ပြောရရင်တော့ ဇာတ်လမ်းက အရှည်ကြီးပဲ
Vol. 6 Ch. 52
လွန်ခဲ့သော ခဏက….၊
“ဒီနေရာမှာ ဝိညာဉ်ကြံ့ဦးချိုမြစ် နှစ်ပင်ရှိတယ်...၊ တစ်ယောက်တစ်ပင်စီ ခွဲယူကြရင် ဘယ်လိုလဲ...။”
ချန်ယွင်သည် သူမ၏ရှေ့တွင်ရှိသော မုတ်ဆိတ်ဗလပွနှင့် လူကို ကြည့်လျက် မေးခွန်းထုတ်သည့် အမူ အရာဖြင့် ပြောလိုက်လေ၏။
သူမသာ ဖြစ်နိုင်ပါက မည်သူနှင့်မျှ မတိုက်ခိုက်လိုပေ။ အကြောင်းမှာ သူမသည် ချီစွမ်းအင်သန့်စင်ခြင်း အဆင့် (၉) သို့ ရောက်ရှိသည်မှာ မကြာသေးသဖြင့် ပြိုင်ဘက်ကို အနိုင်ယူနိုင်လိမ့်မည်ဟု ကိုယ့်ကိုယ် ကိုယ် ယုံကြည်မှု အပြည့်အဝ မရှိသေးသောကြောင့် ဖြစ်ပေသည်။
မုတ်ဆိတ်ဗလပွနှင့် လူကမူ ချန်ယွင်ကို ဂရုမစိုက်ဘဲ ဘေးနားရှိ အရာကိုသာ လောဘတကြီး ကြည့်နေ လေသည်။
ရေကန်၏ အစွန်းတွင် ဝိညာဉ်ဆေးပင် နှစ်ပင် ပေါက်ရောက်နေ၏။ သို့သော် တန်ဖိုးအရှိဆုံး အစိတ် အပိုင်းမှာ အပင်များ မဟုတ်ဘဲ ၎င်းတို့၏ အောက်ခြေရှိ အမြစ်များနှင့် ပင်စည်များသာ ဖြစ်လေသည်။
“စကားများနေတာ တော်စမ်း...၊ ဝိညာဉ်ကြံ့ဦးချိုမြစ် နှစ်ပင်လုံးကို ငါပဲ ယူမယ်...။”
မုတ်ဆိတ်ဗလပွနှင့် လူသည် ချန်ယွင်ကို အထင်အမြင်သေးစွာ ကြည့်လိုက်၏။ သူမသည် အားနည်းချက် ကို ပြသကာ ခေါင်းငုံ့နေသည့် ပျော့ညံ့သော မိန်းကလေးတစ်ဦးဟုသာ သူက ထင်မှတ်ထားသဖြင့် သူမ တွင် စွမ်းအားကြီးမားသည့် အစွမ်းရှိလိမ့်မည်ဟု မယူဆထားပေ။
ချန်ယွင်သည် ခဏမျှ ဝေခွဲမရ ဖြစ်သွားခဲ့သည်။ ခဏမျှ တုံ့ဆိုင်းနေပြီးနောက် သူမက အံကြိတ်လျက် ပြောလိုက်၏။
“ကောင်းပြီလေ...၊ နင့်ရဲ့ ကံကောင်းမှုက အမြဲတမ်း တည်မြဲနေပါစေလို့ ငါ မျှော်လင့်ပါတယ်...။”
ထိုသို့ပြောပြီးနောက် သူမသည် လှည့်ထွက်သွားလေတော့သည်။
ချန်ယွင်၏ ထွက်ခွာသွားသော ကျောပြင်ကို ကြည့်ရင်း မုတ်ဆိတ်ဗလပွနှင့် လူသည် မည်သည့် သရော် စကားမှ မပြောဘဲ သူမ တောအုပ်ထဲသို့ ပျောက်ကွယ်သွားသည်အထိ တိတ်ဆိတ်စွာ စောင့်ကြည့်နေ၏။
တောအုပ်အတွင်းမှ အသံများ ဝေးကွာသွားသောအခါမှ မုတ်ဆိတ်ဗလပွနှင့် လူသည် သက်ပြင်း တစ်ချက် ချနိုင်လေတော့သည်။
