အစ်ကိုထျန်က တကယ်ကို မွန်မြတ်တဲ့သူပဲ
Vol. 6 Ch. 53
ထိုသို့ဖြစ်ခဲ့သည်လား...၊
ခဏအကြာတွင် ချန်ယွင်၏ မျက်နှာထက်သို့ အပြုံးများ ပြန်လည်ရောက်ရှိလာခဲ့လေ၏။ ထျန်ဖုန်း၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် သူမသည် ဖြစ်ပျက်သမျှကို နောက်ဆုံးတွင် နားလည်သဘော ပေါက်သွားခဲ့လေသည်။
ဟယ်ဖန်ဟုန်နှင့် သူမ၏အဖွဲ့သည် ထျန်ဖုန်းကို သူတို့၏ အစီအစဉ်ထဲသို့ ဆွဲသွင်းရန်အတွက် ပြဇာတ် တစ်ခု ကပြခဲ့ခြင်း ဖြစ်သည်။ သို့သော် ထျန်ဖုန်း၏ ထက်မြက်သော မျက်လုံးများက ထိုလှည့်ကွက်ကို ချက်ချင်းပင် မြင်ခဲ့ပေသည်။
သူ၏ ယုံကြည်မှုကို ရရှိရန်အတွက် ဟယ်ဖန်ဟုန်မှာ အစစ်အမှန်သဏ္ဌာန်ဆောင်ရန် အဝတ်အစားများ ချွတ်ခဲ့ရခြင်း ဖြစ်ပေသည်။
“ဟွန်း...၊ အဲ့ဒီ ဝမ်ဟွာပင်းက တကယ့်ကို သူ့မိန်းမဖောက်ပြန်တာကို ခွင့်ပြုတဲ့သူပဲ...။ ဟယ်ဖန်ဟုန် ကလည်း တကယ့်ကို အရှက်မရှိတဲ့သူပဲ...။”
“တော်သေးတာပေါ့ အစ်ကိုထျန်...၊ ရှင်က ထက်မြက်ပြီး အန္တရာယ်နဲ့ ကြုံရချိန်မှာ တည်တည်ငြိမ်ငြိမ် ရှိနေခဲ့လို့ပေါ့...။ မိန်းမလှလေးတွေရဲ့ မြှူဆွယ်မှုနောက်ကိုလည်း မပါသွားခဲ့ဘူးနော်...။”
ဟယ်ဖန်ဟုန်က ထျန်ဖုန်း၏ အကြံပြုချက်ကြောင့် အဝတ်အစားများ ချွတ်ခဲ့ရခြင်းဖြစ်ကြောင်းကိုမူ သူမအား ထျန်ဖုန်းက အမှန်အတိုင်း ပြောပြမည် မဟုတ်ပေ။
“ဟင်း...၊ ကျင့်ကြံခြင်းလောကက ဒီလောက်ထိ ကောက်ကျစ်လိမ့်မည်လို့ ငါ မထင်ထားခဲ့ဘူး...။ သူတို့ က သူတို့ရဲ့ ကျင့်ကြံဖော်တွေကိုတောင် အလှအပနဲ့ မြှူဆွယ်ခိုင်းကြတာပဲ...။ ဟယ်ဖန်ဟုန်က တကယ့် ကို အရှက်မဲ့လွန်းပါတယ်...။”
“ဒီဘေးဒုက္ခကနေ ငါ လွတ်မြောက်ခဲ့တာ ကံကောင်းလို့ပဲ...။”
ထျန်ဖုန်းသည် အလွန်အမင်း စိတ်ပျက်အားလျော့နေသော ပုံစံမျိုးကို လုပ်ပြလိုက်လေ၏။
