ၏။

“စီနီယာအစ်ကို ဖုဝမ်...၊ ဖြစ်နိုင်တာက သူတို့ တစ်ခုခုနဲ့ ကြုံနေရလို့ နောက်ကျနေတာ ဖြစ်မှာပါ...။”

သူသည် အသက်ကို အောင့်ထားရင်း စကားကို အမြန်ဆုံး အဆုံးသတ်လိုက်ရ၏။

အနံ့က အလွန်ဆိုးရွားလှသည်။ ဖုဝမ်၏ ပါးစပ်မှ ထွက်လာသော အနံ့မှာ မစင်စားထားသကဲ့သို့ နံစော်လွန်းလှပေသည်။

”မဟုတ်ဘူး... သူ တကယ်ကို စားခဲ့တာပဲ…။”

အမှန်စင်စစ် မျက်မှောက်၌ ရှိနေသော အနီရောင်နေမင်းဂိုဏ်းမှ တပည့်တစ်ဝက်ကျော်မှာ ဖုဝမ်ကို လှောင်ပြောင်ချင်နေကြသော်လည်း အားလုံးကို စိတ်ထဲ၌သာ မြိုသိပ်ထားကြရလေသည်။

“မင်းက ဘာကို ဆိုလိုတာလဲ...”

ဖုဝမ်သည် ထိုလူ၏ မျက်နှာအမူအရာကို မြင်လိုက်ရသောအခါ ပို၍ပင် ဒေါသထွက်သွား၏။

”မင်းက ငါ့ကို လှောင်နေတာလား...။”

“ဖြေစမ်း...၊ ဟုတ်လား...။”

ဖုဝမ်၏ မျက်လုံးများမှာ သွေးရောင်လွှမ်းသွားပြီး ကြောက်မက်ဖွယ်ကောင်းသော မျက်နှာထားဖြင့် အော်ဟစ်လိုက်သဖြင့် အားလုံး တုန်လှုပ်သွားကြလေသည်။

“မဟုတ်...၊ မဟုတ်ပါဘူး...။”

”ဖြန်း…။”

ဖုဝမ်က ထိုတပည့်၏ ပါးကို အားပြင်းစွာ ရိုက်ချလိုက်သဖြင့် ထိုသူမှာ နောက်သို့ ယိုင်သွားပြီး ပါးပြင်မှာ လည်း ချက်ချင်းပင် ရောင်ကိုင်းသွားလေတော့သည်။

“သူတို့ကို ထပ်မစောင့်တော့ဘူး...၊ သွားကြမယ်...။”

ထိုသို့ပြောပြီးနောက် သူသည် ထွက်ခွာသွားရာ နောက်၌ ကျန်ရစ်ခဲ့သော တပည့်၏ မျက်လုံးထဲတွင် နာကျည်းမှုများ ပြည့်နှက်နေခဲ့၏။

နောက်ဆုံးတွင်တော့ ထိုတပည့်မှာ အံကြိတ်လျက် နောက်မှ လိုက်သွားခဲ့ရလေသည်။

“အရင်ဆုံး ဆေးဘက်ဝင်အပင်ကို အရင်ရှာမယ်...။ အဲ့ဒီကောင်ရဲ့ အရိပ်အယောင်ကို တွေ့တာနဲ့ ချက်ချင်းသတ်ပစ်...။”

“မဟုတ်ဘူး...၊ သူ့ကို အရှင်ဖမ်းမိတာက အကောင်းဆုံးပဲ...။”

ဖုဝမ်၏ အသံမှာ ပိုမိုရက်စက်လာခဲ့၏။ သူ၏ ကိုယ်ပေါ်မှ ထွက်နေသော အနံ့အသက်ဆိုးမှာ ဖုဝမ် အတွက် ဘယ်သောအခါမှ မေ့ဖျောက်၍ မရနိုင်သော အရာတစ်ခု ဖြစ်လာခဲ့ပေသည်။

ဤအမည်းစက်သည် သူ၏ ဘဝတစ်လျှောက်လုံးတွင် ရှိနေပေဦးတော့မည်။

သို့သော် သူသည် အနီရောင်နေမင်း လျှို့ဝှက်နယ်မြေထဲသို့ ဝင်ရောက်လာရသည့် အဓိကတာဝန်ကို မမေ့သေးပေ။ ၎င်းမှာ လိုအပ်သော ဝိညာဉ်ဆေးပင်များကို ရှာဖွေရန်သာ ဖြစ်သည်။

အနီရောင်နေမင်း လျှို့ဝှက်နယ်မြေသည် သုံးရက်သာ ကြာမြင့်မည်ဖြစ်၏။ သုံးရက်ပြည့်ပါက အားလုံး သည် ခံတပ်အစီအရင်၏ တွန်းထုတ်မှုကြောင့် အပြင်သို့ အလိုလိုရောက်သွားကြပေလိမ့်မည်။