အမှန်အတိုင်း ပြောရလျှင် သူသည် ဟန်ကိုယ်ဖို့သာ လုပ်နေခြင်း ဖြစ်သည်။ သူသည် လေလွင့်ကျင့်ကြံ သူ တစ်ဦးဖြစ်ရုံသာမက ချီစွမ်းအင်သန့်စင်ခြင်းအဆင့် (၉) သို့ ရောက်ရှိသည်မှာလည်း မကြာသေးပေ။ ထို့ကြောင့် သူသာ ပြိုင်ဘက်နှင့် အမှန်တကယ် တိုက်ခိုက်ရပါက အနိုင်ရရန် အခွင့်အရေး ရှိချင်မှ ရှိပေ လိမ့်မည်။
ကံကောင်းထောက်မစွာဖြင့် အခြားတစ်ဖက်ကို ခြိမ်းခြောက်နိုင်ခဲ့ပေသည်။
“ဟဲဟဲ... ဒီမိန်းမငယ်လေးက တကယ့်ကို သူရဲဘောကြောင်တာပဲ...။”
သူသည် ရေကန်ဘေးရှိ ဝိညာဉ်ဆေးပင် နှစ်ပင်ကို မျက်လုံးများ အရောင်တောက်လျက် လှည့်ကြည့် လိုက်လေ၏။
ယခုအချိန်တွင် ချန်ယွင် ဝေးဝေးသို့ ရောက်မရောက်ကို သူ ဂရုမစိုက်နိုင်တော့ပေ။ အဘယ်ကြောင့် ဆိုသော် အချိန်မရွေး လူတစ်ယောက်ယောက် ရောက်လာနိုင်သောကြောင့် ဖြစ်၏။
သူ သတိကြီးစွာ ထားလျက် ရေကန်ဆီသို့ ဖြည်းညင်းစွာ လျှောက်သွားပြီး ရေထဲတွင် ပုန်းအောင်းနေနိုင် သည့် မိစ္ဆာသားရဲများ ရှိမရှိကိုလည်း စိုးရိမ်တကြီး စောင့်ကြည့်နေခဲ့ရ၏။
ပတ်ဝန်းကျင်တစ်ခုလုံးမှာ တိတ်ဆိတ်ငြိမ်သက်နေပြီး လေအေးလေး တစ်ချက်အဝှေ့တွင် ရေမျက်နှာ ပြင်မှာ ခဏမျှ လှိုင်းထသွားလေသည်။
“တောက်...၊ မိစ္ဆာသားရဲ ရှိနေတာပဲ...။”
မုတ်ဆိတ်ဗလပွနှင့် လူသည် ထိတ်လန့်သွားကာ ချက်ချင်းပင် နောက်သို့ ဆုတ်လိုက်လေ၏။
ထိုစဉ်မှာပင် သူ၏ ကျောဘက်မှနေ၍ ပူပြင်းသော အပူလှိုင်းတစ်ခု တိုးဝင်လာသည်ကို ခံစားလိုက်ရ လေသည်။
“တောက်...၊ ငါ ထောင်ချောက်ထဲ မိသွားပြီ...။”
သူ့မှာ နောက်သို့ လှည့်ကြည့်ရန် အချိန်မရပေ။ ထိုအခိုက်အတန့်တွင် တိုက်ခိုက်မှုကို ရှောင်ရှားနိုင်ရန် သူ၏ ခန္ဓာကိုယ်ကို အနည်းငယ်သာ လွှဲလိုက်နိုင်လေ၏။
”ဘုန်း….။”
အပူလှိုင်းများမှာ နေရာအနှံ့ ပျံ့နှံ့သွားပြီး အသားကင်နံ့တစ်ခု ထွက်ပေါ်လာသည်။ မုတ်ဆိတ်ဗလပွနှင့် လူ၏ ခန္ဓာကိုယ်တစ်ခြမ်းမှာ မီးလောင်ကျွမ်းသွားပြီး လွင့်စင်သွားလေတော့သည်။