ဤအခိုက်အတန့်တွင် ချန်ယွင်၏ မျက်လုံးထဲ၌ ထျန်ဖုန်း၏ စရိုက်မှာ အလွန်ပင် မြင့်မြတ်လှပေသည်။ ဝမ်ဟွာပင်းနှင့် သူ၏လူများက သူ့ကို သတ်ရန် ကြိုးစားခဲ့သော်လည်း သူကမူ သူတို့ကို မြေမြှုပ်ပေးရန် ကူညီခဲ့သေးသည်ပင်။
* အစ်ကိုထျန်က ဟယ်ဖန်ဟုန်ကို မြေမမြှုပ်ခင် ဘာလို့ အဝတ်အစား မဝတ်ပေးခဲ့တာလဲ... ။*
ဤသည်မှာ ယောကျ်ားနှင့် မိန်းမ မထိအပ်သောကြောင့်သာ ဖြစ်ရမည်။ အစ်ကိုထျန်ကဲ့သို့ မွန်မြတ်သော စာရိတ္တရှိသူတစ်ဦးက ထိုကဲ့သို့သော အပြုအမူမျိုးကို မည်သို့ ပြုလုပ်ပါမည်နည်း။
အစ်ကိုထျန်သည် ဟယ်ဖန်ဟုန်ကို မြေမြှုပ်ပေးစဉ်က မျက်လုံးများကိုပင် မှိတ်ထားခဲ့ပေလိမ့်မည်။
နောက်ဆုံးတွင် ဟယ်ဖန်ဟုန်နှင့် ဝမ်ဟွာပင်းတို့သည် အတူတကွ မြေမြှုပ်ခြင်း ခံခဲ့ရလေသည်။
သူတို့သည် ရန်သူများ ဖြစ်ကြသော်လည်း ထျန်ဖုန်းကမူ နောက်ဆုံးအချိန်တွင် သူတို့အပေါ် သနား ကရုဏာ အနည်းငယ် ပြသခဲ့သေးသည်။
ထိုသတင်းအမှား လွှင့်သူများမှာ တကယ့်ကို ယုတ်မာလွန်းလှပေ၏။
အစ်ကိုထျန်က ပင်ပင်ပန်းပန်း မြေမြှုပ်ပေးခဲ့သော လူများကို ပြန်လည်တူးဖော်ခဲ့သည့်အပြင် မြေပြန် မမြှုပ်ပေးဘဲ ထျန်ဖုန်းကိုပါ နာမည်ဖျက်ခဲ့ကြသည် မဟုတ်ပါလား။
၎င်းမှာ တကယ်ပင် မုန်းတီးဖွယ်ကောင်းလှပေသည်။
“အစ်ကိုထျန်...၊ ကျွန်မ ရှင့်အတွက် တကယ်ကို စိတ်မကောင်းဖြစ်မိပါတယ်...။”
ချန်ယွင်က နာကျည်းမှုနှင့် ဝမ်းနည်းမှုများ ရောပြွမ်းနေသော မျက်နှာဖြင့်ပြောလိုက်လေ၏။
“စျေးထဲမှာ ရှင့်အကြောင်း သတင်းတွေက ပျံ့နေတုန်းပဲ...။ အဲ့ဒါတွေက အထင်မှားစရာတွေချည်းပါ ပဲ...။”
“ရှင့်အတွက် ကျွန်မ ရှင်းပြပေးရမလား...။”
“တောက်...။”
*ဒီအကောင်တွေက ခေတ်သစ်သူတော်စင်ကြီး တစ်ယောက်ကို နာမည်ဖျက်ဖို့ သူတို့ရဲ့ အသိစိတ်တွေ ကိုတောင် စွန့်လွှတ်လိုက်ကြပြီလား...။ သူတို့မှာ လူသားချင်းစာနာစိတ် မရှိကြတော့ဘူးလား...။*
ထျန်ဖုန်းက သက်ပြင်းတိုးတိုးတစ်ချက် ချလိုက်ရင်း ရေရွတ်လိုက်လေ၏။