ဤသုံးရက်သည် ဂိုဏ်း၏ လာမည့် သုံးနှစ်စာ အခြေခံအုတ်မြစ်တည်ဆောက်ခြင်း ဆေးလုံးများအတွက် အလွန်အရေးကြီးပေသည်။ အကယ်၍ သူ၏ တစ်ကိုယ်ကောင်းဆန်မှုကြောင့် ဆေးပင်များ ရှာဖွေရာ တွင် ပြဿနာတက်ပါက သူ၏ဖခင်ပင်လျှင် သူ့ကို ကယ်တင်နိုင်မည် မဟုတ်ချေ။

ထိုအဖွဲ့သည် ဆေးပင်ရှာဖွေရန် နှစ်ဖွဲ့ခွဲလိုက်ကြပြီး အဖွဲ့တစ်ဖွဲ့ကို ဖုဝမ်က ဦးဆောင်သွားလေသည်။

…………

ထျန်ဖုန်းသည် သစ်ပင်အကိုင်းအခက်များပေါ်သို့ ကျွမ်းကျင်စွာ ခုန်တက်လျက် အသက်ရှူနှုန်းကို ထိန်းကာ အာရုံစူးစိုက်ထားခဲ့လေ၏။

သူသည် ဆေးပင်များအတွက် တိုက်ခိုက်နေကြသော ကျင့်ကြံသူများကို လမ်းတွင် တွေ့ခဲ့သော်လည်း ဝင်ရောက်စွက်ဖက်ခြင်း မပြုခဲ့ပေ။

*သူတို့က လေလွင့်ကျင့်ကြံသူများ ဖြစ်ကြပြီး ငါနဲ့ ရန်ငြိုးမရှိကြဘူး...။ ငါက စိတ်ဝိညာဉ်ကျောက်တုံး အတွက် ဆေးပင်ရှာနေတာပဲ...။ စနစ်ကနေ ဆုလာဘ်လည်း မရဘဲနဲ့ သူတို့နဲ့ သေကျေအောင် တိုက်နေဖို့ မလိုပါဘူး...။*

သူသည် လမ်းတွင်တွေ့သော ဆေးပင်များကို ခူးယူခဲ့ရာ နာရီအနည်းငယ်အတွင်းမှာပင် သိသိသာသာ ရိတ်သိမ်းနိုင်ခဲ့လေသည်။

ထိုအပင်များအနက် နှစ်ပင်မှာ အခြေခံအုတ်မြစ်တည်ဆောက်ခြင်း ဆေးလုံးဖော်စပ်ရာတွင် အသုံးပြုရ သော ဆေးပင်များ ဖြစ်လေသည်။

သူ လျှောက်လာရင်းနှင့် အဝေးတစ်နေရာမှ တိုက်ခိုက်သံများကို ထပ်မံကြားလိုက်ရပြန်လေသည်။

စကားပြောသံအချို့ကိုလည်း သဲ့သဲ့ကြားနေရ၏။

“ငါ နင့်ကို ကတိပေးတယ်...၊ ဝိညာဉ်ကြံ့ဦးချိုမြစ် တစ်ပင်ပဲ ယူမယ်...။”

“ငါ သွားတော့မယ်...၊ ငါ ဘာမှ မလိုချင်တော့ဘူး...။”

ထိုအသံကို ကြားလိုက်ရသောအခါ ထျန်ဖုန်းက ခေါင်းခါလိုက်၏။

“ကြည့်ရတာ ဆေးပင်လုတဲ့ လှည့်ကွက်ဟောင်းကြီးပဲ ဖြစ်ရမယ်...။”

လမ်းတစ်လျှောက်တွင် ထိုကဲ့သို့သော အဖြစ်အပျက်များကို အကြိမ်ကြိမ် မြင်တွေ့ခဲ့ရသဖြင့် ထျန်ဖုန်း သည် ဝင်ရောက်ပတ်သက်ရန် ဆန္ဒမရှိဘဲ လမ်းလွှဲကာ ထွက်ခွာသွားရန် ဆုံးဖြတ်လိုက်လေသည်။

“ငါက တစ်ယောက်ကို တစ်ပင်စီပဲ ယူကြရအောင်လို့ အကြံပေးခဲ့ပေမဲ့ နင်တို့က ငြင်းခဲ့တာလေ... ၊ အခုကျမှ နောင်တရနေတာလား...။”

အမျိုးသမီးတစ်ဦး၏ အသံကြောင့် ထျန်ဖုန်း၏ ခြေလှမ်းများ တန့်သွားရလေသည်။

“သူမလား...။”

ရင်းနှီးနေသော အသံကြောင့် ထျန်ဖုန်းမှာ အံ့အားသင့်သွားပြီး ထိုအသံလာရာဘက်သို့ အမြန်ပြေးသွား လေတော့သည်။

All Chapters