သူသည် ပြန်လည် ပေါ်ထွက်လာသော ချန်ယွင်ကို ကြည့်လျက် မျက်နှာမှာ ပြာနှမ်းသွားခဲ့လေ၏။
“တကယ်ကို ကောင်းမွန်တဲ့ အစီအစဉ်ပဲ...၊ ခုနက ရေမျက်နှာပြင်ပေါ်က ထူးဆန်းတဲ့အရာက နင့်လက်ချက်လား...။”
ချန်ယွင်သည် ဘာမှပြန်မပြောဘဲ သူမ၏ ဓားကို ဆွဲထုတ်ကာ ရှေ့သို့ လှမ်းလာခဲ့လေ၏။
မုတ်ဆိတ်ဗလပွနှင့် လူမှာ ပြင်းထျန်စွာ ဒဏ်ရာရရှိထားသဖြင့် ယခုအခါတွင် ခက်ခဲစွာသာ ခုခံနိုင်တော့ သည်။
သို့သော် တိုက်ပွဲ ကြာလာသည်နှင့်အမျှ သူ၏ပြိုင်ဘက်မှာ သူထင်ထားသည်ထက် များစွာ ပိုမိုအစွမ်း ထက်ကြောင်း သူ သိရှိသွားခဲ့ပေသည်။
“နေဦး... နေဦး...။”
သူက ထိတ်လန့်တကြား အော်ဟစ်လိုက်သော်လည်း ချန်ယွင်သည် မကြားသကဲ့သို့ပင် သူမ၏ လက် လှုပ်ရှားမှုများကို အရှိန်မလျှော့ဘဲ ဆက်လက် တိုက်ခိုက်နေခဲ့၏။
“ငါ နင့်ကို ကတိပေးတယ်...၊ ဝိညာဉ်ကြံ့ဦးချိုမြစ် တစ်ပင်ပဲ ယူပါမယ်...။”
ချန်ယွင်သည် သူ့ကို ဂရုမစိုက်ဘဲ လက်တစ်ဖက်တွင် ဓားကို အသုံးပြုကာ အခြားတစ်ဖက်တွင်မူ မီးတောက်မှော် အတတ်ကို အသုံးပြုလျက် မုတ်ဆိတ်ဗလပွနှင့် လူကို အသက်အန္တရာယ်ရှိသော အခြေ အနေသို့ ရောက်အောင် ဖိအားပေးလိုက်လေသည်။
“ငါ သွားပါတော့မယ်...၊ ငါ ဘာမှ မလိုချင်တော့ဘူး...။”
မုတ်ဆိတ်ဗလပွနှင့် လူသည် ထိုနေရာတွင် သေဆုံးသွားမည်ကို ကြောက်ရွံ့ကာ ပျာပျာသလဲ ပြောလိုက် လေ၏။
“ခုနတင် တစ်ယောက်တစ်ပင်စီ ခွဲယူဖို့ ငါ အကြံပေးခဲ့တုန်းက နင်က ငြင်းခဲ့တာလေ...။ အခုမှ နောင်တရနေတာလား...။”
ချန်ယွင်၏ လှုပ်ရှားမှုများမှာ စည်းချက်ကျနေပြီး တစ်ကွက်ချင်းစီမှာလည်း ထိရောက်ကာ ပြင်းထန် လှ၏။
ထျန်ဖုန်း ရောက်ရှိလာချိန်တွင် ချန်ယွင်က ဓားတစ်ချက်တည်းဖြင့် မုတ်ဆိတ်ဗလပွနှင့် လူ၏ ခေါင်းကို ဖြတ်ချလိုက်သည်ကို တွေ့လိုက်ရလေတော့သည်။
ချန်ယွင်သည် သက်ပြင်းတစ်ချက် ချလိုက်သော်လည်း အပြည့်အဝ စိတ်မလျှော့နိုင်သေးခင်မှာပင် ထျန်ဖုန်း ရှိရာဘက်သို့ ရုတ်တရက် လှည့်ကြည့်ကာ အော်ဟစ်လိုက်လေ၏။
“ဘယ်သူလဲ...။”