“ဖြစ်သမျှ အကြောင်း အကောင်းပဲပေါ့လေ...၊ ငါ ထျန်ဖုန်းက ငါ့အပေါ် တခြားသူတွေ ဘယ်လိုထင်မလဲ ဆိုတာ တစ်သက်လုံး ဂရုမစိုက်ခဲ့ဘူး...။ ကျင့်ကြံခြင်းလောကထဲကို နွေးထွေးမှုလေး နည်းနည်းပဲ ပေးနိုင် ရင် ငါ ကျေနပ်ပါပြီ...။”
“အထင်လွဲခံရတာက ပုံမှန်လို ဖြစ်လာတဲ့အခါ...၊ မင်းလည်း ဒါကို ကျင့်သားရသွားမှာပါ...။”
ထျန်ဖုန်း၏ စကားများကို ကြားရသောအခါ ချန်ယွင်မှာ ပို၍ပင် စိတ်မသက်မသာ ဖြစ်လာခဲ့လေ၏။
အစ်ကိုထျန်ကဲ့သို့ မြင့်မြတ်သောသူတစ်ဦးကို လောကကြီးက အဘယ်ကြောင့် ဤသို့ အထင်လွဲရပါသ နည်း။
ဤအခိုက်အတန့်တွင် သူမသည် လျှို့ဝှက်နယ်မြေ၏ အဝင်ဝတွင် ဖြစ်ပျက်ခဲ့သည်များကို မေ့လျော့ သွားခဲ့ချေပြီ။ သူမ သတိရနေလျှင်ပင် ၎င်းမှာ ထျန်ဖုန်းက အနီရောင်နေမင်းဂိုဏ်းမှ ဖုဝမ်ကို အပြစ်ပေး ခြင်းသာ ဖြစ်သည်ဟု မှတ်ယူပေလိမ့်မည်သာဖြစ်၏။
ထိုဖုဝမ်ဆိုသောသူမှာ အစကတည်းက လူကောင်းတစ်ဦးတော့ မဟုတ်ပေ။ အစ်ကိုထျန်က တစ်စုံတစ်ခု မှားယွင်းအောင် လုပ်ဆောင်ခဲ့သည်ဟု သူမ မထင်တော့ချေ။ ဆန့်ကျင်ဘက်အနေဖြင့် လူတစ်ဦးကို အသက်မသေစေဘဲ အပြစ်ပေးသော ဤနည်းလမ်းမှာ အစ်ကိုထျန်၏ မွန်မြတ်သော စရိုက်နှင့် အကိုက် ညီဆုံးပင် ဖြစ်ပေသည်ပင်။
ဤနည်းလမ်းက... ရွံရှာဖွယ်ကောင်းလှသည်ဆိုပါသော်လည်း...၊
အကယ်၍ ဤအကြောင်းများ ပျံ့နှံ့သွားပါက အစ်ကိုထျန်၏ နာမည်ဂုဏ်သတင်းအတွက် အလွန် ဆိုးရွားပေလိမ့်မည်။ သို့သော် ၎င်းမှာ အစ်ကိုထျန်၏ စာရိတ္တ မြင့်မားမှုကို ပြသနေခြင်းသာ ဖြစ်၏။
*ငါကတော့ နာမည်ပျက်ခံပြီး အထင်လွဲခံရဖို့ အသင့်ပါပဲ...။*
ချန်ယွင်က ထျန်ဖုန်းကို လေးစားအားကျသော မျက်လုံးများဖြင့် ကြည့်လိုက်လေ၏။ ရုတ်တရက် သူမ ၏ မျက်နှာအမူအရာမှာ ပြောင်းလဲသွားခဲ့လေသည်။
“အစ်ကိုထျန်...၊ ရှင်က အနီရောင်နေမင်းဂိုဏ်းကို ရန်စမိထားတယ်...။ သူတို့က ရှင့်ကို လွှတ်ပေးမှာ မဟုတ်ဘူးနော်...”