“မိတ်ဆွေ ချန်ယွင်...၊ မတွေ့တာ ကြာပြီနော်...။”
ထျန်ဖုန်းသည် ပုန်းကွယ်မနေတော့ဘဲ မြင်ကွင်းသို့ ထွက်လာခဲ့လေသည်။
တင်းမာနေသော ချန်ယွင်၏ မျက်နှာထားမှာ ချက်ချင်းပင် လျော့ကျသွားပြီး ရယ်မောလိုက်၏။
“အို...၊ အစ်ကိုထျန်ပါလား...။ ရှင်ကတော့ ကျွန်မကို လန့်အောင် လုပ်ပြန်ပြီ...။”
“မိတ်ဆွေ ချန်ယွင်...၊ မင်းရဲ့ စွမ်းရည်က တကယ်ကို ထူးချွန်တာပဲ...။”
ထျန်ဖုန်းသည် စိတ်ထဲမှ တိတ်တဆိတ် အံ့အားသင့်နေမိသည်။ ဤမိန်းကလေးမှာ သူမတွင် ရောနှော နေသော ဝိညာဉ်အမြစ်များရှိသည်ဟု ပြောခဲ့သော်လည်း သူမ၏ တိုက်ခိုက်ရေးစွမ်းရည်ကို ကြည့်ရ သည်မှာ ထိုသို့ မဟုတ်ပုံရချေ။
ချန်ယွင်က ပြုံးလျက် ပြောလိုက်လေ၏။
“အစ်ကိုထျန်ကို ရယ်စရာဖြစ်အောင် လုပ်မိလို့ အားနာမိပါတယ်...။”
ထိုသို့ပြောပြီးနောက် သူမသည် ရေကန်ဘေးရှိ ဝိညာဉ်ကြံ့ဦးချိုမြစ် နှစ်ပင်ကို ဝမ်းသာအားရ ဆွတ်ခူး လိုက်လေသည်။
သူမသည် လက်ကောက်ဝတ်ကို ခဏမျှ လှုပ်ယမ်းလိုက်ပြီး ဝိညာဉ်ကြံ့ဦးချိုမြစ် တစ်ပင်ကို ထျန်ဖုန်း ထံသို့ ပစ်ပေးလိုက်လေ၏။
သူမက ရယ်မောလျက် ပြောလိုက်၏။
“အစ်ကိုထျန်...၊ တွေ့တဲ့သူတိုင်း ဝေစုရ ရမယ်လေ...။”
ထျန်ဖုန်းက သူမကို အံ့အားသင့်စွာ ကြည့်လိုက်သည်။ သူမသည် ထိုဆေးပင်ကို ပေးလိုက်ခြင်းမှာ ထျန်ဖုန်းက လုယူမည်ကို စိုးရိမ်သောကြောင့် ဖြစ်နိုင်ပေသည်။
သို့သော်လည်း သူမသည် ယခင်က သူကူညီခဲ့သည်ကို ကျေးဇူးဆပ်ချင်ခြင်း (သို့မဟုတ်) သူ့ကို သူငယ်ချင်းတစ်ဦးကဲ့သို့ သတ်မှတ်ခြင်းလည်း ဖြစ်နိုင်ပေ၏။
ထျန်ဖုန်းသည် ငုံ့ကြည့်ကာ သူ၏လက်ထဲရှိ ဝိညာဉ်ကြံ့ဦးချိုမြစ်ကို စစ်ဆေးလိုက်လေသည်။
ဝိညာဉ်ကြံ့ဦးချိုမြစ်မှာ သစ်မြစ်တစ်ခုနှင့် တကယ်ပင် ဆင်တူပြီး တစ်ပေခန့် ရှည်လျားကာ အဝါရင့် ရောင် ရှိ၏။ ၎င်းထံမှ မှေးမှိန်သော အလင်းတန်းလေးများ ထွက်ပေါ်လျက်ရှိနေသည်။
“မလိုပါဘူး...။ မင်းပဲ သိမ်းထားလိုက်ပါ...။”
သူသည် ဤကဲ့သို့သော ပစ္စည်းအသေးအဖွဲကို ဂရုမစိုက်သဖြင့် သူမထံသို့ ပြန်ပစ်ပေးလိုက်လေ၏။
“ရှင်...”
ချန်ယွင်မှာ ကြောင်တောင်တောင် ဖြစ်သွားပြီး သူမ၏ မျက်နှာမှာ မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက် နေ၏။
အနီရောင်နေမင်း လျှို့ဝှက်နယ်မြေထဲသို့ ဝင်ရောက်လာသော မည်သည့်ကျင့်ကြံသူက အခြေခံအုတ် မြစ်တည်ဆောက်ခြင်း ဆေးလုံးကို မလိုချင်ဘဲ နေပါမည်နည်း။ ဂိုဏ်းတပည့်များပင်လျှင် လိုချင်နေ ကြသည် မဟုတ်ပါလား။
မဟုတ်ပါက မည်သူက ပျင်းရိပျင်းမောနှင့် ဤနေရာသို့ လာပြီး အသက်အန္တရာယ်ကို အရင်းအနှီးပြု နေပါမည်နည်း။
ဝိညာဉ်အမြစ်သည် အခြေခံအုတ်မြစ်တည်ဆောက်ခြင်း ဆေးလုံးနှင့် တိုက်ရိုက် ဆက်နွှယ်နေသည် မဟုတ်ပါလား။
သူမ၏ အမြင်တွင် ထျန်ဖုန်းသည် အခြေခံအုတ်မြစ်တည်ဆောက်ခြင်း ဆေးလုံးအတွက် ဤနေရာသို့ လာခြင်း ဖြစ်သော်လည်း ယခုအခါ သူမပေးသော ဝိညာဉ်အမြစ်ကို အဘယ်ကြောင့် မယူရသနည်း။
“အစ်ကိုထျန်...၊ အဲ့ဒီလောက်ကြီး အားနာမနေပါနဲ့...။ ဒါက ကျွန်မရဲ့ စေတနာအစစ်အမှန်ပါ...။”
ထျန်ဖုန်းက ခေါင်းခါလျက် ပြောလိုက်၏။
“စိတ်မပူပါနဲ့...၊ ငါ့မှာလည်း အပင်အချို့ ရှိပြီးသားပါ...။”
သူ့တွင် ရှိနေသော ဝိညာဉ်ဆေးပင်များကို ဘေးဖယ်ထားလျှင်ပင် သူ၏ စနစ်တည်ရှိနေမှုကြောင့် ဤ ဆေးပင် များကို အသုံးပြုရန်ပင် မလိုအပ်ချေ။
ထိုစကားကို ကြားသောအခါ ချန်ယွင်သည် ဆက်လက် တုံ့ဆိုင်းမနေတော့ဘဲ လက်နှစ်ဖက်ကို စုကာ အရိုအသေ ပေးလိုက်လေ၏။
“ဒါဆိုရင်လည်း ကျွန်မကပဲ ရိုရိုသေသေ လက်ခံလိုက်ပါ့မယ်...။”
ဤဝိညာဉ်ကြံ့ဦးချိုမြစ်၏ တန်ဖိုးအရဆိုလျှင် (၃၀) ရာခိုင်နှုန်းခန့် ရရှိရုံနှင့်ပင် အခြေခံအုတ်မြစ် တည်ဆောက်ခြင်း ဆေးလုံး တစ်လုံးကို ရရှိနိုင်ပေသည်။
သူမ၏ ကိုယ်ပိုင်ဆေးပင်များနှင့် ပေါင်းလိုက်ပါက အခြေခံအုတ်မြစ်တည်ဆောက်ခြင်း ဆေးလုံး နှစ်လုံးခန့် ရရှိနိုင်ပေလိမ့်မည်။