“လျှို့ဝှက်နယ်မြေထဲမှာ ဖြစ်ဖြစ်၊ အပြင်မှာ ဖြစ်ဖြစ်ပေါ့...၊ အထူးသဖြင့် လျှို့ဝှက်နယ်မြေထဲကနေ ထွက်သွားတာနဲ့ သူတို့ဂိုဏ်းရဲ့ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတွေက ရှင့်ကို သေချာပေါက် တိုက်ခိုက်ကြလိမ့်မယ်...။”
သူမသည် အလွန် စိုးရိမ်နေပုံရ၏။ မည်သို့ပင်ဖြစ်စေ သူမမှာ လေလွင့်ကျင့်ကြံသူတစ်ဦးသာ ဖြစ်ပြီး ထျန်ဖုန်းတွင်လည်း အင်အားကြီးသော နောက်ခံရှိပုံမရချေ။
အနီရောင်နေမင်းဂိုဏ်းနှင့် ထိပ်တိုက်တွေ့ခြင်းမှာ သေလမ်းရှာခြင်းနှင့် အတူတူပင် ဖြစ်ပေလိမ့်မည်။
“စိတ်မပူပါနဲ့...။”
ထျန်ဖုန်းက ဂရုမစိုက်ဟန်ဖြင့် လက်ယမ်းပြလိုက်လေ၏။
“အနီရောင်နေမင်း လျှို့ဝှက်နယ်မြေထဲမှာတော့ သူတို့ ငါ့ကို ဘာမှ မလုပ်နိုင်ပါဘူး...။ အပြင်ရောက်လို့ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတွေက ငါ့နောက်ကို လိုက်လာရင်တောင် ငါ့မှာ ထွက်ပြေးဖို့ အခွင့်အရေး ရှိပါသေးတယ်...။”
“ငါ အခု သွားတော့မယ်...၊ မင်း ငါ့ကို သိတယ်ဆိုတာ ဘယ်သူ့ကိုမှ မပြောနဲ့ဦး...။ မဟုတ်ရင် အနီရော င်နေမင်းဂိုဏ်းကလူတွေ မင်းကို ရန်ရှာမှာ ငါ စိုးရိမ်လို့ပါ...။”
“ဒါဆို….၊ ဂရုစိုက်ပါဦး...။”
ထျန်ဖုန်းသည် လက်နှစ်ဖက်ကို စုကာ နှုတ်ဆက်လိုက်ပြီးနောက် လှည့်ထွက်သွားလေတော့သည်။
“ဂရုစိုက်ပါ အစ်ကိုထျန်...။”
ချန်ယွင်သည်လည်း လက်နှစ်ဖက်ကို စုကာ အရိုအသေပြုရင်း ထျန်ဖုန်း၏ ကျောပြင်ကို ပျောက်ကွယ် သွားသည်အထိ စိုးရိမ်တကြီး ကြည့်နေမိ၏။ သို့သော် သူမ ဘာမျှ မတတ်နိုင်ပေ။
အကယ်၍ သူမက ဝင်ရောက်ကူညီပါက အခြေအနေကို ပို၍သာ ဆိုးရွားသွားစေပေလိမ့်မည်သာ။
အနီရောင်နေမင်းဂိုဏ်းကို ရင်ဆိုင်ရန်အတွက် သူမ၏ ချီစွမ်းအင်သန့်စင်ခြင်းအဆင့် (၉) နှင့် သေးသွယ် သော အင်အားက ဘာများအသုံးကျပါမည်နည်း။
အစ်ကိုထျန်က သူကိုယ်တိုင် ပိုမိုမြန်မြန် ထွက်ပြေးနိုင်ပါစေဟုသာ သူမ မျှော်လင့်နိုင်လေတော့သည်။
မကြာမီ တစ်ရက်ခန့် ကြာသွားပြီးနောက် လျှို့ဝှက်နယ်မြေ ပိတ်ရန် တစ်ရက်ကျော်သာ လိုတော့သည်။
လျှို့ဝှက်နယ်မြေအတွင်း၌ ကျင့်ကြံသူတစ်ဦးစီသည် မိမိတို့၏ နည်းလမ်းအသွယ်သွယ်ဖြင့် ဆုလာဘ် များကို အသီးသီး ရရှိထားကြလေ၏။
သို့သော်လည်း မိစ္ဆာသားရဲများ၏ တိုက်ခိုက်မှု (သို့မဟုတ်) လူသားချင်း သတ်ဖြတ်မှုများကြောင့် သေဆုံးသူများစွာလည်း ရှိနေခဲ့ပေသည်။