ထို့နောက်တွင် သူမသည် အခြေခံအုတ်မြစ် တည်ဆောက်ခြင်းကို ကြိုးစားနိုင်မည် ဖြစ်သည်။ အကယ်၍ အောင်မြင်ပါက သူမသည် အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ တစ်ဦး ဖြစ်လာပေ လိမ့်မည်။
ချန်ယွင်သည် စိတ်ထဲမှ ရင်ခုန်စွာ မျှော်လင့်နေမိ၏။
ထျန်ဖုန်းကို ကြည့်ရင်း ချန်ယွင်သည် တစ်ခုခုကို သတိရသွားပုံရပြီး တွန့်စုတ်စွာ မေးလိုက်လေသည်။
“အစ်ကိုထျန်...၊ စျေးအပြင်ဘက်မှာ ဖြစ်ခဲ့တဲ့ အကြောင်းတွေကို ကျွန်မ သိပါတယ်...။”
ထိုစဉ်က သူမသည် စျေးထဲတွင် ရှိနေသဖြင့် ထျန်ဖုန်းနှင့် ဟယ်ဖန်ဟုန်တို့အကြောင်း သတင်းများကို သဘာဝကျစွာ ကြားခဲ့ရခြင်း ဖြစ်လေသည်။
“ဘာတွေ ဖြစ်လို့လဲ...။”
ထျန်ဖုန်းသည် အနည်းငယ် ဇဝေဇဝါ ဖြစ်သွားပြီး မေးလိုက်၏။
“အဲ့ဒါက...၊ တစ်ယောက်ယောက်က ရှင့်ရဲ့ လှေပျံကို လိုချင်လို့ လိုက်ရင်း ရှင့်လက်ချက်နဲ့ အသတ်ခံ ရတယ် ဆိုတဲ့ သတင်းလေ...။”
ချန်ယွင်၏ မျက်နှာအမူအရာမှာ အနည်းငယ် ပုံမှန်မဟုတ် ဖြစ်သွားလေသည်။
“အော်...၊ မင်းတို့အားလုံး သိသွားကြတာလား...။”
ထျန်ဖုန်းသည် ရုတ်တရက် သဘောပေါက်သွားပြီးနောက် ထပ်ပြောလိုက်၏။
“နေဦး...၊ ငါ သူတို့အားလုံးကို သတ်ပြီး မြေမြှုပ်ခဲ့တာပဲ...။ မင်းတို့က ဘယ်လိုလုပ် သိတာလဲ...။”
ချန်ယွင်၏ မျက်လုံးများမှာ မှေးမှိန်သွား၏။ သတင်းများမှာ အမှန်တကယ် ဖြစ်ပုံရသည်။ သူမသည် စာရိတ္တကောင်းမွန်သော သူငယ်ချင်းတစ်ဦးကို နောက်ဆုံးတော့ တွေ့ပြီဟု ထင်မှတ်ထားခဲ့သည် မဟုတ် ပါလား။
“တစ်ယောက်ယောက်က သူတို့ကို ပြန်တူးဖော်ခဲ့ကြတာပဲ...။”
ထျန်ဖုန်း၏ မျက်နှာမှာ မည်းမှောင်သွား၏။
“ဒါက ဘယ်လို ယုတ်မာတဲ့ အလုပ်လဲ...။ မြေမြှုပ်ပြီးသား လူတွေကို ဘာလို့ ပြန်တူးရတာလဲ...။”
ထျန်ဖုန်း၏ ညည်းညူသံကို နားထောင်ရင်း ချန်ယွင်သည် ပို၍ပင် စိတ်ပျက်သွားမိသည်။ ကိုယ်ကျင့် တရားမဲ့မှုနှင့် ပတ်သက်လာလျှင် ဘယ်သူက ရှင့်ကို ယှဉ်နိုင်ပါဦးမည်နည်း။ ရှင်က သေသွားတဲ့သူတွေကို တောင် မချန်ခဲ့ဘူး မဟုတ်လား။
“အစ်ကိုထျန်...။ ရှင်က... ရှင်က ဟယ်ဖန်ဟုန် လို မိန်းမမျိုးကို တကယ်ပဲ ကြိုက်တာလား...။”
ဟယ်ဖန်ဟုန် တွင် မည်သည့် ဆွဲဆောင်မှုမျိုး ရှိနေသည်ကို သူမ တကယ်ပင် နားမလည်နိုင်တော့ချေ။
*အစ်ကိုထျန်က ထို ဟယ်ဖန်ဟုန် ကို အဲ့ဒီလို အရင်လုပ်ပြီးမှ သတ်လိုက်တာလား၊ ဒါမှမဟုတ် သတ်ပြီး မှ အဲ့ဒီလို လုပ်လိုက်တာလား…။*
“ဟယ်ဖန်ဟုန် ဟုတ်လား...။ အဲ့ဒါ ဘယ်သူလဲ...။”
ထျန်ဖုန်းမှာ ကြောင်သွား၏။
“အော်...၊ အဲ့ဒီ အမျိုးသမီးကို ပြောတာလား...။ ငါ သူမကို မကြိုက်ပါဘူး...၊ ဒါပေမဲ့ သူမရဲ့ ကိုယ်လုံး ကိုယ်ပေါက်ကတော့ တော်တော်လေး လှသားပဲ...။”
ချန်ယွင်က ခပ်တိုးတိုး သက်ပြင်းချမိလိုက်လေ၏။
“ဟင်း...”
ထျန်ဖုန်းမှာ ထူးဆန်းနေမိသည်။
*ဒီမိန်းကလေးရဲ့ စကားတွေထဲမှာ အဓိပ္ပာယ် တစ်ခုခု ဖုံးကွယ်နေသလား...။ ပြီးတော့ သူမရဲ့ လေသံ ကကော ဘာဖြစ်နေတာလဲ….။*
*ဒါနဲ့ နေပါဦး...၊ အဲ့ဒီလူတွေကို မြေမြှုပ်တုန်းက အမျိုးသမီးမှာ အဝတ်အစား တစ်ထည်မှ မရှိဘူး လေ…။*
*အို... ဒုက္ခပဲ…။*
*ကျော်ကြားတဲ့ နာမည်၊ ခန့်ညားတဲ့ ရုပ်ရည်နဲ့ ဖြောင့်မတ်တဲ့ စာရိတ္တရှိတဲ့ ငါ့လိုလူက ဘယ်လိုဖြစ်ပြီး ဒီလောက်ကြီးမားတဲ့ စွပ်စွဲချက်ကြီးကို ခံနေရတာလဲ…။*
“ဟို...၊ ပြောရရင်တော့ ဇာတ်လမ်းက အရှည်ကြီးပဲ...။”
ထျန်ဖုန်းသည် ကောင်းကင်ယံကို မော့ကြည့်လျက် သက်ပြင်းချလိုက်ရာ သူ၏ မျက်လုံးများထဲတွင် အထီးကျန် ဆွေးမြည့်မှုများဖြင့် ပြည့်နှက်နေလေတော့သည်။