တိုက်ပွဲများမှာ ပိုမိုပြင်းထန်လာခဲ့၏။ အကြောင်းမှာ အသက်ရှင်ကျန်ရစ်သူများသည် ဆုလာဘ်များစွာ ရရှိထားကြပြီး ဖြစ်သဖြင့် တစ်ဦးကို သတ်ဖြတ်နိုင်ပါက ဝိညာဉ်ဆေးပင် မြောက်မြားစွာကို ရရှိနိုင် သောကြောင့် ဖြစ်လေသည်။
အကယ်၍ ထိုအချိန်အထိ ဘာမျှ မရရှိသေးသူများမှာ ပို၍ပင် စိတ်မရှည် ဖြစ်လာကြပြီး သတ်ဖြတ် လုယက်လိုစိတ်များမှာလည်း ပြင်းထန်လာခဲ့လေသည်။
ကံကောင်းထောက်မစွာဖြင့် လျှို့ဝှက်နယ်မြေမှာ အလွန်ကျယ်ဝန်းလှပေသည်။ ကျင့်ကြံသူ(၃၀၀) ကျော် ဝင်ရောက်လာသော်လည်း လူတိုင်းကို အချိန်ပြည့် တွေ့နေရခြင်းမျိုးတော့ မဟုတ်ချေ။
“အနက်ရောင်လေလှိုဏ်ဂူက ရှေ့နားမှာပဲ ဖြစ်ရမယ်...၊ သွားကြည့်ကြတာပေါ့...။”
အနီရောင်နေမင်းဂိုဏ်း၏ မြေပုံကို ကြည့်ရင်း ထျန်ဖုန်းသည် သူ၏ နောက်ထပ်ခြေလှမ်းကို ဆုံးဖြတ် လိုက်လေ၏။ အနီရောင်နေမင်းဂိုဏ်းမှ လူများကို ကူညီရန် အခွင့်အရေးများ ရှိမလားဟုလည်း သူ တွေးတောနေမိလေသည်။
ဤကာလအတွင်း သူသည် မြေပုံပေါ်ရှိ သတ်မှတ်ထားသော နေရာအမျိုးမျိုးသို့ သွားရောက်ခဲ့ ပါသော် လည်း အနီရောင်နေမင်းဂိုဏ်းမှ လူတစ်ယောက်နှင့်မျှ မတွေ့ခဲ့ရသည်မှာ တကယ့်ကို နှမြောစရာပင် ဖြစ်၏။
“ငါ ဒီနေရာကို မျက်စိကျထားတာ...၊ မင်းတို့ အကုန်လုံး ဒီနေရာကနေ ထွက်သွားကြစမ်း...။”
သူ အနီးနားသို့ မရောက်ခင်မှာပင် ဖုဝမ်၏ ကျယ်လောင်သော အသံကို ကြားလိုက်ရလေသည်။
“ဟက်...၊ ဘာလဲ...၊ မင်းက မင်းရဲ့ အပုပ်နံ့တွေနဲ့ ငါတို့ကို မွန်းကြပ်အောင် လုပ်ချင်နေတာလား...။”
“အို...၊ အသိဟောင်းတွေချည်းပါလား….။”
ထျန်ဖုန်းသည် ထိုအသံကို ကြားလိုက်သည်နှင့် ယွမ်လီ ဖြစ်ကြောင်း ချက်ချင်း သိလိုက်လေသည်။
“မင်း သေချင်နေတာလား...။”
ဖုဝမ်သည် ယွမ်လီက သူ၏ အနာဟောင်းကို ဆွလိုက်သဖြင့် ဒေါသတကြီး ဖြစ်သွား၏။ ယခုအချိန်အထိ သူ၏ ပါးစပ်ထဲတွင် အပုပ်နံ့တစ်ခုကို ခံစားနေရဆဲ ဖြစ်လေသည်။
“အနားတိုးမလာနဲ့ဦး...၊ နံစော်နေတာပဲ...။”
ထျန်ဖုန်း ရောက်ရှိလာချိန်တွင် သစ်ပင်တစ်ပင်၏ ပင်စည်ပေါ်သို့ ခုန်တက်လိုက်ရာ လှိုဏ်ဂူအဝင်ဝရှိ မြက်ခင်းပြင်ပေါ်တွင် ဖုဝမ်က ယွမ်လီကို တိုက်ခိုက်ရန် ပြင်နေသည်ကို မြင်လိုက်ရလေ၏။
ယွမ်လီမှာ အနံ့ဆိုးများကြောင့် မွန်းကြပ်နေပုံရပြီး နောက်သို့သာ ဆက်တိုက် ဆုတ်ခွာနေလေသည်။
ဝမ်စီယီမှာ ဆက်လက် မကြည့်နိုင်တော့ဘဲ ဖုဝမ်၏ လမ်းကို ပိတ်ဆို့ရန် ရှေ့သို့ တက်လာခဲ့လေသည်။
သူမက အေးစက်စွာ ပြောလိုက်လေ၏။
“ရှင်တို့ နှစ်ယောက်လုံးက အလျှော့မပေးဘူးဆိုရင်တော့ ဘယ်သူက တကယ့် အစွမ်းအစရှိလဲဆိုတာ ကြည့်လိုက်ကြတာပေါ့...။”
“ဟွန်း... ငါက မင်းတို့ မြစိမ်းတောင်တန်းဂိုဏ်းကို ကြောက်နေလိမ့်မယ်လို့ ထင်နေတာလား...။”
ဖုဝမ်က ပြန်လည်ပြောဆိုလိုက်သော်လည်း ချက်ချင်း တိုက်ခိုက်ခြင်းတော့ မပြုသေးပေ။
ယွမ်လီ၏ မျက်ဆံများ ကျဉ်းမြောင်းသွား၏။ သူသည် ဖုဝမ်နှင့် အခြားသူများ၏ နောက်ကွယ်ရှိ အရိပ် ထဲတွင် ပုန်းကွယ်နေသော ထျန်ဖုန်းကို တွေ့ရှိသွားခဲ့လေသည်။
သူ၏ စိတ်ထဲတွင် ရုတ်တရက် လှိုင်းထသွားပြီး အတွေးပေါင်းများစွာ ဝင်ရောက်လာခဲ့လေ၏။
သူသည် ဝမ်စီယီ၏ နားအနားသို့ ကပ်ကာ တိုးတိုးလေး ကပ်ပြောလိုက်လေသည်။
“စီနီယာအစ်မ...၊ သူတို့ကိုပဲ ပေးလိုက်ရအောင်...။”
“ဘာ... မင်း ရူးနေတာလား...။”
ဝမ်စီယီ၏ မျက်လုံးများမှာ အံ့အားသင့်မှုများဖြင့် ပြည့်နှက်သွားပြီး သူမ၏ အသံမှာလည်း အလို အလျောက် ကျယ်လောင်သွားခဲ့လေ၏။ ယွမ်လီတစ်ယောက် စိတ်ရူးပေါက်နေပြီလားဟုလည်း သူမ တွေးတောနေမိသည်။
“ထျန်စစ်ဖုန်း ဒီမှာ ရှိနေတယ်...၊ သူက အနီရောင်နေမင်းဂိုဏ်းကို မျက်စိကျနေတာ ဖြစ်ရမယ်...။”
ယွမ်လီက သတိကြီးစွာဖြင့် ပြောလိုက်၏။
ဝမ်စီယီက မျက်မှောင်ကြုတ်လျက် လေးနက်စွာ ပြောလိုက်လေသည်။
“ထျန်စစ်ဖုန်း တစ်ယောက်တည်းအတွက်နဲ့ အနက်ရောင်လေလှိုဏ်ဂူကို လက်လွှတ်ရမှာလား...။ အထဲ မှာ အရင်းအမြစ်တွေ အများကြီး ရှိတယ်ဆိုတာ မင်း သိပါတယ်...။”
“ကျွန်တော် ထျန်ညီအစ်ကိုတွေအကြောင်းကို တော်တော်လေး သိပါတယ်...။ အဲ့ဒီ ယုတ်မာတဲ့ ကောင် တွေက ဘာမဆို လုပ်နိုင်တဲ့သူတွေပဲ...။”
“ဒါ့အပြင် အထဲမှာ အရင်းအမြစ်တွေ အများကြီး ရှိတယ်ဆိုပေမဲ့ တခြားနေရာတွေမှာလည်း ရှိပါသေး တယ်...။ အနက်ရောင်လေလှိုဏ်ဂူအတွက်နဲ့ အနီရောင်နေမင်းဂိုဏ်းကို သေကျေအောင် တိုက်နေဖို့ မလို အပ်သလို ထျန်စစ်ဖုန်းရဲ့ လှည့်ကွက်တွေကိုလည်း စိုးရိမ်နေရဦးမယ်...။”
“စီနီယာအစ်မက ကျွန်တော့်ကို ယုံကြည်မယ်ဆိုရင်...၊ ကျွန်တော် အခြေအနေကို ကိုင်တွယ်လိုက်ပါ့ မယ်...။ လျော်ကြေးအနေနဲ့ အဓိက ဆေးဘက်ဝင်အပင် အချို့တောင် ရနိုင်ပါသေးတယ်...။”
ယွမ်လီ၏ မျက်နှာတွင် ကောက်ကျစ်သော အမူအရာတစ်ခု ပေါ်လာပြီး သူ၏ စိတ်ထဲတွင်လည်း အစီ အစဉ်တစ်ခု ရှိနေပုံရလေသည်။